ချစ်ခြင်းမေတ္တာနှင့်ကတိ
Vol. 6 Ch. 60
အားကျောက် အိမ်ပြန်ရောက်လာသည်နှင့် ကျန်းကျင်းခိုင် အိပ်ခန်းထဲမှ ထွက်လာ၏။
"ပြန်ရောက်ပြီလား ကျီးယွမ် ညကအဆင်ပြေရဲ့လား"
အားကျောက်ကို အိမ်ပြန်လိုက်ပို့သူမှာ အားမင်မှန်းပြတင်းပေါက်မှ ကြည့်နေခဲ့၍ ကျန်းကျင်းခိုင် ကောင်းကောင်းသိ၏။ သူ့အနေနှင့် အားကျောက် တခြားယောကျာ်းတယောက်နှင့် ရှိနေမှန်း သိထားပေသည်။ ကံမကောင်းသည်မှာ အားကျောက်နှင့်အားမင်၏ ဆက်ဆံရေးကို သူ မေးမြန်း၍မရခြင်းပင်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ သူမ၏ ကိုယ်ရေးကိုယ်တာဖြစ်နေ၏။ မည်သို့ဆိုစေ ကျန်းကျင်းခိုင်အနေနှင့် သူတို့နှစ်ယောက်၏ ဆက်ဆံရေးကို စိတ်ပူနေသည့်အပြင် သိချင်စိတ်ပြင်းပြနေသည်မှာလည်း အမှန်ပင်။ သူသည်လည်း သာမာန်ယောကျာ်းတဦးသာဖြစ်လေရာ ချစ်ရသူကို တဦးတည်းသာ ပိုင်ဆိုင်လို၏။
"အဆင်ပြေပါတယ်"
အားကျောက်က ပြောပြီး ကျန်းကျင်းခိုင်ကို ပြေးဖက်လိုက်၏။
"ကျွန်မ အရမ်းပင်ပန်းနေပြီ ဟန်နီရယ်"
သူမ ညည်းညူလိုက်၏။ ၎င်းမှာ တဖက်တွင် ကျန်းကျင်းခိုင်၏ အာရုံစိုက်မှုကို ရလို၍ဖြစ်သည်။ တဖက်တွင်လည်း အာတောက်နှင့် ရှိနေခဲ့သည့်အချိန်များသည် တကယ်ကို ပင်ပန်းနွမ်းနယ်စရာကောင်းလှသည်မှာ အမှန်ပင်။ သို့သော် လူပင်ပန်းခြင်းတော့မဟုတ်။ စိတ်ပင်ပန်းခြင်းသာ ဖြစ်သည်။
"ဒါဆိုလည်း အဝတ်လဲလေ အိပ်ရအောင်"
အားကျောက်၏နဖူးကို ညင်သာစွာ နမ်းရှိုက်ရင်း ကျန်းကျင်းခိုင် ပြောလိုက်၏။
"ကြည့်စမ်း မင်း ထပ်သောက်လာပြန်ပြီလား မင်း အရက်သောက်တာကို ရပ်သင့်ပြီနော် တော်ကြာ ကျန်းမာရေးထိခိုက်ကုန်မယ်"
"ဟုတ်ပါပြီ ကျွန်မနားလည်ပါပြီ ဆရာကြီးရယ်"
အားကျောက် နှုတ်ခမ်းစူပြီး ကျန်းကျင်းခိုင်ကို ကြည့်ကာ နွဲ့လိုက်၏။
"ဟန်နီ ကျွန်မ ပန်းသီးစားချင်တယ် ကျွန်မကို ကျွေးပါလား"
"သိပ်ရတာပေါ့"
ကျန်းကျင်းခိုင် ခေါင်းညိတ်ပြီး မီးဖိုချောင်ဆီသို့ လျှောက်သွား၏။ ကျန်းကျင်းခိုင် သူမ မျက်စေ့ရှေ့မှ ပျောက်သွားသည်နှင့် အားကျောက် ဖိနပ်ထဲမှ ဓားမြောင်များကို အမြန်ထုတ်ပြီး ဖိနပ်တင်ခုံအောက်တွင် ထားလိုက်လေသည်။ ပြီးမှ သူမ မီးဖိုချောင်ဘက်ကို ကြည့်လိုက်သည်။ မီးဖိုချောင်ထဲမှ ရေကျသံကြားမှ သူမ ဖိနပ်ချွတ်ပြီး အိပ်ခန်းထဲသို့ ဝင်သွား၏။
သိပ်မကြာခင် ကျန်းကျင်းခိုင်က ပန်းသီးကိုပန်းကန်ပြားတစ်ချပ်နဲ့ထည့်ပြီး ပြန်ရောက်လာသည်။
"ဟန်နီရေ ဒါနဲ့ အခွံခွာတဲ့ဓားကရော ဘယ်မှာလဲ"
အားကျောက် ပြန်မဖြေပဲ ကျန်းကျင်းခိုင်ကို မျက်တောင်မခတ်ပဲ ကြည့်နေ၏။ ဤရက်ပိုင်းများတွင် ကျန်းကျင်းခိုင်သည် ရ"ကျီးယွမ်" "ဟန်နီ"ဟူသောအသုံးအနှုံးနှစ်မျိုးကို ရေလဲသုံးစွဲနေလေသည်။ ကျန်းကျင်းခိုင် စိတ်ကြည်လင်နေချိန်တွင် အားကျောက်ကို "ကျီးယွမ်" ဟုခေါ်တတ်ပြီးသူတို့နှစ်ယောက် ဖက်ထားချိန် သို့မဟုတ် အားကျောက်ကို နှစ်သိမ့်ပေးရန် လိုအပ်သောအချိန်မျိုးတွင် သူမကို "ဟန်နီ" ဟု သုံးတတ်လေသည်။ ဤတစ်ကြိမ်တွင်တော့ ကျန်းကျင်းခိုင်က သူမကို သတိမထားမိပဲ "ဟန်နီ" ဟု ခေါ်လိုက်မိ၏။ ၎င်းမှာ စိတ်လှုပ်ရှားစရာကောင်းသလို ချစ်စရာလည်းကောင်းနေပေသည်။
"ဘာဖြစ်လို့လဲ ကျုပ်ပုံက ရယ်စရာ ကောင်းနေလို့လား"
အားကျောက်၏ အကြည့်ကြောင့် ကျန်းကျင်းခိုင် စိတ်ရှုပ်ထွေးသွား၏။
"အခွံခွာဓားဘယ်မှာလဲလိို့ ကျီးယွမ်"
"ဪ မှန်တင်ခုံပေါ်မှာ တစ်ချောင်းရှိတယ်"
ကျန်းကျင်းခိုင်၏ မေးခွန်းကြောင့် အားကျောက် စိတ်ပျက်သွားပြန်သည်။
ဟွန့်...ဒီလူ့နှယ် ကပ်စေးနဲလိုက်တာ...
အထက်ပါအတိုင်းစဉ်းစားရင်း အားကျောက် ကုတင်ပေါ် မှောက်ချလိုက်၏။
"ကဲ ရပါပြီဗျာ ဒီမှာ အချစ်ဆုံးကျီးယွမ်အတွက် ပန်းသီးရပါပြီ ကြိုက်ရဲ့လား"
ပြောရင်းနှင့် ကျန်းကျင်းခိုင် ပန်းသီးကို သူမ၏ ပါးစပ်နား တိုးပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ၏ နုနယ်လှပသောမျက်နှာကို သူ နှစ်လိုစွာ ကြည့်နေ၏။
"မစားဘူး"
အားကျောက် မျက်လုံးစုံမှိတ်ပြီး ငြင်းဆန်လိုက်သည်။
"နေပါဦး မင်းပဲ ပန်းသီးစားချင်တယ်ဆို"
သူမ၏တုံ့ပြန်မှုကြောင့် ကျန်းကျင်းခိုင် အမှန်တကယ် စိတ်ရှုပ်ထွေးသွားလေသည်။ အမျိုးသားတစ်ယောက်အနေနှင့် အမျိုးသမီးတစ်ယောက်၏ စိတ်ကို နားလည်ရန်မှာ ခက်ခဲလှချေသည်တကား။
"စကားကို နည်းနည်းပါးပါး နူးနူးညံ့ညံ့ပြောပြီး ကျွေးပါလားလို့"
အားကျောက်၏မျက်လုံးများမှာ မှိတ်ထားဆဲဖြစ်သည်။ သူမ၏မျက်နှာမှာ မသိမသာ နီရဲနေပါ၏။ သူမ အနည်းငယ် ရှက်နေကြောင်း သိသာနေပေသည်။
"ဟေ"
ကျန်းကျင်းခိုင်က ပန်းသီးကို ကိုင်ရင်း စဥ်းစားနေ၏။ ထို့နောက် သူ အမျိုးမျိုးအဖုံဖုံ စဥ်းစားရင်း တတွတ်တွတ် ပြောနေလေသည်။ သို့သော် သူမကား ပါးစပ်ပိတ်ပြီး ငြင်းဆန်နေဆဲပင်။
"ဟာ မင်း မြန်မြန် မစားရင် ဒီပန်းသီးက ပုပ်ကုန်တော့မှာနော်"
ကျန်းကျင်းခိုင်လက်ထဲရှိ ပန်းသီးမှာ လေသလပ်ပြီး တကယ်ပင် အညိုရောင်ပြောင်းလာနေပြီ ဖြစ်သည်။
"ရှင်နော် လူဆိုးကြီး"
အားကျောက် ထအော်ပြီး ကျန်းကျင်းခိုင်ကို ကျောခိုင်းလိုက်၏။
"ဟန်နီလို့ ခေါ်ဖို့က ဒီလောက်တော်ခက်နေတာလား"
"သြော် ဟဲ ဟဲ"
ကျန်းကျင်းခိုင် ယခုမှပင် သဘောပေါက်သွားပြီး ထရယ်မိတော့သည်။
"ဟုတ်ပါပြီဗျာ ဟန်နီရေ လာ ပန်းသီးစားပါအုံး ကဲ ရပြီလား"
"မရပါဘူး ရှင်က လူဆိုးကြီး"
အားကျောက် နောက်လှည့်လာပြီး ကျန်းကျင်းခိုင်၏ နှာခေါင်းကို ညှစ်လိုက်လေသည်။
"ရှင်ဟာလေ တကယ်ကိုမရိုးသားဘူး"
"ကောင်းပါပြီဗျာ ကောင်းပါပြီ ဟန်နီရေ အချစ်ဆုံးလေးရေ ဒီပန်းသီးလေး စားပေးပါလားကွာ"
ကျန်းကျင်းခိုင် လုံးဝလက်လျှော့လိုက်ရပြီ ဖြစ်သည်။
"အဲဒါဆို ရှင် ခွံ့ကျွေး"
အထက်ပါအတိုင်း စရင်းနောက်ရင်း ကြည်နူးစွာ ပြောဆိုကြရင်း သူတို့နှစ်ဦးသည် သမုဒယနွံထဲ၌ နောက်တကြိမ် ကူးခတ်မိကြပြန်၏။
အရာအားလုံးသည် နွေးနွေးထွေးထွေးရှိနေပြီး သဘာဝကျသော ပတ်ဝန်းကျင်တခုကို ဖြစ်ပေါ်နေစေ၏။ သူတို့နှစ်ယောက်သည် အချိန်အကြာကြီး ထွေးလုံးပတ်လုံးဖြစ်နေပြီး နောက်ဆုံးတွင် လူချင်းခွာလိုက်ကြလေသည်။ ထို့နောက် အားကျောက်က ကျန်းကျင်းခိုင်၏ ပခုံးပေါ် ခေါင်းတင်ပြီး ပြောလိုက်သည်။
"ဟန်နီ ရှင် ဒီရက်ပိုင်း အရမ်းကြာလာတယ် ကျွန်မတော့ မခံနိုင်တော့ဘူးထင်တယ်"
"ဟားဟား"
ကျန်းကျင်းခိုင် ရယ်မောရင်း အားကျောက်ကိုတင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ သူမ သူ့ဘေးနားတွင် နှုတ်ခမ်းစူပြီး လဲလျောင်းနေသည်ကို သူ သဘောကျ၏။ ထိုခနမှာပင် အားကျောက်နှင့် အိပ်ခဲ့ဖူးသော ယောကျ်ားတိုင်းကို သူ သဝန်တိုလာလေသည်။ သို့သော် သူ ယခု ခံစားနေရသော ပျော်ရွှင်မှုမျိုးကို မည်သူမှ မခံစားခဲ့ရကြောင်း သူ သိနေ၏။ အားကျောက်သည် ဖောက်သည်တဦးကို သုံးမိနစ်အတွင်း ကိစ္စပြီးသွားစေသည်အထိ ကျွမ်းကျင်သူ မဟုတ်ပါလား။
"ဟန်နီ… ကျွန်မ သေသွားရင် ရှင့် လွမ်းနေမလား"
အားကျောက် မော့မကြည့်ပဲ မေးလိုက်၏။ သူမ၏ အမူအရာမှာ တခုခုကို စိုးရိမ်နေဟန် ရှိသည်။ သူမသည် ကျန်းကျင်းခိုင်ကို ချစ်၏။ သူ့ဘေးနားတွင် ထာဝရနေလို၏။ သို့သော် ကျန်းကျင်းခိုင် သူမကြောင့် ထိခိုက်နာကျင်မည်ကိုလည်း သူမ ကြောက်ရွံ့လှသည်။ ကျန်းကျင်းခိုင်၏ ဇနီးနှင့်သမီးကို အားတောက် သတ်ခဲ့ကြောင်း သိလိုက်ကတည်းက သူမ၏ ပျော်ရွှင်မှုများ အချိန်နောက်ပြန်ရေတွက်နေပြီဖြစ်ကြောင်း သူမ သိထားပြီးလေပြီ။
"အရူးမလေး မင်းက ကျုပ်ထက် အများကြီး ငယ်သေးတယ်လေ ဒါကြောင့် ကျုပ်ထက် အသက်အများကြီး ရှည်မှာပါကွာ မင်း အသက်ဆက်ရှင်ရမယ် ကျုပ်တို့ရဲ့ ကလေး ကြီးပြင်းလာတာကို မြင်ဖို့ လိုသေးတယ်လေ"
"မဟုတ်ဘူး ရှင် ကျွန်မထက် အရင်သေလို့မရဘူး ဒီလောကထဲမှာ ကျွန်မတစ်ယောက်တည်း ထားခဲ့လို့ မရဘူး"
အားကျောက်က တောင်းပန်ရင်း ခေါင်းမော့လိုက်သည်။ သူမ၏ မျက်လုံးများထဲတွက် မျက်ရည်လဲ့နေ၏။ ကျန်းကျင်းခိုင် ပြုံးရုံမျှသာ တတ်နိုင်တော့သည်။ သူသည် အားကျောက်နှင့်အားတောက်တို့၏ ပတ်သက်မှုကို မသ်ိ။ ထို့ကြောင့် သူ့အတွေးမှာ ရိုးစင်းနေ၏။
"ပြော ကျွန်မ အရင်သေရင် ရှင် ကျွန်မကို လွမ်းနေမလား"
အားကျောက် ထပ်မေးလိုက်ပြန်သည်။
"လွမ်းနေမှာပေါ့"
ကျန်းကျင်းခိုင်က မချင့်မရဲနှင့် ပြန်ဖြေလိုက်သည်။ အားကျောက်၏ စိတ်ထဲတွင် သူမ အရင်သေသွားလျင် ဘာဖြစ်မည်ကိုသာစဉ်းစားပြီး သူ အရင်သေသွားနိုင်ကြောင်းကို လုံးဝစဉ်းစားမိပုံမရချေ။
"ဒါမှ ကျွန်မရဲ့ချစ်သူ"
ထို့နောက် သူမက ကျန်းကျင်းခိုင်၏ ရင်ခွင်ထဲတိုးဝင်ရင်း ပြောလိုက်လေသည်။
"တကယ်လို့ ကျွန်မ သေသွားခဲ့ရင် ကျွန်မကို အမှတ်ရတဲ့အနေနဲ့ ခရမ်းရောင်အိုင်းရစ်ပန်းပင်လေးတွေ စိုက်ပေးပါနော်"