← Chapters

ဓာတ်ပုံထဲမှ အစက်အပျောက်များ

Vol. 7 Ch. 62

ဓာတ်ပုံထဲမှ အစက်အပျောက်များ

Vol. 7 Ch. 62

ကျန်းကျင်းခိုင် ရုံးခန်းထဲသို့ရောက်ချိန်တွင် ယောက်ထန်းယု ကုလားထိုင်ပေါ်တွင် ထိုင်၍ တစ်စုံတစ်ခုကို ကြည့်နေ၏။ အဖိုးကြီးကိုကြည့်ရသည်မှာ ကျန်းကျင်းခိုင်ကို အချိန်အတော်ကြာ စောင့်နေခဲ့သည့်ပုံပင်။ ယောက်ထန်းယု သူ့ကိုလှည့်မကြည့်၍ ကျန်းကျင်းခိုင် စားပွဲဆီသို့ လျှောက်သွားပြီး မေးလိုက်သည်။

"ကော်မရှင်နာ ကျွန်တော့်ကို တွေ့ချင်တယ်ဆို"

"အေး ဟုတ်တယ်ကွ"

ကျန်းကျင်းခိုင်၏ အသံကိုကြားရမှ ယောက်ထန်းယု သတိပြန်ဝင်လာ၏။

"ကျင်းခိုင် ဒါကို ကြည့်လိုက်ပါဦး"

ယောက်ထန်းယုက ကျန်းကျင်းခိုင်ဆီ အစီရင်ခံစာတစောင် ထည့်ပေးလိုက်၏။

"ဒါက..."

ကျန်းကျင်းခိုင် အစီရင်ခံစာကိုဖတ်ပြီး ယောက်ထန်းယုကို အံ့ဩဟန်ဖြင့် ကြည့်လိုက်သည်။

"သက်သေရှာဖွေရေးဌာနခွဲက ကိုယ့်ဆရာတွေက ဓာတ်ပုံထဲက အစက်အပျောက်တွေဟာ လူတစ်ယောက်ရဲ့ ပုံရိပ်လို့ ပြောလိုက်တာလား ကော်မရှင်နာ"

သူ၏လက်ထဲတွင် ဝူရှုပင်ရိုက်ထားသော ဓာတ်ပုံကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ထားသည့် အစီရင်ခံစာရှိနေ၏။ အစီရင်ခံစာတွင် အစက်အပျောက်များသည် လူတစ်ယောက်၏ပုံရိပ်နှင့် ဆင်တူကြောင်း ကနဦး ကောက်ချက်ချထားလေသည်။ သို့သော် ပုံရိပ်၏ ဝေဝါးမှုကြောင့် အစက်အပျောက်များသည် လူတစ်ယောက်ဖြစ်ကြောင်းကိုတော့ သိပ္ပံနည်းကျအတည်ပြုနိုင်ခြင်းမရှိဟု ဆိုထားပြန်သည်။

"မှန်တယ်"

ယောက်ထန်းယု ခေါင်းညိတ်လိုက်သည်။

"သူတို့ကတော့ ဒီလိုပဲ ယုံကြည်နေကြတယ်"

"ဒါပေမဲ့ ဘယ်လို ဖြစ်နိုင်မှာတဲ့လဲ ကော်မရှင်နာ မှုခင်းဖြစ်တဲ့ညမှာ ဝူရှုပင်ဟာ ဘယ်သူ့ကိုမှ မမြင်ခဲ့ဘူးလေ သူက အခန်းထဲမှာ ဘယ်သူမှ မရှိဘူးလို့ တိတိကျကျ ထွက်ဆိုထားတယ်"

ထို့နောက် ကျန်းကျင်းခိုင်သည် ဖိုင်တွဲထဲမှ ဓာတ်ပုံကို ထုတ်ယူပြီး သေသေချာချာ ပြန်လည်ကြည့်ရှုလိုက်၏။

"ဒီလူဟာ ပြတင်းပေါက်ကနေလည်း ထွက်သွားလို့ မရဘူး တကယ်လို့ ဒီလူသာ နံရံတွေကို ဖြတ်လျှောက်နိုင်တဲ့ တန်ခိုးရှင်တပါးမဟုတ်ရင် သူ ဝင်လို့မရသလို ထွက်လို့မရနိုင်ဘူး"

ဓာတ်ပုံထဲတွင် အနက်ရောင်အစက်အပျောက်များသည် အခန်းတွင်းမှတဆင့် ပြတင်းပေါက်ဆီသို့ ရွေ့လျားသွားကာ ပြတင်းပေါက်အပြင်ဘက်တွင် ပျောက်ကွယ်သွား၏။ သို့သော် တလျှောက်လုံး ပြတင်းပေါက်တံခါးမှာ ပိတ်လျက်သားရှိနေကြောင်း အတိုင်းသား မြင်နေရသည်။

"အတိအကျပဲ ကျုပ်လည်း အဲဒါကို နားမလည်နိုင်ဘူးဖြစ်နေတယ်"

ယောက်ထန်းယုက ထောက်ခံလိုက်၏။

"သက်သေရှာဖွေရေးဌာနခွဲက နည်းပညာသမားတွေကတော့ သူတို့ရဲ့နည်းပညာတွေကိုသုံးပြီး အစက်အပျောက်တွေရဲ့ပင်မကိုယ်ထည်မှာ လူသားလက္ခဏာတွေ ရှိတယ်လို့ ကောက်ချက်ချနိုင်ခဲ့တယ်လို့ ဆိုသကွ ဒါပေမဲ့ ဒီကောင်တွေပြောနေတဲ့ စကားလုံးအမြင့်ကြီးတွေကို ကျုပ်လဲ နားမလည်ဘူးလေ ဒါကြောင့် ခုနက မင်းပြောသလိုပဲ ကျုပ်က ပြောခဲ့လိုက်တယ် လူတစ်ယောက်က ပြတင်းပေါက်ကို မဖွင့်ပဲ အပြင်ကိုထွက်သွားဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာပဲဟာ"

"ဟာ အဒီဓာတ်ခွဲခန်းကကောင်တွေကလဲ အဲဒီအစက်အပျောက်တွေက သရဲတစ်ကောင်လို့ တည့်တည့်ကြီးပြောလိုက်ရင်လဲ ပြီးရောပေါ့ ကော်မရှင်နာ"

ကျန်းကျင်းခိုင် နှာခေါင်းရှုံ့ရင်း ရွဲ့လိုက်၏။

"ဟားဟား မင်းပြောတာမှန်တယ်"

ယောက်ထန်းယု အားရပါးရ ရယ်မောလိုက်လေသည်။

"ဪ ဒါနဲ့ နောက်ဆုံးအမှုကရော ဘာထူးသေးတုန်းကွ"

"မထူးသေးပါဘူး ကော်မရှင်နာ"

နောက်ဆုံးအမှုအကြောင်း ပြောလာ၍ ကျန်းကျင်းခိုင် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွား၏။ယမန်နေ့ညက သူ အားကျောက်နှင့်သာ အချိန်ကုန်သွားသည် မဟုတ်ပါလား။

"စိတ်မပူပါနဲ့ကွာ"

ယောက်ထန်းယုက ကျန်းကျင်းခိုင်၏ ပခုံးကို ပုတ်ရင်း ပြောလိုက်သည်။

"ဒီတာဝန်က မင်းတာဝန်တင်မဟုတ်ဘူး ကျုပ်တာဝန်လဲ ဖြစ်တယ် ဒီတော့ မင်းလိုအပ်တာမှန်သမျှ ကျုပ်ကိုပြော ရစေရမယ် ဒါကြောင့် ကိုယ့်ကိုယ်ကို ဖိအားတွေတအားပေးမနေနဲ့ ဟုတ်ပြီလား"

"ဟုတ်ကဲ့ ကော်မရှင်နာ"

ကျန်းကျင်းခိုင်က ချက်ချင်းပြန်ဖြေလိုက်သည်။

"ကျွန်တော့ကို စိတ်ချပါ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားမှာပါ"

"ကောင်းပါပြီကွာ"

ယောက်ထန်းယု သဘောကျသွားဟန်ဖြင့် ရယ်မောလိုက်သည်။ ကျန်းကျင်းခိုင်သည် အမြဲတမ်း ကြီးကြပ်နေရန်လိုအပ်သော အရာရှိမျိုးမဟုတ်ကြောင်း သူသိ၏။ ကျန်းကျင်းခိုင်သည် စိတ်ချထထား၍ရသော လူတော်လူကောင်း ဖြစ်သည်။

"ဪ ဒါနဲ့ လူရှောက်ချိန်ကော အခြေအနေ ဘယ်လိုရှိသလဲကွ"

ရုံးခန်းအပြင်ဘက်တွက် အလုပ်များနေသော လူရှောက်ချိန်ကိုကြည့်ရင်း ယောက်ထန်းယု မေးလိုက်သည်။

"မင်း သတိထားမိလား အဲဒီကောင်လေးက ဒီကိုစရောက်လာတုန်း မင်းပုံစံနဲ့ တော်တော်တူတယ် သူ တော်တယ် တစ်နေ့နေ့ကျရင် အရာရှိကောင်း ဖြစ်လာလိမ့်မယ်"

သူတို့နှစ်ဦး တူညီသည်ဟူသော ယောက်ထန်းယု၏ အကဲဖြတ်ချက်ကို သူ သဘောမတူသည့်တိုင် ကျန်းကျင်းခိုင်အနေနှင့် လူရှောက်ချိန်သည် အရည်အချင်းရှိသူဖြစ်ကြောင်းကိုတော့ အသိအမှတ်ပြုပေသည်။

"ကောင်းပြီ ကျုပ် ဒီနေ့ ပြည်နယ်မှာ အစည်းအဝေးတက်ရမယ် ဒီတော့ မင်း ဒီအစီရင်ခံစာကို အချိန်ယူပြီး ကြည့်ထားပါ အဲဒီထဲကနေ သရဲတစ်ကောင်ကောင်လောက် မင်း ရှာတွေ့ရင်တွေ့မှာပေါ့"

အထက်ပါအတိုင်းပြောပြီး ယောက်ထန်းယု ထွက်ခွာသွားလေသည်။

ယောက်ထန်းယု ထွက်သွားပြီးနောက် ကျန်းကျင်းခိုင်တယောက် ဓာတ်ပုံများကို ပြန်လည်စီစစ်ပြန်၏။ သက်သေရှာဖွေရေးဌာနခွဲ၏ အယူအဆအရ ဓာတ်ပုံများထဲမှ အနက်ရောင်အစက်အပျောက်များသည် လူသားတစ်ဦးနှင့် ဆင်တူနေသည်ဟူ၏။ အကယ်၍ အနက်ရောင်အစက်အပျောက်များသာ လူတစ်ဦးဆိုလျှင် ၎င်း၏ ထုထည်နှင့် ဘေးနားရှိ သေဆုံးသူများ၏ အရွယ်အစားနှုင်းယှဥ်ချက်အရ ဤအနက်ရောင်အစက်အပျောက်လူသားသည် အရပ်သိပ်မမြင့်လှဟု ကောက်ချက်ချနိုင်၏။ အမျိုးသမီးတစ်ဦးများ ဖြစ်နေလေမည်လား။ ထိုအတွေးကြောင့် ကျန်းကျင်းခိုင် ထိတ်လန့်တုန်လှုပ်သွားသည်။ ကုတင်အောက်ရှိ ထိုအမျိုးသမီး၏ ပုံရိပ်ကို သူ ပြန်လည်မြင်ယောင်မိသည် မဟုတ်ပါလား။ ဤအနက်ရောင်အစက်အပျောက်များနှင့် ကုတင်အောက်ရှိ အမျိုးသမီးသည် တစ်ဦးတည်းများ ဖြစ်နေလေမည်လား။

"အင်စပက်တာကျန်း ဒါတွေက အာချွေနဲ့ တက္ကစီဒရိုင်ဘာတို့ရဲ့ စာရွက်စာတမ်းတွေပါ"

ထိုအချိန်မှာပင် လူရှောက်ချိန်က ရုံးခန်းထဲ ဝင်လာပြီး ကျန်းကျင်းခိုင်၏ စားပွဲပေါ်သို့ စာရွက်စာတမ်းတချို့ တင်ပေးလိုက်သည်။ ကျန်းကျင်းခိုင်၏ မျက်နှာ ဖြူဖျော့နေသည်ကို သူ သတိပြုမိလိုက်၏။

"နေကောင်းရဲ့လား အင်စပက်တာ မျက်နှာလဲမကောင်းပါလား"

"ဘာမှမဖြစ်ပါဘူးကွာ"

ကျန်းကျင်းခိုင်က လက်ကာပြရင်း ပြောလိုက်သည်။

"ဪ ဒါနဲ့ ရုပ်သံဌာနကို ဖုန်းဆက်ပြီး ဝူရှုပင် ဒီနေ့ အလုပ်များနေလားလို့ မေးလိုက်စမ်းပါကွာ ကျုပ်တို့ သီးသန့်အင်တာဗျူးလေး လုပ်ချင်တယ်လို့ ဒါပေမဲ့ ဝူရှုပင်ကိုယ်တိုင်လာမှပဲ လက်ခံမယ်လို့"

"ဟုတ်ကဲ့ အင်စပက်တာ"

လူရှောက်ချိန် ထွက်သွားသည်နှင့် ကျန်းကျင်းခိုင်က နောက်ဆုံးလူသတ်မှုနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ဖွင့်ကြည့်လိုက်သည်။ အချက်အလက်များမှာ ယမန်နေ့ည ကျန်နန်ပြောခဲ့သည်များနှင့် အတူတူပင်။ တစ်ခုတည်းသော ကွာခြားချက်ဟူ၍ အတ္ထုပ္ပတ္တိဆိုင်ရာ အချက်အလက်များကို အနည်းငယ်ပိုလာခြင်းသာရှိသည်။ သို့သော် ဤအမှုကို ယခင်ဖြစ်ခဲ့သည့်အမှု ခြောက်ခုနှင့် ဆက်စပ်ပေးနိုင်သည့် အထောက်အထား တစက်တလေမျှပင်မရှိ။ အားချွေ ပြည့်တန်ဆာဖြစ်နေခြင်းသာလျင် ပြောစရာရှိပေသည်။

မနက် ၁၀ နာရီခန့်တွင် ဝူရှုပင်သည် ကင်မရာတစ်လုံးနှင့် ပေါက်ချလာသည်။ သူ ရုံးခန်းရှေ့တွင် ရပ်ရင်း တံခါးခေါက်ပြီး နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ အင်စပက်တာကျန်း သီးသန့်အင်တာဗျူးလုပ်ချင်တယ်လို့ ကြားထားလို့ပါ"

"အိုး ဟုတ်တယ်ဗျ လာပါ"

ကျန်းကျင်းခိုင် ချက်ချင်းပင် ထိုင်ရာမှထပြီး ဖိတ်ခေါ်လိုက်သည်။

"မစ္စတာဝူ ဝင်ခဲ့ပါ ကိုယ့်အိမ်ကိုယ့်ယာလိုပဲ သဘောထားပါ"

"ကျေးဇူးတင်ပါတယ်ဗျာ"

ဝူရှုပင်က ကျန်းကျင်းခိုင်နှင့် မျက်နှာချင်းခုံတွင် ဝင်ထိုင်ရင်း ပြောလိုက်သည်။

"အင်တာဗျူးက ဘာအတွက်များဖြစ်မလဲ အင်စပက်တာ"

ကျန်းကျင်းခိုင် တွေခနဲဖြစ်သွားပြီး ချက်ချင်းပြန်ဖြေလိုက်သည်။

"ဒီနေ့ ကျွန်တော်တို့ဌာနအနေနဲ့ ပြည်သူလူထုနဲ့ပူးပေါင်းဆောင်ရွက်တဲ့ပွဲလေးတစ်ခု လုပ်မလို့ ဒါကြောင့် ခင်ဗျားအနေနဲ့ ပါဝင်ပူးပေါင်းသူတချို့နဲ့ အင်တာဗျူးလေးများ လုပ်ချင်မလားလို့"

"ကောင်းလိုက်တာ အင်စပက်တာကျန်း ကျွန်တော် စိတ်ဝင်စားပါတယ်"

ဝူရှုပင်က ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သတင်းထောက်တစ်ယောက်ဟူသည် စာရေးဆရာတစ်ဦးနှင့် အတူတူသာ။ အခွင့်အရေးမရပါက မည်သူမှ သတိထားလိမ့်မည်မဟုတ်။ မည်သူမှ သတိမထားမိလျင် အောင်မြင်နိုင်စရာ အကြောင်းမရှိချေ။

"ကောင်းပြီ"

ကျန်းကျင်းခိုင်က ခေါင်းညိတ်လိုက်ပြီး စကားဆက်လိုက်ပြန်သည်။

"ဒါ့အပြင်၊ ခင်ဗျားကို ကူညီစေချင်တဲ့ တခြားကိစ္စလေးတစ်ခု ရှိသေးတယ်ဗျ"

"ဟုတ်ကဲ့ အင်စပက်တာ မေးစရာရှိတာသာမေးပါ ကျွန်တော် ဖြေနိုင်တာမျိုးဆိုရင် ဖြေပါ့မယ်"

ဝူရှုပင်ကလည်း စိတ်လိုလက်ရပင် ပြန်ဖြေလိုက်သည်။

"သိပ်ကောင်းတာပေါ့ဗျာ ဒီလိုဗျ ကျွန်တော်သိချင်တာက အဲဒီညလူသတ်မှုကို ခင်ဗျား မြင်ခဲ့တုန်းက အခန်းထဲကို ဝင်လာတာ ဒါမှမဟုတ် ထွက်သွားတာမျိုး ရှိသေးလား"

ကျန်းကျင်းခိုင်၏ မျက်နှာမှာ ပကတိအတိုင်း တည်ငြိမ်နေသည်။ လအနည်းငယ်အတွင်း သူသည်လည်း ကျွမ်းကျင်သောသရုပ်ဆောင်တဦး ဖြစ်လာပုံရ၏။

"ဘယ်သူမှ ဝင်တာထွက်တာမရှိဘူးဗျ"

ဝူရှုပင်၏ လေသံမှာ ခိုင်မာလှသည်၊

"အဲဒီညက အခန်းထဲကို ပထမဆုံးဝင်လာတဲ့သူတွေဟာ ရဲတွေပဲ ဒီမတိုင်ခင် ဘယ်သူမှ မဝင်ခဲ့တာ လုံးဝသေချာတယ်"

"ဒါဆို ခင်ဗျားကို တစ်ခုပြမယ်"

သူက ဝူရှုပင်ကို အစီရင်ခံစာ၏ တစိတ်တပိုင်းအား ပြသလိုက်၏။ ဝူရှုပင် အစီရင်ခံစာကို သေသေချာချာ ဖတ်ရင်း ဓာတ်ပုံတွေထဲမှ အစက်အပျောက်များကို ဂရုတစိုက်ကြည့်ရှုလိုက်ပြန်၏။ နောက်ဆုံး သူက ခေါင်းခါပြီး ပြောလိုက်သည်။

"အင်စပက်တာကျန်း အစီရင်ခံစာအရဆိုရင် ပြတင်းပေါက်ကနေ သရဲတစ်ကောင် ထွက်သွားတာကို သူတို့ ကိုယ်တိုင် မြင်ခဲ့ရသလိုဖြစ်နေပါလား"

"ဟုတ်တယ်ဗျ ကျွန်တော် ထပ်မေးအုံးမယ် အဲဒီညက အခန်းထဲမှာ လူနှစ်ယောက်ပဲ ရှိတာ သေချာလား"

သရဲတစ္ဆေကို အယုံအကြည်မရှိမှန်း ဝူရှုပင်၏ စကားပြောပုံကို ကြည့်သည်နှင့် မြင်သာ၏။ ထို့ကြောင့် ကျန်းကျင်းခိုင်က အတည်ပြုမေးခွန်း ထပ်မေးလိုက်ခြင်း ဖြစ်သည်။

"မှန်ပါတယ် အင်စပက်တာကျန်း အဲဒီညက အခန်းထဲမှာ လူနှစ်ယောက်ပဲ ရှိခဲ့တာ လုံးဝသေချာတယ်ဗျ"

ဝူရှုပင်ကလည်း ထပ်မံအာမခံလိုက်ပြန်၏။

"ဒါဆို အဲဒီအနက်ရောင် အစက်အပျောက်တွေက ဘာများဖြစ်မလဲ ခင်ဗျား ဘယ်လိုများထင်သလဲ"

မျက်မြင်သက်သေက မည်သို့တုံ့ပြန်မည်ကို ကျန်းကျင်းခိုင် သိချင်နေသေး၏။

"အလင်းပြန်တာများ ဖြစ်နေမလားမသိဘူးအင်စပက်တာ"

ဝူရှုပင်က ဇဝေဇဝါဟန်ဖြင့် ပြောလိုက်သည်။

"ကင်မရာမှန်ဘီလူးပေါ် တခြားနေရာတခုခုက အလင်းရိုက်ပြီး ပြတင်းပေါက်ပေါ် သွားထင်တာမျိုး ဖြစ်နိုင်တယ်"

"အင်း ဟုတ်ပြီ"

ကျန်းကျင်းခိုင် ခေတ္တစဥ်းစားပြီး ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက ပြောလိုက်ပြန်၏။

"ဒါနဲ့ ခင်ဗျား ဘာလို့ လျူနင်းဆီ သွားမနှုတ်ဆက်တာလဲ သူ ခင်ဗျားကိုတွေ့ရင် ပျော်နေမှာ သေချာတယ် သူ စာတွေ စီရတာနဲ့ တော်တော်လေးအလုပ်များနေတာ ခင်ဗျား ကူညီပေးလိုက်ရင် တော်တော်ပျော်သွားမှာပဲ"

"ဟဲဟဲ ကျေးဇူးတင်ပါတယ် အင်စပက်တာကျန်း"

ကျန်းကျင်းခိုင်၏ စကားကြောင့် ဝူရှုပင် တဟဲဟဲနှင့် သွားဖြဲပြလိုက်လေသည်။

All Chapters