စနောက်နေတဲ့ချွေကျင်း
Vol. 7 Ch. 64
အားကျောက်သည် တနေ့ခင်းလုံး ပန်းချီဆွဲနေ၏။ အားလပ်ချိန်ပင် မယူပဲ တောက်လျှောက်ထိုင်ဆွဲနေခြင်း ဖြစ်သည်။ ၎င်းကိုကြည့်လျင် အလုပ်ကြိုးစားနေသည်ဟု ထင်စရာရှိသော်လည်း တကယ်တော့ စိတ်ဓာတ်ကျနေ၏။ ပြီးတော့ စိတ်မသက်မသာ ဖြစ်နေ၏။ သူမအနေနှင့် ယခင်ဘဝဟောင်းကို ပြန်မမှတ်မိလိုတော့။ သို့သော် ပါးစပ်မှဖွင့်မပြောသည့်တိုင် ကျန်းကျင်းခိုင်အနေနှင့် သူမ၏ အတိတ်ဘဝနှင့်ပတ်သက်၍ ယခုထက်ပိုသော မေးခွန်းတချို့ ရှိနေကြောင်း သူမ သဘောပေါက်နေလေသည်။ ထ်ိုအတွက် သူမ စိတ်မသက်မသာ ဖြစ်နေခြင်းပင်။
သူမစိတ်ထဲတွင် အတွေးများနှင့် ရှုတ်ရှက်ခတ်နေ၏။ တဖက်တွင်လည်း သူမ၏လက်များက ဇယ်ဆက်သလို လှုပ်ရှားနေခဲ့လေသည်။ မသ်ိစိတ်၏စေရာအတိုင်း လက်က သူမမှတ်မိသမျှလူများ တစ်ဦးပြီးတစ်ဦး ကင်းဗတ်စ်ပေါ်တွင် ပေါ်လာတော့၏။ ဆွဲလက်စ ကားတချပ်ပြီးသွားသည်နှင့် သူမက ထိုပန်းချီကားကို ဘေးတွင်ချထားပြီးနောက် ကင်းဗတ်စ်အသစ်တစ်ခုကို ခုံပေါ်ပြန်တင်လိုက်ပြန်သည်။
အားကျောက်သည် ရိုးရိုးလေးနှင့် နာကျင်ဖွယ်ရာအမှတ်တရများကို ဖွင့်ထုတ်နေခြင်းပင်။ အချိန်သည် မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးသွား၏။ ပန်းချီကားများပေါ်တွင်သာ အာရုံစိုက်နေသောအားကျောက်တယောက် အပြင်ဘက်တွင် မှောင်နေပြီကိုပင် သတိမထားမိပဲရှိလေသည်။
ကျန်းကျင်းခိုင်သည် လမ်းကြားထဲမှ အချိန်အတော်လေးစော၍ ထွက်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့စိတ်ထဲတွင် အားကျောက်နှင့် မူကြိုကျောင်းတွင် တွေ့နိုင်ရန် စဥ်းစားထားလေသည်။
မူကြိုကျောင်အဝင်ဂိတ်ကို သူ တော်ရ်ိလျော်ရိမျှသာ ပြောဆို၍ ဖြတ်လာခဲ့၏။ ကျောင်းဂိတ်စောင့်က သူ့ကို သိပ်ပြသနာမရှာရဲချေ။ အကြောင်းမှာ ၎င်းတို့ကို သဘောတရားအရ အရန်ရဲများအဖြစ် သတ်မှတ်ထားနိုင်ပြီး အရေးကြုံလျင် ၎င်းတို့အားလုံး ရဲဌာန၏ အုပ်ချုပ်မှုအောက်တွင် တာဝန်ထမ်းဆောင်ရနိုင်သောကြောင့်ပင်။
"အင်စပက်တာကျန်း ဝင်သွားပါခင်ဗျာ ရပါတယ်"
ဂိတ်စောင့်က ဖော်ဖော်ရွေရွေပင် ဖိတ်ခေါ်နေလေသည်။ ၎င်းကိုယ်တိုင်က ကျန်းကျင်းခိုင်ကို မှတ်မိနေပုံရ၏။
"ကျေးဇူးတင်ပါတယ်ဗျာ"
ကျန်းကျင်းခိုင်ကလည်း ယဉ်ယဥ်ကျေးကျေးပင် ဖိတ်ခေါ်သည့်အစောင့်အား ကျေးဇူးတင်ကြောင်း ပြသလိုက်သည်။ မူဝါဒအရ ကျောင်းတက်ချိန်နှင့် ကျောင်းဆင်းချိန်များမှလွဲ၍ ဧည့်သည်များအနေနှင့် မူကြိုကျောင်းထဲသို့ ဝင်သည့်အခါ ဆရာ သို့မဟုတ် လုံခြုံရေးအစောင့်တစ်ဦးက အတူ လိုက်ပါရမည် ဖြစ်သည်။ ဥပဒေတည်သောလူ့အဖွဲ့အစည်းသည် ကောင်းမွန်ပေ၏။ သို့သော် ၎င်းဥပဒေများကို အကောင်အထည်ဖော်ပေးရသူများက ပို၍သာလွန်ကောင်းမွန်ပေသည်။
အားကျောက်တွင် အတန်းချိန်မရှိမှန်း ကျန်းကျင်းခိုင် မသိ။ သို့သော် သူ့အသိစိတ်က သူမ အနုပညာစတူဒီယိုတွင် တွေ့နိုင်ကြောင်း ပြောပြနေလေသည်။ ထို့ကြောင့် သူ စတူဒီယိုဘက်သို့ လျှောက်လာခဲ့၏။
ပြတင်းပေါက်မှန်သားပြင်မှတဆင့် အားကျောက်တယောက် အသည်းအသန် ပန်းချီဆွဲနေကြောင်း ကျန်းကျင်းခိုင် လှမ်းမြင်နေရသည်။ သူ တံခါးမခေါက်ပဲ အားကျောက်၏နောက်ကျောသို့ တိတ်တဆိတ် ချည်းကပ်လာ၏။ အားကျောက်ကား ပန်းချီကားထဲတွင်သာ စိတ်နစ်ဝင်လျက်ရှိလေရာ သူမနောက်သို့ လူတယောက်ရောက်နေကြောင်း တစက်ကလေးမျှ သတိမထားမိချေ။
ကျန်းကျင်းခိုင်သည် အားကျောက်၏ နောက်တွင် ခေတ္တမျှရပ်ပြီး ကြည့်နေခဲ့၏။ အားကျောက်သည် အမျိုးသမီးတစ်ဦး၏ပုံတူကို ဆွဲနေခဲ့ခြင်း ဖြစ်သည်။ ထိုအမျိုးသမီးကို သူ မမှတ်မိ။ တဖန်အားကျောက်သည် စုတ်တံကို တစ်စက္ကန့်မျှ ရပ်ပြီး ပုံတူကို ပြန်စစ်၏။ ထို့နောက် သူမက စုတ်တံဖြင့် အပြီးသတ်စုတ်ချက်တချို့ ထည့်သွင်းလိုက်ပြန်သည်။ သူ သူမကို ချက်ချင်းပွေ့ဖက်လိုက်ချင်၏။ သို့သော် ထိုသို့ပြုလုပ်ပါက သူမ လန့်သွားပေလိမ့်မည်။ ထိုအချိန်တွင် အဝေးမှ ခြေသံများကို သူ ကြားလိုက်ရပြန်သည်။ ထိုခြေသံများသည်စတူဒီယိုဘက်သို့ လာနေခြင်းဟုတ်မဟုတ် သူ မသေချာပဲ ဖြစ်နေ၏။ နောက်ဆုံးတော့ သူ မထိတ်လန့်စေပဲ သတိထားမိသွားစေမည့် အကောင်းဆုံးနည်းလမ်းကို ရွေးချယ်လိုက်လေသည်။
"အဟမ်း အဟမ်း"
ကျန်းကျင်းခိုင် ပါးစပ်ကိုအုပ်ပြီး ချောင်းဆိုးလိုက်၏။
"ဘယ်သူလဲ"
ချောင်းဆိုးသံကြောင့် အာရုံပျက်သွားသော အားကျောက်က လှည့်မကြည့်ပဲ မေးလိုက်သည်။
"ကျွန်မ ဘာများကူညီရမလဲ"
"မိန်းကလေးကျီးယွမ် အိမ်ပြန်ချိန်ရောက်ပြီ"
ကျန်းကျင်းခိုင် ကြိတ်ရယ်မောရင်း ပြောလိုက်၏။
"ဟယ်"
အားကျောက် အံ့အားတကြီးနှင့် ခုန်ထရင်း ကျန်းကျင်းခိုင်၏ ရင်ခွင်ထဲ ချက်ချင်းပြေးဝင်လိုက်၏။
"ဟန်နီ ရှင်က လူဆိုးကြီးပဲ ဒီထဲ ဘယ်လိုရောက်လာတာလဲ"
"ကျုပ်က ရဲလေကွာ မရှာနိုင်တဲ့နေရာဆိုတာ ရှိပါ့မလား"
ကျန်းကျင်းခိုင် ပြုံးစေ့စေ့နှင့် ပြန်ဖြေလိုက်သည်။
"ဘာလဲ ကျုပ်ကို လွမ်းနေတာလား"
"မလွမ်းပါဘူး"
အားကျောက်က ကျန်းကျင်းခိုင်၏ ရင်ခွင်တွင် ခေါင်းအပ်လိုက်၏။ ထို့နောက် သူမက နူးညံ့စွာ မေးလိုက်သည်။
"ဒါဆို… ရှင် မိန်းကလေးတွေ ရေချိုးနေတာကိုရော ရှာနိုင်သလား"
မေးပြီး သူမက ကျန်းကျင်းခိုင်ကို ပြောင်စပ်စပ်အမူအရာနှင့် ကြည့်နေလေသည်။
"မင်းဟာလေ ဘယ်တော့မှ စကားကိုအကောင်းပြောတယ် မရှိဘူး"
အထက်ပါအတိုင်း သူတို့နှစ်ယောက် စနောက်ကျီစယ်နေစဥ် မိန်းကလေးတဦး အခန်းထဲ ဝင်လာ၏။
"ဟယ် လူမြင်ကွင်းမှာ မတော်တရော်တွေ ကျွန်မကိုမိတ်ဆက်ပေးတာကမှ သင့်တော်အုံးမယ်"
မမျှော်လင့်ပဲ ချွေကျင်းရောက်လာ၍ အားကျောက်၏ မျက်နှာ နီရဲသွား၏။
"ဒါ ကျွန်မရဲ့… ချစ်သူ"
သူမ ကျန်းကျင်းခိုင်ကို တစ်ချက်ကြည့်ပြီး ချွေကျင်းကို လက်ညှိုးထိုးကာ မိတ်ဆက်ပေးလိုက်၏။
"ဒါ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက် ချွေကျင်းတဲ့"
"မိန်းကလေးကျင်း မင်္ဂလာပါ"
ကျန်းကျင်းခိုင်က ချွေကျင်းကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်၏။
"ဟိုင်း မင်္ဂလာပါရှင်"
ချွေကျင်းက ပြန်လည်နှုတ်ဆက်ရင်း အားကျောက်ကို ထပ်မံစနောက်လိုက်ပြန်သည်။
"ဟယ် နေပါအုံး ရှင်က ကျွန်မနာမည်ကျတော့ ပြောပြီးတော့ ရှင့်ချစ်သူနာမည်ကျတော့ လျှိုထားတယ်ပေါ့ ဘာလဲ ကျွန်မ သူ့ကို ခိုးသွားမှာ ကြောက်လို့လား"
"မဟုတ်ပါဘူး"
အာကျောက်က ချွေကျင်းကို လက်သီးထောင်ပြလိုက်သည်။
"ဘာဖြစ်ဖြစ် ရှင့်ကို မပြောပြပါဘူး"
"မပြောဘူးပေါ့ ဟုတ်လား ရပါတယ်နော်ကျောင်းအုပ်ကြီးက မိန်းကလေးကျီးယွမ် ဒီမှာ ချိန်းတွေ့နေမှန်းသိတယ် ဒါကြောင့် ဒီည စာသင်စရာမလိုတော့ပါဘူးတဲ့ ကျွန်မကို ပြောခိုင်းလိုက်တယ်"
"ဟင်… ကျောင်းအုပ်ကြီး...သူ ကျွန်မတို့ကို မြင်သွားတာလား"
အားကျောက် ထိတ်လန့်သွား၏။
"သိချင်လား"
ကျန်းကျင်းက တံခါးဆီသို့ လျှောက်သွားရင်း အားကျောက်ကို ပြန်လှည့်ပြောလိုက်၏။
"ဒါပေမယ့် မပြောပြပါဘူး"
ထို့နောက် သူမ စတူဒီယိုမှ ထွက်သွား၏။
အားကျောက် ကလေးဆန်ဆန်ပင် ဆောင့်ကြီးအောင့်ကြီးလုပ်ပြီး ကျန်းကျင်းခိုင်ကို ပြောလိုက်လေသည်။
"ကျွန်မ ဘာလုပ်ရမလဲ ကျောင်းအုပ်ကြီးက ကျွန်မတို့ ချိန်းတွေ့နေတာ သိသွားပြီတဲ့"
ကျန်းကျင်းခိုင် သူမကို ပွေ့ဖက်ရင်း ပြန်မေးလိုက်၏။
"အင်း… ဘာလုပ်ရင်ကောင်းမလဲ မင်းရောဘယ်လိုထင်လဲ"
"အဟမ်း ကျေးဇူးပြုပြီး လူချင်းခွဲနေကြပါ"
ထိုစဥ် ချွေကျင်း၏ခေါင်း အခန်းဝတွင် ပြန်ပေါ်လာသည်
"ကျွန်မတောင် မသွားရသေးဘူး ရှင်တို့နှစ်ယောက်က မတော်တရော်တွေ လုပ်နေကြပြန်ပြီ ကျောင်းအုပ်ကြီးကို တကယ်တိုင်လိုက်ရင် ကောင်းမလားပဲ"
"ရှင်...ရှင်နော် ဘာဖြစ်လဲ နမ်းတော့ရော ဘာဖြစ်လဲ တိုင်ချင်ရင် တိုင်လိုက်! နောက်တခါ စာသင်ချိန်တွေ ကူမစောင့်ပေးတော့ဘူး"
"ဟယ် ကျွန်မကို ခြိမ်းခြောက်နေတယ်ပေါ့လေ"
ချွေကျင်းက နောက်တကြိမ် လှည့်ထွက်သွားမည့်ပုံမျိုးလုပ်ရင်း ပြောလိုက်ပြန်သည်။
"ဒါ ကျောင်းစည်းကမ်းကို ချိုးဖောက်တာနော် ဟွန့် ကျွန်မ တကယ်တိုင်လိုက်ရမလား"
"အာ ခနနေပါအုံး မိန်းကလေးကျင်း ကျွန်တော့်နာမည်က ကျန်းကျင်းခိုင်ပါ"
ကျန်းကျင်းခိုင် ကပျာကသီဟန့်တားရင်း သူ့ကိုယ်သူ မိတ်ဆက်လိုက်ပြန်သည်။
"ကြည့်စမ်း ဒီက အစ်ကိုကြီးကမှ ရှင့်ထက် အများကြီး ပိုယဉ်ကျေးသေးတယ်"
ချွေကျင်း ချက်ချင်းပင် နောက်ပြန်လှည့်လာ၏။
"ဒါဆို ပြောပြပါဦး ကျွန်မတို့ရဲ့ ချစ်စရာကောင်းတဲ့ကျီးယွမ်ကို ရှင် ဘယ်လိုလှည့်စားပြီး ရှင့်ကိုချစ်သွားအောင် ပြုစားလိုက်တာလဲ"
သူတို့သုံးယောက် အထက်ပါအတိုင်း စနောက်ရင်း အချိန်အတော်ကြာအောင် စကားပြောနေကြသေး၏။ နောက်ဆုံးတွင် လျပ်စစ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကြောင့် ယနေ့စာသင်ချိန်များအားလုံးကို ဖျက်သိမ်းလိုက်ကြောင်း ချွေကျင်းက ပြောပြကာ အခန်းထဲမှ ထွက်ခွာသွားလေသည်။
ချွေကျင်း ထွက်သွားသည်နှင့် အားကျောက်က ကျန်းကျင်းခိုင်ကို အားရပါးရ ဖက်ရင်း မေးလိုက်၏။
"ဒါဆို ဒီည အလုပ်အားလားဟင် ကျွန်မတို့ တညလုံး အချိန်ဖြုန်းရအောင်"
မူလက အလုပ်မအားကြောင်း ပြောလိုက်ရန် ကျန်းကျင်းခိုင်က တွေးလိုက်သေး၏။ သို့သော် ယနေ့ညတွင် အားကျောက် သူနှင့်အတူ လိုက်ပါလာလျှင် ပိုကောင်းမည် တွေးမိပြန်သည်။ အားကျောက်သည် အမှုမှန်ဖော်ထုတ်နိုင်ရန် သော့ချက်တခု ဖြစ်နေသည် မဟုတ်ပါလား။
"ကျုပ် ဒီည အခင်းဖြစ်ပွားခဲ့တဲ့နေရာကို ပြန်သွားရမယ် မင်း လိုက်ချင်ရင် လိုက်ခဲ့လေ"
အထက်ပါအတိုင်း သူ ပြောလိုက်၏။
ကျန်းကျင်းခိုင်၏ စကားကြောင့် အားကျောက် ရုတ်တရက် တိတ်ဆိတ်သွားသည်။ အချိန်အတော်ကြာမှ သူမက ပြောလိုက်၏။
"ကျွန်မတို့ လမ်းကြားကို သွားကြမှာလား"