← Chapters

ဦးလေးကိုင်ပြန်လာခြင်း

Vol. 7 Ch. 65

ဦးလေးကိုင်ပြန်လာခြင်း

Vol. 7 Ch. 65

အားကျောက်၏ မေးခွန်းကြောင့် ကျန်းကျင်းခိုင် ဘာပြန်ဖြေရမှန်းမသိပဲ ဖြစ်နေ၏။ မှန်ပါသည်။ အခင်းဖြစ်ပွားရာနေရာကို သွားလိုလျင် လမ်းကြားထဲသို့ ဝင်ရလိမ့်မည်သာ။ သို့သော် လမ်းကြားထဲသွားလျင် သူမအတွက် နာကျင်စရာ အမှတ်တရများကို ပြန်သတိရစေလိမ့်မည်။ ထိုအခါ ကျန်းကျင်းခိုင်က အားကျောက်၏ ဆံပင်ကို ပွတ်သပ်ရင်း ပြောလိုက်၏။

“ကဲ ညစာ သွားစားရအောင် ညစာစားပြီးရင် မင်းကို အိမ်လိုက်ပို့ပေးမယ် ကျုပ် အလုပ်ပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့မယ်”

"အင်း”

အားကျောက် ခေါင်းညိတ်လိုက်သည်။ သို့သော် ဘာကြောင့်မှန်ူမသိ အားကျောက်၏ မျက်လုံးထဲမှ မျက်ရည်ပူများ စီးကျလာလေသည်။ အတန်ကြာမှ သူမက ပြောလိုက်၏။

“ဟန်နီ ကျွန်မတို့ သွားရအောင် ကျောင်းက မီးတွေတောင် ပိတ်ကုန်ပြီ"

“အင်း သွားကြမယ်”

ထ်ို့နောက် သူတို့နှစ်ယောက် အခန်းထဲမှ ထွက်လာကြ၏။ ကြည်စုံလင်းသော ညကောင်းကင်အောက်တွင် ကျန်းကျင်းခိုင်နှင့် အားကျောက်တို့၏ အရိပ်များသာ လမ်းပေါ်တွင် ရွေ့လျားနေလေသည်။

“အိမ်ပြန်မလား ဒါမှမဟုတ် ဦးလေးကိုင်ဆီ သွားမလား”

aမူကြိုကျောင်းရှေ့ပေါက်မှ ထွက်လာရင်း ကျန်းကျင်းခိုင်က အားကျောက်ကို မေးလိုက်သည်။

“အိမ်ပြန်ချင်တယ်…”

အားကျောက်က တိုးတိုးလေး ဖြေလိုက်သည်။ ပြီးမှ သူမက ချက်ချင်းပင် ခေါင်းခါပြီး ပြောလိုက်ပြန်၏။

“မဟုတ်သေးဘူး ကျွန်မတို့ ဦးလေးကိုင်ရဲ့ ခေါက်ဆွဲဆိုင်ကို သွားရအောင် မသွားတာတောင်ကြာပြီ ဦးလေးများ ပြန်ရောက်နေပြီလား မသိဘူး”

“ကောင်းပြီ သွားကြတာပေါ့”

ကျန်းကျင်းခိုင် ခေါင်းညိတ်ပြီး အားကျောက်နှင့်အတူ ဦးလေးကိုင်၏ ခေါက်ဆွဲဆိုင်ဘက်သို့ လျှောက်လာခဲ့လေသည်။ သူ့အနေနှင့် အားကျောက်တယောက် ယနေ့ည နှုတ်ဆိတ်နေသည်ကို အတိုင်းသား မြင်နေရသည်။ သူမ၏ စိတ်ထဲတွင် ပဋိပက္ခတခု ဖြစ်ပွားနေပုံရသည်။

ဦးလေးကိုင်ဆီ မရောက်ခင်မှာပင် အားကျောက်က ကျန်းကျင်းခိုင်ကို ကြည့်ပြီးမေးလိုက်သည်။

"ဟန်နီ ရှင် ကျွန်မရဲ့ အတိတ်ကို တကယ်ပဲ ဂရုမစိုက်တာလား”

သူမ၏ ပုံစံမှာ အထူးပင် လေးနက်နေ၏။

“ကျွန်မလေ တစ်နေ့ကျရင် ကျွန်မရဲ့ အတိတ်ကြောင့် ရှင် ကျွန်မကို စွန့်ပစ်သွားမှာ အရမ်းကြောက်နေပြီ"

“မဟုတ်တာတွေကွယ်"

ကျန်းကျင်းခိုင်က အားကျောက်ကို နှစ်သိမ့်ဟန်ဖြင့် ရယ်မောလိုက်သည်။ သူ့အနေနှင့် သူမအပေါ် မည်မျှ ချစ်မြတ်နိုးကြောင်း နည်းလမ်းပေါင်းစုံနှင့် သက်သေပြပြီးသား ဖြစ်သည်။ ထို့ကြောင့် ဘာမှထပ်မံရှင်းပြနေစရာ မလိုတော့။ သို့သော် အားကျောက်အတွက်မူ အတိတ်ဘဝသည် သူမ လုံးဝကျော်လွှားရန်ခက်ခဲသော စိ အတားအဆီးတစ်ခု ဖြစ်နေဟန်ရှိသည်။

“မင်းကို ကျုပ် ဘယ်တော့မှ မစွန့်ပစ်ပါဘူးကွာအသက်နဲ့ရင်းပြီး ကျိန်ဆိုရင်လဲ ကျိန်ပြပါ့မယ်"

ကျန်းကျင်းခိုင် အထက်ပါအတိုင်း ပြောလိုက်လေရာ အားကျောက်က

“အံမလေး အဲလိုတော့ မလုပ်ပါနဲ့နော်"

ကျန်းကျင်းခိုင်၏ပါးစပ်ကို လက်ဖြင့်ပိတ်ပြီး ဟန့်တားလိုက်၏။

"ရှင် အဲဒီလို ကျိန်စရာမလိုပါဘူးနော် ကျွန်မ ဒီအတိုင်းပဲ နည်းနည်းကြောက်လာလို့ ပြောလိုက်တာ”

ထို့နောက် သူမက ခေါင်းမော့အံကြိတ်ရင်း ပြောလိုက်၏။

“ကဲပါ ကျွန်မတို့ သွားကြရအောင်နော် ညစာ သွားစားကြမယ် ညစာစားပြီးရင် ရှင်နဲ့အတူ လမ်းကြားကို လိုက်ခဲ့မယ်"

"ဟန်နီ...မင်း…”

ဤတကြိမ် စိတ်ရှုပ်ထွေးသွားရသူကတော့ ကျန်းကျင်းခိုင် ဖြစ်လေသည်။ သူ့အနေနှင့် အမှုစုံစမ်းရာတွင် အားကျောက်၏ အကူအညီကို လိုချင်သည်မှာ အမှန်ပင်။ တဖက်တွင်လည်း သူမ နာကြင်ခံစားရမည်ကို သူ စိုးနေ၏။

“ကျုပ်တို့… အခင်းဖြစ်ပွားခဲ့တဲ့ရာနေရာကိုပဲ စစ်ဆေးမလို့ပါကွာ…”

“ရပါတယ်ရှင် ဘာမှမဖြစ်ပါဘူး ကျွန်မလိုက်ခဲ့မယ်”

အားကျောက်က ပြုံးယောင်ယောင်အမူအရာနှင့် ကျန်းကျင်းခိုင်ကို ကြည့်ရင်း ပြောလိုက်လေသည်။

"ဟန်နီရေ ကျွန်မတို့လူသားတွေဟာ အမြဲတမ်း အတိတ်ထဲမှာပဲ မနေသင့်ဘူးမလား ဒါကြောင့် ကျွန်မ ကူညီဖို့ ဆုံးဖြတ်လိုက်ပြီ ပြည့်တန်ဆာ ဖြစ်ခဲ့တော့ကော ဘာဖြစ်လဲ အဲ့ဒီအတိတ်ကို နောက်ထပ် ကျွန်မ ရှောင်တိမ်းမနေတော့ဘူး"

“ကောင်းတယ် အဲဒီလိုမှပေါ့”

အားကျောက်၏ စကားကြောင့် ကျန်းကျင်းခိုင် ဝမ်းသာသွားလေသည်။ ထို့နောက် သူက အားကျောက်လက်ကိုဆွဲပြီး ခေါက်ဆွဲဆိုင်သို့ လျှောက်သွားလိုက်၏။

“ဟန်နီ ကျွန်မကို ပွေ့သွားပါလား”

အားကျောက် ချစ်စဖွယ်ကောင်းသော အမူအရာနှင့် လက်နှစ်ဖက်ကို ဆန့်တန်းရင်း ပြောလိုက်သည်။

“သိပ်ရတာပေါ့ကွာ"

ကျန်းကျင်းခိုင်ကလည်း အားကျောက်၏ စကားအတိုင်းပင် သူမကို ပွေ့ချီလိုက်၏။ ထို့နောက် သူတို့နှစ်ယောက်လုံး အားရပါးရ ပြုံးလိုက်ကြလေသည်။

“ဒေါ်လေးမာ”

ကျန်းကျင်းခိုင်တယောက် အားကျောက်ကို ပွေ့ချီထားရင်းနှင့်ပင် ခေါက်ဆွဲလှမ်းမှာလိုက်သည်။

"ခေါက်ဆွဲ နှစ်ပွဲပေးပါ"

“လာပြီ”

မီးဖိုချောင်ထဲမှ အိုမင်းရင့်ရော်နေသော အသံတသံ ထွက်ပေါ်လာ၏။

“ဟဲဟဲ မင်းတို့နှစ်ယောက် အခုကျတော့ တောက်တဲ့ကပ်သလို ကပ်နေကြပြီပေါ့လေ"

အသံရှင်မှာ တခြားလူမဟုတ်။ ဦးလေးကိုင်ပင် ဖြစ်သည်။

“ဟော ဦးလေးကိုင် ပြန်ရောက်နေပြီလား”

အားကျောက် ဝမ်းသာသွား၏။

"အားလပ်ရက်မှာ ဝလာလိုက်တာ ကြည့်စမ်းပါအုံး”

“ဟားဟား၊ ဟုတ်တယ်ဟေ့ ဟုတ်တယ် ဝလာတယ်"

ဦးလေးကိုင်က ဝမ်းမြောက်ဝမ်းသာနှင့် ပြန်ဖြေလိုက်သည်။

“အားကျောက်လေးကလဲ ပိုလှလာပါလား”

“ဟုတ်တာပေါ့ဦးလေးကိုင်ရဲ့”

အားကျောက်က နှုတ်ခမ်းစူရင်း ပြောလိုက်၏။

"ကျွန်မသာပိုလှမလာရင် ဟိုတစ်ယောက် ကျွန်မကို စွန့်ပစ်သွားတာ ကြာရောပေါ့”

“ဟေ ဟုတ်လား”

ဦးလေးကိုင်က ထောက်ခံလိုက်သည်။

“သူ မင်းကို ဒီလိုလုပ်ရင် ကျုပ်က… သူ့ကို ခေါက်ဆွဲမရောင်းတော့ဘူးကွာ ဟား ဟား ဟား"

“ကြားတယ်နော်"

အားကျောက်က ကျန်းကျင်းခိုင်ကို ပြောင်စပ်စပ်လုပ်ရင်း ပြောလိုက်သည်။

"ဒါနဲ့ ဦးလေးကိုင် ဒါ ဦးလေးသားအတွက် မင်္ဂလာလက်ဖွဲ့ ဦးလေးကိုင်ရဲ့သားလေး လက်ထပ်တာ ကျွန်တော်တို့ကိုတောင် မပြောဘူး ကျွန်တော်နဲ့အားကျောက်ရဲ့ လက်ဆောင်အနေနဲ့ လက်ခံပါ”

ကျန်းကျင်းခိုင်က ဦးလေးကိုင်လက်ထဲ ငွေစက္ကူတထပ် ထည့်ပေးရင်း ပြောလိုက်သည်။

“ဟာ မလုပ်ပါနဲ့ ကျုပ် ဒါကို လက်မခံနိုင်ဘူး”

ဦးလေးကိုင် အတင်းပင် ငြင်းဆန်လိုက်လေသည်။

“ယူလိုက်ပါ ဦးလေးကိုင်ရဲ့"

အားကျောက်က ဦးလေးကိုင်၏ အိတ်ကပ်ထဲသို့ ပိုက်ဆံများ အတင်းပင် ထည့်ပေးလိုက်လေသည်။

“ကျွန်မတို့ပိုက်ဆံကို မယူဘူးဆိုရင် ဦးလေးကိုင်ရဲ့ခေါက်ဆွဲဆိုင်ကို နောက်ဘယ်တော့မှ မလာတော့ဘူး”

နောက်ဆုံးတော့ ဦးလေးကိုင် စိတ်မသက်မသာနှင့် လက်ခံလိုက်ရ၏။

ထို့နောက် သူတို့နှစ်ယောက် စကားတပြောပြောနှင့် ခေါက်ဆွဲစားရန် စောင့်ဆိုင်းနေကြ၏။ လူငယ်နှစ်ဦး ရင်းရင်းနှီးနှီး စကားပြောဆိုနေကြသည်ကိုကြည့်ရင်း ဦးလေးကိုင်၏မျက်နှာတွင် ကျေနပ်ဟန်များ အတိုင်းသား ပေါ်လွင်နေသည်။ အားကျောက်သည် သူ့သမီးရင်း မဟုတ်သော်လည်း သူ့အတွက်ကတော့ သမီးသဖွယ်ပင် မဟုတ်ပါလား။

မကြာမီ ဦးလေးကိုင်က ခေါက်ဆွဲပန်းကန်များကို ယူရင်း ထွက်လာ၏။ ခေါက်ဆွဲများနှင့်အတူ သူ လေးထောင့်ဘူးတစ်ဘူးကို ယူလာပြီး အားကျောက်ရှေ့တွင် ချပေးလိုက်သည်။

“ဒါလေးက ကျုပ်ရဲ့လက်ဆောင်"

အားကျောက်က ဘူးကို ဖွင့်လိုက်၏။ အတွင်းထဲတွင် ပုလင်းငယ်တလုံး ရှိသည်။ ပုလင်းပေါ်တွင် အမှတ်အသားများ မရှိသော်လည်း ဘူးထဲမှ နှင်းဆီရနံ့များ ထွက်ပေါ်နေ၏။ သူမ ခေါင်းမော့ပြီး ဦးလေးကိုင်ကို မေးလိုက်သည်။

“ဦးလေးကိုင် ဒါနှင်းဆီအဆီလား”

“ဟဲဟဲ၊ ဟုတ်တယ်"

အားကျောက် မှန်အောင်ခန့်မှန်းနိုင်၍ ဦးလေးကိုင် ဝမ်းသာသွား၏။

"မင်းကို ယုံလို့ရတယ်ဆိုတာ ကျုပ်သိနေတယ်လေ"

“ဒါ အရမ်းတန်ဖိုးကြီးတဲ့ လက်ဆောင်ပဲ ဦးလေးကိုင် ကျွန်မ လက်မခံနိုင်ဘူး"

အားကျောက်က လက်မခံနိုင်ကြောင်း ပြောလိုက်၏။

“ဒါ ကျုပ်တို့ဇာတိမြို့က လုပ်တဲ့ ပစ္စည်းလေးပါကွ"

ဦးလေးကိုင်က မကျေနပ်ဟန်ဖြင့် ရှင်းပြလိုက်သည်။

"ယူလိုက်ပါ ကျုပ် ဒီအတွက် ပိုက်ဆံ မကုန်ခဲ့ဘူးလေ ဒါကျုပ်သားရဲ့စက်ရုံမှာ လုပ်တာ"

ဦးလေးကိုင်က ထပ်မံတိုက်တွန်းလိုက်ပြန်၏။

“ကျေးဇူးတင်ပါတယ်ဦးလေးကိုင်"

ဦးလေးကိုင်၏စကားကြောင့် အားကျောက် လက်ဆောင်ကို လက်ခံလိုက်လေသည်။

“ ဟေ့ ဒီကိုလာကြည့်ပေးအုံး ငါ လုပ်တာမှန်ရဲ့လားမသ်ိဘူး”

မီးဖိုချောင်ထဲမှ နောက်အဖိုးအိုတစ်ဦးက လက်ပြရင်း ဦးလေးကိုင်ကို လှမ်းခေါ်နေ၏။

“လာပြီ”

ဦးလေးကိုင်က ပြန်အော်ရင်း အားကျောက်ဘက်သို့ လှည့်ကာ ပြောလိုက်၏။

"ကဲ စားကြနော် ကျုပ်အလုပ်တွေ ရှိသေးတယ် မီးဖိုချောင်ထဲက ကျုပ်သူငယ်ချင်းက ဦးလေးကောက်လို့ခေါ်တယ် နောင် ကျုပ်မရှိရင် သူနဲ့ ဒေါ်လေးမာက ဆိုင်ကို ကြည့်ပေးလိမ့်မယ်”

“ဟုတ်ကဲ့၊ ဦးလေးကိုင် လုပ်စရာရှိတာ လုပ်ပါ”

အားကျောက်က ဦးလေးကိုင်ကို ယဉ်ကျေးစွာ ခေါင်းညိတ်ပြရင်း ကျန်းကျင်းခိုင်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"ကဲ မြန်မြန်စား တော်ကြာအေးကုန်မယ်ရှင့် ခနနေရင် လမ်းကြားထဲ သွားရအုံးမယ်မလား"

All Chapters