အနက်ရောင်အစက်အပြောက်များကိုညဖက်တွင် ရှာဖွေခြင်း
Vol. 7 Ch. 66
အားကျောက်နှင့် ကျန်းကျင်းခိုင်တို့ အားရပါးရခေါက်ဆွဲစားကြ၏။ ထို့နောက် အားကျောက်က ပုံမှန်အတိုင်းပင် ပန်းကန်အောက်တွင် ခေါက်ဆွဲဖိုးကို ဘယ်သူမှမသိအောင် ထားခဲ့လိုက်ပြန်သည်။ တောမှမြို့တက်လာပြီး ခေါက်ဆွဲဆိုင်ဖွင့်ဖို့ဟူသည်မှာ အသက်အရွယ်အိုမင်းသူတယောက်အတွက် လွယ်ကူသောအရာမဟုတ်ချေ။ အားကျောက်က ၎င်းကို အမြဲတမ်းစာနာတတ်သူ ဖြစ်သည်။
“ကျီးယွမ် မင်း တကယ်ပဲ ဒီလမ်ထဲ သွားချင်တာလား”
ခေါက်ဆွဲဆိုင်မှ နှစ်ယောက်သား ထွက်လာပြီးသည်နှင့် ကျန်းကျင်းခိုင်က မေးလိုက်သည်။
"ဒီလိုလုပ်ပါ ကျုပ် မင်းကို အိမ်လိုက်ပို့ပေးမယ် ညသန်းခေါင်မတိုင်ခင် ပြန်လာမယ်လို့ ကတိပေးတယ်ကွာ”
သူက ထပ်မံကတိပေးလိုက်ပြန်၏။
“မသွားပါဘူး ကျွန်မလိုက်ခဲ့မယ်"
အားကျောက်က ပြန်ဖြေလိုက်သည်။ သူ့အမူအရာမှာ တည်ငြိမ်နေ၏။ ဤတစ်ကြိမ်တော့ အတိတ်ကို ရင်ဆိုင်ရန် တကယ်ပင် စိတ်ပိုင်းဖြတ်ထားပုံ ရလေသည်။ တကယ်တော့ အားကျောက်၏ နှလုံးသားထဲတွင် ပဋိပက္ခဖြစ်နေခဲ့သည်မှာ အတော်ပင် ကြာပြီ။ ယနေ့ ကျန်းကျင်းခိုင်နှင့်အတူ လိုက်ပါသွားရန် ဆုံးဖြတ်ခဲ့ခြင်းမှာ သူမ သေသေချာချာ စဥ်းစားပြီးမှ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ နောက်ဆုံးတော့ ဤဆုံးဖြတ်ချက်မျိုး ထွက်လာရန် တွန်းအားပေးခဲ့သည်မှာ အားတောက်ဟုပင် တနည်းအားဖြင့် ဆိုနိင်သည်။ သူမစိတ်ထဲမှ အားတောက်က ကျန်ကျင်းခိုင်အား ရန်ပြုလာမည်ကို စိုးရိမ်နေဆဲပင်။ သူမအနေနှင့် ကျန်းကျင်းခိုင်အတွက် အသက်ပေးရန်ပင် ဆန္ဒရှိပြီးလျင် တခြားဘယ်အပရိကလောက်ကို ဂရုစိုက်နေအုံးမည်နည်း။
“ကောင်းပြီလေ”
အားကျောက်၏ ပြတ်သားသောအဖြေကြောင့် ပါးစပ်မှထုတ်မပြောသည့်တိုင် ကျန်းကျင်းခိုင် ပျော်သွားမိ၏။ နောက်ဆုံးတော့ အားကျောက်တယောက် အမှုဖြေရှင်းရာတွင် သူ့ကို ကူညီတော့မည် မဟုတ်ပါလား။
“ဒါဆို သွားကြမလား”
အားကျောက်က ကျန်းကျင်းခိုင်ကို မှီရင်း နူးညံ့သောလေသံနှင့် မေးလိုက်သည်။
"ရှင် ဘာတွေ စဉ်းစားနေတာလဲ မသွားတော့ဘူးလား”
“သွားမှာပေါ့"
ကျန်ကျင်းခိုင်က အားကျောက်ကိုဖက်ရင်း ပြန်ဖြေလိုက်၏။ ရိုးရိုးသားသားပြောရလျင် အားကျောက်ကို အဆိုပါလမ်းထဲ ပြန်ခေါ်သွားရန်မှာ ခက်ခဲသောကိစ္စကြီးပင် ဖြစ်သည်။ အားကျောက်ကို အမှုဖော်ထုတ်ရာတွင် အသုံးချခြင်းသည် ကျန်းကျင်းခိုင်အတွက် အလုပ်၏ တစိတ်တပိုင်းဟု ဆိုနိုင်သော်လည်း လက်ရှိတွင် အားကျောက်အပေါ်ထားသည့် သူ့အချစ်က အလုပ်အပေါ်ထားသည့် သစ္စတရားထက်ပင် ပိုနေခဲ့ပြီဟု ဆိုနိုင်သည်။ ထို့နောက် သူက ထပ်မေးလိုက်ပြန်သည်။
"ကျီးယွမ် မင်း သေသေချာချာ စဉ်းစားပြီးပြီလား”
“အင်း သွားကြမယ်”
အားကျောက်၏ မျက်လုံးများတွင် ဆုံးဖြတ်ချက်ပြတ်သားသည့် အရိပ်များ ထင်ဟပ်နေသည်။
“ရှင်နဲ့သာ အတူရှိနေရင် ဘယ်နေရာကိုပဲသွားသွား ကျွန်မ မကြောက်ပါဘူးရှင်”
ထိုစကားကိုကြားသည်နှင့် ကျန်ကျန့်ခိုင်က အားကျောက်ကို တင်းကျပ်စွာ ဖက်ထားလိုက်လေသည်။ သူ ဘာမှ ထပ်မပြောလိုတော့ပါ။ သို့သော် သူချစ်ရသော မိန်းကလေး သူ့အလုပ်အတွက် စတေးခံရခြင်းမှာ တန်ရဲ့လားဟူသည်ကိုတော့ သူ့စိတ်ထဲတွင် စဥ်းစားနေမိ၏။
“အင်စပက်တာကျန်း စောလှချည်လား”
ရဲအရာရှိတစ်ဦးက ကျန်ကျင်းခိုင်နှင့်အားကျောက်တို့ ရောက်လာသည်ကို မြင်သည်နှင့် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ ဆဋ္ဌမမြောက် လူသတ်မှုဖြစ်ပွားရာနေရာကို စောင့်ကြည့်ရန် တာဝန်ကျနေသူတဦးပင်။
“ဟုတ်တယ်”
ကျန်ကျင်းခိုင်က ရယ်မောလိုက်သည်။ ထို့နောက် သူက ပြီးတော့ လှည့်ပြီး ရှက်နေသော အားကျောက်ကို လှည့်ပြောလိုက်၏။
“ထိုင်ပါ ကျီးယွမ် သက်တောင့်သက်သာနေပါ”
"ဟာ သူက အင်စပက်တာကျန်းရဲ့ လက်ထောက်အသစ်လားဗျ"
အစောင့်က အားကျောက်အတွက် ထိုင်ခုံတလုံး ယုပေးရင်း ပြောလိုက်သည်။
ဒီမှာ ထိုင်ပါ မိန်းကလေး”
“ကျေးဇူးပါပဲရှင်”
အားကျောက် ယဥ်ကျေးစွာ တုံ့ပြန်လိုက်၏။
“ဒါပေမယ့် ကျွန်မက…”
သူ စကားကိုရပ်ပြီး လှည့်ကြည့်ကာ ကျန်ကျင်းခိုင်ကို လှည့်ကြည့်လိုက်သည်။
“ဒါဆိုလဲ… ပြတင်းပေါက်တွေဆီ သွားကြည့်ရအောင်”
ကျန်ကျင်းခိုင်က ပြောလိုက်၏။ ထို့နောက် သူက ကုလားထိုင်ကိုယူပြီး အားကျောက်နှင့်အတူ ပြတင်းပေါက်ဆီ လျှောက်သွားလိုက်၏။
“ဒီမှာထိုင်ပြီး ရှုခင်းကို ကြည့်နေပေါ့ ညဘက်ဆိုရင် ဒီလမ်းက တော်တော်လှတယ်”
“အင်း"
အားကျောက်က ချစ်စဖွယ်ဟန်ဖြင့် ပြန်ဖြေပြီး ကုလားထိုင်ပေါ် ထိုင်ချလိုက်သည်။ တကယ်ပင် ပြတင်းပေါက်အပြင်ဘက်မှ ညရှုခင်းသည် တကယ်ပင် လှပ၏။ ကျဥ်းမြောင်းသောလမ်းကြားနှင့် ထွန်းညှိထားသော လမ်းမီးများက ကျေးလက်ဆန်သော ဆွဲဆောင်မှုတစ်မျိုးကို ပေးနေသလိုရှိသည်။
နာရီဝက်ခန့်အကြာတွင် ကျန်းနန်၊ မုမင်းယွမ်၊ လူရှောက်ချိန်နှင့် ဒေသခံရဲစခန်းမှ တခြားအရာရှိအများအပြား အခင်းဖြစ်ပွားရာအခန်းကို ရောက်လာကြသည်။ သူတို့ အခန်းထဲရောက်သည်နှင့် အရာရာကို သတိထားတတ်သော မုမင်းယွမ်က ထူးခြားမှုကို သတိထားမိလိုက်၏။ သူက အားကျောက်ကို ကြည့်ရင်း မေးလိုက်လေသည်။
"ဘာတွေလဲ အင်စပက်တာ အဖိုးကြီးက ခင်ဗျားကို နောက်ထပ် လက်ထောက်တစ်ယောက် ရှာပေးလိုက်ပြန်ပြီလား”
ထို့နောက် သူက လူရှောက်ချိန်ကို တစ်ချက်ကြည့်ရင်း ပြောလိုက်ပြန်သည်။
“အဖိုးကြီးယောက်က ခင်ဗျားကို တော်တော်မျက်နှာသာပေးတာပဲ လက်ထောက်ကို နှစ်ယောက်တောင် ပေးထားတယ်"
“ဟဲဟဲ ဘာလဲ မင်းက မနာလိုဖြစ်နေတာလား”
ကျန်ကျင်းခိုင်က ဟာသလုပ်လိုက်သည်။ တကယ်တော့ သူကိုယ်တိုင်က အားကျောက်ကို မည်သို့မိတ်ဆက်ပေးရမည်မှန်း မသေချာပဲ ဖြစ်နေ၏။ အခန်းထဲက အရာရှိများထဲတွင် အားကျောက်ကို သိသောသူ ရှိမရှိလည်း သူ မသေချာချေ။
“ဟုတ်တယ် မနာလိုဘူး နည်းနည်းလေးမှကို မနာလိုတော့ဘူးဗျာ” မုမင်းယွမ်က အထက်ပါအတိုင်း စနောက်ရင်း သူ့တို့ဆီ တဖြည်းဖြည်း ချည်းကပ်လာ၏။ ထိုအချိန်မှာပင် ကျန်းကျင်းခိုင်နှင့် အားကျောက်အကြား မူမမှန်သော ထိတွေ့မှုတချို့ကို သူ သတိထားမိလိုက်သည်။ ၎င်းမှာ ချစ်သူစုံတွဲများအကြား ချစ်ခင်မှုကို ပြသသည့် ထိတွေ့ပုံမျိုးနှင့် တူနေသည်။
ထိုအချိန်မှာပင် အားကျောက်က တည်ငြိမ်စွာ ထရပ်ရင်း သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။
“မင်္ဂလာပါရှင် ကျွန်မက ယင်ကျီးယွမ်ပါ”
အခန်းထဲမှ အရာရှိတော်တော်များများသည် ယခင်က အားကျောက်ကို မြင်ဖူးသိဖူးကြသော်လည် ယခု ကျန်ကျင်းခိုင်ဘေးမှ အမျိုးသမီးသည် လမ်းကြားတွင် အလုပ်လုပ်ခဲ့ဖူးသည့် ပြည့်တန်ဆာတဦးမှန်း ယောင်၍ပင် တွေးမိကြလိမ့်မည်မဟုတ်။ ဤလူအုပ်ထဲတွင် အမှန်တရားကို သိရှိသူမှာ လူရှောက်ချိန်တဦးတည်းသာ ရှိပေသည်။
“အော် ယင်ကျိီးယွမ်လား”
ကျန်းနန် အားကျောက်၏ နာမည်ကို ရေရွတ်လိုက်သည်။ သူ့အနေနှင့် သူမကို ယခင်က တွေ့ဖူးသလို ခံစားရသည်မှာ အမှန်ပင်။ ဘယ်တုန်းက၊ ဘယ်နေရာ စသည့်အချက်အလက်များကို သူ မမှတ်မိ။
နောက်ဆုံးတော့ ကျန်းကျင်းခိုင်က အားကျောက်ကို သူ့မိတ်ဆွေများနှင့် မိတ်ဆက်ပေးလိုက်တော့သည်။
"အားလုံးပဲ သူက ကျုပ်နဲ့ စေ့စပ်ထားတဲ့မိန်းကလေးပါ"
ကျန်ကျင်းခိုင်၏စကားကြောင့် အားကျောက်၏ ပါးပြင်များ နီရဲလာပြီး ခေါင်းကို စိုးရိမ်တကြီး ငုံ့လိုက်မိသည်။ သူ့လုပ်ဖော်ကိုင်ဖက်တွေရှေ့တွင် သူ့ကို ဤသို့ဤပုံ မိတ်ဆက်ပေးလိမ့်မည်မှန်း သူမ လုံးဝသိမထားချေ။ ကျန်းကျင်းခိုင်သည် မေးခွန်းများကို ရှောင်ထွက်ရန် ကြိုးစားရမည့်အစား အမှန်တရားကို ရိုးရှင်းစွာ ပြောပြခဲ့ချေပြီတကား။
ကျန်းကျင်းခိုင်၏ ကြေညာချက်ကြောင့် အခန်းထဲရှိ အချိန်များ ခနတာ ရပ်တန့်သွားသလိုရှိသည်။ လူရှောက်ချိန်မှလွဲပြီး ကျန်လူတိုင်း၏မျက်နှာတွေမှာ ချစ်ခင်လေးစားမှု၊ အံ့သြမှု၊စိုးစဥ်းမျှသော မနာလိုမှုများနှင့် ပြည့်နှက်ကုန်၏။ အသက် ၃၅ နှစ်ရှိ တခုလပ်ကျန်ကျင်းခိုင်လိုလူတယောက်က ဤမျှ လှပသော အမျိုးသမီးငယ်တစ်ယောက်ကို မည်သို့မည်ပုံ ရအောင်ယူနိုင်ခဲ့သည်ကို သူတို့ နားမလည်နိုင်ပဲ ဖြစ်နေကြ၏။
“ဟဲဟဲ ဆိုင်းမဆင့်ဗုံမဆင့်ကြီးပါလား အင်စပက်တာ"
နောက်ဆုံးတော့ ကျန်နန်က တိတ်ဆိတ်မှုကို ဖောက်ခွဲလိုက်၏။
ကျန်းကျင်းခိုင် ဘာမှပြန်မပြောပဲ ရယ်မောလိုက်၏။ ကျန်အရာရှိများကလည်း ရယ်မောလိုက်ကြလေသည်။ ကျန်ကျင်းခိုင် မျှော်လင့်ထားသည့်အတိုင်း လူတိုင်းသည် သူတို့၏။နောက်ခံဇာတ်လမ်းကို မေးမြန်းရန် မေ့လျော့ကုန်ကြလေသည်။
အားကျောက် သူ့ဘေးနားတွင် ရှိနေ၍ ကျန်ကျင်းခိုင်အနေနှင့် အိမ်က်ို အလောသုံးဆယ် ပြန်ရန်မလိုတော့။ ထို့ကြောင့် ဘယ်ပြတင်းပေါက်မှ အလင်းပြန်လာကြောင်း အေးအေးဆေးဆေး စီစစ်၍ ရသွားလေပြီ။ ထို့ကြောင့် သူက မုမင်းယွမ်၊ ကျန်းနန်နှင့်တခြားသူများကို ပြတင်းပေါက်အနီးသို့ ခေါ်လိုက်၏။
ထို့နောက် သူတို့သည် နောက်ဆုံးလူသတ်မှု ဖြစ်ပွားသည့် အချိန်ထိ စောင့်ပြီးမှ အလင်းပြန်နိုင်ချေရှိမရှိကို စမ်းသပ်ကြည့်ကြလေသည်။ အခန်းတစ်ဖက်ခြမ်းက ပြတင်းပေါက် ခုနစ်ပေါက်လုံး၏ နောက်ရှိ အခန်းတိုင်းမှာ မီးလုံးများရှိနေကြောင်း သူတို့ အတည်ပြုထားပြီးသားဖြစ်သည်။ ယခုဆိုလျင် ၎င်းအခန်းတိုင်းတွင်မ ရဲအရာရှိများရှိနေပြီး မီးများ အဖွင့်အပိတ်ပြုလုပ်ရန် စောင့်နေကြလေပြီ။
“ပြတင်းပေါက် နံပါတ်သုံးနဲ့ ပြတင်းပေါက် နံပါတ်ငါးတို့က ဖြစ်နိုင်ချေအရှိဆုံးပဲ”
မုမင်းယွမ်က စမ်းသပ်မှုတချို့ပြုလုပ်ပြီး ကျန်ကျင်းခိုင်ကို ပြောလိုက်သည်။
"မှန်ကန်တဲ့ ထောင့်ချိုး မှန်ကန်တဲ့ အလင်းရောင်နဲ့ သင့်တော်တဲ့ရာသီဥတု အခြေအနေမျိုးမှာဆိုရင် အဲ့ဒီ ပြတင်းပေါက်နှစ်ပေါက်ကနေ ဒီအခန်းထဲကို အလင်းပြန်ဟပ်လာနိုင်ချေရှိတယ်ဗျ”
“ပြတင်းပေါက်နံပါတ်သုံးနဲ့ နံပါတ်ငါး ဟုတ်လား"
ထို့နောက် ကျန်းကျင်းခိုင်က အခန်းနှစ်ခန်း၏ပိုင်ရှင် မည်သူမည်ဝါဖြစ်ကြောင်း ပြန်လည်ဆန်းစစ်လိုက်သည်။ နံပါတ်သုံးသည် လိင်လုပ်ငန်းအတွက် အသုံးပြုသော အခန်းဖြစ်ပြီး ပြတင်းပေါက် နံပါတ်ငါးမှာ အသားကုန်သည်သည်ပိုင်သည့်အခန်း ဖြစ်နေ၏။
“အင်စပက်တာကျန်း ကျွန်တော် နားမလည်တာတစ်ခုတော့ရှိတယ်”
မုမင်းယွမ် ခနမျှ တုံ့ဆိုင်းနေပြီး ပြောလိုက်၏။
“အလင်းပြန်ဟပ်မှုကြောင့် ဓာတ်ပုံမှာ အမဲစက်တွေ ဖြစ်ပေါ်လာနိုင်တယ်ထားပါတော့ ကျွန်တော်တို့ မြင်ခဲ့ရတဲ့ အမဲစက်တွေက ပြတင်းပေါက်ဆီကို ရွေ့လျားသွားပြီမှ ပျောက်သွားတာဗျ မပျောက်ခင် နောက်ဆုံး ဓာတ်ပုံမှာ အမဲစက်တွေကို ပြတင်းပေါက် အပြင်ဘက်မှာ တွေ့ရတယ်မလား ဒါက အလင်းပြန်ဟပ်မှု နိယာမတွေနဲ့ချိန်ထိုးဖို့ကျတော့ ခက်နေတယ် တကယ်လို့ဗျာ အမဲစက်တွေဟာ အလင်းပြန်ဟပ်မှုကြောင့် ပေါ်လာတာဆိုရင် သူတို့ ပြတင်းပေါက်အတွင်းထဲမှာပဲ ကျန်နေသင့်တယ် ဒါပေမယ့် နောက်ဆုံး ဓာတ်ပုံတချို့မှာ ဘာအမဲစက်မှ ရှိမနေဘူး"
“ကျေးဇူးတင်ပါတယ် မင်းယွမ်”
ကျန်ကျင်းခိုင်ကိုယ်တိုင်လည်း ထိုစကားကြောင့် တုံ့ဆိုင်းသွား၏။
“လောလောဆယ် လူသတ်မှု ဖြစ်ပွားခဲ့တဲ့ညမှာ အခန်းသုံးနဲ့ ငါးအတွင်း ဘာတွေဖြစ်ခဲ့လဲဆိုတာ အရင်ဆုံး ကျုပ်တို့ ရှာကြည့်ရအောင်"
ထို့နောက် သူ ကျန်းနန်ကို အချက်ပြလိုက်၏။ ကျန်းနန်နှင့် သူ့လူများက ထိုတာဝန်ကို ယူရပေလိမ့်မည်။