အနက်ရောင်အစက်အပြောက်များအပေါ် သံသယများ
Vol. 7 Ch. 67
အားကျောက် နှင့် ကျန်းကျင်းခိုင်တို့ အခင်းဖြစ်ရာနေရာမှ ထွက်ခွာလာချိန်တွင် သန်းခေါင်ယံပင် ရှိခဲ့လေပြီ။ တမြို့လုံးသည် ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေပြီး နက်နက်ရှိုင်းရှိုင်း အိပ်မောကျနေဟန်ရှိသည်။ ရဲများ အစုလိုက်အပြုံလိုက်ရောက်နေခြင်းကြောင့် ဤညအဖို့ ဘယ်မိန်းကလေးမှ အလုပ်လုပ်ရန် စိတ်မဝင်စားကြချေ။ ထို့ကြောင့် သူတို့နှစ်ယောက် ပြန်လျှောက်လာတော့ အားကျောက်ကို အသိတယောက် လာနှုတ်ဆက်မည့်အရေးကို စိတ်ပူနေစရာမလိုတော့။
လမ်းထိပ်သို့ရောက်သည်နှင့် သူတို့ကို လူရှောက်ချိန်က ယဉ်ကျေးစွာ မေးလိုက်သည်။
“အင်စပက်တာကျန်း ဆရာတို့ကို အိမ်ပြန်လိုက်ပို့ပေးရမလား”
သူသည် အားကျောက်၏ အကြောင်းကိိုသိထားသော်လည်း သူ့အပေါ်ကျေးဇူးရှိသည်ဖြစ်၍ အမြဲပင် တရိုတသေ ဆက်ဆံတတ်၏။
“ရပါပြီကွာ”
ကျန်းကျင်းခိုင် က အားကျောက်ကို ကြင်နာစွာ ပွေ့ဖက်ရင်း ပြန်ဖြေလိုက်၏။
“ကျုပ်တို့ လမ်းလျှောက်ပြန်မယ် မင်းကတခြားလုပ်ဖော်ကိုင်ဖက်တွေကို အိမ်ပြန်လိုက်ပို့ပေးလိုက် ဟုတ်ပြီလား”
ကျန်းကျင်းခိုင် က အားကျောက်ကို ပွေ့ဖက်ပြီး လမ်းလျှောက်ရခြင်းကို အထူးပင် နှစ်သက်လှသည် မဟုတ်ပါလား။
“ကဲ သွားကြရအောင် ရှောက်ချိန်"
မုမင်းယွမ်က လူရှောက်ချိန်က်ို ဆွဲခေါ်ရင်း ပြောလိုက်သည်။
“မင်း မမြင်ဘူးလား မင်းဆရာက သူ့အပိုင်လက်ထောက်ရနေပြီ မင်းအကူအညီ မလိုတော့ဘူးကွ"
ထို့နောက် သူ လူရှောက်ချိန်ကို ဒရိုင်ဘာနေရာဆီ တွန်းထုတ်ရင်း နောက်လိုက်ပြန်သည်။
"ကျင်းခိုင် ဒီည အလွန်အကျွံ မဖြစ်စေနဲ့နော် ဒါမှမဟုတ် မင်းကို မနက်ဖြန်တစ်ရက်နားခွင့် တောင်းပေးရမလား”
ကျန်းကျင်းခိုင် တဟားဟားနှင့် ရယ်မောလိုက်သည်။ ထို့နောက် ရဲကားသည် နေရာမှ လျင်မြန်စွာ မောင်းထွက်သွား၏။
“ကျုပ်တို့ပြန်ကြမလား”
ကျန်းကျင်းခိုင် ရဲကားဆီမှအာရုံပြောင်းရင်း အားကျောက်ကို မေးလိုက်၏။
“နောက်တစ်ခါညဘက် အပြင်သွားရင် အဝတ်အစားထူထူလေး ဝတ်ထားမှကွ ဒီည တော်တော်အေးတယ် သိလား”
ထို့နောက် သူ ကုတ်အင်္ကျီကို အားကျောက် ပခုံးပေါ် တင်ပေးလိုက်လေသည်။
“ဟန်နီ သူတို့ ကျွန်မကို…”
အားကျောက် က ကျန်းကျင်းခိုင်၏ ရင်ခွင်ထဲ တိုးဝင်ရင်း စကားစလိုက်၏။ သူမ ပြည့်တန်ဆာတယောက် ဖြစ်ခဲ့မှန်း ကျန်ရဲများသိမသ်ိ မေးလိုသည်မှာ ထင်ရှားနေ၏။
“မသိနိုင်ပါဘူးကွာ”
ကျန်းကျင်းခိုင် က အားကျောက် ရဲ့ ဆံပင်ကို ညင်သာစွာသပ်ပေးလိုက်၏။
"တကယ်လို့ သူတို့ သိခဲ့ရင်တောင် ကျုပ်တို့ကြောက်စရာမလိုပါဘူးကွာ”
ကျန်းကျင်းခိုင်၏ စိတ်ထဲတွင်တော့ အမှုပြီးလျင် ရာထူးမှ နုတ်ထွက်ရန် တွေးတောထားပြီးသားပင်။ သို့သော် ထိုအကြောင်းကို အားကျောက်အား လတ်တလောပြောပြရန် သူ့တွင် အစီအစဥ် မရှိချေ။ အားကျောက် သဘောတူမည်မဟုတ်မှန်း သူသဘောပေါက်ထားသည် မဟုတ်ပါလား။ အကယ်၍ သူမသာသိသွားလျင် နောက်တကြိမ် ထွက်ပြေးကောင်းပြေးသွားနိုင်ပေသည်။
“တကယ်လား”
အားကျောက်က တိုးတိုးလေး မေးလိုက်၏။ ဘာပဲပြောပြော ကျန်းကျင်းခိုင်က ပြတ်ပြတ်သားသား ဖြေလိုက်၍ သူမစိတ်အနည်းငယ်ပေါ့သွားသည်မှာ အမှန်ပင်။ ထို့ကြောင်း သူမက ထိုမေးခွန်းကို ဆက်မေးမနေတော့ချေ။
အတန်ကြာသော် သူမက တိုးတိုးလေး ပြောလိုက်ပြန်သည်။
“ဟန်နီ ရှင်အားတဲ့အခါ အစ်မအားရှုရဲ့အလောင်းကို လိုက်ပြပေးပါလားဟင်"
“သိပ်ရတာပေါ့ကွာ”
ကျန်းကျင်းခိုင် ခေါင်းညိတ်လိုက်သည်။
"ညပိုင်း အတန်းမရှိတဲ့နေ့ကျရင် သွားလို့ရတယ်လေ အလောင်းက ရဲမော်ကျူလီထဲမှာပဲ ရှိတယ်”
“အင်း ကျေးဇူးတင်ပါတယ်"
သူမတောင်းဆိုချက်က်ို အလွယ်တကူ ခွင့်ပြုပေး၍ အားကျောက် ကြည်နူးသွား၏။
ကျန်းကျင်းခိုင်က သူမ၏ နှာခေါင်းကို ညင်သာစွာ ညှစ်ရင်း ပြောလိုက်ပြန်သည်။
“အရူးမလေး ဘာကျေးဇူးတင်စရာ လိုနေလို့လဲ”
သူတို့နှစ်ယောက် လက်ချင်းတွဲပြီး ပလက်ဖောင်းအတိုင်း တရွေ့ရွေ့လျှောက်လာကြ၏။ သူတို့နောက် မီတာသုံးဆယ်ခန့်အကွာတွင်တော့ သန်မာဖြတ်လတ်သောပအရိပ်တစ်ရိပ်က သူတို့ကို တချိန်လုံး နောက်ယောင်ခံနေခဲ့လေသည်။ ထိုသူမှာ အာူမင်ပင် ဖြစ်သည်။ သူသည် အမိန့်ကို ဆက်လက်နာခံနေခဲ့၏။ အားတောက်က ဘာကြောင့် သူ့ကိုပြန်မခေါ်သေးမှန်း သူ မသ်ိချေ။ သို့မဟုတ် အားကျောက်ဘေးနားရှိ ထိုလူကို ဖယ်ရှားဖို့ ဘာကြောင့် အမိန့်မပေးသေးမှန်းကိုလည်း သူ နားမလည်။ သူ့အမြင်တွင်မူ သူ့တာဝန်မှာ ပိုလွန်းနေပြီဟု ခံစားနေရ၏။ ကျန်းကျင်းခိုင်သည် အားကျောက်၏ အားလပ်ချိန်အားလုံးကို အပိုင်ယူထားလိုက်ပြီဖြစ်သည်။ အားကျောက်ကိုယ်တိုင်ကလည်း ထိုလူနှင့် နေရသည်ကို ကြိုက်နေ၏။ သူတို့နှစ်ဦး ကလူကျီစယ်နေကြသည်က်ို မြင်နေရသည်မှာ အားမင်အတွက် စိတ်မသက်မသာစရာကောင်းနေ၏။ သို့သော် အမိန့်ဟူသည်မှာ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လိုက်နာရသည့်အမျိုးပင်။ ထို့ကြောင့် သူ တငြီးငြီးတငြူငြူနှင့်ပင် တာဝန်ကို ဆက်လက်ထမ်းဆောင်နေရလေသည်။
နောက်တစ်နေ့မနက်တွင် ကျန်းကျင်းခိုင်သည် အားကျောက်ကို မူကြိုကျောင်းလိုက်ပို့ပြီးမှ ထွက်ခွာသွား၏။ တစ်ချိန်တည်းမှာပင် အားမင်သည်လည်း ထောင့်တနေရာမှ ထွက်လာပြီး ငှားထားသောတိုက်က်ခန်းဆီသို့ ထွက်သွားလေသည်။။
ကျန်းကျင်းခိုင် ရုံးခန်းသို့ရောက်ချိန်တွင် လူရှောက်ချိန်မှာ နောက်ကျနေ၏။ လူငယ်များသည် စွမ်းအင်ပိုရှိကြသော်ငြား အိပ်ရေးပိုဝရန်တော့ လိုအပ်၏။
ကျန်းကျင်းခိုင် သူ့ထိုင်ခုံတွင် ထိုင်ပြီး ကွန်ပြူတာ ဖွင့်လိုက်၏။ သူ့စိတ်ထဲတွင် မနေ့ညမှ အချက်အလက်များကို ပြန်လည်တွေးတောမိနေလေသည်။ မုမင်းယွမ်ပြောခဲ့သည်များကို ပြန်လေ့လာပြီး အချက်အလက်သစ် ရလိုရငြား ကျန်းကျင်းခိုင် မျှော်လင့်နေ၏။ မုမင်းယွမ်အတိုင်းပင် ကျန်းကျင်းခိုင်ကိုယ်တိုင်လည်း အနက်ရောင်အစက်အပြောက်များကို အလင်းယိုင်ခြင်းကြောင့် ဖြစ်ပေါ်လာကြောင်း ရာနှုန်းပြည့် မယုံလှချေ။သို့သော် တခြားသီအိုရီလည်း မရှိပေရာ အခင်းဖြစ်ရာအခန်းကို နောက်တကြိမ် စစ်ဆေးခဲ့ရခြင်းပင်။
ကျန်းကျင်းခိုင် အချက်အလက်တိုင်းကို ပြန်လည်သုံးသပ်ကြည့်၏။ နောက်ဆုံးတော့ သူ မုမင်းယွမ်၏သံသယ အများကြီးဖြစ်နိုင်ကြောင်း လက်ခံလိုက်ရသည်။ အမှန်တကယ်လည်း အနက်ရောင်အစက်အပြောက်များ အလင်းယိုင်ခြင်းကြောင့်ဖြစ်ရပါသည်ဟူသော ရှင်းလင်းချက်ချက်တွင် ဒွိဟဖြစ်စရာမေးခွန်းများ အများကြီး ကျန်နေခဲ့၏။ အကြီးမားဆုံးပြသနာမှာအစက်အပြောက်များ ဘာကြောင့် နောက်ဆုံးတွင် ပျောက်သွားပြီး ပြတင်းပေါက်မကျန်ခဲ့ရလေနည်းဟူသော မေးခွန်းပင်။ အကယ်၍ အလင်းယိုင်ခြင်းကြောင့် မဟုတ်လျင်အနက်ရောင်အစက်အပြောက်များက ဘာကိုဆိုလိုလေသနည်း။ ဝူရှုပင်၏ ထွက်ဆိုချက်အရ ရဲများမရောက်ခင် မည်သူမှ အဲဒီအခန်းထဲ မဝင်ကြောင်းမှာ သေချာပြီးသား ဖြစ်သည်။ သို့ဆိုလျင် ဤလောကတွင် သရဲဟူသည် တကယ်ပင် ရှိနေလေသလား။ ဤအချက်က ကျန်းကျင်းခိုင်ကို မျက်မှောင်ကုတ်သွားစေ၏။ ရဲအရာရှိတစ်ယောက်အနေနှင့် သူသည် စိတ်ကူးယဉ်များကို လက်ခံထား၍ မရပေ။
“အင်စပက်တာကျန်း စောရောက်နေတာလား”
မွန်းတည့်ခါနီးတွင် လူရှောက်ချိန်တယေက် ရောလာ၏။
"ဒါတွေက ဆာဂျင်ကျန်း မနက်က ဖက်စ်ပို့လိုက်တဲ့ စာရွက်စာတမ်းတွေပါ အင်စပက်တာ သူပြောတာက နံပါတ်ငါးအခန်းမှာ အဲဒီညက ဘာဖြစ်ခဲ့သလဲဆိုတာကို သူ သိခဲ့ပြီတဲ့ အဲဒီညက အသားကုန်သည်နဲ့ သူ့ဇနီးတို့နှစ်ယောက်လုံး ပြတင်းပေါက်ကနေ အခင်းဖြစ်ပွားတဲ့အခန်းကို လှမ်းကြည့်နေခဲ့ကြတယ်တဲ့ အဲဒီညက သူတို့ဆီ ဧည့်သည်တစ်ယောက် ရောက်နေတယ် သူတို့ရဲ့ ထွက်ဆိုချက်ကို ဧည့်သည်ရဲ့ သက်သေထွက်ဆိုချက်နဲ့ အတည်ပြုနိုင်ခဲ့ပြီလို့ ဆိုပါတယ်”
သူက ပြောရင်း စာရွက်များကို ကျန်းကျင်းခိုင်၏ စားပွဲပေါ် တင်ပေးလိုက်လေသည်။
“အင်း ကျုပ် သိပြီ”
ကျန်းကျင်းခိုင်က ပြန်ဖြေလိုက်သည်။ ထို့နောက်သူ အစီရင်ခံစာကို ကောက်ယူဖတ်ရှုလိုက်၏။ ကုန်သည်၊ သူ့ဇနီးနှင့် ဧည့်သည် သုံးယောက်လုံးကို ကျန်းနန်က သီးခြားစီ မေးမြန်းခဲ့၏။ သူတို့၏ ထွက်ဆိုချက်များအားလုံး ကိုက်ညီနေ၍ အားလုံး အမှန်အတိုင်း ပြောကြကြောင်း သိသာနေပေပြီ။
“အားချွန်ဘက်ကရော”
ကျန်းကျင်းခိုင် က အစီရင်ခံစာကိုဖတ်ပြီး လူရှောပ်ချိန်ကို မေးလိုက်ပြန်သည်။
“ပြတင်းပေါက်သုံးနဲ့ပတ်သက်ပြီး ဘာတွေထပ်သိရသေးတုန်း"
“ထူးထူးခြားခြားသဲလွန်စမျိုးတော့ မရသေးဘူးအင်စပက်တာ”
လူရှောက်ချိန် ခေါင်းခါရင်း ပြောလိုက်သည်။
"ဒါပေမယ့် ကြားရသလောက် သတ္တမမြောက် လူသတ်မှုဖြစ်တဲ့ညက ပြတင်းပေါက်နံပါတ်သုံးရှိတဲ့အခန်းကို သုံးခဲ့သူဟာ အားရှု ဖြစ်နိုင်ခြေများတယ်တဲ့”
“အားရှု ဟုတ်လားလား”
ကျန်းကျင်းခိုင် အံ့အားသင့်သွား၏။
အားရှုသည် အဋ္ဌမမြောက်လူသတ်မှု၏ သားကောင်ဖြစ်သည်။ သတ္တမမြောက် လူသတ်မှုဖြစ်ပွားချိန်တွင် သူမသည် ပြတင်းပေါက်သုံးရှိရာ အခန်းထဲတွင် ရှိနေခဲ့၏။ ၎င်းမှာ ဘာကို ဆိုလိုနေသနည်း။
“မှန်ပါတယ်အင်စပက်တာ”
လူရှောက်ချိန် ခေါင်းညိတ်ရင်း ရှင်းပြလိုက်လေသည်။
"ဆာဂျင်ကျန်းက အဲဒီညမှာ အလုပ်လုပ်တဲ့ မိန်းကလေးအားလုံးကို မေးမြန်းခဲ့တယ်လို့ ပြောတယ် သူတို့အားလုံးက အဲဒီအခန်းထဲကို ဘယ်သူမှမဝင်ဖူးကြဘူးတဲ့ ဒါပေမဲ့ အားရှာဆိုတဲ့မိန်းမပြောတာကတော့ သူ အားရှုဝင်သွားတာကို မြင်မိသလိုလိုပဲတဲ့ဗျ ဒါပေမယ့် အဲတာ အားရှုရယ်လို့ သူသေသေချာချာတော့လဲ မပြောနိုင်ပြန်ဘူး သူကလွဲပြီး တခြားဘယ်သူမှ အဲဒီအခန်းအကြောင်း ရေရေရာရာ မပြောနိုင်ကြဘူး အင်စပက်တာ”
“ကျန်းနန်ကို ပြောလိုက် အဲဒီ အားရှာဆိုတဲ့မိန်းကလေးကို ချက်ချင်းလိုက်ရှာပါလို့ ပြီးတော့ အားချွန်ကိုလည်း ထပ်စစ်ဖို့လိုတယ်”
ထို့နောက် ကျန်းကျင်းခိုင် ချက်ချက်းပင် ထရပ်ရင်း ပြောလိုက်လေသည်။
“သွားကြမယ် ရှောက်ချိန် ကျုပ်တို့ နယ်မြေစခန်းကို သွားကြမယ် အားရှာဆိုတဲ့မိန်းကလေးနဲ့ အားချွန်တို့ ဘာပြောမလဲ ကျုပ်ကိုယ်တိုင် နားထောင်ချင်တယ်"