ပျောက်ဆုံးနေသော အမျိုးသမီး
Vol. 7 Ch. 69
အာချွန် ပြောသည်ကိုနားထောင်ပြီး ကျန်းကျင်းခိုင် မျက်မှောင်တချက်ကုတ်လိုက်သည်။ သူ့စိတ်ထဲတွင် အားချွန်ကို မယုံပါ။ အာချွန်သည် လမ်းကြားထဲ ဖြစ်ပျက်ခဲ့သမျှ ကိစ္စတိုင်းကို မှန်မှန်ကန်ကန် မပြောမည်ကတော့ သေချာနေ၏။ သို့သော် ဤအမှုကို ဖော်ထုတ်ရန်မှာ အားချွန်၏ အကူအညီ မရလျင်လည်း အလုပ်မဖြစ်ချေ။ အာချွန်သည် သူ့ ကိုယ်ကျိုးစီးပွားကို မထိခိုက်သရွေ့ ရဲများနှင့်ပူးပေါင်းဆောင်ရွက်မည်မှန်း ကျန်းကျင်းခိုင် သဘောပေါက်ထား၏။ အကြောင်းမှာ လမ်းကြားထဲရှိ အမျိုးသမီးများအားလုံး သေသွားလျင်ဖြစ်စေ သို့မဟုတ် ထွက်ပြေးသွားသည်ဖြစ်စေ အာချွန်၏ စီးပွားရေးက ပျက်စီးသွားမည် ဖြစ်သောကြောင့်ပင်။
"အာချွန် ကျုပ်မေးအုံးမယ် အားလျန် မသေခင်ညက ဒီအခန်းကို ဘယ်သူတွေသုံးခဲ့သလဲ မင်းမှတ်မိလား"
မေးရင်းနှင့် ကျန်းကျန့်ခိုင်က အိမ်ပုံစံကို ဆွဲထုတ်ပြီး ပြတင်းပေါက်နံပါတ်သုံးကို လက်ညှိုးထိုးပြလိုက်၏။ ကျန်းကျင်းခိုင်၏ မေးခွန်းကြောင့် အာချွန်က ထရပ်ပြီး ပုံကိုသေသေချာချာ ကြည့်လိုက်၏။
"အင်စပက်တာကျန်း အဲ့ဒီအခန်းကို ကျွန်တော် ငှားထားတာမှန်ပါတယ် ကျွန်တော့မိန်းကလေးတွေ သုံးလို့ရအောင် ငှာထားတာဖြစ်ပါတယ်"
အာချွန်က စကားကို ခေတ္တရပ်လိုက်၏။
"ဖြစ်စဉ်ဖြစ်တဲ့ညက အဲ့ဒီအခန်းကို အာရှုနဲ့ အာရှာတို့ သုံးနေတာပါ အင်စပက်တာ အားရှု အဲဒီညက အဲ့ဒီအခန်းကိုသုံးကြောင်း အားရှာပဲ ကျွန်တော့ကို ပြောခဲ့တာပေါ့"
"ဒါဆို အာရှာကလွဲလို့ အာရှု အဲ့ဒီအခန်းကို သုံးခဲ့တယ်ဆိုတာကို သက်သေပြနိုင်မယ့် တခြားသူမရှိတော့ဘူးပေါ့ ဟုတ်လား"
ကျန်းကျင်းခိုင်က အာချွန်၏ မျက်လုံးကို စိုက်ကြည့်ရင်း မေးလိုက်၏။
"လမ်းကြားထဲမှာ ဒီလိုအခန်းတွေကို ဘယ်လိုများ သတ်မှတ်ပေးထားသလဲ"
"အာရှု အဲ့ဒီအခန်းကို သုံးတာကို မြင်ခဲ့တယ်လို့ တခြားပြောတဲ့သူတော့ မရှိဘူးအင်စပက်တာ"
အာချွန်က ယဉ်ယဥ်ကျေးကျေးပင် ပြန်ဖြေလိုက်သည်။
"အခန်းသတ်မှတ်တာကတော့ ထူးထူးခြားခြားး အခြေအနေမျိုးမရှိဘူးဆိုရင် မိန်းကလေးတိုင်းမှာ အခန်းသတ်သတ်မှတ်မှတ်ရှိပါတယ် အင်စပက်တာ"
"ဒါဆို အဲ့ဒီညက အာရှာနဲ့ အာရှုပဲ ဘာလို့ အဲ့ဒီအဆောက်အအုံမှာ အလုပ်လုပ်နေတာလဲ"
ကျန်းကျင်းခိုင်က အာချွန်ကိုကြည့်ရင်း ဆက်တိုက်ဆိုသလို ဖိအားပေးလိုက်၏။
"အဲ့ဒါက..."
ကျန်းကျင်းခိုင်၏ မနားတမ်းမေးခွန်းများကြောင့် အာချွန် ချွေးပြန်စပြုလာလေသည်။ ကျန်းကျင်းခိုင် ဤသို့မေးလိမ့်မည်ဟု သူ လုံးဝထင်မထားချေ။
"အင်စပက်တာ ဟိုဟာလေ... "
အားချွန်၏ လေသံက တွန့်ဆုတ်ဆုတ်ဖြစ်နေ၏။
"လမ်းကြားထဲက လုပ်ငန်းက အရင်လိုမဟုတ်တော့ဘူးဗျ မိန်းကလေးအများစုက အလုပ်ကို နေ့လယ်ဘက် ပြောင်းလုပ်ကုန်ကြပြီ"
"ဟေ ဟုတ်လား"
ကျန်းကျင်းခိုင် အံ့သြသွားသည်။
"ဟုတ်တယ်အင်စပက်တာ"
အာချွန်က ခေါင်းညိတ်လိုက်သည်။
"သူတို့လည်း လူတွေပဲဆိုတော့ သေရမှာကြောက်ကုန်ကြတာပေါ့"
အားချွန်သည် ပြောသာပြောနေရသော်လည်း မျက်လုံးများက ဂဏာမငြိမ်ဖြစ်နေ၏။ ထိုအချက်က ကျန်းကျင်းခိုင်ကို သံသယဝင်သွားစေသည်။
"တကယ်လား"
ကျန်းကျင်းခိုင် ကိုယ်ကိုရှေ့သို့ အနည်းငယ် ကိုင်းညွတ်လိုက်၏။ ထို့နောက် သူ စားပွဲကို ခပ်ဖွဖွပုတ်ပြီးမှ ကုလားထိုင်ပေါ်ပြန်မှီလိုက်သည်။
"ဒါပေမဲ့ အဲ့ဒီညက ကျုပ် လမ်းကြားထဲမှာ ရှိနေခဲ့တယ် ခင်ဗျားပြောသလိုမဟုတ်ပဲ အဲဒီမှာ တော်တော်လေး လူစည်ကားနေတာပဲ ဒါက ဘယ်လိုဖြစ်ရတာတုန်း"
ထို့နောက် သူ စားပွဲကို ဖြောင်းခနဲ ရိုက်ချလိုက်၏။
"အားချွန် ကျုပ်ကို မှန်မှန်ပြောစမ်း အဲ့ဒီအဆောက်အဦးထဲမှာ တခြားမိန်းကလေးတွေ ရှိခဲ့သလား"
"ဟုတ်... အဲ..မရှိခဲ့ပါဘူး အင်စပက်တာ"
အားချွန် လွှတ်ခနဲ ပြောလိုက်မိ၏။ ပြီးမှ သူ ငြင်းဆန်ရန်ကြိုးစားလိုက်သည်။ သို့သော် သူ နောက်ကျသွားလေပြီ။
"ပြောစမ်း ဘာဖြစ်ခဲ့တာလဲ"
ကျန်းကျင်းခိုင် စားပွဲပေါ် လက်သီးနှင့် ထိုးချလိုက်ရင်း အော်လိုက်သည်။ အားချွန် တခုခုကို ဖုံးကွယ်ထားမှန်း သိသာနေပေပြီ။
အားချွန် ချွေးသီးချွေးပေါက်များကျကာ ကြံရာမရ ဖြစ်နေဟန်ရှိသည်။ သူ ဖုံးကွယ်ထားသောအရာသည် ထုတ်ပြောရန် မလွယ်သော အရာ ဖြစ်နေပုံရ၏။ မိနစ်အနည်းငယ်ကြာတွင် ချွေးများရွှဲနစ်နေသော အားချွန် ခေါင်းထောင်ပြီး ကျန်းကျင်းခိုင်ကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်လိုက်၏။
"အင်စပက်တာ... အင်စပက်တာကျန်း ခင်ဗျား... ခင်ဗျား ကျွန်တော့်ကို ယုံမှရမယ်...ကျွန်တော်... ကျွန်တော် ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး"
"ပြော"
ကျန်းကျင်းခိုင်၏ မျက်နှာတွင် ခံစားချက်များကို ထိန်းချုပ်ထားဟန်ပေါ်သော်လည်း သူကြားလိုက်သောစကားကြောင့် အံ့သြသင့်နေသည်မှာ အမှန်ပင်။ အားရှာကဲ့သို့ပင် အားချွန်ကလည်း သံသယတရားခံဟု အထင်ခံရမည်ကို ကြောက်နေသလားပင် မပြောတတ်။ သို့သော် ၎င်းမှာ မဖြစ်နိုင်ပြန်။ အားချွန်သည် ရဲစခန်းကို ဝင်လိုက်ထွက်လိုက်နှင့် အရေထူနေသူ ဖြစ်သည်။ ထို့ကြောင့် သူဝန်ခံမည့်အရာမှာ ကျန်းကျင်းခိုင် မသိသော လူသတ်မှုတစ်ခုဖြစ်နိုင်၏။
"ကောင်းပြီ... ကောင်းပါပြီ ကျွန်တော် ပြောပါတော့မယ်"
ထို့နောက် အားချွန် အသက်ပြင်းပြင်းရှုရင်း စကားစလိုက်သည်။
"အဲ့ဒီညက အဲ့ဒီအဆောက်အဦးထဲမှာ မိန်းကလေးသုံးယောက် ရှိခဲ့တယ် ခင်ဗျား ပြခဲ့တဲ့ အခန်းကို သုံးခဲ့တာ အားရှုဆိုတာ အမှန်ပါပဲ ဒါပေမဲ့ အာကျူး ဆိုတဲ့ မိန်းကလေးတစ်ယောက်လည်း အဲ့ဒီညက အဆောက်အအုံထဲမှာ ရှိခဲ့ပါတယ်"
"တကယ်လား အာကျူးဟာ အားရှာ အားရှုတို့နဲ့ သိပ်မပေါင်းဘူး ဟုတ်တယ်မလား"
အားချွန် အမြန်ဆုံး ဝန်ခံလာစေရန် ကျန်းကျင်းခိုင် လောင်းကြေးထပ်ကြည့်လိုက်ခြင်း ဖြစ်သည်။ အားရှာ၏စကားထဲတွင် အားကျူးနှင့်ပတ်သက်၍ တခွန်းတလေမျှမပါခဲ့ကြောင်း သူ မှတ်မိနေပေသည်။
"ဟုတ်တယ် မပေါင်းဘူး အင်စပက်တာ"
အားချွန် ခေါင်းညိတ်ပြလိုက်၏။
"အားကျူးက သူတို့နဲ့ဒေသချင်းလဲ မတူဘူးလေ ပြီးတော့ လမ်းကြားထဲက တခြားမိန်းကလေးတွေနဲ့ မတူပဲ ဒီကောင်မလေးက ဆေးသုံးတာ သဘောကျတယ်... သူ ဆေးတွေအများကြီးသုံးတယ်အင်စပက်တာ ဒါကြောင့် ကျန်မိန်းကလေးတွေက သူနဲ့ဆို သိပ်မပေါင်းကြဘူး"
"အဓိကအချက်ကိုပြောကွာ"
အားချွန် ဝေ့လည်ကြောင်ပတ်ပြောနေ၍ ကျန်းကျင်းခိုင် ဟောက်ထည့်လိုက်သည်။
"မင်း မပြောရုံနဲ့ ကျုပ်အမှန်တရားကို မသိတော့ဘူးလို့ ထင်မနေနဲ့"
"ဟုတ်ကဲ့ပါ အင်စပက်တာာ"
အားချွန် ခေါင်းငုံ့ပြီး ဖြေလိုက်သည်။
"အဲ့ဒီညက အာကျူးလဲ သေသွားခဲ့တယ်အင်စပက်တာ ဒါပေမဲ့ သူ တခြားသူတွေလို သေတာ မဟုတ်ပါဘူး သူက ဆေးလွန်ပြီး သေသွားတာဗျ"
"အဲ့ဒါပဲလား"
"ဟုတ်ပါတယ်အင်စပက်တာ"
သူ့စကားကို ကျန်းကျင်းခိုင် မယုံမှန်းသိသည်နှင့် အားချွန် ဒူးထောက်တောင်းပန်လိုက်၏။
"အင်စပက်တာ ကျွန်တော် အမှန်အတိုင်း ပြောနေတာပါဗျာ ကျွန်တော် မလိမ်ပါဘူး ကျွန်တော့်မှာ ဇနီးရောကလေးပါရှိပါတယ် ကျွန်တော် မသေချင်ဘူး ကျွန်တော် ဘယ်သူ့ကိုမှလဲ မသတ်ပါဘူး"
"ဒါဆို မင်းက ဘာကို စိတ်ပူနေတာလဲ"
အားချွန် တကယ်ကြောက်နေမှန်းသိ၍ ကျန်းကျင်းခိုင် စကားအစ်လိုက်သည်။
"ကျွန်တော်..."
အာချွန် တုန်ယင်နေတဲ့လက်အစုံဖြင့် ချွေးသုတ်လိုက်၏။ ထို့နောက် တံတွေးမြိုချရင်း ပြောလိုက်လေသည်။
"ကျွန်တော်... ကျွန်တော် အလောင်းကို ဖျောက်ခဲ့မိတယ်..."
"ဘယ်သူတွေပါသေးလဲ"
ကျန်းကျင်းခိုင် ခက်ထန်စွာ မေးလိုက်၏။
"ဘယ်... ဘယ်သူမှ မပါဘူး"
အာချွန်က အားမရှိသောလေသံနှင့် ပြန်ဖြေလိုက်တယ်။ ပြီးမှ သူက ဖွင့်ပြောလိုက်၏။
"များသောအားဖြင့် အားတီးနဲ့ ကျွန်တော် နှစ်ယောက် ဒီလိုကိစ္စတွေကို လုပ်လေ့ရှိပါတယ်ဒါပေမဲ့ အဲ့ဒီညက အားတီး ဖျားနေတော့..."
"အလောင်းကို ဘယ်လို ဖျောက်ခဲ့တာလဲ"
အားကျူး၏ ရုပ်ကြွင်း ဘယ်နေရာတွင်ရှိသည်ကို သိရန်လိုအပ်၏။
"ကျွန်တော်... မြှုပ်ပစ်ခဲ့တာပါအင်စပက်တာ ဘယ်မှာလဲဆိုတာ ကျွန်တော် လိုက်ပြပေးနိုင်ပါတယ်"
အားချွန်၏ ဝန်ခံချက်ကို နားထောင်ပြီးနောက် ကျန်းကျးခိုင်က ခေါင်းလှည့်ပြီး လူရှောက်ချိန်ကို ကြည့်လိုက်သည်။ လူရှောက်ချိန် ထိတ်လန့်တုန်လှုပ်နေ၏။ လမ်းကြားထဲတွင် မိန်းကလေးဘယ်နှစ်ယောက်များ ဤသို့ အဆုံးသတ်သွားလေပြီနည်း။
"ကျန်းနန်ကို သွားရှာ အာချွန်ကို အလောင်းရှိတဲ့နေရာ လိုက်ပြခိုင်းလိုက်"
ထိုအခါကျမှ လူရှောက်ချိန် ကိုယ့်ကိုယ်ကို ပြန်လည်ထိန်းသိမ်းနိုင်လိုက်သည်။
"ဟုတ်ကဲ့ပါ အင်စပက်တာ"
ထို့နောက် သူ အခန်းထဲမှ ထွက်ခွာသွား၏။
လူရှောက်ချိန်ထွက်သွားသည်နှင့် ကျန်းကျင်းခိုင်က ကျန်းနန်ကို မေးလိုက်ပြန်သည်။
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မိန်းကလေးဘယ်နှစ်ယောက်လောက်ရှိပြီလဲ ဒီလိုလူမသိသူမသိသေသွားတာ"
"သူတို့... ဆေးမသုံးတဲ့သူအများစုကတော့ အဆင်ပြေကြပါတယ် အင်စပက်တာ"
အားချွန်၏ ပုံစံက ဒူးထောက်နေရင်း သူ့အပြစ်များအတွက် နောင်တရနေသကဲ့သို့ ရှိသည်။
"ဟုတ်လို့လား"
အားချွန်၏ပုံစံကိုကြည့်သည်နှင့် သူ့မေးခွန်းကို ဖြေလိမ့်မည်မဟုတ်ကြောင်း ကျန်းကျင်းခိုင် သိ၏။
တကယ်လည်း အားချွန်က ကျန်းကျင်းခိုင် ထင်သည့်အတိုင်း မေးခွန်းကို နှုတ်ဆိတ်ခြင်းနှင့်သာ အဖြေပေးလိုက်၏။ ၎င်းသည် ကတိကဝတ်ဖြစ်ပြီး သူ သေသည့်တိုင် ထိမ်းသိမ်းသွားရမည့်အရာမှန်း အားချွန်ကိုယ်တိုင်လည်း သဘောပေါက်ထားပြီးသားပင်။ သူ့အနေနှင့် ဤစည်းကမ်းကို ချိုးဖောက်ခဲ့လျင် သူ တစ်ယောက်တည်းသာမက သူ့မိသားစုပါ ဒုက္ခများသွားပေလိမ့်မည်။
ယခုအချိန်တွင် သူ၏ တစ်ခုတည်းသော နောင်တမှာ အလောင်းဖျောက်ရာတွင် အားတီးပါနေကြောင်း သူ ဝန်ခံမိသည်ကိုပင် ဖြစ်လေသည်။