သေဆုံးသူအားကျူး
Vol. 7 Ch. 70
အားကျူး၏ရုပ်ကြွင်းအား တူးဖော်ခြင်းမှာ အဆင်ပြေပြေပင် ပြီးဆုံးသွားခဲ့၏။ အားချွန်၏ လမ်းညွှန်မှုနှင့်အတူ ကျန်းကျင်းခိုင်နှင့် ကျန်းနန်တို့ ဦးဆောင်သော ရှာဖွေရေးအဖွဲ့သည် လမ်းကြားအနီး ချောင်းငယ်ထဲမှ အားကျူး၏ ရုပ်ကြွင်းကို မြန်မြန်ဆန်ဆန်ပင် တွေ့ခဲ့ကြ၏။ သေဆုံးရခြင်း အကြောင်းရင်းမှာ အားချွန်ပြောသကဲ့သို့ မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့်လား သို့မဟုတ် တခြားအကြောင်းတခုကြောင့်လားဟူသည်ကို ဆေးစစ်ပြီးမှသာ အတိအကျဆုံးဖြတ်နိုင်ပေလိမ့်မည်။
"အင်စပက်တာကျန်း အားချွန်ကို ဖမ်းထားလိုက်ရမလား ဒါမှမဟုတ်..."
ကျန်းနန်က ကျန်းကျင်းခိုင်ကို မေးလိုက်၏။
"ဒီလိုလုပ် နယ်မြေရဲစခန်းမှာပဲ ခနဖမ်းထားလိုက်ရအောင်"
ကျန်းကျင်းခိုင် ခေတ္တစဉ်းစားပြီး ပြန်ဖြေလိုက်၏။
"အားချွန် အာကျူးကို သတ်တယ်လို့ ဆာဂျင်ကျန်းထင်သလား"
သူက ကျန်းနန်ကို လှည့်ကြည့်ပြီး မေးလိုက်သည်။
ကျန်းနန် နှုတ်ခမ်းကို မဲ့ကာ ခေါင်းခါပြလိုက်၏။
"ဟဲဟဲ ကျွန်တော်လည်း ဒီမေးခွန်းကိုပဲ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်နေတာ အင်စပက်တာ"
ကျန်းကျင်းခိုင် စိတ်မကောင်းဟန်ဖြင့်ပြုံးရင်း ကျန်းနန်ကို ပြောလိုက်၏။
"ကျုပ် ထင်ပါတယ် ဒီမေးခွန်းနဲ့ပတ်သက်ပြီး အားချွန် အမှန်အတိုင်းပြောခဲ့တာဖြစ်ပါလိမ့်မယ်"
ထို့နောက် သူ သက်ပြင်းချလိုက်၏။
"အင်း သနားစရာမိန်းကလေးပါလား"
"သိပ်အများကြီးမတွေးပါနဲ့ အင်စပက်တာ"
ကျန်းနန်က ကျန်းကျင်းခိုင်ကို နှစ်သိမ့်လိုက်၏။
"ဒီမိန်းကလေးတွေဟာ မူးယစ်ဆေးကြောင့် မသေရင် တခြားအကြောင်းတခုခုနဲ့ သေကြတာပဲ ဒီအလုပ်လုပ်တဲ့သူတွေအတွက်တော့ ဒါ အထူးအဆန်းမဟုတ်တော့ဘူးလေ"
ထို့နောက် ကျန်းနန်က ထပ်မေးလိုက်ပြန်၏။
"အားချွန်ကို ဘာလုပ်လိုက်ရမလဲ အလောင်းဖျောက်တာက ရာဇဝတ်မှုတော့မှန်တယ် ဒါပေမဲ့ ကြီးလေးတဲ့ပြစ်မှုတော့ မဟုတ်ဘူး ပြည့်တန်ဆာခေါင်းတစ်ယောက်အနေနဲ့ ပြည့်တန်ဆာအလောင်းတွေကို ဖျောက်ဖျက်ပစ်တာက ပုံမှန်လိုဖြစ်နေပြီ ဒီလမ်းကြားထဲမှာ လူသတ်မှုတွေသာ မဖြစ်ခဲ့ဘူးဆိုရင် မတော်တဆသေဆုံးသွားတဲ့ ပြည့်တန်ဆာနည်းနည်းပါးပါးကို ဘယ်သူမှ ဂရုမစိုက်ကြဘူးလေ"
"အားချွန်ကိုလား ခုနက ပြောသလိုပဲ ရဲစခန်းမှာ ခနတဖြုတ်ထားလိုက်မယ် ဒါပေမယ့် ဆာဂျင်ကျန်း ဒီကောင့်ကို ဘယ်သူနဲ့မှ ဆက်သွယ်ခွင့်မပေးနဲ့ ပြီးတော့ ကျုပ်တို့အရာရှိတွေကလဲ အားကျူးနဲ့ပတ်သက်ပြီး သူ့ရှေ့မှာ သွားမပြောမိစေနဲ့"
"နားလည်ပါပြီ"
ကျန်းနန် ခေါင်းညိတ်ပြလိုက်၏။ ကျန်းကျင်းခိုင်သည် ဤအခွင့်အရေးကိုယူပြီး အားချွန်ဆီမှ လျှို့ဝှက်ချက်များ ထပ်မံပေါ်ထွက်လေမလား သိလိုနေခြင်းပင်။
ရဲစခန်းကို ပြန်ရောက်သည်နှင့် ကျန်းကျင်းခိုင်က အားရှာကို ထပ်ခေါ်လိုက်ပြန်သည်။ သူမကိုကြည့်ရသည်မှာ အရင်တစ်ခေါက်ထက် စိတ်ကြည်လင်နေပုံရ၏။ သူမက သူ့မေးခွန်းများကို တက်တက်ကြွကြွပင် ဖြေဆိုပေးနေလေသည်။
"အားရှာ ကျုပ် တစ်ခုမေးမယ် ပြီးခဲ့တဲ့လ လူသတ်မှုဖြစ်တဲ့ညက မင်းနဲ့ အားရှုတို့ အတူတူ အလုပ်လုပ်တဲ့ အဆောက်အအုံမှာ အမျိုးသမီး ဘယ်နှစ်ယောက်ရှိသလဲ"
"အမျိုးသမီး ဘယ်နှစ်ယောက်သလဲဆိုတော့"
အားရှာ ထိုညမှ အခြေအနေကို ပြန်အမှတ်ရရန် ကြိုးစားနေပုံရသည်။
"သုံးယောက်ထင်တယ်အင်စပက်တာ ဟုတ်တယ် သုံးယောက် အဲ့ဒီညပြီးတော့ နောက်တယောက်ကိုမတွေ့တော့ဘူး သူ ကြောက်လန့်ပြီး ထွက်ပြေးသွားတာလားမပြောတတ်ဘူးရှင့်"
"တကယ်လား ဒါဆို မင်း သူ့ကို သိသလား"
"သိတယ် သိတယ်"
အားရှာက ပြန်ဖြေလိုက်သည်။
"သူ့နာမည် အားကျူး ပိန်ပိန်လေး ပြီးတော့ သူက ကျွန်မတို့နဲ့ မတူဘူးရှင့် သူ ဆေးစွဲနေတာ ပြီးတော့ တခြားပြည်နယ်က လာတာ"
"အဲ့ဒီလိုလား"
ကျန်းကျင်းခိုင်က ထိုင်ခုံတွင် နောက်မှီရင်း စကားထောက်ပေးလိုက်၏။
"သူ လမ်းထဲကို ပြန်မလာရတဲ့ တခြားအကြောင်းရင်းများ ရှိနိုင်မလား ဒါမှမဟုတ် သူ သွားတာများလား"
"သူ သေသွားတာလား အဲဒါတော့ ကျွန်မမသိဘူးရှင့် ဒါပေမယ့် သူ သေသွားတယ်ဆိုရင် အားချွန်နဲ့ အားတီးတို့ သေချာပေါက် သိလိမ့်မယ်"
"ဟေ ဘာလို့လဲ ဘာလို့ အဲ့ဒီလူနှစ်ယောက် သူ သေတာကို သိရမှာလဲ"
ကျန်းကျင်းခိုင်က အားရှာရဲ့ စကားကို နားမလည်ဟန်ဖြင့် ရည်ရွယ်ချက်ရှိရှိ ရယ်မောပြလိုက်သည်။ ရဲများအနေနှင့် တခါတရံ စိတ်အေးလက်အေး ပုံစံမျိုး ပြုမူခြင်းအားဖြင့် သူတို့သည် သံသယရှိသူ သို့မဟုတ် သက်သေဆီမှ သတင်းအချက်အလက်များ ပိုမိုရရှိနိုင်ပေသည်။
"အင်စပက်တာ နားရှုပ်သွားတယ်ထင်တယ်"
အားရှာက စတင်ရှင်းပြလိုက်၏
သူတို့တာဝန်က အလုပ်လာလုပ်နေတဲ့ မိန်းကလေးတိုင်းရဲ့ပြသနာကို ဖြေရှင်းဖို့ပဲလေ ပြီးတော့ ကျွန်မတို့က သူတို့ကို အခန်းငှားခပေးရသေးတယ်ရှင့် အခန်းခပေးပြီးမှတော့ ဘယ်သူက အလုပ်မလာပဲ နေတော့မလဲ"
"အခန်းငှားခပေးရတာလား"
ကျန်းကျင်းခိုင်က အားရှာ၏ စကားကြောင့် ပြုံးရင်းမေးလိုက်သည်။
"အခန်းငှားခပေးရတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ"
"အခန်းတွေကို အလကားပေးသုံးတယ်လို့ အင်စပက်တာက ထင်နေတာလား"
လက်ရှိတွင် အားရှာ၏ အခြေအနေမှာ ပို၍ စိတ်အေးလက်အေး ရှိလာပြီ ဖြစ်သည်။ ထိုအခါ မိန်းကလေးထုံးစံအတိုင်း နှုတ်ဖွာလာတော့၏။
"ကျွန်မတို့က အားချွန်ကို လစဉ် အခန်းငှားခ ပေးရတယ်ရှင့် ပြီးတော့ ကျွန်မတို့ရဲ့ဝင်ငွေရဲ့ တစ်စိတ်တစ်ပိုင်းကို ကာကွယ်စောင့်ရှောက်ခဆိုပြီး ထပ်ပေးရသေးတယ်"
ထိုမျှနှင့် အားမရသေးဟန်ဖြင့် အားရှာက ထပ်ပြောလိုက်ပြန်သည်။
"အင်စပက်တာ အားကျူးသေသွားတယ်လို့ ပြောခဲ့တယ်မဟုတ်လား အဲ့ဒါက အမှန်ပဲ အခုစဉ်းစားကြည့်တော့ လူသတ်မှုဖြစ်တဲ့နေ့မှာ အားချွန်ဟာ ကျွန်မတို့ဆီက အခန်းငှားခတွေအကုန် ကောက်ယူပြီးသွားပြီ အခန်းငှားခပေးပြီးမှ ဘယ်သူက အလုပ်မလာပဲနေမလဲ"
"တကယ်လား"
ကျန်းကျင်းခိုင်က မေးလိုက်သည်။
"ဒါဆို အာကျူးလည်း ပေးခဲ့တာလား"
"ဟုတ်တယ် သူလည်း ပေးခဲ့တယ် ကျွန်မတို့သုံးယောက်လုံး ပေးခဲ့တယ်"
အားရှာက ခေါင်းညိတ်ရင်း ဆက်ပြောပြန်သည်။
"ဟုတ်တယ် ကျွန်မတို့ သုံးယောက်လုံး တစ်ပြိုင်တည်း ပေးခဲ့ကြတာပေါ့ ကျွန်မတို့လို လုပ်ငန်းခွင်မှာ ဘယ်သူက ပြည့်တန်ဆာခေါင်းတွေကို ပိုက်ဆံမပေးပဲနေရဲမှာလဲ ပြီးတော့ ဒီရက်ပိုင်း မိန်းကလေးတွေ အလုပ်လုပ်ဖို့ နေရာက ဒီတနေရာပဲရှိတာလေ"
"အာချွန်က မင်းတို့ကို ဘယ်လိုပုံစံနဲ့ ဆက်ဆံတတ်သလဲ"
ကျန်းကျင်းခိုင်က မေးလိုက်ပြန်သည်။ ထို့နောက် သူက လူရှောက်ချိန်ကို အားရှာအတွက် ရေတစ်ခွက်ပေးရန် လက်ပြလိုက်၏။ အခန်းငှားခနှင့်ကာကွယ်စောင့်ရှောက်ခကြောင့် အားချွန်က အားကျူးအား သတ်ခဲ့သည်ဟူသောဖြစ်နိုင်ချေကို အားရှာ၏ ထွက်ဆိုချက်ကြောင့် ဖယ်ထုတ်လိုက်၍ ရလေပြီ။
"အားချွန်လား သူက သိပ်မဆိုးပါဘူး"
လူရှောက်ချိန် ပေးလိုက်သောရေကိုယူရင်း အားရှာ ပြန်ဖြေလိုက်သည်။ သူမက ကျန်းကျင်းခိုင်ကို ကျေးဇူးတင်သော အမူအရာနှင့်ကြည့်ပြီး ဆက်ပြော၏ ။
"သူက ကြမ်းတမ်းတဲ့ပုံပေါက်ပေမယ့် တကယ်တမ်းကျတော့ လမ်းကြားထဲက ကောင်မလေးတွေကို ကောင်းကောင်းဆက်ဆံတယ်ရှင့် သူ့ကို အခန်းငှားခ မပေးရင်တောင် သူက ရှင့်ကို တအားကြီးပြသနာမရှာဘူး ပြီးတော့ သူ များသောအားဖြင့် ကောင်မလေးတွေကို လက်ဖျားနဲ့တောင် မတို့ဘူး"
"ဒါဆို အာကျူးကရော"
ကျန်းကျင်းခိုင်က ဆက်မေးပြန်သည်။
"သူလား အားချွန်က သူ့ကို သနားလို့သာ ဒီလမ်းမှာ အလုပ်လုပ်ဖို့ အခွင့်အရေးရတာ ပြီးတော့ အဲ့ဒီကောင်မလေးက ဆေးစွဲနေတာလေ သူ့ပုံစံနဲ့ကတော့ တရက်မဟုတ်တရက် ဆေးလွန်ပြီးသေမှာပဲ အင်စပက်တာ"
"ကောင်းပြီ မင်း အနားယူလို့ရပြီ"
သူက အမျိုးသမီးအရာရှိများအား အားရှာကို ခေါ်ထုတ်သွားရန် အချက်ပြလိုက်သည်။ ထို့နောက် သူ သူ့လက်က နာရီကို ကြည့်လိုက်ပြန်၏။ ညနေ ခြောက်နာရီထိုးလုပေပြီ။ သို့သော် စိတ်ဝင်စားစရာကောင်းသည်မှာ အာကျောက်က သူ့ကို ယခုတိုင် ဖုန်းမခေါ်သေးခြင်းပင်။
ရဲစခန်းမှထွက်လာပြီးနောက် ကျန်းကျင်းခိုင်က အားကျောက်၏ မူကြိုကျောင်းကို လျှောက်သွားလိုက်သည်။ မီတာ ၅၀ လောက်အရောက်တွင် သူ သူမကို ဖုန်းခေါ်လိုက်၏။
"ဟဲလို ဟန်နီ ဒီနေ့ဘယ်လိုလဲ"
ဖုန်းထဲမှ သူမ၏ အသံမှာ စိတ်ကြည်လင်နေ၍ သူ့ကို ဒေါသမထွက်ဟု ထင်ရသည်။
"ကောင်းပါတယ် မင်းရောဘယ်လိုလဲ"
၃၅ နှစ်အရွယ် ယောကျ်ားတစ်ယောက်သည် လူငယ်တစ်ယောက်ကဲ့သို့ ရိုမန်တစ်မဆန်နိုင်သော်ငြား အမျိုးသမီးများကို မည်သို့တန်ဖိုးထားရမည်ကိုတော့ ကောင်းကောင်းနားလည်ထား၏။
"ဘာလို့ ဒီနေ့ မခေါ်တာလဲ"
"ဘာလဲ ရှင်က ကျွန်မကို နေ့တိုင်း ခေါ်စေချင်တာလား"
အာကျောက်က ရယ်မောရင်း မေးလိုက်သည်။
"အမှန်အတိုင်းပြော ဒီနေ့ ကျွန်မကို လွမ်းလား"
"ဟေ... မလွမ်းရပေါင်ကွာ"
"တွေ့ပြီ ရှင်နဲ့ကျွန်မနဲ့...ကျွန်မကို မလွမ်းရင် ရှင် ဘယ်သူ့ကို လွမ်းနေလဲ ပြောစမ်း"
"ဟုတ်ပါပြီ ဟုတ်ပါပြီ ကျုပ်က မင်းကို လွမ်းပါတယ်တဲ့ဗျာ"
ကျန်းကျင်းခိုင်က ပြုံးရင်း အလျော့ပေးလိုက်ရသည်။
"မင်း အခု ဘယ်မှာလဲ"
"ကိုယ့်ဟာကိုယ် လိုက်ရှာပေါ့ အရိပ်အမြွက်ပြောမယ် ကျွန်မအခု မူကြိုကျောင်းမှာ မရှိဘူး သ်ိလား"
ပြောပြောဆိုဆို အားကျောက် ဖုန်းချသွား၏။
ကျန်းကျင်းခိုင် တချက်ပြုံးလိုက်၏။ အားကျောက် ဘယ်မှာရှိမှန်း သူ သိလိုက်ပေပြီ။ အားကျောက်သည် မူကြိုကျောင်းမှာမရှိလျင် ဦးလေးကိုင်၏ ခေါက်ဆွဲဆိုင်တွင်သာ သေချာပေါက် ရှိပေလိမ့်မည်။
ထို့နောက် သူ ဦးလေးကိုင်၏ ခေါက်ဆွဲဆိုင်သို့ ခြေလှမ်းကျဲကြီးများနှင့် လျှောက်သွားလိုက်တော့သည်။