← Chapters

လူသစ်အဖိုးကြီး

Vol. 8 Ch. 71

လူသစ်အဖိုးကြီး

Vol. 8 Ch. 71

အားကျောက် ဖုန်းကိုချလိုက်ပြီး ကျန်းကျင်းခိုင်အတွက် လက်ဖြစ်ခေါက်ဆွဲတစ်ပန်းကန်မှာရန် မီးဖိုချောင်ဖက်သို့ လှည့်လိုက်သည်။ ဦးလေးကိုင်၏ ခေါက်ဆွဲဆိုင်တွင် သူမ ရှိနေကြောင်းကျန်းကျင်းခိုင် သေချာပေါက်သိလိမ့်မည်ဟု သူမ ယုံကြည်နေ၏။

ယခုရက်ပိုင်း ခေါက်ဆွဲဆိုင်သည် လူအတော်လေးစည်ကားလာ၏။ ဦးလေးကိုင်၏ ရိုးသားဖော်ရွေသော စိတ်ထားကြောင့်သာမက ခေါက်ဆွဲအရည်အသွေးကလည်း ကောင်းလွန်းနေ၍ ဤဆိုင်ကလေးမှာ ထမင်းစားချိန်တိုင်း ဖောက်သည်များနှင့် ပြည့်နှက်နေတတ်တော့သည်။ ထို့ကြောင့် ဦးလေးကိုင်သည် ယခင်ကဲ့သို့ အားကျောက်နှင့် အချိန်အကြာကြီီး စကားမပြောနိုင်တော့။

ထို့ပြင် သူသည် အသက်အရွယ်ကြီးရင့်သော ကောက် အမည်ရှိ စားပွဲထိုးတစ်ဦးကို ငှားရမ်းထားလေသည်။ အဖိုးကြီးကောက်သည် သူတို့နောက်ဆုံးလာခဲ့စဉ်က ဦးလေးခိုင်က အားကျောက်နှင့် ကျန်းကျင်းခိုင်တို့အား သူ့သူငယ်ချင်းဟောင်းတစ်ဦးအဖြစ် မိတ်ဆက်ပေးခဲ့သော အဖိုးကြီးပင် ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် ဦးလေးကောက်"

အားကျောက်က ဦးလေးကောက်ကို ကျေးဇူးတင်စကားပြောလိုက်၏။

"ရပါတယ်ကွာ"

အဖိုးကြီးက ပုံမှန်လေသံနှင့် ပြန်ဖြေလိုက်သည်။သို့သော် သူ့လေယူလေသိမ်းမှာ ဦးလေးကိုင်နှင့် သိသိသာသာ ကွဲပြားနေ၏။ လေယူလေသိမ်းကို အမှန်တကယ် နားလည်သူများအဖို့ ဤအဖိုးကြီးသည် ဤမြို့၏ ဒေသခံမဟုတ်ကြောင်း သိသာနေပေသည်။

"ဦးလေးကောက် ဦးလေးက ဒီက ဒီအရပ်ကပဲလား"

အားကျောက်က သိလိုစိတ်နှင့် စပ်စုလိုက်၏။

"ဟဲဟဲ မဟုတ်ပါရဘူးကွာ"

ဦးလေးကောက်က ချက်ချင်းပြန်ဖြေလိုက်၏။

"ဒီလိုလေ ကျုပ်က"

အဖိုးကြီး စကားမဆက်ခင်မှာပင် ဖောက်သည်တစ်ဦး၏အသံ ထွက်ပေါ်လာ၏။

"ဦးလေးကြီး ရှင်းမယ်"

အဖိုးကြီးက ချက်ချင်းပင် ပြန်ထူးလိုက်သည်။

ထို့နောက် သူ အားကျောက်ကို တောင်းပန်ဟန်ဖြင့်ကြည့်လိုက်ပြီး ငွေရှင်းရန် ထွက်ခွာသွားလေသည်။

"ဟာ မင်းကိုတွေ့ပြီ"

အဖိုးကြီးထွက်သွားသည်နှင့် ကျန်းကျင်းခိုင်ဝင်လာပြီး နှုတ်ဆက်လိုက်သည်။ သူ့မျက်နှာမှာ ပြောင်စပ်စပ်ဖြစ်နေ၏။

"ရှင်ကဘာလဲ သုံးနှစ်သားကလေးလား"

အားကျောက်က လှောင်ပြောင်ဟန်ဖြင့် မေးလိုက်သည်။ သို့သော် သူမ၏ လေသံတွင် ကျန်းကျင်းခိုင်အပေါ် ချစ်မြတ်နိုးသည့်အငွေ့အသက်များ ပြည့်နှက်နေ၏။ သူ့ ပုံစံကြောင့် သူမ မရယ်နိုင်ပဲ ဖြစ်နေလေသည်။

"ရော့၊ စားလိုက်ပါအုံး ရှင့်အတွက် မှာထားပြီးသား"

"ဒီနေ့ လူတွေအများကြီးပဲ"

ကျန်းကျင်းခိုင်က စားသောက်ဆိုင်ပတ်ပတ်လည်ကို ကြည့်ရင်း ပြောလိုက်သည်။

"ဒါနဲ့ ပြောစမ်းပါအုံး ကျုပ်ဆီ တနေ့ခင်းလုံး ဘာဖြစ်လို့ ဖုန်းမခေါ်တာတုန်း"

"ဟွန့် ကျွန်မ ရှင့်ဆီ နေ့တိုင်းဖုန်းဆက်ရင် ရှင်က စိတ်မရှည်ဘူးမလား"

အားကျောက်က တူကိုကောက်ကိုင်ရင်း ပြောလိုက်သည်။

"ယောက်ျားတွေက အဲဒီလိုမိန်းကလေးမျိုးတွေဆိုရင် သိပ်စိတ်မရှည်တတ်ဘူးတဲ့လေ"

"အင်း အဲတာဟုတ်သားပဲလေ"

ကျန်းကျင်းခိုင် မစဉ်းစားပဲ လွှတ်ခနဲ ပြောလိုက်မိသည်။ ပြောပြီးမှ သူ စကားမှားသွားမှန်း သဘောပေါက်လိုက်၏။ အကြောင်းမှာ အားကျောက်၏ လက်တဖက်က သူ့နားရွက်ဆီသို့ ချက်ချင်းရောက်လာသောကြောင့်ပင်။

"ရှင် သေချင်ပြီထင်တယ် ကျွန်မကို စိတ်မရှည်ဘူးလို့ ပြောရဲတယ်ပေါ့လေ"

"ဟားဟား မဟုတ်ရပါဘူးကွာ တောင်းပန်ပါတယ်"

ကျန်းကျင်းခိုင် ရယ်မောရင်း အားကျောက်၏ လက်ကို ဖမ်းဆုပ်လိုက်သည်။ သူမ၏ လက်မှာ ချောမွတ်နူးညံ့လှပေသည်။

"ကျုပ်က မင်းကို အမြဲတမ်းစိတ်ရှည်မှာပါကွာ"

"ဟွန့် ရှင်နော်"

အားကျောက်က သူမ၏လက်ကို ပြန်ရုပ်ရင်း ပြောလိုက်သည်။

"ပြီးတော့ ကျွန်မလက်ကို မထိပါနဲ့"

"အော် ဟဲဟဲ အေးပါကွာ" ကျန်းကျင်းခိုင်က သူမ၏ မျက်နှာကို ကြည့်ရင်း တိုးတိုးလေး ရယ်လိုက်သည်။ ပြီးမှ သူ မေးလိုက်ပြန်၏။

"ဪ ဒါနဲ့ ကျီးယွမ် မင်း အားကျူးဆိုတဲ့ ကောင်မလေးကို သိလား"

"မသိဘူး"

အားကျောက်က ခေါင်းခါပြလိုက်သည်။

"ဒါဆို အားရှာကိုရော"

ကျန်းကျင်းခိုင် ဆက်မေးလိုက်ပြန်သည်။

"သူလား"

အားကျောက်က စိတ်မကောင်းဖြစ်သွားဟန်တူသည်။

"အရမ်းကြောက်တတ်တဲ့ကောင်မလေးလေ ဒါနဲ့...သူ"

အားကျောက် စကားကိုရပ်လိုက်ပြီးမှ အသံတိုးတိုးဖြင့် ဆက်မေးလိုက်၏။

"ဘာလဲ သူရော သေသွားပြီလား"

"ဪ မသေသေးပါဘူးကွာ"

ကျန်းကျင်းခိုင်က ပြုံးရင်း ပြန်ဖြေလိုက်သည်။ လူသေကောင်များနှင့် အလုပ်လုပ်နေရခြင်းကြောင့် ကျန်းကျင်းခိုင်အဖို့ လူတယောက် သေသွားခြင်းနှင့် ယဥ်ပါးနေသည်မှာ ထင်ရှားနေ၏။

"ဪ တော်သေးတာပေါ့"

အားကျောက်က အထက်ပါအတိုင်း မှတ်ချက်ပေးပြီး သူမ၏ တူနှင့် ဆော့ကစားနေသည်။ သို့သော် ကြည့်လိုက်ရုံနှင့် သူမ၏ စိတ်ထဲတွင် တစ်ခုခုရှိနေသည်မှာ ထင်ရှားနေ၏။ ကျန်းကျင်းခိုင် ၎င်းအမူအရာကို ကောင်းကောင်းသတိပြုမိသော်လည်း အားကျောက်ကို ဘာမှမမေးရန် ဆုံးဖြတ်လိုက်သည်။ ဤအခြေအနေမျိုးတွင် မေးမြန်းခြင်းထက် လေ့လာစောင့်ကြည့်ခြင်းက ပိုကောင်းသည်မဟုတ်ပါလား။

ကျန်းကျင်းခိုင် ခေါက်ဆွဲစားပြီးနောက် ဦးလေးကောက်အား ငွေရှင်းရန် လှမ်းခေါ်လိုက်၏။ ဦးလေးကိုင်၏ ဆိုင်ကလေး ရောင်းကောင်းလာသည်နှင့်အမျှ ပန်းကန်များအောက်တွင် ငွေထားခဲ့ခြင်းမှာ အဆင်မပြေတော့။ ထို့ကြောင့် ဦးလေးကောက်ကိုခေါ်၍ ငွေရှင်းရခြင်းပင်။

ထို့နောက် သူတို့နှစ်ယောက် ခေါက်ဆွဲဆိုင်မှ ထွက်လာခဲ့ကြ၏။

"ကဲ အခု ဘယ်သွားကြမလဲ"

ကျန်းကျင်းခိုင်က အားကျောက်ကို မေးလိုက်၏။

"ဘယ်ကို သွားရအုံးမှာလဲလို့"

သူမက စူပုပ်ပုပ်မျက်နှာနှင့် ပြန်ပြောလိုက်လေသည်။

"ရှင်းနေတာပဲကို မူကြိုကျောင်းကို ပြန်မယ် ဘာလို့လဲဆိုတော့ ညဘက်အတန်းတွေ သင်ရအုံးမှာမို့လို့ပေါ့"

တကယ်တော့လဲ ဒါက အမှန်တရားပင်။ ဤရက်ပိုင်းတွင် အားကျောက်သည် အားလပ်ချိန်များတွင် ကျန်းကျင်းခိုင်နှင့် အချိန်ဖြုန်းကောင်းဖြုန်းမည်။ သို့မဟုတ်လျင် စာသင်ရန်သာ ရှိပေသည်။

"ကောင်းပြီ ကျုပ်လည်း မင်းနဲ့အတူ သွားမယ်"

ကျန်းကျင်းခိုင်က သူမ၏ ပခုံးကို ဖက်ပြီး မူကြိုကျောင်းဘက်သို့ လျှောက်ရင်း ပြောလိုက်၏။ သို့သော် အားကျောက်ကမူ ကျန်းကျင်းခိုင်ကို ရပ်ကြည့်နေလေသည်။

"ဒါဆို ရှင် ကျွန်မအတန်းကို လာကူသင်ပေးမှာလား"

"ဟဲဟဲ ငပျင်းမလေးပါလား"

ကျန်းကျင်းခိုင်က အားကျောက်၏ တောင်းဆိုမှုကြောင့် ရယ်မောလိုက်လေသည်။ မိန်းကလေးတစ်ဦးသည် ချစ်သူထံမှ ချိုမြိန်မှုကို လိုချင်ပြီး ယောက်ျားတစ်ဦးသည် သူ့ချစ်သူမိန်းကလေးကို ထိုချိုမြိန်သောခံစားချက်ကို ပေးအပ်လိုပေသည်။

"ကောင်းပြီ ကျောင်းအုပ်ကြီးကသာ သဘောတူမယ်ဆိုရင် ကျုပ် မင်းအတန်းကို လာကူသင်ပေးမယ်"

ကျန်းကျင်းခိုင်က အားကျောက်၏ ဆံပင်ကို ပွတ်သပ်ရင်း နွေးထွေးသောအသံနှင့် ပြောလိုက်သည်။

"ကောင်းပြီလေ ကျောင်းအုပ်ကြီး သဘောတူမှသေချာတယ် သိလား"

အားကျောက်က သူ့ခေါင်းကို ကျန်းကျင်းခိုင်၏ လက်မောင်းပေါ် တင်ရင်း ပြောလိုက်၏။

"သွားကြမယ်လေ တကယ်တော့ ညပိုင်းတွေဆို ကျောင်းအုပ်ကြီးမရှိဘူးရှင့် ပြီးတော့ ကျွန်မကလဲ ကလေးတွေကို ပုံဆွဲနည်းပဲ သင်ပေးရတာပါ"

ထို့နောက် သူတို့နှစ်ဦးသည် လက်ချင်းချိတ်လျက် မူကြိုကျောင်းဆီသို့ ချီတက်သွားကြလေသည်။

ညဘက်အတန်းမှာ သိပ်ပျင်းစရာမကောင်းလှ။ သူချစ်ရသော မိန်းကလေးသည် ကလေးများကို သင်ကြားနေသည်ကို မြင်ရခြင်းကလည်း ပျော်ရွှင်မှုတစ်မျိုးပင် မဟုတ်ပါလား။ ယောက်ျားနှင့် မိန်းမ ပထမဆုံး ချစ်မိချိန်တွင် တစ်ဦးနှင့်တစ်ဦး အရာရာကို လွယ်ကူစွာ လက်ခံနိုင်ကြသည်မှာ ဓမ္မတာသာ။ ပျားရည်ဆမ်းခရီး ကာလကုန်ဆုံးသွားမှသာ ပဋိပက္ခများ စတင်ပေါ်ပေါက်လာတတ်ပေသည်။

အားကျောက်၏အတန်းတွင် ကျန်းကျင်းခိုင်အပြင် ကလေး လေးငါးခြောက်ဦးနှင့် ၎င်းတို့၏ မိဘများလည်း ရှိနေ၏။ အားကျောက်၏ ကျောင်းသားအများစုမှာ သုံးနှစ်မှ ခုနစ်နှစ်ကြား ရှိကြသော်လည်း အလယ်တန်းကျောင်းသားတချို့လည်း ရှိနေကြသည်။ ပန်းချီဆွဲခြင်းကို ဝါသနာပါကြသောကလေးများက သူမ၏ အတန်းကို တကူးတက လာရောက်တက်ကြခြင်းပင်။ ထို့အပြင် ထူးချွန်သောပန်းချီဆရာတစ်ဦးကို ရှာဖွေရန် မလွယ်ကူလှ၍ မိဘများသည် သူတို့၏ ကလေးများကို အားကျောက်၏ အတန်းသို့သာပို့ပေးကြကုန်၏။ အကြောင်းမှာ သူမသည် မြို့တွင်းရှိ အကောင်းဆုံးဆရာများထဲမှ တစ်ဦးဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် သူမ၏ ကျောင်းသားများတွင် အသက်အရွယ်အမျိုးမျိုး ပါဝင်နေကြခြင်း ဖြစ်လေသည်။

တဦးချင်းသင်ခန်းစာစတင်ချိန်တွင် ကလေးမိဘများသည် သူတို့၏ကလေးများရှိရာသို့ သွားရောက်ပူးပေါင်းကုန်ကြသည်။ ထိုအခါ ကျန်းကျင်းခိုင်တယောက်တည်း ကျန်ခဲ့တော့သည်။ သို့သော် သူက မိဘများနှင့် ရောနှောမနေတော့ပဲ အားကျောက်နှင့် သူမ၏ကျောင်းသားများ ရေးဆွဲထားသော ပန်းချီကားများ သိမ်းဆည်းထားသည့် စင်များဆီသို့ လျှောက်လာလိုက်၏။ လွန်ခဲ့သောတကြိမ်က အားကျောက် ပန်းချီဆွဲနေစဉ် သူ တာရှီလွန်ပို ဘုန်းကြီးကျောင်းပန်းချီကားတစ်ချပ်ကို ရှာဖွေနိုင်ခဲ့သည်။ ထို့နောက် ယင်ကျီးယွမ်သည် အားကျောက်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ဤတကြိမ်တွင်လည်း သူ တခုခုတွေ့နိုးနိုး ကျန်းကျင်းခိုင် မျှော်လင့်ထား၏။

All Chapters