← Chapters

ပန်းချီကားထဲက အမျိုးသမီး

Vol. 8 Ch. 72

ပန်းချီကားထဲက အမျိုးသမီး

Vol. 8 Ch. 72

အချိန်များ မြန်ဆန်စွာ ကုန်လွန်သွားခဲ့၏။ သိပ်မကြာမီ အားကျောက်၏သင်တန်း ပြီးဆုံးသွားလေသည်။ ထို့နောက် သူမသည် ကလေးများကို အတန်းပြီးဆုံးကြောင်း ကြေငြာပြီး ကလေးများကို မိဘများထံ တစ်ဦးချင်းစီ ပြန်လည်အပ်နှံခဲ့ရာ မိဘများက အားကျောက်၏ ပရော်ဖက်ရှင်နယ်ဆန်မှုနှင့်စေတနာထားမှုကို ချီးကျူးမဆုံးအောင် ဖြစ်နေကြသည်။ အားကျောက်ကား ထိုချီးကျူးစကားများနှင့် အကျွမ်းတဝင်ရှိနေဟန်တူပြီး ရိုးရှင်းသောအပြုံးဖြင့် ပြန်လည်တုံ့ပြန်နေခဲ့လေသည်။

သို့သော် တဖက်တွင် မိဘများ ကျေးဇူးတင်ကြောင်းကို မြင်ရသောအခါ အောင်မြင်မှုတချို့ကို သူမ ခံစားနေရသည်မှာတော့ အမှန်ပင်။ တစုံတဦး၏ ကျေးဇူးတင်ခံရခြင်းကြောင့် မည်သို့ခံစားရတတ်ပုံကို ဤနေရာတွင် မြင်နိုင်ပေသည်။

“ဘာတွေကြည့်နေတာလဲ ဟန်နီ"

ကျန်းကျင်းခိုင်ထံ လျှောက်သွားရင်း သူမက မေးလိုက်၏။

“ကျွန်မတို့ ပြန်လို့ရပြီ ကလေးတွေအားလုံး အိမ်ပြန်ကုန်ပြီရှင့်"

“ဪ ဒီမှာလေ ကျုပ် မင်းရဲ့ပုံတူပန်းချီကားတွေကို ကြည့်နေတာ”

ကျန်းကျင်းခိုင်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။

"ဒါနဲ့ ဒီတစ်ပုံက…”

သူ ပုံတူပန်းချီကားတစ်ချပ်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်၏။

“ကြည့်ရတာ ဒါ အားရှာပဲ ဟုတ်တယ်မလား”

“ဟုတ်တယ်လေ”

အားကျောက်က ပုံတူပန်းချီကားကို ကြည့်ရင်း ခေါင်းညိတ်ပြလိုက်၏။

“အင်း သူပဲလေ ကဲ ကြည့်တာတော်ပါတော့လား ဘာလို့ သဲကြီးမဲကြီး ကြည့်နေတာလဲလို့ ဒါတွေက လမ်းကြားထဲက ကောင်မလေးတွေရဲ့ ပုံတူပန်းချီကားတွေချည်းပဲ"

ထို့နောက် အားကျောက်က လေသံကို နှိမ့်ပြီးပြောလိုက်၏။

"ဒါနဲ့လေ ဟန်နီရေ ကျွန်မတို့ ဒီပုံတွေ အိမ်ယူသွားရင်မကောင်းဘူးလား …တော်ကြာတယောက်ယောက် မှတ်မိနေမှဖြင့်"

“ဟုတ်တယ်၊ မင်းပြောတာ မှန်တယ်”

ကျန်းကျင်းခိုင်က ခေါင်းညိတ်ရင်း ပုံတူပန်းချီကားများကို လိပ်လိုက်သည်။

"ကျုပ်တို့ ဒါတွေကို အိမ်ယူသွားတာ ပိုကောင်းမယ်”

ထို့နောက် သူက စင်ပေါ်ကို ကြည့်ရင်း မေးလိုက်ပြန်သည်။

"ဒီစင်ပေါ်မှာရော ပုံတူပန်းချီကားတွေ အများကြီး ရှိသေးတာလား"

“မရှိပါဘူး”

အားကျောက်က ခေါင်းခါပြလိုက်၏။

"ဒီကားတွေက ကျွန်မ တလောကမှဆွဲထားတာ ဟုတ်တယ် အိမ်ပဲပြန်ယူသွားရအောင်”

ထို့နောက် သူမက ကျန်းကျင်းခိုင်ကို အကူအညီတောင်းလိုက်၏။

"ဟန်နီရေ ဒါကားတွေကို ပေါင်းပြီးလိပ်ပေးပါအုံး ကျွန်မ ချည်စရာတခုခုရှာလိုက်အုံးမယ်”

ပြောပြီးသည်နှင့် သူမက စာသင်ခုံများရှိရာသို့ ထွက်သွား၏။ ကျန်းကျင်းခိုင်အဖို့ကား ရေငတ်တုန်း ရေတွင်းထဲကျသလို ဖြစ်သွား၏။ သူသည် ပုံတူပန်းချီကားများကို အလွန်စိတ်ဝင်စားနေသည်မဟုတ်ပါလား။ အားကျောက်က ၎င်းတို့ကို အိမ်ယူလာခဲ့လျင် သူ့အနေနှင့် အေးအေးဆေးဆေး ကြည့်ရှုလေ့လာနိုင်ပေတော့မည်။ ထို့ကြောင့် ကျန်းကျင်းခိုင်က အားကျောက်ကို အားတက်သရောပင် ကူညီပေးလိုက်၏။

သူ လိပ်ထားသော ပုံတူပန်းချီကားတစ်ချပ်စီကို ဖြန့်ချပြီး စာရွက်ထိပ်များကို အလေးတုံးနှင့် ဖိ၍ မြေပြင်ပေါ်တွင် ညီညာစွာ ခင်းထားလိုက်၏။ နောက်ပန်းချီကားတချပ်ကိုလည်း ကျန်းကျင်းခိုင်က ထိုနည်းအတိုင်း လုပ်ဆောင်ခဲ့ပြန်သည်။ မကြာမီ ပန်းချီကားတချပ်မှလွဲ၍ ကျန်ပန်းချီကားတိုင်းကို သူ ညီညာစွာ စီထားလိုက်နိုင်၏။ သို့သော် နောက်ဆုံးပန်းချီကားတချပ်ကို ဖြန့်အခင်းဝယ် မထင်မှတ်သောမျက်နှာတခုကို ကျန်းကျင်းခိုင် မြင်တွေ့လိုက်ရ၏။

ခြောက်ခြားစရာအသံများ ကျန်းကျင်းခိုင်၏ နားထဲတွင် နောက်တကြိမ် မြည်ဟိန်းလာပုံရသည်။ ထိုအမျိုးသမီး၏ မျက်နှာကား ပန်းချီကားထဲမှ ပေထွက်လာလုနီးပြီဟု ထင်နေရသည်။ ထိုမျက်နှာသည် ဖြူလျော်ပြီး အရောင်အသွေးကင်းမဲ့သော မျက်နှာတစ်ခု ဖြစ်ပေသည်။ သူမ၏ လက်သည် ပန်းချီကားအပြင်သို့ ဆန့်ထွက်လာပုံရပြီး စက္ကူတရွက်ကို ကြိတ်ချေလိုက်သောအသံမျိုး ထွက်ပေါ်လာ၏။

ထိုအချိန်မှာပင်

“ဟန်နီ ရှင်အဆင်ပြေရဲ့လား”

အားကျောက် ကြိုးတစ်ချောင်းနှင့် ပြန်ရောက်လာပြီး မေးလိုက်၏။ ထိုအချိန်တွင် ကျန်းကျင်းခိုင်သည် ပန်းချီကားတစ်ချပ်ကို မျက်စေ့ပျက်မျက်နှာပျက်နှင့် စိုက်ကြည့်နေ၏။ သူ့မျက်နှာမှာလည်း သွေးမရှိတော့သကဲ့သို့ ဖြူလျော်နေလေသည်။ ကျန်းကျင်းခိုင်၏ ပုံစံကြောင့် အားကျောက် အံ့သြသင့်သွားပြီး စိုးရိမ်တကြီးနှင့် မေးလိုက်သည်။

"ဟန်နီ ရှင် ဘာဖြစ်နေတာလဲ နေလို့ကောင်းရဲ့လား”

“ဪ ရပါတယ်ကွာ ဘာမှမဖြစ်ပါဘူး”

အားကျောက်ခေါ်သံကြားလိုက်မှ ကျန်းကျင်းခိုင် သတိပြန်ဝင်လာ၏။

"တောင်းပန်ပါတယ်ကွာ ကျုပ် စိတ်နည်းနည်းလွတ်သွားတယ်"

အထက်ပါအတိုင်းပြောလိုက်ရသော်လည်း ရင်ထဲအသည်းထဲမှ တိုးထွက်လာသည့် ကြောက်စိတ်ကို ကျန်းကျင်းခိုင် အတင်းပင် ဖိနှိပ်နေရ၏။ ပန်းချီကားတစ်ချပ်ကြောင့် ကြောက်လန့်တကြားဖြစ်သွားသည်ဟု ဝန်ခံရခြင်းမှာ ယောက်ျားအတွက် ရှက်စရာကောင်းပေသည်။ ရဲအရာရှိတစ်ဦးအတွက်ဆိုလျင် ပြောနေစရာပင် မလိုတော့။

"ဟုတ်ရဲ့လား ရှင်သေချာလို့လား”

အားကျောက်က ကျန်းကျင်းခိုင်၏ မျက်နှာကို ဂရုတစိုက် ကြည့်ရင်း မေးလိုက်ပြန်သည်။ ထို့နောက် သူမ သူ့မျက်နှာနှင့် နဖူးကို စမ်းကြည့်လိုက်ပြန်၏။

“ရှင် အဖျားတော့မရှိပါဘူး"

“ဟဲဟဲ အရူးမလေး ကျုပ် ဘာမှမဖြစ်ပါဘူးဆိုမှပဲ”

ထို့နောက် သူ အားကျောက်ကိုဖက်ရင်း နှစ်သိမ့်လိုက်ပြန်သည်။

“ကျုပ် နေကောင်းပါတယ် တကယ်ပါကွ နေ့ခင်းတုန်းက အလုပ်အကြောင်းစဥ်းစားပြီး စိတ်လွတ်သွားတာလောက်ပါပဲ နေ့ခင်းက ကျုပ်တို့ အလောင်းတစ်လောင်းကို ပြန်ဖော်ခဲ့တယ်လေ အဲဒီအကြောင်းကို ကျုပ် စိတ်စွဲနေတာဖြစ်လိမ့်မယ်"

“ဪ ဟုတ်ပြီ ကျွန်မ နားလည်ပြီ ကိုယ့်ကိုကိုယ် ဂရုစိုက်ရမှပေါ့ နောက်ဆို ဒီလောက် အလုပ်တွေမကြိုးစားတော့နဲ့နော် သိလား"

သူမအနေနှင့် ကျန်းကျင်းခိုင်၏ ရှင်းပြချက်တွင် မူမမှန်အရာမျိုး ရှိနေကြောင်း သတိမထားမိလိုက်ချေ။ ဝါရင့်ရဲအရာရှိတစ်ဦးဖြစ်သည့် ကျန်းကျင်းခိုင်လိုလူမျိုးက ပန်းချီကားတချပ်ကို မြင်ရုံနှင့် ကြောက်လန့်တကြားဖြစ်သွားခြင်းမှာ အလွန်ထူးဆန်းနေ၏။ သို့သော် ၎င်းကို သူမ လုံးဝ သတိမထားမိချေ။ ကျန်းကျင်းခိုင်ပြောသမျှ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူမ အလိုလို ယုံမိနေသည် မဟုတ်ပါလား။

“စိတ်မပူပါနဲ့ကွာ နောက်ဆို ကျုပ် ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ့မယ် ဟုတ်ပြီလား”

ကျန်းကျင်းခိုင်က အားကျောက်ကို ဆက်လက်ပွေ့ဖက်ထားရင်း သူ ဘာမှမဖြစ်ကြောင်း စိတ်မပူစေရန် နှစ်သိမ့်နေလေသည်။ သို့သော် အခန်းထဲတွင် နှစ်သိမ့်မှုကို တကယ်လိုအပ်နေသူမှာ အားကျောက်မဟုတ်ပဲ ကျန်းကျင်းခိုင်ကိုယ်တိုင် ဖြစ်နေ၏။ သူ့မျက်လုံးများက ထိုပန်းချီကားကို အလိုအလျောက် စိုက်ကြည့်မိပြန်သည်။ ထို့နောက်သူက အရေးမပါသလို ဟန်ဆောင်ကာ အားကျောက်ကို မေးလိုက်၏။

“ကျီးယွမ် အဲဒီပန်းချီကားထဲက အမျိုးသမီးက ဘယ်သူလဲ မင်းဆွဲထားတာ တော်တော်အသက်ဝင်တာပဲ"

“အဲဒီပန်းချီကားတွေအားလုံးက ကျွန်မရဲ့ အရင်တုန်းက အစ်မတိုင်းရဲ့ ပုံတူတွေပဲလေ "

အားကျောက်က ကျန်းကျင်းခိုင်ရင်ခွင်ထဲ ခေါင်းမှီထားရင်း ပန်းချီကားကို လှည့်မကြည့်ပဲ ဖြေလိုက်၏။

“ဟန်နီရေ ကျွန်မတို့ ဒါတွေကို ထုပ်ပိုးပြီး အိမ်ပြန်ရအောင်လေ"

“ဪ အေး အေး ဟုတ်ပြီ"

မိမိလိုချင်သော အဖြေကိုမရ၍ ကျန်းကျင်းခိုင် အခက်တွေ့သွား၏။ ထို့ကြောင့် သူက မေးခွန်းကို နောက်တကြိမ် တဖက်လှည့်နှင့် မေးလိုက်ပြန်သည်။

“ဒါဆို ဒီအမျိုးသမီးတွေအားလုံးက မင်းရဲ့ အရင်ဘဝက အစ်မတွေပေါ့ ဟုတ်လား ကျုပ်တော့ အဲဒီပန်းချီကားထဲက အမျိုးသမီးကို အရင်တုန်းက မြင်ဖူးသလိုလိုပဲကွ”

“တကယ်လား”

ဤတကြိမ်တွင်တော့ အားကျောက်က မေးရင်း ပန်းချီကားကို လှည့်ကြည့်လိုက်သည်။

“ဪ၊ အစ်မရှုပဲ ကံဆိုးတာပဲ အခုဆို သူမှမရှိတော့တာ"

“အားရှုဟုတ်လား”

အားကျောက်ဆီမှ ထိုနာမည်ကို ကြားလိုက်ရသည်နှင့် ကျန်းကျင်းခိုင် ဘာကြောင့်မှန်းမသိပဲ ကြက်သီးထသွား၏။ ထိုပန်းချီကားထဲက အမျိုးသမီးသည် လမ်းကြားထဲမှ အခန်းထဲတွင် သူမြင်ခဲ့ရသည့် အမျိုးသမီးနှင့် တထပ်တည်းတူညီနေသည်မဟုတ်ပါလား။

“ဟုတ်ပ အဲဒါ အစ်မရှုပဲလေ ဒါနဲ့ ဟန်နီ ရှင်တကယ်အဆင်ပြေရဲ့လား"

"စိတ်ချပါကွာ ကျုပ် အဆင်ပြေပါတယ် ကဲ လာ လာ ဒီပန်းချီကားတွေ ထုပ်ပိုးပြီး ပြန်ကြရအောင်"

ထို့နောက် သူက ပန်းချီကားများကို ကြိုးဖြင့်ချည်လိုက်ပြီး အားကျောက် ရှာပေးထားသည့် အိတ်ကြီးထဲသို့ ထည့်လိုက်၏။

အပြန်လမ်းတွင် ကျန်းကျင်းခိုင် အထူးပင် နှုတ်ဆိတ်နေ၏။ ကျန်းကျင်းခိုင် အကြောင်းတစုံတရာကြောင့် စိတ်ရှုပ်ထွေးနေမှန်း သဘောပေါက်လိုက်သော အားကျောက်ကလည်း အလိုက်တသိပင် စကားမပြောပဲ လျှောက်လာခဲ့လေသည်။ သူမသည် ထက်မြက်သော အမျိုးသမီးဖြစ်သည်။ ဘယ်အချိန်တွင် ဘယ်လိုနေထိုင်ရမည်ကို ကောင်းကောင်း သိထား၏။ တကယ်တော့ အမျိုးသမီးတိုင်း အားကျောက်ကို နမူနာယူသင့်၏။ သို့သော် ကံဆိုးစွာပင် အမျိုးသမီးအများစုသည် စိတ်တည်ငြိမ်မှုမရှိပဲ သွေးဆူလွယ်ကြ၏။

“ကဲ နောက်ဆုံးတော့ အိမ်ရောက်ပါပြီရှင်"

အိမ်ထဲရောက်သည်နှင့် အားကျောက်က ပြောလိုက်၏။

"ဟန်နီ ကျွန်မ ရေချိုးတော့မယ် အဲဒီပန်းချီကားတွေက်ို ရှင်ပဲ နေရာချထားလိုက်တော့နော်"

ကျန်းကျင်းခိုင် အံ့သြသင့်စွာနှင့် မေးလိုက်၏။

"ကျုပ်က ဒါတွေ ဘယ်နားမှာ ထားရမှာလဲ”

“ဘယ်မှာထားထား” ဟု အားကျောက်က ရေချိုးခန်းတံခါးကို ပိတ်ရင်း ပြောလိုက်သည်။

"ပန်းချီကားတွေအကုန်လုံးက ရှင့်အတွက်ပဲ ဒါကြောင့် ရှင် ကြိုက်တဲ့နေရာမှာ ကြိုက်သလိုထား"

"အင်း ဒါဆိုလဲ ကောင်းပြီလေ”

သူ့စိတ်ထဲရှိအတွေးများကို အားကျောက် သိသွားပြီမှန်း ကျန်းကျင်းခိုင် သဘောပေါက်လိုက်၏။ ထို့ကြောင့် သူကလည်း ပြတ်ပြတ်သားသားပင်ပြောလိုက်လေသည်။

"ဒါဆိုလဲ ကျီးယွမ် ကျုပ်ကို တစ်ခု ကူညီပေးပါလား ဒီပုံတူပန်းချီကားတစ်ခုချင်းစီရဲ့ အောက်မှာ အမျိုးသမီးတွေရဲ့ နာမည် ခန့်မှန်းအသက်နဲ့ စရိုက်လက္ခဏာတွေကို မင်းက ရေးပေးစေချင်တယ်"

“ရတာပေါ့ရှင်"

ဟု အားကျောက်က ချစ်စဖွယ်ဟန်ပန်ဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

All Chapters