အိပ်မက်လား လက်တွေ့လား
Vol. 8 Ch. 73
ကျန်းကျင်းခိုင် ရေချိုးခန်းထဲမှ ထွက်လာချိန်တွင် အားကျောက်တယောက် ပန်းချီကားများပေါ် မှောက်လျက်သားအိပ်ပျော်နေခဲ့လေပြီ။ သူမ အမှန်တကယ် နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်နေခြင်းဖြစ်သည်။ ခပ်တိုးတိုးဟောက်သံများပင် ကြားနေရသေး၏။ ကျန်းကျင်းခိုင် သူမဆီ လျှောက်သွားပြီး ဆံပင်များကို ဖွဖွလေး ဖယ်ပေးလိုက်သည်။ သူမ၏ ဆံပင်များက အတော်ပင်ပြန်ရှည်လာပေပြီ။ ထို့နောက် သူ သူမ၏ပါးကို ဖွဖွလေး နမ်းရင်း အိပ်ယာပေါ် ရွှေ့ပေးလိုက်လေသည်။ အားကျောက်၏ပါးစပ်မှ ယောင်ယမ်းသံတချို့ ထွက်နေ၏။
“ဆူမနေနဲ့နော် ကျွန်မ အလုပ်လုပ်အုံးမယ်…”
အားကျောက်၏ ယောင်ယမ်းသံကြောင့် ကျန်းကျန်းခိုင် သဘောကျဟန်ဖြင့် ပြုံးလိုက်သည်။ သူ ဘာမှ ပြန်ပြောမနေတော့။ ပြန်ပြောလျင်လည်း သူမ ကြားလိမ့်မည်မဟုတ်။ ထို့နောက် ကျန်းကျင်းခိုင် ကြည်ကြည်နူးနူးနှင့် အားကျောက်ဘေးတွင် လှဲချလိုက်၏။ သူ သူမ၏ နုနယ်လှပသော မျက်နှာလေးကို ငေးမောကြည့်နေမိလေသည်။ သူ အားကျောက် အိပ်ပျော်နေသည့်အချိန် ငေးနေရခြင်းမျိုးကို သဘောကျ၏။ သိပ်မကြာမီ ကျန်းကျင်းခိုင်ကိုယ်တိုင်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေသည်။ စိတ်အေးလက်အေးနှင့် အိပ်ပျော်သွားခြင်း ဖြစ်သည်။ ကြည့်ရသည်မှာ အားကျောက်တွင် ကျန်းကျင်းခိုင်၏စိတ်ကို ငြိမ်းချမ်းစေနိုင်သော အစွမ်းတရပ် ရှိနေပုံရ၏။
နောက်တစ်နေ့မနက် ကျန်းကျင်းခိုင် မျက်လုံးဖွင့်လိုက်ချိန်တွင် အားကျောက်တယောက် အိပ်ယာမှ နိုးနေခဲ့ပေပြီ။
“ဟော ဟန်နီ နိုးပြီလား”
အားကျောက်က လှည့်ကြည့်ရင်း မေးလိုက်သည်။
“တောင်းပန်ပါတယ်နော် ကျွန်မ အိပ်ပျော်သွားလို့ပန်းချီကားတွေပေါ် စာရေးတာ မပြီးလိုက်ဘူး”
“ကိစ္စမရှိပါဘူးကွာ”
ကျန်းကျင်းခိုင်က ပြန်ဖြေလိုက်သည်။
“ဆက်အိပ်ပါအုံး ကျုပ် အလျင်မလိုပါဘူးကွ”
“တော်ပြီ"
အားကျောက်က ခေါင်းခါပြလိုက်၏။
"ကျွန်မရဲ့ ချစ်သူက တစ်ခုခု လုပ်စေချင်ရင် ကျွန်မ ချက်ချင်းလုပ်ရမှာပေါ့လို့"
ထို့နောက် သူမ နောက်လှည့်ပြီး ပန်းချီကားများပေါ်တွင် စာများစတင်ရေးသားလိုက်လေသည်။
“ရှင်ပဲဆက်အိပ်”
“ကောင်းပါပြီဗျာ"
ထိုသို့ဖြေလိုက်သော်လည်း ကျန်းကျင်းခိုင် ဆက်မအိပ်တော့ပဲ မျက်နှာသစ်သွားတိုက်ပြီး မနက်စာစားသောက်ရန် ပြင်ဆင်လိုက်လေသည်။
မနက်စာစားပြီးသည်နှင့် ကျန်းကျင်းခိုင်က အားကျောက်ကို မူကြိုကျောင်း လိုက်ပို့ပေး၏။ သူမ ကျောင်းထဲ ဝင်သွားသည်ကို ထုံးစံအတိုင်း သူ စောင့်ကြည့်ပြီးမှ ကျန်းကျင်းခိုင် ပြန်လာခဲ့လေသည်။ ဤနေ့တော့ သူ့လက်ထဲတွင် ပန်းချီကားများ တထပ်ကြီး ပါလာ၏။ ကျန်းကျင်းခိုင် သိလိုသည့်အချက်အလက်များကို အားကျောက်က ပြီးစီးအောင် ရေးသားခဲ့ပြီး ဖြစ်သည်။
ရုံးခန်းသို့ရောက်သည်နှင့် ကျန်းကျင်းခိုင်သည် ပုံတူပန်းချီများကို တချပ်ချင်းစီ အာရုံစိုက်ကြည့်ရှုနေလေသည်။ အားကျောက် ရေးဆွဲထားသော ရုပ်ပုံများနှင့် စာများကိုဖတ်ရင်း သူက ပန်းချီကားများထဲမှ မိန်းကလေးများ၏ ဘဝကို နားလည်လာသလို သူ ခံစားနေရ၏။
နေ့လယ်စာစားပြီးချိန်တွင် လူရှောက်ချိန်တယောက် ကျန်းကျင်းခိုင်၏ရုံးခန်းထဲ ဝင်လာရင်း ပြောလိုက်သည်။
"အင်စပက်တာကျန်း အာကျူးရဲ့သေဆုံးခြင်းအစီရင်ခံစာ ခုပဲရောက်လာတယ် စစ်ဆေးချက်အရတော့ သေဆုံးရတဲ့ အကြောင်းရင်းဟာ မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲမှုကြောင့်လို့ကောက်ချက်ချထားပါတယ်”
"အင်း ကောင်းပြီ”
ကျန်းကျင်းခိုင် ခေါင်းမသိမသာညိတ်ပြပြီး ပန်းချီကားများကို ဆက်ကြည့်နေ၏။ ပြီးမှ သူ တစုံတခုကို သတိရလာဟန်ဖြင့် ပြောလိုက်သည်။
“ဪ ဒါနဲ့ ရှောက်ချိန်ရေ ကျန်းနန်ကို ဖုန်းခေါ်လိုက် အားချွန်ကို သီးသန့်ချုပ်ထားပါလို့ ပြီးတော့ သူ့လုံခြုံရေးကိုလဲ အထူးဂရုစိုက်ပါလို့"
အားချွန်ကို ဘာလုပ်သင့်မှန်း ရုံးရောက်ကတည်းက ကျန်းကျင်းခိုင် တွေးနေခဲ့၏။ ပုံမှန်လုပ်ထုံးလုပ်နည်းအရဆိုလျင် အားချွန်ကို လက်ထောက်ခရိုင်ရုံးသို့ လွှဲပြောင်းပေးရန် သူ ကျန်းနန်အား ညွှန်ကြားသင့်၏။ သို့သော် သူ ထိုသို့ မညွှန်ကြားခဲ့။ အကြောင်းမှာ အားရှူ၏အမှုသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့နှင့် ဆက်နွှယ်မှုရှိနေသည်ဟု သူယုံကြည်နေသောကြောင့်ပင်။ သို့သော် အားရှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့သည် မည်သို့မည်ပုံ ဆက်နွယ်နေသနည်း။ ၎င်းမှာ ကျန်းကျင်းခိုင် ခေါင်းရှုပ်နေရသည့် အချက်တချက်ပင်။ မည်သို့ဆိုစေ လက်ရှိတွင် အားချွန်ကို လွှဲပြောင်းမိန့်ပေးလိုက်လျင် ရဲဌာနအတွင်းတွင် ပဋိပက္ခတစ်ခုကို ဖြစ်ပေါ်လာနိုင်စေပြီး ၎င်းမှာ အားချွန်၏ ဘေးကင်းမှုကိုပင် ထိခိုက်စေနိုင်သည်။ သို့မဟုတ် အမှုအပေါ် သက်ရောက်မှုများ ရှိလာနိုင်ပေသည်။ အခြေအနေများအရ လက်တလောတွင် ကျန်းကျင်းခိုင် ရဲဌာနထဲမှ လူတိုင်းကို မယုံကြည်တော့။ အထက်ပါ အကြောင်းပြချက်များအရ အားချွန်ကို ကျန်းနန်၏စခန်းတွင် ဖမ်းချုပ်ထားခြင်းကသာ အကောင်းဆုံးအဖြေ ဖြစ်နေပေသည်။
“ဟုတ်ကဲ့ အင်စပက်တာ”
လူရှောက်ချိန် အမိန့်အတိုင်း ဆောင်ရွက်ရန် လှည့်ထွက်သွားသည်။ ထိုအချိန်မှာပင် ကျန်းကျင်းခိုင်က သူ့ကို လှမ်းခေါ်လိုက်၏။
"ရှောက်ချိန် ဒီကိုလာပြီး ကြည့်စမ်းပါအုံးကွ"
လူရှောက်ချိန် ပြန်လှည့်လာ၏။ ထိုစဥ် ကျန်းကျင်းခိုင်က ပန်းချီကားတချပ်ကို လက်ညိုးထိုးပြရင်း မေးလိုက်သည်။
"သူ ဘယ်သူနဲ့တူလဲ ကြည့်စမ်း"
“ဒါ ကျွန်တော့်ညီမပဲ"
ပုံတူပန်းချီကားကိုကြည့်ရင်း လူရှောက်ချိန် ပါးစပ်အဟောင်းသား ဖြစ်သွား၏။
"အင်စပက်တာကျန်း တူလိုက်တာ ဒါဘယ်သူဆွဲတာလဲ”
“မမျှော်လင့်ပဲ ရလာတာ”
ထို့နောက် ကျန်းကျင်းခိုင်က လက်ဝှေ့ယမ်းပြရင်း လူရှောက်ချိန်ကို ပြောလိုက်ပြန်သည်။
“ကဲ ကဲ ရပြီ ကျုပ်အမိန့်အတိုင်း ကျန်းနန်ကို လုပ်ခိုင်းလိုက်တော့ ပြီးရင် မင်းကတော့ ကျုပ်ကို ခနစောင့်… ကျုပ်တို့ ကျန်းနန်ဆီကို အတူတူသွားတွေ့ကြမယ်"
ကျန်းကျင်းခိုင်၏ ထူးဆန်းသောအမိန့်ကြောင့် လူရှောင်ချိန် နဝေတိမ်တောင် ဖြစ်နေလေသည်။ ကျန်းကျင်းခိုင် ဘာကြောင့် ခနစောင့်ခိုင်းမှန်း သူ နားမလည်ချေ။ သို့သော် ထိုအချိန်တွင် ကျန်းကျင်းခိုင်၏ အာရုံက ပန်းချီကားများထံ ပြန်ရောက်သွားပြန်သဖြင့် သူ ကျန်းနန်ကို ဖုန်းဆက်ရန် လူရှောက်ချိန် ဆုံးဖြတ်လိုက်လေသည်။
တိုင်ကပ်နာရီမှ သုံးချက်ထိုးသံ မြည်လာ၏။ ထိုအချိန်မှ ကျန်းကျင်းခိုင် ထိုင်ခုံမှထရပ်ရင်း ပန်းချီကားတချို့ကို လိပ်ကာ ရုံးခန်းထဲမှ ထွက်လာခဲ့၏။
“ရှောက်ချိန် မင်း ဖုန်းခေါ်ပြီးပြီလား”
သူ လူရှောက်ချိန်ကို မေးလိုက်၏။
“ဟုတ်ကဲ့ အင်စပက်တာ”
လူရှောက်ချိန်က ပြန်ဖြေလိုက်လေသည်။
“ကောင်းပြီ ကျုပ်တို့ သွားကြမယ်"
ထို့နောက် သူတို့နှစ်ယောက် ကျူအန်းနယ်မြေရဲစခန်းသို့ ထွက်လာခဲ့ကြလေသည်။
လက်ထောကိခရိုင်ရုံးနှင့် ကျူအန်ရဲစခန်းမှာ သိပ်မဝေးလှ။ ကားမောင်းသွားလျင် ဆယ်မိနစ်ခန့်သာ သွားရပေသည်။ လမ်းတလျှောက်လုံးတွင် ကျန်းကျင်းခိုင် မျက်မှောင်ကုတ်နေ၏။ သူ တခုခုကို အကြီးအကျယ် အဖြေရှာနေသည်မှာ ထင်ရှားနေ၏။
“ဟော အင်စပက်တာကျန်း ဒီကို ဘာလာလုပ်တာတုန်း"
အခန်းတံခါးကိုဖွင့်ပြီးဝင်လာသော လူရှောက်ချိန်နှင့်ကျန်းကျင်းခိုင်ကို မြင်လိုက်ရ၍ ကျန်းနန် အံ့သြတကြီး ဖြစ်သွား၏။
“ရှောက်ချိန် ဖုန်းဆက်လို့ ကျုပ် သိပြီးပါပြီ အားချွန်ကို ညွှန်ကြားချက်အတိုင်း လုပ်ထားပြီးပြီ"
"ဟဲဟဲ ထူးဆန်ူတာလေးတွေ နည်းနည်းတွေ့လာတာရှိလို့ ခင်ဗျားနဲ့များ ဆွေးနွေးကြည့်မလားလို့ ခင်ဗျားလူတွေကို ရှောက်ချိန်နဲ့အတူလွှတ်ပြီး စစ်ကြောရေးအခန်းလေး ပြင်ခိုင်းစမ်းပါအုံးဗျာ"
“ရတာပေါ့အင်စပက်တာ"
သူ့နှင့် တဦးချင်းသီးသန့်ပြောလို၍ လူရှောက်ချိန်ကို ပထုတ်လိုက်မှန်း ကျန်းနန် ချက်ချင်းသိလိုက်သည်။ ထိုအခါ ကျန်းနန်က ထပြီး သူ့အရာရှိတစ်ဦးကို ခေါ်လိုက်၏။
“ဟေ့ ကောက်ဝေ ဒီကိုလာအုံး လက်ထောက်ခရိုင်ရုံးကအဖွဲ့တွေ စစ်ကြောရေးရှိလို့ စစ်ကြောရေးအခန်းကို ဟောဒီက ရှောက်ချိန်နဲ့အတူ သွားပြင်လိုက်ပါအုံးကွာ"
လူရှောက်ချိန် ထွက်သွားသည်နှင့် ကျန်းကျင်းခိုင်က ပန်းချီကားများကို ထုတ်ပြီး ကျန်းနန် ရုံးခန်းထဲက ကော်ဖီစားပွဲပေါ် ဖြန့်ချလိုက်သည်။
“ဆရာကျန်း ဒီကိုလာကြည့်ပါဦး ခင်ဗျား မှတ်မိတဲ့လူတွေများ ရှိသလားဆိုတာ"
“ဟုတ်ကဲ့”
ကျန်းနန်က ကော်ဖီစားပွဲဆီလျှောက်သွားရင်း ပန်းချီကားများကိုကြည့်ကာ သူမှတ်မိသူများကို တဦးချင်း ရွတ်ပြလိုက်လေသည်။
"ဒါက အားမေ… ဒါက အားရှာ… ပြီးတော့… ဟုတ်ပြီ!ဒီတယောက်က အားရှာနဲ့အတူရှိတဲ့ ကောင်မလေးပဲ တရက်ကမှ ဆုံးသွားတဲ့ အားချွေ”
ကျန်းနန်က ပုံထဲမှ မိန်းကလေးတိုင်းကို လမ်းကြားထဲမှ ပြည့်တန်ဆာများအဖြစ် အလွယ်တကူ မှတ်မိနေပုံရသည်။ နောက်ဆုံးတွင်မှ ကျန်းကျင်းခိုင်က သူ့ကိုထိတ်လန့်စေခဲ့သောပန်းချီကားကို ကျန်းနန်ရှေ့သို့ ချပြလိုက်သည်။ ကျန်းနန် စဉ်းစားမနေပဲ ပြန်ဖြေလိုက်သည်။
"ဒါ အားရှူပဲ"
“အားရှူတကယ်ပဲလား ခင်ဗျား သေချာလို့လား"
“သေချာတာပေါ့ဗျာ ကျွန်တော် သူ့ကို ဖမ်းဆီးပြီး စစ်ဆေးဖူးတာပဲလေ လွဲစရာမှမရှိတာ”
ကျန်းနန်က ကျန်းကျင်းခိုင်၏ မေးခွန်းကို ရယ်မောရင်း ပြန်ဖြေလိုက်၏။
“သူက အတော်လေးကို ကိုင်တွယ်ရခက်တဲ့ အမျိုးသမီးတစ်ယောက်ပဲဗျ သူ့ကို ကျွန်တော် သေသေချာချာကို မှတ်မိနေတယ်"
ထို့နောက် ကျန်းနန် သက်ပြင်းချလိုက်လေသည်။
“ဒီပုံတွေ ဘယ်သူများဆွဲတာပါလိမ့် တကယ့်ကို အသက်ဝင်လွန်းတယ်ဗျာ"
“ဒါဆို သူ တကယ် အားရှူပဲ…”
သို့သော် သူ ခေါင်းခါရင်း ရေရွတ်လိုက်ပြန်သည်။
“ဒါပေမဲ့ သူ ဘယ်လိုလုပ် အားရှူ ဖြစ်နိုင်မှာလဲ”
“ဘာတွေဖြစ်နေတာလဲ အင်စပက်တာကျန်း”
ကျန်းကျင်းခိုင်၏ အမူအရာကို ကြည့်ပြီး ကျန်းနန် စိုးရိမ်တကြီး ဖြစ်လာ၏။
“ဒီလိုဗျ...အားရှူ သေဆုံးတဲ့ညက ဒီပန်းချီကားထဲက အမျိုးသမီးကို ကျွန်တော် မြင်ခဲ့ရသလိုပဲ ဟုတ်တယ် ကျွန်တော် အဲဒီအတိုင်းပဲ ခံစားနေရတယ်"
ကျန်းကျင်းခိုင်၏မျက်နှာပေါ်တွင်တော့ စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေလေသည်။