← Chapters

အားရှု မသေသေးဘူးလား

Vol. 8 Ch. 74

အားရှု မသေသေးဘူးလား

Vol. 8 Ch. 74

အားရှုသေဆုံးခဲ့သည််ညက သူမြင်ခဲ့ရသမျှများကို စိတ်ထင်ခြင်းဟုသာ ယူဆသည့်တိုင် ကျန်းကျင်းခိုင်က ကျန်းနန်ကို အသေးစိတ် ပြန်ပြောပြလိုက်၏။ ကျန်းကျင်းခိုင်၏ စကားကို နားထောင်ပြီး ကျန်းနန် မျက်မှောင်ကြုတ်လိုက်မိသည်။ ကျန်းကျင်းခိုင်သည် သတိကြီးပြီး ချင့်ချိန်တတ်တဲ့သူတစ်ယောက်မှန်း သူ သိထား၏။ ထို့ကြောင့်ဤဇာတ်လမ်းမျိုးကို ဖန်တီးပြောဆိုဖို့ဟူသည်မှာ မဖြစ်နိုင်ချေ။။ ထို့ပြင် ရဲတပ်ဖွဲ့တွင် ဆယ်စုနှစ်တစ်ခုကျော် အတွေ့အကြုံရှိသော ဝါရင့်ရဲအရာရှိတစ်ယောက်အနေနှင့် ကျန်းကျင်းခိုင်သည် အလောင်းပေါင်း ရာနဲ့ချီ မဟုတ်လျင်ပင် အနည်းဆုံး အလောင်းတစ်ရာခန့်တော့ မြင်ဖူးခဲ့ပြီးချေပြီ။ ဒါကြောင့် လူသေအလောင်းကို မြင်ရုံနဲ့ သူကြောက်လန့်တကြားဖြစ်စရာ အကြောင်းမရှိ။ထို့ကြောင့် ကျန်းကျင်းခိုင်၏ စကားကို သူပယ်ချရန် အကြောင်းပြချက်မရှိပဲ ဖြစ်နေ၏။

"အင်စပက်တာ စစ်ကြောရေးအခန်း အဆင်သင့်ဖြစ်ပါပြီ"

ထိုစဥ် လူရှောက်ချိန်က ဝင်လာပြီးပြောလိုက်လေသည်။

"အားချွန်ကို အရင်မေးမယ်"

ကျန်းကျင်းခိုင်က ကျန်းနန်ကို အဓိပ္ပါယ်ပါပါလှမ်းကြည့်ရင်း ပြောလိုက်၏။

"ဒီလိုလုပ်ပါလား ရှောက်ချိန် မင်းနဲ့ကောက်ဝေက အားချွန်ကို ခေါ်လာခဲ့ ဆာဂျင်ကျန်းနဲ့ ကျုပ်က စစ်ကြောရေးလုပ်မယ်"

ငါးမိနစ်အကြာမှာတွင် အားချွန်ကို စစ်ကြောရေးခန်းထဲသို့ သူတို့ ခေါ်လာကြ၏။ နှိပ်စက်ခြင်းမခံထားရသည့်တိုင် အားချွန်၏ပုံစံမှာ စိတ်ပျက်လက်ပျက် ဖြစ်နေ၏။ သသူ အားကျူးနှင့်ပတ်သက်သည့်အကြောင်းအရာများကို ကျန်းကျင်းခိုင်အား ပြောပြမိသည့်အတွက် သူ နောင်တရနေမိ၏။

ငါတော်တော်မိုက်တာပဲဟု သူ တွေးနေမိလေသည်။ အကယ်၍ အားကျူး ရဲများကိုကြောက်၍ မြို့မှထွက်သွားပြီးဟု ပြောလိုက်လျင် ရဲအများစုက ယုံကြည်လိမ့်မည်သာ။ သို့သော် သူကမူ အာကျူးတယောက် မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲပြီး သေဆုံးသွားပြီဟု ဝန်ခံမိလိုက်၏။ တုံးအလွန်းသည့်အတွက် အားချွန် ကိုယ့်ကိုယ်ကို အကြီးအကျယ် အပြစ်တင်နေမိ၏။ ၎င်းမှာ အားကျူးသေဆုံးသွားခြင်းကြောင့်တော့မဟုတ်။၊ စကားမှားပြောမိခြင်း၊ ကိုယ့်ကိုယ်ကို ဒုက္ခရောက်အောင် လုပ်မိနေခြင်းကြောင့်သာ ဖြစ်သည်။

"အားချွန် အားကျူးရဲ့ သေဆုံးမှုအကြောင်းရင်းစစ်ဆေးချက် အစီရင်ခံစာတော့ ထွက်လာပါပြီ"

ကျန်းကျင်းခိုင်က ပြောလိုက်၏။

"သူ မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲလို့ သေဆုံးခဲ့တာအမှန်ပဲ သူ့ခန္ဓာကိုယ်မှာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမှ ရှိမနေဘူး ဒီတော့ ခင်ဗျား ဒီအမှုနဲ့ဘာမှမဆိုင်ဘူးဆိုတာ ကျုပ်တို့ အတည်ပြုလိုက်နိုင်ပြီ"

နောက်ဆုံးစကားလုံးကိုကြားလိုက်သောအခါ အားချွန် ထိုင်ခုံမှပင် ပြုတ်ကျသွားတော့သည်။ ကျန်းကျင်းခိုင်တွင် ဤသို့ သတင်းကောင်းမျိုး ပါလာမည်ဟု သူ လုံးဝထင်မထားချေ။ အားချွန် အကြီးအကျယ် ပျော်သွား၏။ ထိုအခါ သူက ကျေးဇူးတင်စကား ပြောလိုက်လေသည်။

"ကျေးဇူး...ကျေးဇူးတင်ပါတယ် အင်စပက်တာ ကျေးဇူးတင်ပါတယ် ကျွန်တော့်မှာ ဇနီးနဲ့ ကလေးရှိပါတယ် ကျွန်တော် လူသတ်သမားမဟုတ်ရပါဘူးဗျာ"

"ရပြီ! ရပြီ"

ကျန်းနန် စိတ်ရှုပ်လာဟန်ဖြင့် တားဆီးလိုက်သည်။

"ခင်ဗျား အားကျူးကို မသတ်ခဲ့ရုံနဲ့ လွတ်ပြီလို့ မဆိုလိုပါဘူး ခင်ဗျား ဘာလို့ သူ့အလောင်းကို ဖျောက်ဖျက်ပစ်ရတာတာလဲ ဒါလဲ ဥပဒေချိုးဖောက်တာပဲဗျ"

အစိုးရမှ သေဆုံးသူများ၏ အလောင်းကို မြှုပ်နှံခြင်းမပြုမီ မီးသင်္ဂြိုဟ်ရန် အမိန့်ထုတ်ထား၏။ သို့သော် အားချွန်က ဥပဒေများကို လုံးဝလျစ်လျူရှုထားလေသည်။ ၎င်းသည် ပစ်မှုမြောက်နေ၏။

"ကျွန်တော်...ကျွန်တော် မှားပါတယ် ကျွန်တော် မှားသွားမှန်း သိပါပြီဗျာ"

အားချွန်မှာ ဆက်တိုက်ဆိုသလို တောင်းပန်နေပြန်၏။

"ဆာဂျင်ကျန်း ကျွန်တော် မှားသွားပါတယ်ဗျာ နောက်မလုပ်တော့ပါဘူးလို့ ကတိပေးပါတယ်"

"ကောင်းပြီ ဒါဆို ခင်ဗျားကို မေးမယ်"

ကျန်းကျင်းခိုင်က ပုံတူပန်းချီကားများကို ထုတ်ရင်း စကားစလိုက်သည်။ အခြေအနေတွေမှာ အတော်ပင် ကောင်းနေခဲ့လေပြီ။ ထို့နောက် ကျန်းကျင်းခိုင်က ပုံတူပန်းချီကို လက်ညှိုးထိုးပြရင်း မေးလိုက်၏။

"ဒီအမျိုးသမီးကို ခင်ဗျားသိလား"

"အားရှာမလား"

အားချွန်က ပုံတူကိုကြည့်ပြီး တိတိကျကျပင် ဖြေလိုက်သည်။

"ဟုတ်ပြီ ဒါဆို ဒီတစ်ယောက်ကရော"

ကျန်းကျင်းခိုင်က နောက်ထပ်ပုံတူတစ်ခုကို ထုတ်ပြရင်း မေးလိုက်ပြန်၏။

"ရှောက်မေပဲ"

အားချွန်က ထပ်ပြီး ဖြေလိုက်ပြန်သည်။

"ဒီတစ်ယောက်ကရော"

"အားရှု"

အားချွန်က စက္ကန့်မျှပင် မဆိုင်းပဲ ဖြေလိုက်ပြန်၏။

"သေချာလား"

ကျန်းကျင်းခိုင်က ပုံတူကို မြှောက်ပြရင်း ထပ်မေးလိုက်၏။

"ဟုတ်ကဲ့ သေချာပါတယ်အင်စပက်တာ သူပါပဲ"

"တကယ်လား"

ကျန်းကျင်းခိုင်က ပုံတူကို ချရင်း မေးလိုက်၏။ သူ့မျက်လုံးအစုံမှာကား အားချွန်ကို မျက်ချေမပြတ် စိုက်ကြည့်နေ၏။

"ဒါဆို အားရှုသေပြီလို့ ထင်ထားပြီးမှ ဘာလို့ ကျုပ်က သူ့ကို တခြားနေရာမှာ တွေ့ခဲ့ရတာလဲ"

ဤနေရာတွင် သူမြင်ခဲ့သည့် အားရှုမှာ အရိုးပေါ်အရေတင်နေသောရုပ်အလောင်းမှန်းဟူသည်ကိုတော့ ကျန်းကျင်းခိုင်က မပြောပဲ ချန်ထားလိုက်၏။

"ဟင် အင်စပက်တာက သူ့ကို မြင်ခဲ့တာလား"

အားချွန် သိသိသာသာပင် အံ့သြသွားဟန်တူသည်။ ထို့နောက် သူ အနည်းငယ် တွေဝေနေပြီးမှ ရေရွတ်လိုက်၏။

"ဒါဆို လောကကြီးမှာ တကယ်ပဲ သရဲတွေရှိတာလား"

တဖန် သူက ကျန်းကျင်းခိုင်ကိုကြည့်ပြီး မေးလိုက်ပြန်သည်။

"အင်စပက်တာ ဒါ ခင်ဗျား ကျွန်တော့်ကို လှည့်စားနေတာ မဟုတ်လား ခင်ဗျား မြင်ခဲ့တာ သေချာလို့လား"

"ဟေ့ ဒါ နောက်စရာမဟုတ်ဘူးကွ"

ကျန်းနန်က ထအော်ရင်း စားပွဲကို ရိုက်ချလိုက်၏။

"မေးတာကို ချက်ချင်းဖြေစမ်း"

"ဟုတ်ကဲ့ ဟုတ်ကဲ့" အားချွန် ကြောက်ကြောက်လန့်လန့်နှင့် ခေါင်းညိတ်လိုက်၏။ ကောင်းကောင်းမွန်မွန်မပူးပေါင်းလျင် အတွယ်ခံရမည်မှာ သေချာနေသည် မဟုတ်ပါလား။

"ဒါဆို ဖြစ်ပျက်ခဲ့သမျှကို အတိအကျ ပြောပြစမ်း"

ကျန်းကျင်းခိုင်က အမိန့်ပေးလိုက်၏။

"အင်း..."

အားချွန် ခေါင်းငုံ့ပြီး စဥ်းစားနေ၏။ သူ့ကိုကြည့်ရသည်မှာ ပြောရမည့်စကားလုံးများကို ရွေးချယ်နေပုံရပေသည်။ ရဲများပင်မသိသည်ကို သူ မည်သို့သိနိုင်မည်နည်း။ သို့သော် သူ့တွင် ရွေးချယ်စရာ များများစားစား မရှိချေ။

"ပြောစမ်း"

ကျန်းနန်က ထပ်အော်လိုက်ပြန်သည်။

"အင်စပက်တာကျန်း ဆာဂျင်"

ကတုန်ကရင်အသံနှင့် အားချွန် ခေါင်းမော့ပြီး စကားစလိုက်သည်။

"အားရှုသေတုန်းက ကျွန်တော်အလုပ်မှာမရှိဘူးဗျ ကလေးက ဖျားနေတော့ ကျွန်တော် အိမ်မှာပဲ ရှိနေခဲ့တယ် ပြီးတော့ အားရှုနဲ့ကျွန်တော်က သိပ်မရင်းနှီးဘူး နှစ်ခါသုံးခါလောက်ပဲ ကျွန်တော်တို့ တွေ့ဖူးတယ် သူနဲ့ပတ်သက်တဲ့ကိစ္စအများစုကိုတော့ အားတီကပဲ တာဝန်ယူလေ့ရှိတယ်"

အားချွန် စကားကို ခနရပ်ပြီး နဖူးပေါ်မှ ချွေးများကို သုတ်လိုက်၏။

"သေဆုံးသွားတဲ့ အမျိုးသမီး... သူက အားရှုပါပဲ အင်စပက်တာ ဒါမှမဟုတ် ကျွန်တော်တို့ သူ့ကို အားရှုလို့ ခေါ်ခဲ့ကြတာဖြစ်ပါလိမ့်မယ်"

ထိုအချိန်တွင် အားချွန်လေသံမှာ မရေမရာဟန်ပေါက်လာ၏။

"သူက အားရှုနဲ့ တူနေတာကိုး ဒါကြောင့် သူ ပြန်လာတော့ ကျွန်တော်တို့အားလုံးက သူ့ကို စနောက်ပြီး 'ဟေ့ အားရှု ဘာလို့ ပြန်လာတာလဲ အပြင်ဘဝက မလွယ်ဘူးမလား' လို့ပြောခဲ့ကြတာပေါ့ ဒါပေမဲ့ သူကတော့ ပြုံးရုံပဲပြုံးပြပြီး ဘာမှ မပြောခဲ့ဘူးလို့ထင်တာပဲ ကျွန်တော်ကတော့ ကလေးဖျားနေတဲ့အတွက် မအားဘူး ဒါကြောင့် အားတီကို သူ့အတွက် အခန်းစီစဉ်ပေးဖို့ ပြောခဲ့တယ်"

"ဒါဆို ခင်ဗျားပြောပုံအရ အဲဒီအမျိုးသမီးက သူ့ကိုယ်သူ မိတ်ဆက်ခဲ့တာ မဟုတ်ဘူးပေါ့"

ကျန်းကျင်းခိုင် ခါးကိုမတ်မတ်ထားပြီး မေးလိုက်သည်။ ဤအတိုင်းအမှန်ဆိုလျင် ထို့နေ့ည အပေါ်ထပ်တွင် သူမြင်ခဲ့ရသော အမျိုးသမီးမှာ အားရှုအစစ်ပင် ဖြစ်နေနိုင်၏။

"ကျွန်တော်စဥ်းစားပါရစေအုံး... အင်း သူ မလုပ်ခဲ့ဘူးလို့ ထင်ပါတယ် အင်စပက်တာ"

အားချွန်က ခေါင်းခါရင်း ပြောလိုက်သည်။ သူ့ကိုယ်သူ မသေချာဟန်ရှိသော်လည်း သူက ထပ်ပြောလိုက်ပြန်၏။

"ဟုတ်တယ်ဗျ သူ တကယ်ပဲ သူ့ကိုယ်သူ အားရှုပါလို့ မပြောခဲ့ဘူး ကျွန်တော်တို့ကပဲ သူ့ကို အားရှုလို့ ယူဆလိုက်ကြတာ"

"အင်း"

ကျန်းကျင်းခိုင် ခေါင်းတညိတ်ညိတ်နှင့် စဥ်းစားနေ၏။ တဖန် သူက ကျန်းနန်နှင့် အကြည့်ချင်းဖလှယ်လိုက်ပြန်သည်။ ကျန်းနန်၏ပုံစံမှာလည်း မရေမရာဖြစ်နေဟန်၊ စိတ်ရှုပ်ထွေးဟန်များ ပေါ်ပေါက်နေ၏။ မည်သို့ဆိုစေ သေဆုံးသူ အားရှုဟု ကျန်းကျင်းခိုင်ကို ပြောခဲ့သူမှာ သူကိုယ်တိုင်ပင် မဟုတ်ပါလား။ ထိုအချက်အလက်၏ ရင်းမြစ်ကလည်း ဤယနေ့ သူတို့ရှေ့တွင် ထိုင်နေသည့် အားချွန် ဖြစ်နေ၏။

"အားရှုကို အတည်ပြုဖို့ တခြားနည်းလမ်းများ ရှိအုံးမလား"

ကျန်းကျင်းခိုင်က အားချွန်ဆီ ပြန်လှည့်ရင်း မေးလိုက်ပြန်၏။

"သူ့မှာ မွေးရာပါအမှတ်အသား ဒါမှမဟုတ် ထူးထူးခြားခြား အမှတ်အသားတွေများ မရှိဘူးလား"

"အင်း..."

အားချွန် ခေတ္တစဥ်းစားပြီး ခေါင်းခါပြလိုက်သည်။ သူသည် ပြည့်တန်ဆာခေါင်းဖြစ်သော်လည်း လက်တွေ့တွင် ပြည့်တန်ဆာများနှင့် တရင်းတနှီး မရှိလှ။

"ကောင်းပြီ မင်း သွားလို့ရပါပြီ"

လူရှောက်ချိန်နှင့် ကောက်ဝေကို အချက်ပြရင်း ကျန်းကျင်းခိုင် ပြောလိုက်သည်။ တဆက်တည်းမှာပင် သူက အမိန့်ပေးလိုက်၏။

"မင်းတို့ပြန်လာရင် အားရှာကိုပါ ခေါ်လာခဲ့ကြ"

All Chapters