အတိတ်ကအမှတ်ရစရာများ
Vol. 8 Ch. 77
"ရတာပေါ့"
ဦးလေးကောက်က အားရပါးရပင် ပြောလိုက်သည်။ အားကျောက်နှင့် ကျန်းကျင်းခိုင်တို့ သူ့ကို တမင်တကာ ထောင်ချောက်ဆင်နေမှန်း သူ လုံးဝမရိပ်စားမိချေ။
"ရဲတပ်ဖွဲ့က သူငယ်ချင်းတွေ အများစုကတော့ အနားယူကုန်ပြီ ဒါပေမယ့် သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်အောက်ငယ်သားတချို့တော့ ကျန်သေးတယ် ကျုပ်သာ အကူအညီတောင်းရင် အကူအညီတချို့ ရကောင်းရနိုင်ပါတယ်"
"ကျေးဇူးအများကြီးတင်ပါတယ် ဦးလေးကောက်"
အားကျောက်က အထက်ပါအတိုင်း ပြောရင်း အားရှု၏ ပုံတူပန်းချီကားကိုယူကာ ဦးလေးကောင်ကို ပြလိုက်လေသည်။
"ဟောဒီမှာ ဦးလေးကောက် ဒါ သူ့ပုံပါပဲ"
"ဪ, ဟုတ်လား"
ဦးလေးကောက် ပန်းချီကားထဲမှပုံကို သေသေချာချာ ကြည့်လိုက်၏။ သူမ မည်သူမည်ဝါမှန်း သိလိုက်ချိန်တွင် သူ အနည်းငယ် တွန့်ဆုတ်ဆုတ် ဖြစ်သွားသည်။ ပြီးမှ သူက မေးလိုက်၏။
"ဒါ မင်းရဲ့ အစ်မလား"
"ဟုတ်ကဲ့ ဦးလေးကောက်"
အားကျောက် ပြန်ဖြေလိုက်လေသည်။။ အားကျောက်ဘေးတွင် ထိုင်နေသော ကျန်းကျင်းခိုင်သည် ဦးလေးကောက်၏ အမူအရာကို သေသေချာချာပင် မြင်လိုက်ရသည်။
"ဒီမိန်းကလေးက..."
စကားစမည်ဟန်ပြင်ပြီးမှ ဘေးပတ်ဝန်းကျင်က ဖောက်သည်များကိုကြည့်ပြီး ဦးလေးကောက် ခေတ္တစဥ်းစားရင်း ပြောလိုက်သည်။
"ဒီလိုဆိုရင်ရော ဖောက်သည်တွေပြန်သွားမှ ကျုပ်တို့အေးအေးဆေးဆေး ပြောရအောင် လူနည်းတော့ ပိုကောင်းတာပေါ့ မဟုတ်ဘူးလား"
"ဪ ဟုတ်ကဲ့ ရပါတယ်ဦးလေးကောက်"
တစ်နာရီခန့်အကြာတွင် ဆိုင်မှာလူရှင်းသွား၏။အပြင်ဘက်တွင် မိုးများ သည်းထန်စွာ ရွာနေ၍ နောက်ထပ်ဧည့်သည်များ ထပ်ရောက်လာရန်မှာလည်း သိပ်မဖြစ်နိုင်လှပေ။ ထို့နောက် ဦးလေးကိုင်က မီးဖိုချောင်ထဲမှ ထွက်လာပြီး အားကျောက်တိုနှင့် ခေတ္တစကားပြောကာ မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားပြန်၏။ ဤညတွင် ဦးလေးကောက်နှင့် အားကျောက်တို့ စကားပြောစရာကိစ္စတချို့ရှိမှန်း သူ သိထားသည်မဟုတ်ပါလား။ ထို့ကြောင့် သူက အလိုက်တသိ ရှောင်ပေးလိုက်ခြင်းပင်။
သိပိမကြာမီ ဦးလေးကောက်ရောက်လာပြီး စကားစလိုက်၏။
"အားကျောက် ဒီမိန်းကလေးက တကယ်ပဲ မင်းအစ်မလား"
"ဟုတ်ပါတယ် ဦးလေး ကောက်"
အားကျောက်က ခပ်တည်တည်နှင့် ဖြေလိုက်ပြန်သည်။
"ဟဲဟဲ လိမ်မနေပါနဲ့တော့ကွာ"
ဦးလေး ကောက်က အားကျောက်ကိုစိုက်ကြည့်ပြီး ခပ်သဲ့သဲ့ ရယ်မောလိုက်လေသည်။ ထို့နောက် သူက ကျန်းကျင်းခိုင်ဘက်သို့ လှည့်ပြီး ပြောလိုက်သည်။
"ဒီအကြံက မင်းအကြံပဲမလား"
"ဟဲဟဲ, ဟုတ်ကဲ့ ဦးလေးကောက်"
မထူးတော့ပြီဖြစ်၍ ကျန်းကျင်းခိုင် အမှန်အတိုင်း ဝန်ခံလိုက်လေသည်။
"ဒါ ကျွန်တော့်အကြံပါပဲ ဦးလေးကောက် ဒါပေမယ့် ကျွန်တော် မသေချာတာတခုက"
"ရပါပြီကွာ"
ဦးလေးကောက်က လက်ကာပြပြီး ကြားဖြတ်ပြောလိုက်သည်။
"ကျုပ်နာမည် ကောက်ကျန့်ကျွန်းလို့ခေါ်တယ် ဟိုးအရင်တုန်းက ကျူးအန်းနယ်မြေရဲစခန်းရဲ့ စခန်းမှုးပဲ ဆိုပါတော့"
"တကယ်လား"
ကျန်းကျင်းခိုင်က အံ့သြဟန်ဖြင့် စကားထောက်ပေးလိုက်သည်။
"ဟုတ်တယ်"
ဦးလေးကောက် လက်ဖက်ရည်တငုံ မော့သောက်ပြီး စကားဆက်လိုက်၏။
"အရာအားလုံး လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စတင်ခဲ့တာပေါ့ ဒါပေမယ့် အရင်ဆုံး မင်း ဘယ်သူလဲဆိုတာ ကျုပ်သိချင်သေးတယ်"
"ကောင်းပါပြီ ကျွန်တော့်နာမည် ကျန်းကျင်းခိုင်လို့ခေါ်ပါတယ် လက်ထောက်ခရိုင်ရုံး စုံစမ်းရေးဌာနရဲ့ ခေါင်းဆောင်ပဲဆိုပါတော့"
သူပြောရင်းနှင့် အထောက်အထားကတ်ပြားများကို ဦးလေးကောက်အား ပြသလိုက်၏။ ဦးလေး ကောက်က အထောက်အထားများကို သေသေချာချာကြည့်ပြီး ကျန်းကျင်းခိုင်လက်ထဲ ပြန်ထည့်ပေးလိုက်လေသည်။
"ကောင်းပြီ ကျုပ် သိသလောက် အကျဉ်းချုပ်ပြောပြမယ် ပြီးတော့ မင်းအကြောင်း ကျုပ်ကြားဖူးတယ် အဲ့ဒီတုန်းက မင်းက စုံစမ်းရေးဌာနမှာ ဒုဗိုလ်အဆင့်လောက်ပဲ ရှိအုံးမယ် ဟုတ်တယ်မလား"
"မှန်ပါတယ် ဦးလေးကောက်"
ကျန်းကျင်းခိုင်က ခေါင်းငြိမ့်လိုက်သည်။ အမှန်တကယ်လည်း ကျန်းနန်နှင့် တခြားလူများ အားရှုကို စစ်ဆေးနေသောအချိန်လောက်က သူ ဒုဗိုလ်အဆင့်သာ ရှိသေး၏။
"အဲဒီိတုန်းကပေါ့ တရက်မှာ ဒုကော်မရှင်နာချုပ် ကျန်ယွဲ့ချန်း ကျုပ်ဆီကို ရုတ်တရက် ဖုန်းဆက်လာတယ် သူ့ကို ကူညီဖို့ လိုအပ်တဲ့ ကိစ္စတစ်ခုရှိတယ်တဲ့ကွ"
ဦးလေးကောက်၏ မျက်လုံးထဲတွင် လွန်ခဲ့သောနှစ်နှစ်မှ အဖြစ်အပျက်များကို မြင်ယောင်လျက်ရှိသည်။
"လမ်းကြားထဲက ပြည့်တန်ဆာတချို့ဟာ စွေ့တီကွမ်းရဲ့လက်အောက်ခံတွေနဲ့ ပူးပေါင်းပြီး မူးယစ်ဆေးဝါး ရောင်းဝယ်နေတာကို သူ့တို့ဌာနက စုံစမ်းတွေ့ရှိခဲ့တယ်တဲ့ ဒါကြောင့် လမ်းကြားထဲက အခြေအနေတွေကို စုံစမ်းရာမှာ ကူညီပေးဖို့ သူက ကျုပ်ကို ပြောလာတယ်"
"ဒါပေမယ့် ကော်မရှင်နာကျန်ဟာ ပြစ်မှုရေးရာတာဝန်ခံမလား မူးယစ်ဆေးဝါးကိစ္စက သူနဲ့မှမဆိုင်ပဲ ဒါကြောင့် စုံစမ်းစစ်ဆေးရေးကို သူ ဝာာဝန်ယူစရာအကြောင်းမရှိဘူးလားလို့"
ကျန်းကျင်းခိုင်က ဖြတ်မေးလိုက်၏။
"ဟဲဟဲ"
ဦးလေးကောက်က ရယ်မောလိုက်လေသည်။
"မင်းမေးတဲ့မေးခွန်းမျိုးကို အဲဒီတုန်းက ကျန်းနန်လဲ မေးခဲ့ဖူးတယ် တကယ်တော့ ဒီကိစ္စကြီးတခုလုံးဟာ ကော်မရှင်နာယောက်ရဲ့အစီအစဥ်ပဲ စွေ့တီကွမ်းဆိုတဲ့လူက အင်မတန် ပရိယာယ်မာယာများတဲ့ မြေခွေးအိုကြီးကွ ယစ်မျိုးရဲတွေပါလာရင် သူ မိုင်ပေါင်းများစွာကနေတောင် အနံ့ခံမိသွားလိမ့်မယ် ဒါကြောင့် ခုလိုစီစဥ်ရတာပဲ ဒါပေမဲ့ အဲ့ဒီအချက်အလက်ကို ကျုပ်အနေနှင့် ဖွင့်ပြောခွင့်မရှိဘူးလေ ဒီအတွက် ကျန်းနန်ကတောင် ကျုပ်ကို သံသယဝင်ကောင်းဝင်နေအုံးမယ်"
"ဪ လက်စသတ်တော့ ဒီလိုကိုး"
ဦးလေးကောက်က စကားဆက်ပြန်သည်။
"အမှုကတော့ အေးအေးဆေးဆေးနဲ့ပဲ ပြီးသွားတယ် ကျုပ်တို့အနေနဲ့ ခုနက မင်းပြလိုက်တဲ့ ပန်းချီကားထဲက မိန်းကလေးကို ခပ်မြန်မြန်ပဲ ဖမ်းဆီးလိုက်နိုင်တယ် သူ့နာမည် အားရှုလို့ခေါ်တယ် ဒါပေမယ့် ဒီမိန်းကလေးက တော်တော်ကိုခေါင်းမာတာကွ တခွန်းမှကို ဖွင့်မပြောဘူး"
ပြောရင်းနှင့် ဦးလေးကောက်၏ အသံမှာ ပို၍မာန်ပါလာ၏။
"ကျုပ်တို့နည်းလမ်းပေါင်းစုံသုံးခဲ့ပေမဲ့ သူ့ဆီက စကားတခွန်းမှ ထွက်မလာခဲ့ဘူး အဲ့ဒီအချိန်မှာပဲ မထင်မှတ်ထားတဲ့ အရာတစ်ခု ဖြစ်လာခဲ့တယ်"
ဤနေရာအရောက်တွင် ဦးလေးကောက်၏ အကြည့်က ကျန်းကျင်းခိုင်ဆီသို့ ရောက်လာ၏။
"ဘာဖြစ်ခဲ့သလဲဆိုတာ မင်းသိပါတယ် စွေ့တီကွမ်းရဲ့ လက်အောက်ခံတွေက ရှုဝမ်ချွမ်းရဲ့သားရှုကျင်းယွမ် သူ့အဖေရဲ့ ဈာပနကို တက်ဖို့ ပြန်လာတဲ့အချိန်မှာ သွားတွေ့တယ် ပြီးတော့ သူ့ကို သတ်လိုက်ကြတယ်လေ"
"မှန်ပါတယ် ဦးလေးကောက်"
"ကျွန်တော် ကအဲ့ဒီအမှုကို နောက်ပိုင်းမှာ ဆက်ကိုင်ခဲ့ရတာပေါ့ ရှုကျင်းယွမ်သေဆုံးပြီးနောက် ရှုကွမ်းလျန်က စွေ့တီကွမ်းရဲ့မိသားစုတစ်ခုလုံးကို ပြန်သတ်ပစ်ခဲ့တယ် ကံမကောင်းစွာနဲ့ပဲ ကျွန်တော် သူ့ကို မဖမ်းနိုင်ခဲ့ဘူး"
"ဟဲဟဲ ထိပ်ပြောင်ဝံပုလွေကို ဖမ်းဖို့က ဘယ်လွယ်ပါ့မလဲကွာ"
ဦးလေးကောက်က နှစ်သိမ့်လိုက်၏။
"ကျုပ်တို့အားလုံး သူ့ကို လိုက်ဖမ်းခဲ့ကြပေမဲ့ မမိခဲ့ဘူး ဒါပေမဲ့ မင်းက ငယ်သေးတယ် မင်း သူ့ကို ဖမ်းဖို့ အခွင့်အရေး ရအုံးမှာပါ"
နှစ်ယောက်သား စကားတပြောပြောနှင့် အားကျောက်ကိုပင်မေ့နေကြ၏။
"မှန်ပါတယ်ဦးလေးကောက်"
ကျန်းကျင်းခိုင်က ခေါင်းငြိမ့်သဘောတူလိုက်၏။
"ကျွန်တော် သူ့ကို ဖမ်းမိဖို့ အစွမ်းကုန်ကြိုးစားမှာပါ သူ့လက်ထဲမှာ သေဆုံးခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက်တွေအတွက် လက်စားချေရမယ်"
"ကျုပ် မင်းကို ယုံပါတယ်ကွာ မင်း ခုနက ပြောတာကို ကြားပြီး သေဆုံးသူတွေ အေးချမ်းစွာ အနားယူနိုင်ကြမှာပါ"
ထို့နောက် ဦးလေးကောက်က အားရှုဖက်သို့ စကားလမ်းကြောင်း ပြောင်းလိုက်ပြန်သည်။
"စွေ့တီကွမ်း သေသွားတာကြောင့် သူ့တို့အဖွဲ့ အကြီးအကျယ် အထိနာသွားတယ် မင်း ရှုကွမ်းလျန်နောက်လိုက်နေတုန်းမှာ ကျုပ်တို့က စွေ့အဖွဲ့ကို အကြီးအကျယ် နှိပ်ကွပ်ခဲ့ကြတာပေါ့ သူ့ရဲ့ ထိပ်တန်းအဖွဲ့ဝင်အတော်များများ အသတ်ခံရတယ် အဖမ်းခံရတယ် တချို့လဲ ထွက်ပြေးကုန်တယ် ရလဒ်အနေနဲ့ လမ်းကြားထဲက မိန်းကလေးတွေဆီကို မူးယစ်ဆေးဝါးစီးဆင်းမှု ရပ်သွားခဲ့တယ် အားရှုကလဲ ဝန်ခံမယ့်အစား အသေပဲခံမဲ့ပုံပေါက်နေတာကြောင့် ကျုပ်တို့ ဒီအမှုကို ပြန်ပိတ်လိုက်ရတယ်"
"တိကျတဲ့သက်သေအထောက်အထား ဘာမှ မတွေ့ခဲ့ဘူးလားဦးလေးကောက်"
"တိကျတဲ့ သက်သေအထောက်အထား ဘာမှမတွေ့ခဲ့ရပါဘူးကွာ"
ဦးလေးကောက်က ခေါင်းခါလိုက်သည်။
"အဲ့ဒီမိန်းကလေးအားရှုက အရမ်းလည်တယ် သူစွေ့တီကွမ်းဆီကနေ မူးယစ်ဆေးဝါးယူလာတိုင်း အထုပ်ကလေးတွေအဖြစ် ချက်ချင်းခွဲပြီး လမ်းကြားထဲက သူ့ ပြည့်တန်ဆာသူငယ်ချင်းတွေကို ဖြန့်ဝေလိုက်တယ်လေ သူ့ကို မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုနဲ့ ဖမ်းဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပေမယ့် အကြိမ်တိုင်း ကျုပ်တို့ လက်ဗလာနဲ့ ပြန်ခဲ့ရတယ်"
သူ သက်ပြင်းချလိုက်၏။
"ဒါ့အပြင် သူက နောက်ပိုင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့နေရာတွေကိုပါ ပြောင်းလဲပစ်လိုက်တယ်ကွ နောက်ဆုံးမှာတော့ သူ့ကို ဆက်လက်ထိန်းသိမ်းထားဖို့ လုံလောက်တဲ့ သက်သေအထောက်အထား မရှိခဲ့ဘူး"
"ဒါဆို သူ လွတ်လာပြီးနောက် ဘယ်ကိုရောက်သွားလဲ ဦးလေးကောက်သိလား"
ကျန်းကျင်းခိုင်က မေးလိုက်၏။
"မသေချာဘူး"
ဦးလေးကောင်က ခေါင်းခါလိုက်၏။
"အားရှုလွတ်လာပြီး မကြာခင်မှာပဲ ကျုပ် နယ်ပြောင်းရတယ် အဲ့ဒါနဲ့ ကျုပ်လဲ အနားယူဖို့ ဆုံးဖြတ်လိုက်တယ်"
"ဒါဆို အဲ့ဒီနောက်ပိုင်း အားရှုနဲ့ ပတ်သက်လို့ ဘာသတင်းမှ မကြားတော့ဘူးလား"
"နည်းနည်းပါးပါးတော့ ကြားရတယ်ကွ"
ဦးလေးကောက်ကို ကြည့်ရသည်မှာ ပြန်အမှတ်ရရန် ကြိုးစားနေပုံရသည်။
"သူ လွတ်လာပြီး မကြာခင် လမ်းကြားထဲကနေ ပျောက်သွားတယ်လို့ ကျုပ်ကြားတယ် ကျုပ်လုပ်ဖော်ကိုင်ဖက်တယောက် ပြောတာကတော့ သူနဲ့ စွေ့တီကွမ်းတို့ နောက်ဆုံး မူးယစ်ဆေးဝါးအရောင်းအဝယ်ကိစ္စနဲ့ပတ်သက်ပြီး ငွေပေးချေရာမှာ စကားများကြတယ်တဲ့ အဲဒီနောက်တော့ သူ ပျောက်သွားတယ်လို့ပဲ ကျုပ် သိရတယ်"
ဦးလေးကောက်စကားဆုံးသည်နှင့် ကျန်းကျင်းခိုင် ခေါင်းညိတ်ပြလိုက်သည်။။ အနားယူထားသော ရဲအိုကြီးသည် သူသိသမျှ အကုန်ပြောပြခဲ့ပြီးလေပြီ။ ဤသည်မှာ ဤအဖိုးကြီးထံမှ ရနိုင်သမျှသော အကူအညီမှန်း သူ သိလိုက်သည်မဟုတ်ပါလား။