← Chapters

မိုးရွာထဲတွင် အလောင်းကြည့်ခြင်း

Vol. 8 Ch. 78

မိုးရွာထဲတွင် အလောင်းကြည့်ခြင်း

Vol. 8 Ch. 78

ဦးလေးကိုင်ဆိုင်မှ ထွက်လာပြီးနောက် မိုးမှာပို၍ သည်းလာ၏။ အားကျောက်က ကျန်းကျင်းခိုင်ကို ထီးပေးလိုက်ပြီး သူ့ပခုံးပေါ်တွင် ခေါင်းမှီလိုက်လေသည်။ ကျန်းကျင်းခိုင်ကလည်း သူမကို ပြန်ဖက်ထားလိုက်၏။ ထို့နောက် သူတို့နှစ်ယောက် မိုးရွာထဲတွင် လမ်းလျှောက်လာကြလေသည်။

"ဟန်နီ ကျွန်မ အိမ်မပြန််ချင်သေးဘူး ရမလားဟင်"

အားကျောက်က ကျန်းကျင်းခိုင်၏ရင်ခွင်ထဲ တိုးဝှေ့ရင်း တိုးတိုးလေး မေးလိုက်သည်။

"ရှင်ပြောတော့ အစ်မရှုကို သွားကြည့်မယ်ဆို"

"ဒီနေ့လား"

အားကျောက်၏ တောင်းဆိုမှုကြောင့် ကျန်းကျင်းခိုင် အံ့သြသွား၏။

"မိုးတွေဒီလောက်ရွာနေတာကို"

သူက အားကျောက်ကို မရေရာဟန်မျက်နှာပေးဖြင့် ကြည့်ရင်း ပြောလိုက်သည်။ သူ့စကား၏ အဓိပ္ပာယ်မှာ ရှင်းနေသည်။

"တကယ်ကို သွားလို့မရဘူးလား"

အားကျောက်က တောင်းပန်လိုက်ပြန်သည်။

"ကျွန်မလေ သူ့ကို လွမ်းလို့ ခနလေးမြင်ရရင်ကို ရပါပြီ"

"အင်း ဒါဆိုလဲ ကောင်းပြီလေ"

နောက်ဆုံးတော့ ကျန်းကျင်းခိုင် သဘောတူလိုက်၏။ ချစ်ရသူ မိန်းကလေးတစ်ဦး ထိုသို့သော အမူအရာမျိုးနှင့် ကြည့်နေလျှင် မည်သည့်အမျိုးသားမျှ ငြင်းဆန်နိုင်လိမ့်မည်မဟုတ်ပေ။

ထို့နောက် မိုးထဲလေထဲမှာပင် ကျန်းကျင်းခိုင်နှင့် အားကျောက်တို့သည် ရဲစခန်းသို့ ရောက်လာကြ၏။ အစောင့်များက ကျန်းကျင်းခိုင်ကို မြင်သည်နှင့် ထွေထွေထူးထူး မေးမနေဘဲ ဝင်ခွင့်ပြုလိုက်လေသည်။ အားရှု၏ ရုပ်အလောင်း အမှတ်အသားကို အလွယ်တကူပင် ရှာတွေ့ပြီး ကျန်းကျင်းခိုင် အလောင်းကို ဆွဲထုတ်လိုက်၏။

အားကျောက်က ဘေးတွင်တိတ်ဆိတ်စွာ ရပ်နေပြီး ကျန်းကျင်းခိုင် လုပ်ကိုင်နေသည်ကို ကြည့်နေရှာ၏။ ထိုအချိန်တွင် သူမ၏ ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျနေခဲ့လေပြီ။ စားပွဲပေါ်ရှိ ဤအရိုးစုသည် တစ်ချိန်က သူမ၏ အသက်ကို ကယ်ခဲ့သော အမျိုးသမီးမှ ဟုတ်ပါလေစ။ ၎င်းသည် သူမကို စောင့်ရှောက်ခဲ့သော အစ်မကြီး အစစ်အမှန်မှ ဟုတ်ပါလေစ။ အတွေးများနှင့်အတူ အားကျောက်၏ မျက်ရည်များသည် ပြတ်တောက်သွားသော ဆွဲကြိုးမှ ပုလဲလုံးများသဖွယ် တလိမ့်ချင်း စီးကျနေလေသည်။

"ဒါ သူပဲ"

ကျန်းကျင်းခိုင်က အားရှု၏အလောင်းကို ဖုံးအုပ်ထားသည့် အဝတ်စကို ဖယ်ရှားရင်း ပြောလိုက်သည်။ ထို့နောက် သူက အားကျောက် ဘေးတွင် ရပ်ကာ သူမကို ညင်သာစွာ ကိုင်ထားလိုက်၏။ ဤအခိုက်အတန့်သည် နာကျင်စရာကောင်း၏။ အားကျောက်သည် သူ့အကူအညီနှင့်ပံ့ပိုးမှု လိုအပ်ကြောင်း သူသိထားသည် မဟုတ်ပါလား။

"ဟန်နီ ကျွန်မ သူ့ကို ထိကြည့်လို့ရမလား"

အားကျောက်က မေးလိုက်သည်။ သူမ၏ အသံမှာ ဝမ်းနည်းကြေကွဲဖွယ်ရာကောင်းနေ၏။

"ရတာပေါ့"

အားကျောက် သက်ပြင်းချလိုက်၏။ ထို့နောက် သူမ မျက်ရည်များကို သုတ်ကာ အားရှု၏ အရိုးပေါ်အရေတင်နေသောမျက်နှာကို ထိကြည့်လိုက်လေသည်။ သို့သော် သူမ နောက်ဆက်တွဲ လုပ်ဆောင်လိုက်သော လုပ်ရပ်ကြောင့် ကျန်းကျင်းခိုင် နည်းနည်းတော့ ထိတ်လန့်သွား၏။ အားကျောက်၏ လက်သည် အားရှု၏ ကိုယ်ခန္ဓာ အတိုင်း ရွေ့လျားသွားပြီး သူမကိုယ်ကို ဖုံးအုပ်ထားသော အဝတ်စကို ကြမ်းပြင်ပေါ်သို့ တဖြည်းဖြည်း တွန်းချလိုက်သည်။ ထို့နောက် အဝတ်စနောက်မှ အားရှု၏ ကိုယ်တုံးလုံး အရိုးခြောက်ခန္ဓာကိုယ် ဘွားခနဲ ထွက်ပေါ်လာတော့သည်။ အားကျောက်၏ လက်သည် အားရှု၏ကိုယ်ပေါ်တွင် ရွေ့လျားလှုပ်ရှားနေ၏။ ထို့နောက် သူမ၏ ရှိုက်သံများကလည်း တဖြည်းဖြည်း ရပ်တန့်သွားတော့သည်။

ရေခဲတိုက်အပြင်ဘက်တွင် မိုးများ သည်းထန်စွာ ရွာသွန်းနေ၏။ မိုးခြိမ်းသံများလည်း ကျယ်လောင်စွာ ထွက်ပေါ်နေလေသည်။ လျှပ်စီးများ တဖြတ်ဖြတ် လင်းလက်နေ၏။ ထိုအခိုက်အတန့်တွင် ရေခဲတိုက်ထဲမှ မြင်ကွင်းသည် အရဲရင့်ဆုံးသူများကိုပင် ထိတ်လန့်တုန်လှုပ်စေမည်မှာ မုချပင်။ နောက်ထပ် လျှပ်စီးတချက်အလက် ကောင်းကင်သည် လင်းထိန်သွားပြန်၏။ ထိုအချိန်မှာပင် အားကျောက်က ကျန်းကျင်းခိုင်ကို ခံစားချက်မရှိသောအမူအရာနှင့် လှည့်ကြည့်လိုက်သည်။ သူမ၏လှပသော မျက်နှာသည် လျှပ်စီးရောင်အောက်တွင် သရဲခြောက်သကဲ့သို့ ဖြူလျော်နေ၏။ သူမသာ သူချစ်ရသော အမျိုးသမီးဟု မသိထားလျင် ကျန်းကျင်းခိုင်အဖို့ နတ်ဆိုးတစ်ကောင်နှင့် မျက်နှာချင်းဆိုင်နေမိသည်ဟု ထင်ကောင်းထင်မိပေလိမ့်မည်။

"ဒါ မမရှုမဟုတ်ဘူး"

အားကျောက်၏ အသံထွက်ပေါ်လာ၏။ အလွန်တိုးတိတ်သော အသံဖြစ်သော်လည်း ကျန်းကျင်းခိုင်၏ နားထဲတွင်တော့ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်နေလေသည်။

"ဟင် ဒါ အားရှုမဟုတ်ဘူးလား"

ကျန်းကျင်းခိုင်၏တကိုယ်လုံး တောင့်တင်းသွား၏။ တချိန်တည်းမှာပင် သူ့တကိုယ်လုံး ကြက်သီးဖြန်းဖြန်း ထကုန်လေသည်။

"မဟုတ်ဘူး ဒါ မမရှု မဟုတ်ဘူး"

အားကျောက်က ထပ်ပြောလိုက်သည်။ ထို့နောက် သူမသည် ကျန်းကျင်းခိုင်အနီးသို့ တိုးကပ်လိုက်၏။

"ဟန်နီ ကျွန်မ အရမ်းကြောက်လာပြီ"

ထို့နောက် သူမ ကျန်းကျင်းခိုင်၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်၏။ လူဆိုသည်မှာက ထူးဆန်းလှပေသည်။ အားကျောက်အတွက် ထိုအလောင်းသည် သူမနှင့် မပတ်သက်သော သူစိမ်းတစ်ဦးမှန်း သိလိုက်ရသည်နှင့်တပြိုင်နက် အကြီးအကျယ် ကြောက်ရွံ့လာတော့၏။

"ဒါပေမဲ့..."

ကျန်းကျင်းခိုင်က အားကျောက်၏ ခန္ဓာကိုယ်ကို တင်းတင်းဖက်ထားရင်း မေးခွန်းထုတ်ရန် ဟန်ပြင်လိုက်၏။ အားရှု မဟုတ်မှန်း သူမ ဘယ်လိုသိသွားသလဲဟု သူ မေးချင်နေပေသည်။ သို့သော် အားကျောက် ကြောက်ရွံ့တုန်လှုပ်နေသည်ကို ခံစားမိလိုက်၍ သူ မမေးပဲနေလိုက်၏။

အချိန်အတော်ကြာပြီးမှ အားကျောက် တဖြည်းဖြည်း တည်ငြိမ်စပြုလာ၏။ ထို့နောက် သူမက အလောင်းကိုကျောခိုင်းပြီး ကျန်းကျင်းခိုင်ကို ရှင်းပြလိုက်လေသည်။

"အစ်မရှုက ကလေးတစ်ယောက် မွေးဖူးတယ် ခွဲစိတ်မွေးတာဆိုတော့ သူ့ဗိုက်အောက်မှာ အမာရွတ်သေးသေးလေးရှိတယ် ဒီအလောင်းမှာတော့ ဘာအမာရွတ်မှ မရှိဘူး ပြီးတော့ အစ်မရှုရဲ့ ဘယ်ဘက်ဒူးဆစ်က တခြားလူတွေနဲ့ မတူဘူး သူ ကလေးဘဝတုန်းက ဘယ်ဘက်ဒူး ထိခိုက်ခဲ့ဖူးတော့ သူ့ဘယ်ဘက်ဒူးဆစ်က ပုံမှန်လူတွေလို မဟုတ်ဘူးလေ"

အားကျောက်၏ စကားကိုနားထောင်ပြီးနောက် ကျန်းကျင်းခိုင်က သူမ၏ ပါးပြင်ကို အားရပါးရ ဖက်နမ်းလိုက်လေသည်။

"ကျေးဇူးပါပဲ ဟန်နီရေ ကျေးဇူးပါပဲကွာ"

ယခုအချိန်တွင် ကျန်းကျင်းခိုင် ထိမ်းမနိုင်သိမ်းမရဖြစ်လောက်အောင် စိတ်လှုပ်ရှားနေ၏။

အားရှုး မသေဘူး...

အားရှုး မသေဘူးဆိုရင် ဒီလူသတ်မှုတွေရဲ့ အဓိက တရားခံက ဘယ်သူလဲ...

အားရှုပဲပေါ့..

ထို့နောက် အားကျောက်က ပြောလိုက်လေသည်။

"ကဲ ကဲ သူ့ကို အေးအေးဆေးဆေး ပေးနေလိုက်ပါတော့ရှင်"

တဖန် သူမသည် အမည်မသိအလောင်းအတွက် ဗုဒ္ဓဘာသာအသုဘအခမ်းအနားများတွင် ပြုလုပ်ပေးတတ်သည့် ထုံးတမ်းစဥ်လာတချို့ကို ဆောင်ရွက်ပြီး အလောင်းကို အဝတ်စနှင့် ပြန်အုပ်ပေးလိုက်၏။ ထို့နောက် သူတို့ ရေခဲတိုက်ထဲမှ ထွက်လာကြလေသည်။

အပြင်တွင် မိုးများ ဆက်တိုက်ရွာနေသော်လည်း အားကျောက် စိတ်ကြည်လင်နေပုံရသည်။သူမ၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ပွင့်နေ၏။ အားရှုသည် လူသတ်သမားဟုတ်မဟုတ် သူမ ဂရုမစိုက်။ ရေခဲတိုက်ထဲရှိအလောင်းက အားရှုမဟုတ်လျင်ပင် သူမ ပျော်ရွှင်ဖို့ လုံလောက်နေပြီ ဖြစ်သည်။

"ဒါနဲ့ ဟန်နီ ခုနက အဲဒီအလောင်းနားမှာ ဘာတွေလုပ်နေတာလဲ"

"ရှင်က သင်ချင်လို့လား"

အားကျောက်က ညစ်ကျယ်ကျယ်ပြုံးရင်း မေးလိုက်သည်။

"ဒါပေမဲ့ အခကြေးငွေတော့ ပေးရမယ် ပြီးတော့ ပေးရုံနဲ့လဲမရသေးဘူး ရှင် ကျွန်မကို ချီရမယ်"

"သိပ်ရတာပေါ့ကွာ"

ကျန်းကျင်းခိုင်က ချက်ချင်းပင် သဘောတူပြီး ဒူးထောက်လိုက်သည်။

"ဒါပေမဲ့ အဲ့ဒီအလောင်းနားမှာ မင်းဘာတွေလုပ်နေလဲဆိုတာတော့ ကျုပ်ကို ပြောပြရမယ်"

"သိလိုစိတ်က ကြောင်ကို သတ်တယ်ဆိုတဲ့ စကားပုံကို ရှင် မကြားဖူးဘူးလား"

အားကျောက်က ကျန်းကျင်းခိုင်၏ ကျောပေါ်သို့ တက်ရင်း ပြောလိုက်သည်။

"ဒါက ငရဲကနေ ဝိညာဉ်ကို လွတ်မြောက်စေဖို့ ဆောင်ရွက်လေ့ရှိကြတဲ့ တိဗက်ဓလေ့တမျိုးပဲ ရှင် မရယ်နဲ့လေ ကျွန်မ အဲ့ဒီဓလေ့ကို တိဗက်ကနေ သင်လာတာရှင့်"

ထို့နောက် သူမက ပြောင်စပ်စပ်ပုံစံနှင့် ပြုံးရင်း ပြောလိုက်လေသည်။

"ကဲပါရှင် ကျွန်မတို့ အိမ်ပြန်ရအောင်"

All Chapters