ဦးတည်ချက်အသစ်
Vol. 8 Ch. 79
တစ်ညလုံး မိုးရွာခဲ့သော်လည်း နောက်တစ်နေ့ မနက်တွင် မိုးတိတ်သွား၏။ ကျန်းကျင်းခိုင်သည် အားကျောက်ကို မူကြိုကျောင်းတွင် ချထားခဲ့ပြီး ရုံးခန်းဆီသို့ ထွက်လာခဲ့၏။ ပြီးခဲ့သည့်ညက တွေ့ရှိချက်သည် ဤအမှုကို ဖော်ထုတ်ရာတွင် အဓိကသော့ချက်တခု ဖြစ်လာနိုင်သည် မဟုတ်ပါလား။ လူတိုင်း သေဆုံးသွားသည်ဟု ယုံကြည်ထားသော အားရှူ အသက်ရှင်နေနိုင်သေး၏။ ထို့ကြောင့် သူမသည် ဤကွင်းဆက်လူသတ်မှုများအနက် နံပါတ်တစ်သံသယရှိသူ ဖြစ်လာခဲ့ပေပြီ။
ရုံးခန်းထဲသို့ရောက်သည်နှင့် ကျန်းကျင်းခိုင်က ကုလားထိုင်တွင် ဝင်ထ်ိုင်ပြီး ပန်းချီကားများကို ထုတ်ယူကာ အထပ်ထပ်အခါခါ ပြန်လည်စစ်ဆေးလိုက်ပြန်သည်။ အာရှုမသေဆုံးသေးကြောင်း အတည်ပြုပြီးဖြစ်၍ ကျန်းကျင်းခိုင်အနေနှင့် အားရှု၏ ပုံတူပန်းချီတော့ ဆက်လက်ကြည့်ရှုရန် မလိုအပ်တော့။ ဤအမျိုးသမီးသည် အလင်းလျှပ်စစ်နည်းပညာကဲ့သို့သော အဆင့်မြင့်နည်းပညာတချို့ကို သုံးကာ သူမ၏ပုံစံကို မှန်ကန်သည့်အချိန်တွင် ထုတ်လွှင့်၍ ကျန်လူများကို ကြောက်ရွံ့စေခြင်းမျိုးလည်း ဖြစ်ကောင်းဖြစ်နေနိုင်၏။
ရှောက်မေ၊အားဟွေ၊အားလီ... မှသည် နောက်ဆုံးသားကောင်အားဆွေအထိ ကျန်းကျင်းခိုင်က ပုံတူများကို အလျင်အမြန်ပင် ရွေးထုတ်လိုက်၏။ ထို့နောက် သူက အားရှု၏ပုံတူကိုပါ ပေါင်းထည့်လိုက်ရာ စုစုပေါင်း ပုံတူခုနစ်ပုံတိတိ ရလာလေသည်။ စတုတ္ထမြောက်သားကောင် ယင်ကျူးမေမှလွဲ၍ ကျန်အမျိုးသမီးသားကောင်များ၏ ပုံတူများအားလုံး သူ့လက်ထဲသို့ ရောက်နေခဲ့လေပြီ။ ထို့နောက်ကျန်းကျင်းခိုင်သည် မတ်တပ်ရပ်လိုက်ပြီး ဝှိုက်ဘုတ်ဆီသို့ လျှောက်သွားလိုက်၏။ သူ့အနေနှင့် သားကောင်များအကြား ဆက်စပ်မှုကို နောက်တကြိမ် ပြန်သုံးသပ်ရန် အချိန်ရောက်လာခဲ့လေပြီ။
ထိုအခိုက်မှာပင် တစံတခုကို တွေးမိပြီး သူ အံ့သြသင့်သွား၏။
"ခုနစ်ယောက် ဘယ်လိုလုပ်ပြီး ခုနစ်ယောက်ဖြစ်နေရတာလဲ"
သူ တီးတိုးရေရွတ်လိုက်၏။ ထို့နောက် သူ ပုံတူများကို ပြန်လည်ရေတွက်ကြည့်လိုက်ပြန်သည်။ သူ မမှားပါ။ ပုံတူမှာ တကယ်ကြီးပင် ခုနှစ်ပုံတိတိ ဖြစ်နေ၏။ အားတီးသည် ဤမြို့သို့ မကြာသေးမီကမှ ရောက်ရှိလာခဲ့သည် မဟုတ်လား။ သို့ဆိုလျင် သူမ အာကျောက်၏ပုံတူများထဲတွင် အဘယ်ကြောင့် ပါဝင်နေရသနည်း။ သို့မဟုတ် သူမသည် ရဲများထင်ထားသည်ထက် စောလျင်စွာ ဤလမ်းထဲတွင် ကျက်စားခဲ့ဖူးသူများလား။
အချိန်အတော်ကြာအောင် တွေးတောနေပြီးနောက် ကျန်းကျင်းခိုင် နာရီကြည့်လိုက်၏။ နံနက် ၉ နာရီကျော်ပြီဖြစ်၍ အားကျောက်သည် စာသင်နေပေရော့မည်။ ဖုန်းခေါ်ရန် မဖြစ်နိုင်တော့။ နောက်ဆုံး သူ လူရှောက်ချိန်က်ို လှမ်းခေါ်လိုက်၏။
"ရှောက်ချိန် မင်း ဒီမနက် ဘာတွေလုပ်နေလဲ"
လူရှောက်ချိန် သူ၏ရုံးခန်းထဲသို့ ခြေချသည်နှင့် ကျန်းကျင်းခိုင် အလျင်အမြန်ပင် မေးလိုက်သည်။
"ဟိုဟိုဒီဒီပါပဲ အင်စပက်တာ"
လူရှောက်ချိန်က ပြန်ဖြေလိုက်သည်။
"အရက်ဆိုင်မှာ ရန်ဖြစ်လာတဲ့အမှုကို ဖြေရှင်းပေးနေတာ"
"ကောင်းပြီ"
ကျန်းကျင်းခိုင် ခေါင်းညိတ်လိုက်၏။
"အဲ့ဒီအမှု လျူနင်းကို ပေးလိုက် မင်းက ကျန်းနန်နဲ့ သွားတွေ့ပြီး အားတီးရဲ့နောက်ခံအကြောင်း သူ သိထားသမျှ အချက်အလက်အကုန်လုံး တောင်းယူလာခဲ့ သူမ လမ်းကြားထဲမှာ အရင်က အလုပ်လုပ်ဖူးသလား ပြီးတော့ ကျုပ်တို့ တခုခု လွတ်သွားတာများရှိသလား အဲဒါတွေ သိချင်တယ်"
"ဟုတ်ကဲ့ အင်စပက်တာကျန်း"
လူရှောက်ချိန် ခေါင်းညိတ်ပြီး အခန်းထဲမှ ထွက်ခွာသွား၏။ ထိုအခါ ကျန်းကျင်းခိုင်က သားကောင်ရှစ်ဦးစလုံး၏အမည်များကို ဝှိုက်ဘုတ်တွင် ရေးချလိုက်လေသည်။ တဖန် အမည်ရှစ်မျိုး၏ ကြားတွင် အားကျောက်၏ နာမည်ကို သူ ရေးချလိုက်ပြန်၏။ စတုတ္ထမြောက်သားကောင်မှလွဲ၍ ကျန်ခုနစ်ဦးစလုံးသည် အာကျောက်နှင့် ဆက်စပ်မှုတချို့ ရှိနေသည်မဟုတ်ပါလား။ ထို့ကြောင့် အားကျောက်သည် စတုတ္ထမြောက် သားကောင် ယင်ကျူးမေကိုလည်း သိနိုင်သည်။ သို့မဟုတ် သူမနှင့် ရင်းနှီးကောင်းရင်းနှီးနေနိုင်ပေသည်။
အထက်ပါအတိုင်းတွေးမိပြီး ကျန်းကျင်းခိုင် မျက်မှောင်ကုတ်သွား၏။
"တိုက်ဆိုင်မှု...တိုက်ဆိုင်တာပဲနေမှာပါ"
အထက်ပါအတိုင်း ရေရွတ်ပြီး သူ ဝှိုက်ဘုတ်ပေါ်မှ အားကျောက်၏ နာမည်ကိုဖျက်ကာ "မူးယစ်ဆေးဝါးကုန်ကူးမှု" ဟူသော စကားလုံးများဖြင့် အစားထိုးလိုက်ပြန်သည်။ မှန်သည်။ ဤလူများ၏ သေဆုံးမှုသည် မူးယစ်ဆေးဝါးဂိုဏ်းနှင့် အများကြီး ဆက်စပ်နေနိုင်၏။ အားကျောက်အတွက်မူ သူမ ဤသားကောင်များကို သိရှိနေသည်မှာ ထိပ်ပြောင်ဝံပုလွေနှင့် သူမ၏ဆက်ဆံရေးကြောင့် ဖြစ်နိုင်၏။
ကျန်းကျင်းခိုင်သည် ဝှိုက်ဘုတ်ရှေ့တွင် အချိန်အကြာကြီး မတ်တပ်ရပ်နေ၏။ ထို့နောက် သူ အမည်တစ်ခုစီ၏အောက်တွင် အမှတ်အသားသစ်များ ပြုလုပ်ပြန်သည်။ပထမဦးစွာ သူက ပထမဆုံးသားကောင်ရှောက်မေ၏အမည်ကို ဖျက်ထုတ်လိုက်၏။ အကြောင်းမှာ ရှောက်မေသည် မူးယစ်ဆေးဝါးကုန်ကူးရာတွင် ပါဝင်မည်ဟု သူ လုံးဝမထင်သောကြောင့်ပင်။ သို့သော် သူမနှင့်အတူ သေဆုံးခဲ့သည့် အမျိုးသား သားကောင်မှာ ယခုအချိန်ထိ ပဟေဠိတခု ဖြစ်နေဆဲပင်။ ထို့ကြောင့် ကျန်းကျင်းခိုင်က ဤအမည်မသိ အမျိုးသားသားကောင်၏နာမည်နေရာကို စက်ဝိုင်းဝိုင်းလိုက်၏။ ဤအမျိုးသားသည် မူးယစ်ဆေးဝါး ကုန်ကူးမှုတွင် ပါဝင်နိုင်ခြေ အလွန်များသည်ဟု သူ ယူဆထားသည် မဟုတ်ပါလား။
ဒုတိယလူသတ်မှုအတွက် ကျန်းကျင်းခိုင်က အားဟွေ၏အမည်ကို ဝိုင်းထားလိုက်ပြီး ယင်ကျောက်၏နာမည်ကို ဖျက်ပစ်လိုက်ပြန်၏။ လူသတ်မှုဖြစ်ပွားပြီးနောက် သက်သေများ၏ ထွက်ဆိုချက်အရ ယင်ကျောက်၏သေဆုံးမှုသည် မတော်တဆမှုဖြစ်လေရာ သူသည်လည်း မူးယစ်ဆေးဝါးကုန်ကူးသူ မဖြစ်နိုင်ချေ။
တတိယလူသတ်မှုအတွက်မူ ကျန်းကျင်းခိုင်က အားလီ၏အမည်ကို ဝိုင်းထားပြီး လျူနမ်ချွမ်း၏အမည်ဘေးတွင် မေးခွန်းအက္ခရာ ပြထားလိုက်၏။ မြို့ပြင်မှ အလုပ်သမားတစ်ဦးဖြစ်သူ လျူနမ်ချွမ်းသည် မူးယစ်ဆေးဝါး ကုန်ကူးရာတွင် ပါဝင်နိုင်ခြေ နည်းပါး၏။ သို့သော် တထစ်ချတော့ မပြောနိုင်ပေ။
စတုတ္ထအမှုအတွက် သူ အားရှူ၏အမည်ကိုဝိုင်းထားလိုက်ပြီး အမျိုးသားသားကောင်၏အမည်နေရာတွင်လည်း ဝိုင်းထားလိုက်၏။ စတုတ္တမြောက် အမျိုးသားသားကောင်သည်လည်း မည်သူမည်ဝါမှန်း ယခုအချိန်ထိ မသိရှိရသေးပေ။
ပဉ္စမမြောက်လူသတ်မှုအရောက်တွင် ကျန်းကျင်းခိုင်က ခေတ္တစဥ်းစားလိုက်၏။ ပြီးမှ သူက ယင်ကျူးမေ၏အမည်ဘေးတွင် မေးခွန်းအက္ခရာပြထားလိုက်ပြီး ကျူးယုပင်၏အမည်ကို ဖျက်ပစ်လိုက်၏။ သူနာပြုတစ်ဦးအနေဖြင့် ယင်ကျူးမေသည် လမ်းကြားရှိ အမျိုးသမီးများအတွက် တနည်းတဖုံ အသုံးဝင်ခဲ့နိုင်၏။ သူမ၏ခင်ပွန်း ကျူးယုပင်မှာကား ရိုးရိုးကျောင်းဆရာတစ်ဦးသာ ဖြစ်သည်။ မူးယစ်ဆေးဝါးကုန်ကူးမှုတွင် ၎င်း ပါဝင်ပတ်သက်နိုင်ချေ နည်းလွန်းနေ၏။
ဆဋ္ဌမလူသတ်မှုအတွက် ကျန်းကျင်းခိုင် အားတီး၏အမည်ကို အချိန်အတော်ကြာ စဥ်းစားပြီးမှ ဝိုင်းထားလိုက်၏။ သူမ၏ နောက်ကြောင်းရာဇဝင်မှာ အထူးသံသယဖြစ်ဖွယ် ကောင်းနေ၏။ အားကျောက် ထွက်သွားပြီးနောက် သူမလမ်းကြားသို့ ရောက်လာခဲ့လျင် အားကျောက်က သူမကို အဘဘယ်ကြောင့် မှတ်မိနေရမည်နည်း။ သာမာန်အရောင်းစာရေးတဦးသာဖြစ်သော ကောက်ရွှီကုန်း၏ အမည်ကိုတော့ သူ ဖျက်ထုတ်လိုက်၏။
သတ္တမလူသတ်မှုအတွက် အားလျန်နှင့် သူမ၏အဖော် နှစ်ဦးစလုံးကို ဝိုင်းထားလိုက်သည်။ တဖန် အားလျန်၏အမည်အောက်တွင် မျဉ်းပါသားထားလိုက်သည်။ အကြောင်းမှာ အခြားသားကောင်များနှင့်မတူဘဲ အားလျန် အသက်ရှင်လျက် ကျန်နေသေးသောကြောင့်ပင်။ ထို့နောက် သူသည် ဆေးပညာအရ စိတ်ရောဂါဖြစ်နေသော အမျိုးသမီးထံမှ န်တုံ့ပြန်မှုတစ်မျိုးမျိုး ထွက်ပေါ်လညရန် လှုံ့ဆော်နိုင်သည့် နည်းလမ်းတစ်ခုခု ရှိမရှိ တွေးတောနေမိလေသည်။
အဋ္ဌမမြောက်လူသတ်မှုအတွက် အားချွေ၏အမည်ကို သူ ဝိုင်းထားလိုက်သည်။ အကြောင်းမှာ သူမသည် အားရှူးနှင့်မိတ်ဆွေဖြစ်ပြီး သတ္တမလူသတ်မှု၏ မျက်မြင်သက်သေလည်း ဖြစ်နေသောကြောင့်ပင်။ ကျောက်ချူးဟိုင်အတွက်မူ သူက မေးခွန်းအက္ခရာပြထားလိုက်သည်။ တက္ကစီသမားတစ်ဦးဖြစ်ခြင်းကြောင့် သူသည် ဤအမျိုးသမီးများကို တနည်းတဖုံ ကူညီပေးနေသည်မျိုး ဖြစ်နိုင်၏။ ဤမျှဆိုလျင် စုံစမ်းစစ်ဆေးရန် ထိုက်တန်နေပြီ ဖြစ်လေသည်။
ဝှိုက်ဘုတ်တခုလုံးကို အမှတ်အသားများ ပြုလုပ်ပြီးနောက် ပထမဆုံးအမျိုးသမီးသားကောင် ရှောက်မေမှလွဲ၍ ကျန်အမျိုးသမီးသားကောင်များအားလုံးသည် မူးယစ်ဆေးဝါး ကုန်ကူးမှုနှင့် ပတ်သက်နိုင်ချေရှိနေကြောင်း ကျန်းကျင်းခိုင် တွေ့လိုက်ရ၏။ ထို့နောက် သူက ထပ်မံစဥ်းစားရင်း ရှောက်မေကိုပါ မေးခွန်းအက္ခရာနှင့် အမှတ်အသားပြုထားလိုက်၏။ လမ်းကြားတွင် သုံးနှစ်ကြာ နေထိုင်ခဲ့ပြီး အားရှူကို သိနိုင်ခြေ အလွန်များသည့် ရှောက်မေသည် တဖက်တွင် မိသားစုဝန်ကိုထမ်းနေရသူဖြစ်လေရာ ငွေကိုလွယ်လွယ်သာရခဲ့လျင် မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင် ပါဝင်နိုင်ချေရှိနေ၏။
အားလုံးပြီးစီးသွားသည်နှင့် ကျန်းကျင်းခိုင်က နောက်ဆုတ်ပြီး ဝှိုက်ဘုတ်ကို ကြည့်လိုက်သည်။ ဝှိုက်ဘုတ်ပေါ်ရှိ အမျိုးသမီးများအားလုံးသည် မူးယစ်ဆေးဝါးကုန်ကူးမှုတွင် ပါဝင်ပတ်သက်ရန် အခွင့်အလမ်း သို့မဟုတ် အကြောင်းပြချက်များ ရှိနေကြကြောင်း သူ တွေ့လိုက်ရသည်။ ထိုအခါ ဤအမှုသည် မူးယစ်ဆေးဝါး ကုန်ကူးမှုနှင့် ဆက်စပ်နေသည်ဟူသော သူ့ယူဆချက်ကလည်း ခိုင်မာသည်ထက် ခိုင်မာလာတော့သည်။
လတ်တလောတွင် အရေးအကြီးဆုံးကိစ္စမှာ မူလက သေဆုံးခဲ့ပြီဟု ယူဆခဲ့သော အားရှူကို ခြေရာခံခြင်းအပြင် အမည်မသိ အမျိုးသားသားကောင် သုံးဦးကို အတည်ပြုနိုင်ရန်ပင် ဖြစ်လေသည်။ သို့သော် ဤအမှုသည် မူးယစ်ဆေးဝါးနှင့် ဆက်စပ်နေသောကြောင့် သူ့အနေနှင့် အမျိုးသားသားကောင်များကို အတည်ပြုနိုင်ရန် ပြည်နယ်ရဲဌာန သို့မဟုတ် ပြည်သူ့လုံခြုံရေးဌာနတို့ကိုသာ အကူအညီ တောင်းရန်ရှိနေသည်။ ၎င်းတို့၏ ဒေတာဘေစ်များတွင် ထိုအချက်အလက်များ ရှိနေနိုင်၏။ သို့သော် ထိုသို့ရှာဖွေရန်မှာ ထင်သလောက်တော့ မလွယ်ကူလှချေ။ မူးယစ်ဆေးဝါး ကုန်ကူးမှုတွင် ပါဝင်ပတ်သက်သူထောင်ပေါင်းများစွာ၊ သို့မဟုတ် သန်းပေါင်းများစွာအနက်မှ သဲလွန်စများကို ရှာဖွေရမည်ဖြစ်၍ ဤလုပ်ရပ်က ကောက်ရိုးပုံထဲမှ အပ်လိုက်ရှာသည်နှင့် တူနေ၏။ထို့အပြင် ဤသေဆုံးသူ သုံးဦးသည် ရဲဒေတာဘေ့စ်များတွင် သေချာပေါက်ရှိနေမည်ဟု မည်သူမှ အာမမခံနိုင်။
မည်သို့ပင်ဖြစ်စေ ကျန်းကျင်းခိုင်ကတော့ ဤအမှုကို မူးယစ်ဆေးဝါးကုန်ကူးမှုရှုထောင့်မှ ချဥ်းကပ်သင့်သည်ဟု ယုံကြည်ထား၏။ စမ်းသပ်ကြည့်ခြင်းသည် ဘယ်တော့မှ မမှားချေ။
ထိုအခါ ကျန်းကျင်းခိုင်သည် ဝှိုက်ဘုတ်ပေါ်မှ အချက်အလက်များကို မှတ်စုစာအုပ်ထဲသို့ ကူးယူပြီး ဝှိုက်ဘုတ်ကို ဖျက်လိုက်၏။ ပြီးနောက် သူ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနသို့ ထွက်ခွာလာခဲ့လေသည်။