← Chapters

ဆန်းကြယ်တဲ့အားတီး

Vol. 8 Ch. 80

ဆန်းကြယ်တဲ့အားတီး

Vol. 8 Ch. 80

နေ့လယ်စာစားချိန်မတိုင်ခင်မှာပင် ကျန်းကျင်းခိုင်ယောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနမှ ထွက်ခွာလာ၏။ ဌာနရဲ့တာဝန်ခံ ကျိုးချွန်ကျန့်က ကျန်းကျန့်ခိုင်ကို လိုက်ပို့ပေးလေသည်။ သူတို့နှစ်ယောက် စင်္ကြံတွင် ခနတဖြုန် စကားပြောပြီး လမ်းခွဲလိုက်ကြ၏။

ထို့နောက်တွင်တော့ ကျန်းကျင်းခိုင် စဥ်းစားရလေပြီ။ ကျိုးချွန်ကျန့်ပေးခဲ့သောအချက်အလက်များကို အခြေခံ၍ စဥ်းစားလျင် လမ်းကြားထဲမှ ပြည့်တန်ဆာများဦးစီး မူးယစ်ဆေးဝါးမှောင်ခိုကူးဂိုဏ်းသည် စွေ့တီကွမ်းနှင့်သာ ပတ်သက်ပြီး ထိပ်ပြောင်ဝံပုလွေနှင့် မသက်ဆိုင်ဟု ထင်ရသည်။ ၎င်းမှာ ဦးလေးကောက်ပြောပြခဲ့သည့်အချက်အလက်များနှင့် တထပ်တည်းတူညီနေ၏။

သို့ဆိုလျင် အားကျောက်တယောက် မူးယစ်ဆေးဝါးဂိုဏ်းတွင် ပါဝင်ပတ်သက်နေသည့် ပြည့်တန်ဆာအားလုံးကို သိကျွမ်းနေခြင်းသည် တိုက်ဆိုင်ခြင်းသက်သက်ပေလား။ သို့မဟုတ် တခြားအကြောင်းပြချက်များ ရှိနေသလား။ ထိုအခါ ကျန်းကျင်းခိုင်၏ အတွေးများက အားကျောက်ထံ ပြန်ရောက်သွားပြန်သည်။

အထူးသဖြင့် အားတီးနှင့် ပတ်သက်၍ဖြစ်သည်။ အားကျောက်က အားတီးကို မည်သို့သိနေသနည်း။ ထိုအတွေးဝင်လာသည်နှင့် သူ နံရံမှတိုင်ကပ်နာရီကို ကြည့်လိုက်၏။ မွန်းတည့် ၁၂ နာရီတိတိရှိလေပြီ။ နောက်ဆုံးတော့ သူ အားကျောက်ထံ ဖုန်းခေါ်ရန် ဆုံးဖြတ်လိုက်၏။

"ဟဲလို"

ဖုန်းထဲမှ အားကျောက်၏အသံ ထွက်ပေါ်လာ၏။

"မင်းဘာတွေလုပ်နေလဲ အလုပ်ရှုပ်နေလား"

ကျန်းကျင်းခိုင် ခေါင်းကုတ်ရင်း မေးလိုက်သည်။ သူ့အနေနှင့် အားကျောက်ကို ဘာပြောရမှန်းမသိဖြစ်နေ၏။ လူသတ်မှုများတွင် ပါဝင်ပတ်သက်နေကြောင်း သံသယရှိသည်ဟု တိုက်ရိုက်ပြောလိုက်လျင် အားကျောက် ဒေါသအိုးပေါက်ကွဲသွားပေလိမ့်မည်။ ဟုတ်ပါတယ်။ တဖက်တွင်လည်း ဤကွင်းဆက်လူသတ်မှုသည် အားကျောက်နှင့် လုံးဝမဆိုင်ဟု သူ ယုံကြည်ထား၏။ သို့သော် အထောက်အထားတချို့က အားကျောက်ကိုဆန့်ကျင်နေ၍ သူ သံသယဝင်မိသည်ကိုလည်း အပြစ်တင်ရန်တော့ မရှိပေ။

"ကျွန်မ နေ့လယ်ဘက် အတန်းမရှိဘူး"

အားကျောက်က ပျော်ရွှင်စွာပြန်ပြောလိုက်၏။

"ဘာလဲ ရှင်က ကျွန်မကို အပြင်ခေါ်သွားချင်လို့လား"

အားကျောက်ကား ကျန်းကျင်းခိုင် သူမအပေါ် သံသယဝင်နေကြောင်း တွေးမိပုံပင်မရ။ အလွန်ပျော်ရွှင်နေဟန်ဖြင့် စနောက်နေလေသည်။

"ဪ၊ ဒီလိုလား"

မည်သို့ဆိုစေ အားကျောက်ပျော်နေကြောင်း သိလိုက်ရ၍ ကျန်းကျင်းခိုင်ပါ စိတ်ရွှင်လန်းလာလေသည်။

"မင်း ဘယ်သွားချင်လဲ ပြော ကျုပ် လိုက်ပို့ပေးမယ်"

"တကယ်လား"

ကျန်းကျင်းခိုင်က သဘောတူလိုက်၍ သူမ ဝမ်းသာအားရ ဖြစ်သွား၏။

"ကောင်းပြီလေ ကျွန်မကို မူကြိုကျောင်းမှာ လာရှာလိုက် ကျွန်မ ပန်းချီခန်းထဲမှာ ရှိနေမယ်"

"ဟုတ်ပြီလေ"

ထို့နောက် ကျန်းကျင်းခိုင် ဖုန်းချလိုက်၏။

မူကြိုကျောင်းသို့ အသွားလမ်းတွင် ကျန်းကျင်းခိုင် အစားအသောက်များ ဝယ်သွားသေး၏။ နေ့လည်စာအတွက်ပင်။ ရဲအရာရှိတစ်ယောက်အတွက် ထမင်းတနပ်ကို ဖြစ်သလိုစားရသည်မှာ သူ့အတွက် ရိုးနေပေပြီ။ ထို့နောက် သူက နေ့လည်စာကို ကားထဲမှာပင် ကသောင်းကနင်း စားသောက်လိုက်ပြီး အားကျောက်ကို ပန်းချီခန်းထဲတွင် သွားခေါ်လိုက်၏။

"မြန်သားပဲ ဟန်နီ"

ကျန်းကျင်းခိုင်ကိုမြင်သည်နှင့် အားကျောက်က အသင့်စောင့်ကြိုနေဟန်ဖြင့် ပြုံးပြလိုက်၏။

"ကျွန်မကို ဘယ်ခေါ်သွားမလို့လဲ"

"မင်းပြောကြည့်လေ ဘယ်သွားကြမလဲ"

ကျန်းကျင်းခိုင်က ပြန်မေးလိုက်၏။

"ဘယ်နေရာဖြစ်ဖြစ် ကျွန်မအတွက် အဆင်ပြေပါတယ်"

အားကျောက်က နွေးထွေးနူးညံ့စွာ ဖြေလိုက်ပြီး ကျန်းကျင်းခိုင်ကို ဖက်ထားလိုက်လေသည်။

"ရှင်နဲ့ဆိုရင် ဘယ်နေရာကိုပဲ ဖြစ်ဖြစ်"

"ကောင်းပြီလေ ဒီနေ့က စနေ၊ တနင်္ဂနွေ မဟုတ်ဘူးဆိုတော့ ကမ်းခြေမှာ လူသိပ်မများလောက်ဘူး ကမ်းခြေဘက်သွားကြမလား"

"ကောင်းသားပဲ"

အားကျောက်က ခေါင်းငြိမ့်ပြီး ပြန်ဖြေလိုက်သည်။ ဤမြို့သည် ပင်လယ်ကမ်းခြေတွင် ရှိသည်ဆိုသော်ငြား အားကျောက်အဖို့ နေ့တိုင်းသွားနိုင်သည်မဟုတ်ချေ။ ထို့နောက် သူတို့နှစ်ယောက် ကမ်းခြေဆီသို့ ဦးတည်ထွက်ခွာလာကြ၏။

"ဟန်နီ ဒီနေ့ ဘာလို့အားနေတာလဲ စာသင်တဲ့ရက်ကြီး ကမ်းခြေလိုက်ပို့မယ်လို့ မထင်ထားဘူး"

အားကျောက်က ကားထဲမှာထိုင်ရင်း နှုတ်ခမ်းစူကာ ပြောလိုက်သည်။

"ဘာလဲ ရှင် ကျွန်မကို မေးခွန်းတွေ ထပ်မေးတော့မှာမလား"

"ဟဲဟဲ မဟုတ်ရပါဘူးကွာ"

ကျန်းကျင်းခိုင်က ဗြောင်လိမ်လိုက်လေသည်။

"ပျော်ပွဲရွှင်ပွဲလေး လုပ်မလားလို့ ဒီနေ့ ကျုပ် အလုပ်သိပ်မရှိဘူးလေ အားနေတယ်ဆိုပါတော့"

"ဟုတ်ပါ့တော် ဟုတ်ပါ့ အမှုနဲ့ပတ်သက်ပြီး တိုးတက်လာလို့ ပျော်ပွဲကျင်းပတာလို့ ပြောရင်တောင် ကျွန်မက ယုံလိုက်အုံးမယ် သိလား"

အားကျောက်က ငေါ့လိုက်၏။

"ကဲ ပြောစမ်းပါ ရှင် ဘာတွေမေးဦးမှာလဲ"

"ဟေ အခုလား"

အားကျောက်၏စကားကြောင့် ကျန်းကျင်းခိုင်က ကားကို လမ်းဘေးတွင် ရပ်လိုက်သည်။

"ကမ်းခြေရောက်မှ စကားပြောကြရအောင်လေ"

"မပြောပါဘူး ကမ်းခြေက ရိုမန့်တစ်ဆန်တဲ့နေရာလေ ရှင့်ရဲ့မေးခွန်းတွေကြောင့် ကျွန်မ ခေါင်းမရှုပ်ချင်ဘူး"

"ကောင်းပါပြီလေ"

ကျန်းကျင်းခိုင် ခေတ္တမျှ ငြိမ်သက်သွား၏။ ထို့နောက် သူက မေးလိုက်သည်။

"မင်းရဲ့ အားတီးရဲ့ ဆက်ဆံရေးကို သိချင်တယ်"

"အားတီး"

ကျန်းကျင်းခိုင်၏မေးခွန်းကိုအားကျောက် တွေဝေနေလေသည်။ သူမအနေနှင့် ထိုနာမည်ကို အထူးတလည် မရင်းနှီးကြောင်း ထင်ရှားနေ၏။

"အဲဒီနာမည်ကို ကျွန်မ မှတ်မိသလိုလိုတော့ရှိတယ်၊ ဒါပေမယ့်… ခဏလေး ဟန်နီ ရှင့်မှာ သူ့ပုံတူပါလာလား"

"ဪ ဟုတ်တယ် ပါလာတယ်"

ကျန်းကျင်းခိုင်က ကားနောက်ခန်းမှ ပုံတူများကို ထုတ်ယူလိုက်၏။

"ဪ သူပဲလား ကျွန်မ အခု မှတ်မိပြီ"

အားကျောက်က ကျန်းကျင်းခိုင်လက်ထဲမှ ပုံတူကိုယူ ကြည့်ရင်းပြောလိုက်၏။

"သူက အားရှုတို့မြို့ကပဲလေ ကျွန်မနဲ့တော့ သိပ်မရင်းနှီးဘူး ကျွန်မ လမ်းကြားကို ပထမဆုံးရောက်တဲ့အချိန်မှာ သူက အစ်မရှုနဲ့ အတူတူနေတယ် ဒါကြောင့် အစ်မရှုအကြောင်း ပြန်တွေးကြည့်ရင်း သူ့ပုံတူကိုပါ ဆွဲဖြစ်သွားတာ"

" ဟုတ်လား ဒါဆို သူ လမ်းကြားကနေ ဘယ်တုန်းက ထွက်သွားတာလဲ မင်း သိလား"

ကျန်းကျင်းခိုင်က ထပ်မေးလိုက်ပြန်သည်။

"ကျွန်မ သိပ်မသေချာဘူး…"

အားကျောက်၏ မျက်နှာမှာ တွေဝေဟန်များ ပေါ်လာသည်။ သူမ မည်သို့ရှင်းပြရမှန်းမသိပဲ ဖြစ်နေ၏။ အကြောင်းမှာ သူမသည် အားရှုကို နှုတ်ဆက်ရန် အခွင့်အရေး မရခဲ့သောကြောင့်ပင်။ ထိုအချိန်က ထိပ်ပြောင်ဝံပုလွေဟု လူသိများသော ရှုကွမ်းလျန်ဒဏ်ရာရပြီး ပြုစုစောင့်ရှောက်ဖို့ လိုအပ်နေ၍ သူမ သူ့ဘေးမှာ ရက်အတော်ကြာ နေခဲ့ရသည်မဟုတ်ပါလား။

"အစ်မရှု လမ်းကြားကနေ မထွက်ခွာခင်လောက်ပဲ ဖြစ်မယ်ထင်တယ် ဒါပေမယ့် အဲ့ဒီတုန်းက ကျွန်မ နေမကောင်းလို့ ရက်အကြာကြီး အလုပ်ပျက်သွားသေးတယ် ဒါကြောင့် သူ ဘယ်အချိန်လောက် လမ်းကြားက ထွက်သွားလဲဆိုတာ ကျွန်မ မပြောနိုင်ဘူး"

"ကောင်းပြီ"

ကျန်းကျင်းခိုင်က ခေါင်းညိတ်ပြရင်း မေးလိုက်ပြန်သည်။

"အားတီး အဲ့ဒီနောက်ပိုင်း လမ်းကြားကို ပြန်လာသေးလား သူ ဘယ်တုန်းက လမ်းကြားမှာ အလုပ်လုပ်ခဲ့ဖူးတာလဲ"

"မလုပ်ခဲ့ပါဘူး ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး"

ဤတကြိမ်တွင်တော့ အားကျောက်က တိတိကျကျပင် ပြန်ဖြေလိုက်သည်။

"ဒါပေမယ့် သူ ဒီလုပ်ငန်းထဲကပဲဆိုတာတော့ ကျွန်မ သိတယ် သူ အစ်မရှုကို ရှာဖို့ ဒီကို ရောက်လာတာလေ ပုံမှန်ဆိုရင် သူက ပြည်နယ်မြို့တော်မှာ အလုပ်လုပ်တယ်"

"တကယ်လား"

အားကျောက်၏ နောက်ဆုံးစကားကို ကြားပြီးနောက် ကျန်းကျင်းခိုင် ချက်ချင်းပင် စိတ်ကူးတစ်ခု ရသွား၏။ အားကျောက် သူ့ကို တစ်ခုခု ဖုံးကွယ်ထားမှန်း သူသိသည်။ သို့သော် သူ့အနေနှင့် အားကျောက်ကို အတင်းအကျပ် မမေးလို။ တစ်နေ့နေ့တွင် ထိုလျှို့ဝှက်ချက်ကို သူမကိုယ်တိုင် ပြောပြလိမ့်မည်ဟု သူ ယုံကြည်ထား၏။ သို့သော် ထိုလျှို့ဝှက်ချက်က လူသတ်မှုနဲ့ ပတ်သက်မှုရှိမရှိကိုတော့ သူ မသေချာ။

"ဟုတ်တယ်"

အားကျောက် ခေါင်းညိတ်လိုက်၏။

"ကျွန်မ သူ့ကို လမ်းကြားထဲ နောက်ထပ် ဘယ်တော့မှ မတွေ့တော့ဘူးဆိုတာတော့ သေချာတယ်"

"ကောင်းပြီ ဒါဆိုလဲ သွားရအောင်လေ"

ကားစက်မနှိုးမှီမှာပင် ကျန်းကျင်းခိုင်က ယင်ကျူးမေကို သတိရလာ၏။

"ဒါနဲ့လေ မင်း ယင်ကျူးမေလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ကို သိလား လမ်းကြားထဲမှာနေတဲ့ သူနာပြုတယောက်လေ"

"သူနာပြုလား"

မေးခွန်းအများကြီးဖြေနေရ၍ အားကျောက် စိတ်တိုလာဟန်ရှိသည်။

"ဟင် ခုထိ ကျွန်မကို မေးစရာကျန်နေသေးတာလား"

"ဆိုပါတော့ သူ့ခင်ပွန်းက ကျူးယုပင်ဆိုတဲ့ကျောင်းဆရာတယောက်ပဲ ရှောက်မေအတွက် အိမ်ကို စာရေးပေးတဲ့သူလေ"

"ဪ အဲဒီမိန်းမလား"

ထိုအခါကျမှ အာကျောက်က သတိရလာဟန်ဖြင့် နှာခေါင်းရှုံ့လိုက်၏။

"သိတယ်လေ အဲဒီမိန်းမက အလကားမိန်းမ ခွေးလောက်တောင်တန်ဖိုးမရှိတဲ့ မိန်းမပဲ"

"ဟေ ဟုတ်လား"

ကျန်းကျင်းခိုင်က ကားစက်ကို ပြန်ပိတ်ပြီး ဆက်မေးလိုက်ပြန်သည်။

"ဘာလို့ အဲ့ဒီလိုပြောတာလဲ"

"ရှောက်မေ ပြည့်တန်ဆာဘဝကို ဘယ်လိုရောက်သွားလဲသိလား"

အားကျောက်က နှုတ်ခမ်းကိုက်ပြီး ကျန်းကျင်းခိုင်ကို ကြည့်ရင်းပြောလိုက်သည်။

"အားလုံး ဒီနှစ်ယောက်ကြောင့်ပဲ ယောကျ်ားက လူယုတ်မာ မိန်းမက ခွေးလိုမိန်းမ"

ထို့နောက် အားကျောက် နှုတ်ဆိတ်သွားပြီး ပြတင်းပေါက်အပြင်ဘက်သို့ ငေးကြည့်နေ၏။ အချိန်အတော်ကြာမှ သူမက စကားစလိုက်သည်။

"ရှောက်မေဟာ အစတုန်းက လမ်းကြားထဲက တိုက်ခန်းတစ်ခုမှာ အိမ်ငှားနေခဲ့တာပေါ့ သူ အနီးအနားက ဟိုတယ်တစ်ခုမှာ ဧည့်ကြိုအလုပ်လုပ်တယ်လေ တစ်နေ့မှာ ရှောက်မေက ကျူးယုပင်ကို အိမ်ကိုစာရေးပေးဖို့ အကူအညီတောင်းတော့ အဲဒီခွေးလိုကောင်က သူ့ကို မုဒိန်းကျင့်လိုက်တယ်လေ နောက်ပိုင်းမှာ ဒါကို ပြန်သိသွားတဲ့ ယင်ကျူးမေက အမျိုးသားတစ်စုကို ခေါ်ပြီး ရှောက်မေကို အစုလိုက်အပြုံလိုက် မုဒိန်းကျင့်ခိုင်းခဲ့တယ် ပြီးတော့ သူ့ကို ကိုယ်လုံးတီးချွတ်ပြီး လမ်းကြားထဲ ပစ်ချခဲ့တယ်လေ နောက်ဆုံးတော့ ကျွန်မတို့ ပြည့်တန်ဆာအုပ်စုကပဲ ရှောက်မေကို ကယ်တင်ခဲ့ကြရတယ်"

ဤနေရာအရောက်တွင် အားကျောက် သက်ပြင်းတစ်ချက်ချလိုက်၏။

"မိန်းမတွေက တစ်ခါတလေမှာ တကယ်ထူးဆန်းတယ် အဲ့ဒီနောက်ပိုင်း ရှောက်မေက ကျူးယုပင်နဲ့ အချိန်အတော်ကြာအောင် ဘာပတ်သက်မှုမှမရှိကြတော့ဘူးဆိုပါတော့ နောက်တော့လဲ ရှောက်မေဟာ သူ့အိမ်ကိုစာရေးပေးဖို့ ဒီလူကိုပဲ အကူအညီပြန်တောင်းရတယ် ဒီတစ်ခါတော့ ယင်ကျူးမေက ရှောက်မေကို ဘာမှဆိုးဆိုးရွားရွား မလုပ်တော့ပြန်ဘူး"

"အင်း ကဲ ကဲ ကျုပ်တို့ သွားကြရအောင် ဒီအကြောင်းတွေ အားလုံးကို မေ့ထားလိုက်တော့ ဟုတ်ပြီလား"

ထို့နောက် သူ ကားကို ကမ်းခြေဆီသို့ မောင်းထွက်လာခဲ့လေသည်။

All Chapters