← Chapters

အားတီး၏ ဇစ်မြစ်

Vol. 9 Ch. 81

အားတီး၏ ဇစ်မြစ်

Vol. 9 Ch. 81

ပင်လယ်ကြီးသည် လူသားတို့၏ စိတ်ဝိညာဉ်ကို ဆန်းကြယ်သော စွမ်းအားတစုံတရာ ပေးစွမ်းနိုင်ပုံရသည်။ ပင်လယ်၏တေးသံများကို နားစွင့်နေအခိုက်မှာပင် စိတ်ထဲမှ ပူပင်သောကများ မေ့ပျောက်သွားတတ်ပြီး နှလုံးသားသည်လည်း ငြိမ်သက်အေးချမ်းသွားတတ်ကြ၏။ ကျန်းကျင်းခိုင်နှင့် အားကျောက်တို့သည် တဦးနှင့်တဦး အပြန်အလှန်သိုင်းဖက်ကာ ပင်လယ်ဆီမှ ထွက်ပေါ်လာသော လှိုင်းတိုးသံများကို နားထောင်နေကြလေသည်။ ထိုအခိုက်အတန့်ဝယ် သူတို့နှစ်ယောက်သည် တစ်ဦးနှင့်တစ်ဦး တသားတည်းဖြစ်သွားသည်ဟု ထင်မှတ်ရ၏။

အချိန်တနာရီကျော်ခန့် ကြာသွားသည်။ နောက်ဆုံးတော့ အားကျောက်က လှည့်လာပြီး ပြောလိုက်၏။

"ဟန်နီ အေးနေပြီလား ကျွန်မတို့ ပြန်ကြမလား"

"အင်း... ကောင်းပြီလေ"

ကျန်းကျင်းခိုင်က ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။ ဤတလျှောက်လုံးတွင် သူသည် အားကျောက်၏ ဆံပင်များကိုသာ စိတ်ဝင်တစား ကြည့်နေခဲ့မိ၏။ သူမ သူ့ကိုယ်ပေါ် မှီတွယ်နေခြင်းကို သူ သဘောကျသလို သူမရဲ့ ဆံပင်ရနံ့ကိုလည်း သူ နှစ်ခြိုက်လှပေသည်။

"ဘာလို့ ဒီလောက် မှိုင်တိုင်တိုင်ဖြစ်နေတာလဲ"

အားကျောက်က မေးလိုက်ပြန်သည်။ ထို့နောက် သူမက ကျန်းကျင်းခိုင်၏ နှာခေါင်းကို ဖျစ်ညှစ်လိုက်၏။

"ပြောစမ်း ရှင် ဘယ်မိန်းကလေးအကြောင်းကို စဉ်းစားနေတာလဲ"

"ဟဲ ဟဲ"

ကျန်းကျင်းခိုင်က အားကျောက်၏လက်ကို လှမ်းဆွဲလိုက်၏။

"ကျုပ်တို့က တရားဝင်မင်္ဂလာမဆောင်ရသေးတော့ တခြားမိန်းကလေးက မင်းပဲနေမှာပေါ့"

"မုန်းစရာကြီး"

အားကျောက်က နှုတ်ခမ်းစူလိုက်၏။

ဘာကြောင့်မှန်းမသိ ကျန်းကျင်းခိုင်သည် သူမ၏ပုံစံကို ကြည့်ရင်း ထိမ်းမနိုင်သိမ်းမရနိုင်အောင်ပင် နမ်းရှုတ်လိုစိတ်များ ပေါ်ပေါက်လာ၏။

ထို့နောက် သူ မနေနိုင်တော့ပဲ သူမကို ငုံ့၍နမ်းလိုက်လေသည်။ အားကျောက် အစပိုင်းတွင် တအံ့တဩဖြစ်သွားသော်ငြား သူမ ရုန်းကန်ခြင်းတော့မရှိချေ။ စက္ကန့်ပိုင်းအတွင်း သူတို့၏ နှုတ်ခမ်းများ ဂဟေဆက်ကုန်၏။ သူတို့၏ကိုယ်ခန္ဓာသည်ကား ကမ်းခြေခြံစည်းရိုးကို မှီထားလေသည်။

ခရီးသွားများနှင့် ဘေးပတ်ဝန်းကျင်မှ ဖြတ်သွားဖြတ်လာများ သူတို့နှစ်ယောက်ကို သဘောကျဟန်ဖြင့် ကြည့်သွားကြ၏။ ဤနေရာသည် ရိုမတ်တစ်ဆန်သောနေရာ ဖြစ်သည်။ ထို့ကြောင့် ရိုဆန်သောစုံတွဲများကို တွေ့ရတတ်နိုင်၏။ ၎င်းမှာ ဘာများဆန်းလေသနည်း။

--------------------

လူရှောက်ချိန်တယောက် ကျန်းနန်၏ စခန်းတွင် အတော်လေး အချိန်ဖြုန်းလိုက်ရ၏။ သို့သော် အားတီးနှင့် ပတ်သက်၍ အသုံးဝင်သောအချက်အလက် တစ်စုံတစ်ရာမှ ကျန်းနန်က ထုတ်မပေးနိုင်ခဲ့ချေ။ ထိုအတွက် ကျန်းနန်ကို သူကိုယ်တိုင်ပင် စိတ်ပျက်ခဲ့ရသေး၏။

ပြည့်တန်ဆာခေါင်းအားချွန်သည်လည်း အားတီးသည် မကြာသေးခင်က မြို့ကို ရောက်လာသူဖြစ်ကြောင်းသာသိထားပြီး ကျန်ဘယ်အချက်အလက်ကိုမှ ရေရေရာရာ သိမထားချေ။ အားရှာသည်လည်း ထိုနည်း၎င်းပင်။ သူမသည် လူရှောက်ချိန်ကို ကြားခဲ့ပြီးသား အကြောင်းအရာများကိုသာ ပြန်ပြောပြနိုင်ရှာ၏။ အားတီးသည် လမ်းကြားထဲတွင် တစ်ခါမှ မျက်နှာမပြဖူးကြောင်း၊ မြို့ကိုရောက်ပြီး သေဆုံးသွားကြောင်း စသောအချက်အလက်များကို သူမက ပြောပြခဲ့၏။

တဖက်တွင်လည်း အားချွန်နှင့်အားရှာတို့၏စိတ်ခံစားချက်များ ပိုမိုကောင်းမွန်လာကြောင်း လူရှောက်ချိန် သတိထားမိခဲ့သည်။ ကျန်းနန်သည် ကျန်းကျင်းခိုင်၏ အမိန့်ကို တသွေမတိမ်း လိုက်နာထားပုံရသည်။ ထို့အပြင် အားချွန်၏ စိတ်ပိုင်းဆိုင်ရာအခြေအနေမှာလည်း လွန်ခဲ့သော ရက်အနည်းငယ်ကထက် အများကြီး တိုးတက်လာခဲ့ပြီ ဖြစ်သည်။ ကျန်းကျင်းခိုင် သူ့ကို ဤနေရာမှာ ချုပ်နှောင်ထားခြင်းမှာ သူ့ကို ကာကွယ်ရန် ဖြစ်ကြောင်း သူ နားလည်သွားခဲ့လေပြီ။ လမ်းကြားထဲတွင်လည်း ကမောက်ကမဖြစ်ရပ်များ ဖြစ်နေလေရာ သူ့အတွက် စခန်းတွင်နေရသည်ကမှ သက်တောင့်သက်သာ ရှိနေသေး၏။ အားရှာအတွက်တော့ ပြောနေစရာပင် မလိုတော့။ ဘာအလုပ်မှ လုပ်စရာမလိုပဲ တစ်နေ့ထမင်းသုံးနပ် စားရပြီး စားလိုက်အိပ်လိုက်နေရသည်မှာ ဇိမ်ရှိလှသည် မဟုတ်ပါလား။

ထို့နောက် လူရှောက်ချိန်သည် ရဲစခန်းမှ ထွက်လာခဲ့၏။ သို့သော် သူ လက်ထောက်ခရိုင်ရုံးသို့ ပြန်ရမည့်အစား လမ်းကြားထဲသို့ ကွေ့ဝင်လိုက်လေသည်။ အားချွန်က မိန်းကလေးအများစုသည် ညနေခင်းအစား နေ့လယ်ပိုင်းတွင် အလုပ်လုပ်နေကြပြီဟု ပြောထားပေသည်။ ထို့ကြောင့် သူ အားတီး၏ ဇစ်မြစ်ကို သိထားသည့်မိန်းကလေး တဦးတလေရှိလိုရှိငြား ရှာကြည့်လိုက်သည့် သဘောပင်။

"ဟိတ် အချောလေး ဘာညာသွားအုံးမလား"

လူရှောက်ချိန်ကို မြင်သည်နှင့် ရပ်နေသည့်မိန်းကလေးတဦးက အထက်ပါအတိုင်း ဆွဲဆောင်လိုက်သည်။

"လာပါ သွားရအောင်လေ စျေးလျှော့ပေးမယ်"

မိန်းကလေး၏ ခေါ်သံကြောင့် လူရှောက်ချိန် သူမကို လှမ်းကြည့်လိုက်သည်။ သူမြင်နေရသည့်မိန်းကလေးသည် ရှောက်မေလောက်ပင် အသက်ကြီးသေးပုံမရ။

သနားဖို့ကောင်းလိုက်တဲ့မိန်းကလေးတွေ...

လူရှောက်ချိန် ကြိတ်၍တွေးလိုက်မိသည်။ သူ့ညီမ မိသားစုတာဝန်ကိုထမ်းနိုင်ရန် ပြည့်တန်ဆာဖြစ်ခဲ့ရသည်ဟူသော အသိစိတ်က လူရှောက်ချိန်၏ ပြည့်တန်ဆာများအပေါ် အမြင်ကို များစွာ ပြောင်းလဲသွားစေ၏။ ဤခေတ်တွင် သူ့အနေနှင့် ဤမိန်းကလေးများကို ရွံရှာစရာဟု မယူဆတော့။ ထိုအစား သူက သူတို့နှင့် ပို၍နီးစပ်သွားသလိုပင် ခံစားနေရသေး၏။

"ကောင်းပြီ သွားကြစို့"

လူရှောက်ချိန်က ခေါင်းညိတ်လိုက်သည်။

"မင်းပဲ ဦးဆောင်ပါ"

"ကောင်းပါပြီရှင်"

မိန်းကလေးက ခေါင်းကိုအကြိမ်ကြိမ် ညိတ်လိုက်၏။ သူမကိုကြည့်ရသည်မှာ အလွန်ပျော်သွားဟန်တူသည်။ ဤအခြေအနေမျိုးတွင် ဖောက်သည်တစ်ယောက်ရဖို့ဆိုသည်မှာ ခက်ခဲလှသည်မဟုတ်ပါလား။

"ဟေ့အချောလေး တနာရီအပြည့်ယူလိုက်ပါလား အများကြီးလျှော့ပေးလိုက်မယ်"

မိန်းကလေးက လူရှောက်ချိန်၏ လက်မောင်းကို ချိတ်ရင်း ထပ်မံစျေးဆွယ်လိုက်ပြန်၏

"အင်း"

လူရှောက်ချိန် မိန်းကလေး၏ လက်ထဲမှ သူ့လက်ကို လွတ်အောင်ပြန်ရုန်းနေ၏။ သို့သော် သူမက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၍ သူ ရုန်းမရဖြစ်နေရှာသည်။

"မလောပါနဲ့ အရင်ကြည့်ပြီးမှ ဆုံးဖြတ်ပေါ့နော်"

မိန်းကလေးက ထပ်ပြောလိုက်ပြန်သည်။ လူရှောက်ချိန် သူ့လက်ကိုရုန်းမနေတော့ပဲ မိန်းကလေးနှင့်အတူ အခန်းထဲသို့ လှမ်းဝင်လိုက်၏။

"ကဲ အဝတ်ချွတ်ရအောင်လေ"

မိန်းကလေးက ပြောပြောဆိုဆို တံခါးကိုပိတ်ပြီး အိပ်ရာပေါ်တွင် ထိုင်နေသည့် လူရှောက်ချိန်ကို ကြည့်ကာ ပြောလိုက်သည်။

"ဒီတော့ ဆရာသမားလေး စျေးကတော့ ယွမ် ၁၀၀ကျသင့်ပါမယ်ရှင်"

ထို့နောက် မိန်းကလေးက လူရှောက်ချိန်ဆီ လျှောက်သွားပြီး မျှော်လင့်တကြီး ကြည့်နေရှာသည်။

"ကျုပ်..."

မိန်းကလေး၏ မျက်လုံးအစုံတွင် ရိုးသားမှုကို လူရှောက်ချိန် တွေ့နေရသည်။ ဒါသည် သူမအတွက် တစ်ဦးနှင့်တစ်ဦး သဘောတူညီထားသည့်စီးပွားရေးသက်သက်ပင် ဖြစ်သည်။

"ဘာလဲ အရမ်းစျေးကြီးတယ်လို့ ထင်နေတာလား"

မိန်းကလေးက မျက်နှာရှုံ့မဲ့ရင်း မေးလိုက်သည်။

"ဒီခေတ်မှာ ဒါ တော်တော်ကို အန္တရာယ်များတဲ့ အလုပ်ရှင့်... တကယ်ပြောတာပါရှင် ကျွန်မပြောတဲ့စျေးက မကြီးပါဘူး"

ထိုအခါ လူရှောက်ချိန်က ပြောလိုက်၏။

"တစ်ယောက်ယောက်ကို ရှာဖို့ ကူညီပေးနိုင်မယ်ဆိုရင် နှစ်ဆပေးမယ် ပြီးတော့ ဘာဝန်ဆောင်မှုပေးစရာ မလိုဘူး"

"ဒါဆီု"

ထိုစကားကိုကြားသည်နှင့် မိန်းကလေးမျက်နှာတွင် သတိကြီးကြီးထားဟန် ပေါ်လာသည်။ ထို့နောက် သူမက နံရံကို ကျောကပ်ရင်း မေးလိုက်သည်။

"ဘာလိုချင်တာလဲ ရှင်က ဘယ်သူ့ကို ရှာချင်တာလဲ"

သူမအသံမှာ ဖော်ရွေမှုကင်းမဲ့နေလေသည်။

မိန်းကလေး၏ အမူအရာ ပြောင်းလဲသွားသည်ကိုမြင်သည်နှင့် လူရှောက်ချိန်က ယွမ်နှစ်ရာ ထုတ်ယူပြီး အိပ်ရာပေါ် တင်ပေးလိုက်သည်။

" အားတီးလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ကို မင်း သိလား"

"အားတီး"

သူမ ခေါင်းခါရန်ဟန်ပြင်လိုက်သည်။ ပြီးမှ ကုတင်ပေါ်မှ ပိုက်ဆံကိုကြည့်ပြီး ခေါင်းညိတ်လိုက်၏။

"အင်း သိတယ် သူ သေသွားပြီ"

လူရှောက်ချိန်က ဆက်မေးလိုက်ပြန်သည်။

"သူ့အကြောင်း တခြားဘာသိသေးလဲ ဥပမာ- ဘယ်သူနဲ့ ရင်းနှီးလဲ ဘယ်ကလာတာလဲဆိုတာမျိုး"

"ရှင်...ရှင်က ဘယ်သူ... ဘယ်သူလဲ"

မိန်းကလေး ကြောက်ရွံ့လာဟန်တူသည်။ သူမ တံခါးဆီကို ဖြည်းဖြည်းချင်း ရွေ့သွား၏။ ပိုက်ဆံထက် အသက်မသေဖို့က ပိုအရေးကြီးသည် မဟုတ်ပါလား။

"ကျုပ်လား"

မိန်းကလေး အကြီးအကျယ် ကြောက်လန့်နေသည်ကို မြင်လိုက်၍ လူရှောက်ချိန်က နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။

"မကြောက်ပါနဲ့ကွ ကျုပ်က လူဆိုးမဟုတ်..."

သို့သော် သူ့ စကားမဆုံးခင်မှာပင် မိန်းကလေးက အခန်းထဲမှ ထွက်ပြေးသွား၏။ သို့သော် သူမ ကံမကောင်းရှာ။အလောသုံးဆယ်လှုပ်ရှားလိုက်ရခြင်းကြောင့် တံခါးဘောင်နှင့်တိုက်မိပြီး ကြမ်းပြင်ပေါ် ပစ်လဲသွားတော့သည်။

All Chapters