← Chapters

ပျောက်ဆုံးနေသော ကွင်းဆက်

Vol. 9 Ch. 83

ပျောက်ဆုံးနေသော ကွင်းဆက်

Vol. 9 Ch. 83

လူရှောက်ချိန် လက်ထောက်ခရိုင်ရုံးသို့ ပြန်ရောက်ချိန်တွင် ကျန်းကျင်းခိုင်လည်း အားကျောက်မူကြိုကျောင်းပို့ပြီး ရောက်ရှိလာ၏။ လူရှောက်ချိန်သည် အားဖင်ကို မထော်မနန်း လုပ်ရပ်မျိုး မလုပ်ခဲ့ချေ။ ပွေ့ဖက်ရုံ၊ နှစ်သိမ့်ပေးရုံမျှသာ သူမကို ဂရုစိုက်ခဲ့ပေးပြီး ပြန်လာခဲ့လိုက်ခြင်းပင်။

“အင်စပက်တာကျန်း ကျွန်တော် ပြန်ရောက်ပါပြီ"

ကျန်းကျင်းခိုင်ကို မြင်သည်နှင့် လူရှောက်ချိန်က ချက်ချင်းပင် အခန်းထဲသို့ဝင်လာပြီး သတင်းပို့လိုက်၏။

"အားတီးနဲ့ ပတ်သက်ပြီး သတင်းတချို့ရခဲ့တယ် အင်စပက်တာ"

“ဟေ ဟုတ်လား"

လူရှောက်ချိန်၏ စကားကြောင့် ကျန်းကျင်းခိုင် အနည်းငယ် အံ့အားသင့်သွား၏။ လူရှောက်ချိန်သည် မည်သည့်သတင်းမှ ရနိုင်လိမ့်မည်မဟုတ်ဟု သူ ထင်ထားသည်မဟုတ်ပါလား။ ကျန်းနန်ထံတွင် အားတီးနှင့်ပတ်သက်၍ သတင်းများများစားစားရှိလိမ့်မည်မဟုတ်မှန်း သူ မျှော်လင့်ထားပြီး ဖြစ်သည်။ ထို့အတူ အားချွန်နှင့် အားရှာတို့လည်း အသုံးဝင်သော သတင်းအချက်အလက်များစွာ ပေးနိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့။

“ကောင်းပြီ ပြောပြစမ်းပါအုံးကွ"

ကျန်းကျင်းခိုင်က လူရှောက်ချိန်အား စားပွဲတစ်ဖက်ရှိ ထိုင်ခုံကိုဝင်ထ်ိုင်ရန် အချက်ပြရင်း ပြောလိုက်သည်။

“အားတီးဟာ ဂွမ်ချီပြည်နယ်ကပဲ အင်စပက်တာ ပြည့်တန်ဆာလုပ်ငန်း စတင်လုပ်ကိုင်ကတည်းက သူဟာ ပြည်နယ်မြို့တော်မှာပဲ အမြဲအလုပ်လုပ်ခဲ့တာပေါ့ ပြည်နယ်မြို့တော်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ နှိမ်နင်းမှုတွေကြောင့် သူနဲ့သူ့ ပြည့်တန်ဆာသူငယ်ချင်းအချို့က ကျွန်တော်တို့မြို့ကို ရောက်လာခဲ့တယ် သူ သေဆုံးပြီးနောက်မှာတော့ သူနဲ့အတူလာခဲ့တဲ့ မိန်းကလေးအများစုက မြို့ကနေ ထွက်သွားကြတယ်”

လူရှောက်ချိန်သည် သူသိထားသမျှ အကြောင်းအရာအားလုံးကို ကျန်းကျင်းခိုင်အား ကျကျနနပင် ရှင်းပြလိုက်သည်။

"နောက်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်ခွဲလောက်က အားတီးကျွန်တော်တို့မြို့ကို ရောက်လာခဲ့ဖူးတယ် ဒါပေမဲ့ ဘယ်အချိန်လဲဆိုတာ အတိအကျမသိရဘူး ဒီတစ်ခေါက်တော့ သူ့သူငယ်ချင်းတစ်ဦးရဲ့ တိုက်တွန်းချက်ကြောင့် ဒီကို ပြန်ရောက်လာခဲ့တာပေါ့ ဒါပေမဲ့သူ ဒီကိုပြန်လာချင်ပုံမရဘူးလို့သိရတယ် နောက်ပြီး သူ့မှာ ဒီမြို့က အဆက်အသွယ်ရှိကောင်းရှိနိုင်တယ် ဒါပေမဲ့…”

“အင်း ကောင်းပြီ ကျေးဇူးပဲကွာ”

ကျန်းကျင်းခိုင်က လူရှောက်ချိန်ကို ကျေးဇူးတင်စကား ပြောလိုက်၏။

"မင်း လုပ်ခဲ့တာကောင်းပါတယ်”

လူရှောက်ချိန်၏ သတင်းအချက်အလက်များတွင် ဟာကွက်များရှိနေသည့်တိုင် ကျန်းကျင်းခိုင်ကတော့ ချီးပင်ချီးကျူးလိုက်သေး၏။ ထို့နောက် သူက ဆက်ပြောလိုက်လေသည်။

“ကျုပ်သိထားတာတွေနဲ့ မင်းပြောတာတွေကအခြေခံအားဖြင့် ကိုက်ညီနေတယ်ကွ အားတီးဟာ ဒီမြို့ကို လွန်ခဲ့တဲ့ နှစ်နှစ်ခွဲအကြာက ရောက်ဖူးခဲ့တယ်ဆိုတာ အမှန်ပဲ သူ အဲဒီလမ်းကြားထဲမှာပဲ နေခဲ့တာပေါ့ သူ သိတဲ့အဆက်အသွယ်ဆိုတာကလဲ အားရှုပဲ ဖြစ်လိမ့်မယ် သူ ဒီကိုပြန်မလာချင်တဲ့ အကြောင်းရင်းကလည်း အားရှုနဲ့ ဆက်စပ်နေမယ်လို့ ကျုပ် ထင်တယ်"

“အင်စပက်တာကျန်း ဆရာကတော့ တကယ်ကို ထူးချွန်တဲ့ စုံထောက်ပါပဲဗျာ ကျွန်တော်မသိခဲ့တာတွေကိုပါ ဆရာက သိနေတာကိုး"

လူရှောက်ချိန်သည် လေးစားဟန်ဖြင့် ပြောလိုက်၏။

“ဟဲဟဲ မြှောက်မနေစမ်းပါနဲ့ကွာ ဒါနဲ့ ဒီအချက်အလက်တွေကို မင်း ဘယ်ကရလာတာလဲ"

“အားဖင်လို့ခေါ်တဲ့ မိန်းကလေးတယောက်ဆီကပါ အင်စပက်တာ”

လူရှောက်ချိန် အမှန်အတိုင်းပင် ပြောလိုက်၏။

"သူ အားတီးရဲ့ ပြည့်တန်ဆာသူငယ်ချင်းတွေထဲက တစ်ယောက်ပဲ ပြီးတော့ သူ အခုထိ လမ်းကြားမှာ အလုပ်လုပ်နေတုန်းပဲ အင်စပက်တာ"

"ဟုတ်ပြီ ဒါဆို သူ့ကို ကာကွယ်ပေးဖို့လိုအပ်လိမ့်မယ်ကွ”

ကျန်းကျင်းခိုင် ခေတ္တမျှ တိတ်ဆိတ်စွာ စဉ်းစားနေ၏။ ထို့နောက် သူက မေးလိုက်ပြန်သည်။

“ကျန်းနန်နဲ့ အားရှန်တို့မှာ နောက်ထပ် သဲလွန်စတွေ ရှိသေးလား”

“မရှိဘူးအင်စပက်တာ”

လူရှောက်ချိန် ခေါင်းခါပြလိုက်သည်။

“ဒါပေမဲ့ အားတီး ကျွန်တော်တို့မြို့ကို အရင်က တစ်ခါမှ မလာဖူးဘူးဆိုတာတော့ သူတို့အားလုံး တလေသံတည်းပဲ"

“ကောင်းပြီ”

ကျန်းကျင်းခိုင်သည် လူရှောက်ချိန်၏ စကားကို နားထောင်ရင်း ခေါင်းညိတ်လိုက်၏။

"သူတို့ အားတီးအကြောင်း အများကြီးမသိနိုင်မှန်း ကျုပ် တွေးမိသားပဲ ဒါဆို ဒီလိုလုပ်ကွ အားဖင် ပြောခဲ့တာတွေကို ဒီနေ့ အစီရင်ခံစာလုပ်လိုက် ပြီးရင် အားဖင်ကို ကာကွယ်ပေးဖို့ကျတော့…”

ကျန်းကျင်းခိုင် စဥ်းစားရပြန်၏။

“မင်းနဲ့ လျူနင်းက တာဝန်ယူလိုက် ဟုတ်ပြီလား"

“ဟုတ်ကဲ့ အင်စပက်တာကျန်း"

လူရှောက်ချိန် ခေါင်းညိတ်လိုက်လေသည်။ အားဖင်ကို ကာကွယ်ရန် သူကိုယ်တိုင် သဘောတူ၏။ သူမသည် ပြည့်တန်ဆာတစ်ဦးဖြစ်သော်လည်းမုန်းစရာကောင်းသော မိန်းကလေးမျိုးတော့မဟုတ်။သူမ၏ အလုပ်အကိုင်မှလွဲလျင် အားဖင်သည် ကျန်နေရာများတွင် လူကောင်းတဦးပင်။

လက်ရှိတွင် အားတီး၏အတိတ်နှင့်ပတ်သက်သော ကွက်လပ်တချို့ကို ဖာထေးနိုင်ခဲ့ပြီဖြစ်သည်။ ကွက်လပ်တချို့ ကျန်နေသေးသည့်တိုင် အားတီးနှင့်အားရှုတို့ အမှန်တကယ် အဆက်အသွယ်ရှိခဲ့သည်မှာ သေချာနေပေပြီ။ ထို့ပြင် အားတီကိုယ်တိုင်သည်လည်း မူးယစ်ဆေးဝါး ကုန်ကူးမှုတွင် ပါဝင်နေဖွယ်ရှိ၏။

လူရှောက်ချိန် ပြန်မရောက်ခင်လေးမှာပင် မူးယစ်ဆေးဝါး ကုန်ကူးမှုနှင့် ဆက်စပ်သည်ဟု သံသယရှိသော ပျောက်ဆုံးသူများနောက်ဆုံးစာရင်းကို ကျန်းကျင်းခိုင် လက်ခံရရှိထားပြီး ဖြစ်သည်။ ဤစာရင်းတွင် ကျန်းကျင်းခိုင်၏ အာရုံကို ဆွဲဆောင်နေသူ နှစ်ဦး ရှိနေ၏။ တစ်ဦးမှာ ကျောက်ရန်းချူ ဖြစ်ပြီး အသက် ၂၉ နှစ်ရှိ၍ ဗလကောင်းသူ ဖြစ်သည်။ သူ့အရပ်အမြင့်နှင့် ကိုယ်အလေးချိန်သည် ရှောက်မေနှင့်အတူ အသတ်ခံရသော အမျိုးသားနှင့် ထပ်တူနီးပါး ကိုက်ညီနေ၏။ ကျန်တစ်ဦးမှာ ကောက်တီကန်း ဖြစ်ပြီး အသက် ၃၁ နှစ်ရှိ၏။ သူ့ပုံစံမှာလည်း အားလျန်နှင့်အတူ သေဆုံးသွားသော အမျိုးသားနှင့် ကိုက်ညီနေသည်။ ဤအမျိုးသားနှစ်ဦးလုံး၏ နောက်ထပ်တူညီချက်တစ်ခုမှာ ၎င်းတို့နှစ်ဦးစလုံးသည် စွေ့တီကွမ်း၏ လက်အောက်ခံများ ဖြစ်ခဲ့ဖူးခြင်းပင်။

တစ်နည်းအားဖြင့် ဤအမျိုးသားနှစ်ဦးသည် စွေ့ ရာဇဝတ်ဂိုဏ်းမှ ထွက်ပြေးလာသူများ ဖြစ်ကြသည်။ ၎င်းတို့၏ သေဆုံးမှုသည် ဂိုဏ်းသားချင်း ပဋိပက္ခ သို့မဟုတ် မိသားစုတွင်းအာဏာလုပွဲများ ဖြစ်နေသလား။ ထို့အပြင် အားရှုသည် မူးယစ်ဆေးဝါး ကုန်ကူးမှုတွင် ပါဝင်ခဲ့ပြီး သူမသည် စွေ့တီကွမ်းနှင့် မပြေမလည် ဖြစ်ခဲ့ဖူး၏။ ထို့ကြောင့် သူမသည် အခြားရာဇဝတ်ဂိုဏ်းသို့ ဝင်ရောက်ခဲ့ပြီး စွေ့တီကွမ်း၏ ယခင်လုပ်ဖော်ကိုင်ဖက်များအားလုံးကို သုတ်သင်ရာတွင် ကူညီပေးနေခြင်း ဖြစ်နိုင်ပါသလား။ ဤမေးခွန်းများအတွက် လတ်တလောတွင် အဖြေမရှိသေးချေ။

သို့သော် အားရှုအတုနှင့်အတူ သေဆုံးခဲ့သော အမျိုးသားမှလွဲ၍ ကျန်အမျိုးသားသားကောင်များအားလုံးကို အနည်းနှင့်အများ ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။ လက်ရှိအချိန်ထိ အမည်မဖော်နိုင်သေးသည့် လူနှစ်ဦး အတူတကွသေဆုံးနေခြင်းသည် ဘုရားသခင်၏ ရက်စက်သော ဟာသတစ်ခုဟုပင် မြင်စရာရှိနေ၏။

ကျန်းကျင်းခိုင်သည် သုံးသပ်ချက်များကို မှတ်စုစာအုပ်တွင် ရေးမှတ်ထားပြီးနောက် လှောင်ပြုံးပြုံးလိုက်၏။ ဤအမှုသည် သိသိသာသာတိုးတက်လာသော်ငြား အရေးကြီးဆုံးသော မေးခွန်းများကိုတော့ ယခုအချိန်ထိ ဖြေဆိုနိုင်ခြင်းမရှိသေးသည်မှာကား အမှန်တရားပင်။ အားရှု ဘယ်ကိုရောက်နေသနည်း။ အားရှုအတုနှင့်အတူ သေဆုံးခဲ့သော အမျိုးသားက မည်သူနည်း။ အဖြေမှာကား ပျောက်ဆုံးနေဆဲပင်တည်း။

ကျန်းကျင်းခိုင်သည် တနေ့ခင်းလုံး ရုံးခန်းမှ မထွက်ပဲ အမှုဖြစ်စဉ်တစ်ခုလုံးကို ပြန်လည်သုံးသပ်နေ။။ သူ့အနေနှင့် ဤသားကောင်များအားလုံးကို အားရှုနှင့် ချိတ်ဆက်နိုင်သည့် အချက်အလက်တချို့ ရှာဖွေနိုင်လိမ့်မည်ဟု မျှော်လင့်ထားလေသည်။ ၎င်းမှာ ခက်ခဲသော လုပ်ငန်းတာဝန် ဖြစ်နိုင်သော်လည်း တစ်ဦးဦးကတော့ သေချာပေါက် တာဝန်ယူရမည်သာ။ သူ့ဌာနမှ အရာရှိအားလုံးသည်လည်း သားကောင်တစ်ဦးစီတိုင်းနှင့် ပတ်သက်သော အချက်အလက်များကို အသေးစိတ် ရှာဖွေနေကြပြီ ဖြစ်သည်။ သူတို့ သတိမမူမိပဲ လွတ်သွားသော အချက်အလက်တခုက အမှုအတွက် သော့ချက် ဖြစ်ကောင်းဖြစ်လာနိုင်၏။

ခြောက်နာရီတွင် ကျန်းကျင်းခိုင်၏ ဆဲလ်ဖုန်း အသံမည်လာ၏။ အားကျောက်မှန်း သူ အလိုလို သိလိုက်လေသည်။ ကျန်းကျင်းခိုင် ဖုန်းကိုဖွင့်၍ ပြန်ထူးလိုက်၏။

"ဟိုင်း ဟန်နီ အလုပ်ပြီးပြီလား”

“ပြီးပြီပေါ့”

မကြာသေးမီကမှ ကမ်းခြေသို့သွားထား၍ အလွန်ပျော်နေဟန်ဖြင့် အားကျောက်အသံမှာ ရွှင်မြူးနေ၏။ သူမက ဖုန်းထဲမှ မေးလိုက်သည်။

“ဘာတွေဖြစ်နေတာလဲ ခုထိ အလုပ်မှာပဲလား ဒီည ကျွန်မနဲ့ ညစာ မစားတော့ဘူးလား"

“ဟဲဟဲ စားမှာပါကွ"

ကျန်းကျင်းခိုင် ရယ်မောလိုက်သည်။

"ဦးလေးကိုင်တို့ဆိုင်ကို သွားချင်တာမလား မင်းကို မူကြိုကျောင်းမှာ လာကြိုရမလား ဒါမှမဟုတ် ဦးလေးကိုင်ဆီမှာပဲ ဆုံရမလား"

“ရှင်က ပိုတော်လာပြီ ကောင်းပြီ ရှင် ကျွန်မကို ချစ်ကြောင်း သက်သေပြဖို့ အခွင့်အရေးပေးလိုက်မယ် မူကြိုကျောင်းမှာ ကျွန်မကို လာကြိုနော်"

ရဲကားစီးရသည်ကို အားကျောက် သဘောကျလာပုံရ၏။

“ကောင်းပါပြီဗျာ"

“အဲဒါဆို ဒါပဲနော် နောက်မှတွေ့မယ်”

သိပ်မကြာမီ အားကျောက်က မူကြိုကျောင်းရှေ့တွင် ကားစောင့်နေသော လုပ်ဖော်ကိုင်ဖက်များကို နှုတ်ဆက်ရင်း အဝေးဆီမှ တရွေ့ရွေ့မောင်းလာသော ကျန်းကျင်းခိုင်၏ကားဆီသို့ လျှောက်သွားလိုက်၏။ သူမ ထိုကားကို အကြိမ်ပေါင်းများစွာ စီးဖူးသည်ဖြစ်၍ အဝေးကမြင်ရုံနှင့် အလွယ်တကူ မှတ်မိနေ၏။

“အားကျလိုက်တာဟယ်”

ထိုစဥ် ချွေကျင်းက ကမန်းကတန်း ပြေးလာပြီး အားကျောက်၏ လက်မောင်းကို လှုပ်ယမ်းကာ စနောက်လိုက်၏။ ထို့နောက် သူမက ငြီးငြူလိုက်သည်။

"ဟွန့် ကျွန်မကောင်လေးတော့ ဘယ်တော့မှလာကြိုမလဲမသိဘူး”

"လာတော့မှာပါ”

အားကျောက်က ချွေကျင်းကို နှစ်သိမ့်လိုက်၏။

"ပိုက်ဆံရှိတဲ့ ကောင်လေးတွေက အမြဲတမ်း တစ်ခုခုနဲ့ အလုပ်များနေတာပဲလေ”

ထို့နောက် သူမက ချွေကျင်းကိုနှုတ်ဆက်ရင်း ကားပေါ်သို့ တက်သွားလေသည်။

All Chapters