← Chapters

အပြစ်ကင်းစင်ခြင်းနဲ့ မိုက်မဲခြင်း

Vol. 9 Ch. 84

အပြစ်ကင်းစင်ခြင်းနဲ့ မိုက်မဲခြင်း

Vol. 9 Ch. 84

အားကျောက်နှင့်ကျန်းကျင်းခိုင်တို့ ထွက်သွားပြီးနောက် ချွေကျင်းသည် မူကြိုကျောင်းဝင်ပေါက်ရှေ့မှာ တစ်ယောက်တည်း စိတ်မရှည်စွာစောင့်ဆိုင်းနေ၏။ သို့သော် သူမခမျာ လီဟုန်းပင်ကိုတော့ ဖုန်းမခေါ်ရဲရှာ။ ၎င်းမှာ သာမန်မိန်းကလေးတစ်ယောက် လူချမ်းသာသားတဦးနှင့်ချစ်ကျွမ်းဝင်မိသောအခါ မကြာခဏဆိုသလို ဖြစ်တတ်သည့် အခြေအနေမျိုးပင်။ သို့သော် အနှီကောင်မလေးများအဖို့ ချမ်းသာကြွယ်ဝသူတဦးနှင့် ချစ်ကြိုက်မိခြင်းကိုပင် ကံကောင်းခြင်းတရပ်ဟု သဘောထားလေရာ တခြားဘာများတောင်းဆိုခွင့်ရှိတော့မည်နည်း။

နာရီဝက်ခန့်အကြာတွင် လီဟုန်းပင်၏ကားက မူကြိုကျောင်းရှေ့သို့ ရောက်လာ၏။ ကားကို မြင်လိုက်သည်နှင့် ချွေကျင်းတယောက် သမင်ပေါက်လေးပမာ ခုန်ပေါက်ပြေးလွှားသွားလေသည်။

"ဘာလို့ ခုမှ ရောက်လာတာလဲ ဒီမှာ ကျွန်မ စိတ်ပူနေတာ သေတော့မယ်"

ချွေကျင်း ကားပေါ်တက်ရင်း စူပုတ်ပုတ်ဟန်ပန်နှင့် ပြောလိုက်သည်။

"စိတ်ပူတယ် ဟုတ်လား"

လီဟုန်းပင် ခေါင်းငဲ့ရင်း ပြန်ပြောလိုက်၏။

"ဆောရီး ဘေဘီရာ ဒီနေ့ အရမ်းအလုပ်များနေလို့ ညကျရင် တောင်ပိုင်းကဧည့်သည်တွေခေါ်ပြီး အပြင်မှာ သောက်ရဦးမယ် ဒါကြောင့် ဒီညတော့ အားမယ်မထင်ဘူး"

"တကယ်လား"

လီဟုန်းပင်၏ စကားကြောင့် ချွေကျင်း စိတ်မကောင်းဖြစ်သွား၏။

"ဟုန်းပင် ရှင်လဲ ကိုယ့်ကိုယ်ကို ဂရုစိုက်ဦး အလုပ်တွေအရမ်းမလုပ်ပါနဲ့နော်"

သူမ၏ စကားပြောသံမှာ ကြာမူပိုပိုနှင့် ချွဲပစ်နေသော်လည်း လီဟုန်းပင်အပေါ် ချွေကျင်း၏ ခံစားချက်များကတော့ ရိုးသား၏။ အပြစ်ကင်းသော မိန်းကလေးတစ်ယောက် ကိုယ့်ခန္ဓာကိုယ်ကို ယောကျာ်းတစ်ယောက်ဆီ ပေးအပ်လိုက်သောအခါ ထိုမိန်းကလေးလိုချင်သည်မှာ ထိုယောကျာ်းလေး၏ မေတ္တာပင် ဖြစ်သည်။

"အင်းပါကွာ"

လီဟုန်းပင် ရယ်မောလိုက်၏။

"ကျုပ်ကလဲ နားချင်တာပေါ့ကွာ"

လီဟုန်းပင်သည် မိန်းကလေးများကို တန်ဖိုးမထားတတ်သူဖြစ်သော်ငြား ချွေကျင်းအပေါ်တွင်တော့ ခံစားချက်အချို့ ရှိနေသေး၏။ မဟုတ်လျင် သူပိုင်ဆိုင်ထားပြီးသား အမျိုးသမီးတစ်ယောက်ကို သူ့ဘေးတွင် မည်သို့မှ ဆက်ထားမည်မဟုတ်ချေ။

"ဒါဆို ဒီည..."

စိတ်ကူးထဲတွင်တော့ "ဧည့်သည်တွေနဲ့ မတွေ့ဘဲ ကျွန်မနဲ့ အချိန်ဖြုန်းပေးလို့ မရဘူးလား"ဟု ချွေကျင်း မေးချင်နေ၏။ သို့သော် တကယ်တမ်း သူမပြောမိသည်မှာ တခြားစကားလုံးများ ဖြစ်လေသည်။

"ဒီည ရှင့်ဧည့်သည်တွေနဲ့တွေ့တဲ့ပွဲကို ကျွန်မ လိုက်ခဲ့လို့ရမလား"

"မင်း"

လီဟုန်းပင် တကယ်ကြီး အံ့သြသင့်သွား၏။ ချွေကျင်း တရက်တခြား ဆွဲဆောင်မှု ပိုနည်းလာသည်ဟု သူ့စိတ်ထဲတွင် ထင်နေသော်ငြား သူမသည် လှပသောမိန်းမပျိုတစ်ယောက် ဖြစ်နေဆဲဟူသောအချက်ကိုတော့ မဖြစ်မနေ ဝန်ခံရပေလိမ့်မည်။ ဤပုံစံမျိုးက တောင်ပိုင်းစီးပွားရေးသမားများ ရှာနေသည့်ပုံစံမျိုး ဖြစ်နိုင်၏။ ၎င်းကိုတွေးမိသည်နှင့် လီဟုန်းပင်က ချွေကျင်းကို ပြုံးပြလိုက်လေသည်။

"ကောင်းပြီလေ ကျုပ်လည်း မင်းနဲ့ အချိန်ပိုဖြုန်းချင်တာပေါ့ ဒါပေမဲ့ ဒီည ဧည့်သည်တွေက သိပ်လွယ်တဲ့သူတွေတော့ မဟုတ်ဘူးနော် မင်း ကြိုတင်ပြင်ဆင်ထားနိုင်အောင် ပြောပြတာ"

"ဪ"

လီဟုန်းပင်၏ သတိပေးစကားကို နားထောင်ရင်း ချွေကျင်း၏ မျက်နှာက နီရဲလာ၏။ လီဟုန်းပင် ဘာကိုဆိုလိုမှန်း သူမ အတိအကျ သိပေသည်။ သူမနှင့်လီဟုန်းပင် စတွေ့စဥ်ကလဲ ဤတွေ့ဆုံပွဲမျိုးမှပင် စခဲ့သည် မဟုတ်ပါလား။ သူမ၏ ရည်းစားဟောင်း ချွေကျင်းကိုလူကြားသူကြားတွင် အမြတ်ထုတ်နေသည်ကို လီဟုန်းပင်က ဝင်ရောက်တားဆီးပေးခဲ့၏။ ဤနည်းအားဖြင့် သူမတို့နှစ်ယောက်၏ချစ်ခြင်း အစပြုခဲ့ခြင်းပင်။ သူမ မသိခဲ့သည်မှာကား ဤအစီအစဉ်တစ်ခုလုံး၏ဒါရိုက်တာမှာ လီဟုန်းပင်ဖြစ်ပြီး သူမ၏ရည်းစားဟောင်းကိုလည်း ၎င်းကပင် ပိုက်ဆံပေးပြီး အပေးအယူလုပ်ခဲ့ခြင်းပင်။ အမျိုးသားတစ်ယောက်က ပိုက်ဆံရပြီး ကျန်တစ်ယောက်က မိန်းကလေးကို ရသွား၏။ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရှိသော အခြေအနေဟု ဆိုနိုင်သည်။ ဤအရောင်းအဝယ်တွင် တဦးတည်းသော ရှုံးနိမ့်ခဲ့သူမှာ ချွေကျင်းပင် ဖြစ်လေသည်။

"ကဲပါ ထားလိုက်ပါတော့ မင်းနဲ့ကျုပ်နဲ့ပဲ ညစာစားရအောင် ညစာစားပြီးရင် မင်းကို အိမ်ပြန်လိုက်ပို့ပေးမယ် ဟုတ်ပြီလား"

လီဟုန်းပင်က မျက်နှာမသာမယာဖြစ်နေသော ချွေကျင်းကိုကြည့်ပြီး နှစ်သိမ့်လိုက်၏။

"အလုပ်ကို စိတ်မပူနဲ့ ကျုပ် စီစဉ်လိုက်မယ် ဒီဧည့်သည်တွေနဲ့ကျုပ်နဲ့ဆိုတာက အမြဲတမ်း ဆက်ဆံနေရတာပဲလေ"

အမှန်အတိုင်းပြောရလျင် ချွေကျင်းကို လီဟုန်းပင် နည်းနည်းတော့ နှမြောနေသေး၏။ ဤမိန်းကလေးနှင့်သူ ကစား၍မဝသေးချေ။

"ကျွန်မ..."

လီဟုန်းပင်၏ နောက်ဆုံးစကားများကြောင့် ချွေကျင်းရင်ထဲ နွေးထွေးသွားလေသည်။

"သူတို့က... အရမ်းအရေးကြီးလား"

"အင်း ဆိုပါတော့"

ဤနေရာတွင် ချွေကျင်းသာ ပါးစပ်ပိတ်ထားလိုက်လျင် ကိစ္စက အေးအေးဆေးဆေး ပြီးဆုံးသွားပေလိမ့်မည်။ သို့သော် ချွေကျင်းက အမှားကြီးတခု လုပ်လိုက်မိ၏။

"ဒါဆို... ဒါဆို ကျွန်မ လိုက်ခဲ့မယ်လေ ရှင်... ကျွန်မကို ကာကွယ်ပေးမယ်မလား"

"မင်း တကယ်သွားချင်တာလား"

ချွေကျင်း၏ စကားကြောင့် လီဟုန်းပင် မယုံနိင်ပဲ ဖြစ်နေလေသည်။ ချွေကျင်း မိုက်မဲလှချည်လားဟုပင် သူ တွေးမိသေး၏။ လီဟုန်းပင်၏ မျက်လုံးထဲတွင် ပိုက်ဆံသည် အမျိုးသမီးများထက် အမြဲတမ်း ပိုအရေးကြီး၏။ အမျိုးသမီးတစ်ယောက် ဘယ်လောက်ကောင်းကောင်း ပိုက်ဆံထက် ပိုမကောင်းနိုင်သည်မှာတော့ သေချာနေ၏။ အမျိုးသမီးကို ဆုံးရှုံးသွားလျင် ပိုက်ဆံနှင့် နောက်တစ်ယောက်ကို ပြန်ဝယ်၍ရနိုင်သည်။ ပြောင်းပြန်အားဖြင့် ၎င်းမှာ အလုပ်မဖြစ်ပေ။

"ဟုတ်တယ်လေ ကျွန်မက ရှင့်ရဲ့ဝန်ထုပ်ဝန်ပိုးတချို့ကို ကူထမ်းပေးရမှာပေါ့ ရှင် နေ့တိုင်း ဒီလောက်ပင်ပန်းနေတာကို မကြည့်ချင်တော့ဘူး"

ချွေကျင်းက ရိုးရိုးသားသားနှင့် ပြန်ပြောလိုက်လေသည်။

"ဟားဟားဟား"

လီဟုန်းပင် ကျယ်လောင်စွာရယ်မောလိုက်၏။

"ကောင်းပြီလေ သွားကြတာပေါ့ မင်းကို ကျုပ်နဲ့ ခေါ်သွားမယ်"

တစ်ချိန်တည်းမှာပပင် လီဟုန်းပင်၏စိတ်ထဲတွင် အောက်ပါအတိုင်း တွေးနေမိလေသည်။

ငတုံးမ...တခြားယောက်ျားတွေနဲ့ ဟိုလိုဒီလို လုပ်ချင်နေတာ ကြာပြီပေါ့ ဟုတ်လား...မင်းက ဒါကို တောင်းဆိုတာနော်... ကိစ္စတွေ ဆိုးသွားရင် ကျုပ်ကို အပြစ်မတင်လေနဲ့....

------------------------

ဦးလေးကိုင်၏ ခေါက်ဆွဲဆိုင်တွင် အားကျောက်နှင့် ကျန်းကျင်းခိုင်တို့ ညစာ စားပြီးသွားလေပြီ။ ဖောက်သည်သိပ်မများလှ၍ ဤညတော့ ဦးလေးကောက် သူတို့နှင့် ထွေရာလေးပါ ပြောရန်အချိန်ရနေ၏။

"ဘယ်လိုလဲကျင်းခိုင် ဒီညခေါက်ဆွဲအရသာ ဘယ်လိုလဲ ကြိုက်ရဲ့လား"

သူက တခြားဝိုင်းမှ ဧည့်သည်များကို ဧည့်ခံပြီးသည်နှင့် ကျန်းကျင်းခိုင်တို့ စားပွဲတွင် သက်တောင့်သက်သာထိုင်ရင်း မေးလိုက်သည်။

"နောက်ထပ်တစ်ပွဲ ယူပေးရအုံးမလား"

"ကျေးဇူးတင်ပါတယ် ဦးလေးကောက်"

ကျန်းကျင်းခိုင်က ဦးလေးကောက်၏အမေးကို ရယ်မောရင်း ပြန်ဖြေလိုက်သည်။

"တကယ်တော့ ဒီည ခေါက်ဆွဲအရသာက နည်းနည်းတော့ ထူးနေတယ်"

"ထူးမှာပေါ့ ကျုပ်က ဟင်းချက်နည်းကို နည်းနည်းပြင်ထားတာကိုး"

ဦးလေးကောက်က ဂုဏ်ယူစွာ ရှင်းပြလိုက်၏။

"ဒီကလူတွေက အစားအသောက်တွေထဲမှာ အစပ်နဲ့ အငံ အရမ်းများတာကို မကြိုက်ကြဘူး ဒါကြောင့် ကိုင်ကို ကျုပ်က ငရုတ်သီးနဲ့ ဆားနည်းနည်းလျှော့ခိုင်းပြီး ပျားရည်နည်းနည်းပိုကဲထားတယ်လေ ဟဲ ဟဲ"

ထို့နောက် ဦးလေးကောက် မေးလိုက်ပြန်သည်။

"ဒါနဲ့ ကျင်းခိုင် မင်းရှာနေတဲ့ကောင်မလေးကို တွေ့ပြီလား"

"မတွေ့သေးပါဘူးဗျာ"

ကျန်းကျင်းခိုင် ခေါင်းယမ်းပြလိုက်၏။

"ဆက်ရှာနေတုန်းပဲ ဒါပေမဲ့ နောက်ဆုံးတော့ ကျုပ်တို့ တွေ့မှာပါ"

"မင်းပြန်သွားပြီးကတည်းက အဲဒီအမှုအကြောင်းကို ကျုပ် တွေးနေတာကွ"

ဦးလေးကောက်က ဘေးဘယ်ညာရင်း အသံကိုနှိမ့်ကာ ပြောလိုက်လေသည်။

"ကျုပ်မှတ်မိသလောက် အားရှုမှာ ကလေးတစ်ယောက် ရှိတယ်ကွ သူ အိမ်ကို လစဉ် ပိုက်ဆံပို့တယ်နဲ့တူတယ်"

"အားရှုမှာ ကလေးရှိတယ် ဟုတ်လား ဦးလေးကောက်"

ကျန်းကျင်းခိုင် အံ့အားသင့်သွား၏။

"ဒါဆို သူ့ရဲ့အိမ်က ဘယ်မှာလဲဆိုတာ ဦးလေးသိလား..."

"ဂွမ်ချီးပြည်နယ်ကပဲကွ ဘယ်နေရာမှာလဲတော့ မမှတ်မိဘူး ကျုပ်လဲ အသက်ကြီးလာပြီ ထင်တယ်"

ဦးလေးကောက်က ခေါင်းတချက်ခါလိုက်ပြီး ဆက်ပြောပြန်သည်။

"ဒါပေမဲ့ မင်း ကျန်ယွဲ့ချန်းကို တချက်မေးကြည့်ပါလား သူ့ဆီမှာ အားရှူကို စစ်ဆေးခဲ့တဲ့ အစီရင်ခံစာအကုန်လုံး ရှိတယ်"

"ကျန်းနန်ကရော"

ကျန်းနန်က အစီရင်ခံစာများအကြောင်း သိသလားဟု ကျန်းကျင်းခိုင် မေးလိုက်ခြင်းဖြစ်သည်။

"ကျန်းနန် မသိနိုင်ဘူး"

ဦးလေးကောက် ရှင်းပြလိုက်လေသည်။

"ကျုပ် အားရှုကို စစ်ကြောတုန်းက တစ်ယောက်တည်းပဲ အမှန်က ကျန်ယွဲ့ချန်း ကျုပ်နဲ့အတူ ရှိနေရမှာ ဒါပေမဲ့ အဲဒီညက အရေးပေါ်ကိစ္စတစ်ခုပေါ်လာလို့ သူ မလာနိုင်ခဲ့ဘူး"

"အဲဒီညက အားရှူ ဘာအရေးကြီးတာများ ပေးခဲ့သေးလဲ"

ကျန်းကျင်းခိုင်က ဆက်မေးလိုက်၏။

"မပေးဘူး ဘာမှမပေးခဲ့ဘူးကွ"

ဦးလေးကောက် ထရယ်လိုက်၏။

"ကျန်ယွဲ့ချန်းမရှိတဲ့အတွက် အမှုနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ကျုပ် မမေးနိုင်ခဲ့ဘူးလေ ကျုပ်တို့ ကိုယ့်မိသားစုအကြောင်းတွေကိုပဲ ပြောဖြစ်ခဲ့ကြတယ် ကျုပ် မှတ်မိသလောက် သူ့ခင်ပွန်းသေဆုံးပြီးနောက်မှာ သူတို့မှာ ငွေကြေးအခက်အခဲတွေ အများကြီးကြုံခဲ့ရတယ် သူ ကလေးကို ထောက်ပံ့ဖို့အတွက် ပြည့်တန်ဆာ ဖြစ်လာခဲ့တာပေါ့ ကျုပ်အမြင်အရတော့ အဲဒီမိန်းကလေးဟာ ဉာဏ်ကောင်းပြီး သိပ်မဆိုးလှပေမဲ့ ဖြောင့်ဖြောင့်တန်းတန်းနေချင်စိတ်တော့ မရှိဘူးကွ အေးလေ သူတို့လိုပညာရေးအဆင့်နဲ့တော့ ခိုးတာ ဒါမှမဟုတ် လုတာကလွဲလို့ ရိုးရိုးသားသားပိုက်ဆံရှာဖို့ဆိုတာကလဲ ဝေးသကိုး"

" ကျေးဇူးအများကြီးတင်ပါတယ် ဦးလေးကောက်"

ကျန်းကျင်းခိုင်က အဖိုးကြီးကို အားရပါးရပင် လက်ဆွဲနှုတ်ဆက်လိုက်၏။ အရေးကြီးသောအချက်အလက်တချို့သိလိုက်ရ၍ အမှုအတွက် ခြေတလှမ်းတိုးနိုင်ခဲ့ပြီ မဟုတ်ပါလား။

All Chapters