← Chapters

တိတ်ဆိတ်သောည

Vol. 9 Ch. 85

တိတ်ဆိတ်သောည

Vol. 9 Ch. 85

ကျန်းကျင်းခိုင်သည် ကားကို မူကြိုကျောင်းရှေ့တွင် ရပ်လိုက်၏။ ထို့နောက် သူ ကားပေါ်မှဆင်းကာ အားကျောက်၏ခါးကို ညင်သာစွာဖက်ရင်း ပြောလိုက်သည်။

"ဟန်နီ ညဘက် သင်တန်းချိန်မှာတော့ ကျုပ်အားမယ်မထင်ဘူး ဒါပေမဲ့ မင်းပြီးရင် လာကြိုမယ် ဟုတ်ပြီလား"

“ရတာပေါ့ရှင်”

အားကျောက်က ပြန်ဖြေလိုက်သည်။ ထို့နောက် သူမက မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြောလိုက်ပြန်၏။

“တအားကြီး အပင်ပန်းမခံနဲ့နော် လမ်းမှာလည်း သတိထားဦး”

“ဟဲဟဲ စိတ်ချပါကွာ"

အားကျောက်၏ ပူပန်မှုကို ကျန်းကျင်းခိုင် တချက်ရယ်မောရင်း ပြန်လည်နှစ်သိမ့်လိုက်သည်။ ဤနေ့ တကယ်လည်း သူ မအားပါ။ အကြောင်းမှာ အားတီး၏ဇာတိမြို့နှင့်ပတ်သက်၍ ဆွေးနွေးရန် လူရှောက်ချိန်ကို သူ တွေ့ဖို့လိုအပ်နေ၏။

ကျန်းကျင်းခိုင် ရယ်နေခြင်းကြောင့် အားကျောက်က သူ့စကားကို အလေးအနက် မထားကြောင်း သိလိုက်၏။ သူမ နှုတ်ခမ်းစူသွားလေသည်။

“နေကောင်းအောင်နေမယ်လို့ ကတ်ိပေးစမ်းပါ ကျွန်မက… ထားလိုက်တော့ ဘာမှမဖြစ်ပါဘူး လုပ်စရာရှိတာ မြန်မြန်သွားလုပ်တော့"

တစုံတခု ပြောရန်ဟန်ပြင်နေပြီးမှ အားကျောက် ရုတ်တရက် စကားရပ်သွားသောကြောင့် ကျန်းကျင်းခိုင် နည်းနည်းတော့ စိတ်လေးသွားသည်။ ထို့ကြောင့် သူ မျက်နှာတည်တည်နှင့် ပြန်ပြောလိုက်လေသည်။

"စိတ်ချပါကျီးယွမ်ရဲ့ ကျုပ် ဘာမှမဖြစ်စေရဘူး အလုပ်ပြီးတာနဲ့ ချက်ချင်းပြန်လာမယ် ဟုတ်ပြီလား ခုနက မင်းဘာပြောမလို့လဲ ပြောလေ"

ကျန်းကျင်းခိုင် စကားကို တည်တည်တန့်တန့်ပြောလာ၍ အားကျောက် ပြန်လည်ပြုံးလိုက်သည်။

"ဒီလိုလေ အစ်မရှုဟာ တကယ်ပဲ ဂွမ်ချီက ဖြစ်နိုင်တယ် ညနေသင်တန်းတွေပြီးရင် ရှင် ကျွန်မနဲ့အတူ အရင်နေခဲ့တဲ့ ကွန်ဒိုကို လိုက်ခဲ့လေ သူ အိမ်ကိုရေးခဲ့တဲ့ စာဟောင်းတွေထဲမှာ သူ့အိမ်လိပ်စာ ပါကောင်းပါနိုင်တယ်"

“တကယ်လား”

ကျန်းကျင်းခိုင် တကယ်အံ့သြသင့်သွား၏။

“တကယ်ပေါ့”

အားကျောက်က ခေါင်းညိတ်ပြလိုက်သည်။

“အစ်မရှု ဘယ်တုန်းကထွက်သွားတယ်ဆိုတာ မသိပေမယ့် သူ့အိမ်သော့အပိုတစ်စုံ ကျွန်မမှာ ရှိတယ်လေ ဒါကြောင့် သူထွက်သွားပြီးတဲ့နောက် ကျွန်မ သူ့တိုက်ခန်းက ပစ္စည်းအားလုံးကို ပြန်သွားယူခဲ့တယ်"

“ဘာလို့ ဒါကို အရင်တုန်းကမပြောတာလဲ”

ကျန်းကျင်းခိုင် သူမ၏ နှာခေါင်းကို ချစ်စနိုးဖြင့် ညှစ်လိုက်သည်။

“ဒီလိုအချက်အလက်ကို ဘယ်လောက်ကြာကြာ ဖွက်ထားဖို့ စီစဉ်ထားတာတုန်း"

“ဟွန့် မပြောတော့ကော ဘာဖြစ်လဲ”

အားကျောက်က နှုတ်ခမ်းစူကာ ပြောလိုက်သည်။

"တရားဥပဒေနှောင့်ယှက်မှုနဲ့ တရားစွဲလိုက်ပါတော့လား ဘာပဲဖြစ်ဖြစ် ရှင်နဲ့နေရတာက တစ်သက်တစ်ကျွန်းကျခံရတာနဲ့ အတူတူပဲလေ ပြောပါအုံး ကျွန်မဆီက ဘာတွေများလိုချင်သေးလို့လဲ သေဒဏ်ပေးချင်လို့လား”

“တော် တန် တိတ် မင်း"

ကျန်းကျင်းခိုင်က အားကျောက်ကို စကားဆုံးအောင်ပြောခွင့်မပေးပဲ သူမ၏ နှုတ်ခမ်းကို ခပ်ကြမ်းကြမ်းပင် နမ်းရှိုက်လိုက်တော့၏။

ထို့နောက် ကျန်းကျင်းခိုင်သည် အားကျောက်ကို ထားခဲ့ပြီး လမ်းကြားဆီသို့ မောင်းထွက်လာခဲ့၏။ စောင့်ကြည့်ခန်းထဲတွင် လူရှောက်ချိန်ကို သူ အခန့်သင်ပင် တွေ့ရသည်။ ဤရက်ပိုင်းများတွင် လမ်းကြားထဲရှိ စောင့်ကြည့်ခန်းသည် လူရှောက်ချိန်အတွက် ဒုတိယအိမ်သဖွယ် ဖြစ်နေ၏။ ရုံးချိန်နောက်ပိုင်း အချိန်အများစုကို ထိုနေရာတွင် ကုန်ဆုံးခဲ့သည်မှာ လူရှောက်ချိန်အဖို့ ရက်တချို့ကြာခဲ့လေပြီ။

“အစီရင်ခံစာ ရေးနေတာလား”

သူရောက်နေသည်ကို ယခုတိုင် သိသေးပုံမရသော လူရှောက်ချိန်ကို ကျန်းကျင်းခိုင်က မေးလိုက်သည်။

“တခြားသူတွေရော ဘယ်ရောက်သွားပြီလဲ”

“ဪ အင်စပက်တာကျန်း”

ထိုအခါကျမှ လူရှောက်ချိန်တယောက် ကျန်းကျင်းခိုင်ရောက်နေမှန်း သတိထားမိသွားသည်။

“သူတို့အားလုံး ညစာသွားစားကြတယ် အင်စပက်တာ သူတို့ပြန်လာတဲ့အထိ ကျွန်တော် စောင့်ပေးနေတာ"

ကုလားထိုင်တလုံးတွင် ဝင်ထိုင်ရင်း ကျန်းကျင်းခိုင်က မေးလိုက်သည်။

"ဒါနဲ့ အစီရင်ခံစာကရော ဘယ်လိုလဲ”

“ကျွန်တော် ရေးနေတုန်းပါပဲ အင်စပက်တာ”

ထို့နောက် လူရှောက်ချိန်က ကျန်းကျင်းခိုင်ကို ပြုံးပြရင်း ပြောလိုက်သည်။

“အင်စပက်တာ လူတိုင်းကတော့ တကယ်ကို ကြိုးစားနေကြတာပဲဗျ သူတို့ တစ်နေကုန် ဒီမှာရှိနေတာ ခုနလေးကမှ ထမင်းသွားစားကြတာ"

“ဟဲဟဲ မင်းတောင် တခြားသူတွေအတွက် အသနားခံတတ်လာပြီပဲ”

ကျန်းကျင်းခိုင် ရယ်မောလိုက်သည်။ တကယ်တော့ သူ့အနေနှင့် ဘယ်သူ့ကိုမှ အပြစ်တင်နေခြင်းမဟုတ်။ သူတို့သည်လည်း လူသားများပင်ဖြစ်လေရာ နာရီပေါင်းများစွာ မျက်နှာပြင်တစ်ခုတည်းကို စိုက်ကြည့်နေရန် အလွန်ခက်ခဲကြောင်း သူသိ၏။ ပိုဆိုးသည်မှာ လူသတ်မှုတစ်ခုတလေကိုမှ မှတ်တမ်းတင်ထားနိုင်ခြင်း မရှိသောကြောင့် လူတိုင်း၏ စိတ်ထဲတွင် သဲထဲရေသွန်ဟု ခံစားနေရခြင်းပင်။

“အဲ့လိုမဟုတ်ပါဘူး အင်စပက်တာ"

လုရှောက်ချိန် ရှိုးတိုးရှန်းတန်း ဖြစ်သွား၏။

"ဒါနဲ့ အင်စပက်တာ ဘာများ… လိုအပ်လို့လဲခင်ဗျ”

"ဪ”

ကျန်းကျင်းခိုင်က ရှင်းပြလိုက်၏။

“တကယ်တော့ မင်းနဲ့တွေ့ချင်လို့ လာတာကွ အားတီးဘယ်ကလဲ ကျုပ်ကိုပြန်ပြောစမ်းပါအုံး"

“ဟုတ်ကဲ့ အင်စပက်တာ”

လူရှောက်ချိန် သူ့မှတ်စုစာအုပ်ကို ချက်ချင်း လှန်လှောကြည့်လိုက်သည်။

“သူဟာ ဂွမ်ချီကဗျ သူတို့ရွာက ဗီယက်နမ်နယ်စပ်နားမှာလို့သိရတယ်"

“ဟုတ်ပြီ ဟုတ်ပြီ"

သူ့အနေနှင့် အားတီး၏အိမ် ဂွမ်ချီတွင်ရှိသည်ဟု အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။ အာရှုနှင့် အတူတူပင်။ ဤအတိုင်းဆိုလျင် အားတီးနှင့် အားရှုတို့သည် တရွာတည်းသားချင်းပင် ဖြစ်နေနိုုင်၏။

“ဒါနဲ့ မင်း အားဖင်ကို အားရှုအကြောင်း မေးမိသေးလား"

“မမေးမိဘူးအင်စပက်တာ”

လူရှောက်ချိန် ခေါင်းခါလိုက်သည်။

"ကျွန်တော် သွယ်ဝိုက်ပြီး မေးခဲ့ပေမယ့် သူ ဒီကို တစ်ခါမှ မလာဖူးဘူးဆိုတဲ့အတွက် ဆက်မမေးမိတော့ဘူး"

“သြော် အဲဒီလိုလား”

ထို့နောက် ကျန်းကျင်းခိုင် တွေဝေသွား၏။ အချိန်အတော်ကြာမှ သူက လူရှောက်ချိန်ဘက်သို့ ခေါင်းလှည့်လိုက်သည်။

"ရှောက်ချိန် တာဝန်ကျအရာရှိတွေ ပြန်လာရင် အားဖင်ကို လိုက်ရှာ... ရှာတွေ့ရင် အားရှုကို သူသိသလား တိုက်ရိုက်မေးပေတော့"

“ဟုတ်ကဲ့ အင်စပက်တာ"

လူရှောက်ချိန် ခေါင်းညိတ်လိုက်၏။

--------------------------

ချွေကျင်းတယောက် သည် လီဟုန်းပင်အပါအဝင် သူ့ဧည့်သည်များနှင့် စားသောက်ဆိုင်မှ ထွက်ခွာလာချိန်တွင် ညအတော်နက်နေလေပြီ။ သူတို့အားလုံး ညစာစားပွဲတွင် အရက်အလွန်အကျွံ သောက်ခဲ့ကြ၏။ စီးပွားရေးသဘောတူညီမှု အများစုတွင် အရက်၊ ထိုထက်ပို၍ အမျိုးသမီးများ ပါဝင်လာတတ်သည်မှာ ဓမ္မတာပင်။ လီဟုန်းပင်အား ပြောရဆိုရလွယ်ကူစေရန် ဧည့်သည်များနှင့် စကားရောဖောရော လုပ်ရန်လိုအပ်၍ ချွေကျင်းကိုယ်တိုင်လည်း အတော်များများသောက်ခဲ့မိသည်။ ဧည့်သည်တချို့ သူမကို ထိကပါးရိကပါးလုပ်ကြသော်လည်း သူမ ရှောင်ထွက်နိုင်ခဲ့၏။

“မစ္စတာလီ နောကထပ်ဘယ်ကိုသွားမလဲ”

ဧည့်သည်တဦးက ကားထဲသို့ မူးမူးရူးရူး ဝင်လာရင်း မေးလိုက်သည်။

"ဒီမြို့မှာ လူတစ်ယောက် ပျော်ပျော်ပါးပါး နေနိုင်မယ့် နေရာများ မရှိတော့ဘူးလား"

“ရှိတာပေါ့ သိပ်ရှိတာပေါ့"

ယာဉ်မောင်းထိုင်ခုံမှ လီဟုန်းပင်က ပြန်ဖြေလိုက်၏။ ဤညတွင် သူ အနည်းငယ်သာသောက်လာ၏။ ဧည့်သည်များ၏ မူးရူးနေမှုကို အခွင့်ကောင်းယူရန် လိုအပ်နေသောကြောင့် ဖြစ်သည်။ သူ့အတွက် ဤသဘောတူစာချုပ်မှာ အရေးကြီးသည် မဟုတ်ပါလား။

“ကောင်းပြီ အဲ့ဒီကို သွားကြမယ်"

နောက်ခန်းတွင် ထိုင်နေသော ဧည့်သည်တစ်ဦးက အော်ဟစ်လိုက်၏။ နောက်တစ်ဦးက ရှေ့ခရီးသည်ထိုင်ခုံတွင် ထိုင်နေသော ချွေကျင်းကို ထူးဆန်းစွာ ကြည့်လိုက်လေသည်။

------------------------

ညရှစ်နာရီကျော်သည်နှင့် ကျန်းကျင်းခိုင်တယောက် အားကျောက်ကိုကြိုရန် လမ်းကြားမှ ထွက်လာခဲ့၏။ ထိုအတောအတွင်း အားဖင်ကို လိုက်ရှာကြသေးသော်လည်း ဘယ်လိုမှရှာမတွေ့ပဲ ဖြစ်နေ၏။ သူ မသွားခင်လေးတွင် အားဖင်အားရှာတွေ့ရန်မှာ အလွန်အရေးကြီးကြောင်း လူရှောက်ချိန်ကို ကျန်းကျင်းခိုင်က မှာခဲ့လိုက်သေးသည်။

အားကျောက်ကို မူကြိုကျောင်းရှေ့တွင် အဆင်သင့်ပင် ကျန်းကျင်းခိုင် တွေ့ရလေသည်။ အားကျောက် ယခင်နေထိုင်ခဲ့ရာ ကွန်ဒိုသို့မသွားမီ သူတို့ ကားပတ်မောင်းကြသေးသည်။ တနေရာအရောက်တွင် လမ်းတဖက်ခြားမှ မောင်းလာသော ကားအကောင်းစားတစီးကို အားကျောက် တွေ့လိုက်၏။ ထိုကားကိုမြင်သည်နှင့် သူမက နှာခေါင်းရှုံ့ရင်း ရေရွတ်လိုက်သည်။

"ဘယ်လိုကောင်မှန်းမသိဘူး ဒီအချိန်ကြီးထိ ကားပတ်မောင်းနေတုန်းပဲကိုး"

"ဟေ ဘယ်သူ့ကို ပြောနေတာတုန်း ကျုပ်ကိုပြောနေတာတော့ မဟုတ်ဘူးမလား"

အားကျောက် မျက်စောင်းထိုးလိုက်၏။

"ဟိုမှာလေ ဟိုကောင် လီဟုန်းပင် ရှင် မမြင်လိုက်ဘူးလား"

ကျန်းကျင်းခိုင် လိုက်ကြည့်လိုက်သေးသည်။ သို့သော် လီဟုန်းပင်၏ကားက ပျောက်ကွယ်သွားပြီ ဖြစ်သည်။

"ကျုပ်တော့ မတွေ့လိုက်ပါဘူးကွာ"

"အင်း ထားလိုက်ပါတော့ အဲဒီကောင်က တော်တော်ကိုမျက်နှာများတဲ့ကောင်လေ ချွေကျင်းတို့များ ဘယ်လိုလုပ်ပြီး ဒီလိုကောင်မျိုးကို ရွေးကြိုက်နေတာလဲ မသိဘူး"

ကျန်းကျင်းခိုင် နှစ်သိမ့်လိုက်ပြန်သည်။

"အော် လူတကိုယ်အကြိုက်တမျိုးပေါ့ကွာ"

သိပ်မကြာမီ သူတို့ ကွန်ဒိုရှေ့သို့ ရောက်လာကြလေသည်။

All Chapters