စိတ်ဓာတ်ကျနေသူ
Vol. 9 Ch. 87
နောက်တစ်နေ့မနက်တွင် အားကျောက် စောစောစီးစီး နိုးလာသည်။ သူမသည် ပြတင်းလိုက်ကာများကို ဖယ်လိုက်၏။ မနက်ခင်းနေရောင်ခြည်သည် အိပ်ခန်းတစ်ခုလုံးကို ထွန်းလင်းသွားစေလေသည်။ ထို့နောက် သူမလေကောင်းလေသန့်ကို ရှူရှိုက်ရန် လသာဆောင်သို့ ထွက်လာခဲ့၏။
ကျန်းကျင်းခိုင်ကား ထိုအချိန်ထိ အိပ်ရာထဲတွင် ရှိနေဆဲပင်။ သို့သော် အားကျောက်၏ လှုပ်ရှားမှုများနှင့် ထိုးဖောက်ဝင်ရောက်လာသော နေရောင်ခြည်ကြောင့် သူ ဆက်အိပ်၍မရတော့။ သူ မတတ်သာပဲ ထလိုက်ပြီး အဝတ်အစားများ ဝတ်ဆင်လိုက်၏။ ထို့နောက် အားကျောက် ဘေးတွင် ရပ်ပြီး သူသည် သူမအား တိုးတိုးလေး မေးလိုက်သည်။
“ဒီမနက် ဘာလို့ အစောကြီးနိုးနေတာတုန်းဟန်နီရဲ့"
“ခစ် ခစ် ရှင့်ကို အိပ်မရအောင်လို့လေ”
အားကျောက်က ပြုံးစေ့စေ့နှင့် ပြောလိုက်၏။
“မျက်နှာသစ်တော့လေ ဒီနေ့ အစ်မရှုရဲ့ပစ္စည်းတွေ ကူရှာပေးမယ်ပြောထားတယ်လေ ရှင် မေ့သွားတာလား"
“ဪ ဟုတ်သားပဲ”
ကျန်းကျင်းခိုင် မချိသွားဖြဲပြုံးလိုက်သည်။ သူမဘေးတွင် ရှိနေသည့်အခါတိုင်း သူသည် သူ၏အလုပ်ကို ခေတ္တမေ့သွားပြီး အားကျောက်အပေါ်တွင်သာ အာရုံစိုက်မိသည်မှာ အမှန်ပင်။
“ကဲ မြန်မြန်လုပ်ပါဆိုနေ"
အားကျောက်သည် ထပ်မံတိုက်တွန်းလိုက်ပြန်သည်။
"ဒီလို ရပ်မနေနဲ့လေ ဘာလဲ ရှင် ဒီနေ့ အလုပ်မသွားရဘူးလား”
ရှင်းနေသည်မှာ သူမက မနက်ပိုင်း အလုပ်မသွားမီအချိန်လေးအတွင်း သူလိုချင်သော စာရွက်စာတမ်းများကို ရှာဖွေရာတွင် ကူညီပေးလိုခြင်းပင်။
“ဒါပေမဲ့…”
ကျန်းကျင်းခိုင် သူမကို ကြည့်ရင်း တုံ့ဆိုင်းနေသည်။ ထို့နောက် သူက အားကျောက်၏ ပုခုံးအစုံကို ဆုပ်ကိုင်ရင်း ပြောလိုက်လေသည်။
"ဒီလိုလေ… မင်း… အားရှူရဲ့ ပစ္စည်းအားလုံးကို… ပေးလို့များရမလားလို့"
“ဪ”
ကျန်းကျင်းခိုင်၏ တောင်းဆိုမှုကြောင့် အားကျောက် အံ့ဩသင့်သွား၏။ ကျန်းကျင်းခိုင် ဤသို့ တောင်းဆိုလိမ့်မည်ဟု အားကျောက် ထင်မထားခဲ့ချေ။ သို့သော် သူမသည် ထက်မြက်သူဖြစ်လေရာ ကျန်းကျင်းခိုင် ဘာကြောင့် ဤသို့တောင်းဆိုသည်ကို ချက်ချင်း သဘောပေါက်သွား၏။ သူသည် စုံထောက်တစ်ဦးဖြစ်သည်မဟုတ်ပါလား။ တဖက်တွင်လည်း အားကျောက်သည် အားရှူထားခဲ့သော ပစ္စည်းများကို လွယ်လွယ်နှင့် စွန့်လွှတ်ချင်စိတ်မရှိပဲ ဖြစ်နေ၏။ သို့သော် ကျန်းကျင်းခိုင် သူ့အမှုအတွက် ၎င်းတို့ကို အမှန်တကယ် လိုအပ်ကြောင်း သူမ သဘောပေါက်ထားပြန်သည်။ နောက်ဆုံးတော့ သူမ သဘောတူလိုက်၏။
"ဟန်နီ ရှင်ပြီးရင် ဒီပစ္စည်းတွေကို ကျွန်မဆီ ပြန်ပေးမယ်မလား"
“သေချာတာပေါ့ကွာ”
ကျန်းကျင်းခိုင်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"ကျုပ် ကတိပေးပါတယ်”
“ဟုတ်ပြီ ကဲ ကဲ မျက်နှာသစ်တော့ ပစ္စည်းအားလုံး ဂိုဒေါင်ထဲမှာ ထည့်ထားတယ် ဒါပေမဲ့ ပစ္စည်းတွေက အများကြီးပဲ မနက်စာ စားပြီးရင် ကျွန်မ ရှာပေးမယ်လေ"
“ကျေးဇူးပါပဲကွာ”
ထို့နောက် ကျန်းကျင်းခိုင်က အားကျောက်နောက်သို့ လိုက်သွားပြီး သူမကို ကျောဘက်မှ တင်းတင်းဖက်လိုက်၏။ ထိုအခါ သူမ၏ကိုယ်ခန္ဓာကလည်း ကျန်းကျင်းခိုင်၏ ရင်ခွင်ထဲ အလိုလို တိုးဝင်လာလေသည်။ မည်သည့် ပုံမှန်အမျိုးသမီးမဆို သူမချစ်သော အမျိုးသားတစ်ဦးထံမှ ထိုသို့ရိုမန်တစ်ဆန်ဆန် လုပ်ရပ်ကို ငြင်းပယ်လိမ့်မည်မဟုတ်။ အားကျောက်၏ မျက်နှာပေါ်တွင် ကြည်နူးနှစ်သိမ့်ဟန်အပြုံးတစ်ခု ပေါ်လာသည်။ ၎င်းမှာ ကျန်းကျင်းခိုင်၏ ပွေ့ဖက်မှုကြောင့် မဟုတ်ပဲ ကျန်းကျင်းခိုင်၏ မေတ္တာစစ်မှန်သည်ကို သူမ တကယ်ကြီး ခံစားနေရသောကြောင့်ပင် ဖြစ်လေသည်။
မနက်စာ စားပြီးသည်နှင့် အားကျောက်က ကျန်းကျင်းခိုင်ကို သူမ၏ကွန်ဒိုဂိုဒေါင်ခန်းသို့ ခေါ်သွား၏။ အားကျောက်၏ ဂိုဒေါင်မှာ ပေ၁၆၀ပတ်လည်ခန့် ရှိသည်။ တံခါးဘေးထောင့်တွင် အမှိုက်ပုံသဖွယ် ရှုပွနေသည်မှလွဲ၍ ကျန်ဂိုဒေါင်ခန်းတစ်ခုလုံးကို အိပ်ခန်းတစ်ခန်းအဖြစ် အပြည့်အစုံ ပြင်ဆင်ထားသည်။ အခန်းထဲတွင် အိပ်ရာ၊ မှန်တင်ခုံ၊ ကုလားထိုင်၊ ရုပ်မြင်သံကြားတို့အပြင် အမျိုးသမီးတစ်ဦး မရှိမဖြစ်လိုအပ်သော ပရိဘောဂများဖြစ်သည့် အဝတ်ဗီရိုနှင့် ဖိနပ်စင်တို့ပါ ရှိနေလေသည်။
“ကဲ ဟန်နီရေ အားလုံး ရှင့်ဟာပဲ”
အားကျောက်က အခန်းတွင်းရှိ ပရိဘောဂများကို လက်ညှိုးထိုးပြရင်း ပြောလိုက်၏။
“ဒါတွေအားလုံး အစ်မရှု ရဲ့ ပစ္စည်းတွေပဲ"
“ဟေ အကုန်လုံးလား"
ကျန်းကျင်းခိုင် မျက်လုံးပြူးသွားလေသည်။
"ဒါဆို မင်းက သူ့ပစ္စည်းအကုန်လုံး သယ်လာခဲ့လိုက်တာပေါ့"
အားကျောက် နှုတ်ခမ်းစူလိုက်သည်။
"ကျွန်မက အစ်မရှုမဟုတ်တော့ သူ ဘာကိုထားချင်ပြီး ဘာကိုလွှင့်ပစ်ချင်လဲ မသိဘူးလေ နောက်ပြီး ဒီမှာကလဲ နေရာလွတ်နေတော့ လူငှားပြီး သူ့ပစ္စည်းတွေ အကုန်လုံး ဒီထဲ ရွှေ့ထားလိုက်တယ်"
“ဒါပေမဲ့…”
ကျန်းကျင်းခိုင် ဘာပြောရမှန်းမသ်ိတော့ပဲ ရယ်မောလိုက်၏။
“ကျုပ်က သူ့စာရွက်စာတမ်းတွေပဲ လိုတာလေ"
“ဟာ မရပါဘူး အားလုံး ယူရမယ်”
အားကျောက်က ဇွတ်ပြောလိုက်သည်။
“ဒီပစ္စည်းတွေ အားလုံး ရှင်တို့ရဲစခန်းအပိုင်ပဲ ယူပါ အကုန်လုံးသာယူလိုက်"
သူမက ကျန်းကျင်းခိုင်ကို ဂိုဒေါင်ခန်းထဲ တွန်းပို့ရင်း ပြောလိုက်၏။
“ဒါဆို ဒီလိုလုပ်မယ်လေ ဒီအခန်းထဲက ပစ္စည်းတွေကို ရဲစခန်းကိုယ်စား သိမ်းဆည်းဖို့ ကျုပ် သဘောတူတယ် ဒါပေမဲ့ ခနတဖြုတ်တော့ ဒီမှာ သိမ်းထားချင်သေးတယ် ရတယ်မလား"
ကျန်းကျင်းခိုင် ပြုံးစေ့စေ့နှင့် တောင်းပန်လိုက်ပြန်၏။ သူ့ရဲကားသည် ပစ်ကပ်ကား မဟုတ်၍ ဤပစ္စည်းများအားလုံးကို မည်သို့မှ သယ်သွားနိုင်မည်မဟုတ်။
“ရှင် သိုလှောင်ခလေ အဲတာဆိုရမယ်"
အားကျောက် လက်ဝါးဖြန့်ရင်း ပြောလိုက်သည်။
“ငါးယွမ် လုံလောက်ပြီလား”
ကျန်းကျင်းခိုင်သည် အဓိပ္ပါယ်ပါပါပြုံးရင်း အားကျောက်ကို စနောက်လိုက်၏။
“ဘာ ရှင်တော့သေပြီ”
အားကျောက်က ကျန်းကျင်းခိုင်ကို ဆဲဆိုလိုက်ပြီး အတင်းပင် တွန်းထိုးရိုက်နှက်တော့သည်။
ချစ်သူနှစ်ဦးအကြားဝယ် အသေးအဖွဲကိစ္စတစ်ခုသည်ပင် အထူးခြားဆုံးအရာတခုအဖြစ် ပြောင်းလဲသွားနိုင်၏။ ကျန်းကျင်းခိုင်နှင့် အားကျောက်တို့သည် သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်းများအရ ရန်သူများဖြစ်သင့်ပေသည်။ ၎င်းတို့ အတူတကွ ပျော်ရွှင်စွာ နေထိုင်နိုင်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ဘဝသည် တခါတရံတွင် ချိုမြိန်သောအိပ်မက်တချို့ကို ပေးစွမ်းတတ်ချေသည်တကား။
သို့သော် ဤနေ့တွင် ချွေကျင်းအတွက် ဘဝမှာ အကျဥ်းတန်နေ၏။ သူမသည် နေအတော်မြင့်မှ မူးဝေထုံထိုင်းစွာ နိုးထလာသည်။ ဝေစင်းနှင့် ဖုန်းလီနာတို့နှင့် နှိုင်းယှဉ်ပါက သူမအခြေအနေက ကံကောင်းသည်ဟု ယူဆနိုင်ပေသည်။ အကြောင်းမှာ သူမ၏ ကိုယ်လုံးတီးခန္ဓာကိုယ်သည် လမ်းဘေးရှိ ညစ်ပတ်သောမြောင်းထဲတွင် မဟုတ်ပဲ ဇိမ်ခံဟိုတယ်တစ်ခုရှိ အိပ်ရာပေါ်တွင် လဲလျောင်းနေသောကြောင့်ပင်။
ထိုအခါ ချွေကျင်းတယောက် သူမခန္ဓာကိုယ်အောက်ပိုင်းမှ ပူစပ်ပူလောင်နာကျင်မှုကို သည်းခံရင်း အိပ်ရာပေါ်တွင် ထထိုင်လိုက်၏။ ယမန်နေ့ညက အခြေအနေကို သူမ မမှတ်မိပဲ ဖြစ်နေ၏။ သူမမှတ်မိသည်မှာ သူမသည် လီဟုန်းပင်၊ သူ၏ဧည့်သည်များနှင့်အတူ နိုက်ကလပ်တစ်ခုသို့ သွားခဲ့ပြီးနောက် အရက်တစ်ခွက် သောက်ခဲ့မိကြောင်းကိုပင် ဖြစ်သည်။ ထို့နောက်ပိုင်း ဘာတွေဖြစ်ခဲ့မှန်း သူမ လုံးဝ မမှတ်မိတော့။ သို့သော် သူမ၏ကိုယ်ခန္ဓာက မနေ့ညတွင် ဘာတွေဖြစ်ခဲ့မှန်း ကောင်းကောင်းကြီး ပြောပြလျက်ရှိသည်။ ပုံမှန်ဥာဏ်ရည်ရှိသော မိန်းကလေးတယောက်အနေနှင့် မနေ့ညက ဘာဖြစ်ခဲ့မှန်း သူမ ကောင်းကောင်းသိနေ၏။ ထို့ပြင် သူမခန္ဓာကိုယ်တွင် ခံစားနေရသည့်နာကျင်မှုသာမက သွေးများ၊ တခြားအစွန်းအထင်းများပေကျံနေသည့် အိပ်ရာခင်းများနှင့် မျက်နှာသုတ်ပဝါများသည် အမျိုးသားနှင့် အမျိုးသမီးကြားတွင်သာ ဖြစ်ပျက်နိုင်ပြီး ထိုအရာသည်လည်း တစ်ကြိမ်ထက်မက ဖြစ်ပျက်ခဲ့ကြောင်း သူမအား ပြောပြရန် လုံလောက်သည်ထက် ပိုနေခဲ့လေပြီ။
ထို့နောက် ချွေကျင်းသည်အိပ်ယာမှထထိုင်လိုက်ပြီး ကြမ်းပြင်ပေါ် ခက်ခက်ခဲခဲ ခြေချလိုက်၏။ ထို့နောက် သူမ ရေချိုးခန်းထဲသို့ ဝင်ကာ စောင်တထည်နှင့် တကိုယ်လုံးကို ပတ်ထားလိုက်သည်။ လီဟုန်းပင် ဤကိစ္စတွင် ပါဝင်နေကြောင်း သူမ ကောင်းကောင်းသိနေ၏။ ချွေကျင်းသည် လီဟုန်းပင်နှင့် ပတ်သက်၍ အလွန်ရိုးသားသည့်တိုင်အောင် မိုက်မဲသူတော့မဟုတ်။ လီဟုန်းပင်သည် အပြစ်ကင်းပြီး ဘေးလူမျှသာ ဖြစ်သည်ဟုတွေးနေမိလျင် သူမထက် ရူးမိုက်သူ ရှိတော့မည်မဟုတ်ချေ။ ယခုအချိန်တွင် သူမ၏နှလုံးသားသည် ဓါးနှင့် အစိတ်စိတ်အပိုင်းပိုင်းဖြစ်သွားအောင် လှီးဖြတ်ခံရသည့်နှယ် နာကျင်နေ၏။ သူမ အယုံကြည်ရဆုံးနှင့်အချစ်ဆုံးဟု ထင်ထားသော အမျိုးသားက သူမ၏ ခန္ဓာကိုယ်ကို ငွေအတွက် ရောင်းစားသွားရက်သည်မှာ မယုံကြည်ဖွယ်ရာပင်။
ထို့နောက် ချွေကျင်းသည် အဝတ်အစားများကို ဝတ်ဆင်ပြီး ပိုက်ဆံအိတ်ကို ကောက်ယူကာ ဟော်တယ်မှ တိတ်ဆိတ်စွာ ထွက်ခွာလာခဲ့လေသည်။ နွေးထွေးသော နေရောင်ခြည်သည် ချွေကျင်းကိုယ်ပေါ်သို့ ဖြာကျနေ၏။ သို့သော် သူမအဖို့ မည်သည့်အနွေးဓာတ်ကိုမျှ မခံစားရပဲ ဖြစ်နေလေသည်။ သူမသည် လမ်းဘေးတွင် ရည်ရွယ်ချက်မဲ့စွာ လျှောက်နေရင်း လီဟုန်းပင်ထံကို ဖုန်းခေါ်သင့်မသင့် စဥ်းစားနေသေး၏။ သို့သော် သူမကို လီဟုန်းပင်ကသာ ဖုန်းခေါ်သင့်သည်ဟု သူမ ခံစားနေရပေသည်။ သူမသည် လီဟုန်းပင်အတွက် ကိရိယာတခုသာ ဖြစ်စေဦးတော့။ သူမ ရှင်သလား သေသလားကိုတော့ သူ ဂရုစိုက်သင့်သည်မဟုတ်ပါလား။ ထိုအတွေးဖြင့် ချွေကျင်းက သူမ၏ ဆဲလ်ဖုန်းကို ထုတ်ယူပြီး ကြည့်လိုက်သည်။ လီဟုန်းပင်ထံမှ ဖုန်းခေါ်ဆိုထားခြင်းမရှိ။ ကြည့်ရသည်မှာ လီဟုန်းပင်တယောက် သူမကို မေ့သွားပြီဟု ထင်ရ၏။
ထိုအခါ ချွေကျင်းသည် ဆဲလ်ဖုန်းကို ပိုက်ဆံအိတ်ထဲသို့ ပစ်ထည့်လိုက်ပြီ ရှေ့သို့ လျှောက်လာခဲ့၏။ လမ်းဘေးတွင် လမ်းသွားလမ်းလာများ ပြည့်နေသော်လည်း ချွေကျင်းကို သတိထားမိသူ တဦးတလေမျှပင် မရှိ။ ဤလှပသောအမျိုးသမီး မည်သည့်နေရာသို့ ဦးတည်နေသည်ကို မည်သူမှ ဂရုမစိုက်ကြချေ။ ဘဝဟူသည် လူတစ်ဦး၏ တည်ရှိမှုအုတ်မြစ်၊ တနည်းအားဖြင့် လူတစ်ဦး၏ ဖြစ်တည်မှု တခုလုံးလည်းဖြစ်သည်။ သို့သော် မသက်ဆိုင်သော ပုဂ္ဂိုလ်တစ်ဦးအတွက်မူ တစုံတဦး၏ ဘဝသည် မျက်လုံးထဲသို့ ရုတ်တရက်ဝင်လာသော ဖုန်မှုန့်လေးတစ်မှုန်မျှပင် ဂရုထားစရာမဟုတ်ပဲ ဖြစ်နေတတ်လေသည်။
၂နာရီအထိုးတွင် ချွေကျင်း၏ ဆဲလ်ဖုန်း အသံမြည်လာ၏။ ပင်လယ်ထဲတွင်မြောပါနေရင်း ရုတ်တရက် ကုန်းမြေကို ပြန်တွေ့ရသည့်လူတယောက်နှယ် ချွေကျင်းသည် ဆဲလ်ဖုန်းကို သူမ၏ ပိုက်ဆံအိတ်ထဲမှ လျင်မြန်စွာ ဆွဲထုတ်လိုက်ပြီး တုန်ယင်နေသော လက်များဖြင့် နားရွက်အနီးသို့ ကပ်လိုက်၏။ သို့သော် တစ်ဖက်မှ ထွက်ပေါ်လာသော အသံမှာ သူမ မျှော်လင့်တောင့်တနေသောအသံ မဟုတ်ချေ။
“ဟယ်လို ချွေကျင်း ရှင်ဘယ်မှာလဲ”
အားကျောက်၏ အသံက ဖုန်းထဲမှ အရေးတကြီး ထွက်ပေါ်လာသည်။
“ဒီနေ့ နေ့လည်ခင်းအတန်း မသင်ဘူးလား ကျွန်မတို့အတန်းတစ်ခုမှာ ဒီနေ့ ဘုတ်အဖွဲ့လာစစ်ဖို့ရှိတယ်လေ ရှင် မေ့သွားတာလား”
"ကျွန်...ကျွန်မ နေမကောင်းဘူး…”
ချွေကျင်း အားတင်းရင်း ဖြေလိုက်၏။
“ရှင်ဟာလေ အဲဒီကောင်နဲ့ အလကားအချိန်ဖြုန်းနေတာပဲ အမြန်ဆုံး ဒီကိုလာခဲ့ ကျောင်းအုပ်ကြီး စိတ်ဆိုးနေပြီ မြန်မြန်ပြန်လာခဲ့တော့"
အလုပ်… ဟုတ်သားပဲ...ငါ ဒီနေ့ အလုပ်သွားရမယ်…
ချွေကျင်း သတိပြန်ဝင်လာ၏။ ထို့နောက် သူမသတက္ကစီတစ်စီးကို တားပြီး မူကြိုုကျောင်းသို့ ထွက်လာခဲ့လေသည်။