အားကျောက်အတွက် အခွင့်အရေးသစ်
Vol. 9 Ch. 89
ယောက်ထန်းယုနှင့်မတူသည်မှာ ကျန်ယွဲ့ချန်းသည် စိတ်တိုတတ်သူမဟုတ်။ ၎င်းနှင့် ဆန့်ကျင်ဘက်အနေနှင့် သူသည် အလွန်နူးညံ့သိမ်မွေ့သူတဦး ဖြစ်နေ၏။ ရဲဝတ်စုံသာ မဝတ်ထားလျင် သင့်အနေနှင့် သူ့ကို ပြောဟန်ဆိုဟန် အတော်လေးနူးညံ့သိမ်မွေ့သော အငြိမ်းစားပါမောက္ခတစ်ဦးဟု ထင်မှတ်မိစရာရှိပေသည်။
အတန်ကြာစကားပြောပြီးနောက် ကျန်းကျင်းခိုင်က ကျန်ယွဲ့ချန်း၏ ရုံးခန်းမှ ထပြန်ရန်ဟန်ပြင်လိုက်သည်။ ထိုအခါ ဒုကော်မရှင်နာလည်း အတူတူထပြီး တံခါးအထိ လိုက်ပို့ပေး၏။ ထို့နောက် သူက ကျန်းကျင်းခိုင်၏ ပခုံးကို ပုတ်ရင်း ကြင်နာစွာပြောလိုက်လေသည်။
"ကြိုးစားထား ကောင်လေး ကော်မရှင်နာယောက်နဲ့ကျုပ်လည်း မကြာခင် အငြိမ်းစားယူတော့မှာဆိုတော့ ရဲဌာနကို တစ်နေ့ကျရင် မင်းတို့ကပဲ ဦးဆောင်ရမှာ”
“ဟဲဟဲ မဟုတ်တာပဲခင်ဗျာ ဆရာရော ကော်မရှင်နာယောက်ရောဟာ နှစ်ယောက်လုံး ကျန်းမာရေးအင်မတန်ကောင်းကြပေတာပဲကို ဆရာတို့နှစ်ယောက်လုံး နှစ်ပေါင်းများစွာ ရှိနေဦးမယ်လို့ ကျွန်တော်ကတော့ ယုံကြည်နေတယ် ဒီအမှုနဲ့ ပတ်သက်ပြီး ဆရာတို့ကို ကျွန်တော် ထပ်ပြီး အနှောင့်အယှက်ပေးရဦးမယ်ထင်တယ်”
ကျန်းကျင်းခိုင် ရှက်အမ်းအမ်းအမူအရာနှင့် ပြောလိုက်သည်။ သူ့လက်ထဲတွင် လွန်ခဲ့တဲ့ နှစ်နှစ်က မူးယစ်ဆေးဝါးအမှုနှင့် ပတ်သက်သော စာရွက်စာတမ်းများကို အထပ်လိုက် ကိုင်ထားလေသည်။
“စိတ်မပူပါနဲ့ ကိစ္စရှိရင် အချိန်မရွေးလာလို့ရတယ် ဟုတ်ပြီလား"
ကျန်ယွဲ့ချန်က အေးဆေးသောလေသံနှင့် ပြောလိုက်သည်။ သို့သော် ထိုအချိန်မှာပင် သူက လေးနက်တည်ကြည်သောအမူအရာနှင့် ဆက်ပြောလိုက်ပြန်၏။
“ဒါပေမဲ့ မင်း အမှုကို မြန်မြန်ဆန်ဆန် ဖော်ထုတ်ဖို့တော့လိုတယ်ကွ ကျုပ်က သွယ်ဝိုက်ပြီးသိပ်မပြောတတ်ဘူး ကျုပ်တို့အရာရှိတွေ အများကြီး အဲ့ဒီလမ်းကြားထဲမှာ စောင့်ကြည့်နေရတာက ရေရှည်အတွက် အလုပ်မဖြစ်ဘူးလို့ ကျုပ် ထင်နေတုန်းပဲ ကျုပ်တို့ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ အများကြီးက အခုဆိုရင် လမ်းကြားစစ်ဆင်ရေးကြောင့် နောက်ကျနေပြီ ဒါကြောင့် ဒီအမှုကို တတ်နိုင်သမျှ အမြန်ဆုံးဖော်ထုတ်ဖို့တော့ လိုအပ်နေပြီ"
အထက်ပါအတိုင်းပြောပြီး ကျန်ယွဲ့ချန်းက ကျန်းကျင်းခိုင်ရဲ့ မျက်နှာကို စိုက်ကြည့်နေ၏။
“နားလည်ပါတယ်ခင်ဗျာ စိတ်မပူပါနဲ့ ကော်မရှင်နာ ကျန်း ကျွန်တော် ဒီအမှုကို အမြန်ဆုံး ဖော်ထုတ်မှာပါ”
ကျန်းကျင်းခိုင် မြို့တော်ရဲဌာနချုပ်မှ ထွက်ခွာလာချိန်တွင် နေမှာ အနောက်ယွန်းယွန်းသို့ ရောက်နေခဲ့လေပြီ။ သူနာရီကို ကြည့်လိုက်၏။ ညနေ၅နာရီခွဲသွားပြီ ဖြစ်သည်။ သူ မူကြိုကျောင်းကို တိုက်ရိုက်မောင်းသွားလျင် အားကျောက်ကို အချိန်မီ ကြိုနိုင်ပေလိမ့်မည်။ ၎င်းမှာ ရုံးဖွင့်ရက်တိုင်း သူ့အတွက် စိတ်ပူစရာတခုသဖွယ် ဖြစ်နေ၏။
“ဟဲလို ကျီးယွမ် ခု ဘာလုပ်နေလဲ”
ကျန်းကျင်းခိုင်က အားကျောက်ကို ဖုန်းခေါ်ရင်း မေးလိုက်သည်။ ဤအချိန်လောက်ဆိုလျင် အတန်းချိန်အားလုံး ပြီးသွားပြီမှန်း သူ သိထား၏။ ထို့ကြောင့် အားကျောက်သည် တခြားဆရာမ၏အတန်းကို ဝင်ပြပေးကောင်း ပြပေးနေမည် သို့မဟုတ် ပန်းချီခန်းထဲတွင် ပန်းချီဆွဲနေပေလိမ့်မည်။
“အင်း...မူကြိုကျောင်းမှာပဲ ရှိနေသေးတယ်”
အားကျောက်၏ လေသံမှာ အနည်းငယ် တုံ့ဆိုင်းနေ၏။
“ဘာဖြစ်လို့လဲ ဒီနေ့ မအားဘူးလား”
သူမ၏ အသံက ပို၍တိတ်ဆိတ်သွားသလိုရှိသည်။
“အင်း မအားဘူး”
ကျန်းကျင်းခိုင်က အားကျောက်၏ အသံနေအသံထားကို သတိထားမိသော်လည်း အရေးမကြီးဟု ထင်လိုက်မိ၏။ သူက ထပ်ပြောလိုက်ပြန်သည်။
“အလုပ်ပြီးရင် လာကြိုမယ်လေ ရရဲ့လား"
“အင်း”
အားကျောက်၏ အသံက ချက်ချင်းရွှင်မြူးသွားပြန်၏။
“အင်း ဒါဆိုလဲ လာကြိုလိုက်လေ ကျွန်မ အခု ချွေကျင်းနဲ့အတူ ရှိနေတယ်"
"ချွေကျင်း”ဟူသောနာမည်ကို ပြောလိုက်ချိန်တွင် အားကျောက်၏ လေသံမှာ တနည်းတဖုံ ထူးခြားနေ၏။ ကြည့်ရသည်မှာ ချွေကျင်း တစုံတခု ဖြစ်နေပုံရ၏။
“အင်း ဒါဆို ကျုပ် ဖုန်းချလိုက်တော့မယ်"
ကျန်းကျင်းခိုင် ဖုန်းချလိုက်၏။
"ချွေ့ကျင်းလား”
အထက်ပါအတိုင်း ရေရွတ်မိသော်ငြား ထိုအကြောင်းကို သူ ချက်ချင်း မေ့ပစ်လိုက်၏။ ချွေကျင်းသည် အားကျောက် မဟုတ်။ ထို့ကြောင့် သူမ၏ ပြသနာမှာ သူ့နှင့်မဆိုင်။ အကယ်၍ ချွေကျင်းသာ သေဆုံးသွားခဲ့လျင် သူနှင့် ဆိုင်ကောင်းဆိုင်လာနိုင်၏။ ရဲများသည် ဘုရားသခင်မဟုတ်။၊ ကျန်းကျင်းခိုင်သည်လည်း တခြားအမျိုးသမီးများ၏ ဘဝကို ဂရုစိုက်ပေးရန် စိတ်မပါလှပါ။
“ရှင့်ရည်းစား ဖုန်းခေါ်တာလား”
ချွေကျင်းက မေးလိုက်၏။ သူမ၏အသံမှာ အက်ကွဲနေပြီး သူမ၏ မျက်လုံးများက တနေရာရာကို စိုက်ကြည့်နေလေသည်။ သူမ၏ရင်ထဲတွင်တော့ လီဟုန်းပင်၏ ဖုန်းကို မျှော်လင့်နေသေး၏။ သူ တောင်းပန်သည် သို့မဟုတ် နှစ်သိမ့်သည်မျိုး မဟုတ်လျင်ပဲ ကျိန်ဆဲပြောဆိုလျင်ပင် ချွေကျင်းအတွက် အဆင်ပြေသေး၏။ ယခုတော့ ဖုန်းလေးတကောလ်မျှပင် မလာ။ လီဟုန်းပင်၏ ဘဝတွင် ချွေကျင်းဟူသောမိန်းကလေး မရှိခဲ့ဖူးသည်နှင့်ပင် တူနေသေး၏။
“အင်း ဟုတ်တယ်”
အားကျောက်က ချွေကျင်းဘေးနားတွင် ပြန်ထိုင်ရင်း ဖြေလိုက်သည်။ တကယ်တော့ အားကျောက်သည် ချွေ့ကျင်းကို နှစ်သိမ့်ရန် ကြိုးစားခဲ့ပြီးလေပြီ။ ချွေကျင်း၏ လက်ရှိအခြေအနေသည် လီဟုန်းပင်နှင့် ပတ်သက်နေသည်ဟု သူမ ခံစားရသော်ငြား ဘာတွေဖြစ်ခဲ့မှန်းကိုတော့ သူမ နားမလည်နိုင်ဖြစ်နေ၏။ သို့သော် ချွေကျင်း၏ လက်ရှိအခြေအနေကိုတော့ အားကျောက် သဘောကျသလိုခံစားမိပြန်သည်။ ချွေကျင်းနာကျင်ရန်အချိန်တန်နေပြီဟု သူမ မြင်ထားသည်မဟုတ်ပါလား။၊ဤသို့နာကျင်လိုက်တော့မှ လီဟုန်းပင်ဘာကောင်မှန်း ချွေကျင်း မြင်သွားပေလိမ့်မည်။ ဤနည်းနှင့်သာ အပေအတေကောင်ကို သူမ စွန့်ခွာနိုင်ပေလိမ့်မည်။
“ကျီယွမ် ယောက်ျားတွေအားလုံးဟာ လူလိမ်တွေချည်းပဲလား”
ချွေကျင်း၏ ပုံစံက မေးခွန်းမေးလိုက်သည်မျိုးမဟုတ်ပဲ သူမဖာသာ ရေရွတ်လိုက်သည်နှင့် ပို၍တူနေသည်။
“ကျွန်မရဲ့ ရည်းစားဟောင်းက ကျွန်မကို လိမ်ညာခဲ့တယ် အခု ဟုန်းပင်က ကျွန်မကို ထပ်ပြီးလိမ်ညာပြန်တယ် ကျွန်မက မိုက်မဲပြီး လှည့်စားရလွယ်လွန်းလို့လားဟင်"
“ဘာတွေလျှောက်ပြောနေတာလဲ မဟုတ်ရပါဘူးဟာ"
အားကျောက်က ချွေကျင်းကို ဖက်ရင်း ပြန်ဖြေလိုက်၏။
"ဒါ အဲ့ဒီညစ်ပတ်လိမ်ညာတတ်တဲ့ ယောက်ျားတွေရဲ့အမှားတွေ အပြစ်တွေချည်းပဲ သူတို့အားလုံး တယောက်မှမကောင်းဘူး”
ထိုစကားကိုပြောပြီးသည်နှင့် အားကျောက်၏မျက်နှာ ရဲရဲနီသွား၏။ ထို့နောက် သူမ၏စိတ်ထဲတွင်လည်း အောက်ပါအတိုင်း တွေးနေမိလေသည်။
ဒါဆို ကျင်းခိုင်ကရော မကောင်းတဲ့လူလား... အို...ဘာဖြစ်ဖြစ်... ဘယ်သူက သူ့ကို ယောက်ျားတစ်ယောက်ဖြစ်ခိုင်းလို့လဲ... ဒီတစ်ခါတော့ သူလဲ အဆဲခံသင့်တယ်...
ကျန်းကျင်းခိုင် သူ့ကားကို မူကြိုကျောင်းအပြင်ဘက်တွင် ရပ်ထားလိုက်၏။ ကျောင်းဆင်းချိန်ဖြစ်၍ ကလေးမိဘများနှင့် ရှုပ်ထွေးနေလေရာ သူ အလောသုံးဆယ်မလုပ်ပဲ ကားကို ဝင်ပေါက်၏တည့်တည့်မှာပင် ရပ်ထားလိုက်သည်။ ဤနည်းအားဖြင့် အားကျောက် သူ့ကို အလွယ်တကူ မြင်နိုင်ပေလိမ့်မည်။ ထို့နောက် သူ ကားထဲမှာပင် မှုခင်းနှင့်ပတ်သက်သော စာရွက်စာတမ်းများကို ဖတ်ရှုနေလိုက်လေသည်။
အားကျောက်ကလည်း ကျန်းကျင်းခိုင်၏ ရဲကားကို အတိုင်းသား မြင်နေရ၏။ သို့သော် ချွေ့ကျင်းကိုထားခဲ့ပြီး ကျန်းကျင်းခိုင်ဆီသို့သွားရန်မှာ မဖြစ်နိုင်သော အခြေအနေမျိုး ဖြစ်သည်။ မည်သို့ဆိုစေ သူမ သူငယ်ချင်းကောင်း ပီသရမည်မဟုတ်ပါလား။
ထိုအချိန်မှာပင် အင်္ဂလိပ်စာဆရာမတစ်ဦး လျှောက်လာရင်း အားကျောက်ကို ပြောလိုက်သည်။
"အော် ကျီယွမ်ရေ မပြန်သေးတာနဲ့ အတော်ပဲကျောင်းအုပ်ကြီးက နင့်ကို ရှာနေတယ် အရေးတကြီး ကိစ္စလားမသိဘူး မနက်ဖြန်မနက် ကျောင်းရောက်တာနဲ့ လာတွေ့ဖို့ပြောထားတာ ဒါပေမဲ့ နင်မပြန်သေးဘူးဆိုတော့ အခုပဲ သွားတွေ့လိုက်တာ မကောင်းဘူးလား”
“အော် ဟုတ်ကဲ့”
ကျောင်းအုပ်ကြီးရုံးခန်းတွင် ကျောင်းအုပ်လီကို အားကျောက် အဆင်သင့်ပင် တွေ့ရ၏။ အဖွားကြီးက သူမကိုတွေ့တွေ့ချင်း သတင်းကောင်းတခု ပြောပြလေသည်။ ၎င်းသတင်းမှာ ယနေ့ နေ့လည်ခင်း စစ်ဆေးခံရသောအတန်းကို ကျောင်းဘုတ်အဖွဲ့မှ “အကောင်းဆုံး”ဟု သတ်မှတ်လိုက်သောသတင်းပင် ဖြစ်သည်။ ထို့ကြောင့် အားကျောက်အနေနှင့် နောက်ထပ်အတန်းတစ်တန်းကို စစ်ဆေးခံရန် ပြင်ဆင်ရပေလိမ့်မည်။ သင်ရိုးညွှန်းတမ်းမှာ တခြားမဟုတ်။ ဂီတပင် ဖြစ်လေသတည်း။
“ဒါပေမဲ့... ကျောင်းအုပ်ကြီးလီ ကျွန်မ... ကျွန်မက ပန်းချီဆရာမလေ”
အားကျောက် စိတ်မသက်မသာနှင့် ကန့်ကွက်ရန်ကြိုးစားလိုက်၏။ တကယ်လည်း အားကျောက်ပြောသည်မှာ အမှန်ပင်။ သူမသည် ပန်းချီဆရာမပင် မဟုတ်ပါလား။ ထို့ပြင် ချွေကျင်းသည် သူမ၏သူငယ်ချင်းကောင်းဖြစ်၍ သူမထံမှ ဤအခွင့်အရေးကို ခိုးယူရန်စိတ်ကူးမျိုး အားကျောက်တွင် တစက်ကလေးမှ မရှိချေ။
“ချွေကျင်းကိုပဲ အစစ်ခံခိုင်းလို့မရဘူးလားရှင်"
“ချွေကျင်းကို ဟုတ်လား”
ကျောင်းအုပ်ကြီးလီ ခေါင်းခါလိုက်သည်။
“ဒီနေ့လည်ခင်း လာစစ်သွားတဲ့အထဲမှာ ဥက္ကဌကျိုးကိုယ်တိုင်ပါလာတယ်လေ ဆရာမတွေ အလဲအလှယ်လုပ်ခဲ့တယ်ဆိုတာ သူသိသွားရင် ကျွန်မက ဘယ်လိုရှင်းပြရမှာလဲ ဒါ့အပြင် ဥက္ကဌ ကျိုးကပြောသေးတယ် ဒီနေ့သူမြင်ခဲ့ရတဲ့ ဆရာမလေးက အရမ်းထူးခြားတယ်တဲ့ ဆိုလိုတာက သူ မင်းကို မှတ်မိနေတယ်"
“အော်...ဟုတ်ကဲ့ ဒါဆိုလဲ...."
အားကျောက် ဘာပြောရမှန်းမသိ ဖြစ်နေ၏။ တကယ်လည်း ဤမြို့တွင် ဥက္ကဌကျိုးကို အထင်ကြီးအောင်လုပ်နိုင်သူ သိပ်များများစားစား မရှိသည်မှာ အမှန်ပင်။
“ကောင်းပြီလေ ဒါဆိုရင်ပြီးပြီပေါ့”
ကျောင်းအုပ်ကြီးလီ အကြီးအကျယ် ဝမ်းသာနေ၏။
“အတန်းကို နောက်တပတ် ဗုဒ္ဓဟူးနေ့မှာ စီစဉ်ထားတယ် သေချာပြင်ဆင်ထားပါ မသိတာရှိရင် လာမေးဖို့ မတွန့်ဆုတ်နဲ့ ပြီးတော့ မှတ်ထားအုံး ကျွန်မဟာ ကျောင်းအုပ်မဖြစ်ခင်တုန်းက ဂီတသင်ခဲ့ဖူးတယ်”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး လီ ဒါဆို ကျွန်မသွားတော့မယ်”
အားကျောက်က ကျောင်းအုပ်ကြီးလီကို နှုတ်ဆက်ပြီး အခန်းထဲမှ ထွက်လာခဲ့၏။
အဖွားကြီးလီကား အားကျောက်ကို တကယ်ပင် သဘောကျနေ၏။ သူမသည် နာခံတတ်၏။ ကြိုးစား၏။ အချိန်မှန်၏။ ထို့ပြင် ထူးခြားသော အရည်အချင်းတမျိုးလည်း ရှိသူဖြစ်သည်။ ယခင်က အားကျောက်နှင့် ချွေ့ကျင်းကို သူမ အတူတူ သဘောကျခဲ့၏။ သို့သော် လက်ရှိတွင် အဖွားကြီး လီ၏စိတ်က အားကျောက်ဘက်သို့ တဖြည်းဖြည်းယိုင်လာခဲ့လေပြီတည်း။