အခန်း (၂၀၇၆-၂၀၈၀)
Vol. 84 Ch. 2076-2080
အပိုင်း (၂၀၇၆)
အလွန်ကျယ်လောင်သည့်အသံတို့နှင့်အတူ မြေပြင် တစ်ခုလုံး တုန်ခါလာပြီး ရောင်စုံအလင်းတန်းတို့သည် အဘက်ဘက်မှထွက်ပေါ်လာကာ မေပယ်မြို့တစ်ခုလုံးအား အမိုးခုံးတစ်ခုနှယ် လွှမ်းခြုံသွားခဲ့လေသည်။
ဤအကာအကွယ်အစီအရင်များမှာ ယခင် မြို့သခင်များနှင့်တကွ မေပယ်မြို့ထဲရှိ အဓိကမိသားစုကြီးမှ ပညာရှင်များမှ အားသွန်ခွန်စိုက်ပြင်ဆင်ဖန်တီးခဲ့ကြသည့် အစီအရင်များဖြစ်ကြပေသည်။
သို့သော်ငြား ထိုအစီအရင်များကို အသက်မသွင်းခဲ့သည်မှာ အလွန်ကိုမှ ကြာနေခဲ့လေပြီ။ အကြောင်းမှာ မေပယ်မြို့သည် မည်သည့်အားကောင်းသည့်ရန်သူ၏ တိုက်ခိုက်မှုနှင့်မှ မကြုံရသေးသည့်အတွက်ကြောင့်ပင်။
မြို့ထဲတွင်နေနေသော ကျင့်ကြံသူများပင်လျှင် မေပယ်မြို့၌ ထိုကဲ့သို့သော အကာအကွယ်အစီအရင်များ ရှိနေသည်ကို မေ့လုနီးပါးဖြစ်နေခဲ့လေသည်။ သို့သော်ငြား ယနေ့တွင်မူ ထိုအစီအရင်များ တစ်ခုပြီးတစ်ခုလျင်မြန်စွာ အသက်ဝင်လာခဲ့လေ၏။
“ဘာတွေဖြစ်နေတာလဲ”
“ဘာလို့ အဲ့အစီအရင်တွေ အကုန်အသက်ဝင်ကုန်တာလဲ”
“ကိစ္စကြီးတစ်ခုခုတော့ ဖြစ်သွားပြီနဲ့တူတယ်”
“ပြင်ပရန်သူတွေ ကျူးကျော်လာလို့လား”
“ရိုရိုးရန်သူတွေ ကျူးကျော်လာတယ် ဆိုရင်တောင် အခုလိုတော့ မဖြစ်သင့်ဘူး။ ဧကရာဇ်အဆင့် ပညာရှင်တစ်ယောက်ယောက်ကများ လာတိုက်ခိုက်နေလို့လား” ဘညာြုူးစဟ
ထိုရုတ်တရက် အသက်ဝင်လာသည့်အစီအရင်များကို ကြည့်ရင်း မေပယ်မြို့ထဲတွင်ရှိနေသော ကျင့်ကြံသူပေါင်း များစွာ အံ့အားသင့်ကုန်ကြလေသည်။ ချက်ချင်းဆိုသလို မေပယ်မြို့တစ်ခုလုံး ဆွေးနွေးတိုင်ပင်သံများဖြင့် ဆူညံပွက်လောရိုက်သွားကြကုန်လေ၏။
အချို့ဆိုလျှင် မြို့သခင်စံအိမ်ဆီမှ ကြေညာချက်တစ်ခုခု ထွက်လာမလားဟူသော မျှော်လင့်ချက်ဖြင့် မြို့သခင်စံအိမ်ဘက်သို့ပင် ကြည့်နေကြလေသည်။
ထိုအချိန်တွင် မြို့အပြင်ဘက်ဆီမှ စိုးရိမ်တကြီး အော်ဟစ်သံတစ်သံထွက်ပေါ်လာခဲ့လေ၏။ “အကုန်လုံး မြို့ထဲမြန်မြန်ဝင်ကြပေတော့။ လုံးဝနောက်ကျနေလို့ မရတော့ဘူး”
ထိုလူသည် ထိုစကားကို ထပ်ကာထပ်ကာပြောသွားခဲ့ သည်။ ပြောနေသည့်လူမှာ အလွန်ကိုမှ စိုးရိမ်နေသည့်ပုံပင်။
ထို့အပြင် ပြောသည့်လူသည် စွမ်းအင်ကိုသုံး၍ပါ လူအားလုံးကြားနိုင်အောင် ပြောနေခြင်းဖြစ်သည်။ ထို့ကြောင့် သူ့အသံမှာ မေပယ်မြို့အနှံ့ ရောက်ရှိသွားလေတော့ လေသည်။
“ဒုမြို့သခင်အရက်သမား ပြောနေတာပဲ” အသံကိုကြားပြီးသည့်နောက်တွင် လူအချို့သည် အသံပိုင်ရှင်အား ချက်ချင်းမှတ်မိသွားခဲ့ကြလေသည်။
ထိုစကားကိုကြားကြားချင်း အကုန်လုံးမှာ တုန်လှုပ်သွားခဲ့သော်ငြား မြို့ထဲရှိအစီအရင်များပါ အသက်ဝင်လာနေသည်ကိုမြင်သော် နည်းနည်းလေးမှပင် တုန့်ဆိုင်းမနေတော့ဘဲ ချက်ချင်းပဲမြို့ထဲသို့ ပြေးဝင်ကြကုန်လေသည်။
ခဏအကြာတွင် အံ့အားသင့်တကြီးအော်ဟစ်သံတို့ နေရာအနှံ့ထွက်ပေါ်လာခဲ့လေ၏။ “ကြည့်..ကြည့်.. ဒုမြို့သခင်နောက်ကို တစ်ခုခုလိုက်နေတဲ့ပုံပဲ”
“ဘာကြီးလဲဟ။ မည်းနက်နေတာပဲ”
“ဒုမြို့သခင်တောင် အဲ့ဒါရဲ့ပြိုင်ဘက်မဟုတ်ဘူးလား”
အကုန်လုံးအံ့အားသင့်တကြီးအော်ဟစ်နေစဉ် အရက်သမားသည် မေပယ်မြို့ဆီသို့ ရောက်လာနေခဲ့လေ သည်။
အရက်သမားရောက်လာသည်ကိုမြင်သော် အစီအရင်အား ကိုင်တွယ်နေသည့်လူသည် ချက်ချင်းပဲ ဝင်ပေါက်တစ်ခုကို ဖန်တီးပေးလိုက်၏။
အရက်သမားသည် ထိုဝင်ပေါက်မှတစ်ဆင့် မြို့ထဲသို့ ပျံသန်းဝင်လာလေသည်။ သူဝင်လာပြီးသည်နှင့်တစ်ပြိုင်နက် အစီအရင်ပေါ်ရှိအပေါက်မှာ လျင်မြန်စွာ ပြန်ပိတ်သွားခဲ့လေ၏။
တစ်ချိန်တည်းတွင် အရက်သမားနောက်သို့ တစ်ဟုန်ထိုးလိုက်လာနေသော အနက်ရောင်ချီတို့မှာလည်း မြို့နံရံဆီသို့ ရောက်လာခဲ့လေ၏။
သို့တိုင် တစ်ချက်ကလေးမှပင် နှေးသွားခြင်းမရှိဘဲ အလင်းအကာအရံပေါ်သို့ဝင်ဆောင့်လေသည်။
“ဘုန်း..” နားပင်းမတတ် ပေါက်ကွဲသံအကျယ်ကြီး မေပယ်မြို့အနှံ့ ပြန့်နှံ့သွားခဲ့သည်။ မြို့တစ်ခုလုံးအား ကာကွယ်ထားသည့် အလင်းအကာအရံမှာ အနည်းငယ် တုန်ခါသွားခဲ့ပြီး အရောင်လည်း မှိန်သွားခဲ့လေသည်။
ထိုအချင်းအရာကိုမြင်သည့်အခါ အနားတွင်ရှိနေသော ကျင့်ကြံသူများ သွေးပျက်မတတ်ကြောက်လန့်သွားခဲ့ပြီး မျက်နှာများဖြူဖတ်ဖြူလျော်ဖြစ်ကုန်ကာ နောက်သို့ အလိုလိုပြန်ဆုတ်လိုက်ကြလေသည်။
အစီအရင်အားစောင့်ကြပ်နေသော ကျင့်ကြံသူများမှာတော့ သူတို့၏စွမ်းအားများကို အစီအရင်ထဲသို့ ပိုမိုထည့်သွင်းလိုက် ကြသည်။
ဤနည်းဖြင့် နောက်ဆုံးတွင် မငြိမ်မသက်ဖြစ်နေသော အလင်းအကာအရံမှာ တစ်ဖန်ပြန်လည်တည်ငြိမ်သွားခဲ့လေ သည်။
မေပယ်မြို့ထဲဆီမှ အလင်းတန်းများ အစီအရင်ဆီသို့ တစ်ခုပြီးတစ်ခုရောက်ရှိလာခဲ့သည်။ မေပယ်မြို့ထဲတွင် ရှိနေသော ကျင့်ကြံသူများသည်လည်း ထိုအဖြစ်အပျက်ကို သတိထားမိသွားကြသည့်ပုံပင်။
ပထမဦးဆုံးပေါ်လာသည့်သူမှာ မြို့သခင် တွမ့်ရန်ချန်း ဖြစ်သည်။ သူရောက်သည်နှင့် မြို့နံရံပေါ်သို့ဆင်းလိုက်ပြီး သူ့ရှေ့ရှိမြင်ကွင်းအား အလေးအနက်အမူအယာဖြင့် စိုက်ကြည့်လိုက်လေသည်။
တာအိုသခင်အဆင့်အရှိန်အဝါကိုထုတ်လွှတ်နေသော ကျင့်ကြံသူများသည်လည်း သူ့ဘေးနားတွင်ပေါ်လာကြလေ၏။ လက်ရှိသူတို့ရှေ့၌ဖြစ်ပျက်နေသည့်ကိစ္စကိုမြင်သော် အကုန်လုံး၏မျက်နှာဖြူဖတ်ဖြူလျော် ဖြစ်သွားကြကုန်လေ သည်။
“မြို့သခင် ဒါဘာကြီးလဲ” ဆံပင်ဖြူဖြူလူအိုကြီးတစ်ဦးမှ မေးလိုက်လေသည်။
ထိုလူသည် တာအိုသခင်ပထမအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။ သူသည်အခြားမဟုတ်။ ချင်းမိသားစု၏ ဘိုးဘေးဖြစ်သော ချင်းကျောင်းရန်သာဖြစ်သည်။
လက်ရှိဤနေရာ၌ရှိနေသော တာအိုသခင်အဆင့် ကျင့်ကြံသူဆယ်ဦးအနက် သူသည် အသက်အကြီးဆုံး ဖြစ်ပေသည်။ အရေးအကြောင်းများကို သူ့မျက်နှာထက် အထင်းသားမြင်နေခဲ့ရသည်။
“ဟုတ်တယ် မြို့သခင်။ ခင်ဗျားက အကာအကွယ် အစီအရင်တွေကို အသက်သွင်းဖို့အမိန့်ပေးလိုက်တာဆိုတော့ ဒီကိစ္စအကြောင်းကြိုသိလို့နေမှာပေါ့။ ဟုတ်တယ်မလား” တုမိသားစု၏ဘိုးဘေးဖြစ်သော တုလီရှန်ကလည်း ဝင်မေးလိုက်လေသည်။
အခြားသော တာအိုမိသားစုများဆီမှ တာအိုသခင်အဆင့် ပညာရှင်များသည်လည်း တွမ့်ရန်ချန်းဆီမှ အဖြေတစ်ခုကို ကြားချင်နေသည့်အလား သူ့ဆီသို့လှည့်ကြည့်လာကြသည်။
“နတ်ဆိုးချီပဲ။ ရှေးဟောင်းမဟာနတ်ဆိုးရဲ့ သန့်စင်တဲ့ နတ်ဆိုးချီတွေပဲ” တွမ့်ရန်ချန်းက လေးလေးပင်ပင်နှင့် ပြန်ပြောလိုက်သည်။ “ငါသိသလောက်ဆိုရင် ဒါတွေက မိုင်နှစ်ထောင်လောက်အကွာကနေ စိမ့်ထွက်လာခဲ့တာ”
“ရှေးဟောင်းမဟာနတ်ဆိုးရဲ့ သန့်စင်တဲ့နတ်ဆိုးချီလား” ထိုစကားကိုကြားပြီးသည့်နောက်တွင် တာအိုသခင်အဆင့် ပညာရှင်များ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားကုန်ကြလေသည်။
“ငါလည်း အခုမှပဲ ဒီသတင်းကိုသိလို့ အစီအရင်တွေကို အသက်သွင်းခိုင်းလိုက်တာ။ ဒီနတ်ဆိုးချီတွေ ဘယ်က ရောက်လာလဲ ငါ့ကိုလာမမေးနဲ့။ ငါလည်းအဲ့အကြောင်းကို မသိဘူး။ ငါသိတာကတော့ ငါတို့သာပူးပေါင်းပြီးမတားဘူးဆိုရင် မေပယ်မြို့တစ်ခုလုံး ကပ်ဘေးဆိုက်ပြီဆိုတာပဲ”
တွမ့်ရန်ချန်းသည် လူအုပ်ကြီးဘက်သို့လှည့်၍ ပြောလိုက်လေသည်။ “ခင်ဗျားတို့အားလုံးက ကိုယ့်မိသားစု အသီးသီးရဲ့ မိသားစုခေါင်းဆောင်တွေပဲ။ ခင်ဗျားတို့ ကလန်သားတွေကလည်း မြို့ထဲမှာရှိနေသေးတယ်။ ဒီတော့ ခင်ဗျားတို့ကလန်သားတွေ နတ်ဆိုးချီကူးစက်သွားပြီး ရူးသွပ်သွားမှာကို မမြင်ချင်ဘူးလို့ကျုပ်ထင်တယ်။ ဟုတ်တယ်မလား”
“ဟုတ်တာပေါ့” ချင်းကျောင်းရန်က ချက်ချင်းပဲ ဝင်ပြောလိုက်သည်။ “ဒါနဲ့ ဒါကြီးကိုဘယ်လိုတားရမှာလဲ။ မြို့သခင်မှာနည်းလမ်းလေးရှိရင် ကျေးဇူးပြုပြီး ကျုပ်တို့ကို ပြောပြပေးပါလား”
“ဟုတ်တယ်။ ကျုပ်ဘဝမှာ ရှေးဟောင်းမဟာနတ်ဆိုးရဲ့ သန့်စင်တဲ့နတ်ဆိုးချီကို ပထမဦးဆုံးအကြိမ် ကြုံဖူးတာပဲ။ ဒီတော့ ဒါကိုဘယ်လိုရှင်းပစ်ရမလဲ ကျုပ်တို့မသိဘူး” ရန်မိသားစု၏ ရန်ဖန်းလဲ့က မျက်နှာကြီးမဲ့လျက် ပြောလိုက်လေသည်။
“အဲ့ဒါကတော့..” တွမ့်ရန်ချန်းလည်း တစ်ခဏကြာမျှ ဆွံ့အသွားခဲ့လေသည်။
သူသည် တာအိုသခင်ဒုတိယအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး သူ့ကျင့်ကြံခြင်းမှာအကုန်လုံးထက် ပိုမြင့်မားသော်ငြား ယခုရင်ဆိုင်နေရသည်မှာ ရှေးဟောင်းမဟာနတ်ဆိုး၏ သန့်စင်သည့် နတ်ဆိုးချီဖြစ်သည်။
အကုန်လုံးကဲ့သို့ပင် သူသည်လည်း ဤအရာကို ပထမဦးဆုံးအကြိမ်အဖြစ် ကြုံဖူးခြင်းဖြစ်လေရာ ဤနတ်ဆိုးချီအား မည်ကဲ့သို့ရှင်းထုတ်ရမလဲဆိုသည်ကို သူလဲမသိပေ။
“ရောင်းရင်းတွမ့် အဲ့အကြောင်းကိုနောက်မှစဉ်းစားပေး။ အခုအကာအကွယ်တွေကို ပိုပြီးခိုင်ခံ့အောင်လုပ်တာ အကောင်းဆုံးဖြစ်မယ်နဲ့တူတယ်” အရက်သမားမှာတော့ လုံးဝကို အမူးပြယ်နေခဲ့လေပြီ။ ယခုအချိန်ဆိုလျှင် သူ့မျက်လုံးများသည် ဇီးကွက်မျက်လုံးကဲ့သို့ပင် ပြူးကျယ်နေခဲ့၏။
“ဟုတ်တယ်” တွမ့်ရန်ချန်း၏မျက်လုံးများ တောက်ပသွားခဲ့၏။ ချက်ချင်းပဲပြန်၍ပြောလိုက်၏။ “အကုန်လုံး ကျေးဇူးပြုပြီး ကိုယ်တာဝန်ကျရာအပိုင်းကို သေသေချာချာကာကွယ်ပေးကြပါ။ ကျုပ် တစ်ယောက်ယောက်ကို သွားရှာလိုက်အုံးမယ်။ ကံကောင်းရင် သူ့ဆီကအဖြေရနိုင်တယ်”
ပြောပြီးသည့်နောက်တွင် တွမ့်ရန်ချန်းသည် အရက်သမားအား မျက်စပစ်ပြလိုက်လေသည်။
အရက်သမားသည် တွမ့်ရန်ချန်းဘာပြောနေချင်သလဲ ဆိုသည်ကို နားလည်သည့်အလား အကုန်လုံးကိုဆင့်ခေါ်၍ ချက်ချင်းပဲ စတင်သေချာလေ့လာတော့လေ၏။
ခဏအကြာတွင် တာအိုသခင်အဆင့်ပညာရှင်များသည် သူတို့တာဝန်ကျရာအပိုင်းကို ကာကွယ်ပေးရန်အတွက် နေရာအသီးသီးသို့ ထွက်ခွာသွားကြလေသည်။
ထိုအချိန်အတောအတွင်း အရက်သမားသည် တစ်ခုခုအား သတိရသွားသည့်အလား သူ့အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့ပြီး မြို့သခင်စံအိမ်ဆီသို့ အလျင်စလိုပျံသန်းသွားလေ၏။
မြို့အပြင်ဘက်တွင်ဖြစ်ပျက်နေသည့် ထိတ်လန့်ဖွယ်ရာ ကိစ္စရပ်များသည် ကျင့်ကြံသူများစွာ၏ နားဝဆီသို့ ရောက်ကုန်ကြလေပြီ။ လူတစ်ယောက်မှ ဆယ်ယောက်၊ ဆယ်ယောက်မှတစ်ဆင့် တစ်ရာ၊ တစ်ရာမှတစ်ဆင့် တစ်ထောင် ထိုသို့ဖြင့် ပြန့်နှံ့သွားခဲ့လေရာ မကြာမီ နတ်ဆိုးချီပြန့်ထွက်လာသည့်အကြောင်းကို မေပယ်မြို့ထဲရှိ လူအားလုံး သိသွားကုန်ကြလေ၏။
အချို့သွေးဆူလွယ်သည့် ကျင့်ကြံသူများမှာ အထက်အရာရှိများ၏ဆင့်ခေါ်မှုကို ချက်ချင်းနာခံ၍ အကာအကွယ်ကိုအားဖြည့်ပေးရန်အတွက် မြို့နံရံဆီသို့ ထွက်သွားကုန်ကြလေသည်။
ချက်ချင်းဆိုသလို မေပယ်မြို့၏မြို့နံရံများမှာ လူပေါင်းများစွာဖြင့် ပြည့်ကြပ်လာတော့လေသည်။
ထိုအချိန်အတောအတွင်း ရန်ကိုင်နှင့်မိုရှောင်ချီမှာတော့ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာဆီသို့ ရောက်နေခဲ့သည်။ ကောင်းကင်စိတ်အာရုံကိုဖြန့်ကျတ်ကြည့်လိုက်ပြီးသည့်နောက် ခန်စစ်ရန်နှင့်စိတ်ဝိဉာဉ်ဆေးလုံးပလာဇာ၏အဖွဲ့သား အားလုံး အဆင်သင့်ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။ သူတို့သည် သင်္ဘောပေါ်သို့ပင် ရောက်နေခဲ့ကြလေပြီ။
မိုရှောင်ချီအား အချက်ပြလိုက်ပြီးနောက် မိုရှောင်ချီသည်လည်း သင်္ဘောပေါ်သို့ တက်သွားခဲ့လေ၏။ သူသင်္ဘောပေါ်သို့တက်ရန် လုပ်နေစဉ်မှာပင် တစ်နေရာဆီသို့ လှမ်းကြည့်လိုက်လေသည်။
ထိုအရပ်ဆီမှ ပုံစံထူးခြားခြင်းမရှိလှသည့် သက်လတ်ပိုင်းလူကြီးတစ်ဦးသည် လူအုပ်ကြီးထဲမှနေ၍ ရန်ကိုင့်အား တည်တည်ငြိမ်ငြိမ်ဖြင့် လှမ်းကြည့်လာနေခဲ့ သည်။
အကြည့်ချင်းဆုံသွားသည့်အခိုက်တွင် သက်လတ်ပိုင်း လူကြီးသည် ယဲ့ယဲ့လေးပြုံးလိုက်လေသည်။ သူ့အပြုံးမှာ အတော်လေးကိုမှ ထူးခြားနေခဲ့သည်။
ရန်ကိုင်ကမူ ထိုလူ၏အပြုံးကိုမြင်ပြီးနောက် မျက်မှောင် မကြုတ်ဘဲမနေနိုင်အောင် ဖြစ်သွားခဲ့သည်။
သက်လတ်ပိုင်းလူကြီးသည် လုံးဝကိုလူစိမ်းတစ်ဦး ဖြစ်ပေသည်။ သူ့အနေဖြင့် ဤလူကြီးအား တစ်ခါမှ မတွေ့ခဲ့ဖူးသည်မှာ သေချာသည်။ သို့သော်ငြား ထူးထူးဆန်းဆန်းကိုပင် သက်လတ်ပိုင်းလူကြီးသည် တာအိုသခင်တတိယအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့သည်။
ဤကဲ့သို့သောကျင့်ကြံသူများသည် မေပယ်မြို့ထဲတွင် ပေါ်လာခဲလှသည်။
ယခင်တစ်ကြိမ် ကြည်လင်ကျောက်စိမ်းတောင်တွင် ယွမ်ဖုန်းပေါက်လေး ပေါ်လာသည့်ကိစ္စရပ်ကြောင့် မေပယ်မြို့ဆီသို့ မရေအတွက်နိုင်သော အားကောင်းလှသည့် ပညာရှင်များ လာရောက်စုဝေးခဲ့သည့်အချိန်မှလွဲ၍ အခြားသောအချိန်များ၌ တစ်နှစ်လုံးတွင်ပင် တာအိုသခင် တတိယအဆင့်ကျင့်ကြံသူတစ်ဦး မေပယ်မြို့ဆီသို့ လာရောက်လေ့မရှိပေ။
သို့သော်ငြား ယနေ့တွင်မူ ထိုကဲ့သို့သောကျင့်ကြံသူ တစ်ဦးအား လူအုပ်ကြီးထဲတွင် တွေ့လိုက်ရသည်။ ထို့အပြင် ထိုလူသည် ရန်ကိုင့်အား အတော်လေးကို စိတ်ဝင်စားနေသည့်ပုံပင်။
သို့သော်ငြား ရန်ကိုင်သည် ထိုကိစ္စအား ခေါင်းရှုပ်ခံ စဉ်းစားမနေတော့ဘဲ အလျင်အမြန်ဘဲ သင်္ဘောပေါ်သို့ တက်ကာ ပျံသန်းရေးမှော်ရတနာအား ထိန်းချုပ်ကာ ပျံသန်းထွက်သွားလေ၏။
သင်္ဘောထွက်သွားပြီးသည့်နောက်တွင် သက်လတ်ပိုင်း လူကြီးသည် သူတစ်ဦးတည်းသာကြားနိုင်သည့်လေသံဖြင့် အေးစက်စက်ပြုံးကာ ရေရွတ်လိုက်လေ၏။ “ဟား… အချိန်အကုန်ခံပြီးလျှောက်ရှာနေလိုက်တာ ဒီမှာမှ လာတွေ့ရမယ်လို့ မထင်ထားဘူး။ နှစ်ဝက်လောက်ကြာအောင် ရှာပြီးတော့မှပဲ သခင်လေးရဲ့သင်္ဘောကို ဒီမှာ လာတွေ့တော့တယ်။ မင်းက သခင်လေးရဲ့သင်္ဘောကို ရထားတာဆိုတော့ မင်းတစ်ခုခုကို သိထားရမှာပေါ့။ ဟဲဟဲ ညုသ၀-”
အံ့အားသင့်ဖွယ်ကောင်းစွာပင် ဤသက်လတ်ပိုင်း လူကြီးသည် လွန်ခဲ့သောခြောက်လခန့်က သူတော်စင်နန်းတော်၏ပိုင်ရှင် နန်းတော်သခင်မှ နင်ယွမ်ချန်းသေဆုံးသွားသည့်ကိစ္စနှင့်ပတ်သက်၍ စုံစမ်းရန် လွှတ်လိုက်သည့်ပညာရှင် ဖြစ်နေခဲ့လေသည်။
သဲလွန်စများကို ခြေရာကောက်ပြီးသည့်နောက်တွင် နင်ယွမ်ချန်းအား နောက်ဆုံးတွေ့ခဲ့ရသည့်နေရာသည် မေပယ်မြို့ထဲရှိလေလံပွဲဖြစ်နေကြောင်း တွေ့ရှိသွားခဲ့ရသည်။ ထို့ကြောင့်ပင် မေပယ်မြို့ဆီသို့ အပြေးလာခဲ့ခြင်းဖြစ်ပေသည်။
သို့သော်ငြား ခြောက်လလုံးလုံး ရှာဖွေစုံစမ်းခဲ့သည့်တိုင် အသုံးဝင်သည့် မည်သည့်သတင်းအချက်အလက်ကိုမှ ရှာမတွေ့ခဲ့ပေ။ ကံကောင်းစွာဖြင့် ယနေ့တွင် နင်ယွမ်ချန်း၏ သင်္ဘောကို ဤမြို့ထဲတွင် လာတွေ့ခဲ့ရသည်။
ရန်ကိုင် နင်ယွမ်ချန်းကို သတ်နိုင်လိမ့်မည်ဟု သူမယုံပေ။ နင်ယွမ်ချန်းတွင် သက်တော်စောင့်ဖြစ်သော တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံသူဖြစ်သည့် လျှိုရီကျိ ရှိနေခဲ့သည်။ ထို့ကြောင့် နင်ယွမ်ချန်းကို သတ်လိုက်သည့်လူမှာ ရန်ကိုင်ဖြစ်သည်ဟု သူမထင်ခြင်းပင်။
သို့ရာတွင် ရန်ကိုင်သည် နင်ယွမ်ချန်း၏သင်္ဘောကို ရထားမှဖြင့် သူ့အနေဖြင့်တစ်ခုခုကို ကျိန်းသေ သိထားရပေလိမ့်မည်။ ထို့ကြောင့် ရန်ကိုင့်အား အာရုံစိုက်လာခဲ့ခြင်းဖြစ်သည်။
သို့သော်ငြား မြို့ထဲတွင် လူပေါင်းများစွာရှိနေသည့် အတွက် လှုပ်ရှားရန်သိပ်အဆင်မပြေသေးပေ။ နောက်မှသာ အခြေအနေကြည့်ပြီးလှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။
ရန်ကိုင်သည် သင်္ဘောကိုထိန်းကျောင်း၍ မြို့နံရံဆီသို့ ပျံသန်းသွားခဲ့လေ၏။
သို့သော်ငြား မြို့ပြင်ဘက်ရှိအခြေအနေကိုမြင်ပြီးနောက် အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့လေသည်။ အကြောင်းမှာ လက်ရှိတွင် မြို့အပြင်ဘက်တစ်ခုလုံး အဆုံးမသတ်နိုင်သော နတ်ဆိုးချီများဖြင့် ပြည့်ကြပ်သိပ်နေသည့်အတွက်ကြောင့်ပင်။
ရှင်းရှင်းပြောရလျှင် မေပယ်မြို့ပြင်တစ်ခုလုံး အမှောင်ထုဖြင့် လွှမ်းခြုံနေသည်ဟုပင် ပြော၍ရပေသည်။
သူ့လက်ရှိရထားသည့်သင်္ဘော၏အဆင့်မှာ မနိမ့်သလို ဤသင်္ဘောတွင် အကာအကွယ်အစီအရင်များရှိသော်ငြား ရန်ကိုင်သည် အလျင်စလိုပြေးထွက်သွားမည်ဆိုပါက ထိုနတ်ဆိုးချီများ၏တိုက်စားခြင်းကို ကျိန်းသေခံရပေလိမ့် မည်။
“ရောင်းရင်းရန်” ခန်စစ်ရန်သည်လည်း မြို့ပြင်ဘက်ရှိ အခြေအနေကို သတိပြုမိလိုက်လေသည်။
ချက်ချင်းပဲ ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် “ဒါတွေ ဘယ်လိုလုပ်ပြီး ဒီလိုတွေဖြစ်ကုန်တာလဲ”
“နောက်ကျလွန်းသွားပြီ” မိုရှောင်ချီသည် နှုတ်ခမ်းကို ကိုက်လျက် ပြောလိုက်သည်။ သူမစိတ်ထဲ အလွန်ကိုမှ ကြိတ်မနိုင်ခဲမရဖြစ်နေခဲ့သလို တစ်ချိန်တည်းတွင်လည်း ကျွမ်းပန်အား အားပါးတရကျိန်ဆဲနေခဲ့လေသည်။
ကျွမ်းပန်မှ သူတို့အား အချိန်ဆွဲနေသည့်အတွက်ကြောင့်သာ မဟုတ်လျှင် သူတို့အနေဖြင့် နတ်ဆိုးချီများ မြို့တစ်ခုလုံးအား လွှမ်းခြုံမသွားခင် မြို့ထဲမှထွက်သွားနိုင်လောက်ပေသည်။ သို့သော် ယခုမှထွက်သွားဖို့ဆိုလျှင်တော့ နောက်ကျလွန်းနေခဲ့ပြီ။
သင်္ဘောထဲရှိလူအားလုံး၏အကြည့်သည် ရန်ကိုင့်ဆီသို့ ရောက်လာခဲ့သည်။ ဤနေရာတွင် ရန်ကိုင်၏ကျင့်ကြံခြင်းမှာ အမြင့်ဆုံးဖြစ်သည့်အတွက် သူသည် အကုန်လုံး အားကိုးအားထားရာဖြစ်လာခဲ့လေသည်။
အပြင်ပန်းတွင် ရန်ကိုင်သည် မျက်စိပျက်မျက်နှာပျက် ဖြစ်နေခဲ့သော်ငြား သူ့စိတ်ထဲတွင်တော့ အရမ်းကြီး တုန်လှုပ်နေခြင်းမရှိခဲ့ပေ။
အကြောင်းမှာ သူ့တွင် သွားစရာနေရာမရှိလျှင်ပင် အကုန်လုံးအား ကမ္ဘာငယ်လေးထဲသို့ပို့၍ သူ့ဘာသာ တစ်ယောက်တည်း ဤနတ်ဆိုးချီကို ဖောက်ထွက်၍ သွားနိုင်သည်။
လေဟာနယ်စွမ်းအားကိုသုံး၍သာ ထွက်ပြေးမည်ဆိုလျှင် ဤနတ်ဆိုးချီမှ အန္တရာယ်ကင်းကင်းထွက်သွားနိုင်လိမ့်မည်ဟု ရှစ်ဆယ်ရာခိုင်နှုန်းယုံကြည်ပေသည်။ သို့သော်ငြား ထိုနည်းလမ်းကိုသုံးလျှင် သူ့လျှို့ဝှက်ချက်ကြီးကို အခြားသူများသိကုန်ကြပေလိမ့်မည်။
ကျန်းမိသားစုဝင်များမှာတော့ ကိစ္စမရှိ။ သူတို့ အားလုံးသည် ရန်ကိုင့်အား အသက်သခင်အဖြစ် ယူဆထားသူများဖြစ်ကြသည့်အတွက် ရန်ကိုင်သာ ကမ္ဘာငယ်လေးအကြောင်းအား ထုတ်မပြောရန်ပြောလျှင် သူတို့အားလုံး ကျိန်းသေထုတ်ပြောလိမ့်မည်မဟုတ်ပေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၇၇)
စိတ်ဝိဉာဉ်ဆေးလုံးပလာဇာမှ ဆေးပညာရှင်များနှင့် ပတ်သက်၍မူ ရန်ကိုင်လည်းမပြောတတ်ချေ။ ရန်ကိုင်သည် ထိုလူများနှင့်ခင်သူမဟုတ်။
ကမ္ဘာငယ်လေးနှင့်ပတ်သက်သည့်အကြောင်းကိုသာ ထုတ်ပြောမည်ဆိုလျှင် ရန်ကိုင် ပြဿနာအကြီးကြီး တက်ပေလိမ့်မည်။
ကမ္ဘာငယ်လေးသည် သယ်ဆောင်သွား၍ရသော ဧကရာဇ်အဆင့်မှော်ရတနာတစ်ခုဖြစ်သည်။ ကြယ်တာယာ အစုအဝေးထဲတွင် ကမ္ဘာငယ်လေးနှင့်ဆင်တူသည့် မှော်ရတနာဆို၍ အနည်းငယ်သာရှိပေသည်။
ဥပမာပြရသော် ရန်ကိုင်မကြာသေးခင်က ဝင်သွားခဲ့သည့် ငါးရောင်ခြယ်ရတနာဘုရားပင်။ ထိုမှော်ရတနာသည် ကြယ်ဝိဉာဉ်နန်းတော်၏ ထွဋ်မြတ်မှော်ရတနာတစ်ခုဖြစ်ပေသည်။
သို့သော်ငြား ငါးရောင်ခြယ်ရတနာဘုရားနှင့် ကမ္ဘာငယ်လေးကြားရှိ အကြီးမားဆုံးကွာခြားချက်မှာ ငါးရောင်ခြယ်ရတနာဘုရားသည် သွားလေရာသယ်သွား၍ မရဘဲ ကမ္ဘာငယ်လေးကမူ သယ်သွား၍ရပေသည်။
ထို့အပြင်ကမ္ဘာငယ်လေးသည် ရန်ကိုင့်အတွက် အလွန်ကိုမှ အရေးပါသဖြင့် ကမ္ဘာငယ်လေးနှင့်ပတ်သက်သည့် အကြောင်းအား မလိုအပ်လျှင် အခြားသူများသိသွားမည်ကို ရန်ကိုင်မလိုလားပေ။
“ကြည့်ရတာ ဒီတိုင်းဖောက်ထွက်သွားဖို့က မဖြစ်နိုင်ဘူးနဲ့တူတယ်” ရန်ကိုင်ရေရွတ်လိုက်သည်။
သို့သော်ငြား ရုတ်တရက်သူ့အမူအယာပြောင်းလဲသွားပြီး မေးလိုက်လေသည်။ “မေပယ်မြို့ထဲမှာ ဟင်းလင်းပြင်အစီအရင်တစ်ခု ရှိတယ်မလား”
သူနေထိုင်ရာ ကြယ်စီရင်စုကြီးထဲတွင် အဓိကမြို့ကြီးများ၌ ဟင်းလင်းပြင်အစီအရင်များ ရှိတတ်ကြလေသည်။ သူယခုရောက်နေသည်မှာ ကြယ်တာယာအစုအဝေးဖြစ်သည်။
မေပယ်မြို့သည် မြို့ကြီးတစ်မြို့မဟုတ်သော်လည်း ဤမြို့ထဲတွင် ဟင်းလင်းပြင်အစီအရင်တစ်ခုလောက်တော့ ရှိသင့်ပေသည်။
“ဟုတ်တယ် ရှိတယ်။ မြို့သခင်စံအိမ်ထဲမှာရှိတာ” ခန်စစ်ရန်က ခေါင်းငြိမ့်၍ ပြန်ပြောလိုက်သည်။
“အဲ့ဒါဆို မြို့သခင်စံအိမ်ဆီ သွားကြတာပေါ့” ရန်ကိုင်သည် ချက်ချင်းပဲ သင်္ဘောပျံ၏ဦးတည်ရာလမ်းကြောင်းကို မြို့သခင်စံအိမ်ဆီသို့ ဦးတည်လိုက်လေသည်။
အပေါ်မှငုံ့ကြည့်မည်ဆိုပါက မေပယ်မြို့တစ်ခုလုံး ပရမ်းပတာဖြစ်နေသည်ကို တွေ့နိုင်ပေသည်။
ရှေးဟောင်းမဟာနတ်ဆိုး၏ သန့်စင်သည့်နတ်ဆိုးချီ စိမ့်ထွက်လာသည့်အကြောင်း၊ ထိုနတ်ဆိုးချီသည် မြို့တစ်ခုလုံးအား ဝန်းရံထားပြီးဖြစ်သည်ဆိုသည့်အကြောင်း သတင်းထွက်လာသည့်အချိန်တွင် မေပယ်မြို့ထဲရှိ ကျင့်ကြံသူအားလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြလေသည်။
မြို့အကာအကွယ်အစီအရင်သည် ထိုနတ်ဆိုးချီအား မခုခံနိုင်ဘဲ ပျက်စီးသွားမည်ကို အကုန်လုံးစိုးရွံ့နေကြသည်။
ထိုသို့ဖြစ်လာသည့်အခါ အကုန်လုံး၏စိတ်ထဲ စဉ်းစားမိသည်မှာ မေပယ်မြို့ထဲတွင်ရှိနေသော ဟင်းလင်းပြင်အစီအရင်မှတစ်ဆင့် ထွက်ပြေးရန်ပင် ဖြစ်လေသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် မြို့ထဲရှိ ကျင့်ကြံသူပေါင်း များစွာတို့သည် မြို့သခင်စံအိမ်ဆီသို့ ဦးတည်ပြေးလွှားနေကြလေ၏။
ထိုအချက်ကို နားလည်လိုက်ပြီးသည့်နောက်တွင် ရန်ကိုင်မျက်နှာပျက်သွားခဲ့ပြီး ချက်ချင်းပဲမြို့သခင်စံအိမ်ဆီသို့ မြန်မြန်ပြေးလေတော့၏။
ခဏအကြာတွင် သင်္ဘောပျံသည် မြို့သခင်စံအိမ်ပေါ်ဆီသို့ ရောက်လာခဲ့လေသည်။ သို့သော်ငြား သင်္ဘောပျံကို မြေပြင်ပေါ်သို့ မဆင်းသက်စေရသေးခင်မှာပင် နန်းတော်တစ်ခုဆီမှ တာအိုသခင်အဆင့်ပညာရှင်တစ်ဦး၏ စွမ်းအင်လှိုင်းများကို ရုတ်တရက်အာရုံခံမိလိုက်၏။
ထို့နောက်တွင် နားပင်းမတတ်ကျယ်လောင်သည့် ပေါက်ကွဲသံနှင့်အတူ နန်းတော်တစ်ခုလုံးရုတ်ခြည်း ပြိုကျသွားခဲ့လေသည်။
ခဏအကြာတွင် ကျင့်ကြံသူပေါင်းများစွာသည် အုတ်ကျိုးအုတ်ပဲ့များကြားမှ ပျံသန်းထွက်လာပြီး အဆက်မပြတ်ကို အော်ဟစ်ကျိန်ဆဲကြတော့လေ၏။ အကုန်လုံးကို ကြည့်ရသည်မှာ အတော်လေး ဒေါသထွက်နေသည့်ပုံပင်။
ထိုအချင်းအရာကိုမြင်သည့်အခါ ရန်ကိုင်မျက်လုံး မှေးစင်းသွားခဲ့သည်။ သူ့စိတ်ထဲ မကောင်းတဲ့ခံစားချက်တို့ ရနေခဲ့လေပြီ။
ချက်ချင်းပဲ ခန်စစ်ရန်ဘက်သို့လှည့်၍မေးလိုက်၏။ “ရောင်းရင်းခန် အဲ့ဒီနေရာက ဟင်းလင်းပြင်အစီအရင် ရှိနေတဲ့နေရာတော့ မဟုတ်ပါဘူးနော်”
ခန်စစ်ရန်က ခေါင်းငြိမ့်၍ “ဟင်းလင်းပြင်အစီအရင် ရှိနေတဲ့နေရာက အဲ့နေရာပဲ”
လေထဲတွင်ဝဲနေသည့်ပုံရိပ်ကိုကြည့်ရင်း ရန်ကိုင့်ပါးစပ်ကြီး မဲ့သွားခဲ့လေသည်။ သူသည် စုတ်စုတ်ပြတ်ပြတ်အဝတ်အစားများကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်ပုကွကွဖြစ်သည်။ ဆံပင်များမှာလည်း ဖိုသီဖတ်သီ ဖြစ်နေလေသည်။
ရှင်းရှင်းပြောရလျှင် ထိုလူသည် သူတောင်းစားနှင့် မခြားတော့။
သို့သော်ငြား တာအိုသခင်အဆင့်ကျင့်ကြံသူများသာ ပိုင်ဆိုင်သော အားကောင်းသည့် အရှိန်အဝါတစ်ရပ်သည် ထိုလူဆီမှဖြာထွက်နေခဲ့လေသည်။
ဤလူသည် မေပယ်မြို့၏ဒုမြို့သခင်ဖြစ်သော အရက်သမားကိုယ်တိုင်မှလွဲ၍ အခြားမဟုတ်ပေ။
လက်ရှိအချိန်၌ ဤနေရာတွင်ရှိနေသော တာအိုသခင်အဆင့်ကျင့်ကြံသူဆို၍ သူသာရှိသည်။ အစောပိုင်းက ပေါက်ကွဲမှုမှာလည်း သူ၏လက်ချက်သာ ဖြစ်လေသည်။
လက်ရှိတွင် မြေပေါ်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အရက်သမားအား မုန်းတီးစက်ဆုပ်စွာဖြင့် စိုက်ကြည့်နေကြလေ၏။
“ဒုမြို့သခင် ခင်ဗျား ဟင်းလင်းပြင်အစီအရင်ကို ဘာလို့ ဖျက်ဆီးလိုက်တာလဲ။ ကျုပ်ခင်ဗျားကို တောက်လျှောက် လေးစားလာခဲ့တာ။ ဒါပေမယ့် ခင်ဗျားဒီလောက် ရက်စက်လိမ့်မယ်လို့ ကျုပ်မထင်ထားဘူး”
“ဟုတ်တယ် အရက်သမား။ ခင်ဗျား ကျုပ်တို့ပြေးပေါက်ကို ဘာဖြစ်လို့ပိတ်ချပစ်လိုက်တာလဲ”
“ဟင်းလင်းပြင်အစီအရင် ပျက်စီးသွားပြီဆိုတော့ ငါတို့ဒီကနေ ဘယ်လိုမှထွက်သွားလို့ မရတော့ဘူး”
“အရက်သမား ခင်ဗျားကျုပ်တို့ကို ဖြေရှင်းချက် မပေးဘူးဆိုရင် ဒီနေရာကနေအသက်ရှင်လျက်ထွက်သွားဖို့ မစဉ်းနဲ့တော့”
မြေပေါ်တွင်ရပ်နေသော ကျင့်ကြံသူများဆီမှ ဒေါသတကြီးအော်ဟစ်သံများ၊ မေးခွန်းထုတ်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့လေသည်။
အချို့အလွန်ဒေါသထွက်လွန်းသည့် ကျင့်ကြံသူများဆိုလျှင် သူတို့၏မှော်ရတနာများကိုထုတ်၍ပင် အရက်သမားအား တိုက်ခိုက်နေကြလေပြီ။
ထိုအချိန်အတောအတွင်း အရက်သမားမှာတော့ အေးအေးဆေးဆေးသာ ရှိနေခဲ့လေသည်။ လူပေါင်းများစွာ၏ အော်ဟစ်ဆဲဆိုခြင်းခံနေရသည့်တိုင် တုပ်တုပ်မျှမလှုပ်။ တစ်ဖက်လူများမှ တိုက်ခိုက်လာသည်ကို မြင်သော်ငြား သူ၏အရင်းအမြစ်ချီကိုသုံး၍ သူ့ကိုယ်သူသာကာကွယ်လိုက်ပြီး ပြန်လည်တိုက်ခိုက်ခြင်းမျိုး မလုပ်ခဲ့ပေ။
“အမျိုးသမီးနဲ့ လူကြီးမင်းတို့” အရက်သမားသည် လူအုပ်ကြီးအား ဝေ့ကြည့်လိုက်၍ လေသံတိုးတိုးဖြင့် အားလုံးကြားအောင် အော်ပြောလိုက်လေသည်။ “ခင်ဗျားတို့တွေဘာတွေးနေလဲ၊ ဘာလုပ်ချင်နေလဲဆိုတာ ကျုပ်နားလည်တယ်။ ဒါပေမယ့် ဒီနေ့ ကျုပ်တို့မေပယ်မြို့ တစ်ခုလုံးကို နတ်ဆိုးချီတွေက ဝိုင်းနေပြီ။ အခုကိစ္စက အခန့်မသင့်ရင် မြို့တစ်ခုလုံးပျက်စီးသွားနိုင်တဲ့ အခြေအနေမျိုးပဲ”
“ခင်ဗျား အဲ့လိုမှန်းသိရင် ဘာဖြစ်လို့ ဟင်းလင်းပြင် အစီအရင်ကို ဖျက်ဆီးလိုက်သလဲ သက်ကြားအိုကြီးရဲ့။ ခင်ဗျား တစ်ကယ်ကိုကောက်ကျစ်တဲ့လူ” လူအုပ်ကြီးထဲမှ ဒေါသတကြီးအော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
အရက်သမားသည် ထိုစကားကိုကြားသည့်အခါ အရက်သမား၏အမူအယာအနည်းငယ် ပြေလျော့သွားခဲ့ပြီး လူအုပ်ကြီးအား တောင်းတောင်းပန်ပန်ဖြင့် ကြည့်လိုက်သည်။
ထို့နောက်ဆက်၍ ပြောလိုက်လေသည်။ “ဒီလူအိုကြီးလည်း ရွေးစရာမရှိလို့ အခုလိုလုပ်လိုက်ရတာ။ ရှင်းရှင်းပြောရရင် မေပယ်မြို့ထဲမှာ ကျင့်ကြံသူတွေပေါင်း ထောင်နဲ့ချီပြီးရှိတယ်။ ခင်ဗျားတို့တွေအားလုံးသာ ဒီအစီအရင်ကနေ ထွက်သွားလိုက်မယ်ဆိုရင် နတ်ဆိုးချီကိုဘယ်သူမှ တားဆီးနိုင်တော့မှာမဟုတ်ဘူး။ အဲ့အခါကျ မြို့ထဲမှာရှိနေတဲ့ မြို့သူမြို့သားတွေအကုန်လုံး အသတ်ခံရမှာ။ ဒီမေပယ်မြို့ တစ်ခုလုံးက ငရဲခန်းတစ်ခုဖြစ်သွားတော့မှာ။ ဒီလူအိုကြီးက မေပယ်မြို့ထဲမှာပဲ တစ်ဘဝလုံးကြီးပြင်းလာခဲ့တာ။ ဒီလူအိုကြီးရဲ့ မိတ်ဆွေတွေ မိသားစုဝင်တွေအကုန်လုံးကလည်း မေပယ်မြို့ထဲမှာပဲရှိတယ်။ ရောင်းရင်းတို့ရဲ့ မိတ်ဆွေတွေ မိသားစုတွေလည်း အကုန်တူတူပဲမဟုတ်လား။ သူတို့တွေ နတ်ဆိုးချီကူးစက်သွားခံရပြီး နတ်ဆိုးတွေဖြစ်သွားမှာကို ဒီလူအိုကြီး မမြင်ချင်ဘူး။ ရောင်းရင်းတို့ရော အဲ့ဒီလို ဖြစ်သွားမှာကို မြင်ချင်လို့လား။ အခုခင်ဗျားတို့အားလုံးသာ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးသွားမယ်ဆိုရင် မြို့ထဲမှာ ရှိနေတဲ့လူတွေကို ဘယ်သူကဆက်ပြီးကာကွယ်ပေးနိုင်အုံးမှာလဲ”
ထိုသို့ပြောပြီးသည့်နောက်တွင် အရက်သမားသည် လူအုပ်ကြီးတစ်ခုလုံးအား ဝေ့ကြည့်လိုက်လေသည်။
အရက်သမားပြောသည်ကို ကြားပြီးသည့်နောက်တွင် လူအုပ်ကြီးထဲမှ ထွက်ပေါ်လာနေသော ဒေါသတကြီး အော်ဟစ်သံတို့မှာ တဖြေးဖြေးအားနည်းကာ ပျောက်ကွယ်သွားခဲ့လေသည်။
“မေပယ်မြို့ဆိုတာ ကြယ်တာယာအစုအဝေးထဲမှာ သမုဒ္ဒရာထဲကရေတစ်စက်လိုပဲ။ တောင်ဘက်နယ်မြေ တစ်ခုလုံးမှာတောင် မေပယ်မြို့ကိုသိတဲ့သူက သိပ်ရှိတာမဟုတ်ဘူး။ ဒါပေမယ့် မေပယ်မြို့သားတစ်ယောက် ဖြစ်ရလို့ ငါ့ကိုယ်ငါဂုဏ်ယူတယ်။ ရှင်းရှင်းပြောရရင် ဒီလူအိုကြီးရဲ့အချိန်အများစုကို မေပယ်မြို့မှာပဲ ကုန်ဆုံးခဲ့တာ။ မေပယ်မြို့ တဖြေးဖြေးတိုးတက် စည်ပင်လာတာကို ဒီလူအိုကြီးကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်။ ဒီမြို့ကိုငါချစ်တယ်။ ဒါ့ကြောင့် ဒီမြို့ပျက်စီးသွားမှာကို ငါမမြင်ချင်ဘူး။ အကုန်လုံးစိတ်ပူမနေပါနဲ့။ အခုဒီမှာ ဖြစ်နေတဲ့အကြောင်းကို ဒီဟင်းလင်းပြင်အစီအရင်ကနေတစ်ဆင့် အခြားလူတွေဆီ ဒီလူအိုကြီးအကြောင်းကြားခိုင်းထားလိုက်ပြီ။ မကြာခင် ကြယ်ဝိဉာဉ်နန်းတော်နဲ့ အခြားဂိုဏ်းတွေဆီကနေ အကူအညီတွေရောက်လာမယ်လို့ ဒီလူအိုကြီးယုံကြည်တယ်။ အဲ့ဒီအချိန်ကျရင် ငါတို့မေပယ်မြို့ဘေးကင်းပြီ။ ဒါပေမယ့် အဲ့မတိုင်ခင်တော့ အကုန်လုံး ဒီလူအိုကြီးနဲ့အတူ ပူးပေါင်းပြီး မေပယ်မြို့ကိုကူညီပေးဖို့တောင်းဆိုချင်တယ်။ ခင်ဗျားတို့ အားလုံးလည်း အဲ့လိုလုပ်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ဒီမြို့အတွက်ဆိုရင် ဒီလူအိုကြီး အသက်သေရင်သေရပါစေ။ ဒီလူအိုကြီး လုပ်ပေးသွားမှာ။ ဒါ့ကြောင့် လူကြီးမင်းနဲ့ အမျိုးသမီးကောင်းအပေါင်းတို့ ကျေးဇူးပြုပြီး ဒီလူအိုကြီးကို ကူညီပေးဖို့တောင်းဆိုပါတယ်” ပြောပြီးသည့်နောက်တွင် အရက်သမားသည် လူအုပ်ကြီးအား တောင်းဆိုသည့် အကြည့်ဖြင့် ဝေ့ကြည့်လိုက်လေသည်။
လူအုပ်ကြီးတစ်ခုလုံး လုံးဝကိုတိတ်ဆိတ်သွားခဲ့သည်။ မည်သည့်အော်ဟစ်သံမှ ထွက်မလာတော့ချေ။
“ဒုမြို့သခင် ငါလည်းပါမယ်။ ငါ့ရဲ့ကိုယ်တွင်းနတ်ဆိုးနဲ့ မူတည်ပြီးကျိန်ဆိုတယ်။ ဒီမြို့တည်ရှိသေးသရွေ့ ဒီမြို့သခင်လည်း တည်ရှိနေရလိမ့်မယ်။ ဒီမြို့ ပျက်စီးသွားမယ်ဆိုရင် ဒီမြို့သခင်လည်းရှိတော့မှာ မဟုတ်ဘူး” တွမ့်ရန်ချန်း၏အသံ အဝေးတစ်နေရာမှ ထွက်ပေါ်လာခဲ့လေသည်။ ခဏအကြာတွင် အရက်သမားဘေး၌ ပေါ်လာခဲ့လေ၏။
“အရက်ဂျိုး ခင်ဗျားလုပ်တာတော်တယ်” တွမ့်ရန်ချန်းသည် တိုးတိုးလေး ပြောလိုက်လေ၏။
အရက်သမားကမူ ခေါင်းသာခါလိုက်သည်။
ထိုစဉ် လူအုပ်ထဲမှတစ်ယောက်ယောက်က ထအော်ပြောလိုက်လေသည်။ “မြို့သခင်နဲ့ ဒုမြို့သခင်နောက်ပဲ လိုက်ကြတာပေါ့။ မေပယ်မြို့ရှိသေးရင် ငါတို့အကုန်လုံး အသက်ရှင်ရမယ်။ မေပယ်မြို့ပျက်စီးသွားရင်တော့ ငါတို့ အကုန်လုံးလည်း သေရမှာပေါ့”
“ဟုတ်တယ်။ ဒီမြို့ရှိသေးသရွေ့ အကုန်လုံး အသက်ရှင်အုံးမှာပဲ။ ဒီမြို့ပျက်စီးသွားရင် အကုန်လုံး သေရမယ်” ကျင့်ကြံသူပေါင်းများစွာတို့ ရုတ်တရက် အော်ဟစ်လိုက်ကြလေသည်။
တဖြေးဖြေးနှင့် သူတို့၏အော်သံတို့မှာ မြို့တစ်ခုလုံးကိုပင် တုန်ခါသွားစေလေ၏။ သူတို့၏အော်သံတို့သည် မြို့တစ်ခွင်အနှံ့ ပြန်နှံ့နေတော့လေသည်။ အကုန်လုံး၏ နှလုံးသားတို့မှာ ပေါင်းစည်းသွားခဲ့လေပြီ။ အကုန်လုံး၏ စိတ်ဆန္ဒတို့မှာ ပြိုပျက်ခြင်းမရှိသည့်ခံတပ်တစ်ခုနှယ် ပေါင်းစည်းနေခဲ့၏။
အရက်သမားသည် အောက်ဘက်ရှိလူအုပ်ကြီးကို ငုံ့ကြည့်ရင်း အကုန်လုံးအား တလေးတစားဦးညွှတ်လိုက်လေ သည်။
“အကုန်လုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ အခု ထွက်သွားဖို့လမ်းကမရှိတော့ဘူး။ ငါတို့အသက်ရှင်ချင်တယ် ဆိုရင် နတ်ဆိုးချီကို ခုခံမှပဲရတော့မယ်။ ဒါ့ကြောင့် အကုန်လုံး မြို့နံရံတွေဆီသွားပြီး အဲ့ကကျင့်ကြံသူတွေကို ကူညီပေးဖို့တောင်းဆိုချင်ပါတယ်။” အရက်သမားက အသံကျယ်ကျယ်ဖြင့် အားလုံးကြားအောင် အော်ပြောလိုက် လေသည်။
အရက်သမားပြောသည်ကို ကြားပြီးသည့်နောက်တွင် အကုန်လုံးစတင်လှုပ်ရှားကြတော့၏။ သူတို့၏ ပညာရပ်အသီးသီးကိုသုံး၍ ပျံသန်းရေးမှော်ရတနာအသီးသီးကို သုံးကာ အဘက်ဘက်သို့ ခွဲထွက်သွားကြလေသည်။
“အရက်ဂျိုး ဒီကကိစ္စတွေကို ခင်ဗျားဆီပဲ အပ်ထားလိုက်မယ်နော်။ ကျုပ်တစ်ယောက်ယောက်ကို သွားတွေ့စရာရှိသေးတယ်” ပြောပြီးသည်နှင့် တွမ့်ရန်ချန်းသည် အနီးနားရှိသင်္ဘောဆီသို့ လှမ်းကြည့်လိုက်လေသည်။
ထို့နောက် သင်္ဘောရှေ့သို့ရောက်လာပြီး လက်သီးဆုပ်ကာ မေးလိုက်သည်။ “ရောင်းရင်းရန် ကျုပ်တို့စကားပြောလို့ ရမလား”
“မြို့သခင်တွမ့် ကျေးဇူးပြုပြီးဝင်လာခဲ့ပါ” ရန်ကိုင်၏အသံ သင်္ဘောထဲမှထွက်လာခဲ့လေသည်။
ထိုစကားကိုကြားသည့်အခါ တွမ့်ရန်ချန်းသည်ပြုံးလျက် သင်္ဘောပေါ်သို့ တက်လိုက်လေ၏။ သင်္ဘောထဲသို့ ရောက်လာသည့်အခါ ထူးမခြားနားဟန်ဖြင့် ကြည့်နေသော ရန်ကိုင့်အားတွေ့လိုက်ရလေ၏။
“ရောင်းရင်းရန်” တွမ့်ရန်ချန်းက လက်သီးဆုပ်၍ သူ့လာရင်းရည်ရွယ်ချက်ကို ပြောလိုက်လေ၏။ “မဖိတ်ခေါ်ဘဲလာရလို့ အားနာပါတယ်။ ဒါပေမယ့် ဒီရှေးဟောင်းနတ်ဆိုးချီနဲ့ပတ်သက်ပြီး ရောင်းရင်းရန်ကို မေးချင်တာရှိလို့ပါ”
“ကျုပ်သိတယ်” ရန်ကိုင်က ခေါင်းငြိမ့်လိုက်သည်။ ဘာကိုမှဖုံးကွယ်မနေဘဲ တွေ့ကြုံခဲ့ရသည့်ဖြစ်ကြောင်း ကုန်စင်ကို ရှင်းပြလိုက်လေသည်။
ရန်ကိုင်ပြောသည်ကို ကြားပြီးသည့်နောက်တွင် တွမ့်ရန်ချန်းက မျက်မှောင်ကြုတ်လျက် ထပ်မေးလိုက်သည်။ “ဒီတော့ ရောင်းရင်းရန်ပြောချင်တာက ဒီနတ်ဆိုးချီ စိမ့်ထွက်လာအောင်လုပ်တဲ့တရားခံက ကျန်းမိသားစုပေါ့”
“ဟုတ်တယ်”
“အဲ့ဒါကြောင့် အဲ့သက်ကြားအိုကြီး ကျန်းထိုက်ရှန်းကို မတွေ့ရတာကိုး..” တွမ့်ရန်ချန်း ဒေါသပုံထသွားခဲ့လေသည်။
ချက်ချင်းပဲ ထပ်၍မေးလိုက်၏။ “ရောင်းရင်းရန်က ဒီရှေးဟောင်းနတ်ဆိုးချီနဲ့ထိတွေ့ဖူးတာဆိုတော့ ဒါကို ဘယ်လိုခုခံရမလဲသိလား”
ရန်ကိုင်က ခေါင်းခါလိုက်သည်။ “ကျုပ်လည်းမသိဘူး။ ကျုပ်သိတာဆိုလို့ ရှေးဟောင်းနတ်ဆိုးချီကူးစက်ခံလိုက်ရပြီ ဆိုရင် ကူးစက်ခံလိုက်ရတဲ့လူရဲ့ စိတ်နေစိတ်ထားက လုံးဝပြောင်းလဲသွားတယ်ဆိုတာပဲ။ ပြီးတော့ မကြာသေးခင်က သေသွားတဲ့လူတွေတောင် အဲ့နတ်ဆိုးချီ ကူးစက်ခံလိုက်ရရင် ပြန်အသက်ရှင်လာတယ်”
“တစ်ကယ်ကြီးလား” တွမ့်ရန်ချန်း၏ အမူအယာ ပြောင်းလဲသွားခဲ့လေသည်။
“ကျုပ်လည်း သေချာတော့မသိဘူး။ ဒီရှေးဟောင်း နတ်ဆိုးချီနဲ့ပတ်သက်ပြီး ဆန်းကြယ်တာတစ်ခုခုရှိတယ်နဲ့ တူတယ်”
သူတို့နှစ်ဦးစကားပြောနေစဉ် မိုရှောင်ချီက ရုတ်တရက် ဖြတ်ပြောလိုက်လေသည်။ “တစ်ကယ်တမ်းပြောရရင် ရှေးဟောင်းနတ်ဆိုးချီကို ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ နည်းလမ်းသီးသန့်တော့မရှိဘူး။ ခွန်အားသီးသန့်နဲ့ဘဲ ဖြေရှင်းလို့ရတယ်။ သာမန်နတ်ဆိုးချီဆိုရင်တော့ အဲ့နတ်ဆိုးချီကို ထိန်းချုပ်တဲ့ဟာမျိုးက ရှိရင်ရှိနေနိုင်သေးတယ်။ ဒါပေမယ့် ရှေးဟောင်းမဟာနတ်ဆိုးတစ်ကောင်ဆီက သန့်စင်တဲ့နတ်ဆိုးချီကတော့ အရမ်းဖိနှိပ်ဖို့ခက်တယ်။ အဲ့လိုဆိုရင်တောင်..”
“အဲ့လိုဆိုရင်တောင် ဘာလဲ” တွမ့်ရန်ချန်းသည် ချက်ချင်းပဲ မိုရှောင်ချီဘက်သို့ လှည့်လိုက်လေသည်။
“မိုင်းတွင်းထဲမှာတုန်းက သန့်စင်နှလုံးသားကျောက်စိမ်းကို ချိတ်ပိတ်ဖို့ ကြားခံပစ္စည်းတစ်ခုအနေနဲ့သုံးခဲ့တာဆိုတော့ အဲ့သန့်စင်နှလုံးသားကျောက်စိမ်းက နတ်ဆိုးချီကူးစက်တာကို ခုခံရင်ခုခံနိုင်လောက်တယ်။ မြို့ထဲကကျင့်ကြံသူတွေသာ သန့်စင်နှလုံးသားကျောက်စိမ်းအချို့ကို ဝတ်ထားလိုက်မယ်ဆိုရင် ဒီလောက်လွယ်လွယ်နဲ့ နတ်ဆိုးချီတွေကူးစက်တာခံရတော့မှာမဟုတ်တော့ဘူး။
“သန့်စင်နှလုံးသားကျောက်စိမ်းလား” တွမ့်ရန်ချန်း မျက်ခုံးပင့်သွားခဲ့သည်။ “သန့်စင်နှလုံးသားကျောက်စိမ်းက အရမ်းရှားတာ။ မြို့သခင်စံအိမ်ထဲမှာတောင် နဲနဲပဲရှိတယ်”
ထိုစကားကိုကြားသည့်အခါ မိုရှောင်ချီကပြုံးလျက် သိုလှောင်လက်စွပ်များစွာကိုထုတ်ယူလိုက်ပြီး တွမ့်ရန်ချန်းလက်ထဲသို့ထည့်ပေးကာ ပြောလိုက်လေသည်။ “မြို့သခင် ရော့ဒီမှာ”
တွမ့်ရန်ချန်းသည် မိုရှောင်ချီပေးသည့် သိုလှောင်လက်စွပ်များကို သင်္ကာမကင်းအမူအယာဖြင့် လှမ်းယူလိုက်လေသည်။
သို့သော် သိုလှောင်လက်စွပ်ထဲရှိပစ္စည်းများကို စစ်ဆေးကြည့်ပြီးနောက် အံ့အားသင့်နေသည့်အမူအယာဖြင့် ထအော်လေ၏။ “သန့်စင်နှလုံးသားကျောက်စိမ်းတွေ အများကြီးပဲ”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၇၈)
မိုရှောင်ချီပေးသည့် သိုလှောင်လက်စွပ်များထဲတွင် သန့်စင်နှလုံးသားကျောက်စိမ်းများဖြင့် ပြည့်နေခဲ့လေသည်။ ထို့ကြောင့် တွမ့်ရန်ရှန်းမှာ အလွန်ကိုမှ ဝမ်းသာသွားခဲ့သည်။
“ဒါတွေအကုန်လုံးက မိုင်းတွင်းထဲက ရလာတာလား” တွမ့်ရန်ရှန်းက ခဏမျှစဉ်းစားပြီးနောက် မေးလိုက်သည်။
မိုရှောင်ချီကခေါင်းငြိမ့်၍ ပြန်ပြောလိုက်လေ၏။ “ဟုတ်တယ် အဲ့မိုင်းတွင်းထဲက ကျန်းမိသားစုဝင်အချို့ကို တိုက်ပြီးယူလာတာ။ ဒါတွေက သူတို့ဆီမှာရှိတာအကုန်ပဲ”
“အခုလိုကူညီပေးတဲ့အတွက် သခင်မလေးကို ဒီတွမ့် တစ်ကယ်ကျေးဇူးတင်ပါတယ်” ပြောပြီးသည့်နောက်တွင် တွမ့်ရန်ရှန်းသည် ရုတ်တရက်မတ်တပ်ရပ်၍ မိုရှောင်ချီအား တလေးတစားဦးညွှတ်လိုက်လေသည်။
မိုရှောင်ချီက အလျင်စလိုလက်ဝှေ့ရမ်း၍ တောင်းတောင်းပန်ပန်ဖြင့် ပြောလိုက်၏။ “မြို့သခင်တွမ့် အခုလိုလုပ်နေစရာမလိုပါဘူး။ တစ်ကယ်တော့ ဒါတွေက ဘာမှဟုတ်တာမှမဟုတ်တာ”
တွမ့်ရန်ရှန်းက ခေါင်းခါ၍အလျင်အမြန်ပြန်ပြောလိုက်၏။ “ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့မေပယ်မြို့က သခင်မလေးရဲ့ ကျေးဇူးကို မှတ်သားထားမှာပါ။ ကပ်ဘေးကနေ အသက်ရှင်နိုင်ခဲ့လို့ရှိရင် သခင်မလေးက ကျုပ်တို့မေပယ်မြို့ရဲ့ ဂုဏ်သရေရှိဧည့်သည်တစ်ဦးဖြစ်လာပါလိမ့်မယ်”
ဤသန့်စင်နှလုံးသားကျောက်စိမ်းများသည် ကျင့်ကြံသူတိုင်းအတွက် အနည်းနှင့်အများဆိုသလို အသုံးဝင်ပေသည်။
ထို့ကြောင့် ဤသန့်စင်နှလုံးသားကျောက်စိမ်းများသည် လက်ရှိမေပယ်မြို့သူမြို့သားများအတွက် အတော်လေးကိုမှ အဖိုးတန်သည်ဟု ပြော၍ရသည်။
သာမန်ကျင့်ကြံသူတစ်ဦးသာဆိုလျှင် မေပယ်မြို့တစ်ခုလုံး ဒုက္ခရောက်နေသည်ကိုသိသည့်တိုင် ဤကဲ့သို့ သန့်စင်နှလုံးသားကျောက်စိမ်းများကို လာပေးနေလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း မိုရှောင်ချီကမူ မျက်တောင်တစ်ချက်ပင် မခတ်ဘဲ ဤသန့်စင်နှလုံးသားကျောက်စိမ်းအားလုံးကို သူတို့ဆီသို့ ပေးလာခဲ့သည်။
သူမ၏လုပ်ရပ်နှင့်ပတ်သက်၍ တွမ့်ရန်ရှန်း အလွန်ကိုမှ ကျေးဇူးတင်မိပေသည်။
“ဒီသန့်စင်နှလုံးသားကျောက်စိမ်းအားလုံးကို ကျုပ်တို့ မြို့သခင်စံအိမ်က ဝယ်လိုက်တယ်လို့ပဲ သဘောထားပေးပါ။ နောက်ပိုင်းကျရင် ကျောက်စိမ်းတွေနဲ့ပတ်သက်တဲ့ တန်ရာတန်ကြေးကို သခင်မလေးဆီ ပြန်ပေးပါ့မယ်” တွမ့်ရန်ချန်းက ပြောလိုက်သည်။
“ရပါတယ်” မိုရှောင်ချီ ဘာပြောလို့ပြောရမှန်း မသိတော့ပေ။
ရန်ကိုင်ကလည်း ဝင်ပြောလိုက်လေ၏။ “မြို့သခင်တွမ့် လိုသေးရင် ကျုပ်ဆီမှာထပ်ရှိသေးတယ်နော်။ မလောက်တော့ရင် ကျုပ်ကိုပြောလို့ရတယ်”
ထိုစကားကိုကြားသည့်အခါ တွမ့်ရန်ချန်း၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့သည်။ ချက်ချင်းပဲ အော်ရယ်မော၍ “ရောင်းရင်းရန်နဲ့ သခင်မလေးတို့ရဲ့ အကူအညီတို့နဲ့ဆို ကျုပ်တို့မေပယ်မြို့ ဘာကိုမှစိတ်ပူစရာ မလိုတော့ဘူး။ အခုလို ရက်ရက်ရောရာကူညီပေးတဲ့အတွက် ဒီတွမ့် ရောင်းရင်းရန်တို့ကို တစ်ကယ်ကျေးဇူးတင်ပါတယ်။ မလောက်တော့လို့ရှိရင် ကျုပ်ရောင်ရင်းဆီကျိန်းသေ လာခဲ့ပါ့မယ်။ အခုတော့ ဒီသန့်စင်နှလုံးသာကျောက်စိမ်းတွေကို အရင်လိုက်ဝေကြည့်လိုက်အုံးမယ်။ ရောင်းရင်းရန်ကော ဒီတွမ့်နဲ့အတူ မြို့နံရံဆီသွားပြီး နတ်ဆိုးချီတွေကို ခုခံချင်လား”
ရန်ကိုင်သည် ချက်ချင်းပြန်မဖြေခဲ့ဘဲ အခြားသူများဆီသို့ တစ်ချက်ကြည့်လိုက်ပြီးနောက်မှသာ ပြန်ပြောလိုက်လေ၏။ “ကျုပ်လာခဲ့မယ်။ ဒါပေမယ့် သူတို့ကိုအရင် တစ်ချက်ချပေးလိုက်အုံးမယ်”
“ရတာပေါ့။ ဒါဆို ဒီတွမ့် အရင်သွားလိုက်ပါအုံးမယ်” ပြောပြီးသည့်နောက်တွင် တွမ့်ရန်ချန်းသည် သင်္ဘောထဲမှ ချက်ချင်းထွက်သွားလေ၏။
နောက်ထပ်တာအိုသခင်အဆင့်ကျင့်ကြံသူတစ်ဦး၏ အကူအညီကို ထပ်မံရရှိခဲ့လေပြီ။
ထို့ကြောင့် ပုံမှန်အတိုင်း ရန်ကိုင့်အား ကျေးဇူးတင်စကား ဆိုလိုက်၏။ နှုတ်ဆက်စကားပြောပြီးသည့်နောက်တွင် တွမ့်ရန်ချန်းသည် သင်္ဘောပေါ်မှထွက်ကာ မြို့နံရံဆီသို့ ဦးတည်ပျံသန်းသွားလေ၏။
တွမ့်ရန်ချန်းထွက်သွားပြီးသည့်နောက်တွင် ရန်ကိုင်သည် မိုရှောင်ချီဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “ရှောင်ချီ ငါငှားထားတဲ့အိမ်က စာချုပ်ပြည့်သွားပြီဆိုတော့ ငါနင့်အိမ်ကို သုံးလို့ရလား”
“ရတယ်လေ” မိုရှောင်ချီက ချက်ချင်းပဲ သဘောတူလိုက်သည်။
ရန်ကိုင်က ခေါင်းငြိမ့်ပြလိုက်ပြီးနောက်တွင် သူမ၏ လမ်းကြောင်းအတိုင်း မိုရှောင်ချီအိမ်ဆီသို့ ပျံသန်းလာလိုက်လေ၏။ ခဏအကြာတွင် လူအုပ်ကြီးတစ်ခုလုံး မိုရှောင်ချီအိမ်ရှေ့သို့ ရောက်လာခဲ့လေသည်။
ရန်ကိုင်၏စီစဉ်ပေးမှုအောက်တွင် ကျန်းမိသားစုနှင့် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာမှ ဆေးပညာရှင်များသည် မိုရှောင်ချီ၏အိမ်ထဲသို့ ဝင်လာခဲ့ကြလေ၏။
“ဒီမှာ အရင်နားနေအုံးနော်။ နောက်ထပ်ကိစ္စတစ်ခုခု ဖြစ်သွားရင် ကျုပ်ခင်ဗျားတို့ကိုအရင်လာပြီး ကြိုအကြောင်းကြားလိုက်မယ်” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ကျန်းရို့ရှီဘက်သို့လှည့်၍ အမိန့်ပေးလိုက်လေ၏။ “ရို့ရှီ နင့်ကျန်းမိသားစုကို ဂရုစိုက်ထားလိုက်အုံးနော်”
“ဟုတ်ကဲ့ပါဆရာ။ ကျေးဇူးပြုပြီး ဂရုစိုက်ပါအုံးနော်”
“ရှောင်ချီ နင့်မှာလျှို့ဝှက်ခန်းတစ်ခန်းခန်းဖြစ်ဖြစ် ရှိလား” ရန်ကိုင်က မေးလိုက်သည်။
“ရှိတယ်။ ငါ့နောက်လိုက်ခဲ့” ရန်ကိုင်ဘာလုပ်ချင်နေမှန်း မသိသော်ငြား မိုရှောင်ချီသည် ရန်ကိုင့်အား အခန်းတစ်ခန်းဆီသို့ ခေါ်သွားလိုက်လေသည်။
“ရောင်းရင်းခန် ကျုပ်နောက်လိုက်ခဲ့ပါလား” ရန်ကိုင်သည် ခန်စစ်ရန်ဘက်သို့လှည့်၍မေးလိုက်သည်။
ခန်စစ်ရန်စိတ်ထဲ အနည်းငယ်မယုံသင်္ကာဖြစ်မိသော်ငြား ဘာမေးခွန်းမှမေးမနေဘဲ ရန်ကိုင့်နောက်သို့သာ လိုက်သွားခဲ့ လေသည်။
မိုရှောင်ချီငှားထားသည့်အိမ်သည် မေပယ်မြို့ထဲရှိ အိမ်များအနက် အကောင်းဆုံးအိမ်တစ်လုံးထဲပါပေသည်။ အိမ်၏အရွယ်အစားဖြစ်စေ၊ မိုးမြေစွမ်းအင်သိပ်သည်းမှုအရ ဖြစ်စေ ထိပ်တန်းအဆင့်ထဲပါ၏။
ရန်ကိုင်ငှားထားသည့်အိမ်မှာမူ သူမငှားထားသည့်အိမ်နှင့် အကွာကြီးပင်။ မိုရှောင်ချီငှားထားသည့်အိမ်ထဲတွင် တံခါးပိတ်ကျင့်စဉ်ဝင်နိုင်ရန်အတွက် လျှို့ဝှက်ခန်းငါးခန်းမှ ခြောက်ခန်းအထိရှိပေသည်။
လျှို့ဝှက်ခန်းတစ်ခန်းရှေ့သို့ ရောက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် မိုရှောင်ချီအား မျက်စပစ်ပြလိုက်၏။ မိုရှောင်ချီလည်း အလိုက်တသိပင် ပြန်ဆုတ်သွားလေသည်။
“ရောင်းရင်းရန် ဘာလို့ကျုပ်ကိုဒီခေါ်လာတာလဲ” ခန်စစ်ရန်နားမလည်နိုင် ဖြစ်နေခဲ့သည်။
သေရေးရှင်ရေးအခြေအနေမျိုးတွင် ရန်ကိုင်သည် ဘာကြောင့်များ သူ့အား ဤနေရာဆီသို့ ခေါ်လာမှန်းကို နားမလည်နိုင်အောင် ဖြစ်နေခဲ့လေသည်။
“ဒါကိုကြည့်ကြည့်လိုက်” ပြောနေရင်း ရန်ကိုင်သည် ခန်စစ်ရန်ဆီသို့ ကျောက်စိမ်းပုလင်းတစ်ပုလင်း ပစ်ပေးလိုက်လေသည်။
ခန်စစ်ရန်သည်လည်း ကျောက်စိမ်းပုလင်းအား လှမ်းယူလိုက်လေ၏။ ထို့နောက် အဖုံးကိုဖွင့်၍ အထဲရှိ ဆေးလုံးအား လက်ဝါးပေါ်သို့ သွန်ချလိုက်လေသည်။
ဆေးလုံးကိုမြင်ပြီးသည့်နောက်တွင် ခန်စစ်ရန်သည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား တစ်ကိုယ်လုံး မှင်သက်သွားခဲ့လေ၏။ သူ့မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာပြီး ဆေးလုံးအား သင်္ကာမကင်းအမူအယာဖြင့် စစ်ဆေးကြည့်လေသည်။
ခဏကြာအောင် မျက်လုံးအပြူးသားဖြင့် စစ်ဆေးကြည့်နေပြီးနောက် နောက်ဆုံး ဆေးလုံးသည် ဘာဆေးလုံးမှန်း အတည်ပြုပြီးသည့်နောက်တွင် အထိတ်တလန့်လေသံဖြင့် ရန်ကိုင့်ဘက်သို့လှည့်၍ မေးလိုက်လေ၏။ “တာအိုအရင်းအမြစ်ဆေးလုံးလား”
စိတ်ဝိဉာဉ်ဆေးလုံးပလာဇာ၏ ဆိုင်ပိုင်ရှင်တစ်ဦး ဖြစ်သည်နှင့်အညီ မရေမတွက်နိုင်သောဆေးလုံးများကို သူမြင်ဖူးပေသည်။
ထို့ကြောင့် ဆေးလုံးများနှင့်ပတ်သက်၍ အတော်လေး ဗဟုသုတကြွယ်ဝသည်ဟု ပြောနိုင်၏။
သူ့ဘဝတွင် တာအိုအရင်းအမြစ်ဆေးလုံးအား တစ်ခါမှ မမြင်ဖူးသော်ငြား သူ့ရှေ့ရှိ ဆေးလုံး၏ပုံစံနှင့်အနံ့ကို ခံစားမိပြီးနောက် ဤဆေးလုံးသည် တာအိုအရင်းအမြစ် ဆေးလုံးမှန်း ချက်ချင်းတန်းပြောနိုင်ခဲ့လေသည်။
တစ်ခုတည်းသောကွာခြားချက်မှာ သူလက်ထဲရှိ တာအိုအရင်းအမြစ်ဆေးလုံးပေါ်တွင် လူသားကိုယ်ပေါ်ရှိ သွေးကြောများကဲ့သို့သော အမျှင်တန်းလေးများရှိနေခြင်းပင်။
“ဆေးသွေးကြောတွေတောင်ပါသေးတယ်” ဆေးလုံးကို ကိုင်ထားသည့် ခန်စစ်ရန်၏လက်များ တုန်တုန်ရီရီ ဖြစ်လာခဲ့လေသည်။
“ဒီဆေးလုံးကို ယွမ်မီးဖိုတောင်ကနေရလာတာ။ ရောင်းရင်းခန်မျှော်လင့်ထားတဲ့အတိုင်းပဲ။ အဲ့မှာ ကုန်းစွန်းမူကိုယ်တိုင်ဖော်စပ်ထားတဲ့ တာအိုအရင်းအမြစ် ဆေးလုံးတစ်လုံးရှိနေတယ်။ ဒါပေမယ့် အချိန်တွေကြာလာတော့ ကံမကောင်းစွာနဲ့ အခြားဆေးလုံးတွေအကုန်လုံးက အသုံးမဝင်တော့ဘူး။ ဒီဆေးသွေးကြောပါတဲ့ဆေးလုံး တစ်လုံးပဲ အကောင်းအတိုင်းရှိနေတော့တယ်” ရန်ကိုင်က နောင်တရနေသည့်လေသံဖြင့် ရှင်းပြလိုက်လေသည်။
တစ်ကယ်တော့ ဤသည်မှာ သူ၏လုပ်ကြံဇာတ်လမ်း တစ်ခုသာဖြစ်သည်။ ဤဆေးသွေးကြောပါသည့် တာအိုအရင်းအမြစ်ဆေးလုံးကို သူကိုယ်တိုင်ဖော်စပ်ထားခဲ့ခြင်း ဖြစ်ပေသည်။
ဆေးလုံးကိုဖော်စပ်ပြီးပြီးချင်း သူ့အနေဖြင့် ဆေးလုံးကို သေချာစစ်ဆေးနေချိန်မရှိသဖြင့် ပုလင်းထဲထည့်၍သာ သူ့အဆင့်တက်ရာတွင် ပြန်အာရုံစိုက်နေခဲ့၏။
အဆင့်တက်ပြီးသည့်နောက်မှသာ လျှို့ယန်ကိုစောင့်ရင်း ဤဆေးလုံးအား သေချာစစ်ဆေးကြည့်ခွင့်ရခဲ့လေသည်။
ထိုစဉ်က ဆေးလုံးခြောက်လုံးဖော်စပ်ခဲ့ပြီး ငါးလုံးမှာ သာမန်တာအိုအရင်းအမြစ်ဆေးလုံးများဖြစ်ပြီး ဤတစ်လုံးသည်သာ ဆေးသွေးကြောပါခဲ့သည်။
ကံကောင်းစွာဖြင့် ဆေးလုံးခြောက်လုံးအနက်တွင် တစ်လုံးမှာ ဆေးသွေးကြောပါသည့်ဆေးလုံးဖြစ်နေခဲ့လေ သည်။
ထိုသို့သာမဟုတ်လျှင် သူ့အနေဖြင့် ဤတာအိုအရင်းအမြစ်ဆေးလုံးအား မည်သည့်နေရာမှ ရလာသလဲဆိုသည်နှင့်ပတ်သက်၍ ခေါင်းခြောက်အောင် စဉ်းစားရပေတော့မည်။
အမှန်တစ်ကယ်တော့ ဆေးသွေးကြောပါသည့် ဆေးလုံး တစ်လုံးသည်သာ အချိန်တိုက်စားမှုအား ဆေးအာနိသင်ကို ဆုံးရှုံးသွားခြင်းမရှိဘဲ ခုခံနိုင်သည် မဟုတ်လော။
ထို့ကြောင့် ဤဆေးလုံးကို ယွမ်မီးဖိုတောင်ဆီမှ ရလာပြီး ဤဆေးလုံးမှာ ကုန်းစွန်းမူကိုယ်တိုင်သန့်စင်ခဲ့သည့် ဆေးလုံးဖြစ်သည်ဟု ခန်စစ်ရန်ကို ပြောနိုင်ခဲ့ခြင်းဖြစ်သည်။
“ရောင်းရင်းရန် ဒါက” ခန်စစ်ရန်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် သူ့ကိုယ်သူတည်ငြိမ်အောင်ပင် မနေနိုင်တော့ပေ။
ရန်ကိုင့်ဘက်သို့လှည့်၍ အံကြိတ်ကာပြောလိုက်လေ၏။ “ဒါကြီးက အရမ်းတန်ဖိုးကြီးလွန်းတယ်။ ဒီခန် ယူလို့မဖြစ်ဘူး”
ရန်ကိုင်က ရယ်မော၍ “ရောင်းရင်းခန် ဒီလိုပြောတာ ကျုပ်ကို အပြင်လူတစ်ယောက်လိုဆက်ဆံနေသလိုပဲ။ ရောင်းရင်းခန်ကြောင့်သာမဟုတ်ရင် ကျုပ် ယွမ်မီးဖိုတောင်ဆီ တစ်ခါမှသွားဖြစ်မှာမဟုတ်ဘူး။ ပြီးတော့ ယွမ်မီးဖိုတောင်ဆီ မသွားခင်ကတည်းက ရောင်းရင်းခန်နဲ့ကျုပ် သဘောတူညီမှု လုပ်ထားတယ်လေ။ တာအိုအရင်းအမြစ်ဆေးလုံးတွေ့ရင် ရောင်းရင်းရန်ယူပြီး ကျန်တဲ့ပစ္စည်းတွေအကုန်လုံးကို ကျုပ်ယူမယ်လို့။ ရှင်းရှင်းလင်းလင်းပြောရရင် ယွမ်မီးဖိုတောင်ထဲမှာ ဒီဆေးလုံးတစ်လုံးတည်းတွေ့တာ မဟုတ်ဘူး။ အခြားပစ္စည်းတစ်ခုလည်း ထပ်တွေ့သေးတယ်။ အဲ့ဒီပစ္စည်းကြောင့်သာ ကျုပ်တာအိုသခင်အဆင့်ကို ချိုးဖြတ်သွားနိုင်ခဲ့တာ”
ရန်ကိုင်လိမ်နေခြင်းမဟုတ်ချေ။ ယွမ်မီးဖိုတောင်ထဲတွင် တွေ့ခဲ့သည် ရတနာတစ်သောင်းဆေးရည်ကြောင့်သာ မဟုတ်လျှင် သူ့အနေဖြင့် တာအိုသခင်အဆင့်သို့ ဤမျှမြန်မြန်ချိုးဖြတ်နိုင်ခဲ့လိမ့်မည် မဟုတ်ချေ။
“အဲ့လိုဆိုပေမယ့် ငါမင်းကို ဘာမှမကူညီခဲ့ဘူးလေ။ ဒီတာအိုအရင်းအမြစ်ဆေးလုံးကိုသာ လေလံတင်လိုက်လို့ရှိရင် အနည်းဆုံး အရင်းအမြစ်ကျောက် သန်းနဲ့ချီပြီးတော့ရမှာ။ ဒီလောက်တန်ဖိုးကြီးတဲ့ပစ္စည်းတစ်ခုကို ဒီခန်မယူချင်ဘူး” ခန်စစ်ရန်သည် ခေါင်းတခါခါဖြင့် ဆေးလုံးအား ပုလင်းထဲသို့ ပြန်ထည့်လိုက်ပြီး ရန်ကိုင့်ဆီသို့ ပြန်ပေးလိုက်လေသည်။
လေလံပွဲတွင် တာအိုအရင်းအမြစ်အသီးသည် သူတော်စင်သလင်းကျောက် ဆယ်သန်းဖြင့် ရောင်းထွက်သွားခဲ့သည်။ တာအိုအရင်းအမြစ်အသီး တစ်လုံးဆီမှ တာအိုအရင်းအမြစ်ဆေးလုံး ဆေးမီးဖို တစ်ဖိုလောက် ဖော်စပ်နိုင်သော်ငြား ကံမကောင်းခဲ့ပါက ထိုဆေးမီးဖိုတစ်ခုလုံးလည်း အလဟဿဖြစ်သွားနိုင်ပေသည်။
ထို့အပြင် ရန်ကိုင်ထုတ်ယူလာသည့် တာအိုအရင်းအမြစ် ဆေးလုံးမှာ ဆေးသွေးကြောပါသည့်ဆေးလုံးတစ်လုံး ဖြစ်နေခဲ့သည်။
တန်ဖိုးအရဆိုလျှင် ဤဆေးလုံး၏တန်ဖိုးသည် တာအိုအရင်းအမြစ်အသီးထက် အဆပေါင်းများစွာ ပိုတန်ဖိုးကြီးပေသည်။
“ရောင်းရင်းခန် ဒီဆေးလုံးကို တစ်ကယ်မလိုချင်တာလား” ရန်ကိုင်သည် ခန်စစ်ရန်အား ပြုံးလျက်ကြည့်လိုက်သည်။
ခန်စစ်ရန်ကမူ ပြတ်ပြတ်သားသားကို ခေါင်းခါလိုက်လေ သည်။ သို့သော် သူ့အကြည့်သည် ရန်ကိုင့်လက်ထဲမှ တစ်ချက်ကလေးမှပင် ရွေ့သွားခြင်းမရှိခဲ့။ နောက်ဆုံးတွင် စိတ်ကိုခိုင်ခိုင်ထား၍ အကြည့်လွှဲဖယ်လိုက်လေ၏။
“အဲ့လိုဆိုမှတော့လည်း…” ရန်ကိုင်သည် ကျောက်စိမ်းပုလင်းအဖုံးကို ဖြေးဖြေးချင်းဖွင့်လျက် တာအိုအရင်းအမြစ်ဆေးလုံးကို သူ့လက်ထဲသို့ သွန်ချလိုက် လေသည်။
“မင်းဘာလုပ်ချင်လို့လဲ” ခန်စစ်ရန်သည် ရန်ကိုင့်အား သတိကြီးကြီးထားလျက် ကြည့်လိုက်သည်။
“စားမလို့လေ။ ဒီဆေးလုံးအနံ့လေးက မွှေးနေတာပဲ။ ကြည့်ရတာ တော်တော်အရသာရှိမှာ” ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်ထဲရှိဆေးလုံးကို လေပေါ်သို့ ပစ်မြှောက်လိုက်လေ၏။ ထို့နောက် သူ့ပါးစပ်ကို ဟလိုက်လေသည်။
“ရပ်လိုက်” ခန်စစ်ရန်သည် တာအိုအရင်းအမြစ်ဆေးလုံး ရန်ကိုင့်ပါးစပ်ထဲသို့ မရောက်သေးခင်မှာပင် အလျင်အမြန် လှမ်းဖမ်းယူလိုက်၏။
ထို့နောက် ပြန်၍အော်ပြောလိုက်လေသည်။ “ငါလခွမ်း ရောင်းရင်းရန် ဒီကောင်းကင်ပေးတဲ့လက်ဆောင်ကြီးကို ဖြုန်းတီးပစ်နေတာပဲ။ မင်းလုပ်ရပ်က လုံးဝကို လက်ခံနိုင်စရာအကြောင်းမရှိဘူး”
“ရောင်းရင်းခန်ပဲ မယူဘူးဆို” ရန်ကိုင်က ပုခုံးတွန့်လျက် ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေသည်။
“မင်းကွာ..” ပြောနေရင်း ခန်စစ်ရန်က သက်ပြင်းချလျက် “ထားလိုက်တော့။ ရောင်းရင်းရန်က ဒီလိုဆိုမှတော့ ဒီခန်လည်း အင်တင်တင်လုပ်နေလို့မဖြစ်တော့ဘူးပေါ့။ ဒီတာအိုအရင်းအမြစ်ဆေးလုံးကို ဒီခန်ပဲ ယူထားလိုက်တော့မယ်။ အဲ့ကိစ္စနဲ့ပတ်သက်ပြီး ရောင်းရင်းရန်ရဲ့ကျေးဇူးကို ဒီခန် ကျိန်းသေမှတ်ထားမှာပါ။ နောက်ပိုင်းရောင်းရင်းရန် အကူအညီလိုတာရှိရင် ပြောသာပြောလိုက်။ ဒီခန် ကျိန်းသေကူညီပေးမယ်”
ပြောပြီးသည့်နောက်တွင် ခန်စစ်ရန်သည် ရန်ကိုင့်အား တလေးတစားဦးညွှတ်လိုက်လေသည်။
ရန်ကိုင်ကမူ အဓိပ္ပာယ်ပါပါပြုံး၍သာ ခေါင်းငြိမ့်လျက် ပြန်ပြောလိုက်သည်။ “အဲ့ဒါဆို ပိုကောင်းတာပေါ့”
ရုတ်တရက်သူ့အမူအယာမှာ လေးနက်သွားခဲ့ပြီး ပြောလိုက်လေ၏။ “ရောင်းရင်းခန် ခင်ဗျားဆေးသောက်ပြီးတော့ တစ်ခါတည်းအဆင့်ချိုးဖျက်မယ်ဆိုရင် ချိုးဖျက်ထားလိုက်တော့။ ကျုပ်တွက်ချက်ရသလောက်တော့ မေပယ်မြို့က နောက်ထပ်ခုနစ်ရက်ရှစ်ရက်လောက် ဘာပြဿနာမှရှိအုံးမှာမဟုတ်သေးဘူး။ အဲ့ခုနစ်ရက် ရှစ်ရက်လောက်က ခင်ဗျားအဆင့်တက်ဖို့ လုံလောက်မှာပါ။ ကျုပ်အပြင်ကနေ ရောင်ရင်းခန်ရဲ့သတင်းကောင်းကို စောင့်နေမယ်”
“ဒီတစ်ကြိမ်တော့ အောင်မြင်ရင်အောင်မြင်။ မအောင်မြင်ရင်တော့ သေဖို့ပဲရှိတော့မယ်။ ရောင်းရင်းရန် မျှော်လင့်ထားတဲ့အတိုင်းဖြစ်အောင် ဒီခန်ကြိုးစားရတာပေါ့” ခန်စစ်ရန်က အလျင်အမြန်ပြန်ပြောလိုက်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၇၉)
ခန်စစ်ရန် တန်ခိုးရှင်ဘုရင်တတိယအဆင့်တွင် တစ်နေခဲ့သည်မှာ နှစ်ပေါင်းရာနဲ့ချီနေခဲ့လေပြီ။ တာအိုအရင်းအမြစ်ဆေးလုံး၏အကူအညီသာမရှိလျှင် သူ့အနေဖြင့် တာအိုသခင်အဆင့်သို့ မည်သို့မှ တက်ရောက်နိုင်တော့လိမ့်မည်မဟုတ်။
ရန်ကိုင်၏ ဆေးသွေးကြောပါသော တာအိုအရင်းအမြစ် ဆေးလုံးသည် သူအလိုအပ်ဆုံးအချိန်တွင် ရောက်ရှိလာသည့် အကောင်းဆုံးသောလက်ဆောင်တစ်ခုဟု ပြော၍ရပေသည်။
ခန်စစ်ရန်၏အကူအညီကြောင့် ရန်ကိုင်သည် ယွမ်မီးဖိုတောင်တွင် အကျိုးအမြတ်များစွာကိုရရှိနိုင်ခဲ့သည်။ ထို့အပြင် လေလံပွဲ၌ သူအကူအညီလိုသည့်အခါတွင်လည်း ခန်စစ်ရန်သည် အရင်းအမြစ်ကျောက်များစွာကို ချေးငှားပေးခဲ့လေသည်။ ခန်စစ်ရန် သူ့အပေါ်ဆက်ဆံပုံကို ပြန်စဉ်းစားမိသော် ရန်ကိုင်လည်း ဆေးသွေးကြောပါသည့်တာအိုအရင်းအမြစ် ဆေးလုံးအား နှမြောတသဖြစ်မနေတော့ချေ။
မိုရှောင်ချီသည် တန်ခိုးရှင်ဘုရင်တတိယအဆင့်တွင် ရှိနေသဖြင့် တာအိုအရင်းအမြစ်ဆေးလုံး၏အကူအညီဖြင့်သာ ဆိုပါက တာအိုသခင်အဆင့်သို့ အလျင်အမြန် ချိုးဖျက်နိုင်လိမ့်မည်ဖြစ်သော်ငြား သူမ၏အခြေအနေမှာ ခန်စစ်ရန်နှင့်မတူချေ။
မိုရှောင်ချီမှာ ငယ်ငယ်လေးသာရှိသေးပြီး အားကောင်းသည့်နောက်ခံကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူမသာ တာအိုအရင်းအမြစ်ဆေးလုံးတစ်လုံးကိုလိုအပ်ပါက အချိန်မရွေးရနိုင်ပေသည်။
ထို့အပြင် မိုရှောင်ချီသည် နောက်တစ်ဆင့်သို့ ချိုးဖျက်ရန်အတွက် တာအိုအရင်းအမြစ်ဆေးလုံးကို လိုအပ်သူတစ်ယောက် မဟုတ်လောက်ပေ။
တာအိုအရင်းအမြစ်ဆေးလုံးကိုသုံး၍ နောက်တစ်ဆင့်သို့ ချိုးဖျက်ခြင်းသည် ကျင့်ကြံသူတစ်ဦးအပေါ်တွင် သိသိသာသာ အကျိုးသက်ရောက်ခြင်း မရှိသော်ငြား အနည်းနှင့်အများတော့ သက်ရောက်မှုရှိပေသည်။
ထို့ကြောင့် ဆေးလုံးများအား လက်လွတ်စပယ်သုံး၍ အဆင့်များကို တစ်ဆင့်ပြီးတစ်ဆင့်ချိုးဖျက်သည့် ကျင့်ကြံသူတို့သည် ကျင့်ကြံခြင်းအဆင့်မြင့်လာသည့်အခါ အခက်အခဲများစွာနှင့်ကြုံကြရခြင်းဖြစ်သည်။
ထို့အပြင် သူတို့၏ခွန်အားမှာလည်း လုံလောက်အောင် မြင့်မားခြင်းမရှိပေ။
ထိုအကြောင်းကြောင့်ပင် ရန်ကိုင်သည် တာအိုသခင်အဆင့်သို့ ချိုးဖျက်သည့်အခါ တာအိုအရင်းအမြစ် ဆေးလုံးအား မသောက်သုံးခဲ့ခြင်းဖြစ်သည်။
ရန်ကိုင်အိမ်ထဲမှပြန်ထွက်လာသည့်အခါ သူနှင့်အတူ မိုရှောင်ချီသာမက ကျန်းမိသားစုမှ အဖွားအိုနှင့်အမျိုးသမီးပါ ပါလာခဲ့လေသည်။
ကျန်းမိသားစုမှလူနှစ်ဦးသည် အိမ်ထဲတွင်နေပြီး သေရမည့်အချိန်ကို ထိုင်စောင့်မနေကြချင်ပေ။ ထို့အပြင် မေပယ်မြို့ထဲ၌ သူတို့၏မိသားစုဝင်များ ကျန်ရှိနေသေးသည်။
မြို့အကာအရံများသာ ပျက်စီးသွားပြီး နတ်ဆိုးချီတို့သာ မြို့ထဲသို့စိမ့်ဝင်လာမည်ဆိုပါက သူတို့မိသားစုလည်း ဒုက္ခရောက်ရကြပေလိမ့်မည်။
ထို့ကြောင့် ရန်ကိုင်မည်သို့ပင်ပြောနေစေကာမူ အဖွားအိုနှင့်အမျိုးသမီးသည် မြို့နံရံများဆီသို့သွားရောက် အကူအညီပေးရန် ဆုံးဖြတ်ထားကြလေသည်။
ထို့ကြောင့် ရန်ကိုင်လည်း ဘာမှဆက်ပြောမနေတော့ပေ။ ကံကောင်းစွာဖြင့် ထိုနှစ်ဦးစလုံးသည် အားကောင်းသော ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားခြင်းမရှိကြသော်ငြား နှစ်ဦးစလုံးမှာ တန်ခိုးရှင်ဘုရင်ပထမအဆင့်ကျင့်ကြံသူများ ဖြစ်နေကြဆဲ။
သူတို့၏ခွန်အားမှာ မြင့်မားခြင်းမရှိသည့်တိုင် အရမ်းကြီးလည်း ဆိုးရွားမနေခဲ့ပေ။
ထို့ကြောင့် သူတို့အနေဖြင့် မြို့နံရံများတွင် အစီအရင်ကို စောင့်ကြပ်နေသော ဂိတ်စောင့်များဆီသို့သွားကာ အကူအညီပေးဖို့ရာ ပြဿနာမရှိလောက်ပေ။
ရန်ကိုင်တို့လေးဦးပါဝင်သော အလင်းတန်းတစ်ခုသည် မေပယ်မြို့ထဲ လျင်မြန်စွာသွားလာနေခဲ့သည်။ အချိန်တိုအတွင်း မြို့နံရံ၏နေရာတစ်ခုဆီသို့ ရောက်လာခဲ့လေ၏။
မြို့ပြင်တစ်ခုလုံး မျက်စိတစ်ဆုံး ပိန်းပိန်းပိတ် အနက်ရောင်တို့ဖြင့် ပြည့်နှက်နေခဲ့သည်။ အဆုံးမရှိသော အနက်ရောင်နတ်ဆိုးချီတို့သည် အသက်ရှိနေသည့်အလား မြို့အကာအရံအား လာရောက်ရိုက်ခတ်နေကြ၏။
တွမ့်ရန်ချန်းသည် မြို့နံရံပေါ်တွင် သန့်စင်နှလုံးသား ကျောက်စိမ်းများကို လိုက်လံဝေပေးနေခဲ့လေသည်။
နံရံသို့လာပြီး မြို့အားကူညီပေးကြသော ကျင့်ကြံသူ အားလုံးသည် သန့်စင်နှလုံးသားကျောက်စိမ်းတစ်ခုစီကို ရရှိကြလေသည်။
ရန်ကိုင်ရောက်လာသည်ကိုမြင်သော် တွမ့်ရန်ချန်း ဝမ်းသာသွားခဲ့ပြီး ချက်ချင်းပဲနှုတ်ဆက်လိုက်လေ၏။ “ရောင်းရင်းရန် ဒီမှာ”
ရန်ကိုင်သည် မိုရှောင်ချီနှင့်ကျန်းမိသားစုမှ အမျိုးသမီး နှစ်ဦးကို တွမ့်ရန်ချန်းရှေ့သို့ ခေါ်လာခဲ့လေသည်။
နတ်ဆိုးချီမှာ အမှန်တစ်ကယ်ကို ကြောက်မက်ဖွယ် ကောင်းသော်ငြား လက်ရှိအခြေအနေအရ မေပယ်မြို့သည် မည်သည့်ပြဿနာမှ မရှိသေးသည့်ပုံပင်။
မြို့နံရံ၏တစ်ခုချင်းဆီတွင် ကျင့်ကြံသူအနည်းငယ်စီ ရှိနေကြသည်။ အချို့သည် အကာအကွယ်အစီအရင်များကို ထိန်းထားကြပြီး အချို့မှာမူ သိုင်းပညာရပ်များကိုသုံးကာ နတ်ဆိုးချီများကို တိုက်ထုတ်ပစ်နေကြသည်။
“မြို့သခင် ကျုပ်အကူအညီလိုရင်ပြောနော်” ရန်ကိုင်က လက်သီးဆုပ်၍ ပြောလိုက်သည်။
“ရောင်းရင်းရန်က ပြောလာပြီဆိုတော့ အင်း.. ကျုပ်လည်း ပွင့်ပွင့်ပဲပြောတော့မယ်။ အခုလောလောဆယ် မြို့ထဲမှာ တာအိုသခင်အဆင့်တွေ အဲ့လောက်ကြီး သိပ်မရှိဘူး။ ရောင်းရင်းရန်ကိုပါ ထည့်တွက်မယ်ဆိုရင်တောင် ဆယ်ယောက်မပြည့်သေးဘူး။ အခု ကျန်တဲ့လူတွေ အကုန်လုံးက သူတို့သက်ဆိုင်ရာကဏ္ဍတွေအသီးသီးမှာ အလုပ်ရှုပ်နေကြတော့ ဘယ်သူမှ မအားကြသေးဘူး။ ဒါပေမယ့် အခုပုံစံကိုကြည့်ရတာ ရက်နည်းနည်းလောက်တော့ ထပ်ပြီးထိန်းထားနိုင်အုံးမယ်။ ဒါပေမယ့် သတိလက်လွတ် ဖြစ်နေလို့လည်း မရသေးဘူး။ ရောင်းရင်းရန်အတွက်ကတော့ ဘာထူးထူးခြားခြားမှမရှိပါဘူး။ လုပ်စရာရှိတဲ့ကိစ္စတွေပဲ သွားလုပ်ထားလို့ရတယ်။ အဲ့လိုလုပ်နေရင်းမှ မြို့ထဲမှာ အကူအညီလိုတဲ့နေရာလေးတွေတွေ့ရင် တစ်ချက်ဝင်ပြီး ကူညီပေးလိုက်ပေါ့။ ဘယ်လိုလဲ အဆင်ပြေလား” တွမ့်ရန်ချန်းက အလေးအနက်အမူအယာဖြင့် မေးလိုက်လေ သည်။
“ရတယ်လေ” ရန်ကိုင်က ခေါင်းငြိမ့်လိုက်သည်။
တွမ့်ရန်ချန်းသည် ဆက်သွယ်ရေးမှော်ရတနာတစ်ခုကို အလျင်အမြန်ပဲထုတ်ယူလိုက်လေသည်။ ထို့နောက် ရန်ကိုင့်အားပေး၍ ပြောလိုက်သည်။ “ဒါကိုယူထားလိုက် ရောင်းရင်းရန်။ တစ်ယောက်ယောက်အကူအညီလိုလို့ရှိရင် ဒီကနေလှမ်းအကြောင်းကြားလိမ့်မယ်။ သူတို့ အကူအညီ လိုလို့ရှိရင် ရောင်းရင်းရန်တစ်ချက်သွားကူညီပေးလိုက်ပေါ့”
ရန်ကိုင်သည် ထိုဆက်သွယ်ရေးမှော်ရတနာကို သူ့အိတ်ကပ်ထဲသို့ ထည့်ထားလိုက်လေ၏။ ထို့နောက်တွင် မိုရှောင်ချီနှင့် ကျန်းမိသားစုဘက်မှ အမျိုးသမီးနှစ်ဦးဘက်သို့ လှည့်၍ပြောလိုက်လေသည်။ “အခုလောလောဆယ်တော့ ခင်ဗျားတို့အားလုံး ဒီမှာခဏနေထားအုံးပေါ့။ ကျုပ် လှည့်ပတ်ကြည့်လိုက်အုံးမယ်”
ပြောပြီးသည့်နောက်တွင် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်း၍မြို့နံရံတစ်လျှောက်ပျံသန်းသွားလေ၏။
မြို့နံရံများပေါ်တွင် မရေအတွက်နိုင်သော မေပယ်မြို့မှ ကျင့်ကြံသူများသည် အတူပူးပေါင်း၍ ရဲဝံ့စွာတိုက်ခိုက်နေခဲ့ ကြသည်။
အများစုမှာ တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူများ ဖြစ်ကြပြီး အချို့မှာ တစ်ယောက်တည်းတိုက်ခိုက်နေကြသလို အချို့မှာလည်း အုပ်ဖွဲ့၍တိုက်ခိုက်နေကြလေသည်။ သူတို့ အားကုန်သွားသည့်အခါ နောက်သို့ပြန်ဆုတ်နေပြီး အခြားသူများက သူတို့နေရာကို ပြန်၍အစားဝင်ကြ၏။
တစ်ချက်မျှစစ်ဆေးကြည့်ပြီးသည့်နောက်တွင် အခြေအနေမှာ အရမ်းကြီးဆိုးရွားမနေကြောင်း တွေ့ရှိလိုက်ရသည်။
နတ်ဆိုးချီပြန့်နှံ့လာသည်ဆိုသည့်အကြောင်းကြားစဉ်က အကုန်လုံး ယာယီထိတ်လန့်တုန်လှုပ်သွားခဲ့ကြသော်ငြား ယခုမူ တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေကြလေပြီ။
မြို့ထဲမှ မည်ကဲ့သို့ထွက်ပြေးရန် ကြိုးစားအုံးမလဲ ဆိုသည့်အပေါ် စဉ်းစားမနေတော့ဘဲ အခြားသူများနှင့်အတူ ပူးပေါင်းကာ နတ်ဆိုးချီကိုခုခံနေခဲ့ကြသည်။
မရေမတွက်နိုင်သော ရောင်စဉ်အလင်းတန်းတို့သည် နတ်ဆိုးချီများဆီသို့ တိုးဝင်သွားနေကြလေ၏။
အလင်းတန်းများမှာ နတ်ဆိုးချီများ၏ လျင်မြန်စွာ ဖျက်ဆီးခြင်းကိုခံလိုက်ရသော်ငြား ကောင်းကင်စိတ်အာရုံဖြင့် သေချာစစ်ဆေးကြည့်မည်ဆိုလျှင် ထိုအလင်းတန်းများကြောင့် နတ်ဆိုးချီများသည်လည်း ပျက်စီးသွားကြောင်းကို သေချာ မြင်တွေ့နိုင်ပေသည်။
လူတစ်ဦး၏အားစိုက်ထုတ်မှုသည် အကျိုးသက်ရောက်မှု သိပ်ရှိလိမ့်မည်မဟုတ်သော်ငြား လူတစ်ရာ၊ လူတစ်ထောင်၊ လူတစ်သောင်း၊ လူတစ်သိန်းလောက်သာ ပူးပေါင်းပြီး အတူတကွတိုက်ခိုက်မည်ဆိုလျှင် ကျိန်းသေကို အကျိုးသက်ရောက်မှုရှိလာပေလိမ့်မည်။
နတ်ဆိုးချီများ ရှေ့သို့တိုးဝင်လာသည့်အခါတိုင်း မေပယ်မြို့သူမြို့သားများ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ပျက်ပြယ်ကုန်ကြရလေသည်။
နတ်ဆိုးချီမှာ တိုက်စားနိုင်စွမ်းပြင်းထန်လှသဖြင့် ကျင့်ကြံသူအများစုသည် သူတို့၏မှော်ရတနာများကို ထုတ်မသုံးကြဘဲ သိုင်းပညာရပ်များကိုသာ ထုတ်သုံး၍ တိုက်ခိုက်နေကြလေသည်။
လက်ရှိသူတို့၏ သွေးစည်းညီညွတ်မှုသည် မြင်ရသူများအတွက် အလွန်ကိုမှ အားတက်စရာပင်။
အချိန်သည် ဤနည်းဖြင့် တဖြေးဖြေးချင်း ကုန်ဆုံးနေခဲ့ လေ၏။
မေပယ်မြို့အား နတ်ဆိုးချီများမှ ဝန်းရံထားခဲ့သည်မှာ တစ်ရက်ခန့်ရှိနေခဲ့လေပြီ။ သို့တိုင် မည်သည့်သေဆုံးမှု၊ ဒဏ်ရာရသည့်လူမှ ရှိမနေခဲ့ပေ။
ထိုအချင်းအရာကိုကြည့်ရင်း ရန်ကိုင့်စိတ်ထဲ အနည်းငယ် သင်္ကာမကင်းဖြစ်ချင်လာခဲ့သည်။ လက်ရှိ အခြေအနေသည် အလွန်ကိုမှ တည်ငြိမ်လွန်းနေပေသည်။
မိုင်းတွင်းထဲတွင်ရှိစဉ်က ရှေးဟောင်းနတ်ဆိုးချီ မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရသည်။
နတ်ဆိုးချီနှင့်ထိပ်တိုက်မရင်ဆိုင်ခဲ့ရသော်ငြား နတ်ဆိုးချီမှ ဖြာထွက်နေသည့် မိစ္ဆာဆန်ဆန် အရှိန်အဝါသည်ကပင် လုံးဝအထင်သေးသည့်အရာမျိုးမဟုတ်ပေ။
အမျိုးမျိုးသော တာအိုသခင်အဆင့်ကျင့်ကြံသူများမှ ပေးပို့သည့် သတင်းအချက်အလက်များကြောင့် ရန်ကိုင့်အနေဖြင့် မေပယ်မြို့ထဲရှိ မြို့နံရံအစိတ်အပိုင်း အသီးသီး၏အခြေအနေကို သေချာကောင်းစွာသိနေနိုင်ခဲ့ လေသည်။
ယနေ့မနက်တွင် နတ်ဆိုးချီများသည် တစ်ခုခု ဖြစ်သွားသည့်အလား မေပယ်မြို့အား အနီးကပ် ဝန်းရံမထားတော့ဘဲ တဖြေးဖြေး နောက်သို့ ပြန်ဆုတ်သွားကြလေ၏။
ထိုအချင်းအရာကို မြင်သည့်အခါမှပဲ မြို့နံရံများပေါ်တွင် ရှိနေသောကျင့်ကြံသူများ သက်ပြင်းချလိုက်နိုင်သလို ဝမ်းသာအားရအော်ဟစ်နိုင်ကြလေသည်။
နတ်ဆိုးချီအား နောက်ပြန်ဆုတ်သွားအောင် တိုက်ထုတ်လိုက်နိုင်ပြီဟုတွေးလျက် အကုန်လုံးမှာ အလွန်ကိုမှ ဝမ်းသားအားရဖြစ်နေကြလေ၏။
အချို့သော တာအိုသခင်အဆင့်ပညာရှင်များပင်လျှင် ထိုကဲ့သို့တွေးနေကြလေသည်။
“သတိလက်လွတ်ဖြစ်မနေကြနဲ့” တွမ့်ရန်ချန်း၏အသံ ဆက်သွယ်ရေးမှော်ရတနာဆီမှ ထွက်ပေါ်လာခဲ့သည်။
မြို့နံရံတစ်ခုအပေါ်တွင်ရှိနေသော ရန်ကိုင်သည် ထိုမြင်ကွင်းကိုကြည့်ရင်း မျက်လုံးမှေးစင်းသွားခဲ့လေသည်။
ရုတ်ခြည်းဆိုသလို သူတို့အောက်ဘက်ရှိမြေပြင်သည် မသိမသာလေး တုန်ခါလာခဲ့သည်။ ထို့နောက် ခပ်ဝေးဝေးဆီမှ တဝုန်းဝုန်းမြည်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့လေ သည်။
အစပိုင်းတွင် ထိုတုန်ခါမှုများမှာ သိပ်မသိသာသော်ငြား အချိန်ကြာလာသည်နှင့်ပိုပို၍ သိသာထင်ရှားလာခဲ့၏။
ကျင့်ကြံသူများဆီမှ ထွက်ပေါ်နေသည့် ဝမ်းသာအားရ အော်ဟစ်သံတို့မှာလည်း တိတ်ဆိတ်သွားကုန်ကြလေသည်။ အကြည့်ချင်းဖလှယ်လိုက်ကြပြီးသည့်နောက် အကုန်လုံး၏ ရင်ထဲ မကောင်းသည့်ခံစားချက်တို့ ရလာခဲ့ကြလေ၏။
ရန်ကိုင်သည် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်း၍ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို အသက်သွင်းကာ အမှောင်ထုထဲသို့ ဖောက်ကြည့်လိုက်လေ၏။
ထိုသို့ကြည့်ပြီးသည့်နောက် ရန်ကိုင်၏အမူအယာ ရုတ်ခြည်း အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပြီး ချက်ချင်းပဲ အနားတွင်ရှိနေသော ကျင့်ကြံသူများအား လှမ်းအော်ပြောလိုက်လေ၏။ “အစီအရင်စွမ်းအားကို မြန်မြန်မြှင့်တင်လိုက်ပေတော့”
တစ်ချိန်တည်းတွင် ဆက်သွယ်ရေးမှော်ရတနာမှတစ်ဆင့် အခြားသော တာအိုသခင်အဆင့်ပညာရှင်များကိုလည်း အသိပေးအကြောင်းကြားလိုက်လေသည်။ “ငါတို့ပတ်လည်မှာ နတ်ဆိုးချီကူးစက်ထားခံရတဲ့ မွန်းစတားသားရဲတွေ လူသားကျင့်ကြံသူတွေအများကြီးပဲ။ အကုန်လုံးသတိထားကြပေတော့”
အဆုံးမဲ့နတ်ဆိုးချီထုအတွင်းမှ အားကောင်းလှသည့် ပုံရိပ်များ သူ့ဆီသို့ တရွေ့ရွေ့ချီတက်လာနေသည်ကို ရန်ကိုင်အတိုင်းသားမြင်နေရသည်။
ထိုပုံရိပ်များထဲ မွန်းစတားသားရဲများသာပါဝင်ရုံမဟုတ်။ လူသားများလည်း ပါဝင်နေခဲ့လေသည်။ မွန်းစတားသားရဲများ ဖြစ်စေ၊ လူသားများဖြစ်စေ သူတို့၏ကျင့်ကြံခြင်းမှာ အမျိုးမျိုးကွဲပြားနေကြသည်။
သို့တိုင် အဓိကကြောက်မက်ဖွယ်ကောင်းသည့်အရာမှာ ကြောက်ခမန်းလိလိများပြားလှသော သူတို့၏အရေအတွက်ပင် ဖြစ်လေသည်။
သာမန်ကျင့်ကြံသူသာဆိုလျှင် ထိုနတ်ဆိုးချီ ကူးစက်ထားခံရသည့် သက်ရှိအုပ်ကြီးကိုမြင်သည်နှင့် သွေးပျက်ခြောက်ခြားသွားနိုင်ပေသည်။
ရန်ကိုင်၏အော်ဟစ်သံကိုကြားသော် အနားတွင် ရှိနေသောကျင့်ကြံသူများသည် နည်းနည်းလေးမှပင် တုန့်ဆိုင်းမနေတော့ဘဲ သူတို့၏ခွန်အားအကုန်အစင်ကို အကာအကွယ်အစီအရင်ထဲသို့ ထည့်သွင်းလိုက်ကြလေ၏။ တဝီဝီမြည်သံနှင့်အတူ အစီအရင်မှာ ပို၍ တောက်ပလာခဲ့ လေသည်။
ရန်ကိုင်၏စကားကို သူတို့အကုန်လုံးနားထောင်ရခြင်းမှာ ရန်ကိုင်သည် တာအိုသခင်အဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်နေသည့်အတွက်ကြောင့်ပင်ဖြစ်သည်။ သူတို့အတွက် တာအိုသခင်အဆင့်ပညာရှင်တစ်ဦး၏ စကားကို သံသယဝင်စရာအကြောင်းမရှိပေ။
ချက်ချင်းဆိုသလို ဆက်သွယ်ရေးမှော်ရတနာဆီမှ တွမ့်ရန်ချန်း၏အမိန့်ပေးသံများ ထွက်ပေါ်လာခဲ့လေ၏။
မျက်တောင်တစ်ခတ်အတွင်း မေပယ်မြို့တစ်ခုလုံးကို လွှမ်းခြုံထားသော အကာအကွယ်အစီအရင်သည် ၎င်း၏ အားအကောင်းဆုံးသောအခြေအနေသို့ ရောက်ရှိသွားခဲ့လေ သည်။
“ဝုန်း…ဝုန်း..ဝုန်း..” အနောက်သို့ ပြန်ဆုတ်သွားခဲ့သော နတ်ဆိုးချီသည် စူဠာမဏီလှိုင်းလုံးနှယ် မေပယ်မြို့၏ အကာအကွယ်အစီအရင်ဆီသို့ နောက်တစ်ကြိမ်ထပ်မံ တိုးဝင်လာလေသည်။
နတ်ဆိုးချီမှာ အကာအကွယ်အစီအရင်၏တားဆီးခြင်း ခံထားရသော်ငြား ၎င်း၏တိုက်စားစွမ်းအင်သည် အကာအကွယ်အစီအရင်၏စွမ်းအားကို အဆက်မပြတ် လျှော့ချပစ်နေခဲ့သည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် အဆုံးမဲ့နတ်ဆိုးချီ၏ အကာအကွယ်ကိုအားပြု၍ ပုံရိပ်များ တစ်ခုပြီးတစ်ခု ပြေးထွက်လာကြလေ၏။
ရက်စက်ကြမ်းကြုတ်ပြီး အနက်ရောင်များလုံးများနှင့် နတ်ဆိုးချီ၏ကူးစက်ထားခြင်းခံရသည့် မွန်းစတားသားရဲများ အနက်ရောင်မြူခိုးတို့၏လွှမ်းခြုံထားခြင်းခံရသော လူသားတို့သည် တစ္ဆေသရဲများနှယ် မေပယ်မြို့၏ ကျင့်ကြံသူများဆီသို့ ပြေးဝင်လာကြလေသည်။
“ဘုန်း… ဘုန်း… ဘုန်း… ဘုန်း” ဝင်ဆောင့်သည့်အသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ သည်။
အနီးကပ်သို့ရောက်လာပြီးသည့်နောက်တွင် ထိုမွန်းစတားသားရဲများသည် သူတို့၏မွေးရာပါစွမ်းရည်များကို သုံးကာ တိုက်ခိုက်ကြတော့လေသည်။
ထိုမျှသာလျှင်မဟုတ်သေးဘဲ လူသားကျင့်ကြံသူများမှာလည်း ယခင်စွမ်းအင်များကို ပိုင်ဆိုင်ထားသည့်အလား သူတို့၏ မှော်ရတနာအသီးသီးကို ထုတ်ကာ အကာအကွယ်အစီအရင်ကို အပြင်းအထန် တိုက်ခိုက်ကြတော့လေ၏။
တိုက်ခိုက်မှုအားလုံးမှာ တန်ပြန်ထွက်နေသည့်တိုင် အကာအကွယ်အစီအရင်၏အလင်းရောင်မှာ တဖြေးဖြေး မှိန်ကျလာနေခဲ့လေသည်။
ထိုအချင်းအရာကိုမြင်သော် အကုန်လုံး၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့လေ၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၈၀)
ရန်ကိုင်ရှိနေသည့် မြို့နံရံအပိုင်းတွင်ရှိနေသော ကျင့်ကြံသူများမှာလည်း မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြလေသည်။
ကံကောင်းစွာဖြင့် ရန်ကိုင်မှကြိုတင်သတိပေးထားသည့် အတွက် အကုန်လုံးမှာ ထိတ်လန့်အံ့ဩသွားသည့်တိုင် အရမ်းကြီးတော့ တုန်လှုပ်နေခြင်းမရှိခဲ့ဘဲ ခဏအတွင်း အသိပြန်ဝင်လာပြီး သူတို့၏ပညာရပ်အသီးသီးကိုသုံးကာ တိုက်ခိုက်ကြတော့လေသည်။
သို့ရာတွင် သူတို့၏တိုက်ခိုက်မှုအားလုံးကို နတ်ဆိုးချီများမှ စုပ်ယူသွားခဲ့လေ၏။
ရန်ကိုင်သည် သူ့လက်ကိုလှုပ်၍ ရွှေရောင်သွေးမျှင် တစ်ချောင်းကို ပစ်လွှတ်လိုက်လေသည်။ သူ့ကောင်းကင်စိတ်အာရုံ၏ ထိန်းချုပ်မှုအောက်တွင် ရန်ကိုင်၏ရွှေရောင်သွေးမျှင်များသည် နတ်ဆိုးချီထဲသို့ ပြေးဝင်သွားလေ၏။
မေပယ်မြို့၏အကာအကွယ်အစီအရင်သည် အသက်သွင်းလိုက်သည့်အခါ ပြင်ပမှတိုက်ခိုက်မှုများကို တားဆီးမည်ဖြစ်ပြီး အတွင်းပိုင်းမှတိုက်ခိုက်မှုများကိုတော့ ဖြတ်သန်းခွင့်ပြုလေသည်။
အဓိကမြို့ကြီးများတိုင်းတွင် ဤကဲ့သို့သော အကာအကွယ်အစီအရင်များရှိတတ်ကြသည်။ သို့ရာတွင် အတွင်းအပြင်နှစ်ဖက်စလုံးမှ တိုက်ခိုက်၍မရသည့် အစီအရင်များလည်း ရှိတတ်ပေသေးသည်။
သို့သော်လည်း ထိုကဲ့သို့သောအစီအရင်မျိုးကို အဆိုးဆုံး အခြေအနေမျိုးတွင်မှ ထုတ်သုံးတတ်သည်။
အကြောင်းမှာ ထိုအစီအရင်မျိုးကိုသာ အသက်သွင်းလိုက်မည်ဆိုပါက မြို့နေလူထုအပေါင်းသည် အစီအရင်အပေါ်တွင်သာ လုံးဝအားကိုးရတော့ပေမည်။ မြို့ထဲရှိကျင့်ကြံသူများသည် တန်ပြန်တိုက်ခိုက်နိုင်ကြတော့ လိမ့်မည် မဟုတ်ဘဲ သေခြင်းတရားရောက်လာမည့် အချိန်ကိုသာ ထိုင်စောင့်နေရုံသာရှိတော့သည်။
“ရွှစ်..ရွှစ်..ရွှစ်” ရွှေရောင်အလင်းတန်းများသည် နတ်ဆိုးချီများထဲ ကူးခတ်လာခတ်သွားလာနေသော မွန်းစတားသားရဲများအား အပိုင်းပိုင်းဖြစ်အောင် ပိုင်းဖြတ်ပစ်လိုက်လေ၏။ ချက်ချင်းဆိုသလို ရန်ကိုင့်ပတ်လည် ဆယ်မီတာဝန်းကျင်သည် ပြောင်သလင်းခါသွားတော့လေသည်။
ရှေးဟောင်းမဟာနတ်ဆိုး၏ နတ်ဆိုးချီကူးစက်ခြင်း ခံလိုက်ရသော မွန်းစတားသားရဲများနှင့် လူသားများသည် မြင့်မားသောခွန်အားကို ပိုင်ဆိုင်ကြသည်။ သူတို့၏ ရုပ်ခန္ဓာမှာလည်း အလွန်ကိုမှအားကောင်းကြလေသည်။
နတ်ဆိုးချီကူးစက်ထားခြင်းခံရသည့် လူအားလုံးသည် ရက်စက်ကြမ်းကြုတ်ရုံသာလျှင်မဟုတ်ဘဲ နတ်ဆိုးချီ ကူးစက်ခြင်းမခံရမည့်အချိန်ကပိုင်ဆိုင်ခဲ့သော စွမ်းအင်များကိုပါ အသုံးပြုနိုင်ကြသည်။
ထို့ကြောင့် အဆင့်တူချင်းသာ တစ်ဦးချင်းယှဉ်ပြိုင် တိုက်ခိုက်မည်ဆိုပါက သူတို့သာ အနိုင်ရနိုင်ချေများပေသည်။
သို့ရာတွင် ရန်ကိုင်သည် တာအိုသခင်အဆင့်ကျင့်ကြံသူ တစ်ဦးဖြစ်သည်။
ထိုနတ်ဆိုးချီကူးစက်ထားခြင်းခံရသည့် မွန်းစတား သားရဲများနှင့် လူသားများမှာ သူတို့ အကောင်းအတိုင်းရှိစဉ်က မြင့်မားသောကျင့်ကြံခြင်းကို ပိုင်ဆိုင်ခြင်းမရှိခဲ့ပေ။ အဆင့်အမြင့်ဆုံးသူဆိုလျှင်ပင် တန်ခိုးရှင်ဘုရင်အဆင့်သာ ရှိသည်။
ထို့ကြောင့် ရန်ကိုင်၏ရွှေရောင်သွေးမျှင်များအောက်တွင် သူတို့အားလုံးသည် တို့ဟူးတုံးများနှယ် အားနည်းနေခဲ့ကြလေ၏။
ထိုအချင်းအရာကိုမြင်သည့်အခါ အနီးအနားတွင် ရှိနေသောကျင့်ကြံသူများ စိတ်ဓာတ်တက်ကြွလာခဲ့ကြလေ သည်။ အကုန်လုံးသည် သူတို့၏အထူးပညာရပ်များကို သုံးကာ ရန်သူများအား အကြမ်းပတမ်းတိုက်ခိုက်ကြတော့ လေ၏။
အခြေအနေအရ အဆင်ပြေနေသေးသော်ငြား အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင့်၏အမူအယာ လေးနက်တည်ကြည်သွားခဲ့သည်။
ထိုနတ်ဆိုးချီကူးစက်ထားခြင်းခံရသည့် မွန်းစတား သားရဲများနှင့် လူသားများ၏အရေအတွက်မှာ ကြောက်ခမန်းလိလိကို များပြားလွန်းလှသည်။
ထိုအရာများသည် တလိမ့်လိမ့်တိုးဝင်လာနေသော နတ်ဆိုးချီကို အကာအကွယ်ပြု၍ တိုက်ခိုက်နေခဲ့ကြလေသည်။
သူတို့ဘက်မှသာ တစ်ချက်လောက်သတိလက်လွတ် ဖြစ်သွားမည်ဆိုပါက အကာအကွယ်အစီအရင် ကျိန်းသေ အားနည်းသွားနိုင်ပေလိမ့်မည်။
ယခုမှပဲ ပထမဆုံးနေ့တွင် နတ်ဆိုးချီများသာ သူတို့မြို့အားဝန်းရံခဲ့သလဲဆိုသည်ကို ရန်ကိုင်နားလည်သွား ခဲ့လေသည်။
ထိုနတ်ဆိုးချီများသည် မေပယ်မြို့ပတ်လည်ရှိ မွန်းစတားသားရဲများနှင့် လူသားများကို နတ်ဆိုးအသွင် ပြောင်းနေခြင်းဖြစ်သည်။ ထို့ကြောင့်သာ မေပယ်မြို့အား နတ်ဆိုးချီသက်သက်ဖြင့်ဝန်းရံထားခဲ့ခြင်းဖြစ်သည်။
ယခု ထိုသက်ရှိအားလုံးကို နတ်ဆိုးအသွင်သို့ ပြောင်းလဲပစ်ပြီးသော် မေပယ်မြို့အား စတင်တိုက်ခိုက်တော့ လေသည်။ လက်ရှိကြည့်ရသလောက် မေပယ်မြို့ပတ်လည်ရှိ မည်သည့်သက်ရှိမှ အသက်ရှင်နိုင်ခဲ့သည့်ပုံမပေါ်။
နတ်ဆိုးချီသည် မည်သည့်အတိုင်းအတာအထိ ပြန့်နှံ့နေသလဲဆိုသည်ကိုလည်း မည်သူမှမသိကြပေ။
နတ်ဆိုးချီကူးစက်ထားခြင်းခံရသည့်သက်ရှိများကို တိုက်ခိုက်နေစဉ်မှာပင် သူ့ရင်ဘတ်အိတ်ကပ်ထဲရှိ ဆက်သွယ်ရေးမှော်ရတနာ ရုတ်ခြည်းတုန်ခါလာခဲ့သည်။
ရန်ကိုင်သည် တစ်ချက်ကလေးပင်တုန့်ဆိုင်းမနေခဲ့ဘဲ ဆက်သွယ်ရေးမှော်ရတနာကို ချက်ချင်းထုတ်၍ စစ်ဆေးကြည့်လေသည်။
“အနောက်တောင်ဘက်မှာ အခြေအနေမကောင်းဘူး။ ရောင်းရင်းရန် အဲ့ဘက်ကို မြန်မြန်သွားကူပေးအုံး” ဆက်သွယ်ရေးမှော်ရတနာထဲမှ မြို့သခင်တွမ့်ရန်ချန်း၏ အသံထွက်ပေါ်လာခဲ့သည်။
ဆက်သွယ်ရေးမှော်ရတနာကို ပြန်သိမ်းလိုက်ပြီးနောက် အနောက်တောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ကံမကောင်းစွာပင် ထိုနေရာသည် သူရှိနေသည့်နေရာနှင့် တော်တော်လေးကို ဝေးကွာနေ၏။
ထို့ကြောင့် အနောက်တောင်ဘက် မည်ကဲ့သို့ဖြစ်နေသလဲ ဆိုသည်ကို လှမ်းမမြင်နိုင်ခဲ့ပေ။ သူခန့်မှန်းနိုင်သည့်အရာဆို၍ ထိုနေရာတစ်ခုလုံး နတ်ဆိုးချီများဖြင့် ပြည့်နှက်နေပြီး ဒေါသတကြီးအော်ဟစ်သံတို့မှာလည်း အဆက်မပြတ် ထွက်ပေါ်နေသည်ဆိုသည်ကိုပင်။
အခြေအနေကို စစ်ဆေးကြည့်နေစဉ်မှာပင် ပုံရိပ်တစ်ခုသည် သူ့ဘေးနား ရုတ်တရက်ပေါ်လာ၏။ ပေါ်လာပြီးနောက် ထိုလူကပြောလိုက်လေ၏။ “အဲ့ဘက်ကို သွားလိုက်ရောင်းရင်းရန်။ ဒီလူအိုကြီး ဒီဘက်ကို ကြည့်ထားလိုက်မယ်”
သူ့ဘေးနားတွင် ရုတ်တရက်ပေါ်လာသည့်လူမှာ မေပယ်မြို့၏ဒုမြို့သခင် အရက်သမားဖြစ်ပေသည်။ ပြောပြီးသည့်နောက်တွင် အရက်သမားသည် သူ့ခါး၌ ချိတ်ဆွဲထားသော အရက်ပုလင်းကိုထုတ်၍ မော့သောက်လိုက်သည်။
တစ်ချိန်တည်းတွင် လက်ကွက်အချို့ဖန်တီးလိုက်ရာ သူ့မျက်နှာမှာ ရုတ်ခြည်းနီမြန်းလာခဲ့လေသည်။ ထို့နောက် သူ့ပါးနှစ်ဖက် ဖောင်းကားထွက်လာပြီး သောက်ထားသော အရက်များကို ထွေးထုတ်တော့လေ၏။
သို့ရာတွင် အရက်များထွက်မလာခဲ့ဘဲ အလွန်ပြင်းထန်သည့် အဆုံးမဲ့မီးတောက်တို့သာ ထွက်လာခဲ့လေသည်။
မီးတောက်များမှာ အလွန်ကိုမှပူပြင်းလှကာ ထိုမီးတောက်နှင့်ထိတွေ့သွားသည့် မည်သည့်နတ်ဆိုး မွန်းစတားသားရဲမဆို စူးရှစွာအော်မြည်ရင်း ချက်ချင်း နောက်သို့ပြန်ဆုတ်သွားကြလေသည်။
သို့တိုင် သူတို့၏အသားများကို လောင်မြိုက်နေသော ထိုမီးတောက်များအား ငြိမ်းသက်နိုင်ခဲ့ခြင်းမရှိပေ။ သူတို့ မည်မျှပင် ရုန်းကန်ကြိုးစားနေစေကာမူ အသက်သုံးရှိုက်စာ အတွင်း ပြာပုံဘဝသို့ ရောက်သွားရလေ၏။
ထိုမျှနှင့်ပင်မပြီးသေးပေ။ အရက်သမားသည် သူ့လက်ကိုဝှေ့ရမ်း၍ မီးတောက်များအား စတင် ထိန်းချုပ်တော့လေ၏။
မီးတောက်များမှာ ဟိုမှသည်မှပျံသန်းနေခဲ့ရာ မကြာမီအချိန်အတွင်းတွင် မြို့နံရံဆီမှ မီတာသုံးရာခန့် ကျယ်ဝန်းသော မီးတောက်နံရံတစ်ခု ဖြစ်ပေါ်လာခဲ့လေ၏။
မြို့နံရံအား ဝန်းရံထားသော နတ်ဆိုးအားလုံးသည်လည်း ချက်ချင်းပြန်ဆုတ်သွားခဲ့ကြလေသည်။ နည်းနည်းလေးမှ ရှေ့သို့ထပ်၍တိုးမလာရဲတော့ပေ။
မီးတောက်များအား ထိုကဲ့သို့ ထိန်းချုပ်ပြီးသည့်နောက်တွင် အရက်သမား၏ခန္ဓာကိုယ် အနည်းငယ်တုန်ရီသွားခဲ့လေ၏။
ကြည့်ရသည်မှာ ဤမီးတောက်များကို အသုံးပြုဖို့ရာ သူ့အတွက်လည်း အတော်လေးကိုမလွယ်ကူသည့်ပုံပင်။
ထိုအချင်းအရာကိုမြင်သည့်အခါ ရန်ကိုင်သည် အရက်သမားကို ခေါင်းငြိမ့်ပြလိုက်ပြီး ပျောက်ကွယ်သွားလေ၏။
အရှေ့မြောက်ထောင့်သည် သူလက်ရှိ ရှိနေသည့် နေရာနှင့်အတော်လေးဝေးပေသည်။ သို့သော်ငြား လေဟာနယ် စွမ်းအားကို ကျွမ်းကျင်ထားသည့် ရန်ကိုင့်အတွက်မူ ထိုနေရာသို့ရောက်ရန် အရမ်းကြီး မကြာခဲ့ပေ။
လေဟာနယ်စွမ်းအားကို ထုတ်သုံးလိုက်ပြီးနောက် တစ်ခဏအတွင်း အရှေ့မြောက်ဆီသို့ ရောက်လာခဲ့လေ၏။
ထိုနေရာသို့ရောက်လာပြီးနောက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရန်ကိုင်မျက်လုံးမှေးစင်းသွားခဲ့လေသည်။
လက်ရှိတွင် အကာအကွယ်အစီအရင်မျက်နှာပြင်ထက် ပေပေါင်းများစွာကျယ်ဝန်းသော အပေါက်တစ်ပေါက် ရှိနေခဲ့သည်။
ငါးနံ့ရသည့်ကြောင်တစ်ကောင်နှယ် နတ်ဆိုးချီများသည် ထိုအပေါက်မှတစ်ဆင့် စီးဝင်လာနေခဲ့ကြလေသည်။ စီးဝင်လာနေသော နတ်ဆိုးချီများထဲ နတ်ဆိုးချီ ကူးစက်ထားခြင်းခံရသည့်လူများလည်း ရှိနေခဲ့လေ၏။
ထိုလူများသည် အထဲသို့ရောက်သည်နှင့် မြို့နံရံအား စောင့်ကြပ်နေသော ကျင့်ကြံသူများကို တိုက်ခိုက်ကြတော့ လေသည်။ မြေပြင်ထက် အလောင်းအချို့လည်း ပြန့်ကျဲနေခဲ့ကြလေသည်။
တလိမ့်လိမ့်တိုးဝင်လာနေသော နတ်ဆိုးချီတို့သည် ထိုသေဆုံးသွားပြီဖြစ်သော အလောင်းများ၏ပါးစပ်များ၊ နှာခေါင်းများထဲသို့ စီးဝင်နေကြလေ၏။
ဝင်ပေါက်ရှေ့တွင် တစ်ခေါင်းလုံး ဖြူဖွေးနေသော လူအိုကြီးတစ်ဦးသည် တောင်ဝှေးတစ်ချောင်းကိုကိုင်လျှက် အဆက်မပြတ်ဝှေ့ယမ်းနေခဲ့သည်။
တောင်ဝှေးမှထွက်ပေါ်နေသော အလင်းတန်းတို့ကြောင့် တိုးဝင်လာနေသော နတ်ဆိုးချီတို့မှာ ဗလာနတ္ထိအဖြစ်သို့ ပြောင်းလဲကုန်ကြလေပြီ။
ထိုလူအိုကြီးသည် တာအိုသခင်အဆင့်ပညာရှင်တစ်ဦး၏ အရှိန်အဝါကို ထုတ်လွှတ်နေ၏။ ထိုလူအိုကြီးနှင့်အတူတကွ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အတူပူးပေါင်းကာ ကျူးကျော်လာနေသည့် နတ်ဆိုးချီကူးစက်ထားခြင်းခံရသည့် သတ္တဝါများကို ခုခံတိုက်ခိုက်နေခဲ့ကြသည်။
အရှေ့မြောက်ဘက်ရှိအခြေအနေမှာ လုံးဝကို ပရမ်းပတာဖြစ်နေခဲ့လေသည်။
ရောက်ရှိသည်နှင့် ရန်ကိုင်သည် သူ၏တာအိုအဆင့်နိမ့် ဓားကို ချက်ချင်းထုတ်ယူလိုက်သည်။ ထို့နောက် ဓာတ်ကြီးငါးပါးအကြွင်းမဲ့ဓားချီကို အသက်သွင်းကာ သူ့ဓားအား အောက်တည့်တည့်သို့ ထိုးစိုက်ချလိုက်လေသည်။
ဓားချီအလင်းတန်းတို့သည် မိုးသီးမိုးပေါက်များနှယ် ကောင်းကင်ပေါ်မှ ကြွေဆင်းကျလာခဲ့လေ၏။
ထိုဓားချီအလင်းတန်း၏ထိမှန်ခြင်းခံလိုက်ရသည့် နတ်ဆိုးအားလုံးသည် နှစ်ပိုင်းပြတ်ထွက်လျှင်ပြတ်ထွက်၊ မပြတ်ထွက်လျှင် ဆိုးဆိုးရွားရွားထိခိုက်ဒဏ်ရာ ရကုန်ကြလေသည်။
ထို့အပြင် ထိုဓားချီများသည် မြေပြင်ပေါ်၌ ပြန့်ကျဲနေသောအလောင်းများကိုပါ ဖြတ်တောက်သွားကုန်ကြ လေ၏။
ဓားချီများပျောက်ကွယ်သွားချိန် အလောင်းများဆီမှ ပေါက်ကွဲသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ရန်ကိုင့်၏လုပ်ရပ်ကိုတွေ့လိုက်သော ကျင့်ကြံသူများမှာ လုံးဝကို မှင်သက်ကြကုန်လေ၏။ ထို့နောက် ရန်ကိုင့်အား ဒေါသတကြီးစိုက်ကြည့်လာကြလေသည်။
မြေပြင်ပေါ်တွင်ရှိနေသည့်အလောင်းများမှာ သူတို့၏ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် ရဲဘော်ရဲဘက်များ ဖြစ်ကြသည်။
နတ်ဆိုးချီကူးစက်ထားခြင်းခံရသည့်လူများကြောင့် သူတို့သေသွားခဲ့သည်မှာ တစ်ကဏ္ဍ။ သို့သော်လည်း ရန်ကိုင်၏လုပ်ရပ်သည် သူတို့အား အလောင်းအပြည့်အစုံနှင့်ပင် သေခွင့်မပေးသလိုဖြစ်နေခဲ့သည်။
“အဲ့လိုမျိုးနတ်ဆိုးတွေ ပိုပြီးများမလာချင်ဘူးဆိုရင် သူတို့ရဲ့အလောင်းတွေကိုပါ တစ်ခါတည်းဖျက်ဆီးပစ်လိုက်။ နတ်ဆိုးချီက သက်ရှိတွေကိုတိုက်စားရုံတင်မဟုတ်ဘူး။ အလောင်းတွေကိုပါ ပြန်ပြီးအသက်သွင်းပစ်နိုင်တယ်” ထိုလူများ၏ဒေါသတကြီးအကြည့်ကိုမြင်သော် ရန်ကိုင်က အလျင်စလို ပြန်အော်ပြောလိုက်လေသည်။
ရန်ကိုင့်၏စကားကိုကြားသော် တော်တော်များများ နားလည်သွားခဲ့ကြသည်။ သို့သော်အများစုမှာ သိပ်မယုံကြည်ကြသေးပေ။
တစ်ကယ်တော့ သေသွားသည့်လူများသည် မည်ကဲ့သို့များ ပြန်၍အသက်ရှင်နိုင်ပါမည်နည်း။ ရှေးဟောင်း နတ်ဆိုးချီ မည်မျှပင် ဆန်းကြယ်နေစေကာမူ သေသွားသည့် လူအား ပြန်အသက်သွင်းနိုင်မည်လား။
သို့သော်လည်း သူတို့၏ သံသယများမှာ မကြာညောင်းခဲ့ပေ။ ခဏအကြာတွင် အလောင်းတစ်လောင်းသည် ရုတ်တရက် ထရပ်လာခဲ့သည်။
အလောင်း၏မျက်လုံးများမှာ ယခင်ကကဲ့သို့ အဖြူအနက်မဟုတ်တော့ဘဲ လုံးဝကိုအနက်ရောင် ပြောင်းနေခဲ့သည်။
တစ်ချိန်တည်းတွင် ကြမ်းကြုတ်ခက်ထန်သည့် အရှိန်အဝါမှာလည်း ၎င်းဆီမှ ဖြာထွက်နေခဲ့လေသည်။
“အဲ့ဆရာပြောတာအမှန်ပဲ။ မြန်မြန် အလောင်းတွေကို ဖျက်ဆီးပစ်လိုက်တော့” အချို့လူများက ထအော်ကြတော့ လေ၏။
ယခုမှတော့ မည်သူကများ တုန့်ဆိုင်းနေရဲအုံးမည်နည်း။ အကုန်လုံးသည် ချက်ချင်းပဲ သူတို့အနီးတစ်ဝိုက်တွင် ရှိနေသောအလောင်းများကို ဖျက်ဆီးပစ်ကြတော့လေသည်။
အသက်ပြန်ရှင်လာသည့်အလောင်းများမှာ အသက်ရှူချိန်ပင်မရသေးခင်မှာပင် ရန်ကိုင်၏သတ်ပစ်ခြင်း ခံလိုက်ရလေ၏။
ထို့နောက်တွင် ရန်ကိုင်သည် သူ၏ဓားကို နောက်တစ်ကြိမ် ထပ်မံဝှေ့ရမ်းလိုက်လေသည်။ တလက်လက် တောက်ပနေသော ဓားချီတို့သည် အဆီးအတားမရှိ ထွက်ပေါ်လာကြကုန်လေ၏။
ဓားချီများဖြတ်သန်းသွားရာလမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော နတ်ဆိုးအားလုံး အပိုင်းပိုင်းအစစ ပြတ်ထွက်ကုန်ကြလေ၏။ ယခုဆိုလျှင် ရန်ကိုင့်လက်ချက်ကြောင့် နတ်ဆိုးတစ်ဝက်လောက် အသက်ပျောက်သွားခဲ့လေပြီ။
“ကျန်တဲ့သူတွေကို မင်းတို့ဆီထားခဲ့လိုက်မယ်” ပြောပြီးသည်နှင့် ရန်ကိုင်သည် လေပေါ်သို့ပျံကာ လူအိုကြီးဆီသို့ ဦးတည်သွားလေ၏။
အရှေ့မြောက်ဘက်တွင်ကြုံနေရသည့် အဓိက အန္တရာယ်မှာ အကာအကွယ်အစီအရင်ပေါက်သွားခဲ့ခြင်းပင် ဖြစ်လေသည်။
ဤအပေါက်ကိုသာ ပြန်မဖာလျှင် မရေမတွက်နိုင်သော နတ်ဆိုးချီများနှင့်နတ်ဆိုးများ အဆက်မပြတ် စီးဝင်လာနေပေလိမ့်မည်။
အစီအရင်ပညာရှင်များမှာ အကာအကွယ်အစီအရင်အား တတ်နိုင်သမျှပြန်ဖာထေးနေခဲ့ကြသည်။ သို့သော်ငြား ထိုကဲ့သို့ပြန်ဖာပေးနိုင်ရန်အတွက် အချိန်လိုပေသည်။
လူအိုကြီးတစ်ယောက်တည်းကို အားကိုး၍ ဤအပေါက်အား တားဆီးရန်လုံးဝမဖြစ်နိုင်ပေ။ အချိန်နှင့်အမျှ နတ်ဆိုးတစ်ကောင်နှစ်ကောင်သည် လူအိုကြီး၏တိုက်ခိုက်မှုများမှ လွတ်မြောက်ကာ မြို့ထဲသို့ ဝင်လာပြီး အောက်ဘက်တွင်ရှိနေသော ကျင့်ကြံသူများကို တိုက်ခိုက်ကြလေသည်။
ထို့အပြင် လူအိုကြီး၏အမူအယာကိုကြည့်ရသလောက် ဤကဲ့သို့ တိုက်ခိုက်နေရသည်မှာ သူ့အတွက် အတော်လေးကို အားအင်ကုန်ခမ်းနေသည့်ပုံပင်။
တောင်ဝှေးအား အဆက်မပြတ်အသုံးပြုနေရသည့် ဒဏ်ကြောင့် သူ့မျက်နှာမှာ အနည်းငယ်လေး ဖြူလျော်နေခဲ့လေသည်။
“ကျုပ်ကူညီဖို့ရောက်လာတာဆရာ” အလင်းတစ်ချက်နှင့်အတူ ရန်ကိုင်သည် လူအိုကြီး၏ဘေးတွင် ပြန်ပေါ်လာခဲ့လေသည်။
ပြောပြီးသွားသည်နှင့် ရန်ကိုင်သည် သူ့လက်ထဲရှိဓားကို ဝှေ့ရမ်းချလိုက်လေသည်။ ဓားတစ်စင်းလုံး အရောင်တလက်လက်တောက်လာပြီးနောက်တွင် မရေမတွက်နိုင်သော ဓားချီအလင်းတန်းများသည် ဓားဖျားထိပ်မှ အပေါက်တည့်တည့်ဆီသို့ ပျံသန်းထွက်သွား လေ၏။
ချက်ချင်းဆိုသလို အပေါက်နားတွင်စုဝေးနေကြသော နတ်ဆိုးချီနှင့်နတ်ဆိုးများမှာ ဆိုးဆိုးရွားရွား ထိခိုက်သွားကြပြီး နောက်သို့ပြန်ဆုတ်သွားကြရလေ၏။
ထိုအချင်းအရာကိုမြင်သည့်အခါ လူအိုကြီးအနည်းငယ် ဝမ်းသာအားရဖြစ်သွားပြီး အလျင်စလိုပြောလိုက်လေသည်။ “ကျေးဇူးပဲညီလေးရေ”
တစ်ကယ်ဆိုလျှင် လူအိုကြီးမှာ ဤနေရာအား တစ်ယောက်တည်းထိန်းထားရသည့်အတွက်ကြောင့် အတော်လေးကို အားအင်ကုန်ခမ်းနေခဲ့လေပြီ။
ရန်ကိုင်သာ ရောက်မလာခဲ့လျှင် အနှေးနှင့်အမြန်ဆိုသလို စွမ်းအင်အလွန်အကျွံအသုံးပြုသည့်အတွက် အားအင် ကုန်ခမ်းကာ သေဆုံးရပေတော့မည်။ ရန်ကိုင်ရောက်လာသည့်နောက်တွင် လူအိုကြီးသည် နောက်သို့တစ်လှမ်းဆုတ်၍ ခဏအနားယူနေလိုက်၏။
ထိုအချင်းအရာကိုမြင်သည့်အခါ ရန်ကိုင်လည်း လူအိုကြီး၏နေရာကို အစားဝင်ယူလိုက်လေသည်။
အစောပိုင်းက နောက်ပြန်တွန်းထုတ်လိုက်သော နတ်ဆိုးချီနှင့်နတ်ဆိုးများသည် အပေါက်ဝတွင် နောက်တစ်ဖန်စုဝေးနေသည်ကိုမြင်သော် ရန်ကိုင့်၏ အမူအယာအေးစက်သွားခဲ့ပြီး သူ့လက်နှစ်ဖက်ကို ရှေ့တည့်တည့်သို့ဆန့်ထုတ်လိုက်၏။
ဟင်းလင်းပြင်စွမ်းအားတို့ ထွက်ပေါ်လာပြီးနောက်တွင် ပိန်းပိန်းပိတ်မဲမှောင်နေသည့် တွင်းပေါက်တစ်ခုသည် အကာအကွယ်အစီအရင်၏အပေါက်ဝအတွင်းတိုင်း စတင် ဖြစ်ပေါ်လာခဲ့လေသည်။
အပေါက်ဝတွင် စုဝေးနေကြသော နတ်ဆိုးချီနှင့် နတ်ဆိုးများမှာ ထိုအနက်ရောင်တွင်းနက်၏စုပ်ယူ ဝါးမြိုခြင်းကို ခံလိုက်ရလေ၏။
ထိုအနက်ရောင်တွင်းပေါက်မှာ အသက်ဆယ်ရှိုက်စာသာ ကြာညောင်းခဲ့သော်ငြား ဆယ်ရှိုက်စာခန့်သည် နတ်ဆိုးချီထဲတွင် ရှိနေသော နတ်ဆိုးများ၏ရင်ထဲ အကြောက်တရား ကိန်းအောင်းသွားအောင် ရိုက်သွင်းပေးလိုက်နိုင်လေသည်။ ခဏတာမျှ မည်သူမျှထပ်ပြီး ရှေ့တက်မလာရဲကြတော့ပေ။