အခန်း (၂၀၈၁-၂၀၈၅)
Vol. 84 Ch. 2081-2085
အပိုင်း (၂၀၈၁)
ရန်ကိုင်တိုက်ခိုက်နေသည်ကိုကြည့်ရင်း လူအိုကြီးမှာ အတော်လေးကိုအံ့အားသင့်နေခဲ့သည်။ နတ်ဆိုးချီ၏ ကျူးကျော်မှုကိုတားဆီးနေသည့်နေ့ရက်အတောအတွင်း ရန်ကိုင်သည် မေပယ်မြို့၏တာအိုသခင်ပညာရှင်အသစ် ဖြစ်ကြောင်းကို သိရှိခဲ့ရသည်။
သို့တိုင် ရန်ကိုင်ဤမျှအားကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ရန်ကိုင်ထုတ်သုံးသွားသည့် ပညာရပ်ဆီမှ ဟင်းလင်းပြင် စွမ်းအင်လှိုင်းတို့ ထွက်ပေါ်နေသည်ကို သူအသေအချာ ခံစားလိုက်ရလေသည်။
ဒီတော့ ရန်ကိုင်သည် လေဟာနယ်စွမ်းအားကို ကျွမ်းကျင်ထားသူ လူတစ်ဦးပေလော။ ရန်ကိုင့်အား သာမန် တာအိုသခင်အဆင့်ကျင့်ကြံသူတစ်ဦးအဖြစ် သတ်မှတ်၍ မရတော့ချေ။
ယခင်ကမူ ရန်ကိုင်သည် ယခုမှသာ အဆင့်တက်ထားသည့် တက်သစ်စတာအိုသခင်အဆင့်ပညာရှင်တစ်ဦးဖြစ်သည်ဟုသာ ယူဆခဲ့သည်။
သို့သော်ငြား ရန်ကိုင်ထုတ်ပြသွားသည့်စွမ်းအားကို မြင်ပြီးနောက် လူအိုကြီးသည် ရန်ကိုင့်အား အမြင်အသစ်ဖြင့် ကြည့်လာခဲ့လေသည်။
ထိုစဉ် အောက်ဘက်ဆီမှ အသံတစ်သံ ထွက်လာခဲ့လေ သည်။ “ဆရာ အစီအရင်ပြန်ပြင်တာနဲ့ပတ်သက်ပြီး ပြဿနာတစ်ခုရှိနေတယ်”
လူအိုကြီးမျက်မှောင်ကြုတ်သွားခဲ့ပြီး အောက်သို့ ငုံ့ကြည့်၍ ချက်ချင်းပြန်အော်ပြောလိုက်လေသည်။ “ဘာပြဿနာလဲ”
“ဒီလို စီနီယာချင်း” ထိုပညာရှင်က ကသိကအောက် အမူအယာဖြင့် အလျင်အမြန်ရှင်းပြလိုက်လေသည်။ “အပေါက်ကိုပြန်ပြင်မယ်ဆိုလို့ရှိရင် ပြန်ပြင်တဲ့နေရာ တစ်ဝိုက်မှာ အားကောင်းတဲ့စွမ်းအင်တွေရှိနေလို့မဖြစ်ဘူး”
“မင်းဘာပြောချင်တာလဲ” လူအိုကြီးမျက်မှောင် ကြုတ်သွားခဲ့သည်။
သူသည် တာအိုသခင်အဆင့်ပညာရှင်တစ်ဦးဖြစ်သော်ငြား အစီအရင်အကြောင်းကိုတော့မသိ။ ထို့ကြောင့် အစီအရင်ပညာရှင်ဘာပြောချင်လို့ ပြောချင်နေမှန်းကို နားမလည်နိုင်ဖြစ်နေခဲ့လေသည်။
“ပြဿနာက ဆရာတို့နှစ်ယောက်က အပေါက်ရှိနေတဲ့ နေရာမှာ အဲ့နတ်ဆိုးတွေကို တိုက်ခိုက်နေတော့ ကျုပ်တို့အနေနဲ့ အစီအရင်ကို ပြန်ပြင်လို့မရဘူးဖြစ်နေတယ်” အစီအရင်ပညာရှင်က မတတ်သာသည့်အမူအယာဖြင့် ပြောလိုက်လေသည်။
“ငါလခွမ်းကွာ.. အသုံးမဝင်လိုက်တာ” လူအိုကြီးက ဒေါသတကြီး ထအော်လေသည်။ “ဒီတော့အစီအရင်ကို ပြန်ပြင်လိုမရတော့ဘူးပေါ့”
လူအိုကြီး၏ဒေါသကိုခံစားမိသော အစီအရင်ပညာရှင်သည် ကြောက်လန့်သွားခဲ့ပြီး ချက်ချင်းပဲပြန်ပြောလေ၏။ “အဲ့လိုတော့မဟုတ်ပါဘူး။ စီနီယာတို့နှစ်ဦးသာ တိုက်ပွဲနေရာကို အခြားတစ်နေရာဆီပြောင်းနိုင်ရင်တော့ ပြင်လို့ရပါတယ်”
“ဘယ်ကိုပြောင်းရမှာလဲ” လူအိုကြီးက ပြန်ပြောလိုက် လေသည်။
အစီအရင်ပညာရှင်က ခပ်ရှက်ရှက်ဖြင့် “ဆရာတို့ နှစ်ယောက် အစီအရင်အပြင်ဘက်ကို သွားပြီးတိုက်ခိုက်မှ ရလိမ့်မယ်။ ဒါပေမယ့်..”
ပြောလို့မပြီးသေးခင်မှာပင် လူအိုကြီးချင်းက ဒေါသတကြီးထအော်လေသည်။ “မင်းကြီးဒေါ် အပြင်ကို သွားရမှာလားဟ။ အဲ့ဒါ ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ ဘာခြားတော့မှာလဲကွ”
မေပယ်မြို့ ယနေ့အချိန်ထိ အကောင်းအတိုင်း ရှိနေရသေးခြင်းမှာ ယမန်နေ့က နတ်ဆိုးချီတိုက်ခိုက်မှုမှာ အတော်လေးအားနည်းသလို အစီအရင်မှာလည်း ထိုတိုက်ခိုက်မှုများကို ခုခံထားနိုင်သည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။
သူသာ အစီအရင်အပြင်သို့ထွက်သွားပြီး နတ်ဆိုးချီနှင့် နတ်ဆိုးများကို တိုက်ခိုက်ရမည်ဆိုပါက နတ်ဆိုးချီများ၏ တိုက်စားခြင်းခံရပြီး တစ်ခဏအတွင်း အသိစိတ်မရှိသည့် နတ်ဆိုးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားရပေလိမ့်မည်။
“စိတ်လျှော့ပါ စီနီယာချင်း။ ဒါ ကျုပ်တို့ရဲ့အရည်အချင်း မလုံလောက်လို့ဖြစ်တာပါ” သူ၏တောင်းဆိုချက်မှာ လုံးဝကို မဖြစ်နိုင်မှန်း အစီအရင်ပညာရှင်လည်း သိနေသည်။
သို့သော်ငြား မေပယ်မြို့ထဲရှိ ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းမှာ သာမန်လောက်သာဖြစ်သဖြင့် အစီအရင်ပညာရှင်များ၏ အရည်အချင်းမှာလည်း ဤမျှလောက်သာဖြစ်သည်မှာ အထူးအဆန်းတော့မဟုတ်ချေ။
“ကျုပ်သွားလိုက်မယ် စီနီယာချင်း” ရန်ကိုင်က ရုတ်တရက်ပြောလိုက်သည်။
“မင်းသွားမှာလား” ထိုစကားကိုကြားသည့်အခါ လူအိုကြီးချင်းသည် ရန်ကိုင့်ဘက်သို့ လှည့်ကြည့်လာလိုက် လေသည်။
ရန်ကိုင်ကပြုံးလျက် “အစီအရင်ပြန်ပြင်ဖို့ဆိုရင် တိုက်ပွဲကွင်းပြင်ကို အခြားတစ်နေရာဆီပြောင်းရမှာဆိုတော့ ဒီနည်းလမ်းကလွဲပြီး အခြားနည်းလမ်းမရှိတော့ဘူး”
လူအိုကြီးက အနည်းငယ်စိုးရိမ်နေသည့်လေသံဖြင့် “မင်းသေချာလို့လား။ ဒီအစီအရင်ထဲကနေထွက်သွားလို့ရှိရင် မင်းရန်သူ့ကွင်းပြင်ထဲ ရောက်သွားမှာနော်။ နတ်ဆိုးချီက အလွယ်တကူခုခံလို့ရတဲ့ဟာတွေမဟုတ်ဘူး။ မတော်တဆ တစ်ခုခုသာဖြစ်သွားခဲ့ရင်”
“ဘာကိုမှ အာမမခံနိုင်ပေမယ့် ကြိုးစားမှပဲသိမှာပေါ့” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ကျုပ်တို့သာ ဒီအစီအရင်ကို ပြန်မပြင်ရင် ကျုပ်တို့အားကုန်သွားတာနဲ့ မေပယ်မြို့ထဲ နတ်ဆိုးချီတွေ နတ်ဆိုးတွေ ဝင်ရောက်လာတော့မှာ။ အဲ့အခါကျရင် ဘာမှတတ်နိုင်တော့မှာမဟုတ်ဘူး”
ရန်ကိုင့်၏စကားကိုကြားသော် အစီအရင်အပြင်သို့ ထွက်သွားရုံကလွဲ၍ အခြားနည်းလမ်းမရှိမှန်း လူအိုကြီး နားလည်သွားခဲ့လေသည်။
ထို့ကြောင့် အံကြိတ်၍ပြောလိုက်၏။ “အဲ့လိုဆိုမှတော့ ငါလည်းမင်းနဲ့လိုက်ခဲ့မယ်။ ဟမ့် ဒီနတ်ဆိုးချီတွေ ဒီလူအိုကြီးရဲ့အသိစိတ်ကို တိုက်စားပစ်နိုင်မလား ကြည့်ရသေးတာပေါ့”
ရန်ကိုင်ကမူ ရယ်ချင်စိတ်ကိုအောင့်အင်းရင်း ပြန်ပြောလိုက်လေသည်။ “စီနီယာချင်းလည်း လိုက်ထွက်မယ်ဆိုရင် အောက်ကလူတွေ ဘယ်လိုလုပ်ပြီး ဒီတစ်နေရာကို ထိန်းထားနိုင်တော့မှာလဲ”
“အဲ့ဒါကတော့..” လူအိုကြီချင်း ဆွံ့အသွားခဲ့လေသည်။
ရန်ကိုင်ကပြန်၍ပြောလိုက်လေ၏။ “ကျုပ် အပြင်ထွက်သွားပြီး တိုက်ခိုက်လိုက်မယ်။ လူအိုကြီးချင်း ဒီမှာပဲနေပြီး စောင့်ကျန်ရစ်ခဲ့လိုက်”
ထိုအခါ လူအိုကြီးချင်းက သက်ပြင်းချလျက် “ဒါဆိုရင်လည်း မင်းသတိထားအုံးနော်။ မင်းအားနည်းလာပြီ ဆိုတာနဲ့ ချက်ချင်းပြန်ဆုတ်လာခဲ့”
ရန်ကိုင်ကခေါင်းငြိမ့်လိုက်လေသည်။
“ဒီကိစ္စသာ အောင်မြင်သွားရင် ငါမင်းအကြောင်းကို မြို့သခင်ဆီ ကျိန်းသေပြန်ပြောပေးမယ်” လူအိုကြီးချင်းက အလျင်အမြန်ပြောလိုက်လေ၏။
ရန်ကိုင်ကမူ ဘာမှပြန်ပြောမနေတော့ဘဲ အပေါက် အပြင်ဘက်သို့သာ ထွက်သွားလေသည်။
ရန်ကိုင်ထွက်သွားသည်နှင့်တစ်ပြိုင်နက် လူအိုကြီးချင်းသည် ရှေ့သို့တက်၍ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေ၏။ “အစီအရင်ကို မင်းတို့ မြန်နိုင်သမျှမြန်မြန် ပြန်ပြင်ပေတော့။ နောက်ဆယ့်ငါးမိနစ်အတွင်းမှ အစီအရင်ကို ပြန်မပြင်နိုင်ဘူး ဆိုရင် မင်းတို့အကုန်လုံးကို အစီအရင်အပြင်ဘက်ကို ငါလွှင့်ပစ်မယ်”
ထိုစကားကိုကြားသည့်အခါ အစီအရင်ပညာရှင်များ၏ မျက်နှာမဲ့သွားခဲ့လေသည်။ မည်သို့ပင်ဖြစ်နေစေကာမူ ပြန်မပြောရဲသဖြင့် အစီအရင်ကိုသာ အလျင်အမြန် ပြန်ပြင်ရတော့လေ၏။
အစီအရင်ထဲမှအပြင်သို့ ထွက်လာလိုက်သည်နှင့် တစ်ပြိုင်နက် ကမ္ဘာသစ်တစ်ခုသို့ ရောက်လာလိုက်သလို ရန်ကိုင်ခံစားလိုက်ရလေသည်။
ပတ်ပတ်လည်ကမ္ဘာကြီးတစ်ခုလုံးသည် အလင်းရောင် မရှိဘဲ အမှောင်ထုနှင့်သာပြည့်နှက်နေခဲ့သည်။ ပိန်းပိန်းပိတ် မဲမှောင်နေသော အနက်ရောင်ချီတို့သည် သူခန္ဓာကိုယ် တစ်ဝိုက်ဖြတ်သန်းနေ၏။ သူခန္ဓာကိုယ်တစ်ဝိုက်တွင် ဖြတ်သန်းသွားလာနေသော အနက်ရောင်ချီတို့သည် ကြောက်မက်ဖွယ်ရာအဖျက်စွမ်းအားတို့ကို ပိုင်ဆိုင်ထားပြီး နက်နဲဆန်းကြယ်သောစွမ်းအားအချို့ကိုလည်း ထပ်မံ ပိုင်ဆိုင်ထားသည့်ပုံပင်။
အပြင်သို့ရောက်လာလိုက်သည်နှင့်တစ်ပြိုင်နက် နတ်ဆိုးချီနှင့်နတ်ဆိုးတို့သည် ငါးနံ့ရလိုက်သည့် ကြောင်တစ်ကောင်နှယ် ရန်ကိုင့်ဆီသို့ တိုးဝင်လာကြလေသည်။
ချက်ချင်းဆိုသလို လူအိုကြီးရှိနေသည့် အပေါက်ဝမှာ ယခင်ကကဲ့သို့ နတ်ဆိုးချီ၊ နတ်ဆိုးတို့ဖြင့် ပြုံနေခြင်း မရှိတော့ချေ။
ထိုအချင်းအရာကိုမြင်သည့်အခါ လူအိုကြီးချင်း၏စိတ်ထဲ ဝမ်းလည်းဝမ်းသာမိသွားသလို စိုးလည်းစိုးရိမ်မိသွားခဲ့လေ သည်။
ဝမ်းသာသွားရခြင်းမှာ အစီအရင်ပညာရှင်များအနေဖြင့် အစီအရင်အား စိတ်အေးအေးဖြင့် ပြန်ပြင်နိုင်တော့မည့် အတွက်ကြောင့်ဖြစ်သလို စိုးရိမ်သွားရခြင်းမှာလည်း ရန်ကိုင့်၏အခြေအနေကြောင့်ပင်ဖြစ်လေသည်။
ရန်ကိုင်သာ တစ်ခုခုဖြစ်သွားမည်ဆိုပါက အစီအရင်အား ပြန်ပြင်နိုင်တော့လိမ့်မည်မဟုတ်သလို တောင်ဘက်ခြမ်း တစ်ခုလုံးလည်း ဒုက္ခရောက်ရပေလိမ့်မည်။
ထိုသို့သာဖြစ်သွားလျှင် မေပယ်မြို့၏အခြေအနေမှာ စိုးရိမ်စရာဖြစ်လာရပေလိမ့်မည်။
လူအိုကြီးချင်း စိုးရိမ်တကြီးစောင့်ဆိုင်းနေစဉ်မှာပင် အလင်းတန်းအချို့သည် ခပ်လှမ်းလှမ်းမှသူ့ဆီသို့ ပျံသန်းလာခဲ့လေ၏။
မကြာမီ ထိုအလင်းတန်းတို့ပျောက်ကွယ်သွားပြီးနောက် လူအချို့ပေါ်လာခဲ့လေသည်။
“ယုအာ ဘာလို့ရောက်လာတာလဲ” လူအုပ်ကြားထဲ ရပ်နေသော ပိန်သွယ်သွယ်ကောင်မလေးကိုမြင်သော် လူအိုကြီးချင်း၏အမူအယာ အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ လေသည်။ “ဒီမှာအန္တရာယ်များတယ်။ မြန်မြန်ပြန်သွား”
ပိန်သွယ်သွယ်မိန်းကလေးမှာ ရန်ကိုင်ယခင်က တွေ့ခဲ့ဖူးသည့် ချင်းယုသာဖြစ်လေသည်။
ထို့အပြင် မေပယ်မြို့ထဲ၌ မျိုးရိုးနာမည်ချင်းနှင့် တာအိုသခင်အဆင့်ပညာရှင်ဆို၍ ချင်းမိသားစု၏ဘိုးဘေး ဖြစ်သော ချင်းကျောင်းရန် တစ်ဦးသာရှိပေသည်။
သို့တိုင် ချင်းယုမှာတော့ ပြန်မသွားခဲ့ဘဲ ပြန်၍သာ ပြောလိုက်လေ၏။ “ဒီမှာအရေးကြီးနေတယ်ဆိုတဲ့ သတင်းတွေကြားလို့ လာခဲ့တာ”
ပြောနေရင်း ချင်းယုသည် သူမပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်လေသည်။
သို့တိုင် သတင်းကြားထားသကဲ့သို့ မည်သည့်အန္တရာယ်မှ ရှိမနေဘဲ အဆင်ပြေပြေနှင့်သာရှိနေကြောင်း တွေ့ရှိလိုက်ရသည်။
အစီအရင်အပေါက်ဖြစ်နေသည်မှလွဲ၍ နတ်ဆိုးသားရဲ တစ်ကောင်ပင် ရှိမနေခဲ့ပေ။ အစီအရင်အပြင်ဘက်ရှိ နတ်ဆိုးချီနှင့်နတ်ဆိုးတို့မှာ အစီအရင်ပေါ်ရှိအပေါက်အား လစ်လျူရှုထားပြီး မြို့ပြင်ဘက်ရှိတစ်နေရာဆီသို့သာ စုပြုံတိုးဝင်သွားနေကြလေသည်။
“အဲ့ဒီနေရာမှာက..” ချင်းယုသည် မျက်မှောင်ကြီး ကြုတ်လျက် “ဘာတွေဖြစ်နေတာလဲ”
ချင်းကျောင်းရန်က သက်ပြင်းချလျက် “လူငယ်လေး တစ်ဦးက နတ်ဆိုးချီနဲ့ နတ်ဆိုးတွေကို အာရုံဆွဲထားဖို့ဆိုပြီး အပြင်ကိုထွက်သွားလိုက်တာ။ အဲ့ဒါကြောင့်သာမဟုတ်ရင် ဒီနေရာ အခုလိုမျိုး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ရှိနေမှာမဟုတ်ဘူး”
“အပြင်ကိုထွက်သွားတာလား” ချင်းမိသားစုဝင်များ အားလုံး အံ့အားသင့်ကုန်ကြလေသည်။
သူတို့အနေဖြင့် နတ်ဆိုးချီမည်မျှကြောက်မက်ဖွယ် ကောင်းသလဲဆိုသည်ကို ကိုယ်တိုင်ကိုယ်ကျ မကြုံရသေးသော်ငြား လက်ရှိမြင်နေရသည့် မြင်ကွင်းကသည်ပင်လျှင် သူတို့ကိုယ်ပေါ်ရှိ အမွှေးအမျှင် အားလုံးကို ထောင်တက်သွားအောင် လုပ်နိုင်ပေသည်။
မြင်ရုံနှင့်ပင်လျှင် ကြောက်လန့်နေပြီဖြစ်လေရာ မည်ကဲ့သို့များ အပြင်သို့ ထွက်သွားရဲအုံးမည်နည်း။
ချင်းမိသားစုဝင်များ၏စိတ်ထဲ ထိုအပြင်သို့ထွက်သွားသည့် လူအပေါ် အတော်လေးလေးစားမိသွားခဲ့ကြလေသည်။
“ယုအာ ပြောရရင် သမီးလည်းရောက်လာပြီဆိုတော့ ဒီနေရာကအခြေအနေတွေကို တစ်ချက်စောင့်ကြည့်ပေးထားအုံး” ရုတ်တရက် ချင်းကျောင်းရန်သည် တစ်ခုခုအား သတိရလိုက်သည့်အလား ချင်းယုအား လှမ်းပြောလိုက်လေ သည်။
“ရတယ်လေ” ချင်းယုသည် ခေါင်းငြိမ့်လိုက်ပြီး မျက်လုံးပိတ်လိုက်၏။ ထို့နောက် မျက်လုံးပြန်ဖွင့်လိုက်သည့် အချိန်တွင် သူမမျက်လုံးများမှာ ငွေရောင်တလက်လက် တောက်ပနေခဲ့လေ၏။
ငွေရောင်စီးကြောင်းများဖြင့် တလက်လက် တောက်ပနေသော သူမ၏မျက်လုံးများဆီမှ ဆန်းကြယ်သည့် စွမ်းအားတစ်ရပ် ထွက်ပေါ်လာပြီး သူမရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်အား ထိုးဖောက်သွားခဲ့လေသည်။
သူမ၏ခန္ဓာကိုယ်အား ထိခိုက်အောင်လုပ်နေသော ရောဂါကြောင့် ချင်းယုမှာ သာမန်လူများကဲ့သို့ ကောင်းကောင်းမွန်မွန်မနေနိုင်ပေ။
ထို့အပြင် ဒီလျှို့ဝှက်ပညာရပ်ကို ထုတ်သုံးရသည်မှာ သူမခန္ဓာကိုယ်အတွက် အလွန်ကိုမှဝန်ပိပေသည်။ ထိုပညာရပ်ကို ထုတ်သုံးလိုက်သည်နှင့် သူမ၏နဖူးထက် ချွေးသီးများဝေ့သီလာပြီး ဖြူဖတ်ဖြူလျော်ဖြစ်နေသော သူမမျက်နှာမှာ ပိုပို၍ဖြူလျော်လာခဲ့လေသည်။
“အခြေအနေဘယ်လိုလဲ”
“ဟန်” ဟင်းလင်းပြင်ထဲဖောက်ကြည့်ပြီးမကြာခင်မှာပင် ချင်းယုအော်ညည်းမိလိုက်လေ၏။
ထို့နောက် သူမ၏မျက်နှာထက် ဝမ်းသာအားရရိပ်နှင့် အံ့အားသင့်ရိပ်တို့ ထွက်ပေါ်လာခဲ့သည်။ “သူလား”
ထိုစကားကိုပြောပြီးပြီးချင်းမှာပင် ချင်းယု၏ခန္ဓာကိုယ် တုန်ရီသွားခဲ့ပြီး ချက်ချင်းမျက်လုံးကိုပိတ်ချလိုက်လေသည်။
ခဏကြာအပြင်ဘက်သို့ရောက်လာသည့် ငါးတစ်ကောင်နှယ် အသက်ကိုအမောတကြီးရှူတော့၏။
ထိုအချင်းအရာကိုမြင်သည့်အခါ ချင်းကျောင်းရန်၏ မျက်နှာထက် ကြောက်လန့်ရိပ်တို့ဖြတ်ပြေးသွားလေ၏။ ချက်ချင်းပဲ ချင်းယုခန္ဓာကိုယ်ပေါ်ရှိ အချက်အခြာနေရာများကို လက်ဟန်တို့ဖြင့်ဖိချလိုက်လေ၏။
တစ်ချိန်တည်းတွင် သိုလှောင်လက်စွပ်ထဲမှ ဆေးတစ်လုံးကိုထုတ်ကာ ချင်းယုပါးစပ်ထဲသို့ ထည့်ပေးလိုက်လေသည်။ ထို့နောက် ချင်းယုအား ထိုင်ချစေလိုက်ပြီး အသက်ကို ဖြေးဖြေးချင်း ရှူသွင်းစေလိုက်သည်။
ခဏအကြာတွင် ချင်းယုမျက်လုံးပြန်ပွင့်လာခဲ့ပြီး ချင်းကျောင်းရန်အားကြည့်ကာ ပြောလိုက်လေသည်။ “ဘိုးဘေး အဲ့လူရဲ့မျိုးရိုးနာမည်က ရန်လား”
“သမီးသူ့ကိုသိတာလား” ချင်းယု၏အမူအယာကို မြင်ပြီးနောက် ချင်းကျောင်းရန် အံ့အားသင့်သွားခဲ့လေသည်။
“တစ်ကယ်ကြီး သူပဲ” ချင်းယုကပြုံးလျက် လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်လေသည်။ “ဘိုးဘေး လွန်ခဲ့တဲ့တစ်ကြိမ် ယုအာပြန်လာတုန်းက လူတစ်ယောက်ကို လိုက်ရှာခိုင်းဖို့ပြောတာမှတ်မိသေးလား”
“အင်း မှတ်မိတယ်” ချင်းကျောင်းရန်ကခေါင်းငြိမ့်၍ ပြန်မေးလိုက်လေသည်။ “သမီးပြောချင်တာက သမီးလိုက်ရှာခိုင်းတဲ့လူက သူလား”
“ဟုတ်တယ်” ချင်းယုက ခေါင်းငြိမ့်၍ “ဘိုးဘေး အဲ့လူက တစ်ကယ်အံ့ဩဖို့ကောင်းတာနော်။ ဖြစ်နိုင်ရင် သူ့ကို ကျွန်မတို့ဘက်ဆွဲခေါ်ထားတာ အကောင်းဆုံးပဲ။ ချင်းမိသားစုထဲမှာခေါ်ထားမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့”
“သူတစ်ကယ်ကိုထူးခြားမှန်း ဒီလူအိုကြီးပြောနိုင်တယ်” ထိုစကားကိုကြားသည့်အခါ ချင်းကျောင်းရန် ခါးသက်စွာ ပြုံးလိုက်လေသည်။ သာမန်ကျင့်ကြံသူတစ်ဦးသာဆိုလျှင် မည်ကဲ့သို့များ မြို့ပြင်ဘက်သို့တစ်ယောက်တည်း ထွက်သွားရဲမည်နည်း။ “ဒါနဲ့ သမီးသူ့ကို ဘယ်လိုသိတာလဲ”
ချင်းယုကရှင်းပြလိုက်သည်။ “တာအိုသခင်အဆင့်ကို တက်နေတုန်းက သမီးသူ့ကို ခပ်လှမ်းလှမ်းကနေ စောင့်ကြည့်နေတာလေ။ သူအဆင့်တက်တုန်းက ထွက်ပေါ်လာတဲ့မိုးမြေကောင်းချီးက အရမ်းအရမ်းကို ကြောက်ဖို့ကောင်းလွန်းအားကြီးတယ်။ သူ့နေရာမှာ သာမန်တာအိုသခင်အဆင့်ကျင့်ကြံသူတစ်ဦးသာဆိုရင် အဲ့မိုးမြေကောင်းချီးကို ဘယ်လိုမှကျော်ဖြတ်နိုင်မှာမဟုတ်ဘူး။ သူအဆင့်တက်နေတုန်းမှာလည်း တစ္ဆေလက် ရှန်တုတို့နဲ့ တွေ့ခဲ့သေးတယ်။ အဲ့ဒါတောင် ဘာဒဏ်ရာမှမရဘဲနဲ့ တစ္ဆေလက် ရှန်တုတို့အဖွဲ့ကိုတောင် ပြန်ဒဏ်ရာရသွားအောင် လုပ်လိုက်နိုင်သေးတယ်”
“ဘယ်လို” ချင်းကျောင်းရန် အံ့အားသင့်တကြီး ထအော်လေသည်။ “သမီးတစ်ကယ်ပြောနေတာလား”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၈၂)
တစ္ဆေလက် ရှန်တုကဲ့သို့သော နာမည်ဆိုးဖြင့် ကျော်ကြားသည့် လူတစ်ဦးအား ချင်းကျောင်းရန်မသိဘဲ ဘယ်နေမည်နည်း။
မေပယ်မြို့ထဲတွင် နှစ်ပေါင်းများစွာနေလာသည့် တာအိုသခင်အဆင့်ပညာရှင်တစ်ဦးဖြစ်သည်နှင့်အညီ ရှန်တုနှင့်အကြိမ်ပေါင်းများစွာတွေ့ခဲ့ဖူးပြီး နှစ်ကြိမ်တိုင်တိုင်ပင် တိုက်ခိုက်ခဲ့ဖူးသည်။
ရှန်တု၏လုပ်ရပ်အပေါ် အထင်အမြင်သေးမိသော်ငြား ရှန်တုကိုယ်တိုင်သည် သူနှင့်အဆင့်တူကျင့်ကြံသူတစ်ဦး ဖြစ်သည်ဆိုသောအချက်ကိုတော့ လက်ခံရပေလိမ့်မည်။
ရှန်တုနှင့်တိုက်ခိုက်စဉ်က တစ်ဖက်လူအား အပေါ်စီးမှ ဖိ၍မတိုက်ခိုက်နိုင်ခဲ့ဘဲ လက်ရည်တူလောက်သာ တိုက်ခိုက်နိုင်ခဲ့သည်။ အချိန်တိုင်းတွင် ရှန်တု ထွက်ပြေးသွားသည်ကိုလည်း မတားဆီးနိုင်ခဲ့ပေ။
သို့သော်ငြား ချင်းယုပြောပုံအရဆိုလျှင် ရန်ကိုင်သည် သူအဆင့်တက်နေသည့်အချိန်အတောအတွင်း ရှန်တုအား ဆိုးဆိုးရွားရွားဒဏ်ရာရသွားအောင် လုပ်နိုင်ခဲ့သည့်ပုံပင်။
တစ်နည်းဆိုရသော် ထိုစဉ်က ရန်ကိုင်သည် တာအိုသခင်အဆင့်သို့ မရောက်သေးဘဲ တန်ခိုးရှင်ဘုရင် တတိယအဆင့်တွင်သာ ရှိနေပေသေးသည်။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် ရှန်တုအား ဒဏ်ရာရသွားလောက်အောင် လုပ်နိုင်သည့်ခွန်အားမျိုးမှာ မည်ကဲ့သို့သောခွန်အားမျိုးဖြစ်မည်နည်း။
ဆိုလိုသည်မှာ ထိုစဉ်ကတည်းက ရန်ကိုင်သည် သူ့ထက်ပင်ပို၍အားကောင်းနေသည်ဟု ပြောလိုက်ခြင်းပေလော။
ယခု ရန်ကိုင်သည် တာအိုသခင်အဆင့်သို့ရောက်လာသလို သူ့ကျင့်ကြံခြင်းမှာလည်း နောက်တစ်ဆင့်သို့မြင့်တက်လာပြီ ဖြစ်သည့်အတွက် သူ့ခွန်အားမှာ အနည်းဆုံးနှစ်ဆမက မြင့်မားလာပေလိမ့်မည်။
ထိုအချက်ကို စဉ်းစားမိလိုက်သော် ချင်းကျောင်းရန် အသက်ရှူနှုန်းမြန်လာခဲ့လေသည်။
အစောပိုင်းက ရန်ကိုင်၏ခွန်အားအပေါ် အံ့အားသင့်မိခဲ့သော်ငြား ယခုမှသာလျှင် ရန်ကိုင့်အပေါ် အထင်သေးမိနေသေးမှန်း နားလည်သွားခဲ့သည်။
“အဲ့ဒါဆို ရှန်တုဘာဖြစ်သွားလဲ” ချင်းကျောင်းရန်က မေးလိုက်သည်။
ရှန်တုနှင့်ချင်းမိသားစုအကြား ရန်ကြွေးအချို့ရှိပေသည်။ ရှန်တုဒဏ်ရာရနေစဉ်အတောအတွင်း သူတို့ချင်းမိသားစုသာ လိုက်သတ်နိုင်မည်ဆိုလျှင် ပြဿနာအရပ်ရပ်ကို အမြစ်ပြတ် ရှင်းထုတ်နိုင်ပေလိမ့်မည်။
ထိုစကားကိုကြားသည့်အခါ ချင်းယုက ခါးသက်စွာ ပြုံးလျက် “အဲ့အကြောင်းကို အခုပဲပြောတော့မလို့။ အခု ရှန်တုသေသွားပြီ”
“သေသွားပြီ” ချင်းကျောင်းရန် မျက်လုံးမှေးစင်းသွားခဲ့ လေသည်။ “သူဒဏ်ရာရသွားတယ်လို့ပဲ နင်ပြောလိုက်တာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး သေသွားရတာလဲ”
“အဲ့ဆရာအဆင့်တက်နေတဲ့အချိန်အတောအတွင်းမှာ သူ့ကိုကာကွယ်ပေးနေတဲ့ အခြားတာအိုသခင်အဆင့် ပညာရှင်တစ်ဦးရှိသေးတယ်။ ရှန်တုဒဏ်ရာရသွားပြီး ထွက်ပြေးမလို့လုပ်နေတုန်း အဲ့တာအိုသခင်အဆင့်ပညာရှင်က သတ်လိုက်တာ။ တစ်ချက်တည်းပဲနော်။ ဒါပေမယ့် အဲ့ဆရာကို ကာကွယ်ပေးနေတဲ့သူက ဘယ်သူလဲဆိုတာတော့ သမီးမတွေ့လိုက်ရဘူး”
“ဟမ်..” ချင်းကျောင်းရန် စိတ်လှုပ်ရှားလာခဲ့လေသည်။ “နင်ပြောချင်တာက ဒီညီလေးရန်ကို ကာကွယ်ပေးနေတဲ့ ပညာရှင်တစ်ဦးရှိနေသေးတယ်ပေါ့”
ချင်းယုက ခေါင်းငြိမ့်၍ စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောလိုက်သည်။ “ဟုတ်တယ် ဘိုးဘေး။ သူက လေလွင့်ကျင့်ကြံသူတစ်ဦးဆိုတော့ သမီးတို့သာသူ့ကို ချင်းမိသားစုထဲဆွဲခေါ်နိုင်မယ်ဆိုရင် ချင်းမိသားစုရဲ့ ခွန်အားကို ကျိန်းသေမြှင့်တင်နိုင်လိမ့်မယ်။ ပြီးတော့ သူ့နောက်ကွယ်မှာ အခြားအားကောင်းတဲ့ပညာရှင်တစ်ဦး ထပ်ရှိနေသေးတာဆိုတော့ ကျွန်မတို့ချင်းမိသားစုသာ သူနဲ့ ဆက်ဆံရေးကောင်းတစ်ခုထူထောင်နိုင်ရင် ကျိန်းသေကို အကျိုးအမြတ်ရမှာ”
ထိုစကားကိုကြားသည့်အခါ ချင်းကျောင်းရန်၏ မျက်လုံးများ တဖျတ်ဖျတ်တောက်ပလာခဲ့လေသည်။ “သမီးဘာပြောချင်နေလဲ ငါနားလည်ပြီ။ ဒါပေမယ့် အဲ့ကိစ္စက ဒီအန္တရာယ်တွေရှင်းသွားတော့မှ ဆက်လုပ်လို့ ရမယ်”
“ပြောတာနားလည်ပါတယ်။ ဒါပေမယ့် အဲ့ဆရာကို သွားရန်မစမိအောင်လည်း သတိထားဦး” ချင်းယုသည် သူမ၏ဘိုးဘေးအား အလေးအနက်လေသံဖြင့် သတိပေးလိုက်လေသည်။
ထို့နောက်အလျင်အမြန်ဆက်၍ ပြောလိုက်၏။ “အခန့်မသင့်ရင် ကျွန်မတို့ချင်းမိသားစု ပြန်လည် ဦးမော့လာနိုင်ဖို့က သူ့ကိုတောင် မူတည်ရင် မူတည်နေမှာ”
ထိုစကားကိုကြားသော် ချင်းကျောင်းရန်၏မျက်နှာ အနည်းငယ်တုန်ရီသွားခဲ့ပြီး ချက်ချင်းပဲပြန်ပြောလိုက်လေ၏။ “တစ်ခုခုမြင်လိုက်လို့လား ယုအာ”
ချင်းယုကခေါင်းခါလျက် “သမီးရဲ့ ကောင်းကင်ကံကြမ္မာ မျက်လုံးက သူ့အနာဂါတ်က အရမ်းကြောက်ဖို့ကောင်းတယ် ဆိုတာကိုပဲ မြင်ရတာ။ အခြားဘာကိုမှ မြင်ရတာမဟုတ်ဘူး။ ရှင်းရှင်းပြောရရင် သူ့အနာဂါတ်က ဒီမေပယ်မြို့ထဲမှာပဲ ရှိနေတာမဟုတ်ဘူး”
ထိုစကားကိုကြားသည့်အခါ ချင်းကျောင်းရန်၏ အမူအယာပြောင်းလဲသွားခဲ့လေသည်။ “သမီးစကားကို ကြားတော့ ပိုပိုသေချာသွားပြီ”
ပြောပြီးသည့်နောက်တွင် နှစ်ဦးသား မြို့ပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သို့သော် ဘာကိုမှမမြင်နိုင်ခဲ့ဘဲ အမှောင်ထုကိုသာမြင်လိုက်ရလေသည်။
သူတို့သတိထားမိသည့်အချက်ဆို၍ တစ်နေရာဆီသို့ ဦးတည်စုပြုံသွားနေသော နတ်ဆိုးချီများသာဖြစ်သည်။ ထိုပိန်းပိန်းပိတ်မဲမှောင်နေသော နတ်ဆိုးချီများထဲ လူတစ်ဦးအား ကြောက်သွေးဖြန်းဖြန်းထအောင် လုပ်နိုင်သော နတ်ဆိုးသားရဲများ၏ အမျိုးမျိုးသော အော်ဟစ်သံများ အဆက်မပြတ်ထွက်ပေါ်နေခဲ့လေသည်။
“အဲ့ကောင်ကြီးတွေ ဘယ်ကနေများ ရောက်လာနိုင်တာလဲ မသိဘူး” မြို့ပြင်ဘက်တွင်ရှိနေသော ရန်ကိုင်သည် မျက်မှောင်ကြီးကြုတ်နေခဲ့လေသည်။
မြို့အပြင်ဘက်သို့ ထွက်မလာစဉ်က ဤအရာကို သတိမပြုမိခဲ့။ သို့သော်ငြား အပြင်သို့ရောက်လာပြီးသည့်နောက် နတ်ဆိုးချီများထဲ ကိန်းအောင်နေသော အဆုံးမဲ့အောင် များပြားလှသည့် နတ်ဆိုးသားရဲများကို သတိပြုမိသွားခဲ့လေသည်။
ထို့အပြင် သူအပြင်သို့ ရောက်လာလိုက်သည့်နှင့် တစ်ပြိုင်နက် အမှောင်ထုထဲရှိအလင်းစတစ်ခုနှယ် မရေအတွက်နိုင်သော နတ်ဆိုးသားရဲများသည် သူ့ဆီသို့ စုပြုံတိုးဝင်လာပြီး တိုက်ခိုက်ကြလေ၏။
ရန်ကိုင်၏နိယာမစွမ်းအားများအောက်တွင် ပတ်ဝန်းကျင် ဟင်းလင်းပြင်မှာ အလွန်ကိုမှ စေးပျစ်လာခဲ့လေသည်။
နတ်ဆိုးသားရဲများ၏ကျင့်ကြံခြင်း မည်မျှပင် မြင့်မားနေစေကာမူ ရန်ကိုင်နှင့်မီတာနှစ်ဆယ်အတွင်းသို့ ရောက်သည်နှင့်တစ်ပြိုင်နက် လုံးဝကို လှုပ်ရှားမရတော့ပေ။
အရောင်တလက်လက်တောက်ပနေသော ရွှေရောင် သွေးမျှင်တို့သည် ထိုလှုပ်ရှားမရဖြစ်နေသော နတ်ဆိုးသားရဲ များအား အပိုင်းပိုင်းဖြစ်အောင် ဖြတ်တောက်ပစ်လေ၏။
ရန်ကိုင်မည်ကဲ့သို့ပင် ကြောက်မက်ဖွယ်ရာစွမ်းအားကို ထုတ်ပြနေပါစေ နတ်ဆိုးသားရဲများမှာ အသိစိတ်မရှိသည့် အရိုင်းအစိုင်းများနှယ် သူ့ဆီသို့ အဆက်မပြတ် တိုးဝင်လာနေသေး၏။
ခဏကြာပြီးသည့်နောက်တွင် ရန်ကိုင့်ခြေထောက် အောက်၌ အလောင်းများ တောင်နှယ်ပုံထပ်လာခဲ့လေသည်။ သူ့ခန္ဓာကိုယ်အား နတ်ဆိုးချီဖြင့်တိုက်စားခြင်း မခံရစေရန် အတွက် အရင်းအမြစ်ချီဖြင့် ကာကွယ်ထားခဲ့သော်ငြား ပတ်ပတ်လည်မှထွက်ပေါ်နေသည့် တရှဲရှဲမြည်သံများကို ကြားရုံဖြင့် ဤနတ်ဆိုးချီမည်မျှတိုက်စားနိုင်စွမ်း ပြင်းထန်ကြောင်းကို ရန်ကိုင်ပြောနိုင်ပေသည်။
ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် ရန်ကိုင့်အနေဖြင့် အတော်ကိုမှ ဝန်ပိရပေလိမ့်မည်။
“ထွက်လာခဲ့” ခဏကြာအောင် တိုက်ခိုက်နေပြီးသည့် နောက်တွင် ရန်ကိုင်သည် အင်းစက်ဘုရင်မနှင့် မီးတောက်ပြာမိုးကြိုးဝံပုလွေတို့ကို ဆင့်ခေါ်လိုက်လေသည်။
ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သွေးသားရဲ နှစ်ကောင်သည် ရန်ကိုင်နှင့်ပူးပေါင်းကာ တိုက်ခိုက်ကြတော့ သည်။
အင်းစက်ဘုရင်မ၏ အမွှာဓားနှစ်ချောင်းဆီမှ ဓားရောင် တလက်လက်တောင်ပလာခဲ့ပြီး အေးစက်စက်ရေခဲစက်ကွင်း တစ်ခုလည်း ဖြန့်ကျတ်ပေါက်ကွဲထွက်လာခဲ့လေသည်။
ချက်ချင်းဆိုသလို မီတာတစ်ထောင်ပတ်လည်လုံး ရေခဲစက်ကွင်း၏လွှမ်းခြုံခြင်း ခံလိုက်ရလေ၏။ နှင်းပွင့်နှင်းစတို့သည် ကောင်းကင်ထက်မှ တဖြေးဖြေး ကြွေကျလာခဲ့လေသည်။
ထိုနှင်းပွင့်များ၏ ထိမှန်ခြင်းခံလိုက်ရသည့် မွန်းစတား သားရဲများမှာ အပိုင်းပိုင်းပြတ်တောက်ကုန်ကြရလေ၏။
မိုးကြိုးပြာမီးတောက်ဝံပုလွေမှာလည်း မီးဘောလုံးများနှင့် လျှပ်စီးတန်းများကိုအဆက်မပြတ်ပစ်လွှတ်နေလေ၏။ ၎င်း၏တိုက်ခိုက်မှုများမှာ အင်းစက်ဘုရင်မနှင့် မယှဉ်နိုင်သော်ငြား သူ့နည်းသူ့ဟန်နှင့်တော့ အတော်လေးကို အားကောင်းနေပေသေးသည်။
သူ့အား စောင့်ကြည့်နေမည့်သူတစ်ဦးတစ်ယောက်မှ မရှိတော့သည့်အတွက် ရန်ကိုင်သည် သူ့စွမ်းအင်များကို စိတ်ကြိုက်ထုတ်သုံးနေလေတော့သည်။
သူ့ခန္ဓာကိုယ်ပတ်လည်အား ဟင်းလင်းပြင်စွမ်းအားတို့ဖြင့် ဝန်းရံစေလျက် အမျိုးမျိုးသော လေဟာနယ်နည်းစနစ်များကို ထုတ်သုံးတော့လေ၏။
သွေးသားရဲနှစ်ကောင်ပါရှိနေသည့်အတွက်ကြောင့် နတ်ဆိုးသားရဲများမှာ မရေအတွက်နိုင်လောက်အောင်ကို များပြားနေသည့်တိုင် ရန်ကိုင်နှင့်ဆယ်မီတာအကွာထိသို့ပင် ကပ်မလာနိုင်ခဲ့ပေ။
ကံကောင်းစွာဖြင့် မေပယ်မြို့အနီးတစ်ဝိုက်ရှိ ကျင့်ကြံသူများ၏ကျင့်ကြံခြင်းမှာ အတော်လေး နိမ့်ကျနေခြင်းပင်။
နတ်ဆိုးချီ၏ကူးစက်ခြင်းခံလိုက်ရပြီးသည့်နောက် သူတို့၏ခွန်အားမှာ မြင့်တက်လာသည့်တိုင် သိသိသာသာ မြင့်မားလာခဲ့ခြင်းမရှိပေ။
ထို့ကြောင့်သာမဟုတ်လျှင် ရန်ကိုင့်အနေဖြင့် ဤမျှ များပြားလှသော နတ်ဆိုးသားရဲများအား အလွယ်တကူ သတ်ဖြတ်နိုင်လိမ့်မည်မဟုတ်ပေ။
ခဏကြာမျှတိုက်ခိုက်လာပြီးသည့်နောက်တွင် ရန်ကိုင်လည်း တိုက်ခိုက်ချင်စိတ်ပြင်းပြလာခဲ့လေသည်။ သူ့ခွန်အားကို နည်းနည်းလေးမှထိန်ချန်မနေတော့ဘဲ လဓားသွားများကို တစ်ခုပြီးတစ်ခု အဘက်ဘက်သို့ ပစ်လွှတ်တော့လေ၏။
ထိုစဉ် အင်းစက်ဘုရင်မသည် တစ်စုံတစ်ခုအား အာရုံခံမိလိုက်သည့်အလား သူမ၏ရေခဲဓားသွားများကို တစ်ခုသောနေရာဆီသို့ ပစ်လွှတ်လိုက်လေ၏။
ရန်ကိုင်တို့အနီးသို့ တိတ်တဆိတ်ချဉ်းကပ်လာနေသော တစ္ဆေသရဲကဲ့သို့ ပုံရိပ်တစ်ခုသည် အင်းစက်ဘုရင်မ၏ ဓားသွားချက်ကြောင့် ကိုယ်ထင်ပြလာရလေတော့သည်။
ဤနတ်ဆိုးသားရဲမှာ အခြားသောနတ်ဆိုးသားရဲများနှင့် အနည်းငယ်ကွာခြားနေခဲ့သည်။ ၎င်းဆီမှထွက်ပေါ်နေသည့် မိစ္ဆာဆန်ဆန်အရှိန်အဝါမှာ ပိုမိုပြင်းထန်ပြီး ခန္ဓာကိုယ်မှာလည်း အခြားနတ်ဆိုးသားရဲများထက်ကို ပိုကြီးပေသည်။
ထို့အပြင် ထိုနတ်ဆိုးသားရဲသည် လျှို့ဝှက်နည်းစနစ် တစ်ခုခုကို ထုတ်သုံးထားသည့်အလား အနီးအနားရှိ နတ်ဆိုးချီများကိုသုံးကာ ရန်ကိုင်၏နယ်ပယ်စက်ကွင်းမှ ပုန်းကွယ်နေခဲ့၏။
အင်းစက်ဘုရင်မကြောင့်သာမဟုတ်လျှင် ထိုနတ်ဆိုးသားရဲ သူ့အနားသို့ ရောက်လာသည်ကိုပင် ရန်ကိုင်သတိထားမိလိမ့်မည်မဟုတ်ပေ။
“ကျန်းမိသားစုဝင်တစ်ဦးလား” ရန်ကိုင်ကလည်း နှေးမနေခဲ့ဘဲ အင်းစက်ဘုရင်မလှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် အင်းစက်ဘုရင်မတိုက်ခိုက်လိုက်သည့်ဘက်သို့ ချက်ချင်းလှည့်ကြည့်လိုက်သည်။
တစ်ဖက်ပုံရိပ်အားမြင်သော် တစ်ဖက်နတ်ဆိုးသားရဲမှာ ကျန်းမိသားစုဝင်အကြီးအကဲတစ်ဦးဖြစ်ကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရလေသည်။ သို့သော်ငြား တစ်ဖက်လူ၏နာမည်ကိုတော့ ရန်ကိုင်မသိပေ။
ကျန်းမိသားစုဝင်အကြီးအကဲ၏ကျင့်ကြံခြင်းမှာ ယခင်က တန်ခိုးရှင်ဘုရင်တတိယအဆင့်သာ ဖြစ်ခဲ့သော်ငြား နတ်ဆိုးချီ၏ကူးစက်ခြင်းခံလိုက်ရပြီးသည့်နောက်တွင် ၎င်း၏ကျင့်ကြံခြင်းမှာ တာအိုသခင်အဆင့်နီးပါးသို့ ရောက်ရှိလာခဲ့လေသည်။
သို့သော်ငြား ထူးခြားသည့်အချက်မှာ သူ့ကျင့်ကြံခြင်းသည် တန်ခိုးရှင်ဘုရင်တတိယအဆင့်တွင်သာ ရှိနေသေးခြင်းပင်။ ထိုအချက်အား စဉ်းစားမိလိုက်သော် နတ်ဆိုးချီ၏ အကျိုးကျေးဇူးကြောင့်သာ သူ့ခွန်အားမြင့်တက်လာရခြင်းမှန်း ရန်ကိုင်နားလည်လိုက်သည်။
နတ်ဆိုးချီ၏ကူးစက်ခြင်းခံလိုက်ရပြီးသည့်နောက်တွင် အသိစိတ်ကို ဆုံးရှုံးလိုက်ရမည်ဖြစ်သော်ငြား ခွန်အားကမူ တိုးတက်လာပေလိမ့်မည်။
နတ်ဆိုးတစ်ကောင်အဖြစ်သို့ ပြောင်းလဲပြီးသည့် နောက်တွင် ကျန်းမိသားစုဝင်အကြီးအကဲ၏ခွန်အားမှာ အကြီးအကျယ်တိုးတက်လာခဲ့သည်။
သို့တိုင် ဤနတ်ဆိုးချီမှာ အရာအားလုံးတတ်စွမ်းနိုင်သည့် အရာတစ်ခုမဟုတ်သဖြင့် သူ့အား တာအိုသခင်အဆင့်သို့ ရောက်အောင် မလုပ်ပေးနိုင်ခဲ့ပေ။
သူ့ခွန်အားကိုသာ အနည်းအကျဉ်းတိုးတက်လာအောင် လုပ်ပေးနိုင်ခဲ့၏။
“သေချင်နေတာပဲ” ရန်ကိုင်သည် သူတို့လက်ရှိ ကြုံနေရသည့်ပြဿနာအား ဖန်တီးပေးခဲ့သော ကျန်းမိသားစုဝင်များကို အစကတည်းက ခါးခါးသီးသီး မုန်းတီးနေခဲ့ခြင်းဖြစ်သည်။
ကျန်းမိသားစုဝင်များမှာ မိုင်းတူးချင်သလိုတူးခဲ့သည့် အတွက်ကြောင့်သာမဟုတ်လျှင် သူသည်လည်း ယခုကဲ့သို့သော ပြဿနာနှင့်ကြုံနေရလိမ့်မည်မဟုတ်ပေ။
ထိုပြဿနာနှင့်သာမကြုံရလျှင် သူ့ဘာသာသူ့အိမ်ထဲနေ၍ အေးအေးဆေးဆေးကျင့်ကြံနေနိုင်ပေသည်။
ရန်ကိုင့်၏သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်သော် အင်းစက်ဘုရင်မလည်း တုန့်နှေးမနေတော့ဘဲ ၎င်း၏ စုံတွဲဓားနှစ်ချောင်းကို ဝှေ့ယမ်းချလိုက်၏။
အရောင်မတူသည့် ဓားချီနှစ်စင်းသည် တစ်ခုကိုတစ်ခု ယှက်ဖြာလျက် ကျန်းမိသားစုဝင်အကြီးအကဲဆီသို့ တိုးဝင်သွားလေ၏။
နတ်ဆိုးချီ၏ကူးစက်ခြင်းခံလိုက်ပြီးသည့်နောက် ခွန်အားမှာတိုးတက်လာခဲ့သည့်တိုင် ကျန်းမိသားစုဝင် အကြီးအကဲအနေဖြင့် အင်းစက်ဘုရင်မ၏ပြိုင်ဘက် မည်သို့များ ဖြစ်နိုင်မည်နည်း။
ဓားသွား၏ထိမှန်ခြင်းခံလိုက်ရပြီးသည့်နောက်တွင် ကျန်းမိသားစုဝင်အကြီးအကဲ၏ခန္ဓာကိုယ်မှာ လေးပိုင်း ပြတ်ထွက်သွားခဲ့လေသည်။
မသေခင်အချိန်အတောအတွင်း ကျန်းမိသားစုဝင် အကြီးအကဲ၏မျက်လုံးထဲ ကြောက်ရွံ့ရိပ်အချို့ ဖြတ်ပြေးသွားခဲ့သည်။
အပြန်အလှန်အနေဖြင့် သူ့ပါးစပ်ဆီမှတော့ အရူးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည့်အလား အော်ဟစ်သံများ အဆက်မပြတ်ထွက်ပေါ်လာခဲ့လေသည်။
“ဝှစ်” ထိုစဉ်ဓားတစ်ချောင်းကိုကိုင်ဆွဲထားသော ပုံရိပ်တစ်ခုသည် ရန်ကိုင့်နောက်ဘက်တွင် ရုတ်တရက် ပေါ်လာခဲ့လေသည်။
ဓားသွားတစ်ချောင်းလုံးမှာ အမဲရောင်ဖြစ်နေခဲ့ပြီး အနက်ရောင်အရှိန်အဝါတစ်ရပ်သည် ဓားပြားထိပ်မှ ဖြာထွက်နေခဲ့လေ၏။
ဝှစ်ခနဲဟူသောမြည်သံနှင့်အတူ ဓားသွားသည် ရန်ကိုင့်နောက်စေ့အား ဖောက်ထွက်သွားခဲ့လေသည်။
ထိုပုံရိပ်ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မီးတောက်ပြာမိုးကြိုးဝံပုလွေသည် ၎င်း၏ပါးစပ်ကိုဟ၍ မီးတောက်ဘောလုံးများကို ပစ်လွှတ်လိုက်လေ၏။
သို့သော်ငြား ထိုပုံရိပ်သည် မီးတောက်ဘောလုံးများကို ရှောင်တိမ်းခြင်းမပြုဘဲ ရန်ကိုင့်အား တိုက်ခိုက်နိုင်ရေးကိုသာ အာရုံစိုက်ထားခဲ့လေသည်။
မီးကျွမ်းနံ့များနှင့်အတူ ထိုလူခန္ဓာကိုယ်အား ဝန်းရံထားသော နတ်ဆိုးချီများလွင့်ပြယ်ကုန်ကြလေ၏။ သို့သော်ငြား သူ၏ဓားရှည်မှာတော့ ရန်ကိုင့်၏နောက်စေ့အား ဖောက်ထွက်သွားနိုင်ခဲ့လေသည်။
“ဟား..ဟား..ဟား..ဟား” ရန်ကိုင့်အား တိုက်ခိုက်လိုက်နိုင်ပြီအထင်နှင့် ထိုလူမှာ အားပါးတရ အော်ရယ်မောတော့လေ၏။
“မင်းကြည့်ရတာ အရမ်းပျော်နေတဲ့ပုံပဲနော် ရောင်းရင်းချူဟဲ” သူ၏နောက်ဘက်ဆီမှ ထူးမခြားနားအသံ တစ်သံ ထွက်ပေါ်လာခဲ့လေသည်။
အော်ဟစ်ရယ်မောနေသည့်နတ်ဆိုးမှာ ရုတ်ခြည်း အရယ်ရပ်သွားခဲ့ပြီး ကြောက်လန့်တကြား နောက်သို့ လှည့်ကြည့်လိုက်ရာ သူ့အား ထူးမခြားနားဟန်ဖြင့် ကြည့်နေသော ရန်ကိုင့်ကို တွေ့လိုက်ရလေသည်။
နတ်ဆိုးဓားဖြင့်ထိုးစိုက်လိုက်သည့်ပုံရိပ်မှာ ရန်ကိုင် မဟုတ်ဘဲ ရန်ကိုင်၏ပုံရိပ်သက်သက်တစ်ခုသာ ဖြစ်နေခဲ့လေသည်။
သူ့အားလှည့်ကြည့်လာသည်ကိုမြင်သော် ရန်ကိုင်က ရယ်မောလျက် “ဘာတွေဒီလောက်ပျော်နေတာလဲ ရောင်းရင်းချူဟဲ။ ငါ့ကိုလည်း နည်းနည်းလောက် ပြောပြပေးပါလား”
ကျန်းမိသားစုဝင်အကြီးအကဲမှ သူ့ကိုယ်သူပုန်းအောင်ရင်း ရန်ကိုင့်အနားသို့ တိတ်တဆိတ်ချဉ်းကပ်လာသည့် အဖြစ်အပျက်နှင့် ကြုံရပြီးသည့်နောက်တွင် ရန်ကိုင်သည် နည်းနည်းလေးမှ သတိလက်လွတ်မနေရဲတော့ပေ။
ထို့ကြောင့်ပင် ကျန်းချူဟဲ သူ့နောက်သို့ရောက်လာပြီး တိုက်ခိုက်သည်ကို ချက်ချင်းသတိပြုမိသွားခဲ့ခြင်းဖြစ်သည်။ ရန်ကိုင့်၏လက်ရှိ ခွန်အားအရ ကျန်းချူဟဲ၏တိုက်ခိုက်မှုကို ရှောင်တိမ်းဖို့ရာ နည်းနည်းလေးမှ မခက်ပေ။
လက်ရှိတွင် ကျန်းချူဟဲသည် ကျန်းမိသားစုဝင် အကြီးအကဲထက် ပိုမိုအားကောင်းသည့်အရှိန်အဝါကိုပင် ထုတ်လွှတ်နေသေး၏။
သူသည် တာအိုသခင်အဆင့်သို့မချိုးဖြတ်နိုင်သေးသဖြင့် နယ်ပယ်စက်ကွင်း၏နိယာမစွမ်းအားကို ထုတ်မသုံးနိုင်သေးသော်ငြား သူ့လက်ကျန်စွမ်းအင် အားလုံးမှာတော့ တာအိုသခင်အဆင့်ပညာရှင်တစ်ဦးနှင့် အဆင့်တူတွင် ရှိနေပေသည်။
ရန်ကိုင့်၏လှောင်ပြောင်စကားကိုကြားသော် ကျန်းချူဟဲ ဒေါသပုံထသွားလေ၏။ ရုတ်တရက် မာန်သွင်း အော်ဟစ်လိုက်ပြီးနောက် သူ့အမူအယာမှာ ကြမ်းကြုတ် ခက်ထန်လာခဲ့လေသည်။
တစ်ချိန်တည်းတွင် နတ်ဆိုးချီတို့မှာ သူ့ခန္ဓာကိုယ်ထဲမှ တရဟောစီးထွက်လာပြီး မူလကအနက်ရောင်သန်းနေသော သူ့မျက်လုံးများမှာ ပို၍နက်မှောင်လာခဲ့သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၈၃)
ကျန်းချူဟဲဒေါသပုံထသွားခဲ့ပြီး ပါးစပ်ကိုဟကာ အသက်ပြင်းပြင်းရှူသွင်းလိုက်လေသည်။ ပတ်ဝန်းကျင်တွင် ရှိနေသာ နတ်ဆိုးချီတို့သည် ကျန်းချူဟဲ၏ပါးစပ်ထဲသို့ အရူးအမူးစီးဝင်သွားကုန်ကြလေ၏။
ကျန်းချူဟဲ၏ဝမ်းဗိုက်သည် အဆုံးမဲ့တွင်းနက်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည့်အလား တိုးဝင်လာနေသော နတ်ဆိုးချီအားလုံးကို အငမ်းမရစုပ်ယူနေခဲ့သည်။
နတ်ဆိုးချီများကို စုပ်ယူနေသည်နှင့်အမျှ ကျန်းချူဟဲ၏ ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေသောအရှိန်အဝါမှာ ပို၍ အန္တရာယ်များလာခဲ့လေသည်။
တစ်ချိန်တည်းတွင် သူ့ခန္ဓာကိုယ်တစ်လျှောက် ပြန့်ကျဲတည်ရှိနေသော နတ်ဆိုးအမှတ်အသားတို့မှာလည်း အနက်ရောင်တလက်လက်တောက်ပလာခဲ့သည်။
“သူ့ကိုရှင်းလိုက်တော့” ရန်ကိုင်ကလှမ်းအော်ပြောလိုက်လေသည်။
ကျန်းချူဟဲအား အချိန်ဆက်ပေး၍မရမှန်းသိနေခဲ့သည်။ ကျန်းချူဟဲကိုသာ ဤအတိုင်းဆက်လုပ်ခွင့်ပေးထားခဲ့လျှင် မကောင်းသည့်ကိစ္စတစ်ခုခုဖြစ်လာနိုင်ပေသည်။
ရန်ကိုင်မှ အမိန့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် သွေးသားရဲနှစ်ကောင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်း၍ ကျန်းချူဟဲဆီသို့ တိုးဝင်သွားကြလေ၏။
ရန်ကိုင်သည် သူ့ကိုယ်သူအား ဓားချီဖြင့် လွှမ်းခြုံလျက် သူ့လက်ထဲရှိဓားရှည်ဖြင့် ကျန်းချူဟဲအား ထိုးချလိုက်လေသည်။
သူ့ဆီသို့ တိုးဝင်လာနေသည့် တိုက်ခိုက်မှုများကို မြင်သော်ငြား ကျန်းချူဟဲမှာ နည်းနည်းလေးမှပင် ကြောက်လန့်သွားခြင်းမရှိ။ သူ့ပါးစပ်ကိုဟ၍ပင် ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
သူ့အော်သံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ့ပါးစပ်ထဲမှ အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပိန်းပိန်းပိတ်မဲမှောင်နေသော ရေနဂါး တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
ထိုရေနဂါးသည် ပါးစပ်ဟမာန်ဖီလျက် တိုးဝင်လာနေသည့် ရန်ကိုင့်ဆီသို့ တိုးဝင်သွားလေ၏။ ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်မျက်လုံးမှေးစင်းသွားခဲ့လေသည်။
သူ့လက်ထဲရှိ ဓားရှည်သည် အရောင်တလက်လက် တောက်ပလာပြီး တိုးဝင်လာနေသည့် အနက်ရောင် ရေနဂါးဆီသို့ ပိုင်းချလိုက်လေ၏။
တစ်ဖက်တွင် ကျန်းချူဟဲသည် ပြေးဝင်လာနေသော မီးတောက်ပြာမိုးကြိုးဝံပုလွေ၏ခေါင်းတည့်တည့်ကို ထိုးချလိုက်လေသည်။
ဤသွေးသားရဲသည် တာအိုသခင်ပထမအဆင့်နှင့် ယှဉ်ပြိုင်နိုင်သောခွန်အားကိုပိုင်ဆိုင်ထားသည့်တိုင် ကျန်းချူဟဲ၏လက်သီးစာမိသွားပြီးနောက် နာကျင်စွာ အော်မြည်ရင်း လွင့်ထွက်သွားခဲ့လေ၏။
မြေပေါ်သို့ရောက်ပြီး ပြန်မထနိုင်သေးခင်မှာပင် မရေမတွက်နိုင်သော နတ်ဆိုးချီများ၏ ချုပ်နှောင်ခြင်း ခံလိုက်ရလေသည်။
မီးတောက်ပြာမိုးကြိုးဝံပုလွေခန္ဓာကိုယ်တစ်ဝိုက်ရှိ သွေးချီအရှိန်အဝါတို့မှာ နတ်ဆိုးချီ၏အဆက်မပြတ် တိုက်စားခြင်းကို ခံနေရလေ၏။
အချိန်တိုအတောအတွင်း အပေါက်တစ်ပေါက် ဖြစ်ပေါ်လာပြီး နတ်ဆိုးချီတို့သည် မီးတောက်ပြာမိုးကြိုး ဝံပုလွေ၏ နှာခေါင်းထဲသို့ တိုးဝင်သွားကုန်ကြလေ၏။
တစ်ချိန်တည်းတွင် အင်းစက်ဘုရင်မသည်လည်း လှုပ်ရှားလိုက်လေသည်။ ခရမ်းရောင်နှင့် အစိမ်းရောင်တို့ တဖျတ်ဖျတ်တောက်ပသွားခဲ့ပြီး ရေခဲစက်ကွင်းတစ်ခုသည် ဖြန့်ကျတ်ပေါက်ကွဲထွက်လာခဲ့သည်။
စုံတွဲဓားနှစ်ချောင်းဆီမှ ဖြာထွက်လာသည့် တလက်လက် တောက်ပနေသောအရှိန်အဝါကြောင့် ဘေးပတ်ဝန်းကျင်ရှိ နတ်ဆိုးချီတို့မှာ ယာယီပြန့်ကျဲထွက်သွားကုန်ကြလေ၏။
ထို့နောက်တွင် ဧရာမဓားချီတစ်စင်းသည် ကျန်းချူဟဲဆီသို့ တည့်တည့်တိုးဝင်သွားလေသည်။ ထိုတိုက်ခိုက်မှုသည် သူခုခံနိုင်သည့်အရာမဟုတ်မှန်း နားလည်လိုက်သော် ကျန်းချူဟဲသည် မူလနေရာမှာ ပျောက်ကွယ်သွားခဲ့လေ၏။
“ဘုန်း” ကျန်းချူဟဲရှိနေခဲ့သည့်နေရာအား ဓားချီ သွားရောက်ထိမှန်ကာ မြေပြင်ထက်အက်ကြောင်းရှည်ကြီး တစ်ခု ဖြစ်ပေါ်သွားခဲ့၏။
တစ်ဖက်တွင်မူ ရန်ကိုင်သည် ခက်ခက်ခဲခဲကြိုးစားပြီးနောက် အနက်ရောင်ရေနဂါးအား အပိုင်းပိုင်းဖြစ်အောင် ဖြတ်တောက်ပစ်လိုက်နိုင်လေသည်။
လှည့်ကြည့်လိုက်ပြီးနောက် မီးတောက်ပြာမိုးကြိုး ဝံပုလွေ၏အခြေအနေကိုမြင်သော် ရန်ကိုင်မျက်မှောင် ကြုတ်သွားခဲ့၏။
ချက်ချင်းပဲ မီးတောက်ပြာမိုးကြိုးဝံပုလွေဆီသို့ ပျံသန်းသွားပြီး သူ့သွေးသားရဲအား ကမ္ဘာငယ်လေးထဲသို့ ပြန်ဆွဲထည့်လိုက်လေသည်။
မီးတောက်ပြာမိုးကြိုးဝံပုလွေကိုသာ ဤအတိုင်း ဆက်ထားလိုက်လျှင် သူ့သွေးသားရဲသည်လည်း နတ်ဆိုး ဖြစ်သွားပေတော့မည်။
သူနှင့်သူ့သွေးသားရဲနှစ်ကောင် ပူးပေါင်း၍ တိုက်ခိုက်နေသည့်တိုင် သွေးသားရဲတစ်ကောင်မှာ ဆုံးရှုံးသွားခဲ့ရသေးသည်။
ဤအဖြစ်အပျက်နှင့်ကြုံပြီးနောက် ရန်ကိုင်မှာ ရှက်ရှက်နှင့်ဒေါသထွက်မိသလို နတ်ဆိုးချီ မည်မျှ ကြောက်မက်ဖွယ်ရာကောင်းကြောင်းကိုလည်း တစ်ဖန် ပြန်လည်သုံးသပ်ရတော့လေသည်။
ကျန်းချူဟဲ နတ်ဆိုးချီ၏ကူးစက်ခြင်း မခံရမီက ရန်ကိုင်သည် သူ့ကဲ့သို့သောလူမျိုးအား လက်ဖျောက် တစ်ချက်ဖြင့်ပင် သတ်ပစ်နိုင်ပေသည်။
တန်ခိုးရှင်ဘုရင်အဆင့်နှင့် တာအိုသခင်အဆင့်ကြားမှ ခွန်အားကွာခြားချက်သည် အထင်သေးစရာမဟုတ်ပေ။
အင်းစက်ဘုရင်မ၏တိုက်ခိုက်မှုကို ရှောင်တိမ်းပြီးနောက်တွင် ကျန်းချူဟဲသည် ပတ်ဝန်းကျင်ရှိ နတ်ဆိုးချီနှင့်ပေါင်းစပ်သွားသည့်အလား အားလုံး၏ မြင်ကွင်းမှ သဲလွန်စမကျန်ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချူဟဲသည် ဤနည်းလမ်းကိုသုံး၍ အစောပိုင်းတွင် ရန်ကိုင့်နားသို့ ချဉ်းကပ်လာခဲ့ခြင်းဖြစ်သည်။
ရန်သူ့အရိပ်အယောင်ကို ရှာမတွေ့တော့သည့် အတွက်ကြောင့် အင်းစက်ဘုရင်မသည် ၎င်း၏ မူလနေရာတွင်သာ ငြိမ်သက်စွာ ရပ်နေလေသည်။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးမှာတော့ တလက်လက် တောက်ပနေသည့် အဖြူရောင် အရှိန်အဝါတို့ဖြင့် လွှမ်းခြုံနေခဲ့လေ၏။ ထိုအဖြူရောင်အရှိန်အဝါမှာ နှင်းကြွေတိုက်ကွက်၏ ဓားစိတ်ဆန္ဒမှ ဖြစ်ပေါ်လာသော အရှိန်အဝါတစ်မျိုးပင် ဖြစ်လေသည်။
“ဟမ့် ဒီနည်းလမ်းနဲ့ငါ့ဆီကနေ ပုန်းလို့ရမယ် ထင်နေတာလား” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်ပြီးနောက် သူ့မျက်လုံးကိုပိတ်လိုက်လေသည်။
ပြန်ပွင့်လာသည့်အချိန်တွင် သူ့မျက်လုံးမှာ ရွှေရောင် တောက်နေခဲ့၏။
ပတ်ဝန်းကျင်အား စစ်ဆေးကြည့်လိုက်ပြီးသည့်နောက်တွင် နတ်ဆိုးချီနှင့် ပေါင်းစပ်နေပြီး တစ်ချက်ကလေးမှပင် တုပ်တုပ်မှမလှုပ်ဘဲ ပုန်းအောင်းနေသော လူပုံစံအရိပ်တစ်ခုကို တွေ့လိုက်ရလေ၏။
သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကြောင့်သာ မဟုတ်လျှင် သူ့ကောင်းကင်စိတ်အာရုံ မည်မျှပင်အားကောင်းနေစေကာမူ ထိုလူပုံရိပ်ကို ရှာတွေ့နိုင်လိမ့်မည်မဟုတ်ပေ။
ထိုလူပုံရိပ် တစ်ခုသာလျှင်မဟုတ်သေးဘဲ သူနှင့် ခပ်လှမ်းလှမ်းတွင် အခြားသောပုန်းကွယ်နေသည့် လူပုံရိပ်များလည်း ထပ်ရှိနေသေးကြောင်း တွေ့ရှိလိုက်ရသည်။
ထိုလူများဆီမှ ထွက်ပေါ်နေသည့်အရှိန်အဝါမှာ ကျန်းချူဟဲအောက်နိမ့်ကျခြင်းမရှိပေ။ ထိုလူများအနက် နှစ်ဦးဆိုလျှင် ကျန်းချူဟဲထက်ပင်ပို၍ အားကောင်းနေသေးသည်။
သူ မြို့ပြင်တွင် အချိန်အတော်ကြာအောင် နေလိုက်မိပြီမှန်း သိလိုက်သော် ရန်ကိုင်ထိတ်လန့်သွားခဲ့လေသည်။ ဤနေရာတွင် အလွန်ကြာအောင်နေနေသည့်အတွက် ရန်ကိုင်သည် နတ်ဆိုးများ၏အာရုံစိုက်စရာဖြစ်လာခဲ့လေသည်။
ယခုသူ့ဆီသို့ တဖြေးဖြေးချဉ်းကပ်လာနေသည့် လူပုံရိပ်များမှာ ကျန်းမိသားစုမှလူများဖြစ်ကြ၏။
အကြောင်းမှာ ထိုလူရိပ်များအနက်တစ်ယောက်သည် ကျန်းမိသားစု၏ခေါင်းဆောင်ဖြစ်သော ကျန်းလင်နှင့် အလွန်ကိုမှဆင်တူနေသည့်အတွက်ကြောင့်ပင်။
“ညီလေးရန် မြို့ထဲကိုမြန်မြန်ပြန်လာပေတော့။ ပြင်နေတာပြီးတော့မယ်” ထိုစဉ် ချင်းကျောင်းရန်၏ အော်ဟစ်သံ ထွက်ပေါ်လာခဲ့လေ၏။
သူ့တာဝန်ပြီးသွားပြီမှန်းနားလည်လိုက်သော် ရန်ကိုင် ပျော်ရွှင်စွာပြုံးလိုက်လေသည်။ သို့သော်ငြား ဤအတိုင်းတော့ ထွက်မသွားချင်သေးပေ။
ပိုပို၍ များပြားသောနတ်ဆိုးများ သူ့ဆီသို့ ချဉ်းကပ်လာနေသည်ကိုမြင်သော် ရန်ကိုင်သည် အံကိုကြိတ်၍ အင်းစက်ဘုရင်မအား အမိန့်ပေးလိုက်လေ၏။
ချက်ချင်းဆိုသလို အင်းစက်ဘုရင်မသည် ၎င်း၏ အားအကောင်းဆုံးတိုက်ကွက်ဖြစ်သော နှင်းကြွေတိုက်ကွက်ကို ထုတ်သုံးတော့လေသည်။
အမွှာဓားနှစ်ချောင်း၏အဝှေ့နှင့်အတူ ရေခဲစက်ကွင်းနှင့် ရေခဲစတို့သည် တစ်ခုသောနေရာဆီသို့ စုပြုံ ကျဆင်းသွားလေ၏။ ချက်ချင်းဆိုသလို အရိုးခိုက်မတတ် အအေးဓာတ်သည် ထိုနေရာတစ်ခုလုံးအား လွှမ်းခြုံသွားခဲ့ လေသည်။
နတ်ဆိုးချီထဲ ပုန်းအောင်းနေကြသောနတ်ဆိုးများမှာ အချိန်မီမတုန့်ပြန်နိုင်ခဲ့ဘဲ ထိုတိုက်ကွက်၏ထိမှန်ခြင်း ခံလိုက်ရလေ၏။ အော်ဟစ်သံများနှင့်အတူ ပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကုန်ကြလေသည်။
ထိုနတ်ဆိုးများသည် သူတို့အသက်ရှင်စဉ်က တတ်ကျွမ်းထားခဲ့သော ပညာရပ်များ၊ သိုင်းပညာရပ်များကို သုံးကာ သူတို့အားလာရောက်ထိမှန်သော ရေခဲစွမ်းအင်တို့အား ဖယ်ရှားရန်ကြိုးစားတော့လေ၏။
ရန်ကိုင်သည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ကျန်းချူဟဲဘေးနားတွင် ပြန်ပေါ်လာခဲ့လေသည်။
“အေးခဲလိုက်စမ်း” ရန်ကိုင်သည် ဟင်းလင်းပြင်နိယာမ စွမ်းအားကိုသုံး၍ ထိုအနီးအနားတစ်ဝိုက်ကို အေးခဲပစ်လိုက်လေ၏။
ကျန်းချူဟဲ၏ပုံရိပ် ချက်ချင်းပြန်ပေါ်လာခဲ့လေသည်။ ရန်ကိုင်၏ မမျှော်လင့်ထားသည့် အလစ်အငိုက် တိုက်ခိုက်မှုကြောင့် ကျန်းချူဟဲမှာ လုံးဝကို ပျာယာခတ်သွားခဲ့၏။
အားကုန်သုံးလျက် ရုန်းကန်နေပါသော်ငြား ရန်ကိုင်၏ဟင်းလင်းပြင်နိယာမစွမ်းအားလက်အောက်မှ လုံးဝမလွတ်မြောက်နိုင်ခဲ့ပေ။
တစ်ကယ်တော့ ကျန်းချူဟဲသည် နတ်ဆိုးချီ ကူးစက်ထားခြင်ခံရသည့် တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးသာလျှင် မဟုတ်ပေလော။
သူ့အနေဖြင့် လောကာနိယာမစွမ်းအားများမှ ဖန်တီးထားသည့်စွမ်းအားလက်အောက်မှ မည်ကဲ့သို့များ ရုန်းထွက်နိုင်ပါမည်နည်း။
“ရွှစ်” ရန်ကိုင်သည် သူ့ဓားရှည်ကိုမြှောက်လျက် ပိုင်းချလိုက်လေသည်။
ကျန်းချူဟဲ၏မျက်လုံးထဲ အသက်ရှင်ချင်သည့် စိတ်ဆန္ဒတို့ပေါက်ကွဲထွက်လာခဲ့လေ၏။ ဘယ်ကမှန်းမသိ ရလာသည့်စွမ်းအားတစ်ရပ်ကိုစုဆောင်း၍ သူ့ခန္ဓာကိုယ်အား အတင်းရုန်းထွက်ကာ ခေါင်းကိုဘေးဘက်သို့ တိမ်းရှောင်လိုက်လေသည်။
ထို့အတွက်ကြောင့် ရန်ကိုင်၏ဓားရှည်သည် ကျန်းချူဟဲ၏ခေါင်းကို မဖြတ်လိုက်နိုင်ဘဲ သူ့လက်မောင်းကိုသာ ဖြတ်တောက်လိုက်နိုင်လေ၏။ ကျန်းချူဟဲ နာကျင်စွာထအော်လိုက်လေသည်။
ထိုမမျှော်လင့်ထားသည့် ရလဒ်ကြောင့် ရန်ကိုင် အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ သို့သော်ငြား ဤကိစ္စနှင့် ပတ်သက်၍ သူ့တွင်ပိုကောင်းသည့်အကြံတစ်ခု ရှိပေသေးသည်။
ထို့နောက် နောက်တစ်ကြိမ်ထပ်မံအော်ဟစ်လိုက်ပြန်၏။ “ချုပ်နှောင်လိုက်စမ်း”
ရန်ကိုင်၏အော်သံအောက်တွင် ပတ်ပတ်လည် ဟင်းလင်းပြင်နိယာမစွမ်းအားတို့မှာ ကျန်းချူဟဲဆီသို့ တဟုန်ထိုးတိုးဝင်သွားလေ၏။
ဖိချေခံနေရသည့်အလား အက်ကွဲသံတို့သည် ကျန်းချူဟဲ၏ခန္ဓာကိုယ်ဆီမှ အဆက်မပြတ်ထွက်ပေါ်လာပြီး နှာခေါင်းနှင့်နားများဆီမှလည်း သွေးများ အဆက်မပြတ် ယိုစီးကျလာလေ၏။
သို့ရာတွင် ကျန်းချူဟဲမှာတော့ နည်းနည်းလေးပင် ခခယယလုပ်မနေဘဲ အဆက်မပြတ်သာ ရုန်းကန်နေခဲ့သည်။ ထွက်ပြေးဖို့ပင်မကြိုးစားပေ။
ထို့အစား ရန်ကိုင့်အားစိုက်ကြည့်၍ ရူးသွပ်နေသည့် သားရဲတစ်ကောင်နှယ် အဆက်မပြတ်သာ အော်ဟစ်နေခဲ့သည်။ ရန်ကိုင်သည် လက်ကွက်အချို့ကိုဖန်တီး၍ ကျန်းချူဟဲတည့်တည့်သို့ ရိုက်ချလိုက်လေ၏။
အရင်းအမြစ်ချီလှိုင်းများသည် ကျန်းချူဟဲ၏ ခန္ဓာကိုယ်ထဲသို့ တစ်လှိုင်းပြီးတစ်လှိုင်းတိုးဝင်သွားပြီး သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်စီးကြောင်းအားလုံးကို ပိတ်ဆို့လိုက်လေသည်။
တစ်ခဏအတွင်း ကျန်းချူဟဲသည် သူ့ခန္ဓာကိုယ်ထဲရှိ မည်သည့်စွမ်းအင်ကိုမှ ထုတ်သုံး၍မရတော့ချေ။ သူ့ကျင့်ကြံခြင်းတစ်ခုလုံး ချိပ်ပိတ်ခြင်းခံလိုက်ရလေပြီ။
ထို့နောက် ရန်ကိုင်သည် ကျန်းချူဟဲအား ဆွဲခေါ်လာလိုက်သည်။ တစ်ချိန်တည်းတွင် အင်းစက်ဘုရင်မကိုလည်း အမိန့်ပေးလိုက်လေသည်။
ရန်ကိုင်၏အမိန့်ကိုရလိုက်သည်နှင့် အင်းစက်ဘုရင်မသည် အလင်းတန်းတစ်ခုအသွင်သို့ပြောင်း၍ ကမ္ဘာငယ်လေးထဲသို့ ပြန်လည်တိုးဝင်ပျောက်ကွယ်သွားခဲ့လေ၏။ ထို့နောက် ရန်ကိုင်သည် မြို့နံရံဆီသို့ ပြေးထွက်သွားလေသည်။
ရန်ကိုင်ပြန်ပေါ်လာသည်ကိုမြင်သော် ချင်းကျောင်းရန်က ဝမ်းသာအားရအမူအယာဖြင့် အော်ပြောလိုက်လေ၏။ “ညီငယ်လေး မြန်မြန်ပြန်လာခဲ့တော့”
ရန်ကိုင်ခေါင်းငြိမ့်လိုက်လေသည်။ သို့သော် မြို့ထဲသို့ ဝင်တော့မည်အပြု ရန်ကိုင့်၏အမူအယာ ရုတ်ခြည်း ပြောင်းလဲသွားခဲ့ပြီး နောက်သို့ လှည့်ကြည့်လိုက်လေ၏။
“မင်းဘာလုပ်နေတာလဲ ညီငယ်လေး” ချင်းကျောင်းရန် အနည်းငယ်ကြောင်နေခဲ့လေသည်။ ရန်ကိုင် ဘာကြောင့် မြို့ထဲသို့ဝင်မလာသေးသည့်အပေါ် နားမလည်နိုင်ဖြစ်နေ၏။
“လူအိုကြီးချင်း ခင်ဗျားကြားလိုက်လား” ရန်ကိုင်က မယုံသင်္ကာဖြင့် မေးလိုက်သည်။
ချင်းကျောင်းရန်ကြားသွားခဲ့လေသည်။ ထို့နောက် သေသေချာချာနားစွင့်ထောင်ကြည့်လိုက်သည့်နောက် သူ၏အမူအယာပြောင်းလဲသွားခဲ့သည်။ “တစ်ယောက်ယောက် အကူအညီလှမ်းတောင်းနေတာပဲ”
အမှန်တစ်ကယ်ပင် မြို့ပြင်ဘက်ဆီမှ တစ်စုံတစ်ဦးသည် အကူအညီလှမ်းတောင်းနေခဲ့လေ၏။ အော်သံများအရ အသံပိုင်ရှင်မှာ အသက်မငယ်တော့သည့် ယောက်ျားတစ်ဦး ဖြစ်ပေသည်။
ချင်းကျောင်းရန်မျက်နှာထက် ဝေခွဲမရသည့် ဆုံးဖြတ်ချက်တို့ ဖြတ်ပြေးသွားလေ၏။ ထို့နောက် အလျင်အမြန်ပဲပြောလိုက်၏။ “အဲ့ကိစ္စကို စိတ်ပူမနေတော့နဲ့ ညီငယ်လေး။ သူဘယ်သူပဲဖြစ်ဖြစ် နတ်ဆိုးချီထဲမှာ ရောက်နေတာဆိုတော့ အခြေအနေကောင်းမှာမဟုတ်ဘူး။ မင်းမြန်မြန်သာ ပြန်လာခဲ့လိုက်တော့”
ရန်ကိုင်ခေါင်းငြိမ့်လိုက်လေသည်။ နတ်ဆိုးချီ၏ အန္တရာယ်သည် သူထင်ထားသည်ထက် ပိုကျော်လွန်နေ၏။
တစ်စုံတစ်ဦးသာ နတ်ဆိုးချီထဲသို့ မဆင်မခြင် ပြေးဝင်သွားမည်ဆိုပါက တစ်ခဏအတွင်း ထိုလူ၏ အသိစိတ်မှာ ဝါးမြိုခြင်းခံလိုက်ရပြီး နတ်ဆိုးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားရပေလိမ့်မည်။ သူ့လက်ရှိ ခွန်အားနှင့်ပင်လျှင် နတ်ဆိုးချီထဲ အချိန်အကြာကြီး မနေရဲပေ။
“ဆရာ ကျေးဇူးပြုပြီးစောင့်ပါအုံး ဆရာ။ ကျေးဇူးပြုပြီး ကျုပ်ကို လာကူညီပေးပါဦး” ရုတ်တရက် သူ့နောက်ဘက်ဆီမှ ထိုအော်သံ ထပ်မံထွက်ပေါ်လာပြန်သည်။
ထို့အပြင် ယခုတစ်ကြိမ်အသံထွက်လာသည့်နေရာသည် ယခင်တစ်ကြိမ်ကထက်ပင် ပို၍နီးနေခဲ့လေသည်။ ထို့ကြောင့် ရန်ကိုင်စိတ်ဝင်စားမိသွားခဲ့သည်။
ထိုလူသည် မရေမတွက်နိုင်သော နတ်ဆိုးများဖြင့် ပြည့်နေသည့် ဤနတ်ဆိုးချီထဲ မည်ကဲ့သို့များနေနေသလဲ ဆိုသည်ကို ရန်ကိုင်သိချင်မိသွားခဲ့လေသည်။
ထို့အပြင် ထိုလူကိုကြည့်ရသည်မှာ သူမည်သည့်ဘက်သို့ သွားရမလဲဆိုသည်ကို သေချာခန့်မှန်းနိုင်သည့်ပုံ။ ဤကဲ့သို့ လုပ်နိုင်သောလူတစ်ယောက်သည် လုံးဝကို သာမန်ကျင့်ကြံသူတစ်ဦး မဖြစ်နိုင်ပေ။
“ကျေးဇူးပြုပြီးစောင့်ပါအုံး လူအိုကြီးချင်း။ ကျုပ် တစ်ချက်သွားကြည့်လိုက်အုံးမယ်” ပြောပြီးသည်နှင့် ရန်ကိုင်သည် ကျန်းချူဟဲအား မြို့ထဲသို့ ပစ်ထည့်လိုက်လေသည်။
အနည်းငယ်သတိလက်လွတ်ဖြစ်နေသော ချင်းကျောင်းရန်သည် ခက်ထန်ကြမ်းကြုတ်သည့်အမူအယာဖြင့် မာန်ဖီလျက် သူ့ဆီသို့ တိုးဝင်လာနေသော ကျန်းချူဟဲကိုမြင်သော် သတိလက်လွတ်လက်ဝါးတစ်ချက် ကောက်ရိုက်ချမိလိုက်လေ၏။
“ဘုန်း” မြေပြင်နှင့်သွားဆောင့်သံနှင့်အတူ ကျန်းချူဟဲ၏ကိုယ်ထဲရှိ မရေမတွက်နိုင်သော အရိုးများ ကျိုးကြေကုန်လေသည်။
ထို့နောက် အနက်ရောင်သွေးတစ်ပွက်အန်ထုတ်လိုက်ရပြီး သူ့ဆီမှဖြာထွက်နေသည့်အရှိန်အဝါမှာလည်း ချက်ချင်းကို လေလျော့သွားသည့်ပူဖောင်းတစ်လုံးနှယ် ဖြစ်သွားခဲ့လေ၏။
သို့တိုင် ချင်းကျောင်းရန်၏လက်ဝါးချက် မျက်နှာတည့်တည့်ထိမှန်ခြင်းခံလိုက်ရသည့်တိုင် ကျန်းချူဟဲမှာ ချက်ချင်းသေသွားခြင်းမရှိဘဲ မြေပြင်ပေါ်တွင် လဲလျက်သာ အဆက်မပြတ်ညည်းတွားနေခဲ့လေ၏။
“နတ်ဆိုး..နတ်ဆိုး” ကျန်းချူဟဲ၏ပုံစံကို သတိပြုမိလိုက်သော် အနားတွင်ရှိနေသော ကျင့်ကြံသူများ အလန့်တကြားထအော်ကုန်ကြလေ၏။
ချင်းယုသည် ကျန်းချူဟဲအား စိတ်ဝင်တစားဖြင့် သေချာလေ့လာကြည့်တော့၏။ သူမဘဝတွင် အသက်ရှင်နေသည့်နတ်ဆိုးတစ်ကောင်ကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၈၄)
“ကျန်း..ကျန်းချူဟဲလား” မြေပြင်ပေါ်တွင် ရုန်းကန်နေသည့် နတ်ဆိုးကိုကြည့်ရင်း ချင်းယုမျက်လုံး အပြူးသားဖြစ်သွားခဲ့လေသည်။
ဤနတ်ဆိုးသည် အခြားသူမဟုတ်ဘဲ ကျန်းမိသားစု၏ လူငယ်မျိုးဆက်ပါရမီရှင် ကျန်းချူဟဲဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။
မေပယ်မြို့၏လူငယ်မျိုးဆက်ခေါင်းဆောင်တစ်ဦး ဖြစ်သည်မို့ ချင်းယုသည် ကျန်းချူဟဲအကြောင်း သိပေသည်။ ကျန်းချူဟဲနှင့်လည်း တစ်ကြိမ်မက ပြောဆိုဆက်ဆံဖူးခဲ့သည်။
သို့သော်ငြား မေပယ်မြို့အပြင်ဘက်တွင်ရှိနေသော နတ်ဆိုးများအနက်တစ်ကောင်သည် ကျန်းချူဟဲ ဖြစ်နေလိမ့်မည်ဟူသောအချက်ကိုတော့ အိပ်မက်ထဲတွင်ပင် ထည့်မမက်ခဲ့ဖူးပေ။
ကျန်းမိသားစု၏အရမ်းကာရော မိုင်းတူးမှုကြောင့် မိုင်းတွင်းထဲရှိချိပ်စည်း ပျက်စီးသွားပြီး နတ်ဆိုးချီများ စိမ့်ထွက်လာခဲ့ရသည်။
ထိုအကြောင်းကို မေပယ်မြို့ထဲတွင်ရှိနေသော လက်တစ်ဆုပ်စာခန့်မျှရှိသည့် တာအိုသခင်အဆင့် ပညာရှင်များသာ သိထားကြပြီး အခြားသူများကမူ အမှောင်ဖုံးထားခံရလေ၏။
တွမ့်ရန်ချန်းအနေဖြင့် ထိုအကြောင်းကို ထုတ်ပြောလိုက်လျှင် မေပယ်မြို့တစ်ခုလုံး ဝရုန်းသုံးကား ဖြစ်သွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့်မဟုတ်ဘဲ သူ့တွင်ကိုယ်က ထိုအကြောင်းကိုကြေညာချက်ထုတ်ရန် အချိန်မရှိသေးသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။
“ဘယ်လိုလုပ်ပြီး သူဖြစ်နေရတာလဲ” ချင်းယုမှာ သူမမြင်နေသည့်အရာကို မယုံကြည်နိုင်ဖြစ်နေခဲ့လေသည်။
“ဘုရားရေ.. ဒါ သခင်လေးကျန်းမဟုတ်ဘူးလား”
“တစ်ကယ်ကြီး သခင်လေးကျန်းလား။ ဘယ်လိုလုပ်ပြီး သူဖြစ်နေရတာလဲ”
နတ်ဆိုးသည် ကျန်းချူဟဲမှန်း သိသွားပြီးသည့်နောက်တွင် ကျင့်ကြံသူအားလုံး၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားကုန်ကြလေသည်။
“သူ့ကိုသေချာထိန်းထားလေကွာ။ မင်းတို့ဘာတွေ ကြောက်နေကြတာလဲ။ ညီလေးရန်က သူ့ကျင့်ကြံခြင်းကို ချိပ်ပိတ်ပြီးထားလိုက်ပြီ။ အခုချိန်သူက ဘာမှအသုံးဝင်တဲ့သူ မဟုတ်တော့ဘူး” အနားတွင်ရှိနေသော ချင်းကျောင်းရန်က ဆူပူအပြစ်တင်သည့်လေသံဖြင့် ထအော်လေသည်။
ထိုစကားကိုကြားသည့်အခါ အနားတွင်ရှိနေသော ကျင့်ကြံသူများ၏ပါးစပ်များ မဲ့သွားခဲ့ကြလေသည်။
ချင်းကျောင်းရန်၏လက်ဝါးချက်ကြောင့် ကျန်းချူဟဲ ကိုယ်ထဲရှိ အရိုးများသွင်သွင်ကျိုးသွားကြောင်းကို အကုန်လုံး မြင်လိုက်ရသည်။
မည်သို့ပင်ဖြစ်စေကာမူ မည်သူမှ ချင်းကျောင်းရန်အား ပြန်ခံမပြောရဲသည့်အတွက် သူပြောသည့်အတိုင်းသာ သူတို့၏နည်းစနစ်အသီးသီးကိုသုံး၍ ကျန်းချူဟဲအား ချုပ်နှောင်လိုက်ကြလေသည်။
ကျန်းချူဟဲမှာ သူ့မှတ်ဉာဏ်အားလုံးကို ဆုံးရှုံးလိုက်ရသည့်အလား သူရင်းနှီးနေသည့်မျက်နှာများနှင့် မျက်နှာချင်းဆိုင်တွေ့နေရသည့်တိုင် လုံးဝကို မမှတ်မိခဲ့ဘဲ သားရဲတစ်ကောင်နှယ်သာ အဆက်မပြတ်အော်ဟစ်နေခဲ့လေ၏။
ရန်ကိုင်သည် မြို့ပြင်ဘက်တွင်ရပ်လျက် အစီအရင်ပေါ်ရှိ အပေါက်ရှေ့တွင် ရပ်နေရင်း ဓာတ်ကြီးငါးပါးအကြွင်းမဲ့ဓားချီကို သုံးကာ တစ်လှိုင်းပြီးတစ်လှိုင်းတိုးဝင်လာနေသော နတ်ဆိုးများကို သုတ်သင်ရှင်းလင်းပစ်နေခဲ့လေသည်။
သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး၏အကူအညီဖြင့် ရန်ကိုင်သည် တလိမ့်လိမ့်တိုးဝင်လာနေသော အဆုံးမဲ့ နတ်ဆိုးချီထဲ အလျင်အမြန်ထွက်ပြေးလာနေသော ဖိုသီဖတ်သီပုံရိပ်တစ်ခုကို တွေ့လိုက်ရလေသည်။
ထိုလူသည် လျှို့ဝှက်ကျင့်စဉ်တစ်ခုကို ထုတ်သံး၍ နတ်ဆိုးချီ၏ တိုက်စားမှုကို ခုခံနေခဲ့လေသည်။
“အား.. ကျေးဇူးတင်လိုက်တာဆရာရယ်။ တစ်ကယ်ကို ကျေးဇူးတင်လိုက်တာ။ ကျေးဇူးအများကြီးတင်ပါတယ် ဆရာ။ ဆရာရဲ့ကျေးဇူးကို ကျုပ်ဒီတစ်သက် ကျိန်းသေ မှတ်ထားပါ့မယ်။ မနက်မိုးလင်းတိုင်း မိုးလင်းတိုင်း ဆရာ့အတွက် အမွှေးတိုင်သုံးချောင်းထွန်းပြီး နေ့စဉ် ရှိခိုးကန်တော့ပေးပါ့မယ်။ ဆရာ နှစ်တစ်ရာတိုင်တိုင် အသက်ရှင်နိုင်ပါစေလို့လည်း နေ့တိုင်း ဆုတောင်းပေးပါ့မယ်။ တစ်ကယ်ကို ကျေးဇူးတင်ပါတယ်ဆရာ” ရန်ကိုင့်ဆီသို့ ပျံသန်းလာနေရင်း ထိုလူသည် အဆက်မပြတ်ကို အော်ပြောနေခဲ့လေသည်။
ထိုလူ့ပုံစံကိုကြည့်ရင်း ရန်ကိုင်သိချင်စိတ်ပြင်းပြမိသွားခဲ့ သည်။ ထိုလူ၏လှုပ်ရှားမှုပညာရပ်မှာ အလွန်ကိုမှသိမ်မွေ့ နက်နဲပေသည်။ နတ်ဆိုးချီရှိ နတ်ဆိုးအုပ်ကြီးကို ဖြတ်ကျော်လာနေရသည့်တိုင် မည်သည့်နတ်ဆိုးမှ သူ့အား တစ်ချက်ပင်ထိအောင် မတိုက်ခိုက်နိုင်ခဲ့ပေ။
ထိုလူသည် နတ်ဆိုးများ၏တိုက်ခိုက်မှုအားလုံးကို အလွယ်တကူရှောင်တိမ်းသွားနိုင်ခဲ့သည်။ ထိုသို့ ရှောင်တိမ်းကာ ထွက်ပြေးနေရင်းနှင့်ပင် ရန်ကိုင့်အား ကျေးဇူးတင်စကား ပြောနေနိုင်သေး၏။
ထိုလူ၏ပုံစံကိုကြည့်ရင်း ရန်ကိုင်မျက်မှောင် ကြုတ်သွားခဲ့ပြီးနောက် ဒေါသတကြီးပြန်အော်ပြောလေသည်။ “နှစ်တစ်ရာဆိုတာ ကျုပ်လိုလူတစ်ယောက်အတွက် ဘာမှမဟုတ်ဘူး။ ခင်ဗျား ကျုပ်ကိုစောစောသေပါစေဆိုပြီး ကျိန်ဆဲနေတာလား”
“မဟုတ်ဘူးလေဆရာရဲ့။ ဒါက ဒီအတိုင်း စကားအဖြစ် ပြောလိုက်တာပါဆရာ၊ ဗွေမယူပါနဲ့ဆရာ” ထိုလူမှာလည်း ယခုမှပဲ သူစကားမှားသွားသည်ကို သတိပြုမိလိုက်မည့်ပုံပင်။ သို့သော် ထိုအချိန်တွင် သူသည်ရန်ကိုင်နှင့် မီတာအနည်းငယ်ခန့်အကွာသို့ ရောက်ရှိနေခဲ့လေပြီ။
“ပါးစပ်ပိတ်ပြီး မြန်မြန်ဝင်လာလိုက်တော့” သူ့နောက်ဘက်ရှိအပေါက် ပိတ်တော့မည်ကိုမြင်သော် ရန်ကိုင်က စိတ်မရှည်ဟန်ဖြင့် အော်ပြောလိုက်လေသည်။
ထိုစကားကိုပြောပြီးသည်နှင့် ထိုလူအားဆက်၍ ဂရုစိုက်မနေတော့ဘဲ အပေါက်ထဲသို့သာ လှည့်ဝင်သွားတော့လေ၏။
“ဟာ. ကျုပ်ကိုစောင့်ပါအုံးဆရာ” ထိုကဲ့သို့ အော်ဟစ်လိုက်ရင်း ထိုလူသည် ရုတ်တရက်အရှိန်တင်လိုက်လေသည်။
ချက်ချင်းဆိုသလို ရန်ကိုင့်ဘေးနားသို့ရောက်လာပြီး မြို့ထဲသို့ဝင်သွားခဲ့လေ၏။
တိုက်ခိုက်စရာပစ်မှတ်မရှိတော့သည့်နောက်တွင် မရေမတွက်နိုင်သော နတ်ဆိုးများနှင့် နတ်ဆိုးချီတို့သည် မြို့ဘက်ဆီသို့ ပြန်ဦးတည်လာခဲ့လေသည်။
သို့သော်လည်း အစီအရင်ပညာရှင်များမှာ နတ်ဆိုးချီနှင့် နတ်ဆိုးများ မြို့ထဲသို့ဝင်လာမည်ကို မည်ကဲ့သို့ ခွင့်ပြုပေးနိုင်မည်နည်း။
သူတို့၏လက်ဝါးထက်ဆီမှ မျက်စိကျိန်းမတတ် အလင်းတန်းတို့ ပေါက်ကွဲထွက်လာပြီးသည့်နောက်တွင် ပွင့်နေသောအစီအရင်သည် လျင်မြန်စွာ ပြန်ပိတ်သွားခဲ့လေ သည်။
“ဘုန်း..ဘုန်း..ဘုန်း” နတ်ဆိုးများသည် အစီအရင်အား တစ်ကောင်ပြီးတစ်ကောင် ဝင်ဆောင့်ကြလေ၏။ သို့တိုင် အစီအရင်မှာ ပေါက်ပြဲသွားခြင်း မရှိခဲ့ပေ။
ထိုအချင်းအရာကို မြင်လိုက်သည့်အခါမှပဲ အကုန်လုံး စိတ်သက်သာရာ ရနိုင်တော့၏။
အစီအရင်သည်သာ အကောင်းအတိုင်းရှိနေသေးသရွေ့ သူတို့အနေဖြင့် ဘာကိုမှ စိတ်ပူနေစရာမလိုပေ။
“ဟေ့ကောင်တွေ မင်းတို့ဒီကိုလာပြီးတော့ ဒီအားနည်းနေတဲ့နေရာတွေကို မြန်မြန်အားကောင်းအောင် လုပ်လိုက်စမ်း။ တော်ကြာ နတ်ဆိုးတွေ အစီအရင်ကို ထပ်ပြီးဖျက်ဆီးပစ်နေအုံးမယ်” ချင်းကျောင်းရန်သည် အနားတွင်ရှိနေသော အစီအရင်ပညာရှင်များအား လေသံမာမာဖြင့် အော်ပြောလိုက်လေသည်။
ချင်းကျောင်းရန်၏အမိန့်ကိုကြားသော် အစီအရင်ပညာရှင်များသည် ချင်းကျောင်းရန်ပြောသည့် နေရာဆီသို့ အလျင်အမြန်သွားကာ အားဖြည့်ပေးလိုက်ကြ လေ၏။
“ဒီတစ်ကြိမ် ညီလေးရန်ရှိသွားတာ တစ်ကယ် ကံကောင်းသွားတယ်။ မင်းသာမရှိလို့ရှိရင် ငါတို့မေပယ်မြို့တော့ ဟူး..” ချင်းကျောင်းရန်၏မျက်နှာထက် ကြောက်ရွံ့သည့် အရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့လေ၏။
တစ်ချိန်တည်းတွင် ရန်ကိုင့်အား ကျေးဇူးတင်တကြီး လက်သီးဆုပ်ပြလိုက်လေသည်။
အစီအရင်ပေါ်ရှိ အပေါက်ကလေးမှာ အရမ်းကြီး မကြီးမားသော်ငြား ထိုအပေါက်ကိုသာ မပြင်နိုင်လျှင် မေပယ်မြို့တစ်ခုလုံး ကပ်ဘေးဆိုက်ပေလိမ့်မည်။
“အဲ့ဒီလိုမျိုးတွေလုပ်နေစရာမလိုပါဘူး စီနီယာချင်း။ ဒါကျုပ်တတ်နိုင်တဲ့ဟာပဲကို” ရန်ကိုင်က လက်ဝှေ့ရမ်းလျက် ပြန်ပြောလိုက်သည်။
ထို့နောက် သူနှင့်အတူမြို့ထဲသို့ပြေးဝင်လာသောလူအား သေချာစတင်လေ့လာကြည့်တော့လေသည်။ ထိုလူကို မြင်ပြီးနောက် ရန်ကိုင်အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး အော်ပြောလိုက်လေ၏။
“ခင်းဗျား.. ခင်ဗျားပဲ။ ခင်ဗျား လူလိမ်ကြီး” အစောပိုင်းက မြို့ပြင်တွင်ရှိနေသည့်အတွက်ကြောင့် ထိုလူ၏မျက်နှာကို သေချာအာရုံမစိုက်မိခဲ့ပေ။
ယခုမြို့ထဲသို့ရောက်လာပြီး ထိုလူအား သေသေချာချာ ကြည့်လိုက်သည့်အခါမှသာ သူနှင့်အတူ မြို့ထဲသို့ ပြေးဝင်လာသူသည် အခြားမဟုတ်ဘဲ လူလိမ်လူညစ်၊ တွေ့ကရာလူကို လိုက်လိမ်စားနေသည့်လူဖြစ်ကြောင်း တွေ့လိုက်ရသည်။
မှောင်ခိုဈေးတွင် ဤလူအိုကြီးသည် မိုရှောင်ချီဆီမှ အရင်းအမြစ်ကျောက်ထောင်နှင့်ချီကာ လိမ်ယူသွားခဲ့လေသည်။ ထိုမျှသာလျှင်မဟုတ်သေးဘဲ ငါးရောင်ခြယ်ရတနာဘုရား ပွင့်ကာနီးတွင်လည်း တံဆိပ်တစ်မျိုးကို လိုက်လံ လိမ်ရောင်းခဲ့လေ၏။ ထိုအချိန်အတောအတွင်း သူ၏စီးပွားရေးမှာ အတော်လေး အလုပ်ဖြစ်သွားခဲ့ပေသည်။
မေပယ်မြို့ထဲတွင် ကုသရေးဆေးလုံးများ လစ်လပ်နေသည့်အတွက် သူပြောသည့် အသက်ကယ် ဆေးလုံးမှာ လူအများကြား အလွန်ကိုမှ နာမည်ကျော်သွားခဲ့၏။
သို့သော်ငြား ဤလူလိမ်လူညာကြီးသည် ဤမျှထူးချွန်သည့်စွမ်းအားမျိုးကို ပိုင်ဆိုင်ထားလိမ့်မည်ဟု ရန်ကိုင်လုံးဝမထင်ထားခဲ့ပေ။
မည်သည့်တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူမှ ဤနတ်ဆိုးချီထဲ သူတို့သွားချင်တိုင်းမသွားနိုင်ကြပေ။
ဤလူလိမ်ကြီးသည် အမောတကော အသက်ရှူနေသော်ငြား သူ့အနေဖြင့် နတ်ဆိုးချီအား အောင်မြင်စွာ ကျော်ဖြတ်လာနိုင်ခဲ့သည်မှာ ငြင်း၍မရသည့် အမှန်တရားတစ်ခုဖြစ်သည်။
ထိုတစ်ချက်နှင့်ပင် ဤလူအိုကြီးသည် သွားအထင်သေး၍ မရသည့်လူမှန်း သိနိုင်ပေသည်။
“အဲ့လိုကြီးတော့ မပြောပါနဲ့ဆရာရယ်” ရန်ကိုင်၏ သူ့အပေါ် ခေါ်ဝေါ်ပုံကိုကြားသော် လူလိမ်အိုကြီးသည် ရှက်ရှက်ဖြင့် မဲ့ပြုံးပြုံးလျက်ပြန်ပြောလိုက်လေ၏။ “ဒီလူအိုကြီးက စီးပွားရေးလုပ်နေရုံပါပဲ။ လိမ်စားတာမဟုတ်ပါဘူး”
“ဪ..တစ်ကယ်ကြီးလား” ရန်ကိုင်သည် ညစ်ကျယ်ကျယ်ပြုံးလျက် လူလိမ်အိုကြီးအား သေချာ စိုက်ကြည့်လိုက်လေသည်။
လူလိမ်အိုကြီးက မျက်နှာတည်ဖြင့် ပြန်ပြောလိုက်လေ၏။ “ဒီလူအိုကြီးက ရောင်းတာဝယ်တာတွေ အကုန်လုံးကို အမြဲဈေးမှန်မှန်နဲ့ပဲလုပ်တယ်။ ဘယ်သူ့ကိုမှ အတင်းဝယ်ဖို့ တွန်းအားမပေးသလို ရောင်းဖို့လည်း တွန်းအားမပေးဘူး။ ဒါပေမယ့် အချို့လူတွေက ဒီလူအိုကြီးကို အထင်လွဲသွားပြီးတော့ လူလိမ်လို့ထင်ကြတာလေ။ အဲ့ဒါ လုံးဝအပုပ်ချတာ။ ဒီလူအိုကြီးက စီးပွားရေးကို အမြဲမှန်မှန်ကန်ကန်ပဲလုပ်တယ်။ ရိုးသားမှုကလည်း စီးပွားရေးလုပ်တဲ့နေရာမှာ အရေးအကြီးဆုံးလို့လည်း ဒီလူအိုကြီးခံယူထားတယ်”
“ခင်းဗျားပဲ..သက်ကြားအိုကြီး။ ကျုပ်ခင်ဗျားကို မှတ်မိပြီ။ ခင်ဗျားကျုပ်ကို ရွှေတုတ်ချောင်းဆေးလုံး ရောင်းသွားတဲ့ သက်ကြားအိုကြီးပဲ” ရုတ်တရက် လူအုပ်ထဲမှ ကျင့်ကြံသူတစ်ဦးသည် လူလိမ်အိုကြီးအား ဒေါသတကြီးဖြင့် စိုက်ကြည့်ရင်း ထအော်တော့လေသည်။
“အဲ့ဒါ အလုပ်မဖြစ်လို့လား” လူလိမ်အိုကြီးမှာ အနည်းငယ်အံ့အားသင့်သွားသည့်ပုံပင်။
ထို့နောက် မယုံသင်္ကာဖြစ်နေသည့်လေသံဖြင့် ပြန်ပြောလိုက်လေ၏။ “အဲ့ဆေးလုံးကို ငါ့ရဲ့ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ ဆေးညွှန်းအတိုင်းဖော်စပ်ထားတာ။ လုံးဝအလုပ်မဖြစ်စရာအကြောင်းမရှိဘူး။ ရောင်းရင်း မင်း ငါပြောတဲ့အတိုင်း လိုက်လုပ်တာရော သေချာရဲ့လား”
ထိုကျင့်ကြံသူက နားမလည်နိုင်သည့်အမူအယာဖြင့် ပြန်မေးလိုက်လေသည်။ “ဆေးလုံးပဲဟာကို။ သောက်တာကလွဲလို့ ဘယ်လိုလုပ်ပြီးသုံးရမှာလဲ”
လူလိမ်အိုကြီးသည် သူ့ပေါင်အား အားပါးတရ ရိုက်ချရင်း ပြစ်တင်ကြိမ်းမောင်းနေသည့်လေသံဖြင့် ပြန်ပြောလိုက်လေ၏။ “အဲ့ဒါ မင်းရူးတာ..။ ရွှေတုတ်ချောင်း ဆေးလုံးကို ဘယ်လိုလုပ်ပြီးသွားစားတာလဲ။ အဲ့ဆေးလုံးက စားရတာ မဟုတ်ဘူး။ သေချာအမှုန့်ကြိတ်ပြီး ဟိုနေရာကို လူးရမှာကွ”
ထိုစကားကိုကြားသည့်အခါ အကုန်လုံး မျက်လုံးပြူးသွားခဲ့လေသည်။
“လူးရမှာ။ ဘယ်နေရာကိုလူးရမှာလဲ” ချင်းယုသည် နားမလည်နိုင်သည့်အမူအယာဖြင့် မေးလိုက်လေသည်။
ထိုစကားကိုကြားသည့်အခါ ချင်းကျောင်းရန် ချောင်းမဟန့်ဘဲ မနေနိုင်အောင်ဖြစ်သွားခဲ့သည်။ သို့တိုင် ဘာမှတော့ပြန်မပြောခဲ့ပေ။
လူလိမ်အိုကြီးသည် ချင်းယုအားလှမ်းကြည့်ရင်း သူ့လက်ကိုဝှေ့ယမ်းလျက် ပြောလိုက်လေ၏။ “မေးခွန်းတွေ အများကြီးမမေးနဲ့ကောင်မလေး။ တစ်ချို့ဟာတွေက နင်သိသင့်တာတွေမဟုတ်ဘူး”
ထိုစကားကိုကြားသော ချင်းယုဒေါသထွက်ထွက်ဖြင့် နှုတ်ခမ်းစူလိုက်လေသည်။
ထို့နောက် အစောပိုင်းက မေးလိုက်သော ကျင့်ကြံသူဘက်သို့ လှည့်၍တိုးတိုးလေးပြောလိုက်လေ၏။ “ရောင်းရင်း မင်းတစ်ကယ်ကြီးစားလိုက်တာလား”
ထိုကျင့်ကြံသူ၏မျက်နှာနီမြန်းသွားခဲ့ပြီး မည်သည့်စကားမှ ပြန်မပြောတော့ချေ။
ထိုစကားကိုကြားသည့်အခါ လူလိမ်အိုကြီးသည် သူ့လက်နှစ်ဖက်ကိုရိုက်ရင်း ညစ်ကျယ်ကျယ်ပြုံးလျက် ဆက်ပြောလိုက်လေ၏။ “တစ်ကယ်ကြီး စားလိုက်တာပဲ..။ မင်းကံက တစ်ကယ်ကောင်းတာပဲကွ ရောင်းရင်းရဲ့။ စားပစ်လိုက်တာဆိုတော့ မင်းရဲ့ရွှေတုတ်ချောင်းက လေးဆယ့်ကိုးရက်တိတိထောင်မတ်နေတော့မှာ။ ခဏနေပါအုံး ငါမင်းကိုဘယ်တုန်းကရောင်းလိုက်တာလဲ။ ငါမင်းကို အရင်ရောင်းလိုက်တုန်းက…”
“ခွေးသူတောင်းစား” အစောပိုင်းက ကျင့်ကြံသူသည် ရှက်ရှက်နှင့်ဒေါသထွက်လာတော့လေသည်။
လူလိမ်အိုကြီးဆီသို့ ချက်ချင်းပြေးဝင်လာပြီး လက်သီးတစ်ချက်ပစ်သွင်းရင်း အော်ပြောလိုက်လေ၏။ “မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး။ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပဲ။ ဒီလူအိုကြီးနဲ့ ပြဿနာရှိတဲ့ရောင်းရင်းတွေရှိလို့ရှိရင် အခုအခွင့်အရေးရတုန်း လက်စားပြန်ချေကြတာပေါ့”
သူ့စကားထွက်လာသည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီးထဲမှ ကျင့်ကြံသူပေါင်းများစွာ ပြေးထွက်လာကြလေ၏။
ဖုန်းဖုန်းခွမ်းခွမ်း မြည်သံနှင့်အတူ အကုန်လုံး လူလိမ်အိုကြီးအား တစ်ယောက်တစ်ချက် ဝိုင်းတီးကြတော့လေ၏။
လူလိမ်အိုကြီးမှာမူ အားပါးတရအော်မြည်ရင်းသာ ထိုလူများ၏ရိုက်နှက်မှုကို ကြိတ်ခံနေရတော့လေသည်။
လူလိမ်အိုကြီးအား ပထမဦးဆုံးအကြိမ် စတင် ထိုးကြိတ်သည့်ကျင့်ကြံသူအား လှမ်းကြည့်လိုက်မိသော် လူအုပ်ကြီးလည်း နားလည်သွားတော့လေ၏။
သူတို့၏ဤရောင်းရင်း လွန်ခဲ့သောရက်များအတွင်း အဝတ်အစားအထူကြီးများ ဝတ်ထားရသည့် အကြောင်းအရင်းမှာ ဒါကြောင့်ဖြစ်သည်ကိုး..။
ထို့အပြင် သူတို့၏ရောင်းရင်းသည် ခါးကိုအမြဲနောက်သို့ ကော့ကော့ထားတတ်သည်။ အစကမူ သူဒဏ်ရာတစ်ခုခု ရထားသည်ဟု ထင်ခဲ့သည်။ ယခုမှပဲ ဘာကြောင့်ဤကဲ့သို့ ဖြစ်နေရသလဲဆိုသည်ကို သူတို့နားလည်သွားတော့လေသည်။
လူအုပ်ကြီး၏အကြည့်ကို သတိပြုမိလိုက်သော် ထိုကျင့်ကြံသူ၏မျက်နှာ နီမြန်းသွားခဲ့လေသည်။ ချက်ချင်းပဲ ရှက်ရှက်နှင့် လူအုပ်ကြီးဆီမှ ထွက်ပြေးတော့လေ၏။
“ဟူး..” ထိုမြင်ကွင်းကိုကြည့်ရင်း ချင်းကျောင်းရန်သည် အသာအယာချောင်းဟန့်လျက် ရန်ကိုင့်ဘက်သို့လှည့်ကာ ပြောလိုက်လေ၏။ “ညီလေးရန် မင်းဒဏ်ရာရသွားသေးလား”
“ဘာမှမဖြစ်ဘူး။ ကျုပ်အဆင်ပြေတယ်” ရန်ကိုင်က ခေါင်းခါ၍ ပြန်ပြောလိုက်သည်။
“အဲ့ဒါဆို ကောင်းတယ်” ချင်းကျောင်းရန်က သက်ပြင်း တစ်ချက်ချလျက် “အင်း.. မင်းလုပ်ပေးတာတွေအတွက်ကို ငါမြို့သခင်ဆီလှမ်းအကြောင်းကြားပေးပြီးသွားပြီ။ မြို့သခင်တွမ့်ကတော့ပြောတယ်။ ဒီနတ်ဆိုးချီကိစ္စသာ ပြီးသွားရင် မင်းကိုတတိယမြောက်ဒုမြို့သခင်ရာထူး ပေးမယ်တဲ့။ မင်းလက်ခံမလား မခံဘူးလားဆိုတာတော့ မပြောတတ်သေးဘူးပေါ့”
“ဒုမြို့သခင်ရာထူး” ရန်ကိုင်မျက်ခုံးပင့်သွားခဲ့လေသည်။ ထို့နောက် ခြောက်ကပ်ကပ်ရယ်မောလျက် “မြို့သခင်တွမ့်ဆီကနေ အခုလိုမျိုး အလေးပေးခံရတာတော့ ကောင်းပါတယ်။ ဒါပေမယ့် ကျုပ်ကတော့ ဒုမြို့သခင်ရာထူးကို အဲ့လောက်ကြီးစိတ်မဝင်စားဘူး”
“ဟဲ..ဟဲ ညီလေးရန် အခုလိုပြောမယ်မှန်း ငါသိတယ်။ ဒုမြို့သခင်ရာထူးက အမြင်ပိုင်းမှာကောင်းတယ်ဆိုပေမယ့် တာဝန်ဝတ္တရားတွေက အများကြီးပဲ။ ညီလေးရန်လို လွတ်လွတ်လပ်လပ်နေချင်တဲ့လူတစ်ယောက်အတွက်ကတော့ ဒီရာထူးကိုလိုချင်မှာမဟုတ်မှန်း ငါသိတယ်” ချင်းကျောင်းရန်က အားပါးတရအော်ရယ်မောလိုက်လေသည်။
ဘာကြောင့်မှန်းမသိ သူ့အမူအယာမှာ ပို၍ ပြေလျော့သွားခဲ့လေ၏။ “မြို့သခင်ရာထူးယူမယ့်အစား ညီလေးရန်အနေနဲ့ ဒီမြို့ထဲက မိသားစုတစ်ခုခုကိုရွေးပြီး အဲ့မိသားစုမှာ ဧည့်အကြီးအကဲလုပ်လိုက်တာ ပိုကောင်းမယ်လို့ ဒီလူအိုကြီးထင်တယ်”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၈၅)
ရန်ကိုင်သည် ဘာမှပြန်မပြောဘဲပြုံးလျက်သာ လူလိမ်အိုကြီးဘက်သို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် လူလိမ်အိုကြီး၏ဘေးနားတွင် ပြန်ပေါ်လာလျက် သူ့ခြေထောက်ဖြင့် ကန်ကျောက်လိုက်လေသည်။ “သေချင်ယောင်ဆောင်မနေနဲ့။ မြန်မြန်ထရပ်လိုက်တော့”
“ဆရာ ဒီကောင်တွေကျုပ်ကို ဝိုင်းပြီးတော့ ထိုးရိုက်သွားတာ။ ကျေးဇူးပြုပြီး ကျုပ်အတွက် တရားမျှတမှုလေး ရှာပေးပါအုံးဆရာ” လူလိမ်အိုကြီးသည် မြေပြင်ပေါ်တွင်လဲလျောင်းလျက် နှပ်ချေးတွဲလောင်း၊ မျက်ရည်ရွဲလဲဖြင့် ရန်ကိုင့်အား သနားစဖွယ်စိုက်ကြည့်၍ အထွန့်တက်လိုက်လေသည်။ “ဆရာသာ အဲ့ကောင်တွေကို သင်ခန်းစာမပေးဘူးဆိုရင် ကျုပ်မတ်တပ်ရပ်မှာမဟုတ်ဘူး”
“ဒါဆိုရင် အဲ့အတိုင်းလှဲပြီးတော့ဘဲ ဆက်စကားပြောနေလိုက်တော့”
ထိုစကားကိုကြားသည့်အခါ လူလိမ်အိုကြီး ဆွံ့အသွားခဲ့ လေသည်။
ရန်ကိုင်သည် ဆောင့်ကြောင့်ထိုင်လျက် လူလိမ်အိုကြီးအား သေချာစိုက်ကြည့်ရင်းမေးလိုက်လေသည်။ “ကျုပ်ခင်ဗျားကို မေးအုံးမယ်။ အဲ့နတ်ဆိုးချီထဲကို ခင်ဗျားဘယ်လိုလုပ်ပြီး ရောက်သွားတာလဲ”
ထိုစဉ် ချင်းကျောင်းရန်ကလည်း လူလိမ်အိုကြီးဆီသို့ လမ်းလျှောက်လာလျက် မေးလိုက်လေသည်။ “ဒီချင်းလည်း အဲ့ကိစ္စကို တော်တော်လေးသိချင်နေတာ”
တာအိုသခင်အဆင့်ပညာရှင်နှစ်ဦး၏ စိုက်ကြည့်ခြင်း ခံလိုက်ရသောလူလိမ်အိုကြီး တုန်တုန်ရီရီဖြစ်သွားပြီး အလျင်စလိုပြန်ပြောလိုက်လေသည်။ “ဆရာတို့ နားလည်မှု လွဲနေတယ်နဲ့တူတယ်။ ကျုပ်က မေပယ်မြို့ဆီ အကူအညီတောင်းဖို့လာခဲ့တာ”
“အကူအညီတောင်းဖို့” ရန်ကိုင်မျက်ခုံးပင့်သွားခဲ့ပြီး ချင်းကျောင်းရန်လည်း အတွေးနက်သွားခဲ့သည်။
“ကျုပ်က သစ်သားမြို့တော်ဆီကလာတာပါ” လူလိမ်အိုကြီးက ပြန်ပြောလိုက်သည်။
ရန်ကိုင်မျက်မှောင်မကြုတ်ဘဲမနေနိုင်အောင် ဖြစ်သွားခဲ့လေ၏။
“သစ်သားမြို့တော်က မေပယ်မြို့ကနေ မိုင်သုံးထောင်လောက်ဝေးတယ်။ မြို့ကလည်း မေပယ်မြို့ထက် ပိုသေးတယ်။ ကျင့်ကြံခြင်းကလည်း မေပယ်မြို့ထက် ပိုနိမ့်တယ်” ထိုသို့ရေရွတ်နေရင်းမှ ချင်းကျောင်းရန်၏ အမူအယာ ရုတ်ခြည်းပြောင်းလဲသွားခဲ့ပြီး အလေးအနက် လေသံဖြင့် “ဖြစ်နိုင်တာက သစ်သားမြို့လည်း”
“သစ်သားမြို့ ဒုက္ခရောက်နေလို့ပါဆရာ” လူအိုကြီး၏ မျက်နှာထက် စိုးရိမ်ပူပန်သည့်အမူအယာတို့ ထွက်ပေါ်လာခဲ့လေသည်။
သို့တိုင် သူ့ဘယ်နှင့်ညာအား တစ်ချက်လှည့်ပတ် ကြည့်ပြီးနောက် သက်ပြင်းချ၍ ပြောလိုက်လေ၏။ “ကြည့်ရတာ မေပယ်မြို့လည်း ဒုက္ခရောက်နေတဲ့ပုံပဲ။ ကျုပ်တို့ ဘာလုပ်ကြမလဲ”
“သစ်သားမြို့အခြေအနေ အခုဘယ်လိုရှိလဲ” ချင်းကျောင်းရန်က မေးလိုက်၏။
“အရမ်းဆိုးနေတယ်။ မြို့တစ်မြို့လုံး နတ်ဆိုးချီရော နတ်ဆိုးတွေပါ ဝိုင်းထားတာ။ အခုမေပယ်မြို့ဖြစ်နေတဲ့ ပုံစံအတိုင်းပဲ။ သစ်သားမြို့အခြေအနေကိုလည်း ဆရာတို့ သိလောက်မှာပေါ့။ ဆရာတို့မေပယ်မြို့လို အကြာကြီး ထိန်းထားနိုင်မှာမဟုတ်ဘူး။ ပြီးတော့ အဲ့ဒီသစ်သားမြို့မှာ တာအိုသခင်အဆင့်ကို ရောက်နေလောက်တဲ့ နတ်ဆိုးတစ်ကောင်လည်း ရှိနေသေးတယ်”
“ကျန်းထိုက်ရှန်း” ရန်ကိုင်မျက်လုံးမှေးစင်းသွားခဲ့သည်။
“ကျန်းမိသားစုရဲ့ဘိုးဘေးလား” ချင်းကျောင်းရန်၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။
ရန်ကိုင်ကခေါင်းငြိမ့်၍ပြောလိုက်သည်။ “အဲ့ဒါကြောင့်ပဲ ကျန်းထိုက်ရှန်းကိုမတွေ့တာကိုး။ ကျုပ်အပြင်သွားတုန်းက သူကျုပ်ကို အလစ်ချောင်းတိုက်မှာစိုးလို့ဆိုပြီး အဆက်မပြတ် သတိထားနေတာ။ ဒါပေမယ့် သူလုံးဝပေါ်မလာဘူး။ လက်စသတ်တော့ သူကမေပယ်မြို့မှာမဟုတ်ဘဲနဲ့ သစ်သားမြို့ဆီရောက်နေတာကိုး။ ကြည့်ရတာ အဲ့သစ်သားမြို့ကို အပိုင်သိမ်းပြီးတော့ ပိုများတဲ့နတ်ဆိုးတွေ ဖန်တီးဖို့လုပ်နေတာနဲ့တူတယ်”
“ဖြစ်နိုင်လောက်တယ်။ မင်းပြောတာ တော်တော်လေး ဖြစ်နိုင်ချေများတယ်” ချင်းကျောင်းရန်၏မျက်နှာ ထိတ်လန့်မှုကြောင့် ဖြူလျော်သွားလေ၏။
“သစ်သားမြို့က သိပ်မကြီးပေမယ့် အဲ့မှာလူပေါင်း သိန်းနဲ့ချီရှိနေတာ။ အဲ့လူတွေအကုန်လုံးသာ နတ်ဆိုးတွေ ဖြစ်သွားခဲ့ရင်..” ထိုအကြောင်းကို တွေးမိလိုက်ရုံဖြင့် ချင်းကျောင်းရန် ကျောရိုးတစ်လျှောက်စိမ့်တက်သွားခဲ့လေသည်။ “ဒါပေမယ့် ကျုပ်တို့မေပယ်မြို့ဆီပဲလာအကူအညီ တောင်းတာလား။ အခြားမြို့တွေဆီကကော လိုက်အကူအညီတောင်းသေးလား”
လူလိမ်အိုကြီးက ခေါင်းငြိမ့်လျက် ပြန်ပြောလိုက်သည်။ “တောင်းတာပေါ့။ ဒါပေမယ့် မေပယ်မြို့က ကျုပ်တို့မြို့နဲ့ အနီးဆုံးလေ။ ပြီးတော့ ဒီလူအိုကြီးကိုယ်တိုင်ကလည်း မေပယ်မြို့နဲ့ရင်းနှီးတာဆိုတော့ ဒီကိုလာခဲ့ဖို့ဆုံးဖြတ်လိုက်တာ။ မေပယ်မြို့လည်း ဒုက္ခရောက်နေမှန်းသာသိခဲ့ရင် ဒီကိုမလာခဲ့ဘူး”
“ဒီတော့ ခင်ဗျားဘာသာခင်ဗျားလာခဲ့တာပေါ့”
လူလိမ်အိုကြီးက ရှက်ရှက်ဖြင့်ပြုံးလျက် “ကံကောင်းသွားရုံပါပဲ။ ဟုတ်တယ် ကံကောင်းတာ။ ကံကောင်းသွားတာ။ ဆရာသာ အဲ့နတ်ဆိုးတွေကို ဆွဲမခေါ်ထားခဲ့ရင် မြို့ထဲကို အခုလိုမျိုး လုံလုံခြုံခြုံနဲ့ဝင်လာနိုင်မှာမဟုတ်ဘူး”
ထိုစကားကိုကြားသည့်အခါ ရန်ကိုင်ကပြုံးလျက် ခေါင်းငြိမ့်ကာ အော်ပြောလိုက်လေ၏။ “ဒီလူအိုကြီးကို သေချာဂရုစိုက်ထားလိုက်။ လုံးဝထွက်ပြေးမသွားစေနဲ့”
ပြောပြီးသည့်နောက်တွင် သူ့လက်ကိုဆန့်ထုတ်၍ လူလိမ်အိုကြီး၏ခန္ဓာကိုယ်ကို ထိလိုက်လေသည်။ နယ်ပယ်စက်ကွင်းစွမ်းအား ထွက်ပေါ်လာပြီး လူလိမ်အိုကြီး၏ ခန္ဓာကိုယ်ထဲသို့စိမ့်ဝင်သွားကာ သူ့ကျင့်ကြံခြင်းကို ချိပ်ပိတ်ပစ်လိုက်လေ၏။
ရန်ကိုင့်၏လုပ်ရပ်ကြောင့် လူလိမ်အိုကြီး မှင်သက်သွားခဲ့လေသည်။ ချင်းကျောင်းရန်ပင်လျှင် ရန်ကိုင် ယခုကဲ့သို့လုပ်မည်ဟု မထင်ထားခဲ့ပေ။ ချင်းယုသည်လည်း ရန်ကိုင့်အားကြည့်ရင်း အံ့ဩတကြီးဖြစ်နေခဲ့လေ၏။
“ဆရာ..ခင်ဗျား” လူလိမ်အိုကြီးသည် ရန်ကိုင့်အား မျက်လုံးအပြူးသားဖြင့် ကြည့်နေခဲ့လေ၏။
“သူ့ကိုခေါ်သွားလိုက်တော့” အနားတွင်ရှိနေသော ကျင့်ကြံသူများ မတ်တပ်သာရပ်နေသည်ကိုမြင်သော် ရန်ကိုင်က လေသံမာမာဖြင့် အမိန့်ပေးလိုက်လေသည်။
သူအော်လိုက်သည့်အခါမှပဲ မြို့သခင်စံအိမ်မှ အစောင့်နှစ်ဦး ရှေ့တက်လာပြီး လူလိမ်အိုကြီးကို လက်တစ်ဖက်ဆီမှမ၍ ဆွဲခေါ်သွားလေ၏။
“ဆရာ ဒါတွေက နားလည်မှုလွဲနေတာလေ ဆရာ။ ကျုပ်က အကူအညီတောင်းဖို့ပဲလာနေတာ။ ဟိုနတ်ဆိုးတွေဘက်က မဟုတ်ဘူး။ ဆရာကျုပ်ကို အထင်မှားနေပြီ” လူလိမ်အိုကြီးမှာ အော်ငိုရင်း လှမ်းတောင်းပန်နေခဲ့၏။ တဖြေးဖြေးနှင့် သူ့အသံမှာ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။
“ညီလေးရန် မင်းသူ့ကို အခုလိုမျိုးလုပ်လိုက်တာ သူအားနေရင် လူတွေကိုလိုက်ပြီးတော့လိမ်နေလို့တော့ မဟုတ်ပါဘူးနော်။ အခြားအကြောင်းအရင်းရှိသေးတာလား” ချင်းကျောင်းရန်သည် ရန်ကိုင့်အားကြည့်ရင်းမေးလိုက်လေ၏။
ချင်းယုသည်လည်း ရန်ကိုင်၏လုပ်ရပ်နှင့်ပတ်သက်၍ အတော်လေးနားမလည်နိုင်ဖြစ်နေခဲ့၏။
“လူတွေကိုလိုက်လိမ်နေလို့ဘယ်ဟုတ်ပါ့မလဲ” ရန်ကိုင်က ခေါင်းခါ၍ “သူ့တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံခြင်းလေးနဲ့ နတ်ဆိုးချီထဲကို လုံလုံခြုံခြုံနဲ့ ဖြတ်သွားနိုင်တာ လုံးဝကိုသာမန်မဟုတ်ဘူး။ သူ့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး လျှို့ဝှက်ချက်တစ်ခုခုရှိရလိမ့်မယ်။ ကျုပ် အဲ့ဒါကိုစိတ်ဝင်စားနေတာ”
“ညီလေး သူ့ဆီကနေ အဲ့လျှို့ဝှက်ချက်ကို စစ်မေးချင်နေတာလား” ချင်းကျောင်းရန်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့လေသည်။
တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူများသည် မေပယ်မြို့ထဲတွင် အလွန်ကိုမှ ပေါများလှသည်။ ထိုလူအားလုံးသည်သာ နတ်ဆိုးချီထဲ အလွယ်တကူ သွားနိုင်မည်ဆိုပါက နတ်ဆိုးချီအား ဤမျှကြောက်နေစရာ မလိုတော့ချေ။ အကုန်လုံးမြို့ပြင်သို့ထွက်ကာ နတ်ဆိုးများအား အလွယ်တကူသွားသတ်ပစ်နိုင်ပေသည်။
“အဲ့သက်ကြားအိုကြီးက အရမ်းကိုဉာဏ်နီဉာဏ်နက် များတာ။ ပါးလည်းပါးတယ်။ သူ့လျှို့ဝှက်ချက်ကို သိဖို့က ဒီလောက်လွယ်မှာမဟုတ်ဘူး။ ပြီးတော့ သူ့လျှို့ဝှက်ချက်ကို ထုတ်ပြောမယ်ဆိုရင်တောင် လူတိုင်းက အဲ့ဒါကိုသုံးနိုင်အုံးမှာ မဟုတ်သေးဘူး။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့လုပ်နိုင်တာတော့ လုပ်ပြီးသွားပြီလေ” ရန်ကိုင်က ထူးမခြားနားလေသံဖြင့် ပြန်ပြောလိုက်သည်။
“ဟုတ်တယ်” ချင်းကျောင်းရန်သည်လည်း ခေါင်းငြိမ့်လိုက်လေသည်။
ထို့နောက် မြေပြင်ပေါ်တွင် လဲလျောင်းလျက် အဆက်မပြတ်အော်ဟစ်နေသော ကျန်းချူဟဲအား လက်ညိုးထိုးရင်း မေးလိုက်လေ၏။ “သူ့ကိုကော ဘယ်လိုလုပ်မယ်စဉ်းစားထားလဲ”
ရန်ကိုင်သည် ကျန်းချူဟဲဘက်သို့လှည့်၍ “ဒီကောင့်ကို ဖမ်းလာတာ အပြင်ဘက်ကအခြေအနေအကြောင်း နည်းနည်းပါးပါး စစ်မေးမလားလို့။ ဒါပေမယ့် အခုသူ့အခြေအနေကိုကြည့်ရတာ..”ရန်ကိုင်ခါးသက်စွာသာ ရယ်မောလိုက်လေသည်။
ကျန်းချူဟဲကိုကြည့်ရသည်မှာ လုံးဝသူ့မှတ်ဉာဏ် အားလုံးကို ဆုံးရှုံးလိုက်ရသည့်ပုံပင်။ လက်ရှိကျန်းချူဟဲဆီမှ မည်သည့်သတင်းအချက်အလက်ကိုမှ သူရနိုင်အုံးမည်နည်း။
သတင်းအချက်အလက်အချို့လိုချင်သည်ဆိုပါက နည်းနည်းပါးပါးစွန့်စား၍ ဝိဉာဉ်ရှာဖွေသည့်နည်းလမ်းအား သုံးရုံသာရှိတော့လေသည်။
သို့သော်လည်း ထိုနည်းစနစ်ကိုသုံးဖို့ရာ အသုံးပြုမည့်လူ၏ ကျင့်ကြံခြင်းသည် အသုံးခံရမည့်လူ၏ကျင့်ကြံခြင်းထက် ပိုမြင့်မားနေရန်လိုအပ်သည်။
ထိုသို့သာမဟုတ်လျှင် အလွန်ကိုမှဆိုးရွားသည့် ဘေးထွက်ဆိုးကျိုးကို ရင်ဆိုင်ရနိုင်ပေသည်။
သို့သော်ငြား မေပယ်မြို့တစ်ခုလုံးတွင် ကျင့်ကြံခြင်း အမြင့်ဆုံးလူဆို၍ မြို့သခင်ဖြစ်သော တာအိုသခင် ဒုတိယအဆင့် တွမ့်ရန်ချန်းသာရှိပေသည်။ ထို့ကြောင့် ဤနည်းလမ်းသည် သိပ်၍အလုပ်မဖြစ်လောက်။
ရန်ကိုင်၏ကောင်းကင်စိတ်အာရုံသည် တာအိုသခင် တတိယအဆင့်ကျင့်ကြံသူတစ်ဦးနှင့် ယှဉ်နိုင်သော်ငြား ဝိဉာဉ်ရှာဖွေသည့် မည်သည့်ပညာရပ်ကိုမှ သူသိမထားခဲ့ပေ။
သိနေခဲ့၍ သုံးမည်ဆိုလျှင်ပင် အသုံးဝင်သည့် မည်သည့် သတင်းအချက်အလက်ကိုမှ မရလောက်။
“အဲ့လိုဆိုရင်တော့ ကျွန်မနည်းနည်း ကူညီကောင်း ကူညီပေးနိုင်လောက်တယ်” ချင်းယုက ရုတ်တရက် ဝင်ပြောလိုက်လေသည်။
“နင်က” ရန်ကိုင်သည် ချင်းယုအား နားမလည်နိုင်စွာ ကြည့်လိုက်လေသည်။ သူများ နားကြားမှားသွားသလားဟုပင် ထင်လိုက်၏။ ချင်းယုသည် တစ်ကယ်တော့ တန်ခိုးရှင် ဒုတိယအဆင့်ပင် ရှိသေးသည်မဟုတ်လော။
“ယုအာ” ချင်းကျောင်းရန်မှာမူ ရန်သူတစ်ဦးဦးအား မြင်လိုက်ရသည့်အလား သူ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ခက်ထန်စွာအော်ဟစ်လိုက်လေသည်။ “အရူးလိုက်လုပ်မနေနဲ့”
ချင်းယုက ပြုံး၍သာ ပြန်ပြောလိုက်၏။ “ဘိုးဘေး ယုအာ နောက်နေတာမဟုတ်ဘူး။ ဟုတ်တာပေါ့နော်။ အခု ယုအာရဲ့ကျင့်ကြံခြင်းနဲ့ကတော့ ဒီနတ်ဆိုးကို ဝိဉာဉ်ရှာဖွေတဲ့ ပညာရပ်ဘယ်လိုလုပ်ပြီးသုံးနိုင်မှာလဲ။ ဒါပေမယ့် အစီအရင်ရယ် ဘိုးဘေးရယ် စီနီယာရန်တို့ရဲ့ အကူအညီနဲ့ ဆိုရင်တော့ ကြိုးစားကြည့်လို့ရလောက်တယ်”
ထိုစကားကိုကြားသည့်အခါ ရန်ကိုင်မျက်မှောင် ကြုတ်သွားခဲ့လေသည်။ ချင်းယုအား သေချာ စိုက်ကြည့်လိုက်ပြီးနောက် ပြောလိုက်လေ၏။ “မိန်းကလေးချင်းကို ငါးရောင်ခြယ်ရတနာဘုရားထဲမှာ တစ်ကြိမ်တွေ့ဖူးတယ်။ အဲ့အချိန်က ပုံမှန်မဟုတ်မှန်း ကျုပ်သိတယ်။ အခုမှပဲ အဲ့ဒါတစ်ကယ်ဖြစ်နေမှန်း သိလိုက်ရတော့တယ်”
“ချီးကျူးစကားအတွက် စီနီယာရန်ကို ကျေးဇူးတင်ပါတယ်” ချင်းယုကပြုံးလျက် “ဒါပေမယ့် ကျွန်မလို အားနည်းပြီးပျော့ညံ့တဲ့မိန်းမသားတစ်ယောက်က စီနီယာရန်ရဲ့ ချီးကျူးစကားကို ဘယ်လိုလုပ်ပြီး ခံယူဝံ့ပါ့မလဲ။ စီနီယာဆိုရင် အခုလိုအသက်ငယ်ငယ်လေးနဲ့ တာအိုသခင် အဆင့်ကိုတောင်ရောက်နေပြီ။ စီနီယာရဲ့အနာဂါတ်က တစ်ကယ်ကို အကန့်အသတ်မဲ့ပဲ။ လေးစားမယ့်လေးစား ကျွန်မကပဲ စီနီယာရန်ကို ပြန်ပြီးလေးစားရမှာ”
“လူအိုကြီးချင်း” ရန်ကိုင်က ချင်းကျောင်းရန်ဘက်သို့ လှည့်၍ “ခင်ဗျားတို့မိသားစုထဲက မိန်းကလေးတွေအကုန်လုံး ဒီလိုပဲစကားပြောကြတာလား”
ချင်းကျောင်းရန်က ရယ်မောလျက်ပြန်ပြောလိုက်လေသည်။ “ညီလေးရန် မင်းစိတ်ဝင်စားရင် ငါတို့ချင်းမိသားစုဆီ လာလို့ရတယ်နော်။ ငါတို့ချင်းမိသားစုမှာ လက်မထပ်ရသေးတဲ့ မိန်းကလေးတွေအများကြီးပဲ။ အခပ်မသင့်ရင် မင်းကြိုက်ရင် ကြိုက်လောက်မယ့် တစ်ယောက်ယောက်ကို တွေ့သွားမှာ”
ရန်ကိုင်၏မျက်နှာမဲမှောင်သွားခဲ့လေသည်။ “လူအိုကြီးချင်းက ဘယ်လိုနောက်ရမလဲ တစ်ကယ်သိတာပဲ”
ချင်းကျောင်းရန်ကပြုံးလျက်သာ “ဒီလူအိုကြီး နောက်နေတာမဟုတ်ဘူး”
ထိုစကားကိုကြားသည့်အခါ ရန်ကိုင်သည် ချောင်းဟန့်၍ ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းလိုက်လေသည်။ “ညီမချင်း နင်နဲ့ ဒီကျန်းချူဟဲရဲ့ကျင့်ကြံခြင်း ဘယ်လောက်ကွာလဲဆိုတာကို နင်သိတယ်မဟုတ်လား။ ကိုယ့်ကိုကိုယ်မယုံကြည်ရင် မစွန့်စားတာအကောင်းဆုံးပဲ။ မဟုတ်လို့ နင်တစ်ခုခု ဖြစ်သွားခဲ့ရင် အဆင်ပြေမှာမဟုတ်ဘူး”
“အခုလိုစိတ်ပူပေးတဲ့အတွက် စီနီယာရန်ကို ကျေးဇူးအများကြီးတင်ပါတယ်။ ညီမ ကိုယ့်ကိုကိုယ် ယုံကြည်လို့ အခုလိုလုပ်နေတာပါ” ချင်းယုက တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်ပြောလိုက်လေသည်။
“အဲ့လိုဆိုမှတော့လည်း..အဲ့လိုပဲပေါ့” ရန်ကိုင်သည် ခေါင်းသာငြိမ့်လိုက်ပြီး ဘာမှဆက်၍ပြောမနေတော့ပေ။ မည်သူမှ ကိုယ့်အသက်နှင့်ကိုယ်မကစားရဲကြ။
ချင်းယုက သူမကိုယ်သူမ ယုံကြည်သည်ဟုပြောလာမှဖြင့် ထိုကဲ့သို့ယုံကြည်ရသည့်အကြောင်းအရင်းရှိ၍သာ ဖြစ်ပေလိမ့်မည်။
“လူအိုကြီးချင်းရော ဘယ်လိုလဲ” ရန်ကိုင်သည် ချင်းကျောင်းရန်ဘက်သို့လှည့်၍ မေးလိုက်လေ၏။
ချင်းကျောင်းရန်၏အမူအယာမှာတော့ ထူးထူးခြားခြားကို လေးနက်နေ၏။ တစ်ခဏကြာမျှ တိတ်ဆိတ်နေပြီးသည့် နောက်တွင် ချင်းယုအားလှည့်ကြည့်၍မေးလိုက်လေ၏။ “ယုအာ တစ်ကယ်တမ်းဆို သမီးလုပ်စရာလည်းမလိုဘူးနော်။ ဒီကိစ္စက မေပယ်မြို့တစ်မြို့လုံးကြုံနေရတဲ့ကိစ္စ။ အဆိုးဆုံးဖြစ်လာမယ်ဆိုရင်တောင် မြို့သခင်ကို ဝိဉာဉ်ရှာဖွေခြင်းပညာရပ် သွားသုံးခိုင်းလို့ရတယ်”
ချင်းယုကပြန်၍ပြောလိုက်လေ၏။ “အခုလောလောဆယ်တော့ တစ်မြို့လုံးက မြို့သခင်အပေါ် မှီခိုနေရတာ။ မြို့သခင်သာတစ်ခုခုဖြစ်သွားခဲ့ရင် မေပယ်မြို့ လုံးဝသွားပြီ။ ဒါပေမယ့် ယုအာကျတော့ အဲ့လိုမဟုတ်ဘူး။ ယုတစ်ခုခုဖြစ်သွားရင်တောင် မေပယ်မြို့အခြေအနေက ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူး။ ဘိုးဘေး ကျွန်မတို့ ချင်းမိသားစုရဲ့လူအများစုက ဒီမြို့ထဲမှာရှိနေတာနော်။ ဒီမြို့ကြီးတစ်ခုလုံးသာကျသွားမယ်ဆိုရင် ချင်းမိသားစုလည်း လုံးဝသွားပြီပဲ။ ကျွန်မ ချင်းမိသားစုအတွက် တစ်ခုခု လုပ်ပေးချင်တယ်”
“နင်..ဟူး..”ချင်းကျောင်းရန်လည်း ဘာမှ မတတ်နိုင်တော့ချေ။ ချင်းယု ဒီကိစ္စကိုမလုပ်အောင် မည်ကဲ့သို့ပြောလို့ပြောရမှန်း သူမသိတော့ချေ။
ရန်ကိုင်မှာတော့ ချင်းယုကိုကြည့်ရင်း အံ့အားသင့်သွားခဲ့ လေသည်။ ချင်းယုကဲ့သို့သော မိန်းမငယ်လေးတစ်ဦးသည် ဤကဲ့သို့ စဉ်းစားတတ်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
“ဒါပေမယ့် မစသေးခင် ဆရာရန်ဆီက ကျွန်မ အကူအညီတောင်းချင်တာတစ်ခုရှိပါတယ်” ရုတ်တရက် ချင်းယုက ပြုံးလျက်ပြောလိုက်လေသည်။
“ဘာလဲ”
ချင်းယု၏နှုတ်ခမ်းလှုပ်သွားခဲ့၏။ သို့သော်ငြား မည်သည့်အသံမှထွက်မလာခဲ့ပေ။
ရန်ကိုင်လည်း မျက်ခုံးပင့်သွားခဲ့လေသည်။ သို့သော် ခဏမျှကြာပြီးသည့်နောက်တွင် အသာအယာ ခေါင်းငြိမ့်ပြလိုက်၏။
ထိုအချင်းအရာကိုမြင်သည့်အခါ ချင်းယုက ဝမ်းသာအားရပြုံးလျက် ပြန်ပြောလိုက်၏။ “အဲ့လိုဆိုရင် ယုအာမှာ အောင်မြင်နိုင်ချေ ရှစ်ဆယ်ရာခိုင်နှုန်းလောက် ရှိတယ်။ အဓိကကတော့ စီနီယာရန်ရဲ့အကူအညီကိုပဲ လိုအပ်တာ။ ဘိုးဘေး ဘိုးဘေးဒီမှာပဲနေပြီး မြို့ကို ကာကွယ်ထားလို့ရတယ်”
“ငါ့အကူအညီမလိုဘူးလား” ချင်းကျောင်းရန် အံ့အားသင့်သွားခဲ့လေသည်။
ချင်းယုကပြုံးလျက် ပြန်ပြောလိုက်သည်။ “စီနီယာရန်တစ်ယောက်တည်းနဲ့တင် လုံလောက်တယ်”
ထိုစကားကိုကြားသည့်အခါ ချင်းကျောင်းရန်က သက်ပြင်းချလျက် ပြောလိုက်လေသည်။ “အဲ့လိုဆိုမှတော့ ဒီလူအိုကြီးလည်း ဘာမှပြောစရာမရှိတော့ဘူး။ ဒါပေမယ့် အခုကိစ္စက မေပယ်မြို့တစ်ခုလုံးနဲ့ဆိုင်တာဆိုတော့ ဘာမှမလုပ်ခင် မြို့သခင်ကို အရင်သွားအကြောင်းကြားရမယ်။ ပြီးတော့ သစ်သားမြို့တော်အကြောင်းကိုလည်း ငါမြို့သခင်တွမ့်ဆီ အကြောင်းကြားစရာရှိသေးတာဆိုတော့ နင်တို့မလုပ်ခင် ခဏစောင့်နေအုံး”
ပြောပြီးသည်နှင့် ချင်းကျောင်းရန်သည် ဆက်သွယ်ရေး မှော်ရတနာကိုထုတ်၍ ထိုထဲသို့ သူ့ကောင်းကင်စိတ်အာရုံကို ထည့်သွင်းလိုက်လေ၏။