← Chapters

အခန်း (၂၀၈၆-၂၀၉၀)

Vol. 84 Ch. 2086-2090

အခန်း (၂၀၈၆-၂၀၉၀)

Vol. 84 Ch. 2086-2090

အပိုင်း (၂၀၈၆)

ခဏအကြာတွင် ရန်ကိုင်နှင့်ချင်းကျောင်းရန်တို့၏ ဆက်သွယ်ရေးမှော်ရတနာများ တစ်ပြိုင်တည်း တုန်ခါလာခဲ့ကြလေသည်။

ထိုမှော်ရတနာထဲသို့ ကောင်းကင်စိတ်အာရုံ ထည့်သွင်းကြည့်လိုက်သည့်နောက် တွမ့်ရန်ချန်း၏ သတင်းစကားကို ရန်ကိုင်တွေ့လိုက်ရလေသည်။ “ငါဒီကိစ္စကို မင်းတို့နှစ်ယောက်ဆီအပ်လိုက်မယ်”

ရန်ကိုင်သည် မျက်ခုံးပင့်လျက် ကူကယ်ရာမဲ့နေသော ချင်းကျောင်းရန်အား လှမ်းကြည့်လိုက်သည်။

“မြို့သခင်ကပြောလာပြီဆိုမှတော့ မင်းတို့နှစ်ယောက် စလို့ရပြီ” ချင်းကျောင်းရန်စိတ်ထဲ အလွန်ကိုမှ စိတ်ပူနေသော်ငြား ချင်းယုနှင့်ရန်ကိုင်တို့၏ ဆုံးဖြတ်ချက်အား မလွန်ဆန်နိုင်ခဲ့ပေ။

ထို့ကြောင့် စိုးရိမ်စိတ်များကို ရင်ထဲတွင် သိမ်းထားပြီး ယင်းဆီမှ အကျိုးအမြတ်ရအောင် မည်ကဲ့သို့ညှစ်ထုတ်ရမလဲ ဆိုသည်ကိုသာ စတင်စဉ်းစားနိုင်တော့လေသည်။

တစ်ကယ်တော့ ချင်းယုသည် သူအလွန်ကိုမှ အလေးထားမြတ်နိုးရသော မျိုးဆက်တစ်ယောက်ပင် မဟုတ်ပေလော။

ကောင်းကင်ကံကြမ္မာမျက်လုံးရှိသည့်အတွက် ကျင့်ကြံခြင်းမှာ တန်ခိုးရှင်ဒုတိယအဆင့်ဖြစ်နေသည့်တိုင် ဝိဉာဉ်ရှာဖွေခြင်းနည်းစနည်းကို ထုတ်သုံး၍ရပေသည်။ သို့သော်ငြား အလွန်ကိုမှတော့ စွန့်စားရပေလိမ့်မည်။

“ရောင်းရင်းရန် ယုအာကို မင်းဆီအပ်ထားလိုက်မယ်နော်” ချင်းကျောင်းရန်သည် ချင်းယုအား ရန်ကိုင့်ဆီ လက်ထပ်ပေးတော့မည့်လေသံမျိုးဖြင့် ပြောလိုက်လေ၏။

ရန်ကိုင်က လက်သီးဆုပ်၍ ပြန်ပြောလိုက်၏။ “စိတ်ချထားလိုက် လူအိုကြီးချင်း။ ကျုပ်အတတ်နိုင်ဆုံး ကူညီပေးလိုက်မယ်”

“စီနီယာရန် ကျွန်မနောက်လိုက်ခဲ့ပါနော်” ချင်းယုသည် သူမလက်ကိုဝှေ့ယမ်းလျက် တစ်ခုသောဘက်ဆီသို့ ပျံသန်းသွားလိုက်လေသည်။

ရန်ကိုင်သည် သူ၏အရင်းအမြစ်ချီဖြင့် ကျန်းချူဟဲအား ဆွဲခေါ်လာခဲ့လိုက်သည်။

ချင်းယု၏လုံခြုံရေးအား တာဝန်ယူထားသော တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူအချို့မှာလည်း လိုက်လာခဲ့ကြလေသည်။

ရန်ကိုင်သည် မြို့ပြင်ဘက်တွင် ကျန်းချူဟဲ၏ လက်တစ်ဖက်ကို ဖြတ်ပစ်ခဲ့သည်။ သို့သော်ငြား ထိုပြတ်သွားသည့်လက်ဆီမှ သွေးများထွက်မလာဘဲ အနက်ရောင်အရှိန်အဝါများသာ ဖြာထွက်လာနေခဲ့လေ၏။ တစ်ကယ်ကိုထူးခြားသည့်မြင်ကွင်းပင်။

ခဏအကြာမျှ ပျံသန်းပြီးသည့်နောက်တွင် ရန်ကိုင်တို့အဖွဲ့သည် ချင်းမိသားစု၏နေအိမ်ဆီသို့ ရောက်လာခဲ့လေသည်။

မေပယ်မြို့၏လက်ရှိအခြေအနေကြောင့် ချင်းမိသားစုထဲရှိ တန်ခိုးရှင်ဘုရင်အဆင့်နှင့် ထိုထက်မြင့်သော လူအားလုံးမှာ ကူညီပေးရန်အတွက် မြို့နံရံများဆီသို့ ထွက်သွားကုန်ကြလေပြီ။

ထို့အတွက်ကြောင့် လက်ရှိတွင် ချင်းမိသားစုထဲ ငယ်ငယ်ရွယ်ရွယ်များနှင့် ကျင့်ကြံခြင်းအဆင့်နိမ့်သူများသာ ကျန်ရစ်တော့လေ၏။

ချင်းယုပြန်လာသည်ကိုမြင်သော် တစ်ယောက်ချင်းစီသည် သူမအနားတွင် စုဝေးလျက် အခြေအနေမည်သို့ရှိကြောင်းကို မေးခွန်းတရစပ်ထုတ်ကြတော့လေသည်။

ချင်းယုမှာ ထိုလူများ၏မေးခွန်းကို ပြန်ဖြေနေချိန်မရှိ။ ထို့ကြောင့် အစ်မကြီးတစ်ဦး၏ပုံစံဖြင့် ထိုလူအားလုံးကို ပြစ်တင်ပြောဆိုလိုက်ရာ ထိုလူများမှာ သူမအား စကားဆက်၍ မပြောရဲကြတော့ပေ။

သို့သော်ငြား ရန်ကိုင်မှသယ်လာသည့် ကျန်းချူဟဲကို မြင်ပြီးနောက် သူတို့နားတွင် နောက်တစ်ဖန် ထပ်စုလာကြပြန်၏။

“အား….” ရုတ်တရက် ကျန်းချူဟဲမှာ အလန့်တကြား ထအော်သဖြင့် သူ့နားတွင် စုဝေးနေကြသော ချင်းမိသားစုဝင်မျိုးဆက်များ ကြောက်လန့်တကြား နောက်သို့ ထွက်ပြေးသွားကြလေသည်။

“အခုလိုရှက်စရာတွေ မြင်မိစေလို့ စီနီယာရန်ကို တောင်းပန်ပါတယ်” ချင်းယုက ဦးဆောင်သွားနေရင်း ပြောလိုက်လေ၏။

ရန်ကိုင်ကမူ ဘာမှပြန်မပြောနေဘဲ သူမနောက်မှသာ အနီးကပ်လိုက်သွားခဲ့၏။

ခဏအကြာတွင် ရန်ကိုင်နှင့်ချင်းယုသည် ချင်းမိသားစု၏ လျှို့ဝှက်ခန်းတစ်ခန်းဆီသို့ ရောက်လာခဲ့လေသည်။ အမျိုးမျိုးသော အကာအရံများ အစီအရင်များသည် လျှို့ဝှက်ခန်းပတ်လည်တွင် ခင်းကျင်းထား တပ်ဆင်ထားကြလေ၏။

ဤနေရာရှိ မိုးမြေစွမ်းအင်မှာ အခြားသောနေရာများထက် သိသိသာသာကို ပိုမိုသိပ်သည်းပေသည်။ ထိုနေရာသို့ ရောက်လာပြီးသည့်နောက်တွင် ချင်းယုသည် လက်ကွက်အချို့ဖန်တီး၍ လျှို့ဝှက်ခန်းထဲရှိ အစီအရင်များကို အသက်သွင်းလိုက်သည်။

ထို့နောက် သူမအား ကာကွယ်ပေးရန်တာဝန်ရှိသည့် တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူများအား အမိန့်ပေးလိုက်လေ၏။ “ရှင်တို့ဒီမှာစောင့်နေ။ ကျွန်မထွက်မလာသေးခင်အထိ ဘယ်သူ့ကိုမှ အဝင်မခံနဲ့”

“ဟုတ်ကဲ့” အစောင့်များသည် သံပြိုင် အော်ဟစ်လိုက်ကြပြီးနောက် ချက်ချင်းပဲ လူခွဲကာ နေရာအသီးသီးကို စောင့်ကြပ်လိုက်ကြလေ၏။

လျှို့ဝှက်ခန်းထဲသို့အရောက်တွင် ချင်းယုသည် အစီအရင်များကို တစ်ခုပြီးတစ်ခု အသက်သွင်းလေသည်။ ထို့နောက် သူမ၏သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းအချို့ကို ထုတ်ကာ ထိုပစ္စည်းများကို လျှို့ဝှက်ခန်းထဲ ခင်းကျင်းလိုက်၏။

ရန်ကိုင်သည် ကျန်းချူဟဲကိုကိုင်၍သာ ရပ်စောင့်ကြည့်နေလေသည်။ တစ်ခဏကြာမျှ ကြည့်နေပြီးသည့်နောက်တွင် မေးကြည့်လိုက်လေ၏။ “ဒီတော့ ညီမချင်းက အစီအရင်တာအိုမှာ ကျွမ်းကျင်တာပေါ့”

ချင်းယုလုပ်နေသည့်အရာမှာ အလွန်ကိုမှဆန်းကြယ်သည့် အစီအရင်တစ်ခုကို ခင်းကျင်းနေခြင်းဖြစ်မှန်း ရန်ကိုင်တွေ့ရှိလိုက်ရလေသည်။

မည်ကဲ့သို့သောအစီအရင်မျိုးအား ခင်းကျင်းနေသလဲ ဆိုသည်ကို သူမသိသော်ငြား သူမလက်ရှိခင်းကျင်းနေသည့် အစီအရင်သည် သူမထုတ်သုံးမည့်ကျင့်စဉ်နှင့် ပတ်သက်နေမှန်းတော့ သူသိပေသည်။

ထို့အပြင် သူမအစီအရင်ခင်းကျင်းနေသည့်ပုံကို ကြည့်ရသလောက် ချင်းယုသည် အစီအရင်ပညာတွင် အတော်လေးကျွမ်းကျင်သည့်ပုံပင်။

ချင်းယုသည် အစီအရင်အား ခင်းကျင်းနေရင်းမှပြုံးကာ ပြန်ပြောလိုက်လေသည်။ “ကျွန်မရဲ့ ကုလို့မရတဲ့ရောဂါကြောင့် အခြားလူတွေလို အပြင်ထွက်ပြီးလျှောက်သွားလို့မရဘူးလေ။ ဒါ့ကြောင့်ပဲ အိမ်ထဲမှာပဲ အချိန်ဖြုန်းနေရတာ။ ဒါပေမယ့် ပျင်းလာတော့ ဟိုနည်းနည်းလျှောက်ကြည့်၊ ဒီနည်းနည်း လျှောက်ကြည့်လုပ်တာပေါ့။ ရှင်းရှင်းပြောရရင် ကျွန်မက အစီအရင်ပညာရှင်တော့မဟုတ်ဘူး။ ဒီအကြောင်းကို နည်းနည်းပါးပါးလေ့လာထားရုံလောက်ပဲ”

“အဲ့လောက်ကြီး နှိမ့်ချမနေပါနဲ့ ညီမချင်းရာ” ရန်ကိုင်က မျက်လုံးမှေးစင်း၍ “ငါကြည့်ရသလောက်ဆို နင့်အစီအရင်ပညာအပေါ် ကျွမ်းကျင်မှုက အဆင့်သစ် တစ်ခုကိုတောင် ရောက်နေလောက်ပြီ”

ချင်းယုက ပြုံး၍သာ ပြန်ပြောလိုက်၏။ “အခု ခင်းကျင်းနေတဲ့အစီအရင်က ညီမထုတ်သုံးမယ့်ပညာရပ်ကို အားဖြည့်ပေးနိုင်ရုံတင်မဟုတ်ဘူး။ စီနီယာကောင်းကင်စိတ်အာရုံကိုလည်း ယာယီငှားသုံးလို့ရအောင် လုပ်ပေးနိုင်တယ်။ ဒါနဲ့ဆိုရင် ဝိဉာဉ်ရှာဖွေတဲ့နည်းစနစ်ကို သုံးနိုင်မယ်လို့ ယုံကြည်ချက်အပြည့်ရှိတယ်”

“ငါ့ကောင်းကင်စိတ်အာရုံကိုငှားသုံးတာ” ရန်ကိုင်၏ အမူအယာမဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ “ဒီလောကကြီးမှာ အဲ့လိုအစီအရင်မျိုးလည်းရှိတာလား”

ကောင်းကင်စိတ်အာရုံကိုကျင့်ကြံဖို့သည် အလွန်ကိုမှ ခက်ခဲကြောင်းကို သိထားရပေမည်။

ထို့ကြောင့် တန်ခိုးရှင်ဘုရင်ပထမအဆင့်ကျင့်ကြံသူ တစ်ဦးသည် တန်ခိုးဘုရင်ပထမအဆင့်နှင့်ညီမျှသော ကောင်းကင်စိတ်အာရုံကို ပိုင်ဆိုင်နိုင်ရန် မလွယ်ကူခြင်းပင် ဖြစ်သည်။

ရန်ကိုင်ဆိုလျှင် ဝိဉာဉ်ကြားပန်းရှိနေသည့် အတွက်ကြောင့်သာ ဤမျှအားကောင်းသော ကောင်းကင်စိတ်အာရုံကို ပိုင်ဆိုင်ထားနိုင်ရခြင်းဖြစ်သည်။

ပုံမှန်အတိုင်းသာ ကျင့်ကြံမည်ဆိုလျှင် ယနေ့ ပိုင်ဆိုင်ထားသော ကောင်းကင်စိတ်အာရုံမျိုးရရှိရန် အချိန်များစွာလိုအပ်ပေလိမ့်မည်။

ဝိဉာဉ်ကြာပန်းသည် သူ့အား အချိန်ကုန်သက်သာအောင် အရင်းအမြစ်များစွာသက်သာအောင်လုပ်ပေးသွားသည်ဟု ပြော၍ရသည်။

သို့ရာတွင် ချင်းယုခင်းကျင်းနေသောအစီအရင်သည် ကျင့်ကြံသူတစ်ဦး၏ ကောင်းကင်စိတ်အာရုံအား ငှားသုံးနိုင်အောင် အကူအညီပေးနိုင်လေ၏။ တစ်ကယ်ကို မယုံနိုင်စရာပင်။

ဤကဲ့သို့သော အစီအရင်မျိုးကိုသာ တိုက်ပွဲအတွင်း အသုံပြုနိုင်မည်ဆိုလျှင် ကျင့်ကြံသူတစ်ဦးအတွက် အဆင့်ကျော်၍ တိုက်ခိုက်ဖို့ဆိုသည်မှာ အလွန်ကိုမှ လွယ်ကူသွားပေလိမ့်မည်။

တစ်ဖက်လူအား ပိုမိုမြင့်မားသည့် ကောင်းကင်စိတ်အာရုံဖြင့် ဖိအားပေး၍ တိုက်ခိုက်မည်ဆိုပါက တိုက်ပွဲကို အနိုင်ရဖို့သည် ဤမျှခက်ခဲတော့လိမ့်မည်မဟုတ်ပေ။

“ဒါပေမယ့် ဒီအစီအရင်က စီနီယာရန်ထင်သလောက် အစွမ်းမထက်ဘူး။ ရှင်းရှင်းပြောရရင် ဒါက ပြည့်စုံခြင်း မရှိသေးတဲ့ အစီအရင်တစ်ခုလို့ပဲ ပြောရမယ်။ စာအုပ်ထဲကနေ ရှာတွေ့ထားတာ။ အဲ့ကနေမှတစ်ဆင့် ကျွန်မဘာသာကျွန်မ နည်းနည်းပြုပြင်ပြီးတော့ အခုလိုဖြစ်အောင် လုပ်ထားတာ။ အစီအရင်အသက်ဝင်ဖို့ဆိုရင် အခြားသူတွေလာနှောက်ယှက်လို့မရဘူး။ မဟုတ်ရင် အစီအရင်ကိုလုံးဝအသက်သွင်းလို့ရမှာ မဟုတ်ဘူး။ ရှင်းရှင်းပြောရရင် ဒီအစီအရင်က အခုလိုအခြေအနေမျိုးတွေ အတွက်ပဲ သုံးလို့ကောင်းတာ။ တိုက်ပွဲမှာလုံးဝသုံးလို့မရဘူး” ရန်ကိုင်ဘာတွေးနေသလဲဆိုသည်ကို သိသည့်အလား ချင်းယုက တည်တည်ငြိမ်ငြိမ်ဖြင့် ရှင်းပြလိုက်လေ၏။

“နင့်ဘာသာနင်ပြုပြင်ထားတာ” ထိုစကားကို ကြားပြီးသည့်နောက်တွင် ချင်းယုအပေါ် ရန်ကိုင်၏အမြင် နောက်တစ်ဆင့်သို့ မြင့်တက်သွားခဲ့လေသည်။

သူမသည် အစီအရင်တာအိုတွင် ကျွမ်းကျင်ခြင်းသာ မဟုတ်တော့ဘဲ ပညာရှင်တစ်ဦးပင်ဖြစ်နေခဲ့လေသည်။

“ဒါနဲ့နေပါအုံး အခုလိုကောင်းကင်စိတ်အာရုံငှားသုံးတော့ ငါ့လျှို့ဝှက်ချက်တွေကိုရော နင်သိသွားမှာလား” ရန်ကိုင်က အနည်းငယ်စိုးရိမ်နေသည့်လေသံဖြင့် မေးခွန်းထုတ်လိုက် လေသည်။

သူ့ကိုယ်ထဲ လျှို့ဝှက်ချက်များစွာရှိပေသည်။ ကြည့်ရသလောက် ချင်းယုသည် သိမ်မွေ့ကောင်းမွန်သည့် အမျိုးသမီးတစ်ဦးဖြစ်သော်ငြား အဆုံးတွင် ရန်ကိုင်နှင့် သူမသည် သူစိမ်းများသာဖြစ်ကြသည်။ ထို့ကြောင့် သူ့လျှို့ဝှက်ချက်များအား ချင်းယုသိသွားမည့်အပေါ် မလိုလားပေ။

“ဖြစ်နိုင်ချေတော့ရှိတယ်” ရန်ကိုင့်၏အမေးကို ကြားသည့်အခါ ချင်းယုက ပြန်ပြောလိုက်သည်။

“အိုး..”ရန်ကိုင့်မျက်နှာမဲမှောင်သွားခဲ့ပြီး လုပ်လက်စ ကိစ္စအား ချက်ချင်းရပ်တန့်ပစ်ချင်စိတ်များ ဖြစ်ပေါ်လာခဲ့ လေသည်။

ချင်းယုကအလျင်စလိုထပ်၍ပြောလိုက်၏။ “အဲ့ကိစ္စကို စိတ်မပူပါနဲ့ စီနီယာရန်။ လျှို့ဝှက်ချက်တွေကို သိနိုင်တယ် ဆိုရင်တောင် အသိခံရမယ့်လူက အားနည်းတဲ့ ကောင်းကင်စိတ်အာရုံကို ပိုင်ဆိုင်ထားတဲ့လူပဲ။ စီနီယာရန်ရဲ့ ကောင်းကင်စိတ်အာရုံက ကျွန်မထက်အများကြီး အားကောင်းတာဆိုတော့ အသိခံရမယ့်အသိ ကျွန်မပဲ ဖြစ်မှာ”

ပြောပြီးသည့်နောက်တွင် ချင်းယု၏မျက်နှာ နီမြန်းသွားခဲ့လေသည်။ တစ်ကယ်တော့ သူမသည် မိန်းမသားတစ်ဦးပင် မဟုတ်ပေလော။ သူမ၏လျှို့ဝှက်ချက် အချို့ကိုသာ ရန်ကိုင်မှသိသွားပါက သူတို့နှစ်ဦးကြား ဂွတီးဂွကျဖြစ်သွားရပေလိမ့်မည်။

ရန်ကိုင်က အလျင်စလိုပြန်ပြောလိုက်၏။ “အဲ့ကိစ္စနဲ့ ပတ်သက်ပြီး စိတ်မပူပါနဲ့ညီမချင်း။ ဒီရန် ကျိန်းသေ ကိုယ့်ကိုကိုယ် ထိန်းချုပ်ထားမှာပါ”

ရန်ကိုင်သည် ထိုစကားလုံးများကို မျက်နှာတည်ဖြင့် ပြောလိုက်လေသည်။

ချင်းယုသည် ဘာမှဆက်ပြောမနေတော့ဘဲ အစီအရင်အား ခင်းကျင်းရာတွင်သာ အာရုံစိုက်နေလိုက်တော့၏။ ခဏအကြာတွင် အစီအရင်မှာ ပြီးမြောက်သွားခဲ့လေသည်။ အစီအရင်ကိုကြည့်ရသည်မှာ အလွန်တရာကိုမှ ဆန်းကြယ်ကာရှုပ်ထွေး၏။

သူ့ဘဝတွင် ဤကဲ့သို့သောအစီအရင်မျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။ နောက်ပိုင်း အသုံးလိုရလိုငြား အစီအရင် ခင်းကျင်းရာတွင် အသုံးပြုသောမျဉ်းကြောင်းများကိုပါ သေချာမှတ်သားထားလိုက်လေ၏။

အစီအရင်ကိုခင်းကျင်းပြီးသည့်နောက်တွင် ချင်းယုသည် အစီအရင်အလယ်ဗဟိုသို့သွား၍ ထိုင်ချလိုက်လေသည်။

ထို့နောက်လက်ကွက်အချို့ဖန်တီးရင်း ရန်ကိုင့်အား ပြောလိုက်လေ၏။ “စီနီယာ စီနီယာကအဲ့ဘက်ထောင့်ကို သွားထိုင်ပြီးတော့ အဲ့နတ်ဆိုးကို ဒီဘက်ထောင့်မှာ ထားထားလိုက်ပါလား”

ရန်ကိုင်လည်း ချင်းယုပြောသည့်အတိုင်း လုပ်ပေးလိုက် လေသည်။ တစ်ချိန်တည်းတွင် ဟင်းလင်းပြင်စွမ်းအားကို သုံးလျက် ကျန်းချူဟဲ၏ခန္ဓာကိုယ်ပေါ်တွင် မမြင်နိုင်သော အချုပ်အနှောင်များကို ဖန်တီးလိုက်၏။

ကျင့်ကြံအဆင့်မှာ ချိပ်ပိတ်ထားခံရပြီး လှုပ်မရအောင် ချုပ်နှောင်ထားခံရသော်ငြား ကျန်းချူဟဲမှာတော့ ထိန်းမနိုင် သိမ်းမရအောင် ရုန်းကန်နေဆဲပင်။

အဆက်မပြတ်အော်ဟစ်နေခဲ့ရာ သူ့ကိုပေါ်ရှိ နတ်ဆိုးအမှတ်အသားများမှာလည်း အဆက်မပြတ် လှုပ်ရှားနေခဲ့လေသည်။ သို့တိုင် သူမည်မျှပင် ရုန်းကန်နေစေကာမူ တစ်လက်မမျှပင် မလှုပ်နိုင်ခဲ့ပေ။

ထိုအချင်းအရာကိုမြင်သည့်အခါမှသာ ချင်းယုတည်ငြိမ်သွားနိုင်၏။ ထို့နောက် ဖန်တီးလက်စ လက်ကွက်ကိုသာ ဆက်၍ ဖန်တီးနိုင်တော့၏။

သူမ၏လက်ကွက်များနှင့်အတူ ဆန်းကြယ်သည့် စွမ်းအားလှိုင်းလုံးအချို့သည် ချင်ယုအားဗဟိုပြု၍ ဘေးပတ်ပတ်လည်သို့ တစ်လှိုင်းချင်း တစ်လှိုင်းပြီးတစ်လှိုင်း ဖြာထွက်လာခဲ့လေ၏။ အစီအရင်လိုင်းများမှာလည်း စတင်၍ မှိန်ဖျဖျ လင်းလက်လာတော့သည်။ အသက်ဝင်လာသည့်အလား အစီအရင်ပေါ်ရှိ မျဉ်းကြောင်းများမှာ သူ့ဘာသာ စတင်လှုပ်ရှားလာလေတော့၏။

“အစီအရင်ပွင့်စမ်း” ရုတ်တရက် ချင်းယုက အော်ဟစ်လိုက်၏။

သူမ၏အော်သံနှင့်အတူ အစီအရင်သည် တဝီဝီ မြည်လာလျက် လျင်မြန်စွာစတင်လည်ပတ်လာလေတော့သည်။ ချက်ချင်းဆိုသလို လျှို့ဝှက်ခန်းထဲ မျက်စိကျိန်းမတတ် အလင်းတန်းတို့ ပေါက်ကွဲထွက်လာခဲ့လေသည်။

ထိုသို့ဖြစ်သည့်အခါ မမြင်နိုင်သောစွမ်းအားတစ်ရပ်သည် ကြိုးတစ်ချောင်းနှယ် ရန်ကိုင့်၏ခန္ဓာကိုယ်ထဲသို့ ဖောက်ဝင်သွားခဲ့လေ၏။

ရှင်းပြမရသည့် ထူးဆန်းသောခံစားချက်တစ်ခုကို ရန်ကိုင်ရလိုက်လေသည်။ သူနှင့်ချင်းယုသည် နှစ်ကိုယ့်တစ်စိတ်ဖြစ်သွားသလို ရန်ကိုင်ခံစားလိုက်ရသည်။

ချင်းယု၏အသက်ရှူသွင်းရှူထုတ်သည့်နှုန်း၊ သွေးလှည့်ပတ်သည့်နှုန်း၊ နှလုံးခုန်သံမှစ၍ သူမစိတ်ထဲ ဖြစ်ပေါ်နေသည့် အကြောင်းအရာအချို့ကိုပင် ခံစားမိလာနိုင်ခဲ့သည်။

ချင်းယုမှာတော့ မသက်မသာဖြစ်နေသည့်အလား သူမ၏မျက်နှာမှာ နီမြန်းနေခဲ့လေသည်။ ထို့နောက် ပါးစပ်ကိုဟလျက်အော်ပြောလိုက်၏။ “ဆရာ ကျေးဇူးပြုပြီး အဲ့လူရဲ့ဝိဉာဉ်ကိုဖိနှိပ်ပေးပါ”

ရန်ကိုင့်တွင် တစ်ဖက်လူ၏ဝိဉာဉ်အပေါ်ဖိနှိပ်နိုင်သည့် နည်းစနစ်တစ်ခုရှိမှန်း ချင်းယုသိနေခဲ့သည်။ ထိုအကြောင်းကြောင့်ပင် ရန်ကိုင့်ဆီမှ အကူအညီတောင်းခဲ့ခြင်း ဖြစ်လေသည်။

ရန်ကိုင်အဆင့်တက်နေစဉ်အတောအတွင်း ချင်းယုသည် ကောင်းကင်ကံကြမ္မာမျက်လုံးကိုသုံး၍ စောင့်ကြည့်ခဲ့သော်ငြား ရန်ကိုင်၏သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး၏ တန်ပြန်ခြင်း ခံခဲ့ရလေသည်။

ထို့ကြောင့်ပင် ရန်ကိုင့်၌ ထိုကဲ့သို့သော ပညာရပ်တစ်ခု ရှိနေလိမ့်မည်ဟု ခန့်မှန်းမိသွားခြင်းဖြစ်သည်။ ထို့ကြောင့် ဤကိစ္စမလုပ်ခင် ရန်ကိုင့်အား ကြိုတင်မေးမြန်းခဲ့ခြင်း ဖြစ်လေသည်။ ရန်ကိုင်ကိုယ်တိုင်ကလည်း သူ့တွင်ရှိကြောင်း ဝန်ခံခဲ့၏။

ရန်ကိုင်မှ တစ်ဖက်လူ၏ဝိဉာဉ်အား ဖိနှိပ်ပေးထားမည် ဖြစ်သဖြင့် ချင်းကျောင်းရန်၏အကူအညီကို မလိုတော့ပေ။ ရန်ကိုင်တစ်ယောက်တည်းနဲ့တင် လုံလောက်သွားခဲ့လေပြီ။

ချင်းယု၏အော်သံကိုကြားသော် ရန်ကိုင်သည် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို ချက်ချင်း အသက်သွင်းလိုက်၏။

ဘယ်ဘက်မျက်လုံးဆီမှ ရွှေရောင်အလင်းတန်းတစ်ခု ဝင်းလက်ဖြာထွက်လာပြီး ကျန်းချူဟဲတည့်တည့်ဆီသို့ တိုးဝင်သွားလေ၏။

ထိုအလင်းတန်းနှင့် ထိသွားသည်နှင့်တစ်ပြိုင်နက် ကျန်းချူဟဲမှာ ဆိုးဆိုးရွားရွားထိခိုက်သွားသည့်အလား ချက်ချင်းထအော်လေသည်။

ဆိုးရွားသည့်အိပ်မက်ဆိုးတစ်ခုကို ကြုံတွေ့နေရသည့် အလား ကျန်းချူဟဲ၏ ခက်ထန်ကြမ်းကြုတ်သောမျက်နှာမှာ ပိုပို၍ မကောင်းဆိုးဝါးဆန်လာခဲ့လေသည်။

ခဏအကြာတွင် ကျန်းချူဟဲသည် သတိလစ်သွားသည့် အလား သူ့မျက်လုံးများမှာ ငေးကြောင်ကြောင်ဖြစ်သွားခဲ့၏။ တစ်ချိန်တည်းတွင် သွေးအချို့သည်လည်း ပါးစပ်ထောင့်မှ စီးကျလာခဲ့လေသည်။

နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲပြီးသွားသည့်တိုင် ကျန်းချူဟဲ၏ဝိဉာဉ်မှာ တာအိုသခင်တတိယအဆင့်နှင့် ယှဉ်နိုင်သော ကောင်းကင်စိတ်အာရုံမှ ဖိနှိပ်ခံလိုက်ရခြင်း ဖြစ်သည်။

ထို့အတွက်ကြောင့်ပင် ခဏအတွင်း သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးသည် ကျန်းချူဟဲ၏ဝိဉာဉ်အား ဖိနှိပ်နိုင်ခဲ့လေသည်။

ထိုအချင်းအရာကိုမြင်သော် ချင်းယုသည် ပျော်ရွှင်စွာ ပြုံးလျက် မျက်လုံးပြန်ပိတ်လိုက်၏။ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးသည့်နောက်တွင် မျက်လုံးကို ပြန်ဖွင့်လိုက်လေသည်။

သူမမျက်လုံးတွင် တဖျတ်ဖျတ်တောက်ပနေသော ငွေရောင်အလင်းများကြောင့် လျှို့ဝှက်ခန်းတစ်ခုလုံး ငွေရောင်တောက်လာခဲ့လေ၏။

အစီအရင်လည်ပတ်နေသည့်အလျောက် ရန်ကိုင့်၏ ကောင်းကင်စိတ်အာရုံသည် အစီအရင်စွမ်းအားနှင့်တကွ ချင်းယု၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားခဲ့လေ၏။ ထို့နောက် ထိုစွမ်းအားသည် ကျန်းချူဟဲ၏ အသိစိတ်ပင်လယ်ထဲသို့ ဆက်လက်စီးဝင်သွားလေသည်။

ကျန်းချူဟဲ၏အသိစိတ်ပင်လယ်ထဲသို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်နှင့်ချင်းယု၏ စိတ်အာရုံတစ်ခုလုံးအမှောင်ဖုံးသွားခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၀၈၇)

သူတို့ ရောက်ရှိနေသည့် ပတ်ဝန်းကျင်တစ်ခုလုံးသည် ပိန်းပိန်းပိတ်အောင် မှောင်မိုက်နေခဲ့၏။ ထိုအမှောင်ထုထဲ တစ်စုံတစ်ခုသည်လည်း ပုန်းကွယ်နေသည့်အလား ထင်မှတ်ရလေသည်။

“ဒါဟာ ကျန်းချူဟဲရဲ့ အသိစိတ်ပင်လယ်ပေါ့” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

မည်သို့ပင်ဖြစ်နေစေကာမူ လက်ရှိတွင် ရန်ကိုင်သည် အလွန်ထူးဆန်းသော အခြေအနေသို့ ရောက်နေခဲ့လေသည်။ ချင်းယုသည် သူ့ကောင်းကင်စိတ်အာရုံကို ငှားသုံးနေသည့်လူ ဖြစ်သော်ငြား သူသည်လက်ရှိအခြေအနေပေါ်တွင် လုံးဝ ထိန်းချုပ်မှုရှိမနေခဲ့ပေ။ ချင်းယုသွားရာလမ်းကြောင်းအတိုင်း သူသည်‌ တောက်လျှောက်ပါလာခဲ့လေ၏။

ကိုယ့်ဘာသာကိုယ်မထိန်းချုပ်နိုင်ဘဲ တစ်ပါးသူ ထိန်းချုပ်ရာအတိုင်း သွားနေရသည့်ခံစားချက်မှာ အလွန်ကိုမှ မသက်မသာဖြစ်ဖွယ်ကောင်းလှ၏။

ချင်းယု၏ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာသော ဆန်းကြယ်သည့်အလင်းတို့ကြောင့် ပတ်ဝန်းကျင်အမှောင်ထု လွင့်ပြယ်သွားပြီး လှိုင်းထနေသော အောက်ဘက်ရှိ ပင်လယ်ပြင်ကို တွေ့မြင်လိုက်ရလေသည်။

ထူးထူးခြားခြားကိုပင် အောက်ဘက်ရှိပင်လယ်ရေမှာလည်း ပိန်းပိန်းပိတ်အောင် မည်းနက်နေခဲ့လေသည်။

ရုတ်တရက် ရန်ကိုင်၏အသိစိတ်ပင်လယ်ထဲ သူရင်းနှီးကျွမ်းဝင်ခြင်းမရှိသည့် ပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

ထိုပုံရိပ်များကို သေချာကြည့်ကြည့်လိုက်သည့်နောက်တွင် ထိုအရာများမှာ ကျန်းချူဟဲ၏မှတ်ဉာဏ်နှင့် အတွေ့အကြုံများ ဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။ ထိုပုံရိပ်များကို လေ့လာရင်းမှ ကျန်းချူဟဲ၏ ဘဝအကြောင်းကိုလည်း အတော်လေး သိသွားခဲ့ရလေသည်။

ရန်ကိုင်မှ ထိုပုံရိပ်များကို လေ့လာနေစဉ် ချင်းယုသည် ဝိဉာဉ်ရှာဖွေသည့်နည်းစနစ်ကို ထုတ်သုံးနေခဲ့လေပြီ။

ထိုပုံရိပ်များမှရရှိသည့် သတင်းအချက်အလက်အများစုမှာ အသုံးမဝင်သဖြင့် ရန်ကိုင်နှင့်ချင်းယုသည် ထိုအရာများအပေါ် အရမ်းကြီး အာရုံစိုက်မထားခဲ့ပေ။

အချိန်အတော်ကြာပြီးသည့်နောက်တွင် ထူးခြားသည့် ပုံရိပ်တစ်ခု ရန်ကိုင်၏မျက်လုံးထဲထွက်ပေါ်လာခဲ့သည်။ ယခုတစ်ကြိမ်ထွက်ပေါ်လာသည့်ပုံမှာ အလွန်ကိုမှ ဆန်းကြယ်လှသည့် အစီအရင်ကွက်တစ်ခုပင်ဖြစ်လေသည်။

ထိုအစီအရင်ပေါ်ရှိ အနက်ရောင်မျဉ်းကြောင်းများသည် နတ်ဆိုးအမှတ်အသားများနှယ် တွန့်လိမ်လှုပ်ရှားနေခဲ့ကြသည်။

အစီအရင်မှာ အလွန်ကိုမှအသေးစိတ်ကာ ကျောက်နံရံ တစ်ခုပေါ်တွင် ထိုးထွင်းထားခဲ့လေသည်။ အစီအရင်ပေါ်ရှိ မျဉ်းကြောင်းများ တွန့်လိမ်လှုပ်ရှားနေသည့်အလျောက် ကျောက်နံရံဆီမှလည်း ဟိန်းဟောက်အော်ဟစ်သံများ အဆက်မပြတ်ထွက်ပေါ်နေခဲ့သည်။

အော်ဟစ်သံများကိုကြားပြီးသည့်နောက်တွင် ရန်ကိုင် အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး သူ့ရင်ထဲ မသက်မသာဖြစ်လာခဲ့လေသည်။

တစ်ချိန်တည်းတွင် သူ့အသိစိတ်ပင်လယ်ထဲသို့ အဆက်မပြတ်တိုးဝင်လာနေသော ပုံရိပ်များမှာလည်း ရုတ်ခြည်းပျောက်ကွယ်သွားကုန်ကြလေသည်။

လက်ရှိအခြေအနေအား ချင်းယုတောင့်မခံနိုင်တော့မှန်း ရန်ကိုင်ချက်ချင်းနားလည်လိုက်လေသည်။ ထို့ကြောင့် သူ့ကောင်းကင်စိတ်အာရုံကိုထုတ်လွှတ်၍ ချင်းယု၏ အသိစိတ်အား အားဖြည့်ပေးလိုက်လေ၏။

ပျောက်ကွယ်နေသောပုံရိပ်များမှာ ထိုအခါမှသာ ပြန်လည်တည်ငြိမ်သွားတော့လေသည်။

သို့ရာတွင် အစောပိုင်းက ပုံရိပ်အားလုံးမှာတော့ ပျောက်ကွယ်သွားကုန်ကြလေပြီ။ ထို့အစား မြင်ကွင်းတစ်ခုက အစားထိုးဝင်ရောက်လာခဲ့၏။ ထိုမြင်ကွင်းမှာ ကမ္ဘာပျက်မတတ်တိုက်ပွဲတစ်ခုသာ ဖြစ်လေသည်။

သူ့မြင်ကွင်းထဲ မဲမှောင်သော အနက်ရောင်ချီတို့ဖြင့် လွှမ်းခြုံနေသည့် မီတာသုံးထောင်မကမြင့်မားသော ဧရာမပုံရိပ်ကြီးတစ်ခု မတ်တပ်ရပ်နေခဲ့သည်။ ထိုပုံရိပ်ကြီးမှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှကာ မိုးထိမတတ်လည်း မြင့်မားလှသည်။

မြေပြင်ပေါ်တွင်မတ်တပ်ရပ်ရင်းမှ ထိုပုံရိပ်သည် ကောင်းကင်ပေါ်သို့ မော့ကာ အော်ဟစ်လိုက်၏။

၎င်း၏အော်ဟစ်သံသည် မိုးမြေတစ်ခွင်အား တုန်ခါသွားစေခဲ့ပြီး တိမ်စိုင်တိမ်တိုက်အားလုံးကို လွင့်ပြယ်သွားစေခဲ့လေသည်။

နတ်ဆိုးချီများဖြင့် ရစ်သိုင်းနေသည့် ထိုပုံရိပ်ကြီး၏ မျက်နှာအား အကြမ်းဖျင်းတော့ မြင်နိုင်၏။ ပုံရိပ်ကြီး၏ မျက်နှာမှာ အော်ဂလီဆန်စရာကောင်းလှပြီး မျက်နှာအလယ်တွင် မျက်လုံးတစ်လုံးတည်းသာ ရှိနေခဲ့လေသည်။

ထိုဧရာမအနက်ရောင်မျက်လုံးကြီးသည်လည်း နတ်ဆိုးချီကဲ့သို့ပင် မဲနက်နေခဲ့၏။ ထိုအနက်ရောင်မျက်လုံးမှ ဖြာထွက်လာသည့် အနက်ရောင် အလင်းတန်းများသည် အဘက်ဘက်သို့ ပြန့်ထွက်ကုန်ကြပြီး ဟင်းလင်းပြင်အား အစိတ်စိတ်အမွှာမွှာ ဖြစ်သွားနေစေခဲ့လေသည်။

ထိုအနက်ရောင်မျက်လုံးနှင့် အနည်းငယ်လေး သွားထိမိလိုက်ရုံနှင့်ပင် ရန်ကိုင်၏အသိစိတ်မှာ အလွန်ကိုမှ နာကျင်လာပြီး သူ့အသိစိတ်ပင်လယ်တစ်ခုလုံး ပြိုကျပျက်စီးခါနီးဖြစ်သွားခဲ့ရလေသည်။

ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင်မှာ သွေးပျက်မတတ် ကြောက်လန့်သွားပြီး ချက်ချင်းပဲ သူ့အကြည့်ကို ရုတ်သိမ်းပစ်လိုက်လေ၏။

“မျက်လုံးနက်မဟာနတ်ဆိုး” ဘာကြောင့်မှန်းမသိ သူ့ရှေ့တွင် ရပ်နေသည့်ပုံရိပ်ကြီး၏နာမည်သည် သူ့အသိစိတ်ပင်လယ်ထဲ ထွက်ပေါ်လာခဲ့လေသည်။

နတ်ဆိုးအား မျက်လုံးနက်မဟာနတ်ဆိုးဟု သိသွားရခြင်းမှာ ချင်းယုကြောင့်သာ ဖြစ်လေ၏။ လက်ရှိတွင် ချင်းယုနှင့်ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံမှာ ဆက်သွယ်နေသည့်အတွက် သူမ၏အတွေးအားလုံးကို ရန်ကိုင်လည်း ခံစားမိပေသည်။

ထိုစဉ် ဧရာမမျက်လုံးနက်ရှေးဟောင်းနတ်ဆိုးဘေးတွင် ပုံရိပ်များတစ်ခုပြီးတစ်ခု ပေါ်လာကြလေ၏။ ထိုလူတစ်ယောက်ချင်းစီသည် အလွန်ကိုမှ အားကောင်းသည့် အသက်စွမ်းအင်နှင့်အရှိန်အဝါကို ထုတ်လွှတ်နေကြလေသည်။

အရှင်းဆုံးပြောရလျှင် ထိုတစ်ယောက်ချင်းစီသည့် အလွန်အားကောင်းကြသည့် ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြ၏။

လက်ရှိမြင်ရသလောက် ဧကရာဇ်အဆင့်ပညာရှင်ပေါင်း အယောက်တစ်ရာကျော်မက ရှိနေခဲ့လေသည်။ ထိုအထဲမှ အချို့ပညာရှင်များဆိုလျှင် ကြယ်ဝိဉာဉ်နန်းတော်၏ ငွေကြယ်သံတမန်ဖြစ်သော ရှောင်ယုရန်ထက်ပင် အဆပေါင်းများစွာ ပိုမိုကြောက်မက်ဖွယ်ကောင်းကြသေး၏။

ကောလဟာလများအရ ရှောင်ယုရန်သည် ဧကရာဇ် ဒုတိယအဆင့်ပညာရှင်တစ်ဦးဖြစ်ပေသည်။ ထို့ကြောင့် ထိုပုံရိပ်များမှာ ဧကရာဇ်တတိယအဆင့်ပညာရှင်များသာ ဖြစ်ကြပေလိမ့်မည်။

သို့သော်ငြား ထိုဧကရာဇ်အဆင့်ပညာရှင် အယောက်တစ်ရာကျော်သည် မျက်လုံးနက်ရှေးဟောင်းနတ်ဆိုး နှင့်ယှဉ်လိုက်သော် ပုရွက်ဆိတ်သာသာသာ ဖြစ်သွားကုန်ကြလေသည်။

ထိုလူအယောက်တစ်ရာလုံးသည် သူတို့၏ လျှို့ဝှက်နည်းစနစ်များ၊ ဧကရာဇ်မှော်ရတနာများကို ထုတ်သုံးလျက် မျက်လုံးနတ်မဟာနတ်ဆိုးအား တိုက်ခိုက်လိုက်ကြသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း မျက်လုံးနက်မဟာနတ်ဆိုးသည် အော်ဟစ်ဟိန်းဟောက်လိုက်လေသည်။ ၎င်း၏အော်သံသည် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးအား တုန်ခါသွားစေခဲ့လေသည်။

ဧကရာဇ်အဆင့်ပညာရှင် အယောက်တစ်ရာကျော်အပြင် ဧရာမစစ်သင်္ဘောအစင်းနှစ်ဆယ်ဟာလည်း မျက်လုံးနက် မဟာနတ်ဆိုးအနီးတွင် ရှိနေသေး၏။ ထိုသင်္ဘော တစ်စင်းစီတိုင်းသည် မီတာပေါင်းများစွာ ရှည်လျားကြ၏။

ရောင်ခြည်အလင်းတန်းများကဲ့သို့သော နှင်းဖြူရောင် အလင်းတန်းများသည် စစ်သင်္ဘောများဆီမှ ထွက်ပေါ်လာကာ မျက်လုံးနက်မဟာနတ်ဆိုးဆီသို့ တိုးဝင်သွားကုန်ကြလေသည်။

မျက်လုံးနက်မဟာနတ်ဆိုးသည် သူ၏လှုပ်ရှားမှုများမှာ ကန့်သတ်ထားခံရသည့်အလား သူ့ခန္ဓာကိုယ်အား ဟိုမှသည်သို့ ရွေ့လျားနေသော်ငြား တိုက်ခိုက်မှုအားလုံးကို မရှောင်တိမ်းနိုင်ခဲ့ပေ။

တိုက်ခိုက်မှုများ သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည့်အခါ သူ့ခန္ဓာကိုယ်အား ဝန်းရံထားသည့် နတ်ဆိုးချီများ ကသောင်းကနင်းဖြစ်ကုန်ပြီး မျက်လုံးနက် ရှေးဟောင်းမဟာနတ်ဆိုးကိုယ်တိုင်ကလည်း နာကျင်စွာဖြင့် အော်ဟစ်လေသည်။

မျက်လုံးနက်ရှေးဟောင်းမဟာနတ်ဆိုးသည် ငြိမ်ခံမနေခဲ့ဘဲ ၎င်း၏မျက်လုံးဆီမှ အနက်ရောင် အလင်းတန်းများကိုပစ်လွှတ်ကာ ပြန်လည်တိုက်ခိုက်လေသည်။ တစ်ချိန်တည်းတွင် သူ့လက်ထဲရှိတင်းပုတ်ကြီးကို ဝှေ့ယမ်းကာ ရိုက်ချလေ၏။

၎င်း၏တိုက်ခိုက်မှုကြောင့် ဧကရာဇ်အဆင့်ပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် လေပေါ်မှပြုတ်ကျကာ သေဆုံးကုန်ကြလေသည်။

စစ်သင်္ဘောများဟာလည်း တစ်စင်းပြီးတစ်စင်း ပျက်စီးကုန်လေ၏။

ရန်ကိုင်နှင့် ချင်းယုမှာတော့ သူတို့မြင်နေရသည့် မြင်ကွင်းအား မယုံကြည်နိုင်သည့်အလား အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေကြသည်။

တဒုန်းဒုန်းဖြစ်နေသော သူတို့၏နှလုံးခုန်သံသည် အချိန်အတော်ကြာသွားသည့်တိုင် ငြိမ်သက်သွားခြင်း မရှိခဲ့ပေ။ ဤသို့ဖြင့် မြင်ကွင်းမှာ တစ်ဖန်ပြောင်းလဲသွားခဲ့ပြန်၏။

သူ့ရှေ့ရှိမြင်ကွင်းအား သေသေချာချာကြည့်မိလိုက်သော် ရန်ကိုင်၏မျက်လုံးများ ရုတ်ခြည်းမှေးစင်းသွားခဲ့လေသည်။

လက်ရှိ သူ့ရှေ့ရှိမြင်ကွင်းမှာ အခြားမဟုတ်။ တိုက်ပွဲ ပြီးသွားပြီးနောက် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် ရလဒ်သာဖြစ်ပေသည်။ မိုင်တစ်သောင်းပတ်လည်တစ်ခုလုံး သွေးမြစ်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရ၏။

မျက်လုံးနက်ရှေးဟောင်းမဟာနတ်ဆိုး၏ ဧရာမ ခန္ဓာကိုယ်ကြီးသည်မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေခဲ့သည်။ ဧရာမတင်းပုတ်ကြီးမှာလည်း သူ့ဘေးတွင်ရှိနေခဲ့၏။

အနက်ရောင်သွေးများမှာ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာအနှံ့ဆီမှ အဆက်မပြတ်စီးကျနေခဲ့၏။ အချို့သော ဒဏ်ရာများမှာ အရိုးထိပင်နက်လေသည်။ မျက်လုံးနက် မဟာနတ်ဆိုး သေဆုံးနေခဲ့လေပြီ။

တိုက်ပွဲတစ်ခုလုံးအား အစအဆုံးမမြင်တွေ့ခဲ့ရသော်ငြား ဤမျက်လုံးနက်မဟာနတ်ဆိုးကို သတ်ပစ်ရန်အတွက် မည်မျှခက်ခဲကြောင်းကို ရန်ကိုင်စိတ်ကူးကြည့်နိုင်ပေသည်။

မြေပြင်ပေါ်၌ မျက်လုံးနက်မဟာနတ်ဆိုး၏ အလောင်းသာလျှင်မဟုတ်ဘဲ ဧကရာဇ်အဆင့်ပညာရှင်များ၏ အလောင်းများလည်း ပြန့်ကျဲတည်ရှိနေခဲ့လေ၏။

ဧကရာဇ်အဆင့်ပညာရှင်အယောက်တစ်ရာကျော်အနက် ငါးပုံတစ်ပုံပင် မကျန်ရစ်ခဲ့ပေ။ အသက်ရှင်ကျန်ရစ်သည့် လူများမှာလည်း ဒဏ်ရာအသီးသီးရထားကုန်ကြလေ၏။ သင်္ဘောအစီးနှစ်ဆယ်မှာတော့ အလုံးစုံ ပျက်စီးသွားကုန်ခဲ့လေသည်။

သူတို့ရှေ့ရှိမြင်ကွင်းသည် ထပ်မံပြောင်းလဲသွားခဲ့ပြန်သည်။

မျက်လုံးနက်မဟာနတ်ဆိုး၏ ဧရာမအလောင်းကြီးသည် နှစ်တစ်သောင်းသက်တမ်းရှိသော မီးတောင်ဝထဲသို့ ပစ်ချခံလိုက်ရလေသည်။

မီးတောင်ဆီမှထွက်ပေါ်နေသည့် အလွန်ကြောက်မက်ဖွယ်ရာကောင်းသော အပူဓာတ်နှင့် ရင်ဆိုင်တွေ့နေရသည့်တိုင် မျက်လုံးနက်မဟာနတ်ဆိုး၏ ခန္ဓာကိုယ်မှာတော့ မည်သည့်ဒဏ်ရာမှရသွားခြင်းမရှိပေ။

ထိုမီးတောင်ထဲမှ မျက်လုံးနက်မဟာနတ်ဆိုး၏ အလောင်းကို ပညာရှင်တစ်ဦးမှ ပြန်ဆယ်ယူပြီး အခြားသော ပညာရှင်များနှင့်ပူးပေါင်းကာ အစီအရင်တစ်ခုကို စတင် ဖန်တီးခဲ့လေသည်။

ဧကရာဇ်အဆင့်ပညာရှင်များစွာသည် အလွန်နက်နဲ ဆန်းကြယ်သော အစီအရင်ပတ်လည်တွင် အသီးသီး တင်ပလ္လင်ခွေထိုင်လျက် မျက်လုံးနက်မဟာနတ်ဆိုး၏ အလောင်းကို အလယ်တွင် ထားထားပေသည်။

ဧကရာဇ်အဆင့်ပညာရှင်များ၏ လက်ကွက်တိုင်း လက်ကွက်တိုင်းတွင် အံ့အားသင့်ဖွယ်လျှပ်စီးတန်းများ တစ်ခုပြီးတစ်ခု အလောင်းပေါ်သို့ ပစ်ချလေသည်။

အစီအရင်ထဲ ခြောက်ခြားဖွယ်ရာကောင်းသည့် အဖြူရောင်မီးတောက်များ ထွက်ပေါ်လာပြီး အလောင်းအား စတင်လောင်မြိုက်တော့လေ၏။

ထိုအခါမှသာလျှင် မျက်လုံးနက်မဟာနတ်ဆိုး၏ အလောင်းမှာ တဖြေးဖြေးချင်းစတင်ကြွေလွင့်ရတော့သည်။

တမြေ့မြေ့လောင်ကျွမ်းနေပြီးသည့်နောက် အဆုံးတွင် အစိတ်အပိုင်းသေးသေးလေးတစ်ခု ကျန်ရစ်ခဲ့လေသည်။ ထိုအစိတ်အပိုင်းလေးအား ပညာရှင်တစ်ဦးမှ အထူးသီးသန့် ဖန်တီးထားသည့်မှော်ရတနာတစ်ခုထဲသို့ ထည့်သိမ်းကာ မြေကြီးထဲသို့မြှုပ်ထားလိုက်ပြီးနောက် အစီအရင်တစ်ခုဖြင့် ချိပ်ပိတ်လိုက်လေ၏။

နှစ်ပေါင်းအလီလီကြာညောင်းခဲ့သော်ငြား ထိုအစိတ်အပိုင်းလေးအား သိမ်းဆည်းထားသည့် မှော်ရတနာမှာ မြေကြီးထဲ မပျက်မစီး တိတ်ဆိတ်စွာ တည်ရှိနေသေး၏။

အချိန်ကြာလာသည်နှင့် ချိပ်ပိတ်ထားသောစည်း၏ ခွန်အားမှာ တဖြေးဖြေးလျော့ကျလာခဲ့လေ၏။ ထို့အတွက်ကြောင့် မှော်ရတနာထဲ ထည့်သိမ်းထားသော အရာလေးဆီမှ နတ်ဆိုးချီတို့သည် အပြင်လောကကြီးဆီသို့ စိမ့်ထွက်လာခဲ့ကြလေသည်။

အချိန်အတိုင်းအတာတစ်ခုထိ ကြာပြီးသည့်နောက်တွင် လျှို့ဝှက်ခန်းထဲရှိနေသော ချင်းယုတစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီလာပြီး သူမမျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူလျော်ကာ သွေးတစ်ပွက်ထိုးအန်ချလေသည်။

တစ်ချိန်တည်းတွင် ပိတ်နေသောမျက်လုံးများလည်း ရုတ်ခြည်းပွင့်လာခဲ့လေ၏။

တစ်ပြိုင်တည်းတွင် ရန်ကိုင်သည်လည်း မျက်လုံး ဖွင့်လာခဲ့သည်။ ပါးစပ်ကိုဟလျက် အမောတကော အသက်ရှူရင်း ကသောင်းကနင်းဖြစ်နေသော သူ့ကိုယ်တွင်း စွမ်းအင်များကို ငြိမ်သက်အောင် ထိန်းချုပ်လိုက်ရသည်။

ချင်းယု၏ပုံမှန်မဟုတ်သည့် အခြေအနေကိုမြင်သော် သူမဆီသို့ အလျင်အမြန်ပြေးသွားပြီး သူ့လက်ကိုဆန့်ထုတ်၍ သူမကိုယ်ပေါ်ရှိ အချက်အခြာနေရာများကိုထိကာ သူမ၏ အခြေအနေကို တည်ငြိမ်သွားအောင် ကူညီပေးလိုက်လေသည်။

“ကူညီပေးတဲ့အတွက် ကျေးဇူးပါပဲဆရာ” ချင်းယုက ကျေးဇူးတင်စကားဆိုလိုက်လေသည်။ သို့တိုင် သူမ၏ ခန္ဓာကိုယ်မှာတော့ တဆတ်ဆတ် တုန်ရီနေသေး၏။

နှစ်ဦးသား အကြည့်ချင်းဖလှယ်လိုက်ကြသည်။ တစ်ဦးချင်းစီ၏မျက်လုံးထဲ ဖုံးကွယ်မရသည့် အကြောက်တရားတို့ အထင်းသားထွက်ပေါ်နေခဲ့လေသည်။

သူတို့မြင်ခဲ့ရသည့်မြင်ကွင်းအဖုံဖုံသည် ရှေးဟောင်း မဟာနတ်ဆိုးအသက်ရှင်စဉ်က တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများသာ ဖြစ်ကြသည်။

ကျန်းချူဟဲ၏ကိုယ်ထဲသို့ ကျူးကျော်ဝင်လာသည့် နတ်ဆိုးချီထဲတွင် မျက်လုံးနက်မဟာနတ်ဆိုး၏စိတ်ဆန္ဒတို့ ကိန်းအောင်းနေခဲ့သည်။ ထို့ကြောင့်ပင် ရန်ကိုင်နှင့် ချင်းယုသည် ထိုမြင်ကွင်းအဖုံဖုံကို မြင်တွေ့ခဲ့ရခြင်း ဖြစ်ပေသည်။

ကိစ္စအားလုံး၏ အဖြစ်အပျက်အလုံးစုံအား အစအဆုံး မမြင်တွေ့ခဲ့ရသည့်တိုင် အချို့သောအကြောင်းအရာများကိုတော့ ရန်ကိုင်တို့ သိသွားခဲ့ရလေသည်။

“တစ်ကယ်ကို ပြဿနာများတဲ့ကိစ္စပဲ” ရန်ကိုင် ရေရွတ်လိုက်သည်။ “ငါတို့ဒီကိစ္စကို မြို့သခင်တွမ့်ဆီ အရင်သွားအကြောင်းကြားရမယ်”

မှော်ရတနာကိုထုတ်ရန် ပြင်နေစဉ်မှာပင် သူ့ဘေးဘက်ဆီမှ ဒေါသတကြီးအော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင်လည်းထိတ်လန့်သွားပြီး လှမ်းကြည့်လိုက်ရာ ကျန်းချူဟဲသည် သူ့အသက်ကိုစတေး၍ အချုပ်အနှောင်မှ လွတ်မြောက်ရန်ကြိုးစားနေသည့်အလား သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးချီတို့မှာ အပြင်ဘက်သို့ တရဟော စီးထွက်လာနေကြောင်း တွေ့ရှိလိုက်ရလေသည်။

နတ်ဆိုးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည့်တိုင် သူ့ခွန်အားမှာ ရန်ကိုင်၏အချုပ်အနှောင်မှလွတ်မြောက်ရန် မလုံလောက်ခဲ့ပေ။

ထို့အတွက်ကြောင့် သူ့ကိုယ်ရှိစွမ်းအင်များ ကသောင်းကနင်းဖြစ်လာကာ သူ၏ထိန်းချုပ်မှုအောက်မှ လွတ်ထွက်ကုန်ခြင်းဖြစ်သည်။

ပြင်းထန်သည့်အရှိန်အဝါတစ်ရပ် ကျန်းချူဟဲဆီမှ ရုတ်တရက် ဖြာထွက်လာခဲ့လေ၏။

“ပြေးပေတော့” ထိုအချင်းအရာကိုမြင်သည့်အခါ နောက်ဘာဆက်ဖြစ်မလဲဆိုသည်ကို ရန်ကိုင့်အနေဖြင့် မည်ကဲ့သို့များမသိဘဲနေမည်နည်း။

ချင်းယုအား သူ၏အရင်းအမြစ်ချီဖြင့် လွှမ်းခြုံ၍ လေဟာနယ်စွမ်းအားကို အသက်သွင်းကာ လျှို့ဝှက်ခန်းထဲမှ ချက်ချင်းပျောက်ကွယ်သွားခဲ့လေသည်။ သူပြန်ပေါ်လာသည့် အချိန်တွင် အပြင်ဘက်ရှိခြံဝန်းထဲသို့ ရောက်နေခဲ့လေ၏။

အပြင်ဘက်သို့ရောက်ပြီးပြီးချင်းမှာပင် လျှို့ဝှက်ခန်းဆီမှ ဧရာမပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့လေသည်။

တစ်ချိန်တည်းတွင် ထိုနေရာဆီမှ အနက်ရောင် နတ်ဆိုးချီတို့ထွက်ပေါ်လာပြီး အဘက်ဘက်သို့ ပြန့်ထွက်သွားကုန်ကြလေ၏။

လျှို့ဝှက်ခန်းအပြင်ဘက်တွင် စောင့်ကြပ်နေကြသော ချင်းမိသားစုဝင် တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူများမှာတော့ ဘာတွေဖြစ်လို့ ဖြစ်သွားမှန်းလုံးဝမသိကြပေ။ သူတို့ အသိပြန်ဝင်လာသည့်အချိန်မှာမူ နောက်ကျလွန်းနေခဲ့လေပြီ။

မြွေကဲ့သို့သော နတ်ဆိုးချီများ သူတို့၏ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်တော့မည်အပြု သူတို့နောက်ဘက်ဆီမှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ “အေးခဲလိုက်စမ်း”

ပတ်ဝန်းကျင်ဟင်းလင်းပြင်များ ရုတ်ခြည်းအလွန်ကိုမှ စေးပျစ်သွားခဲ့လေရာ ချင်းမိသားစုဝင်ကျင့်ကြံသူများအဖို့ သူတို့၏လက်များကိုမြှောက်ဖို့ရာပင် မဖြစ်နိုင်တော့ပေ။

သူတို့ကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်ရန် ပြင်နေကြသော နတ်ဆိုးချီများမှာလည်း လေထဲတန်းလန်းရပ်သွားကုန်ကြပြီး တစ်ချက်ကလေးပင် ရှေ့ဆက်မတိုးနိုင်တော့ချေ။

ရွှေရောင်သွေးမျှင်များ တစ်မျှင်ပြီးတစ်မျှင် ထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်းများအသွင်သို့ ပြောင်းလျက် နတ်ဆိုးချီများအား တစ်စစီဖြစ်အောင် ဖျက်ဆီးပစ်လိုက်ကြလေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၀၈၈)

သေဘေးမှကပ်သီသီလေး လွတ်လာပြီးသည့်နောက်တွင် ချင်းမိသားစုဝင်အစောင့်များ၏မျက်နှာ ကြောက်ရွံ့မှုကြောင့် ဖြူဖတ်ဖြူလျော်ဖြစ်ကုန်ကြလေသည်။

ရန်ကိုင်သည် လမ်းလျှောက်လာပြီး သူ့ကောင်းကင်စိတ်အာရုံဖြင့် ထိုလူများ၏ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။

သူတို့ကိုယ်ထဲ မည်သည့်နတ်ဆိုးချီမှရောက်မသွားကြောင်း သေချာသွားသည့်အခါမှသာ ရန်ကိုင်စိတ်သက်သာရာ ရသွားခဲ့လေသည်။

အစောပိုင်းက သူတို့ရှိနေခဲ့သည့်လျှို့ဝှက်ခန်းနေရာတွင်မူ မီတာပေါင်းများစွာကျယ်သော တွင်းပေါက်ကြီးတစ်ခု ရှိနေခဲ့လေ၏။

“ကျုပ်တို့အသက်တွေကို ကယ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဆရာ” ဘာဖြစ်လို့ဖြစ်နေမှန်း သိသွားပြီးသည့်နောက်တွင် အစောင့်များသည် ရန်ကိုင့်အား ကျေးဇူးတင်စကား ဆိုလိုက်ကြလေသည်။

ရန်ကိုင်ကမူ ဘာမှပြန်ပြောမနေဘဲ သူ့လက်ကိုသာ ဝှေ့ယမ်းပြလိုက်၏။ ထို့နောက်ချင်းယုဘက်သို့လှည့်၍ “ညီမချင်း ငါတို့မြို့သခင်တွမ့်ကို သွားတွေ့ကြရအောင်။ ငါတို့မြင်ခဲ့တာတွေကို သူ့ကိုပြောပြဖို့လိုတယ်”

ချင်းယုကခေါင်းငြိမ့်ပြလိုက်၏။ ထို့နောက် ရန်ကိုင်သည် ချင်းယုကိုခေါ်၍ ခြံဝန်းထဲမှ ထွက်လာခဲ့လေသည်။

အစောပိုင်းက သုံးသွားသည့်နည်းစနစ်အရ ရန်ကိုင့်အနေဖြင့် အကြောင်းအရာတော်တော်များများကို သိခဲ့ရသော်ငြား အစီအရင်အားထိန်းချုပ်ထားသော ချင်းယုလောက်တော့ သိနိုင်လိမ့်မည်မဟုတ်ပေ။ ချင်းယုသည် အကြောင်းစုံကို သူ့ထက်ပို၍ အသေးစိတ်ကျကျ သိထားသည်။

ထို့ကြောင့် သူတို့မြင်ခဲ့ရသည့်အကြောင်းများကို ချင်းယုကိုယ်တိုင် မြို့သခင်တွမ့်အား ရှင်းပြသည်မှာ အကောင်းဆုံးပင်ဖြစ်လေသည်။

ရန်ကိုင်သည် ဆက်သွယ်ရေးမှော်ရတနာမှတစ်ဆင့် တွမ့်ရန်ချန်း၏တည်နေရာကို စစ်ဆေးကြည့်လိုက်သည်။ မကြာမီ ရန်ကိုင်တို့နှစ်ဦးသည် မြို့နံရံတစ်ခုပေါ်တွင် မြို့သခင် တွမ့်ရန်ချန်းကို တွေ့လိုက်ရလေသည်။

“အခုလိုကူညီပေးတဲ့အတွက် ကျေးဇူးပါပဲ ရောင်းရင်းရန်” ရန်ကိုင်နှင့်ချင်းယုတို့ ရောက်လာသည်ကို မြင်သော် တွမ့်ရန်ချန်းသည် ရန်ကိုင့်အား လက်သီးဆုပ်၍ ပြောလိုက်သည်။

ထို့နောက် ချင်းယုဘက်သို့လှည့်၍ “နင်တစ်ခုခု ရှာတွေ့ထားတယ်လို့ ရောင်းရင်းရန်ကပြောတယ်။ တစ်ကယ်လား”

ချင်းယုကခေါင်းငြိမ့်၍ ပြန်ပြောလိုက်သည်။ “ဟုတ်ပါတယ် မြို့သခင်။ စီနီယာရန်က အသက်ရှင်နေတဲ့ နတ်ဆိုးတစ်ကောင်ကို ဖမ်းလာပေးလို့ ကျွန်မအနေနဲ့ သူ့ဝိဉာဉ်ကို ရှာဖွေပြီး အကြောင်းအရာတစ်ချို့ကို ရှာတွေ့နိုင်ခဲ့ပါတယ်”

တွမ့်ရန်ချန်း၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့လေသည်။ “ဘာတွေ တွေ့ခဲ့တာလဲ”

ချင်းယုသည် ကျန်းချူဟဲ၏အသိစိတ်ပင်လယ်ထဲသို့ ရောက်စဉ်က သူမမြင်ခဲ့ ကြုံခဲ့ရသည့်အကြောင်းအရာ အားလုံးကို ပြန်ရှင်းပြလိုက်လေသည်။

သူမရှင်းပြသည်ကိုကြားပြီးသည့်နောက်တွင် တွမ့်ရန်ချန်း၏မျက်နှာဖြူလျော်သွားပြီး အလန့်တကြား ပြန်ပြောလိုက်လေ၏။ “ဒီတော့ နင်ပြောတဲ့ပုံအရဆိုရင် အဲ့မိုင်းတွင်းက ရှေးဟောင်းမဟာနတ်ဆိုးရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုကိုမြှုပ်ထားတဲ့နေရာပေါ့”

ချင်းယုကခေါင်းခါလျက် “အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်မလည်း သေချာမသိဘူး။ ကျွန်မတို့မြင်ခဲ့တာတွေက တစ်ခုနဲ့တစ်ခု မဆက်စပ်ဘဲနဲ့ သူ့ဘာ အပိုင်းပိုင်စီ ဖြစ်နေတာဆိုတော့ လွန်ခဲ့တဲ့နှစ်တစ်သောင်းတုန်းက ဘာကို ချိပ်ပိတ်ပြီး မြေထဲမှာမြှုပ်ထားလဲဆိုတာ သေချာပြောလို့တော့ မရဘူး။ ဒါပေမယ့် အခုအခြေအနေကို ကြည့်ရသလောက်တော့ နတ်ဆိုးအလောင်းရဲ့အစိတ်အပိုင်းတစ်ခုပဲ ဖြစ်လောက်တယ်။

ထိုနတ်ဆိုးအလောင်းဆီမှ အစိတ်အပိုင်းတစ်ခုသာဆိုလျှင် ဤမျှများပြားလှသော ရှေးဟောင်းနတ်ဆိုးချီများကို ထုတ်လွှတ်နိုင်သည်မှာ အထူးအဆန်းမဟုတ်တော့ချေ။

သို့သော်ငြား ထိုရှေးခေတ်အချိန်မှ အလွန်အားကောင်းခဲ့လှသည့် ပညာရှင်များပင်လျှင် နတ်ဆိုး၏အလောင်းအား အမြစ်ပြတ်ရှင်းမထုတ်နိုင်ခဲ့လေရာ မေပယ်မြို့ထဲတွင်ရှိနေသည့် သူတို့ကဲ့သို့ကျင့်ကြံသူများက ဘာများလုပ်နိုင်ပါမည်နည်း။

ချိပ်စည်းပျက်စီးသွားခဲ့ပြီဖြစ်သည့်အတွက်ကြောင့် နတ်ဆိုးအလောင်း၏အစိတ်အပိုင်းသာ ဤနေရာမှ အခြားတစ်နေရာသို့ မရွှေ့နိုင်လျှင် မေပယ်မြို့သည် ငရဲခန်းတစ်ခုသို့ အသွင်ပြောင်းရပေတော့မည်။

သို့သော်ငြား မည်သူကများ ထိုအစိတ်အပိုင်းအား အခြားတစ်နေရာသို့ သယ်သွားနိုင်မည်နည်း။ သယ်သွားမည် ဆိုသည်ထက် မည်သူကများ သွားထိရဲမည်နည်း။ မဟာဧကရာဇ်ဆယ်ပါးသည်သာ ထိုကဲ့သို့ လုပ်နိုင်ကြပေလိမ့်မည်။

ထိုအကြောင်းအရာအားလုံးကို စဉ်းစားမိလိုက်သော် တွမ့်ရန်ချန်း၏စိတ်ထဲ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့လေ၏။ ရန်ကိုင့်ဘက်သို့လှည့်၍ပြောလိုက်လေသည်။ “ရောင်းရင်းရန် ဒါနဲ့ပတ်သက်ပြီး မင်းရောဘယ်လိုထင်လဲ”

ရန်ကိုင်ကမူ ခေါင်းခါလျက် “ကျုပ်ကတော့ ဘာမှ မပြောတတ်သေးဘူး။ ချင်းယုမြင်ခဲ့တာတွေလောက်ပဲ ကျုပ်မြင်ခဲ့တာဆိုတော့ ဘာမှတော့သေချာမပြောတတ်ဘူး”

သူမြင်ခဲ့သည့်အရာအားလုံးကို ချင်းယုမှ သေသေချာချာ ရှင်းပြပြီးသွားခဲ့လေပြီ။

“မြို့သခင်” ရုတ်တရက်ချင်းယုက အော်ပြောလိုက်လေ၏။ “ဒီအခြေအနေကို ဖြေရှင်းပေးနိုင်လောက်တဲ့ နည်းလမ်းတစ်ခု ကျွန်မမှာ ရှိတယ်”

“အို...” ထိုစကားကိုကြားသည့်အခါ တွမ့်ရန်ချန်းသည် ချင်းယုဘက်သို့ အလျင်စလိုလှည့်ကာ မေးလိုက်လေ၏။ “ဘယ်လိုနည်းလမ်းမျိုးလဲ”

ချင်းယုသည် တန်ခိုးရှင်ဒုတိယအဆင့်ကျင့်ကြံသူ တစ်ဦးသာ ဖြစ်သော်ငြား သူမလုပ်ပြသွားသည့်အရာများကို မြင်ပြီးနောက် တွမ့်ရန်ချန်းအနေဖြင့် ချင်းယုအား အထင်မသေးရဲတော့ပေ။

ချင်းယုသည် သူမကြုံနေရသည့် မွေးရာပါရောဂါကြောင့်သာ မဟုတ်လျှင် အလွန်ကိုမှ ထူးခြားအားကောင်းလှသည့် ပညာရှင်တစ်ပါး ကျိန်းသေဖြစ်လာပေလိမ့်မည်။

“နောက်ထပ်စည်းတစ်ခုထပ်ထည့်ဖို့ပဲ။ အဲ့ဒါမတိုင်ခင်တော့ သေချာအသေးစိတ်တော့ စစ်ဆေးကြည့်ရအုံးမယ်။ အဲ့ချိပ်စည်းက နှစ်တွေကြာပြီးတဲ့နောက်ပိုင်း အားနည်းသွားတယ်ဆိုပေမယ့် လုံးဝအသုံးမဝင်တော့တာတော့ မဟုတ်ဘူး။ အခုလို နတ်ဆိုးချီတွေ အရမ်းကာရော စိမ့်ထွက်လာတယ်ဆိုတာ ကျန်းမိသားစုက မိုင်းတူးချင်တိုင်း တူးနေလို့ ချိပ်စည်းရဲ့ အပိုင်းအစလေးတစ်ခုပျက်စီးသွားလို့ပဲ။ အဲ့ပျက်စီးသွားတဲ့အပိုင်းကိုသာ ပြန်ပြင်နိုင်မယ်ဆိုရင် နတ်ဆိုးချီတွေစိမ့်ထွက်လာတာကို တားလို့ရတယ်။ နတ်ဆိုးချီတွေ စိမ့်ထွက်လာတာသာ ရပ်သွားတော့မယ်ဆိုရင် ဒီအပြင်မှာရှိနေတဲ့ နတ်ဆိုးတွေလည်း ဘာမှလုပ်တတ်တော့မှာမဟုတ်ဘူး။ အရင်းမရှိတဲ့မြစ်ဆိုတာ တစ်နေ့ကျရင်ခမ်းခြောက်သွားမှာပဲလေ”

“နင်ပြန်ပြင်နိုင်တာလား” တွမ့်ရန်ချန်းက မယုံသင်္ကာဖြင့် မေးလိုက်သည်။

ချင်းယုသည် တစ်ခဏမျှတုန့်ဆိုင်းနေပြီးနောက် ပြန်ပြောလိုက်လေ၏။ “စမ်းကြည့်လို့တော့ရတယ်”

“နင့်ကိုယ်နင် ဘယ်လောက်ယုံကြည်လဲ”

“ခြောက်ဆယ်ရာခိုင်နှုန်းလောက်ပေါ့”

တွမ့်ရန်ချန်း တိတ်သွားခဲ့လေသည်။

“မြို့သခင် အဲ့စည်းကိုပြန်ပြင်နိုင်မယ်လို့ ကျွန်မကိုယ် ကျွန်မ သိပ်ပြီးယုံကြည်ချက်မရှိပေမယ့် ဒီအတိုင်း ထားလိုက်ရင်တော့ ပိုပြီးဆိုးသွားနိုင်တယ်နော်။ အဲ့အခါကျရင် နတ်ဆိုးချီတွေက ထိန်းမရအောင် လွတ်ထွက်လာတော့မှာ။ မေပယ်မြို့လည်း ဘယ်လိုမှ တားနိုင်တော့မှာမဟုတ်ဘူး။ ဒါ့ကြောင့် အရမ်းကြီးမဆိုးခင် အဲ့ချိပ်စည်းကို ပြန်ပြင်လိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်” ချင်းယုသည် တွမ့်ရန်ချန်းအား စိုက်ကြည့်ရင်း ပြောလိုက်လေသည်။

“နင်ပြောတဲ့ပုံအရဆိုရင် ငါတို့အဲ့ချိပ်စည်းကို ပြန်ပြင်မှကိုရမှာပေါ့” တွမ့်ရန်ချန်းက အလေးအနက် အမူအယာဖြင့် မေးလိုက်သည်။

ချင်းယုက ခေါင်းငြိမ့်ပြလိုက်လေသည်။

သက်ပြင်းအရှည်ကြီးချလိုက်ပြီးသည့်နောက်တွင် တွမ့်ရန်ချန်းက ဆက်ပြောလိုက်သည်။ “အဲ့လိုဆိုရင်တောင် အဲ့ချိပ်စည်းရှိနေတဲ့နေရာဆီကို ငါတို့ဘယ်လိုသွားကြမှာလဲ။ နတ်ဆိုးချီထဲကို‌ တောက်လျှောက်ဖြတ်သွားရမှာ။ ငါတို့ နတ်ဆိုးချီကို တောက်လျှောက်ကြီးခုခံနိုင်မှာလား။ ပြီးရင် အဲ့နတ်ဆိုးတွေ တိုက်ခိုက်နေတာကိုကော ခုခံနိုင်ဦးမှာလား။ ငါကိုယ်တိုင်က တာအိုသခင်ဒုတိယအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်ပေမယ့် နတ်ဆိုးချီထဲမှာ အဲ့လောက်အကြာကြီး နေနိုင်မယ်လို့တော့ ငါ့ကိုငါယုံကြည်ချက်မရှိဘူး”

ရန်ကိုင်ကလည်း ဝင်ပြောလိုက်လေ၏။ “နတ်ဆိုးချီက အရမ်းကို တိုက်စားနိုင်စွမ်းပြင်းလွန်းတယ်။ တာအိုသခင် အများစုက အဲ့အထဲထဲမှာ အများဆုံးနာရီဝက်လောက်ပဲ နေနိုင်ကြတာ။ မြို့သခင်ဆိုရင်တောင် အများဆုံးတစ်နာရီပဲ”

သူကိုယ်တိုင် မြို့ပြင်တွင်နေဖူးသူတစ်ဦးဖြစ်သဖြင့် နတ်ဆိုးချီမည်မျှတိုက်စားနိုင်စွမ်းပြင်းထန်ကြောင်းကို ရန်ကိုင်ကောင်းကောင်းသိပေသည်။

“ပြီးတော့ အစီအရင်ကို ပြန်ပြင်ဖို့ဆိုရင်လည်း နင်ကိုယ်တိုင်လည်း အဲ့မှာရှိနေဖို့လိုသေးတယ်။ နင့်ကျင့်ကြံခြင်းနဲ့ နတ်ဆိုးချီထဲသွားမယ်ဆိုရင်..” ရန်ကိုင်သည် ချင်းယုအားကြည့်ရင်း ထိုမျှလောက်သာ ပြောလိုက်လေသည်။

သူမ၏တန်ခိုးရှင်ဒုတိယအဆင့်ကျင့်ကြံခြင်းကြောင့် နတ်ဆိုးချီနှင့်သာ သွားထိမိမည်ဆိုပါက တစ်ခါတည်း နတ်ဆိုးတန်းဖြစ်သွားနိုင်ပေသည်။

သို့သော်ငြား ချင်းယုကမူ ပြုံး၍သာ ပြန်ပြောလိုက်၏။ “ကျွန်မက ဒီအကြံကိုပေးတဲ့သူဆိုတော့ ကျွန်မမှာ နည်းလမ်း ရှိလို့ပေါ့”

“ဘယ်လိုမျိုးလဲ” ရန်ကိုင်နှင့်တွမ့်ရန်ချန်းတို့ နှစ်ဦးစလုံး သူမအား မယုံသင်္ကာဖြင့် ကြည့်လိုက်ကြသည်။

“အစီအရင်တစ်ခုကိုအားကိုးမယ်လေ” ချင်းယုက ယဲ့ယဲ့လေးပြုံးလျက် “ကျွန်မဘာသာကျွန်မသွားလို့မရပေမယ့် အစီအရင်စွမ်းအားကိုအားကိုးပြီး တာအိုသခင်အဆင့် ပညာရှင်တွေရဲ့ခွန်အားကိုသာ ချိတ်ဆက်လိုက်မယ်ဆိုရင် အဲ့အစီအရင်ရဲ့အကူအညီနဲ့ ကျွန်မ နတ်ဆိုးချီထဲသွားရင် သွားလို့ရလောက်တယ်”

“တစ်ကယ်လား” ရန်ကိုင့်၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။

တွမ့်ရန်ချန်းသည် ချင်းယုအား သေချာ စိုက်ကြည့်နေပြီးနောက် ရယ်မောလျက်ပြန်ပြောလိုက်သည်။ “ကောင်မလေး သူများတွေအခုလိုမျိုး ဆန့်တငင်ငင်နဲ့ဖြစ်အောင် မလုပ်သင့်ဘူးလေ။ အဲ့အစီအရင် ဘယ်လောက်ကောင်းလဲ ဆိုတာ ဒီဦးလေးတွမ့်ကိုပြောပြပါလား။ တစ်ကယ်သာ အဆင်ပြေမယ်ဆိုရင် ဦးလေးတွမ့် နင့်ကို ကောင်းကောင်း ဆုချမယ်”

“ဦးလေးတွမ့်” ရန်ကိုင်သည် တွမ့်ရန်ချန်းအား မှုန်ကုပ်ကုပ်အမူအယာဖြင့် လှည့်ကြည့်လိုက်လေသည်။ ဒီမြို့သခင်တွမ့်ဆိုသည့်လူမှာ အလွန်ကိုမှ အရှက်မရှိသည့် လူတစ်ဦးမှန်း ရန်ကိုင်ရုတ်တရက် နားလည်သွားခဲ့သည်။

မျိုးဆက်အရဆိုလျှင် တွမ့်ရန်ချန်းသည် ချင်းကျောင်းရန်နှင့် အဆင့်တူ ဖြစ်ပေသည်။ ချင်းကျောင်းရန်သည် ချင်းယု၏ အဖိုးဖြစ်သည်။ ထို့ကြောင့် တွမ့်ရန်ချန်းသည် ချင်းယု၏ အဖိုးနှင့် မျိုးဆက်တူသူတစ်ဦးဖြစ်လေသည်။

သို့သော်ငြား ချင်းယုအား သူ့ကို ဦးလေးတွမ့်ဟု ခေါ်ခိုင်းနေခြင်းမှာ တစ်ကယ်ကို အရှက်မရှိရာရောက်သည်။ ထိုသို့သာဆိုလျှင် ချင်းယုကကော ချင်းကျောင်းရန်အား ဦးလေးဟု ခေါ်ရမည်လား။

“ထောင့်ခုနစ်သွယ်လိပ်နက်အစီအရင်ကို ဦးလေးတွမ့် ကြားဖူးလားတော့မသိဘူး” ချင်းယုက ပြုံးလျက် ပြောလိုက်သည်။

“ထောင့်ခုနစ်သွယ်လိပ်နက်အစီအရင်” တွမ့်ရန်ချန်း မျက်မှောင်ကြုတ်သွားခဲ့ပြီး အတွေးနက်သွားခဲ့လေသည်။

ရုတ်တရက် သူ့အမူအရာပြောင်းလဲသွားခဲ့ပြီး အလန့်တကြား ပြန်ပြောလိုက်လေ၏။ “နေပါအုံး အဲ့အစီအရင်က လွန်ခဲ့တဲ့နှစ်နှစ်ထောင်လောက်တုန်းက လိပ်နက်ဂိုဏ်းရဲ့ အမွေခံအစီအရင်တစ်ခုမဟုတ်ဘူးလား။ အဲ့လိပ်နက်ဂိုဏ်းက အရှေ့ပိုင်းနယ်မြေထဲက မဟာဂိုဏ်းကြီးတွေထဲက တစ်ဂိုဏ်းလေ။ ဟုတ်တယ် မဟုတ်လား” တွမ့်ရန်ချန်းမှာ အလွန်ကိုမှ မယုံကြည်နိုင် ဖြစ်လေရာ မျက်လုံးများပင်အပြူးသား ဖြစ်နေခဲ့လေ၏။

သူ့အမူအယာကိုကြည့်ရသလောက် ဤထောင့်ခုနစ်သွယ် လိပ်နက်အစီအရင်မှာ အလွန်ကိုမှ ထူးခြားသည့်ပုံပင်။

ရန်ကိုင်သည်လည်း တွမ့်ရန်ချန်း၏အမူအယာကို မြင်ပြီးနောက် ထိုအစီအရင်အကြောင်း သိချင်မိသွားခဲ့၏။ ထို့ကြောင့် ချင်းယုဘက်သို့ လှည့်ကြည့်လိုက်လေသည်။

ချင်းယုက ပြန်၍ပြောပြလိုက်သည်။ “ဦးလေးတွမ့်က တစ်ကယ်ကို ဗဟုသုတကြွယ်ဝတာပဲ။ ဟုတ်တယ်။ ထောင့်ခုနစ်သွယ်လိပ်နက်အစီအရင်ဆိုတာ အဲ့အရှေ့ဘက် နယ်မြေဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်တဲ့ လိပ်နက်ဂိုဏ်းရဲ့ အမွေခံ အစီအရင်တစ်ခုပဲ”

တွမ့်ရန်ချန်းက အလျင်အမြန်ပြန်ပြောလိုက်၏။ “ကောလဟာလတွေပြောတာအရဆိုရင် လိပ်နက်ဂိုဏ်းလို့ နာမည်ပေးထားလို့ နတ်သားရဲတွေထဲကတစ်ကောင်ဖြစ်တဲ့ လိပ်နက်က ဒေါသထွက်ပြီး သူတို့ဂိုဏ်းကိုလာတိုက်တယ်တဲ့။ လိပ်နက်ရဲ့တိုက်ခိုက်မှုကြောင့်ပဲ အဲ့တစ်ဂိုဏ်းလုံး ဆိုးဆိုးရွားရွားထိခိုက်သွားရတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ အဲ့က ပါရမီရှင်တစ်ဦးက လိပ်နက်ရဲ့စွမ်းအားကိုမြင်ပြီး ဉာဏ်အလင်းပွင့်သွားတာကနေ အားကောင်းတဲ့ လျှို့ဝှက်ကျင့်စဉ်တစ်ခုကို ဖန်တီးနိုင်ခဲ့တယ်။ အဲ့လျှို့ဝှက်ကျင့်စဉ်ကနေတစ်ဆင့် အစီအရင်တစ်ခုကို ဖန်တီးပြီး အဲ့အစီအရင်ကို ထောင့်ခုနစ်သွယ်လိပ်နက် အစီအရင်လို့ နာမည်ပေးလိုက်တယ်။ နှစ်တွေကြာပြီးတဲ့နောက်မှာ လိပ်နက်က သူတို့ဂိုဏ်းကို နောက်တစ်ကြိမ် ထပ်လာတိုက်တယ်။ ဒါပေမယ့် အဲ့အစီအရင်ရဲ့အားကိုးနဲ့ လိပ်နက်ကို အောင်အောင်မြင်မြင် ပြန်ပြီးတွန်းလှန်နိုင်သွားတယ်”

တွမ့်ရန်ချန်းသည် အသက်ပြင်းပြင်းရှူသွင်းလျက် ကြောက်ရွံ့နေသည့်အမူအယာဖြင့် ဆက်ပြောလိုက်လေသည်။ “ဒီကိစ္စက လွန်ခဲ့တဲ့နှစ်နှစ်ထောင်တုန်းက ဖြစ်ခဲ့တာဆိုပေမယ့် နတ်သားရဲတစ်ကောင်က ပစ်မှတ်ထားခံရပြီဆိုရင် အသက်ရှင်နိုင်ဖို့ဆိုတာ ခပ်ရှားရှားရယ်ပဲ။ ပြီးတော့ လိပ်နက်ဂိုဏ်းက ဒီလောက်နာမည်ကြီးတာ သူတို့ဂိုဏ်းအကြောင်းကိုမသိဘဲ ဘယ်နေမလဲ”

“ဦးလေးတွမ့်က တစ်ကယ်ကို ဗဟုသုတကြွယ်ဝတာပဲ” ချင်းယုသည် သူမ၏ပါးစပ်ကလေးကိုအုပ်လျက် ဖွဖွလေး ရယ်မောလိုက်လေသည်။

တွမ့်ရန်ချန်းက ခါးသက်စွာရယ်မောလျက် ပြန်ပြောလိုက်၏။ “ဘယ်လောက်သိသိ နင့်လောက်တော့ မသိပါဘူး”

ရန်ကိုင်ကမူ ထိုနှစ်ဦးကို ကြည့်ရင်းနှင့်သာ မှင်သက်နေတော့လေ၏။

“နတ်သားရဲ” လိပ်နက်နတ်သားရဲသည် အစစ်အမှန် နဂါးများနှင့် ဖီးနစ်ငှက်များအား ယှဉ်ပြိုင်နိုင်သော တည်ရှိမှုမျိုးဖြစ်ကာ နတ်သားရဲများထဲ အားအကောင်းဆုံးသော နတ်သားရဲ တစ်ကောင်လည်းဖြစ်ပေ၏။

သို့သော်ငြား လိပ်နက်ဂိုဏ်းသည် အစီအရင်တစ်ခုကို အားကိုး၍ လိပ်နက်အား ပြန်ဆုတ်သွားအောင် တွန်းအားပေးနိုင်ခဲ့သည်။

ထိုအချက်ကို ကြည့်ရုံပင်လျှင် ထောင့်ခုနစ်သွယ် လိပ်နက်အစီအရင် မည်မျှထူးခြားကြောင်းကို မြင်တွေ့နိုင်ပေသည်။

မည်သို့ပင်ဖြစ်စေကာမူ လိပ်နက်ဂိုဏ်းမှာ အမှန်တစ်ကယ်ကို ကံမကောင်းသည်ဟု ပြော၍ရသည်။ သူ၏နာမည်ပေးသည့်အတွက် နတ်သားရဲတစ်ကောင်၏ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းခံရ၏။

အပြစ်တင်မယ့်တင် မည်သူ့ကိုမှအပြစ်မတင်ဘဲ လိပ်နက်ဂိုဏ်းဟု နာမည်ပေးခဲ့သူကိုသာ အပြစ်တင်ရပေလိမ့်မည်။

“ဒီတော့ လိပ်နက်ဂိုဏ်း ဘာဖြစ်သွားလဲ”

တွမ့်ရန်ချန်းသည် ရန်ကိုင့်အား ထူးထူးခြားခြားဖြင့် စိုက်ကြည့်လျက် ပြန်ပြောလိုက်လေ၏။ “နတ်သားရဲ တစ်ကောင်က ပစ်မှတ်ထားခံရတာ ဘယ်လိုလုပ်ပြီး အဆုံးသတ်ကောင်းမှာတုန်း။ ဒုတိယအကြိမ် အောင်မြင်သွားပေမယ့် တတိယအကြိမ် လိပ်နက်က နောက်တစ်ကြိမ် ထပ်လာတိုက်တယ်။ ဒီတစ်ကြိမ်တော့ သူတစ်ယောက်တည်း လာတိုက်တာမဟုတ်ဘူး။ သူ့မျိုးဆက်တွေကိုပါ ခေါ်လာတာ။ လိပ်နက် တစ်ကောင်တည်းကိုတောင် မနည်းတိုက်နေရတာ။ သူ့မျိုးဆက်တွေပါ ပါလာတော့ ဘယ်လိုလုပ်ပြီး ခုခံနိုင်တော့မှာလဲ။ တတိယအကြိမ်မှာ လိပ်နက်ဂိုဏ်း ပျက်စီးသွားရော”

“ဆိုးလိုက်တာ” ရန်ကိုင်ကပြောလိုက်သည်။

“ဟမ့် အပြစ်တင်မယ့်တင် သူတို့ကိုပဲသူတို့ အပြစ်တင်ရမှာ” တွမ့်ရန်ချန်းက ပြန်ပြောလိုက်သည်။ “အဲ့ကိစ္စပြီးတဲ့နောက်ပိုင်း ဘယ်ဂိုဏ်းကမှ သူတို့ဂိုဏ်းကို နတ်သားရဲတွေရဲ့နာမည် မပေးရဲတော့ဘူး”

ထို့နောက်ချင်းယုဘက်သို့လှည့်၍ အဓိပ္ပာယ်ပါပါပြုံးကာ ပြောလိုက်လေ၏။ “ဒါပေမယ့် ဂိုဏ်းသာပျက်စီးသွားတာ။ ဂိုဏ်းသားတွေအကုန်လုံးကတော့ မသေသွားဘူး။ အချို့တွေက အသက်ရှင်လျက်လွတ်သွားတဲ့သူတွေ အများကြီးပဲ။ အဲ့ထဲကမှ တော်တော်များများက ဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်တွေကို သယ်ပြီးထွက်ပြေးသွားကြတယ်တဲ့။ အဲ့ထဲကတစ်ခုက ထောင့်ခုနစ်သွယ်လိပ်နက်အစီအရင်ပဲ”

ထိုစကားကိုကြားသည့်အခါ ချင်းယုက ပြန်ပြောလိုက် လေသည်။ “ဘာတွေ ဝေ့ပတ်ပြီးပြောနေတာလဲ ဦးလေးတွမ့်။ ကျွန်မတို့ချင်းမိသားစုရဲ့ဘိုးဘေးက လိပ်နက်ဂိုဏ်းရဲ့ တပည့်တစ်ဦးပဲ။ ဒါ့ကြောင့်ပဲ အဲ့ထောင့်ခုနစ်သွယ်လိပ်နက် အစီအရင် သူ့မှာရှိတာ။ ကျွန်မပြောတဲ့ ထောင့်ခုနစ်သွယ် လိပ်နက်အစီအရင်ဆိုတာကလည်း ကျွန်မတို့ဘိုးဘေးက လက်ဆင့်ကမ်းပေးခဲ့တဲ့ဟာပဲ။ ဒါပေမယ့် ကျွန်မတို့ဘိုးဘေး အဲ့အစီအရင်ကိုသင်ခဲ့တုန်းက အစီအရင်က လုံးဝကို ပြီးပြည့်စုံမနေဘူး။ လိပ်နက်ဂိုဏ်းက သူတို့တပည့်တွေကို အဲ့အစီအရင်ကို သင်ပေးတဲ့အချိန်မှာ အစီအရင်ရဲ့ တစ်ပိုင်းစီကိုပဲသင်ပေးတာ။ အပြည့်မသင်ပေးဘူး။ အဲ့အစီအရင်ကို အသုံးပြုဖို့ဆိုရင်လည်း လူခုနစ်ယောက် လိုအပ်တယ်။ တစ်ယောက်ချင်းစီက ထောင့်တစ်ထောင့်စီကို တာဝန်ယူရတာ”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၀၈၉)

ထိုစကားကိုကြားပြီးသည့်နောက်တွင် တွမ့်ရန်ချန်း မျက်နှာပျက်သွားခဲ့လေသည်။ ချင်းယုအားစိုက်ကြည့်ရင်း ပြန်မေးလိုက်လေ၏။ “ဒီတော့နင့်မှာ ထောင့်ခုနစ်သွယ် လိပ်နက်အစီအရင်အပြည့်အစုံမရှိဘူးပေါ့”

သူစိတ်မပျက်ဘဲမနေနိုင်အောင် ဖြစ်သွားခဲ့လေသည်။ ထိုကဲ့သို့သော အားကောင်းသည့် အစီအရင် အကူအညီ မပါဘဲနှင့်မည်သူကများ နတ်ဆိုးချီထဲ သွားနိုင်မည်နည်း။ တာအိုသခင်အဆင့်ပညာရှင်များပင်လျှင် နတ်ဆိုးချီထဲ အကြာကြီးမနေနိုင်ပေ။

“ကျွန်မမှာ အစီအရင်တစ်ခုတော့ရှိတယ်။ ဒါပေမယ့် အဲ့ဒါက မူလပုံစံနဲ့သိပ်ပြီးတော့မတူဘူး” ချင်းယုက ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်သည်။

“နင်ဘာပြောချင်တာလဲ” တွမ့်ရန်ချန်း နားမလည်နိုင် ဖြစ်သွားခဲ့လေ၏။

“ကျွန်မတို့ချင်းမိသားစုရဲ့ဘိုးဘေးက တစ်ကယ်ကို တော်တဲ့ပါရမီရှင်တစ်ဦးလို့ပြောလို့ရတယ်။ အစီအရင်ရဲ့ တစ်စိတ်တစ်ပိုင်းလောက်ကိုပဲ သင်ခဲ့ရတယ်ဆိုပေမယ့် ရောင်းရင်းတွေနဲ့အတူတူလေ့ကျင့်ပြီးတော့ အဲ့ဒီအစီအရင်ရဲ့ အခြားအစိတ်အပိုင်းအကြောင်းတွေကို တော်တော်လေး သိနားလည်သွားခဲ့တယ်။ အဲ့လိပ်နက်ဂိုဏ်းပျက်စီးသွားပြီးတဲ့ နောက်ပိုင်း တောင်ဘက်နယ်မြေထဲကို ထွက်ပြေးလာတယ်လေ။ အဲ့မှာ သူ့ဘာသာ လေ့လာဆန်းစစ်ပြီးတော့ အစီအရင်ကို ပြီးပြည့်စုံတဲ့ပုံစံဖြစ်အောင် ပြောင်းလဲပစ်လိုက်နိုင်တယ်။ ဒါပေမယ့် ကျွန်မဘိုးဘေးကတော့ပြောတယ်။ သူ့အရည်အချင်းနဲ့ဆိုရင်တော့ ဒီလောက်အထိပဲရမယ်တဲ့။ သူပြုပြင်ထားတဲ့အစီအရင်က တစ်ကယ့်မူလအစီအရင်ကို မှီမှာမဟုတ်ဘူးတဲ့”

“နင့်ရဲ့ချင်းမိသားစုဘိုးဘေး ဘယ်အဆင့်ထိ ရောက်ခဲ့လဲ”

“ဧကရာဇ်ဒုတိယအဆင့်” ချင်းယုက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်လေသည်။

တွမ့်ရန်ချန်းသက်ပြင်းတစ်ချက် ချမိသွား၏။ ဧကရာဇ် ဒုတိယအဆင့်..။ လိပ်နက်ဂိုဏ်းကဲ့သို့သော ဂိုဏ်းမျိုးတွင်ပင် ချင်းမိသားစု၏ဘိုးဘေးသည် လက်ရွေးစင်တစ်ဦးဖြစ်သည်ဟု ပြော၍ရသည်။ သူသည် အကြီးအကဲအဆင့်ပုဂ္ဂိုလ် တစ်ဦးပင်လျှင် ဖြစ်နိုင်ပေသေးသည်။

သို့သော်ငြား ဤမျှအားကောင်းလှသော ဧကရာဇ် ဒုတိယအဆင့်ကျင့်ကြံခြင်းအား ပိုင်ဆိုင်ထားသည့်တိုင် ထောင့်ခုနစ်သွယ်လိပ်နက်အစီအရင်အား မူလပုံစံဖြစ်အောင် ပြန်မပြောင်းနိုင်ခဲ့ပေ။

ထိုအချက်ကိုကြည့်ရုံနှင့်ပင်လျှင် ဤအစီအရင် မည်မျှ ဆန်းကြယ်ကြောင်းကို မြင်တွေ့နိုင်ပေသည်။

“မူလပုံစံကို မမီဘူးဆိုပေမယ့် အဲ့လောက်နဲ့က အခုအခြေအနေကို ရင်ဆိုင်လို့အဆင်ပြေလောက်တယ်။ ပြီးတော့ ဒီပြုပြင်ထားတဲ့ပုံစံက မူလပုံစံနဲ့ ယှဉ်လိုက်ရင် နားလည်ရပိုလွယ်တယ်။ တိုက်ခိုက်ဖို့ကိုဂရုမစိုက်ဘဲ ခုခံဖို့ချည်းပဲ အာရုံစိုက်ထားမယ်ဆိုရင် လုံလောက်တာထက်တောင် ပိုလောက်သေးတယ်”

သူမစကားကိုကြားသော် တွမ့်ရန်ချန်းသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် ပြန်ပြောလိုက်လေ သည်။ “အဲ့လိုဆိုရင် ငါတို့ဆက်မလုပ်ခင် ရောင်းရင်းချင်းကို အရင်လှမ်းအကြောင်းကြားကြတာပေါ့”

မည်သို့ပင်ဖြစ်နေစေကာမူ ချင်းကျောင်းရန်သည် ချင်းမိသားစု၏ခေါင်းဆောင်ဖြစ်သည်။ သူတို့သာ ထောင့်ခုနစ်သွယ်လိပ်နက်အစီအရင်ကို အသုံးပြုမည်ဆိုပါက ချင်းကျောင်းရန်၏ခွင့်ပြုချက် လိုအပ်ပေသေးသည်။

တစ်ကယ်တော့ ထိုအစီအရင်သည် ချင်းမိသားစု၏ အဖိုးအတန်ဆုံးသော ရတနာတစ်ပါးပင်မဟုတ်ပေလော။

ဤကဲ့သို့သော အဖြေရှာမရသည့်အခြေအနေနှင့် ကြုံနေရသည့်အတွက်ကြောင့်သာမဟုတ်လျှင် မည်သူကများ ဤအစီအရင်ကို အခြားသူများအား ပေးသုံးချင်မည်နည်း။

“ဒီကိစ္စကိုတော့ ဘိုးဘေးဆီ ကျွန်မ လှမ်းအကြောင်းကြားပြီးသွားပြီ ဦးလေးတွမ့်။ သူအခုဆို ဒီကိုလာနေလောက်ပြီ” ချင်းယုက ပြန်ပြောလိုက်လေသည်။

ပြောပြီးသည့်နောက်တွင် တစ်ခုခုအား အာရုံခံမိသည့် အလား နောက်ဘက်သို့လှည့်၍ ပြုံးကာပြောလိုက်လေ၏။ “သူရောက်တောင်ရောက်နေပြီ”

ချင်းကျောင်းရန်သည် အလေးအနက်အမူအယာဖြင့် ပျံသန်းလာနေခဲ့လေသည်။ ရန်ကိုင်နှင့်တွမ်းရန်ချန်းတို့ရှေ့သို့ ရောက်ပြီးနောက် လက်သီးဆုပ်ပြလိုက်လေ၏။

စကားနည်းနည်းပါးပါးပြောပြီးသည့်နောက်တွင် တွမ့်ရန်ချန်းသည် လိုရင်းကိုတန်းသွားလိုက်လေသည်။ “ရောင်းရင်းချင်း ငါအခုဘာမှဆက်ပြောစရာမလိုတော့ဘူးလို့ ထင်တယ်။ ယုအာက အကုန်ပြောပြီးသွားလောက်ပြီပေါ့။ အခုအခြေအနေအတွက် ငါမင်းတို့မိသားစုက ထောင့်ခုနစ်သွယ်လိပ်နက်အစီအရင်ကို သုံးချင်တယ်။ မင်းဘယ်လိုထင်လဲ”

“ဒီကိစ္စက မေပယ်မြို့နဲ့ပတ်သက်နေတာဆိုမှတော့ ကျုပ်ဘက်က ခွင့်မပြုမရင် တာဝန်မသိရာ ရောက်သွားမှာပေါ့” ချင်းကျောင်းရန်က ပြန်ပြောလိုက်သည်။

“အမ်..” တွမ့်ရန်ချန်း အနည်းငယ်တော့ အံ့အားသင့်မိသွားခဲ့လေသည်။ ချင်းကျောင်းရန် ဤမျှ အလွယ်တကူ သဘောတူလိမ့်မည်ဟု မထင်ထားခဲ့ချေ။ နည်းနည်းပါးပါးဆွေးနွေးရအုံးမည်ဟုသာ ထင်ထားခဲ့သည်။

ထို့အပြင် နှစ်ဦးသား အဆက်အသွယ်များစွာ လုပ်လာဖူးသူတစ်ဦးဖြစ်သည့်အတွက်ကြောင့် ချင်းကျောင်းရန်သည် စိတ်ထားကျဉ်းမြောင်းသည့် လူတစ်ဦးမဟုတ်မှန်း တွမ့်ရန်ချန်းသိနေသည်။

သို့တိုင် ချင်းကျောင်းရန်မှာ မိသားစုအရေးနှင့် ပတ်သက်လာသော် ပြောရဆိုရလွယ်ကူသည့်သူ တစ်ဦးတော့လည်း မဟုတ်ပေ။

ခဏမျှစဉ်းစားနေပြီးနောက်တွင် တွမ့်ရန်ချန်းက ခါးသက်စွာရယ်မောလျက် “ရောင်းရင်းချင်း မင်းငါ့ကို တောင်းဆိုစရာရှိရင်ပြောနော်။ ငါတတ်နိုင်တဲ့အတွင်းကဆိုရင် ကျိန်းသေလက်ခံပေးမယ်”

ချင်းကျောင်းရန်က အဓိပ္ပာယ်ပါပါပြုံးချက် ပြန်ပြောလိုက်သည်။ “မြို့သခင်က ကျုပ်ကို အပြင်လူတစ်ယောက်အဖြစ် ဆက်ဆံနေတာလား။ ဒီကိစ္စက မေပယ်မြို့နဲ့ပတ်သက်နေတာလေ။ ကျုပ်တို့ချင်းမိသားစုက ဘယ်လိုလုပ်ပြီး ဘေးထွက်ကြည့်နေလို့ဖြစ်ပါ့မလဲ”

“အပိုစကားတွေလျှောက်ပြောနေမယ်ဆိုရင် ဘာမှ ထပ်မတောင်းဆိုတော့နဲ့နော်”

“မြို့သခင်ဘက်က ရိုးရိုးသားသားနဲ့ကမ်းလှမ်းလာမှတော့ ဒီလူအိုကြီးကလည်း နဲနဲလေးခက်ခဲလောက်မယ့် တောင်းဆိုချက်လေးတစ်ခု တောင်းဆိုရတာပေါ့” ချင်းကျောင်းရန်က ကူကယ်ရာမဲ့နေသည့်အမူအယာဖြင့် ပြောလိုက်လေသည်။

ချင်းကျောင်းရန်၏မျက်နှာကိုမြင်သော် တွမ့်ရန်ချန်း စိတ်ထဲ သူ့ရှေ့ရှိလူအိုကြီးအား နားရင်းပါးရင်း ထတီးချင်စိတ်များ ဖြစ်ပေါ်လာခဲ့လေသည်။

“ဒီကိစ္စကြီးပြီးသွားရင် ကျန်းမိသားစုရဲ့စီးပွားရေးတွေကို ကျုပ်လိုချင်တယ်” ချင်းကျောင်းရန်က ချက်ချင်းပဲ ပြောလိုက်သည်။

တွမ့်ရန်ချန်းက မျက်လုံးမှေးစင်းလျက် “ရောင်းရင်းချင်း မင်းတစ်ကယ်လောဘကြီးတာပဲကွ။ စားပိုးနင်ပြီးသေမှာ မကြောက်ဘူးလား”

မြို့သခင်စံအိမ်မှလွဲ၍ မေပယ်မြို့ထဲတွင် ကျန်းမိသားစု၏ စီးပွားရေးမှာ အလွန်ကိုမှများပြားစွာ တည်ရှိနေပေသည်။ ထို့အပြင် ကျန်းမိသားစုသည် မေပယ်မြို့ထဲရှိ မိသားစုကြီးများအနက် အားအကောင်းဆုံးမိသားစုတစ်ခု ဖြစ်ပေ၏။

ကျန်းမိသားဝင်အားလုံး သူတို့၏လုပ်ရပ်ကြောင့် နတ်ဆိုးများအဖြစ်သို့ ပြောင်းလဲသွားရပြီးသည့်နောက်တွင် သူတို့၏ပိုင်ဆိုင်မှုနှင့် စီးပွားရေးအားလုံးမှာ ပိုင်ရှင်မဲ့ကုန်ကြလေ၏။

လက်ရှိအချိန်တွင် မေပယ်မြို့တစ်ခုလုံး ကပ်ဘေး ရောက်နေသဖြင့် မေပယ်မြို့ထဲရှိမိသားစုကြီးများသည် ကျန်းမိသားစု၏ပိုင်ဆိုင်မှုများအပေါ် အာရုံမလှည့်နိုင်သေးပေ။ သူတို့အနေဖြင့် မြို့အားကာကွယ်ရာတွင်သာ အာရုံစိုက်နေခဲ့ရ၏။

သို့သော်ငြား ဤကပ်ဘေးအလွန်တွင် ကျန်းမိသားစု၏ ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ မေပယ်မြို့ထဲရှိ မိသားစုများကြကျိန်းသေတိုက်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။

ကျန်းမိသားစု၏စီးပွားရေးနှင့်အရင်းအမြစ်များကိုသာ ရလိုက်မည်ဆိုပါက ကိုယ့်မိသားစု၏ခွန်အားကို အချိန်တိုအတွင်း မြှင့်တင်နိုင်ပေလိမ့်မည်။

လောကကြီးတွင် ထာဝရတည်ရှိသည့်ရန်သူမိတ်ဆွေဟူ၍ မရှိဘဲ အကျိုးအမြတ်များသာရှိပေသည်။

ကျန်းမိသားစုမှကျန်ရစ်ခဲ့သည့် စီးပွားရေးနှင့် အရင်းအမြစ်များကို မြို့သခင်စံအိမ်လည်း လိုချင်ပေ၏။ သို့သော်ငြား လက်ရှိတွင် ချင်းကျောင်းရန်သည် ထိုအကျိုးအမြတ်အားလုံးကို လိုချင်နေခဲ့သည်။

ချင်းကျောင်းရန်အနေဖြင့် ပေါ့သေးသေးတောင်းဆိုချက် တစ်ခုကို တောင်းဆိုလာလိမ့်မည်မဟုတ်မှန်း ကြိုသိထားသော်ငြား တစ်ကယ်တမ်း ချင်းမိသားစု၏ တောင်းဆိုချက်ကို ကြားလိုက်ရပြီးသည့်နောက်တွင် တွမ့်ရန်ချန်းအနေဖြင့် အနည်းငယ် လက်ခံရန်ခဲယဉ်းသွားခဲ့ လေသည်။

ကိုယ်တိုင်လက်မခံချင်သည်ကို ဖယ်ထားလျှင်ပင် မေပယ်မြို့ထဲရှိ အခြားသောမိသားစုကြီးများသည် ထိုတောင်းဆိုချက်ကို မည်သို့မှလက်ခံလိမ့်မည်မဟုတ်ပေ။

ထိုစကားကိုကြားသော် ချင်းကျောင်းရန်က ရယ်မောလျက် “ကျုပ်လောဘကြီးတော့ရော ဘာဖြစ်လို့လဲ။ မြို့သခင်တွမ့်က ကျုပ်တို့မိသားစုကို ကာကွယ်ပေးမှာပဲ မဟုတ်ဘူးလား”

“မင်း ငါတို့မြို့သခင်စံအိမ်ကိုပါဆွဲထည့်နေတာလား” တွမ့်ရန်ချန်းမျက်နှာကြီးမဲ့သွားခဲ့လေသည်။

ချင်းကျောင်းရန်က ရယ်မောလျက် “ခင်ဗျား ဘာတွေပြောနေတာလဲ မြို့သခင်တွမ့်။ ကျုပ်တို့ချင်းမိသားစုက အခုတလော တော်တော်လေးကျဆင်းနေတာ။ ဒါ့ကြောင့် မြို့သခင်စံအိမ်ရဲ့ကျော်ကြားမှုနဲ့ခွန်အားကို အားကိုးပြီး ပြန်ရုန်းထလာချင်နေတာ။ အဲ့ဒါကြောင့် မြို့သခင်တွမ့်ရဲ့ အကူအညီခွင့်ပြုချက်သာမရလို့ရှိရင် ချင်းမိသားစုအနေနဲ့ အရင်းအမြစ်တွေ စီးပွားရေးတွေကို ဘယ်လိုမှရနိုင်မှာ မဟုတ်ဘူး”

“မင်း သက်ကြားအိုကြီးကတော့ကွာ” တွမ့်ရန်ချန်း ထဆဲတော့လေသည်။

“ဘယ်လိုလုပ်ပြီး အဲ့ဒီလိုပြောနိုင်ရတာလဲ။ မြို့သခင်ကြီးဖြစ်လျက်နဲ့ လူကြီးတွေကိုလေးစားရမယ်။ လူငယ်တွေကိုတန်ဖိုးထားရမယ်ဆိုတာ ခင်ဗျား နားမလည်ဘူးလား” ချင်းကျောင်းရန်က မျက်ခုံးပင့်လျက် ပြန်ပြောလိုက်လေသည်။

ထို့နောက် ရန်ကိုင့်ဘက်သို့လှည့်၍ “ညီလေးရန် အခု မြို့သခင် ငါ့ကိုပြောသွားတာမင်းကြားတယ်မဟုတ်လား။ ကွာ.. ငါတစ်ကယ်ဒေါသထွက်လိုက်တာ။ ဒေါသထွက်လွန်းလို့ အသက်တောင်ပိုတိုသွားပြီလား မသိတော့ဘူး။ ငါ ဒီကိစ္စကို ဒီအတိုင်းလုံးဝမထားဘူး”

“ခင်ဗျားတို့နှစ်ယောက် စကားဆက်ပြောနှင့်။ ကျုပ် အရင်သွားတော့မယ်” ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ထိုနေရာမှ လှည့်ထွက်လာခဲ့လိုက်လေသည်။

ထိုနှစ်ဦး၏အရှုပ်အရှင်းထဲ သူဝင်မပါချင်ပေ။ သူကိုယ်တိုင်သည် မေပယ်မြို့ထဲ ခရီးတစ်ထောက်အဖြစ် ရောက်လာသည့် ခရီးသွားတစ်ဦးသာဖြစ်လေ၏။

“ဟားဟား.. ငါနောက်နေတာပါကွ။ ငါနောက်နေတာကွ” ချင်းကျောင်းရန်သည် ရန်ကိုင့်၏လက်မောင်းအား လှမ်းဆွဲဖမ်းလျက် “ဒီလောက်မြန်မြန်ကြီး ထွက်မသွားနဲ့အုံးလေ။ ငါတို့သာ ထောင့်ခုနစ်သွယ်လိပ်နက်အစီအရင်ကို သုံးမယ်ဆိုရင် ညီငယ်လေးရဲ့အကူအညီလည်းလိုသေးတယ်”

“ကျုပ်ကိုလည်းလိုတာလား” ရန်ကိုင်မျက်မှောင် ကြုတ်သွားခဲ့သည်။

ချင်းကျောင်းရန်က ပြုံးလျက် “ခုနကပဲ ယုအာ ပြောသွားတယ်မလား။ အဲ့အစီအရင်ကိုသုံးဖို့အတွက် လူခုနစ်ယောက်လိုတယ်ဆိုပြီးတော့။ မြို့ထဲမှာ တာအိုသခင်အဆင့်ပညာရှင်တွေ ဒီလောက်များများရှိတာ မဟုတ်ဘူး။ ဒီတော့ ညီငယ်လေးရဲ့အကူအညီကိုလည်း ကျိန်းသေလိုမှာ”

ရန်ကိုင်သည် ခဏမျှစဉ်းစားပြီးနောက် ခေါင်းငြိမ့်လိုက်လေသည်။ “ဟုတ်ပြီလေ ကျုပ်ကိုလည်း ထည့်တွက်ထားလိုက်ပေါ့”

သူကိုယ်တိုင်သည်လည်း ထို ထောင့်ခုနစ်သွယ်လိပ်နက် အစီအရင်အား အလွန်ကိုမှ စိတ်ဝင်စားနေခဲ့သည်။ သူ့အနေဖြင့် ထိုကဲ့သို့သော ဆန်းကြယ်သည့်အစီအရင် တစ်မျိုးကိုသာ သင်ယူနိုင်မည်ဆိုလျှင် သူကိုယ်တိုင် အတွက်လည်း အကျိုးရှိပေလိမ့်မည်။

ရန်ကိုင်သဘောတူသည်ကိုမြင်သော် ချင်းကျောင်းရန် ဝမ်းသာသွားခဲ့သည်။ ထို့နောက် တွမ့်ရန်ချန်းဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “မြို့သခင်တွမ့် ကျုပ်ဘက်ကတော့ ဘာကိစ္စမှမရှိတော့ဘူး။ ခင်ဗျားဘက်ကကော ဘယ်လိုနေလဲ”

တွမ့်ရန်ချန်းက အလေးအနက်အမူအယာဖြင့် အမြန်ပြန်ပြောလိုက်လေ၏။ “ရောင်းရင်းချင်း မေပယ်မြို့ထဲမှာ ငါတို့မြို့သခင်စံအိမ်က အားအကောင်းဆုံး ဆိုပေမယ့် အဲ့မိသားစုတွေက သက်ကြားအိုကြီးတွေက ရန်စလို့ကောင်းတဲ့လူတွေမဟုတ်ဘူးဆိုတာ မင်းသိသင့်တယ်နော်။ မင်းပြောတာကိုကြားရင် လူတော်တော်များများ ဒေါသထွက်ကုန်ကြမှာ”

“ဟာ.. မြို့သခင်ကလည်း ကိုယ့်ကိုကိုယ် အဲ့လောက်ကြီး နှိမ့်ချမနေနဲ့လေ။ မြို့သခင်ရဲ့ခွန်အားက ဒီမေပယ်မြို့ထဲမှာ အမြင့်ဆုံးပဲဟာကြီးကို။ သူတို့ ဘယ်လိုမှလွန်ဆန်ရဲမှာ မဟုတ်ဘူး။ ပြီးရင် မြို့သခင်မှာ အဆက်အသွယ်တွေလည်း ရှိသေးတယ်မလား” ချင်းကျောင်းရန်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်လေသည်။ “မြို့သခင် မလုပ်နိုင်ဘူးဆိုတာတော့ ဒီလူအိုကြီး မယုံဘူး”

တွမ့်ရန်ချန်း၏မျက်လုံး မှေးစင်းသွားပြီးသည့်နောက် ညည်းတွား၍ နောက်ဆုံးတွင် သဘောတူလိုက်လေသည်။ “ကောင်းပြီလေ မင်းပြောတာကို ငါသဘောတူတယ်”

“ဒီလိုမှပေါ့” ချင်းကျောင်းရန်က ရယ်မောလျက် “အဲ့ဒီလိုဆိုရင် မြို့သခင် လူခုနစ်ယောက်ရှာပေးဖို့လိုမယ်။ အဲ့ဒါမှ ချင်းယုက သူတို့ကို ထောင့်ခုနစ်သွယ်လိပ်နက် အစီအရင် သင်ပေးတတ်မှာ”

“တစ်နာရီကြာရင် ငါမင်းကိုပြန်ပြောပေးမယ်” တွမ့်ရန်ချန်းက အလျင်အမြန်ပြန်ပြောလိုက်၏။

ချင်းကျောင်းရန်သည် ခေါင်းငြိမ့်လိုက်ပြီးနောက် ရန်ကိုင့်အား တစ်ချက်ကြည့်ကာ ပျံသန်းသွားလေသည်။ မကြာမီ သူတို့သုံးဦးသည် ချင်းကျောင်းရန် စောင့်ကြပ်နေသည့် မြို့နံရံဆီသို့ ပြန်ရောက်လာခဲ့သည်။

ထိုသို့ရောက်လာပြီးသည့်နောက်တွင် ချင်းကျောင်းရန်သည် အလေးအနက်အမူအယာဖြင့် ရန်ကိုင့်လက်ထဲသို့ ကျောက်စိမ်းပြားတစ်ပြားထည့်ပေးလိုက်လေ၏။ “ညီလေးရန် မင်းဒီထဲကဟာကိုဖတ်ပြီးရင်း တစ်ခါတည်း ဖျက်စီးပစ်လိုက်တော့နော်။ မင်းသိပ်မသေချာတာတွေရှိရင် ယုအာကို သွားမေးလို့ရတယ်။ သူ့ကျင့်ကြံခြင်းက မင်းထက် အများကြီးနိမ့်တယ်ဆိုပေမယ့် ဒီအစီအရင်နဲ့ ပတ်သက်လာလို့ရှိရင် မင်းကိုနည်းနည်းပါးပါးတော့ ပြောပြပေးနိုင်လောက်မှာပါ”

ရန်ကိုင်၏အမူအယာ ရုတ်ခြည်းပြောင်းလဲသွားခဲ့လေ သည်။ ကျောက်စိမ်းပြားကိုလက်ခံယူပြီးနောက် ပြန်ပြောလိုက်၏။ “ညီမချင်း အစီအရင်ပညာမှာ ဘယ်လောက်တော်တယ်ဆိုတဲ့အကြောင်း ကျုပ်သေသေချာချာသိပြီးသွားပါပြီ”

ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကို ကျောက်စိမ်းပြားထဲသို့ ထည့်လိုက်လေ၏။ အစီအရင်အား တစ်ချက်မျှ လေ့လာကြည့်ပြီးနောက် သူ့အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေ၏။

ထို့နောက်ခေါင်းမော့၍ ချင်းကျောင်းရန်အားကြည့်ကာ ပြောလိုက်လေ၏။ “လူအိုကြီးချင်း ဒါက...”

ထောင့်ခုနစ်သွယ်လိပ်နက်အစီအရင်ကို အသက်သွင်းရန် အတွက် လူခုနစ်ယောက်လိုအပ်သည်။ လူခုနစ်ဦးသည် ကိုယ်ဆိုင်ရာဆိုင်ရာ အစိတ်အပိုင်းတစ်ခုကို ကျွမ်းကျင်စွာ လေ့လာထားကြရသည်။

ထို့ကြောင့် ချင်းကျောင်းရန်သည် သူ့အား ထောင့်ခုနစ်သွယ်လိပ်နက်အစီအရင်၏ အစိတ်အပိုင်းတစ်ခုကို ပေးလာလိမ့်မည်ဟု ရန်ကိုင်ထင်ခဲ့ပေသည်။

သို့ရာတွင် ကျောက်စိမ်းပြားထဲရှိအစီအရင်အား လေ့လာကြည့်ပြီးသည့်နောက် ချင်းကျောင်းရန်ပေးလာသည့် လိပ်နက်အစီအရင်မှာ အစိတ်အပိုင်းတစ်ခုသာလျှင်မဟုတ်ဘဲ အပြည့်အစုံဖြစ်နေကြောင်းကို တွေ့ရှိလိုက်ရသည်။

ချင်းကျောင်းရန်က ဘာကြောင့် ဤကဲ့သို့လုပ်သလဲ ဆိုသည်ကို ရန်ကိုင်နားမလည်နိုင်ဖြစ်နေခဲ့လေသည်။

ချင်းကျောင်းရန်က ပြုံးလျက်ပြန်ပြောလိုက်၏။ “အဲ့အကြောင်းတွေ အများကြီးသိပ်တွေးမနေနဲ့ ညီလေးရန်။ အခုငါတို့မေပယ်မြို့က ကပ်ဘေးတစ်ခုနဲ့ရင်ဆိုင်နေရတာ။ ဒီကပ်ဘေးကိုသာ မကျော်လွှားနိုင်လို့ရှိရင် မေပယ်မြို့သွားပြီ။ အဲ့အခါကျရင် မေပယ်မြို့ထဲမှာရှိနေတဲ့ ငါတို့ချင်းမိသားစုလည်း သွားမှာပဲ။ ငါတို့ချင်းမိသားစုသာ ပျက်စီးသွားမယ်ဆိုရင် ဒီထောင့်ခုနစ်သွယ်လိပ်နက်အစီအရင်ကလည်း အသုံးပြုမယ့်လူမရှိတော့ဘဲ တဖြေးဖြေးနဲ့ ပျောက်ကွယ်သွားတော့မှာ။ ငါမင်းကိုပေးတယ်ဆိုတာ ဒီထောင့်ခုနစ်သွယ်လိပ်နက်အစီအရင်ကို ဆက်ပြီး တည်ရှိနေစေချင်လို့။ ပြီးတော့ ဒါက ငါတို့ချင်းမိသားစုရဲ့ ဘိုးဘေး သူ့သက်တမ်းတစ်ဝက်လောက်ကိုသုံးပြီး ပြုပြင် ဖန်တီးထားခဲ့ရတဲ့ဟာလေ။ သုံးမယ့်လူမရှိဘဲ ပျောက်ကွယ်သွားမှာကို ငါလည်းမမြင်ချင်ဘူး။ ဒါ့ကြောင့် မင်းဆီထည့်ပေးလိုက်တာ”

“ဒီမြို့သာတောင့်မခံနိုင်ရင် ကျုပ်လည်း လွတ်လောက်မှာမဟုတ်ဘူးလေ” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“မင်းကိုယ်မင်း နှိမ့်ချမနေစမ်းပါနဲ့ညီလေးရာ” ချင်းကျောင်းရန်က ရယ်မောလျက် “မင်းအရည်အချင်းနဲ့ဆိုရင် မင်းကြိုက်တဲ့အချိန် ဒီမေပယ်မြို့ထဲကနေ ထွက်သွားလို့ ရတယ်။ ဘာလို့ဒီမြို့ထဲမှာ ဆက်နေနေလဲ ငါမသိပေမယ့် မင်းအကြောင်းနဲ့မင်းတော့ရှိမှာပေါ့။ ဒါ့ကြောင့် ငါမင်းကို ဒါကိုပေးထားတာ။ ဒါပေမယ့် ငါမင်းဆီက တစ်ခုလောက်တော့တောင်းဆိုချင်တယ်”

ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ပြန်မေးလိုက်လေ၏။ “ဘာတောင်းဆိုချင်တာလဲ”

“မင်း မေပယ်မြို့ထဲကထွက်သွားမယ်ဆိုရင် ကျေးဇူးပြုပြီး ယုအာကိုပါ တစ်ခါတည်းခေါ်သွားပေးပါလား” ချင်းကျောင်းရန်သည် အလေးအနက်အမူအယာဖြင့် ရန်ကိုင့်အား တောင်းဆိုလိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၀၉၀)

ရန်ကိုင်နှင့်အတူ မြို့နံရံတွင် နတ်ဆိုးများ၏ ကျူးကျော်မှုကိုတားဆီးနေစဉ် ရန်ကိုင်မှ လေဟာနယ် ပညာရပ်တစ်ခုအား ထုတ်သုံးသွားသည်ကို ချင်းကျောင်းရန်ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။

ထို့ကြောင့် ရန်ကိုင်သည် လေဟာနယ်တာအိုတွင် ကျွမ်းကျင်ထားလိမ့်မည်ဟု ကောက်ချက်ချလိုက်ခြင်း ဖြစ်သည်။

လေဟာနယ်တာအိုအား ကျွမ်းကျင်ထားသည့် ပညာရှင်များ မည်မျှအားကောင်းသလဲဆိုသည်ကို ချင်းကျောင်းရန် မသိသော်ငြား ထိုလူများသည် ထွက်ပြေးရာ၌ အလွန်တော်ကြောင်းကိုတော့ သိပေသည်။

ရန်ကိုင်၏လေဟာနယ်တာအိုတွင် ကျွမ်းကျင်ထားသည့် ပုံအရ သူ့အနေဖြင့် ဆန္ဒသာရှိလျှင် မေပယ်မြို့ထဲမှ ထွက်သွားရန် မခက်လောက်ပေ။

ထို့အတွက်ကြောင့် ထောင့်ခုနစ်သွယ်လိပ်နက် အစီအရင်အား ချင်းယု၏လုံခြုံရေးနှင့်လဲလှယ်ရသည်မှာ မဆိုးလောက်ဟု ထင်ပေသည်။

“ရတယ်လေ” ရန်ကိုင်က ခေါင်းငြိမ့်လိုက်ပြီးနောက် သူ့ဘေးနားတွင်ရပ်နေသော ချင်းယုအားကြည့်၍ ပြောလိုက်လေ၏။ “ကျုပ်မသေသရွေ့ ချင်းယု ကျိန်းသေ လုံခြုံစေရမယ်” သူ့အနေဖြင့် ဤကဲ့သို့ပြောရခြင်းမှာ ကမ္ဘာငယ်လေးကြောင့်ပင်ဖြစ်လေသည်။

ချင်းကျောင်းရန်က အားပါးတရအော်ရယ်မောလျက် “အခုလိုပြောတာကြားတော့ ဒီလူအိုကြီး လုံးဝ စိတ်သက်သာရာ ရသွားပြီ။ ဒီမှာပဲနေပြီး အစီအရင်ကို နားလည်အောင်လုပ်ထားလိုက်။ မြို့နံရံတွေကို ငါကာကွယ်ထားလိုက်မယ်”

ရန်ကိုင်သည် ခေါင်းငြိမ့်လိုက်ပြီးနောက် တိတ်ဆိတ်သည့်နေရာတစ်ခုရှာကာ ထိုင်ချလိုက်လေသည်။ ထို့နောက်တွင် သူ့ကောင်းကင်စိတ်အာရုံကို ကျောက်စိမ်းပြားထဲသို့ ထည့်သွင်းကာ အစီအရင်ကို သေချာစတင်လေ့လာတော့လေ၏။

အချိန်သည် တရွေ့ရွေ့နှင့်ဆက်လက်ကုန်ဆုံးနေခဲ့လေ သည်။

ရန်ကိုင်၏အာရုံအလုံးစုံသည် ထောင့်ခုနစ်သွယ် လိပ်နက်အစီအရင်ထဲတွင်သာ နစ်မြောနေခဲ့လေ၏။ ချင်းယုပြောသည်မှာ အမှန်ဖြစ်နေကြောင်းကို တွေ့ရှိလိုက်ရသည်။

ချင်းမိသားစု၏ဘိုးဘေး သူ့နားလည်မှုဖြင့် ပြုပြင် မွမ်းမံထားသောအစီအရင်မှာ မူလအစီအရင်ကို မမီသော်ငြား အမှန်တကယ်ကို နားလည်ရ လွယ်ကူပေသည်။

ရန်ကိုင့်အနေဖြင့် အစီအရင်နှင့်ပတ်သက်၍ အကြမ်းဖျဉ်း နားလည်သွားရန် သိပ်မကြာခဲ့ပေ။

ရန်ကိုင်သည် အစီအရင်တာအိုကို ထိုမျှကျွမ်းကျင်သူ မဟုတ်။ သို့သော်ငြား ဤထောင့်ခုနစ်သွယ်လိပ်နက် အစီအရင်သည် ခုခံတိုက်ခိုက်ရာတွင်သုံးသည့်အစီအရင်များနှင့် မတူပေ။ ဤထောင့်ခုနစ်သွယ်လိပ်နက်အစီအရင်၏ အဓိကဦးတည်ချက်မှာ ကျင့်ကြံသူများဖြစ်ကြသည်။

လူခုနစ်ဦး အတူပူးပေါင်းလိုက်သည့်အခါ နတ်သားရဲ တစ်ကောင်ဖြစ်သည့် လိပ်နက်၏စွမ်းရည်တစ်ချို့တစ်ဝက်နှင့် ယှဉ်နိုင်သော စွမ်းအားကိုထုတ်လွှတ်နိုင်ပေသည်။

ချင်းယုဆီမှ ကျောက်စိမ်းပြားအသီးသီးကို လက်ခံရရှိပြီးသည့်နောက်တွင် တာအိုသခင်အဆင့် ပညာရှင်များသည် နေရာအသီးသီးသို့သွားကာ ကျောက်စိမ်းပြားထဲရှိအစီအရင်ကို နားလည်အောင် ကြိုးစားကြတော့လေသည်။

သို့ရာတွင် ရန်ကိုင့်ကဲ့သို့မဟုတ်ဘဲ ချင်းယုသည် ထိုလူများအား အစီအရင်၏အစိတ်အပိုင်းတစ်ခုစီကိုသာ ပေးခဲ့လေ၏။

တစ်ရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်၏အမူအယာ ရုတ်တရက်ပြောင်းလဲသွားခဲ့လေသည်။ ဆက်သွယ်ရေး မှော်ရတနာကိုထုတ်၍ ထိုထဲသို့ သူ့ကောင်းကင်စိတ်အာရုံကို ထည့်သွင်းကာ ပို့လာသည့်သတင်းစကားကို ဖတ်ကြည့်လိုက်သည်။ မြို့သခင်တွမ့်မှ အကုန်လုံးအား စုဝေးရန် ပြောနေခဲ့လေသည်။

ရန်ကိုင်သည် ခေါင်းမော့၍ ချင်းကျောင်းရန်အား လှမ်းကြည့်လိုက်ရာ တစ်ဖက်လူမှ သူ့အား ခေါင်းငြိမ့်ပြနေကြောင်း တွေ့လိုက်ရ၏။

တစ်ချိန်တည်းတွင် အရက်သမားသည်လည်း အရက်အိုးကို ခါးတွင်ချိတ်လျက် ကောင်းကင်ပေါ်မှ ဆင်းလာခဲ့လေသည်။ မြို့နံရံပေါ်တွင်ရပ်လျက် အရက်သမားသည် ချင်းကျောင်းရန်အား လက်ဝှေ့ရမ်းပြလိုက်လေ၏။ “သွားတော့”

ချင်းကျောင်းရန်က ပြုံးလျက်ပြန်ပြောလိုက်သည်။ “ဒီကကိစ္စတွေကို ဒုမြို့သခင်ဆီပဲ အပ်ထားလိုက်တော့မယ်နော်”

အရက်သမားသည် ချင်းကျောင်းရန်အား လှမ်းကြည့်ရင်း ပြောလိုက်လေ၏။ “သက်ကြားအိုကြီး ခင်ဗျား အပြင်ထွက်ရင်တော့ မသေအောင်သာ သတိထားပေတော့”

ချင်းကျောင်းရန်၏ပါးစပ်ကြီး မဲ့သွားခဲ့လေ၏။ သို့သော် ဘာမှတော့ ပြန်မပြောဘဲ ရန်ကိုင့်အား တစ်ချက်ကြည့်ကာ ချင်းယုကိုခေါ်၍ မြို့သခင်မှစုဝေးရန်ပြောထားသည့် နေရာဆီသို့သာ ပျံသန်းသွားလေသည်။ တစ်ခဏအကြာတွင် မြို့၏တစ်ဖက်ခြမ်းဆီသို့ ရောက်လာခဲ့သည်။

ထိုနေရာတွင် လူလေးဦးရှိနေခဲ့ပြီး ထိုလေးဦးစလုံးသည် တာအိုသခင်အဆင့်ပညာရှင်များ ဖြစ်ကြလေသည်။ ထိုလေးဦးအနက် နှစ်ဦးမှာ မြို့သခင်တွမ့်ရန်ချန်းနှင့် ဒုမြို့သခင်ကျွမ်းပန်တို့ဖြစ်ကြပြီး အခြားနှစ်ဦးကိုတော့ ရန်ကိုင်မသိပေ။

ထိုနှစ်ဦးအနက်တစ်ဦးသည် ဖြူဖတ်ဖြူလျော်မျက်နှာနှင့် လူအိုကြီးဖြစ်ပြီး နောက်တစ်ဦးမှာတော့ စွဲမက်ဖွယ်ရာ ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားသည့် မိန်းမလှလေး တစ်ဦးဖြစ်ပေသည်။

အပေါ်ယံတစ်ချက်ဝေ့ကြည့်လိုက်ပြီးသည့်နောက် အမျိုးသမီးဆီသို့ အကြည့်ရောက်သွားချိန် ရန်ကိုင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရလေ၏။

အံ့အားသင့်ဖွယ်ကောင်းစွာပင် ထိုအမျိုးသမီးသည် တာအိုသခင်တတိယအဆင့်ပညာရှင်တစ်ဦး ဖြစ်နေခဲ့လေသည်။ သူမသည် မြို့သခင်ဖြစ်သော တွမ့်ရန်ချန်းထက်ပင် ပိုအားကောင်းသေး၏။

“မေပယ်မြို့ထဲမှာ ဘာလို့တာအိုသခင်တတိယအဆင့် ပညာရှင်တွေအများကြီးရှိနေရတာလဲ” ရန်ကိုင့်စိတ်ထဲ သံသယတို့ ပြည့်နှက်နေခဲ့သည်။

လွန်ခဲ့သော ရက်ပိုင်းခန့်က စိတ်ဝိဉာဉ်ဆေးလုံးပလာဇာ ဝင်ပေါက်ရှေ့တွင် တွေ့ခဲ့သောလူသည်လည်း တာအိုသခင် တတိယအဆင့်ပညာရှင်တစ်ဦး ဖြစ်နေခဲ့သည်။

သူ့ကိုတွေ့ပြီးပြီးချင်း မကြာမီခင်မှာပင် နောက်ထပ် တာအိုသခင်တတိယအဆင့်ပညာရှင်တစ်ဦးကို ထပ်တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထိုနှစ်ဦး မည်သည့်နေရာမှ ရောက်လာသလဲဆိုသည်ကို သူမသိသော်ငြား နှစ်ဦးစလုံးသည် မေပယ်မြို့ခံများ ကျိန်းသေမဟုတ်ပေ။

ရန်ကိုင်လှည့်ကြည့်လာသည်ကိုမြင်သော် အမျိုးသမီးသည် ချိုသာစွာပြုံးပြလိုက်၏။ သူမ၏အပြုံးကို မြင်သော် ရန်ကိုင့်စိတ်ထဲ ချက်ချင်းသတိချပ်လိုက်လေသည်။ ထို့နောက် အကြည့်လွှဲဖယ်လိုက်လေ၏။

“ရောင်းရင်းရန် ရောင်းရင်းချင်း မင်းတို့ရောက်လာပြီပေါ့” ရန်ကိုင်တို့နှစ်ဦးရောက်လာသည်ကိုမြင်သော် တွမ့်ရန်ချန်းက လက်သီးဆုပ်၍ နှုတ်ဆက်လိုက်သည်။

ရန်ကိုင်နှင့်ပြဿနာရှိထားသော ဒုမြို့သခင်ကျွမ်းမှာတော့ အေးစက်စက်အမူအယာဖြင့် နှာခေါင်းသာရှုံ့လိုက်လေ၏။

“မြို့သခင်တွမ့် ဒီအမျိုးသမီးက” ချင်းကျောင်းရန်သည် အမျိုးသမီးအား မယုံသင်္ကာဖြင့် ကြည့်လိုက်လေသည်။

ထောင့်ခုနစ်သွယ်လိပ်နက်အစီအရင်ကို ဖြန့်ဝေပေးသည့်လူမှာ ချင်းယုသာဖြစ်သဖြင့် မည်ကဲ့သို့သော ပညာရှင်များဆီသို့ လိပ်နက်အစီအရင်ရောက်သွားကြောင်းကို ချင်းကျောင်းရန် မသိပေ။

ထို့အပြင် မေပယ်မြို့ထဲတွင် တာအိုသခင်တတိယအဆင့် ပညာရှင်များမရှိမှန်းသူသိသည်။ ထို့ကြောင့် ရောက်သည်နှင့် ချက်ချင်းပဲမေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။

“ကျွန်မ ဟွာချင်းစီက ရောင်းရင်းတို့နှစ်ဦးကို နှုတ်ဆက်ပါတယ်” တွမ့်ရန်ချန်းမိတ်ဆက်ပေးမည်ကိုပင် စောင့်မနေတော့ဘဲ အမျိုးသမီးသည် သူမဘာသာသူမ မိတ်ဆက်လိုက်လေ၏။

“ဒီတော့ မိန်းကလေးဟွာပေါ့” ချင်းကျောင်းရန် မျက်မှောင်ကြုတ်သွားခဲ့သည်။

တစ်ချိန်တည်းတွင် သူ့ရင်ထဲ ထူးခြားသည့်ခံစားချက် တစ်ခုကိုလည်း ရလိုက်လေသည်။ အမျိုးသမီးသည် သူမနာမည်ကိုသာ မိတ်ဆက်သွားခဲ့သည်။

သို့သော်ငြား သူမနာမည်မှာ အစစ်လားအတုလား ဆိုသည်ကို မည်သူမှမပြောနိုင်ကြပေ။ ထို့အတွက်ကြောင့် သူမမည်သည့်နေရာမှလာသလဲဆိုသည်ကိုလည်း ခန့်မှန်းရန် ခက်သွား၏။

တွမ့်ရန်ချန်းက ပြုံးလျက် “မိန်းကလေးဟွာက မေပယ်မြို့ကကျင့်ကြံသူမဟုတ်ဘူး။ ဒီကိုစီးပွားရေးလုပ်ဖို့ ရောက်နေခဲ့တာ။ ဒါပေမယ့် သူစီးပွားရေးလုပ်နေတဲ့အချိန်မှာပဲ နတ်ဆိုးချီကကျူးကျော်လာတော့ ဒီမှာပိတ်မိသွားရော။ အခုအပြင်ထွက်ပြီး ပျက်စီးနေတဲ့စည်းကို ပြန်ပြင်မယ်လည်း ပြောလည်းပြောရော သူကိုယ်တိုင်ပါလိုက်ပေးမယ်တဲ့။ အဲ့ဒါကြောင့်ခေါ်ထားလိုက်တာ”

ဟွာချင်းစီက သူမပါးစပ်ကိုအုပ်လျက် တစ်ခစ်ခစ် ရယ်မောရင်း “အခုအခြေအနေက မေပယ်မြို့ကြီးသာ ကျသွားလို့ရှိရင် အကုန်လုံးဒုက္ခရောက်မှာလေ။ ကျွန်မက ကိုယ်အသက်ရှင်ဖို့အတွက်ပဲ လုပ်နေတာဆိုပါတော့။ ဒီလောက်ကြီးပြောနေစရာမလိုပါဘူး”

“ဒီတစ်ယောက်က ရောင်းရင်းရန်မဟုတ်လား။ ငါ့နာမည်က တုလီရှန်းပါ။ ငါတို့အရင်က တွေ့ဖူးပါတယ်” ရန်ကိုင်သူ့အား ကြည့်နေသည်ကိုမြင်သော် မျက်နှာ ဖြူဖတ်ဖြူလျော်နှင့်လူအိုကြီးက မိတ်ဆက်ပေးလိုက်လေ၏။

“ဪ..ဒီတော့လူအိုကြီးတုပေါ့။ တွေ့ရတာ ဝမ်းသာပါတယ်” ရန်ကိုင်ကပြန်၍နှုတ်ဆက်လိုက်လေသည်။

တုလီရှန်းသည် မေပယ်မြို့ထဲရှိ တုမိသားစု၏ ဘိုးဘေးဖြစ်ပြီး ချင်းကျောင်းရန်ကဲ့သို့ပင် တာအိုသခင် ပထမအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သည်။

သူတို့နှစ်ဦးလူချင်းတွေ့၍ စကားမပြောခဲ့ဖူးသော်ငြား ဆက်သွယ်ရေးမှော်ရတနာမှတစ်ဆင့် စကားပြောခဲ့ဖူးကြပေ သည်။ ထို့ကြောင့် တုလီရှန်းကို သူသိနေခြင်းဖြစ်သည်။

တုလီရှန်းမှ ရန်ကိုင်နှင့် ဆက်ဆံရေးတစ်ခုထူထောင်ရန် လုပ်နေသည်ကိုမြင်သော် ချင်းကျောင်းရန်သည် အလျင်စလို ခေါင်းစဉ်ပြောင်း၍ မေးလိုက်လေ၏။ “မြို့သခင်တွမ့် လူတစ်ယောက်လိုနေသေးတယ်နော်။ မင်း ယုအာကို အဲ့တစ်ယောက်နေရာမှာထည့်ဖို့တော့ လာမပြောနဲ့နော်။ ယုအာတာဝန်က အစီအရင်ကို ပြင်ဖို့ပဲ”

ဤနေရာတွင် တာအိုသခင်အဆင့်ပညာရှင် လေးဦးသာ ရှိနေခဲ့သည်။ သူနှင့်ရန်ကိုင်ကို ထည့်ပေါင်းလိုက်သော် စုစုပေါင်းမှ ခြောက်ယောက်သာရှိပေသေးသည်။

တွမ့်ရန်ချန်းက ပြုံးလျက် “နည်းနည်းလောက် ခဏလေးစောင့်ပါအုံး။ အဲ့တစ်ယောက် မကြာခင် ရောက်တော့မယ်”

စကားဆုံးသွားရုံတင်ရှိသေး အလင်းတန်းတစ်ခုသည် သူတို့ရှိနေသည့်နေရာသို့ ရောက်ရှိလာခဲ့လေသည်။ အလင်းတန်းလာသည့်လမ်းကြောင်းကို ကြည့်ရသလောက် မြို့သခင်စံအိမ်ဆီမှ လာနေသည့်ပုံ။

ခဏအကြာတွင် အလင်းတန်းပျောက်ကွယ်သွားပြီး လူတစ်ဦးပေါ်လာခဲ့လေ၏။ ထိုလူကိုမြင်ပြီးသည့်နောက်တွင် ရန်ကိုင် မျက်မှောင်မကြုတ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

အကြောင်းမှာ ထိုလူသည် လွန်ခဲ့သောရက်ပိုင်းခန့်က စိတ်ဝိဉာဉ်ဆေးလုံးပလာဇာဝင်ပေါက်တွင် တွေ့ခဲ့သည့် တာအိုသခင်တတိယအဆင့်ပညာရှင်သာဖြစ်နေသည့် အတွက်ကြောင့်ပင်။

စုစည်းသည့်နေရာသို့ ရောက်လာပြီးသည့်နောက်တွင် သက်လတ်ပိုင်းလူကြီးသည် လူအုပ်ကြီးတစ်ခုလုံးအား ဝေ့ကြည့်လိုက်၏။

သူ့အကြည့်သည် ရန်ကိုင့်ဆီတွင် တစ်ခဏမျှ ရပ်တန့်နေပြီးနောက် ထူးမခြားနားလေသံဖြင့် ပြောလိုက်လေ၏။ “ဒီဖု နောက်ကျသွားတယ်”

သူ၏မောက်မာဝံ့ကြွားသည့်ဟန်ပန်ကိုကြည့်ရင်း လူအုပ်ကြီးတစ်ခုလုံး မကျေမနပ်ဖြစ်သွားကြလေသည်။ သို့တိုင် သူ၏မြင့်မားလှသော ကျင့်ကြံခြင်းကြောင့် မည်သူမှ သူ့အားမေးခွန်းသွားမထုတ်ကြပေ။

ဟွာချင်းစီကမူ သူ့လုပ်ရပ်အား ဂရုမစိုက်သည့်အလား နှုတ်ခမ်းလေးကိုကွေးလျက် တခစ်ခစ်သာ ရယ်မောနေခဲ့လေ သည်။

သူမ၏အပြုအမူကို သတိပြုမိသော သက်လတ်ပိုင်း လူကြီး၏အကြည့် အေးစက်သွားခဲ့ပြီးချက်ချင်းပဲ ဟွာချင်းစီဘက်သို့ လှည့်ကြည့်လာခဲ့၏။

သို့သော်ငြား တစ်ဖက်လူ၏ကျင့်ကြံခြင်းသည် သူနှင့် အတူတူသာဖြစ်ကြောင်းအား တွေ့ရှိလိုက်ရပြီးသည့်နောက် သက်လတ်ပိုင်းလူကြီး၏အမူအယာ ထူးဆန်းသွားခဲ့လေသည်။

မေပယ်မြို့ကဲ့သို့သော နေရာမျိုးတွင် တာအိုသခင် တတိယအဆင့်ပညာရှင်တစ်ဦးအား လာတွေ့ရလိမ့်မည်ဟု မထင်ထားသည့်ပုံပင်။

ဟွာချင်းစီအား ခဏမျှစိုက်ကြည့်နေသော်ငြား တစ်ဖက်လူ၏ဇစ်မြစ်ကို မခန့်မှန်းနိုင်သဖြင့် သက်လတ်ပိုင်း လူကြီးသည် အေးစက်စက်အမူအယာဖြင့်သာ နှာခေါင်းရှုံ့လိုက်လေတော့၏။

“မင်းအချိန်မီရောက်လာတာပဲ ရောင်းရင်းဖူရဲ့” တွမ့်ရန်ချန်းက သက်လတ်ပိုင်းလူကြီးအား နှုတ်ဆက်လိုက်လေသည်။

ကြည့်ရသလောက် သူ့ထက်ပိုအားကောင်းသည့် လူနှစ်ဦးပေါ်လာသည့်ကိစ္စသည် မြို့သခင်တွမ့်အား မသက်မသာဖြစ်သွားစေသည့်ပုံပင်။

သို့သော်ငြား ထိုနှစ်ဦးမှာ သူတို့ကိုယ်တိုင်လည်း ကူညီချင်ပါသည်ဟု အားပါးတရပြောနေသဖြင့် မြို့သခင်တွမ့်လည်း မငြင်းနိုင်တော့ပေ။

“မြို့သခင် ကျုပ်တို့သာထွက်သွားရင် မေပယ်မြို့ထဲက အကာအကွယ်တွေက သိသိသာသာကိုလျော့ကျသွားမှာ။ အခုကျန်နေတဲ့လူတွေနဲ့ အဆင်ပြေပါ့မလား” ချင်းကျောင်းရန်က စိုးရိမ်တကြီးလေသံဖြင့် မေးလိုက်သည်။

ချင်းမိသားစု၏စီးပွားရေးအားလုံးသည် မေပယ်မြို့ထဲတွင် ရှိနေသဖြင့် မြို့တစ်ခုလုံးသာ ကျသွားမည်ဆိုလျှင် သူတို့ချင်းမိသားစုလည်း ဒုက္ခရောက်ရပေလိမ့်မည်။

“အရက်သမားနဲ့ အခြားမိသားစုရဲ့ဘိုးဘေးတွေ ရှိနေသေးတာဆိုတော့ ခဏလောက်တော့အဆင်ပြေမှာပါ။ ဒါပေမယ့် ငါတို့ဒီကိစ္စကို မြန်မြန်ဖြတ်ပြီးပြန်လာမှရမယ်” တွမ့်ရန်ချန်းက အလျင်အမြန်ပြောလိုက်သည်။

“လူစုံပြီဆိုမှတော့ သွားကြတာပေါ့” ပြောပြီးသည့် နောက်တွင် တွမ့်ရန်ချန်းသည် သူ့လက်ကိုဝှေ့ရမ်းလျက် ဦးဆောင်ပျံသန်းထွက်ခွာသွားလေသည်။

ကျန်လူများသည် သူ့နောက်မှ အလျင်အမြန် လိုက်သွားကြ၏။

မြို့သခင် မြို့နံရံဆီသို့ရောက်သော် အစီအရင်အား ထိန်းချုပ်နေသည့်လူများအား အမိန့်ပေးလိုက်လေ၏။ “အစီအရင်ကိုဖွင့်လိုက်တော့”

တစ်လှိုက်လှိုက်တက်လာနေသော နတ်ဆိုးချီများနှင့် မရေမတွက်နိုင်အောင်များပြားလှသော နတ်ဆိုးများကို ကြည့်ရင်း တွမ့်ရန်ချန်းက အော်ပြောလိုက်လေ၏။

ထိုစကားကိုကြားသော် အစီအရင်ပညာရှင်များသည် သူတို့လက်ထဲရှိအစီအရင်ချပ်ပြားများအား အလျင်အမြန် ထိန်းချုပ်လိုက်လေ၏။ သူတို့၏ထိန်းချုပ်မှုအောက်တွင် အစီအရင်၏ မျက်နှာပြင်ထက် အပေါက်တစ်ပေါက် ဖြစ်ပေါ်လာခဲ့လေသည်။

အစီအရင်ပေါ်တွင် ပေါ်လာသည့်အပေါက်မှာ လူတစ်ယောက်ဖြတ်သွားရုံလောက်သာ ကျယ်လေ၏။

ထိုအပေါက်ပွင့်လာသည်ကိုမြင်သော တွမ့်ရန်ချန်းသည် ဦးဆောင်၍ ထိုအပေါက်မှထွက်သွားလေ၏။

“ရွှစ် ရွှစ် ရွှစ်” တစ်ဦးပြီးတစ်ဦး ထွက်သွားကြလေသည်။ ခဏအကြာတွင် လူခုနစ်ယောက်စလုံး မြို့ပြင်သို့ ရောက်လာခဲ့လေ၏။ ချင်းယုသည် ရန်ကိုင့်နောက်မှ အနီးကပ်လိုက်လာခဲ့သည်။

လူရှစ်ယောက်စလုံးအပြင်သို့ရောက်လာသည်ကို မြင်သော် အစီအရင်ပညာရှင်များသည် အစီအရင်အား ချက်ချင်းပြန်ပိတ်လိုက်ကြလေသည်။

အပြင်ဘက်ရှိနတ်ဆိုးချီများထဲ လေနီကြမ်းများ တိုက်ခတ်နေကြသလို အော်ဟစ်သံများလည်း အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။

သာမန်လူတစ်ဦးသာ ဤနတ်ဆိုးချီထဲ ရောက်နေမည် ဆိုလျှင် ခြောက်ခြားဖွယ်ရာကောင်းသည့် အော်ဟစ်သံများကို ကြားပြီး သေးဖြန်းဖြန်းထွက်သွားနိုင်ပေသည်။

ချင်းယု၏မျက်နှာသည်လည်း အနည်းငယ် ဖြူလျော်သွားခဲ့၏။ ရန်ကိုင်နှင့်ချင်းကျောင်းရန်မှ သူမအား အကာအကွယ်ပေးထားသည့်တိုင် သူမ၏နိမ့်ကျသော ကျင့်ကြံခြင်းနှင့်ရောဂါကြောင့် ဤနေရာတွင်ရှိနေရသည့်အပေါ် သိပ်အဆင်မပြေသည့်ပုံပင်။

“အစီအရင်ဖွဲ့မယ်” ရှေ့ဆုံးတွင်ရှိနေသော တွမ့်ရန်ချန်းက အော်ပြောလိုက်လေသည်။

ထို့နောက်တွင် အကုန်လုံးသည် သူတို့နှင့်သက်ဆိုင်ရာ နေရာအသီးသီးကိုယူ၍ လက်ကွက်အသီးသီး ဖန်တီးလိုက်ကြလေ၏။

သူတို့၏လက်ကွက်များ ပြောင်းလဲသွားသည်နှင့်အတူ ဆန်းကြယ်၍မမြင်နိုင်သော ဆက်သွယ်ချက်တစ်ခုသည် တာအိုသခင်အဆင့် ကျင့်ကြံသူခုနစ်ဦးကြား ဖြစ်တည်လာခဲ့လေသည်။

လူတိုင်းဆီမှ ထွက်ပေါ်နေသော အရင်းအမြစ်ချီများမှာ တစ်ခဏအတွင်း အခြားသူများ၏အရင်းအမြစ်ချီနှင့် ပေါင်းစည်းသွားကြလေ၏။

ထိုသို့ဖြစ်သွားပြီးသည့်နောက်တွင် ဆန်းကြယ်သည့် အရှိန်အဝါတစ်ရပ် ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့အနီးပတ်ဝန်းကျင်တွင်ရှိနေသော နတ်ဆိုးချီအားလုံးကို လွင့်ပြယ်သွားစေခဲ့လေသည်။

ဤသို့ဖြင့် ရန်ကိုင်တို့ရှစ်ဦး ရပ်နေသည့်နေရာတွင် မည်သည့်နတ်ဆိုးချီမှ ရှိမနေတော့ပေ။

All Chapters