အခန်း (၂၀၉၁-၂၀၉၅)
Vol. 84 Ch. 2091-2095
အပိုင်း (၂၀၉၁)
အရင်းအမြစ်ချီတို့သည် တာအိုသခင်အဆင့်ပညာရှင် ခုနစ်ဦးဆီမှ ရေကာတာကျိုးပေါက်သည့်နှယ် တရဟော စီးထွက်လာကုန်ကြလေသည်။
ထိုအဖြစ်အပျက်ကြောင့် တာအိုသခင်အဆင့် ပညာရှင်များ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားကုန်ကြလေ၏။
ထိုအချင်းအရာကိုမြင်သည့်အခါ ချင်းကျောင်းရန်က အလျင်အမြန်အော်ပြောလိုက်လေ၏။ “ရပ်မသွားကြနဲ့ အစီအရင်အသက်မဝင်လာခင်အထိ အခုလိုမျိုးဖြစ်နေမှာ။ အကုန်လုံးဒီအတိုင်းပဲဆက်လုပ်ထားကြ”
သူပြောသည့်စကားကို ကြားပြီးသည့်အခါမှသာ အကုန်လုံး ပြန်လည်တည်ငြိမ်သွားကြပြီး လက်ကွက်များကိုသာ ဆက်လက်ဖန်တီးနေကြလေသည်။
အရင်းအမြစ်ချီတို့သည် ဒီရေလှိုင်းလုံးများနှယ် အဆက်မပြတ်စီးထွက်လာနေခဲ့သည်။ ထိုစီးထွက်လာနေသော အရင်းအမြစ်ချီများသည် တဖြေးဖြေးစုဝေး သိပ်သည်းသွားကြပြီးသည့်နောက် ဧရာမသတ္တဝါတစ်ကောင် အဖြစ်သို့ တဖြေးဖြေး သိပ်သည်းသွားကုန်ကြလေသည်။
ထိုသတ္တဝါသည် နဂါးခေါင်း လိပ်ခွံနှင့် မြွေမြီးကို ပိုင်ဆိုင်ထားပြီး အလွန်ကိုမှ အားကောင်းဟန်ထင်ရသည်။ ယင်းသတ္တဝါမှာ နတ်သားရဲဖြစ်သော လိပ်နက်သာ ဖြစ်လေသည်။
ထိုဖြစ်ပေါ်လာသည့်လိပ်နက်ဆီမှ ဖြာထွက်လာသော ဖိအားကြောင့် အစီအရင်အတွင်းရှိနေကြသော လူခုနစ်ဦးစလုံး၏ရင်ထဲ ထိတ်လန့်တုန်လှုပ်မှုတို့ ဖြတ်ပြေးသွားကုန်ကြလေ၏။
တာအိုသခင်အဆင့်ပညာရှင်ခုနစ်ဦး၏ အရင်းအမြစ်ချီများ ပေါင်းစည်းရာမှဖြစ်ပေါ်လာသော လိပ်နက်သည် အစစ်အမှန် လိပ်နက်တစ်ကောင်နှယ်ထင်မှတ်ရသည်။
ခေါင်းကိုလှုပ်ခါရင်း ၎င်း၏အမြီးကိုလှုပ်ရှားနေသည်မှာ အမှန်တစ်ကယ်ကိုမှ အသက်ဝင်လှ၏။
မည်သို့ပင်ဖြစ်နေစေကာမူ လိပ်နက်သည် အရင်းအမြစ်ချီမှ ဖြစ်ပေါ်လာခြင်းဖြစ်သည့်အတွက် အစစ်အမှန်လိပ်နက်တစ်ကောင်ထက်တော့ အများကြီး အားနည်းပေသည်။
လူခုနစ်ဦးအနက် တွမ့်ရန်ချန်းသည် နဂါးခေါင်းနေရာကို ယူထားပြီး သက်လတ်ပိုင်းလူကြီးသည် အမြီးနေရာကို ယူထားကာ ကျန်လေးဦးမှာတော့ ခြေလေးချောင်း နေရာများကို အသီးသီးနေရာယူထားကြလေသည်။
ရန်ကိုင်နှင့်ချင်းယုသည် လိပ်နက်၏အလယ်ဗဟိုတွင် ရှိနေကြ၏။ ဤကဲ့သို့ဖြစ်အောင်ကို ချင်းကျောင်းရန်က စီစဉ်ထားခြင်းဖြစ်ပေသည်။
ခပ်လှမ်းလှမ်းမှ လှမ်းကြည့်မည်ဆိုလျှင် တာအိုသခင်အဆင့်ပညာရှင် ခုနစ်ဦးစလုံးသည် ထွင်းဖောက်မြင်နိုင်သော လိပ်နက်၏ကိုယ်ထဲတွင် ရောက်ရှိနေကြောင်းကို တွေ့နိုင်ပေလိမ့်မည်။
ထောင့်ခုနစ်သွယ်လိပ်နက်အစီအရင် အသက်ဝင်သွားသည်နှင့်တစ်ပြိုင်နက် အကုန်လုံး၏ကိုယ်ထဲမှ သူတော်စင်ချီစီးထွက်နှုန်းမှာလည်း တဖြေးဖြေး နှေးကျသွားလေ၏။ ထိုအခါမှသာ အကုန်လုံး၏မျက်နှာ အနည်းငယ် ဝင်းပသွားခဲ့ကြလေသည်။
ချက်ချင်းဆိုသလို အကုန်လုံးသည် မျက်လုံးပိတ်လျက် ဤအစီအရင်၏ဆန်းကြယ်လှသော စွမ်းရည်များကို တိတ်တဆိတ်အာရုံခံကြတော့လေ၏။
ထိုစဉ် လွင့်ပြယ်သွားသော နတ်ဆိုးချီတို့သည် အဘက်ဘက်မှ ဝင်ရောက်လာပြီး လိပ်နက်အား လွှမ်းခြုံသွားခဲ့လေသည်။
မရေမတွက်နိုင်သော နတ်ဆိုးများသည် နတ်ဆိုးချီထဲ ပုန်းအောင်းနေရင်း ကမ်းခြေအား လာရောက်ရိုက်ခတ်သည့် ဒီရေလှိုင်းလုံးနှယ် လိပ်နက်ထဲတွင် ပုန်းအောင်းနေသူများအား တိုက်ခိုက်ကြလေသည်။
ထိုအချင်းအရာကိုကြည့်ရင်း မြို့နံရံများပေါ်တွင်ရှိနေသော လူများ စိတ်ပူသွားကုန်ကြလေ၏။
ရုတ်တရက်ဆိုသလို နဂါးဟိန်းသံနှယ် ကျယ်လောင်လှသော ဟိန်းသံတစ်သံသည် ယခင် လိပ်နက်ရှိနေခဲ့သည့်နေရာဆီမှ ထွက်ပေါ်လာခဲ့လေသည်။
ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လိပ်နက်အား လွှမ်းခြုံထားသော နတ်ဆိုးချီအားလုံး လွင့်ပြယ်သွားကုန်ကြ လေ၏။
တစ်ချိန်တည်းတွင် ပြေးဝင်လာနေသော နတ်ဆိုးများမှာလည်း လွင့်စင်ထွက်ကုန်ကာ သွေးမြူများအဖြစ် ပေါက်ကွဲထွက်ကုန်ကြလေသည်။
နတ်ဆိုးချီတို့ လွင့်ပြယ်သွားပြီးသည့်နောက်တွင် လိပ်နက်ပြန်ပေါ်လာခဲ့၏။ လိပ်နက်ကိုယ်ထဲရှိနေသော လူရှစ်ဦးစလုံးမှာမူ မည်သည့်ဒဏ်ရာမှ ရမထားကြချေ။
ထိုအချင်းအရာကိုမြင်သည့်အခါ တွမ့်ရန်ချန်းက သည်းလှိုက်အူလှိုက်ရယ်မောလျက် “ဒီအစီအရင်နဲ့ဆိုရင် ငါတို့ဘာမှကြောက်နေစရာမလိုတော့ဘူး။ သွားကြရအောင်”
ထောင့်ခုနစ်သွယ်လိပ်နက်အစီအရင်၏စွမ်းအားကို ကြုံပြီးသည့်နောက်တွင် တွမ့်ရန်ချန်း အလွန်ကိုမှ ယုံကြည်ချက်ရှိလာခဲ့လေသည်။
ထိုစကားကိုပြောပြီးသည့်နောက် ဦးဆောင်၍ ပြေးထွက်သွားလေ၏။ အခြားသူများသည်လည်း အစီအရင်ကို အသက်သွင်းရင်း တွမ့်ရန်ချန်းနောက်မှ အနီးကပ်လိုက်သွားကြလေသည်။
လမ်းတစ်လျှောက်တွင် နတ်ဆိုးသားရဲပေါင်းများစွာကို ကြုံတွေ့ခဲ့ရသည်။ သို့တိုင် လိပ်နက်၏လက်ဝါးတစ်ချက်ဖြင့် ထိုနတ်ဆိုးသားရဲအားလုံးမှာ လွင့်စင်ထွက်ကုန်ကာ တစ်စစီ ပေါက်ကွဲထွက်ကုန်ကြလေသည်။
မိုင်းတွင်းသည် မေပယ်မြို့နှင့်သိပ်မဝေးလှဘဲ မိုင်နှစ်ထောင်လောက်သာ ကွာဝေး၏။
သို့သော်ငြား ဤတာအိုသခင်အဆင့်ပညာရှင် ခုနစ်ဦးသည်သာ ကိုယ့်ဘာသာပျံသန်းသွားကြမည်ဆိုပါက အနည်းငယ်သည်သာ မိုင်းတွင်းဆီသို့ လုံလုံခြုံခြုံနှင့် ရောက်နိုင်ပေလိမ့်မည်။
သို့သော်ငြား အစီအရင်၏စွမ်းအားကို အားကိုးပြီးသည့် နောက်တွင် သွားရသည့်လမ်းခရီးမှာ အတော်လေးကိုမှ လွယ်ကူလာခဲ့သည်။
အလွန်ကိုမှ တိုက်စားနိုင်စွမ်း ပြင်းထန်လှသော နတ်ဆိုးချီပင်လျှင် သူတို့အပေါ် လုံးဝသက်ရောက်မှု မရှိတော့ပေ။
“ဒီအစီအရင်က တစ်ကယ်ကောင်းတာပဲ” အကုန်လုံး စိတ်အေးအေးဖြင့် ရှေ့ဆက်သွားနေနိုင်ကြသည်။ လိပ်နက်၏ ဘယ်ဘက်ရှေ့လက်နေရာအား တာဝန်ယူထားသော ဟွာချင်းစီက ရုတ်တရက်ပြုံးကာ မှတ်ချက်ပေးလိုက်လေသည်။
ထို့နောက် ဘေးဘက်သို့ကြည့်၍ ပြောလိုက်လေ၏။ “လူအိုကြီးချင်း ဒီအစီအရင်ကို ရောင်းဖို့များ စဉ်းစားမိလား။ ရောင်းမယ်ဆိုလို့ရှိရင် ကျွန်မ..”
“ထပ်ပြောနေစရာမလိုတော့ဘူး မိန်းကလေးဟွာ ဒီအစီအရင်က ဒီချင်းမိသားစုရဲ့ဘိုးဘေးကိုယ်တိုင် သွေးချွေးတွေကိုစတေးပြီးတော့ ဖန်တီးထားခဲ့ရတာ။ ဒီချင်း ဘယ်လိုမှရောင်းမှာမဟုတ်ဘူး” ဟွာချင်းစီ စကားဆုံးအောင် မပြောနိုင်သေးခင်မှာပင် ချင်းကျောင်းရန်က ရုတ်တရက် ဖြတ်ပြောလိုက်လေသည်။
“စကားကို ကုန်အောင်မပြောပါနဲ့အုံး လူအိုကြီးချင်းရယ်။ ဒီလောကကြီး ဝယ်လို့မရတဲ့အရာဆိုတာမရှိဘူး။ ဘယ်လောက်ပေးနိုင်လဲဆိုတဲ့အပေါ်ပဲ မူတည်တာ။ ဒီကိစ္စပြီးရင် ကျွန်မလူအိုကြီးချင်းနဲ့ သေချာသီးသန့်လေး စကားပြောကြည့်ရတာပေါ့” ဟွာချင်းစီက ပြုံးလျက် ပြောလိုက်လေသည်။ ထိုသို့ပြောနေရင်း ဟွာချင်းစီ၏ မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွား၏။
အတွေ့အကြုံများစွာကို ကြုံဖူးထားပြီး အသက်ကြီးရင့်နေပြီဖြစ်သည့်တိုင် ချင်းကျောင်းရန် ရင်တစ်ချက်ခုန်မိသွားခဲ့လေသည်။ သွေးများဆူပွက်လာပြီး လည်ချောင်းများ ခြောက်ကပ်လာခဲ့၏။
‘ဒီစုန်းမကတော့ကွာ..’ စိတ်ထဲတိတ်တဆိတ် ကျိန်ဆဲရင်း မငြိမ်မသက်ဖြစ်လာသောသူ့စိတ်အား အလျင်အမြန်ငြိမ်သက်သွားအောင် ထိန်းချုပ်လိုက်ရ၏။
ထို့နောက် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းကာ လှိုက်တက်လာသော အရင်းအမြစ်ချီတို့ကို အလျင်အမြန် ဖိနှိပ်လိုက်လေသည်။
“ဒီဘုရင်လည်း ဒီအစီအရင်ကို အရမ်းစိတ်ဝင်စားတယ်။ ကျုပ်ကိုလည်း ထည့်တွက်လိုက်” မျိုးရိုးနာမည်ဖုနှင့်လူက ရုတ်တရက်မျက်လုံးဖွင့်ကာ အမိန့်ပေးသည့်လေသံနှင့် ပြောလိုက်လေသည်။
“ဆရာ ဆရာ့စကားက ယုတ္တိမတန်ဘူးနော်” ဟွာချင်းစီက ရုတ်တရက် မကျေမနပ်ဖြင့် ပြောလိုက်လေသည်။ “ဒီကိစ္စကို ကျွန်မက အရင်ပြောတာလေ။ ရှင်စိတ်ဝင်စားတယ်ဆိုရင် ကျွန်မနဲ့လူအိုကြီးချင်းကို အရင်ဆုံးအောင်လုပ်ခွင့်ပေးရမှာ မဟုတ်ဘူးလား”
“ဒီတော့ ဒီနေရာမှာလည်း အရင်လာအရင်ရစနစ် ရှိတယ်ပေါ့” သက်လတ်ပိုင်းလူကြီးက စိတ်ခံစားချက် မပါသည့်အမူအယာဖြင့် ဟွာချင်းစီအား စိုက်ကြည့်ရင်း ပြောလိုက်လေသည်။ “အစီအရင်ကိုဝယ်တာ ဈေးက ဂေါ်ဖီထုပ်တွေကို ဝယ်တာနဲ့တူတယ်လို့ ထင်နေတာလား”
ဟွာချင်းစီသည် ယဲ့ယဲ့လေးပြုံးလျက် သက်လတ်ပိုင်း လူကြီးအား မျက်လုံးမှေးစင်းကာ စိုက်ကြည့်လိုက်သည်။ ထို့နောက် ပြန်၍ပြောလိုက်လေသည်။ “ဆရာက ကျွန်မလို မိန်းမသားတစ်ယောက်ကို အနိုင်ကျင့်ဖို့ ကြိုးစားနေတာပဲ”
သက်လတ်ပိုင်းလူကြီး မျက်မှောင်ကြုတ်သွားခဲ့ပြီး အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ အဲ့တော့”
အချင်းချင်း အပြန်အလှန်ငြင်းခုံနေပြီးနောက် နှစ်ဦးသားကြား မီးတောက်မီးပွားတို့ စတင်ဖြစ်ပေါ်လာခဲ့ လေသည်။
ထိုစဉ်ရှေ့ဘက်တွင်ရှိနေသော တွမ့်ရန်ချန်းက အော်ပြောလိုက်လေ၏။ “လူကြီးမင်းတို့နှစ်ယောက် အဲ့အကြောင်းကို နောက်မှဆွေးနွေးလို့ရမလား။ အခု အရေးအကြီးဆုံးက ပျက်စီးနေတဲ့စည်းကို ပြန်ပြင်ဖို့ပဲ။ ကျုပ်ကိုမျက်နှာသာပေးပြီး အခုလောလောဆယ် ဒီကိစ္စကို ဘေးဖယ်ထားပေးလို့ရမလား”
ဟွာချင်းစီသည် ပြုံးသာပြုံးလိုက်ပြီး ဘာမှ ပြန်မပြောတော့ချေ။
ဆန့်ကျင်ဘက်အနေနှင့် သက်လတ်ပိုင်းလူကြီးကမူ မောက်မာဝံ့ကြွားသည့် အမူအယာဖြင့် ဖြတ်၍ ပြောလိုက်လေသည်။ “မင်းက ဘာမို့လို့ ဒီဘုရင်ကို ဘာလုပ်ဆိုပြီး လာပြောနေတာလဲ။ ဒီဘုရင်အခုချက်ချင်း အစီအရင်ထဲကနေထွက်သွားပြီး မင်းတို့အားလုံးကို ပြန်မလာနိုင်အောင်လုပ်ပစ်လို့ရတယ်ဆိုတာ မင်းသိလား”
သူ့စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် တွမ့်ရန်ချန်းသာလျှင်မဟုတ် ချင်းကျောင်းရန်၊ ကျွမ်းပန်နှင့် တုလီရှန်းတို့၏အမူအယာ ဖြူလျော်သွားခဲ့လေသည်။
ထောင့်ခုနစ်သွယ်လိပ်နက်အစီအရင်အား လည်ပတ်နေစေရန်အတွက် လူခုနစ်ဦးကို လိုအပ်ပေသည်။ သက်လတ်ပိုင်းလူကြီးသာ ထွက်သွားမည်ဆိုပါက ကျန်သည့်လူအားလုံး ဒုက္ခရောက်ကြရပေလိမ့်မည်။
သူသည် တာအိုသခင်တတိယအဆင့်ပညာရှင်တစ်ဦး ဖြစ်သည့်အတွက် နတ်ဆိုးချီထဲမှ သူ့ဘာသာတစ်ဦးတည်း ထွက်သွားနိုင်လောက်သည်။
သို့ရာတွင် ကျန်သည့်လူများကမူ ထိုကဲ့သို့မဟုတ်။ အစီအရင်ထဲပါလာသည့် တာအိုသခင်ပထမအဆင့်ကျင့်ကြံသူ အချို့သည် နတ်ဆိုးချီ၏တိုက်စားမှုကို အချိန်အကြာကြီး ခုခံနိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိကြပေ။
ချင်းယုရှိနေသေးသော်ငြား ချင်းယုသည် တာအိုသခင် ဒုတိယအဆင့်ကျင့်ကြံသူတစ်ဦးသာဖြစ်သည်။ သူမ၏ ကျင့်ကြံခြင်းဖြင့် အခြားသူများအား မည်ကဲ့သို့ ကူညီပေးနိုင်မည်နည်း။
ချင်းယုသာ သက်လတ်ပိုင်းလူကြီး၏နေရာတွင် ဝင်ယူလိုက်မည်ဆိုပါက စက္ကန့်အနည်းငယ်အတွင်း သူမကိုယ်ထဲရှိစွမ်းအင်အားလုံး ခြောက်ကပ်သွားအောင် စုပ်ယူခြင်း ခံလိုက်ရပေလိမ့်မည်။
တစ်နည်းဆိုသည်မှာ သက်လတ်ပိုင်းလူကြီးသာ ထွက်သွားမည်ဆိုပါက ဤအစီအရင်ထဲတွင်ရှိနေသော လူတစ်ဝက်လောက် အနည်းဆုံး သေသွားကြရပေလိမ့်မည်။
“အဲ့လိုလုပ်စရာမလိုပါဘူး ဆရာရဲ့” ကျွမ်းပန်မှာ ကြောက်လန့်လွန်းသဖြင့် သူ့မျက်နှာတစ်ပြင်လုံး သွေးမရှိတော့သည့်နှယ် ဖြူလျော်သွားခဲ့သည်။
ဤနေရာသို့ သူ့ဘာသာလာချင်၍ လာခဲ့ခြင်းမဟုတ်ဘဲ တွမ့်ရန်ချန်းမှခေါ်သည့်အတွက်ကြောင့်သာ လာရခြင်း ဖြစ်သည်။
ကျွမ်းပန်၏ခွန်အားမှာ အရက်သမားလောက် မြင့်မားခြင်း မရှိပေ။ ထို့ကြောင့် တွမ့်ရန်ချန်းသည် မေပယ်မြို့ကို တာဝန်ယူရန်အတွက် အရက်သမားကိုချန်ထားရစ်ခဲ့ပေသည်။ ထို့အတွက်ကြောင့်သာ ကျွမ်းပန်လိုက်လာခဲ့ရခြင်းဖြစ်သည်။
သက်လတ်ပိုင်းလူကြီး ပြောသည့်စကားကို ကြားပြီးသည့်နောက်တွင် ကျွမ်းပန်အလွန်ကိုမှ ကြောက်လန့်သွားခဲ့လေသည်။
“ဟုတ်တယ်ဆရာ။ အခုလိုလုပ်နေစရာမလိုပါဘူး ဆရာရဲ့” တုလီရှန်းကလည်း အခြေအနေကို ဝင်ရောက်ဖျန်ဖြေပေးရန် ကြိုးစားလိုက်သည်။ “ကျုပ်တို့ ဆွေးနွေးလို့ရပါသေးတယ်”
ပြောပြီးသည့်နောက်တွင် တုလီရှန်းသည် ချင်းကျောင်းရန်အား လှမ်းကြည့်လိုက်လေသည်။ ဒီကိစ္စကို ဖြေရှင်းရန် နည်းလမ်းတစ်ခု မြန်မြန်စဉ်းစားရန် အကြံပေးနေသည့်ပုံပင်။
ရန်ကိုင်ကမူ တွမ့်ရန်ချန်းအား အံ့အားသင့်နေသည့် အမူအယာဖြင့် စိုက်ကြည့်ရင်း တိတ်တိတ်သာနေနေခဲ့သည်။ သက်လတ်ပိုင်းလူကြီးသည် မြို့သခင်စံအိမ်မှ ပျံသန်းလာသည့်အတွက် ထိုသက်လတ်ပိုင်းလူကြီးနှင့် တွမ့်ရန်ချန်းကြား ဆက်ဆံရေးတစ်ခုရှိလိမ့်မည်ဟု ရန်ကိုင်ထင်ခဲ့သည်။
သို့သော်ငြား ဤအဖြစ်အပျက်ပြီးသည့်နောက်တွင် ထိုသို့မဟုတ်မှန်း ရန်ကိုင်နားလည်သွားခဲ့လေသည်။
သက်လတ်ပိုင်းလူကြီးသည် တွမ့်ရန်ချန်းအား သောက်ဂရုကိုမစိုက်သည့်လူတစ်ဦးဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းမှာ အားလုံးထက်ပိုမြင့်သည့်အတွက် သူ့ကိုယ်သူ အကုန်လုံးထက်သာလွန်သည်ဟု ယူဆထားကာ အကုန်လုံးအား အမိန့်ပေးသည့်နှယ်ကို ပြောနေခဲ့သည်။ ‘ဒီလူမှာ အားကောင်းတဲ့နောက်ခံရှိတာလား’
အားကောင်းသည့်နောက်ခံကို ပိုင်ဆိုင်ထားကြသည့် ကျင့်ကြံသူများသာ ထိုကဲ့သို့သော မောက်မာဝံ့ကြွားသည့် သဘောထားမျိုးကို ပိုင်ဆိုင်ကြပေသည်။
“ဆွေးနွေးဖို့။ ဒီဘုရင်က ဘယ်သူနဲ့မှ မဆွေးနွေးဘူး” သက်လတ်ပိုင်းလူကြီးက ပြန်ပြောလိုက်သည်။ “လူအိုကြီး ဒီထောင့်ခုနစ်သွယ်လိပ်နက်အစီအရင်ကို ရောင်းမှာလား မရောင်းဘူးလား။ မြန်မြန်ပြော”
သူပြောနေသည့်ပုံအရ ချင်းကျောင်းရန်သာ သူကျေနပ်လောက်မည့်အဖြေကို မပေးဘူးဆိုပါက ချက်ချင်းထွက်သွားမည့်ပုံမျိုးပင်။
အကုန်လုံး၏စိုးရိမ်ပူပန်နေသည့်အကြည့်သည် ချင်းကျောင်းရန်ဆီသို့ ရောက်လာခဲ့လေသည်။
“ဆရာ ဒါဘာသဘောလဲ” လက်ရှိ ရုတ်တရက် ဖြစ်ပေါ်လာသည့်အဖြစ်အပျက်ကြောင့် ချင်းကျောင်းရန်မှာ အလွန်ကိုမှ စိတ်ညစ်စိတ်ပျက်နေခဲ့လေသည်။
တွမ့်ရန်ချန်းသည်လည်း ဒေါသထွက်လွန်းသဖြင့် လက်သီးကိုတင်းတင်းဆုပ်ထားခဲ့လေ၏။
ဒေါသထွက်နေရခြင်းမှာ သက်လတ်ပိုင်းလူကြီးမှ မြို့သခင်ဖြစ်သည့်သူ့အား နည်းနည်းလေးမှ အရေးမပေးသည့် အတွက်ကြောင့်မဟုတ်။ ဤကဲ့သို့ အရေးကြုံသည့် အခြေအနေမျိုးတွင် အနာပေါ်ဆားလာပက်နေသည့် အတွက်ကြောင့်ပင်ဖြစ်လေသည်။
သက်လတ်ပိုင်းလူကြီးသည် ဤကဲ့သို့သော လူစားမျိုးမှန်း ကြိုသိထားခဲ့လျှင် သူ့အား အစီအရင်တွင် လုံးဝပါဝင်ခွင့်ပေးလိမ့်မည်မဟုတ်ပေ။
လက်ရှိအခြေအနေကြောင့်သာမဟုတ်လျှင် တွမ့်ရန်ချန်းလည်း ခပ်ပြတ်ပြတ်ပြန်ပြောပစ်လောက်ပေပြီ။
“ဒီဘုရင်ရဲ့သည်းခံနိုင်စွမ်းက အကန့်အသတ်နဲ့ရှိတယ်နော်။ ငါမင်းကို နောက်ဆုံးအကြိမ်ထပ်မေးမယ်။ မင်းရောင်းမှာလား မရောင်းဘူးလား” သက်လတ်ပိုင်းလူကြီးသည် ချင်းကျောင်းရန်အား ရာဇသံပေးသည့်လေသံမျိုးဖြင့် မေးလိုက်လေသည်။
“လူအိုကြီးချင်း” တုလီရှန်းမှာလည်း ပြာယာခတ်လာခဲ့ သည်။
“ရောင်းရင်းချင်း အခုအခြေအနေကပိုပြီး အရေးကြီးတယ်နော်” ကျွမ်းပန်သည်လည်း ချင်းကျောင်းရန်အား လှမ်းသတိပေးလိုက်၏။
ထိုသို့ပြောပြီးနောက်ဆက်၍ပြောလိုက်လေ၏။ “ငါတို့ပဲဆိုရင် ဘာမှမဖြစ်သေးဘူး။ ဒါပေမယ့် ဒီအစီအရင်ရဲ့ အကာအကွယ်သာမရှိတော့ရင် မင်းရဲ့ယုအာက..” ကြည့်ရသည့်ပုံမှာ ချင်းယု၏လုံခြုံရေးအပေါ် အလွန်ကိုမှ စိတ်ပူနေသည့်အလား။
ချင်းကျောင်းရန်၏မျက်နှာထက် ဒေါသရိပ်တို့ ထွက်ပေါ်လာခဲ့လေသည်။ မေပယ်မြို့ဒုက္ခရောက်နေသည့် အတွက်ကြောင့် သူတို့ချင်းမိသားစု၏အမွေခံအစီအရင် ဖြစ်သော ထောင့်ခုနစ်သွယ်လိပ်နက်အစီအရင်အား အကုန်လုံးကို တစ်စိတ်တစ်ပိုင်းစီပေးခဲ့သည်။ ထို့အပြင် သူ၏အဖိုးတန်မြေးမလေးဖြစ်သော ချင်းယုကိုပင် ဤအန္တရာယ်များသည့်နေရာသို့ ခေါ်လာခဲ့လေသည်။
သူသွေးပူပူဖြင့် ဆုံးဖြတ်လိုက်သည့် ဆုံးဖြတ်ချက် တစ်ခုကြောင့် ဤကဲ့သို့ အဖြစ်မျိုးနှင့် ကြုံရလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။
သူ့အနေဖြင့် ဤအစီအရင်အား အခြားသူတစ်ယောက်ဆီ မည်ကဲ့သို့များ ပေးနိုင်မည်နည်း။
“ကောင်းပြီလေ။ ကျုပ် ဒီထောင့်ခုနစ်သွယ်လိပ်နက် အစီအရင်ကို ခင်ဗျားကိုရောင်းမယ် ရောင်းရင်းဖု” ခဏကြာမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ချင်းကျောင်းရန်က အံကြိတ်၍ ပြန်ပြောလိုက်လေသည်။
“ဟဲဟဲ လူတော်တစ်ယောက်ဆိုတာ အခြေအနေ အချိန်အခါကိုလိုက်ပြီး ပြုမူတတ်ရတယ်” သက်လတ်ပိုင်း လူကြီးက သည်းလှိုက်အူလှိုက်ရယ်မောရင်း ပြန်ပြောလိုက်၏။ “မင်းမဆိုးဘူး လူအိုကြီး”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၉၂)
“ရောင်းလို့တော့ရတယ်။ ဒါပေမယ့် ခင်ဗျား ဈေးဘယ်လောက်ပေးမှာလဲ” ချင်းကျောင်းရန်က ဒေါသထွက်ထွက်ဖြင့် အံကြိတ်၍ ပြန်မေးလိုက်သည်။
အစကတည်းက ကြိုပြင်ဆင်ထားသည့်အလား သက်လတ်ပိုင်းလူကြီးက လက်ညိုးတစ်ချောင်း ထောင်ပြလိုက်လေသည်။ “တစ်သန်း”
“အဲ့ဒါဆိုခင်ဗျား ခိုးသာခိုးသွားလိုက်တော့ပါလား” ချင်းကျောင်းရန်က ဒေါသတကြီးထအော်လေ၏။
အကုန်လုံးသည်လည်း သက်လတ်ပိုင်းလူကြီးအား မယုံကြည်နိုင်သည့်အမူအယာဖြင့် လှမ်းကြည့်လိုက်ကြလေ သည်။
တစ်သန်းဆိုသည့်ပမာဏမှာ မနည်းလှသော်ငြား ထိုပမာဏသည် ထောင့်ခုနစ်သွယ်လိပ်နက်အစီအရင်ကဲ့သို့သော အစီအရင်တစ်ခုအတွက် အလွန်ကိုမှ နည်းပါးလွန်းလှသည့် ပမာဏဖြစ်သည်။
လေလံပွဲအတွင်း၌ တာအိုအရင်းအမြစ်အသီး တစ်လုံးပင်လျှင် တစ်သန်းမကသောဈေးနှုန်းဖြင့် ရောင်းချနိုင်ခဲ့သည်။ ဤကဲ့သို့သော အစီအရင်မျိုးဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့။
ဤအစီအရင်ကိုသာ လေလံသွားတင်မည်ဆိုလျှင် အနည်းဆုံး အရင်းအမြစ်ကျောက် သန်းပေါင်းများစွာဖြင့် ရောင်းချနိုင်ပေလိမ့်မည်။
ထို့ကြောင့် ချင်းကျောင်းရန်မှာ ထိုဈေးနှုန်းကို လုံးဝ လက်မခံနိုင်ခြင်းဖြစ်သည်။
“တစ်သန်း ဒီလောက်ပဲ။ ငါလုံးဝထပ်ပေးမှာမဟုတ်ဘူး” ချင်းကျောင်းရန်မှာ ဒေါသထွက်နေသော်ငြား သက်လတ်ပိုင်း လူကြီးကမူ အေးစက်စက်အမူအယာဖြင့်သာ နှာခေါင်းရှုံ့လျက် “မကျေနပ်လည်းရတယ်နော်။ ငါထွက်သွားလိုက်မှာ”
“ကျွတ်ကျွတ် ကျွတ်ကျွတ် သူတော်စင်နန်းတော်က လူကြီးမင်းက တစ်ကယ်ကိုနိုင်ထက်စီးနင်းလုပ်နိုင်လွန်းတာပဲ။ ကျွန်မလုံးဝကို မျက်စိပွင့်နားပွင့်ဖြစ်သွားပြီ” ဟွာချင်းစီက ရုတ်တရက်ရယ်မောလျက် ပြောလိုက်လေသည်။
“သူတော်စင်နန်းတော်လား” ကျွမ်းပန် အံ့အားသင့်သွား ခဲ့သည်။ တုလီရှန်း၏အမူအယာမှာလည်း ရုတ်ခြည်း ပြောင်းလဲသွားခဲ့လေသည်။ တွမ့်ရန်ချန်းပင်လျှင် ထိတ်လန့်နေခဲ့သည်။
ထိတ်လန့်နေရခြင်းမှာ သက်လတ်ပိုင်းလူကြီး၏ ဇစ်မြစ်ကို သိလိုက်ရသည့်အတွက်ကြောင့် ဖြစ်သလို ဟွာချင်းစီမှ သက်လတ်ပိုင်းလူကြီး၏အကြောင်းကို သိနေသည့်အတွက်ကြောင့်လည်း ဖြစ်ပေသည်။
သက်လတ်ပိုင်းလူကြီးတွင် အားကောင်းသောနောက်ခံ ရှိမည်မှန်း သိကြသော်ငြား သူ၏ဇစ်မြစ်ဘာဖြစ်သလဲ ဆိုသည်ကို မည်သူမှ မသိကြပေ။
ထိုအချက်ကို ကြည့်ရုံနှင့်ပင်လျှင် ဟွာချင်းစီ မည်မျှ ဗဟုသုတကြွယ်ဝကြောင်းကို ပြသနေခဲ့သည်။
ဟွာချင်းစီပြောသည့်စကားကိုကြားပြီးသည့်နောက် ရန်ကိုင့်၏ရင်ထဲ ချက်ချင်းသတိချပ်မိလိုက်လေသည်။ သက်လတ်ပိုင်းလူကြီးကိုလည်း နောက်တစ်ကြိမ် တစ်ချက် သေချာအောင်လှမ်းကြည့်မိလိုက်သည်။
သစ်သားဝိဉာဉ်၏ ဝင်စီးထားခြင်းခံလိုက်ရသည့် အတွက်ကြောင့် သူတော်စင်နန်းတော်၏သခင်လေးအား သတ်ပစ်လိုက်ရသော်ငြား သူမှ သူတော်စင်နန်းတော်၏ သခင်လေးအား သတ်ပစ်လိုက်သည်ဟူသောအချက်မှာ ငြင်းပယ်မရသည့်အမှန်တရားဖြစ်ပေသည်။
ထို့နောက် ရန်ကိုင်သည် နင်ယွမ်ချန်း၏သင်္ဘောအား ယူကာ သူ့ကိုယ်ပိုင်အဖြစ်သန့်စင်ပစ်လိုက်သည်။
ထိုအချက်ကိုစဉ်းစားမိလိုက်သော် သက်လတ်ပိုင်း လူကြီး မေပယ်မြို့သို့ ရောက်လာသည်မှာ တိုက်ဆိုင်မှုသက်သက်သာမဟုတ်ကြောင်း ချက်ချင်း နားလည်သွားခဲ့လေသည်။
သက်လတ်ပိုင်းလူကြီးသည် နင်ယွမ်ချန်းသေဆုံးရခြင်း နောက်ကွယ်၏တရားခံကိုရှာရန် ရောက်လာခဲ့ခြင်း ဖြစ်လောက်သည်။
ထို့အတွက်ကြောင့် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာရှေ့တွင် သူမှ နင်ယွမ်ချန်း၏သင်္ဘောအားစီးလာခဲ့သည်ကို သက်လတ်ပိုင်းလူကြီး လုံးဝသတိမပြုမိစရာအကြောင်း မရှိပေ။
တစ်ကယ်ဆိုလျှင် သက်လတ်ပိုင်းလူကြီးသည် နင်ယွမ်ချန်းအား မည်သူသတ်သွားသလဲဆိုသည်ကိုပင် သိနေလောက်ပေပြီ။
ထိုအချက်ကိုစဉ်းစားမိလိုက်သော် ရန်ကိုင့်၏အမူအယာ သုန်မှုန်သွားခဲ့လေ၏။
သူ့ဇစ်မြစ်အဖော်ခံလိုက်ရပြီးသည့်နောက်တွင် သက်လတ်ပိုင်းလူကြီးသည် ဟွာချင်းစီအား မျက်လုံးမှေးစင်းကာစိုက်ကြည့်၍ ပြန်ပြောလိုက်၏။ “နင့်အမြင်ကမဆိုးဘူးပဲ။ နင်ဘယ်ကနေရောက်လာတာလဲ”
ဟွာချင်းစီသည် ကပိုကရိုဖြစ်နေသောဆံပင်အား နားသယ်နောက်သို့သပ်တင်ရင်း ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်၏။ “ကျွန်မက ဒီအတိုင်း လေလွင့်ကျင့်ကြံသူ တစ်ယောက်ပါပဲ။ ကျွန်မဘယ်ကလာလဲ ဘယ်လိုလုပ်ပြီး ပြောနိုင်ပါ့မလဲ”
“ဟမ့်” သက်လတ်ပိုင်းလူကြီးအနေဖြင့် ဟွာချင်းစီပြောသည့်စကားကို ယုံနိုင်စရာအကြောင်းမရှိပေ။ သူ့ရင်ထဲ သံသယတို့စတင်ဖြစ်ပေါ်လာခဲ့၏။
တစ်ချိန်တည်းတွင် သူ့မျက်လုံးများထဲ ကြောက်ရွံ့သည့် အရိပ်အယောင်အချို့လည်း ဖြတ်ပြေးသွားခဲ့လေသည်။ သူမည်သည့်နေရာက ရောက်လာသလဲဆိုသည်ကို သိနိုင်သည့်လူတစ်ဦးသည် လုံးဝကိုသာမန်လူတစ်ဦး မဖြစ်နိုင်ချေ။
သို့သော်ငြား သူ၏မာနကြောင့် ဟွာချင်းစီအား နည်းနည်းလေးမှပင် ဂရုမစိုက်နိုင်သေး။
“ခင်ဗျားဆုံးဖြတ်ပြီးသွားပြီလား” သက်လတ်ပိုင်း လူကြီးသည် ချင်းကျောင်းရန်ဘက်သို့ လှည့်၍မေးလိုက်သည်။
ချင်းကျောင်းရန်က သက်ပြင်းချ၍ ပြန်ပြောလိုက်သည်။ “ဈေးထပ်တင်လို့ရသေးလား”
ခဏကြာပြီးသည့်နောက်တွင် ချင်းကျောင်းရန်သည် စဉ့်နှီတုန်းပေါ်ရှိ ငါးတစ်ကောင်ကဲ့သို့ ဖြစ်နေလေပြီ။ မည်သို့ပင်ဖြစ်နေစေကာမူ သူ့အနေဖြင့် ချင်းယုအား ထည့်စဉ်းစားရပေလိမ့်မည်။
“ခင်ဗျား ဘယ်လိုထင်လဲ” သက်လတ်ပိုင်းလူကြီးသည် ချင်းကျောင်းရန်၏မေးခွန်းအား ပြန်မဖြေဘဲ ပြန်၍သာ မေးလိုက်သည်။
ချင်းကျောင်းရန် မျက်နှာပျက်သွားခဲ့ပြီး နောက်ဆုံးတွင် သဘောတူလိုက်လေသည်။ “အဲ့ဒါဆို ဆရာပြောတဲ့အတိုင်းပဲ။ လူကြီးမင်းပြောတဲ့ဈေးနဲ့ပဲ သဘောတူလိုက်ကြတာပေါ့”
“ဒီလိုမှပေါ့” သက်လတ်ပိုင်းလူကြီးသည် လက်ရှိ ရလဒ်နှင့်ပတ်သက်၍ အလွန်ကိုမှကျေနပ်သွားသည့်အလား ပြုံးလျက် သူ့လက်ကို ချင်းကျောင်းရန်ဆီသို့ ဆန့်ထုတ်လိုက်လေ၏။ “အဲ့ပစ္စည်းကို ဒီဘုရင်ဆီပေး။ ဒီဘုရင်ကိုယ့်စကားကို ပြန်ရုတ်သိမ်းမှာမဟုတ်ဘူး”
“နေပါအုံး” ရုတ်တရက် အသံတစ်သံထွက်လာခဲ့သည်။ အသံကြားရာဆီသို့လှည့်ကြည့်လိုက်ရာ ရန်ကိုင်ဖြစ်နေကြောင်း တွေ့ရှိလိုက်ရလေသည်။
ဟွာချင်းစီနှင့် သက်လတ်ပိုင်းလူကြီးတို့ စကားစများသည့် အချိန်မှစ၍ သက်လတ်ပိုင်းလူကြီးမှ ချင်းကျောင်းရန်၏ ထောင့်ခုနစ်သွယ်လိပ်နက်အစီအရင်အား အောင်မြင်စွာ ဝယ်ယူသွားနိုင်သည့်အချိန်ထိ ရန်ကိုင်သည် စကားတစ်ခွန်းပင် ဝင်မပြောခဲ့ပေ။ ထို့ကြောင့် အကုန်လုံး သူရှိနေသည်ကိုပင် မေ့လျော့နေခဲ့သည်။
သို့သော်ငြား ရန်ကိုင်သည် ယခုကဲ့သို့အချိန်မျိုးတွင်မှ စကားဝင်ပြောလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။
ဟွာချင်းစီသည် နှုတ်ခမ်းလေးကိုကွေးလျက် ရန်ကိုင့်အား အထက်အောင်အစုန်အဆန် သေချာ ဆန်းစစ်ကြည့်လေသည်။
သက်လတ်ပိုင်းလူကြီးမှာမူ သူ့အရေးကိစ္စကို လာရောက် နှောက်ယှက်သည့်ရန်ကိုင့်အား မြင်ပြီးနောက် သတ်ဖြတ်လိုစိတ်တို့ သူ့မျက်လုံးထဲဖြတ်ပြေးသွားခဲ့လေ၏။
ထို့နောက် အေးစက်စက်လေသံဖြင့် ပြောလိုက်လေ၏။ “မင်းဘာလိုချင်နေတာလဲကောင်လေး”
“စိတ်မရှည်မဖြစ်ပါနဲ့ဆရာ” ရန်ကိုင်ကရယ်မော၍ “ခင်ဗျားပစ္စည်းကို လုမယူပါဘူး။ ဒါပေမယ့် ဆရာလုပ်ပုံကို မြင်ပြီးတဲ့နောက် ကျုပ်တို့ဒီလောက်စည်းလုံးမှုမရှိဘူးဆိုတာ ကျုပ်သိသွားတယ်။ ဆရာသာ ထွက်သွားချင်တိုင်း ထွက်သွားမယ်ဆိုရင် အဲ့လိုနည်းလမ်းကိုသုံးပြီး အခြားလူတွေကို ခြိမ်းခြောက်လို့ရတယ်လေ။ ဟုတ်တယ်မလား။ ဒီလိုပုံစံက အခုအခြေအနေအတွက် သိပ်တော့အဆင်မပြေဘူး”
တွမ့်ရန်ချန်းကလည်း အလျင်အမြန်ဝင်ပြောလိုက်သည်။ “ဟုတ်တယ်။ အဲ့ဒါ ဒီတွမ့် သေချာမစီစဉ်မိလိုက်တာ”
အစကမူ တာအိုသခင်တတိယအဆင့်ပညာရှင်နှစ်ဦး၏ တောင်းဆိုချက်ကို ကောင်းမွန်သည့် အရာတစ်ခုဟု ယူဆခဲ့သည်။သို့သော်ငြား ယခုကဲ့သို့ဖြစ်လာလိမ့်မည်ဟု မည်ကဲ့သို့များ ထင်ထားပါမည်နည်း။
သက်လတ်ပိုင်းလူကြီးနှင့်ယှဉ်လိုက်သော် ဟွာချင်းစီသည် လက်ရှိအချိန်တွင် ပို၍ပင်အားကိုးရသေး၏။ သို့သော်ငြား ဟွာချင်းစီသည်လည်း သက်လတ်ပိုင်းလူကြီးကဲ့သို့ လုပ်အုံးမည်ဆိုပါက အကုန်လုံးအနေဖြင့် မေပယ်မြို့သို့သာ ခပ်မြန်မြန်ပြန်သည်မှာ ပိုကောင်းပေလိမ့်မည်။
“မြို့သခင်တွမ့်အပြစ်မဟုတ်ပါဘူး။ အစကတည်းက မေပယ်မြို့ထဲမှာ တာအိုသခင်အဆင့်ပညာရှင်တွေ အများကြီးမှမရှိတာ။ အခုလိုအချိန်မျိုးမှာ ပြင်ပအကူအညီသာရမယ်ဆိုရင် ကျုပ်လည်းလက်ခံမိမှာပဲ” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။
ရန်ကိုင့်၏စကားကိုကြားသော် တွမ့်ရန်ချန်းသည် ကူကယ်ရာမဲ့နေသည့်အမူအယာဖြင့် သက်ပြင်းရှည်ကြီးသာ ချလိုက်လေသည်။
“အဲ့လိုကိစ္စတွေ ထပ်မဖြစ်ရအောင်လို့ ကျုပ်တို့ ဒီကိစ္စအကြောင်းကို သေသေချာချာဆွေးနွေးဖို့လိုပြီနဲ့တူတယ်။ ဥပမာ အခြားတစ်ယောက်က အခုလိုမျိုးတွေ ထပ်လုပ်လာမှာကို ကျုပ်တို့ခွင့်မပြုနိုင်ဘူးလေ။ ဟုတ်တယ်မလား” ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရင်း ပြောလိုက်လေသည်။
“ဟုတ်တယ် ဟုတ်တယ်။ ငါတို့သေချာဆွေးနွေးဖို့လိုပြီ” တုလီရှန်းကလည်း ခေါင်းငြိမ့်၍ဝင်ပြောလိုက်သည်။ လူအများမှာမူ ဤကိစ္စနှင့်ပတ်သက်၍ ထူးမခြားနားဟန်သာ ရှိနေကြသည်။
သူတို့မိသားစုနှင့်စီးပွားရေးများသည် မေပယ်မြို့ထဲတွင် ရှိနေကြသဖြင့် ပုံမှန်အခြေအနေမျိုး၌ သက်လတ်ပိုင်း လူကြီးကဲ့သို့ လုပ်ကြလိမ့်မည်မဟုတ်ပေ။
သို့သော်ငြား ဟွာချင်းစီနှင့်တော့ သူတို့မရင်းနှီးပေ။ သူမသာ သက်လတ်ပိုင်းလူကြီးကဲ့သို့ လုပ်လာမည်ဆိုလျှင်ကော။ ထိုသို့သာတစ်ကယ်ဖြစ်မည်ဆိုလျှင် ဤအဖွဲ့ ကျိန်းသေ ပျက်စီးရပေလိမ့်မည်။
ပျက်နေသည့်စည်းအား ပြင်ရန်မဆိုထားနှင့်။ မေပယ်မြို့သို့ ပြန်နိုင်ဖို့ရာပင် ပြဿနာတစ်ခု ဖြစ်လာပေလိမ့်မည်။ ထို့အပြင် သက်လတ်ပိုင်းလူကြီး၏ စရိုက်အရ သူသာ ထောင့်ခနစ်သွယ်လိပ်နက်အစီအရင်ဖြင့် မကျေနပ်သေးဘဲ အခြားသောအရာတစ်ခုအား ထပ်မံတောင်းဆိုလာမည်ဆိုပါက သူတို့ဘာလုပ်နိုင်မည်နည်း။
ရန်ကိုင့်၏စကားကိုကြားပြီးသည့်နောက်တွင် အကုန်လုံး မျက်မှောင်အသီးသီးကြုတ်သွားကြလေသည်။
“ဘာကိစ္စလဲ။ မင်းဒီဘုရင်ကို မယုံတာလား” အခြားလူများ၏အမူအယာကိုမြင်သော သက်လတ်ပိုင်း လူကြီးမျက်နှာ မှုန်ကုပ်သွားခဲ့လေသည်။
ဟွာချင်းစီက နှုတ်ခမ်းကိုကွေးလျက်ရယ်မောကာ ဝင်ပြောလိုက်လေ၏။ “ ရှင်က ယုံရတဲ့လူလို့ထင်လို့လား လူကြီးမင်း”
သက်လတ်ပိုင်းလူကြီးက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “အမျိုးသမီး ခင်ဗျားဘာပြောချင်နေတာလဲ”
တာအိုသခင်တတိယအဆင့်ပညာရှင်တစ်ဦးဖြစ်သော ဟွာချင်းစီသည် အကြောင်းအရင်းမရှိဘဲ ဤလူများအား ချိပ်စည်းအား ပြုပြင်ရာတွင် အလကားသက်သက် ကူညီပေးလိမ့်မည်ဟု သူမထင်ပေ။ သူမတွင် ဒီပြင် အကြောင်းအရင်းတစ်ခုရှိရပေလိမ့်မည်။
“အိုက်ယား.. ကျွန်မက ဘာမကောင်းတာကိုမှ မကြံနေပါဘူးနော်။ အခုလိုအခြေအနေမျိုးမှာ တစ်ယောက်တည်းလှုပ်ရှားမရလို့သာ” ဟွာချင်းစီက တခစ်ခစ်ရယ်မော၍ ပြန်ပြောလိုက်သည်။
ဟွာချင်းစီ၏စကားကြောင့် သက်လတ်ပိုင်းလူကြီး မျက်နှာထက် ဒေါသရိပ်တို့ထွက်ပေါ်လာခဲ့သည်။ သို့သော်ငြား မလှုပ်ရှားရဲသေးသည့်အတွက် သူ့ဒေါသကို အတင်းအကြပ်ချုပ်တီးထားလိုက်လေသည်။
“အကုန်လုံး ငြင်းမနေကြပါနဲ့။ ရောင်းရင်းရန် အခုလို ပြောသွားတာ အကြောင်းရှိမှန်း ဒီတွမ့်သိတယ်။ ဒီလို လုပ်ကြမလား။ အစီအရင်ကို ပြန်မပြင်ရသေးဘဲ မေပယ်မြို့ကိုလည်း ပြန်မရောက်သေးတဲ့အချိန်အထိ အခုလိုမျိုး ထပ်မလုပ်ပါဘူးလို့ သေချာသွားအောင် ဘာလို့မလုပ်ကြတာလဲ”
“စိတ်ချထားလို့ရတယ်။ ဒီဘုရင်သာ အစီအရင်ကို ရသွားသရွေ့ ဒီဘုရင် မင်းတို့စည်းကိုပြန်ပြင်တဲ့နေရာမှာ ကူညီပေးမယ်” သက်လတ်ပိုင်းလူကြီးက အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။
“စကားဆိုတာ မယုံရဘူးလေ” ကျွမ်းပန်က အားမပါသည့်လေသံဖြင့် ပြောလိုက်၏။
“အဲ့ဒါဆို မင်းဘာလုပ်ချင်တာလဲ။ ငါ့ကိုယ်တွင်းနတ်ဆိုးကို တိုင်တည်ပြီး ကျိန်ဆိုစေချင်နေတာလား” သက်လတ်ပိုင်း လူကြီးသည် အေးစက်စက်အမူအယာဖြင့် ကျွမ်းပန်အား ကြည့်လိုက်လေသည်။
ကျွမ်းပန်မျက်နှာ ကြောက်ရွံ့မှုကြောင့်ဖြူလျော်သွားပြီး ချက်ချင်းပဲ ခြောက်ကပ်ကပ်ရယ်မောလျက် ပြန်ပြောလိုက်လေ၏။ “နောက်..နောက်တာပါဆရာ။ နောက်တာ”
“ဘာလို့ အဲ့လိုမလုပ်ရမှာလဲ” အပြန်အလှန်အနေဖြင့် ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ဆရာသာ ကျုပ်တို့နဲ့အတူ ပူးပေါင်းလုပ်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ကိုယ်တွင်းနတ်ဆိုးကို တိုင်တည်ပြီးကျိန်ဆိုရမှာပေါ့။ ဆရာ မကျိန်ဆိုရဲဘူးဆိုရင် ဆရာ့စိတ်ထဲ အခုလိုထပ်လုပ်ချင်နေသေးတယ်လို့ ပြောလိုက်တာနဲ့အတူတူပဲ”
“မင်းငါ့ကို ဘာမှတ်နေတာလဲကွ” သက်လတ်ပိုင်း လူကြီးမှာ ဒေါသတကြီးထအော်ရင်း ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။
သို့သော်ငြား ရန်ကိုင်ကမူ မလှုပ်မယှက်ဖြင့်သာ သူ့အား ပြန်စိုက်ကြည့်နေခဲ့သည်။
သက်လတ်ပိုင်းလူကြီးသည် နင်ယွမ်ချန်းအား သတ်သွားသည့်လူကို လိုက်ရှာနေသည့်လူမှန်း သိသွားပြီးသည့်နောက်တွင် ရန်ကိုင်လည်း သက်လတ်ပိုင်း လူကြီးအား နည်းနည်းလေးမှ ဂရုစိုက်မနေတော့ပေ။
“ဒီကမောင်လေးပြောတာ တစ်ကယ်မမှားဘူး” အံ့အားသင့်ဖွယ်ကောင်းစွာပင် ဟွာချင်းစီသည် ရန်ကိုင့်အား ထောက်ခံပေးနေခဲ့လေ၏။
“အခုလိုလူတွေနဲ့အတူပူးပေါင်းပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ခရီးတစ်ခုကိုသွားဖို့က သိပ်လွယ်တာမဟုတ်ဘူး။ အဲ့လိုခရီးမျိုးကို လူတစ်ချို့က လာပြီးနှောက်ယှက် ဖျက်ဆီးနေလို့ အခုလိုပြောရတာမျိုးတွေ ကျွန်မမဖြစ်ချင်ဘူး။ အကုန်လုံးက သဘောတူတယ်ဆိုမှတော့ ကိုယ့်ကိုယ်တွင်း နတ်ဆိုးကို တိုင်တည်ပြီး ကျိန်ဆိုကြတာပေါ့။ ဘယ်သူသဘောတူလဲ”
“ဘယ်သူကသဘောတူမှာလဲ” သက်လတ်ပိုင်းလူကြီးက အလန့်တကြားထအော်လေသည်။
“အကုန်လုံးကသဘောတူတယ်လေ။ တစ်ယောက်ပဲ သဘောမတူရသေးတာ” ဟွာချင်းစီသည် သက်လတ်ပိုင်း လူကြီးအား ပြုံးဖြီးဖြီးဖြင့်လှမ်းကြည့်လိုက်သည်။ ထို့နောက် အံ့အားသင့်နေသည့်အမူအယာမျိုး လုပ်ပြလျက် “ကြည့်ရတာက ဆရာကအစီအရင်ကိုရပြီးတာနဲ့ ထွက်သွားဖို့ လုပ်နေတာလား။ ဆရာက အဲ့လောက်ကောက်ကျစ်တဲ့ လူတော့ မဟုတ်ပါဘူးနော်”
“ဒီဘုရင်ကို ဘာထင်နေတာလဲကွ” သက်လတ်ပိုင်း လူကြီးမှာ အလွန်ကိုမှ ဒေါသပုံထနေခဲ့လေပြီး။
“ဒါဆိုရင် ဆရာသဘောတူတယ်ပေါ့” ရန်ကိုင်က ပြောလိုက်သည်။ ဤကိစ္စအား ဆက်၍ဂရုစိုက်မနေတော့ဘဲ ဘေးပတ်ပတ်လည်အား လှည့်ပတ်ကြည့်၍သာ ပြောလိုက်လေ၏။ “အကုန်လုံးက သဘောတူတယ်ဆိုမှတော့ စကြတာပေါ့”
ပြောပြီးသည်နှင့် သူ့ကိုယ်တွင်းနတ်ဆိုးကို တိုင်တည်၍ ကျိန်ဆိုလိုက်လေသည်။ အခြားလူများသည်လည်း အကြည့်ချင်း အသီးသီးဖလှယ်လိုက်ကြပြီးနောက် သူတို့၏ ကိုယ်တွင်းနတ်ဆိုးအား တိုင်တည်ကာ ကျိန်ဆိုလိုက်ကြသည်။
ဟွာချင်းစီပင်လျှင် သူမ၏ကိုယ်တွင်းနတ်ဆိုးပေါ် တိုင်တည်ပြီးကျိန်ဆိုလိုက်လေသည်။ နောက်ဆုံးတွင် အကုန်လုံး၏အကြည့်သည် သက်လတ်ပိုင်းလူကြီးဆီသို့ ရောက်လာခဲ့လေ၏။
လက်ရှိတွင် သက်လတ်ပိုင်းလူကြီး၏မျက်လုံးများမှာ မီးတောက်တော့မည့်နှယ်ဖြစ်နေခဲ့လေသည်။ ရန်ကိုင့်အား စူးရဲစွာစိုက်ကြည့်ရင်း အံကြိတ်၍ပြောလိုက်လေ၏။ “ကောင်းတယ်..ကောင်းတယ်။ ဒီဘုရင် မင်းကိုမှတ်ထားမယ်”
ရန်ကိုင်က ရယ်မော၍သာ ပြန်ပြောလိုက်၏။ “ဆရာ ကျုပ်ကို မှတ်မိသွားအောင်လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်နော်”
“မင်းသေချင်နေတာပဲ”
“ဆရာ ကျုပ်ကိုခြိမ်းခြောက်နေလို့ ဘာအကျိုးရှိမှာလဲ” ရန်ကိုင်က ပြုံး၍သာ ပြန်ပြောလိုက်သည်။ “ကျုပ် ဘာမှလုပ်တာလဲမဟုတ်ဘူးလေ”
“ဒီကဆရာ ရှင့်အလှည့်ရောက်ပြီနော်” ဟွာချင်းစီက သက်လတ်ပိုင်းလူကြီးအား ပြုံးဖြီးဖြီးဖြင့်စိုက်ကြည့်ရင်း ဝင်ပြောလိုက်လေသည်။ “ဆရာ့အနေနဲ့ အစီအရင် အပြည့်အစုံကို လိုချင်တယ်ဆိုရင်တော့ ကိုယ်တွင်းနတ်ဆိုးကို တိုင်တည်ပြီးကျိန်ဆိုမှ ရမှာ။ အဲ့လိုမလုပ်ဘူးဆိုရင်လည်း ကောင်းပါတယ်။ ကျွန်မကပဲ ဆရာ့ကို ကျေးဇူးတင်ရတာပေါ့။ ကျွန်မ ဆရာ့ထက်ပိုကောင်းတဲ့ဈေးတစ်ခုကို ပြင်ထားပြီးသား”
“ကောင်းတယ်.. မင်းတို့အားလုံး တစ်ကယ်ကောင်းတယ်” အခြေအနေက မျက်နှာသာမပေးသဖြင့် သက်လတ်ပိုင်း လူကြီးမှာ ဒေါသထွက်နေသော်ငြား ထိုဒေါသကို ဖိနှိပ်ရင်းဖြင့်သာ သူ့ကိုယ်တွင်းနတ်ဆိုးကို တိုင်တည်၍ ကျန်ဆိုရတော့လေသည်။
ကိုယ်တွင်းနတ်ဆိုးအပေါ်တိုင်တည်၍ ကျိန်ဆိုခြင်းသည် အသုံးမဝင်သည့်ကတိစကားတစ်ခွန်းသာဖြစ်သော်ငြား လုံးဝကြီးအသုံးမဝင်သည်တော့မဟုတ်။ တစ်ကယ့်အရေးကြီးသည့်အချိန်အခါမျိုးတွင်သာ ကျိန်ဆိုထားသည့်အရာကြောင့် ဘေးထွက်ဆိုးကျိုး ခံရမည်ဆိုပါက အလွန်ကိုမှပြဿနာများပေလိမ့်မည်။
သို့သော်ငြား ဤလောကကြီးတွင် ကိုယ်တွင်းနတ်ဆိုးပေါ် တိုင်တည်၍ ကျိန်ဆိုရာမှထွက်ပေါ်လာသော ဘေးထွက်ဆိုးကျိုးအား ရှောင်းရှားနိုင်သည့်နည်းစနစ်အချို့ ရှိပေသည်။
ထို့ကြောင့် ဤတိုင်တည်စကားမှာ အပြည့်အဝကြီး ယုံရသည်တော့မဟုတ်ပေ။
သို့သော်ငြား ထိုနည်းစနစ်များကို ထုတ်သုံးရန်အတွက် အလွန်ကိုမှ မြင့်မားသောကျင့်ကြံခြင်းကို ပိုင်းဆိုင်ထားရန် လိုအပ်သည်။ ထို့အပြင် ထိုနည်းစနစ်များကို ထုတ်သုံးဖို့ရာ သေသေချာချာပြင်ဆင်ထားရန်လည်း လိုအပ်သေး၏။
ထို့ကြောင့် သက်လတ်ပိုင်းလူကြီးသည် တာအိုသခင် တတိယအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်နေသည့်တိုင် ကိုယ်တွင်းနတ်ဆိုးအပေါ်တိုင်တည်ရာမှ ထွက်ပေါ်လာသော ဘေးထွက်ဆိုးကျိုးကို ရှောင်ရှားနိုင်လိမ့်မည်မဟုတ်ပေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၉၃)
သူတိုင်တည်ကြိမ်ဆိုပြီးသည့်နောက်တွင် သက်လတ်ပိုင်း လူကြီးသည် ချင်းကျောင်းရန်ဘက်သို့လှည့်ကာ လက်ဖြန့်ပြလိုက်လေသည်။
“အရင်းအမြစ်ကျောက်တွေကော” ချင်းကျောင်းရန်ကမူ မှုန်ကုပ်ကုပ်အမူအယာဖြင့် ပြန်မေးလိုက်သည်။
သက်လတ်ပိုင်းလူကြီးက မဲ့ပြုံးပြုံးလျက် “အရင်းအမြစ်ကျောက်တစ်သန်းလောက်ကို ဒီဘုရင်က မပေးနိုင်ဘူးထင်နေတာလား”
ပြောပြီးသည့်နောက်တွင် သူ့ဝတ်ရုံထဲမှ သိုလှောင်လက်စွပ် တစ်ကွင်းကို ထုတ်ယူလိုက်လေသည်။ အနည်းငယ် ပြင်ဆင်ပြီးသည့်နောက်တွင် ထိုလက်စွပ်အား ချင်းကျောင်းရန်ဆီသို့ ပစ်ပေးလိုက်လေ၏။
သိုလှောင်လက်စွပ်အား ဖမ်းယူပြီးသည့်နောက်တွင် ချင်းကျောင်းရန်သည် အထဲရှိပစ္စည်းများကို သေချာ စစ်ဆေးကြည့်သည်။ သတ်မှတ်ထားသည့် ပမာဏအတိုင်း ရှိနေသည်ကိုမြင်သော် ကျောက်စိမ်းပြားအလွတ်တစ်ခုကို ယူ၍ ထိုထဲသို့ သူ့ကောင်းကင်စိတ်အာရုံကို ထည့်သွင်းလိုက်၏။
ထို့နောက် ထောင့်ခုနစ်သွယ်လိပ်နက်အစီအရင် အပြည့်အစုံအား ကျောက်စိမ်းပြားထဲထည့်သွင်းပြီးသော် ကျောက်စိမ်းပြားကို သက်လတ်ပိုင်းလူကြီးဆီသို့ ပစ်ပေးလိုက်လေသည်။
သက်လတ်ပိုင်းလူကြီးသည် ကျောက်စိမ်းပြားအား လှမ်းဖမ်းယူပြီးနောက် အထဲရှိအကြောင်းအရာများကို စစ်ဆေးပြီးသော် ဝမ်းသာအားရထရယ်မောတော့လေ၏။
“အကုန်လုံး ကျုပ်တို့ မြန်မြန်အရှိန်တင်ဖို့လိုနေပြီ။ မဟုတ်ရင် အဝိုင်းခံရတော့မယ်” ရုတ်တရက် ရန်ကိုင်၏ လေးနက်တည်ကြည်သည့်အသံ ထွက်ပေါ်လာခဲ့သည်။
သူ့စိတ်အာရုံကို ဖြန့်ကျတ်ကြည့်ပြီးသည့်နောက်တွင် သူတို့စကားများနေသည့်အချိန်အတောအတွင်း မရေမတွက်နိုင်သော နတ်ဆိုးအုပ်များသည် သူတို့အား အုံလိုက်ကျင်းလိုက်ဝန်းရံထားကြောင်း တွေ့ရှိလိုက်ရလေ သည်။
“မင်းတို့လိုကောင်တွေကများ” ထိုသို့ အော်ပြောလိုက်ပြီးသည့်နောက်တွင် တွမ့်ရန်ချန်းသည် ရုတ်တရက်လက်ကွက်များကို ဖန်တီးလိုက်သည်။
အကုန်လုံးမှာ တစ်ဦးနှင့်တစ်ဦးဆက်စပ်နေသည့် အတွက်ကြောင့် တွမ့်ရန်ချန်းမှ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် အခြားသူများလည်း လိုက်လံ လှုပ်ရှားရလေတော့သည်။
ဧရာမလိပ်နက်ပုံရိပ်ကြီးသည် ၎င်း၏ပါးစပ်ကိုဟ၍ ဘေးပတ်ဝန်းကျင်မှ ရေဓာတ်စွမ်းအင်များကို ဆွဲယူလိုက် လေသည်။ မျက်တောင်တစ်ခတ်အတွင်း နဂါးခေါင်းရှေ့တွင် ဧရာမရေဘောလုံးကြီးတစ်လုံး ဖြစ်ပေါ်လာခဲ့လေ၏။
တွမ့်ရန်ချန်းမှ အော်ဟစ်လိုက်သည်နှင့်တစ်ပြိုင်နက် နတ်သားရဲသည် ၎င်း၏ပါးစပ်ကိုဟ၍ ထိုရေဘောလုံးကို မှုတ်ထုတ်လိုက်လေသည်။ရေဘောလုံးသည် အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ရှေ့တည့်တည့်သို့ တိုးဝင်သွားလေ၏။
အလင်းတန်းဖြတ်သန်းသွားရာ လမ်းကြောင်း တစ်လျှောက်တွင်ရှိနေသော အရာမှန်သမျှ စက္ကူစတစ်ရွက်နှယ် ဆုတ်ပြဲပျက်စီးကုန်လေ၏။
မရေမတွက်နိုင်သောနတ်ဆိုးများသည် အလင်းတန်း အောက်ဝယ် ဗလာနတ္ထိအဖြစ် ကြွေလွင့်ကုန်ကြရလေသည်။
မီတာတစ်ထောင်ခန့်ရှည်လျားသော ဗလာကျင်းနေသည့် လမ်းကြောင်းတစ်ခု သူတို့ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။ မည်သည့်စကားမှပြောမနေတော့ဘဲ တွမ့်ရန်ချန်းသည် ဦးဆောင်၍ ထိုလမ်းကြောင်းအတိုင်း ထွက်သွားလေသည်။
မြို့သခင်ကိုကြည့်ရသည်မှာ သက်လတ်ပိုင်းလူကြီး ကိစ္စကြောင့် အတော်လေးဒေါသထွက်နေသည့်ပုံပင်။ သို့သော်ငြား လက်ရှိအခြေအနေအရ သက်လတ်ပိုင်း လူကြီးအပေါ် သွားအပြစ်တင်နေ၍ မဖြစ်ပေ။ ထို့ကြောင့် သူ့ဒေါသအား နတ်ဆိုးများအပေါ်တွင်သာ ဖွင့်ထုတ်နေရတော့လေသည်။
ဘေးပတ်ဝန်းကျင်ရှိနတ်ဆိုးများသည် လိပ်နက်၏ စွမ်းအားကိုမြင်သော်ငြား ကြောက်ရွံ့သွားခြင်းမရှိဘဲ တွမ့်ရန်ချန်းတို့အား အရူးအမူးဖြင့်သာ တိုက်ခိုက်နေကြ လေသည်။
အဝေးမှလှမ်းကြည့်မည်ဆိုပါက မရေမတွက်နိုင်သော နတ်ဆိုးများ ဧရာမလိပ်နက်ပုံရိပ်ခန္ဓာကိုယ်ပတ်လည်တွင် စုဝေးနေသည်ကို မြင်တွေ့နိုင်ပေသည်။
သို့သော်ငြား နတ်ဆိုးများ မည်မျှပင် တိုက်ခိုက်နေစေကာမူ လိပ်နက်အား မတားဆီးနိုင်ခဲ့ပေ။ နာရီဝက်ကြာပြီးသည့်နောက်တွင် သူတို့သွားချင်နေသည့် နေရာဆီသို့ ရောက်လာခဲ့သည်။
မိုင်တစ်ထောင်ပတ်ပတ်လည်တစ်ခုလုံး နတ်ဆိုးချီများဖြင့် ပြည့်နေသော်ငြား အခြားနေရာများထက်ကို နတ်ဆိုးချီ ပိုမိုသိပ်သည်းသည့် နေရာတစ်ခုရှိပေသည်။ ထိုနေရာဆီမှ နတ်ဆိုးချီများသည် ဘေးပတ်ပတ်လည်သို့ တရဟော စီးထွက်လာနေကုန်ကြ၏။
ထို့အပြင် နတ်ဆိုးချီအလင်းတန်းတစ်ခုသည်လည်း မြေပြင်မှ ကောင်းကင်ပေါ်သို့ ထိုးတက်လေခဲ့လေသည်။
ထို့ကြောင့် အချင်းချင်းဘယ်သူ့ကိုမှ မေးနေစရာမလိုဘဲ ထိုနတ်ဆိုးချီအလင်းတန်းကိုတွေ့လိုက်သည်နှင့် တစ်ပြုင်နက် ထိုနေရာသည် ချိပ်စည်း တည်ရှိနေသည့် နေရာမှန်း အကုန်လုံးသိလိုက်ကြလေသည်။
တွမ့်ရန်ချန်းသည် ဦးဆောင်လျက် ထိုနေရာဆီသို့ အလျင်အမြန် ပျံသန်းသွားလေ၏။
သို့သော်ငြား ထိုနေရာဆီသို့ ချဉ်းကပ်သွားသည်နှင့် တစ်ပြိုင်နက် သူတို့ကိုယ်ထဲမှ သူတော်စင်ချီ စီးထွက်နေသည့်နှုန်း ပိုမိုမြန်ဆန်လာသည်ကို အကုန်လုံး သတိပြုမိလိုက်ကြသည်။
တစ်ခဏကြာမျှ ထိတ်လန့်သွားပြီးသည့်နောက်တွင် အကုန်လုံးသည် အားပြန်ဖြည့်ဆေးအသီးသီးကိုထုတ်၍ သောက်သုံးလိုက်ကြလေ၏။
ရုတ်တရက် တွမ့်ရန်ချန်းသည် မျက်မှောင်ကြုတ်လျက် ရပ်သွားလေသည်။
သူတို့ရောက်လာမည်ကို ကြိုသိထားသည့်အလား အားကောင်းသည့်အရှိန်အဝါများစွာတို့သည် သူတို့နှင့် ဆယ်ပေခန့်အကွာတွင် တိတ်တဆိတ်ရပ်နေခဲ့ကြလေသည်။
ရန်ကိုင်တို့အဖွဲ့ရပ်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုပုံရိပ်များသည် အသီးသီးအော်ဟစ်၍ သူတို့ဆီသို့ ပြေးဝင်လာကြကုန်လေ၏။ ထိုလူအားလုံးသည် တာအိုသခင်အဆင့်အရှိန်အဝါကို ထုတ်လွှတ်နေကြပေသည်။
အားနည်းချက်တစ်ခုမှာတော့ ထိုလူများမှာ တာအိုသခင်အဆင့်အရှိန်အဝါကို ထုတ်လွှတ်နေသော်ငြား နိယာမစွမ်းအားကိုတော့ အသုံးမပြုနိုင်ကြပေ။
“ကျန်းမိသားစုဝင်တွေပဲ” ထိုလူများကိုမြင်ပြီးနောက် ရန်ကိုင်က အော်ပြောလိုက်လေ၏။
“သေလိုက်စမ်း ခွေးသူတောင်းစားတွေ” တွမ့်ရန်ချန်းသည် သူ့လက်ကွက်အချို့ကို ဖန်တီးလိုက်လေသည်။ ချက်ချင်းဆိုသလို လိပ်နက်ပုံရိပ်သည် ၎င်း၏ ရှေ့ခြေထောက်ကိုမ၍ ဝှေ့ယမ်းချလိုက်လေ၏။
“ဘုန်း” လိပ်နက်၏ရှေ့ခြေထောက်ဝှေ့ချက်ကြောင့် ပုံရိပ်နှစ်ခုလွင့်ပျံထွက်သွားပြီး သွေးမြူများအဖြစ်သို့ တစ်ခါတည်း ပေါက်ကွဲထွက်သွားကုန်လေ၏။
သို့တိုင် အခြားသောနတ်ဆိုးများမှာတော့ ထိုတိုက်ကွက်အား ချောမွေ့စွာရှောင်တိမ်းသွားနိုင်ကြလေ သည်။ ကျန်းမိသားစု၏ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများမှာ နတ်ဆိုးချီကြောင့် တာအိုသခင်အဆင့်နှင့် ယှဉ်ပြိုင်နိုင်သောခွန်အားကို ပိုင်ဆိုင်လာကြသည်။
သို့တိုင် အစီအရင်၏စွမ်းအားကို အားကိုးနေသော ရန်ကိုင်တို့အဖွဲ့အား သူတို့အနေဖြင့် မည်ကဲ့သို့များ ခုခံနိုင်ပါမည်နည်း။
ထောင့်ခုနစ်သွယ်လိပ်နက်အစီအရင်ကို အသက်သွင်းလိုက်သည့်နောက်တွင် တာအိုသခင်အဆင့် ပညာရှင်ခုနစ်ဦး၏ အရင်းအမြစ်ချီသည် တစ်ခုတည်းအဖြစ်သို့ ပြောင်းလဲသွားကုန်ကြလေသည်။
တာအိုသခင်အဆင့်ပညာရှင်များထဲနှစ်ဦးမှာ တတိယအဆင့်ပညာရှင်များ ဖြစ်ကြသည်။ လိပ်နက်၏ ရိုက်ချက်သည် လူခုနစ်ယောက်ပေါင်းမှ တစ်ပြိုင်တည်း ရိုက်ချလိုက်သည်နှင့်တူပေသည်။
“အဲ့ဒါ ဟိုခွေးကောင် ကျန်းလင်ပဲ” အစီအရင်၏ ဘယ်ဘက်တွင်ရှိနေသော တုလီရှန်း၏အကြည့်သည် တစ်ကိုယ်လုံးနတ်ဆိုးအမှတ်အသားများဖြင့် ဖုံးလွှမ်းနေပြီး အနက်ရောင်မျက်လုံးများပိုင်ဆိုင်ထားသည့် နတ်ဆိုးတစ်ကောင်ဆီသို့ ရောက်သွားခဲ့လေသည်။
ထိုနတ်ဆိုးမှာ ကျန်းမိသားစု၏ မိသားစုခေါင်းဆောင် ကျန်းလင်ဖြစ်နေကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရလေသည်။
ကျန်းလင်မှာ သူ့အသိဉာဏ်နှင့်အသိစိတ်အားလုံးကို ဆုံးရှုံးလိုက်ရသည့်အလား သူ့မိသားစုဝင်အကြီးအကဲများ သေသွားသည့်တိုင် မည်သည့်ကြောက်ရွံ့မှုမှ ဖြစ်မလာခဲ့ပေ။
အပြန်အလှန်အနေဖြင့် ပို၍ပင် သွေးဆာလာသည့်အလား သူ့ကိုယ်ထဲရှိနတ်ဆိုးချီများကို ထိန်းချုပ်၍ အားကောင်းသောတိုက်ကွက်များကိုသုံးကာ အစီအရင်အား တိုက်ခိုက်လိုက်လေသည်။
ကျန်းလင်၏အရူးအမူးတိုက်ခိုက်မှုကြောင့် တုလီရှန်း အနည်းငယ် ထိတ်လန့်သွားခဲ့လေ၏။ ထို့အတွက်ကြောင့် သူ့လက်ကွက်ဖန်တီးနေသည့်နှုန်းမှာ အနည်းငယ် နှေးကွေးသွားခဲ့ရလေသည်။
မည်သူလုပ်လိုက်သည့်အမှားမဆို အစီအရင်အား ဆိုးဆိုးရွားရွားထိခိုက်နိုင်ပေသည်။ သူ့လက်ကွက် နှေးသွားသည့်အတွက် အခြားသူများမှာလည်း အနှောက်အယှက်ဖြစ်ကုန်ကြရလေ၏။
ထို့အတွက်ကြောင့် သက်လတ်ပိုင်းလူကြီးမှာ ဒေါသထွက်သွားပြီး တုလီရှန်းအား စူးရဲစွာစိုက်ကြည့်ရင်း အော်ပြောလိုက်လေ၏။ “မင်းသေချင်နေတာလား လူအိုကြီး။ မင်းအဲ့လောက် သေချင်နေရင် ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးလို့ရတယ်နော်”
“မှားသွားတာပါ။ မှားသွားတာပါ” တုလီရှန်းမှာ ကြောက်ကြောက်လန့်လန့်နှင့် အလျင်စလို ပြန်ပြောလိုက်ရ လေ၏။ အားနာပြုံးပြုံးရင်း သူ့ရင်ထဲရှိထိတ်လန့်မှုကိုဖိနှိပ်၍ စိတ်ကိုတည်ငြိမ်အောင် မနည်းပြန်ထိန်းချုပ်လိုက်လေသည်။
တာအိုသခင်အဆင့်ပညာရှင်များနှင့်ယှဉ်ပြိုင်နိုင်အောင် စွမ်းအားအားပိုင်ဆိုင်ထားသည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများစွာသည် အခြားသောနေရာတစ်ခုတွင်ဆိုပါက အလွန်ကိုမှ တောင့်တင်းသည့်လူအင်အားတစ်ခုဖြစ်လိမ့်မည် ဖြစ်သော်ငြား ထောင့်ခုနစ်သွယ်လိပ်နက်အစီအရင်အား အသုံးပြုထားသည့် တာအိုသခင်အဆင့်ပညာရှင်များနှင့် အတွေ့တွင်မူ ကလေးသာသာသာ ဖြစ်သွားကုန်ကြလေသည်။
အချိန်အနည်းငယ်အတွင်း ကျန်းမိသားစု၏ အကြီးအကဲများအားလုံးရှင်းထုတ်ခံလိုက်ရပြီး ကျန်းလင်တစ်ဦးသာ အသက်ရှင်ကျန်ရစ်တော့လေ၏။
သို့သော်ငြား ကျန်းလင်သည် အစောပိုင်းကကဲ့သို့ ဆက်၍တိုက်ခိုက်မနေတော့ဘဲ နတ်ဆိုးချီထဲ ပုန်းအောင်းသွားလေသည်။
ထို့နောက် အဆက်မပြတ်အော်ဟစ်ရင်း အနားတွင် ရှိနေသော မရေမတွက်နိုင်သည့်နတ်ဆိုးများအား ရန်ကိုင်တို့အား တားဆီးရန် အမိန့်ပေးနေခဲ့လေသည်။
မည်သို့ပင်ဖြစ်နေစေကာမူ ထိုနတ်ဆိုးများသည် ထောင့်ခုနစ်သွယ်လိပ်နက်အစီအရင်အား မည်ကဲ့သို့များ တားဆီးနိုင်မည်နည်း။ တစ်ခဏအတွင်း အလောင်းများ တောင်နှယ်ပုံထပ်လာခဲ့လေသည်။
တစ်နာရီတင်းတင်းကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့အဖွဲ့သည် နတ်ဆိုးချီစိမ့်ထွက်နေသည့်နေရာဆီသို့ ရောက်လာခဲ့လေ၏။
နတ်ဆိုးချီများပေါက်ကွဲမှုကြောင့် မိုင်းတွင်းဝင်ပေါက် ရှိနေခဲ့သောနေရာတစ်ခုလုံး ပြိုကျနေခဲ့ပြီး အုတ်စအုတ်နတို့ဖြင့် ပြည့်နေခဲ့လေ၏။
ထို့အတွက်ကြောင့် ရန်ကိုင်တို့မှာ မိုင်းတွင်းထဲသို့ သွားရန်အတွက် ထိုအုတ်စအုတ်နများကို တစ်ဖန် ပြန်လည်ဖယ်ရှားရပေသေးသည်။
တစ်ကြိမ်ရောက်ဖူးသည့်အတွက် ရန်ကိုင်သည် ချိပ်စည်းရှိနေသည့်နေရာဆီသို့ မည်ကဲ့သို့သွားရမလဲကို သိနေခဲ့သည်။
သူ၏ဦးဆောင်မှုဖြင့် သူတို့အဖွဲ့သည် ဟိုကွေ့ဒီကွေ့ ကွေ့ရင်း နာရီဝက်ကြာပြီးသည့်နောက် ချိပ်စည်းရှိနေသည့် နေရာဆီသို့ ရောက်လာခဲ့လေ၏။ ထိုနေရာအား ရှင်းလင်းရေးလုပ်ပြီးသည့်နောက်တွင် ချိပ်စည်းရှိနေသည့် နံရံအား တွေ့လိုက်ရလေသည်။
“ငါတို့တွေ့ပြီလား” တွမ့်ရန်ချန်းက ဝမ်းသာအားရဖြင့် မေးလိုက်သည်။
“ဟုတ်တယ် ဒါပဲ” နတ်ဆိုးအမှတ်အသားများနှင့် ပြည့်နေသော နံရံကိုမြင်သော် အစီအရင်အလယ်ဗဟိုတွင် ရှိနေသော ချင်းယုကခေါင်းငြိမ့်လိုက်လေသည်။
ကျန်းချူဟဲ၏အသိစိတ်ပင်လယ်ထဲသို့ ရောက်သွားစဉ် အချိန်အတွင်း အစီအရင်ပေါ်ရှိအမှတ်အသားများကို တစ်ချက်မြင်တွေ့လိုက်ရပေ၏။
ဤအစီအရင်မှာအလွန်ကိုမှ နက်နဲဆန်းကြယ်သည့် အတွက်ကြောင့် ချင်းယုအနေဖြင့် အစီအရင်တစ်ခုလုံးအား အပြည့်အဝနားမလည်ပေ။
သို့သော်ငြား ထိခိုက်သွားသည့်အပိုင်းမှာ ရှေ့တစ်နေရာလောက်သာဖြစ်သဖြင့် သူမ၏စွမ်းရည်အရ ထိုအပိုင်းကို ပြန်ပြင်ဆင်၍ ရနိုင်လောက်ပေသည်။
“အဲ့ဒါဆို မြန်မြန်လုပ်ပေတော့” သက်လတ်ပိုင်းလူကြီးက စိတ်မရှည်ဟန်ဖြင့် တွန်းအားပေးလိုက်လေသည်။
ဟွာချင်းစီက ပြုံးလျက်ပြန်ပြောလိုက်၏။ “လူကြီးမင်းက ဘာတွေကြောက်နေတာလဲ”
ထိုစကားကိုကြားသည့်အခါ သက်လတ်ပိုင်းလူကြီးက နှာခေါင်းရှုံ့လျက်ပြန်ပြောလိုက်လေသည်။ “ဒီဘုရင် ကြောက်နေတာမဟုတ်ဘူး။ တစ်ချို့အမှိုက်ကောင်တွေကကို အသုံးမကျလွန်းလို့ လောနေရတာ။ ငါတို့ကသာ ဒီမှာဆက်ပြီးကြာနေလို့ရှိရင် ဒီဘုရင်ရဲ့နေရာက တောင့်ခံနိုင်တယ်ဆိုပေမယ့် ကျန်တဲ့သူတွေက တောင့်ခံနိုင်မယ်ထင်လို့လား”
“ဆရာပြောတာယုတ္တိရှိတယ်” ဟွာချင်းစီက တခစ်ခစ် ရယ်မောလိုက်လေသည်။
သူမ၏စကားကိုကြားသော် မကျေမနပ်သည့် အမူအယာတို့ အကုန်လုံး၏မျက်နှာထက် ထွက်ပေါ်လာခဲ့ သည်။
မည်သို့ပင်ဖြစ်နေစေကာမူ ဤနေရာတွင် ရှိနေသည့် လူအားလုံးသည် တာအိုသခင်အဆင့်ပညာရှင်များ ဖြစ်ကြသည်။ သို့သော်ငြား သက်လတ်ပိုင်းလူကြီးကမူ သူတို့အား အမှိုက်များဟုပြောနေခဲ့လေသည်။
သူတို့ရင်ထဲ မကျေမနပ်ဖြစ်နေသည့်တိုင် သွားပြန်မပြောရဲခဲ့ပေ။ ကြိတ်၍သည်းခံနေရင်းဖြင့်သာ သက်လတ်ပိုင်းလူကြီးအား စိတ်ထဲမှနေ၍ ကျိန်ဆဲနေကြလေ၏။
“လူကြီးမင်းတို့အားလုံး ဒီနားတစ်ဝိုက်က နတ်ဆိုးချီတွေကို လွင့်ပြယ်သွားအောင် လုပ်ဖို့လိုလိမ့်မယ်။ မဟုတ်ရင် ချိပ်စည်းကိုပြန်ပြင်နိုင်မှာမဟုတ်ဘူး” ချင်းယုက ရုတ်တရက်ပြောလိုက်သည်။
ချိပ်စည်း၏ပျက်စီးနေသောအပိုင်းသည် နတ်ဆိုးချီများ စိမ့်ထွက်လာရသည့်အဓိကတရားခံဖြစ်ပေသည်။
တစ်နည်းဆိုရသော် ထိုနေရာမှစိမ့်ထွက်လာနေသော နတ်ဆိုးချီမှာ အလွန်ကိုမှသန့်စင်လှကာ တန်ခိုးရှင် ဒုတိယအဆင့်သာဖြစ်သေးသော ချင်းယုတောင့်ခံနိုင်သည့် အရာမျိုးမဟုတ်ပေ။
“နတ်သားရဲရဲ့အစီအရင်ကိုသုံးကြတာပေါ့” ချင်းကျောင်းရန်က အော်ပြောလိုက်သည်။
အကုန်လုံး ချက်ချင်းပဲလှုပ်ရှားလိုက်ကြလေသည်။ ထို့နောက်တွင် အကုန်လုံးသည် နတ်သားရဲအား စတင် ရွေ့လျားစေလိုက်လေ၏။
ခဏအကြာတွင် ဧရာမလိပ်နက်ပုံရိပ်သည် ချိပ်စည်းအပေါ်တည့်တည့်တွင် ရောက်လာခဲ့လေသည်။ လိပ်နက်မှကွယ်ထားသည့်အတွက်ကြောင့် နတ်ဆိုးချီ စိမ့်ထွက်နေသည့်နှုန်းမှာ ချက်ချင်းနှေးကျသွားခဲ့ရလေသည်။
သို့သော်ငြား အကုန်လုံးမှာတော့ မျက်စိပျက်မျက်နှာပျက် ဖြစ်နေခဲ့ကြလေသည်။ အကြောင်းမှာ သူတို့၏ အရင်းအမြစ်ချီကုန်ဆုံးနေသည့်နှုန်းကြောင့်ပင်။
ပျက်စီးနေသည့်အစီအရင်အစိတ်အပိုင်းကို ပိတ်ထားရန်အတွက် ထောင့်ခုနစ်သွယ်လိပ်နက်အစီအရင်ကို အသုံးပြုပြီးသည့်နောက်တွင် သူတို့၏အရင်းအမြစ်ချီ စီးထွက်နေသည့်နှုန်းမှာ အလွန်တရာကိုမှ မြန်ဆန်လာကြောင်းကို အကုန်လုံးတွေ့ရှိလိုက်ရသည်။
အရင်းအမြစ်ချီစီးထွက်နေသည့်နှုန်းမှာ သူတို့၏ သိုင်းကွက်များကို အဆက်မပြတ်ထုတ်သုံးနေသည့် ပုံစံအတိုင်းပင်။ ဤပုံစံအတိုင်းသာဆိုလျှင် မည်သူမှ အကြာကြီး တောင့်ခံထားနိုင်လိမ့်မည်မဟုတ်ချေ။
ခဏအကြာ၌ တာအိုသခင်ပထမအဆင့်ကျင့်ကြံသူများ၏မျက်နှာ ဖြူလျော်သွားကုန်ကြလေ၏။
“ယုအာ သမီး ဒီချိပ်စည်းကိုပြန်ပြင်ဖို့ ဘယ်လောက်လောက်ကြာနိုင်လဲ” တုလီရှန်းက ခါးသက်သက်အမူအယာဖြင့် မေးလိုက်လေသည်။
ချင်းယုသည် အစီအရင်ကို ပြန်ပြင်ရာတွင် အာရုံစိုက်ရင်း ပြန်ပြောလိုက်၏။ “အနည်းဆုံး နာရီဝက်လောက်တော့ ကြာလိမ့်မယ်”
“နာရီဝက်” တုလီရှန်း၏မျက်နှာ ပို၍မဲ့သွားခဲ့လေသည်။
“ကျုပ်တို့အောင်မြင်မလား ကျရှုံးမလားဆိုတာ ဒီအပေါ်မှာမူတည်နေတယ်။ အကုန်လုံးနည်းနည်းလေးမှ သတိလွတ်မသွားကြနဲ့နော်” တွမ့်ရန်ချန်းက အော်ဟစ် သတိပေးလိုက်လေသည်။
ထိုစကားကိုကြားသည့်အခါ အကုန်လုံးလည်း မသက်သာတော့ဘဲ အံကြိတ်၍သာ ဆက်၍ တင်းခံထားရတော့လေ၏။
“အမှိုက်ကောင်တွေ” ထိုအချင်းအရာကိုမြင်သော် သက်လတ်ပိုင်းလူကြီးက လှောင်ပြုံးပြုံးလျက် ထေ့ငေါ့ ပြောဆိုလိုက်လေ၏။
တာအိုသခင်တတိယအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူ့ကိုယ်ထဲတွင်ရှိနေသော အရင်းအမြစ်ချီပမာဏမှာ တုလီရှန်းနှင့်အခြားသော တာအိုသခင်ပထမအဆင့်ကျင့်ကြံသူများထက် အဆပေါင်းများစွာ ပိုများပေသည်။ ထို့ကြောင့် သူ့အရင်းအမြစ်ချီကုန်ဆုံးနှုန်း မြန်ဆန်နေသည်ကိုပင် အရမ်းကြီးဂရုစိုက်နေစရာမလိုခဲ့။
“ဆရာ ဒီထောင့်ခုနစ်သွယ်လိပ်နက်အစီအရင်ကို သေချာလေ့လာကြည့်ပြီးသွားပြီလား” ရုတ်တရက် ဟွာချင်းစီသည် လှောင်ပြုံးပြုံးလျက် မေးခွန်းတစ်ခုကို ထမေးလိုက်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၉၄)
"လေ့လာပြီးသွားပြီလေ ဘာဖြစ်လို့လဲ" သက်လတ်ပိုင်း လူကြီးသည် ဟွာချင်းစီအား မကျေမနပ်ဖြင့် ကြည့်လိုက်သည်။
သူသည် ဤနေရာတွင်ရှိနေသည့်လူအားလုံးအနက် ဟွာချင်းစီမှလွဲ၍ မည်သူ့ကိုမှအထင်မကြီးချေ။ ဟွာချင်းစီ၏ ကျင့်ကြံခြင်းမှာ သူနှင့်အတူတူဖြစ်သောကြောင့် သူမအား အနည်းငယ်တော့ လန့်မိပေသည်။ သူမ၏ ရုတ်တရက် မေးခွန်းကိုကြားပြီးနောက် သက်လတ်ပိုင်းလူကြီး သတိချပ်သွားလေ၏။
"ကြည့်ရတာ ဆရာ သေချာမလေ့လာရသေးဘူးနဲ့ တူတယ်" ဟွာချင်းစီက ပြုံးလိုက်သည်။
"နင်ဘာပြောချင်နေတာလဲ" သက်လတ်ပိုင်းလူကြီးသည် ထိတ်လန့်နေသည့်အမူအယာဖြင့် ပြန်မေးလေ၏။ ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲ အစီအရင်အား သေချာ မလေ့လာမိလိုက်သလို ရုတ်တရက်ခံစားလာရလေသည်။
"ဆရာသာ သေချာလေ့လာထားလို့ရှိရင် ထောင့်ခုနစ်သွယ်လိပ်နက်အစီအရင် အသက်ဝင်သွားပြီ ဆိုတာနဲ့ အစီအရင်အဖွဲ့သားတွေရဲ့အရင်းအမြစ်ချီ အကုန်လုံးပေါင်းစပ်သွားပြီး တစ်ခုတည်းဖြစ်သွားတာ ဆိုတာတော့ သိလောက်မှာပေါ့။ အခြားတစ်နည်းနဲ့ပြောရရင် အစီအရင်က လူတွေအားလုံးဆီကနေ တူညီတဲ့ အရင်းအမြစ်ပမာဏကို ထုတ်ယူမှာ။ တစ်ယောက်ယောက်သာ အရင်းအမြစ်ချီကုန်သွားတာနဲ့ အစီအရင်လည်း ပျက်စီးသွားလိမ့်မယ်"
"နင်ဘာပြောချင်နေတာလဲ" သက်လတ်ပိုင်းလူကြီး မျက်မှောင်ကြုတ်သွားခဲ့လေသည်။
"ဒီလောက်ရိုးရှင်တာလေးကိုတောင် နားမလည်ဘူးလားဆရာ" ဟွာချင်းစီက တခစ်ခစ် ရယ်မောလျက်ပြန်ပြောလိုက်လေသည်။ "အစီအရင်က တူညီတဲ့အရင်းအမြစ်ချီပမာဏကိုပဲ ကျွန်မတို့ဆီက စုပ်ယူနေတာမဟုတ်ဘူး။ ရှင်းရှင်းပြောရရင် တူညီတဲ့ အချိုးအစားပမာဏတစ်ခုကိုစုပ်ယူနေတာ။ ကျင့်ကြံခြင်းအဆင့်ပိုမြင့်လေ ပိုများတဲ့အရင်းအမြစ်ချီတွေ စုပ်ယူခံရလေပဲ။ ဒါ့ကြောင့် အကုန်လုံးရဲ့အရင်းအမြစ်ချီ ကုန်ဆုံးတဲ့နှုန်းကအတူတူပဲ။ ကျွန်မဘာပြောချင်နေလဲ ဆရာနားလည်ပြီလား"
"ဘယ်လို" သတ်လက်ပိုင်းလူကြီး၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။
ချက်ချင်းပဲ သူ့ကောင်းကင်စိတ်အာရုံကိုဖြန့်ကျတ်၍ သူ့ခန္ဓာကိုယ်အခြေအနေအား စစ်ဆေးကြည့်လိုက်ရာ ဟွာချင်းစီပြောသကဲ့သို့ပင် သူနှင့်ဟွာချင်းစီ၏ အရင်းအမြစ်ချီကုန်ဆုံးသည့်နှုန်းသည် အခြားသူများထက် ပိုမိုများပြားနေကြောင်းကို တွေ့ရှိလိုက်ရလေသည်။
တွမ့်ရန်ချန်းသည် ဒုတိယနေရာတွင်လိုက်ပြီး ကျန်သည့် တာအိုသခင်ပထမအဆင့်ကျင့်ကြံသူအားလုံးမှာတော့ အနည်းငယ်ဆီသာ ဆုံးရှုံးနေကြလေ၏။ ထိုရုတ်တရက်တွေ့ရှိမှုကြောင့် သက်လတ်ပိုင်းလူကြီး၏ မျက်နှာကြီးမဲ့သွားခဲ့လေသည်။
"တစ်ကယ်ကြီးလား"
"မိန်းကလေးဟွာက တစ်ကယ်ကို အမြင်စူးရှတာပဲ"
ဟွာချင်းစီပြောသည်ကို ကြားပြီးသည့်နောက်တွင် တုလီရှန်းနှင့် ကျွမ်းပန်တို့သည်လည်း ထိုအချက်ကို သတိပြုမိသွားခဲ့သည်။ နှစ်ဦးစလုံး၏အကြည့်ထဲ ဝမ်းသားအားရအရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့လေသည်။
အစီအရင်ကဤကဲ့သို့ဖြစ်နေသဖြင့် ပြဿနာတစ်ခုခု ဖြစ်လာလျှင် သူတို့နှစ်ယောက်တည်းသာ ခံရတော့လိမ့်မည် မဟုတ်ပေ။ အကုန်လုံးခံကြရပေလိမ့်မည်။
အစီအရင်သည် အားနည်းသည့်လူ အားကောင်းသည့်လူဟူ၍ခွဲမနေဘဲ အရင်းအမြစ်ချီကို အားလုံးဆီမှတူညီသောအချိုးအစားဖြင့် စုပ်ယူနေလေ၏။ ထို့ကြောင့် သူတို့အနေဖြင့် အရင်းအမြစ်ချီ ကုန်စင်အောင် စုပ်ယူခံရမည်ကို စိုးရိမ်နေစရာမလိုပေ။
သက်လတ်ပိုင်းလူကြီးပင် တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေနိုင်သေးရာ သူတို့ကကော ဘာကြောင့်များ စိတ်ပူနေရအုံးမည်နည်း။
"မင်းတို့အမှိုက်ကောင်တွေကြောင့် ငါအခုလို ဝန်ပိနေရတာ" သက်လတ်ပိုင်းလူကြီးမှာ ဒေါသတကြီး ထအော်လေ၏။
"ဆရာ ကိုယ်တွင်းနတ်ဆိုးကိုတည်တိုင်ပြီး ကျိန်ဆိုထားတယ်ဆိုတာကိုလည်း မမေ့နဲ့အုံးနော်" ဟွာချင်းစီသည် အနာပေါ် ဆားသွားပတ်လေသည်။
ဟွာချင်းစီ၏စကားကြောင့် သက်လတ်ပိုင်းလူကြီးမှာ ပို၍ပင် ဒေါသထွက်သွားလေ၏။ ဒေါသထွက်ထွက်ဖြင့် သက်လတ်ပိုင်းလူကြီးသည် ချင်းကျောင်းရန်အား လှမ်းကြည့်လိုက်လေ၏။ ထိုကဲ့သို့ဖြစ်ရခြင်းမှာ ချင်းကျောင်းရန်ကြောင့်ဖြစ်သည်ဟု ထင်နေသည့်ပုံပင်။
ချင်းကျောင်းရန်က ရေရွတ်လိုက်လေ၏။ "ဒီအစီအရင်ရဲ့ အခြေခံအကြောင်းအရာလေးတွေကို အကုန်လုံး နားလည်မယ် ထင်ထားခဲ့တာ"
ဟွာချင်းစီက တခစ်ခစ်ရယ်မော၍ ပြန်ပြေလိုက်လေ သည်။ "ဆရာက သူတော်စင်နန်းတော်ကဆိုတော့ ဆရာ့မှာ ဒီတောင်ဘက်နယ်မြေထဲမှာ နာမည်ကျော်တဲ့ဆေးလုံး တစ်လုံးရှိမှာပေါ့နော်။ သွေးမီးတောက်ဆေးလုံးလေ။ ဆရာ ကျွန်မတို့ကို တစ်လုံးလောက်များမပေးချင်ဘူးလား"
"ဘယ်လိုတောင် ဒီဘုရင်ရဲ့ဆေးလုံးကို လာပစ်မှတ်ထားရဲတာလဲ" သက်လတ်ပိုင်းလူကြီး၏ဒေါသ ငယ်ထိပ်ဆောင့်တက်သွားလေသည်။ သူ၏မျက်နှာ တစ်ပြင်လုံး ဒေါသကြောင့်ရှုံ့မဲ့နေပြီး ထမဆဲရုံတစ်မယ်သာ ရှိတော့သည်။
"သွေးမီးတောက်ဆေးလုံး" နာမည်ကိုကြားသည့်အခါ ကျွမ်းပန်၏မျက်လုံးများ ရုတ်ခြည်းတောက်ပလာပြီး သက်လတ်ပိုင်းလူကြီးဆီသို့ မျှော်လင့်တကြီး လှမ်းကြည့်လိုက်လေသည်။
တုလီရှန်း၏မျက်နှာထက်တွင်လည်း ထိုကဲ့သို့သော အမူအယာတစ်ခု ပေါ်လွင်နေ၏။ ကြည့်ရသလောက် သွေးမီးတောက်ဆေးလုံးသည် လက်ရှိအခြေအနေအတွက် အလွန်ကိုမှ အသုံးဝင်သည့်ပုံပင်။
ဟွာချင်းစီ၏မျက်လုံးထဲ အေးစက်စက်အလင်းတစ်ချက် ဖြတ်ပြေးသွား၏။ သို့သော်ငြား သူမ၏အကြည့်ကို အလျင်အမြန်ပြန်ရုတ်သိမ်းလိုက်လေသည်။
နှုတ်ခမ်းလေးကိုကွေး၍ ပြုံးလျက်သာ ဆက်ပြောလိုက် သည်။ "အဲ့လောက်လည်း ကပ်စီးနှဲမနေပါနဲ့ ဆရာရယ်။ သူတော်စင်နန်းတော်ရဲ့ သွေးမီးတောက်ဆေးလုံးတွေက ဘေးထွက်ဆိုးကျိုး နည်းနည်းပါးပါးရှိတယ်ဆိုပေမယ့် သူ့အကျိုးအာနိသင်နဲ့ယှဉ်လိုက်ရင် ဘာမှ မပြောပလောက်တော့ဘူး။ ဆရာ့ကျင့်ကြံခြင်းနဲ့ဆိုရင် သူတော်စင်နန်းတော်ထဲမှာ အရေးပါတဲ့ရာထူးတစ်ခုခုလောက် ရထားမှာပေါ့။ ဆရာ့မှာ သွေးမီးတောက်ဆေးလုံး တစ်လုံးမှ မရှိတာတော့ မဖြစ်နိုင်ပါဘူး။ ဟုတ်တယ်မလား"
"မရှိဘူး" သက်လတ်ပိုင်းလူကြီးက ချက်ချင်း ပြန်လည် ငြင်းဆိုလိုက်လေသည်။
ဟွာချင်းစီကမူ ဘာမှပြန်မပြောဘဲ သက်လတ်ပိုင်း လူကြီးအား အထင်မြင်တသေးဖြင့်သာ ကြည့်လိုက်လေသည်။
"သွေးမီးတောက်ဆေးလုံးဆိုတာ ဘယ်လိုဆေးလုံးမျိုးလဲ" ရန်ကိုင်သည် သူ့ဘေးနားတွင်ရှိနေသော ချင်းကျောင်းရန်အား တိုးတိုးလေးမေးလိုက်လေသည်။
"မင်းမကြားဖူးဘူးလား ညီငယ်လေး" ချင်းကျောင်းရန်သည် ရန်ကိုင့်အား အံ့အားသင့်တကြီး ကြည့်လိုက်လေ၏။
ရန်ကိုင်ကမူ ဖြေးဖြေးချင်းသာ ခေါင်းခါပြလိုက်လေ၏။
"သွေးမီးတောက်ဆေးလုံးဟာ သူတော်စင်နန်းတော်ကပဲ ဖော်စပ်လို့ရတဲ့ဆေးလုံးတစ်မျိုးပဲ။ အဲ့ဒီဆေးလုံးကိုဖော်စပ်ဖို့ အတွက် လိုအပ်တဲ့နေရာက နည်းနည်းထူးခြားလွန်းတော့ ဝိဉာဉ်နန်းတော်လိုမျိုးအင်အားစုတွေတောင် အဲ့လို ဆေးလုံးမျိုးကို မဖော်စပ်နိုင်ဘူး။ သွေးမီးတောက်ဆေးလုံးက ဘယ်လိုနေရာမှာအသုံးဝင်တာလဲဆိုတော့ အရင်းအမြစ်ချီကို ပြန်ဖြည့်တဲ့နေရာမှာပဲ။ အဲ့နေရာမှာတော့ တစ်ကယ်ကို ထူးထူးခြားခြားကို အသုံးဝင်တယ်။ ဒါပေမယ့်.."
"ဒါပေမယ့် ဘာလဲ" ရန်ကိုင်က ဆက်မေးလိုက်သည်။
"ဒါပေမယ့် အဲ့ဆေးလုံးကို သောက်ပြီးသွားလို့ရှိရင် သွေးအဆီအနှစ်အချို့ကိုဆုံးရှုံးသွားရလိမ့်မယ်။ ဒါကလည်း ဘာမှဒီလောက်မပြောပလောက်ပါဘူး။ ဆေးအာနိသင်နဲ့ ယှဉ်လိုက်ရင် သွေးအဆီအနှစ်အချို့ဆိုတာ ဘာမှမဟုတ်တော့ဘူး။ အဲ့ဆေးလုံးက သေရေးရှင်ရေး အခြေအနေမျိုးမှာ ကိုယ့်အသက်ကိုကယ်ပေးနိုင်တာလေ။ အဲ့လိုဆိုပေမယ့် ဆေးလုံးကိုဖော်စပ်ဖို့က အရမ်းခက်တယ်။ သူတော်စင်နန်းတော်တစ်ခုကပဲ ထုတ်ပေးနိုင်တာဆိုတော့ ဆေးလုံးကိုထုတ်ပေးတဲ့နှုန်းက အရမ်းနည်းလွန်းအားကြီးတယ်။ တစ်လုံးတစ်လုံးက ဈေးကိုမသေးဘူး။ ဈေးကွက်မှာ သွားရှာဝယ်မယ်ဆိုရင် အဲ့ဒီသွေးမီးတောက်ဆေးလုံးတစ်လုံးကို အရင်းအမြစ်ကျောက် သိန်းဂဏန်းနဲ့ချီပြီးပေးရတယ်။ အဲ့ဒါတောင်အနည်းဆုံးဈေးပဲ"
"လူအိုကြီး ခင်ဗျားတော်တော်သိထားတာပဲ" ချင်းကျောင်းရန်၏စကားကိုကြားသော် သက်လတ်ပိုင်း လူကြီးက အော်ရယ်မောရင်း "ဟုတ်တယ် သွေးမီးတောက် ဆေးလုံးဆိုတာ တောင်ဘက်နယ်မြေထဲမှာ တစ်ကယ်ကို နာမည်ကျော်တဲ့ဆေးလုံးတစ်လုံးပဲ။ ကြယ်ဝိဉာဉ်နန်းတော်လို အင်အားစုကြီးတွေတောင် အဲ့ဆေးလုံးကို မဖော်စပ်နိုင်ဘူး။ အဲ့ဆေးလုံးကို ဖော်စပ်ချင်တယ်ဆိုရင် တစ်ခုတည်းသော နည်းလမ်းက ငါတို့နန်းတော်ရဲ့ တားမြစ်နေရာဆီသွားပြီး ဖော်စပ်ဖို့ပဲ။ ဒါပေမယ့် အခုဖော်စပ်လို့ရတဲ့ဆေးလုံး အရေအတွက်က ငါတို့နန်းတော်က တပည့်တွေကိုတောင် လုံလောက်အောင် မပေးနိုင်တာ။ ဘယ်လိုလုပ်ပြီးမင်းတို့ကို ပေးနိုင်အုံးမှာလဲ"
"မပေးချင်ဘူးဆိုရင်လည်း မပေးချင်ဘူးပေါ့။ ဘာအပိုစကားတွေ လာပြောနေတာလဲ" ဟွာချင်းစီက နှာခေါင်းရှုံ့လျက် "ဘယ်လိုပဲဖြစ်ဖြစ် အရင်းအမြစ်ချီတွေ ကုန်သွားတာနဲ့ အကုန်လုံးသေမှာပဲဟာကြီးကို။ ကျွန်မတစ်ယောက်တည်းသေမှာမှ မဟုတ်တာ"
"အဲ့လိုအကြောင်းတွေကို ပြောနေစရာမလိုပါဘူး။ ကျုပ်တို့တောင့်ခံထားလို့ရပါတယ်" ကျွမ်းပန်က ကြောက်ကြောက်လန့်လန့်ဖြင့် ပြောလိုက်လေ၏။
"အဲ့သွေးမီးတောက်ဆေးလုံးက ဘယ်လိုပုံစံမျိုးရှိလဲ" ရန်ကိုင်က မေးလိုက်သည်။
ချင်းကျောင်းရန်က ပြန်ပြောလိုက်၏။ "ဆေးလုံး အရောင်ကတော့ အနီရောင်ပဲ။ အနံ့ကတော့ နည်းနည်း ငါးညှီနံ့ရှိတယ်။ အရွယ်အစားကတော့ ပဲစေ့တစ်စေ့ အရွယ်လောက်ပဲရှိမယ်"
ရန်ကိုင့်၏အမူအယာထူးဆန်းသွားပြီး သူ့သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပုလင်းတစ်ပုလင်းကို ထုတ်ယူလိုက်လေသည်။ ထို့နောက် ငေးကြောင်ကြောင် လေသံဖြင့် "ဒါများဖြစ်မလားမသိဘူး"
"ဘယ်လို" အကုန်လုံးထိတ်လန့်သွားပြီး ရန်ကိုင့်ဆီသို့ လှည့်ကြည့်လာလိုက်လေ၏။
ရန်ကိုင်သည် ဆေးပုလင်းအဖုံးကိုဖွင့်၍ ဆေးလုံး တစ်လုံးကို ထုတ်ယူလိုက်သည်။ ချင်းကျောင်းရန်ပြောသလိုပင် သူထုတ်ယူလိုက်သည့်ဆေးလုံးမှာ အနီရောင်တောက်နေပြီး ငါးညှီနံ့ရနေ၏။ အရွယ်အစားမှာလည်း ပဲစေ့ တစ်စေ့လောက်သာရှိပေသည်။
"သွေးမီးတောက်ဆေးလုံး" သက်လတ်ပိုင်းလူကြီးက အံ့အားသင့်တကြီးဆိုလိုက်လေ၏။ ထို့နောက် ရန်ကိုင့်အား စူးရဲစွာစိုက်ကြည့်ရင်း ဘယ်လိုလုပ်ပြီးမင်းမှာ ဒီဆေးလုံး ရှိနေရတာလဲ"
"ဟဲ ဟဲ ဒီတော့ဒါဟာ တစ်ကယ်ကြီး သွေးမီးတောက် ဆေးလုံးတွေပေါ့" ရန်ကိုင် သည်းလှိုက်အူလှိုက် ထရယ်မောတော့လေသည်။
"ညီငယ်လေး မင်းမှာဘယ်လိုလုပ်ပြီး အဲ့ဒါတွေ ရှိနေရတာလဲ" ချင်းကျောင်းရန်၏အမူအယာသည်လည်း အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ မေးခွန်းကို မေးနေရင်း ရန်ကိုင့်အား ဆေးပုလင်းကို မြန်မြန် ပြန်သိမ်းထားရန် အချက်ပြလိုက်၏။
တွမ့်ရန်ချန်းနှင့် အခြားသူများ၏အမူအယာသည်လည်း အပြောင်းလဲကြီး ပြောင်းလဲသွားကုန်ကြလေသည်။
"ကောင်စုတ်လေး ဒီဘုရင်မင်းကိုမေးနေတယ်လေ။ မင်းအဲ့ဆေးလုံးတွေ ဘယ်ကနေရလာတာလဲလို့" သက်လတ်ပိုင်းလူကြီးသည် လေသံမာမာဖြင့် နောက်တစ်ကြိမ်ထပ်၍မေးလိုက်လေသည်။
"ကောက်ယူလာတာလေ" ရန်ကိုင်က ပြန်ပြောလိုက် သည်။
"ကောက်ယူလာတာ" ရန်ကိုင့်၏စကားကိုကြားပြီးနောက် အကုန်လုံး၏မျက်နှာသည်မဲ့သွားခဲ့လေသည်။
ရန်ကိုင်ထုတ်ယူလိုက်သည့် ကျောက်စိမ်းပုလင်းထဲတွင် သွေးမီးတောက်ဆေးလုံးများစွာရှိနေ၏။ ထိုကျောက်စိမ်း ပုလင်း၏တန်ဖိုးသည် အနည်းဆုံး အရင်းအမြစ်ကျောက် သန်းဂဏန်းတန်ပေသည်။
ထိုကဲ့သို့သော အရာတစ်ခုကို မည်ကဲ့သို့များ ကောက်ယူနိုင်မည်နည်း။ ထို့အပြင် သွေးမီးတောက် ဆေးလုံးများသည် ဈေးကွက်ထဲ အလွယ်တကူ ရှာဝယ်၍ရသောဆေးလုံးများမဟုတ်ကြပေ။
သူတော်စင်နန်းတော်မှ အရေးကြီးပုဂ္ဂိုလ်များသည်သာ ထိုဆေးလုံးများကို ပိုင်ဆိုင်ထားနိုင်ကြသည်။
ရန်ကိုင်မှ ထိုကဲ့သို့သော ဆေးပုလင်းတစ်ပုလင်းအား ထုတ်ယူလာသည်ကိုမြင်ပြီးနောက် သူသည် သူတော်စင်နန်းတော်မှ အရေးကြီးပုဂ္ဂိုလ်တစ်ဦးဦးအား တစ်ခုခုလုပ်ထားသည်ဟု အကုန်လုံးအား ထင်သွားစေခဲ့လေ သည်။
တစ်နည်းဆိုရသော် သူတော်စင်နန်းတော်မှ အရေးကြီးပုဂ္ဂိုလ်တစ်ဦးအား သတ်ဖြတ်ဓားပြတိုက်ခြင်းပင် ဖြစ်လေသည်။
ထို့ကြောင့်ပင် ချင်းကျောင်းရန်သည် ရန်ကိုင့်အား ဆေးပုလင်းအား မြန်မြန်ပြန်သိမ်းထားရန် အချက်ပြနေခြင်း ဖြစ်သည်။
လွန်ခဲ့သောတစ်နှစ်ခန့်က မေပယ်မြို့ဆီသို့ သူတော်စင်နန်းတော်မှ အရေးကြီးပုဂ္ဂိုလ်တစ်ဦး ရောက်လာခဲ့ပေသည်။ ထိုလူမှာ သူတော်စင်နန်းတော်၏ သခင်လေးဖြစ်သော နင်ယွမ်ချန်းပင်ဖြစ်လေ၏။
သို့သော်ငြား ထိုနှစ်တွင်ကျင်းပခဲ့သော လေလံပွဲ ပြီးသည့်နောက်တွင် နင်ယွမ်ချန်းသည် သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့ပြီး သူတော်စင်နန်းတော်တွင် သခင်လေးအသစ်တစ်ဦး ထွက်ပေါ်လာခဲ့လေ၏။ ဤအရာမှာလျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။
ထို့ကြောင့် ရန်ကိုင့်လက်ထဲရှိ သွေးမီးတောက် ဆေးလုံးများကိုမြင်သော် နင်ယွမ်ချန်းပျောက်ကွယ်ရခြင်းသည် ရန်ကိုင်နှင့် တစ်နည်းတစ်ဖုံဆက်စပ်နေလိမ့်မည်ဟု အကုန်လုံးတွေးမိသွားကြလေသည်။
"မဟုတ်သုက္ခတွေ လာပြောမနေနဲ့" ဒေါသတကြီး ထအော်ရင်း သက်လတ်ပိုင်းလူကြီးသည် သူ့အရှိန်အဝါကို ထုတ်လွှတ်လိုက်လေ၏။
ရန်ကိုင့်အား အေးစက်စွာစိုက်ကြည့်ရင်း ဆက်ပြောလိုက်လေသည်။ "ကောင်လေး မင်းဒီနေ့ ဒီဘုရင်ကို ကျေနပ်လောက်တဲ့အဖြေ မပေးဘူးဆိုရင် လောကကြီးမှာ မွေးဖွာလာရတာကို နောင်တရသွားအောင် ဒီဘုရင်လုပ်ပေးလိုက်မယ်"
"ဆရာက တစ်ကယ်ဒေါသကြီးတာပဲ" ရန်ကိုင်ကမူ သက်လတ်ပိုင်းလူကြီးအား နည်းနည်းလေးပင် မကြောက်သည့်အလား ယဲ့ယဲ့လေးသာ ပြုံးလိုက်လေသည်။ အကုန်လုံး ရန်ကိုင့်၏သတ္တိကို လေးစားမိသွားလေ၏။
"ဒီဆေးပုလင်းကို ကောက်ယူလိုက်တယ်လည်း ပြောလည်းပြောရော ဆရာကဒေါသကို ဝုန်းကနဲ ထွက်လာတော့တာပဲ။ မသိရင် ဆရာ့မိဘတွေကို ကျုပ်သတ်ထားတဲ့အတိုင်းပဲ။ ဒီဆေးပုလင်းက ခင်းဗျားတို့ သူတော်စင်နန်းတော်က လာတဲ့ဟာဆိုရင်တောင် ဒီလောက်ကြီးတော့ ဖြစ်နေစရာမလိုဘူးမလား" ပြောပြီးသည့်နောက်တွင် သက်လတ်ပိုင်းလူကြီး ပြန်ပြောမည်ကိုပင်စောင့်မနေဘဲ ဆက်၍ပြောလိုက်သည်။ "ဒါပေမယ့် ကျုပ်ကောက်လာတာ အမှန်ပဲလေ။ ဒါတင် ကောက်လာတာမဟုတ်ဘူး။ သင်္ဘောတစ်ခုတောင်မှ ပါလိုက်သေးတယ်"
ရန်ကိုင့်၏စကားကိုကြားသော် သက်လက်ပိုင်းလူကြီးမှာ တစ်ခုခုအားပြန်အမှတ်ရသွားပြီး သူ့ဒေါသကိုဖိနှိပ်ရင်း အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်လေသည်။ "အဲ့ပစ္စည်းတွေကို မင်းဘယ်လိုရလာတာလဲ သေချာရှင်းပြစမ်း"
"ရှင်းပြဖို့လား မခက်ပါဘူး" ရန်ကိုင်ကရယ်မောလျက် "အဲ့တုန်းက လူနှစ်ယောက်တိုက်ခိုက်နေကြတယ်လေ။ နောက်ဆုံး သူတို့တစ်ယောက်နဲ့တစ်ယောက်တိုက်ပြီး သေသွားတဲ့အချိန် ကျုပ်က ပုန်းနေတဲ့နေရာကနေထွက်ပြီး သူတို့ပိုင်တဲ့ပစ္စည်းတွေအကုန်လုံးကို သွားယူလိုက်တာ"
"တစ်ကယ်ကြီးလား" ချင်းကျောင်းရန် လုံးဝကို မျက်လုံးအပြူးသား ဖြစ်နေခဲ့လေသည်။
"အဲ့တုန်းက ကျုပ်ကျင့်ကြံခြင်းက တန်ခိုးရှင်ဘုရင် တတိယအဆင့်ပဲရှိသေးတာလေ။ တိုက်ခိုက်နေတဲ့လူတွေက တာအိုသခင်အဆင့်ပညာရှင်တွေ။ ဘယ်လိုလုပ်ပြီး ကျုပ် သွားဝင်တိုက်ခိုက်လို့ရမှာလဲ" ရန်ကိုင်ကရှင်းပြလိုက်သည်။
"ဟုတ်တယ်နော်။ ညီလေးရန် တာအိုသခင်အဆင့်ကို ရောက်တာ သိပ်မကြာသေးဘူး။ အဲ့နှစ်တုန်းက သူက တန်ခိုးရှင်ဘုရင်တတိယအဆင့်ပဲရှိသေးတာ" ချင်းကျောင်းရန်က ခေါင်းငြိမ့်လိုက်သည်။
ထိုစကားကိုကြားသည့်အခါ သက်လတ်ပိုင်းလူကြီး မျက်မှောင်ကြုတ်သွားခဲ့ပြီး တစ်ခုခုကိုနားလည်သွားသည့် အလား အတွေးနက်သွား၏။
ထို့နောက် ခက်ထန်သည့်လေသံဖြင့် ပြန်မေးလိုက်လေ သည်။ "တိုက်ပွဲဆိုမှတော့ တစ်ယောက်က ငါတို့ သူတော်စင်နန်းတော်ကဆိုရင် အခြားတစ်ယောက်က ဘယ်သူလဲ"
"ဟန်းလန်ပဲ"
"ဟန်းလန်" ထိုစကားကိုကြားသည့်နောက် အကုန်လုံး အလန့်တကြား ထဆိုလိုက်လေ၏။
ဟွာချင်းစီ၏မျက်လုံးများသည်လည်း တဖျတ်ဖျတ် လက်သွားခဲ့လေသည်။ ထို့နောက် ရန်ကိုင့်အား အံ့အားသင့်နေသည့်အမူအယာဖြင့် လှမ်းကြည့်လိုက်လေ၏။
"ကြယ်ဝိဉာဉ်နန်းတော်ရဲ့ သစ္စာဖောက်ပဲ" သက်လတ်ပိုင်းလူကြီးသည် ရန်ကိုင့်စကားကို ယုံသွားသည့်ပုံပင်။
"ဒီတော့ သူတို့နှစ်ယောက်က လေလံပွဲမှာ ပြဿနာ ဖြစ်သွားကြတဲ့လူတွေပေါ့" တုလီရှန်းက အတွေးနက်နေသည့်အမူအယာဖြင့် ပြောသွားလေသည်။
တစ်ကယ်တော့ ဤနေရာတွင်ရှိနေသည့် တာအိုသခင်အဆင့်ပညာရှင်အားလုံးနီးပါး လေလံပွဲသို့ ရောက်ခဲ့ကြပေသည်။ ထိုစဉ်က နင်ယွမ်ချန်းသည် ပညာရှင်တစ်ဦးနှင့် စကားများခဲ့ကြသည်ကိုလည်း သူတို့ မြင်တွေ့ခဲ့ရသည်။
ထို့ကြောင့် ရန်ကိုင်ပြောသည်ကို ကြားပြီးသည့်နောက်တွင် အကြောင်းအရင်းအား ချက်ချင်းပင် ခန့်မှန်းမိလိုက်ခြင်း ဖြစ်ပေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၉၅)
အကုန်လုံး၏ခန့်မှန်းချက်မှာ အတူတူသာဖြစ်ပေသည်။ သို့သော်ငြား သူတို့စိတ်ထဲ ထိုတိုက်ပွဲအတွင်း သစ်သားဝိဉာဉ်မှာ ပါဝင်နေလိမ့်မည်ဟူသော အချက်ကိုမူ မည်သို့မှ စဉ်းစားမိလိမ့်မည်မဟုတ်ပေ။
သစ်သားဝိဉာဉ်ကြောင့်သာမဟုတ်လျှင် ဟန်းလန်သည်လည်း သေသွားလိမ့်မည်မဟုတ်။ ထိုစဉ်က ဟန်းလန်သည် တာအိုသခင်ဒုတိယအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး ရန်ကိုင်မှာမူ တန်ခိုးရှင်ဘုရင်တတိယအဆင့်သာ ဖြစ်သည်။
ထို့အပြင် ဟန်းလန်သည် သာမန်ဂိုဏ်းမှ ပညာရှင်ပင်လျှင်မဟုတ်။ တောင်ဘက်နယ်မြေတစ်ခုလုံး၏ ထိပ်သီးအင်အားစုဖြစ်သော ကြယ်ဝိဉာဉ်နန်းတော်မှ တပည့်တစ်ဦးဖြစ်သည်။ ထိုစဉ်က ရန်ကိုင့်၏ခွန်အားဖြင့် ဟန်းလန်အား အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။
"ကောင်လေး အဲ့ဆေးပုလင်းနဲ့သင်္ဘောကို အခုချက်ချင်း ငါ့ကိုပေးစမ်း" ရုတ်တရက် သက်လတ်ပိုင်းလူကြီးသည် သူ့လက်ကိုဆန့်ထုတ်၍ ရန်ကိုင့်အား အမိန့်ပေးလိုက်လေ၏။ "အဲ့ပစ္စည်းတွေက ငါတို့ဟာဆိုတော့ မင်းငါတို့ကို ပြန်ပေးသင့်တယ်"
"ဆရာ့စကားက သိပ်တော့ယုတ္တိမတန်ဘူးနော်" ရန်ကိုင်ပြန်မပြောနိုင်သေးခင်မှာပင် ဟွာချင်းစီက လှောင်ပြောင်လိုဟန်ဖြင့် ဖြတ်ပြောလိုက်လေသည်။ "ပိုင်ရှင်မရှိတဲ့ပစ္စည်းတွေကို တွေ့တဲ့လူယူတာ သဘာဝပဲလေ။ ဒီမောင်လေးက အဲ့ဒီပစ္စည်းတွေကို တွေ့ခဲ့မှတော့ သူယူတာ သဘာဝပဲပေါ့။ ဆရာက ကိုယ်ဂုဏ်သိက္ခာကိုမှမထောက် ဂျူနီယာတစ်ယောက်ဆီက ပစ္စည်းတွေကို လက်ဖြန့်တောင်းနေတာ မရှက်ဘူးလား" ပြောပြီးသည့်နောက်တွင် ရန်ကိုင့်ဘက်သို့လှည့်၍ "မောင်လေး သူပြောတာကိုနားမထောင်နဲ့"
"မောင်လေး" ဟွာချင်းစီ၏ သူ့အပေါ်ခေါ်ဝေါ်ပုံကို ကြားပြီးသည့်နောက်တွင် ရန်ကိုင့်၏ပါးစပ်ကြီး မဲ့သွားခဲ့လေ၏။ သူ့စိတ်ထဲ အနည်းငယ်မသက်မသာလည်း ဖြစ်သွားခဲ့ရလေသည်။
"ဒီဘုရင် နင့်ကိုတစ်ကယ်ကြောက်နေတယ် ထင်နေတာလား ကောင်မ" ဟွာချင်းစီမှ သူ့အား လှောင်ပြောင်နေသည်ကိုမြင်သော် သက်လတ်ပိုင်းလူကြီး ဒေါသထပ်ထွက်လာပြန်လေသည်။ နောက်ဆုံး မထိန်းနိုင်တော့သည့်အတွက် အမှန်တစ်ကယ်ကို ထကျိန်ဆဲတော့လေ၏။
"ကိုယ်အသုံးမကျတာကို အခြားသူတွေကို လိုက်ဆဲနေတယ်။ တစ်ကယ်ရှက်စရာပဲ ကျွတ် ကျွတ်" ဟွာချင်းစီကမူ အထင်မြင်တသေးဖြင့်သာ ပြန်ပြောလိုက်လေသည်။
"နင်" သက်လတ်ပိုင်းလူကြီး၏ဒေါသ ငယ်ထိပ် ဆောင့်တက်သွားခဲ့လေ၏။ ကိုယ်တွင်းနတ်ဆိုးအပေါ် တိုင်တည်၍ ကျိန်ဆိုထားသည့်အတွက်ကြောင့်သာ မဟုတ်လျှင် ယခုအချိန် ဟွာချင်းစီအား သွားတိုက်ခိုက်နေလောက်ပေပြီ။
ဟွာချင်းစီကမူ ဆက်၍သာ ရန်စစကားပြောလိုက်၏။ "စိတ်သဘောထား ကျဉ်းမြောင်းတဲ့သူတွေဆီက ဘာတစ်ခုမှတော့ရဖို့မမျှော်လင့်ပါဘူး။ မောင်လေး ငါ့ကို သွေးမီးတောက်ဆေးလုံးတစ်လုံးလောက် ပေးလို့အဆင်ပြေလား"
"ရတာပေါ့" ရန်ကိုင်က ခေါင်းငြိမ့်လိုက်လေသည်။
ကျောက်စိမ်းပုလင်းအား ထုတ်ယူလိုက်ရခြင်းမှာ အကြောင်းအရင်းနှစ်ချက်ရှိပေသည်။ ပထမတစ်ချက်မှာ အခွင့်အရေးကိုသုံး၍ သူ့နာမည်ကိုရှင်းလင်းကာ သက်လတ်ပိုင်းလူကြီး၏ သံသယများကို ရှင်းထုတ်ချင်သည့် အတွက်ကြောင့်ပင်ဖြစ်သည်။ ဒုတိယတစ်ခုမှာ အခြားသူများကိုဝေပေးချင်သည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။
အစီအရင်ကြောင့် အကုန်လုံး၏ကံကြမ္မာမှာ တစ်သားတည်းဖြစ်နေသဖြင့် တစ်ကိုယ်ကောင်းဆန်နေ၍ မဖြစ်တော့ပေ။
"ဒါ အကုန်လုံးအတွက် လောက်လောက်တယ်" ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သက်လတ်ပိုင်း လူကြီးမှလွဲ၍ ကျန်သည့်လူအားလုံးအား သွေးမီးတောက် ဆေးလုံးတစ်လုံးစီ ဝေပေးလိုက်လေသည်။
သူတော်စင်နန်းတော်၏အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် သက်လတ်ပိုင်းလူကြီးတွင် သွေးမီးတောက်ဆေးလုံးတစ်လုံးမှမရှိသည်ဆိုသောအချက်ကို မည်သူမှ မယုံကြပေ။
သက်လတ်ပိုင်းလူကြီးကပင်လျှင် သူ့၌ရှိသော သွေးမီးတောက်ဆေးလုံးများကို သူတို့ဆီသို့ မပေးချင်လေရာ ရန်ကိုင်ကကော သူ့တွင်ရှိသည့်သွေးမီးတောက်ဆေးလုံးများအား သက်လက်ပိုင်းလူကြီးဆီသို့ ဘာကြောင့်များပေးရအုံးမည်နည်း။
"မောင်လေးက တစ်ကယ်ရက်ရောတာပဲ။ မောင်လေးကို ကြည့်ရတာ ပိုပိုပြီး မျက်စိပဿဒဖြစ်လာသလိုပဲ" သွေးမီးတောက်ဆေးလုံးကိုယူရင်း ဟွာချင်းစီသည် တဖျတ်ဖျတ်တောက်ပသည့်မျက်လုံးများဖြင့် ရန်ကိုင့်အား ကြည့်ရင်းပြောလိုက်လေသည်။
တခစ်ခစ်ရယ်မောလိုက်ရင်း သူမ၏မျက်လုံးများမှာ တစ်ဖက်လူ၏ဝိဉာဉ်အား ညှို့ယူနိုင်လောက်အောင် တက်မက်ဖွယ်ကောင်းလှသော အရောင်တို့ဖြင့် တလက်လက်တောက်ပသွားခဲ့လေသည်။
"မောင်လေးက သဘောထားကြီးပေးမှတော့ အစ်မကလည်း မောင်လေးကိုကာကွယ်ပေးရတာပေါ့။ ဒီထဲက ဘယ်သူမောင်လေးကိုထိရဲလဲ။ ထိချင်တဲ့သူမှန်သမျှ အစ်မကို အရင်ဖြတ်ကျော်သွားရမယ်" ပြောပြီးသည့်နောက်တွင် ဟွာချင်းစီသည် သက်လတ်ပိုင်းလူကြီးအား သတ္တိရှိရင်လာခဲ့ ဟူသောပုံစံမျိုးဖြင့် လှမ်းကြည့်လိုက်လေသည်။
ရန်ကိုင်ကမူ ပြုံး၍သာ ပြန်ပြောလိုက်၏။ "အဲ့ဒါဆိုရင် အစ်မကို ကြိုပြီးကျေးဇူးတင်ရမှာပေါ့"
ထိုစကားကိုကြားသည့်အခါ ဟွာချင်းစီသည် ရန်ကိုင့်အား ကလူတုတုညူတုတုအကြည့်ဖြင့် လှမ်းကြည့်လိုက်လေ၏။ ရန်ကိုင်ကလည်း သူမ၏ အကြည့်ထဲ နစ်မြေသွားသည့် ပုံစံမျိုး ပြန်လုပ်ပြလိုက်လေသည်။
"နင်တို့နှစ်ယောက်က တစ်ကယ်သတ္တိတွေရှိနေတာပဲ" သက်လတ်ပိုင်းလူကြီးမှာ အလွန်ကိုမှ ဒေါသထွက်လွန်းလေရာ သူ့ခေါင်းမှ အခိုးအငွေ့များပင်ထွက်လာတော့မလား ထင်မှတ်ရသည်။ ထို့နောက်တွင် အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။ "ဒီကိစ္စက မပြီးသေးဘူး"
"အစ်မတွေ့လား သူကျွန်တော့်ကို ခြိမ်းခြောက်နေတယ်" ရန်ကိုင်က ချက်ချင်းလှမ်းအကူအညီတောင်းလိုက်လေသည်။
ဟွာချင်းစီက မျက်လုံးမှေးစင်းလျက် ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်၏။ "သူမှမလှုပ်ရှားသေးတာ။ ဘာကို ကြောက်နေရမှာလဲ။ အဲ့လောက်ကြီးလည်း သတ္တိမနည်းနဲ့လေ မောင်လေးရဲ့"
"ရှင်..ရှင်တို့ နည်းနည်းလေး တိုးတိုးလေးနေပေးလို့ မရဘူးလား။ ကျွန်မဒီမှာ သေချာအာရုံစိုက်လို့မရဘူး" ရုတ်တရက်ဆိုသလို အစီအရင်အား ပြန်ပြင်ရာတွင် အာရုံစိုက်နေသော ချင်းယုသည် မကျေမနပ်သည့်လေသံဖြင့် ပြောလိုက်လေသည်။
တစ်ချိန်တည်းတွင်လည်း ဆူဆူညံညံလုပ်နေသော လူများအား စူးရဲစွာစိုက်ကြည့်လိုက်လေ၏။ သူမစကားကို ကြားပြီးသည့်နောက်တွင် အကုန်လုံးချက်ချင်း ပါးစပ်ပိတ်သွားခဲ့လေသည်။
သို့သော်ငြား အကုန်လုံးကြားရှိအခြေအနေမှာ အနည်းငယ်ကို ထူးခြားနေခဲ့သည်။ ဤအစီအရင်ထဲတွင် ရှိနေသောလူခုနစ်ဦးမှာ လုံးဝကို မစည်းလုံးကြချေ။ ကြည့်ရသလောက်အခြေအနေမှာ ကောင်းကောင်းမွန်မွန်နှင့် ပြီးသွားမည့်ပုံမပေါ်။
တစ်ခဏတာဆိုသလို မိုင်းတွင်းအတွင်းပိုင်းသည် သုဿန်တစ်စပြင်နှယ်တိတ်ဆိတ်သွားခဲ့ပြီး တဝီဝီ တိုက်ခတ်နေသော လေတိုးသံများနှင့် နတ်ဆိုးများ၏ အော်ဟစ်သံတို့သည်သာ ထွက်ပေါ်နေတော့လေသည်။ ချင်းယုသည် အစီအရင်အားဆက်၍ ပြန်ပြင်နေခဲ့သည်။
မကြာမီတွင် တွမ့်ရန်ချန်းသည် မျက်မှောင်ကြုတ်လျက် အော်ပြောလိုက်လေ၏။ "တစ်ခုခု လာနေတယ်"
"ဝှစ် ဝှစ်" မှောင်မိုက်နေသော နတ်ဆိုးချီများထဲ နတ်ဆိုးချီကူးစက်ထားခြင်းခံရသည့်လူသားနှင့် သားရဲများ တစ်ကောင်ပြီးတစ်ကောင်ထွက်ပေါ်လာကြလေသည်။
နတ်ဆိုးချီများ စိမ့်ထွက်နေသည့်နေရာတွင်ရှိနေခြင်း ဖြစ်လေရာ သူတို့အနေဖြင့် နတ်ဆိုးများဖြင့်မကြုံရဘဲ ဘယ်နေမည်နည်း။ ခွန်အားကိုစုစည်းပြီးသည့်နောက်တွင် ရန်ကိုင်တို့အဖွဲ့မှာ တန်ပြန်တိုက်ခိုက်ကြလေတော့၏။
ဤနေရာသို့ရောက်အောင် အစီအရင်အား ထိန်းချုပ်လာပြီးသည့်နောက်တွင် လူခုနစ်ဦးစလုံးသည် အစီအရင်အပေါ် ပို၍ကျွမ်းကျင်စွာထိန်းချုပ်လာနိုင်ကြလေ သည်။
သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် နတ်ဆိုးများမှာ တစ်ကောင်ပြီးတစ်ကောင် ပေါက်ကွဲကာ သေဆုံးကြလေတော့၏။ ခဏအကြာတွင် မရေမတွက်နိုင်သော အလောင်းများ ရန်ကိုင်တို့အဖွဲ့ရှေ့တွင် စုပုံထပ်လာခဲ့လေ၏။ နတ်ဆိုးများအား အလွယ်တကူရှင်းထုတ်ပစ်နိုင်ခဲ့သော်ငြား အကုန်လုံးမှာတော့ ပျော်နေခြင်းမရှိခဲ့ပေ။
နတ်ဆိုးချီအလွန်အမင်းသိပ်သည်းသည့်နေရာတွင် ရှိနေခြင်းဖြစ်သည့်အတွက်ကြောင့် နတ်ဆိုးများအား အလွယ်တကူတိုက်ခိုက်နိုင်သည့်တိုင် သူတို့၏ အရင်းအမြစ်ချီကုန်ဆုံးနှုန်းမှာ သုံးဆယ်ရာခိုင်နှုန်းခန့် ပိုမိုများပြားလာခဲ့သည်။
ဤနေရာသို့ ရောက်လာသည့်အချိန်မှစ၍ အမွှေးတိုင် တစ်ချောင်းစာခန့်ပင်မကုန်သေးသော်ငြား သူတို့ကိုယ်ထဲရှိ အရင်းအမြစ်ချီမှာတော့ တစ်ဝက်ကျော်ခန့် ကုန်ဆုံးနေခဲ့လေပြီ။
ဤနှုန်းအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် သူတို့ကိုယ်ထဲရှိ အရင်းအမြစ်ချီအားလုံးကုန်ဆုံးသွားရန် သိပ်ကြာတော့လိမ့်မည်မဟုတ်ပေ။ ထိုသို့သာဖြစ်မည်ဆိုလျှင် သွေးမီးတောက်ဆေးလုံးများအပေါ် အားကိုးမှသာ ရပေတော့လိမ့်မည်။
"ဝေါင်း" ရုတ်တရက်ဆိုသလို တစ်ခုသောနေရာဆီမှ ဒေါသတကြီး ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းဆိုသလို တလက်လက်တောက်ပနေသော အလင်းရောင်တစ်ခုနှင့်အတူ ဧရာမပုဆိန်ကြီးတစ်ခု အကုန်လုံးပေါ်သို့ ကျဆင်းလာခဲ့လေသည်။
ပုဆိန်မှာ သူတို့ဆီသို့ မရောက်သေးသော်ငြား ထိုပုဆိန်ဆီမှ ထွက်ပေါ်နေသည့်ဖိအားကြောင့် အစီအရင်ထဲတွင်ရှိနေသော တန်ခိုးရှင်ပထမအဆင့် ပညာရှင်အချို့၏မျက်နှာများ ဖြူလျော်သွားခဲ့ကြလေသည်။
တာအိုသခင်တတိယအဆင့်ပညာရှင်နှစ်ဦးဖြစ်ကြသော ဟွာချင်းစီနှင့် သက်လတ်ပိုင်းလူကြီးတို့၏ အမူအယာများပင်လျှင် လေးနက်တည်ကြည်သွားကုန်ကြ လေ၏။
"ဒီပုဆိန်လား" တွမ့်ရန်ချန်းသည်လည်း အံ့အားသင့်တကြီး ဆိုလိုက်လေ၏။ သူ့ကြည့်ရသည်မှာ ပုဆိန်ပိုင်ရှင်ကို သိနေသည့်ပုံပင်။
သို့သော်ငြား လေးဖင့်မနေဘဲ အလျင်အမြန် လက်ကွက်တစ်ခုဖန်တီးလိုက်လေသည်။ လိပ်နက်ပုံရိပ်သည် ၎င်း၏ခေါင်းကိုမြှောက်၍ ဟိန်းဟောက်လိုက်ပြီး သူ့ခြေထောက်ကြီးကိုမြှောက်ကာ တိုးဝင်လာနေသည့် ပုဆိန်အား ရိုက်ချလိုက်လေသည်။
"ဘုန်း" ယခုတစ်ကြိမ်တွင်တော့ ပြိုင်ဘက်ကင်းလှဟန် ထင်ရသော လိပ်နက်၏ရိုက်ချက်သည် တိုးဝင်လာနေသည့် ပုဆိန်အား ခုခံရုံသာလျှင် ခုခံနိုင်ခဲ့သည်။
လိပ်နက်၏ရှေ့ခြေထောက်ပေါ်တွင်ပင် အက်ကွဲရာကြီးတစ်ခုပင် ထွက်ပေါ်လာခဲ့သေးိုကသည်။
ပုဆိန်၏စွမ်းအားကို အထင်သေးလိုက်မိပြီမှန်း သိလိုက်သည့်နောက်တွင် တွမ့်ရန်ချန်း၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး အစီအရင်၏စွမ်းအားကို အလျင်စလို မြှင့်တင်လိုက်လေသည်။
သို့သော်ငြား ထိုအချိန်တွင် ပုံရိပ်တစ်ခုသည် သူ့တို့အဖွဲ့နှင့်မနီးမဝေးတစ်နေရာ၌ တစ္ဆေသရဲတစ်ကောင်နှယ် ထွက်ပေါ်လာခဲ့သည်။ ထိုလူသည် မည်သည့်မှော်ရတနာကိုမျှ အသုံးမပြုဘဲ သူ့လက်သီးသက်သက်ဖြင့်သာ ထိုးချလေသည်။
နတ်ဆိုးချီတို့သည် သူ့လက်သီးတစ်ဝိုက်စုဝေးလာပြီး လက်သီးတစ်ခုအသွင်သို့ပြောင်းကာ လိပ်နက်ပုံရိပ်ဆီသို့ တိုးဝင်လာလေ၏။
"အိပ်မက်မက်နေလိုက်" ထိုကဲ့သို့ အော်ဟစ်လိုက်ပြီးသည့်နောက်တွင် တွမ့်ရန်ချန်းသည် လက်ကွက်များကို အလျင်အမြန်ဖန်တီးလိုက်လေသည်။
ချက်ချင်းဆိုသလို လိပ်နက်ပုံရိပ်သည် ၎င်း၏ပါးစပ်ကို ဟကာ ထိုပုံရိပ်အားကိုက်ချလိုက်လေ၏။ လိပ်နက်သည် ထိုလူအား တစ်ချက်တည်းဝါးမြိုလိုက်လေသည်။
သို့သော်ငြား သူတို့မပျော်နိုင်သေးခင်မှာပင် လိပ်နက်၏ ပါးစပ်ကြီးသည် ရုတ်တရက် ပိန်လိုက်ဖောင်းလိုက် ဖြစ်လာခဲ့၏။
ခဏအကြာတွင် ပေါက်ကွဲသံတစ်သံနှင့်အတူ လိပ်နက်၏ပါးစပ်ထဲရောက်သွားသောပုံရိပ် အပြင်သို့ ပြန်ထွက်လာပြီး ချက်ချင်းပဲ နောက်သို့ဆုတ်သွားလိုက်လေ သည်။ ပုဆိန်အားဝှေ့ယမ်းနေသော နတ်ဆိုးဘေးတွင် ရပ်လျက် ထိုပုံရိပ်သည်လည်း အော်ဟစ်လိုက်လေ၏။
"ရောင်းရင်းချန်း ရောင်းရင်းကျိုး" တွမ့်ရန်ချန်းသည် ရုတ်တရက်ပေါ်လာသည့်နတ်ဆိုးနှစ်ကောင်အား ရှုပ်ထွေးသည့်အမူအယာဖြင့် ကြည့်လိုက်လေသည်။
ထို့နောက် သက်ပြင်းချလျက် "သုံးနှစ်တောင်ရှိသွားခဲ့ပြီ။ ငါမင်းတို့ကို ပြန်တွေ့ရတဲ့အချိန်မှာ အခုလိုမျိုး ဖြစ်နေလိမ့်မယ်လို့ လုံးဝမထင်ထားဘူး"
ချင်းကျောင်းရန်သည်လည်း မျက်စိပျက်မျက်နှာပျက် အမူအယာဖြင့် အလျင်အမြန်ပြောလိုက်လေ၏။ "သူတို့က သစ်တောမြို့ရဲ့ မြို့သခင်နှစ်ယောက်ပဲ"
"သစ်တောမြို့" ထိုစကားကိုကြားပြီးသည့်နောက်တွင် ရန်ကိုင်ကလည်း သက်ပြင်းချလျက် "ကြည့်ရတာ သစ်တောမြို့လည်း ကျသွားပြီနဲ့တူတယ်"
အစောပိုင်းက လူလိမ်အိုကြီးသည် မေပယ်မြို့သို့ အကူအညီတောင်းခံရန်အတွက် သစ်တောမြို့ဆီမှ လာခဲ့သည်ဟုပြောခဲ့သည်။
ယခု သစ်တောမြို့၏မြို့သခင်နှစ်ဦး နတ်ဆိုးအဖြစ် ဤနေရာတွင် ပေါ်လာသည်ကိုကြည့်လျှင် သစ်တောမြို့၏ အခြေအနေကို ခန့်မှန်းကြည့်နိုင်ပေသည်။
သစ်တောမြို့မှာ မေပယ်မြို့ထက်သေးသော်ငြား ထိုမြို့သခင်နှစ်ဦးမှာ တာအိုသခင်ပထမအဆင့် ကျင့်ကြံသူများဖြစ်ကြပေသည်။
နတ်ဆိုးချီ၏အားဖြည့်ပေးမှုကြောင့် တန်ခိုးရှင် ပထမအဆင့်ကျင့်ကြံသူအများစုမှာ သူတို့နှစ်ဦး၏ပြိုင်ဘက် မဖြစ်နိုင်ကြတော့ပေ။
ထို့ကြောင့်ပင်လျှင် လိပ်နက်၏ပုံရိပ်သည် သူတို့၏ တိုက်ခိုက်မှုများကို အလွယ်တကူမတားဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ရုတ်တရက် ရန်ကိုင်က အော်ပြောလိုက်လေ၏။ "သူတို့ရောက်နေပြီဆိုမှတော့ ကျန်းထိုက်ရှန်းလည်း ကျိန်းသေရောက်နေရလိမ့်မယ်။ အကုန်လုံး သေချာ အာရုံစိုက်ထားကြပေတော့"
"တာအိုသခင်ပထမအဆင့်နတ်ဆိုးလေးတွေပဲဟာကို။ မင်းတို့ဘာတွေဒီလောက်ကြောက်နေကြတာလဲ။ ဒီဘုရင် သူတို့ကို ဘယ်လိုဆုံးမပေးမလဲကြည့်ထားလိုက်" သက်လတ်ပိုင်းလူကြီးမှာ သူ၏ကျိန်ဆိုထားမှုကြောင့် အလွန်တရာကိုမှ ဒေါသထွက်နေသော်ငြား သူ့ဒေါသများကို ဖွင့်မထုတ်နိုင်ဖြစ်နေခဲ့လေ၏။
ယခု တာအိုသခင်ပထမအဆင့်နတ်ဆိုးနှစ်ကောင် ပေါ်လာသည်ကိုမြင်သော် သက်လတ်ပိုင်းလူကြီးမှာ သူ့ဒေါသအား ဖွင့်ထုတ်နိုင်မည့်နေရာကို ရှာတွေ့သွားခဲ့လေ သည်။
အစောပိုင်းကတည်းက သူမည်မျှအားကောင်းသည်ကို လက်ကျန်လူအားလုံးမြင်သွားအောင် ပြသလိုနေခြင်း ဖြစ်သည်။
ယခုအခွင့်အရေးရလာပြီဖြစ်သည့်အတွက်ကြောင့် သက်လတ်ပိုင်းလူကြီးမှာ ငြိမ်မနေတော့ဘဲ သူ့အစွမ်းကို စတင်ထုတ်ပြတော့လေ၏။ သူ့လက်ထဲ လှံတိုတစ်ချောင်း ပေါ်လာပြီး ထိုထဲသို့ အရင်းအမြစ်ချီထည့်သွင်းလိုက်လေ၏။
"အရင်းအမြစ်ချီကို သိပ်ပြီးမသုံးနဲ့နော်" သက်လတ်ပိုင်း လူကြီး၏အပြုအမူကိုမြင်သော် တွမ့်ရန်ချန်းက ချက်ချင်း သတိပေးလိုက်လေ၏။ မည်သို့ပင်ဖြစ်နေစေကာမူ သူ၏ သတိပေးချက်မှာ အသုံးမဝင်တော့ချေ။
လှံတိုမှာ အရောင်တလက်လက်တောက်ပလာပြီးနောက် သက်လတ်ပိုင်းလူကြီး၏လက်ထဲမှ ဝှစ်ကနဲ ထွက်သွားလေ သည်။
ခပ်လှမ်းလှမ်းတွင်ရှိနေသော နတ်ဆိုးချီကူးစက်ထားခြင်း ခံရသည့်မြို့သခင်ချန်းသည် တစ်ခုခုကို အာရုံခံမိသည့်အလား သူ့ခန္ဓာကိုယ်အား တွန့်လိမ်ကာရှောင်တိမ်းလိုက်လေသည်။
ရုတ်တရက်ဆိုသလို မြို့သခင်ချန်း၏လက်မောင်း တစ်ခုလုံး ပေါက်ကွဲထွက်သွားခဲ့ကာ နတ်ဆိုးချီတို့ တရစပ် စီးထွက်လာကြလေသည်။
နာကျင်မှုကြောင့် မြို့သခင်ချန်းမှာ အသံအကျယ်ကြီး ထအော်လေ၏။ သူ့အော်သံသည် မမြင်နိုင်သော အသံလှိုင်းများအဖြစ်သို့ ပြောင်းလဲသွားပြီး အကုန်လုံး၏ အသိစိတ်ပင်လယ်အား လာရောက်ရိုက်ခတ်လေသည်။
ကံကောင်းစွာဖြင့် ဤနေရာတွင်ရှိနေသည့်လူများ၏ ကျင့်ကြံခြင်းမှာ နိမ့်ကျခြင်းမရှိသလို လိပ်နက်အစီအရင်၏ အကာအကွယ်တွင်ရှိနေသည့်အတွက်ကြောင့် သူတို့စွမ်းအား အနည်းငယ်ကိုလှည့်ပတ်လိုက်ရုံဖြင့် မြို့သခင်ချန်း၏ အသံလှိုင်းကို တားဆီးနိုင်ခဲ့လေသည်။
"မသေသေးဘူးလား" သက်လတ်ပိုင်းလူကြီး အံ့အားသင့်သွားခဲ့လေ၏။
သူ၏လှံတိုမှာ တာအိုသခင်အလယ်အလတ်အဆင့် မှော်ရတနာတစ်ခုဖြစ်ပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအားကို ပိုင်ဆိုင်ထားခဲ့ပေသည်။
သူထင်ထားသည်မှာ ဤလှံတိုဖြင့်သာဆိုလျှင် ထိုနတ်ဆိုးအား တစ်ချက်တည်းဖြင့် သတ်နိုင်လိမ့်မည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။
သို့သော်ငြား လှံတိုမှထိကာနီးတွင် မြို့သခင်ချန်းသည် သူ့ခန္ဓာကိုယ်၏သေကွင်းသေကွက်နေရာများကို ရှောင်တိမ်းသွားနိုင်ခဲ့ကာ လက်တစ်ဖက်သာ ပြတ်သွားခဲ့ရလေ၏။
"ကြည့်ရတာ အသိစိတ်မရှိတော့တဲ့နောက်ပိုင်း သူတို့ရဲ့ တိုက်ပွဲစွမ်းရည်က ပိုမြင့်လာတဲ့ပုံပဲ" ရန်ကိုင်က တွေးတွေးဆဆဖြင့် ပြောလိုက်သည်။
သက်လတ်ပိုင်းလူကြီးထုတ်သုံးသွားသည့် တိုက်ကွက်၏ စွမ်းအားကို သူကိုယ်တိုင်လည်း သေချာခံစားမိခဲ့ပေသည်။ ထိုစွမ်းအားမှာ လုံးဝရှောင်တိမ်းရလွယ်သည့်စွမ်းအား မဟုတ်။
ရန်ကိုင့်၏စကားကိုကြားသော် ဟွာချင်းစီက ခေါင်းငြိမ့်လိုက်လေသည်။
ထိုစဉ် ထိတ်လန့်ဖွယ်ရာမြင်ကွင်းတစ်ရပ် ဖြစ်ပေါ်လာခဲ့လေသည်။ နတ်ဆိုးချီတို့သည် မြို့သခင်ချန်း၏ ပြတ်သွားသည့်လက်မောင်းနေရာတွင် စတင် စုဝေးလာကြလေသည်။
ထို့နောက်တွင် အကုန်လုံး၏အံ့အားသင့်နေသည့် ရှေ့မှောက်မှာတွင်ပင် ပြတ်သွားသည့်လက်မောင်းမှာ လျင်မြန်စွာ ပြန်ပေါက်လာခဲ့လေ၏။ အသက်ဆယ်ရှိုက်စာ ကြာပြီးသည့်နောက်တွင် လက်မောင်းတစ်ခုလုံး အကောင်းအတိုင်း ပြန်ဖြစ်သွားခဲ့လေသည်။