အခန်း (၂၀၉၆-၂၁၀၀)
Vol. 84 Ch. 2096-2100
အပိုင်း (၂၀၉၆)
“ဘယ်လိုဖြစ်နိုင်ရတာလဲ” အကုန်လုံး မျက်လုံးအပြူးသား ဖြစ်နေကုန်ကြလေသည်။
ခြေလက်များပြန်ပေါက်ခြင်းသည် ဒဏ္ဍာရီများထဲတွင်သာ ဖြစ်နိုင်သည့်အရာမျိုးဖြစ်သည်။ ဤလောကကြီးတွင် မျိုးတုန်းပျောက်ကွယ်သွားပြီဖြစ်သော အလွန့်အလွန်ကိုမှ ရှားပါးလွန်းလှသည့်ဆေးပင်အချို့သည်လည်း ဤကဲ့သို့သော စွမ်းအင်ကိုပိုင်ဆိုင်ထားကြပေသည်။
သို့သော်ငြား ကျင့်ကြံသူတစ်ဦးအနေဖြင့် ခြေလက်များကို ကိုယ့်ဘာသာကိုယ် ပြန်ပေါက်လာအောင် လုပ်နိုင်ဖို့ဆိုသည်မှာ လုံးဝမဖြစ်နိုင်သည့်အရာမျိုးဖြစ်သည်။ ဧကရာဇ်အဆင့်ပညာရှင်များပင်လျှင် ထိုသို့မလုပ်နိုင်ကြပေ။
သို့သော်ငြား ထိုကဲ့သို့သောမဖြစ်နိုင်သော အရာတစ်ခုသည် သူတို့ရှေ့တွင် ဖြစ်ပျက်နေခဲ့သည်။ ထို့အပြင် မဖြစ်နိုင်သည့်အရာကိုလုပ်ပြနေသည့်သူမှာလည်း တာအိုသခင်ပထမအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်လေသည်။ သူတို့အံ့အားမသင့်ဘဲ ဘယ်နေနိုင်တော့မည်နည်း။
အစောပိုင်းက သူတို့ကြုံတွေ့ခဲ့ရသော နတ်ဆိုးများသည် အလွန်ကိုမှ အားနည်းကြကာ တာအိုသခင်အဆင့်အောက် ကျင့်ကြံသူများသာ ဖြစ်ကြလေသည်။
ထို့ကြောင့် သူတို့၏တိုက်ခိုက်မှုနှင့်ကြုံတွေ့ရချိန် တစ်ချက်တည်း ပေါက်ကွဲကာ သေဆုံးကြလေကုန်၏။ ထို့အတွက်ကြောင့် နတ်ဆိုးချီမည်မျှကြောက်မက်ဖွယ် ကောင်းကြောင်းကို မတွေ့ခဲ့ရပေ။
သို့သော်ငြား မြို့သခင်ချန်းမှ နတ်ဆိုးချီအကူအညီဖြင့် ပြတ်သွားသောသူ့လက်အား အသစ်ပြန်ပေါက်လာအောင် လုပ်လိုက်သည်ကိုမြင်သော် အကုန်လုံး အလွန်တရာကိုမှ အံ့အားသင့်ကုန်ကြကာ စကားပင်မပြောနိုင်ကြတော့ချေ။
“ကြည့်ရတာ ငါတို့ သူတို့ရဲ့သေကွင်းသေကွက် နေရာတွေကို တိုက်ခိုက်ရင်တိုက်ခိုက်၊ မတိုက်ခိုက်ဘူး ဆိုရင် တစ်ခါတည်း တစ်စစီဖြစ်သွားအောင်ကိုလုပ်မှ ရမယ်နဲ့တူတယ်” တွမ့်ရန်ချန်းက ပြောလိုက်လေသည်။
“မင်းတို့ဘယ်လောက်ရှောင်နိုင်မလဲ ဒီဘုရင် မြင်ချင်သေးတယ်” ပထမအကြိမ်တိုက်ခိုက်မှု အလုပ်မဖြစ်သည်ကိုမြင်သော် သက်လတ်ပိုင်းလူကြီး ရှက်ရှက်နှင့်ဒေါသထွက်သွားခဲ့လေသည်။
ချက်ချင်းပဲ သူ၏လှံတိုကိုဆင့်ခေါ်၍ ထိုထဲသို့ အရင်းအမြစ်ချီထည့်သွင်းလိုက်လေ၏။ လှံတိုသည် တစ်ချက်မျှ တုန်ခါသွားပြီးသည့်နောက်တွင် လှံတိုနှစ်ချောင်း၊ ထိုမှတစ်ဆင့်လေးချောင်း၊ ထို့နောက် ရှစ်ချောင်း တဆတ်ဆတ်ဖြင့် အဆင့်ဆင့်ပွားသွားလေသည်။
လှံတိုတစ်ချောင်းချင်းဆီတိုင်းသည် တာအိုသခင် ဒုတိယအဆင့်အရှိန်အဝါကို ထုတ်လွှတ်နေပြီး အကုန်လုံးမှာ တစ်ပုံစံတည်းဖြစ်ကြလေသည်။
“သွားပေတော့” လှံတိုရှစ်ချောင်းစလုံးသည် အနည်းငယ်တုန်ခါသွားပြီးသည့်နောက်တွင် အားလုံး၏ မြင်ကွင်းမှ ရုတ်တရက်ပျောက်ကွယ်သွားခဲ့လေ၏။
ထိုစဉ်မှာပင် ပုံရိပ်တစ်ခုသည် ဘေးနားဆီမှ ထွက်ပေါ်လာပြီး လက်ကွက်တစ်ခုဖန်တီးကာ နတ်ဆိုးချီဖြင့် ရန်ကိုင်တို့ရှိနေရာအနီးတစ်ဝိုက်တစ်ခုလုံးကို လွှမ်းခြုံပစ်လိုက်လေသည်။
“ဝှစ် ဝှစ် ဝှစ်” တစ်စုံတစ်ခုထိမှန်သံတို့နှင့်အတူ လေတိုးသံများထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းတွင် မြို့သခင်နှစ်ဦးဆီမှ သွေးများ ဖြာထွက်လာကုန်ကြလေသည်။ ခဏအကြာတွင် လှံရှစ်ချောင်းစလုံး ပျောက်ကွယ်သွားပြီး သက်လတ်ပိုင်း လူကြီး၏လက်ထဲ၌ လှံတစ်ချောင်းပြန်ပေါ်လာခဲ့လေ၏။
သို့ရာတွင် သက်လတ်ပိုင်းလူကြီး၏မျက်နှာမှာတော့ ယခင်ကထက်ပင် ပို၍သုန်မှုန်နေခဲ့ပေသေးသည်။
မြို့သခင်နှစ်ဦးမှာ သက်လတ်ပိုင်းလူကြီး၏ တိုက်ခိုက်မှုကြောင့် ဆိုးဆိုးရွားရွား ဒဏ်ရာရကုန်ကြလေ သည်။ တစ်ဦးသည် ရင်ဘတ်နေရာတွင် အပေါက်တစ်ပေါက် ဖြစ်နေပြီး ကျန်တစ်ဦးမှာတော့ ခြေနှစ်ချောင်းစလုံး ပြတ်သွားခဲ့လေ၏။
မည်သို့ပင်ဖြစ်နေစေကာမူ ထိုမျှဆိုးရွားလှသည့် ဒဏ်ရာများကို ရထားသည့်တိုင် နတ်ဆိုးချီ၏အကူအညီဖြင့် သူတို့၏ဒဏ်ရာများမှာ တဖြေးဖြေး ပြန်လည် ကောင်းမွန်နေကြလေသည်။ မကြာမီ ဒဏ်ရာရနေသော မြို့သခင်နှစ်ဦးစလုံး အကောင်းအတိုင်း ပြန်ဖြစ်သွားကုန်ကြလေ၏။
လက်ရှိတွင် သူတို့နှစ်ဦးအပြင် လူအိုကြီး တစ်ဦးသည်လည်း သူတို့ဘေးနား၌ ရှိနေလေသည်။
“ကျန်းထိုက်ရှန်း” တွမ့်ရန်ချန်းသည် ထိုလူအိုကြီးအား စူးရဲစွာစိုက်ကြည့်လိုက်လေသည်။
မြို့သခင်နှစ်ဦးဘေးနားတွင် ပေါ်လာသည့်လူမှာ အခြားမဟုတ်ဘဲ ကျန်းမိသားစု၏ဘိုးဘေးဖြစ်သော ကျန်းထိုက်ရှန်းပင် ဖြစ်လေ၏။
ဤနတ်ဆိုး ကျန်းထိုက်ရှန်းသည် ရန်ကိုင်မြင်ခဲ့ရသည့် ပုံစံနှင့်အနည်းငယ်ကွဲပြားနေခဲ့လေသည်။ သူ၏လက်ရှိ အရှိန်အဝါမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမို အားကောင်းနေခဲ့၏။
ကျန်းထိုက်ရှန်း ဝင်ကယ်လိုက်သည့် အတွက်ကြောင့်သာလျှင် မြို့သခင်နှစ်ဦး မသေသွားခဲ့ဘဲ ဒဏ်ရာသာ ရသွားခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့်သာမဟုတ်လျှင် သက်လတ်ပိုင်းလူကြီ၏ ခွန်အားအရ မြို့သခင်နှစ်ဦးစလုံးမသေလျှင်ပင် အနည်းဆုံး တစ်ယောက်ကမူ ကျိန်းသေသေပေလိမ့်မည်။
“အမှိုက်ကောင်တွေ မင်းတို့ဒီဘုရင်ကို တစ်ကယ် ဒေါသထွက်အောင် လုပ်လိုက်တာပဲ။ ကောင်းပြီလေ အဲ့လိုဆိုမှတော့ မင်းတို့ကို ဒီဘုရင်အစွမ်းပြပေးရသေးတာပေါ့” သက်လတ်ပိုင်းလူကြီးမှာ သူ့ဒေါသကို လုံးဝ မထိန်းနိုင်တော့ဘဲ ဒေါသတကြီး ထအော်တော့လေ၏။
ထို့နောက်တွင် သူ့ကိုယ်ထဲရှိ အရင်းအမြစ်ချီအားလုံးကို စုစည်းလျက် ကျင့်စဉ်တစ်ခုကိုထုတ်သုံးလိုက်လေသည်။ ချက်ချင်းဆိုသလို မီးဘောလုံးတစ်ခု သူ့ခေါင်းထက်တွင် ပေါ်လာလေ၏။
အရင်းအမြစ်ချီ ထည့်သွင်းနေသည်နှင့်အမျှ မီးဘောလုံးဆီမှ ထွက်ပေါ်နေသည့် အပူချိန်မှာလည်း တဖြေးဖြေးမြင့်တက်လာခဲ့လေသည်။
“မဟုတ်ဘူး” ထိုအချင်းအရာကိုမြင်သော် တွမ့်ရန်ချန်း အလွန်ကိုမှ ထိတ်လန့်သွားခဲ့လေသည်။
အစီအရင်ကို ဖွဲ့စည်းထားရင်း တိုက်ခိုက်နေရသည်မှာ အလွန်ကိုမှ ပင်ပန်းနေလေပြီ။ အစောပိုင်းက သက်လတ်ပိုင်း လူကြီး အသုံးပြုလိုက်သော တိုက်ကွက်သည် အကုန်လုံးအပေါ် ဝန်ပိစေ၏။
ဤသို့ဖြစ်လေရာ တွမ့်ရန်ချန်းအနေဖြင့် သက်လတ်ပိုင်း လူကြီး နောက်တစ်ကြိမ် ထပ်တိုက်ခိုက်မည်ကို မည်ကဲ့သို့များ ခွင့်ပြုနိုင်မည်နည်း။
သက်လတ်ပိုင်းလူကြီးဘာသာဆိုလျှင် ထိုကျင့်စဉ်ကို ထုတ်သုံးသည်မှာ ပြဿနာမရှိပေ။ သို့သော်ငြား လက်ရှိတွင် အကုန်လုံး၏ချီမှာ တစ်သားတည်းအဖြစ် ပေါင်းစည်းနေခြင်း ဖြစ်သည်။
သက်လတ်ပိုင်းလူကြီး ထုတ်သုံးလိုက်သည့် အရင်းအမြစ်ချီသည် သူ့ဆီမှသာလျှင်မဟုတ်ဘဲ အကုန်လုံးဆီမှလည်း ပါဝင်ပေသည်။
“သူရူးနေပြီ ဘယ်သူပြောပြော နားထောင်တော့မှာ မဟုတ်ဘူး” ဟွာချင်းစီ၏အမူအယာသည်လည်း ပြောင်းလဲသွားခဲ့လေ၏။
ထို့နောက် အော်ဟစ်လျက် “အစီအရင် မပျက်စီးသွားချင်ဘူးဆိုရင် သွေးမီးတောက်ဆေးလုံးကို မြန်မြန်ထုတ်သောက်လိုက်ပေတော့”
ပြောပြီးသည်နှင့် ရန်ကိုင်ပေးထားသည့်ဆေးလုံးကို ချက်ချင်းထုတ်ကာ သူမပါးစပ်ထဲသို့ ပစ်ထည့်လိုက်လေ သည်။
ထိုအချင်းအရာကိုမြင်သော် အကုန်လုံးသည်လည်း တုန့်ဆိုင်းမနေတော့ဘဲ သူတို့၏သွေးမီးတောက်ဆေးလုံး အသီးသီးကို ထုတ်သောက်လိုက်ကြလေသည်။
ဤသည်မှာ ရန်ကိုင့်အနေဖြင့် သွေးမီးတောက် ဆေးလုံးကို ပထမဦးဆုံးအကြိမ် သောက်ဖူးခြင်းဖြစ်သည်။
ဆေးလုံး သူ့လည်ချောင်းထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် တစ်ခုခုပေါက်ကွဲထွက်သွားသည့် ခံစားချက်တစ်မျိုးကို ရလိုက်လေသည်။
တစ်ချိန်တည်းတွင် သူ့သွေးအဆီအနှစ် တစ်စိတ်တစ်ပိုင်းသည် ရုတ်တရက် မီးတောက်များအဖြစ်သို့ လောင်ကျွမ်းကာ ဆေးလုံး၏အကူအညီဖြင့် အရင်းအမြစ်ချီ အဖြစ်သို့ ပြောင်းလဲသွားကုန်လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်လည်း အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။
ကြယ်စီရင်စုထဲတွင် အရင်းအမြစ်ချီအား ပြန်လည် ဖြည့်တင်းပေးနိုင်သော ဆေးလုံးအချို့ရှိကြပေသည်။ သို့သော်ငြား မည်သည့်ဆေးလုံးမှ သွေးမီးတောက်ဆေးလုံး၏ အာနိသင်ကိုမယှဉ်နိုင်ပေ။
သွေးမီးတောက်ဆေးလုံးသည် ကျင့်ကြံသူတစ်ဦး၏ အရင်းအမြစ်ချီအား လျင်မြန်စွာ ပြန်လည် ဖြည့်တင်းပေးနိုင်ပေသည်။ ဘေးထွက်ဆိုးကျိုးဆို၍ သွေးအဆီအနှစ်အချို့ ဆုံးရှုံးသွားခြင်းသာရှိလေ၏။
သွေးအဆီအနှစ်ဆုံးရှုံးသွားရခြင်းမှာ ပြဿနာအကြီးကြီး မဟုတ်သလို ပေါ့သေးသေးပြဿနာတစ်ခုလည်း မဟုတ်ပေ။ သွေးအဆီအနှစ်ဆုံးရှုံးလိုက်ရသည့်အတွက်ကြောင့် ကျင့်ကြံသူတစ်ဦးမှာ အနည်းငယ်အားနည်းသွားနိုင်၏။
သက်လတ်ပိုင်းလူကြီးခေါင်းပေါ်ရှိ မီးဘောလုံးမှာတော့ နေအသေးစားတစ်စင်းအဖြစ်သို့ တဖြေးဖြေး ပြောင်းလဲလာနေခဲ့လေသည်။
ထိုမီးဘောလုံးထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အနီးအနားတစ်ဝိုက်တွင်ရှိနေသော နတ်ဆိုးချီအားလုံး ဗလာနတ္ထိအဖြစ်လောင်ကျွမ်းခြင်း ခံရကုန်လေ၏။
“သေလိုက်ပေတော့ အမှိုက်ကောင်တွေ” ထို့နောက် သူ့လက်ကိုမြှောက်ကာ ထိုမီးဘောလုံးအား ရှေ့တည့်တည့်သို့ ပစ်ချလိုက်လေသည်။
မီးဘောလုံးထဲရှိ ကြောက်မက်ဖွယ်ရာစွမ်းအားကို ခံစားမိလိုက်သော် တွမ့်ရန်ချန်းနှင့်အခြားသူအားလုံး၏ မျက်နှာဖြူလျော်သွားကုန်ကြလေ၏။
တစ်ချက်ကလေးမှပင် တုန့်ဆိုင်းမနေတော့ဘဲ လက်ကွက်တစ်ခုဖန်တီးကာ အော်ပြောလိုက်လေသည်။ “ကာကွယ်ကြဟ”
ချက်ချင်းဆိုသလို လိပ်နက်ပုံရိပ်သည် အရွယ်အစား အနည်းငယ်ကျုံ့သွားခဲ့လေ၏။ တစ်ချိန်တည်းတွင် လိပ်ခွံကဲ့သို့သော အကာအကွယ်တစ်ခုလေထဲတွင် ရုတ်တရက်ထွက်ပေါ်လာခဲ့လေသည်။ ထိုအခါမှပဲ လိပ်နက်ထဲတွင်ရှိနေသူအားလုံး အနည်းငယ်လုံခြုံသော ခံစားချက်ကို ခံစားလိုက်ကြရသည်။
ကျန်းထိုက်ရှန်းနှင့် အခြားသောနတ်ဆိုးများမှာတော့ ထိုမီးဘောလုံးကိုမြင်ပြီးနောက် စူးစူးဝါးဝါး ထအော်ကြကုန်လေသည်။
ထို့နောက်တွင် အကုန်လုံးသည် သူတို့၏ပါးစပ် အသီးသီးကိုဟ၍ အနီးနားပတ်ဝန်းကျင်တွင်ရှိနေသော နတ်ဆိုးချီများကို အရူးအမူးဝါးမြိုကုန်ကြလေ၏။
မျက်တောင်တစ်ခတ်အတွင်း သူတို့အနီးတစ်ဝိုက်တွင် ရှိနေသော နတ်ဆိုးချီများမှာ ပိုမိုသိပ်သည်းလာကုန်ကြလေ သည်။
နေအသေးစားလေးသည် နတ်ဆိုးသုံးကောင်၏ အလယ်ဗဟိုတည့်တည့်သို့ ကျရောက်သွားလေသည်။ မျက်စိကျိန်းမတတ်အလင်းတန်းတို့နှင့်အတူ မြေကမ္ဘာ အက်ကွဲမတတ်ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ “ဘုန်း”
ကျောက်စကျောက်နတို့ အဘက်ဘက်သို့ လွင့်ပျံထွက်လာပြီး လေနီကြမ်းတို့မှာလည်း တဟူးဟူး တိုက်ခတ်လာကုန်ကြလေသည်။ မြေပြင်တစ်ခုလုံးဟာလည်း ငလျင်လှုပ်နေသည့်အလား တဝုန်းဝုန်းတုန်ခါလာလေ၏။
အစကတည်းက ပျက်စီးနေပြီဖြစ်သော မိုင်းတွင်းမှာ ထိုပေါက်ကွဲမှုကြောင့် လုံးဝကို ပျက်စီးသွားလေတော့လေ သည်။
“ဟား ဟား ဟား မင်းတို့အကုန်လုံး သေကုန်ကြပြီမလား” သက်လတ်ပိုင်းလူကြီးသည် သွေးမီးတောက်ဆေးလုံး တစ်လုံးကိုထုတ်သောက်ရင်း အရူးတစ်ယောက်နှယ် အော်ရယ်မောလိုက်လေ၏။
အလင်းတန်းများပျောက်ကွယ်သွားချိန် မီးတောက်များ လောင်ကျွမ်းနေသော မီတာပေါင်းများစွာ ကျယ်ဝန်းသည့် ဧရာမတွင်းပေါက်ကြီးတစ်ခု အားလုံးရှေ့ ထွက်ပေါ်လာခဲ့ လေသည်။
တွင်းပေါက်ကြီးထဲတွင် ပုံရိပ်သုံးခုရပ်နေလေ၏။ ထိုပုံရိပ်သုံးခုကိုမြင်ပြီးနောက် သက်လတ်ပိုင်းလူကြီး၏ ရယ်သံရပ်တန့်သွားခဲ့ပြီး မျက်လုံးအပြူးသွား ဖြစ်သွားခဲ့လေ၏။
တွင်းပေါက်ထဲရှိ နတ်ဆိုးချီအားလုံးမှာ မီးတောက်များ၏ လောင်ကျွမ်းပစ်ခြင်းခံလိုက်ရသည့်အတွက်ကြောင့် အကုန်လုံးအနေဖြင့် ထိုပုံရိပ်သုံးခုအား ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပေသည်။
ထူးဆန်းစွာပင် အစောပိုင်းက မီးတောက်ဘောလုံး၏ တိုက်ခိုက်မှုကိုခံရပြီးနောက် သေသွားသင့်သော နတ်ဆိုး သုံးကောင်မှာ မသေသွားခဲ့ဘဲ ဒဏ်ရာအချို့သာ ရသွားခဲ့ကြသည်။
သို့သော်ငြား ထိုဒဏ်ရာများမှာ နတ်ဆိုးချီ၏ အကူအညီဖြင့် တဖြေးဖြေး ပြန်လည်ကောင်းမွန်နေကြလေ သည်။
ထိုသို့ပင်ဖြစ်လင့်ကစား စဉ်ဆက်မပြတ် လောင်ကျွမ်းနေသော မီးတောက်များကြောင့် နတ်ဆိုးချီများမှာ ထိုနတ်ဆိုးများ၏ဒဏ်ရာများကို ယခင်ကကဲ့သို့ လျင်မြန်စွာ ပြန်လည်မကုသပေးနိုင်တော့ပေ။
“အခု သူတို့ခြေလက်တွေကို ပြန်ပေါက်အောင်လုပ်လို့ မရတော့ဘူး။ မင်းတို့ဘာတွေ စောင့်နေသေးတာလဲ” ထိုအချင်းအရာကိုမြင်သည့်အခါ တွမ့်ရန်ချန်းက အော်ပြောလိုက်လေသည်။
ရှေ့ဆုံးမှဦးဆောင်လျက် သူ့မှော်ရတနာကိုထုတ်ကာ အရင်းအမြစ်ချီကုန်ဆုံးမည်ကို စိုးရွံ့မနေတော့ဘဲ စတင်တိုက်ခိုက်တော့လေ၏။
ထိုအချင်းအရာကိုမြင်သည့်အခါ အခြားသူများလည်း တွေဝေမနေတော့ဘဲ သူတို့၏ကျင့်စဉ်၊ မှော်ရတနာ အသီးသီးကိုထုတ်ကာ တိုက်ခိုက်ကြလေသည်။
ကျန်းထိုက်ရှန်းနှင့် နတ်ဆိုးနှစ်ကောင်သည် သူတို့ဆီသို့ တိုးဝင်လာနေသည့် တိုက်ခိုက်မှုများကိုမြင်သော် အော်ဟစ် ဟိန်းဟောက်လိုက်လေ၏။
တစ်ချိန်တည်းတွင် ကျင့်စဉ်အသီးသီးကိုထုတ်သုံးကာ ထိုတိုက်ကွက်များကိုရှောင်တိမ်း၍ လိပ်နက်ပုံရိပ်ဆီသို့ ပြေးဝင်လာကြလေသည်။
“မင်း ငါတို့ကိုပါတစ်ခါတည်း ဆွဲခေါ်သွားဖို့ လုပ်နေတာလား။ မြန်မြန် သူတို့ကိုတား” ဟွာချင်းစီ၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး သူမ ခန္ဓာကိုယ်အား တစ်ချက်ယိမ်းလျက် အော်ပြောလိုက်လေ၏။ “လိပ်ပြာကကွက်”
ရုတ်တရက်ဆိုသလို ဟွာချင်းစီသည် လေထဲကခုန်နေသော လိပ်ပြာတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည့်အလား အလွန်ကိုမှ လှပသောငါးရောင်ခြယ်လိပ်ပြာတို့သည် သူမခန္ဓာကိုယ်မှ ရုတ်တရက်ထွက်ပေါ်လာတော့လေသည်။
ရာပေါင်းများစွာသော ထိုလိပ်ပြာများသည် နတ်ဆိုးများဆီသို့ ရောက်သည်နှင့်တစ်ပြိုင်နက် သူတို့ကိုယ် သူတို့ ဖောက်ခွဲပစ်ကြတော့လေ၏။
ထိုပေါက်ကွဲမှုတစ်ခုချင်းစီသည် တန်ခိုးရှင်ဘုရင် တတိယအဆင့်ကျင့်ကြံသူတစ်ဦးမှ ကိုယ့်ကိုကိုယ် ဖောက်ခွဲသည့် ပေါက်ကွဲအားနှင့်ညီပေသည်။ အဆက်မပြတ် ပေါက်ကွဲသံတို့ စဉ်ဆက်မပြတ် ထွက်ပေါ်လာလေ၏။
အစကတည်းက ဒဏ်ရာရထားပြီးဖြစ်သော နတ်ဆိုးများမှာ ထိုပေါက်ကွဲမှုများကြောင့် ပိုမိုဆိုးရွားသည့် ဒဏ်ရာများကို ရကုန်ကြလေ၏။
“ပိုင်းဖြတ်ပစ်လိုက်စမ်း” ချင်းကျောင်းရန်သည် သူ့ဓားသွားကိုဝှေ့ယမ်း၍ ဓားသွားချီတစ်ခုအား နတ်ဆိုးများဆီသို့ ပစ်လွှတ်လိုက်လေသည်။
သူ၏ဓားချက်ကြောင့် လိပ်နက်အစီအရင်နှင့် ဆယ်မီတာအကွာဆီသို့ ရောက်လာသော မြို့သခင်ချန်းမှာ နှစ်ပိုင်းပြတ်ထွက်သွားကာ မြေပေါ်သို့ ပြုတ်ကျသွားခဲ့လေ သည်။
သေရေးရှင်ရေးအခြေအနေနှင့် ကြုံတွေ့နေရပြီးမှန်း သိလိုက်သည့်အတွက်ကြောင့် ကျွမ်းပန်နှင့် တုလီရှန်းတို့မှာ တုန့်ဆိုင်းမနေတော့ဘဲ သူတို့၏အားအကောင်းဆုံးသော ဝှက်ဖဲများကိုထုတ်ကာ ကျန်းထိုက်ရှန်းနှင့် မြို့သခင်ကျိုး တို့အား တားဆီးကြတော့လေသည်။
ရန်ကိုင်သည် ဓားရှည်တစ်ချောင်းကိုထုတ်ကာ ထိုထဲသို့ ဓာတ်ကြီးငါးပါးအကြွင်းမဲ့ဓားချီများကို အရူးအမူး ထည့်သွင်းလိုက်လေ၏။ ထို့နောက် ထိုဓားရှည်သည် မြို့သခင်ကျိုးတည့်တည့်ဆီသို့ တိုးဝင်သွားခဲ့လေသည်။
“နဂါးဧကရာဇ်ခုတ်ချက်” လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်း တွမ့်ရန်ချန်းသည် ရှေ့တည့်တည့်အား ခုတ်ချလိုက်လေ၏။
နဂါးဟိန်းသံနှင့်အတူ နဂါးပုံရိပ်တစ်ခုသည် မြို့သခင်ကျိုးရင်ဘတ်တည့်တည့်ဆီသို့ တိုးဝင်သွားခဲ့လေ သည်။ ထိုနဂါးနှင့်အတွေ့တွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီဖြစ်သော မြို့သခင်ကျိုး၏ခန္ဓာကိုယ်မှာ ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့လေ၏။
“ကျန်းထိုက်ရှန်း ဘယ်မှာလဲ” ရုတ်တရက် ချင်းကျောင်းရန်၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။
သူတို့တိုက်ခိုက်ရင်း အလုပ်များနေစဉ်အတောအတွင်း ကျန်းထိုက်ရှန်းပျောက်ကွယ်သွားကြောင်းကို တွေ့ရှိလိုက်ရ လေသည်။ အကုန်လုံးသည် အလန့်တကြားဖြင့် သူတို့၏ ပတ်ဝန်းကျင်အား အလျင်စလိုစစ်ဆေးကြည့်တော့လေ၏။
“ဟိုမှာ” ရန်ကိုင်က ထအော်လိုက်လေသည်။ သူ့လက်ထဲရှိဓားရှည်မှာ တဆတ်ဆတ် တုန်ခါလာပြီးနောက် အလင်းတန်းတစ်ခုအသွင်သို့ပြောင်းလျက် ကျန်းထိုက်ရှန်း ရှိနေရာဆီသို့ တိုးဝင်သွားလေ၏။
“စွပ်” ကျန်းထိုက်ရှန်း၏ပုံရိပ် ပြန်ပေါ်လာခဲ့လေသည်။ ဓားရှည်တစ်ချောင်းသည် သူ့နှလုံးတည့်တည့်ရှိရာတွင် စိုက်ဝင်နေခဲ့လေ၏။ သို့တိုင် ရန်ကိုင်တို့အဖွဲ့မှာ လုံးဝ ပျော်ရွှင်နေခြင်း မရှိခဲ့ပေ။ ကျန်းထိုက်ရှန်းမှာ သူတို့အနီးသို့ ရောက်နေခဲ့လေပြီ။
သေကွင်းသေကွက်ဒဏ်ရာတစ်ခုကိုရထားသည့်တိုင် ကျန်းထိုက်ရှန်းသည် အေးစက်စက်အပြုံးကိုသာ ဆင်မြန်းထားလေ၏။ ထို့နောက်တွင် သူ့ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသည့် စွမ်းအင်အရှိန်အဝါတို့မှာ မတည်မငြိမ် ဖြစ်လာခဲ့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၉၇)
အကုန်လုံးရှေ့တည့်တည့်တွင်ပင် ကျန်းထိုက်ရှန်း၏ ခန္ဓာကိုယ်ကြီးမှာ လျင်မြန်စွာကြီးထွားလာခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း သူ့ခန္ဓာကိုယ်သည် လေတင်းလာသည့် ပူဖောင်းတစ်လုံးလိုဖြစ်လာကာ သူဝတ်ထားသော အဝတ်အစားများဟာလည်း ပေါက်ပြဲထွက်ကုန်လေသည်။
အလွန်ကိုမှ မတည်မငြိမ်ဖြစ်လာသည့် စွမ်းအင်လှိုင်းတို့ သူ့ခန္ဓာကိုယ်ဆီမှ ဖြာထွက်လာခဲ့လေ၏။ ထိုစွမ်းအင်လှိုင်းများကို ခံစားမိလိုက်သော် အကုန်လုံး ရင်တဒုန်းဒုန်းခုန်သွားကြလေသည်။
ထောင့်ခုနစ်သွယ်လိပ်နက်အစီအရင်မှာလည်း စတင်၍ မတည်မငြိမ်ဖြစ်လာလေသည်။
“သူ့ကို မြန်မြန်တား” ဟွာချင်းစီသည် ကြောက်လန့်တကြား ထအော်လေသည်။
သူမသည် တာအိုသခင်တတိယအဆင့်ပညာရှင်တစ်ဦး ဖြစ်သော်ငြား တာအိုသခင်ပထမအဆင့် ကျင့်ကြံသူတစ်ဦး၏ ကိုယ့်ကိုကိုယ်ဖောက်ခွဲအားကို အလွန်ကိုမှ လန့်မိပေသည်။
ထို့အပြင် ကျန်းထိုက်ရှန်းသည် သာမန်ကျင့်ကြံသူတစ်ဦး မဟုတ်ဘဲ နတ်ဆိုးချီကူးစက်ထားခြင်းခံရသည့် လူတစ်ဦး ဖြစ်သည်။ အကုန်လုံးသည်လည်း အလွန်ကိုမှ ထိတ်လန့်နေကြလေသည်။
သက်လတ်ပိုင်းလူကြီးသည် ဓားရှည်တစ်ချောင်းကို ထုတ်ယူ၍ ကျန်းထိုက်ရှန်းတည့်တည့်သို့ ပိုင်းချလိုက်လေ သည်။
တွမ့်ရန်ချန်း၊ ချင်းကျောင်းရန်၊ တုလီရှန်းနှင့် ရန်ကိုင်တို့သည်လည်း တစ်ပြိုင်တည်းလှုပ်ရှားလိုက်ကြလေ သည်။
သို့သော်ငြား ထိုအခိုက်အတန့်တွင် အကုန်လုံး ထင်မှတ်မထားသည့်အရာတစ်ခုဖြစ်လာခဲ့လေ၏။ ရုတ်တရက် ကျွမ်းပန်သည် ကြောက်လန့်တကြား ထအော်ရင်း အစွမ်းကုန်ထွက်ပြေးတော့လေသည်။
မူလကမူ ထောင့်ခုနစ်သွယ်လိပ်နက်အစီအရင်မှာ ပျက်စီးသွားခြင်းမရှိသေးဘဲ ကျန်းထိုက်ရှန်း၏ ကိုယ့်ကိုကိုယ်ဖောက်ခွဲမှုကို ခုခံနိုင်လောက်ပေသေးသည်။
သို့သော်ငြား ကျွမ်းပန်မှထွက်သွားသည့်အတွက် လိပ်နက်အစီအရင်မှာ စတင်၍မတည်မငြိမ်ဖြစ်လာကာ ပျက်စီးကာနီး ဖြစ်သွားလေ၏။
“ခွေးသူတောင်းစား” ထွက်ပြေးသွားသော ကျွမ်းပန်ကို ကြည့်ရင်း တွမ့်ရန်ချန်း သွေးအန်လုမတတ် ဖြစ်သွားခဲ့လေ သည်။
“မြန်မြန်ပြန်လာခဲ့ ရောင်းရင်းကျွမ်း” တုလီရှန်းကလည်း အသံအကျယ်ကြီးထအော်လေ၏။
သို့တိုင် ကျွမ်းပန်မှာမူ အကုန်လုံး၏အော်ပြောသံကို ဂရုစိုက်မနေဘဲ အစွမ်းကုန်သာ ထွက်ပြေးနေလေ၏။
“ဘုန်း” ဧရာမပေါက်ကွဲသံကြီးနှင့်အတူ မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ခါလာခဲ့လေသည်။ ကျန်းထိုက်ရှန်း ရှိနေခဲ့သောနေရာတွင် အနက်ရောင်တွင်းနက်ကြီးတစ်ခု ထွက်ပေါ်လာခဲ့လေ၏။
ထိုတွင်းနက်ကြီးထဲ မည်သည့်အလင်းကိုမှ မတွေ့ရ။ အရာအားလုံးသည် ဗလာနတ္ထိဖြစ်ကာ မှောင်မိုက်နေလေ၏။
အစီအရင်၏ထိပ်ဆုံးတွင် ရှိနေသူတစ်ဦးဖြစ်သည့် အတွက်ကြောင့် တွမ့်ရန်ချန်းမှာ ဆိုးဆိုးရွားရွား ခံစားလိုက်ရကာ သွေးတစ်ပွက်ထိုးအန်လိုက်ရလေသည်။ သူ့အရှိန်အဝါမှာလည်း သိသိသာသာကိုလျော့ကျသွားခဲ့၏။
သက်လတ်ပိုင်းလူကြီးနှင့်ဟွာချင်းစီတို့မှာလည်း မသက်သာ။ သူတို့၏မျက်နှာတစ်ပြင်လုံးဖြူလျော်သွားပြီး နှာခေါင်းနှင့်ပါးစပ်များဆီမှ သွေးများစီးကျလာခဲ့ရလေသည်။
ကံကောင်းစွာဖြင့် အားကောင်းလှသော သူတို့၏ ကျင့်ကြံခြင်းကြောင့် ပေါက်ကွဲရာမှ ထွက်လာသော စွမ်းအင် တော်တော်များများကို ခုခံနိုင်ခဲ့ပေသည်။
အဖွဲ့ထဲတွင် အားအနည်းဆုံးဖြစ်သော ချင်းကျောင်းရန်နှင့် တုလီရှန်းတို့မှာတော့ ဆိုးဆိုးရွားရွားကို ခံလိုက်ကြရလေ သည်။ ချင်းကျောင်းရန်သည် ပေါက်ကွဲမှုကြောင့် လွင့်ပျံ ထွက်သွားခဲ့ပြီး ခပ်လှမ်းလှမ်းတစ်နေရာဆီသို့ ရောက်သွားခဲ့ပြီး သေသလား ရှင်သလား မသိရတော့ချေ။
တုလီရှန်းမှာမူ သူ့ခါးတစ်ဝက်ပြတ်ထွက်သွားခဲ့ပြီး နေရာတွင်ပင် ပွဲချင်းပြီးသေသွားခဲ့၏။
ရန်ကိုင်မှာမူ အရင်းအမြစ်ချီကိုသုံးရင်း သူ့ကိုယ်သူ ကာကွယ်လျက် တစ်ချိန်တည်းတွင် ချင်းယုကိုပါ ကာကွယ်ပေးလိုက်လေသည်။
တန်ခိုးရှင်ဒုတိယအဆင့်ကျင့်ကြံသူတစ်ဦးသာဖြစ်သည့် အတွက်ကြောင့် ချင်းယုအနေဖြင့် ဤပေါက်ကွဲအားကို မည်သို့မှ ခုခံနိုင်လိမ့်မည်မဟုတ်ပေ။
ထို့အပြင် သူမသာသေသွားခဲ့လျှင် အစီအရင်အား ပြန်ပြင်မည့်သူတို့၏အကြံအစည်သည် လုံးဝကို ဖြစ်နိုင်တော့လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ကျန်းထိုက်ရှန်း ကိုယ့်ကိုကိုယ် ဖောက်ခွဲတော့မည်ကိုမြင်သော် ရန်ကိုင့်၏ခေါင်းထဲ ပေါ်လာသည့်ပထမဦးဆုံးသော အတွေးသည် ချင်းယု၏ လုံခြုံရေးပင်ဖြစ်လေသည်။
ကြောက်မက်ဖွယ်ရာအဖျက်စွမ်းအင်လှိုင်းတို့ ဖြာထွက်လာသည့်နောက်တွင် ရန်ကိုင်သည် သူ၏ လေဟာနယ်စွမ်းအားပညာရပ်ဖြစ်သော တွင်းနက်ကို ထုတ်သုံးလိုက်လေ၏။
စွမ်းအင်အများစုကို တွင်းနက်မှစုပ်ယူသွားသည့်တိုင် လက်ကျန်စွမ်းအင်ကို ခံစားမိလိုက်သည့်နောက် သူ့တစ်ကိုယ်လုံး ဗလောင်ဆူသွားခဲ့ရလေသည်။ အလွန်ပြင်းထန်သည့်ဒဏ်ရာနှင့်နာကျင်မှုကြောင့် သွေးတစ်ပွက်ထိုးအန်လိုက်ရ၏။
ပေါက်ကွဲမှုကို ခံစားလိုက်ပြီးသည့်နောက်တွင် အကုန်လုံးဆိုးဆိုးရွားရွား ထိခိုက်သွားကြရလေသည်။ ပုံမှန်အားဖြင့် တာအိုသခင်ပထမအဆင့်ကျင့်ကြံသူတစ်ဦး၏ ပေါက်ကွဲမှုမှာ ဤမျှမပြင်းထန်သင့်ပေ။
ကျန်းထိုက်ရှန်းသည် နတ်ဆိုးချီကူးစက်ထားခြင်း ခံရသည့်လူတစ်ဦးဖြစ်နေသည့်အတွက်ကြောင့်သာ ဤမျှ ပြင်းထန်သည့် ပေါက်ကွဲမှုကို ဖြစ်ပေါ်စေနိုင်ခဲ့ခြင်းဖြစ်သည်။
“ယုအာ အစီအရင်ပြန်ပြင်တာ ဘယ်လိုနေလဲ” တွမ့်ရန်ချန်းသည် ရုတ်တရက် ချင်းယုဘက်သို့လှည့်၍ မေးလိုက်လေသည်။
လက်ရှိတွင် တာအိုသခင်အဆင့်ကျင့်ကြံသူ ခုနစ်ဦးအနက် တစ်ယောက်မှာထွက်ပြေးသွားပြီး တစ်ယောက်မှာ သေသွားခဲ့ရသည်။ ကျန်တစ်ဦး၏အခြေအနေမှာလည်း မသိရသေးပေ။
ထို့ကြောင့် ထောင့်ခုနစ်သွယ်လိပ်နက်အစီအရင်အား ဆက်၍ထုတ်မသုံးနိုင်တော့ပေ။ အစီအရင်ကိုသာ ပြန်ပြင်ပြီးသွားခဲ့ပြီဆိုလျှင် သူတို့အနေဖြင့် မေပယ်မြို့သို့ ချက်ချင်းပြန်သွားနိုင်ပေသည်။ မပြီးသေး၍ ခဏလောက် ဆက်စောင့်ရအုံးမည်ဆိုလျှင်ပင် သူတို့၏လက်ရှိခွန်အားဖြင့် ခုခံနိုင်လောက်ပေသေးသည်။
သို့သော်ငြား အတော်လေးကြာအုံးမည်ဆိုလျှင်တော့ မေပယ်မြို့သို့ ချက်ချင်းပြန်သည်မှာ အကောင်းဆုံးပင် ဖြစ်လေသည်။
အကုန်လုံး၏အကြည့်သည် ချင်းယုဆီသို့ ရောက်လာခဲ့လေ၏။ သို့သော်ငြား ချင်းယုဘက်သို့ လှည့်ကြည့်မိလိုက်သည့်အခိုက် အကုန်လုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြလေသည်။
ယခင်ကနှင့်စာလျှင် ကျောက်တုံးနံရံပေါ်ရှိ ချိပ်စည်းမှာ ပို၍ဆိုးဆိုးရွားရွားထိခိုက်နေကြောင်း တွေ့ရှိလိုက်ရသည်။ ဤသို့ဖြစ်ရခြင်းမှာ ကျန်းထိုက်ရှန်း၏ ကိုယ့်ကိုကိုယ် ဖောက်ခွဲမှုကြောင့်ပင်ဖြစ်လေသည်။
ထို့အပြင် စွမ်းအင်တစ်မျိုးမျိုးကို စုပ်ယူလိုက်ရသည့် အလား အစီအရင်ပေါ်ရှိ မျဉ်းကြောင်းများမှာ ရွှေရောင် တလက်လက်တောက်ပနေခဲ့လေသည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ ကျောက်နံရံပေါ်မှ ထွက်ပေါ်နေသည့် စွမ်းအားတစ်မျိုးကြောင့် အကုန်လုံးမှာ သူတို့အကြည့်ကို မလွှဲဖယ်နိုင်အောင် ဖြစ်ပေါ်နေခဲ့လေသည်။
အကုန်လုံး၏ရင်ထဲ ထိတ်လန့်သွားခဲ့ပြီး ကိုယ့်လျှာ ကိုယ်ကိုက်ကာ မိန်းမောနေရာမှ ရုန်းထွက်လိုက်လေသည်။ တစ်ချိန်တည်းတွင် သူတို့၏မျက်လုံးများကို ပိတ်လိုက်ကြလေ၏။
“ဒီမှာဆက်နေလို့မရတော့ဘူး။ မြန်မြန်ပြန်ကြရအောင်” သူတို့အောင်မြင်တော့မည်မဟုတ်မှန်း သိလိုက်သော် တွမ့်ရန်ချန်းသည် ချင်းကျောင်းရန်ဆီသို့ ချက်ချင်း ပြေးထွက်သွားလေသည်။
သူ့လက်ကိုဆန့်ထုတ်၍ ချင်းကျောင်းရန်၏ အသက်ရှူနှုန်းကို စစ်ဆေးကြည့်လိုက်၏။ ချင်းကျောင်းရန် အသက်ရှင်နေသေးမှန်းသိသော် ချက်ချင်းပဲ သူ့အား ကုန်းပိုးလိုက်လေသည်။
သက်လတ်ပိုင်းလူကြီးနှင့် ဟွာချင်းစီသည်လည်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့နှစ်ဦးစလုံးသည်လည်း ပြန်ဆုတ်ချင်နေကြလေပြီ။
“မောင်လေး သွားကြရအောင်” ဟွာချင်းစီသည် မတ်တပ်ရပ်နေသေးသော ရန်ကိုင့်ဘက်သို့ လှမ်း၍ အော်ပြောလိုက်လေသည်။
“စီနီယာရန်နဲ့ပတ်သက်ပြီး တစ်ခုခု ထူးဆန်းနေတယ်” ဟွာချင်းစီကပြောလိုက်၏။
ရန်ကိုင်မှ ကာကွယ်ပေးထားသည့်အတွက်ကြောင့် ချင်းယုမှာ မည်သည့်ဒဏ်ရာမှ ရမသွားခဲ့ပေ။ အပြန်အလှန် အနေဖြင့် ရန်ကိုင်မှာ ပေါက်ကွဲအားကို တစ်ကိုယ်တည်း စီးခံလိုက်ရသည့်အတွက်ကြောင့် သွေးတစ်ပွက် ထိုးအန်လိုက်ရလေ၏။
သူအန်ချလိုက်သည့်သွေးသည် အစီအရင်တည့်တည့်သို့ ကျဆင်းသွားခဲ့လေသည်။ ထိုအချင်းအရာကို ချင်းယု သေသေချာချာမြင်လိုက်ရသည်။
ရန်ကိုင်၏ရွှေရောင်သွေးများ အစီအရင်ပေါ်သို့ ကျသွားချိန် အစီအရင်တစ်ခုခုပြောင်းလဲသွားပြီး အသက်ဝင်လာသည့်နှယ် ထိုနေရာဆီမှ အားကောင်းလှသည့် နတ်ဆိုးစွမ်းအင်တို့ ဖြာထွက်လာသည်ကို သူမ တွေ့ရှိလိုက်ရပေသည်။
လက်ရှိတွင် ရန်ကိုင်နှင့်ချိပ်စည်းကြား ပြောပြမရသော ဆက်သွယ်ချက်တစ်ခုရှိနေသည်ဟု သူမစိတ်ထဲ ခံစားနေရ၏။
“သူဘာဖြစ်သွားတာလဲ” ဟွာချင်းစီသည်လည်း ရုတ်တရက်အဖြစ်အပျက်ကြောင့် ထိတ်လန့်သွားခဲ့လေသည်။
“ကျွန်မလည်းမသေချာဘူး” ချင်းယုသည် ခေါင်းခါလျက် ရန်ကိုင့်ကိုသာ စိုက်ကြည့်နေခဲ့လေ၏။
တွမ့်ရန်ချန်း၏အမူအရာသုန်မှုန်သွားခဲ့ပြီး ချက်ချင်းပဲ ရန်ကိုင့်ဆီသို့သွားကာ သူ့အခြေအနေကို စစ်ဆေးကြည့်လိုက်လေသည်။ ထို့နောက် သူ့အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေ၏။
အကြောင်းမှာ ရန်ကိုင်သည် မျက်လုံးအပြူးသား ဖြစ်နေပြီး သူ့မျက်လုံးများဆီမှ ရွှေရောင်သွေးများ စီးကျနေသည်ကို တွေ့ရှိလိုက်ရသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။
ရန်ကိုင်သည် တစ်စုံတစ်ခု၏ဆွဲယူခြင်းခံနေရသည့်အလား ချိပ်စည်းကိုသာ တစိုက်မတ်မတ်စိုက်ကြည့်နေခဲ့သည်။ ထို့အပြင် ရန်ကိုင်ကို ကြည့်ရသည်မှာ ရုန်းကန်နေသည့် ပုံစံမျိုးပေါက်နေသော်ငြား သူမည်သို့ပင်ကြိုးစားနေကာမူ လက်ရှိဖြစ်ပျက်နေသည့်ပုံစံမှ ရုန်းမထွက်နိုင်ခဲ့ပေ။
ရုတ်တရက် ချိပ်စည်းဆီမှ နတ်ဆိုးချီတို့ ပေါက်ကွဲ ထွက်လာခဲ့ပြီး ရန်ကိုင့်ဆီသို့ တိုးဝင်လာခဲ့လေသည်။ ထိုနတ်ဆိုးချီတို့သည် ကြိုးတစ်ချောင်းနှယ် ရန်ကိုင့်အား တင်းတင်းကြပ်ကြပ်ချုပ်နှောင်၍ ကျောက်နံရံဆီသို့ ဆွဲခေါ်သွားလေ၏။
ရန်ကိုင့်၏အရှိန်အဝါမှာလည်း တမဟုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး ပိန်းပိန်းပိတ်မည်းမှောင်နေသော နတ်ဆိုးအမှတ်အသားတို့မှာ သူ့အရေပြားထက်တွင် စတင် ထွက်ပေါ်လာခဲ့လေသည်။
“နတ်ဆိုးအသွင်ပြောင်းသွားတာလား” တွမ့်ရန်ချန်း အလန့်တကြား ထအော်လေ၏။
ထိုအချင်းအရာကိုမြင်သော် ရန်ကိုင် နတ်ဆိုးချီ ကူးစက်ခံလိုက်ရပြီမှန်း တွမ့်ရန်ချန်း နားလည်လိုက်လေသည်။ ရန်ကိုင့်အနေဖြင့် ကျန်းထိုက်ရှန်းကဲ့သို့သော နတ်ဆိုးတစ်ကောင်အသွင်သို့ ပြောင်းလဲရန် သိပ်မကြာတော့ပေ။
ထို့ကြောင့် နည်းနည်းလေးမှ တုန့်နှေးမနေတော့ဘဲ ချင်းယုအား ဆွဲခေါ်၍ သတိလစ်နေသော ချင်းကျောင်းရန်ကို ပုခုံးပေါ်ထမ်းထားရင်း ဟွာချင်းစီနှင့် သက်လတ်ပိုင်းလူကြီး ဘက်သို့ လှမ်းအော်ပြောလိုက်လေသည်။ “ဒီတွမ့် အရင်သွားတော့မယ်”
ပြောပြီးသည်နှင့် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် မေပယ်မြို့ဆီသို့ ပြေးထွက်သွားလေ၏။ လက်ရှိသူ့ကိုယ်ထဲတွင် ကျန်ရှိနေသော စွမ်းအားပမာဏဖြင့် မေပယ်မြို့သို့ပြန်ရန် လုံလောက်လောက်ပေသည်။
မေပယ်မြို့ဆီသို့သာ ပြန်ရောက်သရွေ့ သူ့အနေဖြင့် မြို့၏အကာအကွယ်အစီအရင်ကိုသုံးကာ နတ်ဆိုးချီကို ခုခံနိုင်သည်။
“စီနီယာရန်ကော” ချင်းယုက ထိတ်လန့်တကြား ထမေးလေသည်။
ရန်ကိုင် ယခုကဲ့သို့ဖြစ်ရခြင်းမှာ သူမကြောင့်လည်း ပါပေသည်။ ရန်ကိုင်မှ သူမအား ကာကွယ်ပေးထားရသည့် အတွက်ကြောင့်သာမဟုတ်လျှင် အစီအရင်တည့်တည့်ဘက်သို့ စိုက်ကြည့်နေမိမည်မဟုတ်သလို သူအန်လိုက်သည့် သွေးသည်လည်း အစီအရင်ပေါ်သို့ ကျသွားလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ချင်းယုမှာ တိတ်တိတ်မနေနိုင်ခဲ့။
မည်သို့ပင် ဖြစ်နေစေကာမူ သူမ၏ကျင့်ကြံခြင်းမှာ အလွန်ကိုမှ နိမ့်ကျနေသည့်အတွက် လက်ရှိအခြေအနေနှင့် ပတ်သက်၍ ဘာမှလုပ်မပေးနိုင်ပေ။
“သူ့ကိုသွားစိတ်ပူမနေနဲ့” တွမ့်ရန်ချန်းက ပြန်ပြောလိုက်ပြီးနောက် သူ့အရှိန်အား ချက်ချင်း တင်လိုက်လေ၏။
တစ်ဖက်တွင်မူ သက်လတ်ပိုင်းလူကြီးနှင့် ဟွာချင်းစီသည် ချက်ချင်း ပြန်မဆုတ်သေးပေ။ သူတို့၏ အားကောင်းလှသောကျင့်ကြံခြင်းကြောင့် ဤနေရာတွင် စုဝေးနေသော နတ်ဆိုးချီများကို သိပ်မကြောက်လှ။
ထို့အစား နှစ်ဦးစလုံးသည် ရန်ကိုင့်အား ထူးဆန်းစွာ စိုက်ကြည့်နေခဲ့သည်။ ချက်ချင်းဆိုသလို သက်လတ်ပိုင်း လူကြီးသည် အေးစက်စက်ရယ်မော၍ အော်ပြောလိုက်လေ သည်။ “ဟဲဟဲဟဲ နတ်ဆိုးချီကူးစက်ခံလိုက်ရပြီဆိုမှတော့ မင်းကနတ်ဆိုးတစ်ကောင်ဖြစ်လာပြီပေါ့။ အဲ့ဒါကြောင့် ဒီဘုရင် မင်းကိုသတ်တာ မကောင်းမှုကို ရှင်းလင်းပစ်လိုက်တာနဲ့အတူတူပဲဖြစ်သွားပြီ”
သူ့လက်ထဲတွင် လှံတိုရုတ်တရက်ပြန်ပေါ်လာပြီး ထိုထဲသို့ အရင်းအမြစ်ချီထည့်သွင်းကာ ရန်ကိုင့် ခေါင်းတည့်တည့်သို့ ပစ်ထည့်လိုက်လေသည်။
သို့သော် ထိုအချိန်တွင် ဟွာချင်းစီသည် သူမလက်ကို ဆန့်ထုတ်၍ လှံတိုတည့်တည့်ဆီသို့ ရောင်စဉ်အလင်းတန်း တစ်ခုကို ပစ်လွှတ်လိုက်လေ၏။
“နင်ဘာလုပ်နေတာလဲ။ နင်လဲ နတ်ဆိုးဖြစ်သွားတာလား” သက်လတ်ပိုင်းလူကြီး ဒေါသတကြီး ထအော်လေ၏။
ဟွာချင်းစီကမူ တခစ်ခစ်ရယ်မောလျက် “ကျွန်မပုံစံက နတ်ဆိုးဖြစ်သွားတဲ့ပုံစံနဲ့တူလို့လားဟင် ဆရာ”
“ဒါဆို နင်ဘာဖြစ်လို့ ငါ့တိုက်ခိုက်မှုကို လာတားတာလဲ”
“ခုနတုန်းကပဲ ဒီမောင်လေးက ကျွန်မတို့နဲ့အတူ ပူးပေါင်းပြီး အစီအရင်ကိုပြန်ပြင်ဖို့ ကြိုးစားနေတာလေ။ အခု ဆရာက သူ့ကိုသတ်ချင်နေတာလား။ ဆရာ့ပုံစံက နည်းနည်း သွေးအေးရာမရောက်ဘူးလား” ဟွာချင်းစီသည် သက်လတ်ပိုင်းလူကြီးအား အထင်မြင်တသေးဖြင့် စိုက်ကြည့်၍ လှောင်ပြောင်လိုဟန်ဖြင့် ပြောလိုက်လေ၏။ “ဆရာ သဘောထားပြောင်းတာ တစ်စက္ကန့်လေးတောင် မကြာဘူးနော်”
“သူ့လိုကောင်ကို ငါကဘာဖြစ်လို့ ကြင်နာပြနေရမှာလဲ”
“ဆရာကြင်နာနေစရာမလိုပါဘူး။ ကျွန်မကတော့ ကူညီပေးမှရမှာလေ” ဟွာချင်းစီက ချိုသာစွာရယ်မောလျက် “ခုနတုန်းက ကျွန်မသူ့ကို ကာကွယ်ပေးမယ်လို့ပဲ ပြောထားခဲ့တာ။ အခုဆရာက သူ့ကိုတိုက်ခိုက်နေတယ် ဆိုမှတော့ ကျွန်မက ဒီအတိုင်းငြိမ်နေလို့ဘယ်ဖြစ်ပါ့မလဲ။ ဒါကြောင့် ကျွန်မကိုမျက်နှာသာပေးပြီး သူ့ကို မတိုက်ခိုက်လို့ မရဘူးလား”
“ဒီဘုရင်က နင့်ကိုမျက်နှာသာပေးရမယ်။ နင်က ဘယ်သူမို့လို့လဲ” သက်လတ်ပိုင်းလူကြီးက မျက်လုံး မှေးစင်းလျက် ပြန်အော်ပြောလေ၏။ “မြန်မြန် ထွက်သွားလိုက်တော့။ မဟုတ်ရင် ဒီဘုရင်ကို ရိုင်းလို့ဆိုပြီး လာအပြစ်မတင်နဲ့”
“အိုက်ယား.. ကြောက်လိုက်တာနော်” ဟွာချင်းစီသည် နိမ့်ချည်မြင့်ချည်ဖြစ်နေသော သူမ၏ရင်ဘက်ကို လက်ဖြင့် ပုတ်ရင်း ကြောက်လန့်တကြားအမူအယာ လုပ်ပြလိုက်လေသည်။
ထို့နောက် တခစ်ခစ်ထရယ်မောလျက် “ဒီလောက်လေးနဲ့ ဒေါသထွက်သွားတာလားဆရာ။ ဒေါသထွက်တယ်ဆိုတာ မကောင်းဘူးနော်။ ဒေါသထွက်လွန်းရင် အသက်တိုတယ်တဲ့”
“မိန်းမပျက်မ ငါ့ကိုထပ်ကာထပ်ကာ လာရန်စနေတာ။ ငါသည်းခံလွန်းနေတယ်ဆိုပြီး လုပ်နေတာလား။ ကောင်းပြီလေ နင်ကသေချင်နေတယ်ဆိုမှတော့ ဒီဘုရင်ကို ရက်စက်လို့ဆိုပြီး အပြစ်မတင်နဲ့ပေါ့” ထိုသို့ ပြောပြီးသည့် နောက်တွင် သက်လတ်ပိုင်းလူကြီးလက်ထဲရှိ လှံတိုမှာ တဆတ်ဆတ်တုန်ခါလျက် လှံတိုရှစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားကာ ဟွာချင်းစီဆီသို့ တိုးဝင်လာလေသည်။
တိုက်ခိုက်မှုနှင့်ရင်ဆိုင်ရသော် ဟွာချင်းစီမှာ နည်းနည်းလေးမှ သတိလက်လွတ်မနေရဲ။ လက်ကွက်တစ်ခုကို ဖန်တီးလိုက်ရာ သူမ၏ခန္ဓာကိုယ်ရှေ့ ကြယ်ရောင် အလင်းစက်များ ထွက်ပေါ်လာခဲ့လေသည်။
ကြယ်ရောင်အလင်းစက်များသည် တစ်ခုနှင့်တစ်ခု ဆက်သွားပြီးသည့်နောက် ကြယ်အလင်းတန်းတစ်ခုအသွင်သို့ ပြောင်း၍ ရာပေါင်းများစွာသော ကြယ်မြှားများအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
ထို့နောက် ထိုမြှားများသည် တိုးဝင်လာနေသည့် လှံတိုရှစ်ချောင်းဆီသို့ တိုးဝင်သွားလေ၏။
“ကြယ်ဖမ်းမြှား” ဟွာချင်းစီထုတ်သုံးလိုက်သည့် တိုက်ကွက်ကိုမြင်သော် သက်လတ်ပိုင်းလူကြီး၏ အမူအယာ ပြောင်းလဲသွားခဲ့လေသည်။
သူ့မှော်ရတနာကိုထိန်းချုပ်၍ သူမ၏တိုက်ကွက်ကို ခုခံရင်း အော်ပြောလိုက်လေ၏။ “နင်က ကြယ်ဝိဉာဉ် နန်းတော်ကလူလား”
“ဟဲဟဲဟဲ အဲ့တော့ဘာဖြစ်လဲ” ဟွာချင်းစီက ချိုသာစွာ ရယ်မောလိုက်လေ၏။ ထိုသို့ရယ်မောနေရင်း လက်နှစ်ဖက်ကို ပူးကပ်၍ ရှုပ်ထွေးသော လက်ကွက်များကို ဖန်တီးတော့လေသည်။
ထို့နောက် သက်လတ်ပိုင်းလူကြီးတည့်တည့်သို့ လက်ညိုးထိုးရင်း အော်ပြောလိုက်လေ၏။ “ကြယ်ကြွေတိုက်ကွက်”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၉၈)
တလက်လက် တောက်ပနေသော ကြယ်အလင်းတန်းတို့သည် ဥက္ကာခဲများနှယ် အရှိန်အဟုန်ပြင်းစွာဖြင့် ကောင်းကင်ပေါ်မှာ သက်လတ်ပိုင်းလူကြီးပေါ်သို့ တစ်ဟုန်ထိုး ပြုတ်ကျလာလေသည်။
ကြယ်ဖမ်းမြှားနှင့် ကြယ်ကြွေတိုက်ကွက်တို့သည် ကြယ်ဝိဥာဉ်နန်းတော်၏ သိုင်းပညာရပ်များဖြစ်ကြသည်။ ဟွာချင်းစီ အနေဖြင့် ထိုပညာရပ်များကို အသုံးပြုနိုင်ရခြင်းမှာ ကြယ်ဝိဥာဉ်နန်းတော်၏ အဖွဲ့သားတစ်ဦး ဖြစ်နေသည့် အတွက်ကြောင့်သာလျှင် ဖြစ်ရပေမည်။
ဟွာချင်းစီ၏ ဇာတ်မြစ်ကို ရှာတွေ့သွားပြီးနောက်တွင်တော့ သက်လတ်ပိုင်း လူကြီး၏ရင်ထဲ အလွန်တရာကိုမှ ခါးသက်သွားလေတော့သည်။
အကုန်လုံးနှင့် စတွေ့ကတည်းက မောက်မာဝံ့ကြွား၊ မည်သူ့ကိုမှ မျက်လုံးထဲ မထည့်သည့် အမူအရာမျိုး လုပ်ပြနေရခြင်းမှာ သူ၏ မြင့်မားသော ကျင့်ကြံခြင်းကြောင့် ဖြစ်သလို သူတော်စင်နန်းတော်၏ နောက်ခံကြောင့်လည်း ဖြစ်ပေသည်။
တောင်ဘက်နယ်မြေထဲတွင် သူတော်စင်နန်းတော်သည် ထိပ်တန်းအဆင့် အင်အားစုတစ်ခု မဟုတ်သည့်တိုင် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ပိုင်ဆိုင်ထားသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည့်အတွက် အတော်လေး နာမည်ကျော်သည်ဟု ပြော၍ရသည်။ ထိုကြောင့်သာ မဟုတ်လျှင် နင်ယွမ်ချန်းနှင့် သက်လတ်ပိုင်းလူကြီးသည် ဤမေပယ်မြို့ထဲတွင် ဘာကြောင့်များ မာနတစ်ခွဲသားဖြင့် လှုပ်ရှားနိုင်မည်နည်း။
သို့သော်လည်း ယခု ဟွာချင်းစီ၏ နောက်ခံမှာ သူ့ထက် အဆပေါင်းများစွာ ပိုမို ကြောက်မက်ဖွယ်ကောင်းနေကြောင်း သိသွားပြီးနောက်တွင်တော့ သက်လတ်ပိုင်း လူကြီးမှာ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားမိသလို ရှက်လည်း ရှက်မိသွားခဲ့၏။ သူ့စိတ်ထဲ မောက်မာချင်နေသည့်တိုင် လုံးဝ မမောက်မာနိုင်တော့ချေ။ လက်ရှိ ကိစ္စနှင့် ပက်သက်၍လည်း အလွန်ကိုမှ ကူကယ်ရာမဲ့နေမိတော့သည်။
သူ့ပြိုင်ဘက်သည် တောင်ဘက်နယ်မြေ၏ အရှင်သခင်ဖြစ်သော ကြယ်ဝိဥာဉ်နန်းတော်၏ တပည့်တစ်ဦးဖြစ်သည်။ သူ့အနေဖြင့် ထိုကဲ့သို့သော လူတစ်ဦးအား မည်ကဲ့သို့ သွားရန်စရဲမည်နည်း။ တိုက်ခိုက်နေရင်း သူရှုံးသွားခဲ့လျှင် အဆင်ပြေသေးသည်။ နိုင်များ နိုင်သွားခဲ့လျှင်တော့... အကျိုးဆက်ကား မတွေးရဲစရာပင်။
ထို့အတွက်ကြောင့် သက်လတ်ပိုင်းလူကြီးမှာ တန်ပြန် မတိုက်ခိုက်ရဲတော့ဘဲ ဟွာချင်းစီ တိုက်ခိုက်သမျှကိုသာ ရင်နာနာဖြင့် ခုခံနေရတော့လေသည်။ ရန်ကိုင်ကမူ စိတ်ထဲ အဆက်မပြတ် အော်ဟစ်ကျိန်ဆဲနေရင်း ချိတ်စည်းရှေ့တည့်တည့်တွင် ငြိမ်သက်စွာ ရပ်နေခဲ့လေသည်။
သူအန်ချလိုက်သည့် ရွှေရောင်သွေး ချိတ်စည်းပေါ်သို့ ကျရောက်သွားသည်နှင့် တစ်ပြိုင်နက် သူနှင့် ချိတ်စည်းကြားတွင် ဖော်ပြမရသော နှောင်ကြိုးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ ချိတ်စည်းနောက်ကွယ်တွင် သူ့အား တိတ်တဆိတ် စောင့်ကြည့်နေသော ကြောက်မက်ဖွယ်ကောင်းလွန်းလှသည့် အသိစိတ်တစ်ခု ရှိနေသည်ကို ရန်ကိုင် အသေအချာ ခံစားနေခဲ့ရသည်။ ထိုအသိစိတ်ကြောင့် ရန်ကိုင် တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ပြီး နည်းနည်းလေးမှပင် မလှုပ်နိုင်တော့ချေ။
ထို့ကြောင့်ပင်လျှင် နတ်ဆိုးချီများမှာ သူ့ကိုယ်ထဲသို့ အဆီးအတားမရှိ စီးဝင်နေသည်ကို ရန်ကိုင်မှ နည်းနည်းလေးမှကို မတားဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဖြစ်ပျက်နေသည့် အရာအားလုံးကို ရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
ချိတ်စည်းနောက်ကွယ်တွင် မည်သည့်အရာ ရှိနေသလဲဆိုသည်ကို အတိအကျ မသိပေ။ ကျန်းချူဟဲ၏ အသိစိတ်ပင်လယ်မှတစ်ဆင့် သူသိထားသည်မှာ ရှေးဟောင်းနတ်ဆိုး၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပြီး မည်သည့် ခန္ဓာကိုယ်အစိတ်အပိုင်း ဖြစ်သလဲ ဆိုသည်ကိုတော့ မသိချေ။
မည်သို့ပင် ဖြစ်နေစေကာမူ ထိုအရာ ဤနေရာ၌ ရှိနေရခြင်းမှာ အမြစ်ပြတ် ရှင်းပစ်၍ မရသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။ ထို့ကြောင့်သာ မဟုတ်လျှင် ရှေးခေတ်မှ ဧကရာဇ်အဆင့် ပညာရှင်များသည် ရှေးဟောင်းနတ်ဆိုး၏ ခန္ဓာကိုယ်အစိတ်အပိုင်းကို ဤနေရာ၌ လာချိတ်ပိတ်ထားလိမ့်မည် မဟုတ်ချေ။
နတ်ဆိုးချီများ သူ့ကိုယ်ထဲသို့ စီးဝင်လာနေသည့်အလျောက် ရန်ကိုင်၏ စိတ်မှာ တဖြည်းဖြည်း နောက်ကျိကျိ ဖြစ်လာခဲ့လေသည်။ သူ့အသိစိတ်အလုံးစုံမှာ စတင်၍ ဝေဝါးလာခဲ့လေသည်။
သက်လတ်ပိုင်းလူကြီး သူ့အား တိုက်ခိုက်လာသည်ကို မြင်သည့်အခါ သူသေပြီဟုသာ တွေးလိုက်မိသည်။ သို့သော်ငြား ထိုကဲ့သို့ အချိန်မျိုးတွင် ဟွာချင်းစီသည် သက်လတ်ပိုင်း လူကြီး၏ တိုက်ခိုက်မှုကို ဝင်တားလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။ ထို့ကြောင့် သူ့စိတ်ထဲ ဝမ်းသားသွားမိသွားလေ၏။ တစ်ချိန်တည်းတွင်လည်း ဟွာချင်းစီအပေါ် သံသယ ဖြစ်မိသွားလေသည်။
နတ်ဆိုးချီများ ပိုပို၍ စီးဝင်လာသော် ရန်ကိုင် တစ်ကိုယ်လုံးသည် နတ်ဆိုးချီထဲ လုံးဝကို ပျောက်ကွယ်သွားတော့လေသည်။ ရုတ်တရက် ရန်ကိုင်၏ အသိစိတ်ပင်လယ်ဆီမှ အသံအကျယ်ကြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။
ထိုအသံသည် သူ၏ ထိတ်လန့်တုန်လှုပ်မှုကို သရုပ်ဖော်ထင်ဟပ် ပြသနေသည့် အသံမျိုးဖြစ်သလို ထင်ရသလို ရှေးခေတ်အချိန်များမှ ဆင့်ခေါ်သံ အသံတစ်မျိုးနှင့်လည်း ဆင်တူနေသလို။ ထိုနားပင်းမတတ် ကျယ်လောင်သော အသံထွက်ပေါ်လာသည်နှင့် ရန်ကိုင်၏ ဒွါရခုနှစ်ပေါက်ဆီမှ သွေးများ ယိုစီးကျလာခဲ့လေသည်။
သို့ရာတွင် ရွှေရောင်သွေးစက်များသည် မြေပြင်ပေါ်သို့ ကျဆင်းသွားခြင်း မရှိဘဲ အားတစ်ခုခု၏ ဆွဲယူခြင်းခံနေရသည့်အလား နံရံပေါ်ရှိ ချိတ်စည်းပေါ်သို့သာ အလိုလို စီးဆင်းသွားခဲ့လေသည်။ ရုတ်တရက် ရန်ကိုင် တစ်ကိုယ်လုံး တုန်ရီလာပြီး မျက်လုံးဖွင့်ကာ သူ့ရှေ့တည့်တည့်သို့ စိုက်ကြည့်လိုက်လေသည်။
ရန်ကိုင် ကိုယ်တိုင်သည် မည်သည့် အလင်းရောင်မှမရှိသော အမှောင်ဖုံးနေသည့် ကျောချမ်းဖွယ်ရာကောင်းသော တွင်းနက်တစ်ခုထဲသို့ ရောက်သွားသည့်အလား သူ့ပတ်ဝန်းကျင်တစ်ခုလုံးသည် အကြွင်းမဲ့ မှောင်မိုက်နေခဲ့လေသည်။ ထိုအမှောင်ထုကြီး၏ အလယ်ဗဟိုတွင်တော့ ထောင်ဖြတ်ပုံစံမျက်စံပါသော ဧကရာမမျက်လုံးကြီးတစ်လုံး ရှိနေခဲ့လေသည်။ မျက်လုံးကြီးမှာ အလွန်ကိုမှ ကြီးမားလှကော ကောင်းကင်တစ်ဝက်လောက်စာကို နေရာယူထားခဲ့၏။ ထိုမျက်လုံးထဲ ကိန်းအောင်းနေသည့် ဆန်းကြယ်သော စွမ်းအားတစ်ရပ်သည် ရန်ကိုင်၏ ဝိဥာဉ်နှင့် ပဲ့တင်ထပ်နေခဲ့လေသည်။
“အနက်ရောင်မျက်လုံး” ရန်ကိုင်ရင်ထဲ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ထိုအနက်ရောင်မျက်လုံးကြီးသည် ရှေးဟောင်းမဟာနတ်ဆိုး၏ တစ်လုံးတည်းသော မျက်လုံးမှန်း ချက်ချင်း သိလိုက်လေသည်။
ကျန်းချူဟဲ၏ အသိစိတ်ပင်လယ်မှတစ်ဆင့် ရှေးဟောင်းမဟာနတ်ဆိုးသည် ဤအနက်ရောင်မျက်လုံးကိုသုံး၍ ဧကရာဇ်အဆင့် ပညာရှင်များစွာကို သတ်ပစ်ခဲ့ကြောင်း ရန်ကိုင် တွေ့ရှိခဲ့ရသည်။ ဤအနက်ရောင်မျက်လုံးသည် ဧကရာဇ်အဆင့် မှော်ရတနာများထက်ပင် ပို၍ အားကောင်းပေသေးသည်။
ထိုမျက်လုံးကို မြင်လိုက်သည့်အခိုက်မှာပင် မိုင်းတွင်းထဲ၌ ရှေးဟောင်းနတ်ဆိုး၏ မည်သည့်အစိတ်အပိုင်းအား ချိတ်ပိတ်ထားသလဲ ဆိုသည်ကို ချက်ချင်း နားလည်သွားခဲ့လေသည်။ မိုင်းတွင်းထဲ ချိတ်ပိတ်ထားခဲ့သည်မှာ အခြား မဟုတ်ဘဲ ရှေးဟောင်းမဟာနတ်ဆိုး၏ မျက်လုံးသာ ဖြစ်ပေသည်။ ရန်ကိုင်အနေဖြင့် ထိုအချက်ကို ရှာတွေ့လိုက်သော်ငြား သူလုပ်နိုင်သည့်အရာ ဘာမှ ရှိမနေခဲ့ပေ။
သေဆုံးသွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သည့်တိုင် ဤအနက်ရောင် မျက်လုံးထဲတွင် ရှေးဟောင်းမဟာနတ်ဆိုး၏ အသိစိတ်အချို့ ရှိနေပေသေးသည်။ ထိုအသိစိတ်မှာ အလွန်တရာကိုမှ အားကောင်းလှကာ တာအိုသခင်ပထမအဆင့် ကျင့်ကြံသူတစ်ဦး ယှဉ်ပြိုင်နိုင်သည့် အရာမျိုးမဟုတ်ချေ။ ဧရာမအနက်ရောင် မျက်လုံးကြီးနှင့် ယှဉ်လိုက်သော် ရန်ကိုင်သည် ပုရွက်ဆိတ်တစ်ကောင်နှယ် အလွန်ကိုမှ သေးနုပ်အားနည်းလွန်းနေခဲ့၏။
ရုတ်တရက် မျက်လုံးကြီးသည် ရန်ကိုင်အား သတိပြုမိသွားသည့်အလား သူ့တည့်တည့်သို့ စိုက်ကြည့်လာခဲ့လေသည်။
မျက်လုံးကြီး၏ စိုက်ကြည့်ခြင်း ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် သူ့အသိစိတ်ပင်လယ် တစ်ခုလုံး နာကျင်လာပြီး ဝိဥာဉ်မှာလည်း တစ်စစီ စုတ်ဖြဲခံနေရသလို ခံစားလာခဲ့ရ၏။ သို့သော်ငြား ရွှေရောင်သွေးစက်နှင့် နတ်ဆိုးချီစွမ်းအားကြောင့် သူ့ခန္ဓာကိုယ်သည် အလွန်တရာကိုမှ မြန်ဆန်းလွန်းလှသည့် အမြန်နှုန်းဖြင့် ပြန်လည် ကောင်းမွန်လာခဲ့သည်။
ရုတ်တရက် ကောင်းကင်ထက်တွင် ဝဲနေသော အနက်ရောင်မျက်လုံး လှုပ်ရှားလာသည်ကိုမြင်သာ် ရန်ကိုင် သွေးပျက်ထိတ်လန့်သွားခဲ့လေသည်။ ချက်ချင်းဆိုသလို အနက်ရောင်မျက်လုံးသည် သူ့တည့်တည့်သို့ ပြေးဝင်လာပြီး ပုံရိပ်ယောင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ သူ့ကိုယ်ထဲသို့ တိုးဝင်သွားခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်ကို ဗဟိုပြု၍ အနက်ရောင်အလင်းတန်းတို့ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ပေါ်သို့ ထောင်တက်သွားခဲ့လေသည်။ ဘေးပတ်ဝန်းကျင်တွင် ရှိနေသော နတ်ဆိုးချီတို့သည်လည်း တစ်စုံတစ်စုံ၏ ဆင့်ခေါ်ခြင်း ခံလိုက်ရသည့်အလား ရန်ကိုင်ဆီသို့ အရူးအမူး စီးဝင်လာကြကုန်လေ၏။
နတ်ဆိုးချီထဲတွင် ရှိနေသည့် မရေမတွက်နိုင်သော နတ်ဆိုးများသည် ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာကြလေသည်။
အသိစိတ်ဆုံးရှုံးသွားပြီး နာကျင်ခံစားမှုများကို မသိတော့သည့်တိုင် နတ်ဆိုးအားလုံး၏ မျက်နှာထက် ဝမ်းသာအားရသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် အကုန်လုံးသည် မြေပြင်ပေါ်သို့ ဒူးထောက်၍ ဦးညွှတ်ကုန်ကြလေ၏။ သူတို့ အနှစ်အနှစ်အလလ စောင့်ဆိုင်းနေခဲ့ရသည့် အုပ်စိုးသူအရှင်သခင် ထွက်ပေါ်လာခဲ့သည့်အလား။
မိုင်ငါးရာခန့်အကွာတွင်၊ တွမ့်ယွမ်ရှန်းသည် ချင်းယုနှင့် သတိလစ်နေသော ချင်းကျောင်းယန်ကို ကာကွယ်ရင်း မေပယ်မြို့သို့ အပူတပြင်း ထွက်ပြေးနေခဲ့သည်။
သူ၏ မြင့်မားလှသော ကျင့်ကြံခြင်းကြောင့် နတ်ဆိုးများနှင့် တိုက်ခိုက်ရသည်မှာ သိပ်မခက်လှသော်လည်း နတ်ဆိုးအရေအတွက်မှာ အလွန်ကိုမှ များပြားလှသည့် အတွက်ကြောင့် နတ်ဆိုးအားလုံးကို သတ်ပစ်ရန်မှာ မဖြစ်နိုင်လှချေ။ ထို့အပြင် သူသည် နတ်ဆိုးများကို တိုက်ခိုက်နေရင်းမှ ချင်းမိသားစုဝင်နှစ်ဦးကိုလည်း ကာကွယ်ပေးနေရသေးသည်။
အခြေအနေ မဟန်တော့သည်ကို မြင်သော် တွမ့်ယွမ်ရှန်းသည် ဆက်၍ တုန့်ဆိုင်းမနေတော့ဘဲ လျှာကိုကိုက်ကာ သူ့အသွေးအဆီအနှစ်ကို လောင်ကျွမ်းပစ်လိုက်လေသည်။
သို့သော်ငြား ထိုစဉ်မှာပင် လေချွန်ကဲ့သို့ စူးရှသည့်အသံတစ်သံ အဝေးတစ်နေရာဆီမှ ထွက်ပေါ်လာခဲ့သည်။ နတ်ဆိုးချီများ ကသောင်းကနင်းဖြစ်လာပြီး တစ်နေရာဆီသို့ စီးဝင်သွားကုန်ကြလေ၏။ တစ်ချိန်တည်းတွင် တွမ်းယွမ်ရှန်းအား တိုက်ခိုက်နေသော နတ်ဆိုးများသည်လည်း သူ့အား ဂရုမစိုက်ကြတော့ဘဲ အသံ ထွက်ပေါ်လာသည့် အရပ်ဆီသို့သာ ဒူးထောက်ဦးညွှတ်လိုက်ကြလေသည်။
ထိုအခြင်းအရာကို မြင်သည့်အခါ တွမ့်ယွမ်ရှန်း မျက်လုံး မှေးစဉ်းသွား၏။ ဘာတွေဖြစ်နေသလဲ ဆိုသည်ကိုမသိသော်ငြား ဤအချိန်သည် နှောင့်နှေးနေရမည့် အချိန်မဟုတ်မှန်း သိနေခဲ့သည်။ ထို့ကြောင့် နတ်ဆိုးများ ဆက်မတိုက်ခိုက်တော့သည်ကို မြင်သော် ချက်ချင်းပဲ ကောင်းကင်ပေါ်သို့ ခုန်တက်သွားပြီး မေပယ်မြို့ဆီသို့ အရူးအမူး ပျံသန်းသွားလေတော့သည်။
ပျံသန်းသွားနေရင်းမှ လမ်းတွင် တွေ့ရသမျှ နတ်ဆိုးအားလုံးသည် မြေပြင်ပေါ်တွင် ဒူးထောက်ဦးညွှတ်နေကြသည်ကို တွေ့ရှိလိုက်ရလေသည်။
“ဘာတွေဖြစ်နေတာလဲ” တွမ့်ယွမ်ရှန်းစိတ်ထဲ သံသယတို့ စတင် ထွက်ပေါ်လာပြီး လှည့်ပတ်ကြည့်လိုက်လေသည်။ သို့သော်ငြား သူမြင်မြင်ရာ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်းဖုံးနေသည်ကိုသာ တွေ့ရှိလိုက်ရသည်။ ထိုသို့ပင် ဖြစ်လင့်ကစား ချိတ်စည်း ရှိနေသည့် ဘက်ဆီမှ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းတို့ ဖြာထွက်နေသည်ကို အသေအချာ ခံစားမိနေခဲ့လေသည်။
မေပယ်မြို့နံရံများပေါ်တွင် ရှိနေသည့် မရေမတွက်နိုင်သော ကျင့်ကြံသူများသည်လည်း ရုတ်တရက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မှင်သက်ကုန်ကြလေသည်။ အစောပိုင်းက အကာအကွယ်အစီအရင်အား အရူးအမူး တိုက်ခိုက်နေကြသော နတ်ဆိုးများသည် ရုတ်တရက်ဆိုသလို ဆက်မတိုက်ခိုက်ကြတော့ဘဲ မြေပြင်ပေါ် ဒူးထောက်ချကာ မလှုပ်မယှတ် ငြိမ်သက်သွားကုန်ကြလေသည်။
ချိတ်စည်းနှင့် မလှမ်းမကမ်းတွင် ရှိနေသော ဟွာချင်းစီနှင့် သက်လတ်ပိုင်း လူကြီးတို့သည်လည်း အဓိပ္ပါယ်မရှိသည့် တိုက်ပွဲကို ဆက်မတိုက်ခိုက်ကြတော့ဘဲ သူ့တို့ အောက်ဘက်သို့သာ မျက်လုံးအပြူးသားဖြင့် ငုံ့ကြည့်လိုက်ကြလေသည်။
ကောင်းကင်ပေါ်သို့ ထောင်တက်နေသည့် အနက်ရောင်အလင်းတန်းကို ကြည့်ရင်း သူတို့စိတ်ထဲ ကြောက်စိတ်ဝင်လာမိသည်။ ရန်ကိုင်ဆီမှ ဖြာထွက်နေသည့် အံ့အားသင့်ဖွယ် အရှိန်အဝါကို ခံစားမိပြီးနောက် သူတို့၏ ခန္ဓာကိုယ်များ စတင် တုန်ရီလာခဲ့လေကြသည်။ ထိုအရှိန်အဝါသည် ဧကရာဇ်တတိယအဆင့် ပညာရှင် တစ်ဦးဆီမှ ဖြာထွက်နေသည့် အရှိန်အဝါထက်ပင် ပိုကြောက်မက်ဖွယ် ကောင်းလှ၏။
ဟွာချင်းစီနှင့် သက်လတ်ပိုင်းလူကြီးသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ချက်ချင်းပဲ ဆယ်မိုင်အကွာသို့ ပြန်ဆုတ်သွားကြလေသည်။
“နတ်ဆိုးချီတွေ အဲ့ဘက်ကို စီးသွားနေတာ ရှင်ခံစားမိလား” ရုတ်တရက် ဟွာချင်းစီ၏ အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။
သက်လတ်ပိုင်းလူကြီးက ခေါင်းညိတ်လိုက်ပြီးနောက် လှောင်ပြုံးပြုံးလျက် “ကြည့်ရတာ အဲ့ချာတိတ်လေး ဒုက္ခရောက်နေပြီနဲ့တူတယ်”
“သူများ ဒုက္ခရောက်နေတာကို ရှင်က ပျော်နေတယ်ပေါ့” ဟွာချင်းစီက အေးစက်စက် အမူအရာဖြင့် ပြောလိုက်လေသည်။
“ဒီဘုရင်...ငါက အမှန်ကို ပြောနေတာ၊ နင်ဘာတွေ ဝင်နာနေတာလဲ”
ဟွာချင်းစီ၏ နောက်ခံကို သိသွားပြီးနောက်တွင် သက်လတ်ပိုင်းလူကြီးသည် သူ့ကိုယ်သူ ဘုရင်၏ ဆက်၍ မသုံးစွဲရဲတော့ချေ။ သို့သော်လည်း ဟွာချင်းစီ ရန်ကိုင်အား ဘာကြောင့် ထိုမျှ လိုက်ကာကွယ်ပေးနေမှန်းကို သူ့စိတ်ထဲ နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။ သူမ၏ ကျင့်ကြံခြင်းအရ ယခုမှတွေ့သည့် ရန်ကိုင်ကဲ့သို့ လူတစ်ဦးအပေါ် ကြိုက်သွားစရာ အကြောင်းတော့ မရှိလောက်ချေ။ သူမကဲ့သို့ နှစ်ရာနှင့်ချီ အသက်ရှင်လာသည့် လူတစ်ဦးသည် မည်ကဲ့သို့များ အခြားလူတစ်ဦးကို အလွယ်တကူ ချစ်ကြိုက်နိုင်မည်နည်း။
ဟွာချင်းစီ ရန်ကိုင်အား စိတ်ပူနေရခြင်းမှာ အခြား အကြောင်းကြောင့် ဖြစ်သည်ဟု သူ့စိတ်ထဲ ခံစားနေရလေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၉၉)
ဧရာမမျက်လုံးကြီး သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားချိန် ရန်ကိုင်၏ အသိစိတ် ဝေဝါးလာခဲ့သည်။ တစ်ချိန်တည်းတွင် သူ့စိတ်အတွင်းပိုင်းထဲ ကိန်းအောင်းနေသော အမျိုးမျိုးသော မကောင်းသည့် စိတ်ခံစားချက်တို့ ပေါက်ကွဲထွက်လာကုန်၏။
ရှုပ်ထွေးလှသည့် နတ်ဆိုးအမှတ်အသားတို့သည်လည်း သူ့ခန္ဓာကိုယ်တစ်လျှောက် စတင်ထွက်ပေါ်လာခဲ့လေသည်။ နတ်ဆိုးချီများ စီးဝင်လာသည်နှင့် ထိုနတ်ဆိုး အမှတ်အသားတို့မှာ ပို၍ နက်မှောင်လာခဲ့လေသည်။
တာအိုသခင်ပထမအဆင့်ထက် ကျော်လွန်သော စွမ်းအားတစ်ရပ်သည် သူ့ကိုယ်ထဲ စတင်ထွက်ပေါ်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် သူ့အသိစိတ်မှာလည်း စတင် ယိမ်းယိုင်လာခဲ့လေသည်။ မသိလိုက်ခင်မှာပင် ရန်ကိုင်သည် သူအသစ်ရလိုက်သည့် စွမ်းအားထဲ ရစ်မူးလာခဲ့၏။ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်တို့သည်လည်း သူ့စိတ်အတွင်းပိုင်းဆီမှ ထွက်ပေါ်လာခဲ့လေသည်။
ထိုသို့ ဖြစ်လာသည့်နောက်တွင် သူ့ကောင်းကင်စိတ်အာရုံသည် အမှောင်ထု၏ လွှမ်ခြုံခြင်းခံလိုက်ရကာ ရန်ကိုင် တစ်ကိုယ်လုံးသည် နတ်ဆိုးအဖြစ်သို့ တဖြည်းဖြည်းချင်း ပြောင်းလဲသွားလေတော့သည်။
သို့သော်လည်း ထိုစဉ်တွင် အဆုံးမဲ့အမှောင်ထုထဲ မှိန်ဖျော့ဖျော့အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ထိုခုနှစ်ရောင်ချယ် အလင်းတန်းသည် အဆုံးမဲ့ နတ်ဆိုးချီထုကို ထိုးဖောက်၍ ရန်ကိုင်ပေါ်သို့ ကျဆင်းလာခဲ့သည်။ ထိုအလင်းရောင်ကို ခံစားမိလိုက်ချိန် နှင်းတောင်ထဲ အေးခဲနေချိန် နေအလင်းရောင်ကို ရလိုက်သလို ရန်ကိုင် ခံစားလိုက်ရလေသည်။
အိမ်မက်ဆိုးကို တွေ့လိုက်ရသည့်နှယ် သူ့စိတ်ထဲ လှိုက်တက်လာနေသော မကောင်းသည့် ခံစားချက်တို့သည် နေလာနှင်းပျောက်သည့်နှယ် အငွေ့ပျံ ပျောက်ကွယ်ကုန်လေ၏။ ထိုအခါမှသာ ဝေဝါးနေသော သူ့အသိစိတ်သည် တဖြည်းဖြည်း ပြန်လည် ကြည်လင်လာခဲ့လေသည်။ ထို့နောက် အံကိုကြိတ်၍ အားစိုက်ကာ သူ့ရှေ့တည့်တည့်တွင် ရှိနေသည့်အရာကို စိုက်ကြည့်လိုက်လေသည်။
သူ့အမြင်အာရုံထဲ အရောင်ခုနှစ်သွယ်တောက်နေသော ကြာပန်းပုံရိပ်တစ်ခုကို တွေ့လိုက်ရလေသည်။ ထိုခုနှစ်ရောင်ခြယ်ကြာပန်းမှာ မကြီးလှ၊ သို့တိုင် ၎င်းဆီမှ ဖြာထွက်နေသည့် အလင်းရောင်ကြောင့် မည်သည့် အမှောင်ထုမှ ရန်ကိုင်နားသို့ ချဉ်းကပ်မလာနိုင်တော့ချေ။
“ခုနှစ်ရောင်ခြယ်ဝိဥာဉ်ကြာပန်း” ရန်ကိုင် ချက်ချင်း မှတ်မိသွားလေသည်။ သူမသိလိုက်ခင်မှာပင် သူ့နာမ်ဝိဥာဉ်သည် သူ့အသိစိတ်ပင်လယ်ထဲသို့ ရောက်နေသည်ကို ရန်ကိုင် တွေ့ရှိသွားခဲ့လေ၏။ အလင်းရောင်ကို တွေ့လိုက်ရသည့်နောက်တွင် ရန်ကိုင်သည် နည်းနည်းလေးမှ တုန့်ဆိုင်းမနေတော့ဘဲ ခုနှစ်ရောင်ခြယ် ဝိဥာဉ်ကြာပန်းဆီသို့ ပြေးသွားလေသည်။ ခဏအကြာ၌ ဝိဥာဉ်ကြာပန်းရှေ့သို့ ရောက်လာခဲ့လေ၏။
ခုနှစ်ရောင်ခြယ်အလင်းတို့ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားချိန် သူ့စိတ်ထဲရှိ မကောင်းသည့် စိတ်ခံစားချက်အားလုံး သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့ပြီး ရန်ကိုင်၏ အသိစိတ်သည်လည်း လုံးဝကို ကြည်လင်သွားခဲ့လေသည်။ လှည့်ပတ်ကြည့်လိုက်ရာ ခုနှစ်ရောင်ခြယ်ဝိဥာဉ်ကြာပန်း ရှိနေသည့် တစ်ဝိုက်မှာလွဲ၍ သူ့အသိစိတ်ပင်လယ်၏ လက်ကျန်နေရာအားလုံး မှောင်အတိကျနေသည်ကို တွေ့ရှိလိုက်ရ၏။
သို့သော်ငြား သူ့အသိစိတ်ပင်လယ် ဖြစ်သည့်အတွက် ကောင်ကင်အား မမြင်ရသည့်တိုင် သူ့ခေါင်းထက်တွင် ဝဲနေသော အနက်ရောင်မျက်လုံးကြီးကိုတော့ ခံစားမိပေသည်။ ထိုအနက်ရောင်မျက်လုံးသည် အဆုံးမဲ့ဖိအားကို ထုတ်လွှတ်လျက် ရန်ကိုင်၏ စိတ်ဝိဥာဉ် အကာအကွယ်ကို ဖျက်စီးကာ သူ့ဝိဥာဉ်ကို ထိန်းချုပ်ရန် ကြိုးစားနေခဲ့သည်။
သို့သော်ငြား ခုနှစ်ရောင်ခြယ်ဝိဥာဉ်ကြာပန်း၏ ကာကွယ်ပေးမှုကြောင့် အနက်ရောင်မျက်လုံး၏ တိုက်ခိုက်မှုများအားလုံးမှာ လွင့်စင်ပျောက်ကွယ်ကုန်ကြရလေသည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ များလှစွာသော အင်းဆက်လေးများသည်လည်း ဝိဥာဉ်ကြာပန်းဆီမှ ထွက်ပေါ်လာလေ၏။
ဝိဥာဉ်ဝါးမြိုအင်းဆက်များပင်...
ထို့နောက်တွင် ဝိဥာဉ်ဝါးမြိုအင်းဆက်များသည် အဘက်ဘက်သို့ ပျံထွက်သွားကြလေ၏။ မကြာခင် ကိုက်ဖြတ်၊ ကိုက်ဝါးသံများနှင့်အတူ ဝိဥာဉ်ဝါးမြိုအင်းဆက်များ ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော နတ်ဆိုးချီများသည် အလွန်လျင်မြန်သည့်နှုန်းဖြင့် ပျောက်ကွယ်ကုန်ကြရလေသည်။
‘ဝိဥာဉ်ဝါးမြိုအင်းဆက်တွေက နတ်ဆိုးချီကိုတောင် ဝါးမြိုနိုင်တာလား ရန်ကိုင် လုံးဝကို အံ့အားသင့်သွားခဲ့လေသည်။
အချိန်ကြာလာသည်နှင့် ဝိဥာဉ်ဝါးမြိုအင်းဆက်များ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ကြီးမားလာခဲ့လေ၏။ ထိုမျှသာလျှင် မဟုတ်သေးဘဲ သူတို့၏ ခန္ဓာကိုယ်အရောင်မှာလည်း ပိုပို၍ နက်မှောင်လာကာ ရှုပ်ထွေးနက်နဲသည့် နတ်ဆိုးအမှတ်အသားတို့သည် သူတို့၏ ခန္ဓာကိုယ်တစ်လျှောက် ထွက်ပေါ်လာခဲ့လေသည်။
တ
တစ်ခဏတာအတွင်း ဝိဥာဉ်ဝါးမြိုအင်းဆက်များသည် ဆန့်စေ့များအရွယ်ထိတိုင် ကြီးမားလာခဲ့ကြလေသည်။ နတ်ဆိုးချီများသည် အသိစိတ်ရှိနေသည့်နှယ် ဝိဥာဉ်ဝါးမြိုအင်းဆက်များကို စတင် ရှောင်ရှားလာကြသည်။ သို့သော်ငြား ဤနေရာသည် ရန်ကိုင်၏ အသိစိတ်ပင်လယ် ဖြစ်လေရာ သူတို့ အနေဖြင့် မည်သည့်နေရာသို့ သွားရှောင်နိုင်မည်နည်း။
ဝိဥာဉ်ဝါးမြိုအင်းဆက်များ ဤကဲ့သို့ လုပ်နေခြင်းသည် ကောင်းသည်လား၊ ဆိုးသည်လား သူမပြောတတ်သော်ငြား လက်ရှိ အခြေအနေအတွက်မူ ကောင်းမွန်သည့် ကိစ္စတစ်ရပ် ဖြစ်ပေသည်။ ထို့နောက်တွင် ရန်ကိုင်သည် ခုနှစ်ရောင်ခြယ်ဝိဥာဉ်ကြာပန်းကို ထိန်းချုပ်၍ အနက်ရောင်မျက်လုံးရှေ့တည့်တည့်ဆီသို့ ပျံးသန်းသွားလေသည်။ သူပျံးသန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော နတ်ဆိုးချီအားလုံး လွင့်ပျယ်သွားကုန်ကြရာ မကြာမီတွင် ဧရာမအနက်ရောင်မျက်လုံးကြီးကို ရန်ကိုင် မြင်လိုက်ရလေ၏။
ဤနေရာသည် ရန်ကိုင်၏ အသိစိတ်ပင်လယ်ဖြစ်နေသည့်တိုင် အနက်ရောင်မျက်လုံးသည် အရှင်သခင်တစ်ပါးနှယ် ကောင်းကင်တစ်ဝက်လောက်ကို ကြီးစိုးထားလေ၏။ ခုနှစ်ရောင်ခြယ်အလင်းသည် ပုံရိပ်ယောင်များကို ဖယ်ရှားနိုင်ပြီး ထင်ယောင်ထင်းမှားများကို ရှင်းလင်းပစ်နိုင်ပေသည်။ ထိုအလင်းသည် ရောင်စဉ်စက်ကွင်း တစ်ခုနှယ် ရန်ကိုင်အား လွှမ်းခြုံကာ သူ့အပေါ်သို့ အနက်ရောင်မျက်လုံး မသက်ရောက်နိုင်အောင် ကာကွယ်ပေးထားလေသည်။
“ထွက်သွားမလား... ဖျက်စီးခံမလား” ရန်ကိုင်၏ စိတ်ဆန္ဒနှင့်အတူ ကောင်းကင်ပေါ်မှ မိုးကြိုးတစ်စင်း ကျဆင်းလာပြီး ထက်ရှသည့် ဓါးတစ်ချောင်းနှယ် မျက်လုံးကြီးထဲသို့ စိုက်ဝင်သွားခဲ့လေသည်။ ထိုတိုက်ခိုက်မှုကြောင့် အနက်ရောင်မျက်လုံးမှာ တွန့်လိမ်သွားကာ စတင် ဝေဝါးလာခဲ့ရာ အချိန်အတော်ကြာသွားသည့်နောက်မှသာ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်သွားခဲ့လေ၏။
ဒီတော့ ဒီမျက်လုံးမှာ သူ့စိတ်ဝိဥာဉ်မရှိတော့ဘဲ နောက်ဆုံးလက်ကျန် စိတ်ဆန္ဒလေးပဲ ကျန်တော့တာပေါ့
အစောပိုင်းက ထိုကဲ့သို့ တွေးမိသော်ငြား သိပ်မသေချာခဲ့သော်ငြား ယခု စမ်းသပ်ကြည့်ပြီးနောက်တွင် သူ့ခန့်မှန်းချက် မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ဤမျက်လုံးသည် မူလ စိတ်ဝိဥာဉ်ကို ပိုင်ဆိုင်ထားခြင်း မရှိတော့ဘဲ နောက်ဆုံး လက်ကျန် စိတ်ဆန္ဒလေးကိုသာ သယ်ဆောင်ထားနိုင်တော့သည်။
ဧကရာဇ်အဆင့် ပညာရှင်များနှင့် တိုက်ပွဲတွင် သူ့ခန္ဓာကိုယ်ရော စိတ်ဝိဥာဉ်ပါ ပျက်စီးခဲ့ရသည်။ ထို့အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ဤမျက်လုံးနှင့် မည်သို့မှ စကားပြောဆို ဆက်သွယ်နိုင်လိမ့်မည် မဟုတ်ချေ။ ခက်ထန်သည့် အမူအရာဖြင့် ရန်ကိုင်သည် ခုနှစ်ရောင်ခြယ်ဝိဥာဉ်ကြာပန်း၏ စွမ်းအားကို တိုးမြှင့်လိုက်၏။
ချက်ချင်းဆိုသလို ခုနှစ်ရောင်ခြယ်အလင်းတန်းတို့ ထွက်ပေါ်လာပြီး အနက်ရောင် မျက်လုံးဆီသို့ တိုးဝင်သွားလေသည်။ ထိုစဉ် ရန်ကိုင်အား စိုက်ကြည့်နေသော အနက်ရောင်မျက်လုံးသည် ရုတ်ချည်း ပိတ်သွားခဲ့၏။
ထို့နောက် ဟင်းလင်းပြင်ထဲ ကျယ်လောင်သည့်အသံတစ်သံ မြည်ဟည်း ထွက်ပေါ်လာခဲ့လေသည် “မင်းမှာ နတ်ဆိုးအရှိန်အဝါရှိတာဆိုတော့ ငါမင်းလက်ထဲ ထည့်ပေးလိုက်မယ်။ သွား... လောကကြီးတစ်ခုလုံးရဲ့ အဆုံးသတ်ကို သွားကြည့်ပေတော့”
အလွန်ကိုမှ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတစ်ရပ် ဖြာထွက်လာခဲ့ပြီးသည့် နောက်တွင် အနက်ရောင်မျက်လုံးသည် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်း၍ ရန်ကိုင်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားခဲ့လေသည်။
ရန်ကိုင် မျက်နှာ သွေးဆုတ်ဖြူလျော်သွားပြီး အလျင်အမြန်ပဲ သူ့စိတ်ကို ကာကွယ်လိုက်၏။ တစ်ချိန်တည်းတွင် ခုနှစ်ရောင်ခြယ်ကြာပန်းသည်လည်း အဆက်မပြတ် လည်ပတ်လာပြီး ခုနှစ်ရောင်ခြယ်အလင်းအကာအရံတစ်ခုကို ဖန်တီးကာ ရန်ကိုင်အား လွှမ်းခြုံပေးထားလိုက်လေသည်။
သို့တိုင် သူ့ကြိုးစားအားထုတ်မှု အားလုံးမှာ အချဉ်းနှီးသည်သာ။ အနက်ရောင် အလင်းတန်းသည် ခုနှစ်ရောင်ခြယ်အလင်းအကာအကွယ်ကို ဖြတ်ကျော်၍ ရန်ကိုင်၏ အကာအကွယ်များကို ဖျက်စီးကာ သူ့ကိုယ်ထဲသို့ တိုးဝင်သွားခဲ့လေသည်။
ထိုသို့ ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် သူ့ဝိဥာဉ်တစ်ခုလုံး မခံစားနိုင်လွန်းလှအောင် နာကျင်လာခဲ့လေရာ ရန်ကိုင်၏ နာမ်ဝိဥာဉ်တစ်ခုလုံး တစ်စစီ ပြိုကွဲပျက်စီးတော့လေသည်။ ထို့နောက်တွင် သူ့အသိစိတ်သည် အသိစိတ်ပင်လယ်မှ တစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်သွားလေ၏။ တစ်ချိန်တည်းတွင် ရန်ကိုင်သည် ဒဏ်ရာရသွားသည့် သားရဲတစ်ကောင်နှယ် ဒေါသတကြီး အော်ဟစ် ဟိန်းဟောက်လိုက်သည်။ ရွှေရောင်သွေးများသည် သူ့ညာဘက်မျက်လုံးမှ စီးကျလာလေသဖြင့် ရန်ကိုင်သည် သူ့လက်ကိုသုံး၍ မျက်လုံးအား အတင်း ပိတ်ထားလိုက်ရသည်။
“ဒါက...” ဆယ်မိုင်အကွာတွင် ရှိနေသော ဟွာချင်းစီနှင့် သက်လတ်ပိုင်းလူကြီးသည် ထိုမြင်ကွင်းကိုကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြလေသည်။
ရန်ကိုင်အား နတ်ဆိုးချီများမှ ဆွဲယူသွားချိန်မှစ၍ နှစ်ဦးစလုံးသည် ရန်ကိုင်၏ အခြေအနေကို သေချာ စောင့်ကြည့်နေခြင်းဖြစ်သည်။ ထို့ကြောင့် ဖြစ်ပျက်သွားသည့် အကြောင်းအရာအားလုံးကို သူတို့ မြင်တွေ့ခဲ့ရပေသည်။
အမွှေးတိုင်တစ်ချောင်းစာအတွင်း၌ မိုင်သိန်းနှင့်ချီပတ်လည် အတွင်းတွင် ရှိနေသော နတ်ဆိုးချီအားလုံး ရန်ကိုင့်ကိုယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားကုန်၏။ မရေမတွက်နိုင်သော နတ်ဆိုးများသည်လည်း ချက်ချင်း ဒူးထောက်သွားကြသည်။ သို့သော်ငြား ဘာကြောင့်မှန်းမသိ သူတို့ကိုယ်ထဲတွင် ရှိနေသော နတ်ဆိုးချီများမှာ သဲလွန်စမကျန် ပျောက်ကွယ်သွားကုန်ကြလေသည်။
နတ်ဆိုးချီအကာအကွယ် မရှိတော့သည့်အတွက် ရက်စက်ကြမ်းကြုတ်လှသော နတ်ဆိုးသတ္တဝါများမှာ အလွန်တရာကိုမှ အားနည်းသွားကုန်ကြလေသည်။ သေသည့်တိုင်အောင် ဖြစ်မသွားခဲ့သော်ငြား သူတို့၏ ကျင့်ကြံခြင်း အုတ်မြစ်မှာတော့ ဆိုးဆိုးရွားရွား ထိခိုက်သွားကုန်ကြရလေ၏။ ထိုမျှသာလျှင် မဟုတ်သေးဘဲ အကုန်လုံးမှာလည်း ဘာဖြစ်လို့ဖြစ်နေမှန်း မသိသည့်အလား ငေးကြောင်ကြောင် ဖြစ်နေကြလေသည်။ လူသားများနှင့် ယှဉ်လိုက်သော် မွန်းစတားသားရဲများသည် နတ်ဆိုးချီကို ဆုံးရှုံးလိုက်ရပြီး အသိစိတ်ကို ပြန်ရလိုက်သည်နှင့် တစ်ပြိုင်နက် ကြောက်လန့်တကြား ထွက်ပြေးကုန်ကြလေသည်။
နတ်ဆိုးချီများ မရှိတော့သည်လည်း သက်ရှိအားလုံး နေရောင်ကို တစ်ဖန်ပြန်လည် မြင်တွေ့လာနိုင်လေ၏။ ထိုသို့ ဖြစ်နေသည့်တိုင် သက်လတ်ပိုင်းလူကြီးနှင့် ဟွာချင်းစီမှာတော့ အလွန်ကိုမှ ထိတ်လန့်ကြောက်ရွံ့နေမိခဲ့လေ၏။
အကြောင်းမှာ သူတို့နှင့် ဆယ်မိုင်ခန့်အကွာတွင် ရှိနေသော ရန်ကိုင်ဆီမှ ဧကရာဇ်အဆင့်နှင့် ယှဉ်ပြိုင်နိုင်သော ဖိအားကို ခံစားနေရသည့် အတွက်ကြောင့်ပင် ဖြစ်၏။ ရုတ်တရက်ဆိုသလို တဆတ်ဆတ် တုန်ရီနေသော ရန်ကိုင် ရုတ်တရက် တည်ငြိမ်သွားခဲ့လေသည်။
ထို့နောက် ညာဘက်မျက်လုံးအား ပိတ်ထားသောလက်ကို ဖယ်လိုက်ပြီး သူ့လက်နှစ်ဖက်ကို စစ်ဆေးကြည့်လေ၏။ အမှောင်ထုအတွင်းမှ အလင်းတန်းနှစ်ခု ထွက်ပေါ်လာခဲ့သည်။ ရွှေရောင်နှင့် အနက်ရောင်အလင်းတန်းပင်...
ထောင့်ဖြတ်ပုံစံ မျက်ဆံအား ပိုင်ဆိုင်ထားသော ရွှေရောင်မျက်လုံးသည် ခမ်းနားကြီးကျယ်မှုတို့ဖြင့် ပြည့်နေပြီး ရေပြင်ညီပုံစံ မျက်ဆံအား ပိုင်ဆိုင်ထားသည့် အနက်ရောင် မျက်လုံးမှာတော့ ရက်စက်ကြမ်းကြုတ်မှုကို ပိုင်ဆိုင်ထားသည်။ အနက်ရောင်မျက်လုံးသည် ရွှေရောင်မျက်လုံးနှင့် အကြီးအကျယ် ဆန့်ကျင်နေသည့်အလား တည်တည်ငြိမ်ငြိမ်ဖြင့် ရှိမနေနိုင်ဘဲ ရန်ကိုင်၏ မျက်လုံးထဲ ပြင်းပြင်းထန်ထန် လှုပ်ခါနေခဲ့လေသည်။
“အဲ့ဒါဘာကြီးလဲ” သူမြင်လိုက်ရသည့် မြင်ကွင်းကိုကြည့်ရင်း သက်လတ်ပိုင်းလူကြီး မှင်သက်နေခဲ့လေသည်။ သူတော်စင်နန်းတော်မျ လာသည့်လူ ဖြစ်သည့်တိုင် လက်ရှိတွင် မည်ကဲ့သို့သော မွန်းစတားကို သူမြင်လို့မြင်နေရမှန်း မပြောနိုင်ခဲ့ပေ။
သူ့အသံ ထွက်လာသည်နှင့် တစ်ပြိုင်နက် အရောင်မတူသည် အလင်းတန်းနှစ်ခု ရုတ်တရက် သူ့နှင့်ဟွာချင်းစီဆီသို့ တိုးဝင်လာခဲ့လေသည်။
“မကောင်းတော့ဘူး” ရန်ကိုင်၏ မျက်လုံးနှစ်လုံးနှင့် အကြည့်ချင်း ဆိုင်မိသည်နှင့် တစ်ပြိုင်နက် ဟွာချင်းစီ ဖိအားအကြီးကြီးကို ခံစားလိုက်ရပြီး မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွားကာ အလန့်တကြား ထအော်တော့လေသည် “မြန်မြန်ပြေးပေးတော့”
ပြောပြီးသည်နှင့် တစ်ပြိုင်နက် လက်ကွက်တစ်ခု ဖန်တီးကာ သူမကိုယ်မသူ တစ်ရာသော ငါးရောင်ခြယ်လိပ်ပြာများအဖြစ်သို့ ပြောင်းဲ အဘက်ဘက်သို့ ပျံပြေးတော့လေ၏။
သူမ ထွက်ပြေးသွားသည်ကို မြင်သော် သက်လတ်ပိုင်းလူကြီးလည်း ငြိမ်မနေရဲတော့ဘဲ လျှာကိုကွက်၍ သွေးအဆီအနှစ်ကို လောင်ကျွမ်းကာ လျှို့ဝှက်ကျင့်စဉ်တစ်ခုကို ထုတ်သုံးလိုက်၏။ သူ့တစ်ကိုယ်လုံး အနီရောင်တောက်လာပြီး အလင်းတန်းတစ်ခု အသွင်သို့ပြောင်းလဲ မိုင်ပေါင်းများစွာအကွာသို့ လျင်မြန်စွာ ထွက်ပြေးသွားလေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၁၀၀)
အားကောင်းလှသော တာအိုသခင်တတိယအဆင့် ကျင့်ကြံခြင်းကြောင့် သက်လတ်ပိုင်းလူကြီးသည် ထွက်ပြေးရာတွင် အလွန်မြန်ပေသည်။ သွေးအဆီအနှစ်အား လောင်ကျွမ်းပြီး ထွက်ပြေးသွားလိုက်ရာ မျက်တောင်တစ်ခတ်အတွင်း မိုင်တစ်ရာခန့် အကွာသို့ ရောက်သွားခဲ့လေသည်။
ကြောက်ကြောက်လန့်လန့်နှင့် ထွက်ပြေးနေရင်းမှ နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ ရန်ကိုင်အား မည်သည့်နေရာတွင်မှ မတွေ့ရတော့ကြောင့် တွေ့ရှိလိုက်ရလေသည်။ ထိုအခြင်းအရာကို မြင်ပြီးနောက်တွင် သက်လတ်ပိုင်းလူကြီး ထိတ်လန့်သွားပြီး သူ့ရင်ထဲ မကောင်းသည့် ခံစားချက်တို့ ရလာခဲ့လေသည်။
ရုတ်တရက် သူ့ရှေ့ဘက်ဆီမှ ဟင်းလင်းပြင်စွမ်းအင်လှိုင်းတို့ ထွက်ပေါ်လာပြီး အနက်ရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုပုံရိပ်သည် တစ်ကိုယ်လုံး အနက်ရောင်ချီဖြင့် ဖုံးအုပ်နေခဲ့သည်။ သို့သော်ငြား နတ်ဆိုးချီထုထဲ တလက်လက် တောက်ပနေသည့် ရွှေရောင်နှင့် အနက်ရောင်အလင်းတန်းကို မြင်ပြီနောက် သက်လတ်ပိုင်းလူကြီး အလွန်ကိုမှ ကြောက်လန့်သွားခဲ့လေသည်။ အလင်းတန်း နှစ်ခုကို မြင်ပြီးနောက်တွင် သက်လတ်ပိုင်းလူကြီး၏ အတွေးတို့ ရပ်တန့်သွားပြီး သူ့အသိစိတ် တစ်ခုလုံး ကသောင်းကနင်း ဖြစ်လာခဲ့လေသည်။
ရုတ်တရက် မိန်းမောသလိုဖြစ်နေရာမှ ပြန်ရုန်းထွက်လျက် မာန်သွင်းအော်ဟစ်ရင်း လှံတိုကို ဆင့်ခေါ်လိုက်လေသည်။ ထို့နောက် လက်ကွက်များ ဖန်တီး၍ အရင်းအမြစ်ချီကို လှံတိုထဲသို့ အရူးအမူး ထည့်သွင်းလိုက်လေသည်။ လှံတိုသည် တဖြည်းဖြည်း အရွယ်အစား ကြီးမားလာခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း မီတာပေါင်းများစွာ ရှည်လျားလာခဲ့သည်။ တစ်ခဏမျှ တုန်ခါနေပြီးနောက် ရန်ကိုင်ဆီသို့ အရှိန်အဟုန်ပြင်းစွာ တိုးဝင်သွားလေသည်။
ဤသည်မှာ သက်လတ်ပိုင်းလူကြီး၏ အားအကောင်းဆုံး တိုက်ကွက်တစ်ကွက် ဖြစ်ကာ ထိုတိုက်ကွက်အပေါ်လည်း အတော်လေးကိုမှ ယုံကြည်ချက်ရှိပေသည်။ ဤတိုက်ကွက်သည် ဧကရာဇ်အဆင့် ပညာရှင်များပင်လျှင် လျစ်လျူမရှုရဲသည့် တိုက်ကွက် တစ်ကွက်ဖြစ်၏။
နတ်ဆိုးချီပူးကပ်ခြင်း ခံလိုက်ရသည့် နတ်ဆိုးများကဲ့သို့ပင် ရန်ကိုင်သည် အသိစိတ် လုံးဝမရှိတော့ဘဲ သွေးဆာနေသော သားရဲတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည့်အလား အားကောင်းလှသည့် တိုက်ခိုက်မှု သူ့ဆီသို့ တိုးဝင်လာနေသည်ကို မြင်သည့်တိုင် ရှောင်တိမ်းခြင်းမရှိဘဲ မတ်တပ်သာ ရပ်နေခဲ့လေသည်။ လှံတို သူ့နားသို့ ရောက်လာသည့် အခါမှသာ ရှေ့တည့်တည့်သို့ လက်သီးဖြင့် ထိုးချလိုက်သည်။
“သေချင်နေတဲ့ကောင်” ရန်ကိုင်၏ လုပ်ရပ်ကိုမြင်သော် သက်လတ်ပိုင်းလူကြီး ကြိတ်ပျော်သွားခဲ့လေသည်။ မျက်လုံးကို သေချာပြူးလျက် ရန်ကိုင် ဘာဖြစ်သွားမလဲ ဆိုသည်ကို သေချာ စိုက်ကြည့်နေခဲ့သည်။
ဘုန်း...
ပေါက်ကွဲသံ အကျယ်ကြီး ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင်၏ လက်သီး စွမ်းအားသည် လှံတိုနှင့် ထိပ်တိုက်တွေ့သွားခဲ့သည်။ သို့ရာတွင် ရန်ကိုင်မှာ တစ်ချက်ကလေးပင် နောက်ဆုတ်သွားရခြင်း မရှိခဲ့ချေ။ လှံတိုမှာမူ ထိခိုက်သွားသည့်အလား အရောင် မှိန်ကျသွားခဲ့ပြီး မူလအရွယ်သို့ ပြန်ပြောင်းသွားခဲ့သည်။ ထို့နောက် လာရင်းအရှိန်ထက် ပိုမြန်သည့်နှုန်းဖြင့် လွင့်စင်ထွက်သွားခဲ့ပြီး နှစ်ဦးစလုံး၏ မြင်ကွင်းမှ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေသည်။
“အန်”
သက်လတ်ပိုင်းလူကြီးသည် ထိုမြင်ကွင်းကိုကြည့်ရင်း သူ့မျက်လုံးသူ မယုံကြည်နိုင် ဖြစ်နေသည့်အလား မျက်လုံး ကျွတ်ထွက်လုမတတ် ပြူးကျယ်သွားခဲ့လေသည်။ သေချာသွားအောင် သူ့မျက်လုံးများကို ပွတ်၍ပင် နောက်တစ်ကြိမ် သေချာ ထပ်ကြည့်ကြည့်လိုက်လေသည်။
သူ့စိတ်ထဲ အလွန်တရာကိုမှ အံ့ဩမှင်သက်နေစဉ်မှာပင် ရန်ကိုင်သည် ရုတ်တရက် လက်မြှောက်လိုက်လေ၏။
မြောက်များလှစွာသော နတ်ဆိုးချီတို့ ရန်ကိုင်၏ ကိုယ်ထဲသို့ ရုတ်တရက် စီးဝင်လာရာ သူ့လက်မှာ တဖြည်းဖြည်း အရွယ်အစား ကြီးမားလာခဲ့လေသည်။ ထို့နောက်တွင် ဧရာမ အနက်ရောင်လက်ကြီးသည် သက်လတ်ပိုင်းလူကြီးပေါ်သို့ တည့်တည့်သို့ ကျဆင်းလာလေ၏။
သက်လတ်ပိုင်းလူကြီး၏ မျက်နှာ သွေးဆုတ်ဖြူလျော်သွားပြီး ချက်ချင်းပဲ အလျင်စလို ရှောင်တိမ်းရန် လုပ်လိုက်သည်။ သို့သော်ငြား သူ့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ အလွန်တရာကို စေးကပ်လွန်းနေသဖြင့် နည်းနည်းလေးမှ လှုပ်မရ ဖြစ်သွားခဲ့၏။ ထို့ကြောင့် အနက်ရောင်လက်ကြီး သူ့တည့်တည့်သို့ တိုးဝင်လာနေသည်ကိုသာ ရပ်ကြည့်နေရလေသည်။ အဆုံးတွင် မာန်သွင်းအော်ဟစ်လျက် ဒိုင်းကာတစ်ခုကို ထုတ်ကာ ထိုထဲသို့ အရင်းအမြစ်ချီ ထည့်သွင်းလိုက်လေသည်။ ဒိုင်းကာသည် ချက်ချင်းပဲ အကာအရံတစ်ခုအဖြစ်သို့ ပြောင်းလဲကာ သက်လတ်ပိုင်းလူကြီးအား လွှမ်းခြုံသွားခဲ့၏။
ထိုနောက် လက်ကွက်များကိုဖန်တီး၍ ကျင့်စဉ်တစ်ခုကိုပါ ထပ်မံ ထုတ်သုံးရန် ပြင်လိုက်သည်။ “မဟာကောင်းကင်၊ မဟာပထဝီမြေကြီးနှင့်တကွ၊ အလုံးစုံသော သိုင်း...”
သူ့ကိုယ်ထဲရှိ သူတော်စင်ချီမှာ စတင် လှုပ်ရှားလာခဲ့လေ၏။ သို့သော်ငြား ရေရွတ်လို့ မပြီးသေးခင်မှာပင် အနက်ရောင်လက်ဝါးသည် တောင်တစ်လုံးနှယ် သူ့အား လာရောက် ထိမှန်လေသည်။
ခရက်...
သက်လတ်ပိုင်းလူကြီး ဖန်တီးထားသည့် အကာအရံသည် လက်ဝါးအောက်ဝယ် ဖန်သားနှယ် တစ်စစီ ပျက်စီးကွဲကြေသွားခဲ့သည်။ ထို့နောက်တွင် အနက်ရောင် လက်ဝါးသည် ရပ်တန့်မရသည့် အရှိန်အဝါဟုန်ဖြင့် သက်လတ်ပိုင်းလူကြီးဆီသို့ ဆက်လက် တိုးဝင်သွားလေ၏။
သက်လတ်ပိုင်းလူကြီးမှာ စူးစူးဝါးဝါး တစ်ချက်သာ အော်ဟစ်လိုက်နိုင်ပြီး ချက်ချင်း အသံပျောက်သွားခဲ့လေသည်။ အနက်ရောင်လက်ဝါးကြီး ပျောက်ကွယ်သွားချိန် မြေပြင်ပေါ်၍ ဧရာမလက်ဝါးရာကြီးတစ်ခု ထင်ကျန်ရစ်နေခဲ့သည်။ ထိုလက်ဝါးရာထဲ အသားပုံတစ်ပုံ ရှိနေခဲ့လေသည်။
သက်လတ်ပိုင်းလူကြီးသည် တာအိုသခင်တတိယအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားလင့်ကစား အနက်ရောင်လက်ဝါးနှင့်အတွေ့တွင် နည်းနည်းလေးမှပင် မခုခံနိုင်ဘဲ သေသည်အထိ ရိုက်သတ်ခြင်း ခံလိုက်ရလေ၏။ သူ့မှော်ရတနာများနှင့် သိုလှောင်လက်စွပ်ပင်လျှင် တစ်စစီ ပျက်စီးသွားကုန်ကြလေသည်။ သိုလှောင်လက်စွပ် ပျက်စီးသွားသည့်အတွက် လက်စွပ်ထဲရှိ ပစ္စည်းများမှာလည်း ဟင်းလင်းပြင်ထဲသို့ ရောက်ကုန်လေ၏။
သက်လတ်ပိုင်းလူကြီးအား သတ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ခေါင်းမော့၍ ခံစားချက်မပါသည့် အကြည့်ဖြင့် အခြားတစ်ဖက်သို့ လှည့်ကြည့်လိက်သည်။
ထိုအရပ်တွင်... ဟွာချင်းစီသည် စွမ်းအင်ကုန်သုံး၍ အသည်းအသန် ထွက်ပြေးနေ၏။ သက်လတ်ပိုင်းလူကြီး၏ စူးစူးဝါးဝါး အော်ဟစ်သံကိုကြားချိန် သူမရင်ထဲ အသည်းထဲပါ ကြောက်ရွံ့သွားခဲ့၏။ သို့သော်ငြား ထွက်ပြေးနေရင်း သူမရှေ့ရှိ ဟင်းလင်းပြင်သည် ရုတ်တရက် ဝေဝါးလာပြီး အနက်ရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့လေသည်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ဟွာချင်းစီ၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။
သူမနှင့် သက်လတ်ပိုင်းလူကြီးသည် ဆန့်ကျင်ဘက် အရပ်အသီးသီးသို့ ထွက်ပြေးကြခြင်းဖြစ်သည်။ ရန်ကိုင် သက်လတ်ပိုင်းလူကြီးနောက်သို့ လိုက်သွားသည်ကို သူမ မြင်ပေသည်။ သို့ရာတွင် အချိန်အနည်းငယ်အတွင်း ရန်ကိုင်သည် သက်လတ်ပိုင်း လူကြီးကိုသတ်၍ သူမနောက်သို့ အမှီလိုက်လာနိုင်ခဲ့၏။ ဤသည်မှာ ဧကရာဇ်အဆင့် ပညာရှင်များပင်လျှင် မလုပ်နိုင်သည့်အရာ ဖြစ်သည်။
ရက်စက်ကြမ်းကြုတ်သွေးဆာသည့် အရှိန်အဝါတို့ ဖြာထွက်နေသည့် သူမရှေ့ရှိ အနက်ရောင်ပုံရိပ်ကိုကြည့်ရင်း ဟွာချင်းစီ၏ မျက်နှာ စက္ကူဖြူတစ်ရွက်နှယ် ဖြူလျော်သွားပြီး စိတ်ထဲ အလွန်ကိုမှလည်း ခါးခါးသီးသီး ဖြစ်သွားခဲ့ရသည်။
ထိုသို့ပင် ဖြစ်နေလင့်ကစား ချက်ချင်း မလှုပ်ရှားသေးဘဲ အရင်ဦးစွာ ယဲ့ယဲ့လေး ပြုံးလိုက်လေသည်။ ရန်ကိုင်သည် သက်လတ်ပိုင်းလူကြီးကိုပင် အလွယ်လေး သတ်နိုင်ခဲ့ရာ သူမကို သတ်နိုင်ပေလိမ့်မည်။ ထို့ကြောင့် ခုခံနေလို့လည်း ဘာမှ အသုံးဝင်လိမ့်မည်မဟုတ်ချေ။ ယခုသူမစိတ်ထဲ ရန်ကိုင်၏ နှလုံးသားနက်ထဲ ကိန်းအောင်းနေသော သူ့အသိစိတ်အား နိုးထလာအောင် လှုပ်နိုးနိုင်ဖို့ကိုသာ မျှော်လင့်နေရတော့လေသည်။
“မောင်လေး...” ဟွာချင်းစီသည် လေသံကို တတ်နိုင်သမျှ သိမ်မွေ့ညင်သာအောင် ထိန်းရင်း ယဲ့ယဲ့လေးပြုံလးျက် ပြောလိုက်လေသည် “အစ်မကို လမ်းဖယ်ပေးလို့ ရမလား”
ရန်ကိုင်ကမူ တစ်ချက်ကလေးမှပင် မလှုပ်ဘဲ ဟွာချင်းစီကိုသာ သူစိမ်းတစ်ယောက်အား ကြည့်နေသည့်နှယ် ဆက်လက် စိုက်ကြည့်နေခဲ့သည်။ နတ်ဆိုးချီထဲ ထင်ထင်ရှားရှား ထွက်ပေါ်နေသည့် ရွှေရောင်နှင့် အနက်ရောင်အလင်းတို့ကို ကြည့်ရင်း ဟွာချင်းစီစိတ်ထဲ အလွန်ကိုမှ ထိတ်လန့်ကြောက်ရွံ့နေမိခဲ့သည်။ သို့သော်ငြား သူမ လုပ်နိုင်သည့်အရာ ဘာမှမရှိချေ။ ရန်ကိုင်ရှေ့တွင် သူမအဖြစ်သည် ကျားရှေ့ရောက်သည့် ယုန်သူငယ်နှယ် ဖြစ်နေခဲ့သည်။
ရန်ကိုင်သည် သူမအား တွေ့တွေ့ချင်း ချက်ချင်း မတိုက်ခိုက်သဖြင့် ဟွာချင်းစီစိတ်ထဲ စိတ်သက်သာရာတော့ ရမိ၏... အနည်းဆုံး သူမတွင် အသက်နိုင်ချေ ရှိပေသေးသည်။
“အစ်မကို မမှတ်မိဘူးလားဟင်... မောင်လေးရဲ့ အစ်မကြီးလေ” ဟွာချင်းစီသည် ဆံပင်ကို နားသယ်နောက်သပ်တင်ရင်း ဆက်ပြောလိုက်သည်။
သူမ၏ စကားသည် ရန်ကိုင်အပေါ် သက်ရောက်မှုရှိသည့်အလား ရန်ကိုင်၏ မျက်တောင်များ တဖျတ်ဖျတ် လှုပ်ရှာလာခဲ့လေသည်။
“အခုလေးတင်ပဲ မောင်လေးရဲ့ အသက်ကို အစ်မကယ်ပေးထားခဲ့တာလေ။ အဲ့ဒါကို မောင်လေးက အစ်မကို သတ်တော့မလို့လား” စီးထွက်လာသည့် ချွေးစေးများကြောင့် ဟွာချင်းစီ၏ အဝတ်အစားများဖြင့် စိုရွဲကာ အသားနှင့် ကပ်ကုန်လေသည်။ ပုတီးစေ့မျှ ကြီးမားလှသော ချွေးသီးလုံးတို့သည်လည်း နဖူးမှတစ်ဆင့် ပါးပြင်တစ်လျှောက် စီးကျလာနေခဲ့လေသည်။ ထိုသို့ပင် ဖြစ်နေလင့်ကစား တစ်ချက်ကလေး မှားသွားလျှင် အသက်ပျောက်သွားနိုင်သည့်အတွက် ဟွာချင်းစီသည် စိတ်ထဲ အလွန်တရာကိုမှ ကြောက်လန့်နေသည့်တိုင် ဟန်အမူအရာ မပျက်အောင်တော့ အတတ်နိုင်ဆုံး ထိန်းထားပေသေးသည်။
“အား...”
ရုတ်တရက် ရန်ကိုင်သည် သူ့ခေါင်းကိုလက်ဖြင့်ကိုင်၍ ထအော်လေသည်။
ရန်ကိုင်၏ ရုတ်တရက် ပုံစံကြောင့် ဟွာချင်းစီ လိပ်ပြာလွင့်လုမတတ် ဖြစ်သွားခဲ့ပြီး နောက်သို့ အလိုလို ဆုတ်မိသွားလေသည်။ သို့ရာတွင် သူမ မည်သို့ပင် ပြေးနေစေကာမူ ရန်ကိုင်လက်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်မှန်း သိလိုက်သည့်နောက် ခါးသက်စွာ ရပ်မောလိုက်ရင်း မတ်တပ်ရပ်နေလိုက်လေ၏။
“မောင်လေး စကားမပြောချင်ဘူးဆို... အစ်မ သွားတော့မယ်နော်” ဟွာချင်းစီသည် သိမ်မွေ့သည့် လေသံဖြင့် မေးစမ်းကြည့်လိုက်လေသည်။ ရန်ကိုင် ဘာမှ ပြန်မပြောသည်ကို မြင်သော် ပျော်ရွှင်စွာ ပြန်ပြောလေ၏ “မောင်လေးနဲ့ အစ်မရဲ့ ခင်မင်ရင်းနှီးမှုက တောင်တွေမြစ်တွေ မပြောင်းမလဲဘဲ တည်ရှိနေသလိုပဲ ခိုင်မြဲနေမှာပါ။ ကံဆုံရင် ထပ်တွ့ကြတာပေါ့”
ပြောပြီးသည်နှင့် သူမကိုယ်သူမ လိပ်ပြာများအသွင်သို့ ပြောင်းလဲ အရှိန်ကုန်တင်ကာ ထွက်ပြေးဿွားလေသည်။ သို့သော် ထိုစဉ်တွင် ရန်ကိုင်သည် ခါးပြတ်မတ်လာပြီး လိပ်ပြာများ ထွက်ပြေးသွားသည့်ဘက်ဆီ လက်ဆန့်ကာ လက်ငါးချောင်းကို ဖမ်းဆုပ်ဟန် လုပ်လိုက်လေသည်။ လိပ်ပြာများ ပျောက်ကွယ်သွားခဲ့ပြီး မျက်နှာကြီး မဲ့နေသည့် ဟွာချင်းစီ ပြန်ပေါ်လာခဲ့လေသည်။
ဒေါသထွက်သွားသည့်အလား ဟွာချင်းစီက ထအော်လေသည် “နင်ဘာလုပ်ချင်နေတာလဲ။ ငါမေးတော့လည်း မဖြေဘူး။ ငါ့ကိုလည်း သွားခွင့်မပေးဘူး။ ဘာလဲ၊ နင်ငါ့ကို သတ်ချင်နေတာလား”
ရန်ကိုင်သည် သူမ ပြောသမျှအား မကြားချင်ယောင်ဆောင်လျက် သူမ ရှိနေသည့် နေရာအား ဖမ်းဆုပ်လိုက်လေသည်။
“အန်” ဟွာချင်းစီ ထိတ်လန့်သွားပြီး အလန့်တကြား ထအော်လေသည် “အစ်မ နောက်နေတာလေ မောင်လေးရဲ့... မောင်လေးက အစ်မစလို့စမှန်း ဘယ်လိုလုပ်ပြီး မသိဘဲနေရတာလဲ၊ မဟုတ်...”
ထိုသို့ အော်ပြောနေရင်း သူတော်စင်ချီကို အရူးအမူး လှည့်ပတ်၍ ခုခံကာကွယ်ရန် ကြိုးစားလိုက်လေသည်။ သူမ၏ အရင်းအမြစ်ချီ အပြင်သို့ ထွက်မလာနိုင်သေးခင်မှာ မမြင်နိုင်သော စွမ်းအားတစ်ရပ်မှ သူမ တစ်ကိုယ်လုံးအား တင်းတင်းကြပ်ကြပ် ချုပ်နှောင်လိုက်သလို ခံစားလိုက်ရလေသည်။ မူးနောက်နောက် ခံစားချက်နှင့်အတူ သူမ၏ ကောင်းကင်စိတ်အာရုံတစ်ခုလုံး ပရမ်းပတာ ဖြစ်လာပြီးနောက် သူမ၏ မြင်ကွင်းတစ်ခုလုံး အမှောင်ဖုံးသွားခဲ့လေ၏။
အသိပြန်ဝင်လာသည့်အချိန်တွင် သူမကိုယ်သူမ မတူကွဲပြားသည့် နေရာတစ်ခုသို့ ရောက်နေကြောင်း တွေ့ရှိလိုက်ရလေသည်။ လှည့်ပတ်ကြည့်လိုက်ရာ သူမ ရှိနေရာ အရပ်ရှိ မြေပြင်မှာ ပြားကပ်နေပြီး အနီးအနား၌ ဆေးပင်များစွာ ပေါက်နေကြောင်း တွေ့ရှိလိုက်ရသည်။
ဤနေရာသည် ကြယ်တာရာအစုအဝေး မဟုတ်ပေ... ရောက်ကတည်းက နေရာနှစ်ခု၏ ကွာခြားချက်ကို ဟွာချင်းစီ ချက်ချင် သတိပြုမိလိုက်သည်။ သူမစိတ်ထဲ ခံစားနေရသည့် ထူးဆန်းသည့် ခံစားချက်ကို ရှင်းမပြနိုင်သော်ငြား ဤနေရာသည် ကြယ်တာရာ အစုအဝေး မဟုတ်မှန်းတော့ သိနေခဲ့သည်။
ငါသေသွားတာလား ဟွာချင်းစီ အံ့အားသင့်သွားခဲ့သည်။
ဒီလိုဆို သေတာက ဒီလောက် ကြောက်ဖို့မကောင်းဘူးပေါ့... ငါ့ကိုယ်ငါ သေတယ်လို့တောင် မထင်မိဘူး...
ဒါဆို လူတွေက သေသွားပြီးရင် ဒီလို နေရာကို ရောက်လာကြတာပေါ့... ဟိုသူတော်စင် နန်းတော်က သူတောင်းစားက ဘယ်ရောက်နေတာလဲ...
“အို... သူနင့်ကို မသတ်ဘဲ ဒီကို ပို့လိုက်တာလား။ ကြည့်ရတာ... ဒီကောင် လုံးဝ စိတ်မလွတ်သွားသေးဘူးနဲ့တူတယ်”
ရုတ်တရက် အလွန်ကျယ်လောင်သည့် အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထိုစစ်ဗုံတီးသံနှယ် ကျယ်လောင်လွန်းလှသည့် အသံကြောင့် ဟွာချင်းစီ အလန့်တကြား ထခုန်မိလိုက်သည်။
“ဘယ်သူလဲ” ထို့နောက်တွင် ချက်ချင်းပဲ သတိချပ်၍ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်လေသည်။ သို့တိုင် မည်သို့ကိုမှ မတွေ့ရ။
“ဘေးကို လိုက်ကြည့်မနေနဲ့။ အပေါ်ကိုကြည့်” အသံ နောက်တစ်ဖန် ထွက်လာပြန်သည်။
ဟွာချင်းစီလည်း အပေါ်ကို လှည့်ကြည့်လိုက်ရာ ကျောက်တိုင်နှစ်တိုင်နှင့် ဆင်တူသော အရာနှစ်ခုကို တွေ့လိုက်ရလေသည်။
ဤနေရာသို့ စရောက်စဉ်က ထိုအရာများကို သတိပြုမိခဲ့သည်။ သို့သော်ငြား သူမကိုယ်သူမ သေပြီဟုသာ ထင်နေသည့်အတွက် ထိုအရာများကို အရမ်းကြီး ဂရုစိုက်မနေခဲ့ပေ။
သူမဘေးတွင် ရှိနေသည့် ကျောက်တိုင်ကဲ့သို့သော အရာကို သေချာ မြင်ပြီးသည့် နောက်တွင် ဟွာချင်းစီသည် ချက်ချင်းပဲ လေပေါ်သို့ ပျံဝဲတက်လိုက်လေသည်။ ယခုမှပဲ ထိုအရာ၏ ပုံစံကို သူမ သေချာမြင်ရတော့သည်။