← Chapters

အခန်း (၂၁၀၁-၂၁၀၅)

Vol. 85 Ch. 2101-2105

အခန်း (၂၁၀၁-၂၁၀၅)

Vol. 85 Ch. 2101-2105

အပိုင်း (၂၁၀၁)

“ကျောက်..ကျောက်ဘီလူးလား” အချိန်အတော်ကြာပြီးသည့်နောက်တွင် ဟွာချင်းစီသည် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်လေသည်။

ဤကျောက်ဘီလူးကြီးမှာ အလွန်ကိုမှ မယုံကြည်နိုင်စရာ ကောင်းပေသည်။ အိမ်လေးငါးထပ်စာမျှမြင့်သော ဤကျောက်ဘီလူးသည် လူသားတစ်ဦးကဲ့သို့သော အသိဉာဏ်ရှိသည့် မျက်လုံးများကို ပိုင်ဆိုင်ထား၏။ ခန္ဓာကိုယ်မှာလည်း အလွန်တရာကိုမှ ကြီးမားလှပေသည်။ ကျောက်ဘီလူးပုံစံမှာ အိမ်များထဲရှိ ခန္ဓာကိုယ်သက်သက်နှင့်ပင် ပြိုင်ဘက်အား ကြောက်လန့်သွားစေနိုင်သော ဘီလူးကြီးများနှင့်ပင် တူနေသေးသည်။

“ကျောက်ဘီလူး အင်း..အဲ့လိုမျိုးလည်း ခေါ်လို့ရပါတယ်လေ” ရွှေရောင်ကျောက်တုံးရုပ်သေးရုပ်သည် ယဲ့ယဲ့လေးရယ်မောလိုက်၏။

သို့သော်ငြား သူ၏ရယ်သံသည် ဟွာချင်းစီအတွက်မူ နားပင်းမတတ်ကျယ်လောင်လွန်းလှပေသည်။

“ရှင်အသက်ရှင်နေသေးတာလား။ နေပါအုံး .. အသိဉာဏ်လည်း ရှိတာလား” ဟွာချင်းစီက အံ့အားသင့်တကြီး မေးလိုက်သည်။

သူမသည် သာမန်ကျင့်ကြံသူတစ်ဦးမဟုတ်ဘဲ တောင်ဘက်နယ်မြေတစ်ခုလုံး၏အရှင်သခင်ဖြစ်သော ကြယ်ဝိဉာဉ်နန်းတော်မှ တပည့်တစ်ဦးဖြစ်သည်။

ထို့ကြောင့် ကြယ်တာယာအစုအဝေးထဲတွင်ရှိသော လျှို့ဝှက်ချက်များစွာအကြောင်းကို သူမသိပေသည်။ သို့တိုင် ဤကျောက်ဘီလူးနှင့်ဆက်စပ်သည့် အကြောင်းအရာများကိုတော့ လုံးဝမစဉ်းစားနိုင်ခဲ့ပေ။

“ငါသေပြီလို့ထင်နေတာလား” ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်သည် ဟွာချင်းစီအား လှောင်ပြောင်လိုဟန်ဖြင့် ကြည့်လျက်မေးလိုက်သည်။

ဟွာချင်းစီရှက်သွားခဲ့ပြီး ချက်ချင်းပဲ ဝမ်းသာအားရ ရယ်မောရင်း ပြန်မေးလိုက်လေသည်။ “ဒါဆို ငါအသက်ရှင်နေသေးတာပေါ့။ ဒါနဲ့ ခုနတုန်းက သူငါ့ကို ဒီကိုခေါ်လာတယ်လို့ ရှင်ပြောလိုက်တယ်နော်။ ကျွန်မတို့အခု ဘယ်ကိုရောက်နေတာလဲ”

ရွှေရောင်ကျောက်တုံးရုပ်သေးရုပ်သည် တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့၏။ ထို့နောက်တွင် မျက်လုံးမှေးစင်းလျက် ပြန်မေးလိုက်လေသည်။ “နင်တစ်ကယ် သိချင်တာလား”

ဟွာချင်းစီ မျက်မှောင်ကြုတ်သွားခဲ့ပြီး သူမစိတ်ထဲ နေမထိထိုင်မထိဖြစ်လာခဲ့သည်။ ကျောက်တုံးရုပ်သေးရုပ် ပြောမည့်အကြောင်းအရာသည် သူမအတွက် မည်သည့် ကောင်းကျိုးမှ ရှိလိမ့်မည်မဟုတ်ဟု ခံစားနေရသော်ငြား သိချင်စိတ်ကိုမူ မထိန်းနိုင်ခဲ့ပေ။

“ထားလိုက်ပါလေ။ နင့်ကိုပြောလို့လဲ ဘာပြဿနာမှ ရှိမှာမှမဟုတ်တာ။ သူကနင့်ကိုမသတ်ဘဲ ဒီနေရာကို ခေါ်လာလိုက်တယ်ဆိုမှတော့ နင့်ကိုနောက်တစ်ကြိမ် ဘယ်တော့မှ ထွက်သွားခွင့်ပေးတော့မှာမဟုတ်တော့ဘူး”

ထိုစကားကိုကြားသည့်အခါ ဟွာချင်းစီ မျက်နှာပျက်သွားခဲ့လေသည်။ သူမစိုးရိမ်နေသည့်အရာ အမှန်တစ်ကယ်ဖြစ်လာပြီမှန်း သိလိုက်သည်။

“ဒါ ကမ္ဘာငယ်လေးတစ်ခုပဲ။ ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုဖြစ်တဲ့ ကမ္ဘာငယ်လေးပေါ့”

“ဧကရာဇ်အဆင့်မှော်ရတနာ..ကမ္ဘာငယ်လေး” ဟွာချင်းစီအလန့်တကြား ထအော်လေသည်။ “နင်ပြောချင်တာက ဒါက ငါတို့ကြယ်ဝိဉာဉ်နန်းတော်ရဲ့ ငါးရောင်ခြယ်ရတနာဘုရားနဲ့ အဆင့်တူတဲ့မှော်ရတနာ တစ်ခုလား”

“အဲ့လိုပဲပေါ့” ရွှေရောင်ကျောက်တုံးရုပ်သေးရုပ်က ခေါင်းငြိမ့်လိုက်လေသည်။

စကားများများပြောရသည့်အတွက်ကြောင့် ပင်ပန်းလာလေလားမသိ။ တင်ပုလ္လင်ခွေထိုင်ချလျက် ဟွာချင်းစီကိုကြည့်ရင်း ပြောလိုက်၏။ “ဒါပေမယ့် နှိုင်းယှဉ်ပြီးပြောရမယ်ဆိုရင် နှစ်ခုကသိပ်မတူဘူး။ ကြယ်ဝိဉာဉ်နန်းတော်ရဲ့ ငါးရောင်ခြယ်ရတနာဘုရားက တပည့်တွေဝင်ပြီးလေ့ကျင့်လို့ရတဲ့နေရာတစ်ခုပဲ။ အဲ့အထဲထဲမှာ အဖိုးတန်ရတနာတွေအများကြီးလည်း ရှိသေးတယ်။ ဒါပေမယ့် ကမ္ဘာငယ်လေးကျတော့ အဲ့လိုမျိုး မဟုတ်ဘူး။ ဒါကို အရမ်းအားကောင်းတဲ့ သက်ရှိတစ်ခုရဲ့ ခန္ဓာကိုယ်ကနေဖန်တီးထားတာ။ ပြီးရင် ဒီကမ္ဘာငယ်လေးက တော်တော်လေးသေးတယ်။ ဒါ့ကြောင့် သယ်သွားလို့ရတယ်။ နင်နားလည်ပြီလား”

ဟွာချင်းစီခေါင်းငြိမ့်လိုက်သည်။ ကြယ်ဝိဉာဉ်နန်းတော်၏ ငါးရောင်ခြယ်ရတနာဘုရားသည် အကောင်းဆုံးသော ရတနာတစ်ပါးဖြစ်ပေသည်။ ငါးရောင်ခြယ်ရတနာဘုရားမှာ ကြယ်ဝိဉာဉ်နန်းတော်၏ အုတ်မြစ်ဖြစ်၏။

တပည့်ပေါင်းများစွာသည် ထိုထဲသို့ဝင်ကာ လေ့ကျင့်နိုင်ပြီး အဆင့်တက်မှုများ ပြုလုပ်နိုင်သလို လောကနိယာမများကိုလည်း လေ့လာနိုင်သည့် အတွက်ကြောင့် ထိုရတနာသည် ကြယ်ဝိဉာဉ်နန်းတော် တိုးတက်ရေးအတွက် မရှိမဖြစ်အုတ်မြစ်တစ်ခုဟု ပြော၍ ရပေသည်။

ထို့ကြောင့်ပင်လျှင် ငါးရောင်ခြယ်ရတနာဘုရားသည် ကြယ်တာရာအစုအဝေးထဲ၌ အကောင်းဆုံး ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုဖြစ်သည်ဟုပင် ပြော၍ရ၏။

ကမ္ဘာငယ်လေးသည် ငါးရောင်ခြယ်ရတနာဘုရားနှင့် အဆင့်တူမှော်ရတနာတစ်ခုဖြစ်သည်ဟုပြော၍ရသည်။ ကျင့်ကြံသူများအနေဖြင့် ကမ္ဘာငယ်လေးထဲသို့ဝင်၍ မလေ့ကျင့်နိုင်သော်ငြား ကမ္ဘာငယ်လေးသည် ငါးရောင်ခြယ် ရတနာဘုရားထက်ပို၍ လက်တွေ့ကျပေသေးသည်။

ဤသည်မှာ အဖိုးတန်ရတနာတစ်ပါးဖြစ်သော်ငြား တာအိုသခင်ပထမအဆင့်ကျင့်ကြံသူတစ်ဦး၏လက်ထဲသို့ ရောက်နေခဲ့သည်။

ဧကရာဇ်အဆင့်ပညာရှင်များအတွက်ပင်လျှင် ဧကရာဇ် မှော်ရတနာတစ်ခုရရန် မလွယ်ကူပေ။ ဧကရာဇ်မှော်ရတနာတိုင်းသည် အလွယ်တကူဖန်တီး၍ ရသည်မဟုတ်။ ဧကရာဇ်မှော်ရတနာတစ်ခု ဖြစ်တည်လာရန် အတွက် ကျင့်ကြံသူပေါင်းများစွာ၏သွေး၊ ချွေး စတေးမှုများနှင့်တကွ မြောက်မြားလှစွာသော အရင်းအမြစ်များကိုလိုအပ်ပေသည်။

တာအိုသခင်အဆင့်မှော်ရတနာတစ်ခုထက် အဆပေါင်း များစွာပိုမိုအဖိုးတန်သော ဧကရာဇ်အဆင့်မှော်ရတနာ တစ်ခုသည် တာအိုသခင်ပထမအဆင့်ကျင့်ကြံသူတစ်ဦး၏ လက်ထဲသို့ ရောက်နေခဲ့လေသည်။

ထို့အပြင် ဤဧကရာဇ်မှော်ရတနာမှာ သာမန်ဧကရာဇ် မှော်ရတနာပင်မဟုတ်ဘဲ ငါးရောင်ခြယ်ရတနာဘုရားနှင့် အဆင့်တူသည်ဟုပြော၍ရသော ဧကရာဇ်မှော်ရတနာတစ်ခု ဖြစ်သည်။

ဤအကြောင်းသာ သတင်းပြန့်သွားမည်ဆိုပါက ကြယ်တာရာအစုအဝေးထဲတွင်ရှိနေသော ပညာရှင်များ ရန်ကိုင့်အား အမဲလိုက်ကြပေလိမ့်မည်။

“ဒီအကြောင်းကို မကြားလိုက်ဘူးလို့ပဲ သဘောထားပေးလို့မရဘူးလား” ဟွာချင်းစီ၏မျက်နှာကြီး မဲ့သွားခဲ့လေသည်။

သူမမည်သည့်လျှို့ဝှက်ချက်ကိုမှ မသိရသေးခင် အချိန်မှာပင် ရန်ကိုင်သည် သူမအား ဤထဲသို့ ပစ်ထည့်ခဲ့ သည်။

ယခုကဲ့သို့ လျှို့ဝှက်ချက်မျိုးကို သိပြီးသည့် နောက်တွင်တော့ ရန်ကိုင့်အနေဖြင့် သူမအား မည်သို့မှ လွှတ်ပေးတော့လိမ့်မည်မဟုတ်ချေ။ သူမတစ်ဘဝလုံး ဤနေရာတွင်သာ အချုပ်ကျနေပေတော့မည်။

မသေသေးသည့်အတွက်ကြောင့် ဝမ်းသာသွားမိသော်ငြား ဤသတင်းကိုကြားပြီးသည့်နောက်တွင် ဟွာချင်းစီ အလွန်ကိုမှစိတ်ညစ်သွားခဲ့ရလေသည်။

“ဟဲ ဟဲ ဟဲ” ရွှေရောင်ကျောက်တုံးရုပ်သေးရုပ်သည် သည်းလှိုက်အူလှိုက်ရယ်မော၍ “ဒီကိုရောက်ကတည်းက နင့်ကံကြမ္မာက ဆုံးဖြတ်ထားပြီးသား”

ပြောပြီးသည့်နောက်တွင် ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်သည် ရုတ်တရက်မျက်မှောင်ကြုတ်၍ ဆက်ပြောလိုက်လေသည်။ “သူနင့်ကိုမသတ်ဘူးဆိုတာ နင်သူ့အသက်ကို တစ်ကြိမ်ကယ်ဖူးလို့ပဲ။ ဒါပေမယ့် အခု သူ့အခြေအနေက လုံးဝကောင်းတာမဟုတ်ဘူး။ သတ်ဖြတ်လိုစိတ်တွေကို လုံးဝမထိန်းချုပ်နိုင်ဘူး။ ဒါကြောင့်ပဲ နင့်ကိုဒီနေရာဆီပို့လိုက်တာ”

“တစ်ကယ်ကြီးလား”

“တစ်ကယ်တော့ နင့်မှာ ဒီနေရာကနေ ထွက်သွားလို့ရမယ့် အခွင့်အရေးတစ်ခုရှိသေးတယ်”

“ဘာလဲ” ထိုစကားကိုကြားသည့်နောက်တွင် ဟွာချင်းစီ ဝမ်းသာသွားပြီး ချက်ချင်းပဲ ပြန်မေးလိုက်လေသည်။

“သေရင်သေ မသေရင် နင့်ဝိဉာဉ်အမှတ်အသားကို သူ့ဆီပေးဖို့ပဲ”

ဟွာချင်းစီက မျက်နှာကြီးမဲ့လျက် ပြန်အော်ပြောလေ၏။ “ကျွန်မ မေးတာ အဲ့ဒါ မဟုတ်ဘူးလေ”

“နင်မေးတာ ဟုတ်ဟုတ်မဟုတ်ဟုတ် အဲ့ဒါပဲရှိတယ် ကောင်မလေး။ အဲ့လိုမလုပ်ချင်ဘူးဆိုရင် နင့်တစ်ဘဝလုံးကို ဒီမှာဖြတ်သန်းဖို့ပဲရှိတော့လိမ့်မယ်” ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်က ပြောလိုက်လေသည်။

ထိုစကားကိုကြားသည့်အခါ ဟွာချင်းစီ အသံတိတ်သွားခဲ့၏။ ခဏအကြာတွင် ရုတ်တရက်ထ၍ ပြောလိုက်ပြန်သည်။ “အဲ့ကောင်စုတ်က အခု သူ့ကိုယ်သူတောင် ကာကွယ်နိုင်သေးတာမဟုတ်ဘူး။ သူပြန်ကောင်းသွားတော့မှပဲ ဒီအကြောင်းကို ဆက်ပြောကြတာပေါ့”

ရွှေရောင်ကျောက်တုံးရုပ်သေးရုပ်က ခေါင်းငြိမ့်လျက် ပြန်ပြောလိုက်၏။ “နင်မှန်တယ်။ ပြောချင်ရင် အဲ့အကြောင်းကို သူနဲ့သွားပြောရမှာ။ ငါက အကြံပေးရုံပဲ”

ဟွာချင်းစီ၏အမူအယာ ရုတ်တရက်ပြောင်းလဲသွားပြီး ပြန်ပြောလိုက်လေ၏။ “ဒါနဲ့ ရှင်ကကော ဘာလို့ ဒီရောက်နေတာလဲ”

ထိုသို့ပြောပြီးသည့်နောက်တွင် တစ်ခုခုအား စဉ်းစားမိသွားသည့်အလား ဝမ်းသာအားရဖြင့် ဆက်ပြောလိုက်လေသည်။ “ရှင်လည်း ကျွန်မလိုပဲ ဒီနေရာဆီပစ်ချခံလိုက်ရတာလား။ ရှင့်ဝိဉာဉ်အမှတ်အသားကိုပေးဖို့ကော သူရှင့်ကို တွန်းအား ပေးသေးလား”

ရန်ကိုင့်လက်ချက်ကြောင့် သူမတစ်ဦးတည်း ခံစားရခြင်းမဟုတ်ကြောင်း သိပြီးသည့်နောက်တွင် ဟွာချင်းစီရုတ်တရက် စိတ်လှုပ်ရှားလာခဲ့လေသည်။

ရွှေရောင်ကျောက်တုံးရုပ်သေးရုပ်က ထူးဆန်းသည့် အမူအယာဖြင့် ရေရွတ်လိုက်လေ၏။ “သူငါ့ကို အကျဉ်းချထားတာ နှစ်ပေါင်းတစ်သန်းမကတော့ဘူး”

“တစ်ကယ်အကျင့်မကောင်းတာပဲ” ဟွာချင်းစီက အံကြိတ်၍ ထအော်ပြောလေသည်။

သို့သော်ငြား တစ်ခုခုအားသတိပြုမိသွားပြီး ရွှေရောင် ကျောက်တုံးရုပ်သေးရုပ်အား မယုံသင်္ကာဖြင့် ကြည့်လျက် ပြန်မေးလိုက် လေ၏။ “သူအခုမှ အသက်ဘယ်လောက် ရှိသေးလို့လဲ။ ဘယ်လိုလုပ်ပြီးနှစ်တစ်သန်းတောင် ဖြစ်သွားရတာလဲ”

ရွှေရောင်ကျောက်တုံးရုပ်သေးရုပ်သည် သူ့မျက်နှာကို လက်ဖြင့်ကုတ်၍ ပြောလိုက်လေသည်။ “အဲ့လို အရေးမပါတဲ့ ဟာတွေကို ဂရုစိုက်မနေနဲ့။ သူအခု ပြဿနာတက်နေပြီ။ အဲ့လူတွေကို တစ်ချက်ကြည့်ကြည့်။ နင်သူတို့ကိုသိလား”

ထိုသို့ ပြောနေရင်း ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်သည် သူ့လက်ကိုဝှေ့ယမ်းလိုက်လေ၏။ ရွှေရောင်ကျောက်တုံးရုပ်သေးရုပ်မှ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ဗလာကျင်းနေသော ဟင်းလင်းပြင်ထက် လှိုင်းတွန့်ကလေးများထွက်ပေါ်လာပြီး ထူးဆန်းသည့် စခရင်တစ်ခုပေါ်လာခဲ့လေသည်။

ထိုအရာကိုမြင်ပြီးသည့်နောက်တွင် ဟွာချင်းစီက အံ့အားသင့်တကြီးလေသံဖြင့် “ဒါက”

စခရင်ပေါ်တွင်ပေါ်နေသည့်အခြေအနေမှာ လက်ရှိ ရန်ကိုင်၏အခြေအနေဖြစ်နေကြောင်းကို ဟွာချင်းစီ တွေ့ရှိလိုက်ရသည်။

ရန်ကိုင့်တစ်ကိုယ်လုံး နတ်ဆိုးချီတို့ဖြင့် လွှမ်းခြုံနေပြီး သူ့မျက်လုံးနှစ်လုံးသည်သာ ရွှေရောင်နှင့်အနက်ရောင် တောက်နေတော့လေသည်။ လူသုံးဦးသည် တြိဂံပုံစံအတိုင်း သူ့အား ဝန်းရံထားခဲ့သည်။

သူ့ဘယ်ဘက်တွင်ရှိနေသော သက်လတ်ပိုင်း လူကြီးသည် လျှော်ပင်နှင့်ပြုလုပ်ထားသော အဝတ်အစားများကို သပ်ရပ်စွာ ဝတ်စားထားခဲ့လေသည်။

ညာဘက်တွင်မူ တစ်ခေါင်းလုံးဖြူဖွေးနေသော မုတ်ဆိတ်ရှည်ကြီးနှင့် မျက်နှာနီနီ ပုပုကွကွ လူအိုကြီး တစ်ဦးရှိနေခဲ့လေ၏။ လူအိုကြီးသည် ရန်ကိုင့်အား မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေခဲ့လေသည်။

အလယ်တွင်မူ အေးစက်စက်အမူအယာနှင့် အမျိုးသမီး တစ်ဦးရှိနေခဲ့လေသည်။ အမျိုးသမီးမှာ အဖြူရောင် အဝတ်အစားကို ဝတ်စားထားလေ၏။

ရန်ကိုင်မှ ဟွာချင်းစီအား ကမ္ဘာငယ်လေးထဲသို့ ပစ်ချလိုက်ပြီးသည့်နောက်တွင် ထိုလူသုံးဦးသည် ဘယ်ကမှန်းမသိ ရုတ်တရက်ထွက်ပေါ်လာပြီး သူ့အား ဝန်းရံထားခဲ့သည်။

ထိုလူသုံးဦးစလုံးမှာ တောင်ဘက်နယ်မြေထဲတွင် နာမည်ကျော်ကြားသည့် ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြပြီး ရန်ကိုင်လည်း သူတို့သုံးဦးကို မြင်ဖူးပေသည်။

“မဟာအင်အားစုကြီးတွေက ဆရာကြီးတွေပဲ” ထိုလူ သုံးဦးကို မြင်လိုက်သည်နှင့် မည်သူမှန်း ဟွာချင်းစီ တန်းသိလိုက်လေသည်။

“နင်နည်းနည်းလောက်ရှင်းပြလို့ရလား” ရွှေရောင် ကျောက်တုံးရုပ်သေးရုပ်က ပြောလိုက်သည်။

“ဘယ်ဘက်မှာရှိနေတဲ့လူက ကောင်းကင်တိုက်ပွဲဒိုကျိုက စီနီယာချန် ချန်ဝမ်ဟောင်ပဲ။ ညာဘက်မှာရှိနေတဲ့ လူကတော့ ရှေးဟောင်းကျောင်းတော်ရဲ့အကြီးအကဲဖုန်း ဖုန်းမင်။ နောက်ဆုံးတစ်ယောက်က နေမင်းပြာ ကျောင်းတော်က စီနီယာကောင်း ကောင်းရွှယ်ထင်းပဲ”

“အဲ့လူတွေလား” ရွှေရောင်ကျောက်တုံးရုပ်သေးရုပ် နားလည်သွားခဲ့လေသည်။

လွန်ခဲ့သောတစ်နှစ်ခန့်က ထိုလူသုံးဦးသည် ယွမ်ဖုန်းကို ခြေရာကောက်ရန်အတွက် မေပယ်မြို့သို့ရောက်လာခဲ့လေ သည်။

ထို့နောက်တွင် ထိုလူသုံးဦးမှာ ကြယ်ဝိဉာဉ်နန်းတော်၏ ရှောင်ယုရန်နှင့်အတူ မေပယ်မြို့သို့ရောက်လာပြီး ငါးရောင်ခြယ်ရတနာဘုရားကို ဖွင့်လှစ်ပေးခဲ့သည်။

ထိုစဉ်က ရန်ကိုင်သည် ထိုလူသုံးဦးကို ကိုယ်တိုင်ကိုယ်ကျမြင်တွေ့ခဲ့ရပေသည်။ ရန်ကိုင်ကိုယ်တိုင် မြင်တွေ့ခဲ့ရသည့်အတွက်ကြောင့် ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်သည်လည်း ထိုလူများအကြောင်း ကြားဖူးပေ၏။

ဟွာချင်းစီပြောသည်ကို ကြားပြီးသည့်နောက်တွင် ရွှေရောင်ကျောက်တုံးရုပ်သေးရုပ်၏မျက်နှာထက် စိုးရိမ်သည့်အမူအယာ ထွက်ပေါ်လာခဲ့လေသည်။

ယခုလက်ရှိအခြေအနေအရ ရန်ကိုင်သည် အလွန်တရာကိုမှ အားကောင်းနေသော်ငြား သူရင်ဆိုင်နေရသည်မှာ မဟာအင်အားစုကြီးများမှ ဧကရာဇ်အဆင့်ပညာရှင်သုံးဦး ဖြစ်ပေသည်။

သူ့အနေဖြင့် ထိုလူသုံးဦး၏ပြိုင်ဘက်မဖြစ်လောက်ပေ။ ထို့အပြင် ဤအခြေအနေတွင် ရန်ကိုင်ပိုကြာကြာရှိနေလေ သူ့အတွက် ပိုဆိုးလေပင်။

သူသာ ထိုလူသုံးဦးကြောင့် ဤနေရာတွင် ပိတ်မိနေမည် ဆိုပါက သူ့စိတ်သည် နတ်ဆိုးစိတ်ဝိဉာဉ်၏တိုက်စားခြင်း ခံရကာ နတ်ဆိုးတစ်ကောင်အဖြစ်သို့ လုံးလုံးပြောင်းလဲသွားရပေလိမ့်မည်။

“မျှော်လင့်ချက်ရှိသေးတယ်” ဟွာချင်းစီမှာမူ ရွှေရောင် ကျောက်တုံးရုပ်သေးရုပ် စိုးရိမ်နေသည်ကို သတိမပြုမိဘဲ ဝမ်းသာအားရသာ အော်ဟစ်လိုက်လေသည်။

ထို့နောက် ရွှေရောင်ကျောက်တုံးရုပ်သေးရုပ်ဘက်သို့ လှည့်၍ပြောလိုက်လေ၏။ “ကျောက်တုံးကြီး အဲ့စီနီယာ သုံးဦးသာ အဲ့ကောင်လေးကိုဖမ်းမိသွားရင် ကျွန်မတို့ ထွက်သွားလို့ရပြီ”

ရွှေရောင်ကျောက်တုံးရုပ်သေးရုပ်သည် ၎င်း၏ ထူးမခြားနားဟန်ပုံစံအတိုင်း ခေါင်းငြိမ့်ပြလိုက်လေသည်။

ချန်ဝမ်ဟောင်နှင့်အခြားသူများသည် ရန်ကိုင့်အား ဝန်းရံထားပြီး သူ့အခြေအနေကို စစ်ဆေးကြည့်နေကြသည်။ သူတို့ရောက်လာရခြင်းမှာ တစ်စုံတစ်ဦးသည် မေပယ်မြို့၏ ဟင်းလင်းပြင်အစီအရင်ကိုသုံး၍ သူတို့အား လာအကြောင်းကြားသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။

ရှေးဟောင်းမဟာနတ်ဆိုးအား ချိပ်ပိတ်ထားသော အစီအရင်ထိခိုက်သွားပြီး နတ်ဆိုးချီများ စိမ့်ထွက်လာသည့် အတွက်ကြောင့် မေပယ်မြို့အနီးတစ်ဝိုက်တွင်ရှိနေသော သက်ရှိအားလုံး နတ်ဆိုးအဖြစ်သို့ပြောင်းလဲကုန်သည့် သတင်းကို အင်အားစုကြီးသုံးခုစလုံးရလိုက်သည်။

ထို့ကြောင့် ဤကိစ္စအား နည်းနည်းလေးမှ ပေါ့သေးသေးမမှတ်ရဲသဖြင့် ဧကရာဇ်အဆင့်ပညာရှင် သုံးဦးအား စုံစမ်းစစ်ဆေးရန် စေလွှတ်လိုက်ခြင်း ဖြစ်လေသည်။

မေပယ်မြို့သို့ လွန်ခဲ့သော တစ်နှစ်ခန့်က ရောက်ခဲ့ဖူးသော ချန်ဝမ်ဟောင်နှင့် ကျန်နှစ်ဦးသည် ယခုတစ်ကြိမ်တာဝန်အတွက် အသင့်တော်ဆုံးလူများ ဖြစ်ကြသဖြင့် သူတို့ကိုယ်တိုင်က လိုလိုလားလားဖြင့် ဤတာဝန်ကို ယူခဲ့ပေသည်။

အချိန်လေးဖင့်နေ၍မရသည့်အတွက် ရောက်နေရာ အရပ်ဆီမှ ဟင်းလင်းပြင်အစီအရင်များကိုသုံး၍ ဤနေရာသို့ အချိန်တိုအတွင်း ရောက်လာနိုင်အောင် အမြန်ဆုံး ပြေးလာခဲ့သည်။

သို့သော်ငြား မေပယ်မြို့သို့မရောက်သေးခင်မှာပင် နတ်ဆိုးချီသည် ရုတ်တရက်ပျောက်ကွယ်သွားပြီး နတ်ဆိုးအသွင်ပြောင်းထားခြင်းခံရသည့် သက်ရှိ အားလုံးမှာလည်း အကောင်းအတိုင်း ပြန်ဖြစ်လာကုန်ကြလေသည်။

ထိုအဖြစ်အပျက်ကြောင့် သူတို့သုံးဦးစလုံး အလွန်ကိုမှ အံ့အားသင့်သွားခဲ့ရသည်။

အခြေအနေကိုစစ်ဆေးကြည့်ရန်အတွက် ချိပ်စည်း ရှိနေသည့်နေရာသို့ လာကြည့်လိုက်ပြီးသည့်နောက်တွင် ရန်ကိုင်နှင့်လမ်း၌ သွားတိုးလေ၏။ လက်ရှိအချိန်တွင် သူတို့သုံးဦးစလုံး လုံးဝကို နားမလည်နိုင် ဖြစ်နေခဲ့ကြလေသည်။

မေပယ်မြို့လေးကဲ့သို့သော မြို့လေးတစ်ခုအနီးတွင် ယွမ်ဖုန်းတစ်ကောင်ပေါ်လာခဲ့သည်။ မကြာမီ ရှေးဟောင်း မဟာနတ်ဆိုး၏ခန္ဓာကိုယ်ကို ချိပ်ပိတ်ထားသော ချိပ်စည်း တစ်ခုပါ ထပ်ပေါ်လာခဲ့လေသည်။

ထိုကဲ့သို့သော အဖြစ်အပျက်ကြီးအားလုံးသည် မေပယ်မြို့လေးကဲ့သို့သော မြို့လေးတစ်ခုအနီးတွင် လာဖြစ်နေခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ သူတို့မှာ အမှန်တစ်ကယ်ကို မယုံကြည်နိုင်ဖြစ်နေကြ၏။

လက်ရှိတွင် ရန်ကိုင့်တစ်ကိုယ်လုံးအား နတ်ဆိုးချီများက လွှမ်းခြုံထားသည့်အတွက်ကြောင့် သူ့မျက်နှာပုံစံ မည်ကဲ့သို့ ရှိသလဲဆိုသည်ကို ဧကရာဇ်အဆင့်ပညာရှင်သုံးဦးစလုံး မမြင်နိုင်တော့ပေ။

ထို့အပြင် ရန်ကိုင့်အားလွှမ်းခြုံထားသော နတ်ဆိုးချီဆီမှ အားကောင်းလှသည့် အန္တရာယ်အငွေ့အသက်ကိုလည်း သူတို့ ခံစားနေခဲ့ကြရသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၀၂)

သူတို့လမ်းတစ်လျှောက်တွင် တွေ့ခဲ့ရသည့် နတ်ဆိုး အားလုံးမှာ အသိပြန်ဝင်လာကုန်ကြလေပြီ။ သို့သော်ငြား သူတို့ရှေ့တွင်ရှိနေသေးသည့်လူမှာတော့ နတ်ဆိုးချီများ၏ ဖုံးလွှမ်းထားခြင်း ခံရသေးပြီး ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါကို ထုတ်လွှတ်နေသေး၏။

“မင်းဘယ်သူလဲ” ချန်ဝမ်ဟောင်သည် မေးခွန်းတစ်ခုဖြင့် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

သူ့ရှေ့တွင်ရှိနေသော ဤနတ်ဆိုးမှာ အခြားသော နတ်ဆိုးများကဲ့သို့ ဘာကြောင့်အသိပြန်မဝင်လာသေးသနည်း။ ဘာကြောင့်များ ဤမျှအားကောင်းနေရသနည်းဆိုသည်ကို အမှန်တစ်ကယ်သိချင်နေပေသည်။

သို့သော်ငြား တစ်ဖက်လူသည် သူ့အမေးကိုပြန်မဖြေဘဲ တဝူးဝူးတဝါးဝါးသာ အော်ဟစ်နေလေသည်။

“ရောင်းရင်းချန် အဲ့ကောင် လုံးဝကိုနတ်ဆိုးဖြစ်သွားပြီ။ သူနဲ့သွားပြီး လေကုန်ခံမနေနဲ့တော့” ဖုန်းမင်သည် ရန်ကိုင့်အား စူးရဲစွာစိုက်ကြည့်ရင်း လှမ်းအော်ပြောလိုက်လေ၏။

ကောင်းရွှယ်ထင်မှာမူ စကားတစ်ခွန်းမျှပင်မဆိုဘဲ နတ်ဆိုးချီထဲရှိ ရန်ကိုင့်၏ ပုံစံကို ဖောက်ကြည့်ချင်နေသည့် အလား ရန်ကိုင့်ကိုသာ အသေအချာစိုက်ကြည့်နေလေသည်။

သို့ရာတွင် ရန်ကိုင်မှာ ကောင်းရွှယ်ထင်၏အကြည့်ကို သတိပြုမိလိုက်သည့်အလား သူမဘက်သို့ လှည့်ကြည့်လာခဲ့ သည်။

အကြည့်ချင်းဆုံသွားသည့်နောက် ဟင်းလင်းပြင်ထဲ မမြင်နိုင်သည့်ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

“အား” ကောင်းရွှယ်ထင်းသည် ပြင်းထန်သည့် တိုက်ခိုက်မှုတစ်ခုကို ခံစားလိုက်ရသည့်အလား မျက်နှာတစ်ပြင်လုံး ဖြူလျော်သွားပြီး နောက်သို့ ဒယိမ်းဒယိုင် ဆုတ်သွားခဲ့ရသည်။

နတ်ဆိုးချီထဲမှာလည်း မရေရာမသေချာသည့် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။

ချန်ဝမ်ဟောင်၏မျက်လုံးထဲ ထူးဆန်းသည့်အလင်း တစ်ချက် ဖြတ်ပြေးသွားပြီးသည့်နောက် ရှေ့သို့ တက်သွားလေ၏။ တစ်ချိန်တည်းတွင် မိုးပြာရောင် ဓားတစ်ချောင်းကိုထုတ်၍ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည်။ “ကျုပ် သူ့အခြေအနေကို အရင် တစ်ချက်သွားစမ်းကြည့်လိုက်မယ်။ ရောင်းရင်းတို့ နောက်ကနေကျုပ်ကို ကူညီပေး”

ပြောပြီးသည့်နောက်တွင် ချန်ဝမ်ဟောင်သည် ပုံရိပ်ယောင်အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလျက် ရန်ကိုင့်ရှေ့တွင် ပြန်ပေါ်လာခဲ့လေသည်။

“ရွှစ် ရွှစ်” ဓားချီလှိုင်းလုံးမှ တဝီဝီမြည်ဟီးလျက် ဓားစွမ်းအင်တစ်ခုအဖြစ်သို့ပြောင်းကာ ရန်ကိုင့်ဆီသို့ တိုးဝင်လာခဲ့လေ၏။

“ခလွမ်” မီးပွားတို့နှင့်အတူ စွမ်းအင်လှိုင်းများ ဟင်းလင်းပြင်အတွင်းဆီမှ ဖြာထွက်လာခဲ့လေသည်။ ချန်ဝမ်ဟောင်၏ဓားချက်မှာ အလွန်တရာကိုမှ မြန်ဆန်လွန်းလှသည်။

ခဏအကြာတွင် ချန်ဝမ်ဟောင်သည် သူ့ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်၍ မူလရပ်နေသည့်နေရာတွင် မလှုပ်မယှက် ပြန်ရပ်နေလိုက်လေသည်။

တစ်ဖက်တွင်မူ ရန်ကိုင့်အား လွှမ်းခြုံထားသော နတ်ဆိုးချီပေါ်၌ မရေမတွက်နိုင်သော အက်ရာများ ထွက်ပေါ်လာခဲ့လေသည်။

ထိုအက်ရာများမှတစ်ဆင့် ရန်ကိုင်၏ခန္ဓာကိုယ် အစိတ်အပိုင်းချို့ကိုပင် လှမ်းမြင်နေရလေ၏။ နတ်ဆိုးအမှတ်အသားတို့ဖြင့် ပြည့်နေသော ရန်ကိုင့်၏ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ ထွက်ပေါ်လာခဲ့သည်။

သို့သော်ငြား အက်ရာများမှာ နတ်ဆိုးချီ၏ ကုစားမှုကြောင့် အလျင်အမြန် ပြန်လည် ပျောက်ကွယ်သွားခဲ့လေသည်။

ထိုအချင်းအရာကိုမြင်သည့်အခါ ချန်ဝမ်ဟောင် မျက်မှောင်ကြုတ်သွားခဲ့သလို ကောင်းရွှယ်ထင်နှင့် ဖုန်းမင်သည်လည်း အလားတူ အံ့အားသင့်သွားခဲ့ကြသည်။

ရန်ကိုင်သည် သူတို့ထင်ထားသည်ထက်ပို၍ ရင်ဆိုင်ရ ခက်နေလေသည်။

“သေလိုက်ပေတော့” ချန်ဝမ်ဟောင်၏ တိုက်ခိုက်မှုကြောင့် ရန်ကိုင်မှာ ဒေါသထွက်သွားသည့်အလား ဟိန်းဟောက် အော်ဟစ်လိုက်လေ၏။

မရဏဘုရင်မှ စစ်ခင်းရန်ကြွေးကြော်လိုက်သည့်အလား သူ့တစ်ကိုယ်လုံးအား လွှမ်းခြုံထားသော နတ်ဆိုးချီတို့ဆီမှ ဘာမှန်းမသိသော ချောက်ခြားဖွယ်ရာကောင်းသည့် အသံများ ထွက်ပေါ်လာခဲ့လေသည်။

“ဝှစ်” ရန်ကိုင်သည် ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

“ဘာဖြစ်သွားတာလဲ” ချန်ဝမ်ဟောင် အမှန်တစ်ကယ်ကို အံ့အားသင့်သွားခဲ့ရလေပြီ။ သူ့ကောင်းကင်စိတ်အာရုံသည်ပင် ရန်ကိုင့်နောက်သို့ မလိုက်နိုင်ခဲ့ပေ။

ရန်ကိုင်ထုတ်ပြသွားသည့်အမြန်နှုန်းသည် သူနားလည်နိုင်သည့်အကန့်အသတ်ကို ကျော်လွန်နေခဲ့၏။ ထို့ကြောင့် ချက်ချင်းပဲ စိတ်စွမ်းအင်ကို အပြည့်အဝ ဖြန့်ကျတ်၍ ရန်ကိုင့်အား စတင်ခြေရာခံတော့လေသည်။

“သတိထား” ကောင်းရွှယ်ထင်၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး အသံအကျယ်ကြီး လှမ်းအော်ပြောလိုက်လေသည်။

“ရောင်းရင်းချန် မင်းနောက်မှာ” ဖုန်းမင်သည်လည်း လှမ်းအော်ဟစ် သတိပေးလိုက်သည်။

သို့သော်ငြား သူတို့၏ အော်ဟစ်သံများမှာ ချန်ဝမ်ဟောင်အတွက် အသုံးမဝင်ပေ။ ရန်ကိုင်သူ့နောက်တွင် ပေါ်လာကတည်းက ချန်ဝမ်ဟောင်သည် ရန်ကိုင့်အား သတိပြုမိနေပြီးဖြစ်သည်။

လောကနိယာမစွမ်းအားကို သုံး၍ သူ့ဓားဖြင့် နောက်တည့်တည့်သို့ ပိုင်းချလိုက်လေသည်။

“ကလန်” သတ္တုချင်း ထိခိုက်သံထွက်ပေါ်လာခဲ့သည်။ ချန်ဝမ်ဟောင်၏ တိုက်ခိုက်မှုမှာ တစ်စုံတစ်ခုအား သွားထိသော်ငြား တားဆီးခံလိုက်ရလေသည်။

ထိုမျှသာလျှင်မဟုတ်သေးဘဲ သူ့ဓား အရောင်အဝါမှာလည်း အနည်းငယ်ထိခိုက်သွားသည့်အလား မှိန်ကျသွားခဲ့၏။

ထိုအဖြစ်အပျက်ကြောင့် ချန်ဝမ်ဟောင်မှာ ထိတ်လန့် တုန်လှုပ်သွားပြီး ချွေးအေးတို့ နဖူးထက် ဝေ့သီလာခဲ့ရလေသည်။

တစ်ချိန်တည်းတွင် ခြေလှမ်းတစ်ချက်မှားသွားကာ ရှေ့သို့ယိမ်းထိုးသွား၏။ သူ့နောက်ဘက်မှထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာစွမ်းအားသည် ချန်ဝမ်ဟောင်အား မထိခိုက်သွားစေသည့်တိုင် သူ့အား အလွန်တရာကိုမှ ထိတ်လန့်ကြောက်ရွံ့သွားစေခဲ့ပေသည်။

ရန်ကိုင်သည် ချန်ဝမ်ဟောင် ပြန်ရပ်နိုင်မည့်အချိန်ကို စောင့်မနေဘဲ အရိပ်တစ်ခုနှယ် နောက်မှအနီးကပ် လိုက်သွားခဲ့သည်။

ချန်ဝမ်ဟောင်၏ဘေးဘက်တွင် ပြန်ပေါ်လာပြီး နတ်ဆိုးချီတို့ဖြင့် လွှမ်းခြုံနေသော လက်သီးဖြင့် ထိုးချလိုက် လေသည်။ သာမန်လက်သီးချက်တစ်ခုသာဖြစ်သော်ငြား အလွန်ကိုမှကြောက်မက်ဖွယ်ရာကောင်းလှ၏။

ချန်ဝမ်ဟောင်၏စိတ်တစ်ခုလုံး ကသောင်းကနင်း ဖြစ်သွားခဲ့လေသည်။ သူသည် ဧကရာဇ်ပထမအဆင့် ပညာရှင်တစ်ဦးပင်ဖြစ်လင့်ကစား လောကကြီး၏ သိုင်းတာအိုအဆီအနှစ်ကို ထိတွေ့နားလည်ထားနိုင်သူ တစ်ဦးဖြစ်သည်။

ဧကရာဇ်ဒုတိယအဆင့်ပညာရှင်များနှင့် ရင်ဆိုင် တွေ့ရမည်ဆိုလျှင်ပင် ဤကဲ့သို့ ဖိနှိပ်ခံရလိမ့်မည်မဟုတ်ပေ။ အနည်းဆုံး တစ်ကွက်နှစ်ကွက်လောက်တော့ ပြန်တိုက်ခိုက်နိုင်ပေသေး၏။

သို့သော်ငြား ဤနတ်ဆိုးနှင့်အတွေ့တွင်တော့ လုံးဝကို ဘာဆိုဘာမှ ပြန်မလုပ်နိုင်ခဲ့ပေ။ ထူးဆန်းလှသည့် နတ်ဆိုးသည် သူ၏အလွန်တရာကိုမှ မြန်ဆန်လွန်းလှသော အရှိန်ကိုသုံး၍ သူ့အား အပြတ်အသတ်ဖိနှိပ်ထားခဲ့သည်။

ချန်ဝမ်ဟောင်အနေဖြင့် တစ်ချက်ကလေးပင် ပြန်မတိုက်နိုင်ခဲ့။ သေရေးရှင်ရေးအခြေအနေနှင့် ကြုံလာရသော် ရုတ်တရက်ထအော်လိုက်လေ၏။ "ရေအရင်းအမြစ်ပြောင်းလဲခြင်း"

ထိုကဲ့သို့ အော်ဟစ်လိုက်သည်နှင့်တစ်ပြိုင်နက် ချန်ဝမ်ဟောင်သည် ရေဖြင့်ပြုလုပ်ထားသည့်အလား သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ဖောက်မြင်နိုင်သည့်ပုံစံသို့ ပြောင်းလဲသွားခဲ့လေသည်။

ရန်ကိုင့်၏လက်သီးသည် သူ့တည့်တည့်သို့ ကျရောက် လာပြီး သူ့ရင်ဘတ်အား ဖောက်ထွက်သွားခဲ့သည်။ ချန်ဝမ်ဟောင် တစ်ချက်ညည်းတွားလိုက်၏။

သို့သော်ငြား နောက်သို့ပြန်မဆုတ်သွားခဲ့ပေ။ ထို့အစား အရင်းအမြစ်ချီကိုလှည့်ပတ်၍ ရန်ကိုင့်၏လက်အား ပြန်ဆွဲထုတ်မရအောင် ချုပ်နှောင်ထားလိုက်သည်။

ထိုအချိန်တွင် ဘေးဘက်မှစောင့်ကြည့်နေသော ဖုန်းမင် နှင့် ကောင်းရွှယ်ထင်တို့ တစ်ပြိုင်တည်း လှုပ်ရှားလိုက်ကြလေသည်။

လျှပ်ပန်းလျှပ်နွယ်တို့ ကခုန်နေသော ပျံသန်းနေသည့် ငန်းတစ်ကောင်နှင့်ဆင်တူသည့် လှံရှည်တစ်ချောင်း ဖုန်းမင်၏လက်ထဲတွင်ပေါ်လာခဲ့သည်။

ဤသည်မှာ သူ၏နာမည်ကျော်မှော်ရတနာဖြစ်သော လျှပ်စီးငန်းလှံပင်ဖြစ်လေသည်။

"အဆုံးမဲ့လျှပ်စီးတန်းတိုက်ကွက်" ချန်ဝမ်ဟောင် ဖန်တီးပေးထားသည့်အခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်လျက် ဖုန်းမင်သည် သူ့လှံအားဝှေ့ယမ်းက ရန်ကိုင့်တည့်တည့်သို့ ထိုးစိုက်ချလိုက်လေသည်။

ကောင်းရွှယ်ထင်း၏လက်ထဲတွင်မူ မှန်လေးတစ်ချပ် ထွက်ပေါ်လာခဲ့သည်။ ထိုမှန်ထဲသို့ အရင်းအမြစ်ချီကို ထည့်သွင်းလိုက်သည်နှင့် မှန်မှာနေအသေးစားလေး တစ်စင်းကဲ့သို့ တလက်လက်စူးရှစွာ တောက်ပလာခဲ့လေ သည်။

ထို့နောက်တွင် မှန်လေးဆီမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရန်ကိုင့်တစ်ကိုယ်လုံးအား လွှမ်းခြုံသွားခဲလေ၏။

အလင်းတန်းနှင့်အတွေ့တွင် ရန်ကိုင့်ခန္ဓာကိုယ် တစ်ဝိုက်အား လွှမ်းခြုံထားသော နတ်ဆိုးချီတို့မှာ ၎င်းတို့၏ အိပ်မက်ဆိုးကိုတွေ့လိုက်ရသည့်အလား မီးခိုးငွေ့အဖြစ်သို့ အငွေ့ပျံပျောက်ကွယ်ကုန်ကြလေသည်။

"ဧကရာဇ်အဆင့်မှော်ရတနာ နေစက်ဝန်းကြေးမုံလား" ရွှေရောင်ကျောက်တုံးရုပ်သေးရုပ်မှ ပြသပေးထားသည့် ပုံရိပ်ယောင်မျက်နှာပြင်ကြောင့် ဟွာချင်းစီသည် တိုက်ပွဲအသေးစိတ် အားလုံးကို မြင်တွေ့နေရပေသည်။

ဟွာချင်းစီမှာ ဝမ်းသာအားရဖြင့် ဧကရာဇ်သုံးဦးအား အားပေးနေခဲ့လေ၏။ သူမသည် ထိုလူသုံးဦးအား သိရုံသာ မဟုတ်။ သူတို့အသုံးပြုသည့် မှော်ရတနာများကိုလည်း ကြားဖူးပေသည်။

ချန်ဝမ်ဟောင်လက်ထဲရှိ ဓားရှည်မှာ သာမန်မှော်ရတနာ တစ်ခုမဟုတ်ဘဲ ရေအလျင်ဓားဟုခေါ်သော ဧကရာဇ်အဆင့်မှော်ရတနာဓားတစ်ချောင်းဖြစ်ပေသည်။

ဧကရာဇ်အဆင့်ပညာရှင်သုံးဦးသည် ဧကရာဇ်အဆင့် မှော်ရတနာသုံးခုကို အားကိုးလျက် ရန်ကိုင့်အား ပူးပေါင်း တိုက်ခိုက်ခဲ့ကြသည်။

ထိုဧကရာဇ်အဆင့်ပညာရှင်သုံးဦး၏ လှုပ်ရှားမှုကို မြင်လိုက်သော် နတ်ဆိုးဘုရင်ဖြစ်သည့် ရန်ကိုင့်၏ ကျဆုံးခန်းကို သူမကြိုတင်မြင်ယောင်လာမိပေပြီ။ မကြာမီ အချိန်အတွင်း ဤနေရာမှ လွတ်မြောက်နိုင်တော့မည်ဟု တွေးလျက် ဟွာချင်းစီ ဝမ်းသာမိလာ၏။

နေစက်ဝန်းကြေးမုံမှ ထွက်ပေါ်လာသည့် အလင်းတန်း၏ ထိမှန်ခြင်းခံလိုက်ရပြီးသည့်နောက်တွင် ရန်ကိုင်သည် အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်သည့် အလား ရုတ်တရက် ဟိန်းဟောက်လိုက်လေသည်။

သူ၏မူလ ရက်စက်ကြမ်းကြုတ်သည့်အရှိန်အဝါနှင့် ဆန့်ကျင်ဘက်ဖြစ်သော ခမ်းနားကြီကျယ်ခမ်းနားသော အရှိန်အဝါ တစ်ရပ် သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့လေသည်။

ထို့နောက်တွင် ချန်ဝမ်ဟောင်၏ ခန္ဓာကိုယ်ထဲ နစ်ဝင်နေသောသူ့လက်တစ်လျှောက် နဂါးအကြေးခွံ့များ ထွက်ပေါ်လာခဲ့၏။

သူ့လက်တစ်ချောင်းလုံး နဂါးလက်သည်းအဖြစ်သို့ ပြောင်းလဲသွားပြီးသည့်နောက်တွင် ရန်ကိုင်သည် အားကုန်သုံးကာ သူ့လက်အား ပြန်ဆွဲယူလိုက်လေသည်။

ချန်ဝမ်ဟောင်မှာ သူ၏လက်ရှိအခြေအနေအား မထိန်းထားနိုင်တော့သည့်အလား တစ်ချက်အော်ညည်း လိုက်၏။

ရန်ကိုင်မှ သူ့လက်ကို ပြန်ဆွဲယူလိုက်ချိန် သူ့လက်၌ သွေးစတစ်ချို့ပါလာခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် တစ်ဖက်သို့လှည့်၍ တိုးဝင်လာနေသည့် လျှပ်စီးတန်းထံသို့ ထိုးချလိုက်လေ၏။

ရန်ကိုင့်တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့သော်ငြား ဖုန်းမင်၏တိုက်ကွက်ကို သူ၏ နဂါးလက်သည်းဖြင့် အောင်မြင်စွာခုခံလိုက်နိုင်ခဲ့လေသည်။

သို့သော်ငြား လျှပ်စီးတန်းကြောင့် သူ့ခန္ဓာကိုယ် တစ်ခုလုံးအကြောသေသလိုဖြစ်သွားခဲ့ရသည်။ ကောင်းရွှယ်ထင်းသည် ထိုအခိုက်အတန့်ကို အခွင့်ကောင်း ယူလျက် သူမ၏နေစက်ဝန်းမှန်စွမ်းအားကို မြှင့်တင်လိုက်လေသည်။

ရန်ကိုင့်ကိုယ်ပေါ်ရှိ နတ်ဆိုးချီတို့မှာ ပိုမိုမြန်ဆန်သည့် နှုန်းဖြင့် စတင်အငွေ့ပျံလာခဲ့ကြသည်။ နတ်ဆိုးချီများ အငွေ့ပျံပျောက်ကွယ်သွားရသည်မှာ ရန်ကိုင့်အတွက် အလွန်ကိုမှ နာကျင်ရပေသည်။ ဤသည်မှာ လူမဆန်သည့် နှိပ်စက်မှုနှင့်မခြား။

"မင်းတို့အားလုံး သေလိုက်ပေတော့" ရန်ကိုင်မှ ရုတ်တရက်အော်ဟစ်ဟိန်းဟောက်လိုက်ရာ မိုင်အနည်းငယ် အတွင်းတွင်ရှိနေသော ဟင်းလင်းပြင်တစ်ခုလုံး ရုတ်ခြည်း ပြောင်းလဲသွားခဲ့လေ၏။

လောကနိယာမစွမ်းအားတစ်ရပ်သည် ကောင်းရွှယ်ထင်းပေါ်သို့ ကျရောက်လာသည့်နောက်တွင် သူမ၏ လှုပ်ရှားမှုအားလုံးရုတ်ခြည်းရပ်တန့်သွားခဲ့လေသည်။

ရန်ကိုင်သူ့လက်မှ လွတ်မြောက်သွားသည့်နောက်တွင် ချန်ဝမ်ဟောင်သည် သူ့ဓားကိုမြှောက်၍ နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်နေစဉ်မှာပင် သူ့ခန္ဓာကိုယ်တစ်ခုလုံး ရုတ်ခြည်းလေးလံလာသလို ခံစားလိုက်ရ၏။

"လေဟာနယ်နိယာမစွမ်းအား" ကောင်းရွှယ်ထင်းသည် ရုတ်တရက် စူးရှစွာအော်ဟစ်လိုက်၏။ သူမ၏ မျက်ဝန်းများမှာလည်း တဆတ်ဆတ်တုန်ရီလာခဲ့လေသည်။

ဤနေရာတွင်ရှိနေသော ဧကရာဇ်အဆင့်ပညာရှင် အားလုံးသည် သိုင်းတာအိုကို အဆင့်မြင့်မြင့် နားလည်ထားကြသူများ ဖြစ်ကြပေသည်။

ထိုမျှသာလျှင်မဟုတ်သေးဘဲ သူတို့အားလုံးမှာ လေကနိယာမအား ထူးထူးခြားခြားကို နားလည်ထားကြသူများလည်း ဖြစ်ကြ၏။

သုံးယောက်စလုံးသည် ကျင့်စဉ်တစ်မျိုးမျိုးကို ကျင့်ကြံကာ လောကနိယာမစွမ်းအားကို နားလည်အောင် ကြိုးစားလျက် ဧကရာဇ်အဆင့်သို့ တက်ရောက်လာကြသူများ ဖြစ်ကြသည်။

ဧကရာဇ်အဆင့်ပညာရှင်များသည် မတူကွဲပြားသော လောကနိယာမများကိုနားလည်ထားကြပြီး လောကနိယာမ စွမ်းအားများကို အထူးပြုကျင့်ကြံကြလေသည်။

ကောင်းချီးပေးပညာပါရမီရှင်ပညာရှင်များသည်သာ ဆန်းကြယ်နက်နဲသည့် လောကနိယာမစွမ်းအားကို နားလည်နိုင်ကြ၏။

ဓာတ်ကြီးငါးပါးနိယာမ၊ အမျိုးမျိုးသောစွမ်းအားတို့၏ အဆီအနှစ်နှင့် လေဖိအားစွမ်းရည်တို့၏ ဆန်းကြယ်မှုများသည် ဧကရာဇ်အဆင့်ပညာရှင်များအဖို့ အစစ်အမှန်ပညာရှင်တစ်ဦးဖြစ်လာရန်အတွက် အရေးပါသည့်အရာများ ဖြစ်ကြပေသည်။

ဤလောကကြီးတွင် လောကနိယာမစွမ်းအားများစွာ ရှိသည့်အနက် လေဟာနယ်နိယာမစွမ်းအားသည် ကျင့်ကြံ နားလည်ရန်ခက်ခဲလွန်းလှသည့် လောကနိယာမများထဲ ပါဝင်ပေသည်။

ကြယ်တာယာအစုအဝေးထဲတွင် ပင်မစွမ်းအား အမျိုးမျိုးကို သုံး၍ ဧကရာဇ်အဆင့်သို့ တက်ရောက်လာကြသူများစွာ ရှိသော်ငြား လေဟာနယ် နိယာမစွမ်းအားကို တတ်ကျွမ်းထားသည့်လူမှာ အနည်းငယ်သာ ရှိပေသည်။

လေဟာနယ်နိယာမစွမ်းအားသည် အလွန်ကိုမှ ဆန်းကြယ်လှကာ ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး အတွက်ပင်လျှင် နားလည်နိုင်ရန်ခဲယဉ်းလွန်းလှသည်။

သို့သော်ငြား နတ်ဆိုးတစ်ကောင်အဖြစ် အတင်းအကြပ် အသွင်ပြောင်းလဲခြင်း ခံလိုက်ရသော သူတို့ရှေ့ရှိ နတ်ဆိုးမှာမူ လေဟာနယ်နိယာမစွမ်းအားကိုသုံး၍ ဤနယ်ပယ်တစ်ခုလုံးကို ပိတ်ချပစ်လိုက်လေသည်။

ကောင်းရွှယ်ထင်မှာ ထိတ်လန့်အံ့အားသင့်လွန်းလှသဖြင့် အသက်ပင်မရှူနိုင်တော့အောင် ဖြစ်သွားခဲ့ရသည်။ သို့သော်ငြား ထိုအချိန်မှာပင် ရန်ကိုင်သည် သူမအား ပစ်မှတ်ထားလာခဲ့လေသည်။

လျှပ်စီးတန်းသမျှအမြန်နှုန်းဖြင့် ပြေးထွက်လာပြီးသည့် နောက်တွင် မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်သည် ကောင်ရွှယ်ထင်းရှေ့သို့ရောက်လာပြီး နေစက်ဝန်းကြေးမုံ တည့်တည့်သို့ ထိုးချလိုက်လေသည်။

"ဝေါင်း..ဝေါင်း" နဂါးဟိန်းသံများနှင့်အတူ နတ်ဆိုးနဂါး များစွာတို့ ရန်ကိုင်၏လက်သီးချက်မှ ထွက်ပေါ်လာခဲ့လေ၏။

ကောင်းရွှယ်ထင်မှာ အလျင်အမြန် လှုပ်ရှားလိုက်သော်ငြား ရန်ကိုင့်၏လက်သီးချက်မှ အပြည့်အဝမလွတ်မြောက်နိုင်ခဲ့ပေ။

နတ်ဆိုးနဂါးများမှ အဆက်မပြတ်ဝင်ရောက်တိုက်ခိုက် လိုက်သည့်နောက်တွင် နေစက်ဝန်းကြေးမုံ၏ အရောင်အဝါမှာ မှိတ်တုတ်မှိတ်တုတ်ဖြစ်လာခဲ့လေ၏။

ချန်ဝမ်ဟောင်ဘေးသို့ ရောက်လာသည့်အချိန်တွင် သူမမျက်နှာတစ်ခုလုံး ရှုံ့မဲ့နေခဲ့လေသည်။ သူမ၏အဖိုးတန် ဧကရာဇ်အဆင့် မှော်ရတနာကိုကြည့်ရင်း ကောင်းရွှယ်ထင် အလွန်ကိုမှ ဝမ်းနည်းတသ ဖြစ်သွားခဲ့သည်။

နေစက်ဝန်းကြေးမုံတစ်ခုလုံးအား မှိန်ဖျဖျ နတ်ဆိုးချီတို့မှ လွှမ်းခြုံထားပြီး ၎င်း၏အရောင်အဝါမှာလည်း ထိခိုက်ထားခံရသည့်အလား သိသိသာသာကို မှိန်ကျနေခဲ့သည်။

ကမ္ဘာငယ်လေးထဲတွင်ရှိနေသော ဟွာချင်းစီမှာမူ ထိုမြင်ကွင်းကိုကြည့်ရင်း ပါးစပ်အဟောင်းသားဖြင့် ရေရွတ်လိုက်လေ၏။ "သူဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားကောင်းနေရတာလဲ"

ဧကရာဇ်အဆင့်ပညာရှင်သုံးဦးသည် ဧကရာဇ်အဆင့် မှော်ရတနာများကို အားကိုး၍ ပူးပေါင်းတိုက်ခိုက်ခဲ့သည့်တိုင် ရန်ကိုင့်အား အနိုင်မယူနိုင်ခဲ့ဘဲ ဒဏ်ရာအသီးသီးသာ ပြန်လည်ရရှိသွားခဲ့ကြလေသည်။

ရန်ကိုင်မှာမူ ရပ်တန့်မရသည့် နတ်ဆိုးဘုရင် တစ်ကောင်အလား။ ထိုရလဒ်ကို ဟွာချင်းစီ လက်မခံနိုင်ပေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၀၃)

“အဲ့ဒါ ပြဿနာ များတာပဲ။ သူ့နတ်ဆိုးချီက ငါတို့ရဲ့ ဧကရာဇ် မှော်ရတနာတွေကိုတောင် တိုက်စားပစ်နိုင်တယ်။” ချန်ဝမ်ဟောင်သည် သူ့လက်ထဲရှိ ရေအလျင်ဓါးနှင့် ကောင်းရွှယ်ထင် လက်ထဲရှိ နေစက်ဝန်းကြေးမုံကို ကြည့်ရင်း မှုန်ကုပ်ကုပ် အမူအရာဖြင့် ပြောလိုက်လေသည်။

နေစက်ဝန်းကြေးမုံ ကဲ့သို့ပင် ရေအလျင်ဓါးသည်လည်း နတ်ဆိုးချီများ၏ တိုက်စားမှုအား ခံနေခဲ့ရလေသည်။ ဤမျှလောက်သော တိုက်စားမှုလေးသည် ဧကရာဇ်အဆင့် မှော်ရတနာ တစ်ခုအား ထိခိုက်နိုင်စေလိမ့်မည် မဟုတ်သော်ငြား အချိန်သာ ဆက်ဆွဲနေခဲ့မည် ဆိုလျင်တော့ သူတို့၏ မှော်ရတနာများ အမှန်အကန် ထိခိုက်လာပေလိမ့်မည်။

ဧကရာဇ်အဆင့် မှော်ရတနာ တစ်ခုကို ဖန်တီးဖို့ရာ လွယ်ကူသည် မဟုတ်သည့် အတွက်ကြောင့် ဧကရာဇ်အဆင့် ပညာရှင်တိုင်းသည် သူတို့၏ မှော်ရတနာများကို တန်ဖိုးထားကြပေသည်။ ထိုသို့ဖြစ်လေရာ သူတို့၏ ဧကရာဇ်အဆင့် မှော်ရတနာများ ထိခိုက်လာမည်ကို မည်ကဲ့သို့များ ရပ်ကြည့်နေနိုင် ပါမည်နည်း။

“တကယ် ပြဿနာ များတဲ့ကောင်။ ကြည့်ရတာ ငါတို့ အတည်ချဖို့ လိုပြီနဲ့ တူတယ်။” ဖုန်းမင်က အေးစက်စက် အမူအရာဖြင့် ပြောလိုက်သည်။ ချန်ဝမ်ဟောင်သည် ရန်ကိုင့်အား စိုက်ကြည့်နေရင်းမှ

ကောင်းရွှယ်ထင်အား လှမ်းပြောလိုက်လေသည်။ “ ဂျူနီယာညီမကောင်း ငါတို့ နင့်ဆီကနေ အကူအညီ ယူရတော့မယ်နဲ့ တူတယ်။”

ကောင်းရွှယ်ထင်သည် အံကြိတ်၍ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည့်အလား ပြောလိုက်လေ၏။ “ နေစက်ဝန်းကြေးမုံ တစ်ခုခု ဖြစ်သွားခဲ့ရင် ရှင်တို့ ကျွန်မကို ပြန်အလျော် ပေးရမှာနော်”

ဖုန်းမင်က ရယ်မော၍ ပြောလိုက်လေသည်။ “ ဧကရာဇ်အဆင့် မှော်ရတနာ တစ်ခုပဲ ဟာကို။ ဘယ်လိုလုပ်ပြီး ဒီလောက်လွယ်လွယ် ထိခိုက်နိုင်မှာလဲ။ စကားမများ ကြတော့နဲ့။ မြန်မြန်လှုပ်ရှား ကြရအောင်။ ငါတို့ဆက်ပြီး အချိန်ဆွဲနေရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်။”

ကောင်းရွှယ်ထင်သည် သူမလက်ထဲရှိ နေစက်ဝန်းကြေးမုံအား ကောင်းကင်ပေါ်သို့ ပစ်တင်လိုက်လေသည်။ နေစက်ဝန်းကြေးမုံသည် ကောင်းကင်ထက်ရှိ နေမင်းနှင့် ထပ်တူကျသွားသည့်နောက်တွင် သူမလက်ကို မြောက်၍ လက်ကွက်များစွာ စတင်ဖန်တီးတော့လေ၏။

နေစက်ဝန်းကြေးမုံဆီမှ တဝီဝီ အော်မြည်သံ နှင့်အတူ ဆန်းကြယ်သော စွမ်းအားတစ်ရပ် ထွက်လာခဲ့လေသည်။ တစ်ချိန်ထဲတွင် ကောင်းကင်ယံ၌ ရှိနေသော နေမင်းသည် အလင်းတန်းတစ်ခုအား ကြေးမုံတည့်တည့်ဆီသို့ ပစ်ချလိုက်လေ၏။

အလင်းတန်း ကြေးမုံပေါ်သို့ ကျရောက်လာချိန်တွင် ၎င်း၏ အရောင်အဝါမှာ ပတ်ဝန်းကျင် တစ်ခုလုံးအား လွှမ်းခြုံ သွားခဲ့လေသည်။

“အာကာယံ နေမီးလျံ ပိုင်နက်။ နေကိုးစင်း ထွန်းတောက်လိုက်စမ်း။” ကောင်းရွှယ်ထင်သည် သူမ၏ လက်အား ရင်ဘတ်ပေါ်တွင် ကပ်ထားလိုက်ပြီးနောက် ရှေ့တည့်တည့်သို့ ဖြေးဖြေးချင်း တွန်းထုတ်လိုက်လေသည်။

အလင်းရောင်တို့ ပြန့်နှံ့လာသည် နှင့်တစ်ပြိုင်နက် ရန်ကိုင်၏ လေဟာနယ် နိယာမ စွမ်းအားဖြင့် ချိတ်ပိတ်ထားသော နယ်ပယ် တစ်ခုလုံးသည် တဖျစ်ဖျစ် မြည်သံ တို့နှင့်အတူ စတင် ပျက်စီးလာလေသည်။ မကြာမီ ပုံမှန် မဟုတ်သည့် ဖြစ်စဉ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်ထက်တွင် မျက်စိကျိန်းမတက် ထွန်းလင်းနေသော နေကိုးစင်း ရုတ်တရက် ပေါ်လာခဲ့လေသည်။ နေကိုးစင်းဆီမှ ဖြာထွက်နေသော နေအလင်းရောင်တို့မှာ မြေပြင်ကိုပင် မီးလောင် တူးခြစ် သွားစေခဲ့သည်။

ရန်ကိုင်သည် နေအလင်းရောင်ကို မခံနိုင်သည့်အလား စူးရှစွာ ထအော်လေသည်။ နောက်ဆုံး သည်းမခံနိုင်တော့သည့် အဆုံးတွင် နေတစ်စင်းဆီသို့ ပြေးထွက်သွားပြီး သူ့လက်သီးဖြင့် ထိုးချလိုက်သည်။

ဘုန်း…….

ကောင်းကင်ထက်တွင် ရှိနေသော နေတစ်စင်း ပေါက်ကွဲထွက် သွားခဲ့လေသည်။ သို့သော်ငြား အခြားသော နေတစ်စင်းသည် အခြားတစ်နေရာ၌ ပြန်ပေါ်လာခဲ့လေ၏။

အဲ့ဒီတွင် ရန်ကိုင်သည် ကျိုးကြောင်းဆင်ခြင် နိုင်စွမ်း မရှိတော့သည့်အလား ပြန်ပေါ်လာသည့် နေမင်းအား သွားဖျက်ဆီးလေ၏။ သို့တိုင် ထိုနေမင်း ပျက်စီးသွား ပြီးသည့်နောက်တွင် အသစ်သော နေတစ်စင်း အခြားတစ်နေရာတွင် ပြန်ပေါ်လာပြန် လေ၏။ သူ့ကြိုးစား အားထုတ်မှု အားလုံးမှာ အချည်းအနှီးသာ ဖြစ်ကုန်ရလေ၏။

“အသုံးမဝင်ဘူး။ စီနီယာကောင်းရဲ့ အာကာယံ နေမီးလျံ ပိုင်နက်ထဲမှာ အခုလိုတွေ သွားတိုက်ခိုက်နေလို့ ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး။” ကမ္ဘာငယ်လေးထဲတွင် ရှိနေသော ဟွာချင်းစီသည် အရူးတစ်ယောက်နှယ် ဟိုပြေးဒီပြေး တိုက်ခိုက်နေသော ရန်ကိုင့်ကို ကြည့်ရင်း ဖြည်းဖြည်းချင်းသာ ခေါင်းခါနေခဲ့သည်။

ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်က မျက်လုံးမှေးစင်းလျက် မေးလိုက်လေသည်။ “ ဒါဆိုရင် ဘယ်လို တိုက်ခိုက်မှ ရမှာလဲ။”

“စီနီယာကောင်းကိုပဲ တိုက်ခိုက်ရမှာပေါ့” ဟွာချင်းစီက ရယ်မော၍ အလျင်အမြန် ပြန်ပြောလိုက်လေသည်။ “ ဒါပေမဲ့ အာကာယံ နေမီးလျံ ပိုင်နက်ထဲမှာ ရှိနေတဲ့ စီနီယာကောင်းရဲ့ ခန္ဓာကိုယ်က ပုံရိပ်ယောင်တစ်ခု သက်သက်ပဲ။ သူ့တကယ့် ခန္ဓာကိုယ်က အခြားတစ်နေရာမှာ ပုန်းနေတာ။”

“အဲ့လိုလား။” ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်သည် သူ့နှုတ်ခမ်းကိုတွန့်ကွေးလျက် အဓိပ္ပါယ်ပါပါ ရယ်မောရင်း ပြန်ပြောလိုက်လေ၏။ “နင်က တကယ်သိတာပဲ။ ကြယ်ဝိဉာဉ် နန်းတော်က လူတစ်ယောက်ဆိုတဲ့ အတိုင်းပဲ။

ဟွာချင်းစီကမူ ဂုဏ်ယူဝင့်ကြွားစွာသာ ရယ်မောလိုက်လေသည်။ သူမသာ ကြယ်ဝိဉာဉ်နန်းတော်မှလူ မဟုတ်ခဲ့လျင် တာအိုသခင် တတိယအဆင့် ကျင့်ကြံခြင်းလေးဖြင့် ကောင်းရွှယ်ထင်၏ သိုင်းပညာရပ်များ အကြောင်းကို မည်ကဲ့သို့များ သိနေနိုင်မည်နည်း။

ရန်ကိုင်သည် ရွံစရာကောင်းသည့် နေများအား အရူးအမူး တိုက်ခိုက်နေစဉ် အရိပ်တစ်ခုသည် သူ့ဘေး၌ ရုတ်တရက် ပေါ်လာခဲ့လေသည်။ ထိုအရိပ်သည် ဓါးနိယာမ စွမ်းအားကို သိပ်သည်းစေလျက် သူ့ထံသို့ ဖြေးဖြေးချင်း ထိုးချလိုက်လေ၏။

“အနန္တ ဓါးတာအို” ကောင်းရွှယ်ထင်က လေသံတိုးတိုးဖြင့် အော်ဟစ်လိုက်လေ၏။

ဓါးချက် ထွက်ပေါ်လာသည့် အချိန်တွင် ကောင်းကင်ထက်တွင် ရှိနေသော နေကိုးစင်းပင်လျင် အရောင်အဆင်း ကင်းမဲ့ကုန်လေသည်။ ချန်ဝမ်ဟောင်၏ ဓါးချက်တစ်ချက်သည်သာ ထိုနေရာ၌ ကျန်ရစ်တော့သည်။ ဤဓါးချက်ကြီးမှာ တစ်ဘဝလုံး ကျင့်ကြံလာခဲ့ရသည့် ဓါးတစ်ချက် ဖြစ်ပေတော့သည်။

ထိုဓါးချက် နှင့်အတူ သွေးစိမ်းရှင်ရှင်တို့ ဖြာထွက်လာပြီး နတ်ဆိုးချီတို့ ကသောင်းကနင်း ဖြစ်ကုန်လေ၏။ ရန်ကိုင်သည် ဆိုးဆိုးရွားရွား ထိခိုက်သွားသည့်အလား နာကျင်စွာ ထအော်လေသည်။

ထိုဓါးချက်သည် ရန်ကိုင်၏ ဝမ်းဗိုက်တည့်တည့်အား ဖောက်ထွက်သွားခဲ့သည်။ ရန်ကိုင်သည် သူနာသည် မနာသည်ကို ဂရုစိုက် မနေတော့ဘဲ နဂါးလက်သည်းဖြင့် ရေအလျင်ဓါးအား ဆုပ်ကိုင်၍ ကျန်လက်တစ်ဖက်ဖြင့် ချန်ဝမ်ဟောင်တည့်တည့်အား ထိုးချလိုက်လေသည်။

ချန်ဝမ်ဟောင် မျက်လုံးမှေးစင်းသွားပြီး ပြန်ဆုတ်တော့မည့် အပြု ထူးခြားဆန်းပြားသော လေဟာနယ်စွမ်းအားတစ်ရပ်သည် သူ့အား လှုပ်မရအောင် ချုပ်နှောင်ထားကြောင်း တွေ့လိုက်ရသည်။

“တည်နေရာပြောင်း” ကောင်းရွှယ်ထင်၏ အသံ ထွက်ပေါ်လာခဲ့လေသည်။ သူမ၏ လက်ဝါးနှစ်ဖက်အား ရှေ့တည့်တည့်သို့ တွန်းထုတ်လိုက်သည့် နောက်တွင် ကောင်းကင်ထက်၌ ဝဲနေသော နေကိုးစင်းအနက် တစ်စင်းသည် ချန်ဝမ်ဟောင်နှင့် နေရာချင်း လဲသွားလေ၏။

ရန်ကိုင့်၏ လက်သီးချက်ကြောင့် ထိုနေအသေးစားလေးမှာ တစ်စစီ ဖြစ်သွားခဲ့ရလေသည်။ ချန်ဝမ်ဟောင်ကမူ အခြားသော တစ်နေရာတွင် ပြန်ပေါ်လာခဲ့လေ၏။ သို့သော် သူ့မျက်နှာ တစ်ပြင်လုံး သွေးစုတ်ဖြူလျော် နေခဲ့လေသည်။

ထို့နောက်တွင် ကောင်းရွှယ်ထင်ဘက်သို့ လှည့်၍ ကျေးဇူးတင်တကြီး ခေါင်းငြိမ့် ပြလိုက်လေသည်။ ကောင်းရွှယ်ထင် ကြောင့်သာ မဟုတ်လျင် သူ့အနေဖြင့် ဆိုးဆိုးရွားရွား ဒဏ်ရာ ရသွားလောက်ပေပြီ။

“မင်းတစ်ယောက်ယောက်ကို မေ့နေတာလားကွ” ထိုစဉ် ရန်ကိုင့် နောက်ဘက်ဆီမှ အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင် ချန်ဝမ်ဟောင်နှင့် အလုပ်ရှုပ်နေစဉ် ဖုန်းမင်သည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူလျက် သူ၏ လျှပ်စီးငန်းလှံဖြင့် ရန်ကိုင့် တည့်တည့်အား ထိုးချလိုက်လေသည်။

“ မိုးကြိုးပျံ ပေါက်ကွဲခြင်း” လှံထိပ်ဖျားထက်တွင် လျှပ်စီးဘောလုံးတစ်လုံး ဖြစ်ပေါ်လာခဲ့သည်။ ထိုဘောလုံးသည် ရန်ကိုင့်အနီးသို့ အရောက်တွင် ပေါက်ကွဲထွက် သွားခဲ့လေသည်။

လျှပ်ပန်းလျှပ်နွယ်တို့ ဖြာထွက်လာပြီး ငွေရောင်လျှပ်စီးတန်းတို့ ကခုန်လာ၏။ မြေပြင်တစ်ခုလုံးမှာမူ လျှပ်စီးတန်းများ ကခုန်ရာ နယ်ပယ်အဖြစ်သို့ ပြောင်းလဲသွားလေသည်။

ထိုတိုက်ခိုက်မှုကြောင့် ရန်ကိုင့်ကျောပြင်အား လွှမ်းချုံထားသော နတ်ဆိုးချီအားလုံး ပျောက်ကွယ်သွားပြီး သူ့အရေပြားများပင် ပေါက်ကွဲထွက်ကုန်ကာ အရိုးဖြူဖြူများ ပေါ်လာခဲ့ရလေသည်။ တိုက်ခိုက်မှုသည် ရန်ကိုင့်အား ဒဏ်ရာ ဆိုးဆိုးရွားရွား ရသွားစေပုံပင်။

သို့သော်ငြား ဖုန်းမင်မှာမူ ပျော်မနေနိုင်ခဲ့။ ရန်ကိုင်သည် သူ့ဘက်သို့ လှည့်ကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လာခဲ့သည်။

“မင်း ငါ့ကို အထင်သေးနေတာ လားကွ။” ရန်ကိုင် သူ့အား ထိပ်တိုက် တိုက်ခိုက်လာသည်ကို မြင်သော် ဖုန်းမင် ဒေါသထွက်သွားခဲ့ပြီး သူ့လှံဖြင့် ပြန်ထိုးချလေသည်။ သို့သော်ငြား သူ့လှံချက်မှာ လေကိုသာ ထိမှန်သွားခဲ့သည်။

သူ့ရှေ့တွင် ရှိနေခဲ့သော နတ်ဆိုးသည် ပျောက်ချင်းမလှ ပျောက်ကွယ် သွားနေခဲ့လေပြီ။ ဖုန်းမင် ရင်ထိတ်သွားခဲ့ပြီး သူ့လှံကို ပြန်ဆွဲယူကာ နောက်ပြန်ဆုတ်ရန် ပြင်ဆင်လိုက်သည်။

သူတိုက်ခိုက်နေသည်မှာ သာမန် နတ်ဆိုးတစ်ကောင် မဟုတ်ဘဲ လေဟာနယ်စွမ်းအားကို ကျွမ်းကျင်ထားသည့် နတ်ဆိုးတစ်ကောင်ဖြစ်ပေသည်။ ထို့ကြောင့် ရန်ကိုင့်အား နည်းနည်းလေးမျှ အထင်မသေးရဲပေ။

တစ်ချိန်ထဲတွင် ဖုန်းမင်သည် ပတ်ဝန်းကျင် တစ်ခုလုံးအား ကောင်းကင်စိတ်အာရုံဖြင့် လွှမ်းခြုံ၍ ရန်ကိုင့်အား လိုက်လံ ရှာဖွေ၏။ ထိုစဉ် အော်သံသဲ့သဲ့ တစ်သံ ထွက်ပေါ်လာခဲ့သည်။ ဗလာကျင်းနေသော ဟင်းလင်းပြင်ထဲတွင် ကောင်းရွှယ်ထင်၏ ခန္ဓာကိုယ် ဒယီးဒယိုင်ဖြင့် ထွက်ပေါ်လာခဲ့လေသည်။

တစ်ချိန်ထဲတွင်ပင် သတ်ဖြတ်လိုစိတ်တို့ ပြည့်နေသော ရန်ကိုင်ပါ ပေါ်လာခဲ့လေ၏။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။” အံ့အားသင့်မှုတို့သည် ကောင်းရွယ်ထင်၏ မျက်နှာထက် အထင်းသား။ အာကာယံ နေမီးလျံ ပိုင်နက်ထဲတွင် ပုန်းအောင်းနေသော သူမ၏ အစစ်အမှန် ခန္ဓာကိုယ်ကို ရန်ကိုင် ရှာနိုင်လိမ့်မည်ဟု ကောင်းရွှယ်ထင် လုံးဝ ထင်မထားခဲ့ပေ။

ရန်ကိုင်သည် ရှာနိုင်ခဲ့ရုံတင် မဟုတ်ဘဲ အလစ်ချောင်းပါ တိုက်ခိုက်နိုင်ခဲ့သေးသည်။ သူမနောက်သို့ အနီးကပ် လိုက်လာနေသော အနက်ရောင် အရိပ်ကိုကြည့်ရင်း ကောင်းရွှယ်ထင်၏ရင်ထဲ သေခြင်းတရား အငွေ့အသက်တို့ ခံစားလိုက်ရလေသည်။

“အဆုံးမဲ့ ဓါးတာအို” ထိုအခိုက်အတန့်တွင် ချန်ဝမ်ဟောင်သည် ရေအလျင်ဓါးကို ဆုပ်ကိုင်၍ ပြေးဝင်လာခဲ့သည်။ အဆုံးမဲ့ ဓါးချီတို့ ဓါးသွားဆီမှ ဖြာထွက်လာပြီး ရန်ကိုင့်တည့်တည့်သို့ လေမုန်တိုင်း တစ်ခုနှယ် တိုးဝင်သွားခဲ့လေသည်။

ရန်ကိုင်ကလည်း အော်ဟစ်ဟိန်းဟောက်လျက် သူ့ကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေသော နတ်ဆိုးချီများအား မရေမတွက်နိုင်သော မြွေဟောက်များ အဖြစ်သို့ သိပ်သည်းစေလျက် ဓါးချီအား ထိပ်တိုက်တွေ့ဆုံ စေလိုက်သည်။

အုန်းးးး ဘုန်းးးး

ဓါးချီများ ပျောက်ကွယ်သွား သကဲ့သို့ သူဖန်တီးထားသည့် မြွေဟောက်များ မှာလည်း ပျက်စီးကုန်ကြ လေသည်။

ရန်ကိုင်၏ ခန္ဓာကိုယ် ပြန်ပေါ်လာသည့် အချိန်တွင် ကောင်းရွှယ်ထင်သည် ချန်ဝမ်ဟောင်ဘေးသို့ ရောက်နေခဲ့လေပြီ။ သူမ၏ မျက်နှာမှာ သွေးမရှိတော့ သကဲ့သို့ ဖြူလျော် နေခဲ့ပြီး အဝတ်အစားများမှာ ချွေးများဖြင့် စိုရွှဲ နေခဲ့လေ၏။

“ဒီကောင် စိတ်မလွတ်သွားသေးဘူးလား။” ဖုန်းမင်သည် ရန်ကိုင့်အား မျက်လုံး အပြူးသားဖြင့် ကြည့်ရင်း ပြောလိုက်လေသည်။

အစောပိုင်းက ရန်ကိုင်သည် သူ့ကိုသူ တည်ကြက်အဖြစ် သုံး၍ အားလုံး၏ အာရုံကို ဆွဲယူထားပြီး အကုန်လုံး သတိလက်လွတ် ဖြစ်နေစဉ် ကောင်းရွှယ်ထင်အား အလစ်အငိုက် တိုက်ခိုက်ခဲ့သည်။ အသိစိတ် လွတ်သွားသော နတ်ဆိုးတစ်ကောင်သည် ထိုကဲ့သို့ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

“ဖြစ်နိုင်လောက်တယ်။” ချန်ဝမ်ဟောင် သည် သူ့ဓါးကို ပြန်ဆွဲယူလျက် လက်နှစ်ဖက်ကို ကျောနောက်ပစ်ရင်း မလှုပ်မယှက် ရပ်နေလေ၏။ ချန်ဝမ်ဟောင်၏ ပုံစံမှာ ဓါးအိမ် မချွတ်ရသေးသော ဓါးတစ်ချောင်းနှယ်။ အံ့အားသင့်ဖွယ်ကောင်းသည့် ဓါးစိတ်ဆန္ဒတို့မှာ သူ့ဆီမှ ဖြာထွက်နေလေ၏။

ထို့နောက်တွင် ရန်ကိုင့်အား စိုက်ကြည့်၍ ပြောလိုက်လေ၏။ “ နတ်ဆိုး မင်းကို ငါ့ဓါး အကြောင်း ပြရသေးတာပေါ့” အသံဆုံးသွားသည်နှင့် တစ်ပြိုင်နက် ချန်ဝမ်ဟောင်ဆီမှ သတ်ဖြတ်လိုစိတ်နှင့်တကွ ဓါးချီစွမ်းအင်တို့ ပေါက်ကွဲထွက် လာခဲ့လေသည်။

ချန်ဝမ်ဟောင်သည် အရင်းအမြစ်ချီအား နည်းနည်းလေးမှပင် ထိန်းသိမ်းမနေတော့ဘဲ စိတ်လွတ်ကိုယ်လွတ် သုံး၍ သူ၏ ပြိုင်ဘက်ကင်း ဓါးနည်းစနစ်ကို ထုတ်သုံးတော့လေ၏။

အရင်းအမြစ်ချီနှင့် နိယာမတို့ကို သိပ်သည်းစေလျက် ဓါးထဲသို့ ပေါင်းစပ်ကာ ရန်ကိုင့်အား တိုက်ခိုက်လိုက်လေသည်။ သူလှုပ်ရှားလိုက်သည်နှင့် တပြိုက်နက် ကောင်းရွှယ်ထင်၏ ခန္ဓာကိုယ်သည်လည်း ထပ်မံ ပျောက်ကွယ် သွားခဲ့လေသည်။

သို့သော်ငြား ကောင်းကင်ထက်တွင် ဝဲနေသော နေကိုးစင်းမှာမူ အရှိန်အဟုန်ပြင်းပြင်း တောက်လောက်နေဆဲ။ နေကိုးစင်းဆီမှ နေအလင်းတန်း ကိုးခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ချိတ်ပိတ် ချလိုက်လေသည်။

ဖုန်းမင်သည်လည်း သူ၏ အားအကောင်းဆုံးသော တိုက်ကွက်ကို သုံးကာ ရန်ကိုင်၏ သေကွင်းသေကွက် နေရာများကို ပစ်မှတ်ထား တိုက်ခိုက်လိုက်သည်။

ရန်ကိုင်ကမူ ပုံမှန်အတိုင်းပင် အော်ဟစ် ဟိန်းဟောက်လျက် နဂို တိုက်ခိုက်နေကြ အတိုင်း တိုက်ခိုက် လိုက်သည်။ သူ့တိုက်ကွက်များမှာ အလွန်ကိုမှ ရိုးရှင်းလှပေသည်။

ယခုတစ်ကြိမ် တိုက်ပွဲတွင် ရန်ကိုင်မှာ အောက်စည်းသို့ ရောက်သွားခဲ့ရသော်ငြား သူ့ရန်သူ သုံးဦးမှာလည်း သူ့အား အချိန်တိုအတွင်း မသတ်နိုင်သေးပေ။

ကမ္ဘာငယ်လေးထဲတွင် ရှိနေသော ဟွာချင်းစီသည် ထိုတိုက်ပွဲကို ကြည့်ရင်း လုံးဝကို ဆွံ့အ နေခဲ့သည်။ တာအိုသခင် တတိယအဆင့် ပညာရှင်တစ်ဦီးအဖို့ ဧကရာဇ်အဆင့် ပညာရှင်များ၏ တိုက်ပွဲကို ကြည့်ခွင့်ရသည်မှာ မဟာအခွင့်အရေး တစ်ခု ဖြစ်ပေသည်။

သို့သော်ငြား ဧကရာဇ်အဆင့် ပညာရှင်များ၏ တိုက်ပွဲအား အနီးကပ် ကြည့်ရဖို့ ဆိုသည်မှာ အတော်လေးကိုမှ အန္တရာယ်များလှသလို သာမန် ကျင့်ကြံသူများအတွက် မဖြစ်နိုင်သည့် အရာ တစ်ခုလည်း ဖြစ်ပေသည်။

သို့သော်ငြား အမျိုးမျိုးသော တိုက်ဆိုင်မှုများကြောင့် ဟွာချင်းစီ အနေဖြင့် ဧကရာဇ်အဆင့်များ ကြားမှ တိုက်ပွဲကို အစမှ အဆုံးထိတိုင် အနီးကပ် ကြည့်ခွင့် ရခဲ့လေသည်။ ရန်ကိုင် စောစောစီးစီး သေသွားမည်ကို သူမ မလိုလားပေ။တိုက်ပွဲအား ကြည့်နေရင်း တဖြည်းဖြည်းနှင့် တိုက်ပွဲထဲ နစ်မြောသွားကာ သူမ ဖြစ်စေချင်နေသည့် အရာကိုပင် မေ့လျော့သွားခဲ့လေသည်။

ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်သည် ဟွာချင်းစီကို ကြည့်ရင်း နှုတ်ခမ်း ကွေးတက်သွားခဲ့သည်။ သူမအား သွားမနှောင့်ယှက်ခဲ့ပဲ သူ့ဘာသာ တိုက်ပွဲကိုသာ ပြန်ကြည့်နေလိုက်လေသည်။

ရန်ကိုင်မှာ ဧကရာဇ်အဆင့် ပညာရှင် သုံးဦးအား လက်ရည်တူ ယှဉ်တိုက်နေနိုင်သော်ငြား သူသည် တာအိုသခင် ပထမအဆင့် ကျင့်ကြံသူ တစ်ဦးသာ ဖြစ်သည်။ နတ်ဆိုးချီ စွမ်းအားကို အသုံးပြုနိုင်သည် ဆိုလျှင်ပင် ဧကရာဇ်အဆင့် ပညာရှင် သုံးဦးအား မယှဉ်နိုင်သေးပေ။ အချိန်ကြာလာသည်နှင့် ရန်ကိုင်မှာ ပိုပို၍ ဒဏ်ရာ ရလာပေလိမ့်မည်။

တကယ်တော့ ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်သည် ရန်ကိုင်၏ ဒဏ်ရာများကို တကယ်ကြီး ဂရုစိုက်မနေပေ။ အဓိက စိတ်ပူနေသည်မှာ ရန်ကိုင်သည် ဧကရာဇ်အဆင့် ပညာရှင် သုံးဦး၏ ပြိုင်ဘက်မဟုတ်မှန်း သိသည့်တိုင် ပြန်ခံတိုက်နေခြင်းကိုပင်။

ရန်ကိုင် အသိ စိတ်ရှိသေး မရှိတော့ဘူးလား ဆိုသည်ကို ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်လည်း မပြောတတ်ချေ။ သူကိုယ်တိုင် သွားဆက်သွယ် ကြည့်သည့်တိုင် ရန်ကိုင်ကမူ ဘာမျှ ပြန်မပြောခဲ့ပေ။

သို့သော်ငြား ကောင်းရွှယ်ထင်၏ အာကာယံ နေစက်ကွင်း နယ်မြေ၏ အားနည်းချက် အကြောင်းကို တိုးတိုးတိတ်တိတ် ပြောပြခဲ့စဉ်က ရန်ကိုင်သည် သူ့အကြံပေးချက်အား ချက်ချင်း အသုံးချခဲ့လေသည်။

ထို့ကြောင့်သာ မဟုတ်လျင် ရန်ကိုင့်အနေဖြင့် ကောင်းရွှယ်ထင်အား အလစ်ချောင်းတိုက်ခိုက် နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ ရန်ကိုင်မှာ ရုတ်တရက် စွမ်းအား များစွာကို ရလိုက်သော်ငြား ထိုစွမ်းအားမှာ ရှေးဟောင်း မဟာနတ်ဆိုး၏ ရက်စက် ကြမ်းကြုတ်သော စွမ်းအား ဖြစ်လေသည်။ ထိုစွမ်းအားမှာ သူ့ခန္ဓာကိုယ်အတွက် မကောင်းပေ။

ရန်ကိုင်သာ ထိုစွမ်းအားကို ထပ်တလဲလဲ ဆက်သုံးနေမည်ဆိုလျင် မမျှော်လင့်ထားသည့် ပြဿနာများ ဖြစ်လာနိုင်ပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၀၄)

တိုက်ပွဲဖြစ်နေရာဆီမှ မိုင်ပေါင်းများစွာ ဝေးကွာသော မေပယ်မြို့ထဲတွင်…..

မြို့ထဲရှိ ကျင့်ကြံသူများမှာ နတ်ဆိုးချီကပ်ဘေးမှ လွတ်မြောက် သွားသည့်အတွက် ကောင်းကောင်းပင် မပျော်နိုင် သေးခင်မှာပင် တစ်ခုသော အရပ်ဆီသို့ ကြောက်ကြောက်လန့်လန့်ဖြင့် လှမ်းကြည့်လိုက်ကြလေသည်။

ပြင်းထန်လွန်းလှသော စွမ်းအင်လှိုင်းများနှင့် နားပင်းမတတ် ပေါက်ကွဲသံတို့မှာ ထိုအရပ်ဆီမှ ထွက်ပေါ်လာခဲ့လေသည်။

တွမ့်ယွမ်ရှန်း၊ အရက်သမား၊ ချင်းကျောင်းရန်နှင့်တကွ မေပယ်မြို့ထဲရှိ မိသားစုကြီးများ၏ တာအိုသခင်အဆင့် ကျင့်ကြံသူများသည် မြို့နံရံ အထက်တွင် ရပ်လျက် ပေါက်ကွဲသံများ ထွက်ပေါ်လာရာ အရပ်ဆီသို့ လှမ်းကြည့်နေကြလေသည်။

“မြို့သခင်.. အဲ့မှာ ဘယ်သူတွေ တိုက်ခိုက်နေတာလဲ။” လျန်မိသားစု၏ ဘိုးဘေးဖြစ်သော လျန်ဖုန်းလဲ့က မေးလိုက်လေသည်။

တွမ့်ယွမ်ရှန်းသည် ခဏမျှ စဉ်းစားနေပြီးနောက် ပြန်ပြောလိုက်လေ၏။ “ပြန်လာတုန်းက၊ ကောင်းကင်တိုက်ပွဲ ဒိုဂျိုက စီနီယာချန်နဲ့ အခြားစီနီယာ နှစ်ယောက်ကို တွေ့ခဲ့တယ်။ ကြည့်ရတာ အခု တိုက်ခိုက်နေတာ သူတို့ ဖြစ်လိမ့်မယ်။”

“မြို့သခင် ပြောတဲ့ စီနီယာချန်ဆိုတာ ကျုပ်တို့မြို့ကို အရင်တစ်ကြိမ်က လာသွားတဲ့ ချန်ဝမ်ဟောင်ကို ပြောတာလား။” ရှင်းမိသားစု၏ ဘိုးဘေး ရှင်းကောင်းကျယ်၏ မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။

“ဟုတ်တယ်။ သူပဲ။”

“ဒါဆို သူတို့ တိုက်ခိုက်နေတာ ဘယ်သူလဲ။” ရှင်းကောင်းကျယ် အံ့အားသင့်သွားခဲ့၏။

ချန်ဝမ်ဟောင်နှင့် သူ့အဖော် နှစ်ဦးသည် ဧကရာဇ်အဆင့် ပညာရှင်များ ဖြစ်ကြသည်။ ထိုသုံးဦး အတူတကွ ပူးပေါင်းတိုက်ခိုက် နေသည့်တိုင် ရန်သူအား ယခု အချိန်အထိ အနိုင်မယူ နိုင်သေးပေ။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင် သူတို့၏ ရန်သူ မည်မျှ အားကောင်းကြောင်းကို ခန့်မှန်းသိရှိ နိုင်ပေ၏။

“ငါလည်း မသိဘူး” တွမ့်ယွမ်ရှန်းက ခေါင်းခါလိုက်သည်။ သို့သော် ထိုစဉ်တွင် သူ့စိတ်ထဲ ရန်ကိုင့်အား ရုတ်တရက် စဉ်းစားမိသွား ခဲ့လေသည်။ သူတို့ ပြန်လှည့်ပြေးလာစဉ်က ရန်ကိုင်သည် နတ်ဆိုးချီ၏ ကူးစက်ခြင်း ခံရကာ စည်းရှေ့တွင် မလှုပ်မယှက် ရပ်နေခဲ့လေသည်။ သူ့ပုံစံကို ကြည့်ရသည်မှာ နတ်ဆိုးတစ်ကောင် အသွင်သို့ ပြောင်းလဲခါနီးပင်။

ရန်ကိုင်သာ တကယ်ကြီး စိတ်လွတ် သွားခဲ့မည် ဆိုပါက ကျိန်းသေကို နတ်ဆိုးတစ်ကောင် ဖြစ်သွားပေလိမ့်မည်။ သို့သော်ငြား သူ့အနေဖြင့် နတ်ဆိုးတစ်ကောင် ဖြစ်လာမည် ဆိုလျင်ပင် ဧကရာဇ်အဆင့် ပညာရှင် သုံးဦးအား ယှဉ်ပြိုင်နိုင်သော ခွန်အားကို ပိုင်ဆိုင် နိုင်ပါ့မည်လား။

တွမ့်ယွမ်ရှန်းသည် ခေါင်းတခါခါဖြင့် ထိုမဖြစ်နိုင်သော အတွေးကို ခေါင်းထဲမှ ထုတ်ပစ်လိုက်လေသည်။ ထို့အပြင် ထူးဆန်းသော ရှေးဟောင်းနတ်ဆိုးချီမှာ ပျောက်ကွယ်သွားခဲ့ပြီး နတ်ဆိုးချီ ကူးစက်ထားခြင်း ခံရသည့် နတ်ဆိုးအားလုံးမှာလည်း ပြန်လည်ကောင်းမွန် လာကုန်ကြလေသည်။

ထို့ကြောင့် ရန်ကိုင်သည်လည်း ပြန်ကောင်းသွားလောက်၏။

ဝုန်းး….

အလွန်ကျယ်လောင်သည့် မိုးခြိမ်းသံနှင့်အတူ ပုံမှန် မဟုတ်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ လောက တစ်ခုလုံးရှိ ယွမ်ချီ စွမ်းအင်တို့မှာ တစ်စုံတစ်ခု၏ ဆွဲငင်ခြင်း ခံလိုက်ရသည့်အလား တစ်ခုသော ဘက်ဆီသို့ စုပြုံ စီးဆင်း သွားကုန်ကြလေသည်။

“ဘာ ဖြစ်တာလဲ။” ချင်းကောင်းရန်နှင့် အခြားသူအားလုံး မေပယ်မြို့ထဲရှိ တစ်နေရာဆီကို အံ့အားသင့်တကြီး လှမ်းကြည့်လိုက်ကြလေသည်။

တွမ့်ယွမ်ရှန်းသည် အခြေအနေအား ခဏမျှ လေ့လာကြည့်ပြီးသည့်နောက်တွင် ဝမ်းသာအားရဖြင့် ပြောလိုက်၏။ “မြို့ထဲမှာ တစ်ယောက်ယောက် တာအိုသခင် အဆင့်ကို တက်နေတာပဲ။ ဘယ်မိသားစုက တပည့်လဲ မသိဘူး”

မြို့နံရံပေါ်တွင် ရပ်နေသည့် တာအိုသခင်အဆင့် ပညာရှင်အားလုံး ပြိုင်တူ ခေါင်းခါလိုက်ကြလေသည်။ အဆင့်တက်နေသည့်သူသည် သူတို့မိသားစု၏ တပည့်မဟုတ်သည့် ပုံပင်။

“တစ်ချက် သွားကြည့်ကြတာပေါ့၊ ငါတို့ မေပယ်မြို့က အခုလေးတင် အဆုံးအရှုံး အများကြီးနဲ့ ကြုံထားရတာ၊ အခုလို အားကောင်းတဲ့ လူတစ်ယောက် ပေါ်လာတာ ကောင်းတဲ့ လက္ခဏာပဲ။” တွမ့်ယွမ်ရှန်းက အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်ပြီးနောက် ယွမ်ချီစွမ်းအင် စီးဆင်းနေသည့် ဘက်ဆီသို့ ပျံသန်း သွားလေသည်။

ခဏအကြာတွင် လူအုပ်ကြီးသည် အဆင့်မြင့် အိမ်တစ်လုံးရှေ့သို့ ရောက်လာခဲ့လေသည်။ အသက်ကြီးကြီး အမျိုးသမီး တစ်ဦီး၊ သက်လတ်ပိုင်း အမျိုးသမီး တစ်ဦး နှင့် မိန်းမငယ်လေး တစ်ဦးသည် ထိုအိမ်ရှေ့တွင် ရပ်စောင့်နေကြလေ၏။

“မိန်းကလေး ရှောင်ချီလား” တွမ့်ယွမ်ရှန်းသည် အံ့အားသင့်နေသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်လေသည်။ သူ့အနေဖြင့် မိုရှောင်ချီကို မှတ်မိသည်မှာ အထူးအဆန်းတော့ မဟုတ်။

သူတို့နှစ်ဦးသည် မေပယ်မြို့အား လွှမ်းခြုံထားသော နတ်ဆိုးချီနှင့် နတ်ဆိုးများကို အတူတကွ တိုက်ခိုက်ခဲ့ကြသည် မဟုတ်ပေလော။

မိုရှောင်ချီသည် တန်ခိုးရှင်ဘုရင် တတိယအဆင့် တစ်ဦးသာ ဖြစ်သည့်တိုင် တွမ့်ယွမ်ရှန်း အနေဖြင့် သူမအား အထင်မသေးရဲပေ။ ဒီကောင်မလေးနှင့် တစ်ခဏတာမျှ အတူတူ ပူးပေါင်း အလုပ်လုပ်ခဲ့ရသည့် အချိန်အတွင်း မိုရှောင်ချီ၏ ဇစ်မြစ်မှာ အတော်လေးကို ဆန်းကြယ်သလို သူမ ထုတ်သုံးသွားသည့် ပညာရပ် အားလုံးမှာလဲ အလွန်ကိုမှ အဆင့်မြင့်လှကြောင်း တွမ့်ယွမ်ရှန်း ရှာတွေ့ခဲ့သည်။

အရေးအကြီးဆုံး အချက်မှာ မိုရှောင်ချီသည် ၁၆ ၁၇နှစ် လောက်သာ ရှိနေသေးခြင်းပင်။ အသက် ၁၆ ၁၇နှစ်မျှဖြင့် တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ရောက်နေသော ပညာရှင် တစ်ဦးကို အင်အားစုကြီး တစ်ခုဖြစ်သော ကောင်းကင်တိုက်ပွဲဒိုဂျိုလို နေရာမျိုးပင် မွေးထုတ်မပေးနိုင်ပေ။

ထိုကဲ့သို့သော ပါရမီရှင်မျိုးအား ကြယ်ဝိဉာဉ်နန်းတော် ကဲ့သို့သော အင်အားစုမျိုးသာ မွေးထုတ်ပေးနိုင်၏။ ထို့ကြောင့် မိုရှောင်ချီသည် ကြယ်ဝိဉာဉ်နန်းတော်၏ လျှို့ဝှက်တပည့်တစ်ဦး ဖြစ်လိမ့်မည်ဟုပင် တွမ့်ယွမ်ရှန်း တွေးမိသွားခဲ့လေသည်။ ထို့အတွက်ကြောင့် ဤကောင်မလေးအား အထင်မသေးရဲ ခြင်းပင်။

“မြို့သခင်တွမ့် နဲ့ စီနီယာတို့ ပါလား။” မိုရှောင်ချီက ပြုံးလျက် နှုတ်ဆက်လိုက်လေသည်။

“မိန်းကလေး ရှောင်ချီ၊ အဆင့်တက်နေတဲ့ လူက….” တွမ့်ယွမ်ရှန်းသည် ကွေ့ပတ် ပြောမနေဘဲ လိုရင်းကို တန်းသွားလိုက်လေသည်။

“စိတ်ဝိဉာဉ်ဆေးလုံး ပလာဇာရဲ့ ဆိုင်ပိုင်ရှင် ခန်လေ။” မိုရှောင်ချီကလည်း အမှန်အတိုင်းပဲ ပြောပြလိုက်၏။

“ခန်စစ်ရန်လား။” တွမ့်ယွမ်ရှန်း အံ့အားသင့် သွားခဲ့လေသည်။ အင်အားစုအသီးသီး၏ ဘိုးဘေးတို့သည်လည်း မျက်လုံး အပြူးသား ဖြစ်ကုန်ကြလေသည်။

စိတ်ဝိဉာဉ်ဆေးလုံး ပလာဇာသည် ခရမ်းကြယ်စင် ကုန်သွယ်ရေး အဖွဲ့အစည်း၏ အခွဲတစ်ခု ဖြစ်ကြောင်းကို မေပယ်မြို့ထဲရှိ ကျင့်ကြံသူများအားလုံး သိကြသည်။ ထို့ကြောင့် ခန်စစ်ရန်ကိုလည်း သိကြပေသည်။

ခန်စစ်ရန်အကြောင်း သိထားသည့် အတွက်ကြောင့် သာလျှင် သူတို့ဤမျှ အံ့အားသင့်နေရခြင်း ဖြစ်ပေသည်။ ခန်စစ်ရန် အနေဖြင့် မည်ကဲ့သို့များ တာအိုသခင် အဆင့်ကို ရောက်သွားရလေသနည်း။

ခန်စစ်ရန်၏ သိုင်းတာအို ခရီးလမ်းမှာ အဆုံးသတ်နေပြီဟု ပြော၍ ရသည်။ သူ့အရည်အချင်းဖြင့် တာအိုသခင် အဆင့်ကို ရောက်ရန်မှာ မဖြစ်နိုင်လှပေ။ ခန်စစ်ရန်သည် တစ်သက်လုံး တာအိုသခင် အဆင့်သို့ မရောက်ဟု သူတို့ မပြောရဲကြသော်ငြား ရောက်နိုင်ချေမှာမူ အလွန်တရာ နည်းပါးလှပေသည်။

ထို့ကြောင့် အဆင့်တက်နေသည့်သူမှာ ခန်စစ်ရန်ဖြစ်ကြောင်း ကြားသိလိုက်ရချိန်တွင် သူတို့အားလုံး အံ့အားသင့်သွား ခဲ့ရခြင်းပင်။

ထူးဆန်းသည့် အလင်းတစ်ချက် တွမ်ယွမ်ရှန်း၏ မျက်လုံးထဲ ဖြတ်ပြေး သွားခဲ့သည်။ ထို့နောက် ပြုံးလျက် ပြောလိုက်လေ၏။

“ဆိုင်ပိုင်ရှင် ခန် ဖြစ်နေတာကိုး…. ဒါဆို သူ့အတွက် ဂုဏ်ပြု ပေးရမှာပေါ့” သူ့လေသံထဲ စိတ်ပျက်မှုတို့ အထင်းသား။

ခန်စစ်ရန်သည် မေပယ်မြို့ထဲတွင် နေ နေသော်လည်း သူသည် မေပယ်မြို့သား မဟုတ်ပေ။ ထို့အပြင် သူအဆင့်တက်သွားလည်း မေပယ်မြို့အား မည့်သည့် အကူအညီမျှ ဖြစ်စေလိမ့်မည်မဟုတ်။ ထို့ကြောင့် တွမ့်ယွမ်ရှန်း စိတ်ပျက်သွားခဲ့ရ ခြင်းပင်။

“ဆိုင်ပိုင်ရှင် ခန်က ကံကောင်းမှု တစ်ခုခုနဲ့ ကြုံလိုက်ရတယ်နဲ့ တူတယ်” ရှင်းကောင်းကျယ် အတွေးနက် သွားခဲ့လေသည်။

ကံကောင်းမှု တစ်ခုခုနှင့်သာ မကြုံတွေ့ ရပါက ခန်စစ်ရန် အနေဖြင့် တာအိုသခင် အဆင့်သို့ သူ့အရည်အချင်း သက်သက်ဖြင့် မည်သို့မျှ ရောက်နိုင်လိမ့်မည် မဟုတ်။

လက်ရှိပုံကို ကြည့်ရသလောက် ခန်စစ်ရန်သည် မေပယ်မြို့အား နတ်ဆိုးချီမှ လွှမ်းခြုံထားစဉ် တံခါးပိတ်ကျင့်စဉ် ဝင်သွားသည့် ပုံပင်။

သူ့အနေဖြင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် တံခါးပိတ်ကျင့်စဉ် ဝင်နေသည်ကို ကြည့်လျင် သူ့ကိုသူ ယုံကြည်ချက် အပြည့် ရှိနေသောကြောင့်ပင် ဖြစ်ပေလိမ့်မည်။

“စီနီယာတို့ ဆိုင်ပိုင်ရှင်ခန် ထွက်လာလို့ ရှိရင် ကိုယ်တိုင် မေးကြည့်လိုက်လို့ ရတယ်နော်” မိုရှောင်ချီက ပြုံးလျက် ပြန်ပြောလိုက်သည်။

တွမ့်ယွမ်ရှန်းက ခေါင်းငြိမ့်၍ ပြောလိုက်၏။ “ဟုတ်တာပေါ့..”

သူတို့ စကားပြောနေစဉ် အတောအတွင်း ကောင်းကင်ထက်ရှိ ဖြစ်စဉ်မှာ အပြည့်အဝ ရုပ်လုံး ပေါ်လာခဲ့လေသည်။ ကမ္ဘာမြေကောင်းချီနှင့် တကွ လျှပ်စီးတန်းတို့မှာ ကောင်းကင်ထက်ရှိ အနက်ရောင် တိမ်စိုင်တိမ်တိုက်များ ဆီမှ ခန်စစ်ရန် ပေါ်သို့ တဝုန်းဝုန်း ကျဆင်း လာခဲ့လေသည်။

တစ်ချိန်ထဲတွင် စံအိမ်ထဲရှိ ခန်စစ်ရန်ဆီမှ အော်ဟစ်သံများလည်း ထွက်ပေါ်လာခဲ့ လေသည်။

*** ***

ပတ်ဝန်းကျင် တစ်ခုလုံးအား ဓါးချီတို့မှ လွှမ်းခြုံထားခဲ့သည်။

နေကိုးစင်းသည် အာကာယံထက် ထွန်းလင်းစွာ တောက်ပနေခဲ့ပြီး ရေနဂါး ပုံရိပ် တစ်ခုမှာတော့ လေထဲ ကခုန်နေခဲ့လေသည်။

ဧကရာဇ်အဆင့် ပညာရှင် သုံးဦး၏ ပူးပေါင်း တိုက်ခိုက်မှု အောက်တွင် နတ်ဆိုးချီများ အဆက်မပြတ် ပျောက်ကွယ် နေကုန်ကြလေသည်။

နာကျင်မှုကို မခံစားတတ်သည့် အလား ရန်ကိုင်သည် ဒဏ်ရာများစွာ ရနေသည့်တိုင် နောက်မဆုတ်ဘဲ အရူးအမူး ပြန်လည် တိုက်ခိုက်နေ ခဲ့သည်။

သူရထားသည့် ဒဏ်ရာများမှာ ဧကရာဇ်အဆင့် ပညာရှင်များမှ ဧကရာဇ်မှော်ရတနာများကို သုံး၍ တိုက်ခိုက်ထားသည့် ဒဏ်ရာများ ဖြစ်ကြသည်။ ထို့ကြောင့် နတ်ဆိုးချီနှင့် ရွှေရောင်သွေးစက်သည် ကောင်းမွန်လှသော ပြန်လည်ကောင်းမွန်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည့်တိုင် ပြန်လည်ပျောက်ကင်း သွားအောင် မကုသ ပေးနိုင်ပေ။

ထို့အပြင် သူ့ဒဏ်ရာများတွင် လောက နိယာမစွမ်းအားတို့ ကိန်းအောင်း နေသေး၏။ ထို့ကြောင့် ရန်ကိုင်၏ ဒဏ်ရာများမှာ တစ်စထက် တစ်စ ပိုမိုဆိုးရွား လာလေတော့သည်။

ထို့တိုင် ရန်ကိုင်ကမူ ကြောက်ရွံ့ခြင်း အလျဉ်းမရှိ။ သွေးသံတရဲရဲ ဖြင့် ရဲဝံ့စွာ ပြန်လည် တိုက်ခိုက်နေခဲ့သည်။

ဧကရာဇ်အဆင့် ပညာရှင် သုံးဦးမှာလည်း အချိန်ကြာလာသည် နှင့်အမျှ ပိုပို၍ အံ့အားသင့် လာလေခဲ့ရလေသည်။ သုံးယောက်သား အတူပူးပေါင်း တိုက်ခိုက်နေသည့်တိုင် ရန်ကိုင်အား အသေမသတ်နိုင်သေးဘဲ ဒဏ်ရာ ရအောင်သာ လုပ်ထားနိုင်ခဲ့သည်။

သုံးယောက် အတူတကွ ရောက်ရှိလာ ခဲ့သည်မှာ ကံကောင်း သွားခဲ့ပေသည်။ တစ်ယောက်ချင်းသာဆိုလျှင် သူတို့ထဲရှိ မည်သူမျှ ဤနတ်ဆိုး၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်။

ဤသူမှာ သူတို့ဘဝ တစ်လျှောက်တွင် မြင်ခဲ့ဖူးသည့်အရက်စက်ဆုံးနှင့် သွေးအဆာဆုံး နတ်ဆိုး ဖြစ်ပေသည်။

တိုက်ပွဲ အထွတ်အထိပ်သို့ ရောက်လာချိန်တွင် အဝေးတစ်နေရာဆီမှ စူးရှသည့် အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာခဲ့သည်။ အော်သံသည် ဟင်းလင်ပြင်ကို ထိုးဖောက်၍ သူတို့ နားဝဆီသို့ ရောက်လာခဲ့လေသည်။

ရှေးဟောင်းဖီးနစ် ငှက်တစ်ကောင်၏ အော်ဟစ်သံဟုပင် ထင်မှတ်ရသော ထိုအော်သံထဲတွင် စိုးရိမ်မှု ဒေါသတရားတို့ ကိန်းအောင်းနေခဲ့လေသည်။

ထိုအသံကို ကြားလိုက်ချိန်တွင် ဧကရာဇ်အဆင့် ပညာရှင် သုံးဦိးနှင့် ယှဉ်ပြိုင် တိုက်ခိုက်နေသော ရန်ကိုင်သည် မိုးကြိုးပစ်ချ ခံလိုက်ရသည့်အလား ရုတ်တရပ် ရပ်တန့်သွားပြီး သူ့ခန္ဓာကိုယ်အား လွှမ်းခြုံထားသော နတ်ဆိုးချီ တို့မှာလည်း မတည်မငြိမ် ဖြစ်လာခဲ့လေသည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ချန်ဝမ်ဟောင်နှင့် အခြားသူ နှစ်ဦးစလုံး နောက်သို့ စိုးရိမ်တကြီး ပြန်ဆုတ်လိုက်ကြသည်။ ရန်ကိုင် ဟန်ဆောင်နေခြင်း ဟုတ်မဟုတ် မသေချာသဖြင့် အလျင်စလို မလှုပ်ရှားရဲ ကြခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း အနည်းငယ်လေးသော သတိမဲ့မှုသည် သူတို့၏ အသက်ကို ခြွေယူသွား နိုင်ပေသည်။

“အဲ့ဒါ ဘာအသံလဲ?” ဖုန်းမင်က မေးလိုက်သည်။

ကောင်းရွှယ်ထင်တို့ ခေါင်းအသီးသီး ခါလိုက်ကြလေသည်။ ရှေ့ဘက်သို့ ပြန်လှည့် ကြည့်လိုက်ရာ ရန်ကိုင်သည် အသံကြားရာဘက်သို့ လှမ်းကြည့် နေကြောင်း တွေ့လိုက်ရသည်။

သူတို့လည်း ရန်ကိုင် ကြည့်နေရာ ဘက်သို့ လှမ်းကြည့်လိုက်ရာ အနီရောင် အစက်တစ်စက် သူတို့ဆီသို့ လျင်မြန်စွာ ပျံသန်း လာနေကြောင်းကို တွေ့လိုက် ရလေသည်။

“သူလာပြီ” ကမ္ဘာငယ်လေး ထဲတွင် ရှိသော ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်မှာ ထိုအဖြစ်အပျက်ကြောင့် ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။

“ အဲ့ဒါ ဘာကြီးလဲ” ဟွာချင်းစီလည်း ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ် ပြသ ပေးထားသော စခရင်မှ တစ်ဆင့် အနီရောင်အစက်ကို လှမ်းမြင် လိုက်ရလေသည်။

“သူ့ရဲ့ မှော်ရတနာ စိတ်ဝိဉာဉ်လေ” ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်က ပြန်ပြောလိုက်သည်။

“မှော်ရတနာ စိတ်ဝိဉာဉ်” ဟွာချင်းစီ မျက်မှောင်ကြုံ့သွားခဲ့ပြီး အံ့အားသင့်နေသည့် လေသံဖြင့် “ မှော်ရတနာ စိတ်ဝိဉာဉ်မှာ တကယ့် ခန္ဓာအစစ်ကြီး ရှိနေတာလား”

မှော်ရတနာ စိတ်ဝိဉာဉ်များသည် ထိတွေ့ကိုင်တွယ်၍ မရသည့် သက်ရှိများ ဖြစ်ကြပြီး သူတို့၏သေခြင်းရှင်ခြင်းမှာ မှော်ရတနာများ ပေါ်တွင်သာ မူတည်နေကြလေသည်။ သို့သော်ငြား ဤ မှော်ရတနာ စိတ်ဝိဉာဉ်မှာတော့ အစစ်အမှန်ရုပ်ခန္ဓာတစ်ခု ရှိနေခဲ့လေသည်။

မေပယ်မြို့သို့ လာပြီး သူမဆရာ စုံစမ်းခိုင်းသည့် အကြောင်းကို စုံစမ်းစစ်ဆေးနေသည့် အတောအတွင်း လေလံပွဲတစ်ခု၌ ရုပ်ခန္ဓာ ပိုင်ဆိုင်ထားသော မှော်ရတနာတစ်ခုအား လေလံတင်ခဲ့ကြောင်းကို ဟွာချင်းစီ ရုတ်တရက် ပြန်သတိရလိုက်လေသည်။ “အဲ့တစ်ခုများ ဖြစ်နေမလား။”

သို့သော်ငြား ဘာမဟုတ်သည့် မှော်ရတနာ စိတ်ဝိဉာဉ်လေး တစ်ခုသည် လက်ရှိအခြေအနေအား မည်ကဲ့သို့များ ပြောင်းလဲသွားစေ နိုင်မည်နည်း။ ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ် ဘာကြောင့် ပျော်နေမှန်းကို ဟွာချင်းစီ နားမလည်နိုင်ခဲ့ပေ။

‘နင်ပေါ်လာတာကို မြင်ပြီး သူအသိစိတ် ပြန်ဝင်ပါစေ လို့ပဲ ဆုတောင်းရတော့မယ်’ ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်က စိတ်ထဲကြိတ်၍ ပြောလိုက်လေသည်။

ရန်ကိုင်မှာ ဧကရာဇ် သုံးဦးနှင့် တိုက်ခိုက်နေရာတွင် အောက်စည်းသို့ ရောက်နေခဲ့လေပြီ။ သို့သော်ငြား ပြန်မဆုတ်သေးဘဲ ခေါင်းမာမာနှင့် ဆက်၍ တိုက်ခိုက်နေခဲ့သည်။ ဤသည်မှာ သူ့အတွက် မကောင်းချေ။

ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်မှာ နည်းလမ်း အမျိုးမျိုးကို သုံး၍ ရန်ကိုင့်အား လှုပ်နှိုးရန် ကြိုးစား နေခဲ့သော်ငြား ရန်ကိုင်မှာမူ လုံးဝကို နိုးမလာခဲ့။ သို့သော်ငြား ဤအချိန်တွင် လျိုယန်မှာ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

လျိုယန်အနေဖြင့် ရန်ကိုင်အား အသိပြန်ဝင် လာအောင် လုပ်ကောင်းလုပ်နိုင် လောက်ပေမည်။ သူမနှင့် ရန်ကိုင်သည် စိတ်ချင်းဆက် နေသည်ကိုး။

ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ် မျော်လင့်ထားသကဲ့သို့ပင် လျိုယန် ပေါ်လာသည်နှင့် တပြိုင်နက် ရန်ကိုင်၏ ကောင်းကင်စိတ် အာရုံမှာ ပရမ်းပတာ ဖြစ်ကုန်လေသည်။ ဧကရာဇ် သုံးဦးနှင့် ဆက်၍ မတိုက်ခိုက်နေတော့ဘဲ မူလနေရာတွင်သာ ငြိမ်သက်စွာ ရပ်၍ သူ့ဆီသို့ တိုးဝင်လာနေသော အနီရောင် အလင်းတန်းကိုသာ စိုက်ကြည့်နေလေတော့သည်။

သူ့မျက်လုံးထဲ နားမလည်နိုင် ဖြစ်နေသည့် အရိပ်အရောင်တို့ကို အထင်းသား မြင်တွေ့နေရလေသည်။ လျိုယန်သည် နောက်တစ်ကြိမ် အော်မြည်လိုက်လေ၏။ သူမ၏ အော်မြည်သံသည် ရန်ကိုင်၏ နှလုံးသားအား လာစိုက်နေသည့် ဓါးတစ်ချောင်းနှင့် မခြားချေ။

လျိုယန် အနီးသို့ ရောက်လာသည် နှင့်အမျှ သူမနှင့် ရန်ကိုင်ကြားရှိ စိတ်ချင်းဆက်သွယ်မှုမှာ ပိုပို၍ အားကောင်းလာခဲ့သည်။ ရုတ်တရက်ဆိုသလို ရန်ကိုင်၏ အသိစိတ် ခဏတာမျှ လှုပ်နိုးလာခဲ့လေသည်။

နိုးလာပြီးပြီးချင်းမှာပင် သူ့အခြေအနေကို နားလည်သွားခဲ့ပြီး မျက်မှောင်ကြုံ့သွားခဲ့လေ၏။

“အခြေအနေ သိပ်ကောင်းတဲ့ပုံ မရတော့ဘူး။ တိုက်ပွဲကို မြန်မြန် အဆုံးသတ် ကြရအောင်။” ရန်ကိုင်နှင့် ပက်သက်၍ တစ်ခုခုမှားနေမှန်း နားလည်လိုက်သော် ချန်ဝမ်ဟောင်က သူ့အဖော်နှစ်ဦးကို ချက်ချင်းပဲ သတိပေးလိုက်လေသည်။

ထို့နောက်တွင် မာန်တင်း အော်ဟစ်၍ သူ၏ အဆုံးစွန်သော တိုက်ကွက်ကို အသက်သွင်းကာ တိုက်ပွဲအား မြန်နိုင်သမျှ မြန်မြန် အဆုံးသတ်ရန် ကြိုးစားလိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၀၅)

ချန်ဝမ်ဟောင် ပြောသည်ကို ကြားသော် ဖုန်းမင်နှင့် ကောင်းရွှယ်ထင်တို့ နှစ်ဦးစလုံး ရန်ကိုင့်အား လှမ်းကြည့်လိုက် ကြလေသည်။

“စီနီယာတို့က ကျုပ်ကို မရရအောင် သတ်ချင်နေတာလား” ရန်ကိုင်က ရုတ်တရက် ပြောလိုက်လေသည်။

ဧကရာဇ်အဆင့် ပညာရှင် သုံးဦးစလုံး အံ့အားသင့် သွားခဲ့ကြသည်။ စတင်တိုက်ခိုက်သည့် အချိန်မှစ၍ ယခုအချိန် မတိုင်ခင် အထိ ရန်ကိုင်သည် မည်သည့် စကားကိုမှ မပြောဘဲ တဝူးဝူး တဝါးဝါးသာ အော်ဟစ် နေခဲ့သည်။

သို့သော်ငြား ယခု အချိန်တွင်မူ သူပြောသည့် စကားလုံးမှာ အလွန်ကိုမှ ကြည်လင် ပြတ်သားနေပြီး သူ့လေသံမှာလည်း ထူးထူးခြားခြားကို တည်ငြိမ် နေခဲ့လေသည်။

“နတ်ဆိုး… မင်းဘာပြောပြော ငါတို့ကတော့ မင်းမသေမချင်း ရပ်မှာ မဟုတ်ဘူး။ ဒီနေ့ မင်းသေရင်သေ မသေရင် ငါတို့ အသေပဲ။” ချန်ဝမ်ဟောင်က အော်ပြောလိုက်ပြီးသည့် နောက်တွင် သူ့ဓါးကို ဝှေ့ရမ်းလိုက်လေသည်။

ဓါးနိယာမ စွမ်းအားတို့သည် ရန်ကိုင့်ဆီသို့ တိုးဝင် သွားလေ၏။ ဖုန်းမင်နှင့် ကောင်းရွှယ်ထင်တို့သည်လည်း တပြိုင်တည်း တိုက်ခိုက်လိုက် ကြလေသည်။

ရန်ကိုင်သည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက် လေသည်။ အသိ ပြန်ဝင်လာပြီးသည့် နောက်တွင် ဧကရာဇ်အဆင့် ပညာရှင်များ၏ ကြောက်မက်ဖွယ်ရာ စွမ်းအား အကြောင်းကို နားလည်သွား ခဲ့လေသည်။ ထိုလူသုံးဦးအား သူတစ်ယောက်တည်းဖြင့် မည်သို့မျှ ယှဉ်ပြိုင် တိုက်ခိုက် နိုင်လိမ့်မည် မဟုတ်ပေ။

အစောပိုင်းက ထိုသုံးဦးနှင့် လက်ရည်တူ ယှဉ်တိုက် နေနိုင်ခဲ့ခြင်းမှာ သူ့အသိစိတ်အား ထိန်းချုပ်ထားခဲ့သော သွေးဆာပြီး ရက်စက်ကြမ်းကြုတ်သည့် နတ်ဆိုး အသိစိတ်ကြောင့်သာ ဖြစ်ပေသည်။

ယခု အသိပြန်ဝင် လာပြီးသည့်နောက် ဧကရာဇ်အဆင့် ပညာရှင် သုံးဦး၏ ပူးပေါင်း တိုက်ခိုက်မှုကို ရင်ဆိုင်ရသော် သေခြင်းတရား အငွေ့အသက်တို့ကို ရန်ကိုင် ခံစားလိုက်ရလေသည်။ ချက်ချင်း အနောက်သို့ အလျင်အမြန် ဆုတ်သွားလိုက်ပြီးနောက် တစ်ချိန်ထဲတွင် အံကိုကြိတ်ကာ အော်ပြောလိုက်လေသည်။

“မျက်လုံးနက် အကျဉ်းထောင်... အဆုံးမဲ့ အမှောင်ထု”

သူ့အသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ညာဘက်မျက်လုံးဆီမှ အနက်ရောင် အလင်းတန်းတစ်ခု ဖြာထွက် လာခဲ့လေ၏။ အနက်ရောင်မျက်ဆံဆီမှ ဖြာထွက်လာသော အနက်ရောင်အလင်းနှင့် အတွေ့တွင် ဧကရာဇ်အဆင့် ပညာရှင်သုံးဦးစလုံး၏ လှုပ်ရှားမှု အားလုံး ရပ်တန့် သွားကုန်ကြလေသည်။

ထို အနက်ရောင်မျက်ဆံထဲတွင် မဟာကောင်းကင်လမ်းစဉ်တို့၏ နိယာမ စွမ်းအားတို့ဖြင့် ပြည့်နှက်နေသည့် စွမ်းအားများ ကိန်းအောင်း နေသည့်အလား။

သီးခြား ရှေးဟောင်းဆန်သည့် အရှိန်အဝါ တစ်ခုနှင့်အတူ ကောင်းကင်တစ်ခုလုံး မှောင်အတိ ကျသွားခဲ့လေသည်။ အမှောင်ထု၏ လွှမ်းခြုံခြင်း ခံလိုက်ရသည့် နယ်ပယ်တစ်ခုလုံး မိုင်ရာပေါင်းများစွာ ကျယ်ဝန်းသော အကျဉ်းထောင်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။

ဓါးချီအလင်းတန်း၊ လှံတံပုံရိပ်နှင့် ကောင်းကင်ထက်တွင် ထွန်းလင်းနေသော နေကိုးစင်းဆီမှ ဖြာထွက်နေသော အလင်းရောင်တို့သည်ပင်လျင် အမှောင်ထုအား ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပေ။ သူတို့၏ ဘေးပတ်ဝန်းကျင် တစ်ခုလုံး အမှောင်အတိ ကျသွားခဲ့သဖြင့် ဧကရာဇ်အဆင့် ပညာရှင်များ စတင် စိုးရိမ်လာ ခဲ့ကြသည်။

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်ရန် လုပ်သည့် အခါတွင်လည်း အမှောင်ထု၏ အကြွင်းမဲ့ စွမ်းအားကြောင့် သူတို့၏ ထောက်လှမ်း နိုင်စွမ်းမှာ ကသောင်းကနင်း ဖြစ်ကုန်ရလေသည်။

ခဏကြာမျှ ပြာယာခတ်နေပြီးသည့် နောက်တွင် ဧကရာဇ်အဆင့် ပညာရှင် သုံးဦးစလုံး အလျင်အမြန် ပြန်လည် တည်ငြိမ် သွားခဲ့ကြပြီး သူတို့၏ တိုက်ကွက် အသီးသီးကို ထုတ်ဖော်ကြတော့သည်။

ဓါးချီအလင်းတန်းတို့ ဖြာထွက် လာခဲ့သလို လျှပ်စီးငန်း လှံတံမှာလည်း မိုးကြိုး ရေနဂါးတစ်ကောင် အဖြစ်သို့ ပြောင်းလဲ သွားခဲ့လေသည်။ ကောင်းကင်ထက်တွင် ဝဲနေသော နေကိုးစင်းမှာလည်း အသီးသီး ပေါက်ကွဲ ထွက်ကုန်ကြလေ၏။

အမှောင်ထုထဲ အလင်းစက်ကလေး တစ်စက် စတင် ထွက်ပေါ် လာခဲ့လေသည်။ ထိုအလင်းစက်လေးသည် တဖြည်းဖြည်း ကျယ်ပြန့် ကြီးမား လာပြီးသည့်နောက် ပတ်ဝန်းကျင် တစ်ခုလုံးအား လွှမ်းခြုံထားသော အမှောင်ထုကို စတင် ရှင်းထုတ်တော့လေသည်။

အမှောင်ထု အကြွင်းမဲ့ ပျောက်ကွယ်သွားချိန် ဧကရာဇ်အဆင့် ပညာရှင် သုံးဦးစလုံး သူတို့၏ ပတ်ဝန်းကျင်အား ပြန်လည် မြင်တွေ့ လာခဲ့ရလေသည်။ သို့သော်ငြား ဤနေရာတွင် သူတို့သုံးဦးသာ ရှိနေတော့ပြီး နတ်ဆိုးမှာမူ သဲလွန်စမကျန် ပျောက်ကွယ်သွား ခဲ့လေပြီ။ အကုန်လုံး အကြည့်ချင်း ဖလှယ် လိုက်ကြသည်။

ထို့နောက်တွင် ကောင်းကင်စိတ်အာရုံ အသီးသီးကို ဖြန့်ကျက်၍ နတ်ဆိုး၏ တည်နေရာကို အာရုံခံကြည့်ရန် ကြိုးစားလိုက်ကြသည်။

“ဘယ်လို စွမ်းရည်ကြီးလဲ” ဖုန်းမင်က မှုန်ကုပ်ကုပ် အမူအရာဖြင့် ပြောလိုက်လေသည်။

ချန်ဝမ်ဟောင်က ခေါင်းခါလျက် “ငါလဲ မသိဘူး။”

“ဒီကိစ္စကို ငါတို့ ဂိုဏ်းတွေဆီ မြန်မြန် သွားပြန်တင်ပြမှ ရမယ်။ ပြီးတော့ ကြယ်ဝိဉာဉ်နန်းတော်ဆီကိုလည်း တစ်ခေါက် သွားရဦးမယ်။ ရှေးဟောင်း မဟာနတ်ဆိုး ထွက်ပေါ်လာတာ ဆိုတော့ သူတို့လည်း ဒီကိစ္စကို ဒီတိုင်း ထိုင်ကြည့်နေကြမှာတော့ မဟုတ်ဘူး။” ကောင်းရွှယ်ထင်းသည် သူမ၏ နေစက်ဝန်း ကြေးမုံအား စိတ်ဓာတ်ကျကျဖြင့် ပြန်သိမ်းရင်း ပြောလိုက်လေသည်။

ကြေးမုံ ပေါ်တွင် နတ်ဆိုးစွမ်းအင်အချို့ ကပ်ညိနေသေး၏။ သူမအနေဖြင့် မည်သို့ပင် ကြိုးစား နေစေကာမူ ထိုနတ်ဆိုး စွမ်းအင်ကို မည်သို့မျှ ရှင်းထုတ် မပစ်နိုင်ခဲ့ပေ။

“ဂျူနီယာ ညီမကောင်း ပြောတာမှန်တယ်။ ငါတို့ အချိန်ဆွဲ နေလို့ မရဘူး။ ကြယ်ဝိဉာဉ်နန်းတော်ဆီ မြန်မြန်သွားပြီး မဟာဧကရာဇ်ဆီ တင်ပြမှ ရမယ်။” ထိုသို့ ပြောပြီးသည့် နောက်တွင် ချန်ဝမ်ဟောင်သည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူ လိုက်လေသည်။

ထို့နောက် ထိုထဲသို့ သူ၏ ကောင်းကင်စိတ်အာရုံကို အလျင်အမြန် ထည့်သွင်းလိုက်လေ၏။ ဖုန်းမင် နှင့် ကောင်းရွှယ်ထင်းတို့သည်လည်း ဆက်သွယ်ရေး ပညာရပ် အမျိုးမျိုးကို ထုတ်သုံးကာ သူတို့ ကြုံတွေ့ခဲ့ရသည့် အကြောင်းအရာများကို သူတို့၏ ဂိုဏ်းများဆီသို့ ပြန်လည် တင်ပြလိုက်ကြလေသည်။

လုပ်စရာရှိသည့် ကိစ္စများကို လုပ်ပြီးသည့်နောက်တွင် ယနေ့ကြုံတွေ့ခဲ့ရသည့် ကိစ္စများကို တင်ပြရန်အတွက် ကြယ်ဝိဉာဉ်နန်းတော်ဆီသို့ ထွက်ခွာသွားလေ၏။

ထိုနတ်ဆိုး မေပယ်မြို့အား တိုက်ခိုက်မည်လား မတိုက်ခိုက်ဘူးလား ဆိုသည်ကိုမူ သူတို့ အရေးမစိုက်ကြပေ။ ထိုနတ်ဆိုးမှာ အလွန်ကိုမှ ထူးဆန်းသလို အားလည်း ကောင်းလှသည်။ သူတို့သုံးဦး အတူတကွ ပူးပေါင်း တိုက်ခိုက်သည့်တိုင် နတ်ဆိုးအား မရှင်းထုတ် နိုင်ခဲ့ပေ။

ထို့အပြင် အဆုံးပိုင်းတွင် နတ်ဆိုး ထုတ်သုံးသွားသည့် စွမ်းရည်မှာလည်း အတော်လေးကိုမှ ထူးခြားလှ၏။ နတ်ဆိုးသည်သာ ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ သူတို့အား အလစ်ချောင်း တိုက်ခိုက်မည် ဆိုပါက သူတို့ သုံးဦးစလုံး သေလျင်သေ မသေလျင် ဆိုးဆိုးရွားရွား ဒဏ်ရာ ရသွားနိုင်ပေသည်။ မေပယ်မြို့ကိုမူ သူတို့ ဂရုမစိုက်ကြပေ။

ရှေးဟောင်း မဟာနတ်ဆိုး၏ ချိပ်စည်း ပျက်စီးသွားသည်ဆိုသည့် သတင်းကြောင့်သာ မဟုတ်လျင် သူတို့ကဲ့သို့သောလူမျိုးများသည် ဤနေရာသို့ လုံးဝကို ရောက်လာခဲ့ကြမည် မဟုတ်ချေ။

ဧကရာဇ်အဆင့် ပညာရှင်သုံးဦး ထွက်သွားပြီးသည့် နောက်တွင် ပတ်ဝန်းကျင်မှာ တစ်ဖန် ပြန်လည် တည်ငြိမ် သွားခဲ့လေသည်။

ထိုအချိန်တွင် မီးတောက်မီးလျံနှယ် နီရဲတောက်ပနေသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အေးစက်စက် မျက်နှာထားနှင့် မိန်းမလှလေး တစ်ဦးသည် မေပယ်မြို့ထဲသို့ တိတ်တဆိတ် ဝင်လာ ခဲ့လေသည်။

ကပ်ဘေးအား သီသီလေး လွတ်မြောက်ခဲ့ကြသော မေပယ်မြို့ထဲရှိ ကျင့်ကြံသူများမှာ ထိုမိန်းမလှလေးကို မြင်သော် မငမ်းဘဲ မနေနိုင်အောင် ဖြစ်သွားကြရသည်။

မကြာမီတွင် ထိုအမျိုးသမီးသည် ဓာတ်လုံးတစ်လုံးကို ထုတ်ယူလျက် ထိုအထဲသို့ ကောင်းကင်စိတ်အာရုံ ထည့်သွင်းလိုက်လေသည်။ ကြည့်ရသည်မှာ ထိုအမျိုးသမီးသည် တစ်စုံတစ်ဦးနှင့် ဆက်သွယ်နေသည့် ပုံပင်။

ခဏအကြာ၌ ဓာတ်လုံးအား ပြန်သိမ်းလိုက်ပြီး တစ်ခုသော နေရာဆီသို့ ထွက်သွားလိုက်လေ၏။ နာရီဝက်ကြာမျှ ငြိမ်သက်စွာ စောင့်နေပြီးသည့် နောက်တွင် လှပသည့် ပုံရိပ်တစ်ခု ထူးဆန်းစွာ ထွက်ပေါ်လာခဲ့လေသည်။

ထိုကောင်မလေးကို မြင်သော် အနီရောင်ဝတ်စုံနှင့် အမျိုးသမီးက ပြုံးလျက် ပြောလိုက်လေ၏။ “ညီမ ရှောင်ချီလား မသိဘူး။”

မိုရှောင်ချီက မျက်မှောင်ကြုံ့လျက် ထိုအမျိုးသမီးနောက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။ သူမရင်းနှီးနေသည့် လူကို မတွေ့ရသော် နားမလည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်လေသည်။

“ရှင်ဘယ်သူလဲ။ ကျွန်မကို ရှာဖို့ အကိုရန်က ရှင့်ကို လွှတ်လိုက်တာလား။ ”

“ဟုတ်တယ်။” အမျိုးသမီးက ခေါင်းငြိမ့်လျက် သူမ အစောပိုင်းက ထုတ်ယူခဲ့သော ဓာတ်လုံးကို ထုတ်ယူခဲ့လိုက်လေသည်။

“အဲ့ဒါ ကျွန်မ အကိုရန်ကို ပေးထားတာ။” မိုရှောင်ချီက ခေါင်းငြိမ့်၍ ပြန်မေးလိုက်သည်။ “အကိုရန် ဘယ်မှာလဲ။ သူ မြို့ပြင်ဘက်မှာ နတ်ဆိုးချီ ကူးစက်ခံလိုက်ရတယ်လို့ မြို့သခင်တွမ့် ပြောတာ ကြားလိုက်သေးတယ်။ သူအခုရော အဆင်ပြေရဲ့လား။”

“ကျွန်မသခင်က အခုလောလောဆယ်တော့ ဘာအန္တရာယ်မှ မရှိသေးပါဘူး။ ဒါပေမဲ့ နည်းနည်း ဒဏ်ရာ ရထားလို့ လူချင်းတွေ့ဖို့ အဆင်မပြေလို့ ကျွန်မကို သူ့ကိုယ်စား လွှတ်လိုက်တာ” အမျိုးသမီးက ပြန်ပြောလိုက်သည်။

“သူအဆင်ပြေရင် ပြီးတာပါပဲ” ထိုအခါမှပဲ မိုရှောင်ချီသည် စိတ်သက်သာရာ ရသွားခဲ့လေသည်။ ထို့နောက် အမျိုးသမီးအား ကြည့်လျက် ပြုံးကာ မေးလိုက်လေသည်။ “အစ်မနာမည် ဘယ်လိုခေါ်လဲ။”

“သခင်ကတော့ ငါ့ကို လျို့ယန်လို့‌ ခေါ်တယ်။” အမျိုးသမီးက ပြန်ပြောလိုက်၏။

မိုရှောင်ချီ၏ မျက်နှာထက် ထူးထူးဆန်းဆန်း အမူအရာတစ်ခု ထွက်ပေါ် လာခဲ့လေသည်။ ထို့နောက် ပြောလိုက်လေ၏။ “အစ်ကိုရန်ကလည်း တာအိုသခင်ပထမအဆင့် ကျင့်ကြံသူပဲ။ ရှင်ကလည်း တာအိုသခင် ပထမအဆင့် ကျင့်ကြံသူပဲ။ အဲ့ဒါကို ရှင်က ဘာလို့ သူကို သခင်လို့ ခေါ်နေတာလဲ။”

လျို့ယန်က ပြုံးလျက် ပြန်ပြောလိုက်၏။ “သခင့် အကူအညီကြောင့်သာ မဟုတ်ရင် ငါအခုလို နေနိုင်မှာမဟုတ်ဘူး။ သခင်က ငါ့ကို ဘဝအသစ် တစ်ခု ပေးခဲ့တာ”

မိုရှောင်ချီက နှုတ်ခမ်းစူလျက် ပြန်ပြောလိုက်လေ၏။ “ကောင်းပြီလေ။ ဘာပဲဖြစ်ဖြစ် အဲ့ဒါက ကျွန်မကိစ္စမှ မဟုတ်တာ။ ဒါနဲ့ အစ်မ ရှင် ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ။”

“သခင် အမိန့်ပေးထားတဲ့ အတိုင်း မြို့ပြင်က ကျန်းမိသားစုမှာ ခဏ နေဖို့ စဉ်းစားထားတယ်။ ပြီးတော့ ကျန်းမိသားစုဝင်တွေကိုပါ သူတို့နေရာဆီ ပြန်ခေါ်လာဖို့ သခင်က တစ်ခါတည်း ပြောလိုက်တယ်။” လျိုယန်က ပြောလိုက်သည်။

“အစ်ကိုရန်က အဲ့လို ပြောမှတော့ သူပြောတဲ့ အတိုင်းပဲ လုပ်ကြတာပေါ့” မိုရှောင်ချီက ပြောလိုက်လေသည်။

လျိုယန်က ခေါင်းခါလျက် ပြောလိုက်၏။ “ဆိုင်ပိုင်ရှင်ခန် အဆင့်တက်နေတယ် မလား။ အခု မြို့သခင်တွမ့်လည်း အဲ့ဆိုင်ရှေ့မှာ ရှိနေတာ မဟုတ်လား။”

“ဟုတ်တယ်” မိုရှောင်ချီက ခေါင်းငြိမ့်လိုက်သည်။

ထိုအခါ လျိုယန်က ပြုံးလျက် ပြန်ပြောလိုက်၏။ “ကျွန်မ အခုလောလောဆယ် မြို့သခင်တွမ့်နဲ့ အခြားသူတွေကို တွေ့လို့မရသေးဘူး။ မိန်းကလေးရှောင်ချီပဲ ကျန်းမိသားစုဝင်တွေကို မြို့ပြင်ဆီကို လိုက်ပို့ပေးလို့ ရမလား။ ကျွန်မ မြို့ပြင်ဘက်မှာ စောင့်နေမယ်လေ။”

ပြောပြီးသည့်နောက်တွင် လျိုယန်သည် အလင်းတန်းတစ်ခု အသွင်သို့ ပြောင်းလျက် မြို့ပြင်ဘက်သို့ ပျံထွက်သွားလေ၏။

ထိုအချိန် အတောအတွင်း အိမ်တစ်လုံးရှေ့တွင် ရပ်စောင့်နေသော တွမ့်ယွမ်ရှန်းသည် တစ်စုံတစ်ခုအား အာရုံခံ မိလိုက်ပြီး လျိုယန်ရှိနေသည့် ဘက်ဆီသို့ လှမ်းကြည့် လိုက်လေသည်။ ထို့နောက် နားမလည်ဟန်ဖြင့် ပြောလိုက်၏။

“မရင်းနှီးတဲ့ အရှိန်အဝါ တစ်ခုပါလား။ နောက်ထပ် တာအိုသခင်အဆင့် ပညာရှင်တစ်ယောက်များ ထပ်ရောက်လာတာလား”

အခြားဖက်တစ်ဖက်တွင်မူ မိုရှောင်ချီသည် လျို့ယန် ပျောက်ကွယ် သွားပြီးနောက် မျက်လုံးမှေးစင်းလျက် ပြောလိုက်လေ၏။ “သူ့ကို ကြည့်ရတာ လူနဲ့လည်း မတူဘူး။ ဒီအစ်မကြီးက တကယ် ထူးဆန်းတာပဲ။”

လျို့ယန်၏ အစစ်အမှန် ပုံစံကို သူမတကယ် သိချင်ပေသည်။ သို့သော်ငြား ထိုအမျိုးသမီးသည် ရန်ကိုင်နှင့် ဆက်စပ်‌ နေသဖြင့် မိုရှောင်ချီလည်း မသိချင်ယောင်သာ ဆောင်နေလိုက်တော့သည်။

သို့ရာတွင် လျိုယန် ဘာကြောင့် မြို့သခင်တွမ့်နှင့် အခြားသူများအား မတွေ့နိုင် သေးသလဲ ဆိုသည်ကို သူမသိပေသည်။ တွမ့်ယွမ်ရှန်းသည် တာအိုသခင် ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်အတွက် လျို့ယန်၏ အစစ်အမှန် ပုံစံကို ဖောက်မြင် နိုင်လောက်၏။

မိုရှောင်ချီသည် ခေါင်းတခါခါဖြင့် သူမငှားထားသည့် အိမ်ဆီသို့သာ ပြန်သွားလေသည်။

တစ်နာရီ ကြာပြီးသည့်နောက်တွင် မြို့အပြင်ဘက်၌ မိုရှောင်ချီသည် ကျန်းမိသားစုဝင်များကို လျိုယန်ဆီသို့ ခေါ်လာခဲ့၏။ မိုရှောင်ချီဆီမှ အကြောင်းစုံကို ကြားသိထားရပြီး ဖြစ်သည့်အတွက်ကြောင့် ကျန်းမိသားစုဝင်များမှာ အထိတ်တလန့် အံ့အားသင့်ခြင်းမျိုး ဖြစ်မနေခဲ့ပေ။

ထိုအစား လျို့ယန်၏ ကျင့်ကြံခြင်းကို အာရုံခံ မိသည့်နောက်တွင် သူ့အား တလေးတစား ဆက်ဆံကြလေသည်။

“နင်က မိန်းကလေး ရို့ရှီလား။ ငါထင်တဲ့ အတိုင်းပဲ တကယ်ကို ရိုးသားပြီး ချစ်ဖို့ကောင်းတာပဲ။” လျိုယန်သည် ကျန်းမိသားစုဝင်များကို လေ့လာကြည့်နေရင်းမှ သူမ၏ အကြည့်သည် ကျန်းရို့ရှီ ဆီသို့ ရောက်သွားခဲ့လေပြီးနောက် ပြုံးလျက် ပြောလိုက်လေ၏။

တချိန်ထဲမှာပင် နားမလည်နိုင်သည့် အရိပ်အယောင်တို့ သူမ၏ မျက်ဝန်းထဲတွင် ဖြတ်ပြေး သွားခဲ့လေသည်။ ရန်ကိုင် ဘာကြောင့် ကျန်းရို့ရှီကို နှစ်သက်မှန်းကို သူမ နားမလည်နိုင်အောင် ဖြစ်ရသည်။ ဤကောင်မလေးမှာ အတော်လေးကိုမှ ချောမောလှပသော်ငြား သူမ၏ ခန္ဓာကိုယ်မှာ အရွယ် မရောက်သေးပေ။

ထို့အပြင် ရန်ကိုင်သာ အမျိုးသမီးတစ်ယောက် လိုချင်သည် ဆိုပါက ဤကဲ့သို့သော မိန်းမငယ်လေး တစ်ဦးအား သွားရှာနေစရာ မလို။ သူ့ကျင့်ကြံခြင်းအရ သူလိုချင်သည့် မည်သည့် မိန်းမကိုမဆို ရနိုင်ပေသည်။

ထို့အပြင် ရန်ကိုင့်အကြောင်းကို သူမ ကောင်းကောင်း သိပေသည်။ ရန်ကိုင်သည် မိန်းမပွေသော လူတစ်ယောက် မဟုတ်ပေ။ ကျန်းရို့ရှီ၏ ကျင့်ကြံခြင်း ဆိုလျှင်လည်း သူတော်စင်ဘုရင် ဒုတိယအဆင့်သာ ရှိသေးသည်။ ထိုကျင့်ကြံခြင်းလောက်ဖြင့် ရန်ကိုင့်အား မည်သည့် အကူအညီမှ ပေးနိုင် လိမ့်မည် မဟုတ်။

ထို့ကြောင့် ရန်ကိုင် ဘာကြောင့် ဤမိန်းကလေးအား နှစ်သက်နေရသလဲ ဆိုသည်ကို သူမ မည်သို့ပင် စဉ်းစားစေကာမူ မစဉ်းစားတတ်ခြင်း ဖြစ်ပေသည်။

“မင်္ဂလာပါ စီနီယာ လျို့ယန်” လျိုယန်မှ သူမအား ပြောလာသည်ကို မြင်သော် ကျန်းရို့ရှီ အနည်းငယ် ပြာယာခတ် သွားခဲ့လေသည်။ လျိုယန်ကမူ ပြုံးသာ ပြုံးပြလိုက်၏။

“စီနီယာလျို့ ဆရာ အခြေအနေ...” ကျန်းရို့ရှီသည် နှုတ်ခမ်းလေးကို ကိုက်ရင်း အားတင်း၍ မေးလိုက်လေသည်။ ကျန်းမိသားစုဝင် အဖွားအို နှင့် အမျိုးသမီးသည်လည်း လျို့ယန်အား စိုးရိမ်တကြီး လှမ်းကြည့်လိုက်ကြသည်။ သူတို့သည်လည်း ရန်ကိုင့် အခြေအနေ အကြောင်းကို သိချင်ပေသည်။

“ဆရာ အဆင်ပြေတယ်၊ ဘာမှ ကိစ္စမရှိဘူး၊ အခုလောလောဆယ် သူ့ခန္ဓာကိုယ်က နတ်ဆိုးချီတွေ ကူးစက်ထားခံရလို့ လူကိုယ်တိုင် လာတွေ့လို့ အဆင်မပြေသေးတာ။ နတ်ဆိုးချီတွေကို ရှင်းထုတ်ပြီး အားပြန်ဖြည့်ပြီးသွားရင် ပြန်လာလိမ့်မယ်။” လျို့ယန်က ရှင်းပြ လိုက်သည်။

“အဲ့တာဆို အဆင်ပြေတာပေါ့” ကျန်းမိသားစုဝင် အမျိုးသမီးက စိတ်သက်သာရာ ရသွားသည့်အလား သက်ပြင်းချ လိုက်လေသည်။

“ညီမရှောင်ချီ ငါသူတို့ကို ခေါ်သွားတော့မယ်နော်။” လျိုယန်က မိုရှောင်ချီဘက်သို့ လှည့်၍ ပြောလိုက်လေသည်။

မိုရှောင်ချီက ခေါင်းငြိမ့်၍ “အင်း… အစ်ကိုရန် ပြန်လာတော့မှပဲ ကျွန်မ နောက်တစ်ကြိမ် ပြန်လာရှာတော့မယ်။” ပြောပြီးသည့်နောက်တွင် နှစ်ဖက်စလုံးသည် အသီးသီး နှုတ်ဆက်ခါ လမ်းခွဲ သွားကြလေ၏။

ခဏအကြာတွင် လျို့ယန်နှင့် ကျန်းမိသားစုဝင်များသည် မြို့ပြင်ဘက်ရှိ ကျန်းမိသားစု၏ စံအိမ်နေရာဆီသို့ ပြန်လည်ရောက်ရှိ လာခဲ့လေသည်။ ထိုနေရာသို့ ရောက်လာပြီးသည့် နောက်တွင် အကုန်လုံးသည် လျို့ယန်အား လေးစားရသည့် ဧည့်သည် တစ်ဦးအဖြစ် ဆက်ဆံကာ အကောင်းဆုံးအခန်းကို ပေးထားလေသည်။

မကြာမီတွင် လျို့ယန်သည် သူမ တံခါးပိတ်ကျင့်စဉ် ဝင်ချင်သည်ဟု ပြောလျက် အကုန်လုံးအား ပြန်ခိုင်းလိုက်၏။ ထို့နောက် အခန်းတံခါးနှင့် ပြူတင်းပေါက် အားလုံးကို ပိတ်ခါ အခန်းပတ်လည်တွင် အကာအရံတစ်ခု ဖန်တီးလိုက်လေသည်။

ထိုသို့ လုပ်ပြီးသည့် နောက်တွင် လျို့ယန်သည် ပါးစပ်ကို ဟလျက် ဓာတ်လုံးတစ်လုံးကို ထွေးထုတ်လိုက်သည်။ ထို့နောက် ဓာတ်လုံးအား လက်ဖြင့်ကိုင်ရင်း စိုးရိမ်တကြီး အမူအရာဖြင့် စစ်ဆေး ကြည့်လိုက်လေသည်။ ဤဓာတ်လုံးသည် ကမ္ဘာငယ်လေးမှ လွဲ၍ အခြား မဟုတ်ပေ။

လျို့ယန်ကြောင့် ရန်ကိုင် အသိပြန်ဝင် လာပြီးသည့် နောက်တွင် ရန်ကိုင်သည် မဟာနတ်ဆိုး၏ လျို့ဝှက်ပညာ တစ်ခုကို အတင်းအကြပ် ထုတ်သုံးလိုက်လေသည်။ ထို့နောက် လျိုယန်နှင့် ဆက်သွယ်၍ တိုင်ပင်ပြီးနောက် ကမ္ဘာငယ်လေးထဲသို့ ဝင်ကာ သူမအား ကမ္ဘာငယ်လေးကို အခြားတစ်နေရာဆီသို့ သယ်သွား ခိုင်းလိုက်လေ၏။

All Chapters