← Chapters

အခန်း (၂၁၀၆-၂၁၁၀)

Vol. 85 Ch. 2106-2110

အခန်း (၂၁၀၆-၂၁၁၀)

Vol. 85 Ch. 2106-2110

အပိုင်း (၂၁၀၆)

လျို့ယန်အား ညွှန်ကြားစရာ ရှိသည်များကို ညွှန်ကြားပြီးသည့်‌ နောက်တွင် ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲ ဝင်ပုန်းနေ ခဲ့လေသည်။ လျို့ယန်မှာ မှော်ရတနာ စိတ်ဝိဉာဉ် ဖြစ်သည့်အတွက် နေရာပေါင်းစုံသို့ လျှောက်သွား၍ အဆင်မပြေ။

ထို့ကြောင့် ကျန်းမိသားစု၏ နေအိမ်ထဲတွင် ခေတ္တ နားနေရန် ပြောထားခဲ့ခြင်း ဖြစ်သည်။ ရန်ကိုင်၏ အခြေအနေမှာလည်း အလွန်ကိုမှ အန္တရာယ်များပေသည်။ အချိန်မရွေး စိတ်လွတ်သွားကာ နတ်ဆိုးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားနိုင်၏။

သူသာ ကမ္ဘာငယ်လေးထဲ ပုန်းမနေဘဲ အပြင်ဘက်တွင် နေ၍ သောင်းကျန်းနေဦးမည် ဆိုပါက ချန်ဝမ်ဟောင်နှင့် သူ့အပေါင်းအပါများသည် သူ့အား အချိန်မရွေး လိုက်မီလာကာ သတ်ပစ် နိုင်ပေသည်။

ထို့အပြင် လက်ရှိ ရန်ကိုင်သည် အလွန်ကိုမှ သွေးဆာနေ၏။ အခန့်မသင့်၍ သူသာ မေပယ်မြို့ထဲသို့ ရောက်သွားမည် ဆိုပါက မြို့ထဲတွင် ရှိနေသည့် သူအားလုံးကို သတ်ပစ်နိုင် ပေသည်။ ထို့ကြောင့်ပင်လျင် ကမ္ဘာငယ်လေးထဲတွင် ဝင်နေခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာငယ်လေးထဲတွင် ရှိနေသော ရန်ကိုင်၏ အသိစိတ်သည် အတော်လေးကိုမှ ခေါင်းရှုပ်နေ ခဲ့ရလေသည်။ ခုနှစ်ရောင်ခြယ် ဝိဉာဉ်ကြာပန်းမှ သူ့အသိစိတ်အား ကာကွယ်ပေးထားသည့် အတွက်ကြောင့်သာ မဟုတ်လျင် ရန်ကိုင်သည်လည်း စိတ်လွတ်ကာ နတ်ဆိုးတစ်ကောင် အဖြစ်သို့ ပြောင်းလဲ သွားလောက်ပေပြီ။

လက်ရှိအချိန်တွင် ခုနှစ်ရောင်ခြယ် ဝိဉာဉ်ကြာပန်းသည် ရှေးဟောင်း မဟာနတ်ဆိုး၏ နတ်ဆိုးစိတ်အာရုံအား အသည်းအသန် ပြန်လည်ခုခံ တိုက်ခိုက် နေခဲ့သည်။ နှစ်ဦးစလုံးမှာ လက်ရည်တူနေခဲ့ရာ ရန်ကိုင့်အနေဖြင့် ဤအခြေအနေအား ပြောင်းလဲပေးနိုင်မည့် မည်သည့် နည်းလမ်းကိုမျှ စဉ်းစားမရ ဖြစ်နေခဲ့သည်။

ပြဿနာသည် သူ့အသိစိတ် ပင်လယ်ထဲတွင်သာ ဖြစ်လျင် အဆင်ပြေသေး၏။ ကံမကောင်းစွာဖြင့် ရန်ကိုင်သည် အလွန်တရာကိုမှ များပြားသော နတ်ဆိုးချီများကို စုပ်ယူပစ်ခဲ့သည်။

မိုင်ပေါင်းသောင်းနှင့်ချီအတွင်း ရှိနေခဲ့သော နတ်ဆိုးချီများကိုသာမက နတ်ဆိုးများ၏ ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေသော နတ်ဆိုးချီများကိုပါ စုပ်ယူပစ်ခဲ့သည်။

ခုနှစ်ရောင်ခြယ် ဝိဉာဉ်ကြာပန်းသည် အလွန်ကိုမှ အစွမ်းထက်သော်ငြား ထိုအရာသည် သူ့ဝိဉာဉ်ကိုသာ ကူညီပေးနိုင်ပေသည်။ သူ့ခန္ဓာကိုယ်နှင့် ပက်သက်၍ ဘာဆိုဘာမှ လုပ်မပေးနိုင်ပေ။ ရန်ကိုင်သာ သူ့ခန္ဓာကိုယ် ပြဿနာကို မဖြေရှင်းနိုင်လျင် အနှေးနှင့် အမြန်ဆိုသလို နတ်ဆိုးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားရ ပေလိမ့်မည်။

ဖိနှိပ်ထားသည့် အော်ဟစ်သံများ ဝိုးတိုးဝါးတား အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။ ကမ္ဘာငယ်လေးသည် ရန်ကိုင်၏ စိတ်အခြေအနေ ကြောင့်လားမသိ ၎င်း၏ မိုးမြေစွမ်းအင်များမှာ ကသောင်းကနင်း ဖြစ်ကုန်လေသည်။

ဟွာချင်းစီသည် ဖြူဖပ်ဖြူလျော် မျက်နှာဖြင့် ရွှေရောင် ကျောက်တုံး ရုပ်သေးရုပ်၏ ခြေထောက်နောက်တွင် ပုန်းအောင်းရင်း အော်ဟစ်သံများ ထွက်ပေါ်နေသည့် အရပ်ဆီသို့ လှမ်းကြည့်နေခဲ့လေသည်။

ဟွာချင်းစီ ကိုယ်တိုင်သည် အားကောင်းလှသော တာအိုသခင် တတိယအဆင့် ကျင့်ကြံခြင်းအား ပိုင်ဆိုင်ထားသော်ငြား ရန်ကိုင့်ကြောင့် ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းများနှင့် အတွေ့တွင် ပယ်လယ် ထဲ အချိန်မရွေး နစ်မြုပ်သွားနိုင်သော လှေငယ်လေးတစ်စင်း ကဲ့သို့ ဖြစ်နေ‌လေသည်။

ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်မှာလည်း မျက်နှာမကောင်းလှ။ စိုးရိမ်မှုတို့သည် သူ့မျက်လုံးထဲ အထင်းသား။ သို့တွင် သူ၌ ရန်ကိုင့်အခြေအနေအား ဖြေရှင်းပေးနိုင်သည့် မည်သည့်နည်းလမ်းမျှ ရှိမနေခဲ့ပေ။

တဖြည်းဖြည်းနှင့် အော်ဟစ်သံတို့မှာ ကျယ်လောင်သည်ထက် ကျယ်လောင်လာခဲ့သည်။ ရန်ကိုင်သည် နတ်ဆိုးအသိစိတ်အား မထိန်းချုပ်နိုင်တော့သည့် အလား ကမ္ဘာငယ်လေးထဲရှိ သူမြင်သမျှ အရာအားလုံးကို လိုက်လံ ဖျက်ဆီးပစ်နေတော့သည်။

မြေပြင်များ အက်ကွဲကုန်ပြီး တောင်များ တစ်တောင်ပြီးတစ်တောင် ပြိုကျကုန်လေသည်။ ကျောက်စ ကျောက်နတို့သည်လည်း နေရာအနှံ့ လွင့်စင်ကုန်လေ၏။

တစ်ခုသော အချိန်သို့ အရောက်တွင် ရပ်မစဲအောင် ထွက်ပေါ်နေသော အော်ဟစ်သံတို့မှာ ရုတ်ချည်း ရပ်တန့်သွားခဲ့ပြီး ကမ္ဘာငယ်လေးသည်လည်း တစ်ဖန် ပြန်လည်တိတ်ဆိတ် သွားခဲ့၏။

ဟွာချင်းစီသည် ထိုအခါမှသာ လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။ “အဲ့မှာ ဘာတွေ ဖြစ်နေတာလဲ”

ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်သည် မျက်လုံးမှေးစင်းလျက် လေသံ အက်အက်ဖြင့် ပြောလိုက်လေ၏။

“ကြည့်ရတာ သူအသိပြန်ဝင်လာတာနဲ့ တူတယ်။”

“ကျွန်မ အခု သူ့ကို သွားရှာပြီး အပြင်ကို ပြန်ထုတ်ပေးဖို့ ပြောရင် အခြေအနေ ဘယ်လိုရှိလောက်မလဲ။” ဟွာချင်းစီသည် ကမ္ဘာငယ်လေးထဲ ကြောက်ကြောက်လန့်လန့်ဖြင့် ဆက်မနေချင်တော့သည့် အတွက် ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်အား မေးကြည့်လိုက်လေသည်။

“သွားစမ်းကြည့်လေ” ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်သည် ဟွာချင်းစီအား တစ်ချက်သာ ကြည့်လိုက်ပြီး ရန်ကိုင်ရှိနေသည့် ဘက်သို့ ပြန်လှည့်ကြည့်ရင်း ပြောလိုက်လေ၏။ ခဏအကြာတွင် သူ့မျက်လုံးများ တောက်ပလာပြီး ပြောလိုက်လေသည်။ “ဟုတ်သားပဲ။ အဲ့ဒါ အသုံးဝင်လောက်တယ်”

“ဘယ်ဟာလဲ။” ဟွာချင်းစီက အံ့အားသင့်တကြီး မေးလိုက်သည်။ ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်က ဘာမှ ပြန်မပြောသဖြင့် ဟွာချင်းစီသည် စိတ်ညစ်ညစ်ဖြင့်သာ နှုတ်ခမ်းဆူ လိုက်လေသည်။

အခြားတစ်ဖက်တွင် ရန်ကိုင်သည် သူ့အသိစိတ် ပင်လယ်ထဲရှိ စွမ်းအားကို ဆွဲယူလျက် သူ့ကိုယ်ထဲရှိ နတ်ဆိုးချီအား ခဏတာမျှ ဖိနှိပ်ထားပြီးသည့် နောက်တွင် ဆေးဥယျာဉ်ရှိရာ ဘက်သို့ ပြေးထွက်သွားလေသည်။

အသိပြန်ဝင်လာသည့် အချိန်အတွင်း ပြဿနာ အရင်းအမြစ်ကို ရန်ကိုင် နားလည်သွား ခဲ့လေသည်။ အဓိက ပြဿနာမှာ သူ့ကိုယ်ထဲတွင် ရှိနေသော အလွန်တရာကိုမှ များပြားလွန်းလှသည့် နတ်ဆိုးချီပင် ဖြစ်လေသည်။

သူသာ ထိုနတ်ဆိုးချီ ပြဿနာကို မဖြေရှင်းနိုင်ပါက အနှေး နှင့် အမြန်ဆိုသလို နတ်ဆိုးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားရ ပေလိမ့်မည်။ ထိုစဉ် အတောအတွင်း ဆေးဥယျာဉ်ထဲတွင် သူစိုက်ပျိုးထားခဲ့သော အင်မော်တယ်သစ်ပင်အား ရုတ်တရက် ပြန်အမှတ်ရ လိုက်လေသည်။

အင်မော်တယ်သစ်ပင်သည် ဤလောကကြီး ကဲ့သို့ပင် မပျက်မစီးဘဲ ထာဝရ တည်ရှိနေသည့် သစ်ပင်တစ်ပင် ဖြစ်သည်။ ထိုသစ်ပင်သည် ရှေးခေတ်အချိန်များတည်းက ယခုအချိန်အထိ တည်ရှိနေခြင်း ဖြစ်ပေသည်။

သူသာ အင်မော်တယ်သစ်ပင်နှင့် ပေါင်းစပ်နိုင်မည့် နည်းလမ်းတစ်ခုကို ရှာတွေ့နိုင်မည်ဆိုပါက ဒဏ္ဍာရီလာ မသေမျိုး ခန္ဓာကိုယ်ကို ရရှိမည် ဖြစ်ကာ သူ့ကိုယ်ထဲရှိ နတ်ဆိုးချီများကိုလည်း ရှင်းထုတ် ပစ်နိုင်ပေလိမ့်မည်။

ရန်ကိုင်သည် ကမ္ဘာငယ်လေးအား သန့်စင်ထားပြီး ဖြစ်သည့်အတွက်ကြောင့် ကမ္ဘာငယ်လေးအား သူ့အတွေး တစ်ချက်ဖြင့် ထိန်းချုပ် နိုင်ပေသည်။ အတွေးတစ်ချက်နှင့် ရန်ကိုင်သည် ဆေးဥယျာဉ်ရှေ့သို့ ရောက်လာပြီးနောက် အင်မော်တယ်သစ်ပင်ရှေ့တွင် တင်ပလ္လင်ခွေ ထိုင်ချလိုက်သည်။

ထို့နောက် ကျင့်စဉ်ကို လှည့်ပတ်၍ အင်မော်တယ်သစ်ပင်၏ စွမ်းအားကို စုပ်ယူရန် ကြိုးစားတော့သည်။ အင်မော်တယ်သစ်ပင်အား စရခဲ့စဉ်က သန့်စင်ကြည့်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

သို့သော်ငြား ထိုစဉ်အချိန်က သူ့ကျင့်ကြံခြင်းမှာ တန်ခိုးရှင်ဘုရင် ပထမအဆင့်သာ ရှိသေးသည့်အတွက် မအောင်မြင်ရသည့် အကြောင်းအရင်းမှာ နိမ့်ကျသည့် သူ့ကျင့်ကြံခြင်းကြောင့် ဖြစ်လောက်ပေသည်။

လက်ရှိတွင် ရန်ကိုင်သည် တာအိုသခင် ပထမအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်နေခဲ့လေပြီ။ ယခင်ထက် အဆင့်ကြီးတစ်ဆင့် ပိုမြင့်နေပြီ ဖြစ်သဖြင့် ကြိုးစားကြည့်သည်မှာ အရှုူံးမရှိပေ။ သို့သော်ငြား တာအိုသခင် ပထမအဆင့် ကျင့်ကြံခြင်းအား ပိုင်ဆိုင်ထားသည့်တိုင် အင်မော်တယ်သစ်ပင်၏ စွမ်းအားကို မည်သို့မှ စုပ်ယူ၍ မရကြောင်း တွေ့ရှိလိုက်ရလေသည်။

အင်မော်တယ်သစ်ပင်သည် ဆေးဥယျာဉ်ထဲတွင် အမြစ်တွယ်နေသည်။ ၎င်း၏ အံ့အားသင့်ဖွယ် အသက်စွမ်းအင်မှာ ကမ္ဘာငယ်လေး တစ်ခုလုံးအား ပြန့်နှံ့နေသည့်တိုင် ရန်ကိုင်မှာမူ ထိုအသက်စွမ်းအင် အနည်းငယ်လေးကိုပင် မစုပ်ယူနိုင်ပေ။

ရန်ကိုင့်မျက်နှာ မှုန်ကုပ်သွားခဲ့ပြီး သူ့မျက်လုံးထဲ ခြောက်ခြားတုန်လှုပ်ရိပ်တို့ ပြည့်နှက်လာခဲ့သည်။ ပုံမှန်အားဖြင့် ရန်ကိုင် စိတ်ဓာတ်ကျလျင် ကမ္ဘာငယ်လေးအပေါ် ထူးထူးခြားခြား သက်ရောက်မှု မရှိသော်ငြား လက်ရှိ သူ့ခန္ဓာကိုယ်ထဲတွင် နတ်ဆိုးချီများပါ ရှိနေလေသည်။

သူ၏ စိတ်ဓာတ်ကျမှုအား နတ်ဆိုးချီမှ ထပ်ပေါင်း အားဖြည့်ပေးလိုက်သော် ကမ္ဘာငယ်လေး၏ အခြေအနေသည်လည်း ထူးထူးခြားခြားကို ပြောင်းလဲသွားပုံ ရလေ၏။ ကမ္ဘာကြီးတစ်ခုလုံး စိတ်ပျက်အားလျော့ လာသည့်အလား။

ထိုကမ္ဘာငယ်လေးထဲတွင် ရှိနေသော ဟွာချင်းစီပင်လျင် ဘာကြောင့်မှန်းမသိ အလိုလို စိတ်ဓာတ်ကျ ဝမ်းနည်းလာလေသည်။ ရန်ကိုင်မှ စိတ်ဓာတ်ကျနေသည့် အတွက်ကြောင့် ကမ္ဘာငယ်လေးထဲတွင် နေ နေကြသည့် သက်ရှိများဖြစ်သည့် ဟွာချင်းစီပါ အလိုလို လိုက်၍ ဝမ်းနည်းစိတ်ဓာတ်ကျ လာခြင်းဖြစ်သည်။

“ဟူးးး……..” ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်သည် ရုတ်တရက် သက်ပြင်း အရှည်ကြီး ချလိုက်လေသည်။

“ကျွန်မ ဘာလို့ ရုတ်တရက်ကြီး ဝမ်းနည်း စိတ်ဓာတ်ကျ နေရတာလဲဟင်” ဟွာချင်းစီသည် မျက်ရည်စများကို သုတ်ရင်း ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်ဘက်သို့ လှည့်၍ မေးလိုက်လေသည်။ မျက်ရည်များမှာ ရေတံခွန်အလား အဆက်မပြတ် စီးကျနေသဖြင့် တောက်လျှောက် ထိုင်သုတ်နေရလေ၏။

ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်သည် တံခါးကြီး တစ်ချပ်ထက်ပင် ကြီးမားလှသော သူ့လက်ဖြင့် ဟွာချင်းစီ၏ ခေါင်းကို အသာအယာ ပုတ်ပေးလိုက်လေသည်။ ဟွာချင်းစီကမူ ချစ်စဖွယ်ကောင်းသည့် လေသံဖြင့် ပြန်၍ ပြောလိုက်လေသည်။ “ကျွန်မ အရမ်း ဝမ်းနည်းတာပဲ။ ဘာလို့အခု ဒီလောက်တောင် ငိုနေမှန်း မသိဘူး ဟင့်.. ဟင့်.. ဟင့်.. တကယ်ကို ဝမ်းနည်းဖို့ ကောင်းတယ်။ ဘာလို့မှန်းမသိဘူး မျက်ရည်တွေကလည်း တောက်လျှောက်ကို ကျနေတယ်။ ”

ပြောနေရင်း သူမ၏ မျက်လုံးများမှာ နီရဲလာပြီး တောက်လျောက် ငိုကြွေးနေမှုကြောင့် မို့အစ်လာခဲ့လေသည်။

“ ဟမ်…” ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်သည် ရုတ်တရက် အာမေဋိတ်သံပြု၍ ထရပ်လာ၏။ ထို့နောက်တွင် အလွန်ကိုမှ မယုံကြည်နိုင်စရာ ဖြစ်ရပ်တစ်ခုကို မြင်လိုက်ရသည့်အလား သူ့မျက်လုံးများမှာ တစ်ဆတ်ဆတ် တုန်ရီလာလေသည်။

ထို့နောက် အလန့်တကြားလေသံဖြင့် ထအော်လိုက်လေ၏။ “ဒါက…”

ဆေးဥယျာဉ်ထဲတွင် ရှိနေသော ရန်ကိုင်သည် အင်မော်တယ်သစ်ပင်၏ စွမ်းအားကို စုပ်ယူနိုင်ရန် ကြိုးစားသော်ငြား မစုပ်ယူနိုင်ပဲ အခြားသော စွမ်းအင်တစ်ခုကိုသာ စုပ်ယူမိလိုက်လေသည်။

အင်မော်တယ်သစ်ပင်၏ ဘေးနားတွင် ရှိနေသော ရွှေရောင်နှင့် ငွေရောင် ရောစပ်နေသည့် အပင်သည် ရုတ်တရက် လှုပ်ခါလာပြီး ၎င်းဆီမှ ရွှေရောင်နှင့် ငွေရောင်တို့ တလက်လက် တောက်ပလာခဲ့လေ၏။

ထိုသစ်ပင်ဆီမှ ထွက်ပေါ်လာသည့် ရွှေရောင်နှင့် ငွေရောင်စဉ်တို့သည် အလင်းစက်လေးများ အသွင်သို့ ပြောင်းလျက် ရန်ကိုင့် ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်ပတ် နေကြလေသည်။ ရန်ကိုင်လည်း ထိုအဖြစ်အပျက်ကြောင့် အံ့အားသင့်သွားခဲ့၏။

သစ်သားဝိဉာဉ်အား သတ်ပြီးနောက် ရလာသည့် အစေ့ကို ယူ၍ ဤဆေးဥယျာဉ်ထဲတွင် လာစိုက်ပျိုး ထားခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ထိုအစေ့မှာ ၎င်း၏ မူလအစေ့နှင့် မတူညီစွာပင် ရွှေရောင်နှင့် ငွေရောင် တောက်နေခဲ့လေသည်။ မျက်နှာပြင်တစ်ဖက်သည် ရွှေရောင်ဖြစ်လျင် အခြားမျက်နှာပြင်တစ်ဖက်သည် ငွေရောင်ဖြစ်နေ၏။

ထိုအစေ့၏ ဇစ်မြစ်နှင့် ပတ်သက်၍ ရန်ကိုင်လည်း မည်သို့မှ စဉ်းစား၍ မရခဲ့ပေ။ သို့သော်ငြား သစ်သားဝိဉာဉ်သည် နှစ်ပေါင်းများစွာ ကြာအောင် အသက်ရှင်လာသည့် အပင်တစ်ပင် ဖြစ်သည်။

ထိုအပင်မှာ အသိစိတ်ရလာ ပြီးသည့်နောက်မှသာ သစ်သားဝိဉာဉ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ တစ်နည်းဆိုရသော် ဤအစေ့သည် ရှေးဟောင်းသစ်ပင်တစ်ပင်၏ အစေ့ပင်ဖြစ်လေသည်။

မူလက ထိုအပင်အား နောက်မှ ဖြည်းဖြည်းချင်း လေ့လာရန် စီစဉ်ထားခဲ့သော်ငြား လက်ရှိအချိန်တွင် ရွှေရောင်နှင့် ငွေရောင်အပင်မှ ထုတ်လွှတ်သော ဆန်းကြယ်သည့် စွမ်းအားတစ်ရပ်ကို သူ့ခန္ဓာကိုယ်မှ အလိုလို စုပ်ယူ မိသွားခဲ့လေသည်။

ရန်ကိုင် မင်သက် နေစဉ်တွင် ရွှေရောင်နှင့် ငွေရောင် အလင်းစက်တို့မှာ သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင် ပျောက်ကွယ် သွားခဲ့လေ၏။ ထို အဖြစ်အပျက်ကြောင့် ရန်ကိုင် အံ့အားသင့် သွားခဲ့ပြီး ခါးသက်စွာသာ ပြုံးမိလိုက်လေသည်။

ရွှေရောင်နှင့် ငွေရောင် အလင်းစက်များသည် သူ့ခန္ဓာကိုယ်အပေါ် မည်ကဲ့သို့ သော အကျိုးသက်ရောက်မှု ရှိသလဲ ဆိုသည်ကို သူမသိပေ။

သို့သော်ငြား လက်ရှိအချိန်တွင် သူ့ခန္ဓာကိုယ်မှာ နတ်ဆိုးချီများ ကူးစက်ခြင်း ခံထားရပြီး ဖြစ်သည့်အတွက်ကြောင့် အခြားသော စွမ်းအင်တစ်မျိုး သူ့ခန္ဓာကိုယ်ထဲသို့ ထပ်ရောက်လာသည်ကို စိုးရိမ်စိတ် ဖြစ်မိမနေတော့ပေ။

မည်သို့ပင် ဖြစ်စေကာမူ သူသည် အစောကတည်းက ဒုက္ခရောက်နေပြီး ဖြစ်သည်ကိုး။ ထိုကြောင့် ရန်ကိုင်လည်း ဘာကိုမှ သတိချပ်မနေတော့ဘဲ အလင်းစက်ကလေးများအား သူ့ခန္ဓာကိုယ်ထဲသို့သာ ဝင်ခွင့်ပေးလိုက်လေသည်။

ခဏအကြာတွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါလာပြီး ရန်ကိုင်လည်း မျက်လုံး ပြူးသွားခဲ့လေ၏။ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော နတ်ဆိုးချီများမှာ တစ်စုံတစ်ခု၏ ချုပ်နှောင်ခြင်း ခံလိုက်ရသည့်အလား အဆက်မပြတ် အော်မြည်ရင်း သူ့ကိုယ်ပေါ်ရှိ ချွေးညင်းပေါက်များမှ တစ်ဆင့် ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားခဲ့လေသည်။

သူ့ခန္ဓာကိုယ်အား လွှမ်းခြုံထားသည့် နတ်ဆိုးချီများ ပျောက်ကွယ်သွားသည့် အတွက်ကြောင့် ရန်ကိုင်၏ ခန္ဓာကိုယ်ကို ပြန်လည် မြင်တွေ့လာခဲ့ရလေသည်။ ထိုအချိန် အတောအတွင်း သူ့ကိုယ်ထဲရှိ နတ်ဆိုးချီများမှာမူ ဘာမှန်းမသိရသော စွမ်းအားတစ်မျိုး၏ ဖိနှိပ်ခြင်း ခံရပြီး ဝမ်းဗိုက်တစ်နေရာတွင် သွားရောက်စုဝေး နေခဲ့လေသည်။

နတ်ဆိုးချီမှာ အလွန်တရာကိုမှ ကြောက်မက်ဖွယ် ကောင်းသော်ငြား ထိုနက်နဲဆန်းကြယ်သော စွမ်းအားသည်လည်း ပေါ့သေးသေး မဟုတ်ကာ အလွန်တရာကိုမှ အားကောင်းလွန်းလှ၏။ ထိုစွမ်းအားသည် နတ်ဆိုးချီကိုပင် အလွယ်တကူ ဖိနှိပ်ပစ်လိုက် နိုင်လေသည်။

ခဏအကြာတွင် သူ့ဝမ်းဗိုက်နေရာမှ အလွန်ကိုမှ နာကျင် ပူလောင် လာသဖြင့် ရန်ကိုင်လည်း အလန့်တကြား ထအော်မိလေ၏။ သို့သော် ထိုနာကျင်ပူလောင်သည့် ခံစားချက်သည် တခဏအတွင်း အရိုးခိုက်မတတ် အေးစက်မှုအဖြစ်သို့ ပြန်လည် ပြောင်းလဲ သွားခဲ့လေသည်။

အလွန်တရာကိုမှ အေးစက်လွန်းလှသည့် အတွက်ကြောင့် ရန်ကိုင့် တစ်ကိုယ်လုံး ခိုက်ခိုက်တုန်သွားခဲ့ကာ သူ့တစ်ကိုယ်လုံး အေးခဲ့တော့မလို ခံစားလိုက်ရသည်။

ထို့နောက်တွင် အအေးဓာတ်မှာ ပြန်လည်ပျောက်ကွယ် သွားပြီး အစောပိုင်းက ပူလောင်သည့် ခံစားချက်မှာ တစ်ဖန် ပြန်လည် ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် အပူဓာတ် ပျောက်ကွယ်သွားပြီး အအေးဓာတ် ထွက်ပေါ်လာပြန်၏။

ဤသို့ဖြင့် သံသရာလည်နေလေရာ အချိန်မည်မျှ ကြာလို့ကြာသွားမှန်းပင် ရန်ကိုင် မသိတော့ချေ။ အချိန်အတိုင်းအတာ တစ်ခုအထိ ကြာပြီးသည့်နောက်တွင် ရွှေရောင်နှင့် ငွေရောင်အလင်းစက်တို့ ရန်ကိုင်၏ ဝမ်းဗိုက်နေရာ ဆီမှ ထွက်ပေါ်လာခဲ့လေ၏။

ရန်ကိုင်၏ ခန္ဓာကိုယ် တုန်တက်သွားပြီး ချက်ချင်း မျက်လုံး ပွင့်လာခဲ့လေသည်။ ထို့နောက် သူ့အင်္ကျီကြယ်သီးကို ဖြုတ်၍ ငုံ့ကြည့်လိုက်ရာ သူ့ဝမ်းဗိုက်နေရာတွင် ရွှေရောင်နှင့် ငွေရောင် အလင်းစက်တို့သည် ငါးနှစ်ကောင်နှယ် ကူးခတ်သွားလာနေကြောင်း တွေ့ရှိလိုက်ရသည်။

ထိုအလင်းစက်များ ရွေ့လျားနေသည့် အလျောက် နက်နဲဆန်းကြယ်သည့် အစီအရင်ကွက် တစ်ခုဟာလည်း သူ့ဝမ်းဗိုက်နေရာ၌ ဖြစ်တည်လာခဲ့လေသည်။

ခဏမျှ လည်ပတ်နေပြီးသည့်နောက်တွင် ထိုရွှေရောင်နှင့် ငွေရောင်အလင်းစက်တို့မှာ တလက်လက် တောက်ပလာပြီးနောက် ရုတ်ချည်း ပျောက်ကွယ် သွားခဲ့လေ၏။

ရန်ကိုင်မှာမူ နာကျင်စွာ ထအော်ပြီးနောက် သတိလစ်သွားခဲ့လေသည်။ ဤသို့ဖြင့် ကမ္ဘာငယ်လေးမှာ တစ်ဖန်ပြန်လည် ငြိမ်သက် သွားတော့သည်။

ခပ်ဝေးဝေး တစ်နေရာ၌ စောင့်ကြည့်နေသော ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်က ရေရွတ်လိုက်၏။ “ဘာကြီးလဲ?”

“ဘာ ဘာကြီးလဲ” အလွန်တရာကိုမှ ဝမ်းနည်း ကြေကွဲ စိတ်ဓာတ်ကျနေသော ဟွာချင်းစီက သူမ၏ မျက်လုံးများကို ပွတ်သပ်ရင်း မေးလိုက်လေသည်။ “အဲ့ကောင် သေသွားတာလား”

ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်က ဟွာချင်းစီအား ကြည့်လျက် ပြုံးကာ ပြန်ပြောလိုက်လေ၏။ “နင်ထင်နေသလို သူ မသေသွားဘူး။ အခုထိ အသက်ရှင်နေသေးတုန်းပဲ။”

“ဆိုးလိုက်တာ” ဟွာချင်းစီက အံကြိတ်၍ “ကျွန်မကို အခုလို ကလေးငယ်လေး တစ်ယောက်လို ငိုအောင် လုပ်တဲ့အတွက် သူ့ကို ကျိန်းသေ ပြန်ပေးဆပ်ခိုင်းရမယ်”

ထိုသို့ ပြောပြီးသည့်နောက်တွင် ဟွာချင်းစီသည် ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်ဘက်သို့ လှည့်၍ မေးလိုက်လေသည်။ “ကျောက်တုံးကြီး ရှင် ကျွန်မကို ကူညီမယ်။ ဟုတ်တယ်မလား။”

“ဟမ်…. နင်က ဘယ်လို လက်စားပြန်ချေဖို့ လုပ်ထားလို့လဲ။” ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်သည် ဟွာချင်းစီအား စိုက်ဝင်တစား စိုက်ကြည့်ရင်း မေးလိုက်လေသည်။

ဟွာချင်းစီသည် ပျက်ရယ်လေး ပြုံးလျက် သူမ၏ ဆံပင်အား နားသယ်နောက်သို့ သပ်တင်ကာ စတိုင်ကျကျဖြင့် ပြောလိုက်လေ၏။ “သူရဲကောင်းတွေ ဘယ်လောက်တော်တော် မိန်းမချောတစ်ယောက်ရဲ့ ညှို့ကွင်းကနေ ဘယ်လိုများ လွတ်နိုင်ခဲ့ဖူးလို့လဲ”

သူမစကားကို ကြားသည့်အခါ ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်က ခေါင်းငြိမ့် ပြလိုက်လေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၀၇)

ကမ္ဘာငယ်လေးထဲတွင် အချိန်အတိုင်းအတာ တစ်ခု ကြာပြီးသည့်နောက် ရန်ကိုင် ဖြည်းဖြည်းချင်း နိုးလာခဲ့သည်။ မျက်လုံးများ ဆတ်ခနဲ ပွင့်လာပြီးသည့် နောက်တွင် အစောပိုင်းက ဖြစ်ပျက်သွားခဲ့သော အကြောင်းအရာများ သူ့စိတ်ထဲ အကုန် ပြန်ပေါ် လာခဲ့လေသည်။

ချက်ချင်းပဲ ထထိုင်၍ မျက်မှောင်ကြုံ့ကာ သူ့ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးကြည့်လေ၏။ သူ့အား တောက်လျှောက် ပြဿနာ ပေးနေသော နတ်ဆိုးချီသည် အံ့အားသင့်ဖွယ် ကောင်းစွာပင် သဲလွန်စမကျန် ပျောက်ကွယ် သွားကြောင်း တွေ့ရှိ လိုက်ရပေသည်။

သို့သော်ငြား သူ့ဝမ်းဗိုက် နေရာမှာမူ အလွန်ကိုမှ နာကျင်နေလေသည်။ ထူးထူးဆန်းဆန်းကိုပင် သူ့ဝမ်းဗိုက်နေရာသည် ပူတစ်လှည့်၊ အေးတစ်လှည့် ဖြစ်နေ၏။

ရန်ကိုင်လည်း အလျင်အမြန် ကောက်စစ်ဆေးကြည့်လိုက်ရာ သူ့ဝမ်းဗိုက်ပေါ်တွင် ရွှေရောင်နှင့် ငွေရောင် ရောစပ်နေသော ထူးဆန်းသည့် အင်းကွက်တစ်ခု ရှိနေကြောင်း တွေ့ရှိလိုက်ရလေသည်။

“ဘာကြီးလဲ” ရန်ကိုင်သည် ထိုအင်းကွက်အား အံ့ဩတကြီး လေ့လာကြည့်လိုက်လေ၏။ သူ့အသိစိတ် အင်းကွက်ပေါ်သို့ ကျရောက်သွားသည့် အချိန်တွင် ကမ္ဘာလောကကြီး တစ်ခုလုံး အမှောင်အတိ ကျသွားသည့်အလား သူ့အမြင်အာရုံ အားလုံး မှောင်မိုက် သွားခဲ့လေသည်။

ချိတ်ပိတ်ထားခံရသည့် တစ်စုံတစ်ခုသည် အသည်းအသန် ရုန်းထွက်ရန် ကြိုးစားနေသည့်အလား အဆုံးမဲ့ အမှောင်ထုထဲ သွေးရူးသွေးတန်း အော်ဟစ်သံများ ညံမဆဲအောင် ထွက်ပေါ်နေခဲ့သည်။

ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး သူ့လျှာ သူပြန်ကိုက်ကာ နာကျင်အောင်လုပ်ရင်း ထိုအမှောင်ကမ္ဘာကြီးထဲမှ ပြန်ရုန်းထွက်လိုက်၏။ နောက်တစ်ဖန် ပြန်လှည့်ပတ် ကြည့်လိုက်သည့် နောက်တွင် သူ့ဘေးပတ်လည်၌ မည်သည့် အမှောင်ထုမျှ ရှိမနေခဲ့။

အစောပိုင်းက သူမြင်ခဲ့လိုက်သည့် အရာအားလုံးမှာ ပုံရိပ်ယောင် သက်သက်တစ်ခုသာ ဖြစ်နေခဲ့လေသည်။

“ချိတ်စည်း တစ်ခုလား” ရန်ကိုင် အံ့အားသင့်သွားခဲ့လေ၏။ ယခုမှပဲ ဘာတွေ ဖြစ်ပျက်သွားသလဲ ဆိုသည်ကို နားလည်သွားတော့သည်။

သူ့ဝမ်းဗိုက်ပေါ်တွင် ရှိနေသည့် ရွှေရောင်နှင့် ငွေရောင် ရောယှက်နေသော အင်းကွက်သည် သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးချီနှင့် သူ့အသိစိတ်ပင်လယ်ထဲရှိ နတ်ဆိုးစိတ်အာရုံကို ချိတ်ပိတ်ထားသည့် ချိတ်စည်းတစ်ခုသာ ဖြစ်လေသည်။

“ဒီလိုဟာမျိုး ဒီလောကကြီးမှာ ရှိလို့လား” ထိုကဲ့သို့ ရေရွတ်လိုက်ပြီးသည့် နောက်တွင် ရန်ကိုင့်အမူအရာ ပြောင်းလဲ သွားခဲ့လေသည်။

နတ်ဆိုးချီ မည်မျှ သိပ်သည်းကြောင်း နတ်ဆိုးချီ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို သူကိုယ်တိုင် ခံစားသိပြီးခဲ့လေပြီ။ သူ့လက်ရှိ ခွန်အားဖြင့်ပင်လျှင် နတ်ဆိုးချီ၏ လွှမ်းခြုံခြင်း ခံရကာ နတ်ဆိုးစိတ်အာရုံ၏ ထိန်းချုပ်ခြင်း ခံလိုက်ရပြီးသည့်နောက် ဧကရာဇ် ပထမအဆင့် ပညာရှင်များဖြင့် ယှဉ်ပြိုင် တိုက်ခိုက် လာနိုင်ခဲ့လေသည်။

ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် နတ်ဆိုးချီနှင့် နတ်ဆိုးစိတ်အာရုံ မည်မျှ အားကောင်းကြောင်းကို မြင်တွေ့နိုင်၏။ သို့သော်ငြား လက်ရှိအချိန်တွင် သဘာဝအတိုင်း ဖြစ်ပေါ်နေသော ချိတ်စည်းတစ်ခုသည် ထိုအရာနှစ်ခုကို ချိတ်ပိတ် ထားခဲ့လေသည်။

သူ့ဝမ်းဗိုက်ကိုသာ သေချာ အနီးကပ် မစစ်ဆေးကြည့်လျှင် နတ်ဆိုးချီနှင့် နတ်ဆိုးစိတ်အာရုံ သူ့ကိုယ်ထဲတွင် ရှိနေသေးသည်ကို သတိပြုမိလိမ့်မည် မဟုတ်ပေ။

“ဒီချိတ်စည်း ဘယ်လောက်တောင် အားကောင်းနေတာလဲ” ထိုကဲ့သို့ စဉ်းစားမိလိုက်သည့် နောက်တွင် ရန်ကိုင်သည် ရွှေရောင်နှင့် ငွေရောင် ရောယှက်နေသော သစ်ပင်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။ ထို့နောက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မှင်သက် သွားခဲ့လေ၏။

ယခင်က ကောင်းမွန်စွာ ရှင်သန် ပေါက်ရောက်နေသော ရွှေရောင်နှင့် ငွေရောင်သစ်ပင်သည် လက်ရှိအချိန်တွင် အာဟာရ လုံလောက်စွာ မရရှိသည့်အလား အရွက်များမှာ ဝါကြင့်ကြင့် ဖြစ်နေကာ အောက်သို့ စိုက်ကျနေ၏။

ယခင်က စဉ်ဆက်မပြတ် ထွက်ပေါ်နေလေ့ရှိသော ရွှေရောင်နှင့် ငွေရောင် အရောင်အဝါတို့မှာလည်း လုံးဝ ပျောက်ကွယ်နေခဲ့လေပြီ။ လက်ရှိ ရွှေရောင်နှင့် ငွေရောင် ရောယှက်နေသော သစ်ပင်၏ ပုံစံမှာ အာဟာရ လုံလောက်စွာ မရရှိသဖြင့် အသက်စွမ်းအင် ခန်းခြောက်လုမတတ် ဖြစ်နေသော သစ်ပင်တစ်ပင်နှင့်ပင် တူသေး၏။

ရန်ကိုင့်ဝမ်းဗိုက်ပေါ်တွင် ရှိနေသည့် အင်းကွက်မှာ ရွှေရောင်နှင့် ငွေရောင်သစ်ပင်၏ စွမ်းအင်မှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ၎င်း၏ စွမ်းအားများစွာ ထုတ်ယူ ခံလိုက်ရသည့်အတွက် ယခုကဲ့သို့ အခြေအနေ ရောက်သွားခဲ့ရခြင်း ဖြစ်ပေသည်။

ရွှေရောင်နှင့် ငွေရောင်သစ်ပင်သည် ဆေးဥယျာဉ်ထဲတွင် ရှိနေသည်မှာ တစ်နှစ်သာ ကြာသေးသော်ငြား ကမ္ဘာငယ်လေးထဲရှိ ဆေးဥယျာဉ်ထဲတွင် မြောက်မြားလှစွာသော မြေလေးများနှင့် မြေကမ္ဘာချီကြောမကြီး သလင်းကျောက် ငါးခုပင် ရှိနေခဲ့လေ၏။

ထို့ကြောင့် ဤဆေးဥယျာဉ်လေးထဲတွင် တစ်နှစ်သာ ရှိနေသေးသော်ငြား အပြင်လောကကြီးသက်တမ်းနှင့် ရေတွက်ကြည့်မည်ဆိုပါက နှစ်တစ်ရာမျှ ရှိနေပြီဟု ပြော၍ရပေသည်။ တစ်နည်းဆိုရသော် ရွှေရောင်နှင့် ငွေရောင် ရောယှက်နေသည့် သစ်ပင်၏ နှစ်တစ်ရာ အဆီအနှစ်ကို ရန်ကိုင်မှ ထုတ်ယူ သွားခဲ့ခြင်း ဖြစ်သည်။

ထိုနှစ်တစ်ရာ စွမ်းအင် အဆီအနှစ်ဖြင့် နတ်ဆိုးချီအား ဖိနှိပ်နိုင်သည်မှာ အထူးအဆန်းတော့ မဟုတ်ပေ။ ထိုအချက်ကို စဉ်းစားမိလိုက်သော် ရန်ကိုင် အလွန်ကိုမှ ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။

သူအထင်သာ မမှားလျှင် သူ့အနေဖြင့် နတ်ဆိုးစိတ်အာရုံ တစ်ဖန်ပြန်လည် ရုန်းကြွ လာမည်ကို စိတ်ပူစရာ မလိုတော့ပေ။ သူ့ဝမ်းဗိုက်ပေါ်ရှိ ချိတ်စည်း မည်မျှ ကြာအောင် တောင့်ခံထားနိုင်မည်လဲ ဆိုသည်ကို ရန်ကိုင် မသိသော်ငြား ရွှေရောင်နှင့် ငွေရောင် ရောယှက်နေသည့် သစ်ပင်သာ ဤနေရာတွင် နောက်တစ်နှစ်ခ

ချိတ်စည်း၏ စွမ်းအားမှာ အားနည်းသွားမည် ဆိုလျင်ပင် ရွှေရောင်နှင့် ငွေရောင် ရောယှက်နေသော သစ်ပင်ဆီမှ စွမ်းအား အသစ်များကို ထပ်မံ ထုတ်ယူနိုင်သေး၏။

ဤအဖြစ်အပျက်နှင့် ကြုံတွေ့ရပြီးသည့် နောက်တွင် ရန်ကိုင်သည် သူ့ရှေ့တွင် ရှိနေသော သစ်ပင်၏ ဇစ်မြစ်ကို စိတ်ဝင်စားလာခဲ့လေသည်။

ထိုကဲ့သို့ စဉ်းစားမိသွားသည့် နောက်တွင် ရန်ကိုင်သည် သူ့လက်ကို ဆန့်ထုတ်၍ ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်နှင့် ဟွာချင်းစီအား သူရှိနေသည့် နေရာဆီသို့ ဆွဲခေါ် လိုက်လေသည်။

“မင်းအခြေအနေ ကောင်းသွားပြီလား” ရန်ကိုင့်အား စစ်ဆေးကြည့်သော်ငြား သူ့ခန္ဓာကိုယ်ပေါ်၌ မည်သည့် နတ်ဆိုးချီကိုမှ ရှာမတွေ့တော့သည်ကို မြင်သော် ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်က မေးလိုက်လေသည်။

ရန်ကိုင်သည် ခေါင်းငြိမ့်၍ ကောင်းကင်စိတ်အာရုံအား သုံးကာ ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်အား ရှင်းပြလိုက်လေ၏။ ရန်ကိုင်ပြောပြသည်ကို ကြားပြီးသည့် နောက်တွင် ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်သည် အကြောင်းစုံကို နားလည်သွားခဲ့ကာ ခေါင်းငြိမ့်လျက် ပြန်ပြောလိုက်လေ၏။

“အဲ့လိုကိုး”

ရွှေရောင်ကျောက်တုံးရုပ်သေးရုပ်သည် အံ့အားသင့်နေသည့် အမူအရာဖြင့် ရွှေရောင်နှင့် ငွေရောင် ရောယှက်နေသော သစ်ပင်အား လှမ်းကြည့်လိုက်လေသည်။

“မင်္ဂလာပါ မောင်လေး” ဟွာချင်းစီသည် အားတင်း ပြုံးလျက် ရန်ကိုင့်အား နှုတ်ဆက်လိုက်လေသည်။ ရန်ကိုင်၏ စွမ်းအားကို မြင်ပြီးနောက်တွင် ဟွာချင်းစီမှာ အလွန်ကိုမှ ကြောက်လန့်သွားခဲ့သည်။

သူမနှင့် အဆင့်တူ ကျင့်ကြံသူ တစ်ဦးဖြစ်သော ဖူစီတုံး ပင်လျင် ရန်ကိုင်၏ အလွယ်တကူ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ရန်ကိုင်သည် သူမအား ချက်ချင်း မသတ်ပစ် ခဲ့သော်ငြား ဤနေရာတွင် ပိတ်လှောင်ထား ခဲ့ပေသည်။

သို့သော်ငြား တစ်ပါးသူ၏ ပိုင်နက်ထဲ ရောက်နေခြင်း ဖြစ်သည့် အတွက် သူမစိတ်ထဲ မည်သည့် လုံခြုံမှုကိုမျှ မခံစားရ။ မိန်းမသား တစ််ယောက်၏ အလှကို လှစ်ဟာပြရင်း မေးမြန်းလိုက်လေသည်။

“မောင်လေးရဲ့ အစောပိုင်းက ပုံစံကြောင့် အစ်မ အတော်လေး စိတ်ပူနေတာ”

ရန်ကိုင်ကမူ ဟွာချင်းစီအား ထူးမခြားနား ပုံစံဖြင့်သာ စိုက်ကြည့်၍ ပြောလိုက်လေ၏။ “ကျုပ် ခင်ဗျားကို မေးခွန်းတစ်ခု မေးမယ်။”

“မေးလေ မောင်လေး။” ဟွာချင်းစီက ပြန်ပြောလိုက်သည်။

“ဒီအပင်ကို သိလား။” ရန်ကိုင်သည် ရွှေရောင်နှင့် ငွေရောင် ရောယှက်နေသော သစ်ပင်ကို လက်ညိုး ထိုးပြလိုက်လေသည်။ ဟွာချင်းစီသည် ကြယ်တာရာ အစုအဝေး၏ ဒေသခံတစ်ဦး ဖြစ်သလို ကြယ်ဝိဉာဉ်နန်းတော်၏ အဖွဲ့သား တစ်ဦးလည်း ဖြစ်သည့် အတွက်ကြောင့် အတော်လေး ဗဟုသုတ ကြွယ်ဝလောက်၏။ ထို့ကြောင့် ဤသစ်ပင် အကြောင်းကို သူမ သိလောက်ပေသည်။

သို့သော်ငြား ဟွာချင်းစီ၏ အမူအရာကို မြင်သည်နှင့် သူမလည်း ထိုအပင်ကို မသိကြောင်း ရန်ကိုင် ချက်ချင်း တန်းသိလိုက်သည်။ သို့သော်လည်း ရွှေရောင်နှင့် ငွေရောင် ရောယှက်နေသော သစ်ပင်ဘေးတွင်ရှိနေသည့် အင်မော်တယ်သစ်ပင်သည် အလွန်အားကောင်းသော အသက်စွမ်းအင် ကို ထုတ်လွှတ်နေ၏။

ထို့ကြောင့် ဟွာချင်းစီမှာ အင်မော်တယ်သစ်ပင်ကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေသည်။ ထိုသစ်ပင်ကို မြင်ပြီးသည့်နောက်တွင် သူမ မျက်ဝန်းထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားလေ၏။

“အဲ့ဒါက အင်မော်တယ်သစ်ပင်ပဲ” ရန်ကိုင်က ရှင်းပြလိုက်၏။ ဟွာချင်းစီ၏ ခန္ဓာကိုယ် တုန်တက်သွားခဲ့ပြီး အံ့အားသင့်နေသည့် အမူအရာတစ်ခု သူမ မျက်နှာထက် ထွက်ပေါ်လာခဲ့လေသည်။

ထို့နောက်တွင် ခြောက်ခြားစရာတစ်ခုနှင့် ကြုံလိုက်ရသည့်အလား မျက်စိပျက် မျက်နှာပျက် ဖြစ်ကာ နားကို အုပ်၍ ခေါင်းတခါခါ ဖြင့် ထိုင်ရေရွတ်တော့လေ၏။

“ငါမကြားချင်ဘူး… ငါ ဘာမှ မကြားလိုက်ဘူး၊ ငါတကယ် ဘာမှမကြားလိုက်ဘူး။” ဟွာချင်းစီပုံစံကြောင့် ရန်ကိုင် အံ့အားသင့် သွားခဲ့ပြီး ရွှေရောင် ကျောက်တုံးရုပ်သေးရုပ်ဘက်သို့ လှည့်ကာ မေးလိုက်လေသည်။

“ဒီမိန်းမ ရူးသွားတာလား။”

ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်က ရယ်မော၍သာ ပြန်ပြောလိုက်၏။ “မသိသင့်တဲ့ဟာတွေကို ပိုသိလာလေ သူ့အခြေအနေက ပိုဆိုးလာလေပဲလေ။ သူကတော်တော် ပါးတယ်လို့ပြောရမယ်”

“အဲ့လိုကိုး” ရန်ကိုင် ခေါင်းငြိမ့်လိုက်ပြီး ဟွာချင်းစီအား လှောင်ပြောင်လိုဟန်ဖြင့် လှမ်းကြည့်လိုက်လေသည်။ ထို့နောက် ပြောလိုက်၏။ “ခင်ဗျား ကြားကြား မကြားကြား ဘာမှမထူးဘူး။ ဒီကနေ ဘယ်တော့မှ ပြန်ထွက်သွားခွင့် ရမှာ မဟုတ်ဘူး။”

“ကောင်စုတ်…..” ဟွာချင်းစီသည် ဒေါသတကြီး အံကြိတ်၍ ထပြောလေ၏။ “ငါနင့်ကို ဘယ်တုန်းက ရန်စခဲ့ဖူးလို့လဲ။ အဲ့ဒါကို ဘာဖြစ်လို့ အခုလို ဒီလောက်တောင် ငါ့ကို နှိပ်စက်နေရတာလဲ။ နင်အသတ်ခံရတော့မဲ့ အချိန်က ငါနင့်ကို ကယ်ခဲ့တာ မမှတ်မိတော့ဘူးလား ငါ့ကြောင့်သာမဟုတ်ရင် နင် အဲ့အသုံးမဝင်တဲ့ကောင် ဖူစီတုံး သတ်လို့ သေနေလောက်ပြီ။ အဲ့တာတောင် ကျေးဇူးတင်ရမယ်မှန်း မသိဘူး။ ငါနင့်ကို ကယ်လိုက်တာ တကယ်မှားသွားတာပဲ။ အခုလို ဖြစ်မယ်မှန်းသာ သိခဲ့ရင် အစောကြီးတည်းက ဖူစီတုံးကို သွားမတားလိုက်ဘူး။ သူ့ကိုသာ မတားလိုက်ရင် ငါလည်း အခုလို ခံစားနေရမှာ မဟုတ်ဘူး။”

ရန်ကိုင်ကမူ စကားတစ်ခွန်းမှပင် ပြန်မပြောဘဲ ဟွာချင်းစီအား စိတ်ဝင်တစား စိုက်ကြည့်နေလေသည်။ သူမ စကားပြောပြီးသွားသည့် အချိန်မှသာ ပြန်၍ ပြောလိုက်လေ၏။ “ခင်ဗျား မတားလည်း ဖူစီတုံး ကျုပ်ကို သတ်လို့ရမှာ မဟုတ်ဘူး။ သူတကယ် တိုက်ခိုက်မယ်ဆိုရင်တောင် သေရမဲ့သူက သူပဲဖြစ်မှာ။”

ထိုအချက်နှင့်ပတ်သက်၍ ရန်ကိုင် ယုံကြည်ချက် အပြည့်ရှိပေသည်။

ထိုစဉ်က ရန်ကိုင်သည် သူ့ခန္ဓာကိုယ်အား မထိန်းချုပ်နိုင် ခဲ့သော်ငြား သူ့ခန္ဓာကိုယ်ကို ရစ်သိုင်းထားသည့် နတ်ဆိုးချီအား ထိုးဖောက်ရန် ဤမျှ လွယ်ကူမည်လား။ ဖူစီတုံးသာ သူ့အား တိုက်ခိုက်ခဲ့မည် ဆိုလျင် နတ်ဆိုးချီ၏ တန်ပြန်တိုက်ခိုက်ခြင်း ခံရကာ ဒုက္ခပင် ရောက်သွားပေလိမ့်ဦးမည်။

“အဲ့လိုဆိုရင်တောင် ငါနင့်ကို ကယ်ခဲ့တာတော့ အမှန်တရားပဲ။ ငါက နင့်ကျေးဇူးရှင်လို့တောင် ပြောလို့ရတယ်။ နင့်ကျေးဇူးရှင်ကို ဒီမှာတစ်သက်လုံး အကျဉ်းပိတ်ထားမလို့လား။” ဟွာချင်းစီက အံကြိတ်၍ ပြန်ပြောလေသည်။

“ခင်ဗျား ငါ့ကို စေတနာနဲ့ ကယ်ခဲ့တာလား အခြား ရည်ရွယ်ချက်ကြောင့် ကယ်ခဲ့တာလား ဆိုတာလည်း ပြန်စဉ်းစားဦးလေ။” ရန်ကိုင်က ပြုံး၍သာ ပြန်ပြောလိုက်သည်။

ထိုအခါ ဟွာချင်းစီက ဒေါသတကြီး ထပြောလေ၏။ “ငါနဲ့ နင့်ကြားမှာ ဘာရန်ကြွေးမှ မရှိဘူး။ ဒီကိစ္စမတိုင်ခင်က ငါနင့်ကို သိတောင်မသိဘူး။ အဲ့ဒါကို ဘယ်လိုရည်ရွယ်ချက်နဲ့ ငါနင့်ကို ကယ်ပေးရမှာလဲ။ နင့်ကိုကြိုက်သွားလို့ ကယ်ပေးတာ လို့တော့ လာမပြောနဲ့နော်။”

“ခင်ဗျားက ကြယ်ဝိဉာဉ်နန်းတော်က မလား။” ရန်ကိုင်က ကောက်ခါငင်ကာ ထမေးလိုက်လေသည်။

“ဟုတ်တယ်လေ” ဟွာချင်းစီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရန်ကိုင့်အား ခြိမ်းခြောက်လိုက်လေ၏။ “ငါက ကြယ်ဝိဉာဉ်နန်းတော်ကပဲ။ နင် အသိစိတ်ရှိသေးတယ်ဆိုရင် မြန်မြန် ငါ့ကို လွှတ်ပေးလိုက်တော့။ မဟုတ်ရင် ပြဿနာ အကြီးကြီး တက်လိမ့်မယ်။”

“ကျုပ် ဟန်းလန်ကို မသတ်လိုက်ဘူး။ ဒါပေမဲ့ သူအသတ်ခံရတုန်းက ကျုပ် အဲ့မှာ ရှိနေတယ်။” ရန်ကိုင်က မျက်လုံး မှေးစင်း၍ ပြောလိုက်သည်။

“နင် ဘာပြောချင်နေတာလဲ” ဟွာချင်းစီက ပြန်မေးလိုက်လေသည်။

ရန်ကိုင်က ရယ်မောလျက် “ဖူစီတုံး မေပယ်မြို့ကို လာခဲ့တယ်ဆိုတာ ဟန်းလန်သေသွားတဲ့ ကိစ္စကို စုံစမ်းဖို့ပဲ။ ခင်ဗျားလည်း အဲ့အကြောင်းကြောင့်ပဲ လာတာမလား။” ရန်ကိုင်က ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည် “အဲ့အကြောင်းကလွဲရင် ခင်ဗျားတို့လို လူမျိုးတွေ မေပယ်မြို့ကို ဘာလို့ ရောက်လာမလဲဆိုတာ ကျုပ်လုံးဝကို မစဉ်းစားတတ်ဘူး။”

“မေပယ်မြို့ကို ဖြတ်သွားတာလို့ ငါနင့်ကို ပြောပြီးသွားပြီ မဟုတ်ဘူးလား” ဟွာချင်းစီက ပြန်ပြောလိုက်သည်။

“ခင်ဗျား ကျုပ်ကို သုံးနှစ်သားကလေး မှတ်နေတာလား။ ခင်ဗျား ဟန်းလန်ကြောင့် ရောက်လာတယ်ဆိုတာ ကျုပ်သိပြီးသား။ လာလိမ်မနေနဲ့” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ ယခင်က ဤသည်မှာ သူ့အထင်သက်သက်သာ ဖြစ်သော်ငြား ယခုမူ လုံးဝ သေချာသွားခဲ့လေပြီ။

ဟန်းလန် သေသွားသည့်အကြောင်း ပြောစဉ်က ဟွာချင်းစီ၏ စိတ်ခံစားချက်များ မတည်မငြိမ် ဖြစ်သွားသည်ကို သူအသေအချာ သတိပြုမိလိုက်သည်။ အပြင်ဘက်တွင်သာ ဆိုလျင် သူ့အနေဖြင့် ထိုအချက်ကို အာရုံခံ မိလိမ့်မည် မဟုတ်သော်ငြား ဤနေရာသည် ကမ္ဘာငယ်လေး ဖြစ်၏။

ကမ္ဘာငယ်လေးထဲတွင် သူသည် အရှင်သခင် တစ်ပါးဖြစ်ရာ ဟွာချင်းစီ အနေဖြင့် သူမ၏ စိတ်ခံစားချက်များ မတည်မငြိမ် ဖြစ်သွားသည်ကို ရန်ကိုင့်ဆီမှ မည်ကဲ့သို့များ ဖုံးကွယ်ထားနိုင် ပါမည်နည်း။

“နင်ငါ့ကို လှည့်စားလိုက်တာလား။” ဟွာချင်းစီက အံ့အားသင့်တကြီး ပြန်မေးလိုက်လေသည်။

“ခင်ဗျားလိုလူတောင် ရောက်လာရတယ်ဆိုတော့ ကြည့်ရတာ ဟန်းလန်မှာ အားကောင်းတဲ့နောက်ခံ ရှိရင်ရှိ မရှိရင် လျို့ဝှက်ချက် အကြီးကြီးတစ်ခု ရှိနေတာပဲ ဖြစ်ရလိမ့်မယ်။” ရန်ကိုင်က တွေးတွေးဆဆဖြင့် ပြောလိုက်လေသည်။

ရန်ကိုင်သည် သူ့ကိုယ်သူ ပြောနေသည့်ပုံစံမျိုး လုပ်ပြနေသော်ငြား သူ့ကောင်းကင်စိတ်အာရုံမှာတော့ ဟွာချင်စီပေါ်တွင်သာ တစ်ချိန်လုံး‌ ရောက်ရှိနေခဲ့၏။

“ပထမ တစ်ခုကတော့ သိပ်ပြီးတော့ မဖြစ်နိုင်ဘူး။ ကြယ်ဝိဉာဉ်နန်းတော်က သူ့ကို အမဲလိုက်တာ တစ်ကြိမ် နှစ်ကြိမ် မကဘူး။ သူ့မှာသာ အားကောင်းတဲ့ နောက်ခံရှိမယ်ဆိုရင် အခုလို ဘဝမျိုးတောင် ရောက်မှာမဟုတ်ဘူး။ ကြည့်ရတာ လျို့ဝှက်ချက်ကြီး တစ်ခုကြောင့်ပဲနဲ့ တူတယ်”

“ငါနင့်ကို သတ်မယ်” ဟွာချင်းစီသည် စူးရှစွာ ထအော်၍ သူမကိုယ်ထဲရှိ အရင်းအမြစ်ချီကို လှည့်ပတ်ကာ ရန်ကိုင့်အား တိုက်ခိုက်လိုက်လေသည်။ သူမအနေဖြင့် နတ်ဆိုးအသွင် ပြောင်းလဲနေသောရန်ကိုင်ကို ကြောက်လိမ့်မည် ဖြစ်သော်ငြား လက်ရှိ ရန်ကိုင်သည် တာအိုသခင် ပထမအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်လေ၏။

ရန်ကိုင်သည် သူ့လက်ကို ဆန့်ထုတ်၍ လက်သီးဆုပ်ချလိုက်လေသည်။ နိယာမ စွမ်းအားတို့ လည်ပတ်လာပြီးသည့်နောက်တွင် ဟွာချင်းစီသည် လေပေါ်တွင်သာ ရပ်တန့်သွားခဲ့ပြီး တစ်ချက်ကလေးပင် လှုပ်မရတော့ချေ။

လုံးဝ ကူကယ်ရာမဲ့သွားသည့် နောက်တွင် ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်အား အဓိပ္ပါယ်ပါပါ လှမ်းကြည့်လိုက်လေသည်။

ရန်ကိုင်ကမူ ရယ်ချင်ပတ်ကျိ အမူအရာဖြင့် ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်ဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ “ဒီထဲမှာ အကုန်လုံးက ငါ့ထိန်းချုပ်မှုအောက်မှာ ရှိတယ်ဆိုတာ မင်းသူ့ကို ပြောမထားဘူးလား”

“သူမှ မမေးတာကို” ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်က ရယ်မော၍သာ ပြန်ပြောလိုက်၏။

“ဒါဆို သူဘာလို့ မင်းကို အဓိပ္ပါယ်ပါပါ လှမ်းကြည့်နေတာလဲ”

“သူနဲ့အတူ လိုက်ပြီး မင်းကို တိုက်ခိုက်ဖို့ ပြောနေတာ” ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်က ပြန်ပြောလိုက်သည်။

“ဟဲ့ နင်တို့ နှစ်ယောက် ဘာလို့ ဒီလောက် ပျော်ပျော်ရွှင်ရွှင်နဲ့ စကားပြောနေရတာလဲ” ဟွာချင်းစီ၏ မျက်နှာ ကြောက်ရွံ့မှုကြောင့် ဖြူလျော်သွားခဲ့ပြီး ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်အား လှမ်းအော် ပြောလိုက်လေသည်။ “ကျောက်တုံးကြီး နင် ရော လွတ်လွတ်လပ်လပ် ပြန်မနေချင်ဘူးလား။ ဒါနင့်ရဲ့ အကောင်းဆုံး အခွင့်အရေးနော်။ အဲ့တာကို ဘာဖြစ်လို့ မလှုပ်ရှားသေးတာလဲ။”

ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်က ပခုံးတွန့်ပြကာ ပြန်ပြောလိုက်လေ၏။ “တောင်းပန်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါနင့်ကို ဘာမှ ကူညီပေးနိုင်မှာ မဟုတ်ဘူး။ နင့်ကိုနင်ပဲ အားကိုးရမှာ”

ဟွာချင်းစီမှာ ရွေးချယ်စရာ မရှိတော့သည့်အဆုံး အခြေအနေကို လိုက်၍သာ ပြုမူရတော့လေသည်။ နှုတ်ခမ်းလေးကို ကိုက်လျက် ရန်ကိုင့်အား သနားစဖွယ်မျက်လုံးလေးဖြင့် စိုက်ကြည့်ရင်း သိမ်မွေ့စွာ ပြောလိုက်လေ၏။

“မောင်လေး… အစ်မ အမှားလုပ်မိသွားတာ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါနော်”

ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်က အံ့အားသင့်တကြီး အမူအရာဖြင့် “နင့်သိက္ခာတွေ ဘယ်ရောက်သွားတာလဲ”

“ရှင့်ပါးစပ်ကို ပိတ်ထားရင် ရှင့်ကိုဘယ်သူမှ ငအ လို့ထင်မှာ မဟုတ်ဘူး” ဟွာချင်းစီသည် ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်အား ဒေါသတကြီးဖြင့် စိုက်ကြည့်ရင်း အံကြိတ်ကာ ပြောလိုက်လေ၏။ “သစ္စာဖောက်”

ဟွာချင်းစီ၏ စကားကြောင့် ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ် ရှက်သွားခဲ့လေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၀၈)

“ငါ နင်နဲ့ အတူ ပူးပေါင်းမယ်လို့ တစ်ခါမှ မပြောခဲ့ဘူးလေ။ အဲ့ဒါကို ဘာလို့ ငါ့ကို သစ္စာဖောက်လို့ လာခေါ်နေတာလဲ” ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်က ဟွာချင်းစီကို စိုက်ကြည့်၍ မေးလိုက်လေသည်။

“ငါ ဂရုမစိုက်ဘူး” ဟွာချင်းစီက ချက်ချင်းပဲ အကြည့် လွှဲဖယ်၍ အထင်အမြင်တသေးဖြင့် ပြောလိုက်လေသည်။ “သစ္စာဖောက် သစ္စာဖောက် သစ္စာဖောက်”

“ဒီမှာ ရုတ်ရုတ် ရုတ်ရုတ်လာမလုပ်နဲ့” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် ပြောလိုက်လေသည်။ “ငါ့ကိုပြော...ဟန်းလန်ရဲ့ လျို့ဝှက်ချက်က ဘာလဲ”

“ငါမသိဘူး” ဟွာချင်းစီက ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။

“ဟဲ ဟဲ” ရန်ကိုင် က ရယ်မော၍ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည်။ “ကြည့်ရတာ နင့်အခြေအနေနင် မသိသေးဘူးနဲ့တူတယ်။ အဲ့လို ဆိုမှတော့ နင်အသိပြန်ဝင်လာမှပဲ နောက်တစ်ကြိမ် ထပ်မေးရတာပေါ့” ပြောပြီးသည့်နောက် သူ့လက်အား ဝှေ့ရမ်းလိုက်ရာ လေထဲတွင် တန်းလန်း ဝဲနေသော ဟွာချင်းစီသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။

ထို့နောက်တွင် ရန်ကိုင်သည် လက်ကွက်များ ဖန်တီး၍ လေထဲသို့ ပစ်လွှတ်လိုက်လေ၏။

“သူက နည်းနည်းတုံးပေမဲ့ ရက်စက်တဲ့လူတော့ မဟုတ်ဘူးနော်။” ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်က ရုတ်တရက် ပြောလိုက်သည်။

“ငါသိတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ “သူသာ ငါ့ကို မကယ်ခဲ့ရင် ငါသူ့ကို ဒီထဲပို့လိုက်မှာ မဟုတ်ဘူး။ တစ်ခါတည်း တန်းသတ်ပစ်လိုက်မှာ”

“အေး… မင်းသိနေရင်လည်း ပြီးတာပဲ” ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်သည် ရန်ကိုင်၏ ခန္ဓာကိုယ်အား တစ်ချက် ကြည့်လိုက်ပြီးနောက် ထပ်ပြောလိုက်လေသည်။ “မင်းဒဏ်ရာ တွေကိုလည်း မြန်မြန် ပြန်ကုလိုက်ဦး”

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီးနောက် ဆေးဥယျာဉ်ဘေးတွင် တင်ပလင်ခွေ ထိုင်ချလိုက်လေသည်။ အစောပိုင်းက တိုက်ပွဲတွင် ရန်ကိုင်သည် နတ်ဆိုးစိတ်အာရုံ၏ ထိန်းချုပ်ထားခြင်း ခံရသည့်အတွက်ကြောင့် ဧကရာဇ်အဆင့် ပညာရှင်သုံးဦးအား မကြောက်မလန့်ဖြင့် ရဲဝံ့စွာ တိုက်ခိုက်ခဲ့သည်။

ထိုအတွက်ကြောင့် သူ့ခန္ဓာကိုယ်သည် ဒဏ်ရာများစွာ ရထားခဲ့ရလေသည်။ ထိုဒဏ်ရာများတွင် ဧကရာဇ်အဆင့် ပညာရှင်များ၏ နိယာမစွမ်းအားတို့ ပါဝင်နေခဲ့ရာ ဒဏ်ရာများမှာ ပျောက်ကင်းဖို့ လုံးဝ မလွယ်ကူတော့ပေ။

သာမန် တာအိုသခင်အဆင့် ပညာရှင်တစ်ဦးသာ ထိုဒဏ်ရာများကို ရသွားမည် ဆိုပါက ဆေးသောက်၍သာ ဒဏ်ရာ အခြေအနေ ပိုမို မဆိုးရွာလာအောင် ထိန်းထားနိုင် ပေလိမ့်မည်။ ဒဏ်ရာကိုမူ အမြစ်ပြတ် ပျောက်ကင်းအောင် ကုသ နိုင်လိမ့်မည်မဟုတ်။

သို့သော်ငြား ရန်ကိုင့်တွင် ကမ္ဘာငယ်လေး ရှိနေခဲ့သည်။ သူ့အနေဖြင့် ထိုဒဏ်ရာများထဲတွင် ကိန်းအောင်းနေသော နိယာမစွမ်းအားတို့ကို ဆေးသောက်၍ မကုသနိုင်လျှင်ပင် ကမ္ဘာငယ်လေး၏ လောကနိယာမ စွမ်းအားများကို သုံံးကာ ထိုနိယာမစွမ်းအားများကို ချေဖျက်ပစ်လိုက်နိုင်သည်။

သုံးရက်ဆိုသော အချိန်ကာလသည် အလျင်အမြန် ကုန်ဆုံးသွားခဲ့လေသည်။ ရန်ကိုင်မှာလည်း သူ့ဒဏ်ရာများကို ပြန်လည်ကုသလို့ ပြီးသွားခဲ့လေပြီ။

ထိုသို့ ကုသရန်အတွက် ရန်ကိုင်သည် အင်မော်တယ်သစ်ပင်မှ ထုတ်လွှတ်သော အသက်စွမ်းအင် အကူအညီကို ငှားယူသုံးစွဲ ခဲ့ရသည်။ ထိုကြောင့်ပင် သူ့ဒဏ်ရာများကို ဤမျှ အချိန်တိုတိုအတွင်း ကုသနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

ယခုဆိုလျှင် သူ့ခန္ဓာကိုယ်ထက် အမာရွတ်တစ်ခုပင် မကျန်ရစ်တော့ပေ။ ဒဏ်ရာများမှာ ပျောက်ကင်းသွားခဲ့သော်ငြား တိုက်ပွဲကြီးတစ်ပွဲကို တိုက်ထားရသည့် အတွက်ကြောင့် စိတ်ရောကိုယ်ပါ အတော်လေးကို ပင်ပန်းနွမ်းနယ် နေခဲ့သည်။

ထို့ကြောင့် အထွတ်အထိပ် အခြေအနေသို့ ပြန်ရောက်ရန်အတွက် ရန်ကိုင်သည် နောက်ထပ် ရက်အနည်းငယ်ခန့် ထပ်မံ အနားယူလိုက်လေသည်။ အနားယူ အားပြန်ဖြည့်ပြီးသည့် နောက်တွင် ကမ္ဘာငယ်လေးထဲမှ ထွက်ကာ ကျန်းမိသားစု၏ ဧည့်ခန်းထဲတွင် ပြန်ပေါ်လာခဲ့သည်။

လျို့ယန်သည် ကမ္ဘာငယ်လေး အနား၌ နေကာ တစ်ချိန်လုံး စောင့်ကြပ်ပေး နေခဲ့လေသည်။ ရန်ကိုင် ထွက်လာသည်ကို မြင်သော် သူမ၏ မျက်လုံး လှလှလေးများ တဖျတ်ဖျတ်တောက်ပ လာခဲ့ပြီး ဝမ်းသာအားရ အော်ခေါ်လိုက်လေသည်။

“သခင်…..”

ထိုသို့ အော်ခေါ်လိုက်ပြီးသည့် နောက်တွင် ရန်ကိုင်၏ ခန္ဓာကိုယ်ကို သေသေချာချာ စစ်ဆေး ကြည့်လေသည်။ ရန်ကိုင် အဆင်ပြေပြေ ရှိနေသည်ကို တွေ့လိုက်ရသည့် အခါမှသာ စိတ်သက်သာရာ ရသွားခဲ့လေ၏။

“နင်လည်း ပင်ပန်းသွားပြီ” ရန်ကိုင်က သူမအား ခေါင်းညိတ်ပြလိုက်ပြီးနောက် ကမ္ဘာငယ်လေးကို ပြန်သိမ်းလိုက်လေသည်။

လျို့ယန်က ပြန်ပြောလိုက်၏။ “ကျွန်မရဲ့တာဝန်ပဲဟာကို”

“တာအိုသခင် အဆင့်ကို ရောက်သွားလို့ ဂုဏ်ယူပါတယ်” လျို့ယန်သည် ယန်မီးဖိုတောင်အောက်တွင် ရှိသော ချော်ရည်ကန်ထဲတွင် အိပ်စက်ကာ မီးစွမ်းအင်ကို စုပ်ယူနေခဲ့ခြင်း ဖြစ်သည်။

သူမ အချိန်တိုအတွင်း အဆင့်တက်လိမ့်မည်ဟု ရန်ကိုင် ထင်ခဲ့ပါသော်ငြား တကယ်တမ်းတွင်မူ တစ်လကြာပြီးသည့် နောက်တွင်ပင် လျို့ယန်မှာ နိုးမလာခဲ့ပေ။ ထို့ကြောင့် မေပယ်မြို့ထဲသို့ တစ်ယောက်တည်း ထွက်လာခဲ့ရသည်။

သို့သော်ငြား လျို့ယန်သည် တကယ် အရေးကြီးသည့် အချိန်တွင် အလျင်အမြန် ပြန်ရောက်လာပြီး ရန်ကိုင်နှင့် သူမ၏ ကြားရှိ စိတ်ချင်း ဆက်သွယ်ချက်ကို သုံးကာ ရန်ကိုင့်အား လှုပ်နိုးခဲ့လေသည်။ သူမသာ အချိန်မီ ပေါ်မလာခဲ့လျှင် အကျိုးဆက်မှာမူကား မတွေးရဲစရာပင်။

“တာအိုသခင် အဆင့်ကို ရောက်နေပြီဆိုပေမဲ့ သခင်နဲ့ ယှဉ်လိုက်ရင် တော်တော်လေး လိုနေသေးတယ်” လျိုယန်က ပျက်ရယ်လေး ပြုံးလျက် ပြောလိုက်သည်။

“နင့်ကိုနင် စိတ်ဓာတ်ကျနေစရာ မလိုဘူး။ နင်က သာမန်သက်ရှိမှ မဟုတ်တာ။ ဒီတော့နင့်မှာ ဘာအားသာချက်မှ မရှိတာ မထူးဆန်းဘူး။ ဒါပေမဲ့ ကောင်းကင်က နင့်ကို ဒီအခြေအနေထိ ရောက်အောင် ခွင့်ပြုပေးခဲ့တယ်ဆိုမှတော့ နင့်လမ်းနင် ဆက်လျှောက်ဖို့ ကိုလည်း ကျိန်းသေ ခွင့်ပြုပေးမှာ”

“မျှော်လင့်ရတာပဲ” လျို့ယန်က ပြောလိုက်သည်။

“ဒါနဲ့ ရော့… ဒါကို တစ်ချက် ကြည့်ကြည့်လိုက်စမ်း။ နင့် အတွက် အသုံးဝင်မလား မသိဘူး” ရန်ကိုင်သည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်လေသည်။

ထို ပစ္စည်းပေါ်လာသည်နှင့် အခန်းအပူချိန်မှာ ရုတ်ချည်း မြင့်တက်သွား ခဲ့လေသည်။

“ဒါက….” ရန်ကိုင် ထုတ်ပြလိုက်သည့် ပစ္စည်းကို မြင်ပြီးနောက် လျိုယန် မျက်လုံး ပြူးကျယ်သွားခဲ့လေသည်။ ထိုအရာမှာ အခြား မဟုတ်ဘဲ အနက်ရောင် မီးတောက်များ လောင်ကျွမ်းနေသည့် တစ်မီတာခန့် အရှည်ရှိသော ‌ရွှေရောင်ငှက်မွေး တစ်ချောင်းပင် ဖြစ်လေ၏။

“ဒါက လွမ်ဖုန်းရဲ့ ငှက်မွေးတောင်ပဲ” ရန်ကိုင်က ရှင်းပြလိုက်၏။ သူသည် ဤငှက်မွေးကို ကြည်လင်ကျောက်စိမ်းတောင်တွင် ရခဲ့ခြင်းဖြစ်လေသည်။ ဤလွမ်ဖုန်းငှက်မွေးမှာ လွမ်ဖုန်းပေါက်လေး၏ ငှက်မွေး မဟုတ်ဘဲ အရွယ်ရောက်ပြီးသော လွမ်ဖုန်း၏ ငှက်မွေးတောင်သာ ဖြစ်လေ၏။

ရန်ကိုင်၏ စကားကို ကြားသော် လျို့ယန်၏ ခန္ဓာကိုယ်မှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရီလာခဲ့လေသည်။ ရန်ကိုင့်လက်ထဲရှိ ငှက်မွေးတောင်အား တဆတ်ဆတ် တုန်ရီနေသော မျက်လုံးများဖြင့် စိုက်ကြည့်၍ မေးလိုက်လေ၏။ “ကျွန်မ ဒါကို သန့်စင်လို့ရလား”

“ငါလည်း အဲ့ဒါကို သိချင်နေတာ” ရန်ကိုင်က ပြုံးလျက် ငှက်မွေးတောင်ကို သူမလက်ထဲသို့ ထည့်ပေးလိုက်လေသည်။ လျို့ယန်သည် ငှက်မွေးတောင်ကို ယူ၍ အသာအယာ ပွတ်သပ် လိုက်လေသည်။

ထိုအချင်းအရာကို မြင်သော် ရန်ကိုင်သည် လျို့ယန်အား ကမ္ဘာငယ်လေးထဲသို့ ပြန်ပို့လိုက်ပြီး ထိုနေရာတွင်သာ သူမအား ငှက်မွေးတောင်ကို သန့်စင်စေလေသည်။

မကြာမီ အခန်းထဲမှ ထွက်၍ ကျန်းမိသားစုဝင်များနှင့် သွားရောက်တွေ့ဆုံလေ၏။ ရန်ကိုင်ကို မြင်သည့်အခါ ကျန်းမိသားစုဝင်များသည် သူအဆင်ပြေမှ ပြေရဲ့လားဟု ဝိုင်းဝန်း မေးမြန်းကြလေသည်။

အထူးသဖြင့် ကျန်းရို့ရှီပင်လျင်။ ကျန်းရို့ရှီသည် အလွန်ကိုမှ ရှက်ရွံ့နေသဖြင့် စကားတစ်ခွန်းပင် ကောင်းကောင်း မထွက်နိုင်တော့။ သို့သော်ငြား သူမ၏ စိုးရိမ်နေသည့် မျက်လုံးများဆီမှ သူမ မည်မျှ စိုးရိမ်နေသလဲ ဆိုသည်ကို ရန်ကိုင် အထင်းသား ခံစားမိလေသည်။

ကျန်းမိသားစုဝင်များနှင့် ခေတ္တမျှ စကားပြောပြီးသည့် နောက်တွင် အခန်းဆီသို့ ပြန်လာကာ မိုရှောင်ချီပေးထားသည့် အသံ ဓာတ်လုံးကို ထုတ်ယူလိုက်သည်။

ထို့နောက် သူအဆင်ပြေပြေ ရှိနေသည်ဖြစ်ကြောင်းကို မိုရှောင်ချီအား လှမ်းအကြောင်းကြား လိုက်လေသည်။ ရန်ကိုင် ပြောသည်ကို ကြားသည့်အခါ မိုရှောင်ချီမှာ အတော်လေးကိုမှ စိတ်လှုပ်ရှားသွားပြီး သူ့အား ချက်ချင်း လာတွေ့မည်ဟု ပြောလေ၏။

ရန်ကိုင်မှာ တစ်ခွန်းပင် ပြန်မပြောနိုင်သေးခင်မှာပင် မိုရှောင်ချီသည် ရုတ်တရက် ဆက်သွယ်မှုကို ဖြတ်တောက် လိုက်လေ၏။ သူမ၏ လုပ်ရပ်ကိုကြည့်ရင်း ရန်ကိုင်မှာ ခါးသက်စွာသာ ရယ်နိုင်တော့လေသည်။

ခဏအကြာတွင် အားကောင်းသော အရှိန်အဝါများစွာ သူ့ဆီသို့ တိုးဝင်လာသည်ကို ရန်ကိုင် ခံစားမိလိုက်လေ၏။ လူမရောက်သေးခင်မှာပင် အသံတစ်သံကို ကြားလိုက်ရလေသည်။

“ဟား ဟား ဟား… ရောင်းရင်းရန်… ငါတို့မင်းကို လာတွေ့တယ်ကွ”

ထိုအသံကို ကြားသော် ကျန်းမိသားစုတစ်ခုလုံး ရုတ်ရုတ်ရက်ရက် ဖြစ်သွားကုန်လေ၏။ အကုန်လုံးသည် ကျန်းမိသားစု ခေါင်းဆောင်၏ ဦးဆောင်မှုနှင့်အတူ ရောက်လာသည့် လူများအား သွားရောက် ကြိုဆိုကြလေသည်။

တခဏအကြာတွင် အလင်းတန်းများ တဖျတ်ဖျတ် တောက်လာပြီးနောက် ပုံရိပ်များစွာ ထွက်ပေါ်လာခဲ့သည်။ ကျန်းမိသားစုဝင် အဖွားအိုက ဦးညွှတ်၍ အော်ပြောလိုက်လေ၏။

“အခုလို လာရောက်ပေးလို့ မြို့သခင်တို့ကို ကျေးဇူးအများကြီး တင်ပါတယ်။ ကောင်းကောင်းမွန်မွန် မကြိုဆိုမိလို့ရှိရင် မြို့သခင်ကပဲ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်”

အခြားသူများသည်လည်း တွမ့်ယွမ်ရှန်းအား နှုတ်ဆက်လိုက် လေသည်။ တွမ့်ယွမ်ရှန်းက သူ့လက်ကို ဝှေ့ရမ်း၍ ပြုံးကာ ပြန်ပြောလိုက်၏။ “အခုလိုတွေ လုပ်နေစရာ မလိုပါဘူး အဖွားရာ။ ကျုပ်တို့ကတောင် မဖိတ်ခေါ်ပဲ ရောက်လာမိလို့ ပြန်ပြီး တောင်းပန် ရဦးမှာ”

“ဒါနဲ့… ရောင်းရင်းရန်ရော သူဘယ်လို အခြေအနေ ရှိလဲ မသိဘူး”

“စီနီယာရန် ဧည့်ခန်းထဲမှာ နားနေပါတယ် ဆရာတို့။ ကျေးဇူးပြုပြီး ကျွန်မနောက်ကို လိုက်ခဲ့ပေးပါ။” အဘွားအိုက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည်။

သို့သော်ငြား သူမ၏ လေသံထဲ စိတ်လှုပ်ရှားမှုတို့ အတိုင်းသား ပါဝင်နေသည်ကို မည်သူမဆို ခံစားသိရှိ နိုင်ပေသည်။

ပုံမှန်အားဖြင့် မြို့သခင်ကဲ့သို့သော လူမျိုးသည် ကျန်းမိသားစုကဲ့သို့သော မိသားစုငယ်လေးအား ဂရုကို စိုက်လိမ့်မည် မဟုတ်ပေ။ သူ့အနေဖြင့် မေပယ်မြို့မှ သူတို့ကျန်းမိသားစု ဆီသို့ တကူးတက လာရောက်ဖို့ ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်သေး။

သို့သော်ငြား လက်ရှိအချိန်တွင်မူ ထိုမဖြစ်နိုင်သည့် အရာမှာ ဖြစ်လာခဲ့လေသည်။ ဤသို့ ဖြစ်ရခြင်းမှာ ရန်ကိုင့်ကြောင့်မှန်း သိသော်ငြား မြို့သခင်ကိုယ်တိုင် သူတို့ ကျန်းမိသားစုဆီသို့ လာရောက်ရခြင်းသည် သူတို့ မိသားစုအတွက် ဂုဏ်ယူစရာ တစ်ခု ဖြစ်နေဆဲပင်။

ယောက်ျားသား နှစ်ဦးနှင့် မိန်းမအိုကြီးများသာ ကျန်ရစ်တော့သော ကျန်းမိသားစုကို တခြားမိသားစုများမှ မျက်စပစ် လာကြသည်။ သို့သော်ငြား ယနေ့ဖြစ်ပျက်သည့် အကြောင်းအရာသာ သတင်းပြန့် သွားမည်ဆိုပါက ထိုမိသားစုများ သူတို့ကျန်းမိသားစုကို ပစ်မှတ်ထားရဲတော့ လိမ့်မည် မဟုတ်ပေ။

ကျန်းမိသားစု တစ်ဖန် ပြန်လည် ဦးမော့လာနိုင်မည့် အခွင့်အရေးကို အဖွားအို မြင်တွေ့လိုက်ရပေသည်။ ထို့အတွက်ကြောင့်လည်း ရန်ကိုင့်အား အလွန်ကိုမှ ကျေးဇူးတင်မိ၏။

“အဲ့ဒါဆို ကူညီပေးပါဦး” တွမ့်ယွမ်ရှန်းက ပြုံးလျက် ပြောလိုက်လေသည်။

သို့သော်ငြား အဖွဲ့ထဲမှ လူတစ်ဦးသည် အဖွားအိုအား မစောင့်နိုင်တော့ဘဲ သူ့ဘာသာ ကျန်းမိသားစုဝန်းထဲသို့ ပြေးဝင်သွားလေ၏။

“ဒီကောင် ဘာလို့ ဒီလောက်တောင် စိတ်မရှည် ဖြစ်နေရတာလဲ” ထိုအခြင်းအရာကို မြင်သည့်အခါ တွမ့်ယွမ်ရှန်းမှာ ခါးသက်စွာသာ ရယ်မော နိုင်လေ၏။

ဧည့်ခန်းတံခါးကို တွန်းဖွင့် ဝင်လာသည့်နောက်တွင် အခန်းထဲ၌ မိန့်မိန့်ကြီး ထိုင်လျက် ပြုံးကာ စောင့်နေသော ရန်ကိုင့်ကို ခန်စစ်ရန် တွေ့လိုက်ရလေသည်။

“ရောင်းရင်းရန်… မင်း.. မင်းအဆင်ပြေရဲ့လား” ခန်စစ်ရန်သည် ရန်ကိုင့်အခြေအနေကို စိုးရိမ်တကြီး စစ်ဆေးကြည့်လိုက်လေ၏။ ရန်ကိုင် အဆင်ပြေနေကြောင်း သိလိုက်ရသည့် အခါမှသာ စိတ်သက်သာရာ ရသွားနိုင်ခဲ့ပြီး ပြုံးလိုက်လေ၏။

“မင်း နတ်ဆိုးချီ ကူးစက်ခံရပြီး နတ်ဆိုးလုံးလုံး ဖြစ်သွားခါနီးပဲလို့ မြို့သခင် ပြောနေတာ ငါကြားလိုက်တယ်။ ငါ့လခွမ်း… ငါ့မှာ လန့်တောင်လန့် သွားတာပဲ။”

“လန့်မနေနဲ့ အဲ့ဒါ တကယ် ဖြစ်သွားတာ။ ကံကောင်းလို့ ကျုပ် အခုလို ပြန်ကောင်းလာတာ” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်၏။

ခန်စစ်ရန်က ရှက်ရှက်ဖြင့် ပြောလိုက်လေ၏။ “အဲ့တုန်းက ငါက အဆင့်ချိုးဖြတ်နေတာ ဆိုတော့ အပြင်မှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကို ဘာမှ မသိလိုက်ဘူး။ လွန်ခဲ့တဲ့ နှစ်ရက်က အဆင့်ချိုးဖြတ်ပြီးလို့ အပြင်ထွက်လာ တော့မှပဲ အဲ့အကြောင်းကို သိလိုက်ရတာ။ ဒါပေမဲ့ ငါမင်းကို မြို့ထဲမှာ လိုက်ရှာ ပါသေးတယ်။ ဘယ်နေရာ ရှာရှာ ရှာလို့မတွေ့ဘူး။ တကယ်ဆိုရင် မင်းရှေ့မှာ အခုလိုရပ်နေရတာတောင် ငါမျက်နှာပူတယ်။” တကယ်တော့ သူ့အနေဖြင့် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာနိုင်ခြင်းမှာ ရန်ကိုင်ပေးခဲ့သည့် ဆေးလုံးကြောင့်ပင် မဟုတ်ပေလော။

ထို့အပြင် ရန်ကိုင်ပေးလိုက်သည့် တာအို အရင်းအမြစ်‌ ဆေးလုံးသည် သူ့အား တာအိုသခင်အဆင့်သို့ ရောက်သွားစေရုံတင် မဟုတ်ဘဲ သူ့ခန္ဓာကိုယ်ထဲရှိ တစ်ခုခုကိုပါ ပြောင်းလဲ ပေးသွားကြောင်း ခန်စစ်ရန် ခံစားမိခဲ့လေသည်။

သူ့အနေဖြင့် ဘာပြောင်းလဲ သွားသလဲ ဆိုသည်ကို စကားဖြင့် မဖော်ပြနိုင်ပေ။ သို့သော်ငြား သူ့စိတ်ထဲတွင်မူ တာအိုသခင်အဆင့်သည် သူ့သိုင်းတာအို၏ အဆုံးသတ် မဟုတ်တော့ဘဲ သူ့အနေဖြင့် ပိုမိုမြင့်မားသော အဆင့်များဆီသို့ တက်လှမ်လာနိုင်သလို ခံစားလာရသည်။

ကံကောင်းလျှင် ဧကရာဇ်အဆင့်သို့ပင် ရောက်ကောင်း ရောက်လာနိုင်ပေသည်။ ဤသည်မှာ သူ့အား ဘဝအသစ်တစ်ခု ပေးလိုက်သည်နှင့် မခြားပေ။ ခန်စစ်ရန်အနေဖြင့် ဤကျေးဇူးအား မည်ကဲ့သို့ ဆပ်လို့ ဆပ်ရမည်မှန်းပင် မသိတော့ချေ။

ရန်ကိုင်သည် သူ့အပေါ်တွင် မြင်းမိုရ်တောင်တမျှ ကြီးမားလှသော ကျေးဇူးကြွေးရှိသော်လည်း ရန်ကိုင် အခက်အခဲနှင့် ကြုံနေရချိန် သူကမူ အခန်းထဲ အေးအေးဆေးဆေး နေကာ အဆင့်တက် နေခဲ့၏။

ထိုကိစ္စနှင့် ပတ်သက်၍ ခန်စစ်ရန် သူ့ကိုသူ အလွန် ရှက်ရွံ့ နေမိပေသည်။ သို့ရာတွင် ရန်ကိုင် အဆင်ပြေပြေနှင့် ရှိနေကြောင်း တွေ့လိုက်ရပြီးနောက် သူ့စိတ်ထဲ အတော်လေး နေလို့ထိုင်လို့ ကောင်းလာ၏။

ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “အခုလို စိတ်ပူပေးတဲ့ အတွက် ရောင်းရင်းခန်ကို ကျေးဇူးအများကြီး တင်ပါတယ်။”

“ဟာ… ငါ့ကို လာကျေးဇူးမတင်နဲ့စမ်းကွာ” ခန်စစ်ရန်က ရှက်ရှက်ဖြင့် ပြောလိုက်၏။

“ဆိုင်ပိုင်ရှင်ခန်က ရောင်းရင်းရန်နဲ့ တော်တော်လေး ရင်းနှီးတာပဲ” ထိုစဉ် တွမ့်ယွမ်ရှန်း၏ အသံ ထွက်ပေါ်လာပြီး တွမ့်ယွမ်ရှန်းသည် မိုရှောင်ချီနှင့် အတူ အခန်းထဲသို့ ဝင်လာလေသည်။

ရန်ကိုင့်ကို မြင်သည့်အခါ မိုရှောင်ချီ၏ မျက်လုံးများ တောက်ပ သွားခဲ့ပြီး လျှာလေးထုတ်လျက် ပြောလိုက်လေ၏။ “အစတုန်းကတော့ ငါတစ်ယောက်တည်း လာမလို့ပဲ။ ဒါပေမဲ့ မြို့သခင်တွမ်နဲ့ ဆိုင်ပိုင်ရှင်ခန်က နင်အဆင်ပြေနေပြီဆိုတဲ့ အကြောင်းလဲကြားရော တစ်ခါတည်း လိုက်လာမယ် လုပ်နေတာ။ ငါလည်း သူတို့ကို ဘယ်လို တားလို့ တားရမှန်းမသိဘူး။”

“မိန်းကလေး ရှောင်ချီ။ ဒါနင့် အပြစ် မဟုတ်ပါဘူး။ မဖိတ်ခေါ်ဘဲနဲ့ လာခဲ့မိတဲ့ ငါတို့အမှား။ ရောင်းရင်းရန် မင်းဒါကို စိတ်ထဲမထားဘူးမလား။” တွမ့်ယွမ်ရှန်းက ရယ်မော၍ ပြောလိုက်လေ၏။

“အာ… မြို့သခင်တွမ်ရာ ကျုပ်ကို ခုလို သူစိမ်းတွေလို ဆက်ဆံနေစရာ မလိုပါဘူး။” ရန်ကိုင်က ပြုံးလျက် မိုရှောင်ချီအား ခေါင်းညိတ်ပြ လိုက်လေသည်။ “အခန်းကတော့ ရိုးရိုးရှင်းရှင်းပဲ နင်တို့ အဆင်ပြေသလိုသာ ထိုင်လိုက်ပေတော့။”

တွမ့်ယွမ်ရှန်းသည် ကိန်းကြီးခန်းကြီး လုပ်မနေဘဲ ထိုင်ခုံတလုံးကို ကောက်ယူကာ ထိုင်ချလိုက်လေသည်။ မိုရှောင်ချီနှင့် ခန်စစ်ရန်တို့သည်လည်း ထိုနည်းအတိုင်း လုပ်လိုက်ကြ၏။ အကုန်လုံး ထိုင်ချလိုက်ပြီးသည့် နောက်တွင် တွမ့်ယွမ်ရှန်းက အလေးအနက် အမူအယာဖြင့် ပြောလိုက်လေသည်။

“ရောင်းရင်းရန်… ငါမင်းကိုတကယ် တောင်းပန်တယ်ကွာ”

“ဘာဖြစ်လို့လဲ မြို့သခင်” ရန်ကိုင်က မင်သက်နေသည့် အမူအရာဖြင့် ပြန်မေးလိုက်လေ၏။ ထိုအခါ တွမ့်ယွမ်ရှန်းက ရှင်းပြလိုက်လေသည်။

“အဲ့တုန်းက ကျွမ်းပန် ထွက်ပြေးသွားလို့ ထောင့်ခုနှစ်သွယ် လိပ်နက်အစီအရင် ပျက်စီးသွားတယ်လေ။ အဲ့ဒါကြောင့်ပဲ မင်းလည်း တစ်ခါတည်း နတ်ဆိုးချီ ကူးစက် ခံလိုက်ရော။ ဒါပေမဲ့ ငါမင်းကို အချိန်မီ မကယ်လိုက်နိုင်ဘူး။ အဲ့အတွက်ကြောင့် ငါ့ကိုယ်ငါ တစ်ကယ်ရှက်မိတယ်။”

ရန်ကိုင်က ခေါင်းခါလျက် ပြန်ပြောလိုက်လေ၏။ “မြို့သခင်တွမ့် အဲ့ အခြေအနေက ခင်ဗျား ပြောသလောက်လည်း မဆိုးပါဘူး။ ရှင်းရှင်း ပြောရရင် အဲ့တုန်းက ကျုပ်ဘာဖြစ်နေလဲ ကျုပ်သိတယ်။ အဲ့ဒါ ခင်ဗျား အပြစ် မဟုတ်ဘူး။ ”

ရန်ကိုင့်စကားကို ကြားသည့်အခါ တွမ့်ယွမ်ရှန်းက ပြုံးလျက် “ရောင်းရင်းက တကယ်ကို သဘောကောင်းတာပဲ။”

“ဟမ့်… သွေးကြောင်နေတဲ့ ငကြောက်တစ်ယောက် ကများ။” ဘေးနားတွင် ရှိနေသော ခန်စစ်ရန်က မကျေမချမ်းဖြင့် ပြောလိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၀၉)

“ဆိုင်ပိုင်ရှင်ခန်… ငါမင်းကို ဘယ်တုန်းကများ ရန်စမိခဲ့ ဖူးလို့လဲ” တွမ့်ယွမ်ရှန်းသည် ခန်စစ်ရန်အား နားမလည်နိုင်စွာ ကြည့်ရင်း မေးလိုက်လေသည်။

ရှင်းရှင်းပြောရလျှင် သူသည် ခန်စစ်ရန်နှင့် ဤမျှ ရင်းနှီးသည် မဟုတ်။ သို့သော်ငြား ခန်စစ်ရန်ကို သိလာခဲ့သည်မှာ အတော်လေး ကြာနေခဲ့လေပြီ။

တကယ်တော့ ခန်စစ်ရန်သည် ခရမ်းကြယ်စင် ကုန်သွယ်ရေး အဖွဲ့အစည်း၏ လူတစ်ယောက် မဟုတ်ပေလော။ သူ့နောက်ခံမှာ အလွန်ကိုမှ ကြောက်စရာ ကောင်းပေသည်။ ထို့ကြောင့် ခန်စစ်ရန်သည် သူ့ထက် ကျင့်ကြံခြင်းအဆင့် နိမ့်သည်တိုင် တွမ့်ယွမ်ရှန်းမှာ သူ့အား သွားအထင်မသေးရဲပေ။

သို့သော်ငြား တာအိုသခင်အဆင့်သို့ ရောက်လာပြီးသည့် နောက်တွင် ခန်စစ်ရန်၏ သူ့အပေါ်သဘောထားမှာ အတော်လေး ပြောင်းလဲသွားကြောင်းကို တွမ့်ယွမ်ရှန်း တွေ့ရှိလိုက်ရသည်။

ရန်ကိုင့် ဒုက္ခရောက်သွားခဲ့ရသည့် အကြောင်းကို ကြားပြီးသည့်နောက်တွင် သူ့အပေါ် ဆက်ဆံပုံမှာ ပို၍ပင်ဆ ဆိုးရွားလာသေး၏။ ထိုအဖြစ်အပျက်ကြောင့် တွမ့်ယွမ်ရှန်းမှာ နားမလည်နိုင် ဖြစ်ရသလို ဒေါသလည်း ထွက်မိ၏။

ခန်စစ်ရန်သည် တာအိုသခင်အဆင့်သို့ ရောက်လာပြီးသည့် နောက်တွင် မာနကြီးလာသည်ဟု တွမ့်ယွမ်ရှန်း ခံစားရလေသည်။ ယခု ရန်ကိုင့်ရှေ့တွင်ပါ လှောင်ပြောင်ခံ လိုက်ရသည့်အခါ တွမ့်ယွမ်ရှန်းမှာ ဆက်၍ သည်းမခံနိုင်တော့ဘဲ ထမေးတော့လေ၏။

“မြို့သခင်တွမ့်က ဘယ်လိုနောက်ရမလဲ တကယ်သိတာပဲနော်။ မြို့သခင်တွမ့်လို လူတစ်ယောက်က ကျုပ်လို ဘာမဟုတ်တဲ့ လူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး လာရန်စမိမှာလဲ။” ခန်စစ်ရန်က ထူးဆန်းသည့် လေသံဖြင့် ပြောလိုက်လေ၏။

“မင်း……” တွမ့်ယွမ်ရှန်း အလွန်ကိုမှ ဒေါသူပုန်ထ သွားခဲ့လေ၏။ တကယ်တော့ သူသည် မြို့သခင် တစ်ဦး ဖြစ်နေဆဲ။ သို့သော်ငြား ခန်စစ်ရန်သည် သူ့အား မလေးမစား ဆက်ဆံရုံတင်မဟုတ် လူရှေ့သူရှေ့တွင်ပါ ပွင့်ပွင့်လင်းလင်း လှောင်ပြောင်နေခဲ့သည်။ သူ့နေရာတွင် အခြားသူတစ်ဦးသာ ဆိုလျှင်လည်း ဒေါသထွက်မိမည်မှာ အမှန်ပင်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျုပ်နည်းနည်း ဝင်ပြောဦးမယ်” ရန်ကိုင်က ဝင်ပြောလိုက်လေသည်။ ခန်စစ်ရန် ဘာကြောင့် တွမ့်ယွမ်ရှန်းအား ဤကဲ့သို့ လှောင်ပြောင်ပြောဆို နေရသလဲ ဆိုသည်ကို သူသိပေသည်။ ထို့ကြောင့် ခန်စစ်ရန်အား လှည့်၍ ပြောလိုက်လေ၏။

“ရောင်းရင်းခန်က အဲ့ကိစ္စကို အဲ့လောက်ကြီး စိတ်ထဲထားမနေနဲ့။ အဲ့တုန်းက မြို့သခင်တွမ့်ကလည်း ကျုပ်ကို လုံးဝ ကူညီနိုင်တော့တာ မဟုတ်ဘူး။ သူ့မှာ ထွက်ပြေးဖို့ လမ်းပေါက် တစ်ခုပဲ ရှိတော့တာ။ အဲ့ကိစ္စက သူ့ကို သွားအပြစ်တင်လို့ မရဘူး”

“ရောင်းရင်းရန် မင်းက တကယ်ကို သဘောကောင်းတာပဲ။ သေချာ စဉ်းစား ဆင်ခြင်နိုင်စွမ်းလဲ ရှိတယ်။” တွမ့်ယွမ်ရှန်းက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍ ပြောလိုက်လေသည်။

“အဲ့တာ တစ်ကယ်လား” ခန်စစ်ရန် မျက်မှောင်ကြုတ် သွားခဲ့ပြီး ရန်ကိုင့်အား လှမ်းကြည့်လိုက်လေ၏။ ထို့နောက် တွမ့်ယွမ်ရှန်းဘက်သို့ လက်သီးဆုပ်၍ တောင်းပန်လိုက်လေသည်။

“ရောင်းရင်းရန်က ရှင်းပြပြီးပြီဆိုတော့ ကျုပ်ဘက်က ရိုင်းသလို ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်။ ခုနတုန်းက အရမ်းစိတ်စောနေတော့ သေသေချာချာ မစဉ်းစားမိလိုက်ဘူး ဖြစ်သွားတယ်။ မြို့သခင်တွမ် ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့”

ထိုစကားကို ကြားသည့်အခါ တွမ့်ယွမ်ရှန်း၏ အမူအရာ ပြောင်းလဲ သွားခဲ့ပြီး ချက်ချင်းပဲ ပြန်ပြောလိုက်လေ၏။ “ရပါတယ် ရောင်းရင်းခန်”

သူ့မျက်နှာ အမူအရာမှာ တည်ငြိမ်နေခဲ့သော်ငြား စိတ်ထဲတွင်မူ အတော်လေးကိုမှ အံ့အားသင့်နေမိခဲ့လေသည်။ ရန်ကိုင်မှ စကားလေးတစ်ခွန်း ဝင်ပြောလိုက်သည့် အတွက်ကြောင့် ခန်စစ်ရန်၏ သဘောထားမှာ အပြောင်းအလဲကြီး ပြောင်းလဲ သွားခဲ့ရသည်။

ကြည့်ရသလောက် ခန်စစ်ရန်နှင့် ရန်ကိုင်ကြားရှိ ဆက်ဆံရေးမှာ ပုံမှန် မဟုတ်သည့် ပုံပင်။ ‘ကြည့်ရတာ ဒီနှစ်ယောက်က တော်တော်လေး ရင်းနှီးတယ်နဲ့ တူတယ်’ တွမ့်ယွမ်ရှန်း သူ့စိတ်ထဲမှနေ၍ တွေးလိုက်လေသည်။

ခန်စစ်ရန် အနေဖြင့် သူနှင့်အဆင့်တူ ကျင့်ကြံသူတစ်ဦး ဖြစ်သော ရန်ကိုင့်၏ စကားကို ဘာကြောင့် ထိုမျှ နာခံနေရလဲ ဆိုသည်ကို တွမ့်ယွမ်ရှန်း နားမလည်နိုင် ဖြစ်နေခဲ့သည်။

“မြို့သခင်တွမ့်… ကျွမ်းပန်ကော” ရန်ကိုင်က ရုတ်တရက် မျက်နှာကြီးမဲ့ကာ မေးလိုက်လေသည်။ ကျွမ်းပန်သည် ဤကိစ္စအားလုံး၏ အဓိက လက်သည် တရားခံ မဟုတ်သော်ငြား သူတို့အားလုံး ဒုက္ခရောက်သွားခဲ့ရခြင်းမှာ ကျွမ်းပန်ကြောင့်လည်း ပါပေသည်။

ထိုငကြောက်သည်သာ အစောကြီး ထွက်ပြေးမသွားခဲ့လျှင် ထောင့်ခုနှစ်သွယ် လိပ်နက်အစီအရင် အနေဖြင့် ချက်ချင်းကြီး ပြိုကျ သွားလိမ့်မည် မဟုတ်သလို အကုန်လုံးလည်း ဆိုးဆိုးရွားရွား ဒုက္ခ ရောက်ကြလိမ့်မည် မဟုတ်ပေ။

သူ့ကြောင့်ပင်လျှင် ချင်းကျောင်းရန်မှာ ဒဏ်ရာ ရသွားခဲ့ပြီး တုလင်ရှန်းမှာ နေရာတွင်ပင် ပွဲချင်းပြီး သေသွားခဲ့ရသည်။ ထို့ကြောင့် ရန်ကိုင်မှာ ကျွမ်းပန်အား အတော်လေးကိုမှ မုန်းတီး နေခဲ့လေသည်။

“သူပျောက်နေတယ်” တွမ့်ယွမ်ရှန်းက စိတ်ညစ်နေသည့် အမူအရာဖြင့် “ကျွတ်… ငါလူရွေးတာ မှားသွားတယ်။ အဲ့ကိစ္စကတော့ ငါ့အမှားပဲ။ သူသာအဲ့လို ငကြောက်မှန်းသိခဲ့ရင် အစောကတည်းက ငါသူ့ကို မရွေးလိုက်ဘူး။ အခုတော့ သူကြောင့် အကုန်လုံး ဒုက္ခရောက်ခါနီး ဖြစ်သွားရတယ်” ခဏမျှ ရပ်လိုက် ပြီးနောက် တွမ့်ယွမ်ရှန်းက ဆက်ပြောလိုက်လေသည်။

“ကျွမ်းပန်က ထွက်ပြေးသွားပြီးတဲ့ နောက်ပိုင်း မေပယ်မြို့ကို ပြန်မလာတော့ဘူး။ သူ့ကျင့်ကြံခြင်း နဲ့ ဆိုရင်တော့ နတ်ဆိုးချီထဲမှာ အဲ့လောက် အကြာကြီးနေရင် တစ်ခါတည်း နတ်ဆိုးအဖြစ် ပြောင်းသွားမှာပဲ။ ဒါပေမဲ့ အခု နတ်ဆိုးအဖြစ် ပြောင်းသွားတဲ့ လူတွေတောင် ပြန်ကောင်းလာတာ ဆိုတော့ သူလည်း ပြန်ကောင်း နေလောက်တယ်။ ကြည့်ရတာ သူတစ်နေရာရာမှာ ပုန်းနေတာနဲ့ တူတယ်”

“ကျုပ်နဲ့တော့ လာမတွေ့စေ နဲ့ပေါ့ကွာ။ လာတွေ့ရင်တော့ တစ်ခါတည်း ဒီလောကကြီးမှာ မွေးလာရတာ နောင်တရသွားအောင် လုပ်ပေးလိုက်မယ်။” ခန်စစ်ရန်က အေးစက်စက် အမူအရာဖြင့် ပြောလိုက်လေသည်။

တွမ့်ယွမ်ရှန်းသည် ခန်စစ်ရန်အား တစ်ချက် ကြည့်လိုက်ပြီးနောက် ရန်ကိုင့်ဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ “ဒါနဲ့ ရောင်းရင်းရန် နောက်ပိုင်း ဘာတွေ ဆက်ဖြစ်သွားတာလဲ”

တွမ့်ယွမ်ရှန်း၏ အမေးကိုကြားသော် ခန်စစ်ရန်နှင့် မိုရှောင်ချီတို့သည် ရန်ကိုင့်အား တစ်ချိန်တည်း လှည့်ကြည့် လာလိုက် လေသည်။

ရန်ကိုင်က ခါးသက်စွာ ပြုံးလျက် “ကျုပ်လည်း ဘာမှ သေချာမသိဘူး။ နတ်ဆိုးချီ ကူးစက် ခံလိုက်ရတဲ့နောက်ပိုင်း ကျုပ်အသိစိတ် ပင်လယ်တစ်ခုလုံး ဗြောင်းသတ်သွားပြီး မြင်ကွင်းတစ်ခုလုံးလည်း မှောင်ကျသွားတာပဲ။ နောက်ဆုံး ကျုပ်ပြန်နိုးလာတော့ အကုန်လုံး အကောင်းအတိုင်း ဖြစ်နေတာကို တွေ့လိုက်ရတယ်”

တွမ့်ယွမ်ရှန်းတို့ ဤကဲ့သို့ မေးမည်မှန်း ကြိုသိပြီးသားပင်။ ထို့ကြောင့် ဇာတ်လမ်းတစ်ခုကို ကြိုတင်ပြင်ဆင် ထားခဲ့ခြင်း ဖြစ်သည်။ ပြောပြီးသည့် နောက်တွင် နားမလည်နိုင်ဟန်ဖြင့် ထပ်ပြောလိုက်လေသည်။

“ဒါပေမဲ့ အဲ့အချိန်အတွင်းမှာ အရမ်းအားကောင်းတဲ့ စွမ်းအင်လှိုင်းတွေ ဖြာထွက်နေတာတော့ ကျုပ်ခံစားမိလိုက်တယ်။ တကယ် ဟုတ်မဟုတ်တော့ ကျုပ်လည်း မသိဘူး။”

တွမ့်ယွမ်ရှန်းက ပြန်ပြောလိုက်လေ၏။ “မင်းမမှားဘူး ရောင်းရင်းရန်။ ကောင်းကင်တိုက်ပွဲ ဒိုဂျိုက စီနီယာချန် နဲ့ အခြားအင်အားစုကြီးတွေက စီနီယာနှစ်ယောက် ရောက်လာသေးတယ်။ ကြည့်ရတာ သူတို့နဲ့ အခြားတစ်ယောက်နဲ့ တိုက်ပွဲဖြစ်သွားတာနဲ့ တူတယ်။”

“ဟမ်…” ရန်ကိုင်က အံ့အားသင့်နေသည့် အမူအရာဖြင့် “သူတို့အခု ဘယ်မှာလဲ။ သူတို့ ခင်ဗျားကို တစ်ခုခု ပြောသွားခဲ့သေးလား။”

ထိုစကားကို ကြားသည့်အခါ တွမ့်ယွမ်ရှန်းက ရှက်ရှက်ဖြင့် ပြန်ပြောလိုက်လေသည်။ “သူတို့ မေပယ်မြို့ကိုတောင် ရောက်မလာဘူး။ တိုက်ပွဲ ပြီးသွားတဲ့နောက် သူတို့ ဘယ်ဆက်သွားလဲ ငါမပြောတတ်ဘူး”

သူသည် မေပယ်မြို့၏ မြို့သခင် ဖြစ်သော်ငြား ဤအကြောင်းကို ဝန်ခံရသည်မှာတော့ အတော်လေးကို ရှက်စရာ ကောင်းပေသည်။ ထိုသူများသည် သူ့ပိုင်နက်အတွင်းသို့ ရောက်လာခဲ့သော်လည်း သူ့အား တစ်ချက်ကလေးပင် နှုတ်ဆက်မသွားခဲ့။

သူတို့ရောက်လာမည့် အကြောင်းကိုပင် အကြောင်းကြားခဲ့ခြင်း မရှိပေ။ ဧကရာဇ်အဆင့် ပညာရှင်သုံးဦးတို့သည် မြို့သခင်တွမ့်အား နည်းနည်းလေးပင် မျက်လုံးထဲ မထည့်။

သို့သော်ငြား သူကိုယ်တိုင်သည် တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည့်အတွက်ကြောင့် ဧကရာဇ်အဆင့် ပညာရှင်များကို သွားမေးခွန်း မထုတ်ရဲပေ။

“ဒါဆိုရင် နတ်ဆိုးချီတွေ ပျောက်သွားအောင် လုပ်လိုက်တာ အဲ့စီနီယာတွေပေါ့” ရန်ကိုင်က အလေးအနက် အမူအယာဖြင့် “ဧကရာဇ်အဆင့် ပညာရှင်တွေ ဆိုတဲ့အတိုင်းပဲ။ သူတို့ စွမ်းအားက တကယ် အံ့အားသင့်စရာပဲ။ အခုလိုမျိုး နတ်ဆိုးချီကို ရှင်းလင်းအောင် လုပ်သွားပြီးတာတောင် လူရှေ့သူရှေ့ ရောက်လာပြီး ဂုဏ်ယူဝံ့ကြွား ပြမနေဘဲ ချက်ချင်း ပြန်ဆုတ်သွားတယ်။ တကယ်ကို လေးစားစရာ ကောင်းတယ်”

တွမ့်ယွမ်ရှန်းကလည်း အလေးအနက် အမူအယာဖြင့် “ငါတို့ မေပယ်မြို့ အခုလိုမျိုး အေးအေးချမ်းချမ်း နေနိုင်တာ အဲ့စီနီယာတွေရဲ့ ကျေးဇူးတွေနဲ့ မကင်းဘူး။ ငါတို့ သူတို့ကို သေချာ ကျေးဇူးတင်ရမယ်”

ခန်စစ်ရန်နှင့် မိုရှောင်ချီသည် ပင်လျှင် ခေါင်းညိတ် ထောက်ခံ လိုက်လေသည်။ သူတို့နှစ်ဦးစလုံးသည်လည်း နတ်ဆိုးချီ ပျောက်ကွယ် သွားရခြင်းမှာ ဧကရာဇ်အဆင့် ပညာရှင်များကြောင့်ဟု ထင်နေခဲ့သည်။

“ဒါနဲ့ ရောင်းရင်းရန်… ငါဒီကို ရောက်လာတာ မင်းကို တစ်ခုခု မေးချင်လို့ကွ။ မင်း မေပယ်မြို့မှာ နေဖို့ စဉ်းစားထားလား”

“ရေရှည် နေဖို့လား” ရန်ကိုင် မျက်ခုံးပင့်လိုက်သည်။

“ဟုတ်တယ်…” တွမ့်ယွမ်ရှန်းက ခေါင်းညိတ်လိုက်၏။ “ငါတို့ စုံစမ်းထားသလောက်တော့ မင်းမှာ ဘာဂိုဏ်း ဘာမိသားစုမှ မရှိဘူး။ မင်းက လေလွင့်ကျင့်ကြံသူ တစ်ယောက်ပဲ။ ဒါကြောင့် မင်းသာ မေပယ်မြို့မှာ နေမယ်ဆိုရင် ငါမင်းကို ဒုမြို့သခင် ရာထူးပေးမလို့။ မင်းလည်း သိတဲ့ အတိုင်းပဲလေ။ အခု ကျွမ်းပန် ထွက်ပြေးသွားတော့ ဒုမြို့သခင် ရာထူးက လစ်လပ်နေတာ။ ဒါကြောင့် မင်းသာ မေပယ်မြို့မှာ နေမယ်ဆိုရင် အဲ့ရာထူးကို မင်းကို ပေးမလားလို့ စဉ်းစားနေတာ”

ပြောပြီးသည့် နောက်တွင် ရန်ကိုင့်အား မျှော်လင့်တကြီး ကြည့်လိုက်လေသည်။

“အဲ့ဒါကတော့… အဲ” ရန်ကိုင်က ရှက်ရှက်ဖြင့် ပြန်ပြောလိုက်လေသည်။

မေပယ်မြို့အား အခြားသူများနှင့် အတူတကွ ခုခံနေစဉ် ချင်းကျောင်းရန်မှ ထိုအကြောင်းအား ပြောပြသည်ကို ရန်ကိုင် ကြားခဲ့ဖူးပေသည်။ တွမ့်ယွမ်ရှန်းသည် အစကတည်းက သူ့အား တတိယမြောက် ဒုမြို့သခင် ရာထူးပေးရန် စီစဉ်နေခြင်း ဖြစ်သည်။

သို့သော်ငြား တွမ့်ယွမ်ရှန်းသည် ထိုအကြောင်းကို တကယ်ကြီး ကိုယ်တိုင်ကိုယ်ကျ လာရောက်မေးမြန်း လိမ့်မည်ဟု မထင်ထားခဲ့ချေ။

“ရောင်းရင်းရန်လို ပါရမီရှင် တစ်ယောက်က အနှေးနဲ့ အမြန် အမြင့်ကို တက်သွားမှာ။ ဘယ်လိုလုပ်ပြီး မေပယ်မြို့ထဲမှာ နေမှာလဲ။” ဘေးနားတွင် ရပ်နေသော ခန်စစ်ရန်က ဝင်ပြောလိုက်လေသည်။

တွမ့်ယွမ်ရှန်းသည် ခန်စစ်ရန်အား တစ်ချက် ကြည့်လိုက်ပြီးနောက် ရန်ကိုင့်အား ပြန်ပြောလိုက်လေသည်။

“အင်း… ကျုပ်နားလည်ပြီ”

ရန်ကိုင်က ခါးသက်စွာ ပြုံးလျက် “အားနာပါတယ်… မြို့သခင်တွမ့်ရယ်၊ ကျုပ်က အမြဲလိုလို တစ်နေရာကနေ တစ်နေရာကို လျှောက်ပြီး သွားနေတာ။ ဘယ်တော့မှ နေရာ တစ်ခုတည်းမှာ အကြာကြီး နေတတ်တာ မဟုတ်ဘူး။ ဒါပေမဲ့ အခုလိုမျိုး ဖိတ်ခေါ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်”

“ရောင်းရင်းရန် စိတ်ထဲ မထားပါနဲ့။ ကျုပ်က တစ်ချက် မေးကြည့်တာပါ”

ဘေးနားတွင်ရှိနေသော မိုရှောင်ချီက ရယ်မောလျက် ဝင်ပြောလိုက်လေသည်။ “အစ်ကိုရန်… မေပယ်မြို့ထဲကနေ ထွက်သွားတော့မယ်ဆိုရင် ကျွန်မကို လှမ်းအကြောင်းကြားဦးနော်။ ကျွန်မလည်း အစ်ကိုနဲ့ အတူ ဒီလောကကြီးကို လျှောက်ပတ်သွား ကြည့်ချင်နေတာ”

ရန်ကိုင်က မိုရှောင်ချီအား လှမ်းကြည့်၍ စနောက်လိုက်လေ၏။ “မိန်းမချောလေး တစ်ယောက်က အဖော် လိုက်ပေးမှာကို ငါက ဘာလို့ ငြင်းရမှာလဲ”

“ဟွန့်…” မိုရှောင်ချီ ရှက်သွေးဖြာ သွားခဲ့လေ၏။ “အစ်ကိုရန်… ရှင်က တကယ် အကျင့်မကောင်းတာ ပဲနော်”

သူမ၏ ပုံစံကို ကြည့်ရင်း တွမ့်ယွမ်ရှန်းနှင့် ခန်စစ်ရန်တို့ နှစ်ဦးစလုံး ပွဲကျ သွားခဲ့လေသည်။ သို့သော်ငြား မိုရှောင်ချီ၏ မျက်နှာထက်ရှိ မွေးရာပါ အမှတ်အသားကို မြင်လိုက်ချိန် သူတို့နှစ်ဦးစလုံး သက်ပြင်းချ လိုက်လေ၏။

သူမတွင်သာ ဤမွေးရာပါ အမှတ်အသား ရှိမနေခဲ့လျင် မိုရှောင်ချီသည် တကယ်ကို မိန်းမချောလေး တစ်ဦး ဖြစ်ပေလိမ့်မည်။ ဤမွေးရာပါ အမှတ်အသား ရှိနေသည့်တိုင် မိုရှောင်ချီ၏ အလှမှာ တကယ်ကိုမှ စွဲမက်စရာ ကောင်းနေသေး၏။

ခဏကြာမျှ စကားဆက်ပြောနေ ပြီးသည့် နောက်တွင် တွမ့်ယွမ်ရှန်းနှင့် သူ့အပေါင်းအပါများသည် ရန်ကိုင့်အား နှုတ်ဆက်၍ ထိုနေရာမှ ပြန်လည် ထွက်ခွာ သွားခဲ့လေသည်။

“ဒါနဲ့ ရောင်းရင်းရန်” ထွက်သွားခါနီးတွင် တွမ့်ယွမ်ရှန်းသည် ရန်ကိုင့်ဘက်သို့ ပြန်လှည့်၍ ပြောလိုက်လေ

၏။ “ငါမင်းကို ပြောစရာ တစ်ခု ရှိတယ်”

“ဘာလဲ” ရန်ကိုင်က နားမလည်နိုင် ဟန်ဖြင့် မေးလိုက်လေသည်။

“မင်း အကျဉ်းချထားဖို့ ပြောထားတဲ့လူလေ… အဲ့လူ ဘယ်လိုနည်းလမ်းတွေ သုံးသွားလဲမသိဘူး ငါတို့ ပြန်ရောက်တဲ့ အချိန်မှာ သူအကျဉ်းထောင်ထဲမှာ မရှိတော့ဘူး”

ရန်ကိုင်က မျက်ခုံးပင့်လျက် ပြောလိုက်၏ “ဟို လူလိမ်အိုကြီးကို ပြောတာလား”

“ဟုတ်တယ်…” တွမ့်ယွမ်ရှန်းက ထူးဆန်းသည့် အမူအယာဖြင့် “အဲ့တုန်းက မြို့ထဲက လူတွေ တော်တော်များက နတ်ဆိုးချီကို ခုခံ ကာကွယ်နေကြတာဆိုတော့ သူ့ကို ဘယ်သူမှ စောင့်ကြည့် မနေနိုင်ဘူး”

“ဒါပေမဲ့ မင်းက သူ့ကျင့်ကြံခြင်း ချိတ်ပိတ်ထားတာ ဆိုတော့ သူ့လက်ကျန် ခွန်အားလောက်နဲ့ ဆိုရင် အဲ့အကျဉ်းထောင်ထဲက ဘယ်လိုမှ မလွတ်မြောက်နိုင်ဘူး။ ဒါပေမဲ့ အစောင့်တွေ ပြောတာတော့ သူပျောက်သွားပြီတဲ့… ဘာသဲလွန်စမှ မကျန်ခဲ့ဘူးတဲ့… တကယ်ကို ထူးဆန်းလွန်းတယ်”

“ဟဲဟဲ…” ရန်ကိုင်က ရယ်မောလျက် “ကျုပ်သိတယ်”

တွမ့်ယွမ်ရှန်းက အံ့အားသင့်နေသည့် အမူအယာဖြင့် “အစကတည်းက အခုလို ဖြစ်မယ်မှန်း မင်းသိတာလား”

ရန်ကိုင်၏ အံ့အားသင့်သွားခြင်း မရှိသည့် အမူအယာကြောင့် ထိုလူလိမ်အိုကြီး ထွက်ပြေးသွားမည် မှန်းကို ရန်ကိုင် အစောကြီးကတည်းက သိနေလိမ့်မည်ဟု တွမ့်ယွမ်ရှန်း ခန့်မှန်းမိ သွားခဲ့လေသည်။

“အစတုန်းကတော့ ခန့်မှန်းမိရုံလေးပဲ… ဒါပေမဲ့ အခုကြည့်ရတာတော့ အဲ့လူကြီးက တကယ်ကို မရိုးရှင်းဘူးဆိုတာ သေချာသွဦးပြီ” ရန်ကိုင်က ပြောလိုက်သည်။

လူလိမ်အိုကြီးသည် သစ်တောမြို့ဆီမှ မေပယ်မြို့ဆီသို့ လာရောက် အကူအညီ တောင်းခဲ့လေသည်။ သို့သော်ငြား သူ့ကျင့်ကြံခြင်းမှာ တန်ခိုးရှင်ဘုရင် တတိယအဆင့်သာ ရှိသေး၏။

သို့တိုင် ထိုကျင့်ကြံခြင်းဖြင့် နတ်ဆိုးချီထဲ မည်သည့် ထိခိုက်မှုမှ မရှိပဲ လုံလုံခြုံခြုံဖြင့် ဖြတ်သန်း လာနိုင်ခဲ့သည်။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင် လူလိမ်အိုကြီးမှာ လုံးဝ မရိုးရှင်းမှန်း သိနိုင်ပေသည်။

ထို့နောက်တွင် ရန်ကိုင်သည် လူလိမ်အိုကြီး၏ ကျင့်ကြံခြင်းကို ချိတ်ပိတ်ကာ အကျဉ်းထောင်ထဲတွင် ထည့်ပိတ် ထားခဲ့သည်။ သို့တိုင် လူလိမ်အိုကြီးမှာတော့ သဲလွန်စမကျန် ပျောက်ကွယ် သွားခဲ့လေသည်။

မည်သည့် သာမန်တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူမျှ ထိုကဲ့သို့ လုပ်နိုင်လိမ့်မည် မဟုတ်ပေ။ လူအိုကြီး ထိုသို့ လုပ်နိုင်သည်ကို ကြည့်လျှင် သူသည် သာမန် ကျင့်ကြံသူ တစ်ဦး မဟုတ်ကြောင်း ပြောနိုင်ပေလိမ့်မည်။

“ငါတို့ သူ့ကို လိုက်ဖမ်းသင့်လား” တွမ့်ယွမ်ရှန်းက မေးလိုက်သည်။ “ဖမ်းမယ်ဆိုရင် ငါကူညီပေးမယ်”

“မလိုဘူး” ရန်ကိုင်က ခေါင်းခါလျက် “ကျုပ်သူ့ကို အကျဉ်းချ ထားတယ်ဆိုတာ သူနတ်ဆိုးချီကို ဘာဒဏ်ရာမှ မရပဲ ဖြတ်ကျော် လာတဲ့ နည်းလမ်းကို သိချင်လို့ အကျဉ်းချထားတာ။ သူ့ဆီက အဲ့နည်းလမ်းကိုသာ ရလို့ရှိရင် ကျုပ်တို့ မြို့ထဲက ကျင့်ကြံသူတွေလည်း နတ်ဆိုးချီတွေထဲ လွတ်လွတ်လပ်လပ် သွားလာလို့ ရပြီ။ ဒါပေမဲ့ အခု ဒီနတ်ဆိုးချီ ကပ်ဘေးကြီးက ပြီးသွားပြီဆိုတော့ သူ့ကိုဆက်ပြီး အကျဉ်းချ ထားစရာ မလိုတော့ဘူး။ ပြီးတော့ သူ့လုပ်ရပ်ကလည်း အရမ်းကြီး လွန်တာမှ မဟုတ်တာ… ဒီအတိုင်း ဟိုတစ်ယောက် ဒီတစ်ယောက် လောက် လိုက်လိမ်ရုံပဲ ဟာကို”

“မင်းက အဲ့လိုပြောတယ် ဆိုမှတော့… ငါလည်း သူ့ကို လွှတ်ပေးလိုက်တော့ ပါမယ်လေ” တွမ့်ယွမ်ရှန်းက ရယ်မောလျက် လက်သီးဆုပ်ကာ ပြောလိုက်လေ၏။

“ကဲ… ဒါဆို မင်းနားလိုက်ဦးနော် ရောင်းရင်းရန်… ငါတို့ သွားလိုက်ဦးမယ်”

ရန်ကိုင်သည် တွမ့်ယွမ်ရှန်းတို့အား အခန်းဝထိ လိုက်ပို့ လိုက်ပြီးနောက် သူ့အခန်းသို့ ပြန်လာကာ ထိုင်ချလိုက်လေသည်။

တစ်နာရီ ကြာပြီးသည့်နောက်တွင် ရန်ကိုင်၏ မျက်လုံးများ ဆတ်ခနဲ ပွင့်လာပြီးနောက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေ

၏။

“ရောက်လာမှတော့ ဝင်လာတော့လေ… ဘာလို့ ခိုးကြောင်ခိုးဝှက် လုပ်နေသေးတာလဲ”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၁၀)

ရန်ကိုင်၏ အသံ ထွက်လာသည့်အခါ တစ်စုံတစ်ဦးသည် အခန်းထဲသို့ အမြန် ပြေးဝင်လာပြီး တံခါးအား အလျင်အမြန် ပြန်ပိတ် လိုက်လေသည်။ ရောက်လာသည့်သူကို မြင်သော် ရန်ကိုင်က လက်သီးဆုပ်လျက် အော်ဟစ်ရယ်မောကာ ပြောလိုက်လေ၏။

“လူအိုကြီးချင်း ပါလား”

ယခု ရောက်လာသည့်လူမှာ ချင်းမိသားစု၏ ဘိုးဘေးဖြစ်သော ချင်းကျောင်းရန်မှ လွဲ၍ အခြားမဟုတ်ပေ။

“ရောင်းရင်းရန်…” ချင်းကျောင်းရန်က အနည်းငယ် ရှက်ရွံ့နေသည့် အမူအရာဖြင့် ပြန်၍ နှုတ်ဆက် လိုက်လေသည်။

ရန်ကိုင်က ပြောလိုက်လေ၏။ “လူအိုကြီးချင်း ခင်ဗျား အိမ်မှာ အနားယူနေတာ မဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ”

ယခင် ရထားသည့် ဒဏ်ရာများမှာ အရှင်း ပျောက်ကင်း သွားခြင်း မရှိသေးသည့် အတွက်ကြောင့် ချင်းကျောင်းရန်၏ အသားအရေမှာ အနည်းငယ် ဖြူလျော်နေသလို ဖြစ်နေခဲ့သည်။

သို့သော်ငြား ရန်ကိုင့်ဆီသို့ လာလည်ရာတွင် တွမ့်ယွမ်ရှန်းတို့နှင့် အတူမလာခဲ့ဘဲ သူ့ဘာသာ တစ်ဦးတည်း ခိုးကြောင်ခိုးဝှက်ဖြင့် လာခဲ့လေသည်။ ထိုအကြောင်းကို စဉ်းစားလိုက်သည့်အခါ ချင်းကျောင်းရန် ဘာကြံနေမှန်း ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့သည်။

“ငါ့ဒဏ်ရာက ဘာမှ ဒီလောက်မဟုတ်ဘူး” ချင်းကျောင်းရန်သည် လက်ဝှေ့ယမ်းလျက် ထိုင်ခုံတစ်ခုံကို ယူထိုင်လိုက်ရင်း ပြောလိုက်လေသည်။

“မင်း ပြန်ရောက်လာပြီ ကြားတော့ ငါအမြန် ပြေးလာခဲ့တာ… ဒါပေမဲ့ မြို့သခင်တို့က ကြိုရောက်နေမယ်လို့ မထင်ထားခဲ့ဘူး”

“ဒါကြောင့် အပြင်မှာ ပုန်းနေတာပေါ့…” ရန်ကိုင်က ရယ်မောလျက် ပြောလိုက်သည်။

“ငါ့မှာ မင်းကို ပြောစရာ တစ်ခု ရှိတယ်… ဒါပေမဲ့ အဲ့အကြောင်းကို မြို့သခင်ရှေ့မှာ ပြောပြလို့ မရဘူး” ချင်းကျောင်းရန်က ကို့ရို့ကားယား အမူအရာဖြင့် ပြောလိုက်လေသည်။

“ဟူး… …” ရန်ကိုင်သည် သက်ပြင်းတစ်ချက် ချ၍ ချင်းကျောင်းရန်အား ကြည့်ကာ ပြောလိုက်လေ၏။ “လူအိုကြီးချင်း ဘာလိုချင်နေလဲ ဆိုတာကို ကျုပ် ခန့်မှန်းမိပါတယ်။ ဒါပေမဲ့… ကျုပ်ဘက်က ငြင်းမှပဲ ရလိမ့်မယ်”

ချင်းကျောင်းရန်က ပြန်မေးလိုက်လေသည်။ “ငါ ဘာမှတောင် မပြောရသေးတာကို မင်းက ဘယ်လိုလုပ်ပြီး သိနေ ရတာလဲ”

ရန်ကိုင်က ခါးသက်စွာ ရယ်မောလျက် “လူအိုကြီးချင်း… ခင်ဗျားတို့ရဲ့ ချင်းမိသားစုထဲကို ဝင်ဖို့ ကျုပ်ကို လာပြောတာ မဟုတ်ဘူးလား”

“အဲ့လောက်တောင် သိသာနေတာလား” ချင်းကျောင်းရန် အံ့အားသင့်သွား ခဲ့လေသည်။

ရန်ကိုင်က ခေါင်းညိတ်လျက် “လူအိုကြီးချင်း… ခင်ဗျား အဲ့အကြောင်းကို ပြောတာ တစ်ကြိမ် နှစ်ကြိမ် မကတော့ဘူးလေ။ အရူးပဲ ခင်ဗျား ရည်ရွယ်ချက်ကို မခန့်မှန်းမိပဲ နေမှာပေါ့”

“ပြီးတော့… ချင်းမိသားစုက ကျန်းမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းလိုက်တယ် လို့လည်း ကျုပ် ကြားသေးတယ်။ အားကောင်းတဲ့ နောက်ခံ မရှိဘဲ အဲ့ ပစ္စည်းတွေကို သွားသိမ်းလိုက် မိလို့ရှိရင် အခြား လူတွေရဲ့ ရန်ကို တောက်လျောက် ကြောက်နေရ တော့မှာ”

“ညီလေးရန်… မင်းငါ့ကို ကောင်းကောင်း သိတာပဲကွ” ရန်ကိုင် ပြောသည်ကို ကြားသည့်အခါ ချင်းကျောင်းရန်၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး ခေါင်းညိတ် ပြလိုက်လေ၏။

ထို့နောက် ပြန်ပြောလိုက်လေသည်။ “မင်းပြောသလိုပဲ… အဲ့တာကြောင့်မို့ ငါမင်းဆီ လာခဲ့တာ။ ငါမင်းကို ချင်းမိသားစုရဲ့ မဟာအကြီးအကဲ ရာထူးကို ယူစေချင်တာ။ အဲ့ ရာထူးက ငါ့အောက် နည်းနည်းလေးမှ မလျော့ဘူး။ ငါတို့သာ အတူပူးပေါင်းမယ် ဆိုရင် ဟို သက်ကြားအိုကြီးတွေ ဘာမှ ပြန်လုပ်ရဲတော့မှာ မဟုတ်ဘူး”

ရန်ကိုင်က သက်ပြင်းချလျက် ပြန်ပြောလိုက်လေသည်။ “ကျုပ် မြို့သခင်တွမ့်‌ ပေးတဲ့ ဒုမြို့သခင် ရာထူးကို အခုလေးတင် ငြင်းခဲ့ပြီးသွားပြီ”

ထိုစကားကို ကြားသည့်အခါ ချင်းကျောင်းရန်က စိတ်ပျက်သွားသည့် အမူအရာဖြင့် “အဲ့လိုလား…”

ရန်ကိုင်သည် တွမ့်ယွမ်ရှန်း၏ ဖိတ်ခေါ်မှုကို ငြင်းဆို ခဲ့လေသည်။ ထို့ကြောင့် သူသာ ချင်းကျောင်းရန်၏ ကမ်းလှမ်းမှုကို လက်ခံလိုက်မည် ဆိုပါက တွမ့်ယွမ်ရှန်းအား ရန်စမိလိုက်သလို ဖြစ်သွားမည် ဖြစ်သလို တွမ့်ယွမ်ရှန်အပေါ် အထင်သေးရာလည်း ရောက်သွား ပေလိမ့်မည်။

ထိုသို့ ဖြစ်လာသည့်အခါ တွမ့်ယွမ်ရှန်း အနေဖြင့် ရန်ကိုင့်ကိုပင် အငြိုးထားလာ နိုင်ပေ၏။ ထိုအခါ ချင်းမိသားစုလည်း မြို့သခင်ဒေါသ၏ လက်မှ လွတ်မြောက်နိုင် လိမ့်မည်မဟုတ်။

ရန်ကိုင်သည် ချင်းကျောင်းရန်ကို ကြည့်ရင်း ရှက်ရှက်ဖြင့် ပြန်ပြောလိုက်လေသည်။ “လူအိုကြီးချင်း… ခင်ဗျား ကျုပ်ကို ထောင့်ခုနှစ်သွယ် လိပ်နက်အစီအရင် အပြည့်အစုံကို သင်ပေးထားတာဆိုတော့ ခင်ဗျားတို့ အကူအညီ လိုရင်ပြော… ကျုပ်ကူညီပေးမယ်”

“ဒါပေမဲ့ ဒီကိစ္စကတော့ ကျုပ်ဘက်က ဘယ်လိုမှ ကူညီပေးလို့ မရဘူး။ ကျုပ်သာ ကူညီပေးလိုက်မယ် ဆိုရင် ခင်ဗျားတို့ အတွက် အကျိုးမရှိရုံတင် မဟုတ်ဘူး ပြဿနာတောင် ‌များသွားဦမယ်”

“အင်း… ငါနားလည်တယ်” ချင်းကျောင်းရန်က ခေါင်းညိတ်လိုက်၏။

“ဒါပေမဲ့…” ရန်ကိုင်က ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းလျက် ပြောလိုက်လေသည်။ “ခင်ဗျားတို့ ချင်းမိသားစု အကူအညီ လိုတယ်ဆိုရင်တော့ ကျုပ်ကိုပြော။ ကျုပ် မိတ်ဆွေ တစ်ယောက် အနေနဲ့ ကျိန်းသေ ကူညီပေးမယ်။”

ထိုစကားကို ကြားသည့်အခါ ချင်းကျောင်းရန်က မျက်ခုံးပင့်လျက် ရယ်မောကာ ပြန်ပြောလိုက်လေသည်။

“ညီလေးရန်က အခုလိုပြောလာတယ် ဆိုမှတော့ ငါစိတ်အေးလို့ ရပြီပေါ့”

သူလာရသည့် ခရီး အလဟဿ ဖြစ်မသွားရ သည့်အတွက် ချင်းကျောင်းရန်မှာ အတော်လေး ဝမ်းသာ သွားခဲ့လေသည်။ ထို့နောက် ချင်းကျောင်းရန်က အဓိပ္ပာယ်ပါပါ ပြောလိုက်လေ၏။

“အမ်း… ငါ မင်းအကူအညီကို မကြာခင် အချိန်အတွင်း လိုလာနိုင်တယ်”

ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “အဲ့ဒါဆို ကျုပ် ခင်ဗျားဆီက သတင်းကို စောင့်နေမယ်လေ”

ချင်းကျောင်းရန်မှ ရန်ကိုင့်အား ထောင့်ခုနှစ်သွယ် လိပ်နက်အစီအရင် အပြည့်အစုံကို သင်ပေးစဉ်က သူ့ဆီမှ ကတိတစ်ခု တောင်းခဲ့သည်။ ထိုကတိမှာ ချင်းယုအား လုံခြုံအောင် ထားပေးရန်နှင့် မေပယ်မြို့သာ ကပ်ဘေး ကျရောက်သွားမည်ဆိုပါက ချင်းယုအား မြို့ထဲမှ ခေါ်ကာ ထွက်သွားပေးရန် ဖြစ်ပေသည်။

သို့သော်ငြား မေပယ်မြို့မှာ နတ်ဆိုးချီကပ်ဘေးမှ လွတ်မြောက်သွားခဲ့သဖြင့် ချင်းကျောင်းရန် ရန်ကိုင့်ဆီမှ တောင်းခဲ့သည့် ကတိမှာ အလဟဿ ဖြစ်သွား ခဲ့ရလေသည်။

သို့သော်ငြား ရန်ကိုင်သည် ချင်းကျောင်းရန်၏ အဖိုးတန်ရတနာ တစ်ခုကို ယူခဲ့သော်ငြား သူ၏ ကမ်းလှမ်းချက်ကိုမူ ငြင်းပယ်ခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ သူ့စိတ်ထဲ အနည်းငယ် မလုံမလဲ ဖြစ်သလို ခံစားရသဖြင့် အခွင့်အရေးတစ်ခု ရှာကာ ထိုအကြွေးကို ပြန်ပေးရန် ဆုံးဖြတ် လိုက်လေသည်။

ချင်းကျောင်းရန်သည် ရန်ကိုင်နှင့် ခဏကြာမျှ စကားပြောနေပြီးသည့်နောက် ပြန်လည် ထွက်ခွာသွားလေ၏။ သူ့ဒဏ်ရာမှာ အရှင်း မပျောက်သေးချေ။

ထို့အပြင် ချင်းမိသားစုသည် မကြာသေးခင်ကမှ ကျန်းမိသားစု၏ ပိုင်ဆိုင်မှုများကို လက်လွှဲယူခဲ့ခြင်း ဖြစ်လေရာ ချင်းမိသားစု တစ်ခုလုံး အတော်လေးကို အလုပ်ရှုပ်နေသည်ဟု ပြော၍ရသည်။ သူ့အနေဖြင့် ရန်ကိုင်နှင့် စကားစမြည် ထိုင်ပြောရင်း အချိန် ဖြုန်းနေရန် အချိန်မရှိပေ။

ချင်းကျောင်းရန် ထွက်သွားသည့် အခါမှပဲ ရန်ကိုင်လည်း အနားယူချိန် ရတော့လေ၏။ ထို့နောက် သူ့အသက်ရှူနှုန်းကို ထိန်းညှိလိုက် လေသည်။

နတ်ဆိုးချီစွမ်းအားမှ လွတ်မြောက်လာ ပြီးသည့်နောက်တွင် ရန်ကိုင့်၏ ခန္ဓာကိုယ်မှာ အတော်လေးကို ပင်ပန်းနွမ်းနယ် နေခဲ့ရ၏။

နတ်ဆိုးချီမှ ပေးကမ်းလာသည့် စွမ်းအားမှာ သူ့ကျင့်ကြံခြင်းထက် အဆပေါင်းများစွာ ပိုမို မြင့်မားနေသည့် အတွက်ကြောင့် ရန်ကိုင့်၏ ခန္ဓာကိုယ် အတော်လေး ဝန်ပိခဲ့သည်ဟု ပြော၍ ရသည်။

ထို့ကြောင့် နောက်ရက်များအတွင်း ရန်ကိုင်သည် ကျန်းမိသားစု၏ ဧည့်ခန်းတွင် နေ၍သာ အားပြန် ဖြည့်နေလေ၏။

တစ်ရက်သောနေ့တွင်…

ရန်ကိုင်၏ မျက်လုံးများ ဆတ်ခနဲ ပွင့်လာခဲ့လေသည်။ သူ့မျက်လုံးများမှာ အားသစ်အင်သစ်တို့ဖြင့် ပြည့်နေခဲ့လေ၏။ လက်ရှိ ရန်ကိုင်သည် နည်းနည်းလေးမှပင် အားနည်း ပင်ပန်းနွမ်းနယ် နေသည့်ပုံ မပေါက်တော့။ သူလုံးဝ ပြန်ကောင်း လာခဲ့လေပြီ။

ပြန်ကောင်းလာပြီး သည့်နောက်တွင် ပထမဦးစွာ အနေဖြင့် ရန်ကိုင်သည် သူ့ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးကြည့် လိုက်လေ၏။ မည်သည့် အတွင်းဒဏ်ရာမျှ မရှိကြောင်း သေချာ သွားသည့် အခါမှသာ စိတ်သက်သာရာ ရသွားခဲ့လေသည်။

ဒဏ်ရာ အခြေအနေကို စစ်ဆေးပြီးသည့်နောက်တွင် ရန်ကိုင်သည် ချက်ချင်း အပြင်ထွက် မသွားသေးဘဲ ကမ္ဘာငယ်လေးကို ထုတ်ယူကာ ထိုထဲသို့ အရင် ဝင်သွား လိုက်လေသည်။

ကမ္ဘာငယ်လေးသည် ယခင်က ကဲ့သို့ပင် ငြိမ်သက် တိတ်ဆိတ် အေးချမ်း နေခဲ့လေ၏။ သူ့ပတ်ဝန်းကျင်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေး ကြည့်နေရင်းမှ ရန်ကိုင် ရုတ်တရက် အံ့အားသင့် သွားခဲ့လေသည်။

ကမ္ဘာငယ်လေးထဲရှိ တစ်ခုသော နေရာတွင် ထူးထူးခြားခြား ကို အားကောင်းလှသည့် စွမ်းအားတစ်ရပ် ရှိနေသည်ကို ခံစားလိုက်ရသည်။ ရန်ကိုင်လည်း ထိုအရပ်ဆီသို့ ချက်ချင်းပဲ သွားစစ်ဆေး ကြည့်လေသည်။

ထိုနေရာတွင် လျို့ယန်သည် တင်ပလင်ခွေ ထိုင်ကာ ကျင့်စဉ်တစ်ခုကို လှည့်ပတ်နေခဲ့သည်။ သူမတစ်ကိုယ်လုံး လျှပ်စီးတန်းများ မီးတောက်မီးလျှံများဖြင့် လွှမ်းခြုံနေလေ၏။

လျှို့ယန်ပတ်လည် မိုင်ပေါင်းများစွာသည် မီးတောက်မီးလျှံများ လျှပ်စီးတန်းများ တို့ဖြင့် ပြည့်နှက်နေလေ၏။ တောင်ပံများကို ဖြန့်ကျက်ထားသည့် ကောင်းကင်ပေါ်သို့ အချိန်မရွေး ပျံတက်တော့မည့်နှယ် ထင်မှတ်ရသော ဧရာမ ငှက်ပုံရိပ်တစ်ခုသည် လျို့ယန်၏ နောက်ကျောဘက်တွင် ရှိနေခဲ့လေသည်။

“လွမ်ဖုန်းလား…”

ထိုငှက်ပုံရိပ်ကို မြင်ပြီးသည့်နောက် ရန်ကိုင် အံ့အားသင့် သွားခဲ့လေ၏။ လျို့ယန်နောက်တွင် ပေါ်နေသည့် ငှက်ပုံရိပ်မှာ ကြည်လင်ကျောက်စိမ်းတောင်တွင် ရန်ကိုင် အနီးကပ် မြင်တွေ့ခဲ့ရသော ရှေးဟောင်း နတ်သားရဲတစ်ကောင် ဖြစ်သည့် လွမ်ဖုန်းပင် ဖြစ်လေသည်။

လျို့ယန်နောက်တွင် ရှိနေသော လွမ်ဖုန်းမှာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည့်တိုင် နတ်သားရဲတစ်ကောင်၏ အရှိန်အဝါကို ထုတ်လွှတ်နေဆဲပင်။

သူမ၏ ကျင့်စဉ်မှာ အရေးကြီးသည့် အခိုက်အတန့်သို့ ရောက်ရှိနေသည့်အလား လျို့ယန်၏ အမူအရာမှာ အလွန်ကိုမှ လေးနက်တည်ကြည် နေခဲ့လေသည်။

တစ်ခဏကြာမျှ စောင့်ကြည့်နေ ပြီးသည့်နောက်တွင် လျို့ယန်သည် လွမ်ဖုန်း၏ ငှက်မွေးတောင်ကို သန့်စင်နေခြင်း ဖြစ်ကြောင်း သန့်စင်ရာတွင်လည်း အတော်လေး ခရီးပေါက်နေပြီ ဖြစ်ကြောင်းကို တွေ့ရှိလိုက်ရသည်။

သို့သော် လွမ်ဖုန်း၏ ငှက်မွေးတောင်ကို သန့်စင်ရသည်မှာ တကယ်ကို မလွယ်ကူပေ။ သူသည် ကမ္ဘာငယ်လေး၏ အရှင်သခင် တစ်ဦး ဖြစ်သော်ငြား လက်ရှိကိစ္စနှင့် ပတ်သက်၍ လျို့ယန်အား မည်သည့် အကူအညီမျှ မပေးနိုင်ပေ။

လျို့ယန် အနေဖြင့် လွမ်ဖုန်း ငှက်မွေးတောင်ကို သန့်စင် လိုလျှင် သူမကိုယ်သူမသာ အားကိုးရပေလိမ့်မည်။

ဤလွမ်ဖုန်း ငှက်မွေးတောင်ကိုသာ သန့်စင်နိုင် ခဲမည် ဆိုပါက လျို့ယန်၏ ခွန်အားမှာ နောက်တစ်ဆင့်ကို တက်သွား လိမ့်မည် ဖြစ်သော်ငြား မအောင်မြင်ခဲ့လျှင်တော့ ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးကို ကြုံရပေလိမ့်မည်။

ကံကောင်းစွာဖြင့် လျို့ယန်သည် နေမီးလျှံ အဆီအနှစ်ကို စုပ်ယူကာ သူမ၏ ခန္ဓာကိုယ်ကို အားဖြည့်ခဲ့လေသည်။ ထို့ကြောင့် ပြင်းထန်သည့် စွမ်းအားဖြင့် အသားကျနေပြီဟု ပြော၍ ရသည်။

ထို့ကြောင့်သာ မဟုတ်လျှင် တာအိုသခင် ပထမအဆင့် ကျင့်ကြံခြင်းလေးဖြင့် လွမ်ဖုန်း၏ ငှက်မွေးတောင်ကို သန့်စင်ဖို့ရာ မည်သို့မျှ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

ထိုသို့ဆိုလျှင်ပင် သူမအနေဖြင့် လွမ်ဖုန်း၏ ငှက်မွေးတောင်အား အောင်အောင်မြင်မြင် သန့်စင်နိုင်မည်လား မသန့်စင်နိုင်ဘူးလား ဆိုသည်မှာ သူမ၏ ကံပေါ်တွင် မူတည်နေ ပေသေးသည်။

ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်သည် ခပ်ဝေးဝေး တစ်နေရာတွင် ထိုင်လျက် လျို့ယန်၏ အခြေအနေအား အနီးကပ် စောင့်ကြည့် နေလေသည်။ ရန်ကိုင် သူ့ဘက်သို့ လှည့်ကြည့်လာသည်ကို မြင်သော် ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်က ခေါင်းညိတ်ပြ လိုက်လေ၏။

ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်မှာ လျို့ယန်အား သေချာ စောင့်ကြည့်နေသည့် အတွက် သူမသာ တစ်ခုခု ဖြစ်သွားခဲ့လျှင် ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်သည် ရန်ကိုင့်အား ချက်ချင်း သတိပေး ပေလိမ့်မည်။ ထို့အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် သူမအား စိတ်ပူမနေပဲ အေးအေးဆေးဆေး ထွက်သွားနိုင်ပေသည်။

ရန်ကိုင့်၏ ခန္ဓာကိုယ် ရုတ်တရက် ပျောက်ကွယ်သွားပြီး ကမ္ဘာငယ်လေး၏ အခြားတစ်ဖက်ခြမ်းတွင် ပြန်ပေါ်လာခဲ့လေသည်။ ဤ လွင်တီးခေါင်ပြင် ဖြစ်နေသော လွင်ပြင်ကြီးထဲတွင် တုန်ရီနေသည့် ပုံရိပ်တစ်ခုသည် သူမ၏ ခြေထောက်နှစ်ချောင်းကို လက်ဖြင့် ဖက်ထားရင်း ထိုင်နေခဲ့လေ၏။

သူမ၏ ပုံစံမှာ လူများနှင့် ဝေးရာဆီသို့ ထွက်သွားချင် နေသည့် အလား။ သူမ ပုံစံကိုသာ မြင်လိုက်လျှင် သူမအနေဖြင့် မည်ကဲ့သို့သော ဆိုးရွားသည့် အဖြစ်အပျက်များကို ကြုံခဲ့ရ၍ ဤကဲ့သို့ ဖြစ်နေရလေသနည်းဟု တွေးမိကြပေလိမ့်မည်။

သူမ၏ ဆံပင်များမှာ ရှုပ်ပွနေပြီး မျက်နှာမှာ ဖြူဖတ်ဖြူလျော် ဖြစ်နေကာ မျက်လုံးများမှာလည်း ကြောက်လန့်တကြား အမူအရာဖြင့် တောင်ကြည့်မြောက်ကြည့် လုပ်နေခဲ့လေသည်။ ရန်ကိုင် သူမရှေ့၌ ပေါ်လာသည်ကိုပင် သတိမပြုမိခဲ့ပေ။

“ဒီလောက်ဆိုရင်…” ရန်ကိုင်က သူမအား ကြည့်၍ ရေရွတ်လိုက်၏ “လုံလောက်ပြီနဲ့ တူပါတယ်” ပြောပြီးသည့် နောက်တွင် လက်ဖျောက်တီး လိုက်လေ၏။

လက်ဖျောက်တီးသံမှာ သိပ်မကျယ်သော်ငြား ဟွာချင်းစီ အတွက်မူ နားပင်းမတတ် ကျယ်လောင် လွန်းလှပေသည်။ ထိုအသံကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် သူမ တစ်ကိုယ်လုံး ရုတ်တရက် တုန်ရီလာပြီး ချက်ချင်း ခေါင်းမော့ ကြည့်လိုက်လေ၏။

သူမ ဘေးပတ်ဝန်းကျင် တစ်ခုလုံးအား လွှမ်းခြုံထားသော အမှောင်ထုမှာ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရလေသည်။ သူမ အဆက်မပြတ် အော်ဟစ် ကျိန်ဆဲနေသော မသေမချင်း ထုထောင်း ပစ်ချင်နေသော လူသည် သူမ ရှေ့၌ ပေါ်လာပြီး သူမအား ပျင်းရိပျင်းတွဲဖြင့် ကြည့်နေလေ၏။

ထိုလူ့မျက်နှာကို မြင်သည့်အခါ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း သူမကြုံတွေ့နေခဲ့ရသော ကြောက်ရွံ့မှုများ ခြောက်ခြားမှုများမှာ ဒေါသမီးတောက် အဖြစ်သို့ ပြောင်းလဲသွား ခဲ့ပြီး ဒေါသတကြီး ထအော်တော့လေ၏။

“ငါနင့်ကို သတ်မယ်” ပြောပြီးသည်နှင့် ဟွာချင်းစီသည် ရန်ကိုင့်ဆီသို့ ပြေးဝင်လာလေသည်။ သူမ၏ ခန္ဓာကိုယ်သည် ရာပေါင်းများစွာသော လိပ်ပြာများ အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ရန်ကိုင့်အား အလျင်အမြန် လွမ်းခြုံသွားခဲ့လေ၏။

ရန်ကိုင်မှာမူ ရာနှင့်ချီသော လိပ်ပြာများကို ဂရုမစိုက်နေပဲ သူ့ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်ကိုသာ တစ်ချက် ပုတ်လိုက်လေသည်။

“အွင့်…” ဟွာချင်းစီ၏ ခန္ဓာကိုယ် လေပေါ်မှ အောက်သို့ ပြုတ်ကျသွားခဲ့လေ၏။ ရာပေါင်းများစွာသော လိပ်ပြာများမှာလည်း အပြီးတိုင် ပျောက်ကွယ်သွားလေသည်။

ထို့နောက်တွင် ဟွာချင်းစီသည် အလွန်ပြင်းထန်သည့် နာကျင်မှုကို ခံစားနေရသည့်အလား ခေါင်းကိုကိုင်၍ ထအော်တော့လေ၏။

“ကြည့်ရတာ…” ရန်ကိုင်က ဟွာချင်းစီအား တည်တည် ငြိမ်ငြိမ်ဖြင့် ကြည့်ရင်း ပြောလိုက်လေသည်။

“နင် အခုထိ အသိမဝင်သေးဘူးနဲ့ တူတယ်။ အဲ့လိုဆိုမှတော့… နင့်ကိုနင် ပြန်သုံးသပ်လို့ ရအောင် အချိန် နည်းနည်းလောက် ထပ်ပေးရတော့တာပေါ့”

ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ယခင်ကကဲ့သို့ ထပ်လုပ်တော့မည့်အပြု ဟွာချင်းစီက ကြောက်လန့်တကြား ထအော်တော့လေ၏။

“မလိုတော့ဘူး… မလိုတော့ဘူး။ ငါအသိတရားရသွားပြီ… ခုနတုန်းက ငါအမှားလုပ်မိသွားလို့ ။ ငါအဲ့လို ထပ်လုပ်တော့မှာ မဟုတ်ဘူး။ နော်… ကျေးဇူးပြုပြီး… ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ”

ထိုအဆုံးမဲ့ အမှောင်ထုထဲ ဟွာချင်းစီမှာ ထူးဆန်းသော သက်ရှိများ၏ သတ်ဖြတ်ခြင်းကို အကြိမ်ပေါင်းများစွာ ခံခဲ့ရလေသည်။ နေ့စဉ်နှင့်အမျှ သူမမှာ ထိုအကောင်များ သူမအား မည်သည့်အချိန်တွင် လာသတ်မလဲ ဆိုသည်ကို တွေးရင်း ကြောက်ကြောက်လန့်လန့်ဖြင့် နေ နေခဲ့ရသည်။

သူမအနေဖြင့် ထိုခြောက်ခြားစရာကောင်းသည့် အမှောင်ထုထဲ ဆက်၍ မနေချင်တော့ပေ။ ထိုထဲသို့ ပထမဦးဆုံး အကြိမ် ရောက်သွားခဲ့ပြီး ပထမဦးဆုံးအကြိမ် အသတ်ခံခဲ့ရစဉ်က သူမ အမှန်တကယ် သေသွားပြီဟု ထင်ခဲ့သည်။

သို့သော်ငြား ခဏအကြာ၌ သူမ ပြန်အသက်ရှင် လာခဲ့လေသည်။ သို့သော်လည်း အသက်ရှင်ရသည်မှာ သေရသည်ထက်ပင် ပိုမိုဆိုးရွား နေခဲ့သည်။ ခဏခဏဆိုသလို သူမမှာ ထူးဆန်းသည့် အကောင်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရလေ၏။

အကြိမ်ပေါင်းများစွာ သေပြီးသည့်နောက်တွင် ရန်ကိုင်သည် သူမအား အလွန်အဆင့်မြင့်သည့် ပုံရိပ်ယောင် သံသရာ စက်ကွင်း တစ်ခုထဲသို့ ပို့လိုက်မှန်း နားလည်သွားခဲ့လေသည်။ တစ်နေ့တစ်နေ့ သူမမှာ အကြိမ် ရာပေါင်းများစွာကို သေနေရလေ၏။

ဟွာချင်းစီမှာ ထိုထပ်ကာထပ်ကာ သေနေရသည့် ဒဏ်ကို ဆက်ပြီး မခံစားနိုင်တော့ပေ။ ဆက်၍သာ ခံစားနေရမည် ဆိုလျှင် သူမ အသိစိတ်လွတ်ကာ ရူးသွားနိုင်ပေ၏။

ထို့ကြောင့်ပင် သူမအား ထိုကဲ့သို့ ဖြစ်အောင် လုပ်ခဲ့သော လက်သည်တရားခံ ရန်ကိုင့်ကို မြင်သည့်အခါ သူမ စိတ်ထဲ ကိန်းအောင်းနေသော ဒေါသမီးတောက်တို့ ရုတ်ချည်း ပေါက်ကွဲ ထွက်လာခဲ့ပြီး ရန်ကိုင့်အား တိုက်ခိုက်ရန် လုပ်ခဲ့ခြင်း ဖြစ်လေသည်။

သို့သော်ငြား ရန်ကိုင်သည် တိုက်ကွက်တစ်ကွက်ထဲဖြင့် သူမအား အနိုင်ယူပြ လိုက်လေသည်။

“အဲ့လိုမှပေါ့… ခင်ဗျား အခုလို အသိစိတ်ဝင်လာတာ ကျုပ်တကယ် ဝမ်းသာတယ်” ရန်ကိုင်သည် သူမအား တစ်ချက်ကြည့် လိုက်ပြီးနောက် ခေါင်းညိတ်ပြ လိုက်လေ၏။

All Chapters