← Chapters

အခန်း (၂၁၁၆-၂၁၂၀)

Vol. 85 Ch. 2116-2120

အခန်း (၂၁၁၆-၂၁၂၀)

Vol. 85 Ch. 2116-2120

အပိုင်း (၂၁၁၆)

“မိုးကောင်းကင်သစ်ပင်က လောကကြီးကို ချိတ်ပိတ်ပြီး ဟင်းလင်းပြင်ကို ဖိနှိပ်တယ်…” ရန်ကိုင်၏ မျက်လုံးများ မှေးစင်း သွားခဲ့သည်။

ချင်းယုက ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ “စာအုပ်တွေထဲမှာတော့ အဲ့လို ပြောထားတာပဲ… မိုးကောင်းကင် သစ်ပင်က ဟင်းလင်းပြင်ထဲမှာ အမြစ်တွယ်ပြီး သူရဲ့ ကနဦး ယင်ယန် စွမ်းအားနဲ့ ကမ္ဘာလောကကြီး တစ်ခုလုံးကို ချိတ်ပိတ်ပစ် လိုက်တယ်တဲ့…”

“အဲ့လောက်တောင် အံ့ဩဖို့ ကောင်းတာလား…” ရန်ကိုင် မင်သက် သွားခဲ့လေသည်။

ချင်းယုက ပြုံးလျက် ပြန်ပြောလိုက်၏။ “မှတ်တမ်းတွေ ကတော့ အဲ့လို ပြောတာပဲ… တကယ် ဟုတ်မဟုတ်တော့ မသေချာဘူး… ဒါပေမဲ့ ဆရာရန် ပြောတဲ့ သစ်ပင်က မိုးကောင်းကင် သစ်ပင်နဲ့ တော်တော်လေး တူတယ်”

“ဒါကြောင့် အဲ့ရွှေရောင်နဲ့ ငွေရောင် ရောနေတဲ့ အပင်ကသာ ချိတ်ပိတ်နိုင်တဲ့ စွမ်းအားကို ထုတ်လွှတ်နိုင်မယ် ဆိုရင် အဲ့သစ်ပင်က မိုးကောင်းကင်သစ်ပင် ဖြစ်တာ သေချာတယ်”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင်၏ ခန္ဓာကိုယ် တုန်ရီသွားခဲ့သည်။ ကမ္ဘာငယ်လေးထဲတွင် ရှိနေသော ရွှေရောင်နှင့် ငွေရောင် ရောယှက်နေသည့် သစ်ပင်သည် ချိတ်ပိတ်နိုင်သည့် စွမ်းအားကို ထုတ်လုပ်ခဲ့သည်။

၎င်း၏ ရွှေရောင်နှင့် ငွေရောင် ရောယှက်နေသော စွမ်းအားကို သုံးလျက် ရှေးဟောင်း မဟာနတ်ဆိုး၏ နတ်ဆိုးစိတ်အာရုံ နှင့် နတ်ဆိုးချီကို သူ့ဝမ်းဗိုက်ထဲတွင် ချိတ်ပိတ် ပစ်ခဲ့သည်။

ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် ထိုသစ်ပင်မှာ မိုးကောင်းကင်သစ်ပင် ဖြစ်မှန်း ရန်ကိုင် သေချာသွားလေသည်။

“မိုးကောင်းကင်သစ်ပင်မှာ ကနဦးယင်ယန် စွမ်းအား ရှိတယ်… အဲ့စွမ်းအားက ဘယ်အရာကိုမဆို ချိတ်ပိတ်ပစ်နိုင်တယ်”

ချင်းယုက ထပ်ပေါင်းပြောလိုက်သည်။ “အဲ့ဒါကြောင့်ပဲ အဲ့သစ်ပင်က ရှေးဟောင်းမဟာနတ်ဆိုးရဲ့ လက်ကျန် အသိစိတ်ထဲမှာ ပေါ်လာတာ ဖြစ်ရမယ်… ကြည့်ရတာ အဲ့စွမ်းအားကို သူတော်တော်လေး‌ ကြောက်နေတဲ့ ပုံပဲ”

“ဟုတ်လောက်တယ်နော်…” ရန်ကိုင်ကလည်း ဝင်ရောက် ထောက်ခံလိုက်၏။

“စီနီယာ… စီနီယာ မေးတဲ့ မေးခွန်းကိုတော့ ကျွန်မ ဖြေပြီးသွားပြီ… ကျွန်မရဲ့ အဖြေနဲ့ ပတ်သက်ပြီး ဘယ်လို သဘောရသလဲ မသိဘူး” ချင်းယုက ပြုံးလျက် မေးလိုက်သည်။

“မိန်းကလေးချင်းယုက တကယ်ကို ဗဟုသုတ ကြွယ်ဝတာပဲ… ကျုပ် တကယ်ကို လေးစားသွားပြီ”

“စီနီယာရန် အဲ့လောက် ချီးကျူးနေစရာ မလိုပါဘူး” ချင်းယု ရှက်သွားခဲ့လေသည်။ ခဏမျှ တိတ်ဆိတ်နေ ပြီးသည့်နောက်တွင် ပြန်၍ ပြောလိုက်၏။

“အမ်း… ကြည့်ရတာ ဘိုးဘေးက စီနီယာရန်နဲ့ ဆွေးနွေးစရာ တစ်ခုခု ရှိတယ်နဲ့ တူတယ်… အဲ့လို ဆိုမှတော့ ဒီနေ့ ဒီလောက်နဲ့ပဲ ရပ်လိုက်ကြတာပေါ့”

ပြောပြီးသည်နှင့် ချင်းယုသည် အခန်းပတ်လည်တွင် ကာရံထားသော အကာအရံကို ဖွင့်၍ ထွက်သွားရန် ပြင်လိုက်လေသည်။

သို့သော်ငြား သူမ တံခါးဝသို့ အရောက်တွင် ရုတ်တရက် ရပ်လိုက်ပြီး ရန်ကိုင့်ဘက်သို့ လှည့်ကာ ပြောလိုက်လေ၏။

“စီနီယာ… ကျွန်မရဲ့ ဘိုးဘေး တောင်းဆိုတာ အရမ်းများနေတယ် ထင်ရင် ငြင်းလိုက်လို့ ရတယ်နော်… စီနီယာ့ ကိုယ့်ကိုယ်ကို အရမ်းကြီး ဖိအားပေးနေစရာ မလိုဘူး”

ပြောပြီးသည့်နောက်တွင် တံခါးကို ဖွင့်၍ ရန်ကိုင် ပြန်ပြောသည်ကိုပင် စောင့်မနေတော့ဘဲ ထွက်သွားခဲ့လေသည်။

ရန်ကိုင်သည် ထိုနေရာတွင်သာ မျက်မှောင်ကြီး ကြုတ်လျက် ရပ်နေခဲ့လေ၏။ ချင်းယု ဘာကို ပြောချင်လို့ ပြောချင်နေမှန်း သူနားမလည်။ သို့သော်ငြား သူမ ပြောပုံအရ ချင်းကျောင်းရန်သည် သူ့ဆီမှ အကူအညီ တစ်ခုခု တောင်းမည့်ပုံပင်။

ချင်းယု ထွက်သွားပြီးနောက် ခဏအကြာတွင် ချင်းကျောင်းရန်သည် တံခါးဖွင့်ပြီး ဝင်လာခဲ့လေသည်။

“လူအိုကြီးချင်း…” ရန်ကိုင်က ပြုံးလျက် နှုတ်ဆက်လိုက်လေ၏။

“ညီလေးရန်…” ချင်းကျောင်းရန်သည် ပြဿနာတစ်ခုခုနှင့် ကြုံနေရသည့်အလား ကောင်းကောင်းပင် နှုတ်မဆက် နိုင်တော့ချေ။

“ထိုင်ပါဦး… ငါတို့ စကားပြောကြရအောင်”

နှစ်ယောက်စလုံး ထိုင်လိုက်ပြီးသည့်နောက်တွင် ချင်းကျောင်းရန်သည် ပြောစရာ စကားများကို ရှာနေသည့်အလား အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့လေသည်။

ထိုအချင်းအရာကို မြင်သည့်အခါ ရန်ကိုင်ကသာ စ၍ ပြောလိုက်လေ၏။ “လူအိုကြီးချင်း… မိန်းကလေးချင်းရဲ့ အရှိန်အဝါကို ကျုပ် တစ်ချက်လေ့လာကြည့်တာ သိပ်ပုံမှန် မဟုတ်သလိုပဲ… သူတစ်ခုခု ဖြစ်နေတာလား”

ချင်းကျောင်းရန်က သက်ပြင်းချ၍ ပြန်ပြောလိုက်လေ၏။ “ယုအာက ငယ်ငယ်လေးတည်းက နေမကောင်း ဖြစ်နေတာကို ညီလေးရန် မင်းလည်း သိမှာပေါ့... အရင်တုန်းကတော့ ငါ့စွမ်းအားကို သုံးပြီး သူ့ရောဂါကို တည်ငြိမ်အောင် ထိန်းထားပေးလို့ ရတယ်။ ဒါပေမဲ့ အခုတစ်ကြိမ်ကတော့…”

“မိန်းကလေးချင်းရဲ့ ခန္ဓာကိုယ်က ဘာဖြစ်နေလို့လဲ” ရန်ကိုင်က မေးလိုက်သည်။ ချင်းကျောင်းရန်၏ တောင်းဆိုမှုသည် ချင်းယုနှင့် ပတ်သက်နေလိမ့်မည်ဟု သူ့စိတ်ထဲ ခံစားနေရလေသည်။

“ညီလေးရန်က မေးလာတယ်ဆိုမှတော့ ငါကလည်း ပွင့်ပွင့်လင်းလင်းပဲ ပြောရတော့မှာပေါ့”

ချင်းကျောင်းရန် အံကြိတ်၍ ဆက်ပြောလိုက်လေသည်။ “တကယ်ဆိုရင် ယုအာက မွေးရာပါ ကောင်းချီး ပေးခံရတဲ့ သူတစ်ယောက်လို့ ပြောလို့ရတယ်… သူမမှာ အခြားသူတွေမှာမရှိတဲ့ မွေးရာပါစွမ်းရည်ဖြစ်တဲ့ ကောင်းကင် ကံကြမ္မာမျက်လုံးဆိုတာ ရှိတယ်”

“ကောင်းကင် ကံကြမ္မာမျက်လုံး…” ရန်ကိုင် မျက်ခုံးပင့် သွားခဲ့သည်။

“ဟုတ်တယ်၊ မျက်လုံးစွမ်းရည် တစ်မျိုးပဲ… စွမ်းအားက ဘယ်လိုလဲ ဆိုတော့ ယုအာ က ကျင့်ကြံခြင်းက နည်းနည်း နိမ့်နေသေးတော့ ငါလည်း အဲ့စွမ်းအားကို သေချာ မလေ့လာရသေးဘူး”

“ဒါပေမဲ့ ယုအာ ပြသွားသလောက် ဆိုရင်တော့ အဲ့မျက်လုံးက လူတွေရဲ့ အနာဂတ်ကို ကြိုပြီး ကြည့်လို့ရတယ်”

“တကယ်ကို အသုံးဝင်တဲ့ စွမ်းရည်ပါလား…” ရန်ကိုင် အတော်လေး အံ့အားသင့် သွားခဲ့လေသည်။ ချင်းယုတွင် ထူးခြားသည့် မျက်လုံးစွမ်းရည် တစ်မျိုးမျိုး ရှိနေလိမ့်မည်ဟု အစောကြီးကတည်းက ခန့်မှန်းမိပြီးသားပင်။

ထိုကောင်မလေးသည် သူမ၏ မျက်လုံးစွမ်းရည်အား သူ့ရှေ့တွင် အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့သည်။ သို့သော်ငြား ထိုစွမ်းရည်မှာ သူမ၏ မွေးရာပါစွမ်းရည်လား ကျင့်စဉ်တစ်ခုလား ဆိုသည်ကိုမူ ချင်းကျောင်းရန် ပြောမှသာ သိလိုက်ရပေသည်။

“ကောင်းကင် ကံကြမ္မာမျက်လုံး တစ်ခုထဲ ဆိုရင်တော့ အဲ့လောက် ပြဿနာ မရှိသေးဘူး။ အဲ့မျက်လုံးက သူ့ကို ဘာမှ ဒုက္ခရောက်စေတာ မဟုတ်ဘူး။ အဲ့မျက်လုံးစွမ်းအားကို သုံးလိုက်တော့မှပဲ နည်းနည်းပါးပါး သူ့ခန္ဓာကိုယ်ကို ထိခိုက်စေတာ”

“ဒါပေမဲ့ ချင်းယုက ကောင်းကင် ကံကြမ္မာမျက်လုံး တစ်ခုတည်းကို ပိုင်ဆိုင်ထားတာ မဟုတ်ဘူး။ သူ့မှာ လောကကပ်ဘေး ခန္ဓာကိုယ်ပါ ထပ်ပြီး ရှိနေသေးတယ်။”

“လောကကပ်ဘေး ခန္ဓာကိုယ်…” ရန်ကိုင် မျက်မှောင်ကြုတ် သွားခဲ့သည်။

ချင်းကျောင်းရန်က ခေါင်းညိတ်၍ ပြန်ပြောလိုက် လေသည်။ “ဟုတ်တယ်… လောကကပ်ဘေး ခန္ဓာကိုယ်ပဲ… ချင်းယု အသက် ငါးနှစ်အရွယ်လောက်တုန်းက မေပယ်မြို့နားကနေ ပညာရှင်တစ်ယောက်က ဖြတ်သွားတယ်”

“ ာအဲ့ပညာရှင်က ချင်းယုခန္ဓာကိုယ်ရဲ့ ထူးခြားပုံကို သတိပြုမိပြီး သူ့ခန္ဓာကိုယ်ကို လာစစ်ဆေးကြည့်တာ… အဲ့တော့မှ ငါလည်း သူ့မှာ လောကကပ်ဘေး ခန္ဓာကိုယ် ရှိနေမှန်း သိလိုက်ရတာ မဟုတ်ရင် အဲ့အကြောင်းကို ငါ ဘယ်တော့မှ သိမှာ မဟုတ်ဘူး”

“လောကကပ်ဘေး ခန္ဓာကိုယ်က ဘာဖြစ်လို့လဲ”

ချင်းကျောင်းရန်က သက်ပြင်းချ၍ ပြန်ပြောလိုက် လေသည်။ “လောကကပ်ဘေး ခန္ဓာကိုယ် အထူး ခန္ဓာကိုယ် တည်ဆောက်ပုံ တစ်မျိုးပဲ… အဲ့ ချင်းယု ခန္ဓာကိုယ်ကို စစ်ဆေးပေးသွားတဲ့ ပညာရှင် ပြောတာကတော့ လောကကပ်ဘေး ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ လူတွေသာ ဒီလောကကြီးထဲမှာ နေမယ်ဆိုရင် အသက် ဆယ့်ရှစ်နှစ်ထက် ပို မနေရဘူးတဲ့”

“ဆယ့်ရှစ်နှစ်…” ရန်ကိုင် မျက်နှာ ပျက်သွားခဲ့ပြီး အံ့အားသင့် တကြီးဖြင့် ပြန်ပြောလိုက်လေသည်။ “အခု မိန်းကလေးချင်းယု အသက် ဘယ်လောက်လဲ”

“နောက်ရှစ်လဆို ဆယ့်ရှစ်နှစ်ပြည့်ပြီ” ချင်းကျောင်းရန်ကလည်း မျက်စိပျက် မျက်နှာပျက် အမူအရာဖြင့် ပြောလိုက်သည်။

“ဒီတော့…” ရန်ကိုင်က လေသံတိုးတိုးဖြင့် “မိန်းကလေးချင်းယုက နောက်ထပ် ရှစ်လလောက်ပဲ နေနိုင်တော့မှာပေါ့”

“ဟုတ်တယ်” ချင်းကျောင်းရန်က အလေးအနက် အမူအယာဖြင့် ခေါင်းညိတ်လိုက်လေ၏။ ရန်ကိုင် မှင်သက် သွားခဲ့လေသည်။

ယေဘူယျအားဖြင့် အထူးခန္ဓာကိုယ် တည်ဆောက်ပုံအား ပိုင်ဆိုင်ထားကြသူများသည် လောကကြီး၏ ကောင်းချီးပေးခံ ထားရသူများ ဖြစ်ကြပေသည်။

ချင်းယုမှာမူ အထူးခန္ဓာကိုယ် တည်ဆောက်ပုံတစ်ခု ပိုင်ဆိုင်ထားရုံသာမက မွေးရာပါ စွမ်းရည်တစ်မျိုးဖြစ်သော ကောင်းကင် ကံကြမ္မာမျက်လုံးကိုပါ ပိုင်ဆိုင် ထားခဲ့လေသည်။

သို့ရာတွင် သူမ၏ အထူးခန္ဓာကိုယ်မှာ သူမအား ကောင်းကျိုး မဖြစ်စေဘဲ ဆိုးကျိုးကိုသာ ဖြစ်စေခဲ့လေ၏။ ယခုဘာကြောင့် ချင်းယု အမြဲတမ်း ဖြူဖတ်ဖြူလျော် ဖြစ်နေရသလဲ ဆိုသည်ကို သူနားလည် သွားခဲ့လေသည်။

သူမတွင် ကောင်းကင်ကံကြမ္မာမျက်လုံး ရှိနေသဖြင့် ချင်းယုသည် သူမ၏ အနာဂတ်ကို ကြိုမြင် နိုင်ပေလိမ့်မည်။ သို့တိုင် အခြားသူများ ရှေ့၌ နည်းနည်းလေးမျှ ပြာယာခတ်ခြင်း ကြောက်လန့်နေခြင်း မရှိပေ။

ထိုအချက်ကို စဉ်းစားမိလိုက်သော် ရန်ကိုင့်စိတ်ထဲ ချင်းယုအား လေးစားမိသွားခဲ့သည်။ မည်သည့် သာမန်လူမဆို ချင်းယုကဲ့သို့ တည်တည်ငြိမ်ငြိမ်ဖြင့် နေနိုင်လိမ့်မည်မဟုတ်။

“ဒီတော့ လူအိုကြီးချင်း ပြောချင်တာက မိန်းကလေးချင်းယု အကြောင်းပေါ့… ရတယ်လေ ကျုပ် ဘယ်လို ကူညီပေးရမှာလဲ” ရန်ကိုင်က ပြန်ပြောလိုက်၏။

“ညီလေးရန် မင်းငါ့ကို တကယ်ကူညီ ပေးမှာလား” ရန်ကိုင်မှ ကူညီပေးမည်ဟု စကားစလာသည်ကို ကြားသော် ချင်းကျောင်းရန် ဝမ်းသာ သွားခဲ့လေသည်။

“ကျုပ် မိန်းကလေးချင်းယုနဲ့ အချိန်အကြာကြီး မတွေ့ခဲ့ ဖူးပေမဲ့ ဒီခဏလောက် တွေ့ရတဲ့ အချိန်အတွင်းမှာတော့ သူက တကယ်ကို လေးစားထိုက်တဲ့ လူမှန်း ကျုပ်သိတယ်။ သူစောစော သေသွားရမှာမျိုးကို ကျုပ် မမြင်ချင်ဘူး”

“ကျေးဇူးပါပဲ ညီလေးရန်ရာ…” ချင်းကျောင်းရန်က ရုတ်တရပ် ထရပ်၍ ရန်ကိုင့်အား ဦးညွှတ်လိုက်လေသည်။

“လူအိုကြီးချင်း… ခင်ဗျား အခုလိုတွေ လုပ်နေစရာ မလိုပါဘူး” ရန်ကိုင်က ခါးသက်စွာ ပြုံးလျက် ပြန်ပြောလိုက်၏။ ထိုအခါ ချင်းကျောင်းရန်က ပြန်၍ ပြောလိုက်လေသည်။

“ငါအခု တောင်းဆိုမဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်း ပေးဖို့က လွယ်တာ မဟုတ်ဘူးနော်။ မင်းအတွက် သေလောက်မဲ့ အန္တရာယ်မျိုး မဖြစ်စေပေမဲ့ နည်းနည်းပါးပါး အန္တရာယ်တွေကတော့ ကြုံရဦးမှာပဲ။ ဒီတော့ မင်း ငြင်းချင်ရင် ငြင်းလို့ရတယ်... ငါမင်းကို အပြစ်မတင်ဘူး”

ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ကြည့်ရတာ တော်တော်လေး အန္တရာယ်များမဲ့ ပုံပဲ… အရင် ပြောပြကြည့်ပါလား လူအိုကြီးချင်း”

ချင်းကျောင်းရန်က ခေါင်းညိတ်၍ ပြောလိုက်လေသည်။ “အဲ့မေပယ်မြို့နားကနေ ဖြတ်သွားတဲ့ ပညာရှင်က ချင်းယုရဲ့ အထူး ခန္ဓာကိုယ်ကို ပြောပြသွားရုံတင် မဟုတ်ဘူး၊ အဲ့ အထူးခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကိုပါ ပြောပြသွားတယ်”

“ငါတို့ လုပ်ဖို့လိုတာက ကပ်ဘေးအသီးဆိုတဲ့ အသီးတစ်လုံးကို ရှာပြီး ချင်းယုကို ကျွေးဖို့ပဲ… ဒါပေမဲ့ အဲ့မတိုင်ခင် သူက အသက် ဆယ့်ရှစ်နှစ် မပြည့်သေးမှ ရမှာ”

“အဲ့တာဆိုရင် သူကြုံရမဲ့ ကပ်ဘေးကို ကျော်လွှားပြီး အခြားသူတွေလို အသက်အရှည်ကြီး နေနိုင်လိမ့်မယ်။ အဲ့တာလေးတင် မဟုတ်သေးဘဲ လောကကပ်ဘေး ခန္ဓာကိုယ်ကလည်း တကယ်ကို နိုးထလာလိမ့်မယ်”

“ကပ်ဘေးအသီး…” ရန်ကိုင် ကြောင်သွားခဲ့လေသည်။

“ညီလေးရန်… မင်း အဲ့အသီး ကြားဖူးလား” ချင်းကျောင်းရန်လည်း ရန်ကိုင့်အား အံ့အားသင့်တကြီး ကြည့်လိုက်သည်။

“ကြားဖူးတယ်”

လွန်ခဲ့သည့် တစ်နှစ်ခန့်ကသာ ဆိုလျှင်တော့ ရန်ကိုင့် အနေဖြင့် ဤအသီးနာမည်ကို ကြားဖူးလိမ့်မည် မဟုတ်ပေ။ သို့သော်ငြား ယွမ်မီးဖိုတောင်ရှိ ကုန်းစွန်းမူ၏ အမွေအနှစ်ကို ရပြီးသည့်နောက်တွင် ဤလောကကြီး၌ ရှိနေသော ဆေးပင်များ အသီးများ အကြောင်းကို ရန်ကိုင် အတော်လေး သိလာခဲ့လေသည်။

ကပ်ဘေးအသီးသည် ကုန်စွန်းမူ ချန်ရစ်ခဲ့သည့် ကျောက်စိမ်းပြားထဲတွင် ပါပေသည်။ ထိုအသီးမှာ ကပ်ဘေးဆေးလုံးကို ဖော်စပ်ရန်အတွက် လိုအပ်သည့် အဓိက ဆေးအမယ်တစ်မျိုး ဖြစ်သည်။

ထိုဆေးလုံးမှာ လူတစ်ဦး တစ်ယောက်အတွက် အကျိုးရှိသည့် ဆေးလုံး မဟုတ်ဘဲ အဆိပ်တစ်မျိုးသာ ဖြစ်လေသည်။ ထိုဆေးလုံးသည် အရောင်အနံ့ မရှိဘဲ ရေတွင် အလွယ်တကူ ပျော်ဝင်နိုင်ပေ၏။

ထိုဆေးလုံး ပျော်ဝင်နေသည့် ရေကိုသာ သောက်သုံးလိုက်မည် ဆိုလျှင် ဧကရာဇ်အဆင့် ပညာရှင် တစ်ဦး၏ ယွမ်ချီပင်လျှင် အေးခဲသွားမည် ဖြစ်ကာ အခြားသူများ ပြုသမျှ နုသမျှ ခံရမည့်ဘဝသို့ ရောက်သွား ရပေလိမ့်မည်။

သို့သော်ငြား မည်သည့် ဧကရာဇ်အဆင့် ပညာရှင်ကများ ရေသောက်လို့နည်း။ ထို့အတွက်ကြောင့် ထိုဆေးလုံးသည် အလွန်ကိုမှ အားကောင်းသည့်တိုင် ယေဘူယျအားဖြင့် လုံးဝကို အသုံးမဝင်ပေ။

ကပ်ဘေးဆေးလုံးသည် အဆိပ်ဆေးလုံးတစ်လုံး ဖြစ်သဖြင့် ၎င်း၏ အဓိကဆေးအမယ်ဖြစ်သော ကပ်ဘေးအသီးသည်လည်း အလွန်ကိုမှ အဆိပ်ပြင်းရပေလိမ့်မည်။

သို့သော်ငြား လောကကပ်ဘေး ခန္ဓာကိုယ်၏ ပြဿနာကို ဖြေရှင်းရန် အတွက် ထိုအသီးကို လိုနေခဲ့သည်။ ကြည့်ရသလောက် ထိုပညာရှင် ပြောသွားသည့် နည်းလမ်းမှာ အဆိပ်ကို အဆိပ်နှင့်တိုက်သည့် နည်းလမ်းပင် ဖြစ်လောက်ပေသည်။

ကပ်ဘေးအသီးမှာ ချင်းယု၏ ပြဿနာကို တကယ်ကြီး ဖြေရှင်းပေးနိုင် မပေးနိုင် မသေချာသဖြင့် ရန်ကိုင်ကမူ ထိုကိစ္စနှင့် ပတ်သက်၍ ဝင်ရောက် မှတ်ချက် မပေးခဲ့ပေ။

သို့သော်ငြား ကပ်ဘေးအသီးသည် အလွန်ကိုမှ အေးစက်သည့် နယ်မြေများ၊ နှစ်သန်းပေါင်းများစွာ ကြာညောင်းနေသော ရေခဲတုံးများ အောက်တွင်သာ ပေါက်ရောက်လေ့ရှိသည်။

ထိုကြောင့် ထိုအသီးမှာ အလွန်ကိုမှ ရှားပါးသည်ဟု ပြော၍ ရလေသည်။

“ဟူး... မင်းဆေးပညာရှင် တစ်ယောက်ဆိုတာကို ငါမေ့နေတာပဲ” ချင်းကျောင်းရန်သည် တစ်ခုခုအား ပြန်မှတ်မိ သွားသည့်အလား ပြုံးကာ ပြောလိုက်လေသည်။

မေပယ်မြို့အား ဖြတ်သွားသည့် ပညာရှင်မှ ကပ်ဘေးအသီး အကြောင်းကို ပြောပြစဉ်က ချင်းကျောင်းရန်မှာ ထိုအသီးအကြောင်းကို မသိသဖြင့် နေရာအနှံ့ လိုက်လံ စုံစမ်းခဲ့ရလေသည်။

သို့သော်ငြား ရန်ကိုင်မှာမူ အသီးနာမည်ကို ကြားရုံဖြင့် တစ်ခါတည်း တန်းသိနေခဲ့သည်။

“အဲ့ပညာရှင်က အဲ့အသီးအပြင်ကိုလေ အဲ့အသီးကို ဘယ်နေရာမှာ ရှာလို့ရလဲ ဆိုတာပါ ပြောသွားသေးလား”

ချင်းကျောင်းရန်က လေသံတိုးတိုးဖြင့် ပြန်ပြောလိုက် လေ၏။ “ဥတုလေးမျိုး နယ်မြေထဲမှာ ရှာလို့ရတယ် လို့တော့ ပြောသွားတယ်”

“ဥတုလေးမျိုးနယ်မြေ… အဲ့ဒါ ဘယ်လိုနေရာမျိုးလဲ”

ချင်းကျောင်းရန်သည် ရန်ကိုင့်အား အထူးအဆန်း အမူအယာဖြင့် ကြည့်လိုက်လေသည်။ ထို့နောက် ပြောလိုက်လေ၏။

“ဥတုလေးမျိုးနယ်မြေဆိုတာ တောင်ဘက်နယ်မြေထဲမှာ ရှိတဲ့ သီးခြား ကမ္ဘာတစ်ခုပဲ၊ အဲ့ကမ္ဘာလေးပွင့်လာတိုင်း နေရာမျိုးစုံ ဂိုဏ်းမျိုးစုံ မိသားစုမျိုးစုံက ပညာရှင်တွေ အကုန်လုံး အထဲဝင်ပြီး ရတနာတွေ ရှာဖွေလေ့ ရှိကြတယ်”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင် ရှက်သွားခဲ့လေ၏။ ကြည့်ရသလောက် သူသည် တောင်ဘက်နယ်မြေအကြောင်း သိပ်မသိသေးသည့် ပုံပင်။ ထိုစကားကို ကြားသည့်အခါ ရန်ကိုင်က ပြန်၍ ပြောလိုက်လေသည်။

“အဲ့တာက အများပိုင် ကမ္ဘာတစ်ခုဆိုတော့ လူတိုင်းဝင်လို့ ရမှာပေါ့နော် ဟုတ်တယ်မလား”

ချင်းကျောင်းရန်က ခါးသက်စွာ ပြုံးလျက် “အဲ့လိုဆိုရင်တော့ ကောင်းတာပေါ့... ဒါပေမဲ့ မင်းထင်သလို မဟုတ်ဘူး ညီလေးရန်ရေ… ဥတုလေးမျိုးနယ်မြေက တောင်ဘက်နယ်မြေ ထဲမှာရှိတဲ့ ဂိုဏ်းကြီးတွေရဲ့ လက်ထဲမှာပဲ ရှိတာ”

“အဲ့ထဲကို ဝင်ဖို့ တောင်ဘက်နယ်မြေထဲက ဂိုဏ်းတွေ အကုန်လုံးက ခွဲတမ်းအသီးသီး ရကြတယ်၊ ငါတို့လို မေပယ်မြို့ကတော့ ဘာခွဲတမ်းမှ မရဘူး”

“ဒါဆိုကျုပ် အဲ့ထဲကို ဘယ်လို သွားရမှာလည်း” ရန်ကိုင် မျက်မှောင်ကြုတ် သွားခဲ့လေသည်။

“မင်း ဒါကို သုံးရလိမ့်မယ်” ပြောပြီးသည်နှင့် ချင်းကျောင်းရန်သည် သူ့အိတ်ကပ်ထဲမှ တံဆိပ်ပြားတစ်ခု ထုတ်ယူ လိုက်လေသည်။

ထိုတံဆိပ်ပြားကို ထုတ်ယူလိုက်ပြီးနောက် ချင်းကျောင်းရန် ရှက်သွားခဲ့လေသည်။ ရန်ကိုင်လည်း ချင်းကျောင်းရန် ဘာကြောင့် ရှက်သွားမှန်း နားမလည်ဘဲ တံဆိပ်ပြားကိုသာ လှမ်းကြည့်လိုက်လေသည်။

သို့သော်ငြား တံဆိပ်ပြားကို မြင်ပြီးနောက် သူ့ခန္ဓာကိုယ် တစ်ချက်တုန်ရီသွားပြီး မျက်နှာကြီးလည်း မဲ့သွားခဲ့လေ၏။ ထို့နောက် ပြန်၍ ပြောလိုက်လေ၏။

“လူအိုကြီးချင်း… ခင်ဗျား ဒါကို ဘယ်ကနေ ရလာတာလဲ မိန်းကလေးချင်းရော ဒီအကြောင်းကို သိလား”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၁၇)

ယေဘူယျအားဖြင့် ဤလောကကြီးရှိ ကျင့်ကြံသူများသည် သူတို့ အသုံးပြုကြသည့် တံဆိပ်ပြားများ၏ အသုံးဝင်ပုံနှင့် ဇစ်မြစ်ကို အခြားသူများ သိရှိစေနိုင်ရန်အတွက် တံဆိပ်ပြားပေါ်တွင် စကားလုံးများ၊ သူတို့အား ကိုယ်စားပြုသော လက္ခဏာများကို ထိုးထွင်း အသုံးပြုကြလေသည်။

ချင်းကျောင်းရန်မှ ရန်ကိုင့်အား ပေးလိုက်သည့် တံဆိပ်ပြားသည်လည်း ချွင်းချက်မဟုတ်။ ဤတံဆိပ်ပြားပေါ်တွင် မည်သည့် စကားလုံးမျှ ရှိမနေပဲ မိန်းမချောလေးတစ်ဦး ရေကန်ထဲမှ ထွက်လာသည့် ပုံသာ ရှိနေခဲ့လေသည်။

တံဆိပ်ပြားပေါ်တွင် ထိုးထွင်းသည့်ပုံမှာ အနည်းငယ် အကြမ်းထည် ဆန်သော်ငြား မိန်းမချောလေးမှာတော့ အလွန်ကိုမှ အသက်ဝင်လှပေ၏။ အမို့အမောက် အရှိုက်အဝှမ်း နေရာအသွယ်သွယ်ကို သေချာပြတ်သားစွာ ထိုးထွင်းထားခဲ့သည်။

မျက်နှာအမူအရာမှာလည်း အပြစ်ဆိုဖွယ်ရာမရှိ။

ဤမိန်းမချောလေးသည် ‌ရေကန်ထဲမှ ရေချိုးပြီးပြီးချင်း ထရပ်လာခြင်း ဖြစ်သည့်အတွက် ရေစိုနေသည့်တိုင် သူမ၏ ဗလာကျင်းနေသော အပေါ်ပိုင်း ဝတ်လစ်စလစ် ခန္ဓာကိုယ်ကို ဝိုးတိုးဝါးတား မြင်နေရပေသည်။

ထိုမျှသာလျှင် မဟုတ်သေးဘဲ သူမ၏ အောက်ပိုင်း ခန္ဓာကိုယ်မှာလည်း ဗလာကျင်းနေ၏။ သို့သော်ငြား ခြေထောက်များနှင့် ဖုံးကွယ်ထားအပ်သော နေရာများကိုမူ ရေမျက်နှာပြင်အောက်တွင် ဖုံးကွယ်ထားသဖြင့် သေချာ မမြင်ရပေ။

ဤတံဆိပ်ပြားထဲရှိ မိန်းမချောလေးအား မြင်လိုက်သည့် မည်သူမဆို သူတို့၏ စိတ်ထဲ ဤမိန်းမချောလေးကို ရေကန်ထဲမှ မတင်၍ ရေမျက်နှာပြင်အောက်တွင် ဖုံးကွယ်နေသော သူမ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ကြည့်ချင်စိတ်များ ဖြစ်ပေါ်လာလိမ့်မည်မှာ မလွဲမသေပင်။

“ငါ့လခွမ်း…” တံဆိပ်ပြားပေါ်ရှိ ပုံကို မြင်ပြီးသည့်နောက် ရန်ကိုင် ထအော်ဆဲတော့လေသည်။ ဤတံဆိပ်ပြားပေါ်တွင် ထိုးထွင်းထားသော မိန်းမချောလေးအား ဆွဲထားသည့်လူမှာ တကယ်ကို ကောက်ကျစ်ယုတ်မာသည့် လူဖြစ်သည်။

ထိုလူသည် ယောက်ျားသားများ၏ ခံစားချက်ကို ကောင်းကောင်း နားလည်ဟန်ရကာ တမင်သက်သက်ကို ဤကဲ့သို့ လုပ်ထားခဲ့လေသည်။ တကယ်ကိုမုန်းစရာ ကောင်းသည့် လူပင်။

တံဆိပ်ပြားအား နောက်တစ်ဖက်သို့ လှန်ကြည့်လိုက်ရာ နောက်ထပ် ပုံစံတစ်ခုကို တွေ့လိုက်ရလေသည်။ ယခုတစ်ပုံမှာတော့ ပထမတစ်ပုံကဲ့သို့ မိန်းမချောလေး မဟုတ်တော့ပဲ ဆံပင်များ ဖရိုဖရဲဖြင့် မြေပြင်ပေါ်တွင် ဒူးနှစ်ချောင်း ကျုံ့ကာ ထိုင်လျက် ခွက်တစ်လုံးဖြင့် တောင်းစားနေသော သူတောင်းစားတစ်ဦး၏ ပုံစံဖြစ်လေသည်။

သူတောင်းစားသည် လေအေးများ တဖြတ်ဖြတ် တိုက်ခတ်နေသည့်အတွက်ကြောင့်လားမသိ တုန်ရီနေဟန် ရလေ၏။

“ဒီသူတောင်းစားကို …” ရန်ကိုင်က မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်လေသည်။ “တစ်နေရာရာမှာ မြင်ဖူးနေသလိုပဲ” ထိုသို့ ပြောပြီးသည့်နောက်မှပင် သူ့စိတ်ထဲ လူတစ်ဦး၏ ပုံစံ ထွက်ပေါ်လာခဲ့လေသည်။

“အဲ့ဒါ ငါ့ကို ဒီတံဆိပ်ပြား ပေးခဲ့တဲ့ ပညာရှင်ပဲ” ချင်းကျောင်းရန်က အားနည်းသည့် လေသံဖြင့် ပြန်ပြောလိုက်လေသည်။

“လူအိုကြီးချင်း… အဲ့ပညာရှင်ကလေ ဟိုလူလိမ်အိုကြီး မဟုတ်ဘူးမလား”

ရန်ကိုင်သည် ချင်းကျောင်းရန်အား အံ့အားသင့်တကြီး ကြည့်၍ ပြောလိုက်လေသည်။ “တံဆိပ်ပြားက သာမန် သစ်သားနဲ့ လုပ်ထားတာမျိုးပဲ ဆွဲထားတဲ့ ပုံစံကတော့ တကယ်ကို အသက်ဝင်တယ် ဆိုပေမဲ့ ဘယ်လိုပညာရှင်ကများ ဒီလောက်ကြီး ကလေးဆန် ပါ့မလဲ”

“ဒါကသာမန် သစ်သား မဟုတ်ဘူး” ချင်းကျောင်းရန်က အလေးအနက် အမူအရာဖြင့် “ ငါသေချာ စစ်ဆေးကြည့်ပြီးသွားပြီ။ နှစ်တစ်ရာသက်တမ်းရှိတဲ့ အန်းသစ်သားပဲ”

“အဲ့ဒါ ဘာကွာသွားလို့လဲ” ရန်ကိုင်က ပြန်မေးလိုက်၏။

ချင်းကျောင်းရန်က မျက်နှာကြီးမဲ့လျက်သာ ပြန်ပြောနိုင်လေ၏။ “ဘာမှတော့ မကွာဘူး”

တံဆိပ်ပြားတိုင်းသည် ဩဇာအာဏာ၊ ဂုဏ်အဆင့်အတန်း၊ အရှိန်အဝါကို ကိုယ်စားပြုပေသည်။ ထို့ကြောင့် မည်သည့်အင်အားစုမဆို သူတို့အား ကိုယ်စားပြုသည့် တံဆိပ်ပြားများအား ပေါပေါပဲပဲ ရသည့် ပစ္စည်းများ ဖြစ်ကြသော နှစ်တစ်ရာ အန်းသစ်သားဖြစ်သည့် ပစ္စည်းမျိုးဖြင့် မလုပ်ကြခြင်း ဖြစ်သည်။

ဥပမာပြရသော် ရန်ကိုင်၏ နဂါးကျွန်းတံဆိပ်ပြားသည် ရန်ကိုင်ကိုယ်တိုင်ပင် ဘာမှန်းမသိရသော ပစ္စည်းအမျိုးအစား တစ်ခုဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပေသည်။

ဤမိန်းမချောနှင့် သူတောင်းစား တံဆိပ်ပြားအား လုပ်ထားသည့် ပစ္စည်းမှာမူ အလွန်ကိုမှ သာမန်ဆန်ပေသည်။ ထို့ကြောင့် ရန်ကိုင့်စိတ်ထဲ ချင်းကျောင်းရန် အလိမ်ခံလိုက်ရပြီ ဟုပင် တွေးမိသွားသည်။

“မင်းဘာတွေးနေလဲ ငါသိတယ် ညီလေးရန်” ချင်းကျောင်းရန်က အတည်ပေါက်ဖြင့် ပြန်ပြောလိုက်လေသည်။ “ဒါပေမဲ့ မင်း အဲ့တံဆိပ်ပြားကို ဖျက်ဆီးကြည့်ပါလား”

ရန်ကိုင်က မျက်လုံးမှေးစင်း၍ ပြန်ပြောလိုက်လေသည်။ “လူအိုကြီးချင်း ခင်ဗျားသေချာလား… ကျုပ်ဖျက်ဆီးလိုက်လို့ ပျက်ဆီးသွားခဲ့ရင်…”

“အဲ့ဒါဆိုရင်တော့ ဘယ်တတ်နိုင်မလဲ… ငါအလိမ်ခံလိုက် ရတာပေါ့”

ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ “ကောင်းပြီလေ… အဲ့ဒါဆို ကျုပ်ဖျက်ဆီးကြည့်ရတာပေါ့”

ပြောပြီးသည်နှင့် တံဆိပ်ပြားအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်၍ ဖျက်ဆီးကြည့်ရန် ကြိုးစားလိုက်လေသည်။ အက်သံတစ်သံ ထွက်လာခဲ့လေ၏။ ရန်ကိုင်၏ အမူအရာလည်း ပြောင်းလဲ သွားခဲ့သည်။

ချင်းကျောင်းရန်ကမူ ပြုံးသာ ပြုံးနေလေသည်။ ယခုကဲ့သို့ ဖြစ်လာမည်မှန်း ကြိုသိထားသည့်အလား။ ထွက်လာသည့် အက်သံမှာ တံဆိပ်ပြား ကျိုးသွား၍ ထွက်လာခြင်း မဟုတ်ပဲ ရန်ကိုင်၏ လက်ဆစ်များဆီမှ တစ်ဖျောက်ဖျောက် မြည့်သည့်အသံသာ ဖြစ်လေသည်။ တံဆိပ်ပြားမှာမူ အကောင်းအတိုင်းသာ ရှိနေသေးသည်။

“ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ” ရန်ကိုင် မျက်လုံး ပြူးသွားခဲ့လေသည်။ ဤတံဆိပ်ပြားကို လုပ်ထားသည့် ပစ္စည်းမှာ သာမန်သစ်သားသာ ဖြစ်လေရာ ဘာကြောင့်များ သူ့အနေဖြင့် ဤတံဆိပ်ပြားကို မဖျက်ဆီး ပစ်နိုင်ရသနည်း။

ရန်ကိုင်မှာ မယုံကြည်နိုင်သေးသဖြင့် အားထပ်ထည့်ကာ ဖျက်ဆီးကြည့်ရန် ကြိုးစားလိုက်ပါသော်ငြား အချည်းအနှီးသာ။

“ညီလေးရန် မင်းအခု သိသွားပြီမလား… သူကတကယ့်ကို ပညာရှင် တစ်ယောက်ပဲ” ချင်းကျောင်းရန်က ရန်ကိုင့်ကို ကြည့်ရင်း ရယ်မော၍ ပြောလိုက်လေသည်။

“အစကတုန်းကတော့ ငါလည်း မင်းလိုပဲ သံသယဝင်ပြီး ဒီတံဆိပ်ပြားကို နည်းမျိုးစုံနဲ့ ဖျက်ဆီးဖို့ ကြိုးစားကြည့်သေးတယ်။ ဒါပေမဲ့ ဘယ်လိုမှ ဖျက်ဆီးလို့မရဘူး။ အဲ့ဒါကြောင့်သာ မဟုတ်ရင် ဒီတံဆိပ်ပြားကို ငါမင်းရှေ့မှာ ထုတ်ပြမလာဘူး”

“သူက တကယ်ကြီး ပညာရှင်တစ်ယောက်ပဲ…” ရန်ကိုင့်မျက်နှာထက် ထိတ်လန့်တုန်လှုပ်သည့် အမူအယာတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

ထိုဆန်းကြယ်သည့် ပညာရှင်သည် သူ၏ စွမ်းအားကို သုံး၍ ဤသာမန်ဆန်သော သစ်သားကို ဖျက်ဆီးမရနိုင် လောက်သည်အထိ မာကြောအောင် ပြောင်းလဲ ပစ်ခဲ့သည်။ သာမန် ဧကရာဇ်အဆင့် ပညာရှင်များပင်လျှင် ထိုကဲ့သို့ မလုပ်နိုင်ပေ။

ထို့ကြောင့် ထိုလူမှာ ပညာရှင်တစ်ဦးဖြစ်သည်ဆိုသော အချက်နှင့် ပတ်သက်၍ ရန်ကိုင့်စိတ်ထဲ မည်သည့် သံသယမျှ ရှိမနေတော့ပေ။

တံဆိပ်ပြားကို ချင်းကျောင်းရန်ဆီသို့ ပြန်ပေးလိုက် ပြီးနောက် အလေးအနက် အမူအယာဖြင့် ပြောလိုက်လေ၏။

“ဒါဆိုရင် ဒီတံဆိပ်ပြားကို သုံးပြီး ဥတုလေးမျိုးနယ်မြေထဲ ဘယ်လိုဝင်ရမှာလဲ”

ချင်းကျောင်းရန်က ပြောလိုက်လေသည်။ “အဲ့ဆရာ ပြောသွားတာတော့ ဒီတံဆိပ်ပြားကို ယူပြီး နေမင်းပြာကျောင်းတော်ဆီ သွားတဲ့... အဲ့မှာ သူတို့ဆီကနေပြီး ဝင်ခွင့် တစ်နေရာ တောင်းလိုက်တဲ့”

“အဲ့လိုလား…” ယခုမှပဲ ရန်ကိုင် နားလည်သွားတော့ လေသည်။

နေမင်းပြာကျောင်းတော်သည် တောင်ဘက်နယ်မြေထဲရှိ ထိပ်တန်းအင်အားစုများအနက် တစ်ခုအပါအဝင်ဖြစ်ကာ ကြယ်ဝိဉာဉ်နန်းတော်အောက်သာ တစ်ဆင့်နိမ့်သည့် အင်အားစုတစ်ခု ဖြစ်ပေသည်။

ထို့ကြောင့် ထိုဂိုဏ်းတွင် ဝင်ခွင့်နေရာများစွာ ရှိနေပေလိမ့်မည်။ သူ့စိတ်ထဲ ဤတံဆိပ်ပြားပိုင်ရှင်နှင့် နေမင်းပြာကျောင်းတော်တို့ မည်ကဲ့သို့ ပတ်သက်သလဲ ဆိုသည်ကို တွေးမိသွားခဲ့လေသည်။

“ဥတုလေးမျိုးနယ်မြေက ပွင့်တော့မှာလား” ရန်ကိုင်က မေးလိုက်သည်။

“အင်း…ပွင့်လာတော့မှာလို့ ထင်တာပဲ” ချင်းကျောင်းရန်က ခေါင်းညိတ်လိုက်ပြီးနောက် ပြန်ပြောလိုက်လေ၏။

“အခုလိုတွေ အကုန်လုံးဖြစ်လာလိမ့်မယ်လို့ အဲ့ပညာရှင် မျှော်လင့်ထားပြီးသားလို့ ငါ့စိတ်ထဲ ခံစားနေရတယ်၊ ယုအာရဲ့အသက် ငါးနှစ်တုန်းက ဒီတံဆိပ်ပြားကိုပေးပြီး နောက်ဆယ့်နှစ်နှစ်အတွင်း နေမင်းပြာကျောင်းတော်ဆီ သွားဖို့ ငါ့ကိုပြောတယ်... ဥတုလေးမျိုးနယ်မြေ ဘယ်ချိန်ဖွင့်မလဲတော့ ငါလည်းမသိဘူး… ငါတို့လို မေပယ်မြို့လေးက အဲ့အကြောင်းတွေကို သိခွင့်ရတာမှမဟုတ်တာ။ ဒါပေမဲ့ ဒီနေ့ဖြစ်သွားတဲ့ ကိစ္စတွေအရ ဆိုရင်တော့ ပွင့်ဖို့က သိပ်မကြာလောက်တော့ဘူး”

“ဒီတော့ လူအိုကြီးချင်းက ကျုပ်ကို ခင်ဗျားကိုယ်စား ဥတုလေးမျိုးနယ်မြေဆီသွားပြီး ကပ်ဘေးအသီးကို ရှာခိုင်းချင်တာလား”

ချင်းကျောင်းရန်က ခါးသက်စွာ ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ငါ့မှာသာ မင်းရဲ့စွမ်းအား တစ်ဝက်လောက် ရှိမယ်ဆိုရင် မင်းကို အလုပ်ရှုပ် မခံခိုင်းပါဘူး၊ ဒါပေမဲ့ မင်းလည်းသိတဲ့အတိုင်း ငါက တာအိုသခင်အဆင့်တစ်ယောက် ဆိုပေမဲ့ ဂိုဏ်းကြီးတွေက လက်ရွေးစင်တွေနဲ့ ယှဉ်လိုက်ရင် ဘာမှ မဟုတ်တော့ဘူး... ငါသာ ဝင်သွားမယ်ဆိုရင် ကပ်ဘေးအသီးကို ရှာဖို့မပြောနဲ့… အသက်ရှင်ဖို့တောင် အနိုင်နိုင် ဖြစ်နေမှာ။ သေရမှာကို ငါကြောက်တာမဟုတ်ဘူး… ဒါပေမဲ့ အခုကိစ္စက ယုအာနဲ့ ပတ်သက်နေတာဆိုတော့ ငါမင်းကိုပဲ အားကိုးဖို့ ရှိတော့တယ်”

“ကျုပ်တို့ ဘယ်အချိန် သွားမှာလဲ” ရန်ကိုင်က လိုရင်းကို တန်းမေးလိုက်လေသည်။

ချင်းကျောင်းရန်က အံ့အားသင့်သွားသည့် အမူအယာဖြင့် “ဒီတော့ မင်းလက်ခံတယ်ပေါ့…”

ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ကျုပ်က ဘာလို့ ငြင်းရမှာလဲ။ ခင်ဗျားကတောင် ကျုပ်ကို အခွင့်အရေးတစ်ခု ပေးလာနေတာလေ… ကျုပ်က အမိအရ ဖမ်းဆုပ်ရမှာပေါ့... ပြီးတော့ ကျုပ်ကိုယ်တိုင်ကလည်း တောင်ဘက်နယ်မြေထဲက သီးခြားကမ္ဘာဆီကို သွားချင်နေတာ ဆိုတော့ ကွက်တိပဲ ဖြစ်သွားတာပေါ့”

ချင်းကျောင်းရန်သည် သူ့အား ဥတုလေးမျိုးနယ်မြေဆီသို့ သွားကာ ကပ်ဘေးအသီးကို ရှာပေးရန် ပြောခဲ့ပေသည်။ သို့သော်ငြား အခြားဘက်မှ ကြည့်မည်ဆိုလျှင် ဤသည်မှာ သူ့အတွက် ရွှေရောင် အခွင့်အရေးတစ်ခု ဖြစ်ပေသည်။

ဂိုဏ်းကြီးများထဲမှ လက်ရွေးစင်တပည့်များပင်လျှင် ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်ခွင့်ရရန်အတွက် အပြိုင်အဆိုင် ကြိုးစားနေကြလေရာ ထိုဥတုလေးမျိုးနယ်မြေထဲတွင် အဖိုးတန်ရတနာများစွာ ရှိမည်မှာ မလွဲမသေပင်။

ရတနာများစွာ မရှိလျှင်ပင် ဂိုဏ်းကြီးများမှ လက်ရွေးစင် များနှင့် ပြိုင်ဆိုင်ခွင့် ရနိုင်သည်ကပင်လျှင် ရန်ကိုင့်အတွက် လုံလောက်ပေသည်။ ဤသည်မှာ သူနှင့် ထိုလက်ရွေးစင်များကြားရှိ စွမ်းအင်ကွာခြားချက်ကို သုံးသပ်နိုင်ရန် အခွင့်အရေးတစ်ခု ဖြစ်ပေသည်။

“ကောင်းပြီလေ…” ရန်ကိုင် ဤမျှ အလွယ်တကူ သဘောတူလိုက်မည်ဟု ချင်းကျောင်းရန် မထင်ထားခဲ့ပေ။ ရန်ကိုင် ငြင်းမည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။

ယခုမူ ရန်ကိုင့်အား စည်းရုံးလိုက်စရာပင် မလိုပဲ ရန်ကိုင်မှ ချက်ချင်း သဘောတူခဲ့သည်။ ထို့ကြောင့် ချင်းကျောင်းရန်လည်း ဝမ်းသာအားရဖြင့် ပြန်ပြောလိုက်လေ၏။

“ဥတုလေးမျိုးနယ်မြေ ဘယ်ချိန် ဖွင့်မလဲတော့ မသိပေမဲ့ ဒီကိစ္စက နှောင့်နှေးနေလို့တော့ မဖြစ်ဘူး။ မနက်ဖြန် ထွက်ကြရင် ဘယ်လိုလဲ… အဆင်ပြေလား”

“နေမင်းပြာကျောင်းတော်ဆီကို ရောက်ဖို့ကလည်း အချိန်နည်းနည်း ယူရဦးမှာဆိုတော့ စောစောထွက်လိုက်တာ ပိုကောင်းလိမ့်မယ်”

“ရတယ်လေ…” ရန်ကိုင်က ခေါင်းညိတ်၍ မတ်တပ်ထရပ်ကာ ပြောလိုက်လေ၏။ “အဲ့ဒါဆို ကျုပ် တစ်ချက် သွားပြင်လိုက်ဦးမယ် မနက်ဖြန်ကြရင် တွေ့ကြတာပေါ့”

“ကောင်းပြီ”

ခဏအကြာတွင် ရန်ကိုင်သည် ချင်းမိသားစုမှ ထွက်ကာ ကျန်းမိသားစု ခြံဝန်းဆီသို့ ပြန်လာခဲ့လေသည်။

ရန်ကိုင် ထွက်သွားပြီး ခဏအကြာတွင် ချင်းယုသည် ရန်ကိုင်နှင့်တွေ့ခဲ့သည့် အခန်းဆီသို့ ပြန်လာခဲ့လေသည်။ ချင်းကျောင်းရန်၏ မျက်နှာကို ကြည့်ပြီးနောက် ရလာဒ်ကို တန်းသိလိုက်သည့်အလား လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။

“ဘိုးဘေး… စီနီယာရန် သဘောတူလိုက်တာလား”

“ချက်ချင်းကို သဘောတူပစ်လိုက်တာ” ချင်းကျောင်းရန်က ဝမ်းသာအားရဖြင့် ပြန်ပြောလိုက်လေ၏။

“သူ့ကို စည်းရုံးဖို့ လေကုန်ခံနေစရာတောင် မလိုလိုက်ဘူး၊ ညီလေးရန်က တကယ်ကို တည့်တိုးဆန်တာပဲ တကယ်မိုက်တယ်”

“ဘိုးဘေး… စီနီယာရန်ကို ဥတုလေးမျိုးနယ်မြေက အန္တရာယ်ရှိတယ် ဆိုတဲ့အကြောင်းကော ပြောလိုက်သေးလား။ အဲ့မှာ လူသတ် ဓါးပြတိုက်တာတွေက ထမင်းစားရေသောက်တာပဲနော်”

“ပြီးရင် ဂိုဏ်းကြီးတွေရဲ့ တပည့်တွေကြားက ပြိုင်ဆိုင်မှုကလည်း အရမ်းပြင်းထန်တာ။ သူတို့ကို စောင့်ကြပ် ပေးမဲ့လူ ဘယ်သူမှ ရှိမှာမဟုတ်ဘူး”

“စီနီယာရန်က အားကောင်းတယ်ဆိုပေမဲ့ သူက တာအိုသခင် ပထမအဆင့်ပဲ ရှိသေးတာ အကယ်၍ သူသာ…”

ထိုစကားကို ကြားသော် ချင်းကျောင်းရန် တိတ်ဆိတ်သွားခဲ့ပြီး အချိန်အတော်ကြာမှသာ ပြန်ပြောလိုက် လေသည်။

“ညီလေးရန်ကို ကြည့်ရတာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေမဲ့လူ တစ်ယောက်တော့ မဟုတ်ပါဘူး”

“ဘိုးဘေး… ဘိုးဘေး ဘယ်တုန်းကများ သူများတွေရဲ့ အနာဂတ်ကို မြင်တတ်သွားတာလဲ” ချင်းယုက အံကြိတ်၍ ပြောလိုက်လေသည်။

ချင်းကျောင်းရန်က ရှက်ရှက်ဖြင့်သာ ပြန်ပြောနိုင်တော့လေ၏။ “ငါ့မှာ ရွေးချယ်စရာမှ မရှိတာ… ဒီမေပယ်မြို့ထဲမှာ ငါတို့ချင်းမိသားစု အားကိုးလို့ ရတဲ့လူဆိုလို့ ညီလေးရန်ကလွဲပြီး အခြားဘယ်သူမှ မရှိဘူး၊ သူ့အားမကိုးရင် ဘယ်သူ့အားကိုးရမှာလဲ။ ငါကိုယ်တိုင် သွားရမှာလား”

ထိုစကားကို ကြားသည့်အခါ ချင်းယုက ဝမ်းနည်းနေသည့် အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။

“ဘိုးဘေးသာ ကိုယ်တိုင်သွားမယ်ဆိုရင် အသက်ရှင်လျက် ပြန်လာနိုင်မှာ မဟုတ်ဘူး... ကျွန်မတို့ချင်းမိသားစုက အခုလေးတင်ပဲ ကျန်းမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူထားတာ… ဘိုးဘေးသာ ထွက်သွားရင် ဒီနေရာကို ဘယ်သူက စောင့်ကြပ်ပေးမှာလဲ”

ထိုသို့ ပြောပြီးသည့်နောက် တစ်ချက်ရပ်လိုက်ပြီး ဆက်ပြောလိုက်လေသည်။

“ကောင်းပြီလေ… ပြောပြီးပြီဆိုမှတော့ အဲ့အတိုင်းပဲ လုပ်ကြတာပေါ့။ ဒါပေမဲ့ မသွားခင်… ဘိုးဘေး သူ့ကို သမီးတို့ ချင်းမိသားစုရဲ့ အနန္တဓါးကို ပေးလိုက်ပါလား”

“အနန္တဓါး…” ထိုစကားကို ကြားသည့်အခါ ချင်းကျောင်းရန်၏ အမူအယာ ပြောင်းလဲ သွားခဲ့ပြီး ချက်ချင်း ပြန်ပြောလိုက်လေသည်။

“ယုအာ… အဲ့တာ ငါတို့ချင်းမိသားစုရဲ့ ဘိုးဘေးအမွေနော်”

“သမီးသိတယ်… ဒါပေမဲ့ သမီးတို့ ချင်းမိသားစုထဲမှာ အဲ့ဧကရာဇ်မှော်ရတနာကို သုံးနိုင်တဲ့သူ တစ်ယောက်မှ ရှိတာမှ မဟုတ်တာ... စီနီယာရန်ရဲ့ ကျင့်ကြံခြင်းက နိမ့်သေးတယ်ဆိုပေမဲ့ သူ့စွမ်းအားနဲ့က အဲ့ ဧကရာဇ်မှော်ရတနာကို နည်းနည်းပါးပါး သုံးရင် သုံးလို့ရလောက်တယ်... ပြီးတော့ အဲ့ ဧကရာဇ်မှော်ရတနာနဲ့ဆို ဥတုလေးမျိုးနယ်မြေထဲမှာ သူ့အတွက် ပိုပြီး လုံခြုံလိမ့်မယ်။ စီနီယာရန်က သူ့အသက်ကိုတောင် မငဲ့ကွက်ပဲ သမီးတို့အတွက် လုပ်ပေးတာလေ”

“သမီးတို့ဘက်ကလည်း ပြန်ပြီးတော့ ကျေးဇူးသိတတ် သင့်တာပေါ့။ ဘိုးဘေးသာ အဲ့ဒါ သူ့ကို မပေးလိုက်လို့ရှိရင် သမီးစိတ်ထဲ လိပ်ပြာလုံမှာ မဟုတ်တော့ဘူး”

“နင်က အဲ့လို ပြောတယ်ဆိုမှတော့လည်း… ကောင်းပြီလေ မနက်ဖြန် သူရောက်လာလို့ရှိရင် ငါ အဲ့ဓါးကို သူ့ဆီပေးလိုက်မယ် နင့်စေတနာကို သူသိပါစေလို့ပဲ မျှော်လင့်ရတာပေါ့” ချင်းကျောင်းရန် က သက်ပြင်းချ၍ ပြောလိုက်လေ၏။

ကျန်းမိသားစုသို့ ပြန်ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် လိုအပ်သည်များကို ကျန်းရို့ရှီအား ညွှန်ကြား ထားခဲ့လေသည်။ ခရီးတစ်ခု သွားမည် ဖြစ်သည့် အတွက်ကြောင့် သူမအား အိမ်မှာနေကာ ကျင့်ကြံထားရန် ပြောလေ၏။

ကျန်းရို့ရှီသည် ရန်ကိုင်နှင့်အတူ လိုက်ချင်သော်ငြား အဆုံးတွင်တော့ သူပြောသည့်အတိုင်း လုပ်ရန်သာ ဆုံးဖြတ်ခဲ့လေသည်။ သို့သော်ငြား ထိုကောင်မလေး၏ အမူအယာကို မြင်ပြီးနောက် ရန်ကိုင်လည်း သူ့စိတ်ကို ပြောင်းလဲလိုက်လေ၏။

“နင်ငါ့နောက်ကို လိုက်ချင်လား”

“ဆရာ တကယ် ကျွန်မကို ခေါ်သွားမှာလား” ကျန်းရို့ရှီ၏ မျက်လုံးလေးများ တဖျတ်ဖျတ် တောက်ပ လာခဲ့လေသည်။

“ငါနင့်ကို ခေါ်သွားလို့တော့ရတယ်။ ဒါပေမဲ့ နင်အမြဲတမ်း ငါ့ဘေးမှာ ရှိနေနိုင်မှာ မဟုတ်ဘူး” ရန်ကိုင်က ပြန်ပြောလိုက်လေ၏။

“ဆရာ ဘာပြောချင်တာလဲ” ကျန်းရို့ရှီ နားမလည်နိုင် ဖြစ်သွားလေသည်။

ရန်ကိုင်က ပြုံးလျက် သူ့လက်ကို ဝှေ့ယမ်းလိုက်၏။ အရင်းအမြစ်ချီမှ ကျန်းရို့ရှီအား လွှမ်းခြုံသွားသည်နှင့် တစ်ပြိုင်နက် ကျန်းရို့ရှီသည် အလန့်တကြား ထအော်ရင်း ကမ္ဘာငယ်လေးထဲသို့ ရောက်လာခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၁၈)

နောက်တစ်နေ့ မနက်စောစောတွင် ရန်ကိုင်သည် ချင်းမိသားစုဆီသို့ ပြန်လာခဲ့လေသည်။

ချင်းကျောင်းရန်သည် ပြင်ဆင်စရာ ရှိသည်အားလုံးကို ပြင်ဆင်ပြီးသွားခဲ့လေပြီ။ ရန်ကိုင်သည် ကတိပေးထားခဲ့သည့်အတိုင်း ရောက်လာသည်ကို မြင်သော် ဝမ်းသာသွားခဲ့ပြီး ပြောလိုက်လေသည်။

“ညီလေးရန်… ငါမသွားခင် မင်းကို တစ်ခုပေးစရာ ရှိတယ်”

“ဘာပေးမလို့လဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။

ချင်းကျောင်းရန်သည် သူ့ဘေးတွင် ရပ်စောင့်နေသော ချင်းယုအား အချက်ပြ လိုက်လေသည်။ ချင်းယုသည် ရန်ကိုင့်ဆီသို့ လမ်းလျှောက်လာပြီးနောက် သူမလက်ထဲရှိ သစ်သား သေတ္တာကို ပေးလိုက်လေ၏။

ရန်ကိုင်သည် သစ်သားသေတ္တာကို တစ်ချက်လှမ်းကြည့် လိုက်သည်။ ဤသစ်သားသေတ္တာမှာ သာမန်မဟုတ်ဘဲ ထူးခြားသည့် သစ်သားတစ်မျိုးမျိုးဖြင့် ထုလုပ်ထားသော လေးပေ အရှည်ခန့်ရှိသည့် ထောင့်မှန်စတုဂံပုံစံ သေတ္တာတစ်လုံးဖြစ်သည်။

သေတ္တာအတွင်းပိုင်းဆီကမူ ပုံမှန်မဟုတ်သည့် စွမ်းအင်လှိုင်းများ ဖြာထွက်နေခဲ့လေသည်။

“အမ်…” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေ၏။ သစ်သားသေတ္တာထဲရှိ ပစ္စည်းမှာ သာမန်မဟုတ်သည့် ပစ္စည်းတစ်ခုမှန်း ရန်ကိုင် နားလည်လိုက်လေသည်။

ချင်းကျောင်းရန်အား လှမ်းကြည့်လိုက်ရာ ချင်းကျောင်းရန်က သူ့အား သေတ္တာအဖုံးကို ဖွင့်ကြည့်ရန် အချက်ပြနေလေ၏။

ရန်ကိုင်လည်း တုံ့ဆိုင်းမနေတော့ဘဲ သစ်သားသေတ္တာ အဖုံးကို ဖွင့်ကြည့်လိုက်လေသည်။ အဖုံးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ဓါးအလင်းရောင်တို့ ဖြာထွက်လေ၏။

ဓါးအလင်းရောင်မှာ အလွန်ကိုမှ စူးရှလှရာ ရန်ကိုင်ပင်လျှင် သူ့မျက်လုံးများကို မှေးချလိုက်ရလေသည်။

သို့သော်ငြား ခဏအကြာ၌ အထဲရှိ ပစ္စည်းကို သေသေချာချာ မြင်လိုက်ရလေ၏။

“ဒါက…” ပြောနေရင်း သူ့လက်ကို ဆန့်ထုတ်၍ သေတ္တာထဲရှိ ဓါးရှည်ကို ထုတ်ယူလိုက်လေသည်။

“ဧကရာဇ်အဆင့် မှော်ရတနာလား…”

ဤသည်မှာ သုံးပေခန့် အရှည်ရှိပြီး သုံးလက်မခန့် အကျယ်ရှိသော ဓါးတစ်ချောင်းဖြစ်ပေသည်။ ဓါးသွားနှစ်ဖက်စလုံးမှာ သလင်းကျောက်နှယ် ကြည်လင်နေလေ၏။

ဓါးလက်ကိုင် ထိပ်ရိုးပေါ်တွင်တော့ စကားလုံးသေးသေးလေး တစ်လုံးကို ထိုးထွင်းထားခဲ့လေသည်။

“အနန္တဓါးပဲ…”

“ဒီ အနန္တဓါး လှုပ်ရှားပြီဆိုတာနဲ့ အနန္တနဲ့ချီတဲ့ သက်ရှိတွေရဲ့ လမ်းစဉ်ကို တားဆီးပစ်နိုင်တယ်။ ဒါကြောင့်ပဲ အဲ့လို နာမည်ပေးထားတာ… ဒီ အနန္တဓါးက ငါတို့ ချင်းမိသားစုဘိုးဘေး ချန်ရစ်ခဲ့တဲ့ ဓါးပဲ” ချင်းကျောင်းရန်က အလေးအနက် အမူအယာဖြင့် ရှင်းပြလိုက်လေသည်။

ရန်ကိုင်က မျက်ခုံးပင့်လျက် ပြန်ပြောလိုက်၏။ “အနန္တဓါး… နာမည်ကတော့ တကယ့်ကို အပျံ့စားပဲ”

ပြောပြီးသည့်နောက် ဓါးကိုကိုင်၍ သူ့အရင်းအမြစ်ချီကို ဓါးထဲသို့ ထည့်သွင်းကြည့်လိုက်လေသည်။ တဝီဝီမြည်သံနှင့်အတူ ဓါးသွားမှာ စတင် တုန်ခါလာခဲ့လေ၏။

ဓါးထဲ နှစ်ပေါင်းများစွာကြာအောင် အိပ်စက်နေသော ဓါးဝိဉာဉ်မှာ နိုးထလာသည့်အလား ဓါးတစ်ခုလုံး အရောင်တလက်လက် တောက်ပလာခဲ့လေသည်။

ထိုအချင်းအရာကို မြင်သည့်အခါ ချင်းကျောင်းရန်၏ မျက်လုံး မှေးစင်းသွားခဲ့လေ၏။ ထို့နောက် ကြိတ်မနိုင်ခဲမရ ဖြစ်နေသည့် လေသံဖြင့်

“ညီလေးရန်… မင်းက ငါ့ထက် အများကြီးကို အားကောင်းနေတာပဲ။ ဓါးကိုတောင် မသန့်စင်ရသေးဘူး ဒီလိုစွမ်းအားကို ထုတ်လွှတ်နိုင်နေပြီ”

ဤသည်မှာ ဧကရာဇ်အဆင့် မှော်ရတနာ တစ်ခု ဖြစ်ပေသည်။ ဤဓါးကို မည်သူမှ မသုံးစွဲသည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သော်ငြား ဤအနန္တဓါးသည် သာမန် တာအိုသခင်အဆင့် ပညာရှင် အသုံးပြုနိုင်သည့် မှော်ရတနာတစ်ခုတော့ မဟုတ်သေးပေ။

ချင်းကျောင်းရန်ကိုယ်တိုင် သူ့အရင်းအမြစ်ချီအား ဓါးထဲသို့ ထည့်သွင်းခဲ့သည့်တိုင် ဓါးမှာ မည်သို့မျှ မတုံ့ပြန်လာခဲ့ပေ။ သို့သော်ငြား ရန်ကိုင်ကမူ ဓါးအား မသန့်စင်ရသေးသည့်တိုင် အရင်းအမြစ်ချီ ထည့်သွင်းလိုက်ရုံဖြင့် ဓါးတစ်ခုလုံး အရောင်တလက်လက် တောက်ပလာခဲ့လေ၏။

“လူအိုကြီးချင်း… ခင်ဗျား ဘာပြောချင်တာလဲ” ရန်ကိုင်သည် ဓါးအား တစ်ချက်နှစ်ချက်မျှ ဝှေ့ယမ်းကြည့်ပြီးနောက် ချင်းကျောင်းရန်ဘက်သို့ လှည့်ကာ မေးလိုက်လေသည်။

ချင်းကျောင်းရန်က ပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ညီလေးရန် မင်းမြင်းစီးမယ်ဆိုရင် မြင်းကို အစာကျွေးဖို့တော့ လိုတယ်လေ ဟုတ်တယ်မလား”

ချင်းကျောင်းရန်မှာ ထိုစကားအား ပြောပြီးရုံပင် ရှိသေး ချင်းယုမှ သူ့အား စူးရဲစွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ လေသည်။

“ငါ စကားချော်သွားတာ… စကားချော်သွားတာ” ချင်းကျောင်းရန်က ရှက်ရှက်ဖြင့် ပြန်ပြောလိုက်ပြီးသည့်နောက် ရုတ်ချည်း မျက်နှာတည်သွားလျက် ပြောလိုက်လေ၏။

“ညီလေးရန်… ဒီဓါးကိုသုံးပြီး မင်းကိုမင်း လုံခြုံအောင်သာလုပ် ဥတုလေးမျိုးနယ်မြေက လုံခြုံတဲ့နေရာ မဟုတ်ဘူး”

ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “လူအိုကြီးချင်း ကျုပ်ဒီဓါးယူပြီး ထွက်ပြေးသွားမှာကို မကြောက်ဘူးလား”

ထိုစဉ် ချင်းယုက ဝင်ပြောလိုက်လေသည်။ “စီနီယာရန် အဲ့လိုလုပ်လည်း ဒီဓါးအတွက်ကတော့ ဂုဏ်ရှိနေဦးမှာပဲ... ဒီဓါးက ကျွန်မတို့ချင်းမိသားစုမှာ ရှိနေပေမဲ့ ဘယ်သူမှ မသုံးနိုင်ခဲ့တာ အကြာကြီးရှိနေပြီ... စီနီယာရန်သာ ဒီဓါးကို ယူသွားမယ်ဆိုရင် သူ့အတွက် ပိုင်ရှင်အသစ် ရသွားတာပေါ့။ ဓါးကလည်း အစောကြီးကတည်းက ပိုင်ရှင်အသစ်ရှာပြီး ဒီလောကထဲ ခြေဆန့်ချင်နေခဲ့တာ”

ရန်ကိုင်က ချင်းယုအား တစ်ချက် လှမ်းကြည့် လိုက်လေသည်။ (ဒီကောင်မလေးက တော်တော်ပါးတာပဲ)

ချင်းယုစကားကို ကြာပြီးသည့်နောက်တွင် သူ့အနေဖြင့် ဓါးကိုယူ၍ ထွက်ပြေးချင်လျှင်ပင် ဂုဏ်သိက္ခာအား ထည့်စဉ်းစားရ ပေတော့မည်။

သို့သော်လည်း မည်သို့ပင် ဖြစ်နေစေကာမူ သူသည် အစောကြီးကတည်းက ဤဓါးအား ယူပြီး ထွက်ပြေးရန် စီစဉ်ထားသည်မှ မဟုတ်လေဘဲ။

ဧကရာဇ်အဆင့် မှော်ရတနာများမှာ အလွန်ကိုမှ ရှားပါးလှသော်ငြား ရန်ကိုင့်တွင် ဧကရာဇ်အဆင့်မှော်ရတနာများ မရှိသည်မဟုတ်။ သူ့တွင် တစ်ခုထက်မက ပိုရှိပေသည်။

ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် ရန်ကိုင်က ပြန်ပြောလိုက်လေ၏။

“အခုလောလောဆယ်တော့ ဒီအနန္တဓါးကို ကျုပ်ယူထား လိုက်မယ်။ ဒါပေမဲ့ ဥတုလေးမျိုးဆီက ပြန်ထွက်လာလို့ ရှိရင် ခင်ဗျားတို့ ချင်းမိသားစုဆီ ပြန်ပေးမယ်”

ချင်းယုက ယဲ့ယဲ့လေး ပြုံးလျက် ကျောက်စိမ်းပြားတစ်ပြားကို ရန်ကိုင့်ဆီသို့ ထည့်ပေးကာ ပြောလိုက်လေသည်။

“စီနီယာရန်… ဒါက အနန္တဓါးကို ဘယ်လို သန့်စင်ရမလဲ ဆိုတာကို ကျွန်မတို့ ဘိုးဘေးပြောထားခဲ့တာပါ။ ဒါစီနီယာရန်အတွက် အသုံးဝင်လောက်ပါတယ်

ရန်ကိုင်လည်း ကျောက်စိမ်းပြားကို ယူပြီး ခေါင်းညိတ်ပြ လိုက်၏။ ကျောက်စိမ်းပြားထဲရှိ အကြောင်းအရာများကို သေချာ စစ်ဆေးမနေတော့ဘဲ သိုလှောင်လက်စွပ်ထဲသာ အနန္တဓါးနှင့်အတူ ပစ်ထည့် ထားလိုက်လေသည်။

“အဲ့ဒါဆိုရင် သွားကြတာပေါ့” ချင်းကျောင်းရန်က လက်ဝှေ့ယမ်းပြ လိုက်လေ၏။ ရန်ကိုင်လည်း ခေါင်းညိတ်ပြလိုက်ပြီး ချင်းကျောင်းရန်နှင့်အတူ လမ်းလျှောက်ထွက်သွားလေသည်။

“စီနီယာရန်…” ချင်းယုက အနောက်မှ လှမ်း၍ အော်ဟစ်လိုက်လေ၏။ “ကိုယ့်အသက်ထက် ပိုအရေးကြီးတာ ဘာမှ မရှိဘူးနော်”

ရန်ကိုင်သည် နောက်သို့ပင် ပြန်လှည့်ကြည့် မနေတော့ဘဲ လက်သာ ဝှေ့ယမ်းပြလိုက်လေ၏။

မေပယ်မြို့ထဲမှ ထွက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် သူတော်စင်နန်းတော်ဆီမှ ရလာသည့် သင်္ဘောကို ထုတ်ကာ ထိုသင်္ဘောကိုသုံး၍ စတင် ခရီးထွက်တော့လေသည်။

ပုံမှန်အားဖြင့် မေပယ်မြို့တွင် ဟင်းလင်းပြင် အစီအရင်တစ်ခု ရှိသော်ငြား နတ်ဆိုးချီကပ်ဘေး ချရောက်ချိန်တွင် အရက်သမားသည် ထိုဟင်းလင်းပြင်အစီအရင်အား ဖျက်ဆီးပစ်ခဲ့ပေသည်။ နောက်ထပ် ဟင်းလင်းပြင် အစီအရင်တစ်ခုအား အချိန်တိုအတွင်း ပြန်မဆောက်နိုင်သေးပေ။

သူတို့အနေဖြင့် ကြယ်ဝိဉာဉ်နန်းတော်နှင့် အခြားသော အင်အားစုကြီးများဆီသို့ လှမ်းအကူအညီ တောင်းရုံသာ တတ်နိုင်လေ၏။

ရန်ကိုင့်အနေဖြင့် ဟင်းလင်းပြင်အစီအရင်တစ်ခု ဝင်ပြီး တည်ဆောက်ပေးနိုင်သော်ငြား ထိုသို့ မလုပ်ခဲ့ပေ။ လက်ရှိအချိန်တွင် သူသည် အတော်လေး အားနည်းနေသေး၏။

သူ လေဟာနယ် စွမ်းအားအား ကျွမ်းကျွမ်းကျင်ကျင် တတ်ကျွမ်းထားသည့် အကြောင်းကို အခြားလူများ မသိလျှင် ပိုကောင်းပေသည်။

နေမင်းပြာကျောင်းတော်ဆီသို့ သွားနေသည့် အချိန်အတွင်း ချင်းကျောင်းရန်သည် ရန်ကိုင့်အား ဥတုလေးမျိုးနယ်မြေနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းပြသွားခဲ့သည်။ သူဂရုစိုက်ရမည့် အချို့သော အဓိက အချက်များကိုပါ အလေးပေး ရှင်းပြသွားခဲ့ပေသည်။

ချင်းကျောင်းရန် ပြောပုံအရ ဥတုလေးမျိုးနယ်မြေ၏ ဝင်ပေါက်သည် တောင်ဘက်နယ်မြေထဲရှိ တောင်ကြားတစ်ခုထဲတွင် ရှိနေပေသည်။ ဥတုလေးမျိုးနယ်မြေမှာ အချိန်တန်လျှင် သူ့ဘာသာ အလိုလို ပွင့်လာလေ့ရှိ၏။

ဝင်ပေါက်ပွင့်သွားပြီးသည့် အချိန်မှစ၍ နောက်ရက် သုံးဆယ်အတွင်း တောင်ဘက်နယ်မြေထဲရှိ လူများ ဥတုလေးမျိုး နယ်မြေထဲသို့ ဝင်၍ ရပေသည်။

အချိန်ပြည့်သွားခဲ့လျှင်တော့ အထဲတွင် ရှိနေသော ကျင့်ကြံသူအားလုံး အပြင်သို့ အလိုလို ပြန်ပို့ခြင်း ခံရပေလိမ့်မည်။

ဥတုလေးမျိုးနယ်မြေသည် ၎င်း၏ ထူးခြားသော ပတ်ဝန်းကျင်ကြောင့် ဤနာမည်ကို ရရှိခြင်း ဖြစ်သည်။ ဥတုလေးမျိုး နယ်မြေဆိုသည့်အတိုင်း ရာသီဥတု လေးမျိုးနှင့် ကျိန်းသေ ဆက်စပ်နေပေသည်။

စိမ်းစိုသော နွေဦးနယ်မြေ၊ ခြစ်ခြစ်တောက်ပူလောင်သော ဂိန်မာန်နယ်မြေ၊ အေးစက်စက် လေညင်းတို့ တိုက်ခတ်နေသော ဆောင်းဦးနယ်မြေနှင့် နှင်းများ ဆယ့်နှစ်ရာသီ ဖုံးလွှမ်းနေသည့် ဆောင်းနယ်မြေတို့ ဖြစ်ကြပေသည်။

ကြယ်တာယာ အစုအဝေးထဲတွင် တွေ့ရခဲသည့် ရှားပါး အလွန်အဖိုးတန်သော ရတနာများပင်လျှင် ထိုဥတုလေးမျိုးနယ်မြေ ထဲတွင် တွေ့နိုင်ပေသည်။ ရတနာများတင်သာ မဟုတ် အချို့သော အခွင့်အလမ်းများလည်း ထိုနေရာတွင် ရှိနေကြ၏။

ဂိုဏ်းကြီးများမှ တပည့်များသည် ဥတုလေးမျိုး နယ်မြေထဲသို့ ဝင်ပြီးသည့်နောက်တွင် သူတို့နှင့် သက်ဆိုင်ရာ နယ်မြေများဆီသို့ သွားကာ စူးစမ်းလေ့လာနိုင်ကြပေသည်။

ရန်ကိုင် ရှာနေသည့် ကပ်ဘေးအသီးသည် ဆောင်းနယ်မြေထဲတွင် ရှိနေခြင်းဖြစ်သည်။ ဆောင်းနယ်မြေ၏ အလွန်အေးစက်သော ပတ်ဝန်းကျင်၌သာ ထိုကပ်ဘေးအသီး သီးနိုင်ပေသည်။

ဥတုလေးမျိုးနယ်မြေသည် တောင်ဘက်နယ်မြေထဲရှိ ဂိုဏ်းများအတွက် ရတနာစုဆောင်းရာ အခွင့်အလမ်းတစ်ခု ဖြစ်ရုံသာမက သူတို့၏ တပည့်များကို လေ့ကျင့်ပေးရန်အတွက်လည်း အခွင့်အလမ်း တစ်ရပ် ဖြစ်ပေသည်။

အမျိုးမျိုးသော အင်အားစုကြီးများ သူတို့၏ ထိပ်တန်းတပည့်များကို ဥတုလေးမျိုးနယ်မြေထဲသို့ ပို့ရသည့် အကြောင်းအရင်းမှာ ဤအချက်ကြောင့်လည်း ပါပေသည်။

ဥတုလေးမျိုးနယ်မြေပွင့်တိုင်း အလွန်ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ကြသလို လူအသေအပျောက် များစွာလည်း ရှိကြလေ၏။

သို့သော်ငြား မပြောင်းလဲသည့် အချက်မှာတော့ အားအကောင်းဆုံး လူများသည် အသက်ရှင်နိုင်ချေ အမြင့်ဆုံး ဆိုသည်ပင်။

ချင်းကျောင်းရန်မှာ ဂိုဏ်းကြီးတစ်ဂိုဏ်း၏ တပည့်တစ်ဦး မဟုတ်သည့်အတွက် ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်ခွင့်မရခဲ့ပေ။

ဤဥတုလေးမျိုးနယ်မြေနှင့် ပတ်သက်သည့် အကြောင်းအရာများကို ချင်းယုမှ ပြောပြထားခဲ့ခြင်း ဖြစ်သည်။ သို့မှသာလျှင် ရန်ကိုင့်အနေဖြင့် ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်သည့်အခါ ကပ်ဘေးအသီး ရှိနေသည့် နေရာဆီသို့ သွားရောက် ရှာဖွေနိုင်ပေလိမ့်မည်။

နေမင်းပြာကျောင်းတော်ဆီသို့ သွားသည့် ခရီးမှာတော့ အလွန်ကိုမှ သာယာဖြောင့်ဖြူး နေလေ၏။ ချင်းကျောင်းရန်နှင့် စကားပြောရုံမှ လွဲ၍ ရန်ကိုင့်တွင် အခြားဘာမှ လုပ်စရာ မရှိသဖြင့် ချင်းယုမှ ပေးခဲ့သော အနန္တဓါး၏ သန့်စင်ပုံကိုသာ သွားရောက် ဖတ်ရှူ ကြည့်နေလေသည်။

ရန်ကိုင့်တွင် ဧကရာဇ်မှော်ရတနာ များစွာ ရှိသော်ငြား အနန္တဓါးသည်သာ ဓါးတစ်ချောင်းဖြစ်၏။ သူ့အနေဖြင့် ဤဓါးအား သန့်စင်သည့် နည်းလမ်းကို ဖတ်ရှူကြည့်ရင်း ဉာဏ်အလင်း နည်းနည်းပါးပါးလောက် ရရှိနိုင်ပေသည်။

ငါးရက်ခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့ သင်္ဘောသည် တောအုပ်ကြီးတစ်ခုဆီသို့ ရောက်ရှိလာခဲ့လေ၏။

သင်္ဘောထဲရှိ အခန်းတစ်ခန်းထဲတွင် တင်ပလင်ခွေထိုင်ကာ အနန္တဓါးအား သန့်စင်နေသော ရန်ကိုင်သည် ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည့်အလား ချက်ချင်း မျက်လုံး ပွင့်လာပြီး ဟင်းလင်းပြင်ထဲသို့ စိုက်ကြည့်လိုက်လေသည်။

မကြာမီတွင် ချင်းကျောင်းရန်သည်လည်း တစ်ခုခုအား ရှာတွေ့လိုက်သည့်အလား သင်္ဘောအားရပ်လိုက်ပြီး အော်ပြောလိုက်လေ၏။

“လူကြီးမင်းက ဘယ်သူလဲ… ဘာလို့ ကျုပ်တို့လမ်းကို လာပိတ်ထားရတာလဲ”

သူ့အသံဆုံးသွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် အခန်းထဲမှ ထွက်ကာ ရှေ့သို့ လှမ်းကြည့်လိုက်လေသည်။

အနီရောင်တောက်နေသည့် ပုံရိပ်တစ်ခုသည် မီတာသုံးရာခန့် အကွာတွင် သူတို့အား ကျောပေးကာ ရပ်နေခဲ့လေ၏။ ထိုပုံရိပ်တစ်ခုလုံးကို မီးတောက်များက လွှမ်းခြုံထားခဲ့ပြီး မျက်နှာကိုလည်း မမြင်ရအောင် ဖုံးကွယ်ထားခဲ့လေသည်။

သို့သော်ငြား ခန္ဓာကိုယ်အချိုးအစားအရ ထိုသူမှာ အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။

“ဘာဖြစ်တာလဲ…” ရန်ကိုင်က လေသံတိုးတိုးဖြင့် မေးလိုက်သည်။

ချင်းကျောင်းရန်က ခေါင်းခါ၍ ပြန်ပြောလိုက်၏။ “အဲ့အမျိုးသမီး ငါတို့အရှေ့မှာ ရုတ်တရက်ကြီး ပေါ်လာလို့… ငါစဉ်းစားနေတာ... သူဒီမှာ တောက်လျှောက်ပဲ ရှိနေတာလား အဲ့လိုမှ မဟုတ်ဘဲ...”

“အဲ့အမျိုးသမီးက အရမ်းကြောက်ဖို့ကောင်းတယ်” ထိုအမျိုးသမီးအား သူ့ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက် ပြီးနောက် ရန်ကိုင့်အမူအရာ ပြောင်းလဲ သွားခဲ့လေသည်။

ထိုအမျိုးသမီးအား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေး ကြည့်လိုက်သော်လည်း ဘာကိုမျှ မတွေ့ရှိခဲ့ရပေ။ မျက်လုံးဖြင့် မြင်နေရသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထိုအမျိုးသမီး ထိုနေရာ၌ ရှိနေမှန်းကိုပင် ရန်ကိုင် သိလိမ့်မည် မဟုတ်ပေ။

“သူက ဧကရာဇ်အဆင့်လား” ချင်းကျောင်းရန်က အလန့်တကြား ထအော်လေ၏။

“ဧကရာဇ်အဆင့်ပဲ ဒါပေမဲ့ ရိုးရိုးဧကရာဇ်အဆင့်တော့ မဟုတ်ဘူး” ရန်ကိုင်လည်း တံတွေးတစ်လုတ် မျိုချမိလိုက်သည်။

သူ့အား နတ်ဆိုးစိတ်အာရုံမှ ထိန်းချုပ်သွားခဲ့စဉ်က ရန်ကိုင်သည် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူ သုံးဦးဖြင့် ယှဉ်တိုက် ခဲ့ပေသည်။ ထို့ကြောင့် သူတို့၏ စွမ်းအားနှင့် ပတ်သက်၍ ရန်ကိုင် အနည်းငယ် ခန့်မှန်မိပေ၏။

ထိုဧကရာဇ်အဆင့် ပညာရှင်သုံးဦးစလုံး အတူပူးပေါင်း၍ တိုက်ခိုက်မည်ဆိုလျှင်ပင် လက်ရှိသူတို့ရှေ့တွင် ရပ်နေသော အမျိုးသမီး၏ ပြိုင်ဘက်ဖြစ်လိမ့်မည် မဟုတ်ဟု သူ့စိတ်ထဲ အသေအချာ ခံစားမိနေခဲ့သည်။

တစ်နည်းဆိုရသော် ဤအမျိုးသမီးသည် အနည်းဆုံး ဧကရာဇ် ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်ရပေလိမ့်မည်။ အဖြစ်နိုင်ဆုံးမှာ သူမသည် ဧကရာဇ် တတိယအဆင့် ပညာရှင် တစ်ဦးပင်။ ထိုကဲ့သို့ စဉ်းစားမိလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင် ထိတ်လန့် တုန်လှုပ်သွားခဲ့လေ၏။

ထိုအမျိုးသမီး မည်သည့်အကြောင်းကြောင့် သူတို့ရှေ့တွင် ရပ်နေသည် ဖြစ်ပါစေ သူတို့သာ သူမအား ဒေါသထွက်အောင် လုပ်မိမည် ဆိုပါက သူတို့နှစ်ဦးစလုံး ဤနေရာတွင် ကျိန်းသေ သေရပေလိမ့်မည်။

“ညီလေးရန်… မင်းသူ့ကို သိလား”

“ဘယ်လိုလုပ်ပြီး သိမှာလဲလို့…” ရန်ကိုင်က မျက်နှာကြီးမဲ့လျက် ပြန်ပြောလိုက်လေသည်။ ခဏမျှ စဉ်းစားနေပြီး သည့်နောက်တွင် ရန်ကိုင်က လှမ်းအော်ပြောလိုက်လေ၏။

“စီနီယာ… စီနီယာရဲ့ နာမည်ကို သိလို့ရမလား... ဘာလို့ ကျုပ်တို့လမ်းကို လာပိတ်နေတာပါလဲ”

ရန်ကိုင်က လှမ်းအော်ပြောလိုက်သည့် အခါမှသာ အမျိုးသမီးသည် သူတို့ဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။

အမျိုးသမီးသည် ဖြောင့်စင်းသော နှာတံ၊ နှင်းဆီရောင် တောက်နေသော နှုတ်ခမ်းအစုံနှင့် လူတကာမင်သက်နိုင် လောက်အောင် ချောမောလှပသော ရုပ်ရည်ကို ပိုင်ဆိုင်ထား လေသည်။

ဆံပင်ရှည်များမှာ ကျောပြင်တစ်လျောက် ဖြန့်ကျနေလေ၏။ စနေနှစ်ခိုင်မှာလည်း မြင်သူတကာ အကြည့်မလွှဲနိုင်လောက်အောင် မို့မောက်ပြည့်တင်းနေပြီး အသားအရေမှာလည်း နှင်းသာပမာ ဖြူဖွေးလှပေသည်။ မျက်ဝန်းအစုံမှာတော့ လူတကာကို ညှို့ယူနိုင်လောက်အောင် အရည်ရွှန်းလဲ့နေခဲ့လေသည်။

ထိုအမျိုးသမီးကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ချင်းကျောင်းရန် သူမ၏ အလှထဲ ယစ်မူးသွားခဲ့လေသည်။

“နင်က တကယ်ကို နှေးလွန်းတာပဲ…” အမျိုးသမီးက ရေရွတ်လိုက်လေသည်။

ရန်ကိုင်နှင့် ချင်းကျောင်းရန်သည် တာအိုသခင် ပထမအဆင့် ကျင့်ကြံသူများ ဖြစ်နေသည့်တိုင် အမျိုးသမီး ပြောသည်ကို မကြားလိုက်ရပေ။

ပြောပြီးသည့်နောက်တွင် အမျိုးသမီးသည် ယဲ့ယဲ့လေး ပြုံးလျက် သင်္ဘောဆီသို့ လှမ်းကြည့်လိုက်လေ၏။ ရန်ကိုင့် တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့လေသည်။

အမျိုးသမီး၏အကြည့်သည် ဟင်းလင်းပြင်နှင့် သင်္ဘောအကာအကွယ်ကို ထိုးဖောက်၍ သူ့ကိုယ်တည့်တည့်ဆီသို့ ကျရောက်လာသလို ရန်ကိုင် ခံစားလိုက်ရသည်။

သူ့စိတ်ထဲ အချက်ပေး ခေါင်းလောင်းသံတို့ မြည်ဝေ သွားခဲ့ပြီး အချိန်မရွေး တုံ့ပြန်နိုင်ရန်အတွက် အရင်းအမြစ်ချီကို လှည့်ပတ်ထားခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း သူ့စိတ်ထဲတွင် စတွေးလေတော့၏။

“ငါ ဒီအမျိုးသမီးကို ဘယ်တုန်းကများ ရန်စ မိလိုက်တာလဲ”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၁၉)

ရန်ကိုင် မည်မျှကြာအောင် စဉ်းစားနေစေကာမူ သူ့ခေါင်းထဲ အဖြေတစ်ခု ထွက်မလာခဲ့ပေ။ သူ ကြယ်တာယာ အစုအဝေးသို့ ရောက်သည်မှာ သိပ်မကြာသေး။

သူတွေ့ခဲ့ဖူးသည့် ဧကရာဇ်အဆင့် ပညာရှင်များမှာလည်း အနည်းငယ်သာ ရှိပေသည်။ ထို့ကြောင့် သူသာ ဤအမျိုးသမီးကို မြင်ခဲ့ဖူးလျှင် ကျိန်းသေ မှတ်မိနေရပေမည်။

ထို့အတွက်ကြောင့် လက်ရှိအခြေအနေနှင့် ပတ်သက်၍ အဖြေနှစ်ခုသာ ရှိတော့သည်။ တစ်ခုမှာ ဤအမျိုးသမီးသည် ဤနေရာတွင် အလုပ်တစ်ခုခု လုပ်နေရင်း ရန်ကိုင်တို့နှင့် မတော်တဆ ပက်ပင်းတိုးမိချင်း ဖြစ်သည်။

ဒုတိယတစ်ခုမှာတော့ သူနှင့် ချင်းကျောင်းရန်အား ဤနေရာတွင် လာကြိုစောင့်နေခြင်း ဖြစ်ပေသည်။ ဒုတိယတစ်ခုမှာ သိပ်၍ ဖြစ်နိုင်ချေ မရှိလှပေ။ ထို့ကြောင့် ပထမတစ်ခုသာ ဖြစ်နိုင်ပေ၏။

ရန်ကိုင်မှ ခေါင်းခြောက်မတတ် စဉ်းစားနေစဉ် အနီရောင် ဝတ်ရုံဝတ် အမျိုးသမီးသည် ရုတ်တရက် ထူးမခြားနား လေသံဖြင့် ပြောလိုက်လေသည်။

“ငါ့ကို စကားပြောတာတောင် သင်္ဘောထက်ကနေပြီး ပြောရဲတယ်ပေါ့… ရဲတင်းလိုက်တာ” အမျိုးသမီးမှာ ယဲ့ယဲ့လေး ပြုံးနေခဲ့သော်ငြား သူမ၏ အကြည့်မှာတေ့ာ ရေခဲတမျှ အေးစက်နေခဲ့လေသည်။

ပြောပြီးသည့်နောက်တွင် သူမ၏ နှင်းဖြူရောင် လက်ကလေးအား ဖြည်းဖြည်းချင်းမြှောက်၍ လက်ဖျောက်တီး လိုက်လေ၏။

ခြစ်ခြစ်တောက် ပူလောက်သည့် စွမ်းအားတို့ ရုတ်တရက် ထွက်ပေါ်လာပြီး မီးဘောလုံးလေးတစ်လုံး သူမရှေ့တွင် ဖြစ်ပေါ် လာခဲ့လေသည်။ ထိုမီးဘောလုံးလေးသည် အသာအယာမျှ တုန်ရီ သွားပြီးသည့်နောက် သင်္ဘောဆီသို့ ပျံသန်းဝင်လာလေ၏။

ရန်ကိုင်နှင့် ချင်းကျောင်းရန်တို့ မျက်နှာပျက်သွားခဲ့ကြပြီး သင်္ဘောထဲမှ အလျင်အမြန် ခုန်ထွက်လိုက်ကြလေသည်။

“ဘုန်း…”

နားပင်းမတတ် ပေါက်ကွဲသံနှင့်အတူ သင်္ဘောတစ်ခုလုံး မီးလောင် သွားခဲ့ရလေသည်။ ချင်းကျောင်းရန်မှာ သင်္ဘောပေါက်ကွဲရာမှ ဖြာထွက်လာသည့် စွမ်းအင်၏ ရိုက်ခတ်ခြင်း ခံရကာ နေရာတွင် တန်းသတိလစ် သွားလေ၏။

ရန်ကိုင် ကိုယ်တိုင်မှာလည်း အရိုးများစွာ ကျိုးသွားသည့်အလား သူ့ကျောပြင်တစ်ခုလုံး အလွန်ကိုမှ နာကျင် နေခဲ့ရလေသည်။

အခြေငြိမ်ငြိမ် ပြန်ရပ်နိုင်ပြီးနောက် သင်္ဘောဘက်သို့ လှမ်းကြည့်လိုက်ရာ သူ့၏ အဖိုးတန် သင်္ဘောလေး မီးတောက်များကြောင့် အလျင်အမြန် ပြာကျနေကြောင်းကို တွေ့ရှိလိုက်ရလေ၏။

“ငါ့ရဲ့ မှော်ရတနာလေး…” ရန်ကိုင် ဝမ်းနည်းတကြီး ထအော်လေသည်။ သူ့တွင် ပျံသန်းရေး မှော်ရတနာဆို၍ များများစားစား မရှိဘဲ ထိုမှော်ရတနာများထဲမှ တကယ်အသုံးဝင်သည့် မှော်ရတနာဆို၍ ဤသင်္ဘောတစ်စင်းသာ ရှိပေသည်။

ထို့အပြင် ဤသင်္ဘောကိုလည်း ခက်ခက်ခဲခဲ ရလာခဲ့ရခြင်းဖြစ်သည်။ သို့သော်လည်း ပထမဆုံး ခရီးတွင်ပင် သူ့မှော်ရတနာလေးမှာ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး၏ အကြောင်းအရင်းမရှိ ဖျက်ဆီးခြင်းခံလိုက်ရလေ၏။

ထိုစကားကို ကြားသည့်အခါ အနီရောင်ဝတ်ရုံဝတ် အမျိုးသမီးသည် ယဲ့ယဲ့လေး ပြုံးလျက် ရန်ကိုင့်အား အေးစက်စွာ စိုက်ကြည့်ရင်း တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည်။

“ဟဲ့ကောင်လေး နင့်မှော်ရတနာကို စိတ်ပူမနေနဲ့… နင့်အသက်ကို နင်အရင်စိတ်ပူ”

“စီနီယာ ခင်ဗျားဘယ်သူလဲ ဘာလို့ ကျုပ်တို့ကို လာတိုက်ခိုက်ရတာလဲ” ရန်ကိုင်က အမျိုးသမီးဘက်သို့ လှည့်၍ လှမ်းအော်ပြောလိုက်လေသည်။

ယခု သူအလွန်ကိုမှ ဒေါသထွက်နေလေ၏။ တစ်ဖက်လူသည် အနည်းဆုံး ဧကရာဇ်ဒုတိယအဆင့် ကျင့်ကြံသူ တစ်ဦးဖြစ်ပေသည်။ သူတို့၏ စကားပြောပုံ အနည်းငယ်လေး မသင့်တော်ရုံဖြင့် သူတို့၏ မှော်ရတနာကို ဖျက်ဆီးပစ်ခဲ့သည်။

ယခု သူ့သင်္ဘောအား ဖျက်ဆီးပစ်ရုံနှင့်ပင်လျှင် မကျေနပ် နိုင်သေးဘဲ သူ့ကိုပါ ရန်ရှာရန် ထပ်လုပ်နေသေးသည်။ ရန်ကိုင် ဆက်၍ သည်းမခံနိုင်တော့ချေ။

“ငါ ဘယ်သူလဲ နင်သိစရာမလိုဘူး” အမျိုးသမီးက မင်သက်ဖွယ်ကောင်းစွာ ပြုံးရင်း ရှေ့သို့ တစ်လှမ်းတိုး၍ ပြောလိုက်လေသည်။

ပညာရပ်တစ်ခုခုကို ထုတ်သုံးလိုက်သည့်အလား အမျိုးသမီးမှာ ခြေနှစ်လှမ်း သုံးလှမ်းသာ လှမ်းလိုက်သော်ငြား ရန်ကိုင်နှင့် ပေသုံးဆယ်ခန့်အကွာတွင် ပြန်ပေါ်လာခဲ့သည်။

ထို့နောက်တွင် ရန်ကိုင့်အား လက်ညှိုးထိုးလျက် ပြောလိုက်လေ၏။

“ငါနင့်ကို ကြည့်မရလို့ကို အခုလိုလုပ်တာ”

ပြောပြီးသည့်နောက်တွင် သူမလက်အား ဝှေ့ယမ်း ချလိုက်လေ၏။ လောကနိယာမ စွမ်းအားတို့ အေးခဲသွားခဲ့ပြီး အသွင်မဲ့ ဖိအား တစ်ရပ်သည် ရန်ကိုင့် ကိုယ်ပေါ်သို့ ကျဆင်း လာခဲ့လေသည်။

ထိုကြောက်မက်ဖွယ်ရာ ဖိအားကြောင့် ရန်ကိုင့် တစ်ကိုယ်လုံး ပျက်စီးတော့မည့်အလား သူ့အရိုးများဆီမှ တဖျောက်ဖျောက်မြည်သံများ ထွက်ပေါ်လာခဲ့လေသည်။

“ခင်ဗျား ဖျားနေတာလား” ရန်ကိုင် မျက်နှာ ပျက်သွားခဲ့သည်။ တစ်နေ့တွင် ဤမျှ ဆိုးဝါးသော ကံကြမ္မာနှင့် ကြုံရလိမ့်မည်ဟု မထင်ထားခဲ့ချေ။

အမျိုးသမီးသည် သူ့အား ကြည့်မရသည့်အတွက်ကြောင့် သူ့အား သတ်ပစ်ရန် လုပ်နေခဲ့သည်။

ပြောပြီးသည့်နောက်တွင် အရင်းအမြစ်ချီကို လှည့်ပတ်၍ သုံးမီတာခန့် အကျယ်ရှိသော ဓါးတစ်ချောင်းကို ထုတ်ယူလိုက်သည်။ ထို့နောက် အော်ပြောလိုက်လေ၏။

“ဓါးတစ်ထောင် တိုက်ကွက်”

အနန္တဓါးမှာ တဖျတ်ဖျတ်တောက်ပလာပြီး ဓါးချီဆီမှ တဝီဝီမြည်သံများ ထွက်ပေါ် လာခဲ့လေသည်။ ထိုအခိုက်အတန့်တွင် အနန္တဓါးသည် မရေမတွက်နိုင်သော ဓါးများအဖြစ်သို့ ပွားထွက်သွားခဲ့ပြီး အမျိုးသမီးဆီသို့ ပိုးကောင်တစ်အုပ်နှယ် တိုးဝင်သွားခဲ့လေသည်။

“ဟမ်…ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုလား” အမျိုးသမီး၏ မျက်ဝန်းထဲ အံ့အားသင့်ရိပ်တို့ ဖြတ်ပြေး သွားခဲ့လေ၏။

သို့တိုင် ရန်ကိုင့်၏ တိုက်ခိုက်မှုအား ဂရုကိုပင် မစိုက်ဘဲ လှောင်ပြောင်လိုဟန်ဖြင့်ပင် ပြန်ပြောလိုက်လေ၏။

“အဲ့ဓါးစွမ်းအားရဲ့ ဘယ်လောက်လောက်ကိုများ နင်ထုတ်လွှတ်နိုင်မှာ မို့လို့လဲ”

“ဖုန်း…”

ပြောပြီးသည့်နောက် လေထဲ မီးပွားများစွာ ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင် ပစ်လွှတ်လိုက်သော မရေမတွက် နိုင်သော ဓါးများသည် အသွင်မဲ့ ဖိအားဖြင့် သွားရောက် ထိပ်တိုက်တွေ့ဆုံသွားလေ၏။

သို့သော်ငြား ရန်ကိုင်သည် အနန္တဓါးကို သန့်စင်ထားသည်မှာ ခဏလေးသာ ရှိသေးသလို သူ့ကျင့်ကြံခြင်းမှာလည်း နိမ့်ကျနေသေး၏။ ဓါးချီမှာ အံ့အားသင့်ဖွယ် ကောင်းသည့်တိုင် အတော်လေးကိုမှ အားနည်းလှပေသည်။

ထို့ကြောင့် အသွင်မဲ့ဖိအား၏ တန်ပြန်တိုက်ခိုက်မှုကို အကြာကြီး မခုခံ နိုင်ခဲ့ပေ။ ကြောက်မက်ဖွယ်ရာ ဖိအားလှိုင်းသည် ရန်ကိုင်ပေါ်သို့ ဆက်လက် စီးမိုး ကျဆင်းလာ၏။

“ဒီဓါးဘယ်လောက် အားကောင်းကောင်း အရေးမပါဘူး… ကျုပ်က အဲ့ဒါကို အားကိုးနေတာ မဟုတ်ဘူး” ရန်ကိုင့်၏ အသံသည် အနီရောင်ဝတ်ရုံဝတ် အမျိုးသမီး၏ နောက်ဘက်ဆီမှ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင်သည် အနန္တဓါးအား တင်းကြပ်စွာ ဆုပ်ကိုင်လျက် အမျိုးသမီး၏ လည်တိုင်တည့်တည့်သို့ ထိုးချလိုက်လေ၏။ အနီရောင် ဝတ်ရုံဝတ် အမျိုးသမီးက အံ့အားသင့်နေသည့် လေသံဖြင့် ပြောလိုက်လေသည်။

“တည်နေရာ ခုန်ကျော်တာလား… နင်က လေဟာနယ် စွမ်းအားကို တတ်ထားတာလား စိတ်ဝင်စားစရာပဲ” ပြောပြီးသည့် နောက်တွင် ရန်ကိုင့်ဘက်သို့ ပြုံးကာ လှည့်ကြည့်လိုက်လေသည်။

ရန်ကိုင့်၏ ဓါးချက်သည် အမျိုးသမီး၏ လည်တိုင်တည့်တည့်သို့ ကျဆင်းသွားပြီး သူမ ခန္ဓာကိုယ်အား နှစ်ပိုင်း ခွဲချ သွားခဲ့သည်။

သို့တိုင် ရန်ကိုင့်မှာမူ မပျော်နိုင်သေးဘဲ ကင်းမြီးကောက် ထိုးခံလိုက်ရသည့်အလား ချက်ချင်းနောက်သို့ ပြန်ဆုတ်သွားခဲ့လေ၏။ ထိုအချိန်အတောအတွင်း အမျိုးသမီးသည် ရန်ကိုင် မူလရပ်နေခဲ့သည့် နေရာဘေးတွင် ပြန်ပေါ်လာပြီး သူ့ပုံရိပ်အား လှမ်းတောက်လိုက် လေသည်။

“နင်ဒါကိုတောင် ရှောင်နိုင်တာလား” အနီရောင်ဝတ်အမျိုးသမီးက မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက် လေသည်။

“ကြည့်ရတာ ငါနင့်ကို အထင်သေး မိလိုက်တဲ့ ပုံပဲ”

ထိုသို့ ပြောလိုက်ပြီးသည့်နောက်တွင် အမျိုးသမီး၏ အမူအယာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး သူမ၏ ပတ်ဝန်းကျင်အား မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်လေ၏။

အလွန်ပြင်းထန်သည့် ဆွဲငင်အားကို ထုတ်လွှတ်နေသော တွင်းနက်တစ်ခုသည် သူမဘေးတွင် ရုတ်တရက် ပေါ်လာခဲ့လေသည်။

ရန်ကိုင်ကမူ လက်ကွက်များ ဖန်တီးလျက် အံကြိတ်ကာ အော်ပြောလိုက်လေ၏။ “သေလိုက်စမ်း…”

“နင်ငါ့ကို ရင်ဆိုင်ဖို့ ကြိုးစားနေတာလား” အနီရောင်ဝတ် အမျိုးသမီးက ယဲ့ယဲ့လေး ပြုံးလျက် “ဒီလိုနည်းလမ်းလေးနဲ့လေ”

အမျိုးသမီးမှာ သူမလက်ကိုသာ အသာအယာ ဝှေ့ယမ်းလိုက်ပြီး တွင်းနက်မှာတော့ လုံးဝကို ပျောက်ကွယ်သွား ခဲ့ရလေသည်။

ရန်ကိုင်သည် ခါးသက်စွာ ရယ်မောလိုက်ပြီးနောက် နေရာတွင်သာ မလှုပ်မယှက် ရပ်နေလျက် အနန္တဓါးကို ပြန်သိမ်းလိုက်လေ၏။

“ဘာလဲ အရှုံးပေးပြီလား” အနီရောင်ဝတ် အမျိုးသမီးသည် ရန်ကိုင့်အား စိတ်ဝင်တစား စိုက်ကြည့်ရင်း လှောင်ပြောင် ထေ့ငေါ့ လိုက်လေသည်။

“ခင်ဗျားကိုမှ မနိုင်တာ ဘာလို့ ဆက်တိုက်နေရဦးမှာလဲ” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေသည်။

“ဒါဆို နင်သေဖို့ အဆင်သင့် ဖြစ်နေပြီပေါ့” အနီရောင် ဝတ်ရုံဝတ် အမျိုးသမီးက ရယ်မောလိုက်လေ၏။

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။

“အဆင့်သင့် ဖြစ်ဖြစ် မဖြစ်ဖြစ် ဘာမှထူးမှာမှ မဟုတ်တာ ကျုပ်သာ ဆက်တိုက်ခိုက်နေရင် ပိုပြီးတော့ပဲ ခံစားနေရတော့မယ် ဒါကြောင့်ကျုပ်ကို မြန်မြန်သေအောင်သာ သတ်လိုက်ပေတော့… ”

“ဒါပေမဲ့ ကျုပ်ခင်ဗျားကို မေးချင်သေးတယ်… ခင်ဗျား ဘာလို့ ကျုပ်ကို တိုက်ခိုက်တာလဲ… ပြီးတော့ ကျုပ်ကရော ခင်ဗျားကို ဘယ်လို ရန်စမိလိုက်တာလဲ”

“ငါနင့်ကို ပြောပြီးသွားပြီ မဟုတ်ဘူးလား နင့်ကို ကြည့်မရလို့ပါဆို” အနီရောင်ဝတ်ရုံဝတ် အမျိုးသမီးက ပြန်ပြောလိုက်လေသည်။

“အရူးမ” ရန်ကိုင်က ထအော်ပြောလေ၏။

“အဟွတ် အဟွတ်” ဟင်းလင်းပြင်ထဲရှိ တစ်ခုသော နေရာတွင် လူတစ်ဦးသည် အေးအေးဆေးဆေးဖြင့် ရေနွေးကြမ်း ထိုင်သောက်နေလေသည်။

သို့သော်ငြား ရန်ကိုင် ပြောသည်ကို ကြားပြီးနောက် ထိုသူမှာ ရေနွေးကြမ်း သီးတော့လေ၏။ သူ့ပါးစပ်ထဲ ရောက်နေသော ရေနွေးကြမ်းများကို သူ့ရှေ့တွင် ရှိနေသော မိန်းမငယ်လေး မျက်နှာပေါ်သို့ ထွေးထုတ်လုမတတ် ဖြစ်သွားခဲ့လေသည်။

ထိုကောင်မလေးမှာတော့ ထိုအချက်ကို သတိမပြုမိဘဲ ရန်ကိုင်နှင့် အနီရောင်ဝတ်ရုံဝတ် အမျိုးသမီးကိုသာ စိုးရိမ်တကြီး လှမ်းကြည့်နေလေ၏။ ထို့နောက် ရေနွေးကြမ်းသောက်နေသည့် လူဘက်သို့ လှမ်းကြည့်၍ ပြောလိုက်လေသည်။

“ဦးလေးလီ ကျေးဇူးပြုပြီး သူ့ကို လွှတ်ပေးလိုက်ပါတော့ ကျွန်မ ဦးလေးတို့နဲ့ ကျွန်းဆီ ပြန်လိုက်ခဲ့မယ်လေ ဘာဖြစ်လို့ အစ်ကိုရန်ကို ဒီလောက်ခက်ခဲအောင် လိုက်လုပ်နေရတာလဲ သူကခုမှ တာအိုသခင် ပထမအဆင့်ပဲရှိသေးတာကို ဦးလေးလီတို့ကို ဘယ်လိုလုပ်ပြီး နိုင်မှာလဲ”

“အဲ့ဒါမမှန်ဘူး” ဦးလေးလီဟု ခေါ်သည့်လူက ခေါင်းခါ၍ ပြန်ပြောလိုက်လေသည်။

“ပြဿနာ ရှာနေတာ ငါမဟုတ်ဘူး နင့်ရဲ့ ဒေါ်လေးဖုန်းပဲ ငါနဲ့ ဘာမှမဆိုင်ဘူး။ ငါ့ကို ဘာမှ လာမပြောနဲ့ ငါက ငါ့ဘာငါ ဒီမှာ အေးအေးဆေးဆေး ရေနွေးကြမ်းထိုင်သောက်နေတာ”

“ဒါဆိုရင် ဘာဖြစ်လို့ ဒေါ်လေးဖုန်းက အစ်ကိုရန်ကို ပြဿနာ သွားရှာနေရတာလဲ… သူ အစ်ကိုရန်ကို တစ်ခါမှလည်း မမြင်ဖူးပဲနဲ့ ” မိန်းမငယ်လေးက ပြန်ပြောလိုက်လေသည်။

“ရှောင်ချီ…” ဦးလေးလီ ဆိုသည့်လူက အတွေ့အကြုံ ကြွယ်ဝသည့် ပုံစံမျိုးဖြင့် အဓိပ္ပာယ်ပါပါ ပြောလိုက်လေသည်။

“ဒီအပြင်လောကကြီးက အရမ်းကို ရှုပ်ထွေးလွန်းတယ်… ဒီလောကကြီးမှာ ရှိတဲ့လူတွေ အကုန်လုံးက အရမ်းကို ပါးနပ်ပြီး ဉာဏ်နီဉာဏ်နက် များတဲ့ လူတွေပဲ ဒေါ်လေးဖုန်းက နင့်ကောင်းကျိုးအတွက် လုပ်ပေးနေတာ”

ထိုစကားကို ကြားသည့်အခါ မိုရှောင်ချီက နှုတ်ခမ်းစူလျက် နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်လေသည်။

“သမီး ဂရုမစိုက်ဘူး။ ဦးလေးလီသာ ဒေါ်လေးဖုန်းကို ပြန်မခေါ်ဘူးဆိုရင် သမီး… ဦးလေးလီ ဒေါ်လေးဖုန်း ရေချိုးနေတာကို ချောင်းကြည့်တယ်ဆိုတာကို ပြောပြလိုက်မှာနော်”

ထိုစကားကိုကြားသည့်အခါ ဦးလေးလီဆိုသည့်လူ၏ အမူအယာ ပြောင်းလဲသွားခဲ့ပြီး သူ့မျက်နှာ တစ်ပြင်လုံး သွေးမရှိတော့သည့်နှယ် ဖြူလျော်သွားခဲ့လေသည်။ ပုတီးစေ့တမျှ ကြီးမားလှသော ချွေးစေးတို့ နဖူးထက် စီးကျလာခဲ့လေ၏။

ထို့နောက် ချက်ချင်းပြန်၍ ပြောလိုက်လေသည်။

“ရှောင်ချီ နင်စားချင်တာ စားလို့ရတယ် ပြောချင်တာတော့ ပြောလို့ မရဘူးနော်။ ငါက ဂုဏ်သရေရှိတဲ့ လူတစ်ဦးပဲ ဒီလို ယုတ်ညံ့တဲ့ အလုပ်မျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး”

“ဟုတ်ပြီ ဟုတ်ပြီ ။ ငါ တစ်ကြိမ်ပဲ… တစ်ကြိမ်ပဲ ကြည့်ခဲ့တာ အဲ့တစ်ကြိမ်ကလည်း ငါဘာမှမမြင်ရသေးခင် နင်ငါ့ကို မိသွားတာပဲလေ မဟုတ်ဘူးလား”

“ကောင်မလေး နင်က တကယ်ကို မှတ်ဉာဏ်ကောင်းတာပဲ အဲ့တုန်းက နင် အသက်လေးနှစ်ပဲ ရှိသေးတာ မဟုတ်ဘူးလား”

“ခေါင်းစဉ်ပြောင်းဖို့ မကြိုးစားနဲ့။ ဦးလေးလီကို သမီးမေးနေတယ် လုပ်မှာလား မလုပ်ဖူးလား” မိုရှောင်ချီက နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။

“မလုပ်ဘူးဆိုရင်တော့ သမီး ဘာသာ ဇာတ်လမ်းတွေ အများကြီးထွင်ပြီး ဒေါ်လေးဖုန်းကို တစ်ခုချင်းဆီ ထိုင်ပြောပစ်မှာ”

“ဟာ အဲ့လို မလုပ်ပါနဲ့ မင်းသမီးလေးရယ် ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါနော်” ဦးလေးလီ၏ အမူအရာ ရုတ်ချည်း ခါးသက်သွားခဲ့လေသည်။

“ငါ့ကို လွှတ်ပေးထားလို့ မရဘူးလား ဘာလို့ ငါ့ဘဝကို ဒီလောက်တောင် ခက်ခဲအောင်လုပ်နေရတာလဲ”

“ဒါဆို ဦးလေးလီသဘောတူမှာလား” မိုရှောင်ချီက ဦးလေးလီဆိုသည့် လူအား အေးစက်စွာ စိုက်ကြည့်လိုက်လေသည်။

ဦးလေးလီက သက်ပြင်းချ၍ “ခုနတုန်းကသာဆိုရင်တော့ ငါလုပ်ပေးလို့ရဦးမှာ ဒါပေမဲ့ အခုတော့…”

“အခုတော့ ဘာဖြစ်လဲ”

“အဲ့ကောင်လေး ဘာပြောလိုက်တယ်ဆိုတာ နင်မကြားလိုက်ဘူးလား သူက နင့်ဒေါ်လေးဖုန်းကို အရူးမလို့ သွားခေါ်လိုက်တာ။ ငါလည်း ဘာမှ မတတ်နိုင်တော့ဘူး” ဦးလေးလီဆိုသည့်လူမှာ ရန်ကိုင် ဒုက္ခရောက်နေသည်ကို ဝမ်းသာအားရ ဖြစ်နေသည့်အလား ပြောလိုက်လေသည်။

“ဟာ မဟုတ်တော့ဘူး” မိုရှောင်ချီလည်း ကြောက်လန့်သွားခဲ့ပြီး လှမ်းကြည့်လိုက်လေ၏။

သူမ မျှော်လင့်ထား သကဲ့သို့ပင် ဒေါ်လေးဖုန်း အလွန်တရာကိုမှ ဒေါသထွက်သွားပြီး သူမ၏ မျက်လုံးလှလှလေးများ အေးစက်စက် အကြည့်တို့ဖြင့် တလက်လက် တောက်ပလာကြောင်းကို တွေ့ရှိလိုက်ရလေသည်။ ဤသည်မှာ သူမ အမှန်အကန် ဒေါသထွက်သွားသည့် လက္ခဏာပင် ဖြစ်လေသည်။

မိုရှောင်ချီပင်လျှင် ဒေါ်လေးဖုန်း ဤကဲ့သို့ ဒေါသထွက်နေလျှင် အလွန်ကိုမှ ကြောက်ပေ၏။

“ကောင်လေး… နင်ဘာပြောလိုက်တာလဲ ထပ်ပြောစမ်း” အနီရောင်ဝတ်ရုံဝတ် အမျိုးသမီးသည် ချိုသာစွာ ပြုံးလျက် မေးလိုက်လေသည်။ သူမမှာ ချိုသာစွာ ပြုံးနေလင့်ကစား သူမ၏ လေသံမှာ အရိုးခိုက်မတတ် အေးစက်လှကြောင်းကို ရန်ကိုင် အသေအချာ ခံစားမိနေခဲ့လေသည်။

သို့သော်ငြား အခြေအနေမှာ ဤကဲ့သို့ ဖြစ်ပြီးနေသဖြင့် ရန်ကိုင်လည်း ဘာဆက်ဖြစ်ဖြစ် ဂရုစိုက်မနေတော့ပေ။ ဤအမျိုးသမီးသာ သူ့အား တကယ်သတ်မည် ဆိုပါက သူ့အနေဖြင့်လည်း သူ့ဝမ်းဗိုက်ထဲတွင် ချိတ်ပိတ်ထားသော ရွှေရောင်နှင့် ငွေရောင် ချိတ်စည်းကို ဖြည်ပစ်လိုက်ရုံပင်။

ထိုသို့သာ ဖြစ်မည်ဆိုပါက သူ့အနေဖြင့် သူမ၏ ပြိုင်ဘက် မဖြစ်နိုင်သည့်တိုင် အနည်းဆုံးတော့ ထွက်ပြေးနိုင်လောက်ပေသည်။ သို့သော်ငြား အဓိက ပြဿနာမှာ သူ့တွင် နတ်ဆိုးစိတ်အာရုံနှင့် နတ်ဆိုးချီကို နောက်တစ်ဖန် ချိတ်ပိတ်ရန် စွမ်းအား အလုံအလောက် မရှိခြင်းပင်။

လုံလောက်သော ချိတ်ပိတ်နိုင်သည့် စွမ်းအားကို ထုတ်လုပ်နိုင်ရန်အတွက် မိုးကောင်းကင်သစ်ပင် အနေဖြင့် အချိန်အနည်းငယ် ထပ်လိုပေသေးသည်။

“အရူးမလို့ ခေါ်လိုက်တာ ခင်ဗျား မကြားဘူးလား” ရန်ကိုင်က ခေါင်းမော့၍ ထပ်အော်ပြောလိုက်လေသည်။

“ဟင်း ဟင်း ဟင်း” အနီရောင် ဝတ်ရုံဝတ် အမျိုးသမီးမှာ ဒေါသထွက် မသွားခဲ့ဘဲ ရယ်သာ ရယ်မောလိုက်လေ၏။ သို့သော်ငြား သူမ၏ လေသံမှာ ရုတ်ချည်း စူးရှ သွားခဲ့ပြီး ပြန်ပြောလိုက်လေ၏။

“ငါနင့်ကို မသတ်ရဲဘူး ထင်နေတာလား”

ရန်ကိုင်က မျက်ခုံးပင့်လျက် အံ့အားသင့်နေသည့် အမူအရာဖြင့် “ဟမ်… ဒီတော့ ခင်ဗျားက ကျုပ်ကို သတ်ဖို့ လုပ်ထားတာ မဟုတ်ဘူးပေါ့”

ထိုစကားကို ကြားသည့်အခါမှပဲ ရန်ကိုင် စိတ်သက်သာရ ရသွားခဲ့လေသည်။ ထို့နောက် ပြုံးလျက် ပြန်ပြောလိုက်လေသည်။

“အဲ့ဒါကြောင့် ထူးဆန်းပါတယ်လို့ ကျုပ်ဘဝမှာ ဧကရာဇ် တတိယအဆင့် ပညာရှင်တစ်ယောက်ကို ဘယ်တုန်းကမှလည်း ရန်မစဖူးဘူး”

“ပြီးတော့ ခင်ဗျားလို ဧကရာဇ် တတိယအဆင့် ပညာရှင် တစ်ယောက်က လုပ်လက်စအလုပ်တွေ ပစ်ထားပြီး ကျုပ်လမ်းကို လာတားပြီး ကျုပ်ကို သတ်ဖို့ လုပ်နေတယ် တစ်ခုခု မဟုတ်ပါဘူးလို့ စဉ်းစားနေခဲ့တာ တကယ်ကြီးဖြစ်နေတာကိုး”

အနီရောင် ဝတ်ရုံဝတ် အမျိုးသမီးက လှောင်ပြုံး ပြုံးလျက် ပြန်ပြောလိုက်လေသည်။

“နင့်ကိုနင် တော်တယ် ထင်နေတယ်ပေါ့”

သို့သော်ငြား ရန်ကိုင် ဆက်ပြောလိုက်သည့်စကားကို ကြားပြီးနောက် အနီရောင် ဝတ်ရုံဝတ် အမျိုးသမီး၏ အမူအရာ ပြောင်းလဲ သွားခဲ့လေသည်။

“အာ… မင်္ဂလာပါ ဒေါ်လေးဖုန်း”

အနီရောင်ဝတ်ရုံဝတ် အမျိုးသမီး ကြောင်သွားခဲ့လေ၏။ ရန်ကိုင် သူမမည်သူမှန်း သိသွားခဲ့မည်ဟု မထင်ထားခဲ့ချေ။ ချက်ချင်းပဲ ဟင်းလင်းပြင်ထဲရှိ တစ်နေရာဆီသို့ လှမ်းကြည့်လိုက်ရာ ဦးလေးလီဆိုသည့်လူသည် လက်နှစ်ဖက်ကို ထောင်ပြပြီး ဤကိစ္စမှာ သူနှင့်ဘာမှ မဆိုင်ကြောင်း လုပ်ပြနေသည်ကို တွေ့လိုက်ရလေသည်။

“ခင်ဗျားက ဒေါ်လေးဖုန်းမလား” ရန်ကိုင်မှာ မေးခွန်းထုတ်နေသော်ငြား သူ့လေသံမှာ ယုံကြည်ချက် အပြည့်ရှိနေသည့် လေသံမျိုးဖြစ်ပေသည်။

ထို့နောက် အနီရောင်ဝတ်ရုံဝတ် အမျိုးသမီး စိုက်ကြည့်နေသည့်ဘက်သို့ လှမ်းကြည့်ကာ လက်ဝှေ့ယမ်း၍ အော်ပြောလိုက်လေ၏။ “ရှောင်ချီ…”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၂၀)

ဟင်းလင်းပြင်ထဲတွင် ပုန်းအောင်းနေသော ဦးလေးလီဆိုသည့် လူသည် ရန်ကိုင့်အား အံ့အားသင့်တကြီးဖြင့် ကြည့်လျက် ရေရွတ်လိုက်လေ၏။

“ဒီကောင်လေးက တော်တော် အာရုံခံကောင်းတာပဲ”

“ကျွန်မတို့ ဒီမှာ ရှိနေတယ်ဆိုတာကို အစ်ကိုရန် သိသွားတာလား” မိုရှောင်ချီလည်း အံ့အားသင့်သွားခဲ့ပြီး သူမအား လက်ဝှေ့ယမ်း ပြနေသော ရန်ကိုင့်ဘက်သို့ လှမ်း၍ ကြည့်လိုက်လေသည်။

အလျင်အမြန်ပဲ ရန်ကိုင့်အား တစ်ခုခု ပြောရန် ကြိုးစားလိုက်သော်ငြား သူမ၏ အသံသည် ရန်ကိုင်ဆီသို့ မရောက်ရှိနိုင်ခဲ့ပေ။

သူမနှင့် ဦးလေးလီတို့ ရှိနေသည့် ဟင်းလင်းပြင်အား အားကောင်းသော စွမ်းအားတစ်ရပ်မှ ပိတ်လှောင်ထားသဖြင့် သူမနှင့် ရန်ကိုင်ကြား ကမ္ဘာနှစ်ခု ခြားနေသလို ဖြစ်နေခဲ့လေ၏။ မိုရှောင်ချီ စိတ်ပူလာ မိလေသည်။

အခြားတစ်ဖက်တွင် ရှိနေသော ရန်ကိုင်မှာမူ ရယ်မော၍သာ ပြန်ပြောလိုက်လေ၏။

“မိုရှောင်ချီ… ငါတို့တွေ့တာ တော်လောက်ပြီ။ နင့်မိသားစုနောက်ကို လိမ်လိမ်မာမာနဲ့ ပြန်လိုက်သွားပေတော့။ နောက်ကြမှပဲ ပြန်တွေ့ကြရအောင်”

“အာ…” မိုရှောင်ချီ ခေါင်းညိတ်လိုက်လေ၏။ သူမစိတ်ထဲ ရန်ကိုင့်အား နောက်ဆုံးအကြိမ်လေးပင် မတွေ့လိုက်ရသဖြင့် အတော်လေး စိတ်ပျက်နေခဲ့ခြင်း ဖြစ်သည်။

သို့သော်ငြား ရန်ကိုင့်၏ စကားကို ကြာပြီးသည့်နောက်တွင် စိတ်ပျက်မှုတို့ ပိန်းကြာရွက်ပေါ် ရေမတင်သည့်အလား ပျောက်ကင်းသွားခဲ့ပြီး ဝမ်းသာအားရ အော်ရယ်မော လိုက်လေသည်။

ရန်ကိုင်သည် အနီရောင်ဝတ်ရုံဝတ် အမျိုးသမီးဘက်သို့ လှည့်၍ ပြောလိုက်လေ၏။

“ဒေါ်လေးဖုန်း”

“နင် ဘယ်သူ့ကို ဒေါ်လေးဖုန်းလို့ ခေါ်နေတာလဲ” အနီရောင်ဝတ်ရုံဝတ် အမျိုးသမီးကမူ ရန်ကိုင့်အား အေးစက်စက် အမူအယာဖြင့်သာ စိုက်ကြည့်နေခဲ့လေသည်။

“စီနီယာ…”

“နင် နောက်တစ်ကြိမ် ထပ်ပြောရဲ ပြောကြည့်”

ရန်ကိုင်က အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် ပြန်ပြောလိုက်လေ၏။

“ခင်ဗျား ကျုပ်လမ်းကို ဘာဖြစ်လို့ လာပိတ်ထားလဲ ကျုပ်သိပြီးသွားပြီ”

“နင့်ကိုယ်နင် တော်တယ် ထင်နေတယ်ပေါ့” အနီရောင်ဝတ်ရုံဝတ် အမျိုးသမီးက အေးစက်စက် အမူအယာဖြင့် ဖြတ်ပြောလိုက်လေသည်။

သူမ၏ အပြုအမူကြောင့် ရန်ကိုင် အံ့အားသင့်သွားပြီး မျက်မှောင်သာ ကြုတ်နိုင်တော့လေသည်။

“ခင်ဗျား ဝန်မခံဘူးဆိုမှတော့ ကျုပ်ကပဲ…” ပြောနေရင်း ရန်ကိုင်သည် မိုရှောင်ချီတို့ ရှိနေသည့် ဟင်းလင်းပြင်ဘက်သို့ ကြည့်ကာ ပြောလိုက်လေ၏။

“ရှောင်ချီ… အိမ်ကို ပြန်သွားပြီး ငါ့ကို စောင့်နေလိုက် ငါ မင်္ဂလာ လက်ဖွဲ့ ပြင်ပြီးသွားလို့ ရှိရင် နင့်အိမ်ဆီ လာပြီး တင်တောင်းမယ်”

အနီရောင်ဝတ်ရုံဝတ် အမျိုးသမီး မျက်နှာပျက်သွားခဲ့ပြီး ဒေါသတကြီး ထအော်လေသည်။ “ကောင်လေး… နင်လုပ်ရဲ…”

သို့သော်ငြား တစ်ခုခုအား နားလည်သွားပြီးသည့်နောက် အံကြိတ်၍ ပြောလိုက်လေ၏။

“နင်က တကယ် ဉာဏ်နီဉာဏ်နက် များတဲ့ကောင်ပဲ” ယခုမှပဲ ရန်ကိုင့်၏ အသံသည် မိုရှောင်ချီဆီသို့ မရောက်နိုင်ကြောင်းကို သူမ နားလည်သွားခဲ့သည်။

ရန်ကိုင်သည် မိုရှောင်ချီတို့အား လှမ်းပြောနေခြင်း မဟုတ်ဘဲ သူမကိုသာ ပြောနေခြင်း ဖြစ်ပေသည်။ သို့သော်ငြား သူမ၏ တုံ့ပြန်ပုံအရ ရန်ကိုင့်၏ စကားကို အတည်ပြုပေးလိုက်သလို ဖြစ်သွားခဲ့လေသည်။

“ဟုတ်တယ်… ငါကရှောင်ချီရဲ့ ဒေါ်လေးဖုန်းပဲ”

အနီရောင်ဝတ်ရုံဝတ် အမျိုးသမီးလည်း ဆက်၍ မသိချင်ယောင် မဆောင်နိုင်တော့သည့်အဆုံး ဝန်ခံရတော့လေသည်။ ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်လျက်

“နင် ဘယ်သူပဲဖြစ်ဖြစ် ဘယ်လောက်ပဲတော်တော် ငါဂရုမစိုက်ဘူး ရှောင်ချီက နင်ကြိုက်လို့ရတဲ့ မိန်းကလေး တစ်ဦး မဟုတ်ဘူး။ သူနဲ့ပတ်သက်ပြီး စဉ်းတောင် မစဉ်းစားနဲ့”

“ခင်ဗျားက ကျုပ်ကို ဖားပြုတ် ငန်းသားမစားဖို့ ဒီနေရာထိ လာပြီး ပြောတာလား” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည်။ “အဲ့လိုဆိုရင်လည်း အစကတည်းကပဲ ပြောလိုက်ပါလားလို့”

“အနည်းဆုံးတော့ နင်က ကိုယ့်နေရာကို သိသေးသားပဲ” အနီရောင်ဝတ်ရုံဝတ် အမျိုးသမီးက နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။

“နင်က ကိုယ့်အခြေအနေ ကိုယ်သိတဲ့ လူဆိုတော့ ငါလည်း နင့်ကို ဆက်ပြီး အနိုင်မကျင့်တော့ဘူး… ဒါပေမဲ့ ငါ့စကားကို လုံးဝ မမေ့လိုက်နဲ့… နင်သာ ရှောင်ချီနဲ့ ပတ်သက်ပြီး မဟုတ်တာတစ်ခုခု ထပ်တွေးရဲတယ်ဆိုရင် ငါနင့်ကို ဒီလောကကြီးမှာ မွေးဖွားလာတာကို နောင်တရအောင် လုပ်ပေးလိုက်မယ်”

“ခင်ဗျား ခြိမ်းခြောက်တာကြီးကလည်း ကြောက်စရာလည်း မကောင်းပါလား” ရန်ကိုင် ရယ်မောလျက် “ဒါပေမဲ့ စိတ်မပူနဲ့ ရှောင်ချီနဲ့ ကျုပ်က သူငယ်ချင်း သက်သက်ပဲ”

“အဲ့လိုဆို အကောင်းဆုံးပဲ” အနီရောင်ဝတ်ရုံဝတ် အမျိုးသမီးက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။

ရန်ကိုင်က ရယ်မောလျက် “တကယ်တမ်းပြောရရင် ကျုပ်က အဲ့လို မိန်းကလေးတွေထက် အသက်ကြီးပြီး ပိုပြီး ရင့်ကျက်တဲ့ အမျိုးသမီးတွေကို ကြိုက်တာ ဥပမာပြောရရင် ခင်ဗျားလိုပေါ့”

“အဟွတ် အဟွတ်” ဟင်းလင်းပြင်ထဲတွင် ရှိနေသော ဦးလေးလီ၏ သောက်လက်စ ရေနွေးကြမ်း သီးသွားခဲ့လေသည်။ ထို့နောက် ရန်ကိုင့်ဘက်သို့ ပါးစပ်အဟောင်းသားဖြင့် လှမ်းကြည့်လိုက်လေ၏။

ခဏအကြာမှသာ အသိပြန်ဝင်လာပြီးနောက် သူ့နဖူးပေါ်တွင် ရှိနေသော ချွေးများကို သုတ်၍ ပြောလိုက်လေသည်။

“သူအစခံလိုက်ရတာပဲ… သူတကယ်ကြီး အစခံလိုက်ရတာပဲ…” ထိုသို့ပြောနေရင်းမှ အားပါးတရ ထအော်ရယ်မော တော့လေသည်။

“နို့နံ့တောင် မစင်သေးတဲ့ ကောင်လေးတစ်ယောက်က မိန်းကလေးကျို့ကို လာစသွားတယ်။ မဟာဧကရာဇ်သာ ကြားရင်တော့ ထိုင်ရယ်နေတော့မှာပဲ”

“အစ်ကိုရန်… သူဘယ်လိုလုပ်ပြီး အဲ့လိုစကားကို ပြောရတာလဲ” မိုရှောင်ချီ၏ မျက်နှာမှာတော့ ရှက်သွေးဖြာ သွားခဲ့လေသည်။ “အရမ်းကို အရှက်မဲ့လွန်းတယ်”

“နင်က ငါ့ကို မိန်းကလေးမျိုးတွေကို ကြိုက်တာ…” အနီရောင်ဝတ်ရုံဝတ် အမျိုးသမီး၏ အမူအယာ ထူးဆန်းသွားခဲ့ပြီး ရန်ကိုင့်အား စိတ်ဝင်တစားဖြင့် လေ့လာကြည့် လိုက်လေသည်။ ထို့နောက် ပြန်၍ ပြောလိုက်လေ၏။

“အဲ့စကားသက်သက်နဲ့တင် ငါ့အတွက် နင့်လျှာကို ဖြတ်ပစ်ဖို့ လုံလောက်နေပြီ ဒါပေမဲ့…”

အနီရောင်ဝတ်ရုံဝတ် အမျိုးသမီးသည် ရုတ်တရက် ချိုသာစွာ ပြုံးလျက် ရန်ကိုင့်အား ပလူတူတူ ညုတုတု အကြည့်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်လေ၏။

“အခုလို ရိုးသားတာကို ငါကြိုက်တယ် နင့်ကျင့်ကြံခြင်းသာ ငါ့ကို ကျော်သွားခဲ့မယ်ဆိုရင် ငါနင့်ကို စဉ်းစားပေးမယ်”

“ဟား ဟား… အဲ့ဒါ ကတိနော်” ရန်ကိုင်က ရယ်မော၍ ပြောလိုက်လေသည်။

အနီရောင်ဝတ်ရုံဝတ် အမျိုးသမီးက ရန်ကိုင့်အား ခဏကြာအောင် စိုက်ကြည့်နေပြီး လှောင်ပြောင်နေသည့် လေသံဖြင့်

“ကိုယ့်အကြောင်းကို မသိတဲ့ အရူးပဲ” သူမ၏ အသံဆုံးသွားသည်နှင့် အမျိုးသမီးသည်လည်း ရန်ကိုင့် ရှေ့မှ ပျောက်ကွယ်သွားခဲ့လေသည်။

“ဟေး… ခင်ဗျား ကျုပ်ပျံသန်းရေး မှော်ရတနာကို ဖျက်ဆီးသွားတာလေ… ဒီအတိုင်းကြီးပဲ ထွက်သွားတော့မလို့လား… အစားလေးဘာလေး အလျော်ပြန်မပေးဘူးလား” ရန်ကိုင်က ဟင်းလင်းပြင်ဘက်သို့ လှမ်း၍ အော်ပြောလိုက်လေ၏။

သူ့အသံဆုံးသွားသည်နှင့် အပြာရောင်အလင်းတန်း တစ်ခုသည် သူ့ဆီသို့ ပျံသန်းလာပြီး သူ့ရှေ့တည့်တည့်တွင် ရပ်တန့်သွားခဲ့လေသည်။

အပြာရောင်အလင်းစက်ကို လေ့လာကြည့်ပြီးနောက် ထိုအရာသည် သုံးလက်မခန့် အရှည်ရှိသော တာအိုသခင်အဆင့် အရှိန်အဝါကို ထုတ်လွှတ်နေသည့် သစ်သားလှေငယ်လေး တစ်စင်းသာ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

“ငါ့ကို တကယ်ကြီး အလျော်ပြန်ပေးသွားတာလား” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ သို့တိုင် ထိုအကြောင်းကို ဆက်၍ ဂရုစိုက်မနေဘဲ ထိုလှေငယ်လေးကိုသာ ဝမ်းပန်းတသာဖြင့် လက်ခံယူထားလိုက်သည်။

ထို့နောက် လေထဲတွင် အချိန်အတော်ကြာအောင် ရပ်နေလိုက်လေသည်။ အချိန်အတော်ကြာ ပြီးသည့်နောက်တွင် ရန်ကိုင့်တစ်ကိုယ်လုံး ကတုန်ကယင် ဖြစ်လာပြီး သူ့နဖူးထက် ပုတီးစေ့မျှ ကြီးမားလှသော ချွေးသီးများ ဝေ့သီလာခဲ့လေသည်။ သူ့တစ်ကိုယ်လုံးလည်း ချွေးများဖြင့် စိုရွှဲသွား၏။

ထို့နောက် ရန်ကိုင်သည် အချိန်အတော်ကြာအောင် အသက်အောင့်ထားရသည့်အလား အမောတကော အသက်ရှူတော့ လေသည်။

အနီရောင် အမျိုးသမီး ရိုးရိုးလေးပင် အန္တရာယ်များခြင်း မဟုတ်။ အလွန့်အလွန်ကိုမှ အန္တရာယ်များခြင်း ဖြစ်သည်။ အနီရောင်ဝတ်ရုံဝတ် အမျိုးသမီးသည် သာမန်ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးပင် မဟုတ်ဘဲ ဧကရာဇ် တတိယအဆင့် ပညာရှင်တစ်ဦးဖြစ်သည်။

သူမ၏ ကျင့်ကြံခြင်းမှာ ရန်ကိုင့်ထက် အဆင့်ပေါင်းများစွာ ပိုမြင့်မားပေသည်။ ရန်ကိုင့်အနေဖြင့် ရွှေရောင်နှင့် ငွေရောင် ရောယှက်နေသော ချိတ်စည်းကို ဖြည်လိုက်မည်ဆိုလျှင်ပင် သူမ၏ လက်မှ လွတ်မြောက်နိုင်လောက်လိမ့်မည် မဟုတ်။ ထို့ကြောင့်ပင်လျှင် အရဲစွန့်ကာ စွန့်စားလိုက်ခြင်း ဖြစ်ပေသည်။

ကံကောင်းစွာပင် တကယ်အရေးကြီးသည့် အချိန်၌ သူသည် ထိုအမျိုးသမီး မည်သူ ဖြစ်သည်ကို မှန်ကန်စွာ ခန့်မှန်းလိုက်နိုင်သည်။ ရန်ကိုင့်အနေဖြင့် ထိုကဲ့သို့ တွေးလိုက်နိုင်သည်မှာ သူ့အကြောင်းနှင့်သူ ရှိပေသည်။

ရန်ကိုင်သည် ထိုအနီရောင် ဝတ်ရုံဝတ် အမျိုးသမီးနှင့် ရန်ငြိုးရန်စ ရှိသည်မဟုတ်။ သို့သော်ငြား ဤ ဧကရာဇ် တတိယအဆင့် ပညာရှင်သည် တမင်သက်သက် အလုပ်ရှုပ်ခံ၍ သူ့လမ်းကို လာတားကာ သူ့အား ပြဿနာ လာရှာခဲ့သည်။ ထို့ကြောင့် သူမတွင် အကြောင်းအရင်း တစ်ခုခု ရှိရပေလိမ့်မည်။

ထိုအကြောင်းနှင့် ပတ်သက်၍ ခေါင်းခြောက်အောင် စဉ်းစားပြီးသည့်နောက်တွင် သူ့ခေါင်းထဲ မိုရှောင်ချီ အကြောင်းသာ ပေါ်လာခဲ့လေ၏။

သူမထွက်မသွားခင် မိုရှောင်ချီသည် ကျောက်စိမ်းပြားတစ်ခုကို ထားခဲ့၍ ဒေါ်လေးဖုန်းမှ သူမအား လာခေါ်နေကြောင်း ရန်ကိုင့်အား ပြောပြ သွားခဲ့သည်။

မိုရှောင်ချီသည် တန်ခိုးရှင်ဘုရင် တတိယအဆင့်သာ ရှိသဖြင့် သူမ၏ ဒေါ်လေးဖုန်းလက်မှ မည်ကဲ့သို့များ လွတ်မြောက်နိုင်မည်နည်း။ ထို့ကြောင့် မိုရှောင်ချီအနေဖြင့် ကျိန်းသေကို အိမ်ပြန် ခေါ်သွားခံရပေလိမ့်မည်။

ထို့အပြင် ဒေါ်လေးဖုန်းဆိုသူသည် ရန်ကိုင့်အကြောင်းကို မိုရှောင်ချီဆီမှ ကြားခဲ့ရလောက်ပေ၏။ ထိုအကြောင်းကြောင့်ပင်လျှင် သူ့အား တမင်သက်သက် လာရှာခဲ့ခြင်း ဖြစ်ပေသည်။

ရန်ကိုင့်အနေဖြင့် ဒေါ်လေးဖုန်း ဘာကြောင့် ဤကဲ့သို့ လုပ်ရသလဲ ဆိုသည်ကိုလည်း နားလည်ပေသည်။

ထိုအတွေ့အကြုံမရှိ တုံးအသည့် ကောင်မလေးသာ သူစိမ်း တစ်ယောက်၏ နာမည်အကြောင်းကို ထပ်တလဲလဲ ပြောနေမည် ဆိုပါက သူမအနေဖြင့် ရန်ကိုင် မည်ကဲ့သို့သော လူစားမျိုးလဲ ဆိုသည်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်စစ်ဆေး ကြည့်ရပေလိမ့်မည်။ သို့မှသာ မိုရှောင်ချီ အလိမ်ခံလိုက်ရသလား မခံရဘူးလား ဆိုသည်ကို သိနိုင်ပေလိမ့်မည်။

ထို့နောက်တွင် ရန်ကိုင်သည် မိုရှောင်ချီ အနီး၌ ရှိနေသည်ကို မည်ကဲ့သို့ ခန့်မှန်းမိသွား ခဲ့လေသနည်း။ ထိုအချက်နှင့် ပတ်သက်၍ ရှင်းပေသည်။

ထိုအမျိုးသမီး မည်သူမှန်း သိသွားပြီးသည့်နောက် မိုရှောင်ချီသည် ဟင်းလင်းပြင်ထဲရှိ အနီးအနား တစ်နေရာရာတွင် ပုန်းအောင်းနေရမည်မှန်း နားလည်သွားခဲ့သည်။

အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးကမူ သူ့အား ကျိန်းသေ သတ်လိမ့်မည် မဟုတ်ပေ။ သို့သော်ငြား မသွားခင် အချိန်တွင် အမျိုးသမီးသည် ဝိဉာဉ် ပညာရပ်တစ်ခုခုကို ထုတ်သုံး သွားခဲ့လေသည်။ သူမ၏ ညို့ဓာတ်ပညာရပ်ကြောင့် ရန်ကိုင်သည် လူရှေ့သူရှေ့တွင် အရူးတစ်ယောက်နှယ် ဖြစ်သွားခါနီး ဖြစ်ခဲ့ရသည်။

သို့ရာတွင် ဒေါ်လေးဖုန်းမှာ ရန်ကိုင့်၏ စိတ်စွမ်းအင်ကို အထင်သေးမိသွားခဲ့လေသည်။ ရန်ကိုင်သည် ဝိဉာဉ်ကြာပန်း၏ အကူအညီဖြင့် အနီရောင်ဝတ်ရုံဝတ် အမျိုးသမီး၏ ညို့ဓာတ်အောက်မှ ရုန်းထွက်နိုင်ခဲ့သည်။ ထို့ကြောင့်သာ မဟုတ်လျှင် မိုရှောင်ချီတို့ ရှေ့၌ အရှက်တကွဲ အကျိုးနည်း ဖြစ်ရပေလိမ့်မည်။

“သူတို့ ထွက်သွားလောက်ပါပြီ ဟုတ်တယ်မလား” ရန်ကိုင်သည် သူ့ကိုယ်သူ ပြန်မေးလိုက်လေသည်။

သူ့စိတ်ထဲ အနည်းငယ်တော့ လန့်မိနေသေးသည်။ သို့သော်ငြား ရဲဆေးတင်၍ ချင်းကျောင်းရန်၏ အခြေအနေကို သွားစစ်ဆေးကြည့်လေ၏။

စစ်ဆေးကြည့်ပြီးနောက် ချင်းကျောင်းရန်သည် သတိသာ လစ်နေခြင်းဖြစ်ပြီး မည်သည့်ဒဏ်ရာမှ မရရှိထားကြောင်း တွေ့လိုက်ရလေသည်။

ဒေါ်လေးဖုန်းသည် ရန်ကိုင်နှင့် နှစ်ကိုယ်တည်း သီးသန့် စကားပြောချင်သည့်အတွက် ချင်းကျောင်းရန်အား သတိလစ်သွားအောင် လုပ်လိုက်သည့်ပုံပင်။

အဝေးတစ်နေရာ၌…

ဦးလေးလီဆိုသည့် လူသည် ပညာရပ်တစ်ခုကို ထုတ်သုံး၍ မိုရှောင်ချီ ၊ ဒေါ်လေးဖုန်းတို့နှင့် အတူ ဟင်းလင်းပြင်ထဲ ဖြတ်သန်း သွားလာနေသည်။

မိုရှောင်ချီ၏ မျက်နှာမှာ စူပုပ်နေသော်ငြား ဧကရာဇ်အဆင့် ပညာရှင်နှစ်ဦးကမူ ဂရုကို စိုက်မနေခဲ့ပေ။

ဦးလေးလီဆိုသည့်လူကမူ ပြောစရာတစ်ခုခု ရှိနေသည့်အလား ဒေါ်လေးဖုန်း ဆိုသူအား မကြာခဏ လှမ်းလှမ်းကြည့်နေ၏။

“ပြောစရာ ရှိနေတယ်ဆိုရင် ပြောချပစ်လိုက် ငါ့ကိုလာလာပြီး ကြည့် မနေနဲ့”

ဦးလေးလီဆိုသည့်လူ၏ လုပ်ရပ်ကြောင့် ဒေါ်လေးဖုန်းမှာ ဒေါသူပုန် ထသွားပြီး ထအော်ပြောတော့လေ၏။

ဦးလေးလီက ညစ်ကျယ်ကျယ် ရယ်မောလျက် “ငါ သိချင်နေတာ… အဲ့ကောင်လေး နင့်ရဲ့ ဝိဉာဉ် ညို့ဓာတ်ပညာရပ် အောက်ကနေ ဘယ်လိုလုပ်ပြီး ရုန်းထွက်သွားတာလဲ… နင်ကရော နင့်စွမ်းအား ဘယ်လောက်လောက်ကို သုံးလိုက်တာလဲ ဆယ်ပုံတစ်ပုံလား… အပုံနှစ်ဆယ်ပုံ တစ်ပုံလား”

ခဏမျှ တိတ်ဆိတ်နေပြီးသည့်နောက် ဒေါ်လေးဖုန်းက ပြန်၍ ပြောလိုက်လေ၏။ “ဆယ်ပုံနှစ်ပုံ”

“နင်ငါ့ကို လာနောက်နေလား” ဦးလေးလီ မျက်လုံး ပြူးသွားလေ၏။ ဒေါ်လေးဖုန်းက ပြန်၍ ပြောလိုက်၏။

“အဲ့ကောင်လေးကိုက ကို ထူးဆန်းနေတာ… သူ့ကျင့်ကြံခြင်းက တာအိုသခင် ပထမအဆင့်ပဲ ရှိသေးတယ်ဆိုပေမဲ့ သူ့စိတ်စွမ်းအင်က တာအိုသခင် တတိယအဆင့်လောက်ကို ရောက်နေပြီ ပြီးတော့ သူက…”

“သူက ဘာဖြစ်လဲ”

“ကြည့်ရတာ သူ့ကိုယ်ပေါ်မှာ အားကောင်းတဲ့ မှော်ရတနာတစ်ခုခု ရှိနေသေးတဲ့ ပုံပဲ… အဲ့မှော်ရတနာကပဲ ငါ့စိတ်စွမ်းအင် အများစုကို ခုခံပစ်သွားတာ”

“နင်တောင် သူ့မှာ ဘယ်လို မှော်ရတနာ ရှိလဲဆိုတာကို မခန့်မှန်းနိုင်ဘူးလား”

“အဲ့ဒါက သူ့အသိစိတ် ပင်လယ်ထဲမှာ ရှိနေတာလေ… ငါက ဘယ်လိုလုပ်ပြီး ဒီတိုင်း သိနိုင်မှာလဲ … ဘာလဲ သူ့ခေါင်းကိုခွဲပြီး အထဲကို သွားကြည့်ရမှာလား”

“ဒေါ်လေးဖုန်းတို့က အဲ့လို ကြောက်စရာ ကိစ္စတွေ ပြောနေတာ သမီးဒီမှာ ရှိနေသေးတယ်ဆိုတာကို မေ့နေတာလား” မိုရှောင်ချီက ဖြတ်ပြောလိုက်လေသည်။

“ပြီးတော့ အဲ့ကောင်လေးက” ဒေါ်လေးဖုန်းသည် မိုရှောင်ချီအား ဂရုစိုက်မနေပဲ ဦးလေးလီကိုသာ စိတ်ဝင်တစားဖြင့် ကြည့်ရင်း ရယ်မောလျက် ပြောလိုက်လေ၏။

“လေဟာနယ် တာအိုမှာလည်း တော်တော်လေး ကျွမ်းတယ်… တွင်းနက်လိုဟာမျိုးကိုတောင် ထုတ်သုံးနိုင်တယ် နင်တောင် သူ့ကျင့်ကြံခြင်း အဆင့်တုန်းက အဲ့လိုမျိုး မလုပ်နိုင်သေးဘူးမလား”

“နင်ဘာပြောချင်နေတာလဲ” ဦးလေးလီသည် ဒေါ်လေးဖုန်းအား ကြည့်ကာ ပြန်မေးလိုက်လေသည်။

ဒေါ်လေးဖုန်းက ပြုံးလျက် ပြန်ပြောလိုက်လေ၏။

“သင့်တော်တဲ့ လူတစ်ယောက် ရှာတွေ့ဖို့ဆိုတာ အဲ့လောက် လွယ်တာ မဟုတ်ဘူး။ နင်ဘာလို့ သူ့ကို တပည့်အဖြစ် လက်မခံလိုက်တာလဲ… ရှင်းရှင်းပြောရရင် အဲ့ကောင်လေးက တော်တော်လေး တော်တာနော် ကြယ်တာယာအစုအဝေးထဲမှာ ရှိတဲ့ ထိပ်တန်းဂိုဏ်းတွေတောင် သူ့လိုလူတစ်ယောက်ကို ပျိုးထောင်ပေး နိုင်မှာ မဟုတ်ဘူး”

“ဟမ့်…” ဦးလေးလီက နှာခေါင်းရှုံ့လျက် “တပည့်တစ်ယောက်ရှိတာ ဘာကောင်းတာမို့လို့လဲ…အားနေ ယားနေ အချိန်ကုန်ခံပြီး သူ့ကို သင်ပေးနေရမယ် ပြီးတော့ သူဘယ်ချိန် အန္တရာယ်နဲ့ ရင်ဆိုင်ရပြီး သေသွားရမလဲ ဆိုတာကိုလည်း စိတ်ပူနေရဦးမယ်”

“သူသာ မိန်းမလှလေး တစ်ယောက်ဆိုရင်တော့ ငါမပြောသေးဘူး။ တပည့်အဖြစ် လက်ခံချင် လက်ခံဦးမှာ။ ဒါပေမဲ့ သူက ဆိုးတာက ယောက်ျားလေးတစ်ယောက် ဖြစ်နေတာပဲ ကျွတ်…ကျွတ်…”

“အဲ့တာဆိုရင်လည်း သူ့ကံပဲပေါ့လေ” ဒေါ်လေးဖုန်းက ပြုံးလျက် ပြန်ပြောလိုက်လေ၏။

“ဟုတ်တယ်နော်…” မိုရှောင်ချီက ရုတ်တရက် ဖြတ်ပြောလိုက်လေသည်။ “ဦးလေးလီ… ရှင်နဲ့ အစ်ကိုရန် နှစ်ယောက်စလုံးက လေဟာနယ်တာအိုကို ကျွမ်းကျင်ကြတယ်လေ ဘာလို့ သူ့ကို တပည့်အဖြစ် လက်မခံတာလဲ အဲ့ဒါဆိုရင် သူဦးလေးလီရဲ့ အမွေကို ဆက်ခံလို့ရပြီ”

“ငါလက်ခံမှာ မဟုတ်ဘူး” ဦးလေးလီသည် တစ်ချက်ကလေးပင် မစဉ်းစားဘဲ ချက်ချင်း ပြန်ငြင်းလိုက်လေသည်။

မိုရှောင်ချီသည် ဦးလေးလီအား တစ်ချက်စိုက်ကြည့်၍ ဒေါ်လေးဖုန်းဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

“ဒေါ်လေးဖုန်း… ကျွန်မအသက် လေးနှစ်တုန်းကလေ ဦးလေးလီ”

“ဟေး…ဟေး…” ဦးလေးလီ၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ချက်ချင်း ကမန်းကတန်းဖြင့် မိုရှောင်ချီအား ပိတ်တားလိုက်လေသည်။

“သူ့ကို တပည့်အဖြစ် လက်ခံတာလည်း သိပ်မဆိုးဘူးလို့ ငါထင်တယ် ငါအားနေလို့ ရှိရင် သူ့ကိုသင်ပေးလိုက်မယ် စိတ်ကောင်းဝင်နေရင်လည်း သူ့ကိုသင်ပေးလိုက်မယ် စိတ်ညစ်နေရင်တော့ သူ့ကိုခေါ်ပြီး သင်ခန်းစာပေးလို့ ရတာပေါ့”

“ဟုတ်တယ်နော်… နင်ပြောသလိုပဲ သူ့ကို တပည့်အဖြစ်လက်ခံတာ သိပ်မဆိုးဘူး”

“ဦးလေးလီ တကယ်ပြောနေတာလား” မိုရှောင်ချီသည် ဦးလေးလီအား စိတ်လှုပ်ရှားစွာဖြင့် လှမ်းကြည့်လိုက်လေသည်။

“အင်း…အင်း…” ဦးလေးလီက အလေးအနက် အမူအယာဖြင့် ခေါင်းညိတ်၍ “နောက်တစ်ကြိမ် သူ့ကိုပြန်တွေ့ရင် ငါသူ့ကို တပည့်အဖြစ် လက်ခံလိုက်မယ်”

All Chapters