အခန်း (၂၁၂၁-၂၁၂၅)
Vol. 85 Ch. 2121-2125
အပိုင်း (၂၁၂၁)
နှစ်နာရီခန့် ကြာပြီးသည့်နောက်မှသာ ချင်းကျောင်းရန် သတိပြန်လည် လာခဲ့လေသည်။ ခဏမျှ ရီဝေဝေဖြစ်နေပြီးနောက် သူသတိမလစ်ခင် ဘာတွေဖြစ်သွားခဲ့သလဲ ဆိုသည်ကို ရုတ်တရက် ပြန်မှတ်မိသွားခဲ့သည်။
သူ့မျက်နှာအမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ဘေးပတ်ပတ်လည်သို့ ကမန်းကတန်း လှည့်ပတ်ကြည့်လိုက်လေ၏။ ရန်ကိုင် အဆင်ပြေပြေနှင့် ရှိနေကြောင်း တွေ့လိုက်ရသည့် အခါမှသာ စိတ်လှုပ်ရှားသွား ခဲ့လေသည်။
ထိုအနီရောင် ဝတ်ရုံဝတ် အမျိုးသမီး မည်သူဖြစ်သနည်း။ သူသတိလစ်သွားပြီးနောက် ဘာတွေဖြစ်ပျက်သွားသလဲ ဆိုသည်နှင့် ပတ်သက်၍ ချင်းကျောင်းရန် အတော်လေး သိချင်နေမိသည်။
ထို့ကြောင့် ရန်ကိုင့်အား မေးမြန်းကြည့်လိုက်ရာ ရန်ကိုင်ကလည်း ဤကိစ္စသည် မိုရှောင်ချီ၏ ဇစ်မြစ်နှင့် ပတ်သက်နေသည့် အတွက် အမှန်အတိုင်း မပြောခဲ့ဘဲ ထိုအနီရောင် ဝတ်ရုံဝတ် အမျိုးသမီးမှာ သူတို့အား လူမှားပြီး ပြဿနာ လာရှာခြင်း ဖြစ်ကြောင်းကိုသာ ပြောပြသွားခဲ့လေသည်။
ချင်းကျောင်းရန် စိတ်ထဲ သိပ်၍ မယုံချင်မိသော်ငြား သူနှင့်ရန်ကိုင်တို့ နှစ်ဦးစလုံးမှာ မည်သည့်ဒဏ်ရာမှ ရမထားသလို အကောင်းအတိုင်းသာ ရှိနေသေးသဖြင့် ထိုအကြောင်းကို ဆက်မေးမနေတော့ဘဲ နေမင်းပြာကျောင်းတော်ဆီသို့သာ ဆက်လက် ဦးတည်သွားလေ၏။
ရန်ကိုင့်၏ ပျံသန်းရေး မှော်ရတနာမှာ အနီရောင် ဝတ်ရုံဝတ် အမျိုးသမီး၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့သလို ရန်ကိုင့်တွင်လည်း သူမပေးခဲ့သည့် သင်္ဘောလေးအား သန့်စင်ချိန် မရှိသေးသဖြင့် ရန်ကိုင်နှင့် ချင်းကျောင်းရန်တို့သည် ချင်းကျောင်းရန်၏ ပျံသန်းရေး မှော်ရတနာကိုသာ အားကိုး ရတော့လေသည်။
ချင်းကျောင်းရန်၏ ပျံသန်းရေး မှော်ရတနာသည် တာအို အဆင့်နိမ့် လှည်းယာဉ်ကဲ့သို့သော် မှော်ရတနာ တစ်ခုဖြစ်ပေသည်။
ထိုလှည်းယာဉ်သည် ရန်ကိုင့်၏ သင်္ဘောလောက် နေရာကျယ်ဝန်းခြင်း မရှိသော်ငြား အမြန်နှုန်းမှာတော့ အတူတူလောက်သာ ဖြစ်ပေသည်။
ထိုအချိန်အတောအတွင်း ရန်ကိုင်သည် အနီရောင်ဝတ်ရုံဝတ် အမျိုးသမီးမှ သူ့အားပေးခဲ့သော မှော်ရတနာကို စတင် သန့်စင်ရန် ကြိုးစားလေ၏။
အနီရောင်ဝတ်ရုံဝတ်အမျိုးသမီးမှာ ဧကရာဇ် တတိယအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သဖြင့် သူမပေးခဲ့သော မှော်ရတနာမှာလည်း အဆင့်မနိမ့်ချေ။ သူမပေးခဲ့သည့် မှော်ရတနာလေးမှာ တာအိုအဆင့်မြင့် မှော်ရတနာတစ်ခု ဖြစ်ပေသည်။
ထိုလှေငယ်လေးတွင် မည်သည့်တိုက်ခိုက်ရေး စွမ်းရည်မျှ မရှိသော်ငြား အကာအကွယ်များစွာတော့ ရှိလေ၏။ ရှင်းရှင်း ပြောရလျှင် လှေငယ်လေးသည် တိုက်ခိုက်ရေးအတွက် အသုံးမဝင်သော်ငြား ခုခံရာတွင်တော့ အလွန်ကိုမှ အားကောင်းလေသည်။ ထို့ကြောင့် ရန်ကိုင်လည်း အတော်လေး ကျေနပ်မိသွား၏။
သူ့အနေဖြင့် ဥတုလေးမျိုးနယ်မြေထဲသို့ သွားလျှင် ပျံသန်းရေး မှော်ရတနာတစ်ခုအား ကျိန်းသေ လိုအပ်ပေလိမ့်မည်။ ထို့ကြောင့်ပင်လျှင် ဤမှော်ရတနာကို ယခုအချိန်၌ သန့်စင်နေခြင်း ဖြစ်ပေသည်။
လမ်းတစ်လျှောက်တွင် နောက်ထပ် မည်သည့် ပြဿနာနှင့်မျှ ထပ်မကြုံရတော့ချေ။ ဆယ်ရက်ကြာပြီးသည့် နောက်တွင် ရန်ကိုင်တို့ နှစ်ဦးသည် နေမင်းပြာကျောင်းတော်၏ ပိုက်နက်ထဲသို့ ဝင်ရောက်လာခဲ့လေ၏။
နေမင်းပြာကျောင်းတော်၏ ဌာနချုပ်သည် ရိုးမတစ်ခုပေါ်တွင် တည်ရှိနေခြင်း ဖြစ်ပေသည်။
ချင်းကျောင်းရန်အား တံဆိပ်ပြား ပေးခဲ့သည့် စီနီယာသည် သူတို့အား နေမင်းပြာကျောင်းတော်ဆီသို့ ဘာကြောင့် သွားခိုင်းသလဲ ဆိုသည်ကို ရန်ကိုင်နှင့်ချင်းကျောင်းရန်တို့ နှစ်ဦးစလုံး မသိကြသော်ငြား တစ်ဖက်လူက ထိုကဲ့သို့ ပြောနေသဖြင့် နေမင်းပြာကျောင်းတော်နှင့် တစ်ခုခု ပတ်သက်နေရမည်ဟုသာ သူတို့စိတ်ထဲ တွေးလိုက်ကြလေသည်။
ရန်ကိုင်တို့ နှစ်ဦးသည် နေမင်းပြာရိုးထဲသို့ ဝင်ရောက်လာခဲ့ကြလေသည်။ ထိုထဲသို့ ဝင်ရောက်လာပြီး သည့်နောက် အလွန်သိပ်သည်းလှသည့် မိုးမြေစွမ်းအင်ကြောင့် နှစ်ဦးစလုံး အံ့အားသင့် သွားခဲ့ကြရလေ၏။
သိပ်သည်းလွန်းလှသည့် မိုးမြေစွမ်းအင်သည် သင်းပျံ့လှသည့် ပန်းရနံ့တို့နှင့်အတူ သူတို့၏ ပါးပြင်အား လာရောက် ရိုက်ခတ်နေလေ၏။ ဤနေရာတွင် ကျင့်ကြံရသည်မှာ အလွန်ကိုမှ ကောင်းမွန်ပေလိမ့်မည်။
ဤနေမင်းပြာရိုးမအောက်တွင် အလွန်ကိုမှ အဆင့်မြင့်လှသည့် မြေကမ္ဘာချီကြောမ များစွာ ရှိနေရလိမ့် မည်ဟုလည်း ရန်ကိုင် ခန့်မှန်းမိသွားခဲ့လေ၏။
ဤနေရာ၌ အဆင့်အမြင့်ဆုံး မြေကမ္ဘာချီကြောမပင်လျှင် ရှိနေလောက်ပေသည်။ ထိုကြောင့်သာ မဟုတ်လျှင် ဤနေမင်းပြာရိုးမထဲရှိ မိုးမြေ စွမ်းအင်မှာ အလွန်ကိုမှ သိပ်သည်းနေလိမ့်မည် မဟုတ်ပေ။
ထို့အပြင် ဤနေရာသည် အပြင်ဘက်ဆုံးပိုင်းသာ ရှိပေသေးသည်။ ရိုးမအလယ်လောက်သာ ဖြစ်မည်ဆိုလျှင် မည်မျှများ မိုးမြေစွမ်းအင် သိပ်သည်းနေလိုက်မည်နည်း။
ရန်ကိုင့်မှာ နေမင်းပြာကျောင်းတော်၏ အုတ်မြစ်ကြောင့် အံ့အားသင့်နေခဲ့ရသော်ငြား ချင်းကျောင်းရန်မှာမူ အနည်းငယ် စိုးရိမ်နေကြောင့် တွေ့ရှိလိုက်ရလေသည်။
တစ်ချက်မျှ စဉ်းစားကြည့်ပြီးသည့်နောက် ချင်းကျောင်းရန် ဘာကြောင့် ထိုကဲ့သို့ ဖြစ်နေရသလဲဆိုသည်ကို ရန်ကိုင် နားလည် သွားခဲ့သည်။
ဤနေရာသည် တောင်ဘက်နယ်မြေထဲရှိ ထိပ်တန်း ဂိုဏ်းတစ်ဂိုဏ်း၏ ဌာနချုပ် ဖြစ်ပေသည်။ ချင်းကျောင်းရန်သည် မေပယ်မြို့ထဲတွင် ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်နေလိမ့်မည် ဖြစ်သော်ငြား ဤနေရာတွင်မူ အဆင့်နိမ့်တပည့် တစ်ဦးသည်ပင် သူ့ထက်ပို၍ အဆင့်အတန်းပိုမြင့်ပေသည်။ ထိုကြောင့် သူစိတ်ထဲ ဖိအားဝင်နေခြင်း ဖြစ်ပေသည်။
စကားပြောမှားသွား၍ တစ်ဖက်လူအား ရန်စမိလိုက်သလို ဖြစ်သွားမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ တစ်ကယ်တော့ သူသည် ဤနေရာဆီသို့ အကူအညီတောင်းခံရန် ရောက်လာခြင်းပင် မဟုတ်လေလော။
ချင်းကျောင်းရန်နှင့် ယှဉ်လိုက်သော် ရန်ကိုင်မှာမူ လုံးဝကို ဖိအား ကင်းနေ၏။ သူ့စိတ်ထဲ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း၏ ဌာနချုပ်ဆီသို့ လာရောက်နေသည်ဟု မခံစားရပဲ သာယာလှပသည့် ရှုခင်းများ လှည့်ပတ်ကြည့်နေသလိုသာ ခံစားနေရလေသည်။
ရုတ်တရက် ရန်ကိုင် ရပ်တန့်လိုက်ပြီး ပြောလိုက်လေ၏။ “လူအိုကြီးချင်း… တစ်ယောက်ယောက် ဒီမှာ ရှိနေတယ်”
ရန်ကိုင့်၏ စကားကြောင့် ချင်းကျောင်းရန်လည်း အတွေးများနေရာမှ အသိပြန်ဝင်လာခဲ့ပြီး ရပ်လိုက်လေ၏။
ခဏအကြာတွင် အလင်းတန်းနှစ်ခု သူတို့ဆီသို့ ပျံသန်းရောက်ရှိ လာခဲ့လေသည်။ မကြာမီ ထိုအလင်းတန်းနှစ်ခု ရန်ကိုင်တို့ ရှေ့တွင် ရပ်တန့်သွားခဲ့ပြီး သူတို့အား အေးစက်စွာ စိုက်ကြည့်လိုက်လေ၏။
တစ်ဦးမှာ ခေါင်းကြီးကြီး နားရွက်ကြီးကြီးနှင့် ဝဝဖိုင့်ဖိုင့် လူတစ်ဦးဖြစ်လေသည်။ မျက်နှာတစ်ပြင်လုံး အဆီများဖြင့် ဝင်းတောက်နေလေရာ သူ့မျက်လုံးနှစ်လုံးဆိုလျှင် မျက်နှာပြင်ပေါ်ရှိ အဆီများကြားတွင် ပျောက်ကွယ်နေခါနီး ဖြစ်နေခဲ့သည်။
တစ်ဖက်လူမှာမူ မျက်နှာပြာပြာနှင့် လူတစ်ဦးဖြစ်လေ၏။ ထိုအပြာရောင်အသားအရေမှာ မူလအသားအရေလား ကျင့်စဉ်တစ်ခုခုကြောင့် ဖြစ်လာသည့် အသားအရေလား ဆိုသည်ကိုမူ ရန်ကိုင်မသိပေ။ သို့သော်ငြား ထိုသူသည် သာမန်လူတစ်ဦးနှင့် လုံးဝမတူပေ။
သူတို့နှစ်ဦးစလုံး၏ ကျင့်ကြံခြင်းမှာ သိပ်မမြင့်လှ။ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်နှင့် တတိယအဆင့်များသာ ဖြစ်ကြသည်။ သို့သော်ငြား ကင်းလှည့်နေသည့် တပည့်များ၏ ကျင့်ကြံခြင်းပင် ဤအဆင့်သို့ ရောက်နေသည်ကို ကြည့်လျှင် နေမင်းပြာကျောင်းတော်၏ ခွန်အားကို ခန့်မှန်းကြည့်နိုင်ပေသည်။
“ခင်ဗျားတို့ ဘယ်သူ့ကို စောင့်နေကြတာလဲ ဘာလို့ကျုပ်တို့ နေမင်းပြာကျောင်းတော်ရဲ့ ပိုင်နက်ထဲကို ဝင်လာ ကြတာလဲ”
ဝဝနှင့်လူသည် သူတို့ကြားရှိ ကျင့်ကြံခြင်း ကွာခြားချက်ကို ဂရုစိုက်မနေဘဲ ရန်ကိုင်နှင့် ချင်းကျောင်းရန်အား အထက်စီးမှ စစ်ဆေး မေးမြန်းလိုက်လေသည်။
ထိပ်တန်းဂိုဏ်းကြီးဆိုတဲ့ အတိုင်းပါပဲလားဟု ရန်ကိုင့်စိတ်ထဲ တွေးမိလိုက်လေသည်။ အခြားနေရာတွင်သာ ဆိုပါက တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးအား မြင်လိုက်ရလျှင် မည်သည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူမဆို တုန်တုန်ရီရီ ဖြစ်နေကြ ပေလိမ့်မည်။
သို့သော်ငြား သူတို့ရှေ့ရှိ ကျင့်ကြံသူနှစ်ဦးမှာတော့ ကြောက်လန့်သည့်ပုံ မပြရုံသာလျှင် မဟုတ်ဘဲ သူတို့ကိုပင်လျှင် အထက်စီးမှ ပြန်၍ မေးမြန်းလိုက်လေသေး၏။
ချင်းကျောင်းရန်သည်လည်း အနည်းငယ် အံ့အားသင့်သွားခဲ့လေသည်။
သို့သော်လည်း သူတို့ ရောက်နေသည်မှာ နေမင်းပြာ ကျောင်းတော်မှန်း ပြန်စဉ်းစားမိပြီးနောက် စိတ်သက်သာရာ ရသွားခဲ့ပြီး အလျင်အမြန် လက်သီးဆုပ်၍ ပြောလိုက်လေ၏။
“မင်္ဂလာပါ ညီလေးတို့… ဒီလူအိုကြီးက မေပယ်မြို့ ချင်းမိသားစုကပါ ဒါက…” ချင်းကျောင်းရန်သည် ရန်ကိုင့်အား မိတ်မဆက်ရ သေးခင်မှာပင် ခပ်ဝဝနှင့်လူက မျက်မှောင်ကြုတ်၍ ပြောလိုက်လေသည်။
“မေပယ်မြို့… ကျုပ်တစ်ခါမှ မကြားဖူးဘူး”
“ငါလည်း မကြားဖူးဘူး” မျက်နှာပြာပြာနှင့်လူက စိတ်မရှည်ဟန်ဖြင့် ပြောလိုက်လေ၏။ “ကြည့်ရတာ ဟိုးချောင်ကျတဲ့ တောရွာ တစ်နေရာတစ်ခုခုပဲဖြစ်မှာ”
“စီနီယာအစ်ကို ပြောတာ ဟုတ်လောက်တယ်” ခပ်ဝဝနှင့်လူက သူ့မေးစေ့ကို ကိုင်ရင်း ခေါင်းတညိတ်ညိတ် လုပ်လိုက်၏။ ထို့နောက် ချင်းကျောင်းရန်ဘက်သို့ လှည့်၍ လှမ်းအော်ပြောလိုက်လေသည်။
“ခင်ဗျားတို့ တောသားတွေ ကိုယ့် မေပါမြို့မှာ ကိုယ်မနေဘဲနဲ့ ဒီနေရာကို ဘာလာလုပ်နေကြတာလဲ”
“တော…တောသား” ချင်းကျောင်းရန် ထိတ်လန့်သွားခဲ့လေသည်။ သူ့အား မည်သူမျှ ဤကဲ့သို့ မခေါ်ဝေါ် ခဲ့ဖူးချေ။
သူ့စိတ်ထဲ ဒေါသ ထွက်မိသွားခဲ့သော်ငြား ဤနေရာသည် မေပယ်မြို့မဟုတ်မှန်း သိလိုက်သော် ဒေါသကို ပြန်ဖိနှိပ်ထားလိုက်ပြီး ပြုံး၍သာ ပြန်ပြောလိုက်လေ၏။
“မေပယ်မြို့ပါ… မေပါမြို့ မဟုတ်ပါဘူး”
“အတူတူပဲ မဟုတ်ဘူးလား” ခပ်ဝဝနှင့်လူက ပြန်ပြောလိုက်၏။
“အင်း…အတူတူပါပဲ” မျက်နှာပြာပြာနှင့် လူကလည်း ဝင်ရောက် ထောက်ခံလိုက်လေသည်။
“ခင်ဗျား အခုထိ ကျုပ်မေးခွန်းကို မဖြေသေးဘူးနော်… ခင်ဗျားတို့ နှစ်ယောက် ဒီမှာ ဘာလာလုပ်နေတာလဲလို့ ကျုပ်မေးနေတယ်လေ”
“မြန်မြန် ပြန်မဖြေသေးဘူးဆိုရင် ကျုပ်တို့နယ်မြေထဲကို ကျူးကျော်လာတဲ့ ရန်သူတွေအဖြစ် မှတ်ယူလိုက်မှာ အဲ့ခါကြမှ ကျုပ်တို့ ညီအစ်ကိုတွေကို ရိုင်းစိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့” ခပ်ဝဝနှင့်လူက ပြောလိုက်လေသည်။
“နေပါဦး…” ချင်းကျောင်းရန်လည်း အံ့အားသင့် သွားခဲ့လေသည်။ ဤတန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦးသည် စကားပင် ကောင်းကောင်း မပြောရသေးဘဲ တိုက်ခိုက်တော့မလို လုပ်နေခဲ့သည်။
သူ့အနေဖြင့် ထိုနှစ်ဦးကို ကောင်းကောင်း အမှုန့်သိပ်လိုက်၍ ရသော်ငြား ဤနေရာသည် နေမင်းပြာ ကျောင်းတော်၏ ဌာနချုပ် ဖြစ်နေခဲ့သည်။
တကယ်တမ်းသာ တိုက်ခိုက်ကြမည်ဆိုလျှင် သူတို့ဘက်မှ အခြားသူများ ထပ်ရောက် လာပေလိမ့်မည်။ သို့သော်ငြား သူ့ဘက်မှာမူ ရန်ကိုင် တစ်ဦးသာ ရှိပေ၏။
ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် ပြန်၍ ပြောလိုက်လေ၏။
“အဲ့လောက် မလောကြပါနဲ့ ညီလေးတို့ရာ… ရောင်းရင်းရန်နဲ့ငါက နေမင်းပြာကျောင်းတော်ရဲ့ ရန်သူတွေ မဟုတ်ပါဘူး”
ခပ်ဝဝနှင့်လူက လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်လေ၏။
“ခင်ဗျားတို့ ရန်သူ ဟုတ်မဟုတ်ဆိုတာ ကျုပ် စီနီယာ အစ်ကိုပဲ ဆုံးဖြတ်လိမ့်မယ်”
“ဟုတ်တယ် ခင်ဗျားတို့ ဆုံးဖြတ်ရမှာ မဟုတ်ဘူး” စီနီယာအစ်ကိုဆိုသည့် မျက်နှာပြာပြာနှင့်လူကလည်း ဝင်ရောက် ထောက်ခံလိုက်သည်။
ချင်းကျောင်းရန်ကလည်း သက်ပြင်းချ၍ ကူကယ်ရာမဲ့စွာ ပြောလိုက်လေ၏။ “ဒီလူအိုကြီး ဒီကို ရောက်လာတာ ကျောင်းသခင် ဝမ်ဆီကနေပြီး အကူအညီတောင်းချင်လို့”
ထိုစကားကိုကြားသည့်အခါ ဝဝကျင့်ကြံသူနှင့် မျက်နှာပြာပြာ ကျင့်ကြံသူတို့ နှစ်ဦးစလုံး တိတ်သွားခဲ့ ကြလေသည်။ ခဏအကြာတွင် ခပ်ဝဝနှင့် ကျင့်ကြံသူက သူ့စီနီယာအစ်ကိုဘက်သို့ လှည့်၍ ပြောလိုက်လေ၏။
“စီနီယာအစ်ကို… ကျုပ်နားကြားမှားလိုက်တာလား ဒီတောသားက ကျောင်းသခင်ကို တွေ့ချင်တယ်လို့ ပြောနေတယ်”
“မင်းနားကြားမှားတာ မဟုတ်ဘူး… သူတကယ်ကြီး အဲ့လို ပြောလိုက်တာ” မျက်နှာပြာပြာနှင့် စီနီယာအစ်ကို ဆိုသူက ခေါင်းညိတ်လိုက်လေ၏။
“ရဲတင်းလိုက်တာ…” ခပ်ဝဝနှင့် ကျင့်ကြံသူက ရုတ်တရက် ဒေါသတကြီး ထအော်တော့လေသည်။
“ခင်ဗျားတို့လို တောသားတွေကများ မတူမတန် ကျုပ်တို့ ကျောင်းသခင်နဲ့ လာပြီး တွေ့ချင်နေတယ် ဘယ်လိုတောင် ရဲတင်းနေကြတာလဲ”
နောက်ကျလွန်းသွားခဲ့လေပြီ။ ပြောပြီးရုံတင်ရှိသေး ခပ်ဝဝနှင့် ကျင့်ကြံသူသည် လက်ကွက်တခုဖန်တီး၍ ချင်းကျောင်းရန်အား တိုက်ခိုက်လေ၏။
မျက်နှာပြာပြာနှင့် ကျင့်ကြံသူသည်လည်း နှေးမနေခဲ့ပေ။ ချက်ချင်း ဓါးတစ်ချောင်းကို ထုတ်ယူကာ ရန်ကိုင့် တည့်တည့်သို့ ထိုးချလိုက်လေ၏။
“ညီလေးတို့ ဘာတွေလုပ်နေကြတာလဲ” ချင်းကျောင်းရန် ထိတ်လန့်သွားခဲ့လေသည်။ ချက်ချင်းပဲ သူ၏ အရင်းအမြစ်ချီကို လှည့်ပတ်လိုက်၍ ဝဝနှင့်ကျင့်ကြံသူ၏ တိုက်ခိုက်မှုကို ပယ်ဖျက်လိုက် လေ၏။
တစ်ဖက်လူသည် သူလာရင်းအကြောင်းကို ပြောပြီးရုံပင်ရှိသေး သူ့အား သတ်ရန် ကြိုးစားလိုက်မည်ဟု ချင်းကျောင်းရန် မထင်ထားခဲ့ချေ။
ကံကောင်းစွာဖြင့် ထိုနှစ်ဦးစလုံး၏ ကျင့်ကြံခြင်းမှာ မြင့်မားနေခြင်း မရှိခဲ့။
တစ်ဖက်တွင်မူ ရန်ကိုင်သည် သူ့လက်ကို ဆန့်ထုတ်၍ မျက်နှာပြာပြာနှင့် ကျင့်ကြံသူ၏ ဓါးကို ဖမ်းဆုပ် ကိုင်လိုက်လေ၏။ ရန်ကိုင်တို့ နှစ်ဦးစလုံးသည် တစ်ဖက်လူ၏ တိုက်ကွက်များကို အသာအယာ ချေဖျက်ပစ် သွားခဲ့လေသည်။
“ဟမ်…” ထိုအချင်းအရာကို မြင်သည့်အခါ ဝဝနှင့် ကျင့်ကြံသူက အလန့်တကြား ဆိုလိုက်လေ၏။
“မဟုတ်ဘူး စီနီယာအစ်ကို သူတို့နှစ်ယောက်စလုံးက တာအိုသခင်အဆင့်တွေ မြန်မြန် ပြန်ဆုတ်ပေတော့”
ကြည့်ရသလောက် ယခုလက်ရှိ အချိန်မတိုင်ခင်အထိ ရန်ကိုင်နှင့် ချင်းကျောင်းရန်တို့သည် တာအိုသခင်အဆင့် ဖြစ်ကြောင်းကို ထိုကျင့်ကြံသူနှစ်ဦးစလုံး မသိကြသည့်ပုံပင်။
“အိုးးး တကယ်ကြီးလား” မျက်နှာပြာပြာနှင့် ကျင့်ကြံသူလည်း ယခုမှ အသိပြန်ဝင်လာလေသည်။
တစ်ဖက်လူ၏ ကျင့်ကြံခြင်းမှာ သူ့ထက်ပိုမြင့်မားနေမှန်း သိလိုက်သည့်နောက်တွင် သူ့ဓါးကို လွှတ်ချခဲ့ပြီး သူ့ဂျူနီယာညီလေးဆီသို့ ချက်ချင်း ပြန်လှည့်ပြေးလေ၏။
“ရန်သူ… စီနီယာအစ်ကို ပြေးပေတော့ အဲ့လူနှစ်ယောက်က ရင်ဆိုင်ဖို့ မလွယ်ဘူး”
ခပ်ဝဝနှင့် ကျင့်ကြံသူသည် သူ့တိုက်ခိုက်မှု မအောင်မြင်ကြောင်း သိလိုက်သည်နှင့် ချက်ချင်း အရှိန်ကုန်တင်ကာ ထွက်ပြေးတော့လေ၏။
မျက်နှာပြာပြာနှင့် ကျင့်ကြံသူသည်လည်း သူ့နောက်မှ အနီးကပ် လိုက်သွားခဲ့လေသည်။ ခပ်လှမ်းလှမ်းသို့ အရောက်တွင် ဝဝနှင့် ကျင့်ကြံသူက လှမ်းအော်ပြောလိုက်လေ၏။
“မင်းတို့ သတ္တိရှိရင် အဲ့မှာစောင့်နေ… ငါတို့ ကျောင်းက ပညာရှင်တွေ ရောက်လာတာနဲ့ မင်းတို့ သေပြီသာ မှတ်ပေတော့”
“ဒါက…” ချင်းကျောင်းရန် မင်သက်သွားခဲ့လေသည်။ ရန်ကိုင်လည်း မျက်စိပျက် မျက်နှာပျက် ဖြစ်နေလေ၏။
“ညီလေးရန်… ငါတို့…” ချင်းကျောင်းရန် ပျာယာခတ် နေခဲ့လေပြီ။
“အထဲဝင်သွားကြရအောင်… သူ ဘယ်သူ့ကို ပြောနေလဲဆိုတာ ကျုပ်တို့ ပြီးရင် တွေ့ကြရမှာပေါ့” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလျက် ပြောလိုက်သည်။
“တကယ်ကြီး ကောင်းပမလား အဲ့လို ဝင်သွားတာ” ချင်းကျောင်းရန်မှာ တုံ့ဆိုင်း တွေဝေနေသေး၏။
“နေမင်းပြာ ကျောင်းတော်သာ ကျုပ်တို့ကို လိုက်ဖမ်းမယ်ဆိုရင် တောင်ဘက်နယ်မြေထဲမှာ ဘယ်လိုမှ အေးအေးချမ်းချမ်း နေလို့ရတော့မှာ မဟုတ်တော့ဘူး ဒါကြောင့် အရင်သွားပြီး သူတို့ အကြီးအကဲတွေကို ရှင်းပြလိုက်တာ ပိုကောင်းလိမ့်မယ်”
“ညီလေးရန် ပြောတာမှန်တယ်… ဒါပေမဲ့ သူတို့ ငါတို့ကို ယုံမှာ မဟုတ်လောက်ဘူး” ချင်းကျောင်းရန်က စိုးရိမ်တကြီးဖြင့် ပြန်ပြောလိုက်လေ၏။
ရန်ကိုင်က ရယ်မော၍ ပြန်ပြောလိုက်လေသည်။ “အဲ့ဒါကတော့… ခုနတုန်းက လာသွားတဲ့ နှစ်ယောက်ကပဲ နည်းနည်းပါးပါး ထူးဆန်းနေတာ အခြားသူတွေကတော့ သူတို့လို မဟုတ်လောက်ပါဘူး။ ကျုပ်တို့သာ သေချာရှင်းပြမယ်ဆိုရင် သူတို့ နားလည်လောက်မှာပါ”
“မျှော်လင့်ရတာပဲပေါ့…” ချင်းကျောင်းရန်က ခေါင်းညိတ်လိုက်လေသည်။
ခဏမျှ စဉ်းစားပြီးသည့်နောက်တွင် ရန်ကိုင်ပြောသည့် အတိုင်းသာ လုပ်ရန် ဆုံးဖြတ်လိုက်လေ၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၁၂၂)
ရန်ကိုင်နှင့် ချင်းကျောင်းရန်တို့ ခပ်ဝေးဝေးသို့ မသွားရသေး ခင်မှာပင် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦး သူတို့ဆီသို့ လာနေသည်ကို သတိပြုမိလိုက်လေသည်။
ထိုလူသည် နေမင်းပြာကျောင်းတော်၏ တပည့်နှစ်ဦး သွားခေါ်လာသည့်သူ ဖြစ်လောက်၏။ သူတို့ ရောက်လာသည်မှာ အလွန်ကိုမှ မြန်ပေသည်။
ထို့အပြင် ရောက်လာသည်မှာ တစ်ယောက်ထဲ မဟုတ် လေးငါးယောက်ခန့် ရှိ၏။ ဦးဆောင်လာသည့်လူမှာ တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။
ရန်ကိုင်လည်း ရှေ့ဆက်မသွားတော့ဘဲ နေရာတွင်သာ ရပ်၍ စောင့်နေလိုက်လေသည်။ ချင်းကျောင်းရန်သည်း ရန်ကိုင့်နည်းတူ ရပ်စောင့်နေလိုက်၏။ သို့သော် သူ့ကြည့်ရသည်မှာ အတော်လေးကို စိုးရိမ်ပူပန်နေသည့် ပုံပင်။
ခဏအကြာ၌ အလင်းတစ်ခု လက်သွားပြီးသည့်နောက် ရန်ကိုင်တို့ ရှေ့၌ ကျင့်ကြံသူတစ်အုပ် ထွက်ပေါ်လာခဲ့လေသည်။
“ဦးစီးမှူးတောက်… ကျုပ်တို့ နေမင်းပြာ ရိုးမထဲကို ဖြတ်ဝင်လာတာ အဲ့နှစ်ယောက်ပဲ ပြီးတော့ ဒီကောင်တွေက ကျုပ်တို့ ဂိုဏ်းထဲဝင်လာပြီးတော့ လေကြီးလေကျယ်တွေ လာပြောနေတယ်”
“အဲ့ဒါ သူတို့ကို ပြန်မောင်းထုတ်တာ မနိုင်လို့ စီနီယာအစ်ကိုနဲ့ ကျုပ် ပြန်ဆုတ်လာလိုက်ရတယ်… အဲ့ကောင်လက်ထဲ က ဓါးကိုကြည့် အဲ့ဒါ စီနီယာအစ်ကို့ဓါးပဲ”
အစောပိုင်းက ထွက်ပြေးသွားသော ခပ်ဝဝနှင့် မျက်နှာပြာပြာ ကျင့်ကြံသူတို့ နှစ်ဦးသည် လူအုပ်ကြီးထဲတွင် ပြန်ပါလာခဲ့လေသည်။
ရန်ကိုင့်ရှေ့သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ခပ်ဝဝနှင့် ကျင့်ကြံသူသည် သူတို့၏ ခေါင်းဆောင်အား စတင် ရှင်းပြ ပြောဆိုတော့လေသည်။
သူတို့ ခေါင်းဆောင်မှာ အသက်ငါးဆယ်လောက် ရှိမည်ဟု ထင်ရ၏။ တစ်ခေါင်းလုံး ဖြူဖွေးနေပြီး အရပ်နည်းနည်း ပုပေသည်။ ထိုသူမှာ ခပ်ဝဝနှင့်ကျင့်ကြံသူ ပြောနေသည့် ဦးစီးမှူးတောက် ဖြစ်လောက်သည်။
တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံခြင်းအား ပိုင်ဆိုင်ထားသော်ငြား ဦးစီးမှူးရာထူးသာ ရထားသည်ကို ကြည့်လျှင် နေမင်းပြာကျောင်းတော်၏ ခွန်အားကို သိနိုင်ပေသည်။
ဦးစီးမှူးပင်လျှင် တာအိုသခင် ဒုတိယအဆင့်ဖြစ်နေလေရာ အကြီးအကဲများဆိုလျှင်တော့ ပြောနေစရာ မလိုတော့။
ဝဝနှင့် ကျင့်ကြံသူ စကားပြောလို့ ပြီးသွားသည်နှင့် တစ်ပြိုင်နက် မျက်နှာပြာပြာနှင့် ကျင့်ကြံသူက ဝင်ပြောလိုက်လေ၏။
“ဟျောင့် တောသား… မင်း ငါ့ဓါးပြန်ပေးစမ်း မဟုတ်ရင်တော့ မင်း နာပြီသာ မှတ်ပေတော့”
ရန်ကိုင်သည် မျက်နှာကြီးသာ မဲ့လိုက်လေသည်။ တကယ်ဆိုလျှင် ရန်ကိုင်သည် တစ်ဖက်လူ၏ ဓါးကို လုယူရန် မစဉ်းစားထားခဲ့ပေ။
ဤဓါးရှည်သည် တန်ခိုးရှင်ဘုရင် အဆင့်မြင့် မှော်ရတနာ တစ်ခုသာ ဖြစ်သည်။ ဤမျှ မက်လောက်စရာ မဟုတ်။ သူ့အနေဖြင့် ဤဓါးကို ယူထားရခြင်းမှာ မျက်နှာပြာပြာနှင့် ကျင့်ကြံသူအား နောက်တစ်ကြိမ်ပြန်တွေ့လျှင် ပြန်ပေးရန်အတွက်သာ ဖြစ်လေသည်။
သို့သော်ငြား တစ်ဖက်လူ၏ စကားပြောပုံသည် ရန်ကိုင့်အား မူလစဉ်းစားထားသည့်အတိုင်း လုပ်ရမလား မလုပ်ရမလား ဆိုသည်နှင့် ပတ်သက်၍ ဝေခွဲရ ခက်သွားစေခဲ့သည်။
သူ့အနေဖြင့် ဤဓါးကို ပြန်ပေးလိုက်မည်ဆိုလျှင်ပင် မှားနေသည့်လူမှာ သူသာဖြစ်နေပေဦးမည်။ တစ်ဖက်လူ ပြောသည့်အတိုင်း ဓါးကို ပြန်ပေးလိုက်လျှင် ကြောက်ရာ ကျသွားပေလိမ့်မည်။ သို့သော်ငြား ပြန်မပေးလျှင်လည်း ရန်စရာ ရောက်ပေဦးမည်။
ထို့ကြောင့် ထိုကိစ္စနှင့် ပတ်သက်၍ ရန်ကိုင် အတော်လေးကိုမှ ခေါင်းကိုက်လာခဲ့ပေသည်။ သူ့စိတ်ထဲ မျက်နှာပြာပြာနှင့် ကျင့်ကြံသူဆီသို့ ပြေးထွက်သွားပြီး နားရင်း သုံး လေး ငါးချက်လောက်သာ ဆင့်ရိုက်ပစ်လိုက် ချင်တော့သည်။
“မရိုင်းနဲ့…” ကံကောင်းစွာဖြင့် ဦးစီးမှူးတောက် ဆိုသည့်လူမှာ ယုတ္တိတန်သည့် လူတစ်ဦး ဖြစ်နေခဲ့သည်။ သူ့တပည့်များ ပြောသည်ကို မျက်စိစုံလုံးမှိတ်ကာ မယုံဘဲ သူ့သဘောဖြင့် သေချာ စဉ်းစားဆင်ခြင် ကြည့်သေးသည်။
ထို့အပြင် ဦးစီးမှူးတောက်ဆိုသည့်လူသည် ခပ်ဝဝနှင့် မျက်နှာပြာပြာ ကျင့်ကြံသူတို့ နှစ်ဦး၏ စရိုက်ကို အနည်းငယ် သိထားသည့် လူတစ်ဦး ဖြစ်လျှင်လည်း ဖြစ်နေနိုင်ပေသည်။
ပြောနေရင်း ရန်ကိုင်နှင့် ချင်းကျောင်းရန်တို့ဆီသို့ လှမ်းကြည့်လိုက်လေသည်။
“ဘာတွေဖြစ်သွားလဲ ဆိုတာကတော့ ဒီဦးစီးမှူး သိပြီးသွားပြီ မင်းတို့ နှစ်ယောက် ဘာပြောချင်သေးလဲ မသိဘူး” ဦးစီးမှူးတောက်က ပြောလိုက်လေသည်။
ချင်းကျောင်းရန်က အလျင်စလို လက်သီးဆုပ်၍ ပြောလိုက်လေ၏။
“ဒီတစ်ယောက်က မေပယ်မြို့ ချင်းမိသားစုရဲ့ မိသားစုခေါင်းဆောင် ချင်းကျောင်းရန်ပါ… ဦးစီးမှူးတောက်ကို နှုတ်ဆက်ပါတယ်”
“ရောင်းရင်းရန်နဲ့ ကျုပ်က နေမင်းပြာကျောင်းတော်ကို ပြဿနာရှာဖို့ မဟုတ်ပါဘူး။ အကူအညီတောင်းဖို့ပါ။ ဒါပေမဲ့ ဒီနှစ်ယောက်က ရုတ်တရက်ကြီး ကျုပ်တို့ကို ထပြီး တိုက်ခိုက်တော့ ကျုပ်တို့လည်း မတတ်သာပဲ ခုခံလိုက်ရတာပါ။ ကျေးဇူးပြုပြီး ဦးစီးမှူးတောက် နားလည်ပေးပါ”
“မေပယ်မြို့…” ထိုစကားကို ကြားသည့်အခါ ဦးစီးမှူးတောက် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ထို့နောက် ပြန်၍ ပြောလိုက်လေ၏။
“အခုနောက်ပိုင်း အဲ့မေပယ်မြို့ဆိုတဲ့ စကားကို ငါ ခဏခဏ ကြားနေရသလိုပဲ”
သူ့ဘေးတွင် ရပ်နေသော တာအိုသခင်အဆင့် ပညာရှင် နှစ်ဦးကလည်း ခေါင်းညိတ်ပြလိုက်လေသည်။
ပထမဦးစွာအနေဖြင့် မေပယ်မြို့အနီးတွင် ရှိနေသော ကြည်လင်ကျောက်စိမ်းတောင်တွင် နတ်သားရဲဖြစ်သည့် လွမ်ဖုန်း ပေါ်လာခဲ့သည်။
ထို့နောက်တွင် ရှေးဟောင်းမဟာနတ်ဆိုးကို ချိတ်ပိတ်ထားသည့် ချိတ်စည်း ကျိုးပြတ်သွားခဲ့ပြီး နတ်ဆိုးချီများ စိမ့်ထွက်လာခဲ့လေ၏။
ထိုအရာများမှာ လျှို့ဝှက်ချက် မဟုတ်သည့်အတွက် သိချင်သည့်လူတိုင်း လိုက်လံစုံစမ်း ကြည့်နိုင်ပေသည်။
“မေပယ်မြို့ ဘာဖြစ်သွားလို့လဲ…” ဦးစီးမှူးတောက် အံ့အားသင့်သွားခဲ့ပြီး ပြန်မေးလိုက်လေသည်။
ရန်ကိုင်နှင့် ချင်းကျောင်းရန်သည် မေပယ်မြို့မှ အကူအညီတောင်းရန် လွှတ်လိုက်သည့် ကိုယ်စားလှယ်များ ဖြစ်သည်ဟု ထင်သွားခဲ့ခြင်းဖြစ်သည်။
ထိုစကားကို ကြားသော် ချင်းကျောင်းရန် ချက်ချင်း နားလည်သွားခဲ့လေသည်။ ခပ်ဝဝနှင့် ပိန်ပိန် ကျင့်ကြံသူမှာ သူတို့ လာရင်း အကြောင်းကို မရှင်းပြထားရသေးသည့် အတွက်ကြောင့် ဦးစီးမှူးတောက် သူတို့ဘာကြောင့် ရောက်လာရသလဲ ဆိုသည်ကို မသိသေးမှန်း ချင်းကျောင်းရန် နားလည်သွားခဲ့လေသည်။
ချင်းကျောင်းရန်က အလျင်အမြန် ပြန်ပြောလိုက် လေသည်။
“မေပယ်မြို့ ဒုက္ခရောက်နေလို့ မဟုတ်ပါဘူး။ ကျုပ် ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကြောင့် ရောက်လာရတာပါ”
“ကိုယ်ရေးကိုယ်တာ ကိစ္စ…” ထိုစကားကို ကြားသည့်အခါ ဦးစီးမှူးတောက် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ထို့နောက် ပြန်၍ မေးလိုက်၏။
“နေမင်းပြာကျောင်းတော်ထဲမှာ မင်းသိတဲ့သူ တစ်ယောက်ယောက် ရှိလို့လား”
“မရှိပါဘူး…” ချင်းကျောင်းရန်က ခေါင်းခါလိုက်လေ၏။
“ဒါဆိုဘာလဲ… ငါတို့ နေမင်းပြာကျောင်းတော်ထဲကို ဝင်ချင်လို့လား” ဦးစီးမှူးတောက်က ထပ်မေးလိုက်ပြန်သည်။
“အဲ့လိုလည်း မဟုတ်ပါဘူး”
သူမေးသမျှ မေးခွန်းကို တစ်ဖက်လူမှ ဘူးခံ၍သာ ငြင်းနေခြင်းကို မြင်သော် ဦးစီးမှူးတောက် စိတ်မရှည် ဖြစ်လာ ခဲ့လေသည်။
ထိုစဉ် ခပ်ဝဝနှင့် ကျင့်ကြံသူသည် ဦးစီးမှူးတောက်နားသို့ ကပ်သွားပြီး တိုးတိုးလေး ပြောလိုက်လေသည်။ ဦးစီးမှူးတောက်၏ မျက်လုံးထဲ အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွား ခဲ့လေသည်။ ထို့နောက် ခေါင်းညိတ်၍ ပြောလိုက်လေ၏။
“အဲ့လိုကိုး… တကယ်ကို အရှက်မရှိတဲ့ စကားတွေ လာပြောနေတာပဲ… မင်းတို့ နှစ်ယောက်ကို သူတို့ တိုက်ခိုက်တာလည်း မထူးဆန်းတော့ဘူး”
ခဏမျှ ရပ်ပြီးနောက် ဆက်၍ ပြောလိုက်လေ၏။ “တာအိုသခင် အဆင့်ကို ရောက်အောင် ကျင့်ကြံဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ အခုတစ်ကြိမ်ကတော့ ပထမဆုံး အကြိမ်မို့ ခွင့်လွှတ်ပေး လိုက်မယ် သွားပေတော့…”
ချင်းကျောင်းရန်၏ ခန္ဓာကိုယ် တုန်ခါသွားပြီး မျက်လုံးအပြူးသားဖြင့် ဦးစီးမှူးတောက်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်လေသည်။
ရန်ကိုင်လည်း မျက်မှောင်ကျုံ့ သွားခဲ့လေသည်။ ဤကိစ္စမှာ ကိုင်တွယ်ရ ခက်လာခဲ့လေပြီ။ ဦးစီးမှူးတောက် ဤကဲ့သို့ တွေးသည်မှာ တွေးချင်စရာ ဖြစ်သော်ငြား သူ့လုပ်ပုံမှာ အလွန်ကိုမှ တည့်တိုးဆန်လွန်းသည်။ သူတို့ကို ရှင်းပြခွင့်လေးပင် မပေးခဲ့။
ရန်ကိုင်တို့ နှစ်ဦး၏ အကြည့်ကို မြင်သော် ဦးစီးမှူးတောက်က ရယ်သွမ်းသွေးလျက်
“ဘာဖြစ်လို့လဲ… မသွားချင်လို့လား… မင်းတို့ မသွားချင်ဘူးဆိုရင် ငါကူညီပေးလို့ ရတယ်နော်”
“ဦးစီးမှူးတောက်…” ရန်ကိုင်က ရုတ်တရက် အော်ပြောလိုက်လေ၏။
“မင်း ဘာပြောချင်သေးလို့လဲ…” ဦးစီးမှူးတောက်က ရန်ကိုင့်ဆီသို့ လှမ်းကြည့်လိုက်လေ၏။
ရန်ကိုင်က ရယ်မော၍ ပြန်ပြောလိုက်သည်။ “ကျုပ်တို့က ခင်ဗျားတို့ ကျောင်းရဲ့ ကျောင်းသခင်ဝမ်နဲ့ တွေ့ချင်နေမှန်း သိလို့ ဦးစီးမှူးတောက်က ကျုပ်တို့ကို မောင်းထုတ်ပစ် နေတာလား”
“အဲ့တာက ဘာကြီးလဲ… နေမင်းပြာကျောင်းတော်က ရောက်လာတဲ့လူတိုင်းကို အခုလိုမျိုးပဲ ဆက်ဆံတာလား… တောင်ဘက်နယ်မြေထဲက ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းတဲ့… အဲ့လိုရိုင်းတဲ့ ဂိုဏ်းမျိုး ကျုပ်တစ်ခါမှ မတွေ့ဖူးဘူး”
ရန်ကိုင့်၏ စကားကြောင့် အကုန်လုံး သူ့အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။ ဦးစီးမှူးတောက်က လှောင်ပြုံး ပြုံးလျက် ပြန်ပြောလိုက်လေ၏။
“မင်းကိုယ်တိုင်က ငါတို့ နေမင်းပြာရိုးမထဲကို ကျူးကျော်ဝင်ရောက်လာတာ… အဲ့အတွက်နဲ့ ငါမင်းအသက်ကို ယူလိုက်လို့ရတယ်”
“ဒါပေမဲ့ ငါမင်းကို မသတ်သေးဘူး… အဲ့အတွက်တောင် မင်းကပြန်ပြီး ကျေးဇူးတင်သင့်တာ… အကောင်းပြောနေတုန်း ထွက်သွားလိုက်တော့… မင်းဆက်ပြီး စကားများနေဦးမယ်ဆိုရင် ငါ့ကို လာအဆိုးမဆိုနဲ့”
ဦးစီးမှူးတောက်ကို ကြည့်ရသည်မှာ သူ့စွမ်းအားအပေါ် ယုံကြည်ချက် အပြည့် ရှိသည့်ပုံပင်။ သူထိုကဲ့သို့ ယုံကြည်ချက် ရှိနေသည်မှာလည်း အထူးအဆန်းတော့ မဟုတ်။
ဦးစီးမှူးတောက်သည် တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး မဟုတ်ပေလော။ ရန်ကိုင်နှင့် ချင်းကျောင်းရန်တို့၏ ကျင့်ကြံခြင်းမှာ တာအိုသခင် ပထမအဆင့်သာ ဖြစ်လေရာ ဦးစီးမှူးတောက်အနေဖြင့် မည်ကဲ့သို့များ သူတို့အား မျက်လုံးထဲ ထည့်ပါမည်နည်း။
ထို့အပြင် ဦးစီးမှူးတောက်ဘေးတွင် တာအိုသခင် ပထမအဆင့် ကျင့်ကြံသူနှစ်ဦး ထပ်ရှိနေသေးသည်။
ရန်ကိုင်က ပြန်၍ မေးလိုက်လေသည်။ “ကျုပ်တို့ရဲ့ တောင်းဆိုချက်ကြောင့် အခုလို မောင်းထုတ်နေတာလား”
“ဟုတ်တယ်…”
“အဲ့ဒါဆိုရင်တော့ နည်းနည်း ထူးဆန်းသွားပြီ… နေမင်းပြာကျောင်းတော်ရဲ့ ကျောင်းသခင်ဝမ်က အပြင်လူတွေကို မတွေ့ဘူးလို့ ပြောထားလို့လား”
“မပြောထားဘူးလေ… ဒါပေမဲ့ မင်းတို့က ကျောင်းသခင်ဝမ်နဲ့တွေ့ရအောင် ဘယ်သူတွေ မို့လို့လဲ”
နေမင်းပြာကျောင်းတော်၏ ကျောင်းသခင်ဖြစ်သော ဝမ်ကျိရှန်းသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်ပေသည်။
သိုင်းတာအို၏ ထိပ်ဆုံးတွင် ရပ်နေသူတစ်ဦး ဖြစ်သည့် အတွက်ကြောင့် သူ့အား တွေ့ချင်တိုင်း တွေ့လို့ ရနိုင်လိမ့်မည် မဟုတ်။ သူနှင့်တွေ့ချင်သည်ဆိုပါက တွေ့လိုသည့်သူသည် အနည်းဆုံး ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်ရပေလိမ့်မည်။
ရန်ကိုင်နှင့် ချင်းကျောင်းရန်မှာ တာအိုသခင် ပထမအဆင့် များသာ ဖြစ်လေရာ ကျောင်းသခင်ဝမ်နှင့် တွေ့လိုသည်ဟု လာပြောခြင်းမှာ သူတို့၏ ကျောင်းသခင် အဆင့်အတန်းကို စော်ကားသလို ဖြစ်နေခဲ့လေသည်။
ဤသည်မှာ တိုင်းပြည်၏ ဘုရင်နှင့် တွေ့ချင်သည်ဟု သူတောင်းစားတစ်ဦးမှ လာပြောနေသည်နှင့်ပင် တူနေသေးသည်။ အစောင့်များ အနေဖြင့် သူတို့ဧကရာဇ်ကို သွားအကြောင်းကြားမည့် အစား ထိုသူတောင်းစားကိုသာ သတ်ပစ်လိုက်ပေလိမ့်မည်။
“အခုလို ရောက်လာတယ်ဆိုမှတော့ ကျုပ်တို့မှာ အကြောင်းရှိလို့ပေါ့” ရန်ကိုင်က အလျင်အမြန် ပြန်ပြောလိုက်သည်။
“ကျုပ်တို့ ကျောင်းသခင်ဝမ်နဲ့ တွေ့ချင်တယ်ဆိုတဲ့ အကြောင်းကိုသာ ကျေးဇူးပြုပြီး အကြောင်းကြား ပေးစမ်းပါ ဦးစီးမှူးတောက်… သူတွေ့ မတွေ့ကတော့ သူ့ဘာသာသူ ဆုံးဖြတ်လိမ့်မယ် သူမတွေ့ဘူးဆိုရင်လည်း သူ့သဘောပေါ့”
“ရိုင်းလိုက်တာ… ကျောင်းသခင်ဝမ်က အားယားနေတဲ့ လူမဟုတ်ဘူးကွ… မင်းတို့လိုလူတွေကို တွေ့ဖို့ သူ့မှာ ဘယ်လိုလုပ်ပြီး အချိန်ရှိမှာလဲ”
ဦးစီးမှူးတောက်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။
ရန်ကိုင်သည် ဦးစီးမှူးတောက်အား စိတ်ဝင်တစားဖြင့် ကြည့်၍ ပြန်ပြောလိုက်လေသည်။
“ဦးစီးမှူးတောက် အခုလိုငြင်းနေတဲ့ပုံကို ကြည့်ရရင်လေ ဖြစ်နိုင်တာက ဦးစီးမှူးတောက်လည်း ကျောင်းသခင်ကို မတွေ့နိုင်တာလား”
ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ဦးစီးမှူးတောက်ဆိုသူ ပြန်ပြောသည်ကိုပင် စောင့်မနေတော့ဘဲ နားလည်သွားဟန်ဖြင့် ရေရွတ်လိုက်လေသည်။
“ဟုတ်သားပဲ… ဦးစီးမှူးတောက်ရဲ့ အဆင့်အတန်းနဲ့ ဆိုရင် ဘယ်လိုလုပ်ပြီး ကျောင်းသခင်ဝမ်ကို တွေ့လို့ရမှာလဲ”
“ဒါဆိုရင်ရော ဘယ်လိုလဲ… ဦးစီးမှူးတောက် ခင်ဗျား ကျောင်းသခင်ဝမ်နဲ့ နီးစပ်တဲ့ အကြီးအကဲ တစ်ဦးဦးကို သွားအကြောင်းကြားလိုက်လေ အဲ့အကြီးအကဲကနေတစ်ဆင့် ကျောင်းသခင်ဝမ်ကို တင်ပြခိုင်းလိုက်ပေါ့”
“ဒီဦးစီးမှူးကို ဟိုလိုလုပ်ရမယ်… ဒီလိုလုပ်ရမယ်ဆိုပြီး လာပြောနေစရာ မလိုဘူး” ရန်ကိုင်၏ ပြောပုံဆိုပုံကြောင့် ဦးစီးမှူးတောက်မှာ ရှက်ရှက်နှင့် ဒေါသထွက်သွားခဲ့လေသည်။
ရန်ကိုင်ပြောသည်မှာလည်း အမှန်သာဖြစ်သည်။ ရန်ကိုင်ကမူ မကြောက်မလန့်ဖြင့် ပြန်ပြောလိုက်လေ၏။
“ဦးစီးမှူးတောက်… ကျုပ်နဲ့ ဒီလူအိုကြီးချင်း ဒီကို ရောက်လာတယ်ဆိုတာ ကျောင်းသခင်ဝမ်နဲ့ တွေ့ချင်တာ ကြောင့်လည်း ပါတယ် သူကြားကိုကြားရမဲ့ စကားတွေ ရှိလို့လည်း ပါတယ် ခင်ဗျား တကယ်ကြီး ကျုပ်တို့ကို မောင်းထုတ်ချင်နေတာ သေချာလား”
ထိုစကားကို ကြားသည့်အခါ ဦးစီးမှူးတောက် မျက်လုံး မှေးစင်းသွားခဲ့လေသည်။ ရန်ကိုင်သည် အလွန်ကိုမှ တည်ငြိမ်လွန်းနေခဲ့သည်။ သူ့ပုံစံသည် တာအိုသခင် ပထမအဆင့် ကျင့်ကြံသူတစ်ဦး ဤကဲ့သို့သော အခြေအနေမျိုးတွင် ရှိသင့်ရှိထိုက်သည့် ပုံစံမျိုး မဟုတ်ပေ။
ကြည့်ရသလောက် သူတို့စကားကိုသာ ကြားလျှင် ကျောင်းသခင်ဝမ်သည် သူတို့နှင့် တကယ်ကြီး တွေ့မည့်ပုံပင်။ ထိုနှစ်ဦးသာ အမှန်တကယ်ကို အရေးကြီးသည့် သတင်း တစ်ခုခုအား သယ်လာခဲ့ပြီး သူတို့သာ ထိုနှစ်ဦးကို ဤနေရာတွင် တားလိုက်မည် ဆိုပါက သူတို့လုပ်ရပ်ကိုသာ ကျောင်းသခင်ဝမ် ကြားသွားမည်ဆိုလျှင် အကျိုးဆက်မှာကား။
ထိုအချက်ကို စဉ်းစားလိုက်မိသော် ဦးစီးမှူးတောက်သည် သူ့မကျေနပ်ချက်အားလုံးကို ဖိနှိပ်၍ ပြန်ပြောလိုက်လေသည်။
“မင်း ကျောင်းသခင်ဝမ်ကို ဘာပြောချင်တာလဲ… ပြောမယ်ဆိုရင် အရင်ပြောလိုက် အရေးကြီးမကြီး ငါနားထောင်ပေးမယ် တကယ် အရေးကြီးတယ်ဆိုရင် ငါကိုယ်တိုင် သွားတင်ပြပေးမယ်”
ထိုစကားကို ကြားသော် ရန်ကိုင်သည် ချင်းကျောင်းရန်အား လှမ်းကြည့်လိုက်လေသည်။ ချင်းကျောင်းရန်သည်လည်း ရန်ကိုင့်၏ ဆိုလိုရင်းကို နားလည်သွားခဲ့သည်။ သူတို့အနေဖြင့် သက်သေတစ်ခုခု မပြနိုင်လျှင် နေမင်းပြာကျောင်းတော်ထဲသို့ ဝင်ခွင့်ရနိင်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် သိုလှောင်လက်စွပ်ထဲမှ မိန်းမချောနှင့် သူတောင်းစား ကျောချင်းကပ်နေသော တံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ ထိုတံဆိပ်ပြားကို ဦးစီးမှူးတောက်ဆီသို့ ပစ်ပေး၍ ပြောလိုက်လေ၏။
“ဒါကိုပဲ ဦးစီးမှူးတောက် သွားပေး ပေးလိုက်ပါ… အဲ့တာကိုမြင်ရင် ကျောင်းသခင်ဝမ် နားလည်ပါလိမ့်မယ်” ထိုစကားကို ပြောပြီးသည့်နောက်တွင် ချင်းကျောင်းရန်မှာ အပေါ်ယံအားဖြင့် တည်တည်ငြိမ်ငြိမ်သာ ရှိနေသော်ငြား စိတ်ထဲတွင်တော့ သူ့အား လွှတ်လိုက်သည့် ပညာရှင် နောက်နေခြင်း မဟုတ်ပါစေနဲ့ ဟုသာ ကြိတ်၍ ဆုတောင်းနေခဲ့လေသည်။
ထိုတံဆိပ်ပြားသာ အမှန်တကယ် အလုပ်မဖြစ်ပါက သူနှင့် ရန်ကိုင်တို့ ပြဿနာတက်ပေလိမ့်မည်။
“ဒါဘာကြီးလဲ…” ဦးစီးမှူးတောက် သူ့လက်ထဲရှိ တံဆိပ်ပြားကို သေသေချာချာ စစ်ဆေးကြည့်လေသည်။ သူ့ဘေးနားတွင် ရပ်နေသော တာအိုသခင်အဆင့် ပညာရှင်နှစ်ဦး ကလည်း လာကြည့်ကြလေ၏။
မကြာမီ ဦးစီးမှူးတောက်၏ အမူအယာ ပြောင်းလဲသွား ခဲ့လေသည်။ တံဆိပ်ပြားကို မြင်မြင်ချင်း အံ့အားသင့် သွားခဲ့သော်ငြား ခဏအကြာ၌ တဖြည်းဖြည်း နားမလည်နိုင် ဖြစ်လာပြီး အဆုံးတွင် ထိတ်လန့် တုန်လှုပ်သွားခဲ့လေသည်။
ထို့နောက် အလွန်အမင်း ဒေါသူပုန် ထလာပြီး မာမာထန်ထန်လေသံဖြင့် အော်ပြောတော့လေ၏။
“ရိုင်းလိုက်တာ… မင်းတို့ဘာသာ တံဆိပ်ပြားအတုတစ်ခု ကောက်ဖန်တီးပြီး ဒီဦးစီးမှူးကို လှည့်စားလို့ရမယ်များ ထင်နေတာလား… မင်းတို့ ငါ့ကို ဘာမှတ်နေကြတာလဲ”
ဦးစီးမှူးတောက် ယခုကဲ့သို့ တုံ့ပြန်လာလိမ့်မည်ဟု ရန်ကိုင် မျှော်လင့်ထားပြီးသားပင်။ ဤတံဆိပ်ပြားကို မြင်လိုက်သည့် မည်သူမဆို သံသယဝင်မိမည်မှာ အသေအချာပင် ဖြစ်သည်။
ရန်ကိုင် ကိုယ်တိုင်လည်း ဤတံဆိပ်ပြားကို စမြင်စဉ်က မယုံသင်္ကာ ဖြစ်ခဲ့သည်။ တကယ်တမ်း စမ်းကြည့်ပြီးသွားသည့် အခါမှသာ ဤတံဆိပ်ပြားကို လုပ်ထားသည့် လူမှာ အစစ်အမှန် ပညာရှင် တစ်ဦးမှန်း နားလည်သွားခဲ့ရသည်။
ထိုကဲ့သို့သော ပညာရှင်တစ်ဦးသည် ချင်းကျောင်းရန် ကဲ့သို့သော တာအိုသခင်အဆင့် ပညာရှင်တစ်ဦးအား အလကားသက်သက် အချိန်ကုန်ခံကာ လာနောက်နေမည် မဟုတ်ပေ။ ထို့ကြောင့် ဤတံဆိပ်ပြားသည် အစစ်ဖြစ်လိမ့်မည်ဟု ရန်ကိုင်က ကောက်ချက် ချလိုက်လေသည်။
ထို့ကြောင့် ရန်ကိုင်က ယုံကြည်ချက် အပြည့်ဖြင့် ပြုံးလျက် ပြန်ပြောလိုက်လေ၏။
“ဦးစီးမှူးတောက်… ဒီတံဆိပ်ပြားက နည်းနည်း ထူးဆန်းတယ်ဆိုပေမဲ့ ကျုပ်လုပ်ထားတဲ့ ဟာတော့ မဟုတ်ဘူး။ အဲ့တာကို ဖန်တီးထားတဲ့လူက တကယ့် မဟာပညာရှင်ကြီး တစ်ဦးပဲ”
“ဦးစီးမှူးတောက် အဲ့ တံဆိပ်ပြားကို နားလည်လည် မလည်လည် ကျုပ် အကြံပေးချင်တာကတော့ ကျောင်းသခင်ဝမ်ဆီ ယူသွားလိုက်ဖို့ပဲ ကျောင်းသခင်ဝမ်တွေ့ရင် သိလိမ့်မယ်…”
“ကောင်းတယ်… ကောင်းတယ်… ကောင်းတယ်…မင်းတို့ ခွေးသူတောင်းစားနှစ်ကောင် ဒီဦးစီးမှူးကို တစ်ပတ်ရိုက်ဖို့ လွယ်တယ် ထင်နေတယ်ပေါ့ မင်းတို့ ခြေလက်တွေ အကုန်ချိုးခံရတော့မှ မင်းတို့ အခုလိုမျိုး တွေးနိုင်ဦးပေါ့ကွာ”
ဦးစီးမှူးတောက်၏ မျက်နှာ ရုတ်ချည်း သုန်မှုန် သွားခဲ့လေသည်။ တံဆိပ်ပြားကို ကိုင်ထားသည့် သူ့လက်မှာလည်း တဆတ်ဆတ် တုန်ခါလာခဲ့လေ၏။ ထို့နောက် ထိတ်လန့်ဖွယ် ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
ခရက် Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၁၂၃)
ရန်ကိုင် သူ့ခွန်အားနှင့်ပင် မဖျက်ဆီးနိုင်ခဲ့သော၊ ချင်းကျောင်းရန်မှ မည်သည့်နည်းလမ်းကို သုံးပါစေ မဖျက်ဆီး နိုင်ခဲ့သည့် မိန်းမချောနှင့် သူတောင်းစား တံဆိပ်ပြားမှာ ဦးစီးမှူးတောက်၏ လက်ထဲတွင် လေးငါးပိုင်း ကွဲထွက် သွားခဲ့လေသည်။
ထိုဖြစ်ရပ်ကြောင့် ရန်ကိုင့်မှာ အလွန်တရာကိုမှ မယုံကြည်နိုင် ဖြစ်သွားခဲ့ရလေ၏။ သူ့ဘေးတွင် ရပ်နေသော ချင်းကျောင်းရန်သည်လည်း ထိုမြင်ကွင်းအား မျက်လုံး အပြူးသား ပါးစပ် အဟောင်းသားဖြင့် ကြည့်နေခဲ့လေသည်။
“ဟမ့်…” ဦးစီးမှူးတောက်က နှာခေါင်းရှုံ့လျက် တစ်စဆီ ဖြစ်နေသော တံဆိပ်ပြားကို လွှင့်ပစ်ကာ ပြောလိုက်လေ၏။
“ဒီလိုတံဆိပ်ပြားမျိုးလား… ငါသာလိုချင်လို့ရှိရင် အခုချက်ချင်း အခုတစ်ရာလောက် ကောက်ဖန်တီးပစ်လိုက်လို့ ရတယ် ဘယ်လိုလူကများ ဒီလိုအမှိုက်စုတ်ကို တံဆိပ်ပြား အဖြစ် သုံးမှာလဲ ငါတစ်ခါမှ မကြားဖူးဘူး မင်းတို့နှစ်ကောင် ဘာထပ်ပြော ချင်သေးလဲ”
“လူအိုကြီးချင်း…” ရန်ကိုင်က ချင်းကျောင်းရန် ဘက်သို့ လှည့်၍ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ “ဘာတွေ ဖြစ်နေတာလဲ”
ချင်းကျောင်းရန်ကမူ အသိစိတ်မရှိတော့သည့် လူတစ်ယောက်နှယ် ဘာမှ ပြန်မပြောဘဲ မင်သေသေဖြင့်သာ ရပ်နေခဲ့လေသည်။
“ငါတို့ အလိမ်ခံလိုက်ရပြီ…” ရန်ကိုင်လည်း စီနီယာပညာရှင်ဟု ခေါ်သော လူအား စတင်၍ အော်ဟစ်ကျိန်ဆဲ တော့လေ၏။
ဦးစီးမှူးတောက်မှ ထိုတံဆိပ်ပြားအား အလွယ်တကူ ဖျက်ဆီးလိုက်နိုင်သည်ကို ကြည့်လျှင် တံဆိပ်ပြားထဲရှိ စွမ်းအား ကုန်သွားသည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
ထို့ကြောင့်သာ မဟုတ်လျှင် ဦးစီးမှူးတောက်၏ ခွန်အားလောက်ဖြင့် ထိုတံဆိပ်ပြားကို ဖျက်ဆီးနိုင်လိမ့်မည် မဟုတ်။
တံဆိပ်ပြားမှာ ပျက်စီးသွားပြီ ဖြစ်သည့်အတွက် သူတို့တွင် ကျောင်းသခင်ဝမ်နှင့် တွေ့ခွင့် ရလောက်မည့် အကြောင်းပြချက် မရှိတော့ချေ။ ယခု နှစ်ယောက်စလုံး ဘာဆက်ပြောလို့ ပြောရမှန်းမသိ ဖြစ်ကုန်ကြလေ၏။
ရန်ကိုင့်စိတ်ထဲ နေမင်းပြာကျောင်းတော်မှ ထွက်ပြေးပြီးလျှင် တောင်ဘက်နယ်မြေထဲမှ ထွက်သွားလျှင် ကောင်းမလား ဟုပင် စတင် စဉ်းစားနေလေတော့သည်။
ထိုသို့သာ မဟုတ်လျှင် သူ့လက်ရှိခွန်အားဖြင့် ဂိုဏ်းကြီးတစ်ဂိုဏ်း၏ အမဲလိုက်မှုအောက်မှ လွတ်မြောက်ဖို့ရာ လွယ်ကူလိမ့်မည် မဟုတ်။
“တပည့်တွေအားလုံး နားထောင်… ငါတို့ နေမင်းပြာကျောင်းတော်ဆိုတာ လာလိမ်ချင်တိုင်း လိမ်လို့ရတဲ့ အဖွဲ့အစည်းတစ်ခု မဟုတ်ဘူးဆိုတာ ပြရမယ်။ အခု မင်းတို့ ဒီဦးစီးမှူးနောက်လိုက်ပြီး အဲ့လူလိမ် နှစ်ကောင်ကို သတ်ပစ်ကြစမ်း” ဦးစီးမှူးတောက်က ဒေါသတကြီး ထအော်လေသည်။
တာအိုသခင် ပထမအဆင့် ကျင့်ကြံသူနှစ်ဦးမှာ ဦးစီးမှူးတောက်၏ အမိန့်ကို ရလိုက်သည်နှင့် တစ်ပြိုင်တည်း လှုပ်ရှားလိုက် ကြလေသည်။
ဝဝနှင့် မျက်နှာပြာပြာ ကျင့်ကြံသူတို့ နှစ်ဦးမှာလည်း သူတို့ လက်စားပြန်ချေနိုင်မည့် အခွင့်အရေး ရပြီဟု တွေးလျက် ချက်ချင်း တိုက်ခိုက်ကြတော့လေ၏။
“လူအိုကြီးချင်း… ပြေးပေတော့…” ရန်ကိုင်က အော်ပြောလိုက်လေသည်။
သို့သော်လည်း ချင်းကျောင်းရန်မှာ နေရာတွင်သာ အမြစ်တွယ်နေခဲ့လေသည်။ ရှေ့တည့်တည့်အား ငေးငေးကြောင်ဖြင့် ကြည့်နေရင်း အသိစိတ်လွတ်သွားသည့်အလား တောက်လျှောက် ရေရွတ်နေလေ၏။
“ပျက်စီးသွားပြီ… ပျက်စီးသွားပြီ…” သူ့အမြင်အရ ပျက်စီးသွားသည်မှာ တံဆိပ်ပြားတစ်ခုတည်း သက်သက်သာလျှင် မဟုတ်ဘဲ ချင်းယုအား ကယ်တင်နိုင်မည့် အခွင့်အရေးတစ်ခုလည်း ဖြစ်ပေသည်။
ထိုကဲ့သို့သော အချိန်မျိုးတွင်မှ ရှင်းပြမရသော စွမ်းအားတစ်ရပ်သည် ဘယ်ကမှန်းမသိ ရုတ်တရက် ကောက်ကာငင်ကာ ထွက်ပေါ်လာခဲ့လေသည်။
ထိုအခိုက်အတန့်တွင် အချိန်တစ်ခုလုံး ရပ်တန့်သွားသည့် အလား။ ကောင်းကင်ယံထက် တိမ်စိုင်တိမ်တိုက်များ တရိပ်ရိပ် တက်လာပြီး လေပြင်းများဟာလည်း အဆက်မပြတ် တိုက်ခိုက်လာ ခဲ့လေသည်။ တစ်ချိန်တည်းတွင် မိုးခြိမ်းသံတို့ပါ မြည်ဟီးလာခဲ့သည်။
ကောင်းကင်ထက်တွင် စုဝေးနေသော တိမ်စိုင်တိမ်တိုက်များ ဆီမှ စွမ်းအင်လှိုင်းတစ်ခုသည် စည်းချက်ညီညီ ထွက်ပေါ်လာခဲ့လေသည်။
ထိုအခိုက်အတန့်တွင် ရန်ကိုင်၊ ချင်းကျောင်းရန်၊ ဦးစီးမှူးတောက်နှင့် အခြားသူအားလုံး ကြောက်မက်ဖွယ်ရာ ဖိအားတစ်ရပ်ကို ခံစားလိုက်ကြရသည်။
သူတို့သာလျှင် မဟုတ်။ နေမင်းပြာရိုးမထဲ ရှိနေသော ကျင့်ကြံသူအားလုံး ထိုဖိအားကို ခံစားလိုက်ကြရလေသည်။ ကြောက်မက်ဖွယ်ရာ ဖိအားကြောင့် အကုန်လုံး တုန်တုန်ရီရီ ဖြစ်ကုန်ကြလေ၏။
“ဒါက…” ထိုကြောက်မက်ဖွယ်ရာ ဖိအားကို ခံစားမိလိုက်ချိန် နေမင်းပြာရိုးမ၏ အဓိက တောင်ထွတ်ပေါ်တွင် ရှိနေသော နန်းတော်ထဲ၌ ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အသက်လေးဆယ်လောက် ရှိမည် ထင်ရသော တင်ပလင်ခွေထိုင် ကျင့်ကြံနေသည့် သက်လတ်ပိုင်း လူကြီးသည် ရုတ်ချည်း မျက်လုံး ပွင့်လာခဲ့လေသည်။
ထို့နောက် သူ့အကြည့်သည် ဟင်းလင်းပြင်ကို ထိုးဖောက်၍ မိုင်ပေါင်းထောင်နှင့်ချီအကွာတွင် ရှိနေသော ထူးဆန်းသည့် မြင်ကွင်း ဖြစ်ပေါ်လာသည့် နေရာဆီသို့ လှမ်းကြည့်လိုက်လေ၏။
တစ်ချိန်တည်းတွင် သူ့မျက်နှာ အမူအယာမှာ ရုတ်ချည်း လေးနက်သွားခဲ့ပြီး ထိတ်လန့် အံ့အားသင့်သွား ဟန်ဖြင့် ပြောလိုက်လေသည်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
တစ်ချိန်တည်းတွင် အခြားသော တောင်ထွတ်တစ်ခုပေါ်တွင် ရှိနေသော အမျိုးသမီးတစ်ဦးမှာလည်း ရုတ်ချည်း ထရပ်လိုက်သည်။
ကောင်းကင်ပေါ်တွင် ဖြစ်ပေါ်နေသော မြင်ကွင်းကို မြင်လိုက်သည့်အခိုက် သူမ၏ အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲ သွားခဲ့လေသည်။ ထို့နောက်တွင် ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွား ခဲ့လေ၏။
အခြားတစ်ဖက်တွင် အကြီးအကဲတစ်ဦးသည် တင်ပလင်ခွေ ထိုင်နေခဲ့သည်။ နေမင်းပြာကျောင်းတော်၏ လက်ရွေးစင်တပည့်ပေါင်းများစွာသည် ထိုအကြီးအကဲရှေ့တွင် ထိုင်ရင်း အကြီးအကဲ သင်ကြားပြသနေသည်ကို သေချာအာရုံစိုက် နားထောင်နေခဲ့ကြသည်။
ရုတ်တရက် လူအိုကြီး၏ အသံ ရပ်တန့်သွားခဲ့ပြီး ခေါင်းမော့ကာ အခြားတစ်ဖက်သို့ လှမ်းကြည့်လိုက်လေသည်။ ထို့နောက် ထိုင်ရာမှ ဖြည်းဖြည်းချင်း ထလျက် တပည့်အားလုံး၏ရှေ့မှ ရုတ်တရက် ပျောက်ကွယ် သွားခဲ့လေ၏။
နေမင်းပြာကျောင်းတော်ထဲ ထိုကဲ့သော မြင်ကွင်းများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာနေခဲ့လေသည်။ ကျောင်းတော်ထဲတွင် ရှိနေသော ဧကရာဇ်အဆင့် ပညာရှင် အားလုံး ထိုကြောက်မက်ဖွယ်ရာ ဖိအားကို ခံစားမိလိုက်ကြချိန် လုပ်လက်စ အလုပ်အားလုံးကို ရပ်တန့်ကာ ထိုဖိအား ထွက်ပေါ်လာသည့် နေရာဆီသို့ ပြေးထွက် လာကုန်ကြလေသည်။
နေမင်းပြာရိုးမ၏ အစွန်ပိုင်းတွင် လူခုနှစ်ဦးမှာ ကြောက်မက်ဖွယ်ရာ ဖိအားကြောင့် တုန်တုန်ရီရီ ဖြစ်နေကြလေ၏။ ဤသည်မှာ သူတို့၏ သတ္တိ စိတ်ဆန္ဒနှင့် ဘာဆိုဘာမှ မဆိုင်။ သူတို့၏ စွမ်းအားကိုယ်က ထိုဖိအားအောက်ဝယ် အကြွင်းမဲ့ ဖိနှိပ်ခံနေရခြင်း ဖြစ်ပေသည်။
ကျင့်ကြံခြင်း အဆင့်နိမ့်သော ဝဝနှင့် မျက်နှာပြာပြာ ကျင့်ကြံသူနှစ်ဦးမှာ ထိုဖိအားကို ခံစားမိလိုက်သည့် အခိုက် သူတို့၏ အရိုးများ တဂျွတ်ဂျွတ် မြည်၍ လာခဲ့ပြီးနောက် နေရာတွင်ပင် တန်းသတိလစ် သွားခဲ့လေသည်။
.’
တာအိုသခင် ပထမအဆင့် ပညာရှင်လေးဦးမှာလည်း သူတို့၏ စွမ်းအား အသီးသီးကို လှည့်ပတ်ကာ ထိုရှင်းပြမရသော ဖိအားကို အသည်းအသန် ခုခံနေကြရသည်။
ဦးစီးမှူးတောက်ဆိုလျှင် အလွန်ကြီးမားသည့် ဖိအားတစ်ခုကို ခံစားနေရသည့်အလား သူ့ခါးပင် ကိုင်းနေခဲ့လေသည်။
“ဘာကြီးလဲ… ဘယ်လိုစွမ်းအားကြီးလဲ…” ဦးစီးမှူးတောက် ကြောက်လန့်တကြား ထအော်လေ၏။
နေမင်းပြာကျောင်းတော်မှ တာအိုသခင်အဆင့် ပညာရှင်နှစ်ဦးနှင့် ချင်းကျောင်းရန်သည်လည်း အလွန်ကိုမှ အံ့ဩမင်သက် ကြောက်လန့်နေကြရပေသည်။
ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ထိုစွမ်းအား၏ ဇစ်မြစ်ကို ရှာကြည့်ရန် ကြိုးစားလိုက်သည်။ သို့သော်ငြား သူ့ကောင်းကင်စိတ်အာရုံမှာ ခန္ဓာကိုယ်ထဲမှ အပြင်သို့ပင် မထွက်နိုင်ကြောင်းကို တွေ့ရှိလိုက်ရပေသည်။ သူ့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ လုံးဝကို အေးခဲနေခဲ့လေသည်။
“ဘုန်း….”
ကောင်းကင်ထက်တွင် အလင်းတန်းတစ်ချက် ပေါက်ကွဲထွက် လာပြီး လူတစ်ဦး ထူးဆန်းစွာ ထွက်ပေါ်လာ ခဲ့လေသည်။
အလင်းပျောက်ကွယ်သွားပြီးသည့်နောက်တွင် ထိုလူသည် အားလုံး၏ အာရုံစိုက်ရာ ဖြစ်လာခဲ့လေသည်။
ထိုလူသည် ဝါးဦးထုပ် တစ်လုံးကို ဆောင်းထားခဲ့သည်။ ထိုဦးထုပ်မှာ အနည်းငယ်စောင်းနေ သဖြင့် သူ့မျက်နှာတစ်ခြမ်းကို ဖုံးကွယ်နေခဲ့လေသည်။ ထိုအပြင် ပုံရိပ်မှာ ဝိုးတဝါးတား ဖြစ်နေသဖြင့် မျက်နှာအား သေသေချာချာ မမြင်ရပေ။
သူ့တွင် မုတ်ဆိတ်မွေးများ ရှိသော်ငြား မုတ်ဆိတ်မွေးများမှာ မညီမညာ ဖြစ်နေခဲ့သည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ သူ့၏ အကြည့်မှာလည်း စိတ်အားထက်သန်မှု မရှိသည့်အလား ပျင်းရိပျင်းတွဲ ဖြစ်နေခဲ့လေ၏။
သူ၏ ဝတ်စားပုံမှာ ဆိုလျှင် ပို၍ပင် ထင်ထင်ရှားရှား ဖြစ်လွန်းသည်။ ထိုလူသည် အရပ်ရှည်ရှည်၊ ပုခုံးကျယ်ကျယ်၊ ရင်အုပ်ကျယ်ကျယ် လူတစ်ဦးဖြစ်ပေသည်။
သို့တိုင် ပြိုးပြိုးပြက်ပြက် တောက်ပနေသော ဝတ်ရုံကြီးတစ်ခုနှင့် သမင်သားရေဖြင့် ပြုလုပ်ထားသော ဘွတ်ဖိနပ်များကို ဝတ်ဆင်ထားခဲ့သည်။
သူပေါ်လာသည်နှင့် တစ်ပြိုင်နက် ချင်းကျောင်းရန်က မျက်လုံး အပြူးသားဖြင့် ထအော်တော့လေသည်။
“အဲ့တာ ငါပြောတဲ့ စီနီယာ ပညာရှင်ပဲ…”
ချင်းကျောင်းရန် ပြောသည်ကို ကြားသော် ထိုသူသည် တံဆိပ်ပြား ပိုင်ရှင်မှန်း ရန်ကိုင် ချက်ချင်း နားလည်လိုက်လေသည်။ သူမျှော်လင့် ထားခဲ့သလိုပင် ဤလူ၏ ခွန်အားမှာ သိုင်းတာအို၏ အထွတ်အထိပ်သို့ ရောက်နေသလားဟုပင် ထင်မှတ်ရသည်။
ထိုလူသည် အနည်းဆုံး ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည်။ ထိုလူဆီမှ သူခံစားနေရသည့် ဖိအားမှာ ဒေါ်လေးဖုန်းဆီမှ ခံစားခဲ့ရသည့် ဖိအားထက်ပင် ပို၍ ပြင်းထန်ပေသည်။
အရေးအကြီးဆုံးအချက်မှာ သူတို့ရှေ့တွင် ရပ်နေသည့် လူသည် တကယ့်အစစ်အမှန် လူတစ်ဦး မဟုတ်ဘဲ ပုံရိပ်တစ်ခု သက်သက်သာ ဖြစ်နေခြင်းပင်။
“ဘယ်သူ…ဘယ်သူလဲ” ဦးစီးမှူးတောက်က အလန့်တကြား ထအော်လေသည်။ သူ့ပိုင်နက်ထဲ ရှိနေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် အစောကြီးကတည်းက ထွက်ပြေးသွားခဲ့လောက်ပေပြီ။
သို့တိုင် အလွန်ကြောက်လန့် နေသဖြင့် တုန်တုန်ရီရီ ဖြစ်နေခဲ့လေ၏။ ထိုလူအား စိတ်ပျက်သွားအောင် လုပ်မိမည် စိုးသဖြင့် အကြည့်ချင်းပင် မရင်ဆိုင်ရဲ။
“နေမင်းပြာကျောင်းတော်လား…” ထိုဆန်းကြယ်သည့် လူသည် သူ့ဘာသာ ရေရွတ်လိုက်လေ၏။ ဦးစီးမှူးတောက်အား လျစ်လျူရှုထားပြီး ချင်းကျောင်းရန် ရပ်နေသည့်ဘက်သို့ လှည့်၍ပြောလိုက်လေ၏။
“ငါတို့ မတွေ့လိုက်ရတာ ဆယ်နှစ်ပဲ ရှိသေးတယ်၊ မင်းက တော်တော်လေးကို အိုသွားပါလား… ကြည့်ရတာ ဒီနှစ်တွေထဲမှာ မင်းတော်တော် အလုပ်လုပ်နေရတယ်နဲ့ တူတယ်”
ချင်းကျောင်းရန်မှာ စကားတစ်ခွန်းပင် မပြောနိုင်တော့။ သူ့မျက်လုံးများမှာ မျက်ရည်များဖြင့် ပြည့်နေခဲ့လေ၏။
“ငါရောက်နေပြီဆိုမှတော့ ဘာမှ စိတ်ပူမနေတော့နဲ့” ထိုလူက ပြုံးလျက် ဘေးပတ်ပတ်လည်အား လှည့်ပတ်၍ ကြည့်လိုက်လေသည်။
ရန်ကိုင့်ဆီသို့ အကြည့်ရောက်သွားချိန် အံ့အားသင့်နေသည့် လေသံဖြင့် “မင်းလည်း ရောက်နေတာလား…”
ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ တံတွေးတစ်လုပ် မြိုချလျက် ပြန်မေးလိုက်လေ၏။ “ဆရာ ကျုပ်ကိုသိလို့လား”
“ဟဲ ဟဲ…” ထိုလူသည် ပြန်မဖြေဘဲ ရယ်သာ ရယ်ပြနေလေ၏။ သူ့ပုံရိပ်မှာ တစ်ခဏမျှသာ ကြာခဲ့ပြီး ခဏအကြာတွင် ပျောက်ကွယ်သွားခဲ့လေသည်။
“ဆိုးလိုက်တာ… အချိန်ပြည့်သွားပြီ” ထိုစကားနှင့်အတူ ပေါ်လာသည့် ပုံရိပ်မှာ အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ် သွားခဲ့လေသည်။ သူဘာပြောချင်လို့ ပြောသွားမှန်း မည်သူမျှ နားမလည်လိုက်။
ထိုပုံရိပ် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ပေါ်တွင် ထွက်ပေါ်လာသော မြင်ကွင်းအစုံစုံမှာလည်း ပျောက်ကွယ်သွားခဲ့လေသည်။ အကုန်လုံး ခံစားနေရသည့် ဖိအားသည်ပါ တစ်ပြိုင်တည်း ပျောက်ကွယ်သွားခဲ့လေသည်။ ယခုမှပဲ အကုန်လုံး အသက်ကောင်းကောင်း ရှူနိုင်တော့သည်။
“ဘုတ်… ဘုတ်… ဘုတ်…”
အသံကြားရာဆီသို့ လှည့်ကြည့်လိုက်ရာ အစောပိုင်းက ဦးစီးမှူးတောက် ဖျက်ဆီးပစ်လိုက်သော တံဆိပ်ပြား အစိတ်အပိုင်းများ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြောင်းကို တွေ့ရှိလိုက်ရလေသည်။
တံဆိပ်ပြား အစိတ်အပိုင်းများသည် အစောပိုင်းက ဆန်းကြယ်သည့် ပုံရိပ် ပျောက်သွားသည့်နေရာဆီသို့ ပြုတ်ကျ သွားခဲ့ခြင်း ဖြစ်သည်။
ထိုအချင်းအရာကို မြင်သည့်အခါ သူအမှားကြီးတစ်ခု လုပ်လိုက်မိပြီမှန်း နားလည်လိုက်ကာ ဦးစီးမှူးတောက်၏ မျက်နှာကြီး ဖြူလျော်သွားခဲ့လေသည်။
သူဖျက်ဆီးလိုက်သည့် တံဆိပ်ပြားတွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော နောက်ခံတစ်ခု ရှိနေခဲ့သည်။ ထို့သို့သာ မဟုတ်လျှင် ထိုပညာရှင်၏ ပုံရိပ်ကို ဖြစ်ပေါ်လာစေနိုင်မည် မဟုတ်ပေ။
ဖြစ်နိုင်သည်မှာ ထိုပညာရှင်သည် တံဆိပ်ပြားကို လုပ်စဉ်က သူ့စွမ်းအားကို တံဆိပ်ပြားထဲသို့ ထည့်သွင်း ထားခဲ့ခြင်း ဖြစ်လောက်သည်။ ထို့ကြောင့် တံဆိပ်ပြား ပျက်စီးသွားခဲ့သည့်အခါ သူ့ပုံရိပ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်။
“ငါတမင် ရည်ရွယ်ပြီး လုပ်လိုက်တာမဟုတ်ဘူး… ငါ ရည်ရွယ်ပြီး လုပ်လိုက်တာ မဟုတ်ဘူးနော်” ဦးစီးမှူးတောက်မှာ အလွန်ကိုမှ အကြောက်လွန် သွားခဲ့လေသည်။
ထို့နောက် ချည့်နဲ့ အားနည်းဟန်ဖြင့် တံဆိပ်ပြား အစိတ်အပိုင်းများဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်လေ၏။
သွားနေရင်း ခလုတ်တိုက်ကာ မြေပြင်ပေါ်သို့ ချော်လဲခါနီးပင် ဖြစ်ခဲ့ရလေသည်။ ခက်ခက်ခဲခဲဖြင့် လျှောက်လာပြီး သည့်နောက်တွင် တံဆိပ်ပြား အစိတ်အပိုင်းများဆီသို့ ရောက်လာခဲ့လေ၏။
ထို့နောက် ထို အစိတ်အပိုင်းများကို ကောက်ယူ လိုက်လေသည်။ သို့သော်ငြား ထို အစိတ်အပိုင်းများကို သူ့လက်ဖြင့် သွားထိလိုက်သည်နှင့် တစ်ပြိုင်နက် အစိတ်အပိုင်းအားလုံးမှာ အမှုန်အဖြစ်သို့ ပြောင်းကာ လေထဲ လွင့်ပါ ပျောက်ကွယ်သွား ခဲ့လေ၏။
“သွားပြီ…. သွားပြီ…” ထိုအချင်းအရာကို မြင်သည့်အခါ ဦးစီးမှူးတောက်၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်း သွားခဲ့လေသည်။
“ရွှစ်… ရွှစ်… ရွှစ်…”
လေတိုးသံများနှင့်အတူ သူတို့ဆီသို့ လူတစ်ယောက်ပြီး တစ်ယောက် ရောက်လာကြလေ၏။ ထိုလူများထဲ လူကြီးလူငယ် ကျားမ မရွေး ပါဝင်ကြပေသည်။ တစ်ယောက်ချင်းစီတိုင်း၏ မျက်နှာမှာ အလွန်ကိုမှ လေးနက် တည်ကြည်နေလေ၏။
သို့သော်ငြား ရန်ကိုင်တို့ဆီသို့ ရောက်လာပြီး သူတို့၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်စစ်ဆေး ကြည့်လိုက်ကြပြီး သည့်နောက် အကုန်လုံး နားမလည်နိုင် ဖြစ်သွားခဲ့ကြလေသည်။ အကြောင်းမှာ သူတို့ အစောပိုင်းက ခံစားလိုက်ရသည့် ဖိအား မှာ လုံးဝ ပျောက်ကွယ်သွားသည့် အတွက်ကြောင့်ပင်။
“ဟာ… ဒုကျောင်းသခင်နဲ့ အကြီးအကဲအားလုံးကို နှုတ်ဆက်ပါတယ်….” ထိုလူများကို မြင်သည့်အခါ တာအိုသခင်အဆင့် ပညာရှင်နှစ်ဦးမှာ အလျင်စလို ဦးညွှတ်နှုတ်ဆက် လိုက်ကြလေသည်။ ထိုလူအားလုံးမှာ ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြ၏။
လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး တည်ကြည်လေးနက် ချောမောလှပသည့် အမျိုးသမီးတစ်ဦးကို မြင်လိုက်သည့်အခိုက် ရန်ကိုင်သည် သူ့အကြည့်ကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်ပြီး စိတ်ထဲ ကြိတ်၍ ကျိန်ဆဲတော့လေ၏။
ထိုအမျိုးသမီးမှာ သူနတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားစဉ်က တိုက်ခိုက်ခဲ့သည့် ကောင်းရွှယ်ထင်းမှ လွဲ၍ အခြားမဟုတ်ပေ။
သူ့အနေဖြင့် နေမင်းပြာကျောင်းတော်ထဲသို့ ရောက်လာပြီးသည့် နောက်တွင် ထိုအမျိုးသမီးနှင့် တစ်နေ့နေ့တွင် သွားတိုးလိမ့်မည်ဟု ခန့်မှန်းထားမိ ခဲ့ပါသော်ငြား ဝင်ဝင်ချင်းနေ့မှာပင် လာတိုးရ လိမ့်မည်ဟု မထင်ထားခဲ့ပေ။
နတ်ဆိုးအသွင်သို့ ပြောင်းသွားစဉ်က သူ့မျက်နှာ တစ်ခုလုံးအား နတ်ဆိုးချီဖြင့် လွှမ်းခြုံထားခဲ့သော်ငြား ကောင်းရွှယ်ထင်းသာ သူ့အား မှတ်မိသွားခဲ့မည်ဆိုပါက လုံးဝ သွားပေတော့မည်။
သူမသည် ဤနေရာတွင် ရန်ကိုင် လုံးဝကို မတွေ့ချင်ဆုံး လူဖြစ်ပေသည်။
“သူဘယ်သူလဲ…” အသက် ခုနှစ် ရှစ်ဆယ်လောက်ရှိမည့် အကြီးအကဲတစ်ဦးက လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီးသည့်နောက် မေးလိုက်လေ၏။
ထိုအကြီးအကဲမှ ဖြာထွက်နေသည့် အရှိန်အဝါမှာ ကောင်းရွှယ်ထင်းဆီမှ ဖြာထွက်နေသည့် အရှိန်အဝါထက် သိသိသာသာကို အားကောင်းပေသည်။
သို့သော်ငြား သူ့အရှိန်အဝါသည် ရန်ကိုင်ယခင်က တွေ့ခဲ့ဖူးသော ရှောင်ယုယန်၏ အရှိန်အဝါနှင့် အဆင့်တူလောက်တွင် ရှိနေသည်။ ထို့ကြောင့် ထိုအကြီးအကဲသည် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်လောက်ပေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၁၂၄)
အကြီးအကဲမှ မေးခွန်း မေးလိုက်သော်ငြား နေမင်းပြာကျောင်းတော်မှ တပည့်များကမူ မည်ကဲ့သို့ ပြန်ဖြေလို့ ဖြေရမှန်း မသိကြပေ။
ခပ်ဝဝနှင့် မျက်နှာပြာပြာ ကျင့်ကြံသူနှစ်ဦးမှာ ပုံရိပ်ယောင် ပေါ်မလာခင်ကပင် ဖြာထွက်နေသည့် ဖိအားကြောင့် သတိလစ်သွား ခဲ့လေသည်။
ဦးစီးမှူးတောက်မှာလည်း စိတ်လွတ်သွားလေသလားမသိ။ စကားတစ်ခွန်းတည်းကိုသာ ထပ်ခါထပ်ခါ ရေရွတ်နေပြီး တာအိုသခင် ပထမအဆင့် ကျင့်ကြံသူနှစ်ဦးမှာတော့ မင်သက်နေခဲ့လေသည်။
“မင်းတို့ နားပင်း နေကြတာလား” မည်သူမျှ ပြန်မဖြေကြသည်ကို မြင်သော် ထိုအကြီးအကဲ ဒေါသထွက်သွား ခဲ့လေသည်။
“တောက်မင်… မင်းဘာလုပ်နေတာလဲ” ထောင့်ဘက်စွန်းတွင် ရှိနေသော ဧကရာဇ် ပထမအဆင့် သတ်လတ်ပိုင်းလူကြီးသည် ဦးစီးမှူးတောက်ကို ကြည့်ကာ မျက်မှောင်ကြုတ်ရင်း အော်ပြောလိုက်လေသည်။
ထိုအော်သံကို ကြားလိုက်ချိန် ဦးစီးမှူးတောက်သည် ဆယ်ပေါင်တူကြီးဖြင့် အထုခံလိုက်ရသည့်အလား သွေးတစ်ပွက် ထိုးအန်လေ၏။
ယခုမှပဲ တောက်မင် တည်ငြိမ်သွားခဲ့ပြီး ရီဝေဝေဖြစ်နေသော သူ့မျက်လုံးများမှာလည်း တစ်ဖန် ပြန်လည် ကြည်လင်လာခဲ့လေသည်။
သူ့ဘေးပတ်ဝန်းကျင်အား စိတ်ရှုပ်ရှုပ်ဖြင့် လှည့်ပတ်ကြည့် လိုက်ပြီးသည့်နောက် အကြီးအကဲကို မြင်သည့်အခါ သူ့တစ်ကိုယ်လုံး တုန်ရီလာပြီး ချက်ချင်း ထအော်ပြောလေ၏။
“ဒုကျောင်းသခင်နဲ့ အကြီးအကဲတို့ကို နှုတ်ဆက်ပါတယ်”
“လိုရင်းကို ပြော” အစောပိုင်းက အော်သံဖြင့် တောက်မင်အား နှိုးလိုက်သော သတ်လတ်ပိုင်းလူကြီးက ပြောလိုက်လေသည်။
“ဒီမှာ ဘာတွေဖြစ်သွားတာလဲ… ငါ့ကို ပြောစမ်း… တစ်ယောက်ယောက် ကျူးကျော်လာလို့လား”
“တစ်ယောက်ယောက်…” တောက်မင် ရေရွတ်လိုက်၏။
တံဆိပ်ပြားတစ်ခုလုံး သူ့ကြောင့် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားသည့်အကြောင်းကို ပြန်သတိရလိုက်သည့်အခါ တောက်မင် ထိတ်လန့်တုန်လှုပ်လာပြီး ချက်ချင်း မြေပြင်ပေါ် ဒူးထောက်ချလျက် ဝမ်းနည်းတကြီး တောင်းပန်တော့လေ၏။
“ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါ ဆရာ… ကျုပ် လုပ်ချင်လို့ လုပ်လိုက်တာ မဟုတ်ပါဘူး”
ထိုအချင်းအရာကို မြင်သည့်အခါ အကြီးအကဲမှာ ခေါင်းတခါခါသာ လုပ်လိုက်တော့လေသည်။
“ကျွန်မ ကြိုးစားကြည့်မယ်…” ထိုစဉ် ထောင့်တစ်နေရာ၌ ရပ်နေသော အသက်ဆယ်နှစ် စွန်းစွန်းလောက်သာရှိမည့် မိန်းမငယ်လေးတစ်ဦးက ရုတ်တရက် ဝင်ပြောလိုက်လေသည်။
ထိုကောင်မလေးမှာ အလွန်ကိုမှ ငယ်ရွယ်သော်ငြား သူမ၏ ကျင့်ကြံခြင်းမှာတော့ ဧကရာဇ်အဆင့်သို့ ရောက်နေခဲ့လေသည်။ ထိုကောင်မလေးသည် တောက်မင်ရှေ့သို့ ပျံဝဲလာပြီးသည့်နောက် သူမ၏ လက်ကို ဆန့်ထုတ်ကာ တောက်မင်၏ ဦးခေါင်းကို အသာအယာ ပုတ်လိုက်လေသည်။
“မကြောက်နဲ့… ငါ့ကိုပြောပြ… နင်ဘာတွေမြင်လိုက်လဲ၊ ဘာတွေကြားလိုက်လဲ” သူမစကားဆုံးသွားသည်နှင့် တောက်မင်၏ ကြောက်စိတ်တို့ ပြေပျောက်သွားသည့်အလား သူ့တစ်ကိုယ်လုံး ဆက်၍ တုန်ရီမနေတော့ပေ။
ငေးကြောင်ကြောင် အမူအယာဖြင့် ဟင်းလင်းပြင်ထဲ စိုက်ကြည့်၍ ပြောလိုက်လေ၏။
“အခုလိုတွေ ဖြစ်သွားတာပါ ဆရာ…”
တောက်မင်သည် မည်သည့်အပိုစကားမျှ ထပ်ပြောမနေဘဲ သူမြင်ခဲ့ရသမျှ ကြားခဲ့ရသမျှ အကြောင်းစုံကို အမှန်အတိုင်းသာ ပြောပြလိုက်လေသည်။
ထို မြင်ကွင်းကို ကြည့်ရင်း ရန်ကိုင့်စိတ်ထဲ သတိပေးသံတို့ ဆူဝေ သွားခဲ့သည်။ ဤ ဧကရာဇ်အဆင့် ကျင့်ကြံသူ ငယ်ငယ်လေးသည် ဝိဉာဉ်ကျင့်စဉ်တစ်မျိုးမျိုးကို သုံးကာ တောက်မင်၏ စိတ်ကို ညှို့လိုက်ခြင်း ဖြစ်ကြောင်း ချက်ချင်း နားလည် လိုက်ပေသည်။ သူမ၏ နည်းစနစ်မှာ တောက်မင်၏ ဝိဉာဉ်ကိုလည်း ဒဏ်ရာ မရစေခဲ့ပေ။
ကောင်းကင်ပေါ်မှ ဆင်းသက်လာသော ထူးဆန်းသည့် လူအကြောင်းဆီကို ရောက်သော် အကြီးအကဲက ချက်ချင်းဝင်ပြော လိုက်လေ၏။
“အဲ့လူပုံစံကို သေချာ ပြောပြစမ်း”
တောက်မင်က ပြောပြလိုက်လေ၏။ “သူ့မျက်နှာကိုတော့ သေချာမမြင်ရဘူး ဝါးခမောက်ကို ဆောင်းထားတာတော့ တွေ့လိုက်တယ်။ ပြောရရင် သူ့ဝတ်စားပုံက တော်တော်လေးကို ထူးဆန်းလွန်းတယ်”
“သူက ယောက်ျားတစ်ယောက်ပဲ၊ ဒါပေမဲ့ ဝတ်ထားတာက မိန်းမတွေဝတ်လေ့ရှိတဲ့ လျော်နဲ့ လုပ်ထားတဲ့ ဂါဝန်အရှည်ကြီး”
ထိုစကားကို ကြားသည့်အခါ သတ်လတ်ပိုင်းလူကြီး၏ အမူအယာ ပြောင်းလဲ သွားခဲ့ပြီး အံ့အားသင့်တကြီး ပြန်မေးလိုက် လေသည်။
“တံဆိပ်ပြားကရော… အဲ့ တံဆိပ်ပြားကရော ဘာနဲ့ တူလဲ”
တောက်မင်သည် သူမြင်ခဲ့ရသမျှကို အမှန်အတိုင်း ရှင်းပြလိုက်လေ၏။ တောက်မင် ရှင်းပြသည်ကို ကြားပြီးသည့်နောက် လူအိုကြီးသည် အချိန်အတော်ကြာအောင် တိတ်ဆိတ်သွား ခဲ့လေသည်။
ထိုစဉ် သတ်လတ်ပိုင်းလူကြီးက လူအိုကြီးအား ထူးထူးဆန်းဆန်း အမူအယာဖြင့် ကြည့်၍ မေးလိုက်လေသည်။
“ဒုကျောင်းသခင်ချို… အဲ့လူ ဘယ်သူလဲ သိလား”
အကုန်လုံးသည် လူအိုကြီးအား လှမ်းကြည့်လိုက်ကြ လေ၏။ လူအိုကြီးကမူ ပြန်မဖြေဘဲ ရန်ကိုင်နှင့် ချင်းကျောင်းရန်ကိုသာ ကြည့်လိုက်လေသည်။ ယခုမှသာ သူလည်း ရန်ကိုင်နှင့် ချင်းကျောင်းရန်တို့အား အာရုံစိုက်ဖြစ်တော့သည်။
ရန်ကိုင်နှင့် ချင်းကျောင်းရန်တို့ နှစ်ဦးစလုံး အလျင်စလို လက်သီးဆုပ်ကာ ဦးညွှတ် လိုက်ကြလေ၏။
လူအိုကြီးက အသာအယာ ခေါင်းညိတ်ပြလျက် မေးလိုက်လေသည်။ “အဲ့တံဆိပ်ပြားကို ယူလာတာ မင်းတို့တွေလား”
ချင်းကျောင်းရန်က ပြန်ပြောလိုက်သည်။ “ဟုတ်ပါတယ်ဆရာကြီး… အဲ့တံဆိပ်ပြားကို ကျုပ်ယူလာတာပါ”
“ကောင်းပြီ…” လူအိုကြီးက ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “ငါ့နောက် လိုက်ခဲ့ ဒီနေရာက ငါတို့ စကားပြောလို့ ကောင်းတဲ့ နေရာ မဟုတ်ဘူး”
ထို့နောက်တွင် ရန်ကိုင်နှင့် ချင်းကျောင်းရန်တို့အား သိမ်မွေ့သော စွမ်းအားတစ်ရပ်မှ ရစ်ပတ်သွားပြီး လူအိုကြီးဆီသို့ အလိုလို ဆွဲခေါ်သွားခဲ့လေသည်။
အခြားသော ဧကရာဇ်အဆင့် ပညာရှင်များသည်လည်း အကြည့်ချင်း ဖလှယ်လျက် လူအိုကြီး နောက်သို့ လိုက်သွားကြလေ၏။
လူအုပ်ကြီးတစ်ခုလုံး ထွက်သွားသည့် အခါမှသာ တောက်မင် အသိပြန်ဝင်လာခဲ့သည်။ ထို့နောက် သူ့တစ်ကိုယ်လုံး ကြောက်ရွံ့မှုဖြင့် တုန်ရီလာခဲ့လေသည်။
“ဦးစီးမှူးတောက်…” အခြားတာအိုသခင်အဆင့် ပညာရှင်နှစ်ဦးသည် တောက်မင်ဆီသို့ စိုးရိမ်တကြီး ပြေးလာခဲ့ကြ လေ၏။
“ငါအဆင်ပြေတယ်” တောက်မင်က အကြောက်မပြေသေးသည့် အမူအယာဖြင့် လက်ဝှေ့ယမ်းပြရင်း ပြောလိုက်လေ၏။
“ကံကောင်းသွားလို့… မဟုတ်ရင် ငါတကယ် ရူးသွားတော့မှာ”
အလွန်ကိုမှ အရေးကြီးသည့် တံဆိပ်ပြားသည် သူ့လက်ထဲတွင် ပျက်စီးသွားသည့် အကြောင်းကို ပြန်တွေးရင်း တောက်မင် အလွန်ကိုမှ စိုးရိမ်လာခဲ့သည်။
သူ့လုပ်ရပ်ကြောင့် ဂိုဏ်း၏အကြီးအကဲများ သူ့အပေါ် အပြစ်တင်လာမည်ကို အလွန် ကြောက်လန့်နေခြင်း ဖြစ်ပေမည်။
နေမင်းပြာကျောင်းတော်၏ အဓိက တောင်ထွတ်ဖြစ်သော သူတော်စင်တစ်ထောင် တောင်ထွတ်ပေါ်တွင်………
ကျောင်းတော်တစ်ကျောင်း ရှိပေ၏။ ထိုကျောင်းတော်ရှေ့တွင် ရန်ကိုင်နှင့် ချင်းကျောင်းရန်တို့သည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်ရင်း မတ်တပ်ရပ်နေကြလေသည်။
သူတို့အား ခေါ်လာသည့် အကြီးအကဲသည် သူတို့နှစ်ဦးစလုံးကို ဤနေရာတွင်သာ ထားရစ်ခဲ့သည်။ အခြားသော ဧကရာဇ်အဆင့် ပညာရှင်များကမူ ဤကျောင်းတော်ထဲသို့ အတူတကွ ဝင်သွားကြလေသည်။
ဤကျောင်းပတ်လည်တွင် အကာအရံများစွာ ရှိပြီး တံခါးနှစ်ဖက်စလုံးမှာလည်း တင်းတင်းကြပ်ကြပ် ပိတ်ထား၏။ ထို့ကြောင့် ရန်ကိုင်နှင့် ချင်းကျောင်းရန်တို့ နှစ်ဦးစလုံး အထဲတွင် ဘာတွေဖြစ်နေသလဲ ဆိုသည်ကို လှမ်းမမြင်နိုင်ကြပေ။
သူတို့တွင် ဘာမှ လုပ်စရာမရှိသော်ငြား မဆင်မခြင် မလှုပ်ရှားရဲသည့်အတွက် ကျောင်းရှေ့တွင်သာ မတ်တပ်ရပ်နေကြ လေသည်။
“ညီလေးရန်… မင်းဘယ်လိုထင်လဲ” ချင်းကျောင်းရန်က ရုတ်တရက် မေးလိုက်၏။
“ဘာမှဖြစ်မှာ မဟုတ်ဘူး”
ချင်းကျောင်းရန် မည်သည့်ကိစ္စနှင့် ပတ်သက်၍ စိတ်ပူနေသလဲဆိုသည်ကို သိသည့်အလား ရန်ကိုင်က ပြန်ပြောလိုက်လေသည်။
ထို့နောက် ယဲ့ယဲ့ပြုံးလျက် ဆက်၍ ပြောလိုက်၏။
“သူတို့သာ တစ်ခုခုလုပ်ချင်ရင် အစောကြီးကတည်းက လုပ်လိုက်လို့ရတယ်… သူတို့ခွန်အားနဲ့ဆို ကျုပ်တို့တွေ ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး”
“ကျုပ်တို့ကို ဒီနေရာဆီ ခေါ်လာတယ်ဆိုတာက ကြည့်ရတာ ဆုံးဖြတ်ချက်မချခင် အရင် ဆွေးနွေးချင်လို့နဲ့ တူတယ်”
“အဲ့လူတွေ ခုနတုန်းက ပြောလိုက်တာလည်း ကျုပ်ကြားလိုက်သေးတယ်။ ကြည့်ရတာ တံဆိပ်ပြားပိုင်ရှင်ကို သူတို့ထဲက တစ်ယောက်မှ သိတဲ့ပုံ မပေါ်ဘူးနဲ့တူတယ်”
“ငါလည်း ခုထိ တံဆိပ်ပြားပိုင်ရှင် ဘယ်သူလဲ မသိသေးဘူး” ချင်းကျောင်းရန်က ပြောလိုက်သည်။
“မသိတာလည်း ပုံမှန်ပါပဲ” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ဒါပေမဲ့ သာမာန် ဧကရာဇ် တတိယအဆင့် ပညာရှင်တစ်ဦးသာဆိုရင် နေမင်းပြာကျောင်းတော် အခုလိုမျိုး ကြောက်လန့်နေမှာ မဟုတ်ဘူး ကြည့်ရတာ အဲ့လူက…”
“ညီလေးရန် ပြောချင်တာက…” ချင်းကျောင်းရန်သည် ရုတ်တရက် ဖြစ်နိုင်ချေ တစ်ခုကို စဉ်းစားမိသွားပြီး ရုတ်တရက် ပြန်ပြောလိုက်လေ၏။ “ဆရာဆယ်ပါးထဲက တစ်ယောက်လို့လား”
“ဖြစ်လောက်တယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။
“ဟူးးးး” ချင်းကျောင်းရန် လေအေးတစ်ချက် ရှူသွင်းလိုက်လေသည်။ သူ့ဘဝတွင် ထိုကဲ့သို့သော ပညာရှင်ကြီးတစ်ပါးနှင့် ကြုံတွေ့ရလိမ့်မည်ဟု တစ်ခါမျှ မစဉ်းစားခဲ့ဖူးချေ။
ကျောင်းတော်ထဲတွင် ရှိနေသည်မှာ နေမင်းပြာကျောင်း၏ ကျောင်းသခင်ဖြစ်သော ဧကရာဇ်တတိယအဆင့် ပညာရှင် ဝမ်ကျိရှန်းသာ ဖြစ်ပေသည်။
ဝမ်ကျိရှန်းသည် ခရမ်းရောင် ဝတ်ရုံကို ဆင်မြန်းလျက် ပုလ္လင်ပေါ်တွင် အငြိမ့်သား ထိုင်နေခဲ့လေ၏။
ရန်ကိုင်တို့အား ကျောင်းတော်ရှေ့သို့ ခေါ်လာသော လူအိုကြီးနှင့် အခြားသော ဧကရာဇ်အဆင့် ပညာရှင်များသည် ခန်းမထဲတွင် စုဝေးနေခဲ့ကြလေ၏။
အကုန်လုံးသည် သူတို့ မြင်ခဲ့ရ တွေ့ခဲ့ရသည့် အကြောင်းအရာများကို ဝမ်ကျိရှန်းဆီသို့ ပြန်လည်တင်ပြနေသည့် အကြီးအကဲ ပြောပြနေသည်ကို အသေအချာ နားစိုက်ထောင် နေကြသည်။
“တံဆိပ်ပြားတစ်ခု… ပန်းထိုးဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူတစ်ယောက်…”
ထိုစကားကို ကြားသည့်အခါ ဝမ်ကျိရှန်း ပြုံးသွားလေ၏။
“ကျောင်းသခင်… အဲ့လူ ဘယ်လူလဲ သိလို့လား” အကြီးအကဲက မေးလိုက်လေ၏။
“အော်… လူအိုကြီးချိုရယ်” ဝမ်ကျိရှန်းတွင် ကျောင်းသခင် တစ်ဦး ရှိသင့် ရှိထိုက်သည့် ပုံစံမျိုး ရှိမနေခဲ့ပေ။ ကျောင်းသခင်မှ သူ့အား ထိုကဲ့သို့ ခေါ်သည်ကို ကြားသော် ဒုကျောင်းသခင်ချို၏ နဖူးကြောများ ထောင်တက် လာခဲ့လေ၏။
ဒုကျောင်းသခင်ချို၏ ပုံစံကို ကြည့်ရင်း ခန်းမထဲတွင် ရှိနေသူအားလုံး ရယ်ချင်ပတ်ကျိ ဖြစ်သွားကြလေသည်။ အမြဲလိုလို အေးစက်စက်အမူအယာဖြင့် ရှိနေသော ကောင်းရွှယ်ထင်းပင်လျှင် ယဲ့ယဲ့လေး ပြုံးလိုက်လေ၏။
“ခင်ဗျား သိနေပြီးသားကို ဘာလို့ ကျုပ်ကို လာမေး နေရတာလဲ” ဝမ်ကျိရှန်းက ပြောလိုက်သည်။ ထိုသို့ ပြောပြီးသည့် နောက်တွင် သူ့ဘေးတွင် ရှိနေသော ပန်းကန်ထဲမှ အသီးတစ်လုံးကို လှမ်းယူ၍ လေပေါ်သို့ ပစ်တင်ကာ ပါးစပ်ဖြင့် လှမ်းဖမ်း၍ စားလိုက်လေသည်။
“ကျောင်းသခင်…” အကြီးအကဲချိုရန်မှာ မနေနိုင်ပဲ ထအော်တော့လေသည်။
“ကဲ…ကဲ…ကဲ” ဝမ်ကျိရှန်းက အလျင်အမြန် ပြန်ပြောလိုက်သည်။ လက်ထဲတွင် ရှိနေသော အသီးများကို ပန်းကန်ထဲသို့ ပြန်ထည့်၍ သူ့လက်များကို အင်္ကျီအား သုတ်ရင်း မတ်တပ်ရပ်ကာ ပြောလိုက်လေ၏။
“ဒီလောကကြီးမှာ ဘယ်သူကများ သူတောင်းစားပုံကို တစ်ဖက် မိန်းမချောလေးပုံကို တစ်ဖက် ထားပြီးတော့ တံဆိပ်ပြားကို ဖန်တီးမှာလဲ။ ပြီးတော့… ဘယ်သူကများ အဲ့လိုမျိုး ရှက်စရာကောင်းတဲ့ အဝတ်ကြီးဝတ်ပြီး လျှောက်သွားနေမှာလဲ ဒီတော့ အဖြေတစ်ခုပဲ ရှိတယ်”
ခန်းမထဲတွင် ရှိနေသူအားလုံး အသက်ကိုအောင့်လျက် ဝမ်ကျိရှန်အား လှမ်းကြည့်လိုက်ကြလေသည်။ ထိုစဉ် ဝမ်ကျိရှန်၏ ကပျက်ကချော် အမူအယာသည် ရုတ်ချည်း လေးနက်တည်ကြည် သွားခဲ့လေသည်။
သူ့အကြည့်သည် ဟင်းလင်းပြင်အား ဖောက်ထွက် သွားတော့မည့်နှယ် စူးရှလာခဲ့လေ၏။ ထို့နောက် အလျင်အမြန် ပြောလိုက်လေသည်။
“လောကကြီးအနှံ့ ခြေဆန့်မယ်၊ ဤကမ္ဘာပေါ်မှာ လျှောက်ပတ်ပြီးတော့ အပျော်ရှာမယ်…”
“သူဖုန်းစား မဟာဧကရာဇ်” ကောင်းရွှယ်ထင်းက ရုတ်တရက် ထအော်လိုက်လေ၏။
“အိုး…. ငါ့ရဲ့ ရွှယ်ထင်လေးက တော်တာပဲ” ဝမ်ကျိရှန်းသည် ကောင်းရွှယ်ထင်းအား ကြည့်၍ တောက်ပစွာ ပြုံးကာ ပြောလိုက်လေသည်။
“ကဲ… မှန်အောင် ခန့်မှန်းနိုင်တယ်ဆိုတော့ ဘာဆုလိုချင်လဲ ပြော…”
“ကျွတ်…” ဝမ်ကျိရှန်း၏ စကားကိုကြားပြီးသည့်နောက် ကောင်းရွှယ်ထင်း၏ မျက်နှာကြီး မဲ့သွားခဲ့ကာ ချက်ချင်း ပြန်ပြောလေ၏။
“ကျောင်းသခင်… ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနဲ့ နေပါဦးနော်… ကျွန်မက အရင်လို ကောင်မလေး မဟုတ်တော့ဘူး ပြီးရင် ဆုပေးရမဲ့ အရွယ်လဲ မဟုတ်တော့ဘူး… အခု ကျွန်မက အသက် နှစ်ရာကျော်နေပြီ”
“အသက်နှစ်ရာ… ဒီလောက်ကြီးတာမှ မဟုတ်တာ… ငယ်ငယ်လေးပဲရှိသေးတယ်” ဝမ်ကျိရှန်းက ပြုံးလျက် အနည်းငယ် ဝမ်းနည်းတသ ဖြစ်နေသည့် အမူအယာဖြင့်
“နင် ငယ်ငယ်တုန်းက ပုံစံကို ငါပိုကြိုက်တယ်… အခု ကြီးလာလဲ ကြီးလာရော အေးစက်စက်နဲ့”
“ဟမ့်…” ကောင်းရွှယ်ထင်းက အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့ကာ ချက်ချင်း အကြည့်လွှဲလိုက်လေ၏။
“ကျောင်းသခင်… လိုရင်းကို သွားရအောင်” ချိုရန်က ပြောလိုက်လေသည်။ ဝမ်ကျိရှန်း၏ လုပ်ပုံကြောင့် ချိုရန်၏ နဖူးထက်ရှိ သွေးကြောကြီးများ ဖောက်ထွက်ခါနီး ဖြစ်နေလေ၏။
“ကောင်းပြီ ကောင်းပြီ” ထိုစကားကို ကြားသည့်အခါ ဝမ်ကျိရှန်း၏ မျက်နှာ ချက်ချင်း ပြန်တည်သွားလိုက်လေ၏။
“အဲ့ သူဖုန်းစား မဟာဧကရာဇ်က မဟာဧကရာဇ်ဆယ်ပါး ထဲမှာ အဆန်းကြယ်ဆုံးပဲ အဲ့သက်ကြားအိုကြီးက လာချင်တဲ့အချိန်လာ ထွက်သွားချင်တဲ့အချိန်ထွက်သွားနေတာ။ သူ့ကိုတွေ့ချင်လို့ လိုက်ရှာရင် ဘယ်လိုမှကို ရှာလို့ မတွေ့ဘူး”
“သက်ကြားအိုကြီး…” ခန်းမထဲတွင် ရှိနေသော ဧကရာဇ်အဆင့် ပညာရှင်အားလုံး၏ မျက်နှာများ မဲ့သွားခဲ့ကြလေသည်။
မဟာဧကရာဇ်ဆယ်ပါးသည် လေးစားထိုက်သည့် ပုဂ္ဂိုလ်များ ဖြစ်သည်။ သို့သော်ငြား သူတို့၏ ကျောင်းသခင်ကမူ မဟာဧကရာဇ် ဆယ်ပါးထဲမှ တစ်ပါးကို သက်ကြားအိုကြီးဟု ခေါ်နေခဲ့လေသည်။
“ကျောင်းသခင်… အဲ့ဆရာကို အခုလိုမျိုး ခေါ်လို့ အဆင်ပြေပါ့မလား အဲ့ဆရာသာ ကျုပ်တို့ ပြောနေတာကို ကြားသွားခဲ့ရင်…” ဧကရာဇ်အဆင့် ပညာရှင်များထဲမှ သတ်လတ်ပိုင်းလူကြီးတစ်ဦးက ဝင်ပြောလိုက်လေသည်။
ဝမ်ကျိရှန်းက ရယ်မောလိုက်လေသည်။ “မင်းကြောက်မနေနဲ့... အဲ့သက်ကြားအိုကြီးက ကြောက်ဖို့ကောင်းတယ် ထင်ရပေမဲ့ တကယ်တမ်းကျရင် သူက စိတ်ထားကောင်းတဲ့ လူတစ်ယောက်ပဲ… အခုလိုကိစ္စလေးတွေကို ဒေါသထွက်နေမှာ မဟုတ်ဘူး”
ထို့နောက် ဆက်၍ ရှင်းပြလိုက်လေ၏။ “ဒီလောကကြီးမှာ လူနည်းနည်းလောက်ပဲ သူ့ရဲ့ သူဖုန်းစား တံဆိပ်ပြားကို တွေ့ဖူးတယ်။ ဧကရာဇ်အဆင့်မှာ ရှိနေတဲ့သူတွေတောင် အဲ့သူဖုန်းစား တံဆိပ်ပြား ဘယ်လိုပုံစံရှိလဲ ဆိုတာကို သိကြတဲ့လူ သိပ်မရှိဘူး။ အဲ့သိတဲ့သူ နည်းနည်းထဲမှာတော့ ငါပါတယ်”
“သူဖုန်းစား တံဆိပ်ပြားပုံစံက တံဆိပ်ပြားတစ်ဖက်ကို သူဖုန်းစားပုံစံ ထိုးထွင်းထားမယ် နောက်တစ်ဖက်မှာ မိန်းမလှလေးပုံစံ ရှိနေမယ်… အဲ့တံဆိပ်ပြားကို လုပ်ထားတဲ့ ပစ္စည်းကလည်း ဘာမှ ထူးခြားတာ မဟုတ်ဘူး။ ဒီတိုင်းပဲ ရိုးရိုးသစ်သားတစ်မျိုးနဲ့ပဲ လုပ်ထားတာ”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၁၂၅)
“မင်းတို့ပြောတဲ့ ပုံအရဆိုရင်တော့ အဲ့တာအိုသခင်အဆင့် ချာတိတ်နှစ်ယောက် ယူလာတဲ့ တံဆိပ်ပြားက လုံးဝကို သူဖုန်းစား တံဆိပ်ပြားပဲ”
“သူဖုန်းစားတံဆိပ်ပြားကို လူတိုင်း လိုက်တုပြီး ဖန်တီးလို့ရတယ်… ဒါပေမဲ့ အထဲမှာ ရှိတဲ့ စွမ်းအားကိုတော့ ဘယ်သာမာန်လူမှ မတုပနိုင်ဘူး”
ဝမ်ကျိရှန်းက ပြုံးလျက် “ပြီးတော့ လိုက်တုပလို့ ရတယ်ဆိုရင်တောင် ဘယ်သူကများ အဲ့လိုတံဆိပ်ပြားကို လိုက်ပြီးတော့ တုပချင်မှာလဲ”
“ဒါဆိုရင် အဲ့နှစ်ယောက်က ဘယ်လိုလုပ်ပြီး သူဖုန်းစား မဟာဧကရာဇ်ရဲ့ သူဖုန်းစားတံဆိပ်ပြားကို ရထားကြတာလဲ” ချိုရန် မျက်မှောင်ကျုံ့သွားခဲ့လေသည်။
ဝမ်ကျိရှန်းက ပခုံးတွန့်လျက် ပြန်ပြောလိုက်၏။ “အဲ့ဆရာရဲ့ စိတ်နေစိတ်ထားက ပြောရခက်တယ်… အဲ့တာကြောင့် သူတို့ နှစ်ယောက်မှာ သူဖုန်းစား တံဆိပ်ပြားရှိနေတာ ဘာမှ မဆန်းဘူး”
“တစ်နေ့နေ့ တစ်ချိန်ချိန်ကြရင် ငါတို့ နေမင်းပြာ ကျောင်းတော်ဆီ သူဖုန်းစားတံဆိပ်ပြားတွေ ကိုင်ပြီး ရောက်လာမဲ့ သူတောင်းစားတွေ ပြည့်တန်ဆာတွေ တစ်ပုံတစ်ခေါင်းကြီး ရှိရင်ရှိနေမှာ ဘယ်သူမှ ပြောလို့ရတာ မဟုတ်ဘူး”
လူအုပ်ကြီး တစ်ခုလုံးကမူ မျက်နှာတည်ဖြင့်သာ ရှိနေသည်။
“မင်းတို့ ငါပြောတာကိုယုံ…” ဝမ်ကျိရှန်းက ပြောလိုက်သည်။
“ငါနေမင်းပြာကျောင်းတော်ကို စပြီး တည်ထောင်တုန်းက ပြည့်တန်ဆာတစ်အုပ် သူဖုန်းစားတံဆိပ်ပြားကိုင်ပြီး ငါတို့ဆီ ပိုက်ဆံ လာတောင်းတာ အဲ့တုန်းက ရွှယ့်ထင်းလေးနဲ့ ငါနဲ့ ရှိတယ်… မင်းတို့တွေ မရှိသေးလို့သာ ငါပြောတာကို မယုံတာ”
“တကယ်ကြီးလား…” လူအုပ်ကြီး တစ်ခုလုံး ထိတ်လန့် သွားခဲ့လေသည်။
ချိုရန်လည်း ဆွံ့အသွားခဲ့ပြီး ရေရွတ်လိုက်လေ၏။ “သူဖုန်းစားတံဆိပ်ပြားက ဘယ်လိုလုပ်ပြီး အဲ့လို မိန်းမတွေလက်ထဲ ရောက်သွားရတာလဲ”
“ဘယ်လိုတွေတောင်လဲဟ”
“သူဖုန်းစား မဟာဧကရာဇ်ဆိုတဲ့ အတိုင်းပါပဲကွာ”
ထိုစဉ် ဦးစီးမှူးတောက်အား ဝိဉာဉ်ပညာရပ်သုံး၍ မေးမြန်းခဲ့သော မိန်းမငယ်လေး ချန်းချန် ဆိုသူသည် လေထဲတွင် ဝဲ၍ ဝင်ပြောလိုက်လေသည်။
“အဲ့အကြောင်းက ခဏထားပါဦး… ဘာဖြစ်လို့ ကျောင်းသခင်ရဲ့ ပုံစံက အဲ့သူဖုန်းစား မဟာဧကရာဇ်ရဲ့ ပုံစံနဲ့ ဆင်တယ်လို့ ကျွန်မ ခံစားနေရတာလဲ”
ထိုစကားကို ကြားမှပဲ အကုန်လုံးလဲ ထိုအချက်ကို စဉ်းစားမိ သွားကြသည်။ သူတို့ ပိုပို၍ စဉ်းစားလေ ကောင်မလေး ပြောသည်မှာ မှန်သည်ဟုပို၍ ခံစားလာရသည်။
“ကျောင်းသခင်လည်း အမြဲတမ်း တနေကုန်လိုလို ပေါက်တကရတွေပဲ ထိုင်ပြောနေတာ”
“သူဝတ်စားတဲ့ပုံစံကလည်း တကယ်ကို ဘယ်လိုမှ မလိုက်မဖက်တဲ့ ပုံစံကြီး”
“အပြုအမူတွေကလည်း တထေရာတည်းပဲ”
“ဟေ့ကောင်တွေ… ဒီဘုရင်က ကျောင်းသခင်နော်… ဒီကျောင်းသခင်ကိုယ်တိုင် မင်းတို့ရှေ့မှာပဲ ထိုင်နေတာတောင် မင်းတို့ ငါ့ကို ဝေဖန်နေတာလား... ငါ့ကိုနားပင်းများ မှတ်နေကြတာလား” ဝမ်ကျိရှန်းက ခက်ထန်သည့် အမူအရာဖြင့် ပြောလိုက်လေသည်။
ချိုရန်က ဝမ်ကျိရှန်းအားက တစ်ချက်ကြည့်ကာ လက်သီးဆုပ်၍ ပြန်ပြောလိုက်လေ၏။
“ကျောင်းသခင်… ကျောင်းသခင် ငယ်ငယ်တုန်းက သူဖုန်းစား မဟာဧကရာဇ်က မွေးစားခဲ့တာလို့ ကြားတယ် အဲ့တာအမှန်ပဲလား”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…”
“ကျုပ်လည်း ကြားလိုက်တယ် သူဖုန်းစား မဟာဧကရာဇ်က ကျောင်းသခင်ကို လမ်းညွှန်သင် ပြပေးခဲ့တာတဲ့”
“မင်းတို့ ထင်ချင်တိုင်း လျှောက်ထင်မနေကြနဲ့…”
“ဘယ်လို…” အကုန်လုံး ထိတ်လန့်သွား ခဲ့ကြလေသည်။
“တကယ်ကြီးလား…ကျောင်းသခင်နဲ့ သူဖုန်းစား မဟာဧကရာဇ်က အဲ့လိုတွေ ပတ်သက်ကြတာလား”
“အဲ့တာကြောင့်ကိုး… အခုမှပဲ ကျုပ် နားလည်သွားတော့တယ်”
ဝမ်ကျိရှန်းသည် သူ့အောက်ဘက်ရှိ လူအုပ်ကြီးကို ကြည့်၍ အားမရှိသည့် လေသံဖြင့် “မင်းတို့ ဘာနားလည်လို့လဲ… ဒီဘုရင် အခုလို ဖြစ်နေရတယ်ဆိုတာ အဲ့သက်ကြားအိုကြီးကြောင့်လို့ ပြောချင်နေတာလား... မဟုတ်တရုတ်တွေ... ဒီဘုရင်နဲ့ အဲ့သက်ကြားအိုကြီး ဘာမှ မပတ်သက်ဘူး။ သူမွေးစားတာ ခံရဖို့ဆိုရင် ဝေလာဝေး…”
“ဒါဆိုရင် အဲ့ သူဖုန်းစား တံဆိပ်ပြားက ကျုပ်တို့ နေမင်းပြာကျောင်းတော်မှာပဲ ဘာလို့ ခဏခဏ ပေါ်လာနေရတာလဲ” ချိုရန်က မေးခွန်းထုတ်လိုက်လေသည်။
“ဒီတစ်ကြိမ်နဲ့ဆို စုစုပေါင်း ပေါ်လာတာ နှစ်ကြိမ်ရှိသွားပြီ”
“ဟုတ်တယ်နော်… အခြား အင်အားစုတွေ သူဖုန်းစား တံဆိပ်ပြားရတယ်ဆိုတာမျိုး ကျုပ်တစ်ခါမှ မကြားဖူးဘူး”
“အဲ… အဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒီဘုရင် ကိုယ်တိုင်လည်း သိချင်နေတာ… အဲ့နှစ်ယောက် သူဖုန်းစား တံဆိပ်ပြားကိုင်ပြီး ဘာလိုချင်နေတာလဲဆိုတာ… သူတို့ နှစ်ယောက်ကို အထဲခေါ်လာစမ်း” ဝမ်ကျိရှန်းသည် အလေးအနက် အမူအယာဖြင့် ပြောလိုက်လေသည်။
သူတို့၏ ကျောင်းသခင်သည် သူဖုန်းစား မဟာဧကရာဇ်နှင့် တကယ်ကို ဆင်ကြောင်း နားလည်လိုက်သည့်နောက် ချိုရန် သက်ပြင်းသာ ချလိုက်လေသည်။
သို့သော် ထိုအကြောင်းကို ဆက်ပြောမနေဘဲ ကျောင်းတော် ဂိတ်တံခါးကိုသာ လက်ဝှေ့ယမ်း၍ ဖွင့်ပေးလိုက်လေ၏။
ရန်ကိုင်နှင့် ချင်းကျောင်းရန်သည် အကြည့်ချင်းတစ်ချက် ဖလှယ်လိုက် ပြီးသည့်နောက် ကျောင်းထဲသို့ အလေးအနက် အမူအယာဖြင့် ဝင်သွားကြလေသည်။
ကျောင်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် တံခါးနှစ်ချပ်လုံးမှာ ပြန်ပိတ်သွားလေ၏။ ကျောင်းတော်ထဲတွင် ဧကရာဇ်အဆင့် ပညာရှင်များစွာ ရှိနေကြလေသည်။
ထိုသူများမှာ သူတို့၏ အရှိန်အဝါကို တမင်သပ်သပ် မထုတ်လွှတ်နေ ကြသော်ငြား သူတို့ရှိနေသည်ဟူသော ခံစားချက်ကပင်လျှင် တာအိုသခင်အဆင့် ပညာရှင်နှစ်ဦးအား ဖိအား ဝင်စေလေ၏။
ရန်ကိုင်မှာမူ အနည်းငယ် အဆင်ပြေနေသေး၏။ သို့သော်ငြား ချင်းကျောင်းရန်ကမူ တုန်တုန်ရီရီဖြစ်နေကာ သူ့တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေခဲ့လေသည်။ သူ့ခြေထောက်များ ဆိုလျှင် ကတုန်ကယင်ပင် ဖြစ်နေပေသေး၏။
အရှေ့နားသို့ ရောက်လာပြီးသည့်နောက်တွင် နှစ်ဦးစလုံး လက်သီးဆုပ်ကာ ဦးညွှတ်လိုက် ကြလေသည်။ အခြားသူများသည် သူတို့ နှစ်ဦးအား ငြိမ်သက်စွာ ရပ်ကြည့်နေကြလေ၏။
ဝမ်ကျိရှန်းသည် သူ့လက်ကို ဝှေ့ယမ်း၍ ရန်ကိုင်နှင့် ချင်းကျောင်းရန်တို့ ခံစားနေရသည့် ဖိအား ပျောက်ကွယ်သွားအောင် ကူညီပေးလိုက်လေသည်။
“ကျောင်းသခင်ဝမ်ကို ကျေးဇူးအများကြီး တင်ပါတယ်” ရန်ကိုင်က ချက်ချင်း လက်သီးဆုပ်၍ ပြောလိုက်လေ၏။
“စစ်ဆေးကြည့် ပြီးတဲ့နောက်မှာ မင်းတို့ ယူလာတဲ့ တံဆိပ်ပြားက အမှန်ဖြစ်နေမှန်း တွေ့လိုက်ရတယ်” ဝမ်ကျိရှန်းက ရန်ကိုင်တို့ နှစ်ဦးအား စိုက်ကြည့်ရင်း ခက်ထန်သည့် လေသံဖြင့်
“အဲ့တာကြောင့် ဒီဘုရင်မေးချင်တာက မင်းတို့ အဲ့တံဆိပ်ပြားကို ယူလာပြီး ငါတို့ နေမင်းပြာကျောင်းတော်ဆီ ဘာလာ လုပ်တာလဲလို့”
ရန်ကိုင်သည် ချင်းကျောင်းရန်အား တစ်ချက် လှမ်းကြည့် လိုက်လေသည်။ သို့သော်ငြား ချင်းကျောင်းရန်မှာ စကားပင် မပြောရဲတော့သည့် ငကြောက်တစ်ယောက်ဖြစ်နေမှန်း နားလည် လိုက်၏။ ထို့ကြောင့် သူကိုယ်တိုင်ကသာ အစားဝင်ပြောပေး ရလေတော့သည်။
“ကျောင်းသခင်ဝမ် မေးတာကို ပြန်ဖြေရမယ်ဆိုရင်တော့ ကျုပ်တို့ နှစ်ယောက်က မေပယ်မြို့ဆီက လာခဲ့တာပါ ကျောင်းသခင်။ လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်လောက်တုန်းက စီနီယာပညာရှင် တစ်ယောက်က ကျုပ်တို့ မေပယ်မြို့ဆီလာပြီး လူအိုကြီးချင်းကို ဒီတံဆိပ်ပြား ပေးသွားခဲ့ပါတယ်။ ပြီးတော့ နောက် ဆယ့်နှစ်နှစ်ကြာလို့ရှိရင် ဒီတံဆိပ်ပြားကို ယူပြီး နေမင်းပြာ ကျောင်းတော်ဆီသွား... အဲ့မှာ ကျောင်းသခင်ဝမ်ဆီကနေ ဥတုလေးမျိုး နယ်မြေထဲဝင်ဖို့ ဝင်ခွင့်တစ်နေရ သွားတောင်းဖို့ ပြောသွားခဲ့ပါတယ်”
“ဟမ်… ဥတုလေးမျိုးနယ်မြေ…” ဝမ်ကျိရှန် အနည်းငယ် အံ့အားသင့်သွားခဲ့လေသည်။ အခြားသူများ၏ အမူအယာမှာလည်း ထူးထူးဆန်းဆန်း ဖြစ်နေကြလေ၏။
ရန်ကိုင်တို့ နှစ်ဦးသည် သူဖုန်းစားတံဆိပ်ပြားကို ကိုင်ဆောင်၍ သူတို့ နေမင်းပြာကျောင်းတော်ဆီမှ အခြားသော အကူအညီတစ်မျိုးမျိုး တောင်းဆိုလိမ့်မည်ဟု အကုန်လုံး ထင်ထားခဲ့ကြပါသော်ငြား သူတို့ တောင်းဆိုသည့်အရာမှာ ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်ခွင့်တစ်နေရာစာ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ဝမ်ကျိရှန်းသည် ချင်းကျောင်းရန်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် ပြန်ပြောလိုက်လေ၏။
“ဒီလူအိုကြီးကို ကြည့်ရတာ အဲ့လောက်ကြီး ပါရမီပါတာလည်း မဟုတ်ပါဘူး။ ဘာလို့အဲ့သက်ကြား… လူကြီးမင်းက ဥတုလေးမျိုးနယ်မြေထဲ ဝင်ချင်တာလဲ”
“ဥတုလေးမျိုးနယ်မြေက အရမ်းကြီး ကောင်းမွန်တဲ့ နေရာတစ်ခု မဟုတ်ပေမဲ့ သူ့ဝင်ခွင့်က အကန့်အသတ်နဲ့ရှိတယ်။ ဂိုဏ်းကြီးနဲ့ ကလန်တွေက လက်ရွေးစင်တွေပဲ ဝင်လို့ရတာ။ ဒီဘုရင် မင်းတို့ ပြောတဲ့အတိုင်း ဘာလို့ လုပ်ပေးရမလဲဆိုတာကို အကြောင်းပြချက် တစ်ခုလောက် ပေးပါလား”
ချင်းကျောင်းရန်က အသက်ပြင်းပြင်းရှူသွင်း၍ အလျင်အမြန် ပြန်ပြောလိုက်လေသည်။
“ဒီကိစ္စက ဒီလူအိုကြီးရဲ့ မြေးမလေးနဲ့ ပတ်သက်နေပါတယ် ကျောင်းသခင်။ ဒီလူအိုကြီးရဲ့ မြေးမလေးက မွေးကတည်းက ရောဂါတစ်ခုခု ခံစားနေရတာ အဲ့ရောဂါကို ကုသပေးနိုင်တဲ့ အသီးကလည်း ဥတုလေးမျိုးနယ်မြေထဲ မှာပဲ ရှိလို့ပါ... အဲ့အချိန်တုန်းက စီနီယာပညာရှင်က အဲ့အချက်ကို မြင်သွားခဲ့ပါတယ်… အဲ့တာကြောင့်ပဲ တံဆိပ်ပြားကိုပေးပြီး နေမင်းပြာကျောင်းတော်ဆီ ဆယ့်နှစ်နှစ်ကြာရင် လာဖို့ ပြောခဲ့တာပါ”
“ငါသိပြီ” ဝမ်ကျိရှန်းက ခေါင်းညိတ်လိုက်ပြီး ဘာမှထပ်မပြောတော့ဘဲ “အဲ့ဆရာကိုယ်တိုင် ပြောတာဆိုတော့လည်း ဒီကျောင်းသခင် ဘယ်ငြင်းလို့ ရပါတော့မလဲ... ဝင်ခွင့်တစ်နေရာလေးပဲ ဟာကို။”
ထိုစကားကို ကြားသည့်အခါ ချင်းကျောင်းရန် ဝမ်းသာသွားခဲ့လေသည်။ အစကတော့ ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်ခွင့်တစ်နေရာ ရဖို့သည် အတော်လေးခက်ခဲလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော်ငြား အမှန်တကယ်တွင်မူ အတော်လေး လွယ်ကူမည်ဟု မထင်ထားခဲ့ချေ။
“ဒါပေမဲ့…” ဝမ်ကျိရှန်းက ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းလိုက်လေသည်။
“အခုကိစ္စတွေကို အမြဲတမ်း အကြီးအကဲတစ်ယောက်ကပဲ ကိုင်တွယ်နေတာ။” ပြောပြီးသည့်နောက်တွင် ဝမ်ကျိရှန်းသည် ဘယ်ဘက်သို့ လှည့်၍ ပြောလိုက်လေသည်။
“ရွှယ့်ထင်းလေး…”
သူ့အသံဆုံးသွားသည်နှင့် ကောင်းရွှယ်ထင်းသည် ဝမ်ကျိရှန်းအား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။
“အဟမ်း အဟမ်း… အကြီးအကဲကောင်း” ဝမ်ကျိရှန်းက ချက်ချင်းပဲ သူ့စကားကို ပြန်ပြင်၍ ပြောလိုက်လေသည်။
“လက်အောက်ငယ်သား ဒီမှာရှိပါတယ်” ကောင်းရွှယ်ထင်းသည် ရှေ့သို့တက်၍ အလေးအနက် အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။
“သူတို့ပြောတာကို နင်လည်းကြားတာပဲ… အခုကိစ္စကို နင်ကိုင်တွယ်လို့ရလား” ဝမ်ကျိရှန်းက ပြောလိုက်လေသည်။
ထိုစကားကို ကြားသည့်အခါ ကောင်းရွှယ်ထင်း၏ မျက်နှာ ခါးသက်သက် ဖြစ်သွားလေ၏။
“ဘာပြဿနာ ရှိလို့လဲ” ဝမ်ကျိရှန်း နားမလည်နိုင် ဖြစ်သွားခဲ့လေသည်။ ချင်းကျောင်းရန် စတင် စိုးရိမ်လာခဲ့လေသည်။
ကောင်းရွှယ်ထင်းသည် ချင်းကျောင်းရန်အား လှမ်းကြည့်၍ ပြောလိုက်လေသည်။ “ဥတုလေးမျိုးနယ်မြေက မကြာခင်ပွင့်တော့မှာ။ အဲ့ထဲဝင်မဲ့ လူတွေရဲ့ နာမည်ကိုလည်း စာရင်းသတ်မှတ်ပြီးသွားပြီ”
“အခုနေသာ သူတို့ထဲက တစ်ယောက်ကို ဖယ်ထုတ်လိုက်လို့ရှိရင် သူတို့က သိပ်ပြီး ကျေနပ်ကြမှာ မဟုတ်ဘူး”
“အဲ့ဒါတော့လည်း ဟုတ်သား” ထိုစကား ကို ကြာပြီးသည့်နောက်တွင် ဝမ်ကျိရှန်းက ရေရွတ်လိုက်လေ၏။
“ဥတုလေးမျိုးနယ်မြေထဲ ဝင်ခွင့်ရဖို့က သူတို့ရဲ့အိပ်မက်ပဲ။ အခုလို အရွေးခံရပြီးမှ ရုတ်တရက်ကြီး သူတို့ကို မရွေးတော့ဘူး လုပ်လိုက်ရင် ဒီကောင်တွေ ကျေနပ်ကြမှာ မဟုတ်ဘူး... ဒါပေမဲ့ အဲ့ဆရာက ဖြစ်စေချင်တာကိုလည်း ငြင်းလို့ မရပြန်ဘူး…ဟားးး ကျွတ်… ဆုံးဖြတ်ရခက်လိုက်တာ”
ကောင်းရွှယ်ထင်းက ပြန်ပြောလိုက်လေသည်။ “အခုကိစ္စနဲ့ ပတ်သက်ပြီး လက်အောက်ငယ်သားမှာ အကြံတစ်ခုရှိပါတယ်”
“အို… ဘယ်လိုအကြံမျိုးလဲ” ဝမ်ကျိရှန်း၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာခဲ့လေ၏။ ကောင်းရွှယ်ထင်းက ပြောလိုက်လေသည်။
“ဒီလူအိုကြီးက ဥတုလေးမျိုးနယ်မြေထဲ သွားပြီးတော့ အသီးတစ်လုံး ရှာချင်တာလို့ ပြောသွားတယ်လေ။ အခုကျွန်မ မေးချင်တာက လူအိုကြီး ဥတုလေးမျိုးနယ်မြေထဲမှာ ရှာချင်တာ ဘယ်လိုအသီးမျိုးလဲ ဆိုတာပဲ... ကျွန်မတို့ကို ပြောပြလို့ အဆင်ပြေမလား… အဲ့အသီးသာ ကျွန်မတို့ နေမင်းပြာကျောင်းတော်ထဲမှာ ရှိနေမယ်ဆိုရင် လူအိုကြီးအနေနဲ့ ဥတုလေးမျိုးနယ်မြေထဲသွားပြီး ကြိုးစားနေစရာ မလိုတော့ဘူးလေ... ကျွန်မရိုင်းသွားသလို ဖြစ်သွားရင် ခွင့်လွှတ်ပါနော်… ဒါပေမဲ့ လူအိုကြီးရဲ့ စွမ်းအားနဲ့ ဥတုလေးမျိုးနယ်မြေထဲ သွားမယ်ဆိုရင်…”
ကောင်းရွှယ်ထင်းသည် တစ်ခဏမျှ ရပ်ပြီး အနည်းငယ် ယဉ်ကျေးသည့် စကား အသုံးအနှုန်းကို ရှာနေသည့်အလား ခဏမျှ ရပ်လိုက်၏။ ထို့နောက် ဆက်၍ ပြောလိုက်လေသည် “အသက်ရှင်လျက် ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး”
ထိုစကားကို ကြားသည့်အခါ ချင်းကျောင်းရန်က ချက်ချင်းပဲ ပြန်ပြောလိုက်လေ၏။
“အကြီးအကဲကောင်း… ဒီလူအိုကြီး ရှာနေတာ ကပ်ဘေးအသီးပါ”
“ကပ်ဘေးအသီး…” ချိုရန် မျက်မှောင်ကြုတ်သွား ခဲ့လေသည်။
ကောင်းရွှယ်ထင်း၏ မျက်နှာမှာလည်း ခါးသက်သွားခဲ့လေ၏။ ဝမ်ကျိရှန်းသည် ချန်းချန်ဆိုသည့် မိန်းမငယ်လေးဘက်သို့ လှည့်၍ မေးလိုက်လေ၏။
“အကြီးအကဲချန်း… ခင်ဗျားက ကျုပ်တို့ ကျောင်းရဲ့ ဂိုထောင်ကို ဦးစီးနေတာဆိုတော့ ကျုပ်တို့ ရတနာဂိုထောင်ထဲမှာ ကပ်ဘေးအသီး ဆိုတာမျိုးရှိလား”
ချန်းချန်က ပြန်၍ ပြောလိုက်လေ၏။ “လက်အောက်ငယ်သား တစ်ချက် စစ်ဆေးကြည့်လိုက်ပါမယ်”
“ဘယ်လောက် ကြာမလဲ…”
“ဆယ့်ငါးမိနစ်လောက်ပေါ့”
ဝမ်ကျိရှန်း ခေါင်းညိတ်လိုက်ပြီး မျက်လုံး ပြန်ပိတ်နေလိုက်၏။
ချန်းချန်သည် ဆက်သွယ်ရေးမှော်ရတနာတစ်ခု ထုတ်၍ သူမ၏ ကောင်းကင်စိတ်အာရုံကို ထိုထဲသို့ ထည့်သွင်းလိုက်လေသည်။
တစ်ခဏတာမျှ ကျောင်းတော် အတွင်းပိုင်းတစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားခဲ့လေ၏။ ချင်းကျောင်းရန်၏ တဒုတ်ဒုတ် ခုန်နေသော နှလုံးခုန်သံသာ ထွက်ပေါ်နေခဲ့လေသည်။
ရန်ကိုင်သည်လည်း အသံတစ်ချက်မှ မထွက်ပဲ ငြိမ်သက်စွာ ရပ်နေလေ၏။ ရုတ်တရက် တစ်ခုခုကို အာရုံခံစားမိလိုက်သည့်အလား ဘေးဘက်ဆီသို့ လှည့်ကြည့်လိုက်လေရာ ကောင်းရွှယ်ထင်းမှာ သူ့အား စိုက်ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။
ကောင်းရွှယ်ထင်းမှာ ရန်ကိုင် လှည့်ကြည့်လာသည်ကို မြင်သည့်တိုင် အကြည့်လွှဲ မသွားခဲ့ပဲ သူ့အား ပို၍ပင် စိုက်ကြည့်နေ လိုက်သေးသည်။
သူမ၏ အကြည့်ကြောင့် ရန်ကိုင် နှလုံးရပ်ခါနီး ဖြစ်သွားခဲ့ရလေသည်။ ကျောင်းတော်ထဲတွင် ရှိနေသည့် လူအားလုံးမှာ ဧကရာဇ်အဆင့် ပညာရှင်များ ဖြစ်ကြသည်။
ကောင်းရွှယ်ထင်း၏ လုပ်ရပ်ကြောင့် အကုန်လုံးသည် ရန်ကိုင့်ဘက်သို့ လှည့်ကြည့်လာလေ ကြလေသည်။ ကောင်းရွှယ်ထင်း ဘာကြောင့် ရန်ကိုင့်အား ဤမျှ စိုက်ကြည့်နေရသလဲ ဆိုသည်ကို သူတို့ နားမလည်နိုင် ဖြစ်နေကြခြင်း ဖြစ်ပေ၏။
ဝမ်ကျိရှန်းသည်ပင်လျှင် မျက်လုံးအား မပွင့်တပွင့် ဖွင့်လျက် လှမ်းကြည့်နေလေ၏။
“အကြီးအကဲကောင်း… ကျုပ် ဘာလုပ်ပေးစရာ ရှိလို့ပါလဲ”
ဤကဲ့သို့ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး၏ တရစပ် စိုက်ကြည့်ခြင်း ခံရသော် ရန်ကိုင် စိတ်ထဲ အနည်းငယ် မသက်မသာ ဖြစ်လာခဲ့လေသည်။ ထို့ကြောင့် ချက်ချင်းပဲ သွားရောက် မေးမြန်းလိုက် လေ၏။
“ငါနင့်ကို တစ်နေရာရာမှာ မြင်ဖူးလား…” ကောင်းရွှယ်ထင်းက မေးလိုက်သည်။ “နင့်ကြည့်ရတာ ရင်းနှီးနေသလိုပဲ”
“ဟား ဟား ဟား ဟား” ရန်ကိုင် ပြန်မဖြေနိုင်သေး ခင်မှာပင် ဝမ်ကျိရှန်း သည်းလှိုက်အူလှိုက် ထရယ်မောတော့လေ၏။
ကောင်းရွှယ်ထင်း မျက်မှောင်ကျုံ့သွားပြီး ဝမ်ကျိရှန်းအား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။