အပိုင်း (၄၀၅)
Vol. 28 Ch. 405
“ကျုပ်.... ကျုပ် ... ဒီအဘိုးကြီးက အခေါင်းထဲကိုတောင် ခြေတစ်ဖက်လှမ်းနေပြီလို့ ထင်ခဲ့တာ” အင်ပါယာ ပိုင်လော် သည် လေဟာနယ်ထဲကို လှမ်းမျှော်ကြည့်ရှုလိုက်သည်။ သူမွေးဖွားဖြစ်တည်ခဲ့သည့် တည်နေရာ၊ သူ ငယ်ရွယ်စဉ်က တိုက်ခိုက် ရုန်းကန်ခဲ့ရသည့် တည်နေရာ ..... ဤနေရာကြီးကို သူ မစွန့်လွှတ်နိုင်ချေ။
“ကျုပ် ဘယ်တော့မှ မထင်ခဲ့ဘူး။ ကျုပ်ရဲ့ လက်ကျန်နှစ်တွေမှာ ခရမ်းရောင်နက်နဲလောကကြီးအတွက် အသက်ပေး တိုက်ခိုက်ရလိမ့်မယ်လို့” အင်ပါယာပိုင်လော်သည် အိုမင်းရင့်ရော်နေခဲ့ပြီဖြစ်ပြီး ၎င်း၏ ဦးခေါင်းဆီမှ ဆံပင်ဖြူများပင်လျှင် တောက်ပလျက် ရှိနေ၏။ ၎င်းသည် ညှိုးခြောက်လျက် ရှိနေသည့် မြက်ပင်တစ်ခုကဲ့သို့ပင်။
ကျိုင်းတုတ်ကြီးကို အသာမှီပြီးသည့်နောက် အရှေ့ဆီသို့ တုန်ယင်နေသည့် ခြေလှမ်းများဖြင့် လှမ်းတက်လိုက်၏။ ချက်ချင်းဆိုသလိုပဲ သူ့ကို ကြည့်ရှုရသည်မှာ လဲပြိုကျလုမတတ် ပုံပန်းသွင်ပြင်မျိုးပင်။ ကြယ်တွေကြားထဲရှိ လေဟာနယ်ထဲသို့ လှမ်းသွားပြီးသည့်နောက် သူ၏ ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းသည် ကိုက်သုံးကိုက် အကွာအဝေးဆီသို့ ရောက်ရှိစေ၏။
အမြန်နှုန်းသည် နှေးကွေးလှသည်ဆိုသော်လည်း အင်ပါယာများ၏ လှုပ်ရှားသွားလာနိုင်မှု အကန့်အသတ်သို့ ရောက်ရှိလုမတတ်ပင်။ သူ၏ ခြေလှမ်းများသည် တကယ့်ကို တည်ငြိမ်လာခဲ့၏။ အိုမင်းရင့်ရော် နေသည့် အဘိုးကြီး၏ ကျောကုန်းများသည် ပြန်လည်ကာ မတ်လာခဲ့၏။ လက်ရှိအခြေအနေမှာတော့ သူသည် တကယ့်ကို ဖြိုဖျက်၍ မရနိုင်သည့် တောင်ထွတ်ကြီး တစ်ခုကဲ့သို့ပင် အရာအားလုံးကို စိန်ခေါ်နိုင်သည့် လူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားခဲ့သည်။
အင်ပါယာပိုင်လော်သည် လေထုထဲတွင် မတ်မတ်ရပ်လျက် ရှိနေပြီး ၎င်း၏ ဆံနွယ်များသည် လေနှင့်အတူ လွင့်မျောနေ၏။ မျက်လုံးများသည် မည်သို့မှ ငြိမ်းသက်နိုင်စွမ်း မရှိသည့် ကြယ်တာရာ အလင်းများ ကဲ့သို့ တောက်ပလျက် ရှိနေ၏။
အောက်ဘက်တွင်တော့ ခရမ်းရောင်နက်နဲလောကတွင် ရှိနေသည့် ရေတွက်လို့ မရအောင်များပြားလှသော သက်ရှိများသည် လေဟာနယ်ထဲသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ တော်တော်များများတို့သည် အင်ပါယာပိုင်လော် ကို မမှတ်မိခဲ့ကြချေ။ တချို့ဆိုလျှင် ၎င်း၏ နာမည်ကို ကြားပင် မကြားခဲ့ဖူးချေ။
သို့ပေမဲ့ လက်ရှိအချိန်မှာတော့ အားလုံးသော သူတို့သည် ဤလူမှာ သက်တမ်းကုန်ခါနီး အခြေအနေသို့ ရောက်ရှိနေသည့် အင်ပါယာတစ်ယောက် ဖြစ်ပြီး ခရမ်းရောင်နက်နဲလောကကြီးအတွက် ၎င်း၏ ခန္ဓာနှင့် အသက်ကို ပေးအပ်ပြီး တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည့် လူဖြစ်ကြောင်း သိရှိလိုက်ကြသည်။
“ရောင်းရင်းကြီး.... နှစ်ပေါင်းတစ်သန်းလောက် ကုန်သွားခဲ့ပြီ။ ခင်ဗျားဆီမှာ စွမ်းအင်တွေ ရှိနေသေးတာလား” အင်ပါယာပိုင်လော်သည် တီးတိုးရေရွတ်လိုက်၏။ သူသည် စကားပြောဆိုနေခြင်းမဟုတ်ပေ။ ရှေးမန္တာန်တစ်ခုကို ရေရွတ်နေသကဲ့သို့ပင်။ သို့သော်ငြား သိသာထင်ရှားလှသည့် လှုပ်ရှားမှုများကို မပြုလုပ်သေးချေ။
သို့ပေမဲ့ ခရမ်းရောင်နက်နဲလောကကြီး၏ အတွင်းဘက်၌ ရုတ်တရက် ကြယ်တာရာတစ်ခုက ပေါ်ပေါက်လာခဲ့၏။ ကြယ်တာရာ၏ အလင်းတန်းသည် စူးကနဲ လင်းလက် လာခဲ့လေ၏။ မိုးခြိမ်းသံကဲ့သို့ အသံကြီး ထွက်ပေါ်လာပြီး ကြီးမားလှသည့် ကြယ်တာရာကြီးက ပေါက်ကွဲထွက်သွား၏။
ကြယ်တာရာ၏ အပိုင်းအစများသည် တည်နေရာအနှံ့ဆီသို့ လွင့်စင်သွား၏။ ထိုအရာများ ကြားထဲတွင် နတ်ဘုရား အလင်းတန်းများ ထွန်းတောက်လျက် ရှိနေပြီး ခရမ်းရောင်နက်နဲလောကကြီး တစ်ခုလုံးကို အလင်းပေးနေ၏။ ဤအလင်းများသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အင်ပါရီယာလက်နက်တစ်ခုဆီမှပင်။
“ပိုင်လော် ကောင်းကင်ဘုံ လေး” ခရမ်းရောင်နက်နဲလောကကြီးမှ အင်ပါယာတစ်ယောက်သည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ သူ၏ မျက်လုံးထဲတွင် ပျော်ရွှင်မှုများ ဖြစ်တည်လာခဲ့၏။ ကောင်းကင်တုန်ခါခြင်းဓားအပြင် ခရမ်းရောင်နက်နဲလောကကြီးဆီမှ အင်ပါရီယာထိပ်တန်းလက်နက် နှစ်ဆယ်စာရင်းတွင် ပါဝင်သည့် အင်ပါရီယာ လက်နက်နှစ်ခုထဲက တစ်ခုဖြစ်သည့် ပိုင်လောင် ကောင်းကင်ဘုံလေး ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။
အင်ပါယာပိုင်လော်နှင့်အတူ နှစ်သန်းပေါင်းများစွာ အတူတကွ ယှဉ်တွဲ တိုက်ခိုက်ခဲ့သည့် လေးတစ်ခုဖြစ်ပြီး လောကကြီး တစ်ခုလုံးတွင် အင်ပါယာပိုင်လော်ထက်ပင် ပိုင်လောင်ကောင်းကင်ဘုံလေး က လူသိများ ထင်ရှားသည်။ လူတစ်ယောက်၊ အင်ပါရီယာလက်နက်တစ်ခု - ထိုနှစ်ခု၏ ပေါင်းစပ်မှုသည် တစ် အပေါင်း တစ် ညီမျှခြင်း နှစ်ထက် ပိုမိုကာ သာလွန်၏။
“အင်ပါယာလက်နက်စာရင်း ဆယ့်ခုနှစ်ခုမြောက်မှာရှိတဲ့ လက်နက်နဲ့ အင်ပါယာပိုင်လော် က ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်လက်နက်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်မယ်” ၎င်း၏ အသံသည် လေးနက်လွန်းလှချေသည်။
“ရောင်းရင်း... ဒီနေ့တိုက်ပွဲပြီးရင် ပိုင်လော်ကောင်းကင်ဘုံ လေး ဆိုတဲ့ နာမည်က လောကနှစ်ခုလုံးကို ပျံ့နှံ့သွား လိမ့်မယ်။ အင်ပါရီယာလက်နက်စာရင်းမှာ တည်ရှိတဲ့ ခင်ဗျားက တခြားသူတွေကို စိတ်မပျက်ရတဲ့အရာ ဖြစ်လိမ့်မယ်” အင်ပါယာပိုင်လော် ၏ အသံသည် များပြားလှသည့် အတွေ့အကြုံများကို ခံစား တွေ့ကြုံခဲ့ဖူးသည့် လူတစ်ယောက်ကဲ့သို့ ရင့်ကျက်လွန်းလှ၏။ ၎င်းသည် ၎င်း၏ လေးကြီးနှင့် စကားပြောဆိုနေ၏။
သူက တီးတိုးပြောဆိုလိုက်၏။ သူ၏ အနောက်ဘက်လေထုထဲတွင် လခြမ်းကဲ့သို့ အရာတစ်ခုက ပေါ်ပေါက်လာခဲ့ပြီး ထိုအရာကြီးသည် ကောင်းကင်နှင့်မြေကြီး အဆုံးသတ်တွင် မတ်မတ်ရပ်လျက် ရှိနေသကဲ့သို့ပင် အားလုံးသောသူများကို လှုပ်ရှားမရစေသည့် ဖိအားများ ပေးသည်။
အင်ပါယာပိုင်လော် သည် လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်၏။ ဗဟာနတ္တိ တည်ရှိနေသည့် လက်ကြား ထဲတွင် ပိုင်လော် ကောင်းကင်ဘုံလေးကြီးက ဖြည်းညှင်းစွာ ရောက်ရှိလာခဲ့၏။
အင်ပါယာပိုင်လော်သည် လေးကြိုးကို အသာဆွဲယူလိုက်သည့် အချိန်မှာတော့ မြေအင်မော်တယ်လောကတွင် ရှိနေသည့် သက်ရှိသတ္တဝါများ အားလုံးတို့၏ နှလုံးသားများသည် အေးခဲသွား၏။ ၎င်းတို့သည် သေမင်းနတ်ဘုရား ကို ကြည့်ရှုနေသကဲ့သို့ပင်။
“သူ့ကိုတားစမ်း”
မြေအင်မော်တယ်လောကဆီမှ လူတစ်ယောက်သည် အရှေ့သို့ လှမ်းတက်လာခဲ့၏။ ၎င်းသည် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး ကြီးကျယ်မြင့်မြတ်သည့် တိုက်ပွဲများကို တိုက်ခိုက်ခဲ့ဖူးသည့် လူတစ်ယောက် ဖြစ်မှန်း သိသာ ထင်ရှားလွန်းလှ၏။ ၎င်းသည် မိုးကောင်းကင်လှံတစ်ခုကို ကိုင်ဆွဲကာဖြင့် လေထုထဲသို့ လှမ်းကာ ပစ်လွှတ်လိုက်လေ၏။ ထိုလှံကြီးသည် အမဲရောင်မိုးကြိုးသွားကြီးတစ်ခုကဲ့သို့ပင် ကောင်းကင်ကို ထိုးခွင်းကာဖြင့် တစ်ဖက်လူဆီသို့ ရောက်ရှိသွားသည်။
“ခရမ်းရောင်နက်နဲလောကကို ဝင်ဖို့အတွက် အရင်ဆုံး ဒီအင်ပါယာကို ကျော်ဖြတ်ရမယ်” ခရမ်းရောင်နက်နဲလောက အတွင်းမှ နောက်ထပ် အင်ပါယာတစ်ယောက်က ထွက်ပေါ်လာခ၏။ ၎င်း၏ နဖူးစပ်တွင် ဂျိုကြီးတစ်ခုက တည်ရှိနေပြီး တောင့်တင်းခိုင်မာသည့် ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်၏။ ၎င်းသည် ပစ်လွှတ်လိုက်သည့် မိုးကောင်းကင်လှံကြီးနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လိုက်၏။
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည့် အသံနှင့်အတူ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်လှိုင်းများသည် အင်ပါယာနှစ်ယောက် တိုက်ခိုက်ပြီးသည့်နောက် ဖြစ်တည်လာခဲ့၏။ အင်ပါယာပိုင်လော် တစ်ယောက် ၎င်း၏ ဝှက်ဖဲကို ထုတ်ဖော်အသုံးပြုတော့မည်ဖြစ်ကြောင်း နှစ်ဦးနှစ်ဖက်လုံးက သိရှိပြီးဖြစ်သည်။
တစ်ဖက်ခြမ်းသည် လောကကို ဖြတ်သန်းလာရန် ရည်ရွယ်ချက်ရှိလို့နေပြီး တခြားသော တစ်ဖက်ခြမ်းမှာတော့ ထိုအရာကို တားဆီးရန် ကြိုးစားလျက် ရှိနေ၏။ ခဏအတွင်း အောင်မြင်မှုနှင့် ရှုံးနိမ့်မှုဆိုသည်ကို တိုင်းတာ ဆုံးဖြတ်ရန် ခက်ခဲပေလိမ့်မည်။
ကောင်းကင်ပေါ်မှာတော့ အင်ပါယာပိုင်လော် သည် လုံးဝမလှုပ်ရှားဘဲ ငြိမ်ငြိမ်သက်သက် တည်ရှိလို့နေ၏။ အောက်ဘက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲကြီးသည် သူ့ကို တစ်ချက်ကလေးမှ မသက်ဆိုင်သလိုပင်။
လေးကို ကိုင်ဆွဲပြီးသည့်နောက် ကောင်းကင်နှင့်မြေပြင်ရှိ စွမ်းအင်အားလုံးသည် မြားများအဖြစ် ဖြစ်တည်လာခဲ့၏။ ရေတွက်လို့မရအောင် များပြားလှသည့် အလင်းတန်းများသည် တည်နေရာဆီသို့ လာရောက်ကာ ထိုမြားများ အဖြစ် စုဝေးလာခြင်းပင်။ မြားများ ပေါင်းစပ်ပြီးချိန်မှာတော့ အရာအားလုံးကို ထိုးဖောက်နိုင်စွမ်း ရှိနေသည့် မြားကြီးတစ်စင်း ကဲ့သို့ပင် ဖြစ်လို့လာသည်။ မြားကြီးသည် အလွန်တရာ ကြီးမားလွန်းလှပြီး ကောင်းကင်နှင့် မြေကြီးကို ထောက်ကန်ပေးနိုင်သည့် ထောက်တိုင်ကြီး တစ်ခုကဲ့သို့ပင်။
အရာအားလုံးကို သုတ်သင်ရှင်းလင်းပစ်နိုင်စွမ်းရှိသည့် အော်ရာများလည်း မြားကြီးဆီမှ ထွက်ပေါ်လျက် ရှိနေ၏။ သတ်ဖြတ်လိုခြင်းဆန္ဒများသည် ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးကို တုန်ခါစေခဲ့ပြီး အင်ပါယာများပင်လျှင် ဒူးများမခိုင် ဖြစ်ကုန်ကြ၏။
“ဖျက်ဆီးစမ်း” အင်ပါယာပိုင်လော်သည် တီးတိုးရေရွတ်လိုက်သည်။
နောက်တစ်စက္ကန့် အတွင်းမှာပဲ ရွှီးဟူသော အသံကြီးနှင့်အတူ မြားကြီးသည် လေဟာနယ်ကြီးအား နှစ်ပိုင်း အဖြစ်သို့ ပိုင်းဖြတ်သွားခဲ့၏။
မြားရောက်ရှိမလာခင်ကတည်းက ကြောက်မက်ဖွယ်ရာ ကောင်းသည့် အော်ရာများသည် တည်နေရာ တစ်ခုလုံးကို ဖိနှိပ်ထားခဲ့၏။ လေဟာနယ်တစ်ခုလုံး တုန်ခါသွားခဲ့ပြီးသည့်နောက် တည်နေရာတစ်ခုလုံးတွင် အက်ကွဲကြောင်း များ ဖြစ်တည်လာခဲ့သည်။
တိုက်ပွဲ၏ အလယ်ဗဟို တည်နေရာ၌ လူတစ်ယောက်က မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်းသည် အမဲရောင် ကျောက်စိမ်းပြားတစ်ခုကို ကိုင်ဆောင်ထား၏။ သေးသွယ်လှသည့် ပုံပန်းသွင်ပြင်နှင့် သူမသည် ဦးခေါင်းကို အသာမော့ကာ ကြည့်လျက်ရှိပြီး လှပလွန်းသည့် မျက်လုံးတစ်စုံ၌ လေးနက်တည်ကြည်သည့် အရိပ်သင်္ကေတမျိုး ထွက်ပေါ်နေ၏။ စကားတစ်ခွန်းမှ မပြောသည်ဆိုသော်လည်း သူမသည် လက်တစ်ဖက်ဖြင့် စည်းသင်္ကေတ တစ်ခုကို ဖန်တီးလျက်ရှိ၏။
နှင်းကဲ့သို့ ဖြူဖွေးလျက်ရှိနေသည့် လက်ဝါးရိုက်ချက် တစ်ခုကို ကို ထုတ်ဖော်ပြီး ကောင်းကင်ယံပေါ်သို့ ရိုက်နှက်လိုက်၏။ ဤလက်ဝါးရိုက်ချက်၏ စိတ်ဆန္ဒသည် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ ကောင်းကင်တာအို ၏ သင်္ကေတများ သည် ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပြီး အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်တွင် ရှိနေသည့် စွမ်းအင်များ အားလုံး လာရောက်စုဝေးနေသကဲ့သို့ပင်။
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည့် အသံကြီး ထွက်ပေါ်လာပြီး လက်ဝါးနှင့် မြားတို့သည် ထိပ်တိုက်ရင်ဆိုင် တွေ့ဆုံသည်။
ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးသည် တုန်ခါနေ၏။ လောကကြီးနှစ်ခုလုံးတွင် ရှိနေသည့် အရာအားလုံးတို့သည် တုန်လှုပ်မှုကို စတင်ကာ ခံစားလာမိကြ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအင်လှိုင်းများသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့ပြီး တောင်များ၊ ချောင်းများပင်လျှင် ပျောက်ကွယ်ကုန်၏။
တိုက်ပွဲ၏ အလယ်ဗဟို တည်နေရာတွင်တော့ လူတစ်ယောက်သည် မတ်မတ်ရပ်လျက် ရှိနေလေ၏။ ၎င်းကို ကြည့်ရှုရသည်မှာ လောက၏ အပြင်ဘက်တွင် ရှိနေသည့် လူသားတစ်ယောက်ကဲ့သို့ပင်။ သူမ၏ မျက်နှာပေါ်တွင် ရှားရှားပါးပါးဆိုသလိုပဲ လေးနက်တည်ကြည်သည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့၏။ မည်သည့် စကားမှ မဆိုသော်လည်း သူမသည် လက်စည်းသင်္ကေတ တစ်ခုကို မြန်မြန်ဆန်ဆန် ပြုလုပ်ပြန်သည်။
“မြန်မြန်နောက်ဆုတ်” အဝေးတစ်နေရာတွင်တော့ အသံပေါင်းများစွာတို့ ထွက်ပေါ်လာခဲ့၏။
မြေအင်မော်တယ်လောကဆီမှ ရောက်ရှိလာသည့် လူများသည် အဝေးတစ်နေရာသို့ မြန်မြန်ဆန်ဆန်ပဲ ပျံသန်း ထွက်ခွာသွားခဲ့ကြသည်။ သူတို့သည် တွက်ချက်မှု မှားခဲ့သည်။ ကျောက်စိမ်းလေဟာနယ် နန်းတော် ကဲ့သို့ အင်အားကြီး အဖွဲ့အစည်းတစ်ခု မပါဘဲနှင့် သူတို့သည် နိရယလောက အနောက်မှ လိုက်ပါမလာသင့်ပေ။ နိရယလောကသည် တကယ့်ကို ခန့်မှန်း၍မရနိုင်သော အားအင်အဆင့်ကို ပိုင်ဆိုင်သော်လည်း ခရမ်းရောင်နက်နဲလောကကြီး တစ်ခုလုံးကို ဖိနှိပ်ထားရန် လုံလောက်သည့် အားအင် မရှိဟု သူတို့က မျက်မြင် တွေ့လိုက်ရသည်။
လက်ရှိအခြေအနေမှာတော့ ငရဲအင်ပါယာသည် သူမ၏ နောက်လိုက်များကိုသာ ကာကွယ်ပေးချင်စိတ်ရှိ၏။ တခြားသောသူများ ၏ သေခြင်းရှင်ခြင်းကို လုံးဝ စိတ်ဝင်စားသည့်ပုံ မပေါ်ချေ။
ဘုန်း
တုန်ခါမှုလှိုင်းများ ဖြစ်တည်လာခဲ့ပြီး စကြဝဠာကြီး တစ်ခုလုံးသည် တုန်ခါသွား၏။ မိုင်သန်းနှင့်ချီသည့် အကွာအဝေး တစ်ခုလုံးသည် ပျက်စီးပျောက်ကွယ်သွားခဲ့၏။ ကြီးမားလှသည့် တည်နေရာပျက်ကြီး တစ်ခုသည် ဤနေရာ၌ ဖြစ်တည်လာခဲ့၏။