အပိုင်း (၄၀၇)
Vol. 28 Ch. 407
“ဘယ်လိုဖြစ်ပြီး အဲလောက်တောင် မြန်မြန်ဆန်ဆန် ဖြစ်သွားရတာလဲ”
ဖန်းဟန်သည် အနည်းငယ် မူးနောက်နောက်ပင် ခံစားနေမိ၏။ လက်ရှိအခြေအနေတွင် သူ၏ တိုးတက်မှုသည် တကယ်ပင် မြန်ဆန်လွန်း၏။ သို့ပေမဲ့ ထိုကဲ့သို့သော အမြန်နှုန်း ရှိသည်ဆိုလျှင်တောင်မှ အကန့်အသတ်က တည်ရှိနေသေး၏။ များပြားလှသည့် ဂိုဏ်းများ၏ နှစ်ပေါင်းများစွာ တရစပ် လိုက်ပါတိုက်ခိုက်မှုကို ခံရသည်ဆိုပါက သူ့အနေနှင့် ဘာတစ်ခုမှ ကြိုးစားခွင့် ရရှိလိမ့်မည် မဟုတ်ချေ။
“အဒေါ်လန်... ဘယ်တုန်းက ဖြစ်ခဲ့တာလဲ” ဖန်းဟန်သည် စိတ်ကို တည်ငြိမ်အောင် မနည်းကြိုးစားပြီးသည့်နောက် သူ၏ အတွေးများကို ပြန်လည်ကာ စုစည်း၍ မေးမြန်းလိုက်သည်။
“လွန်ခဲ့တဲ့ သုံးရက်တုန်းက”
အဒေါ်လန်သည် တွန့်ဆုတ်မှု မရှိဘဲ ချက်ချင်းပဲ ပြန်လည် ဖြေဆိုလိုက်၏။ “လွန်ခဲ့တဲ့ သုံးရက်တုန်းက မြေအင်မော်တယ်လောကကြီးက ခရမ်းရောင်နက်နဲလောကကြီးနဲ့ ပေါင်းစပ်လာခဲ့တယ်။ အဲဒီ နယ်စပ် တည်နေရာမှာ တကယ့်ကို ကြီးမားတဲ့ တိုက်ပွဲကြီးတစ်ခု ဖြစ်နေတယ်။ နိရယအင်ပါယာက ပထမဆုံး လောကကို ကျော်ဖြတ်လာခဲ့ပြီး ခရမ်းရောင်နက်နဲလောကရဲ့ အင်ပါယာ တော်တော်များများနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့တယ်။ ဒါပေမဲ့ သူမက အပေါ်စီးကနေ တိုက်ခိုက်နိုင်ခဲ့သေးတယ်”
“နိရယ အင်ပါယာ ဟုတ်လား” ဖန်းဟန်သည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။ နိရယ အင်ပါယာ အကြောင်းကို သူကြားဖူးသည်။
တကယ့်ကို ခန့်မှန်းလို့ မရအောင် အားကောင်းသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင် ထုတ်ဖော်ထားသော အင်ပါယာစာရင်း၏ ဒုတိယနေရာ၌ ရှိသူတစ်ယောက်ဖြစ်၏။ သူမ၏ အားအင်အဆင့်ကို ပြောဆိုရမည်ဆိုလျှင် များပြားလှသည့် အင်ပါယာများ၏ အထက်တွင် တည်ရှိနေပြီး နိရယ လောက၏ လုပ်ပုံလုပ်နည်း သဘောသဘာဝအရဆိုလျှင် သူမသည် လောကကို ပထမဦးဆုံး ဖြတ်သန်းလာခြင်း ဆိုသည်မှာ ယုတ္တိကျသည့်အရာပင်ဖြစ်၏။
“နောက်ပိုင်းမှာ မြေအင်မော်တယ်လောကက တချို့ အင်ပါယာတွေကလည်း လာပြီးကူညီကြတယ်။ အခု ခရမ်းရောင်နက်နဲလောကကြီးက တဖြည်းဖြည်း နောက်ဆုတ်နေကြရပြီလေ။ မကြာခင်မှာ မြေအင်မော်တယ် လောကရဲ့ သက်ရှိသတ္တဝါတွေ လက်ထဲကို တည်နေရာဌာနေ တော်တော်များများ ကျရောက်တော့မယ်။ ပြီးတော့”
အဒေါ်လန်သည် ခဏလောက် ရပ်တန့်လိုက်၏။ သူမ၏ အမူအရာသည် ပုံမှန်ထက် ပိုမိုထူးခြားစွာ ငြိမ်သက်လျက် ရှိနေသည်။
“ဘာတွေဖြစ်နေလို့လဲ” ဖန်းဟန်က မေးမြန်းလိုက်၏။
“လွင့်မျောတိမ်တောင်နဲ့ အင်မော်တယ်နန်းတော်ရဲ့ လူတွေတောင်မှ ပေါ်လာကြပြီလေ” အဒေါ်လန်သည် သက်ပြင်းကို ချပြီးသည့်နောက် ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။
“ဒီတော့ ဆိုလိုတာက လွင့်မျောတိမ်တောင်နဲ့ အင်မော်တယ်နန်းတော်ရဲ့ လူတွေက လောကကို စပြီး ဖြတ်သန်း လာခဲ့ကြပြီလား” ဖန်းဟန်က ပြောလိုက်၏။
သူသည် လက်နှစ်ဖက်ကို အနောက်သို့ ပစ်ပြီးသည့်နောက် အငြှိုးအတေး ကြီးမားလှသည့် မျက်ဝန်းအစုံနှင့် ကောင်းကင်ယံကို မော့ကြည့်လိုက်၏။ သူ၏ ရန်သူများ အကြောင်းကို ကြားရသည့်အချိန်တွင် သူသည် ချက်ချင်းပဲ ထိုသူများကိုဆီသို့ သွားရောက်ကာ တထိုင်တည်း သတ်ဖြတ်ချင်စိတ်များ ပေါက်မိနေ၏။ သို့ပေမဲ့ လက်ရှိအခြေအနေသည့် သူ့အား အဆင်အခြင်မဲ့ ပြုလုပ်ရန်အတွက် ခွင့်ပြု မပေးထားချေ။ သူ၏ ကိုယ်ပိုင် ဝှက်ဖဲ သည် တစ်ကြိမ်တည်းသာလျှင် အသုံးပြုခွင့် ကျန်ရှိတော့၏။ ထို့အပြင် အချိန်ကာလ အကန့်အသတ်ကလည်း တည်ရှိနေသေး၏။ ထို့ကြောင့် လွင့်မျောတိမ်တောင်နှင့် အင်မော်တယ်နန်းတော်တို့ကို တစ်ခါတည်း သုတ်သင် ရှင်းလင်းပစ်ဖို့ ဆိုသည်မှာ လုံလောက်သည့်အရာမျိုး မဟုတ်ချေ။
တခြားတစ်ဖက်က ကြည့်ရှုရမည်ဆိုလျှင် သွားရောက်နိုင်သည် ဆိုလျှင်လည်း ထွက်ပြေးရန် အခွင့်အရေးပင် ရရှိလိမ့်မည် မဟုတ်ချေ။ တစ်နာရီဆိုသည်မှာ ဘာမှပြုလုပ်နိုင်သည့် အရာမျိုး မဟုတ်ဘဲ သေဆုံးသွားနိုင်သည့် အချိန်ကာလမျိုးပင်။
“အင်း... ဟုတ်တယ်”
အဒေါ်လန်က ခေါင်းညိတ်လိုက်၏။ သူမ၏ မျက်နှာသွင်ပြင်ပေါ်တွင် ဝမ်းနည်း ဆွေးမြေ့မှုများ မရှိချေ။ သူမက ဖြည်းညှင်းစွာဖြင့် ပြောလိုက်သည်။ “မြေအင်မော်တယ်လောကမှာရှိတဲ့ သတ္တဝါတွေက အရူးမဟုတ်ဘူး။ လောကကို ဖြတ်သန်းပြီးတဲ့နောက်မှာ သူတို့က တည်နေရာဌာနေတွေကို အခွင့်အရေးယူ တိုက်ခိုက်နေတယ် ဆိုပေမဲ့ လောကနှစ်ခု ပေါင်းစပ်တဲ့ လျှို့ဝှက်ချက်ကိုလည်း သူတို့က စုံစမ်း နေကြတယ်။ စီနီယာ နန်းဆောင်သခင်ရဲ့ ဂုဏ်သတင်းအရ သူတို့ ဒါကို ရှာဖွေတွေ့ရှိဖို့ ခက်ခဲနေမှာ မဟုတ်ဘူး”
“ဒါက”
ဖန်းဟန်သည် တည်နေရာမှာတင် ငြိမ်ငြိမ်သက်သက် ရပ်တန့်နေမိ၏။ ခဏလောက် စဉ်းစား ပြီးသည့်နောက် သူက ပြောလိုက်၏။ “မြေအင်မော်တယ်လောကက နက်နဲတဲ့ အရင်းအမြစ်တွေကို ပိုင်ဆိုင်ပြီးတော့ အစစ်အမှန် အင်မော်တယ်တွေလည်း တည်ရှိတယ်လေ။ ခရမ်းရောင်နက်နဲလောကက ကြာကြာခံမှာ မဟုတ်ဘူးလို့ ကျုပ်ထင်မိတယ်။ ကျုပ်တို့ ခရမ်းရောင်နက်နဲလောကမှ ဆက်ပြီးနေလို့ မဖြစ်နိုင်တော့ဘူး”
“ဒါဆို သခင်လေးက ကောင်းကင်မူလလောကကြီးကိုသွားဖို့ အကြံပြုနေတာလား” အဒေါ်လန်က မေးမြန်းလိုက် သည်။
“အင်း”
ဖန်းဟန်သည် လက်ကိုမြှောက်ပြီးသည့်နောက် စိတ်ဆုံးဖြတ်ချက်ချကာဖြင့် ပြောလိုက်၏။ “တော်ဝင်သဲကန္တာရမြို့ ကို သွားရမှာ”
“တော်ဝင်သဲကန္တာရမြို့က တကယ့်ကို လုံခြုံတယ်။ ဒါပေမဲ့”
အဒေါ်လန်၏ အမူအရာသည် ရှုပ်ထွေးလျက် ရှိနေ၏။ သူမသည် အရှေ့တွင် ရှိနေသည့် သခင်လေးကို လှမ်းကြည့်ပြီးသည့်နောက် နှလုံးသားထဲတွင် ပြောသင့်လား၊ မပြောသင့်လား ဆိုသည်ကို သေသေချာချာ မသိသောကြောင့် ချိန်ဆနေမိသည်။
တော်ဝင်သဲကန္တာရမြို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ တည်နေရာဖြစ်၏။ စီနီယာနန်းဆောင်သခင် နေထိုင်သည် ဖြစ်သောကြောင့် မည်သူမှသည် တော်ဝင်သဲကန္တာရမြို့ဆီသို့ ချဉ်းကပ်ရဲလိမ့်မည် မဟုတ်ချေ။ ထိုနေရာတွင် နေထိုင်ခြင်းသည် သံသယရှိစရာ မလိုဘဲ အလွန်ပဲ လုံခြုံသည့်နေရာဖြစ်၏။ လွင့်မျောတိမ်တောင် မဆိုနှင့် မြေအင်မော်တယ်လောကတစ်ခုလုံး စုစည်းပြီး လာမည်ဆိုလျှင်တောင်မှ တော်ဝင်သဲကန္တာရမြို့ အနီးတွင် ပြဿနာရှာရဲလိမ့်မည် မဟုတ်ချေ။
သို့ပေမဲ့ အဓိက ပြဿနာမှာတော့ သူတို့ တော်ဝင်သဲကန္တာရမြို့ဆီသို့ ဝင်လိုက်ပြီဆိုလျှင် မည်ကဲ့သို့ ပြန်လည်ကာ ထွက်ရတော့မည်နည်း။ သူတို့အနေနှင့် စီနီယာနန်းဆောင်သခင်၏ ကာကွယ်ပေးမှုအောက်တွင် တခြားသော အတွေ့အကြုံ၊ ကြိုးစားမှုများ မရှိဘဲ သိုးငယ်လေးများကဲ့သို့ လုံလုံခြုံခြုံ နေထိုင်ရတော့မည်လား။ သူတို့၏ ကျင့်ကြံခြင်း အဆင့်သည်လည်း ဘယ်တော့မှ တိုးတက်လာလိမ့်မည် မဟုတ်ချေ။
“အဒေါ်လန် နားလည်မှု လွဲနေပြီ”
ဖန်းဟန်က ခေါင်းကို ခါယမ်းလိုက်၏။ သူသည် ဖြည်းညှင်းစွာ ပြောလိုက်၏။ “ကျုပ်က သေရမှာ ကြောက်တဲ့လူ မဟုတ်ပါဘူး။ တော်ဝင်သဲကန္တာရမြို့ထဲကို ဝင်တယ်ဆိုတာ ကပ်ဘေးကို ရှောင်ဖို့မဟုတ်ဘူး။ ကောင်းကင်လျှို့ဝှက်နန်းဆောင် ဆီ သွားဖို့ပဲ”
“ကောင်းကင်လျှို့ဝှက်နန်းဆောင် ဟုတ်လား”
အဒေါ်လန်သည် အလွန်ပင် အံ့အားသင့်သွား၏။ သူမသည် သခင်လေးအား မယုံကြည်နိုင်သလို ကြည့်ရှုနေမိ၏။ သူတို့ နှစ်ယောက်လုံးသည် ခရမ်းရောင်နက်နဲလောကတွင် သင့်တော်သည့် အချိန်ကာလ တစ်ခုကို ဖြတ်သန်းခဲ့ပြီးပြီဖြစ်၏။ ခရမ်းရောင်နက်နဲလောကရှိ ပါရမီရှင်များနှင့် တိုက်ခိုက်ခဲ့ဖူးသည်။
ဖြစ်စဉ်တစ်ခုလုံးသည် ခက်ခဲပြီး ကြမ်းတမ်းလှသည်ဆိုသော်လည်း ရရှိမှုနှုန်းမှာ ဘာမှ မဟုတ်လှချေ။ သူတို့ ရရှိခဲ့သည့် အရင်းအမြစ်များနှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်သည် ဆိုပါက မည်သည့် တန်ဖိုးကြီးသည့် သတင်းအချက်အလက်ကိုမှ ဝယ်ယူနိုင်လိမ့်မည် မဟုတ်မှာကို စိုးရွံ့မိ၏။ ထို့အပြင် ၎င်းတို့၏ အဓိက ရည်ရွယ်ချက်သည် အတွေ့အကြုံများ ရရှိရန်ဖြစ်၏။
“ဟုတ်တယ်”
ဖန်းဟန်က ခေါင်းညိတ်လိုက်၏။ ပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ကျုပ်တို့ ကောင်းကင် လျှို့ဝှက်နန်းဆောင်ကို တကယ်တမ်း သွားမှဖြစ်မယ်”
“သခင်လေး... ကျွန်မတို့”
အဒေါ်လန်သည် ပြောဆိုရန် ပြင်လိုက်၏။ သို့ပေမဲ့ သူမ ဆုံးအောင် မပြောလိုက်ရသေးချေ။ ဖန်းဟန်သည် လက်ကိုမြှောက်ကာဖြင့် သူမကို တားဆီးလိုက်၏။
ဖန်းဟန်၏ လက်ထဲတွင် သင်္ကေတတချို့ ပေါ်ပေါက်လာခဲ့ပြီး ထိုအရာသည် တောက်ပလှသည့် ကျမ်းစာတစ်ခု အဖြစ် ဖြစ်တည်လာ၏။ ကြည့်ရှုရသည်မှာ လေဟာနယ်ထဲတွင် ပေါ်ပေါက်လာသည့် နေလုံးငယ်လေး တစ်ခုကဲ့သို့ပင်။
“ကျုပ်တို့ဆီမှာ ဒါရှိသေးတယ်”
ဖန်းဟန်၏ မျက်လုံးများသည် လေးနက်လျက် ရှိနေလေ၏။ ထိုမျက်လုံးထဲတွင် ရှိနေသည့် လေးနက်သော အဓိပ္ပာယ်များကို သေသေချာချာ မမြင်ရချေ။
“ဘိုးဘေး ချန်ထားခဲ့တဲ့ အမွေအနှစ်လား” အဒေါ်လန်က တိတ်ဆိတ်ငြိမ်သက်သွား၏။ သူမအနေနှင့် တားဆီးရန် အတွက် ကြိုးစားချင်စိတ် မရှိချေ။ သူမ၏ သခင်လေးအကြောင်းကို ကောင်းကောင်းသိ၏။ သူမ၏ သခင်လေးသည် အမွေအနှစ်ကို ထုတ်ဖော်ခဲ့သည်ဆိုမှတော့ ကျိန်းသေပေါက် စိတ်ထဲတွင် ဆုံးဖြတ်ပြီးသား ဖြစ်ရပေလိမ့်မည်။ သူမအနေနှင့် တားဆီးရန် ကြိုးစားသည် ဆိုလျှင်တောင်မှ ဖန်းဟန်၏ ဆုံးဖြတ်မှုကို ပြောင်းလဲ နိုင်လိမ့်မည် မဟုတ်ချေ။
အမွေအနှစ်များအား စီနီယာနန်းဆောင်သခင်ဆီသို့ ပေးအပ်ခြင်း ဆိုသည်မှာ ပေါက်ကြားသွားအောင် ပြုလုပ်ခြင်း မဟုတ်ပေ။ ထို့အပြင် စီနီယာနန်းဆောင်သခင်၏ အားအင်အဆင့်သည် အစစ်အမှန် အင်မော်တယ် တစ်ယောက်ထက် ပိုမိုကာ သာလွန်သည့် အခြေအနေမျိုးတွင် ရှိနေ၏။ စီနီယာ၏ လက်ထဲတွင် တခြားသော သူများ၏ ကျမ်းစာဆိုသည်မှာ တန်ဖိုးကြီးမားလား၊ မကြီးမားလား ဆိုသည်မှာ မသေချာပေ။
“ဒါအပြင် ကျုပ်ဆီမှာ နောက်တစ်ခု ရှိသေးတယ်”
ဖန်းဟန်သည် ကျမ်းစာကို သိမ်းဆည်းပြီးသည့်နောက် လက်ဝါးထက်တွင် ကျောက်စိမ်းပြားတစ်ခုက ပေါ်ပေါက်လာခဲ့သည်။ ဤကျောက်စိမ်းပြားသည် အရင်တုန်းက မုန့်ရှင်းကျီ သူ့ကိုပေးခဲ့သည့်အရာဖြစ်၏။ လက်ရှိအချိန်မှာတော့ အသုံးဝင်လာခဲ့ပြီဖြစ်၏။
မြေအင်မော်တယ်လောကကြီးအနေနှင့် တည်နေရာ ဖြတ်သန်းရောက်ရှိလာခဲ့ပြီးသည့်နောက် ခရမ်းရောင်နက်နဲ လောကကြီး တစ်ခုလုံးကို ဝါးမျိုဖျက်ဆီးမည်ဟု သူက ခံစားမိ၏။ ထို့အပြင် ဤမျှလောက်ဖြင့် ၎င်းတို့၏ ရည်မှန်းချက်များသည် စိတ်ကျေနပ်လောက်မည် မဟုတ်ချေ။ မနှေးနှင့်မမြန်ဆိုသလို ကောင်းကင်မူလလောကကြီး အား လည်း သက်ရောက်လာမှာဖြစ်၏။
သူသည်သာ ဤသတင်းကို မုန့်ရှင်းကျီဆီသို့ လွှဲအပ်နိုင်သည်ဆိုပါက ကောင်းကင်မူလလောကကြီးအနေနှင့် မတ်မတ်ရပ်ကာ တိုက်ပွဲကို ဝင်ရောက်ပူးပေါင်းပေလိမ့်မည်။ ကောင်းကင်မူလလောကကြီးသာ ထပ်တိုးလာမည် ဆိုပါက မြေအင်မော်တယ်လောကသည် လုပ်ချင်တိုင်း လုပ်နိုင်တော့မှာ မဟုတ်တာ သေချာသည်။
ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် မုန့်ရှင်းကျီနှင့် တခြားသူများသည် ရှုပ်ထွေးကြယ်ပင်လယ် မှ ပြန်လားမလား၊ မပြန်လာဘူးလား ဆိုတာကိုတော့ သူ သေသေချာချာ မသိချေ။ သို့ပေမဲ့ ကျိုးကြောင်း ဆီလျော်စွာ သုံးသပ်ရမည်ဆိုလျှင် တိုက်ပွဲရှည်ကြီး ဖြစ်ပြီးသည့်နောက် အင်ပါယာများ အားလုံးသည် ရလဒ်ကို သုံးသပ်ပြီးသား ဖြစ်ပေလိမ့်မည်။
အချိန်အတော်ကြာပြီးသည့်နောက် ခရမ်းရောင်နက်နဲလောကကြီးနှင့် ကောင်းကင်မူလလောကကြီးတို့ကြား တည်နေရာတစ်ခုထဲမှာတော့ တစ်ကိုယ်လုံး သွေးများဖုံးလွှမ်းလျက် ရှိနေသည့် လူနှစ်ယောက်တို့သည် လေဟာနယ်ကို ဖြတ်သန်းကာဖြင့် ကောင်းကင်မူလလောကဆီသို့ ပျံသန်းလာခဲ့၏။
“ရန်ကျန့်... မင်းလက်ထဲမှာရှိနေတဲ့ အစစ်အမှန် အင်မော်တယ် အတွေးအမြင်တွေကို ငါ့ကိုပေးစမ်း။ ဒါဆိုရင် မင်းရဲ့အသက်ကို ချမ်းသာပေးမယ်” အေးစက်သည့် အသံတစ်ခုသည် ကောင်းကင်နှင့်မြေပြင် ကြားထဲတွင် ပဲ့တင်ထပ်လို့နေသည်။
ကွာစီအင်ပါယာနှစ်ယောက်တို့ ပေါ်ပေါက်လာခဲ့ပြီးသည့်နောက် တစ်ယောက်သည် ရွှေရောင် ဆူးချွန်များ ဖုံးလွှမ်းလျက်ရှိနေသည့် ကြီးမားလွန်းလှသော ရှေးသားရဲကြီးတစ်ကောင်ဖြစ်ပြီး ကြီးမားလွန်းလှသည့် ခြေလက်ကြီးများကို လှုပ်ယမ်းကာဖြင့် ပျံသန်းလာ၏။ ကြမ်းတမ်းလွန်းလှချေ၏။ ကြည့်ရှုလိုက်သည်နှင့် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် သားရဲကြီးမှန်း သိသာလှ၏။ ၎င်း၏ အနောက်ဘက်တွင်တော့ အင်ပါရီယာ လက်နက်တစ်ခုသည် လွင့်မျောလျက် ရှိနေလေပြီး နတ်ဘုရား အလင်းတန်းများ ထွန်းတောက်နေ၏။
“မုန်းစရာပဲ”
ရန်ကျန့်က အော်ဟစ်လိုက်၏။ သူ ထွန်းတောက်လာခဲ့သည့် နှစ်ပေါင်းရာချီ အတောအတွင်း ဤမျှ ဆိုးဆိုးရွားရွား အခြေအနေဆီသို့ တခါမှ မရောက်ခဲ့ဖူးချေ။ လက်ရှိ ခရမ်းရောင်နက်နဲလောကတွင်တော့ ကျိန်းသေပေါက် တခြားသောသူများ၏ ဒုက္ခပေးမှု၊ အနောက်မှ လိုက်လံကာ သတ်ဖြတ်မှုကို ခံနေရ၏။ တခြားသော လမ်းလည်း မရှိချေ။ ထို့ကြောင့် ကောင်းကင်မူလလောကကြီးဆီသို့ တည့်တည့် ပျံသန်းလာခဲ့ခြင်း ဖြစ်သည်။
အရှေ့တွင် ကောင်းကင်မူလလောကကြီးကို မြင်နေရပေပြီ။ သို့ပေမဲ့ ကွာစီအင်ပါယာနှစ်ယောက်တို့သည် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ တစ်ယောက်သည် အင်ပါရီယာလက်နက်ကို ကိုင်ဆောင်ထားပြီး သူ၏လမ်းကို တားဆီးလျက် ရှိနေ၏။
“စိတ်မပူနဲ့ သခင်လေး... ကျုပ် ကျောက်စိမ်းလေဟာနယ်နန်းတော်ကို သတင်းပို့ခဲ့ပြီးပြီ။ သူတို့ လမ်းကို ရောက်နေပြီလို့ ကျုပ်ယုံတယ်” သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာသည် ရန်ကျန့်ကို တီးတိုးပြောလိုက်သည်။
လောကကြီးနှစ်ခုကြား ပေါင်းစပ်ခဲ့ပြီးသည့်နောက် ခရမ်းရောင်နက်နဲလောကကြီး တစ်ခုလုံးသို့ သတင်းပျံ့နှံ့ပြီး ဖြစ်သည်။ ပြောရမည်ဆိုလျှင် သူတို့သည်လည်း ထိုအကြောင်းအရာကို သိရှိပြီးသား ဖြစ်၏။ သို့ပေမဲ့ ၎င်းတို့အနေနှင့် ခရမ်းရောင်နက်နဲလောကကြီးနှင့် မြေအင်မော်တယ်လောကကြီးကြား တည်နေရာဆီသို့ အလောတကြီးဖြင့် မသွားရဲချေ။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် ကြမ်းတမ်းလှသည့် တိုက်ပွဲကြီးတစ်ခု ဖြစ်တည်နေသောကြောင့်ပင်။
ကွာစီအင်ပါယာ တစ်ယောက်နှင့် လူငယ်ပါရမီရှင်လေး တစ်ယောက်တို့အား ကျောက်စိမ်းလေဟာနယ်နန်းတော်မှ ရှာဖွေနိုင်မလား ဆိုသည်မှာ မသေချာလှချေ။ သို့ပေမဲ့ ခရမ်းရောင်နက်နဲလောကကြီး၏ တော်ဝင်အင်ပါယာ တစ်ယောက်နှင့်သာ ထိပ်တိုက် တွေ့ဆုံသည် ဆိုပါက ကျိန်းသေပေါက် ဒုက္ခများမှာ သေချာ၏။