အပိုင်း (၄၀၈)
Vol. 28 Ch. 408
“မြေအင်မော်တယ်လောကက တပ်ကူတွေလာဖို့ စောင့်နေတာလား”
ကြီးမားလွန်းလှသည့် ရှေးသားရဲကြီးသည် ကျယ်လောင်လှသည့် အသံကြီးနှင့် လှမ်းကာ ပြောလိုက်၏။ အသံသည် ကောင်းကင်ယံတစ်ခုလုံးတွင် ပဲ့တင်ထပ် လျက်ရှိနေပြီး ၎င်း၏ အနောက်ဘက်တွင် ရှိနေသည့် အင်ပါရီယာလက်နက် သည် ကောင်းကင်ယံဆီမှ ကျဆင်းလာလေ၏။
ဘုန်း
သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာသည် တိုက်ခိုက်မှုကို ရင်ဆိုင် ခုခံလိုက်၏။ ၎င်းအနေနှင့် တိုက်ခိုက်ချက်ကို တားဆီးနိုင်သည် ဆိုလျှင်တောင်မှ မိုင်ပေါင်းများစွာ အကွာအဝေးသို့ လွင့်စင်သွားသည်။ လေထုထဲမှာပဲ သွေးများ အန်ထွက်လာခဲ့၏။ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် အဝတ်အစား အကုန်လုံးသည်လည်း သွေးရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“အင်း... အရမ်းကြီး စဉ်းစားနေစရာ မလိုဘူး။ ခရမ်းရောင်နက်နဲလောကကြီးက မြေအင်မော်တယ် လောကကြီးလောက် အားမကောင်းဘူး ဆိုပေမဲ့ လွယ်လွယ်ကူကူနဲ့ ချိုးဖြတ်လို့ရတဲ့ အရာမျိုး မဟုတ်ဘူးလေ။ ပြီးတော့ မင်းတို့ ကျောက်စိမ်းလေဟာနယ်နန်းတော်ရဲ့ အစစ်အမှန် အင်မော်တယ်တွေက အဆင်ခြင်မဲ့ ပြုလုပ်ရဲမှာ မဟုတ်ဘူး” ကြီးမားလွန်းလှသည့် ရှေးသားရဲကြီးသည် အေးစက်သည့် ဟန်ပန်အမူအရာမျိုးဖြင့် ပြောဆိုလိုက်၏။
ခရမ်းရောင်နက်နဲလောကကြီး၏ သတ္တဝါများအတွက် လောကကြီးနှစ်ခု ပေါင်းစပ်ခြင်းဆိုသည်မှာ ယခင်က ကြုံဆုံခဲ့ဖူးသား ဖြစ်သည်မို့ သူတို့အတွက် ပြဿနာကြီး မဟုတ်ချေ။ သို့ပေမဲ့ မြေအင်မော်တယ်လောက အတွက်တော့ ပထမဦးဆုံး အတွေ့အကြုံသာလျှင်ဖြစ်၏။ ပိုမိုကာ စွမ်းအားမြင့်မားလေ၊ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် လှိုင်းအဟုန်ကို ပိုမိုကာ ခံစားရလေဖြစ်သည်။
အစစ်အမှန် သတင်းအချက်အလက် မပေါ်လာသေးခင်တွင် ၎င်းတို့အားလုံးသည် ခရမ်းရောင်နက်နဲလောကကြီး ဆီသို့ ဆင်ကန်းတောတိုး ခြေချရဲလိမ့်မည် မဟုတ်ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆိုသည့် ဂုဏ်သိက္ခာ ကြီးမားလှသော စီနီယာကလည်း တည်ရှိနေသည်ဖြစ်သောကြောင့် တော်ဝင်အင်ပါယာအဆင့် တိုက်ပွဲအဖြစ်သာ ကန့်သတ်ထားနိုင်၏။ ဒီထက်ပိုကာ ကြီးမားလှသည့် တိုက်ပွဲကြီးကို လက်သင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။
ထို့အပြင် ခရမ်းရောင်နက်နဲလောကကြီး၌ ဝှက်ဖဲများ တည်ရှိနေ၏။ အင်ပါယာပိုင်လီနှင့် အင်ပါယာ ယုညို တို့သည် တိုက်ပွဲကို ဝင်ရောက် မပူးပေါင်းသေးချေ။ ထို့ကြောင့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် တိုက်ပွဲ၏ ရလဒ်ကို ခန့်မှန်းဖို့ ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ပေ။
“ဟင်း... သေချင်နေတာလား။ ကျောက်စိမ်းလေဟာနယ်နန်းတော်ကို ရန်ပြုတာကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေက ဘာလဲသိလား” သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာသည် သွေးများကို အန်ထုတ်ပြီး သည့်နောက် ခပ်မာမာပြောဆိုလိုက်၏။
သူ့၌လည်း အင်ပါရီယာလက်နက်ရှိ၏။ သူသည် အင်ပါရီယာလက်နက်ကို ထုတ်ဖော်လိုက်သည့် အချိန်မှာတော့ မိုင်ပေါင်းများစွာ အကွာအဝေးအတွင်းတွင် ရှိနေသည့် အကွာအဝေးကြီးအား အင်ပါရီယာစိတ်ဆန္ဒများက လွှမ်းခြုံသွားခဲ့၏။ သူ့အနေနှင့် ခရမ်းရောင်နက်နဲလောကကြီးသို့ လိုက်ပါကာ နတ်သားတော်ကို စောင့်ရှောက်ရသောကြောင့် ကျောက်စိမ်းလေဟာနယ် နန်းတော်သည် သူ့အား အင်ပါရီယာလက်နက်တစ်ခု ပေးအပ်ခဲ့သည်။
ထိုသို့ အပြည့်အဝ ထောက်ပံ့ပေးလိုက်သည် ဆိုလျှင်တောင်မှ ကျောက်စိမ်းလေဟာနယ်နန်းတော်ရှိ တာအိုရောင်းရင်း တော်တော်များများတို့သည် အဆင့်နိမ့်လောကဆီသို့ ရောက်ရှိလာပြီးသည့်နောက် သေဆုံးသွားခဲ့ကြပြီ ဖြစ်၏။ ထို့ကြောင့် သူနှင့် ရန်ကျန့်တို့သာလျှင် ကျန်ရှိတော့၏။
“မြေအင်မော်တယ်လောကကြီးရဲ့ အားအင်အစုအဖွဲ့က အခု ခရမ်းရောင်နက်နဲလောကကြီးထဲကို မရောက်သေးဘူး။ ဒီတော့ အစစ်အမှန် အင်မော်တယ်ရဲ့ အတွေးအမြင်တွေ ငါ့ကိုပေး။ မင်းရဲ့ ကျင့်ကြံခြင်းကို ဖျက်ဆီးလိုက်။ ဒါဆိုရင် မင်းတို့ရဲ့ အသက်ကို ချမ်းသာပေးမယ်”
နောက်ထပ် ကွာစီအင်ပါယာ တစ်ယောက်က လှမ်းလျှောက်လာခဲ့၏။ ၎င်းသည် ရန်ကျန့်နှင့် တခြားသူ၏ လမ်းကို တားဆီးထားခဲ့၏။ အေးစက်သည့် မျက်နှာသွင်ပြင်မူရာမျိုးရှိပြီး မျက်လုံးများတွင်လည်း အေးစက်သည့် အလင်းတန်းများ ထွက်ပေါ်နေသည်။
“ကျုပ် ကျောက်စိမ်းလေဟာနယ်နန်းတော်နဲ့ ဆက်သွယ်ပြီးပြီ။ မကြာခင် တော်ဝင်အင်ပါယာတစ်ယောက် ရောက်လာတော့မယ်။ ခင်ဗျားတို့ အခု ထွက်သွားတာ ကောင်းလိမ့်မယ်” သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာ သည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ ပြီးသည့်နောက် လေးနက်သည့်အသံဖြင့် ပြောဆိုလိုက်၏။
ကျောက်စိမ်းလေဟာနယ်နန်းတော်၏ ဂုဏ်သိက္ခာဆိုသည်မှာ ခရမ်းရောင်နက်နဲလောကကြီးတွင် အရမ်းကြီး အလုပ်ဖြစ်လှသည် မဟုတ်သောကြောင့် ကွာစီအင်ပါယာ တစ်ယောက်ပေါ်တွင် အကျိုးဖြစ်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ကျောက်စိမ်းလေဟာနယ်နန်းတော်သည် တော်ဝင်အင်ပါယာတစ်ယောက်ကို မြန်မြန်ဆန်ဆန် စေလွှတ်လိုက်ရန် သူတို့က မျှော်လင့်နေမိ၏။ ကိုယ့်ကိုယ်ကိုယ်သာ အားကိုးမည်ဆိုလျှင် သူကိုယ်တိုင်ပင် ပြင်းထန်သည့် ဒဏ်ရာများ ရရှိထားသည် ဖြစ်သောကြောင့် ဆက်လက်တိုက်ခိုက်ရမည့် ကွာစီ အင်ပါယာနှစ်ယောက် နှင့် တိုက်ပွဲ၏ ရလဒ်သည် ထင်ရှားနေပြီဖြစ်သည်။
“ဟုတ်လား”
ကြီးမားလွန်းလှသည့် ရှေးသားရဲကြီးသည် အရှေ့ဆီသို့ လှမ်းတက်လာခဲ့ပြီး များပြားလွန်းလှသည့် စွမ်းအင်လှိုင်းများကို ထုတ်ဖော်နေ၏။ တဝုန်းဝုန်းအသံများ ထွက်ပေါ်လျက် ရှိနေပြီး ၎င်း၏ ခေါင်းအထက်တွင် ရှိနေသော ကြီးမားလွန်းလှသည့် ဥက္ကာခဲကြီးများပင် ပေါက်ကွဲထွက်သွားခဲ့တော့သည်။ မြင်ကွင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ “ခရမ်းရောင်နက်နဲလောကကြီးက မင်းတို့ လာချင်တိုင်းလာ၊ သွားချင်တိုင်း သွားလို့ရတဲ့နေရာ မဟုတ်ဘူး”
“ကျုပ်ကို သတ်တယ်ဆိုရင်တောင် ခင်ဗျားတို့ ဘာအကျိုးကျေးဇူးမှ မရှိဘူး။ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခုကို တည်ထောင်ထားတာ ပိုပြီးကောင်းမယ်။ ကျောက်စိမ်းလေဟာနယ်နန်းတော်က ခင်ဗျားတို့ရဲ့ ရန်သူ မဖြစ်စေရဘူး လို့ ကျုပ် အာမခံတယ်” ရန်ကျန့်က ဖြည်းညှင်းစွာ ပြောလိုက်၏။ သူ၏ အသံသည် တည်ငြိမ်လျက် ရှိနေပြီး အနည်းငယ်သော စိတ်လှုပ်ရှားမှုမှ မပေါ်ခဲ့ချေ။
ကွာစီအင်ပါယာနှစ်ယောက်နှင့် ရင်ဆိုင်တွေ့နေရသည် ဆိုလျှင်တောင်မှ သူသည် ကြောက်လန့်မှုကို ထုတ်ဖော် မပြသချေ။ ထို့အပြင် ကျောက်စိမ်းလေဟာနယ်နန်းတော်တွင် ကွာစီအင်ပါယာ ပေါင်းများစွာ တည်ရှိသည်။ ထို့ကြောင့် သူသည် ထူးထွေပြီး ကြောက်လန့်မနေပေ။
“ဪ... ရန်သူဖြစ်တော့ကော ဘာဖြစ်လဲ။ မင်းဆီက အစစ်အမှန် အင်မော်တယ် ချန်ခဲ့တဲ့ အသိအမြင်တွေကို ရရှိပြီးရင် ကျိန်းသေပေါက် ငါတို့ကလည်း တော်ဝင်အင်ပါယာအဆင့်ကို တက်လှမ်းနိုင်မှာပဲလေ။ တော်ဝင်သဲကန္တာရမြို့ထဲ သွားနေမယ် ဆိုရင် ငါတို့ရဲ့ အသက်က အာမခံချက် ရှိတယ်။ မင်းတို့ ကျောက်စိမ်း လေဟာနယ်နန်းတော်က ငါတို့ကို ဘာမှ လုပ်လို့ မရဘူး” ကြီးမားလွန်းလှသည့် ရှေးသားရဲကြီးသည် အေးစက်စက်ဖြင့် ပြောဆိုလိုက်၏။ သူ၏အသံသည် မည်သည့် ခံစားချက်မှ မရှိချေ။
ဘုန်း
၎င်းသည် ထပ်မံကာ တိုက်ခိုက်လိုက်၏။ လက်ဝါးထက်တွင် ကြယ်တာရာသင်္ကေတများ ဖြစ်တည်လာခဲ့ပြီး အရာ အားလုံးတို့ကို စတင်ကာ ဖိနှိပ်လေ၏။ လက်ကြီး ကျလာသည်နှင့် တပြိုင်နက် ရန်ကျန့်နှင့် ကွာစီအင်ပါယာတို့ သည် အသက်ပင် မရှူနိုင်သလို ဖြစ်လို့နေ၏။
ဘန်း
ထိုအချိန်မှာပဲ ယန်ကျန့်တို့၏ အနောက်တွင် နောက်ထပ် ကွာစီအင်ပါယာတစ်ယောက် ရောက်ရှိလာခဲ့ပြီး ၎င်းသည် လက်ကိုမြှောက်ပြီးသည့်နောက် အလင်းတန်းအဖြစ် အသွင်ပြောင်းကာ ရိုက်ချလိုက်လေ၏။
“နတ်သားတော်... ကွာစီအင်ပါယာ နှစ်ယောက်နဲ့ ရင်ဆိုင်ရတာ မလွယ်ကူဘူး။ အသက်ကယ် အဆောင်ကို သုံးပစ်သင့်တယ်။ အခွင့်အရေး ရတာနဲ့တပြိုင်နက် ဒီနေရာက ထွက်ခွာသွားတာ ပိုပြီး ကောင်းလိမ့်မယ်နဲ့တူတယ်။ မိုင်တစ်သန်းအတွင်းမှာရှိတဲ့ တော်ဝင်သဲကန္တာရမြို့ထဲကို ဝင်နိုင်တာနဲ့ ကျုပ်တို့ရဲ့ အသက်က လုံခြုံပြီ” သက်လတ်ပိုင်းလူသည် နတ်ဘုရားအသိအမြင်များကို ဖြန့်ကျက်ကာဖြင့် အသံပို့လွှတ်လိုက်သည်။
သူ၏ စကားများထဲတွင် သေဆုံးတော့မည့် အခြေအနေမျိုးကို ရောက်ရှိနေသည့် အဓိပ္ပာယ်မျိုး ပါဝင်နေ၏။ ယနေ့ အခြေအနေတွင် သူတို့ နှစ်ယောက်အနေဖြင့် ဆိုးရွားလှသည့် အန္တရာယ်အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ကောင်းကောင်း နားလည်မိ၏။ အင်ပါရီယာလက်နက်ကို ကိုင်ဆောင်ထားသည့် ကွာစီအင်ပါယာ နှစ်ယောက်တို့သည် သူတို့ကို လာရောက်ကာ သတ်ဖြတ်လျက် ရှိနေ၏။
အစစ်အမှန် အင်မော်တယ်၏ အသိအမြင်များကိုသာ မရရှိသည်ဆိုပါက ကျိန်းသေပေါက် လက်လျော့လိမ့်မည် မဟုတ်ချေ။ ၎င်းတို့ထဲမှ တစ်ယောက်သည် အသက်ကို စတေးပြီးသည့်နောက် တစ်ယောက်ကို အသက်ရှင်သန် နိုင်ရန် အခွင့်အရေး ဖန်တီးပေးမှသာ ဖြစ်ပေလိမ့်မည်။
“မဖြစ်သေးဘူး”
ရန်ကျန့်က ပြောလိုက်၏။ သို့ပေမဲ့ သူ၏ စကားပင် ပြီးအောင် မပြောလိုက်ရသေးချေ။ သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာသည် ကောင်းကင်ပေါ်သို့ လှမ်းတက်လာပြီးသည့်နောက် ရောင်စဉ် အလင်းတန်းများကို ထုတ်ဖော်တော့သည်။
ထိုအလင်းတန်းများသည် တိုက်ပွဲတည်နေရာကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။ ၎င်းသည် ကောင်းကင်ယံတွင် မတ်မတ်ရပ်နေ၏။ ၎င်း၏ အော်ရာများသည် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေ၏။ အဆုံးမဲ့သော တာအို၏ နိယာမများသည် ခန္ဓာကိုယ်ကို လိမ်ယှက်လျက် ရှိနေပြီး အားလုံးသော သူတို့၏ မျက်လုံးများကိုပင် ကျိန်းစေခဲ့၏။ ပြီးနောက် သူသည် တခြားသော ကွာစီအင်ပါယာနှင့် ပြင်းထန်လှသည့် တိုက်ပွဲကြီးကို တိုက်ခိုက်၏။
တည်နေရာတစ်ခုလုံးတွင် ရှိနေသည့် အရာအားလုံးတို့သည် ပျက်စီးခြင်း အဖြစ်သို့ ရောက်ရှိကုန်သည်။
“နောက်ဆုံးနေ့၊ နောက်ဆုံးအချိန်မှာ ခင်ဗျား ဘယ်လောက်အထိ တောင့်ခံထားနိုင်မလဲ ကြည့်ရမှာပေါ့” ကြီးမားလွန်းလှသည့် ရှေးသားရဲက အော်ဟစ်လိုက်၏။ ၎င်း၏ ချွန်မြလျက် ရှိနေသည့် လက်သည်းများသည် တစ်ဖက်လူများကို ဇီဝိန်ချွေရန် အဆင်သင့် ဖြစ်လို့နေ၏။ ၎င်းသည် စည်းသင်္ကေတများကို ဖန်တီးပြုလုပ်နေပြီး ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်၏။
ကွာစီအင်ပါယာတစ်ယောက် အဆုံးစွန်အထိ တိုက်ခိုက်သည့်အချိန်တွင် ခန့်မှန်းထားသည်ထက် ပိုမိုကာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ စည်းသင်္ကေများကို ဖန်တီးကာဖြင့် တိုက်ခိုက်ချက်များကို တစ်ခုပြီးတစ်ခု ထုတ်ဖော်နေသည်မှာ ကြည့်ရှု၍ အလွန်ပင် ကောင်းမွန်လွန်းလှ၏။ သို့ပေမဲ့ စည်းနိယာမသည် အရာအားလုံးကို ဖိနှိပ်ခါနီး အချိန်မှာတော့ တဖြည်းဖြည်း အရှိန်လျော့ပါးလာခဲ့သည်။
ကြီးမားလှသည့် လက်ဝါးကြီး တစ်ခုသည် ကောင်းကင်ယံ၏ အစွန်းဘက်မှ ထွက်ပေါ်လာခဲ့ပြီးသည့်နောက် ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းခြုံသွား၏။ ပြီးနောက် ထိုလက်ကြီးသည် ကောင်းကင်ယံထက်၌ ရှိနေသော စည်းသင်္ကေတများကို လက်ဖြင့် ဖမ်းဆုပ်ကာ မည်သည့်အခါကမှ မရှိသလို ချိုးချေကာ ဖျက်ဆီးလိုက်၏။
“ဘယ်သူလဲ”
ကြီးမားလွန်းလှသည့် ရှေးသားရဲကြီး၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ သူသည် ကောင်းကင်ပေါ်သို့ ခုန်တက်ကာ အော်ဟစ်လိုက်သည်။
“ကျောက်စိမ်းလေဟာနယ်နန်းတော် ဟောင်ယွင်” အသံတစ်ခုက ထွက်ပေါ်လာ၏။ ကောင်းကင်နှင့် မြေပြင် တစ်ခုလုံး တုန်ခါသွားခဲ့၏။
ခပ်ဝေးဝေး တည်နေရာမှာတော့ အဖြူရောင် နတ်ဘုရားသမင်ကြီးတစ်ကောင်က ထွက်ပေါ်လာ၏။ ၎င်းသမင်ကြီးအပေါ်တွင် ကျောက်စိမ်းသရဖူကို ဆင်မြန်းထားသည့် လူတစ်ယောက်က မတ်မတ်ရပ်လျက် ရှိနေ၏။ ထိုသူ၏ တကိုယ်လုံးအား တာအို၏ အရိပ်အယောင်များက လွှမ်းခြုံနေသည်။
“ကျောက်စိမ်းလေဟာနယ်နန်းတော်က လူတွေလား”
ခရမ်းရောင်နက်နဲလောကကြီး၏ ကွာစီအင်ပါယာ နှစ်ယောက်တို့၏ မျက်စိသူငယ်အိမ်များသည် ကျုံ့ဝင်သွားခဲ့၏။ နှလုံးသားထဲတွင် ကြောက်ရွံ့သည့် အရိပ်အယောင် များပင်လျှင် ဖြစ်တည်လာခဲ့၏။
ဘယ်လို ဖြစ်နိုင်မည်နည်း။
နယ်စပ်တည်နေရာတွင် မြေအင်မော်တယ်လောကကြီးမှ နိရယ အင်ပါယာနှင့် တခြားသောသူများ တိုက်ခိုက်နေကြသည် မဟုတ်ပါလား။ အဘယ်သို့ တိုက်ခိုက်ရေး တည်နေရာကို ကျော်ဖြတ်ကာဖြင့် ကျောက်စိမ်းလေဟာနယ်နန်းတော် မှလူများ ဤနေရာဆီသို့ အဘယ်သို့သော နည်းလမ်းဖြင့် ထိုးဖောက်ဝင်ရောက်လာနိုင်သနည်း။
ဤတည်နေရာဆီသို့ ရောက်ရှိလာခြင်းဆိုသည်မှာ ခရမ်းရောင်နက်နဲလောကကြီး တစ်ခုလုံးကို ကျော်ဖြတ်ကာ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်ဟု ပြောဆို၍ရ၏။ ထိုကဲ့သို့ ရောက်ရှိနေသည် ဆိုလျှင်တောင်မှ ခရမ်းရောင်နက်နဲလောကကြီး ၏ အင်ပါယာများသည် တစ်ဖက်လူ ရောက်ရှိလာသည်ကို မသိရှိကြပေဘူးလား။