အပိုင်း (၄၁၀)
Vol. 28 Ch. 410
"ဒါက"
ဟောင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်သွားမိ၏။ အစစ်အမှန် ဖြစ်နေသည်လား။ ခရမ်းရောင် နက်နဲလောကကြီးနှင့် မြေအင်မော်တယ်လောကကို ပေါင်းစပ်နိုင်စွမ်းရှိသော စီနီယာနန်းဆောင်သခင်သည် တကယ့်ကို ခန့်မှန်း၍မရသည့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ပေလိမ့်မည်။ ထိုစွမ်းဆောင်ရည်တင် မကသေးချေ။ ကောင်းကင်၏ လျှို့ဝှက်ချက်များကိုပါ တွက်ချက်နိုင်သူ ဖြစ်သောကြောင့် ကြောက်မက်ဖွယ်ရာ ကောင်းသည့် လူတစ်ယောက် ဖြစ်လာခဲ့သည်။
"တပည့် …. ဒီတစ်ကြိမ်မှာ မင်းပြောတာတွေက အမှန်တွေပဲလား" ဟောင်ယွင် သည် လေးလေးနက်နက်ဖြင့် မေးမြန်းလိုက်၏။
မြေအင်မော်တယ် လောကကြီးထဲတွင် ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်နိုင်သည့် ကျွမ်းကျင်သူများလည်း တည်ရှိနေ၏။ သို့ပေမဲ့ ထိူသူတို့ တစ်ယောက်ချင်းစီတိုင်းသည် ကောင်းကင်တာအို၏ တန်ပြန်မှုကို ဆိုးဆိုးရွားရွား ပြန်လည်ကာ ခံစားရ၏။ များပြားလှသည့် ပြစ်ချက်များ တည်ရှိနေပြီး အပြင်ဖက်သို့ ထွက်ရာတွင်လည်း အလွန်ပင် သတိပြုရ၏။ မထင်မှတ်ထားသည့် အန္တရာယ်များကိုလည်း ကြုံစုံရပြီး ထိတ်လန့်ဖွယ်ရာ နာကျင်မှုမျိုးကို ခံစားရတတ်သည်။
ထို့အပြင် ကောင်းကင်ဘုံကပ်ဘေးဆိုသည်မှာ အချိန်မရွေး ကျဆင်းလာနိုင်သည့် အရာမျိုးဖြစ်၏။ ကောင်းကင်ဘုံကပ်ဘေးလောက် ကျဆင်းလာလျှင် တော်သေး၏။ နတ်ဘုရား အပြစ်ပေးမှုသာ ကျဆင်းလာပါက မည်သို့မှ မထိန်းချုပ်နိုင်ဘဲ သေဆုံးသွားပေလိမ့်မည်။ သူ၏ တပည့်ပြောဆိုခဲ့သည့် စီနီယာနန်းဆောင်သခင် ဆိုသည်မှာ သာမန် ကံကြမ္မာဖတ်သူများထက် ပိုမိုကာ သာလွန်မည့် ပုံပင်။
"တပည့်ပြောတဲ့ စကားလုံးတစ်ခုချင်းစီတိုင်းက အမှန်ပါပဲ"
ရန်ကျန့်သည် ခေါင်းညိတ်လိုက်၏။ သူ၏လက်ထဲတွင် ကျောက်စိမ်းများတစ်ခုက ပေါ်ပေါက်လာခဲ့၏။ ထိုအရာကို ဟောင်ယွင် ဆီသို့ လှမ်းကာ ပေးလိုက်၏။
"ဒီထဲမှာ စီနီယာနန်းဆောင်သခင် ထုတ်ထားတဲ့ စာရင်းတွေ အမျာကြီးရှိတယ်။ တပည့်ရဲ့ နိမ့်ကျတဲ့ အားအင်နဲ့ ဒီစာရင်းထဲ ဝင်အောင် ပြုလုပ်နိုင်ခဲ့သေးတယ်။ ကံကောင်းခြင်း သက်သက်ပါပဲ။”
ဟောင်ယွင်သည် အဓိပ္ပာယ်ပါပါဖြင့် ရန်ကျန့်ကို ကြည့်ရှုလိုက်၏။ ပြီးနောက် ကျောက်စိမ်းပြားကို လှမ်းယူပြီး ပါဝင်သည့် အကြောင်းအရာများကို ကြည့်ရှုလိုက်သည်။ အင်ပါရီယန်လက်နက်စာရင်း၊ ပြီးနောက် လောက အသီးသီး၏ ပါရမီရှင်စာရင်း …… ဟောင်ယွင်သည် အချိန်အတော်ကြာ ကြည့်ရှုနေမိ၏။ မြေအင်မော်တယ်လောကနှင့် ပေါင်းစပ်ခြင်း မပြုလုပ်ခင်ကတည်းက ထိုစာရင်းများကို ထုတ်ဖော်ထားကြောင်း သူ သိရှိလိုက်၏။ စီနီယာသည် အင်ပါယာ စာရင်းကို အစောကြီးကတည်းက ထုတ်လွင့်ပြီးသား ဖြစ်နေ၏။ ဆိုလိုသည်မှာ မြေအင်မော်တယ်လောကကြီးတွင် မည်သည့်လျှို့ဝှက်ချက်မှ မရှိတော့သည့် သဘောပင်။
"ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က အင်မော်တယ် သတ်ဖြတ်ခြင်း စင်မြင့်အကြောင်းကိုလည် သိရှိနေတာလား။ "
ဟောင်ယွင်၏ အမူအရာသည် ပျက်ရွင်းသွားသည်။ ဤအရာသည် သူ့ဆရာ၏ လက်နက် ဖြစ်၏။ အင်မော်တယ် လောကကြီး တစ်ခုလုံးတွင် သိသာထင်ရှားလွန်းလှ၏။ အားလုံးသောသူတို့အတွက် သူ၏ ဆရာကျိရှုသည် အင်မော်တယ်တစ်ယောက် ဖြစ်၏။ ထို့ကြောင့် ဆရာ့ လက်နက်သည် အင်မော်တယ်လက်နက် အဖြစ် သုံးသပ်၍ရ၏။ သို့ပေမဲ့ ကျောက်စိမ်းလေဟာနယ် နန်းတော်မှ တပည့်အချို့သည်သာ ဖြစ်ရပ်မှန်ကို သိရှိကြ၏။ အင်မော်တယ်သတ်ဖြတ်ခြင်း စင်မြင့်သည် အင်မော်တယ်အဆင့်သို့ မရောက်ရှိသေးချေ။
သူ၏ဆရာသည် နောက်ထပ်လက်နက်တစ်ခုကို ဖန်တီးသန့်စင်ခဲ့၏။ လက်ရှိအချိန်မှာတော့ အင်မော်တယ် သတ်ဖြတ်ခြင်းစင်မြင့်သည် သူတို့၏ တောင်အနောက်ဖက် တားမြစ်တည်နေရာထဲတွင် တည်ရှိလို့နေခဲ့ပြီး ရှားရှားပါးပါး မှသာ ထုတ်ဖော်ကာ အသုံးပြုတတ်သည်။
"လောကအသီးသီး၏ ကောင်းကင်ပါရမီရှင်စာရင်း"
ဟောင်ယွင် သည် ရင်းနီးနေသည့် နာမည်ကို မြင်ရပြီးသည့်နောက် ရန်ကျန့်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူ၏ နှလုံးသားထဲတွင် သဘောကျသည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ ရန်ကျန့် သည် များပြားလှသည့် ပါရမီရှင်များကို ကျော်ဖြတ်ခဲ့၏။ ဤအရာသည် မြေအင်မော်တယ် လောကတွင်သာ မကဘဲ လောကအသီးသီးတွင် ဖြစ်နေ၏။ ရန်ကျန့် ၏ တန်ဖိုးကြီးလှသည့် ပါရမီသည် အစွမ်းပြနေပြီ ဖြစ်သည်။ အရာအားလုံးတို့သည် ပိုမိုကာ ရှင်းလင်းလာခဲ့၏။ ရေတွက်၍မရအောင် များပြားလှသော ပါရမီရှင်များထဲတွင် ရန်ကျန့်သည် မတ်မတ်ရပ်နေနိုင်ပြီ ဖြစ်၏။ မြေအင်မော်တယ်လောကကြီး တွင်ပင်လျှင် ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ယောက်အဖြစ် တည်ရှိနေ၏။ အင်မော်တယ်အဆင့်ဆီသို့ တက်လှမ်းနိုင်သည့် လူတစ်ယောက် ဖြစ်လာပေလိမ့်မည်။
"ကောင်းပြီ ငါ့တပည့်။ မင်း မောက်မာမှုကင်းကင်းနဲ့ ကြိုးကြိုးစားစားလုပ်ရမယ်။ လောကမှာရှိတဲ့ သူရဲကောင်း တွေကို အထင်သေးလို့ မဖြစ်ဘူး။ " ဟောင်ယွင်သည် အားပေးလိုက်မိ၏။
စီနီယာနန်းဆောင်သခင်နှင့် သူမတွေ့ရသေးသော်လည်း သူတို့သည် တူညီသည့် ခံစားချက်များ ရှိနေသည်ဟု သူက ခံစားမိသည်။ သူ၏တပည့်သည် အားအကောင်းဆုံး ဖြစ်သည်ဟု သူကိုယ်တိုင်လည်း ခံစားမိခဲ့သည် မဟုတ်ပါလား။
"တပည့် ဆရာ့ရဲ့ အမိန့်အတိုင်း လိုက်နာပါ့မယ်"
ရန်ကျန့်သည် လေးလေးစားစား ဦးညွှတ်လိုက်၏။ ပြီးနောက် တစ်စုံတစ်ခုကို သတိပြုမိသွားပုံဖြင့် နတ်ဘုရား ရွှေနှင့် ပြုလုပ်ထားသော ကျောက်စိမ်းသေတ္တာတစ်ခုကို ထုတ်ယူကာ ဟောင်ယွင်၏ ရှေ့ဆီသို့ ကမ်းပေးလိုက်သည်။
ဤကျောက်စိမ်းသေတ္တာသည် ခြောက်လက်မခန့်သာ ရှိပြီး သလင်းကဲ့သို့ ကြည်လင်သည့် အလင်းရောင်များ ထွက်ပေါ်နေ၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် တာအို၏ နိယာမများကို နားလည်စေမည့် အရိပ်အာဝသများ တည်ရှိနေ၏။ တကယ်ကို ဆန်းကြယ်လှသော အင်မော်တယ်တစ်ယောက်သည် ကြည့်ရှုနေသူ၏ ဝိညာဥ်အတွင်း၌ ကျမ်းစာများ ရွတ်ဖတ်နေသလိုပင်။ ဤသေတ္တာသည် အချိန်၏ မြစ်ရေစီးကြောင်းမှ ထွက်ပေါ်ကာ လက်ရှိ အချိန်ကာလသို့ ရောက်ရှိလာပုံပင်။
"ဆရာ ဒါက စီနီယာနန်းဆောင်သခင်ရဲ့ လမ်းညွှန်မှုအောက်မှာ တပည့်ရခဲ့တဲ့ အစစ်အမှန် အင်မော်တယ် အသိအမြင်တွေပါ။ ကျေးဇူးပြုပြီး လက်ခံပါဆရာ"
ဤအသိအမြင်သည် တန်ဖိုးကြီးလှ၏။ တခြားသူများလက်ထဲတွင် တန်ဖိုးကြီးမားလိမ့်မည် မဟုတ်သော်လည်း တော်ဝင်အင်ပါယာထိပ်ဆုံးအဆင့်၊ သို့မဟုတ် အစစ်အမှန် အင်မော်တယ်အဆင့်ရှိ ကျင့်ကြံသူများလက်ထဲတွင် ရောက်ရှိနေပါက တန်ဖိုးသည် အလုံးစုံ ခြားနားသွားပေလိမ့်မည်။ အင်မော်တယ်တစ်ယောက် ပေးအပ်လိုက်သည့် အမွေအနှစ်သည် လက်ခံသူ၏ ဦးနှောက်၊ အမူအကျင့်နှင့် ကျင့်ကြံခြင်းတို့နှင့်လည်း သက်ဆိုင်နေခဲ့၏။
“အရမ်းကောင်းတယ်”
ဟောင်ယွင် ကထကာအော်ဟစ်လိုက်၏။ တည်နေရာလမ်းကြောင်း ဖြတ်တောက် ခံရပြီးသည့်နောက် ရန်ကျန့်သည် ကျောက်စိမ်းလေဟာနယ်နန်းတော်၏ ထောက်ပံ့မှုကိုမရရှိခဲ့ချေ။ သို့ပေမဲ့ အစစ်အမှန် အင်မော်တယ် တစ်ယောက်၏ အသိအမြင်များကိုရရှိအောင် ပြုလုပ်နိုင်စွမ်းရှိနေခဲ့၏။ တကယ့်ကို မယုံ ကြည်နိုင်စရာပင်။
ခရမ်းရောင်နက်နဲလောကကြီးတွင် များပြားလှသည့် အင်ပါယာများတည်ရှိနေ၏။ ၄င်းတို့သာ လှုပ်ရှားတိုက်ခိုက်မည်ဆိုပါက ရန်ကျန့်အနေဖြင့် ကြီးမြတ်သည့် အစစ်အမှန်အင်မော်တယ်တစ်ယောက်၏ အသိအမြင်များ ကို ရရှိရန်ဆိုသည်မှာ မတရား ခက်ခဲမှာသေချာသည်။
သို့ပေမဲ့ ယခုအချိန်မှာတော့ ရန်ကျန့်သည် တာ၀န်ကိုပြည့်စုံအောင်လုပ်နိုင်စွမ်း ရှိခဲ့၏။ အသိအမြင်အစများကို ယူဆောင်လာခဲ့ပြီး သူလာခေါ်မည်ကို ဇွဲကောင်းကောင်းဖြင့် စောင့်မျှော်နေ၏။
“ငါ့တပည့် မင်းက ငါထင်ထားခဲ့တာထက် လုပ်ဆောင်နိုင်စွမ်းရှိနေတယ်။ ကျောက်စိမ်းလေဟာနယ်နန်းတော်ကို ပြန်ရောက်တာနဲ့ ငါကိုယ်တိုင် ငါ့ရဲ့ ဆရာကို သတင်းပို့မယ် မင်းအတွက် အင်မော်တယ်နည်းစနစ်တွေ တောင်းခံ ပေးမယ်။ ပြီးတော့ တကယ့်ကို အသက်တမျှ အရေးကြီးတဲ့ ဆေးလုံးတွေကို ဆုပေးမယ်။”
ဟောင်ယွင်သည် ရန်ကျန့်ကိုမှာကြားပြီးနောက် အနီးအနားတွင်ရှိသော သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာ ဆီသို့ အကြည့်ရွှေ့လိုက်၏။ သူသည် ဆေးပုလင်းတစ်ခုကို ထုတ်ပြီးသည့်နောက် အသာကမ်းပေးလိုက်သည်။
“ဒီဆေးလုံးက မင်းအတွက်ပဲ။ မင်းနဲ့ ငါ့ရဲ့ တပည့်က ဒီခရီးစဥ်မှာ တကယ့်ကို ခက်ခဲခဲ့ကြတယ်။ မင်းတို့ရဲ့ ကြိုးစား အားထုတ်မှုကို ကျောက်စိမ်းလေဟာနယ်နန်းတော်က အသိအမှတ်ပြုတယ်။ နောင်လာမဲ့ရက်အနည်းငယ်အတွင်း မင်းတို့က လုံလောက်တဲ့ဆုလာဒ်တွေ ရရှိမယ် “
“ကျေးဇူးပါပဲ”
သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာသည် ဆေးလုံးကို လက်ခံရယူခဲ့သည် ဆိုသော်လည်း သူ၏ အမူအရာသည် အနည်းငယ် တွန့်ဆုတ်လျက်ရှိနေ၏။ သူသည် တစ်စုံတစ်ခုကို ပြောချင်ပုံပေါ်၏။ သို့ပေမဲ့ ခဏလောက် စဥ်းစားပြီးသည့်နောက် သက်ပြင်းကို ချကာ စကားလုံးများကို မျိုချလိုက်၏။
“ပြောစရာရှိတယ်ဆိုရင် လွတ်လွတ်လပ်လပ်ပြော။ မင်းက ကျောက်စိမ်းလေဟာနယ်နန်းတော်ရဲ့ တပည့်တစ်ယောက်ပဲလေ။ ငါ့တပည့် အသက်ကို ကာကွယ်ပေးခဲ့တဲ့ လူတစ်ယောက်လို့လည်း ဖြစ်တယ်။ ငါအခုဆုံးဖြတ်ချက်ချထားတယ်။ ငါ့ရဲ့စွမ်းဆောင်ရည်နဲ့ လုပ်ပိုင်ခွင့် အတွင်းမှာရှိတယ်ဆိုရင် မင်းကြိုက်တာ ကိုသာပြော ငါပြုလုပ်ပေးမယ်”
ဟောင်ယွမ်သည် သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာကို လှမ်းကြည့်လိုက်၏။ သူသည် တစ်ဖက်လူ ဘာကိုတွေးနေသည်ကိုလည်း စဥ်းစားနေမိသည်။
“ဒါက”
သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာသည် နုတ်ခမ်းကို တင်းတင်းစေ့ပြီး လက်ထဲတွင် ရှိနေသော ဆေးလုံးကို ကိုင်ဆောင်ထား၏။ အချိန်အတော်ကြာ တွေးတောပြီးနောက် သူက ပြောလိုက်၏။ “နတ်သားတော်ကို ကာကွယ်ပေးရမှာ ကျုပ်ရဲ့တာ၀န်ပါပဲ။ ဒါနဲ့ပတ်သက်လို့ ကျုပ်ထူးခြားပြီး လုပ်ခဲ့တာမရှိပါဘူး “
ဟောင်ယွင်သည်ဇဝေဇဝါ အမူအယာဖြင့် ပြောလိုက်၏ “မင်း ဆုလဒ် မလိုချင်ဘူးလား “
တစ်စုံတစ်ယောက်အနေဖြင့် ဆုလဒ် ကိုငြင်းပယ်သည်မှာ ရှားပါးသည့် အရာ ဖြစ်၏။ နှစ်ပေါင်းများစွာ ကျင့်ကြံ ပြီးနောက် ဆုလာဒ်ကို ငြင်းပယ်သည့်သူအား သူပထမဆုံး မြင်ဖူးခဲ့ပြီ ဖြစ်သည်။
ကျောက်စိမ်းလေဟာနယ်နန်းတော်သည် တစ်ဖက်လူအတွက် စိတ်၀င်စားစရာ မရှိဘူးလား။ ကျောက်စိမ်းလေဟာနယ် နန်းတော်၌ တစ်ဖက်လူ မျက်စိကျလောက်စရာ ပစ္စည်းများ မရှိသည်လား။ ထို့ကြောင့်သာ ဆုလဒ် ကိုရယူရန် စိတ် မရှိခြင်းပင် ဖြစ်ပေလိမ့်မည်။
“မဟုတ်ပါဘူး “
သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာသည် ခဏလောက် တွန့်ဆုတ်သွားမိ၏။ သူသည် နှလုံးသားတွင်ရှိနေသော စကားလုံးများ ကိုချိန်ဆလျက်ရှိနေ၏။ သူပြောသင့်လား မပြောသင့်ဘူးလားဆိုသည်ကို တွေးတောနေခြင်းပင် ။
“လွတ်လွတ်လပ်လပ်ပြောစမ်းပါ” ဟောင်ယွမ်၏ အသံသည် ပိုမိုကာ လေးနက်လာခဲ့၏။ ထိုအသံသည် တစ်ဖက်လူ၏ နားထဲတွင် ၀င်ရောက်ပြီးနောက် သွေးများကိုပင် ဆူဝေသွားစေခဲ့၏။
“ကျုပ် ဒီအတာအတွင်းမှာ အရင်းအမြစ်တွေ ကို စုဆောင်းခဲ့တယ်။ ဒါပေမဲ့ အင်ပါယာဖြစ်ဖို့အတွက် လိုအပ်ချက်တွေ ရှိနေပါသေးတယ်။”
သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာသည် နှုတ်ခမ်းကိုကိုက်လိုက်၏။ သူသည် စိတ်ဆုံးဖြတ်ချက်ချပြီး လေးလေးနက်နက် ပြောလိုက်သည် "ကျုပ် အင်ပါယာဖြစ်ချင်ပါတယ်"
စောင်ယွမ်၏ မျက်လုံးများသည် အနည်းငယ်ကျဥ်းမြောင်းသွား၏။ သူ၏နှလုံးသားထဲတွင် သဘောမတွေ့သည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့၏။ အင်ပါယာဖြစ်ဖို့ဆိုသည်မှာ လွယ်ကူလှသည်မဟုတ်ချေ။ ကွာစီအင်ပါယာ ဖြစ်လာပြီးနောက် အင်ပါယာမဖြစ်ချင်သူဟူ၍ မည်သူမှ မရှိချေ။ သို့သော် စကားလုံးအနည်းငယ်ဖြင့် အင်ပါယာဖြစ်လာသည်ဟူ၍ သူတစ်ခါမှမမြင်ခဲ့ဖူးချေ။
သူ၏ ဆရာကိုယ်တိုင် လမ်းညွှန်ပြသမှုပြုမည်ဆိုလျှင်တောင်မှ အင်ပါယာဖြစ်ဖို့ဆိုသည်မှာ မိမိ၏ ကံကြမ္မာပေါ်တွင် မူတည်နေသေး၏။ တချို့သောသူများသည် အင်ပါယာဖြစ်ချင်ကြ၏။ သို့ပေမယ့် ထိုကဲ့သို့ အင်ပါယာဖြစ်ရန်ကြိုးစားရင်း သက်တမ်းကုန်ဆုံးသွားခဲ့ကြသည်။
သက်လတ်ပိုင်းအရွယ်လူသည် အင်ပါယာတစ်ယောက်ဖြစ်လာရန် အလားအလာ ပိုင်ဆိုင်သည် ဆိုပါက အပြင်စည်း တပည့် ဖြစ်နေလိမ့်မည်မဟုတ်ချေ။ သူ၏ စီနီယာအစ်ကို ပင် ဖြစ်နေလောက်သည်။ ထိုကဲ့သို့ အင်ပါယာ ဖြစ်လာရန် ဆုလဒ်မျိုးကို မျှော်မှန်းနေသည် ဆိုခြင်းမှာ စိတ်ပျက်ဖွယ်ရာပင်။