Vol. 28 Ch. 412
Vol. 28 Ch. 412
“ပြီးပြီ။ အားလုံးပဲ ကျောက်စိမ်းလေဟာနယ်နန်းတော်ကို အရင်ဆုံး ပြန်ကြရအောင်” ဟောင်ယွင်သည် ခဏလောက် စဉ်းစားပြီးသည့်နောက် သက်ပြင်းချလိုက်မိ၏။ ပြီးနောက် ကောင်းကင်မူလ လောကကြီး တည်ရှိရာဘက် သို့ အသာလှည့်ကြည့်လိုက်၏။ အင်္ကျီလက်ကို ယမ်းခါပြီးသည့်နောက် ရန်ကျန့်နှင့်အတူ တည်နေရာမှ ထွက်ခွာသွားခဲ့၏။
ကောင်းကင်မူလလောကကြီး၊ တော်ဝင်သဲကန္တာရမြို့၊ ကောင်းကင်လျှို့ဝှက်နန်းဆောင် အတွင်းမှာတော့ ......
လီယွင်သည် တံခါး၏အရှေ့၌ မတ်မတ်ရပ်လျက် ရှိနေလေ၏။ ၎င်းသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်နှစ်ဖက်ကို အနောက်သို့ ပစ်ကာဖြင့် မိုးကုတ်စက်ဝိုင်း၏ အစွန်းဘက်ဆီသို့ လှမ်းကာ ကြည့်ရှုနေ၏။ သူ့အနေနှင့် မြေအင်မော်တယ်လောကကြီးနှင့် ခရမ်းရောင်နက်နဲလောကကြီးတွင် ရှိနေသည့် အရာအားလုံးတို့ အား မြင်နေရသည်။
“တစ်ဖက်သတ် တိုက်ပွဲတစ်ခုပဲ” လီယွင်က တီးတိုးရေရွတ်လိုက်၏။
အခြေအနေသည် သူမြင်ချင်သည့် အရာမျိုး မဟုတ်ချေ။ သူ့အနေနှင့် အရာအားလုံးကို ဖိနှိပ်ကာဖြင့် လောကများကို ပေါင်းစည်းချင်စိတ်သာလျှင် ရှိ၏။ လက်ရှိအချိန်မှာတော့ သူ၏ ကောင်းကင်လျှို့ဝှက် နန်းဆောင် ဆိုသည့် ဂုဏ်သတင်းပင် မှေးမှိန်လာခဲ့၏။ ထို့ပြင် သူသည် လောကကြီးနှစ်ခုကို ပေါင်းစပ်ခဲ့ခြင်း ဖြစ်သည်။ သူ့ကြောင့် လောကသားများ ဒုက္ခတွေ့နေကြသည် မဟုတ်ပါလား။
ခရမ်းရောင်နက်နဲလောကကြီး၏ လက်ရှိတည်ရှိနေသည့် အားအင်အဆင့်ကို သုံးသပ်ရမည်ဆိုလျှင် မြေအင်မော်တယ်လောကမှ လူများကို ကျိန်းသေပေါက် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ လက်ရှိအချိန်မှာတော့ ပိုင်လီ နှင့် ယုညိုတို့ နှစ်ယောက်မှာလည်း ပြန်လာရန်အတွက် အချိန်တချို့ လိုအပ်ပေဦးမည်။ ထို့ကြောင့် ဖြစ်ပေါ်လာသည့် အကြောင်းအရာ အားလုံးသည် ကောင်းမွန်ခြင်း မရှိပေ။
ထိုသူတို့ ထွက်လာသည်ဆိုပါက ခရမ်းရောင်နက်နဲလောကကြီးသည် တည်ရှိချင်မှ တည်ရှိပေလိမ့်မည်။ ဤအတောအတွင်း သူ့အနေနှင့် မြေအင်မော်တယ်လောကကြီး တိုးတက်လာမည့် အခြေအနေကို နှေးကွေးအောင် နည်းလမ်း တစ်ခု ရှာရပေလိမ့်မည်။ အနည်းဆုံးအနေနှင့် ၎င်းတို့အား အဆင်ပြေပြေ၊ ချောချောမွေ့မွေ့ဖြင့် ခရမ်းရောင်နက်နဲလောကကြီးအား မလွှမ်းမိုးနိုင်စေရန်ပင်။
“ကြည့်ရတာ သူ့ကို အပြင်ထုတ်ဖို့ အချိန်ကျပြီနဲ့ တူတယ်”
လီယွင်သည် ခံစားချက် ကင်းမဲ့စွာဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် ရေရွတ်လိုက်၏။ “ကျန်းထျန်”
“သခင်... ကျုပ်ရောက်လာပါပြီ”
တောင့်တင်းခိုင်မာလှသည့် ခန္ဓာကိုယ်သွင်ပြင်နှင့် လူတစ်ယောက်က ပေါ်ပေါက် လာခဲ့၏။ ထိုသူသည် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး ခေါင်းအထက်တွင် သရဖူတစ်ခုကို ဆင်မြန်းထား၏။ မျက်လုံးများသည် အဖြူရောင်ဟူ၍ လုံးဝမရှိဘဲ မဲနက်လျက် ရှိနေ၏။ အရာအားလုံးကို ဝါးမျိုတော့မည့် အတိုင်းပင်။ ၎င်းသည် ပေါ်ပေါက်လာသည်နှင့် တပြိုင်နက် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ ဦးညွတ်ကာ ပြောဆိုလိုက်သည်။
“ကျုပ်ကို သခင်လို့ ခေါ်စရာ မလိုဘူး။ တခြားလူတွေအတိုင်းပဲ ခေါ်” လီယွင်က လက်ကို ဝှေ့ယမ်းလိုက်၏။
လက်ရှိအခြေအနေမှာတော့ သူသည် စနစ်၏ စွမ်းရည်များနှင့် ပတ်သက်၍ မချီးကျူးပဲ မနေနိုင်ခဲ့ချေ။ အင်ပါယာ ကျန်းထျန်သည် ကောင်းမွန်သည့် လူတစ်ယောက်အဖြစ် အလုံးစုံ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ လက်ရှိ အင်ပါယာ ကျန်းထျန်သည် ယခင် ကျန်းထျန်နှင့် တစ်စက်ကလေးမှ မတူညီလှချေ။ ၎င်း၏ အသွင်ပြောင်းမှုသည် လင်းရှောင် ထက်ပင် ပိုမိုကာ ကြမ်းတမ်းလွန်းလှ၏။ ၎င်း၏ စိတ်ခံစားချက် အားလုံးသည် ပျောက်ကွယ်လျက် ရှိနေပြီး အသုံးချခံ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“ဂျူနီယာကျန်းထျန်က ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို ဂါရဝပြုပါတယ်” အင်ပါယာကျန်းထန်က ဦးညွတ်လိုက်၏။
“အင်း”
လီယွင်က ခေါင်းညိတ်လိုက်၏။ ခေါင်းကို အသာလှည့်ပြီးသည့်နောက် အင်ပါယာကျန်းထျန် ရှိရာသို့ အသာလှမ်းကြည့်လိုက်၏။ ဒဏ်ရာများ ပြန်လည်ကောင်းမွန်နေသည်ကို အတည်ပြုပြီးသည့်နောက် သူက ခေါင်းထပ်ညိတ်ကာ ပြောလိုက်သည်။ “ကျန်းထျန်က ကောင်းကင်လျှို့ဝှက်နန်းဆောင်အတွင်းမှာ နေထိုင်တဲ့ အတောအတွင်း တချို့အရာတွေ ထပ်မံရရှိခဲ့တယ်နဲ့တူတယ်”
“ကျေးဇူးပါ။ စီနီယာနန်းဆောင်သခင်ရဲ့ အဆောက်အဦကြောင့် တော်တော်များများ တိုးတက်လာခဲ့ပါတယ်” အင်ပါယာကျန်းထျန်သည် လေးလေးစားစားဖြင့် ပြောလိုက်၏။ သွေးနတ်ဆိုးလောကကြီးနှင့် မတူညီစွာဘဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် ကောင်းကင်တာအို၏ ဖိနှိပ်ခြင်းကို မခံရချေ။ ထို့ကြောင့် ထိုအထဲတွင် နေထိုင်သည် ဆိုပါက တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်သည် ပိုမိုကာ တိုးတက်နိုင်ပေလိမ့်မည်။
အင်ပါယာကျန်းထျန်သည် အစစ်အမှန် အင်မော်တယ်အဆင့်သို့ အဆင့်ချိုးဖြတ်နိုင်ရန်အတွက် အကြိမ်ပေါင်း များစွာ ကြိုးစားခဲ့၏။ သို့ပေမဲ့ အလုပ် မဖြစ်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူသည် တချို့သော အရာများကို နားလည်၏။ အင်ပါယာဖြစ်လာသည့် အချိန်တွင် အင်ပါယာကပ်ဘေးကို ကျော်ဖြတ်ရ၏။ အင်မော်တယ် ဖြစ်လာသည့် အချိန်တွင် ကပ်ဘေးဟူ၍ အဘယ်သို့မရှိဘဲ နေမည်နည်း။ ကပ်ဘေးကိုသာ ဆွဲခေါ်သည် ဆိုပါက ကောင်းကင် လျှို့ဝှက်နန်းဆောင်နှင့် တော်ဝင်သဲကန္တာရမြို့ကြီး တစ်ခုလုံးသည် ကပ်ဘေး၏ အလယ်ဗဟို သို့ ရောက်ရှိသွားမည် မဟုတ်ပါလား။
သူ့အနေနှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ကပ်ဘေးများကြားထဲတွင် ထိခိုက်ဒဏ်ရာ ရရှိမည်ကို စိုးရိမ်သောကြောင့် မဟုတ်ပေ။ ဤကဲ့သို့သော ကပ်ဘေးဆိုသည်မှာ နန်းဆောင်သခင်ကို တစ်ချက်ကလေးမှ အန္တရာယ် ဖြစ်နိုင်သည့်အရာ မဟုတ်ကြောင်း သူက ကောင်းစွာ သိရှိ၏။ နန်းဆောင်သခင် စိတ်ခုသွားမည်ကိုသာ သူ စိုးရိမ်နေခြင်း ဖြစ်သည်။
“ဒါ ခင်ဗျားရဲ့ ကံတရားပဲလေ”
လီယွင်သည် သူ၏အကြည့်ကို ပြန်လည်ရုတ်သိမ်းပြီးသည့်နောက် အပြင်ဘက်ဆီသို့ လှမ်းမျှော်ကာ ကြည့်ရှုလိုက် ၏။ “အခု အင်မော်တယ်တစ်ယောက် ဖြစ်လာဖို့ ..... ခင်ဗျားရဲ့ အခြေခံတွေ ခိုင်မာစေဖို့ လောကကြီးတစ်ခုကို စတေးပစ်မယ့် အကြံအစည်မျိုး ရှိနေသေးလား”
“မရှိတော့ပါဘူး”
အင်ပါယာကျန်းထျန်သည် မြန်မြန်ဆန်ဆန်ပဲ ပြန်လည်ပြောဆိုလိုက်၏။ သူ၏ရှေ့တွင် ရှိနေသည့် နန်းဆောင်သခင်သည် သူ၏အတွေးများ အားလုံးကို သိရှိပြီးသားဖြစ်၏။ သူ့အနေနှင့် တခြားသော အကြောင်း အရာများကို ဘယ်တော့မှ မတွေးရဲချေ။ မဟုတ်ပါက သေဆုံးသွားနိုင်၏။
“အင်း... အရမ်းကောင်းတယ်”
လီယွင်သည် ထိုစကားစုကိုရွတ်ဆိုပြီးသည့်နောက် ဆက်လက်ကာ ပြောလိုက်သည်။ “အခု ခင်ဗျား ထွက်သွားလို့ ရပြီ”
“ကောင်းပါပြီ”
အင်ပါယာကျန်းထျန်က ခေါင်းညိတ်လိုက်၏။ ပြီးနောက် ရှေ့ဆီသို့ ခြေလှမ်းရန် ပြင်လိုက်သည့်အချိန်မှာပဲ ရုတ်တရက် ရပ်တန့်သွားခဲ့၏။ သူ့နားကို သူမယုံနိုင်သလို ဖြစ်မိနေ၏။ ဘာကြားခဲ့သနည်း။ ထွက်သွားနိုင်ပြီဟု ပြောခဲ့သည်လား။
သူ၏ မှတ်ဉာဏ်များသည် အရင်အတိုင်း တည်ရှိနေ၏။ အဘယ်ကြောင့် ကောင်းကင်လျှို့ဝှက်နန်းဆောင် ထဲသို့ ရောက်ရှိလာခဲ့သည် ဖြစ်ကြောင်းကိုလည်း သူသေသေချာချာ မှတ်မိထား၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ရောက်ရှိပြီးနောက် သူသည် အပြစ်ပေးမှုကို ခံရမည့်အစား ကောင်းကောင်းမွန်မွန်ဖြင့် စားခြင်း၊ သောက်ခြင်း၊ ကျင့်ကြံခြင်းကိုပင် ပြုလုပ်၍ ရနေ၏။ အရာအားလုံးသည် ဤမျှ လွယ်ကူနေလေသည်လား။
“နန်းဆောင်သခင်က ဒီဂျူနီယာကို ဒီအတိုင်း ထွက်ခွာသွားစေချင်တာလား” အင်ပါယာကျန်းထျန်က တီးတိုး ပြန်လည်မေးမြန်းလိုက်၏။
“ဘာလို့လဲ”
လီယွင်သည် ခေါင်းကို အသာလှည့်ကာဖြင့် မေးမြန်းလိုက်သည်။ “ခင်ဗျားက ထွက်မသွားချင်ဘူးလား။ ဒါဆိုလည်း ရတယ်လေ။ ကျုပ်ဆီမှာ ဂိတ်စောင့်တစ်ယောက် လိုနေတယ်။ ဒီနေ့ကစပြီး ခင်ဗျား ကောင်းကင် လျှို့ဝှက်နန်းဆောင်ကို စောင့်ရှောက်လိုက်တော့”
အင်ပါယာစာရင်း၏ ထိပ်ဆုံးတွင် ရှိနေသည့် ကျင့်ကြံသူသည်သာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ ဂိတ်တံခါးမှူး ဖြစ်သွားသည်ဆိုပါက ကျိန်းသေပေါက် ကြားသည့်လူများအားလုံး သွေးအန်ကြကုန်မှာ သေချာ၏။
“နန်းဆောင်သခင်.... နားလည်မှု လွဲနေပါပြီ။ ဒီဂျူနီယာက အခုပဲ ထွက်သွားပါတော့မယ်” အင်ပါယာကျန်းထျန် သည် အလောတကြီးဖြင့် ဦးညွတ်လိုက်၏။ သူသည် လီယွင်ကို အသာခိုးကာ ကြည့်ရှုလိုက်ပြီးသည့်နောက် လီယွင် သည် သူ့ကို တားဆီးရန် ရည်ရွယ်ချက် မရှိကြောင်း အတည်ပြုလိုက်မိ၏။ ချက်ချင်းပဲ ကောင်းကင်လျှို့ဝှက် နန်းဆောင် အပြင်ဘက်ဆီသို့ လှမ်းထွက်လိုက်သည်။
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်သို့ ထွက်လာပြီးနောက် သူ၏ ခန္ဓာကိုယ်သည် အလင်းတန်းအဖြစ် အသွင်ပြောင်းပြီး မြို့၏ ဂိတ်တံခါးမှ အပြင်ဘက်ဆီသို့ ပျောက်ကွယ်သွားလေ၏။
တချိန်တည်းမှာပဲ ကောင်းကင်မူလလောကကြီး တစ်ခုလုံး၌ ကျန်းထျန်၏ အော်ရာများကို လုံးဝ ရှာဖွေ မတွေ့ရှိ တော့ချေ။ ကြည့်ရသည်မှာ ၎င်းအနေဖြင့် ခရမ်းရောင်နက်နဲလောကကြီးသို့ ဦးတည်ကာသွားခြင်း ဖြစ်ပုံပေါ်၏။ သူ မည်သည်နေရာကို သွားသည်ဆိုခြင်းကိုတော့ သူမှလွဲ၍ မည်သူမှ သိရှိလိမ့်မည် မဟုတ်ချေ။
“မကြာခင်မှာပဲ နောက်ထပ် အစစ်အမှန် အင်မော်တယ်တစ်ယောက် ထပ်ပြီး ပေါ်လာတော့မှာပဲ” လီယွင်သည် အင်ပါယာကျန်းထျန် ထွက်ခွာသွားသည့် တည်နေရာကို လှမ်းကြည့်ကာ ပြောလိုက်၏။ အစစ်အမှန် အင်မော်တယ် တစ်ယောက် ထွက်ပေါ်လာခြင်းသည် တကယ်ပင် အုတ်အော်သောင်းနင်း ဖြစ်စေမည့် အကြောင်းအရာ မျိုးပင်။
ထို့အပြင် အစစ်အမှန် အင်မော်တယ်တစ်ယောက်သည် တည်နေရာ၊ ဌာနေနှင့် နောက်လိုက်များ လိုအပ်နေ သေး၏။ ကျန်းထျန်အနေနှင့် အင်မော်တယ် ဖြစ်သွားသည်နှင့် မည်သည့်နေရာတွင်မဆို ထိုအရာများကို ရရှိရန် ကြိုးစားပေလိမ့်မည်။ ထိုသို့ဆိုလျှင် မြေအင်မော်တယ်လောကကြီးနှင့် ထိပ်တိုက်တွေ့ဆုံမှုရှိမှာ သေချာ၏။
ထို့အပြင် အင်ပါယာကျန်းထန် အနေနှင့် သနားကြင်နာတတ်သော လူတစ်ယောက်လည်း မဟုတ်ပေ။ ၎င်း၏ မှတ်ဉာဏ်များကို ပြန်လည်ပြုပြင်ခံထားရသည် ဆိုလျှင်တောင်မှ သူ၏ သဘောသဘာဝနှင့် စိတ်နေစိတ်ထားက အရင်အတိုင်း တည်ရှိလို့နေ၏။ ယခု အခြေအနေနှင့် အင်ပါယာကျန်းထန်သည် ကောင်းမွန်သည့် စိတ်ဆန္ဒတချို့ ပြောင်းလဲသွားခဲ့သည် ဆိုလျှင်တောင်မှ ၎င်း၏ သန္ဓေ စိတ်ဆန္ဒသည် ခန္ဓာကိုယ်အတွင်း၌ တည်ရှိနေဦးမှာ သေချာသည်။
အပြင်ဘက်လောကတွင် လူပေါင်းများစွာတို့သည် မတ်မတ်ရပ်လျက် ရှိနေပြီး ကောင်းကင်ယံထက်တွင် ရှိနေသော စာရင်းကို ကြည့်ရှုလိုက်၏။ ၎င်းတို့ထဲတွင် တော်တော်များများတို့သည် စာရင်း၏ ပြောင်းလဲမှုကို သိချင်သောကြောင့် လာရောက်ကာ စစ်ဆေးကြည့်ရှုနေကြခြင်း ဖြစ်၏။ စာရင်းတွင် မည်သည့်အရာများ ပြောင်းလဲသွားသည်ဆိုဆို ထိုအရာသည် ၎င်းတို့ ပြန်လည်ပေးပို့ရမည့် သတင်းအချက်အလက်များဖြစ်၏။
အင်ပါယာအဆင့် စာရင်းတွင် ပြောင်းလဲသွားမည်ဆိုပါက ကျိန်းသေပေါက် အားလုံးသောသူတို့ အံ့အားသင့်စေပြီး လောကကြီးတစ်ခုလုံး တုန်ခါသွားစေမည့် ကိစ္စရပ်ပင် ဖြစ်၏။ ထို့အပြင် အင်ပါယာစာရင်းတွင် တည်ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် တကယ်ကို ကျိန်းသေပေါက် အားအင်ကောင်းမွန်လှသည့် ကျင့်ကြံသူများ ဖြစ်ကြ၏။ ၎င်းတို့နာမည်သည်သာ ပျောက်ကွယ်သွားသည်ဆိုပါက သေဆုံးခြင်း သို့မဟုတ် အင်မော်တယ် ဖြစ်သွားသည်ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်လေ၏။ ဤကဲ့သို့သော ပြောင်းလဲမှုသည် အားလုံးသောသူတို့ သိချင်နေသည့် အကြောင်းအရာမျိုး ဖြစ်ပေလိမ့်မည်။
လူအုပ်ထဲတွင်တော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် ကောင်းမွန်လှသည့် ဟန်ပန် အမူအရာမျိုးဖြင့် မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်း၏ ပခုံးပေါ်တွင်တော့ အဖြူရောင်မာဖလာတစ်ခုက တည်ရှိနေ၏။ ချောမောလှသည့် မျက်နှာသွင်ပြင်နှင့် အပြာဖျော့ဖျော့ ထီးတစ်ခုကို ကိုင်ဆောင်ထား၏။
၎င်းသည် သိသာ ထင်ရှားလှသည့် ဝတ်စားဆင်ယင်မှုနှင့် အားလုံးသောသူတို့၏ အာရုံကို ဆွဲဆောင်သည့်အရာမျိုး မဖြစ်အောင် နေထိုင်နေသည်ဆိုသော်လည်း ခန္ဓာကိုယ်နှင့် မျက်နှာသွင်ပြင်ဆီမှ ထွက်ပေါ်နေသည့် တော်ဝင်ဆန် လှသည့် အရှိန်အဝါများသည် အားလုံးသောသူတို့ကို သတိထားမိစေခဲ့သည်။
လူတော်တော်များများသည် လှမ်းကာ ကြည့်ရှုလိုက်ကြ၏။
“ဆိုးလိုက်တာ”
သူတော်စင့်အဆင့် ကျင့်ကြံသူတစ်ယောက်သည် တစ်စုံတစ်ခု လွဲမှားနေသည်ကို အာရုံခံမိ၏။ သို့ပေမဲ့ ဘာမှန်း သေသေချာချာ မသိရှိချေ။ သူသည် အဖြူရောင်ဝတ်စုံနှင့်လူကို အသာလှမ်းကာ ကြည့်ရှုလိုက်၏။ သို့ပေမဲ့ ထိုသူ၏ ကျောဘက်ကိုသာ မြင်လိုက်ရ၏။
အဖြူရောင်ဝတ်စုံနှင့်လူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင် တည်ရှိရာ နေရာဆီသို့ တစ်လှမ်းချင်းစီ လျှောက်သွားခဲ့၏။ ၎င်း၏ ထီးပေါ်တွင် ရေးသားထားသည့် စာလုံးနှစ်ခုက တည်ရှိနေ၏။ “ကျဲ့ချန်”
“ကျဲ့ချန် ဟုတ်လား” သူတော်စင်သည် ခဏလောက် ကြောင်အသွား၏။ ပြီးနောက် မြန်မြန်ဆန်ဆန်ပဲ တုံ့ပြန်လိုက်မိ၏။ မကြာခင်မှာပဲ ကျဲ့ချန်ဟုခေါ်သော အင်ပါရီယာလက်နက်သည် အင်ပါရီယာလက်နက် စာရင်းတွင် ပါဝင်နေသည်ဖြစ်ကြောင်း သူက သိရှိလိုက်၏။
[နံပါတ်ဆယ့်တစ် - ကျဲ့ချန်ထီး
ပိုင်ဆိုင်မှု - မြေအင်မော်တယ်လောက
သွန်းလုပ်သူ - တော်ဝင်အင်ပါယာတိုင်ရီ
ပိုင်ရှင် - တော်ဝင်အင်ပါယာတိုင်ရီ]