အပိုင်း (၄၁၅)
Vol. 28 Ch. 415
“ဒါ... စီနီယာရဲ့ သတိပေးမှုကို ကျေးဇူးတင်ပါတယ် စီနီယာ”
တော်ဝင်အင်ပါယာတိုင်ရီသည် ရုတ်တရက် နားလည်သွား၏။ သူ၏ နှလုံးသားထဲတွင် ကြောက်လန့်မှုများကိုပင် ခံစားလိုက်မိ၏။ ဤလောကထဲတွင် အလကားရသည့်အရာဟူ၍ မရှိချေ။
စွမ်းအားမြင့် အမွေအနှစ်များကို လက်ခံရရှိခဲ့ခြင်း ဆိုသည်မှာ ထိုသူ၏ ရန်ငြိုးနှင့် အကြွေးများအားလုံးကို ဆက်ခံရယူခြင်းနှင့် ဆင်တူလှ၏။ နိရယ အင်ပါယာသည် လက်ရှိအခြေအနေ၌ တကယ်ကို မြင့်မားသည့် အခြေအနေတစ်ခုသို့ ရောက်ရှိနေသည်ဟု ထင်မှတ်မှားရသော်လည်း အစစ်အမှန်တရားမှာတော့ အမှောင်ထဲတွင် အန္တရာယ်များ ပြည့်နှက်လျက် ရှိနေ၏။
ကံကောင်းစွာဖြင့် သူမသည် ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်ကို အပြည့်အဝ သန့်စင်ခြင်း မရှိနိုင်ခဲ့ သေးချေ။ အကယ်၍ ပြည့်စုံသွားသည်ဆိုပါက ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်သည် စတင်ကာ အသက်ဝင်လာမှာဖြစ်၏။ ထိုသို့ဆိုလျှင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အန္တရာယ်များသည် သက်ဆင်းလာပေလိမ့်မည်။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်အနေနှင့် မေးခွန်းသုံးခုထဲတွင် တစ်ခုတည်းကိုသာ ဖြေဆိုခဲ့သည် ဆိုသော်လည်း ထိုအရာသည် လုံလောက်ပြီဖြစ်၏။ အနည်းဆုံးအနေနှင့် ငရဲလောကကြီးသည် မတည်ရှိ တော့သည်ဖြစ်ကြောင်းကို သူကသိရှိခဲ့ပြီးဖြစ်၏။ ငရဲအင်ပါယာ တစ်ယောက်တည်းသာ ကျန်ရှိတော့သည် ဖြစ်သောကြောင့် သူ စိုးရိမ်ပူပန်စရာ မလိုတော့ချေ။
နိရယ အင်ပါယာ တိုးတက်မြင့်မားလာသည် ဆိုလျှင်တောင်မှ သူသည်လည်း ထိုကဲ့သို့ တိုးတက်မြင့်မားလာ၏။ ထို့အပြင် သူသည် နိရယအင်ပါယာ၏ အစောပိုင်းကတည်းက ပေါ်ပေါက်ခဲ့သည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးသည့်နောက် သူသည် ပိုမိုကာ ကောင်းမွန် လာသည့် စွမ်းအင်အဆင့်ကို ပိုင်ဆိုင်နေ၏။
လက်ရှိ သူ၏အစစ်အမှန် ခန္ဓာကိုယ်သည် အစစ်အမှန်အင်မော်တယ် ထိပ်ဆုံးအဆင့်ကိုပင် ကျင့်ကြံခဲ့ပြီးသား ဖြစ်၏။ နောက်ထပ် ခြေတစ်လှမ်းအနေနှင့် အာရုံ အပြည့်အဝစိုက်ကာဖြင့် သူ၏ ကိုယ်ခွဲ ရှစ်ခုလုံးအား ကျင့်ကြံစေခြင်းသာဖြစ်သည်။
နှစ်သန်းပေါင်းများစွာ ကြာမြင့်သည့် အတောအတွင်း သူ၏ကိုယ်ပွား တစ်ခုချင်းစီတိုင်းသည် အစစ်အမှန် အင်မော်တယ်အဆင့်ဆီသို့ တစ်ယောက်ချင်း တက်လှမ်းလာပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ့၌ ဝှက်ဖဲရှစ်ခု တည်ရှိသည်နှင့် တူညီပေမည်။
မြေအင်မော်တယ်လောကတစ်ခုလုံးကို ယုံကြည်ချက်ရှိရှိဖြင့် လှည့်လည်လျှောက်ကာ သွားလာနိုင်မည်ဖြစ်ပြီး မည်သူမျှပင် ပြိုင်ဘက်မဟုတ်တော့ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်ကတော့ ခြွင်းချက်သာဖြစ်၏။
သူ့အား ရန်ငြိုးဖွဲ့ တိုက်ခိုက်သူများ အားလုံးတို့သည် အစစ်အမှန်အင်မော်တယ် ကိုးယောက်တို့ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံရမှာဖြစ်၏။ ထိုအရာသည် တွေးကြည့်လိုက်ရုံနှင့်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှပြီး အားလုံးသောသူတို့သည် ကျောရိုးမကြီးကိုပင် စိမ့်တက်သွားစေနိုင်သည့် အခြေအနေမျိုးပင်။
တွေးခေါ် မျှော်မြင်ကြည့်ရမယ်ဆိုလျှင် သူရရှိခဲ့သည့် အမွေအနှစ်သည် နိရယ အင်ပါယာထက် မည်သို့မျှ နိမ့်ကျလိမ့်မည် မဟုတ်ချေ။ သူကိုယ်တိုင် ကောင်းကောင်းမွန်မွန်နှင့် ကြိုတင်ကာ ပြင်ဆင်ထားနိုင်သည် ဆိုပါက သူ့၌ အခွင့်အလမ်းအများကြီး တည်ရှိလို့နေ၏။ လုံလောက်သည့်အခြေအနေနှင့် ပါရမီကိုသာ ပေါင်းစပ်နိုင်သည် ဆိုပါက သူသည် အင်မော်တယ် အင်ပါယာ ကိုးယောက်ထိ ကျင့်ကြံနိုင်စွမ်း ရှိနေ၏။ ထိုအရာမှာ မဖြစ်နိုင်သည်ဟူ၍ မရှိချေ။ ဤကဲ့သို့သော အခြေအနေမျိုးကို ရောက်ရှိရန် ဆိုသည်မှာလည်း ကံကြမ္မာတရား အပေါ်တွင်တော့ အမှီအခိုပြုလျက်ရှိသည်။
“စီနီယာ”
တော်ဝင်အင်ပါယာတိုင်ရီသည် စိတ်ခံစားချက်ကို တည်ငြိမ်အောင် ထိန်းသိမ်းပြီး ခဏလောက် တွေးတောလိုက် ၏။ ပြီးနောက် သတိအပြည့်နှင့် ပြောဆိုလိုက်၏။ “နိရယအင်ပါယာ၊ သူမက သာမာန်ထက်ပိုတဲ့ ပါရမီကို ပိုင်ဆိုင်ပြီးတော့ ငရဲလောကကြီးကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေတာလေ။ ကြည့်ရတာ အလုပ်လည်း ဖြစ်နေတဲ့ပုံပဲ။ ဒါကိုသာမတားဘူးဆိုရင် အနာဂတ်မှာ ကြီးမားတဲ့ကပ်ဘေးကြီး ဖြစ်မှာ စိုးရတယ်”
လက်ရှိအခြေအနေ၌ လောကနှစ်ခုသည် ပေါင်းစပ်ပြီးသားဖြစ်၏။ နိရယအင်ပါယာသည် ခရမ်းရောင်နက်နဲ လောကကြီး၏ ဌာနေတော်တော်များများကို စတင်ကာ ဝါးမျိုခဲ့ပြီးဖြစ်၏။ သူမ၏ ထိန်းချုပ်နိုင်သည့် အကွာအဝေး တည်နေရာသည် ပိုမိုကာ တိုးတက်လာခဲ့သည်။
ရှားရှားပါးပါး ပါရမီနှင့် ပေါင်းစပ်ခဲ့ပြီး တော်ဝင်အင်ပါယာ၏ ထိပ်ဆုံးအဆင့်ကို နှစ်တစ်သိန်းနီးပါးအတွင်း ရောက်ရှိလာခဲ့သောကြောင့် သူမကို နောက်ထပ် နှစ်တစ်သောင်း၊ နှစ်သောင်းလောက်သာ အချိန်ပေး လိုက်သည် ဆိုပါက ကျိန်းသေပေါက် အင်မော်တယ်ဖြစ်လာမှာ သေချာ၏။
နှစ်ယောက်လုံးသည် အစစ်အမှန် အင်မော်တယ် ဖြစ်သည်ဆိုသော်လည်း ကျင့်ကြံခဲ့သည့် အကွာအဝေး၊ အချိန်ကာလ၌ ပြဿနာ အများကြီး ပေါ်ပေါက်လာနိုင်၏။ ငရဲအင်ပါယာ၏ အနာဂတ် အောင်မြင်မှု များသည် သူမ၏ ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ် ပြည့်စုံခြင်းရှိ၊ မရှိပေါ်တွင် မူတည်လျက်ရှိနေ၏။ လက်ရှိအခြေအနေမှာတော့ ငရဲလောကကြီး ထပ်မံ မပေါ်ပေါက်လာအောင် ရှိရှိသမျှသော အားအင်စုများက ဝိုင်းဝန်းကာ ထိန်းသိမ်းစောင့်ရှောက် သွားရမည့်ပုံပင် ပေါ်နေ၏။ မည်သူကမှ သေသေချာချာ မသိရှိချေ။ ထိုကဲ့သို့သော ဖြစ်တည်လာမည့်နေ့မျိုးကို ရောက်ရှိလာသည်ဆိုပါက သူပင်လျှင် ဘာမှပြုလုပ်၍ မရနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားနိုင်မည်ဖြစ်ကြောင်း တော်ဝင်အင်ပါယာတိုင်ရီက ယုံကြည်နေမိသည်။
သူ့အနေနှင့် မသေချင်သည်ဆိုပါက နိရယ အင်ပါယာ တိုးတက်လာမည့် လမ်းစဉ်အားလုံးကို တားဆီးရန်သာ ရှိ၏။ သူမကို အရင်ဆုံး သတ်ဖြတ်ခြင်း၊ ငရဲလောကကြီး ဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရာ အားလုံးကို ဖြတ်တောက်ခြင်း၊ ထိုကဲ့သို့သော အရာများကို ပြုလုပ်မှသာလျှင် သူမ၏အနာဂတ်သည် ငြိမ်းချမ်းပေလိမ့်မည်။
“ဒီတော့”
လီယွင်သည် အသာပြုံးကာ ပြောလိုက်၏။ “ကျုပ်ကို နိရယ အင်ပါယာကို ဖိနှိပ်တိုက်ခိုက်စေချင် တာလား”
“အင်း”
တော်ဝင်အင်ပါယာတိုင်ရီ၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တုန်ခါသွားခဲ့၏။ သူသည် ထိုကဲ့သို့သော အတွေးမျိုး ရှိခဲ့၏။ သူ့အနေနှင့် နိရယ အင်ပါယာကို သတ်ဖြတ်ခြင်း မပြုနိုင်ပေ။ ပြုလုပ်နိုင်သည် ဆိုပါက အစောကြီးကတည်းက ပြုလုပ်ပြီးဖြစ်ပေလိမ့်မည်။
လောကကြီးနှစ်ခုပေါင်းစပ်မှုကို ကြည့်ရမည်ဆိုလျှင် ကျိန်းသေပေါက် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် သည် ဤကဲ့သို့သော အားအင်အဆင့်ကို ပိုင်ဆိုင်မှာ သေချာ၏။ စီနီယာ နန်းဆောင်သခင်သည် ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည် ဖြစ်သောကြောင့် တော်ဝင်အင်ပါယာတိုင်ရီသည် သူ၏ရည်ရွယ်ချက်များကို ထိန်းသိမ်း မထားတော့ချေ။ တိုက်ရိုက်ဆိုသလိုပဲ ပြောဆိုလိုက်သည်။ “ကျုပ် ဖုံးကွယ်မထားတော့ပါဘူး စီနီယာ၊ ကျုပ်မှာ အဲ့ဒီရည်ရွယ်ချက် ရှိပါတယ်။ စီနီယာသာ တကယ်တမ်း လှုပ်ရှားပေးမယ်ဆိုရင် ဘယ်လို ပမာဏမျိုးကို ဖြစ်စေ ကျုပ်ပေးချင်ပါတယ်”
“ကောင်းကင်လျှို့ဝှက်နန်းဆောင်က ကြေးစားလူသတ်သမားအဖွဲ့အစည်း တစ်ခု မဟုတ်ဘူး။ တခြား အဖွဲ့အစည်းတစ်ခုခုရဲ့ လက်ထဲက လက်နက်တစ်ခုအနေနဲ့ အဖြစ်ခံမှာ မဟုတ်ဘူး” လီယွင်သည် ခေါင်းကို ခါယမ်းလိုက်၏။
သူ၏ ယခင်တုန်းက ဝင်ရောက်လှုပ်ရှားမှုများသည် ကောင်းကင်လျှို့ဝှက်အမှတ်များ လိုအပ်နေသောကြောင့် ပင်။ သူ့အနေနှင့် လောကတော်တော်များများကို ပေါင်းစည်းခြင်း မပြုရသေးချေ။ ထို့ကြောင့် အမှတ် တော်တော်များများ လိုအပ်လျက် ရှိနေ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ များပြားလှသော လောကများကို ပေါင်းစပ်ပြီးသည့်နောက် ကောင်းကင်မူလလောကကြီး၏ အဆင့်အတန်း သည် ရုတ်တရက် တိုးတက်လာခဲ့၏။ သူ့၌ ကောင်းကင်လျှို့ဝှက်အမှတ်များ မလိုအပ်တော့ချေ။
ထို့ကြောင့် တခြားသော တစ်စုံတစ်ယောက်ရဲ့ ကိစ္စရပ်များကို ဝင်ရောက်ပါဝင်ခြင်းကို ဘယ်တော့မှ ပြုလုပ်တော့မည် မဟုတ်ချေ။ ထို့ပြင် နိရယအင်ပါယာတစ်ယောက် ငရဲလောကကြီးကို စတင်တည်ထောင်ခြင်း ဆိုသည်မှာ သူနှင့်ဘာမှ သက်ဆိုင်လှသည့် အကြောင်းအရာမဟုတ်ချေ။ ထို့ကြောင့် အကြောင်းအရင်းမရှိဘဲ ပါဝင်ပတ်သက်ရန် သူ့၌ ရည်ရွယ်ချက်မရှိပေ။
“ကောင်းကင်မူလလောကကြီး၊ ခရမ်းရောင်နက်နဲလောကနဲ့ မြေအင်မော်တယ်လောက၊ လုပ်ကြံ သတ်ဖြတ်ရေး အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ ဘာလို့ သူတို့ကို သွားပြီး အကူအညီ မတောင်းရတာလဲ” လီယွင်ကမေးမြန်းလိုက်သည်။
“ကျုပ်”
တော်ဝင်အင်ပါယာတိုင်ရီသည် တွန့်ဆုတ်သွားမိ၏။ အကယ်၍ ထိုသူတို့သည်သာ အသုံးဝင်သည်ဆိုပါက သူသည် ကျိန်းသေပေါက် ထိုသူတို့ကို တောင်းခံပြီးပြီဖြစ်၏။ သို့ပေမဲ့ ဤကြေးစားလူသတ်သမား အဖွဲ့အစည်း များသည် တကယ့်ကို အားနည်းလွန်းလှချေ၏။ သာမန်သူတော်စင်တစ်ယောက်ကို သက်တောင့်သက်သာဖြင့် ကိုင်တွယ်နိုင်ခဲ့သည်ဆိုသော်လည်း နိရယ အင်ပါယာကို တိုက်ခိုက်ဖို့ ဆိုသည်မှာတော့ သေလမ်းရှာခြင်းနှင့် ဆင်တူပေလိမ့်မည်။ သူ၏အစစ်အမှန် ခန္ဓာကိုယ်ပင်လျှင် ပြုလုပ်နိုင်စွမ်းမရှိသည့် အကြောင်းအရာကို အဘယ်သို့ ကြေးစားလူသတ်သမားအဖွဲ့အစည်းက ပြုလုပ်နိုင်မည်နည်း။
“စီနီယာ.... နိရယအင်ပါယာက သူမကို ကာကွယ်ဖို့ ရတနာတစ်ခု တည်ရှိနေတယ်လေ။ အဲ့ဒီရတနာ ပျောက်ကွယ်သွားအောင် လုပ်နိုင်မဲ့နည်းလမ်း စီနီယာဆီမှာ ရှိလား”
တော်ဝင်အင်ပါယာတိုင်ရီသည် တခြားသော နည်းလမ်းတစ်ခုကို စဉ်းစားလိုက်မိ၏။ သူသည် ကိုယ်တိုင်လှုပ်ရှားရန် ရည်ရွယ်ချက်ရှိ၏။ ငရဲအင်ပါယာ၏ လက်ထဲတွင် အသက်ကယ်အဆောင်သာ မရှိသည်ဆိုပါက သူ၏ အင်မော်တယ် အားအင်အဆင့်များသည် သူမကို တိုက်ခိုက်ရန်အတွက် ကြိုးကြိုးစားစားနှင့် ပင်ပင်ပန်းပန်းကြီး တိုက်ခိုက်ရမည် မဟုတ်ချေ။
“သိပ်ရှိတာပေါ့” လီယွင်က တည်ငြိမ်စွာပြောလိုက်၏။
“ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါအုံး … စီနီယာ”
တော်ဝင်အင်ပါယာတိုင်ရီ၏ မျက်လုံးများသည် တောက်ပသွားခဲ့၏။ သူသည် ဆေးပုလင်းတစ်ခုကို ထုတ်ယူကာဖြင့် လီယွင်၏ရှေ့တွင် ချလိုက်၏။ လီယွင်သည် ထိုအရာကိုလှမ်းကြည့်ပြီးသည့်နောက် အကြည့်ကို ပြန်လည် ရုတ်သိမ်းလိုက်၏။ “အဲလောက်နဲ့ မလုံလောက်ဘူး”
“မလုံလောက်ဘူး ဟုတ်လား”
တော်ဝင်အင်ပါယာတိုင်ရီသည် မစိုးရိမ်ခဲ့ချေ။ ပိုမိုကာပင် သဘောကျသွား၏။ စီနီယာအနေနှင့် လုံလောက်သည့် သတင်းအချက်အလက်ကို ရောင်းချတော့မည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း သူက နားလည်လိုက်မိ၏။ သတင်းအချက်အလက်က ပိုမိုကာတန်ဖိုးကြီးလေ ပေးရမည့် အကြောင်းအရာက များလေပင်ဖြစ်သည်။
စီနီယာ၏ လက်ထဲမှ ရရှိခဲ့သည့် သတင်းအချက်အလက်သည် သံသယရှိစရာမလိုပါဘဲ နိရယ အင်ပါယာ တစ်ယောက် လောက၏ အောက်ဆုံးအဆင့်ဆီသို့ ထိုးဆင်းသွားရမည့် အကြောင်းအရာ ဖြစ်နိုင်၏။ သူသည် နောက်ထပ် ဆေးပုလင်းနှစ်ခုကို ထုတ်ယူကာဖြင့် စားပွဲပေါ်သို့ ထပ်တင်လိုက်၏။ ပြီးနောက် မေးလိုက်၏။ “ဒီလောက်ဆိုရင် လုံလောက်ပြီလား”
“လုံလောက်လု နီးပါးပေါ့” လီယွင်သည် ဆေးပုလင်းများကို အသာသိမ်းဆည်းကာဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။
“တစ်နှစ်ကြာပြီးရင် နိရယ အင်ပါယာက မြေအင်မော်တယ်လောကကြီးရဲ့ ငရဲယင် ကောင်းကင်ဘုံ နန်းတော်ထဲမှာ အစစ်အမှန်အင်မော်တယ်အဆင့်ကို တက်လှမ်းလိမ့်မယ်။ သူမ တက်လှမ်းတဲ့အချိန်မှာ သူမရဲ့ အသက်ကယ် အဆောင်ကို သိမ်းဆည်းသွားလိမ့်မယ်”
အံ့အားသင့်စရာ ပါရမီကိုပိုင်ဆိုင်သည့် နိရယ အင်ပါယာသည် တော်ဝင် အင်ပါယာထိပ်ဆုံးအဆင့်ဆီမှသည် အင်မော်တယ်အဆင့်သို့ တက်လှမ်းသွားပေလိမ့်မည်။ ထို့ပြင် သူမ၏ ထူးခြားလှသော ပါရမီကြောင့် သူမသည် ကပ်ဘေးကို ကျော်ဖြတ်နေသည့်အတောအတွင်း အသက်ကယ်အဆောင်ကို အသုံးပြုလိမ့်မည် မဟုတ်ချေ။
မိုးကြိုးကပ်ဘေးဆိုသည်မှာ စွမ်းအားမြင့်ကောင်း မြင့်ပေလိမ့်မည်။ သို့ပေမဲ့ ၎င်း၌ အကျိုးကျေးဇူး တချို့လည်း တည်ရှိနေ၏။ ကျင့်ကြံသူများအနေနှင့် ထိုကပ်ဘေးများကို ဝင်ရောက်ပြီး ကောင်းကင်နှင့် မြေကြီး၏ နက်နဲလှသည့် နိယာမများကို နားလည်နိုင်စွမ်းရှိသလို ၎င်းတို့၏ ခန္ဓာကိုယ်ကိုလည်း ပိုမို ကြံ့ခိုင်စေခဲ့၏။ အားနည်းသည့် ကျင့်ကြံသူများအနေဖြင့် အကာအကွယ်ရတနာများကို လိုအပ်သော်လည်း နိရယ အင်ပါယာ ကဲ့သို့သော လူကတော့ ထိုအရာကို လိုအပ်လိမ့်မည် မဟုတ်ချေ။ မိုးကြိုး ကပ်ဘေးဆိုသည်မှာ သူမအတွက်တော့ ကောင်းကင်က ပေးအပ်လိုက်သည့် လက်ဆောင်တစ်ခုကဲ့သို့ပင်။ သူမကို မြင့်မားသည့်အခြေအနေဆီသို့ ရောက်ရှိအောင် ကူညီပေးနိုင်ပေလိမ့်မည်။
“တစ်နှစ်ကြာပြီးရင် ဟုတ်လား” တော်ဝင်အင်ပါယာတိုင်ရီ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပေါ်ပေါက်လာခဲ့၏။
အဘယ့်ကြောင့် ဤမျှ မြန်ဆန်ရသနည်း။ နိရယ အင်ပါယာ၏ ကျင့်ကြံခြင်းအဆင့်သည် မြန်ဆန်လှသည်ဟု သူက တွေးတောခဲ့၏။ သို့ပေမဲ့ ဤမျှ မြန်ဆန်လိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ နိရယ အင်ပါယာသည် တကယ့်ကို သာမာန်ထက် ပိုကာ ထူးခြားလွန်းလှသည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်အနေနှင့် ငရဲအင်ပါယာသည် တစ်ရက်အတွင်း အစစ်အမှန် အင်မော်တယ်အဆင့်ဆီသို့ တက်လှမ်းသွား လိမ့်မည်ဟု ပြောဆိုမည် ဆိုလျှင်တောင်မှ သူက အံ့အားသင့်လိမ့်မည် မဟုတ်ချေ။ ထို့ပြင် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းအတွင်းတွင် နိရယအင်ပါယာသည် များပြားလှသည့် ကျင့်ကြံခြင်းမှတ်တမ်းများကို ချိုးဖြတ်ခဲ့သူ တစ်ယောက်ဖြစ်သည် မဟုတ်ပါလား။