အပိုင်း (၄၁၈)
Vol. 28 Ch. 418
"ခင်ဗျားက ခရမ်းရောင် နက်နဲလောကကြီးကို အထင်သေးနေတာလား။ သာမန် နိရယပြည်လေးတစ်ခုက ခရမ်းရောင် နက်နဲလောကကြီးတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်မယ်လို့ ထင်နေတာလား"
အင်ပါယာမိုယွမ်က တုံ့ပြန်လိုက်၏။ နိရယ အင်ပါယာ၏ စကားကို သူ မယုံကြည်ချေ။ သူသည် ဖိနှိပ်ခြင်း ခံထားရသည် ဆိုရင်တောင်မှ ခရမ်းရောင် နက်နဲလောကကြီးတစ်ခုလုံး ဖိနှိပ်ခံရခြင်းဟု အဓိပ္ပာယ် မသက်ရောက်ချေ။ သူ့အပြင် ခရမ်းရောင် နက်နဲလောကကြီး၌ အမွေအနှစ်များကို ဆက်ခံရရှိထားသည့် ကျင့်ကြံသူများ တည်ရှိနေ၏။ ထို့ကြောင့် အထင်အမြင်သေး၍ မရနိုင်ချေ။ မကြာခင် အရာအားလုံး သိရှိပြီးချိန်၌ ခရမ်းရောင် နက်နဲလောကကြီးမှ အင်မော်တယ်များပင် ထွက်ပေါ်လာနိုင်၏။ ထိုသို့ဆိုလျှင် အရာအားလုံး ပြောင်းပြန် ဖြစ်တည်သွားပေလိမ့်မည်။
"ရှင့်ရဲ့ ယုံကြည်မှုက အဲ့လူတွေအပေါ်မှာ မူတည်နေတာလား"
နိရယ အင်ပါယာ၏ အသံသည် အေးစက်နေ၏။ သူမ ပြောဆိုလိုက်သည့် အချိန်တွင် အလင်းတန်းများက တဝုန်းဝုန်း ဖြစ်တည်နေ၏။ အင်ပါယာတစ်ယောက်၏ အော်ရာများသည် အချိန်နှင့် တည်နေရာတစ်ခုလုံးကိုပင် လှုပ်ခါနိုင်စွမ်း ရှိနေ၏။
"အင်ပါယာပိုင်လီက အင်ပါယာစာရင်းရဲ့ နံပါတ်ကိုးနေရာမှာ ရှိပြီး အင်ပါယာယုညိုက အင်ပါရီယန်စာရင်းရဲ့ ဆယ်ယောက်မြောက် နေရာမှာ ရှိတယ်။ သူတို့က ခရမ်းရောင် နက်နဲလောကကြီးကို ခုခံကာကွယ် ပေးနိုင်မယ်လို့ ထင်နေတာလား။ "
နိရယ အင်ပါယာသည် အထင်အမြင်သေးသည့် လေသံမျိုးဖြင့် ပြောဆိုလိုက်သည်။
"အင်ပါယာစာရင်းလား"
အင်ပါယာမိုယွမ် သည် ထိုစကားစုကို ကြားရသည့် အချိန်မှာတော့ မျက်စိသူငယ်အိမ်များ ကြုံ့ဝင်သွား၏ သူသည် ကျယ်လောင်စွာဖြင့် ရယ်မောလိုက်မိ၏။ အချိန်အတော်ကြာပြီးနောက် သူ၏ရယ်သံက ရပ်တန့်သွားခဲ့၏။
"ကောင်းကင်လျှို့ဝှက် နန်းဆောင် တည်ရှိပုံကို အစောကြီးကတည်းက သိရှိပြီးပုံပဲ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို သိပြီးဖြစ်မှတော့ ခင်ဗျားအနေနဲ့ နန်းဆောင်သခင်ရဲ့ အားအင်ကို နားလည်ပြီး ဖြစ်လိမ့်မယ်။ ကျုပ်ခင်ဗျားကို ဖုံးကွယ်မထားတော့ဘူး။ မြေအင်မော်တယ်လောကနဲ့ ခရမ်းရောင် နက်နဲလောကကို ပေါင်းစပ်ခဲ့တာ နန်းဆောင်သခင်ရဲ့ လက်ချက်ပဲ။ ခင်ဗျားတို့ မြေအင်မော်တယ် လောကကလူတွေက ခရမ်းရောင် နက်နဲလောက ကို အရှိန်အဟုန်ပြင်းပြင်း နဲ့ လာရောက်တိုက်ခိုက်နေတယ်။ ဒါက ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို ရန်ပြုနေတာနဲ့ အတူတူပဲ။ တစ်နေ့မှာ ခင်ဗျားတို့ ပျက်စီးခြင်းအဖြစ်ကနေ ရှောင်လွဲလို့ မရနိုင်ဘူး။ "
"ဟုတ်လား"
ဟောခန်း၏ အတွင်းဖက်ဆီမှ အေးစက်သည့် အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။ ထိုအသံသည် မထူးခြားသလို ခပ်တည်တည်ပင်။
"ကျွန်မသိသလောက်တော့ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က လှုပ်ရှားတိုက်ခိုက်တာ သိပ်မရှိဘူးတဲ့။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းကလည်း ကျိုးကြောင်းဆီလျော်မှု ရှိတယ်။ ကျွန်မအထင်အရဆိုရင် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် က လောကနှစ်ခုကြားမှာ ရှိနေတဲ့ တိုက်ပွဲတွေကို ပါဝင်ပတ်သက်မှာ မဟုတ်ဘူး။ ပြီးတော့ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်အနေနဲ့ ပါဝင်ပတ်သက်ချင်တယ်ဆိုရင် ပထမဆုံး ရှင်တို့ခရမ်းရောင် နက်နဲလောကကြီး ကို ဖျက်ဆီးလိမ့်မယ်။ ကျွန်မ မမှားဘူးဆိုရင် အဲ့တာ ရှင့်ကြောင့်ပဲ။ ကောင်းကင်မူလလောကကြီးကို ပထမဆုံး တိုက်ခိုက်ခဲ့တာ ရှင် အင်ပါယာမိုယွမ် ပဲ မဟုတ်လား။"
"ခင်ဗျား"
အင်ပါယာမိုယွမ်၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ ဤကိစ္စသည် လျှို့ဝှက်ချက် တစ်ခုမဟုတ်ပေ။ အနည်းငယ်လောက် စုံစမ်းလိုက်ရုံဖြင့် သိရှိနိုင်သော အကြောင်းအရာဖြစ်၏။ ခရမ်းရောင် နက်နဲလောကကြီးနှင့် ကောင်းကင်မူလလောကကြီးတို့ ပေါင်းစပ်မှုကြား၌ လောကနှစ်ခုသည် အစောကြီးကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီးဖြစ်၏။ ပေါင်းစပ်သည့် အတောအတွင်း တိုက်ပွဲများသည် မပျောက်ကွယ်သွားခဲ့ချေ။ နယ်စပ်တစ်နေရာလုံး ပြင်းထန်လှသည့် တိုက်ပွဲများ ဖြစ်တည်ခဲ့၏။ လောကကြီးနှစ်ခု၏ အားအင်အဆင့်သည် တူညီလျက် ရှိနေသောကြောင့် အခြေအနေသည် လုံးဝရှုပ်ထွေးလျက် ရှိ၏။ ခရမ်းရောင် နက်နဲလောကကြီး သည်သာ သာမန်ထက်ပိုသည့် အားအင်ကို ပိုင်ဆိုင်ပါက လက်ရှိ ကောင်းကင်မူလလောကကြီးအနေဖြင့် ရှိတောင်ရှိတော့မည် မဟုတ်ချေ။
"ကျွန်မရဲ့ လုပ်ရပ်တွေ အားလုံးကို ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က အတည်ပြုပြီးသား ဖြစ်လိမ့်မယ်။ ဒါဆိုဘာလို့ ဖျက်ဆီးခံရဖို့ ကြောက်လန့်နေရမှာလဲ"
နိရယ အင်ပါယာ၏ အသံသည် တည်ငြိမ်လျက် ရှိနေ၏။ စကားလုံးတစ်ခုချင်းစီကို ဖြေးညင်းစွာ ပြောဆိုလျက် ရှိနေပြီး ထိုစကားလုံးတစ်ခုချင်းစီတိုင်းကလည်း အင်ပါယာမိုယွမ်၏ မျက်နှာကို ဖြူလျော်စေခဲ့၏။ နိရယ အင်ပါယာ ပြောဆိုသည်မှာ မှန်ကန်ကြောင်း အင်ပါယာမိုယွမ်က နားလည်လိုက်မိ၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည်သာ မပါဝင်ပါက ခရမ်းရောင်နက်နဲလောကကြီး၏ ဖျက်စီးခံရနှုန်းသည် ပိုမိုကာ တိုးလာပေလိမ့်မည်။
"အင်း … အရမ်းကြီး သဘောကျမနေနဲ့ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က အသေင်္ချများပြားတဲ့ လောကတွေကို ပေါင်းစပ်ချင်နေတာ။ ခရမ်းရောင် နက်နဲလောကနဲ့ မြေအင်မော်တယ် လောကရဲ့ ပေါင်းစပ်မှုက အစပဲရှိသေးတယ်။ အနာဂတ်မှာ ပိုပြီးကြောက်စရာကောင်းတဲ့ လောကတွေကို ပေါင်းစပ်လိမ့်မယ်။ အဲ့အချိန်ကျရင် အရာအားလုံးက ပြောင်းပြန်ပြန်ပြီးတော့ ခံစားရမှာပဲ"
အင်ပါယာမိုယွမ်သည် ဆွေးဆွေးမြေ့မြေ့နှင့် ပြောဆိုလိုက်၏။ သူ၏ မျက်လုံးများသည် မည်သည့်ခံစားချက်မှ မရှိတော့ချေ။ ခရမ်းရောင် နက်နဲလောကကြီးနှင့် မြေအင်မော်တယ်လောကတို့၏ အနာဂတ်ကို ကြိုသိနေသလို တီးတိုး ရေရွတ်လိုက်၏။
"အနာဂတ်မှာ မြေအင်မော်တယ်လောကကြီးက ခန့်မှန်းလို့မရတဲ့ အန္တရာယ်တွေ ကြုံလာလိမ့်မယ်။ အဲအခါကျရင် ခင်ဗျားရဲ့ နိရယပြည်ကလည်း လုံခြုံမှာ မဟုတ်တော့ဘူး။ "
“ကိစ္စမရှိဘူး”
နိရယ အင်ပါယာသည် အစောကြီးကတည်းက ကြိုတင်ကာ တွက်ချက်ထားသည့် ပုံပန်းသွင်ပြင်မျိုးဖြင့် အေးစက်စက် ပြောဆိုလိုက်၏။ ၎င်းသည် အင်ပါယာမိုယွမ်ကို ကြည့်ရှုနေသည်မှာ လွယ်လွယ်ကူကူနှင့် သတ်ဖြတ်၍ ရနိုင်သည့် ပုရွက်ဆိတ်လေး တစ်ကောင်ကဲ့သို့ပင်။
"ငရဲလောကရဲ့ မူလတည်ရှိမှုက ရှင်တွက်ချက်ထားနိုင်တဲ့ အရာမျိုးမဟုတ်ဘူး။ ကောင်းကင်လျှို့ဝှက် နန်းဆောင် က အသေင်္ချများပြားတဲ့ လောကတွေကို ပေါင်းစပ်နိုင်ခြင်း မရှိဘူး ဆိုရင်တောင်မှ တစ်နေ့မှာ ကျွန်မက များပြားတဲ့ လောကတွေကို တိုက်ခိုက် သိမ်းပိုက်မှာ။ ငရဲလောကတစ်ခုတည်းကလျှင် အားလုံးအတွက် ငြိမ်းချမ်းမှုကို ယူဆောင်နိုင်လိမ့်မယ်။"
“ဟား ဟား ဟား …”
အင်ပါယာမိုယွမ်သည် အားပါးတရ ရယ်မောလိုက်၏။ သူသည် အထင်အမြင်သေးစွာဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။
"ကောင်းကင်နဲ့ မြေပြင်တစ်ခုလုံး အသေင်္ချများပြားတဲ့ လောကတွေကို ငြိမ်းချမ်းမှုတွေ ဖော်ဆောင်ပေးမယ်ဆိုပြီး အားပါးတရ ပြောဆိုနေတယ်။ ဒါပေမဲ့ ခရမ်းရောင် နက်နဲလောကထဲကို နိရယပြည် ခြေလှမ်းဝင်လာခဲ့တာ တစ်လှမ်းနှစ်လှမ်းပဲ ရှိသေးတယ်။ ခရမ်းရောင် နက်နဲလောကထဲမှာ ရှိနေတဲ့ သက်ရှိသတ္တဝါတွေ သေကုန်ကြပြီ။ ခင်ဗျားပြောတဲ့ ငြိမ်းချမ်းရေးဆိုတာ ဘာလဲ"
"ရှင်မှားနေပြီ"
နိရယအင်ပါယာသည် မထူးခြားသလိုပင် တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"အသက်ရှင်နေထိုင်မှုဆိုတာ ခံစားချက်တွေ ပြည့်နှက်နေတယ်လေ။ ထာဝရတည်ရှိနေထိုင်ခြင်းဆိုတာ စိတ်ကူးထားသလ်ု လှပတဲ့အမျိုး မဟုတ်ဘူး။ သေဆုံးခြင်းဆိုတာ အစပဲရှိသေးတယ်။ ပြန်လည်မွေးဖွားနိုင်ခြင်း ဆိုတာက ထာဝရ။ ဒီတော့ နိရယပြည်က သက်ရှိသတ္တဝါတွေကို သတ်ဖြတ်မယ်လို့ ဘယ်သူကပြောလဲ" သူမက ဆက်ပြောလိုက်၏။
ဟောခန်း၏ နက်နဲလှသည့် တည်နေရာတွင် အမဲရောင်ပုံရိပ်တစ်ခုသည် ဖြူလျော်လှသည့် လက်ကြီးတစ်ဖက်ကို မြောက်လိုက်၏။ သူသည် လေဟာနယ်အက်ကွဲကြောင်းကြီးကို ဆွဲဖွင့်လိုက်လေ၏။ ရုတ်တရက် ဟောခန်း၏ အတွင်းဖက်တွင် သုန်မှုန်လွန်းသည့် လောကကြီးတစ်ခု ပေါ်ပေါက်လာသည်။
ထိုအရာထဲတွင် ခြစ်ခြစ်တောက် ပူလောင်နေသည့် နေလုံးကြီးတစ်ခု တည်ရှိနေပြီး အရာအားလုံးသည် ခြောက်ကပ်လျက် ရှိနေပြီး သီးခြားဆန်လွန်းလှ၏။ ကြီးကျယ်ခမ်းနားသည့် မြို့အနည်းငယ် တည်ရှိလို့နေခဲ့ပြီး သေသေချာချာ ဖန်တီး တည်ဆောက်ထားသလိုပင်။ ထိုအရာများတွင် အဆောက်အဦးများက ဝပ်တွားလျက် ရှိနေသော ရှေးသားရဲကြီးများ ကဲ့သို့ပင် ကြည့်ရှု၍ ကောင်းလှ၏။
မြို့များကို စီရီထားသည့် အခါမှာတော့ မြွေကြီးတစ်ကောင် ကွေ့ကောက်ကာ တည်ရှိနေသကဲ့သို့ပင်။ အနီးကပ်ကြည့်ရှုပါက ဤနေရာတွင် သက်ရှိသတ္တဝါများ ဤနေရာထဲတွင် ရှိနေကြောင်းကို မြင်ရမည်ဖြစ်၏။ သန်းနှင့်ချီသော သက်ရှိသတ္တဝါများသည် မြို့များအတွင်းတွင် လှုပ်ရှားသွားလာလျက် ရှိနေသည်။
"မြင်တယ်မလား။ ရှင်တို့ရဲ့ ပဋိပက္ခနောက်မှာ သေခဲ့တဲ့လူတွေက သုတ်သင်ရှင်းလင်းခံရတာကလွဲရင် ဒုတိယမြောက် ရွေးချယ်ခွင့် မရှိဘူး။ ဒါပေမဲ့ နိရယပြည် တည်ရှိနေတာကြောင့် သူတို့အားလုံးစီမှာ လွတ်မြောက်ရာ လမ်းကြောင်းရှိနေတယ်။ အဲတာက ပြန်လည်ဝင်စားခြင်းပဲ"
"ပြန်လည်ဝင်စားခြင်း ဟုတ်လား"
အင်ပါယာမိုယွမ်သည် သုန်မှုန်နေသည့် လောကကြီးကို အလုံးစုံကြည့်ရှုရင်း ဆွံ့အလျက် ရှိနေ၏။ သူသည် နိရယပြည်၏ ကြီးကျယ်မြင့်မြတ်လှသော အကြံကြီးကို နားလည်လိုက်မိ၏။ အောင်မြင်သွားသည် ဆိုပါက အသေင်္ချ များပြားလှသော လောကကြီးသည် နိရယပြည်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားမှာ သေချာ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
အပြင်ဖက်တွင် ရှိနေသော အဖွဲ့အစည်းများသည် နိရယပြည်ကို ငြင်းပယ်နိုင်လိမ့်မည် မဟုတ်ဟုလည်း သူက နားလည်မိ၏။ တကယ်လို့ ငြင်းပယ်လိုက်လျှင်လည်း နိရယပြည်၏ တိုက်ခိုက်မှုကို ခံရမှာ သေချာ၏။ လက်ရှိအချိန်၌ များပြားလှသည့် ဂိုဏ်းအကြီးအကဲတို့သည် သေဆုံးကုန်ကြပြီ မဟုတ်ပါလား။
“ငရဲပြည်ရဲ့ တည်ရှိမှုက အရမ်းကို ဆန်းကြယ်လွန်းတယ်။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်တောင်မှ အာရုံခံနိုင်မှာ မဟုတ်ဘူး။ " နိရယအင်ပါယာသည် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
သူမ၏ အမြင်အရဆိုလျှင် ကောင်းကင်လျှိူ့ဝှက် နန်းဆောင်သခင်သည် ခန့်မှန်း၍မရအောင် အားကောင်းလှသော ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး မြေအင်မော်တယ်လောကကြီးကို တခြားလောကများနှင့် ပေါင်းစပ်နိုင်၏။ သို့ပေမဲ့ ငရဲလောကကြီးမှာ ယခင်အင်မော်တယ်အင်ပါယာ ပိုင်ဆိုင်ခဲ့သည့် အရာဖြစ်ပြီး ကြီးကျယ်မြင့်မြတ်လှသော သမိုင်းကြောင်းအစဥ်လာကို ပိုင်ဆိုင်၏။ သာမန်လူတစ်ယောက်အနေဖြင့် ထိုအရာကို သိရှိနိုင်လိမ့်မည် မဟုတ်ချေ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်အနေဖြင့် အင်မော်တယ်အင်ပါယာလောက် ကြောက်မက်ဖွယ်ရာ ကောင်းလိမ့်မည် မဟုတ်ဟု သူမက ထင်မှတ်ထားခဲ့၏။