← Chapters

အပိုင်း (၄၂၀)

Vol. 29 Ch. 420

အပိုင်း (၄၂၀)

Vol. 29 Ch. 420

“ဆရာ၊ စီနီယာဦးလေးတို့... တပည့် ရန်ကျန့် တစ်ခုခု ပြောချင်ပါတယ်။ ဒါပေမဲ့ သင့်တော်လား၊ မသင့်တော်လား မသိပါဘူး” အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ရန်ကျန့်သည် အရှေ့သို့ လှမ်းတက် လိုက်၏။ သူသည် လက်သီးကို ဆုပ်ကာဖြင့် အရှေ့တွင် ရှိနေသော အကြီးအကဲများကို ဂါရဝပြုလိုက်သည်။

“ဂိုဏ်းတူ တူလေး”

ကျောက်စိမ်းလေဟာနယ်နန်းတော်၏ နန်းတော်အရှင်သည် အားလုံးသော သူတို့ကို လှမ်းကြည့်ပြီးသည့်နောက် အသာခေါင်းညိတ်ကာ ပြောလိုက်၏။ “ပြောပါ။ အဆင်ပြေပါတယ်”

“ခရမ်းရောင်နက်နဲလောကကြီးနဲ့ ကောင်းကင်မူလလောကကြီးက ကျုပ်တို့ ကျောက်စိမ်းလေဟာနယ် နန်းတော်ရဲ့ ရန်သူတွေ မဟုတ်ကြဘူး။ အခု အားလုံးသော အကြီးအကဲတွေ ပူပန်နေတဲ့ အကြောင်းအရာက နောက်ထပ် ပေါင်းစပ်လာမယ့် လောကကြီးအကြောင်း မဟုတ်လား” ရန်ကျန့်သည် ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်သည်။

ကျောက်စိမ်းလေဟာနယ်နန်းတော်တွင် ရှိနေသည့် အကြီးအကဲ အားလုံးတို့သည် ထိုအရာကို ကြားသည့် အချိန်မှာတော့ ခေါင်းညိတ်လိုက်ကြ၏။ သူတို့သည် အစစ်အမှန်ပင် ထိုအရာကို ပူပန်နေခြင်းဖြစ်၏။ ကျောက်စိမ်းလေဟာနယ်နန်းတော် အနေနှင့် လှုပ်ရှားတိုက်ခိုက်ခဲ့သည်ဆိုပါက ကျိန်းသေပေါက် တည်နေရာ တချို့ကို ပိုင်ဆိုင် သိမ်းပိုက်နိုင်မှာ သေချာ၏။ သို့ပေမဲ့ သူတို့ ဘာရမည်နည်း။

တခြားသော လောကများသာ ပေါင်းစပ်လာမည်ဆိုပါက သူတို့သည် ထိုအရာများကို ပြန်လည်ကာ လက်လွှတ် ပေးရမှာဖြစ်၏။ ကံတရားသည်သာ သူတို့၏ ဘက်တွင် မရှိသည်ဆိုပါက ကျောက်စိမ်းလေဟာနယ်နန်းတော်သည် ဖျက်ဆီးခံရမည့် အခြေအနေသို့ပင် ရောက်ရှိသွားနိုင်၏။ လက်ရှိ ခရမ်းရောင်နက်နဲလောကကြီး သည် များပြားလှသော ဂိုဏ်းဂဏ အသီးသီးတို့၏ ဖျက်ဆီးခြင်းကို မျက်မြင် ကြုံနေရပြီဖြစ်၏။

ဤကဲ့သို့သော အကြောင်းအရာသည် ကျောက်စိမ်းလေဟာနယ်နန်းတော်ကို သတိပေးနေခြင်းသာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကျောက်စိမ်းလေဟာနယ်နန်းတော် အတွင်းတွင် ရှိနေသည့် အကြီးအကဲပေါင်း များစွာတို့သည် ဘေးတစ်ဖက်ဆီမှ ထိုအရာကိုကြည့်ရှုလျက် ရှိနေပြီး ၎င်းတို့၏ အားအင်အဆင့်ကို နှိုင်းယှဉ်နေကြသည်။

တခြားသော စွမ်းအားမြင့်လောကများနှင့် နှိုင်းယှဉ်မည်ဆိုပါက ကျောက်စိမ်းလေဟာနယ်နန်းတော် အနေနှင့် တိုက်ခိုက်ရေးစွမ်းရည် အနည်းငယ်သာ ရှိပေလိမ့်မည်။ သူတို့အနေနှင့် ခရမ်းရောင် နက်နဲလောကကြီး နှင့်ပတ်သက်၍ အားအင်အဆင့်ကို မဖြုန်းချင်ပေ။

အထူးသဖြင့် လက်ရှိ ခရမ်းရောင်နက်နဲ လောကကြီးသည် အားနည်းလွန်းသည် မဟုတ်ပေ။ ကျောက်စိမ်းလေဟာနယ်နန်းတော်တွင် ရှိနေသော အင်ပါယာများ ကိုင်တွယ်နိုင်ခဲ့သည် ဆိုလျှင်တောင်မှ တကယ်တမ်း တိုက်ခိုက်မည့်အချိန်တွင် သေခြင်း၊ ရှင်ခြင်း အခြေအနေကို ရင်ဆိုင်ရနိုင်၏။ တစ်စုံတစ်ယောက် သေဆုံးသွားခဲ့သည် မဟုတ်လျှင်တောင်မှ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခြင်းကို ကြုံရမှာ သေချာသည်။

“ဆက်ပြောပါ” ကျောက်စိမ်းလေဟာနယ်နန်းတော်အရှင်သည် တည်ငြိမ်အေးဆေးလျက် ရှိနေလေသည်။ သူသည် မျက်လုံးကို ပိတ်လိုက်၊ ဖွင့်လိုက်လုပ်ရင်း တစ်စုံတစ်ခုကို စဉ်းစားတွေးတောနေပုံလည်း ပေါ်၏။

“ကျုပ် အထင်အရဆိုရင် ကောင်းကင်မူလလောကကြီးရဲ့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကို နမူနာ ယူသင့်တယ်” ရန်ကျန့်က အကြံပြုလိုက်သည်။

“အမ်” လူပေါင်းများစွာတို့၏ မျက်ခုံးများသည် ပင့်တက်သွားခဲ့ကြ၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း ဆိုသည့် စကားကို ကြားရသည့်အချိန်မှာတော့ သူတို့သည် မရင်းနှီးသလို ခံစားနေမိ၏။ မည်သူမှသည် ထိုဂိုဏ်းကို မကြားဖူးချေ။ ထို့အပြင် ကောင်းကင်မူလလောကကြီးနှင့် သူတို့သည် ချိတ်ဆက်မှု မရှိသည် မဟုတ်ပါလား။

“တပည့်... ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက ဘယ်လို ပြိုင်စံရှားတဲ့ စွမ်းရည်မျိုးကို ပိုင်ဆိုင်နေလို့လဲ” ဟောင်ယွမ်က စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်၏။

“တခြား ဘာမှပြိုင်စံရှားတဲ့ အရာတွေကို ပိုင်ဆိုင်တာတော့ မဟုတ်ပါဘူး” ရန်ကျန့်သည် အသာရယ်မောလိုက်၏။ ပြီးနောက် သူသည် ကောင်းကင်မူလလောကထဲတွင် ကြားခဲ့သည့် အရာအားလုံးကို ပြန်လည်ကာ တွေးတောလိုက်မိသည်။

“မကြာသေးခင်က ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက ဖျက်ဆီးခံရမယ့် အခြေအနေကို ရောက်နေတယ်။ အဲတုန်းက ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက များပြားလှတဲ့ ဂိုဏ်းဂဏ အသီးသီးကို ရန်ပြုခဲ့မိတယ်လေ။ ကျုပ် ကြားသလောက်ဆိုရင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘေးကြီးက အဲတုန်းက ကွာစီအင်ပါယာ တစ်ယောက် အဆင့်ပဲ ရှိတယ်။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း ကြုံရတဲ့ အခြေအနေနဲ့ လက်ရှိ ကျောက်စိမ်းလေဟာနယ်နန်းတော် ကြုံရတဲ့အခြေအနေနဲ့ ထပ်တူမညီဘူး။ ဒါပေမဲ့ ဒါကို ဥပမာ ပြုရမယ်”

“တပည့်ပြောတာ ဟုတ်တယ်”

ဟောင်ယွမ်က ခေါင်းညိတ်လိုက်၏။ ကျောက်စိမ်းလေဟာနယ်နန်းတော် အနေနှင့် မျက်နှာပြင်တွင် မည်သည့် ရန်သူမှ မရှိသည် ဖြစ်သော်လည်း နောက်ကွယ်၌ မမြင်ရသည့် ရန်သူများ တည်ရှိနေမည်ကို သူတို့ စိုးရိမ်နေမိ၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် နောင်တစ်ချိန်တွင် မည်သည့် လောကကြီးနှင့် ပေါင်းစပ်မည် ဖြစ်ကြောင်း သူတို့ သေသေချာချာ မသိရှိချေ။ ပိုမိုကာ ကြောက်မက်ဖွယ်ရာကောင်းသည့် လောကကြီးနှင့် ပေါင်းစပ်လာသည်ဆိုပါက ကျောက်စိမ်းလေဟာနယ်နန်းတော်သည် ကျိန်းသေပေါက် ဒုက္ခများပေလိမ့်မည်။ မြေအင်မော်တယ်လောကကြီးပင်လျှင် အသက်ရှင် ကျန်ရစ်ဦးမလား ဆိုသည်က မသေချာလှပေ။

“ဂိုဏ်းတူ တူလေး... ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘေးကြီးက ဒီလို အရေးအကြောင်းမျိုးမှာ ဘယ်လို ဖြေရှင်းခဲ့တာလဲ” အစောတုန်းက ပြောဆိုခဲ့သည့် အကြီးအကဲသည် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်၏။

“ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘေးကြီးက ကိစ္စနှစ်ခုကို လုပ်ခဲ့တယ်”

ရန်ကျန့်သည် လက်နှစ်ချောင်းကို ထောင်ပြီးသည့်နောက် ပြုံးကာ ရှင်းပြလိုက်သည်။ “ပထမဦးဆုံးအနေနဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင် အနီးအနားမှာ သူတို့ရဲ့ တောင်ဂိတ်တံခါးကို ရွေ့လျားလိုက်တယ်။ ဒုတိယအနေနဲ့ ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲကိုဝင်ပြီး စီနီယာနန်းဆောင်သခင်ဆီကနေ အင်ပါယာဖြစ်မယ့် နည်းလမ်းကို ဝယ်ယူခဲ့တာပဲ”

“အမ်”

ထိုအရာကို ကြားသည့်အချိန်မှာတော့ အားလုံးသော သူတို့၏ မျက်လုံးများသည် လင်းလက်သွား၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ ဘိုးဘေးကြီးသည် အင်ပါယာဖြစ်လာသည်ဆိုခြင်းမှာ ကျောက်စိမ်း လေဟာနယ်နန်းတော်အတွက် ထူးခြားလှသည့်အရာ မဟုတ်ချေ။ သို့ပေမဲ့ လမ်းညွှန်ပြသမှု တစ်ခုလေးနှင့် အင်ပါယာဖြစ်လာသည် ဆိုခြင်းမှာ စဉ်းစားတွေးခေါ်စရာ ကိစ္စရပ်ပင် ဖြစ်လေ၏။ ထို့အပြင် သူတို့ဘိုး‌ဘေးကြီးသည်လည်း နောက်တစ်ဆင့်သို့ လှမ်းတက်ရန် အဆင့်သင့် ဖြစ်နေသော အချိန်မျိုး မဟုတ်ပါလား။

သို့ပေမဲ့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းတစ်ခုလုံး ရွေ့ပြောင်းမှုသည် အားလုံးသောသူတို့ အာရုံစူးစိုက်စရာ ကိစ္စဖြစ်စေခဲ့သည်။ ကောင်းကင်နန်းဆောင်သခင်၏ တည်ရှိမှုအရိပ်အာ၀ါသကို ခိုလှုံပြီးနောက် ၄င်းတို့သည် တခြားသောဂိုဏ်းများလာရောက်တိုက်ခိုက်မှုကို နှောင့်နှေးအောင်ပြုလုပ်ခဲ့ခြင်းသာ ဖြစ်၏။

တကယ့်ကို ကောင်းမွန်လှသည့် အကြံအစည်ဟု ပြောဆိုရမှာဖြစ်သည်။ သိုပေမဲ့ ကျောက်စိမ်းလေဟာနယ်နန်းတော်သည် ကောင်းကင်နန်းတော်လျှို့၀ှက်ဆောင် အနီးသို့ ရွှေ့ပြောင်းသွားရန် မလိုအပ်ပေ။ သူတို့အနေနှင့် ကောင်းကင်မူလလောကကြီး ဆီသို့သာ ရွှေ့ပြောင်းရန်လိုအပ်၏။ လက်ရှိကောင်းကင်နန်းဆောင် သခင်၏ ပြုမူဆောင်ရွက်ချက်အတိုင်း ဆိုလျှင် ကျိန်းသေပေါက် ကောင်းကင်မူလ လောကကြီးကို ဗဟိုပြု၍ တခြားသော လောကကြီးနှင့်ပေါင်းစပ်တော့မှာ သေချာသည်။

လောကအနည်းငယ်တို့နှင့် ပေါင်းစပ်ခဲ့ပြီးသည့်နောက် ကောင်းကင်မူလလောကကြီးသည် ကျိန်းသေပေါက် များပြားလှသည့်လောကများ၏ အလယ်ဗဟို ၌ ရောက်ရှိနေမှာ သေချာ၏။ မည်သည့်လောကများ၏ အလယ်ဗဟို တည်နေရာသို့ ရောက်ရှိမည်။မည်သည့်လောကနှင့် ပေါင်းစပ်မည်ကိုတော့ သေသေချာချာ မသိရှိပေ။ သို့ပေမဲ့ မည်သို့ပင် ဆိုစေကာမှု ကိစ္စမရှိချေ။

"ဂိုဏ်းတူ တူလေးပြောတာက ကျိုးကြောင်းမဆီလျော်တာတော့ မဟုတ်ဘူးပဲ"

အကြီးအကဲ တစ်ယောက်သည် မုတ်ဆိတ်မွေးကိုပွတ်သပ်ကာ စဥ်းစားတွေးတောနေမိ၏။ ခဏလောက်ကြာပြီးနောက် သူက အနှစ်ချုပ်လိုက်သည်။ ကောင်းကင်မူလ လောကကြီးသည် ခရမ်းရောင်နက်နဲ လောကကြီး နှင့် ဆင်တူလှသည်။

ကျောက်စိမ်းလေဟာနယ်နန်းတော်အနေနှင့် ထိုနေရာဆီသို့ဆင်းသက်လိုက်သည့် အချိန်တွင် သေချာပေါက် ၄င်းတို့ထက် နိမ့်ပါးသည့် လောကကြီးဆီသို့ ဆင်းသက်ရမှာဖြစ်၏။ ထို့အပြင် ကျောက်စိမ်းလေဟာနယ် နန်းတော်သည် ကောင်းကင်မူလလောကြီးကိုလွှမ်းမိုးရန်ရည်ရွယ်ချက်မရှိပေ။ သူတို့အနေနှင့်အခြေချရန်နေရာ တစ်ခုကို ရှာဖွေချင်ခြင်းသာဖြစ်၏။ အနာဂတ်တွင် ကောင်းကင်မူလလောကကြီးအနေနှင့် ရန်ငြိုးရန်စွယ်များနှင့် ရင်ဆိုင်ရပြီဆိုလျှင် သူတို့ကျောက်စိမ်းလေဟာနယ်နန်းတော် အနေဖြင့် ၀င်ရောက်ကူညီ၍ ရနိုင်၏။ ထိုသို့ဆိုလျှင် ကောင်းကင်မူလနန်းတော်ကြီးထဲတွင်ရှိသည့်လူပေါင်းများစွာတို့သည် ပျော်ရွှင်ကြမည် ဖြစ်သလို သူတို့ကို မျက်နှာသာလည်း ပေးလာပေလိမ့်မည်။ ဟုတ်ပါသည်။ တကယ့်ကိုပင် ကောင်းမွန်သော စဥ်းစားတွေးတောခြင်း တစ်ခု ဖြစ်၏။

ကောင်းကင်မူလလောကကြီး ထဲတွင်ရှိသော အဓိကစွမ်းအားစုများသည် ကျောက်စိမ်းလေဟာနယ်နန်းတော် ၄င်းတို့လောကဆီသို့ ဆင်းသက်လာသည်ဆိုပါက မည်ကဲ့သို့တုံ့ပြန်မည်မှာ မသေချာလှချေ။ ကျောက်စိမ်းလေဟာနယ် နန်းတော်အနေနှင့် ဘာမှမသိသည့် အကြောင်းရာ အပေါ်တွင် အပြည့်အ၀ အလောင်းအစားလုပ်ဖို့ ၀ံ့ရဲလိမ့်မည် မဟုတ်ချေ။

"အင်း ဂိုဏ်းတူ တူလေးပြောတာအမှန်ပဲဆိုရင် ကျောက်စိမ်းလေဟာနယ် နန်းတော်က ခရမ်းရောင်နတ်နယ်မြေ လောကကြီးနှင့်ပတ်သက်ပြီး အလုပ်ရှုပ်နေစရာမလိုတော့ဘူး။ တိုက်ရိုက်ဆိုသလို ကောင်းကင်မူလလောကကြီး ဆီ ရွှေ့ပြောင်းလိုက်ရုံပဲ ။ ဒါဆိုး၀ါးတဲ့အရာမှမဟုတ်တာ။ " ကျောက်စိမ်းလေဟာနယ်နန်းတော်ရှင်က ပြောဆိုလိုက်သည်။

"ဒါဆိုရင် အဖွဲ့တစ်ခုကိုအရင်လွှတ်ပြီးတော့ ကောင်းကင်မူလ လောကကြီးရဲ့ အားအင်အဆင့်ဟာ ဘယ်လောက်ရှိလဲ ဆိုတာကို သွားပြီးစုံစမ်းလိုက်ရင် မကောင်းဘူးလား" ဟောင်ယွမ်ကအကြံပြုလိုက်၏။

မြေအင်မော်တယ်လောကဆီမှ သူတို့အတွက် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် တခြားသော လောကဆီသို့ ဝင်ရောက်ရန် ဆိုသည်မှာ ဖြစ်နိုင်သည့် ကိစ္စတော့ မဟုတ်ချေ။ တိုက်ပွဲများကို ရှောင်ရှားနိုင်လိမ့်မည် မဟုတ်ပေ။ အရင်ဆုံး တိုက်ခိုက်ပြီး ကောင်းကင်မူလ လောကကြီး၏ ရေအတိမ်အနက်ကို စစ်ဆေးကြည့်ရမည်လား။

"အလျှင်မလိုနဲ့"

ကျောက်စိမ်းလေဟာနယ်အရှင်သည် လက်ကိုအသာမြှောက်ပြီးသည့်နောက် ဟောင်ယွမ်၏ အဆိုပြုမှုကို တားဆီးလိုက်၏။ သူသည် လေဟာနယ်ထဲကို လှမ်းကာကြည့်ရှုပြီးသည့်နောက် ပြောဆိုလိုက်သည်။ "လက်ရှိအချိန်မှာ မြေအင်မော်တယ် လောကကြီးမှာ ရှိတဲ့ ဂိုဏ်းကဏ္ဏအသီးသီး တို့က မလှုပ်ရှားဘဲ ငြိမ်နေကြတယ်။ သူတို့ကကျိန်းသေပေါက် ကျုပ်တို့ကျောက်စိမ်း လေဟာနယ် နန်းတော်လို တူညီတဲ့ အကြံအစည် ရှိနေမှာပဲ ။ ဒီလိုဆိုရင် ဘာလို့ ကောင်းကင်လျှို့၀ှက်နန်းဆောင်ဆီကို အရင်ဆုံးသွားမလည်ရမှာလဲ။ ကောင်းကင်နန်းဆောင်သခင်ရဲ့ စိတ်နေစိတ်ထား ဘယ်လိုရှိလဲဆိုတာ ကျုပ်တို့သွားကြည့်လို့ ရတာပေါ့။ တကယ်လို့ အခြေနေသာကောင်းမယ်ဆိုရင် ကျုပ်တို့ဘာသာကျုပ်တို့စပြီးလှုပ်ရှားထားဖို့ သင့်တယ် "

"နန်းတော်သခင်ဆိုလိုတာက….." ဟောင်ယွမ်သည် တစ်စုံတစ်ခုကို ရုတ်တရက်နားလည်သွားပုံပေါ်၏။

မြေအင်မော်တယ်လောကကြီး တွင် ထာ၀ရအစစ်အမှန်အင်မော်တယ်နှင့် တာအိုအရှင်သခင်ကျိရှု ကဲ့သို့ အစစ်အမှန် အင်မော်တယ် နှစ်ယောက်တည်းသာ ရှိသည်မဟုတ်ချေ။ ခေတ်တစ်သန်းအလိုက် အစစ်အမှန် အင်မော်တယ် အများအပြား တည်ရှိနေချေ၏။

လက်ရှိအချိန်တွင် ၄င်းတို့အားလုံးသည် ပုန်းကွယ်လျက်ရှိနေသည် ဆိုသော်လည်း လောက၏ ပေါင်းစပ်မှုများ ကြားတွင် အင်မော်တယ် တော်တော်များများသည် ငြိမ်ငြိမ်သက်သက်ထိုင်နေလိမ့်မည်မဟုတ်ချေ။ မကြာခင်မှာပဲ တကယ့်ကို ဆန်းကြယ်လှပါသည်ဆိုသော အစစ်အမှန် အင်မော်တယ်များသည် ၄င်းတို့၏ နှလုံးသားထဲတွင် ရှိနေသော အထီးကျန်မှုများကို လုံးလုံး သည်းခံနိုင်တော့မည် မဟုတ်ချေ။ ကျိန်းသေပေါက် တက်တက်ကြွကြွနှင့် အပြင်ဘက်သို့ ထွက်လာမှာ သေချာသည်။

တချို့သော ဂိုဏ်းကဏ္ဏများသည် တက်တက်ကြွကြွနှင့် ခရမ်းရောင်နတ်နယ်မြေလောကကြီးကို တိုက်ခိုက်လျှက်ရှိနေ၏။ ထိုသူတို့၏ အမြင်သည် တကယ့်ကို အမြင်ကျဥ်းမြောင်းလွန်းလှ၏။ ကြည့်ရသည်မှာ ထိုသူတို့သည် ကောင်းကင် မူလလောကကြီး၌ ရှိနေသည့်တစ်စုံတစ်ယောက်သောသူအား မေ့လျော့နေပုံပေါ်၏။

All Chapters