အပိုင်း (၄၂၂)
Vol. 29 Ch. 422
“စီနီယာ” နိရယအင်ပါယာ၏ အမူအရာသည် တည်ငြိမ်အေးစက်လျက် ရှိနေသော်လည်း သူမ၏ အကြည့်များ သည် ရေခဲတုံးကြီး တစ်ခုကဲ့သို့ အေးစက်လျက် ရှိနေ၏။ သူမ၏ ဗာမေနီယန်ငှက်ကဲ့သို့ လှပလွန်းလှသော နှုတ်ခမ်းပါးများကို အသာဟကာဖြင့် အရှေ့တွင်ရှိနေသည့် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်အား တစ်စုံတစ်ခု ပြောဆိုရန် ပြင်လိုက်၏။
“ခင်ဗျားရဲ့ အနာဂတ်တွေ၊ ငရဲလောကရဲ့ အတိတ်ကြောင်းတွေကို မေးဖို့အတွက် မစဉ်းစားနဲ့။ ကျုပ် သိသလောက်ဆိုရင် ခင်ဗျား တန်ကြေးကို ပေးအပ်နိုင်မှာ မဟုတ်ဘူး”လီယွင်က အရင်ဆုံး ပြောဆိုလိုက်သည်။
သူသည် နိရယအင်ပါယာပြောမည့် အကြောင်းအရာကို တားဆီးလိုက်ခြင်းသာ ဖြစ်၏။ နိရယအင်ပါယာ သည် ငရဲလောကကြီး၏ ကြီးမားလှသည့် ဝန်ထုတ်ဝန်ပိုးကြီးကို ထမ်းပိုးထားရင်း လောကကြီး၌ ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်၏။ သူမ၏ အနာဂတ်သည် တည်ငြိမ်အေးဆေးသည့် အခြေအနေမျိုး မရှိလှချေ။
လောကကြီးတစ်ခု၏ အဓိကဇာတ်ကောင်တစ်ယောက် မဟုတ်ဘူး ဆိုသော်လည်း သူမသည် ကြီးမားလှသည့် ကံကြမ္မာကို ပိုင်ဆိုင်သည့် လူတစ်ယောက်တော့ ဖြစ်လို့နေခဲ့၏။ သူမ၏ အနာဂတ်သည် သာမန် အင်မော်တယ်တစ်ယောက်ပင်လျှင် အလွယ်တကူစုံစမ်း၍ ရနိုင်သည့်အရာမျိုး မဟုတ်ချေ။
ငရဲလောကကြီးအတွက်တော့ ပိုမိုကာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ အင်မော်တယ် အင်ပါယာ တစ်ယောက်ပင်လျှင် ပါဝင်လျက် ရှိနေ၏။ သာမန် အင်မော်တယ်တစ်ယောက်ပင်လျှင် စုံစမ်းစစ်ဆေး၍ ရနိုင်သည့် အရာမျိုးမဟုတ်ပေ။
“ကျွန်မ …..”
ငရဲအင်ပါယာ၏ အမူအရာကအေးခဲသွား၏။ သူမသည် တွေဝေငေးငိုင်စွာဖြင့် မတ်မတ်ရပ်လျက် ရှိနေ၏။ သူမ ပြောချင်သည့်အကြောင်းအရာများကို တစ်ဖက်လူက ကျိန်းသေပေါက် တားဆီးနေပြီဖြစ်၏။ “ငရဲလောကရဲ့ ရန်သူတွေက”
“ခင်ဗျား အဲဒါကိုလည်း တတ်နိုင်မှာ မဟုတ်ဘူး” လီယွင်သည် သူမကို လှမ်းကြည့်ပြီးသည့်နောက် ခပ်တည်တည်နှင့် ပြောဆိုလိုက်သည်။
ငရဲလောကသည် ဖျက်စီးခံလိုက်ရပြီ ဖြစ်သောကြောင့် အထဲတွင်ရှိနေသည့် အင်အားစုအားလုံးသည် သုတ်သင် ရှင်းလင်းခြင်းကို ခံရ၏။ အနည်းဆုံး အင်မော်တယ်အင်ပါယာ တစ်ယောက်ပင်လျှင် တစ်ဖက်၌ ပါဝင်မှာ သေချာ၏။ ထိုကဲ့သို့သော ကိစ္စရပ်များသည် သေးငယ်လှသည့် အင်မော်တယ်လေးတစ်ယောက် ပြုလုပ်ဆောင်ရွက်၍ ရနိုင်သည့်အရာမျိုး မဟုတ်ချေ။ ပြောရမည်ဆိုလျှင် အင်မော်တယ်အင်ပါယာ တစ်ယောက်၏ မျက်လုံးထဲတွင် အစစ်အမှန် အင်မော်တယ်ဆိုသည်မှာ ပုရွက်ဆိတ်လေးတစ်ကောင်ဟုပင် သတ်မှတ်သုံးသပ်၍ မရနိုင်သည့် တည်ရှိမှုမျိုးဖြစ်၏။ နှစ်ခုကြား ကွာခြားချက်သည် အလွန့်အလွန် ကြီးမားလွန်းလှချေ၏။
“ခင်ဗျားရဲ့ လက်ရှိအားအင်အဆင့်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာရဲ့ ငရဲလောက ယင်ကိုယ်စားလှယ်နဲ့တောင် နှိုင်းယှဉ်လို့ မရနိုင်ဘူး။ အခု ခင်ဗျားက ငရဲလောက ဖျက်စီးခံရမှုရဲ့ အစစ်အမှန် အကြောင်းအရာကို သိချင်နေတယ်။ တော်တော်ဆိုးတာပဲ”
လီယွင်သည် တစ်စုံတစ်ခုကို စဉ်းစားမိရုံနှင့် လက်တစ်ချောင်းကိုထောင်ကာ နိရယအင်ပါယာ၏ လက်ထဲတွင် ရှိနေသည့် အမဲရောင်လက်စွပ်ကို ညွှန်ကာ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။ “ကျုပ်မေ့တော့မလို့။ ခင်ဗျား လက်စွပ်ထဲမှာ ရှိနေတဲ့အလောင်းက ငရဲလောကရဲ့ ယင်ကိုယ်စားလှယ်ပဲ။ သူ့ရဲ့အားအင်အဆင့်က ခင်ဗျား ထက်သာတယ်ဆိုတာ သိသာရှင်းလင်းလှတယ်။ သူက အန္တိမလမ်းစဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ”
“ဟမ်”
နိရယ အင်ပါယာ၏မျက်နှာသည် ထိုစကားကို ကြားရသည်အချိန်မှာတော့ ရုတ်တရက် ပြောင်းလဲသွား ခဲ့၏။ အနောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။ သူမသည် လက်ထဲတွင်ရှိနေသော သိုလှောင်လက်စွပ်ကို အမှတ်မထင် လှမ်းကာကိုင်ကြည့်လိုက်၏။ ဤအရာသည် သူမ၏အကြီးမားဆုံး လျှို့ဝှက်ချက်သာဖြစ်ပြီး သူမသာလျှင် သိရှိ၏။ သို့ပေမဲ့ မထင်မှတ်ထားလောက်အောင်ဘဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲ ဝင်လိုက်သည့်အချိန်မှာတော့ နန်းဆောင်သခင်သည် အရာအားလုံးကို ထုတ်ဖော်ပြောဆိုနေသည်။
“မကြောက်ပါနဲ့။ ခင်ဗျားသာ ဈေးနှုန်းကိုတတ်နိုင်မယ်ဆိုရင် ငရဲလောကရဲ့ ဝိညာဉ်ဘုရင်တွေ နဲ့ စစ်သူကြီးတွေ အတိတ်တုန်းက ဘယ်နေရာမှာ သေဆုံးခဲ့တယ်ဆိုတာကိုတောင် ကျုပ်ပြောနိုင်တယ်။ သူတို့ရဲ့ အမွေအနှစ်တွေနဲ့ လျှို့ဝှက်ချက်တွေအားလုံးက ယင်ကိုယ်စားလှယ်မှာရှိတဲ့ အရာတွေထက် ပိုပြီးတော့ သာလွန်တယ်လေ။ ဒါနဲ့ ….”
လီယွင်သည် စကားလမ်းကြောင်းကို ပြောင်းလဲလိုက်၏။ သူသည် တစ်စုံတစ်ခုကို သတိရသွားသလိုပင်။ “ယင်ကိုယ်စားလှယ်က ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ်ကို သန့်စင်နိုင်ဖို့ ပြည့်စုံတဲ့ နည်းလမ်းတစ်ခုကို ပိုင်ဆိုင်နေလိမ့်မယ်လို့ မထင်ဘူးမဟုတ်လား။
“စီနီယာ.. ရှင့်ဆီမှာ ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်ကို သန့်စင်နိုင်ဖို့ နည်းလမ်းတစ်ခု တည်ရှိနေလား” ငရဲအင်ပါယာသည် အသာမေးမြန်းလိုက်၏။
သူမ၏လက်ထဲတွင်ရှိနေသော ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်သည် ပြည့်စုံလှသည် မဟုတ်ကြောင်း သူမက သိရှိပြီးဖြစ်၏။ တခြားလောကကြီးဆီသို့ သွားရောက်ချင်သည့် စိတ်အားတက်ကြွမှုများသည် ထိုနေရာမှ အခြေခံလာခဲ့ပြီး မြေအင်မော်တယ်လောကကြီးမှ ထွက်ခွာ သွားနိုင်မှသာလျှင် ပြန်လည် မွေးဖွားခြင်း လမ်းခြောက်သွယ်ကို ပြည့်စုံအောင် သန့်စင်နိုင်လိမ့်မည်ဟု သူမက သတ်မှတ်ထားခဲ့သည်။
“ဟုတ်တယ်”
လီယွင်ကခေါင်းညိတ်လိုက်၏။ ပြီးနောက် ပြုံးကာပြောလိုက်၏။ “ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ် ကို သန့်စင်ဖို့ ပြည့်စုံတဲ့နည်းလမ်းတစ်ခု ရရှိဖို့က ငရဲလောကကို အသက်ပြန်သွင်းဖို့ ထက်တောင် ပိုပြီး ခက်ခဲသေးတယ်။
“စီနီယာ... ရှင်” နိရယအင်ပါယာဖြစ်သော သူမသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားမိ၏။ သူမသည် မယုံကြည်နိုင်စွာဖြင့် လီယွင်ကို လှမ်းကာ ကြည့်ရှုနေ၏။ သူမ၏ ခန္ဓာကိုယ်အတွင်းတွင်တော့ ခံစားချက် အားလုံးသည် တကယ့်ကို ပြင်းပြင်းထန်ထန်နှင့် ပေါက်ကွဲလျက်ရှိနေ၏။ ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်သည် ငရဲလောက၏ တကယ့်ကို အကြီးမားဆုံးသော ဝှက်ဖဲတစ်ခုသာလျှင်ဖြစ်သည်။
ထိုအရာကို သန့်စင်ရန်အတွက် ပြည့်စုံသည့် နည်းလမ်းသည် အင်မော်တယ်အင်ပါယာ တစ်ယောက်တည်း သာလျှင် သိရှိသည့် အရာဖြစ်၏။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ကံကြမ္မာကို ဖတ်ရှုပြီးသည့်နောက် အရာအားလုံးကို သိရှိလို့နေခဲ့၏။ ဤသို့ဆိုလျှင် ခန့်မှန်း၍ မရနိုင်သည့်အရာမျိုး ဖြစ်လာမှာ သေချာ၏။
ဖြစ်နိုင်ဖွယ်ရာ နှစ်ခုကလည်း တည်ရှိနေသည်။ ကောင်းကင်လျှို့ဝှက် နန်းဆောင်၏သခင်သည် ငရဲလောက၏ ယခင်အုပ်စိုးသူတစ်ယောက်ဖြစ်ခဲ့ခြင်း (သို့မဟုတ်) ငရဲလောက၏ အကြီးမားဆုံးသော ရန်သူတစ်ယောက် ဖြစ်ခဲ့ခြင်းသာလျှင်။ ဤကဲ့သို့သော အကြောင်းအရာ နှစ်ခုကသာလျှင် ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်ကို သန့်စင်နိုင်သည့် ပြည့်စုံသည့် နည်းလမ်းများကို ပိုင်ဆိုင်သည့် လူတစ်ယောက် ဖြစ်လာမှာဖြစ်သည်။
“ခင်ဗျား အတွေးလွန်နေပြီ” လီယွင်သည် တစ်ဖက်လူဆက်လက် တွေးတောနေသည်ကို မကြည့်နိုင်ပေ။ ထို့ကြောင့် လှမ်းကာပြောလိုက်၏။
“စီနီယာ”
နိရယ အင်ပါယာ၏ အသံသည် မသေချာ မရေရာသလို ဖြစ်လာ၏။ သူမအနေနှင့် ကောင်းကင် လျှို့ဝှက်နန်းဆောင်ဆီသို့ ရောက်ရှိလာခဲ့ခြင်းသည် အင်မော်တယ်အဆင့်ဆီသို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို ရှာဖွေရန်ဖြစ်ပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်အနေနှင့် နိရယလောက၏ မူလ အရင်းအမြစ် ဖြစ်သော ငရဲလောကကြီး မည်သည့်နေရာတွင်ရှိသည်ကို စုံစမ်းစစ်ဆေးရန်ဖြစ်သည်။
သို့ပေမဲ့ ရောက်ရှိလာခဲ့ပြီးသည့်နောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်မှ ပြောဆိုခဲ့သည့် စကားလုံး အားလုံးတို့သည် သူမကို မေးခွန်းပေါင်းများစွာ ရရှိစေခဲ့၏။ ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်အား ပြည့်စုံအောင် သန့်စင်နိုင်သည့်နည်းလမ်း၊ ငရဲလောကကြီး၏ ကျင့်ကြံခြင်းနည်းစနစ်ကို အလုံးစုံနားလည်နိုင်စွမ်း .... ထိုအရာများအားလုံးသည် သူမအတွက်အရေးကြီးသည့် အရာများဖြစ်၏။ သို့ပေမဲ့ ကြည့်ရသည်မှာ ထိုကဲ့သို့သော သတင်းအချက်အလက်များအတွက် သူမ တတ်နိုင်လိမ့်မည် မဟုတ် ချေ။
“စီနီယာ... ပြည့်စုံတဲ့ အင်ပါရီယာကျမ်းစာနှစ်ခုရဲ့ မှတ်တမ်းတွေ ပါဝင်တဲ့ ကျောက်စိမ်းပြားတစ်ခု ရှိပါတယ်။ များပြားတဲ့ အင်ပါရီယာအဆင့်၊ နတ်ဘုရားအတတ်တွေနဲ့ လျှို့ဝှက်နည်းစနစ်တွေ အကုန်လုံး ဒီထဲမှာ ရှိပါတယ်” နိရယ အင်ပါယာသည် သေသေချာချာ စဉ်းစားပြီးသည့်နောက် ပြောလိုက်၏။ သူမသည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာဖြင့် လီယွင်၏ရှေ့တွင် ချပေးလိုက်၏။ သတင်းအချက်အလက်များ ကို သေသေချာချာ မေးမြန်းခြင်းမရှိဘဲနှင့် သူမက ပြောဆိုလိုက်၏။
“စီနီယာ... ဒီကျောက်စိမ်းပြားတွေနဲ့ ဘာကို လဲလှယ်လို့ ရနိုင်မယ်ဆိုတာကို စီနီယာပဲ သိပါလိမ့်မယ်၊ ကျွန်မ အတွက် ဘာတွေက အကျိုးကျေးဇူးရှိနိုင်လဲဆိုတာ စီနီယာ အသိဆုံးပါပဲ။ ကျေးဇူးပြုပြီး ဉာဏ်အလင်း ပြပါအုံး”
“ဪ”
လီယွင်က မျက်ခုံးပင့်လိုက်၏။ သူသည် ကျောက်စိမ်းပြားကို တစ်ချက်လှမ်းယူပြီးသည့်နောက် အထဲတွင် ရှိနေသည့်အရာများကို ကြည့်ရှုကာ သိမ်းဆည်းလိုက်၏။ ခဏလောက် စဉ်းစားပြီးသည့်နောက် သူသည် ဖြည်းညင်းစွာပြောဆိုလိုက်သည်။ “ဒီမှာရှိတယ်။ ကျုပ်ဆီမှာ ခင်ဗျားအတွက် အကျိုးကျေးဇူး တော်တော်ရှိနိုင်တဲ့ သတင်းအချက်အလက်တစ်ခု ရှိတယ်”
“စီနီယာ ကျေးဇူးပြုပြီး ပြောပြပါအုံး”
နိရယ အင်ပါယာသည် အေးစက်စက်အသံနှင့် ပြောဆိုလိုက်၏။ သူမ၏ အပြုအမူများသည် တွန့်ဆုတ်လျက် ရှိနေ၏။ ဤစွမ်းအားမြင့်မားလွန်းသော စီနီယာသည် သူမအား မည်ကဲ့သို့သော သတင်း အချက်အလက်များကို ဝေမျှပေးလိမ့်မည်ဖြစ်ကြောင်း သူမက အလွန်အမင်း သိချင်နေ၏။
“ငရဲလောကရဲ့ ဆက်ခံသူကိစ္စပဲ”
လီယွင်က ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်၏။ “ရှေးတုန်းက ငရဲလောကက လောကပေါင်းများစွာကို လွှမ်းမိုးနိုင်ခဲ့တယ်လေ။ ပြီးတော့ အရာအားလုံးကို ကျူးကျော် သိမ်းပိုက်ခဲ့တယ်။ သူတို့က အုပ်စိုးသူတစ်ယောက်တည်းကို ရွေးချယ်ခဲ့မယ်လို့ ခင်ဗျားထင်နေတာလား”
“စီနီယာ... အကြံပြုချင်တာက”
နိရယ အင်ပါယာ၏ စိတ်တစ်ခုလုံးသည် လှုပ်ရှားသွားခဲ့၏။ သူမသည် တစ်စုံတစ်ခုကို နားလည်ကောင်း နားလည်သွားခဲ့သလိုပင်။
“ကျယ်ပြောလှတဲ့ အသင်္ချေလောကများထဲမှာ ခင်ဗျားလိုလူတွေ အများကြီးရှိတယ်။ တစ်ယောက်ချင်းစီတိုင်းက ငရဲလောက တိုးတက်စေဖို့အတွက် ကြီးမားတဲ့တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ထားရတာပဲ” လီယွင်က ပေါ့ပေါ့ပါးပါးပဲ ရှင်းပြလိုက်သည်။
“အဲလူတွေထဲကမှ တချို့က ခင်ဗျားထက် ပိုပြီးပြည့်စုံတဲ့ အမွေအနှစ်တွေကို ဆက်ခံရယူသူလည်း ရှိတယ်။ တခြားသောသူတွေက ခင်ဗျားနဲ့ နှိုင်းယှဉ်လို့မရနိုင်တဲ့ နည်းပါးတဲ့အမွေအနှစ်တွေကို ရယူတဲ့သူတွေလည်း ရှိတယ်။ ကျုပ်ပြောတာကို ခင်ဗျားနားလည်ပြီလား”
သတင်းအချက်အလက်ကို ပြောဆိုရခြင်းသည် အရေးတကြီးနှင့် အရေးမကြီးသည့် အကြောင်းအရာများ ယှဉ်တွဲပါဝင်နေ၏။ တခြားလောကထဲတွင် ငရဲလောက အမွေအနှစ် ဆိုသည်မှာ ကြီးမားလှသည့် ကစားပွဲတစ်ခု၏ စစ်တုရင်အရုပ်များကဲ့သို့ပင်ဖြစ်၏။ နိရယအင်ပါယာကဲ့သို့သော စစ်တုရင်ရုပ်လေးသည် ငရဲလောကကြီး ပြန်လည်ဖြစ်တည်နိုင်ရန်အတွက် ကြီးကြီးမားမား ကြိုးစားရပေလိမ့်မည်။
“ဟုတ်လား” နိရယ အင်ပါယာ၏ တည်ငြိမ်လျက်ရှိနေသည့် မျက်နှာပြင်ထက်တွင် ပျော်ရွင်မှု၊ ဒေါသတရား မည်သည့် အရာကိုမှ မရှိချေ။ သို့ပေမဲ့ သူမ၏ အစစ်အမှန် ခံစားချက်များမှာတော့ နှလုံးသားထဲတွင် လှိုင်းထလို့နေခဲ့၏။
လီယွင်သည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေတုန်းပင်။ သူသည် လုံလုံလောက်လောက် ပြောဆိုခဲ့ပြီးပြီဖြစ်၏။ များပြားလှတဲ့ အသင်္ချေလောကများထဲတွင် သူမကဲ့သို့ပင် အမွေခံပေါင်းများစွာ တည်ရှိလို့နေခဲ့၏။ သူမ၏ အသွင်အပြင်အမူအရာ နှင့် စိတ်နေစိတ်ထားအရဆိုလျှင် တစ်ဖက်လူများကို ကျိန်းသေပေါက် စိန်ခေါ်ရန် အဆင်သင့်ဖြစ်နေပေလိမ့်မည်။
ထို့အပြင် ငရဲလောက၏ အနာဂတ်ပိုင်ရှင်အစစ်အမှန်သည် တစ်ယောက်တည်းသာလျှင်ရှိ၏။ တခြားသော ဆက်ခံသူများအားလုံးသည် ငရဲအင်ပါယာကဲ့သို့ပင် စိတ်ထားမျိုး တည်ရှိနေသည်မှာလည်း သေချာ၏။ ဤအရာသည် နားထောင်ရသည်မှာ ရက်စက်ဖွယ်ရာကောင်းလှ၏။ ငရဲလောက၏ ဆက်ခံသူသည် များပြားလှသည့် ပဋိပက္ခအားလုံးကို ဖြေရှင်းရပေဦးမည်။
ထို့ပြင် ထိုကဲ့သို့သော အခြေအနေများအားလုံးကို ကျော်ဖြတ်ခဲ့ပြီးသည့်နောက် ငရဲလောကကြီး တစ်ခုကို တဖန် ဖန်တီးနိုင်သည့် စွမ်းဆောင်ရည်ကို ပိုင်နိုင်အောင် ပြုလုပ်ရပေလိမ့်မည်။ ဤကဲ့သို့သောအရာမျိုးကို ပြုလုပ်ရန်ဆိုသည်မှာ သာမန်ထက်ပိုပြီး တုန်လှုပ်စရာကောင်းသည့် ပါရမီရှင်များသာလျှင် ပြုလုပ်နိုင် မည့်အရာ ဖြစ်၏။
ထိုင်ခုံပေါ်တွင် ထိုင်ပြီးသည့်နောက် လီယွင်သည် ရေနွေးခွက်ကို အသာ ကောက်မော့ကာ ငုံလိုက်၏။ စနစ်မှ ဖော်ပြထားသည့် နိရယ အင်ပါယာ၏ ကိုယ်ရေးအကျဉ်းကို လှမ်းကြည့်လိုက်၏။ သူသည် သူမ၏ အတွေးကို ကောင်းကောင်းသိရှိနေပြီ ဖြစ်သည်။
“ကြည့်ရတာ အင်း... အလုပ်တော်တော် လုပ်ရမဲ့ပုံပဲ” လီယွင်သည် အမှတ်မထင် ပြောဆိုလိုက်၏။ ဤသတင်း အချက်အလက်ကို ရည်ရွယ်ချက်ရှိရှိနှင့် မျှဝေခဲ့ခြင်းသာ ဖြစ်၏။ ငရဲလောက၏ ဆက်ခံသူပေါင်းများစွာ တည်ရှိနေ၏။ သို့ပေမဲ့ မည်သူက အစစ်အမှန်ငရဲလောက၏ ဆက်ခံသူ ဖြစ်မလဲဆိုသည်ကို ရှာဖွေခြင်းသည် ပဟေဠိဆန်လွန်းနေသည် မဟုတ်ပါလား။