အပိုင်း (၄၂၃)
Vol. 29 Ch. 423
“စီနီယာ... ကျွန်မအပြင် ဒီလက်ရှိလောကကြီး သုံးခုအထဲမှာ ငရဲလောကရဲ့ တခြားဆက်ခံသူတွေ ရှိနေသေးလား” ငရဲအင်ပါယာက စုံစမ်းလိုက်၏။ သူမ၏ အသံသည် တည်ငြိမ်လျက် ရှိနေသည်ဆိုသော်လည်း နှလုံးသားထဲတွင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် သတ်ဖြတ်လိုခြင်း ဆန္ဒများ ပေါ်ပေါက်လျက် ရှိနေ၏။
ငရဲဆက်ခံသူသည် ငြိမ်းငြိမ်းချမ်းချမ်းနှင့် အတူယှဉ်တွဲ နေထိုင်၍ ရသည့်အရာမျိုး မဟုတ်ချေ။ တခြားသော သူများ၏ လက်ထဲတွင် ရှိနေသည့် အမွေအနှစ်များကို အေးအေးသက်သာ သွားရောက်ကာ တောင်းခံခြင်း ဆိုသည်မှာ စိတ်ကူးယဉ်သည့် ကိစ္စရပ်သာ ဖြစ်ပေလိမ့်မည်။ တခြားသောသူများ ပိုင်ဆိုင်သည့် အရာများကို ရယူရန်အတွက် သေခြင်းနှင့် ရှင်ခြင်းကို ရင်ဆိုင်ကျော်ဖြတ်ပြီးမှသာလျှင် ရပေလိမ့်မည်။
“ကြည့်ရတာ ခင်ဗျားအနေနဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ စည်းမျဉ်းဥပဒေသတွေကို မေ့လျော့သွားပြီနဲ့ တူတယ်” လီယွင်သည် မှတ်ချက်ပြုလိုက်၏။ သူသည် ရေနွေးကို နောက်တစ်ခါ ပြန်မော့လိုက်သည်။
“ဂျူနီယာ မှားသွားပါတယ်။ တောင်းပန်ပါတယ် စီနီယာ”
နိရယ အင်ပါယာသည် သူမ၏ လက်ကို ယမ်းခါလိုက်၏။ အင်ပါရီယာအဆင့် လက်နက်တစ်ခုသည် စားပွဲပေါ်သို့ ရောက်ရှိလာခဲ့၏။ သူမသည် ပန်းချီကဲ့သို့ လှပသည့် သူမ၏ မျက်နှာသွင်ပြင်ပေါ်ရှိ မျက်ခုံးများကို ပင့်ကာဖြင့် မေးမြန်းလိုက်၏။ “စီနီယာအနေနဲ့ အခု သတင်းအချက် အလက်တွေကို မျှဝေလို့ ရပြီလား”
“သိပ်ရတာပေါ့”
လီယွင်သည် အင်ပါရီယာလက်နက်ကို အသာစစ်ဆေးပြီးနောက် ပြောလိုက်သည်။ “လက်ရှိ ဒီလောကကြီး သုံးခုထဲမှာ ခင်ဗျားအပြင် ငရဲလောကရဲ့ ဆက်ခံသူဆိုတာ မရှိဘူး”
“မရှိဘူး။ ဟုတ်လား”
နိရယအင်ပါယာက ပြောဆိုလိုက်၏။ သူမ၏ မျက်နှာပေါ်တွင် စိတ်သက်သာသည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်ဆိုသော်လည်း စိတ်ပျက်သည့် အမူအရာများလည်း ထင်ပေါ်လာခဲ့၏။ “စီနီယာ... ကျွန်မ မေးချင်ပါတယ်။ ကျွန်မရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်းအရ အစစ်အမှန် အင်မော်တယ်အဆင့်ကို ရောက်ဖို့အတွက် ဘယ်လောက်ကြာလိမ့်မလဲ”
ခဏလောက် စဉ်းစားပြီးသည့်နောက် ငရဲအင်ပါယာသည် သုံးပေခန့် ရှည်လျားလှသည် အင်ပါရီယာအဆင့် ဆေးပင်ကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်ပြန်သည်။
ဆေးပင်သည် သူမကိုယ်တိုင် စိုက်ပျိုးထားသည့် ဆေးပင်ဖြစ်ပြီး အရေးအကြောင်း အခြေအနေမျိုးတွင် တော်ဝင် အင်ပါယာတစ်ယောက်၏ အသက်ကိုပင် ကယ်တင်နိုင်စွမ်း ရှိနေ၏။ ယခု သူမသည် အစစ်အမှန် အင်မော်တယ် အဆင့်သို့ လှမ်းဝင်ရန် ပြင်ဆင်ပြီး ဖြစ်နေ၏။ ထို့ကြောင့် အင်ပါယာအဆင့် ဆေးပင်များသည် သူမအတွက် အသုံးမဝင်တော့ချေ။
“အခု ကျုပ် ကြည့်လိုက်အုံးမယ်”
လီယွင်က စတင်ကာ ပြောဆိုလိုက်သည်။ “အင်း.. ခင်ဗျားအနေနဲ့ နှစ်ပေါင်း ထောင့်သုံးရာလောက် ကြာလိမ့်မယ်”
နှစ်ပေါင်းထောင့်သုံးရာလောက် ဆိုသည်မှာ ရှည်လျားလှသည့် အရာမျိုး ဖြစ်သော်လည်း အင်ပါယာတစ်ယောက် အတွက်တော့ တကယ့်ကို တိုတောင်းလှသည့်အချိန်ပင်ဖြစ်၏။ အင်ပါယာများသည် နှစ်သန်းပေါင်များစွာ ကြာအောင် ကျင့်ကြံခဲ့ရသည့်လူများ ဖြစ်သည် မဟုတ်ပါလား။ သို့ပေမဲ့ ငရဲအင်ပါယာအနေနှင့် ဤမျှလောက်အထိ မစောင့်ချင်ပေ။
သူမသည် ကြမ်းတမ်းပြီး ကြီးမားလှသော ရည်ရွယ်ချက်ပိုင်ရှင်တစ်ယောက် ဖြစ်သည်နှင့်အညီ များပြားလွန်း လှသည့် ရန်သူများလည်း တည်ရှိနေ၏။ မြေအင်မော်တယ်လောကထဲတွင်ပင်လျှင် သူမ၏ ရန်သူများသည် လက်ချိုးရေ၍ပင် မရနိုင်ချေ။ ထို့ကြောင့် နှစ်ပေါင်းထောင့်သုံးရာ အချိန်ပေးကာ စောင့်စားဖို့ ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ချေ။
သူမသည် နောက်ထပ် နှစ်ပေါင်းထောင့်သုံးရာကို လုံးဝ စောင့်စားလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ လောကကြီးတစ်ခု ပေါင်းစပ်ပြီးသည့်နောက် လောက၏ အဆင့်အတန်းသည် တမဟုတ်ချင်း ပြောင်းလဲသွားသည် ဖြစ်ကြောင်းကို သူမက အာရုံခံမိ၏။ ထို့ကြောင့် အစစ်အမှန် အင်မော်တယ်များ ဖြစ်တည်လာအောင် ဖိနှိပ်ထားသည့် နိယာမ များသည် ပျောက်ကွယ်ကောင်း ပျောက်ကွယ်သွားမှာဖြစ်၏။
သူမသည်သာ နောက်ထပ် နှစ်ပေါင်းထောင့်သုံးရာလောက် တော်ဝင်အင်ပါယာထိပ်ဆုံးအဆင့်တွင် ထိန်းသိမ်းထား သည်ဆိုပါက ဤအတောအတွင်း ဘာမဆို ဖြစ်သွားနိုင်၏။ ထူးခြားလွန်းလှသည့် အစစ်အမှန် အင်မော်တယ်များ အနေနှင့် သူမကို ထိခိုက်နာကျင်အောင် မပြုလုပ်နိုင်ဘူး ဆိုလျှင်တောင်မှ အန္တိမလမ်းစဉ် ကျင့်ကြံသူများ ရောက်ရှိလာသည်ဆိုပါက သူမ၏ အသက်ကယ်ဝှက်ဖဲများ အားလုံးသည် အသုံးပြု၍ ရနိုင်လိမ့်မည် မဟုတ်ချေ။
“စီနီယာသာ လမ်းညွှန်ပေးမယ်ဆိုရင် အစစ်အမှန် အင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် ဘယ်လောက်လောက် ကြာနိုင်လဲ” နိရယအင်ပါယာက ထပ်မံကာ မေးမြန်းလိုက်သည်။ ပြီးနောက် ကွာစီအင်ပါယာ အဆင့် ပစ္စည်းတော်တော်များများကို စားပွဲပေါ်သို့တင်ကာ မေးမြန်းလိုက်၏။
“တစ်နှစ်” လီယွင်က ရေရွတ်လိုက်သည်။
“တစ်နှစ် ဟုတ်လား”
နိရယအင်ပါယာသည် တွန့်ကနဲ ဖြစ်သွားမိ၏။ ခရမ်းရောင်နက်နဲလောကကြီး၏ လက်ရှိ အခြေအနေကို စဉ်းစားသုံးသပ်ပြီးနောက် သူမက မေးမြန်းလိုက်၏။ “စီနီယာ... အချိန်ကို ထပ်ပြီးတော့ တိုးလို့ ရနိုင်သေးတယ်”
“ရနိုင်တယ်”
လီယွင်က ခေါင်းညိတ်လိုက်သည်။ လက်ကို ယမ်းခါပြီးသည့်နောက် သူ၏ လက်ထဲတွင် ရောင်စဉ် အလင်းတန်းတစ်ခုက ပေါ်ပေါက်လာခဲ့သည်။ ထိုအရာသည် သလင်းကဲ့သို့ ကြည်လင်သည့် ကျောက်စိမ်းပြား တစ်ခုသာလျှင်ဖြစ်၏။ သူက ပြောလိုက်သည်။ “ဒီအထဲမှာ အစစ်အမှန် အင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်တဲ့ နည်းလမ်းတစ်ခု ပါတယ်လေ။ ခင်ဗျား ရရှိတဲ့အချိန်ကစပြီးတော့ ဘယ်အချိန်မဆို ဒါကို အဆင့်တက်လှမ်း နိုင်တယ်။ ဒါပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကနေ ထွက်ပြီးတဲ့နောက်မှာ ဘယ်အချိန်မှာ ဘယ်လို အဆင့် တက်မလဲဆိုတာ ခင်ဗျား ရွေးချယ်နိုင်တဲ့ ကိုယ်ပိုင် အခွင့်အရေးပဲ”
နိရယအင်ပါယာသည် မျက်မှောင်ကုတ်ကာဖြင့် ဇဝေဇဝါ မေးမြန်းလိုက်၏။ “စီနီယာ ဘာကို ဆိုလိုတာပါလဲ”
“အင်း... ဒီနေရာမှာ အဓိပ္ပာယ်တွေ အများကြီး ပါဝင်နေတယ်”
လီယွင်သည် စားပွဲပေါ်သို့ ကျောက်စိမ်းပြားတစ်ခုကို အသာချကာဖြင့် ရှင်းပြလိုက်သည်။ “တစ်နှစ်အတွင်း အစစ်အမှန် အင်မော်တယ်တစ်ယောက် ဖြစ်လာဖို့ဆိုတာ ခင်ဗျားရဲ့ ကံကြမ္မာပဲ။ ဒါပေမဲ့ အဲကံကြမ္မာကို ခင်ဗျား ပြောင်းပြန်လှန်နိုင်မလား၊ မလှန်နိုင်ဘူးလားဆိုတာ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲက ထွက်သွားပြီးတဲ့အချိန် ခင်ဗျားလုပ်တဲ့ အလုပ်တွေအပေါ် မူတည်နေတယ်။ ကျင့်ကြံသူတွေက ပုံမှန်အားဖြင့် ကောင်းကင်ကို ပုန်ကန်ရတာပဲ”
နိရယအင်ပါယာ၏ လက်ထဲတွင် သိုလှောင်လက်စွပ်တစ်ကွင်းက ပေါ်ပေါက်လာခဲ့၏။ သူမသည် စားပွဲပေါ်သို့ အသာတင်လိုက်၏။ ပြီးနောက် ကျောက်စိမ်းပြားကို ကောက်ယူကာဖြင့် သေသေချာချာ စမ်းသပ် ကြည့်ရှုလိုက်၏။ “ဂျူနီယာအနေနဲ့ ကံကြမ္မာကို ဘယ်တော့မှ ယုံကြည်နိုင်မှာ မဟုတ်ဘူး”
“မှားတယ်”
လီယွင်သည် ထိုအရာကို ကြားသည့်အချိန်မှာတော့ ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “ကျင့်ကြံသူတွေဆိုတာက ကောင်းကင်ရဲ့ စိတ်ဆန္ဒကို လိုက်ပါရတယ်။ ကောင်းကင်က အတည်မပြုဘူးဆိုရင် ခင်ဗျားအနေနဲ့ ဘာမှ ရမှာ မဟုတ်ဘူး။ ဒီနေ့ ခင်ဗျားအနေနဲ့ ဒီလိုအခြေအနေမျိုးကို ရောက်လာခဲ့တာ ဘာလို့လဲ ဆိုတော့ ကြိုတင်စဉ်းစား ဆုံးဖြတ်ပြီးတဲ့ ကံကြမ္မာလမ်းစဉ်ကြောင့်ပဲ။ အချိန်ရဲ့ မြစ်ရေစီးကြောင်းကနေ ခင်ဗျား လွတ်လွတ်လပ်လပ် ဖယ်ခွာသွားနိုင်တဲ့ အချိန်ကျမှ ကောင်းကင်ကို ပုန်ကန်ဖို့အကြောင်းကို ပြောရလိမ့်မယ်”
“စီနီယာအနေနဲ့ တစ်စုံတစ်ခုကို သိရှိနေတဲ့ပုံပဲ” ငရဲအင်ပါယာက စပ်စုလိုက်၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ မလာခင်က အင်ပါယာမိုယွမ်သည် ခရမ်းရောင်နက်နဲလောကကြီး၌ တော်ဝင်အင်ပါယာနှစ်ယောက် တည်ရှိသည်ဟု ပြောဆိုခဲ့ဖူး၏။ သို့ပေမဲ့ မည်သည့်နေရာတွင် ရှိမှန်း မသိရှိကြပေ။ ၎င်းတို့ နှစ်ယောက်လုံးသည် တော်ဝင်အင်ပါယာထိပ်ဆုံးအဆင့်တွင် တည်ရှိနေသည် ဖြစ်သောကြောင့် အခွင့်အရေး ရရှိသည်ဆိုလျှင် ၎င်းတို့သည် အစစ်အမှန် အင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်ပေမည်။ ထိုအင်ပါယာ နှစ်ယောက်တို့ အစစ်အမှန် အင်မော်တယ်အဆင့်ဆီသို့ တက်လှမ်းနိုင်မလား ဆိုသည်က သူမ မသေချာပေ။ သို့ပေမဲ့ အလောတကြီး သိချင်နေသည်မှာ ထိုသူတို့ထက် အရင်ဆုံး အစစ်အမှန် အင်မော်တယ် ဖြစ်ချင်ခြင်းပင်။
ထို့အပြင် လက်ရှိ ခရမ်းရောင်နက်နဲလောကကြီး၏ ကံကြမ္မာတရားသည် နိရယလောကနှင့် ချိတ်ဆက်လျက် ရှိနေ၏။ မြေအင်မော်တယ်လောကဆီမှ တခြားသော အင်အားစုများသည်သာ အလုံးအရင်းနှင့် ရောက်ရှိ လာသည်ဆိုပါက ခရမ်းရောင်နက်နဲလောကကြီးကို သူမကဲ့သို့ပင် လွှမ်းခြုံသိမ်းပိုက်တော့မှာဖြစ်၏။ သို့ပေမဲ့ အစစ်အမှန် အင်မော်တယ် ဖြစ်ခဲ့ပြီးသော အင်ပါယာနှစ်ယောက်တို့ ပြန်ရောက်လာသည့် အချိန်တွင် ထိုသူများ၏ ပထမဦးဆုံး ပစ်မှတ်သည် မည်သူဖြစ်မည်နည်း။
သေချာစွာပင် နိရယလောက ဖြစ်ပေ၏။ နိရယ အင်ပါယာသည် ထိုအရာကို စဉ်းစားခဲ့ပြီးပြီဖြစ်၏။ သူမ၏ အသက်ကယ်အဆောင်များနှင့်ဆိုလျှင် သူမသည် အန္တရာယ် မရှိနိုင်ပေ။ သို့ပေမဲ့ သူမ၏ နောက်လိုက်များမှာတော့ ထိုကဲ့သို့သော အခြေအနေမျိုး၌ မတည်ရှိချေ။ အမိန့်ပေးနိုင်သည့် စစ်သည်များမရှိသော အုပ်ချုပ်သူတစ်ယောက် သည် ဘာအသုံးကျမည်နည်း။
“လက်ရှိအချိန်မှာ ခင်ဗျား ဘယ်သတင်းအချက်အလက်ကိုမှ တတ်နိုင်မှာ မဟုတ်ဘူး”
လီယွင်သည် ငရဲအင်ပါယာကို လှမ်းကြည့်ပြီးသည့်နောက် သူမ၏ လက်ချောင်းများကို လှမ်းကြည့်လိုက်၏။ ပြီးနောက် ပြောဆိုလိုက်၏။ “ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့ လက်စွပ်ထဲမှာ ရှိနေတဲ့ ရှေးအလောင်း၊ ဒါမှမဟုတ် ငရဲလောကရဲ့ အမွေအနှစ်ကိုပေးဖို့ စိတ်ပါတယ်ဆိုရင်ပေါ့”
“ဒါက” နိရယအင်ပါယာ၏ အမူအရာများသည် ပြောင်းလဲသွားခဲ့လေ၏။ သူမသည် ကြောက်ရွံ့သွားခဲ့၏။ ငရဲလောက၏ အမွေအနှစ်ဆိုသည်မှာ သူမအတွက် အခြေခံများသာလျှင်ဖြစ်၏။ ထိုအရာများ မရှိတော့သည်ဆိုပါက ကျိန်းသေပေါက် ပြဿနာတက်ပေတော့မည်။ အလောင်းမှာတော့ အင်မော်တယ် လက်နက်ထက်ပင် ပိုမိုကာ တန်ဖိုးကြီးမားလှသည်။ အန္တိမလမ်းစဉ် ကျင့်ကြံသူတစ်ယောက်၏ အလောင်းပင် ဖြစ်လေသည်။
“ဒီလိုဆိုလို့ရှိရင်လည်း နောက်တစ်ကြိမ်ကျမှ ကျုပ်ဆီ ပြန်လာခဲ့ပေါ့”
“နောက်တစ်ကြိမ်ကျမှ ပြန်ပြီးတော့ လာခဲ့ပါ့မယ်” ငရဲအင်ပါယာသည် ရုတ်တရက် မတ်တပ်ရပ်ကာဖြင့် လက်ကို ယမ်းခါကာ ပြောလိုက်သည်။ သူမအနေနှင့် သတင်းအချက်အလက်ကို မဝယ်ယူနိုင်ဘူး ဆိုလျှင်တောင်မှ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် သူမအား အစစ်အမှန် အင်မော်တယ်အဆင့်ဆီသို့ တစ်နှစ်အတွင်း ရောက်ရှိလိမ့်မည်ဟု ပြောဆိုခဲ့ပြီးသားဖြစ်၏။ ဤအရာသည် ကံကြမ္မာတရားသာလျှင်ဖြစ်၏။ ထိုအရာကို ပြောင်းပြန်လှန်ပစ်နိုင်မည်ဟူ၍လည်း သူမက ယုံကြည်လျက် ရှိနေ၏။ ထိုထက်စော၍ အင်မော်တယ် ဖြစ်ခြင်းသည် သူမ၏ ရည်ရွယ်ချက် ဖြစ်လာခဲ့၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ရောင်းချလိုက်သည့် သတင်းအချက်အလက်များနှင့် သူမသည် တခြားသောသူများ၏ ကံကြမ္မာကို လိုက်လံ ခြယ်လှယ်နိုင်စွမ်း ရှိနေသည်။
“အရမ်းကောင်းတယ်” လီယွင်က ခေါင်းညိတ်လိုက်၏။ ငရဲအင်ပါယာ၏ အတွေးများကို လိုက်လံကြည့်ရှုပြီးသည့် နောက် သူမသည် ကံကြမ္မာကို ပုန်ကန်မည်ဆိုသည့်အကြောင်း စဉ်းစားနေသည်ဖြစ်ကြောင်း သိရှိလိုက်ရသည်။ သူသည် ရယ်ချင်သလိုပင် ဖြစ်လို့နေ၏။
ဤစကားလုံးများသည် တကယ့်ကို စိတ်ကူးယဉ်သည် စကားလုံးများသာလျှင် ဖြစ်တော့၏။ အစစ်အမှန် အင်မော်တယ်ထက် ပိုမိုကာ အားကောင်းသော ကျင့်ကြံခြင်းကို ပိုင်ဆိုင်မှသာလျှင် ဤကဲ့သို့သော အရာမျိုးကို ပြုလုပ်နိုင်မှာဖြစ်၏။ လောကကြီး၏ နိယာမများ၊ ကောင်းကင်၏ နိယာမများကို ပုန်ကန်ဖို့ ဆိုသည်မှာ လွယ်ကူလှသည့် အရာမျိုး မဟုတ်ချေ။