← Chapters

အပိုင်း (၄၂၄)

Vol. 29 Ch. 424

အပိုင်း (၄၂၄)

Vol. 29 Ch. 424

“ကံကြမ္မာ ဟုတ်လား”

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်မှာတော့ …..

နိရယ အင်ပါယာသည် သူမ၏ ပုံမှန် အော်ရာများကို ပြန်လည်ကာ ထုတ်ဖော်လျက် ရှိနေ၏။ သူမသည် ခန္ဓာကိုယ် တစ်ခုလုံး မြူများရစ်သိုင်းလျက် ရှိနေပြီး အေးစက်သည့် အကြည့်များအောက်တွင် မိုင်တစ်သောင်း အကွာအဝေးတွင် ရှိနေသည့် လူပေါင်းများစွာ တို့ကို ထင်ထင်ရှားရှား မြင်နေရ၏။ ပြီးသည့်နောက် သူမသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ အသာ လှည့်ကာ ကြည့်ရှုလိုက်၏။

နန်းဆောင်သခင် ပြောဆိုခဲ့သည့် စကားလုံးများကို ပြန်လည် ပြောဆိုရမည်ဆိုလျှင် သူမသည် ယုံကြည်ခြင်းနှင့် သံသယရှိခြင်းများ ရောထွေးကာ ခံစားနေမိ၏။ သူမ၏ ကံကြမ္မာတရားနှင့်ပတ်သက်၍ တစ်စုံတစ်ယောက်ဆီမှ ထွက်ပေါ် လာသည့် စကားလုံးများကို သူမ မယုံချေ။ ထို့အတူ ထိုကံကြမ္မာတရားသည် အရေးကြီးမားလှသည့် အရာဟု သူမက မယုံကြည် နိုင်ပေ။

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ဂုဏ်သိက္ခာတရားအရဆိုလျှင် ဖြစ်နိုင်သည့် အကြောင်းအရာများ ဖြစ်ပေသည်။ သို့ပေမဲ့ သူမသည် သံသယလည်း ဝင်လို့နေခဲ့၏။ တစ်စုံတစ်ယောက်၏ ကံကြမ္မာကို ထိုသူပင်လျှင် ပြောင်းလဲနိုင်စွမ်း ရှိနေသောကြောင့် သူမသည်လည်း ကောင်းကင်၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ကောင်း လွတ်မြောက်နိုင်သည်။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ငါ့အနေနဲ့ တစ်နှစ်အတွင်း အစစ်အမှန် အင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်မယ်လို့ ပြောဆိုခဲ့ပြီးပြီး ဖြစ်တာကြောင့် ဒီလိုကိစ္စရပ်မျိုးကို ပြောင်းပြန်လှန်ပြီး ပိုပြီး မြန်အောင် အဆင့်တက်နိုင်မလား ဆိုတာကို ငါကြည့်ရမယ်” နိရယ အင်ပါယာ၏ လက်ထဲ၌ ကျောက်စိမ်းပြားတစ်ခုက ပေါ်ပေါက်လာခဲ့၏။

ဤအရာတွင် မှတ်တမ်းတင်ထားသည့် အခွင့်အရေးသည် တခြားသော တည်နေရာများတွင် မဟုတ်ချေ။ မြေအင်မော်တယ်လောကကြီးတွင်သာ ဖြစ်၏။ သူမ ပြန်သည်နှင့် တပြိုင်နက် အခွင့်အရေးကို အရယူနိုင်စွမ်း ရှိ၏။ ထိုသို့ဆိုလျှင် သူမ၏ အင်ပါရီယာနန်းတော်ထဲတွင် အင်မော်တယ်တစ်ယောက် ဖြစ်လာနိုင်၏။ ဖြစ်စဉ် တစ်ခုလုံးသည် အချိန်ကြာမြင့်လိမ့်မည် မဟုတ်ချေ။ တစ်နှစ်မဆိုနှင့် နှစ်ဝက်ကပင်လျှင် များပြားနေပြီဖြစ်သည်။

“ကျင့်ကြံသူတွေက ကံကြမ္မာလမ်းစဉ်နဲ့ပတ်သက်ပြီး ကြောက်ရွံ့နေကြတယ်။ ကောင်းကင်ရဲ့ ကံကြမ္မာဆိုတဲ့ စကားလုံးက ကောလဟလ သက်သက်ပဲ။ လူတွေ ပေါက်ပန်းလေးဆယ် ပြောဆိုနေတဲ့ စကားလို့ပဲ ထင်တယ်။ ကောင်းကင်ရဲ့လျှို့ဝှက်ချက်တွေကို တွက်ချက်နိုင်စွမ်းရှိတဲ့ လူတွေ တော်တော်များများက ….. ” နိရယ အင်ပါယာသည် တီးတိုးရေရွတ်လိုက်၏။ သူမသည် စကားကို ပြီးဆုံးအောင် မပြောခဲ့ချေ။ ရှေ့ဆီသို့ အသာလှမ်းတက်ပြီးသည့်နောက် တော်ဝင်သဲကန္တာရမြို့မှ ထွက်ခွာသွားရန် ပြင်ဆင်လိုက်၏။

သို့ပေမဲ့ ခြေထောက်ကို မြှောက်လိုက်ရုံသာ ရှိသေးသည်။ သူမ၏ သိုလှောင်လက်စွပ်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားက လင်းလက်သွားခဲ့သည်။ လက်ဝါးကို အသာလှည့်ကာဖြင့်‌ ကျောက်စိမ်းပြားအား ထုတ်ကာ ကြည့်ရှုလိုက်၏။ အထဲတွင်တော့ သတင်းစကား အချက်အလက်များ တည်ရှိနေသည်။ ထိုအရာကို မြင်သည့်အချိန်မှာတော့ သူမ၏ မျက်မှောင်သည် ကျုံ့ဝင်သွားခဲ့သည်။

“ကောင်းကင်တုန်ခါခြင်းဓား ပေါ်လာပြီ ဟုတ်လား” နိရယ အင်ပါယာသည် ကောင်းကင်အထက်တွင် ရှိနေသည့် များပြားလှသော စာရင်းများကို မော့ကြည့်လိုက်၏။ အင်ပါရီယာလက်နက်စာရင်းတွင် ကောင်းကင်တုန်ခါခြင်း ဓားဆိုသည့် စကားလုံးက ထင်ထင်ရှားရှားကြီး တည်ရှိနေ၏။ မူလအားဖြင့် ကောင်းကင်တုန်ခါခြင်းဓား၏ ပိုင်ရှင်သည် လက်ရှိအချိန်၌ မရှိချေ။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ပိုင်ရှင်နေရာတွင် အင်ပါယာယုညိုဆိုသည့် နာမည်က ပေါ်လာခဲ့၏။

ပြောရမည်ဆိုလျှင် ခရမ်းရောင်နက်နဲလောကကြီးတွင် ဤအရာကလည်း ပွက်လောရိုက်လျက် ရှိနေ၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် အသံကြီးများ ထွက်ပေါ်လျက် ရှိနေလေပြီး ကောင်းကင်ထက်တွင် ရှိနေသည့် ကြယ်စင်စုများ အားလုံးသည် လှုပ်ခါနေ၏။ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးသည် ကြီးမားလှသည့် ငလျှင်ကြီး ဖြစ်တည်လာသကဲ့သို့ပင် တုန်ခါလျက် ရှိနေပြီး ခရမ်းရောင်နက်နဲ လောကနှင့် မြေအင်မော်တယ် လောကတွင် ရှိနေသည့် သက်ရှိသတ္တဝါပေါင်း များစွာတို့သည် အလန့်တကြား ဖြစ်ကုန်ကြ၏။

အဝေးမှ ကြည့်ရှုရမည်ဆိုလျှင် ကြက်သွေးရောင်တိမ်များ ဖြစ်တည်လာခဲ့ပြီး ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးတွင် ရှေးဆန်လွန်းလှသည့် ဓားကြီးက ပေါ်ပေါက်လာခဲ့၏။ ၎င်းဓားကြီးဆီမှ ဆန်းကြယ်လွန်းလှသော ရောင်စဉ်များ ထွက်ပေါ်လျက် ရှိနေပြီး ဓားတာအိုသည် လောကကြီး တစ်ခုလုံးကို လွှမ်းခြုံသွားသကဲ့သို့ပင်။ ရေတွက်လို့ မရအောင် များပြားလှသည့် ဓားကျင့်ကြံသူများအားလုံးသည် အသက်ရှူမဝသလိုပင် ဖြစ်လို့နေကြသည်။

“ကောင်းကင်တုန်ခါခြင်းဓား”

ထိုစကားစုသည် ဓားကျင့်ကြံသူများအတွက်တော့ ကောင်းချီးတစ်ခုပင် ဖြစ်လို့နေ၏။ ထို့အပြင် ခရမ်းရောင်နက်နဲလောကတွင် ရှိနေသည် သက်ရှိသတ္တဝါတို့၏ နှလုံးသားများသည်လည်း တုန်ခါလျက် ရှိနေ၏။

ဆန်းကြယ်လွန်းလှပါသည်ဆိုသော တစ်စုံတစ်ယောက်သည် ကောင်းကင်တုန်ခါခြင်းဓားကဲ့သို့သော အင်ပါရီယာ လက်နက်တစ်ခုကို ရရှိခဲ့လေပြီ။ အင်ပါရီယာ စိတ်ဆန္ဒများသည် တည်နေရာတစ်ခုလုံးကို လွှမ်းခြုံလျက် ရှိနေပြီး မမြင်နိုင်သည့် ဖိအားကြီးသည် လောကကြီး တစ်ခုလုံးကို ဖိနှိပ်လာခဲ့၏။ မည်သူမှသည် မခုခံနိုင်ခဲ့ကြချေ။

ခရမ်းရောင်နက်နဲလောကကြီးကို တိုက်ခိုက်လျက် ရှိနေသည့် မြေအင်မော်တယ်လောကဆီမှ စစ်သည် အားလုံးတို့သည် တချိန်တည်းမှာပဲ မြေပေါ်သို့ ဒူးထောက်ထိုင်ချသွား၏။ ကျင့်ကြံသူပေါင်းများစွာတို့၏ ဝိညာဉ်များ သည် တုန်ခါလျက် ရှိနေကြ၏။ မည်သို့မှ မနေနိုင်ဘဲ ဒူးထောက်ကာ ခစားမှုကို ပြုလုပ်ချင်လာကြ၏။ ဤအရာသည် အမှတ်မထင် ဖြစ်တည်လာခဲ့သည့် အကြောင်းအရာသာလျှင် ဖြစ်တော့၏။

တခြားတစ်ဖက်က ကြည့်ရှုရမည်ဆိုလျှင် ခရမ်းရောင်နက်နဲလောကကြီးတွင် ရှိနေသည့် သက်ရှိသတ္တဝါများနှင့် မတူခြားနားစွာပင် မြေအင်မော်တယ်လောကတွင် ရှိနေသည့် လူတော်တော်များများတို့သည် ကြောက်လန့် တုန်လှုပ်လျက် ရှိနေလေ၏။ ၎င်းတို့သည် မနည်းရုန်းကန်ကာဖြင့် မတ်တပ်ထရပ်ရန် ကြိုးစားလျက် ရှိနေပြီး ၎င်းတို့၏ သက်ဆိုင်ရာ ဂိုဏ်းအသီးသီးဆီသို့ သတင်းပေးပို့မှုကို ပြုလုပ်နေကြ၏။

သို့ပေမဲ့ သတင်းပေးပို့သည့် ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည့် အချိန်မှာတော့ ဓားအလင်းတန်းတစ်ခုသည် ရုတ်တရက် ရောက်ရှိလာပြီး အားလုံးသော သူတို့ကို ခုတ်ပိုင်းလေ၏။ တချို့သော သူများသည်သာလျှင် သတင်းအချက်အလက်ကို ပေးပို့နိုင်စွမ်း ရှိကြသည်။

“ကောင်းကင်တုန်ခါခြင်းဓား ပြန်ပေါ်လာပြီ။ ကျုပ်တို့ ခရမ်းရောင်နက်နဲလောကကြီးက အင်ပါယာတစ်ယောက် ရခဲ့တာလား”

အင်ပါရီယာကလန်တစ်ခု၏ ထောင့်တစ်နေရာမှာတော့ တချို့သော သက်ရှိသတ္တဝါများသည် တုန်ယင်လျက် ရှိနေကြ၏။ ထိုကဲ့သို့သော တုန်ယင်မှုသည် ကြောက်လန့်မှုကြောင့် မဟုတ်ဘဲ ပျော်ရွှင်မှုကြောင့် ဖြစ်ကြ၏။

“ဒီအော်ရာ.. သူပဲ၊ အင်ပါယာယုညိုပဲ”

တော်ဝင်အင်ပါယာတိုက်ပွဲမှာတော့ တကိုယ်လုံး သွေးများဖုံးလွှမ်းလျက် ရှိနေပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိနေသည့် အင်ပါယာတစ်ယောက်သည် ကောင်းကင်ပေါ်တွင် ပေါ်ပေါက်လာသည့် ရှေးဓားကြီးကို ကြည့်ရှုရင်း မျက်လုံးများ တောက်ပလာခဲ့၏။ အဘယ်ကြောင့်ဆိုသော် ခရမ်းရောင်နက်နဲ လောကကြီး၏ တပ်ကူ ရောက်ရှိလာပြီဖြစ်ကြောင်း သူက သိရှိသောကြောင့်ပင်။

ကောင်းကင်ယံ၏အဝေး အစွန်းတစ်နေရာတွင် ရှေးစစ်ရထားလုံးကြီးတစ်ခုက ပေါ်ပေါက်လာခဲ့ပြီး မိုးခြိမ်းသံများ နှင့်အတူ အားလုံးသောသူတို့ကို တုန်ယင်စေခဲ့၏။ ကြည့်ရသည်မှာ ရှေးအင်ပါယာတစ်ယောက် အပြေးအလွှား ရောက်ရှိလာခဲ့သည့်ပုံပင်။

စစ်ရထားလုံးကြီးအပေါ်တွင်တော့ ဆန်းကြယ်လွန်းလှသည့် လူသားတစ်ယောက် ခြေချိတ်ကာ ထိုင်လိုက် ရှိနေ၏။ ၎င်းသည် ခရမ်းရွှေရောင် သရဖူနှင့် အင်ပါရီယာဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး အစစ်အမှန် ပုံပန်း သွင်ပြင်သည် မည်သို့ဖြစ်ကြောင်း မသေချာလှပေ။ ဆံပင်များသည် ၎င်း၏ နောက်ကျောနှင့် ရင်ဘတ်ရှေ့သို့ ကျဆင်းလျက် ရှိနေလေပြီး အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည့် ပုံပန်းသွင်ပြင်မျိုး ပေါ်ပေါက်နေ၏။

အင်ပါယာယုညိုသည် စစ်ရထားလုံးပေါ်တွင် ထိုင်လျက်ရှိနေပြီး သူ၏ ပေါင်ပေါ်တွင် ရှေးဓားတစ်ခုက တည်ရှိနေ၏။ ဤအရာသည် ကောင်းကင်တုန်ခါခြင်းဓား၏ အစစ်အမှန် ပုံပန်းသွင်ပြင်ပင် ဖြစ်၏။‌ ကောင်းကင်ပေါ်တွင် ပေါ်ပေါက်ကာဖြင့် အားလုံးသောသူတို့ကို ဖိအားပေးနေသည့် ဓားကြီးသည် ထိုကောင်းကင် တုန်ခါခြင်းဓား၏ ပုံရိပ်ယောင်သာလျှင် ဖြစ်လေသည်။

“မြေအင်မော်တယ်လောကပဲ”

အင်ပါယာယုညိုသည် ဖြည်းညှင်းစွာဖြင့် ထိုစကားစုကို ပြောဆိုလိုက်၏။ ထိုစကားစုသည် ရေတွက်လို့မရအောင် များပြားလှသည့် လူပေါင်းများစွာတို့၏ နှလုံးသားများကို တုန်ခါစေခဲ့၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲကို မဝင်ခင်က သူသည် မြေအင်မော်တယ်လောက၏ ကျူးကျော်မှုအား ခရမ်းရောင်နက်နဲလောကကြီးဘက်မှ ဝင်ရောက်ကာ တိုက်ခိုက်ခဲ့သေး၏။ သို့ပေမဲ့ အင်မော်တယ်တိုက်ပွဲ တည်နေရာဆီသို့ ရောက်ရှိခဲ့ပြီး ရက်အနည်းငယ်အတွင်းမှာပဲ ခရမ်းရောင်နက်နဲလောက၏ သုံးပုံတစ်ပုံ လောက်သည် မြေအင်မော်တယ်လောက၏ သက်ရှိများလက်ထဲသို့ ကျဆင်းနေသည်ဖြစ်ကြောင်း သူက အံ့အားသင့်စွာဖြင့် သိရှိခဲ့ရသည်။

ဤကဲ့သို့သော ပြိုလဲမှု၊ သိမ်းပိုက်ခံရမှုများသည် သူထင်မှတ်ထားသည်ထက် ပိုမိုကာ များပြားလို့ နေခဲ့၏။ သူသည်သာ ရက်အနည်းငယ်လောက် နောက်ကျကာ ရောက်ရှိမည်ဆိုပါက ဖြစ်ပေါ်လာနိုင်သည့် ရလဒ်များသည် ခန့်မှန်း၍ပင် မရနိုင်ခဲ့ချေ။ ခရမ်းရောင်နက်နဲလောကကြီးတစ်ခုလုံး ရှိချင်မှ ရှိပေလိမ့်မည်။

“ခရမ်းရောင်နက်နဲလောကကြီးဆိုတာ မင်းတို့ လာချင်သလိုလာ၊ သွားချင်သလိုသွားလို့ရတဲ့နေရာ မဟုတ်ဘူး” အင်ပါယာယုညိုသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ သူသည် ကောင်းကင်တုန်ခါခြင်းဓားကို လက်ဖြင့် အသာဖမ်းဆုပ်လိုက်၏။ လက်ငါးချောင်းဖြင့် ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ပြီးသည့်နောက် သူသည် ဓားကို တစ်လက်မလောက် ဆွဲထုတ်လိုက်၏။

ကြောက်မက်ဖွယ်ရာကောင်းသည့် ရွှေနှင့်သံ ထိတွေ့သံသည် လောကကြီးတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွား၏။ သန်းနှင့်ချီသော တည်နေရာကြီးထဲတွင် နီစွေးလျက်ရှိနေသည့် အလင်းတန်းကြီး ဖြစ်ပေါ်လာ၏။ ကောင်းကင် တုန်ခါခြင်းဓား၏ စိတ်ဆန္ဒသည် လက်ရှိအခြေအနေမှာတော့ အပြည့်အဝ ပြန်လည်ကာ ပေါ်ပေါက်လာခဲ့ပြီဖြစ်ပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည် ဖြစ်ကြောင်းကို အရှိန်အဟုန်ပြင်းပြင်းဖြင့် ထုတ်ဖော်လာခဲ့သည်။

ဓားဆီမှ အနီရောင် ရောင်စဉ်တန်းများသည် လူပေါင်းများစွာတို့၏ အသက်သွေးများ ပြည့်နှက်လျက် ရှိနေသော သွေးပင်လယ်ကြီး တစ်ခုကဲ့သို့ပင် တည်နေရာကြီးတစ်ခုလုံးကို အဆုံးမဲ့ လွှမ်းခြုံသွားခဲ့၏။ ဤအရာသည် တကယ့်ကို ကောင်းမွန်လွန်းလှသည့် အင်ပါရီယာလက်နက် တစ်ခုသာလျှင်ဖြစ်၏။ ဤအရာသည် ကွာစီအင်ပါယာများကိုပင် ကြက်သီးထစေနိုင်စွမ်းရှိသည့် လက်နက်တစ်ခုဟု ပြောဆိုရမည်ဆိုလျှင် လွန်မည်မထင်ချေ။

ဓားအလင်းတန်းများ ပေါက်ကွဲထွက်သွားပြီးသည့်နောက် ထိုဓားအလင်းတန်းများသည် နေ၊ လ၊ များပြားလွန်း လှသည့် ကြယ်စင်စုများကဲ့သို့ပင် မျက်စိကို စူးရှစေ၏။ ကောင်းကင်တုန်ခါခြင်းဓား၏အထက် နတ်ဘုရားလက်နက် အနည်းငယ်သာလျှင် ကျန်ရှိတော့၏။ တခြားသောအရာ အားလုံးသည် ထိုလက်နက်ကို နှိုင်းယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။

“အင်ပါယာယုညို... သူ မြေအင်မော်တယ်လောကကြီးနဲ့ တိုက်ခိုက်တော့မှာလား”

ခရမ်းရောင်နက်နဲလောကတွင် ရှိနေသည့် သက်ရှိသတ္တဝါပေါင်း များစွာတို့သည် ပထမတုန်းက စိတ်ပျက်လက်ပျက် ခံစားလျက် ရှိနေသော်လည်း အင်ပါယာယုညိုကို မြင်ရသည့် အချိန်မှာတော့ တကယ်ပဲ ပျော်ရွှင်သွားမိကြ၏။

ကံကောင်းစွာဖြင့် အင်ပါယာယုညိုသည် အချိန်ကိုက် ပြန်လည် ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ ပြောရမည်ဆိုလျှင် ကောင်းကင်တုန်ခါခြင်းဓားကိုလည်း ပြန်လည် ယူဆောင်လာခဲ့သေး၏။ ဤမျှ စိတ်လှုပ်ရှားကောင်းသည့်သတင်း တခြားမရှိနိုင်တော့ချေ။

“ပိုင်းဖြတ်စမ်း”

အလင်းတန်းများ ကျဆင်းလာခဲ့ပြီးသည့်နောက် လေဟာနယ်တစ်ခုလုံးက တုန်ခါသွားခဲ့လေ၏။ ထိုအသံ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် လောကကြီးတစ်ခုလုံးကို အလင်းတန်းများက ဖုံးလွှမ်းသွား၏။ ကောင်းကင်တုန်ခါခြင်းဓား ကို ဓားအိမ်ထဲမှ ထုတ်ဖော်ပြီးသည့်နောက် အင်ပါယာယုညိုက ကျိန်းသေပေါက် လှုပ်ရှားလိုက်ခြင်းပင်။

အင်ပါယာအဆင့်ကြားထဲတွင် အားအကောင်းဆုံးသော တိုက်ခိုက်မှုဟု သုံးသပ်၍ ရနိုင်၏။ ထိုတိုက်ခိုက်ချက် သည် အရပ် ရှစ်မျက်နှာဆီသို့ ပျံ့နှံ့သွားလေသည်။

All Chapters