အပိုင်း (၄၂၉)
Vol. 29 Ch. 429
“သတ်စမ်း” ခရမ်းရောင်နက်နဲလောကကြီးအတွင်း နိရယ အင်ပါယာနှင့် အင်ပါယာယုညိုတို့သည် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်လျက်ရှိနေ၏။ ၎င်းတို့နှစ်ယောက် တိုက်ခိုက်နေသည့် တည်နေရာတစ်ခုလုံးသည် များပြား လှသည့် တာအို၏ သင်္ကေတများနှင့် ပြည့်နှက်လျက်ရှိပြီး ရောင်စဉ်အလင်းတန်းများနှင့် ထွန်းတောက်နေ၏။ တစ်ယောက်ချင်းစီတိုင်းသည် စကြဝဠာတစ်ခုလုံးကို ထိုးခွင်းနိုင်လောက်သည့်စွမ်းအားများကို ပိုင်ဆိုင်လျက် ရှိနေ၏။
ပြင်းထန်လှသည့်တိုက်ပွဲသည် ကြောက်မက်ဖွယ်ရာကောင်းလွန်းလှပြီး သက်ရှိသတ္တဝါများ အားလုံးကို တုန်လှုပ်စေခဲ့၏။ အင်ပါယာယုညိုသည် အင်ပါယာများ၏ ထိပ်ဆုံးတွင် ရှိနေသည့် စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက်ဖြစ်ပြီး အချိန်အတော်ကြာ အားကောင်းလှသည့် ကျင့်ကြံသူတစ်ယောက်အဖြစ် ရပ်တည်ခဲ့သူ ဖြစ်၏။ အခြားသော တစ်ဖက်ခြမ်းတွင် ရှိနေသည့် နိရယအင်ပါယာ ဆိုသည်မှာလည်း နှစ်ပေါင်း တစ်သိန်းကျော်အတွင်း အနှိုင်းမဲ့ကျင့်ကြံသူတစ်ယောက်အဖြစ် ရပ်တည်ခဲ့သူဖြစ်၏။ ထိုနှစ်ယောက်ကြား တိုက်ခိုက်ပွဲသည် တကယ်ကို ကြမ်းတမ်းပြီး ရက်စက်လွန်းလှချေသည်။
အချိန်အတိုင်းအတာတိုအတွင်း နိရယအင်ပါယာသည် တဖြည်းဖြည်း အထက်စီးမှရရှိလာခဲ့၏။ အင်ပါယာ ယုညိုသည် သူမနှင့်လက်ရည်ချင်း မနှိုင်းယှဉ်နိုင်ဘူးဆိုလျှင်တောင်မှ ကျိန်းသေပေါက် ထူးချွန်လှသည့် လူတစ်ယောက်ဖြစ်မှန်းတော့ သက်သေပြလျက်ရှိနေ၏။ နိရယ အင်ပါယာနှင့် အချိန်အတိုင်းအတာတို အတွင်း အပြီးသတ် တိုက်ခိုက် အနိုင်ယူနိုင်ဖို့ဆိုသည်မှာ လွယ်ကူလိမ့်မည် မဟုတ်ချေ။
ဘုန်း
အင်ပါယာရန်မို၏ ဝတ်စုံများသည် ရောင်စဉ်အလင်းတန်းများနှင့် ထွန်းတောက်လာခဲ့၏။ ၎င်းသည် လက်ဝါး ရိုက်ချက်ကြီးတစ်ခုကို ထုတ်ဖော်ကာဖြင့် စကြဝဠာတစ်ခုဆီသို့ လှမ်းကာ ရိုက်နှက်လိုက်၏။ များပြားလွန်းလှသည့် နိယာမများသည် ကောင်းကင်ယံကို လွှမ်းခြုံသွားခဲ့၏။ ထိုအရာသည် တကယ့်ကို ကျိန်းသေပေါက် အားကြီးလွန်းလှသည့် တိုက်ခိုက်ချက်တစ်ခုသာလျှင်ဖြစ်၏။ လောက၏နိယာမ အားလုံးတို့သည် ထိုလက်ဝါးရိုက်ချက်ထဲတွင် ပါဝင်လျက်ရှိနေပြီး တာအိုလမ်းစဉ်၏ အရိပ်အမြွက်များပင်လျှင် ထွက်ပေါ်နေသည်။
“အင်း... အင်ပါယာစာရင်း၏ ဒုတိယမြောက်နေရာမှာရှိတဲ့လူ ပီသပါပေတယ်” အင်ပါယာယုညို၏ မျက်စိသူငယ်အိမ်များသည် ကြုံ့ဝင်သွားခဲ့၏။ ကောင်းကင်တုန်ခါခြင်းဓားကို အသာ လှမ်းမြှောက်ပြီးသည့်နောက် ကောင်းကင်ယံဆီသို့ ခုတ်တက်လိုက်၏။ ၎င်း၏နောက်ဘက်တွင် ရှိနေသည့် ပုံရိပ်ယောင်ပင်လျှင် တုန်ခါသွားခဲ့၏။
ချလွမ် ချလွမ် ချလွမ်
များပြားလွန်းလှသည့် ဓားအလင်းတန်းများ ထွန်းတောက်လာခဲ့ပြီး အလွန်တရာ လင်းလက်နေ၏။ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးတွင် အလင်းတန်းများသာ တည်ရှိနေ၏။ ဤအရာသည် အင်ပါယာယုညို တစ်ယောက် အင်ပါယာတစ်ယောက်ဖြစ်လာစေရန် လှမ်းလျှောက်ခဲ့သည့် လမ်းစဉ်သာလျှင်ဖြစ်၏။ ထို့ပြင် သူဖန်တီးခဲ့သည့် လျှို့ဝှက်နည်းစနစ်တစ်ခုလည်း ဖြစ်သည်။
တောက်ပလှသည့် အတောင်ပံတစ်ခုသည် သူ့ကိုဖုံးကာလျက် ရှိနေပြီး တည်နေရာတစ်ခုလုံး၌ ကြီးမား လွန်းသည့် ဖိအားဒဏ်ကို ဖြစ်တည်စေခဲ့၏။ လေဟာနယ်ကြီးတစ်ခုလုံးသည် ကွဲအက်လျက်ရှိနေပြီး ကြောက်မက်ဖွယ်ရာကောင်းလှသည့် အားအင်ကို သူက ထုတ်ဖော်လိုက်၏။
ဘုန်း
ကျယ်လောင်လှသော အသံကြီးထွက်ပေါ်လာခဲ့ပြီး အသင်္ချေများပြားလွန်းလှသည့် နိယာမများသည် တည်နေရာတစ်ခုလုံးတွင် သင်္ကေတများအဖြစ် တစ်ခုပြီးတစ်ခု ဖြစ်တည်လာခဲ့၏။ အင်ပါယာယုညိုနှင့် နိရယ အင်ပါယာတို့၏ တိုက်ခိုက်မှုတွင် တစ်စုံတစ်ယောက်သည် အရင်ဦးဆုံး ဒဏ်ရာရရှိသွားခဲ့သည်။
ချက်ချင်းဆိုသလိုပဲ အင်ပါယာပေါင်းများစွာတို့သည် လှမ်းကာကြည့်ရှုလိုက်မိကြ၏။ ၎င်းတို့၏ အမူအရာ သည် လေးနက်လျက်ရှိ၏။ အင်ပါယာတစ်ယောက်၏ သွေးသည် ပြိုင်ဘက်ကင်းလှသည့် စိတ်ဆန္ဒများ ပါဝင်လျက်ရှိနေပြီး ကြယ်စင်စုဥက္ကာခဲများကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိ၏။ ထိုသွေးကျဆင်းသွားခဲ့သည့် ကုန်းမြေမြင့်တစ်ခုသည် ဘာမှမရှိခဲ့သလို ပျောက်ကွယ်သွားခဲ့၏။
မည်သူ့၏သွေး ဖြစ်သနည်း။ ဤမေးခွန်းသည် ရေတွက်၍မရ အောင်များပြားလှသည့် သက်ရှိသတ္တဝါများ၏ ဦးနှောက်ထဲ၌ ပေါ်ပေါက်လာခဲ့သည်။
ဘုန်း
ရုတ်တရက် ခဏအတွင်းမှာပဲ သွေးအလင်းတန်းတစ်ခုက ထိုးခွင်းသွားခဲ့၏။ အင်ပါယာတစ်ယောက်၏ လွှမ်းမိုးမှုသည် လောကကြီးတစ်ခုလုံးကို တုန်ခါစေခဲ့၏။ သွေးအလင်းတန်းသည် ရှိရှိသမျှသော လူများ အားလုံးကို ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဖိအားဒဏ်ကို ဖြစ်စေခဲ့ပြန်၏။
“အင်ပါယာစာရင်းရဲ့ ဒုတိယနေရာမြောက် တကယ့်ကို ဂုဏ်သိက္ခာနဲ့ အသက်ရှင်နေထိုင်နိုင်တဲ့လူပဲ။ နန်းဆောင်သခင်က ဒုတိယနေရာမှာ ထားထားတယ်ဆိုတည်းက သူ့ရဲ့ အားအင်ကို သံသယရှိစရာ မလိုဘူး” လေးနက်သည့် အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။
လူပေါင်းများစွာတို့သည် ခပ်ဝေးဝေး တည်နေရာဆီသို့ လှမ်းကာကြည့်ရှုလိုက်ကြ၏။ အဝေးတစ်နေရာ တွင်တော့ အင်ပါယာယုညိုသည် မတ်မတ်ရပ်လျက်ရှိနေပြီး ၎င်း၏ အသက်ဓာတ်များသည်လည်း အရှိန်အဟုန်ပြင်းပြင်းနှင့် ဖြစ်တည်နေတုန်းပဲ။ ဆံပင်များသည် လေနှင့်အတူ လွင့်မျောလျက် ရှိနေပြီး နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ပင် ထင်မှတ်မှားရ၏။ ၎င်းသည် ထိပ်ဆုံးအဆင့်တွင် ရှိနေသည့် သူ၏ အားအင့်အဆင့်များကို ထုတ်ဖော်ထားသည် ဆိုသော်လည်း သူ၏ အဝတ်အစားအားလုံးသည် အစိတ်စိတ် အမွှာမွှာ ဖြစ်ကုန်၏။
အမြင်စူးရှလှသည့် တစ်စုံတစ်ယောက်သာ ရှိသည်ဆိုပါက ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ဖြစ်တည် နေသည်ကို မြင်ရမှာ သေချာနေ၏။ ထိုဒဏ်ရာများသည် တဖြည်းဖြည်း ပြန်လည်ကာ ကုစားလျက် ရှိနေလေ၏။ အသက်တစ်ရှိုက်စာအတွင်း ၎င်း၏ ဒဏ်ရာများသည် အလုံးစုံပြန်လည်ကာ ကောင်းမွန်သွားခဲ့၏။ ၎င်း၏ဝတ်စုံပင်လျှင် မူလအတိုင်း ပြန်လည်ကာ ဖြစ်တည်သွားသည်။
“အစောပိုင်းတုန်းက အင်ပါယာရဲ့သွေးက အင်ပါယာယုညိုရဲ့သွေးပဲ” ခရမ်းရောင်နက်နဲလောက၏ ဘက်ခြမ်းတွင်တော့ လူပေါင်းများစွာတို့၏ နှလုံးသားထဲတွင် ကြောက်လန့်မှုများ ဝင်ရောက်လာခဲ့ကြ၏။ အလွန်ကို အားကောင်းလှပါသည်ဆိုသော အင်ပါယာယုညိုသည် နိရယ အင်ပါယာကို ထိပ်တိုက် ရင်ဆိုင်နိုင်ခြင်းမရှိဘူးလား။ ထိုသို့ဆိုလျှင် တိုက်ပွဲသည် မည်သို့ဆက်ဖြစ်မည်နည်း။
အင်ပါယာပိုင်လီ ရောက်ရှိလာလျှင်တောင်မှ အလုပ်ဖြစ်လိမ့်မည် မဟုတ်ချေ။ ထို့ပြင် အင်ပါယာပိုင်လီသည် အင်ပါယာယုညိုထက် ပိုမိုကာ တစ်ဆင့်နိမ့်ပါး၏။ နိရယ အင်ပါယာနှင့် ခပ်ဝေးဝေး တည်နေရာတွင် တည်ရှိနေသည့်လူပင်။
“ကြည့်ရတာ ရလဒ်ကို ဆုံးဖြတ်ပြီးသွားပြီပဲ” အင်ပါယာရန်မိုက ရယ်မောလိုက်၏။ သူသည် အင်ပါယာ ယုညိုကို စောဏတုန်းက လက်ဝါးရိုက်ချက်တစ်ခု ထုတ်ဖော်ကာ အလစ်ချောင်းတိုက်ခိုက်ခဲ့သေး၏။ သို့ပေမဲ့ တစ်ဖက်လူ၏ ပြန်လည်တိုက်ခိုက်မှုသည် သူ့အား သေဆုံးလုနီးပါးထိတောင် ဖြစ်တည်စေခဲ့၏။ ယခု အင်ပါယာယုညို ဒုက္ခရောက်နေသည်ကို မြင်ရသည့်အချိန်မှာတော့ သူသည် တကယ်ပင် ပျော်ရွှင်လို့နေ၏။
“မဟုတ်သေးဘူး”
အင်ပါယာရန်မို၏ဘေးတစ်ဖက်တွင်ရှိနေသည့် အမဲရောင်မြူများ လွှမ်းခြုံနေသောလူက ခေါင်းကို ခါယမ်းလိုက်၏။ သူ၏ မျက်လုံးများသည် ထွန်းတောက်လျက်ရှိနေ၏။ ထိုသူသည် လေးလေးနက်နက် ပြောဆိုလိုက်သည်။
“အင်ပါယာတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဆိုတာ ဖျက်ဆီး သတ်ဖြတ်ဖို့ အရမ်းကို ခက်ခဲတယ်။ သွေးတစ်စက်တည်း ကျန်ရင်တောင်မှ ပြန်ပြီးမွေးဖွားနိုင်စွမ်းရှိတယ်။ နိရယအင်ပါယာက အင်ပါယာယုညိုကို အနိုင်ယူ တိုက်ခိုက်နိုင်တယ် ဆိုရင်တောင်မှ လွယ်လွယ်ကူကူ သတ်ဖြတ်ပစ်ဖို့ဆိုတာ မလွယ်ဘူး။ ပြီးတော့ နိရယ အင်ပါယာရဲ့ လက်ထဲမှာ ကောင်းကင်တုန်ခါခြင်းဓားရှိတာမဟုတ်ဘူး။ အင်ပါယာယုညိုက ဒဏ်ရာကနေ မြန်မြန်ဆန်ဆန်ပြန်ပြီး ကောင်းမွန်လာနိုင်တယ်။ တကယ်တမ်း တိုက်ခိုက်မယ်ဆိုရင် သူတို့ရဲ့ အဆုံးအဖြတ် ရလဒ် ထွက်လာဖို့ အနည်းဆုံး တစ်နှစ်၊ နှစ်နှစ်လောက် အချိန်ယူရမယ်တူတယ်။ ပြီးတော့ နိရယ အင်ပါယာက …..”
အမဲရောင်မြူများ လွှမ်းခြုံလျက်ရှိနေသည့်လူသည် မျက်လုံးထဲတွင် သံသယအရိပ်အယောင်များ ဖြစ်တည် လာခဲ့၏။ “ကြည့်ရတာ နည်းနည်း ထူးဆန်းနေတယ်”
“အမ်”
အင်ပါယာရန်မိုသည် ဇဝေဇဝါဖြစ်သွားမိ၏။ သူသည် မျက်မှောင်ကုတ်ကာဖြင့် မေးမြန်းလိုက်သည်။ “ဘာကို ရှာဖွေတွေ့ရှိထားတာလဲ တာအိုရောင်းရင်း”
တခြားသောသူများအနေနှင့် အမဲရောင်မြူများ ရစ်သိုင်းလျက်ရှိနေသောလူကို ရင်းနှီးချင်မှ ရင်းနှီးပေလိမ့်မည်။ သို့ပေမဲ့ အင်ပါယာရန်မိုကတော့ ကောင်းကောင်းသိသည်။ ဤလူသည် ကောင်းကင် အင်ပါယာစာရင်း၏ နံပါတ်ခြောက်နေရာတွင် တည်ရှိသူတစ်ယောက်ဖြစ်၏။ ၎င်း၏အားအင်အဆင့်သည် အင်ပါယာယုညိုထက်ပင် ပိုမိုကာ အားကောင်းလွန်းသေး၏။
အင်ပါယာယုညိုသည် ကောင်းကင်တုန်ခါခြင်းဓားကို ကိုင်ဆောင်ထားသည် ဆိုလျှင်တောင်မှ ၎င်း၏ ပြိုင်ဘက် ဟုတ်လိမ့်မည် မဟုတ်ချေ။ တစ်ဖက်လူအနေနှင့် လှုပ်ရှားတိုက်ခိုက်ခြင်းမပြုလုပ်ဘဲ ဤနေရာတွင် ရပ်ကာ ကြည့်ရှုနေခြင်းမှာ အကြောင်းအရင်းတစ်ခုသာ ရှိပေလိမ့်မည်။ ကြည့်ရှုရသည်မှာ ဤအင်ပါယာသည် ၎င်း၏ အစစ်အမှန်အားအင်အဆင့်ကို ထုတ်ဖော်မပြသချင်ခြင်းသာ။
“ကြည့်ရတာ နိရယအင်ပါယာက မြန်မြန်ဆန်ဆန်နဲ့ အဆုံးသတ်ချင်တဲ့ပုံပဲ” အမဲရောင်မြူများ လွှမ်းခြုံလျက် ရှိနေသည့်လူသည် တီးတိုးရေရွတ်လိုက်မိ၏။
“ဟုတ်လား”
အင်ပါယာရန်မိုသည် မျက်ခုံးကိုပင့်လိုက်မိ၏။ သူသည် တစ်ချက်ကလေးမှ စိုးရိမ်ပူပန်မှုမရှိချေ။ “ဒါဆိုရင်လည်း ကောင်းတာပဲလေ။ နိရယအင်ပါယာရဲ့ပုံစံက ကြမ်းတမ်းပြီးတော့ ရက်စက်တယ်။ ဒီတော့ သူမအနေနဲ့ မြန်မြန်ဆန်ဆန်နဲ့ အဆုံးသတ်ချင်တယ်ဆိုတာ သဘာဝပဲမဟုတ်လား။ အင်ပါယာယုညိုသာ ရှုံးနိမ့်သွားပြီဆိုရင် အင်ပါယာပိုင်လီ တစ်ယောက်တည်း ကျန်တော့တယ်။ သူ ကျုပ်တို့ကို ခုခံနိုင်မှာ မဟုတ်ဘူး။ အဲချိန်ရောက်ရင် တာအိုရောင်းရင်း ဝင်ရောက်လှုပ်ရှားလိုက်တာနဲ့ ဘယ်သူမှ ယှဉ်ပြိုင်နိုင်တော့မှာ မဟုတ်ဘူး”
“မဟုတ်သေးဘူး”
အမဲရောင်မြူများ ရစ်သိုင်းလျက်ရှိနေသည့်လူက စဉ်းစားလိုက်၏။ ပြီးနောက် သူက တီးတိုး ပြောဆိုလိုက်၏။ “ငရဲအင်ပါယာ ပျောက်ကွယ်သွားတာ ကျုပ်ရဲ့ ခန့်မှန်းချက်မှန်မယ်ဆိုရင် ကောင်းကင် လျှို့ဝှက်နန်းဆောင်ကို သွားခဲ့တာပဲဖြစ်ရမယ်။ ဒီတော့ အခု သူမကို ကြည့်ရတာ မြန်မြန်ဆန်ဆန် အဆုံးသတ်ချင်နေတယ်ဆိုတာ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီက သတင်းအချက်အလက်ကို ရရှိခဲ့တာ ပိုဖြစ်ဖို့များတယ်”
“ဟမ်”
အင်ပါယာရန်မို၏ အမူအယာက အေးခဲသွား၏။ သူသည် ခြောက်ကပ်ကပ်အသံဖြင့်ပြောလိုက်၏။ “တာအိုရောင်းရင်းရဲ့ အထင်အရဆိုရင် နိရယအင်ပါယာက ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ဘာလို့ သွားရတာလဲ”
“ဒါကတော့ မသေချာဘူး”
အမဲရောင်မြူများ ရစ်သိုင်းလျက်ရှိနေသောလူသည် အတွေးနက်နေသည့် လေသံဖြင့် ပြောဆိုလိုက်သည်။ “ဒါပေမဲ့ ကြည့်ရတာ အင်မော်တယ်တစ်ယောက်ဖြစ်လာဖို့ စိတ်ဆန္ဒကြောင့် သွားခဲ့တာပဲဖြစ်ရမယ်”