← Chapters

အပိုင်း (၄၃၁)

Vol. 29 Ch. 431

အပိုင်း (၄၃၁)

Vol. 29 Ch. 431

“ခရမ်းရောင်နက်နဲလောကရဲ့ အင်ပါယာယုညိုက ထွက်ပြေးသွားခဲ့တာလား” မြေအင်မော်တယ်လောက ထဲမှာတော့ များပြားလှသည့် သက်ရှိသတ္တဝါများသည် အဝေးတစ်နေရာရှိ မြင်ကွင်းကို လှမ်းကာ ကြည့်ရှုနေကြ၏။ တော်တော်များများ၏ မျက်လုံးများသည် အင်ပါယာယုညိုဆီသို့ မျှော်လင့်တကြီးဖြင့် လှမ်းကာ ကြည့်ရှုနေ၏။ သို့ပေမဲ့ နောက်ဆုံးသောရလဒ်သည် သူတို့အား စိတ်ပျက်စေခဲ့၏။

နိရယအင်ပါယာအား ကြည့်ရှရသည်မှာ တစ်ဖက်လူ၏နောက်သို့ လိုက်ပါသွားရန် ရည်ရွယ်ချက်ရှိပုံ မပေါ်ချေ။ သူမသည် လေထုထဲတွင် မတ်မတ်ရပ်လျက်ရှိ၏။ သူမ၏ ဝတ်စုံများသည် လေနှင့်အတူ လွင့်မျောလျက်ရှိ၏။ သူမသည် ကောင်းကင်ယံမှ ဆင်းသက်လာသည့် နတ်မိမယ်တစ်ပါးကဲ့သို့ပင် လှပလွန်းလှ၏။ သူမ၏ ကြည်လင်ရှင်းလင်းလှသည့် အကြည့်အေးစက်စက်သည် ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။ မည်သူမှသည် သူမနှင့် အကြည့်ချင်း မဆုံရဲကြချေ။

“သုံးလကြာသွားခဲ့ပြီ”

နိရယအင်ပါယာသည် အင်ပါယာယုညို ပျောက်ကွယ်သွားရာ တည်နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် ထိုအကြည့်ကို ပြန်လည်ရုတ်သိမ်းကာ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ပြန်၏။ သူမသည် သူမ၏ ကံကြမ္မာကို လွှမ်းမိုးထိန်းချုပ်လျက် ရှိနေသည့် မမြင်ရသော လက်ကြီးတစ်ဖက်ကို မြင်လိုက်နေရသကဲ့သို့ပင်။ သူမသည် ထိန်းချုပ်ခြင်းကို ခံလိုက်ရသည့် ရုပ်သေးရုပ်လေး တစ်ရုပ်ကဲ့သို့ပင်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ သတ်မှတ်ချက် အတွင်းတွင် သူမသည် သူမ၏ ခြေလှမ်းများကို လှမ်းလျှောက်နေရသည်ဟုပင် ခံစားလာမိ၏။

“အင်ပါယာယုညိုက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ တွက်ချက်မှုအတိုင်း ငါ့ရဲ့ အစီအစဉ်တွေကို ပျက်စီးအောင် လုပ်နေတာလား။ ကံကြမ္မာဆိုတာ ပြောင်းလဲလို့မရနိုင်တဲ့ အရာလား”

နိရယအင်ပါယာသည် သူမ၏ အကြည့်ကို ပြန်လည်ကာ ရုတ်သိမ်းလိုက်၏။ “သုံးလ နှောင့်နှေးသွားပြီဆိုတော့ ငါ လုပ်ငန်းစဉ်ကို မြန်မြန် အဆုံးသတ်မှ ဖြစ်လိမ့်မယ်။ အချိန်က သိပ်မရှိတော့ဘူး”

“တုကျိရန်” နိရယအင်ပါယာသည် တုကျိရန်ဟု အမည်ရသော လူတစ်ယောက်ကို လှမ်းကာ ခေါ်ဆိုလိုက်သည်။

“နောက်လိုက် တုကျိရန်က အင်ပါယာကို ဂါရဝပြုပါတယ်”

ချပ်ဝတ်အပြည့်ကို ဝတ်ဆင်ထားသည့် လူတစ်ယောက် သည် အရှေ့ဆီသို့ လှမ်းလျှောက်လာခဲ့၏။ ထိုသူသည် မနီးမဝေး တည်နေရာသို့ ရောက်ရှိလာသည့် အချိန်မှာတော့ လေးလေးစားစားဖြင့် ဒူးထောက်ကာ ထိုင်ချပြီး နိရယအင်ပါယာကို အလေးအမြတ်ဖြင့် ဦးညွတ်လိုက်၏။ ထိုသူသည် ကွာစီအင်ပါယာထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး တော်ဝင်အင်ပါယာအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုတော့သည့်လူ ဖြစ်၏။ နိရယလောကဆီသို့ ပူးပေါင်းခဲ့သည့် အစဦးပိုင်း လူတစ်ယောက် ဖြစ်သည်နှင့်အညီ အရေးကြီးသည့် လုပ်ပိုင်ခွင့်နှင့် ရာထူးကိုလည်း ပိုင်ဆိုင်ထားခဲ့၏။

“တစ်နှစ်ကြာပြီးရင် နိရယလောကကြီးက တကယ့်ကို ကြီးမားတဲ့ တိုက်ပွဲကြီးတစ်ခုကို တိုက်ခိုက်ရလိမ့်မယ်။ လက်ရှိ ဌာနေတွေကို ထိန်းသိမ်းထား။ ကျုးကျော်လာတဲ့ရန်သူတွေ ရှိတယ်ဆိုရင် မင်းအနေနဲ့ ပြန်လည် မွေးဖွားခြင်းလမ်းခြောက်သွယ်ကို ထိန်းချုပ်ပြီး သူတို့ကို သုတ်သင်ပစ်” နိရယအင်ပါယာက အမိန့်ပေးလိုက်သည်။

“အင်ပါယာ” တုကျိရန်သည် ဇဝေဇဝါ ဖြစ်မိနေ၏။ သူ နားမလည်နိုင်ချေ။ နိရယအင်ပါယာ၏ လက်ရှိအခြေအနေကို ကြည့်ရှုရမည်ဆိုရင် ခရမ်းရောင်နက်နဲလောက၏ တည်နေရာတော်တော်များများကို သိမ်းပိုက်ခဲ့ပြီး လက်ရှိ အင်ပါယာယုညိုကိုပင်လျှင် အနိုင်ယူခဲ့ပြီး ဖြစ်၏။

အင်ပါယာအနေနှင့် ဘာလုပ်ရန် ကြံစည်နေလေသနည်း။ တစ်နှစ်ဆိုသည်မှာ ကြာရှည်လှသည် မဟုတ်သလို တိုလည်း တိုလှသည် မဟုတ်ပေ။ မြေအင်မော်တယ်လောကတွင် ရှိနေသည့် စွမ်းအားမြင့် ဂိုဏ်းဂဏများ၏ ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်အဆင့်ကို ကြည့်ရှုရမည်ဆိုပါက ထိုအချိန်အတိုင်းအတာ အတောအတွင်း ခရမ်းရောင်နက်နဲလောကကြီးတစ်ခုလုံးကို ချိုးဖြတ် ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေလေ၏။ အင်အားစုများသည်သာ တကွဲတပြား ဖြစ်တည်သွားသည်ဆိုပါက နိရယလောကကြီးအနေနှင့် အကျိုးအမြတ်များကို ရရှိဖို့ဆိုသည်မှာ စိန်ခေါ်မှု ဖြစ်လာပေလိမ့်မည်။

“ငါ ပြောတဲ့အတိုင်းလုပ်”

နိရယအင်ပါယာသည် ဆက်လက်၍ ရှည်ရှည်ဝေးဝေး မရှင်းပြတော့ချေ။ သူမသည် အစစ်အမှန် အင်မော်တယ်တစ်ယောက် မကြာခင် ဖြစ်တည်လာတော့မည့်အကြောင်း ဆိုးရွားသည့် ခံစားချက်ကို ရရှိနေ၏။ လက်ရှိအခြေအနေတွင် အစစ်အမှန် အင်မော်တယ် တစ်ယောက်မှသည် တိုက်ပွဲကို ဝင်ရောက် မပူးပေါင်းခဲ့ချေ။ တစ်စုံတစ်ယောက်သည်သာ ရုတ်တရက် ရောက်ရှိလာသည်ဆိုပါက တိုက်ပွဲတစ်ခုလုံး၏ ဟန်ချက်ကို ပျက်စီးစေမှာ သေချာ၏။

ခရမ်းရောင်နက်နဲလောကဆီသို့ ပထမဦးဆုံး ဝင်ရောက်ခဲ့သည့် အဖွဲ့အစည်း ဖြစ်သည်နှင့်အညီ နိရယအင်ပါယာ သည် ရှေ့ဆုံးမှ ဦးဆောင်တိုက်ခိုက်သူ ဖြစ်ကောင်းဖြစ်နိုင်၏။ ထို့ကြောင့်ပင်လျှင် အစစ်အမှန် အင်မော်တယ် ပေါ်ပေါက်လာသည်နှင့်တပြိုင်နက် တိကျလှသည့် တိုက်ရိုက် တုံ့ပြန်မှုကို အရင်ဦးဆုံး ခံရမှာ သေချာ၏။ သူမသည် သူမ၏ လုံခြုံမှုအတွက် ယုံကြည်ချက် ရှိနေသည်ဆိုသော်လည်း နိရယလောက၏ ကံကြမ္မာမှာ မသေချာလှချေ။

“ကောင်းပါပြီ” တုကျိရန်သည် အလုံးစုံ လိုက်နာလိုက်ရ၏။

သူသည် များပြားလှသည့် မေးခွန်းများကို ထုတ်ဖော်မေးမြန်းရမည့်အစား ထိုအရာများအားလုံးကို နှလုံးသားထဲ ဖိနှိပ်ထားရန်သာ ရွေးချယ်ခဲ့၏။ သူ့အနေနှင့် ပူပန်မှုများ ရှိနေသည် ဆိုလျှင်တောင်မှ လက်ရှိ အခြေအနေတွင် သတ္တိမွေးကာ မေးမြန်းခြင်းကို မပြုလုပ်ရဲပေ။ ခဏတာ ဦးညွတ်ပြီးသည့်နောက် တုကျိရန်သည် သူ၏ရှေ့မှ ပျောက်ကွယ်သွားပြီဖြစ်သော အင်ပါယာကို လှမ်းကာ ကြည့်ရှုလျက် ရှိနေ၏။ သူမ မည်သည့်နေရာကို ထွက်သွားသည်ဖြစ်ကြောင်း မည်သူမှ မသိရှိချေ။

“ဟင်း...”

ခရမ်းရောင်နက်နဲလောကကြီးဘက်မှာတော့ ရေတွက်လို့ မရအောင် များပြားသည့် ကျင့်ကြံသူများသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်၏။ အင်ပါယာယုညိုတစ်ယောက် တိုက်ပွဲဆီမှ ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက် လူပေါင်းများစွာတို့သည် ဟန်ချက်ညီလျက် ရှိနေသေးသည်ကိုတော့ ခံစားမိ၏။ အင်ပါယာ ယုညိုတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားခဲ့သည်ကို မြင်ရပြီး နိရယအင်ပါယာဆီမှာတော့ အားအင်အဆင့်များ ကျန်ရှိနေသေး၏။ နိရယအင်ပါယာသည်သာ ခရမ်းရောင်နက်နဲလောကကြီးကို လက်ရှိအခြေအနေ၌ ထပ်မံကာ တိုက်ခိုက်မည်ဆိုပါက သူတို့အနေနှင့် ကြံ့ကြံ့ခံ ရပ်တည်နိုင်လိမ့်မည် မဟုတ်ချေ။

ကံကောင်းစွာဖြင့် နိရယအင်ပါယာသည် ခရမ်းရောင်နက်နဲလောကကြီးဆီသို့ ခြေလှမ်းဝင်ရန် ရည်ရွယ်ချက် မရှိချေ။ လေဟာနယ်ထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။ သူမ မည်သည့်နေရာသို့ ပျောက်ကွယ်သွားခဲ့သည် ဖြစ်ကြောင်း မည်သူမှ မသိရှိခဲ့ချေ။ နိရယအင်ပါယာ အနေနှင့် လှုပ်ရှားရန် မရည်ရွယ်ခဲ့သည့် ဖြစ်သောကြောင့် သူတို့ အနေနှင့် ကောင်းမွန်လှသည့် ကံကြမ္မာဖြစ်ကြောင်း သုံးသပ်ရမှာဖြစ်၏။

အနည်းဆုံးအနေနှင့် ခရမ်းရောင်နက်နဲလောကကြီးသည် ဤကဲ့သို့သော အခြေအနေမျိုးတွင် မတ်မတ်ရပ်ကာ ဆက်လက်နေထိုင်နိုင်စွမ်း ရှိပေလိမ့်မည်။ သူတို့အနေနှင့် ဖြည်းဖြည်းချင်း အနောက်သို့ ဆုတ်ခွာရမည် ဆိုလျှင် တောင်မှ အသက်အန္တရာယ်တော့ စိုးရိမ်ပူပန်မှု မရှိပေ။ လောကကြီးတစ်ခုလုံးသည် မြေအင်မော်တယ်လောကကြီး ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားမည်ဆိုလျှင်တောင်မှ သူတို့က အသက်ရှင် ရပ်တည်နိုင်သေး၏။

“အင်ပါယာယုညိုက နောက်ဆုတ်သွားခဲ့တယ်။ နိရယအင်ပါယာက အင်ပါယာအဆင့်မှာ တကယ့်ကို ပြိုင်ဘက်ကင်း ဖြစ်လိမ့်မယ်” တချို့သော သူများသည် သူတို့၏ စိတ်ပျက်မှုများကို ထုတ်ဖော်ကာ ပြောဆိုလိုက်ကြသည်။

မြေအင်မော်တယ်လောကကြီး၏ အစစ်အမှန် အင်မော်တယ်များသည် ပေါ်မလာသေးချေ။ နိရယအင်ပါယာ တစ်ယောက်တည်း ပေါ်ပေါက်လာခြင်းကပင်လျှင် သူတို့ကို တကယ့်ကို အသက်ရှုမဝအောင် ဖြစ်စေခဲ့၏။

“အင်း... ကျုပ်တို့ဆီမှာ မျှော်လင့်ချက် ရေးရေးလေးတော့ ရှိပါသေးတယ်” အင်ပါယာပိုင်လော်က ပြောဆိုလိုက်၏။ သူသည် ကောင်းကင်ယံဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ အင်ပါယာပိုင်လီ အနေနှင့် အစစ်အမှန် အင်မော်တယ် ဖြစ်လာရန် အခွင့်အရေးကို ရရှိခဲ့ပြီး ဖြစ်လိမ့်မည်ဟု သူက မျှော်လင့်နေမိ၏။ မည်သည့်အချိန် ဖြစ်မည်မှန်းတော့ သူက သေချာမသိရှိပေ။ ထိုသို့ဆိုလျှင် ခရမ်းရောင်နက်နဲလောကကြီး၌ အစစ်အမှန် အင်မော်တယ်တစ်ယောက်ကို ပိုင်ဆိုင်ပြီဖြစ်သည်။

“အင်ပါယာပိုင်လီလား” တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်၏။

လက်ရှိ မြေအင်မော်တယ်လောကကြီးနှင့် ပေါင်းစပ်ပြီးသည့်နောက် အင်ပါယာပိုင်လီနှင့် ပတ်သက်သည့် သတင်းဟူ၍ မကြားရတော့ချေ။ တချို့သော အင်ပါယာများသည် စိတ်ပျက်လက်ပျက် ဖြစ်လာကြ၏။ အင်မော်တယ်ဖြစ်ဖို့ ဆိုသည်မှာ လွယ်ကူသော ကိစ္စရပ် မဟုတ်ချေ။ အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းရင်း ပျောက်ကွယ်သေဆုံးခဲ့သည့် လူပေါင်းများစွာတို့ တည်ရှိခဲ့သည် မဟုတ်ပါလား။

“အမှန်ပဲ”

အင်ပါယာပိုင်လော်သည် ခေါင်းညိတ်လိုက်၏။ “အင်ပါယာယုညိုနဲ့ အင်ပါယာပိုင်လီတို့က ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို အတူတူသွားကြတယ်။ ပြီးတော့ အင်ပါယာယုညိုက ပြန်ပေါ်လာတယ်လေ။ ဒီတော့ အင်ပါယာပိုင်လီကလည်း မကြာခင် ပေါ်လာလိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်”

“အင်ပါယာယုညိုက ကောင်းကင်တုန်ခါခြင်းဓားကို ယူခဲ့တယ်။ ဒါပေမဲ့ အင်ပါယာပိုင်လီက အင်မော်တယ်ဖြစ်ဖို့ အခွင့်အရေးကို ယူခဲ့တာဖြစ်မယ်။ နှစ်ခုကြားမှာ ကြုံဆုံရတဲ့ အခက်အခဲက တူညီတဲ့ အခြေအနေမှာ ရှိမှာ မဟုတ်ဘူးလေ။ ဒီတော့ အချိန်ကာလက ကွာမှာပေါ့” တခြားသော အင်ပါယာတစ်ယောက်က မှတ်ချက်ပြု လိုက်သည်။

“အင်ပါယာပိုင်လီ... အင်ပါယာစာရင်းနံပါတ်ကိုးနေရာမှာရှိတဲ့ အင်ပါယာပိုင်လီက ကောင်းမွန်တဲ့ အခြေခံကို ပိုင်ဆိုင်တယ်ဆိုတာ ရှင်းပြစရာ မလိုဘူးထင်တယ်။ သူ့ရဲ့ အင်မော်တယ် ဖြစ်လာနိုင်တဲ့ အခွင့်အရေးက တကယ့်ကို များပြား......” ထိုအင်မော်တယ်သည် စကားပြောဆိုရင်းမှ ရပ်တန့်လိုက်၏။

ဘုန်း

ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို တုန်ခါသွားခဲ့၏။ မိုးကြိုးများ ပစ်ခတ်လျက် ရှိနေပြီး တည်ငြိမ်လျက် ရှိနေသည့် လောကကြီးသည် ဆူဝေလာခဲ့၏။ အားလုံးသော သူတို့သည် ကြက်သေ,သေသွားခဲ့ပြီး ထိုတည်နေရာဆီသို့ လှမ်းကာ ကြည့်ရှုနေ၏။ ထူးခြားလွန်းသော ကျင့်ကြံသူပေါင်း များစွာတို့သည် တစ်စုံတစ်ခုကို အာရုံခံမိကြ၏။ သူတို့သည် မြေအင်မော်တယ် လောကကြီး တည်ရှိရာနေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်ကြသည်။

“ဘာတွေဖြစ်ကုန်တာလဲ” အားလုံးသော သူတို့သည် ကြောင်အနေမိ၏။

မြေအင်မော်တယ်လောကကြီးနှင့် ခရမ်းရောင်နက်နဲလောကကြီး၏ နယ်စပ် တည်နေရာ၌ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိနေ၏။ လက်ရှိ မိုးကြိုးများ ပစ်ချလာသည့် အချိန်မှာတော့ အင်ပါယာမှသည် သာမန်ကျင့်ကြံသူများ အားလုံးအထိ ၎င်းတို့၏ ပြုမူဆောင်ရွက် နေသည့်အရာအားလုံးကို ရပ်တန့်ကာဖြင့် မြေအင်မော်တယ်လောက၏ တည်နေရာဆီသို့ လှမ်းကာကြည့်ရှုလိုက်ကြသည်။

“ဒါ ကောင်းကင်ဘုံကပ်ဘေးလား”

“ဘယ်သူ ကပ်ဘေးကျော်နေတာလဲ”

“ကြည့်ရတာ အင်ပါယာတစ်ယောက် ဖြစ်လာဖို့ ကပ်ဘေးလည်း ဖြစ်ပုံမပေါ်ဘူး”

“တစ်စုံတစ်ယောက် အင်ပါယာကပ်ဘေး ကျော်မယ်ဆိုရင်တောင် လောကနှစ်ခုကြားမှာရှိတဲ့ နယ်စပ် တည်နေရာကို ကပ်ဘေးက ဘယ်လိုလုပ် သက်ရောက်မှာလဲ”

“အင်ပါယာကပ်ဘေး မဟုတ်ဘူး။ ကြည့်ရတာ အစစ်အမှန် အင်မော်တယ် ကပ်ဘေးပဲ ဖြစ်ရမယ်”

“အစစ်အမှန် အင်မော်တယ် ဖြစ်လာဖို့ ဟုတ်လား။ ဒါဆိုရင် မြေအင်မော်တယ်လောကမှာ နောက်ထပ် အစစ်အမှန် အင်မော်တယ်တစ်ယောက် ပေါ်လာတော့မှာလား”

မြေအင်မော်တယ်လောကတွင်တော့ သက်ရှိသတ္တဝါပေါင်း များစွာတို့သည် ဇဝေဇဝါ ဖြစ်မိနေကြ၏။ သူတို့သည် ကောင်းကင်ယံတွင် ရှိနေသည့် မိုးကြိုးကပ်ဘေးကြီးကို လှမ်းကာ ကြည့်ရှုနေ၏။ သူတို့သည် အခြေအနေကို သေသေချာချာ နားမလည်နိုင်ခဲ့ချေ။ သို့ပေမဲ့ ပျော်ရွှင်မှုကိုလည်း မဖိနှိပ်နိုင်ခဲ့ချေ။

သူတို့၏ လောကဆီမှ အစစ်အမှန် အင်မော်တယ် တစ်ယောက် ပေါ်ပေါက်လာခြင်းဆိုသည်မှာ ကောင်းမွန်သည့် အရာပင်။ သို့ပေမဲ့ ခရမ်းရောင်နက်နဲလောကကြီး အတွက်တော့ တကယ့်ကို ဒဏ်ရာပေါ်တွင် ဆားသိပ် လိုက်ခြင်းသာ ဖြစ်၏။ အစောကြီးကတည်းက ပြိုလဲလုမတတ် ဖြစ်နေသည့် အခြေအနေတွင် တစ်စုံတစ်ယောက ်က ဝင်ရောက်ကာ တူနှင့်ထုလိုက်သကဲ့သို့ပင်။ ၎င်းတို့ကို ပြန်လမ်းမရှိသော တည်နေရာဆီသို့ တွန်းပို့နေခြင်းနှင့်ပင် ဆင်တူလှ၏။

All Chapters