← Chapters

မင်းရဲ့ သခင်နဲ့ပဲ စကားပြောမယ် 

Vol. 27 Ch. 378

မင်းရဲ့ သခင်နဲ့ပဲ စကားပြောမယ် 

Vol. 27 Ch. 378

ဝှစ် ..

ထို့နောက်တွင်မူ မိုးကြိုးသားရဲက အခန်းထောင့်တစ်ခုသို့ ချက်ချင်း ခုန်သွားပြီး ​ကြောက်ရွံ့စွာ ခွေနေ၏။ သူ့တစ်ကိုယ်လုံးလည်း အလွန်ပင် တုန်ယင်နေသည်။

သူ့အသွင်မှာ အလွန်ကြောက်စရာကောင်းသော အရာကြီးတစ်ခုနှင့် ရင်ဆိုင်ခဲ့ရဟန်ပင် ။

" ရှောက်ရှန် .. ဘာဖြစ်လို့လဲ "

ထိုအခြင်းအရာကို မြင်သည်နှင့် ဟွမ်ယင်က သူ့အနားသို့ ချက်ချင်း ပြေးသွား၏။

သို့သော် သေချာစစ်ဆေးကြည့်ပြီးသွားသည့် အချိန်တွင်မူ မိုးကြိုးသားရဲက ဒဏ်ရာများ အရှင်း ပျောက်နေခဲ့ပြီ ဖြစ်ပြီး ယခင်ကထက်ပင် အခြေအနေ ပိုကောင်းနေသည်ကို တွေ့လိုက်ရသည်။

သို့သော် ​သူ့ခန္ဓာကိုယ်ကမူ မည်သည့်အကြောင်းကြောင့်မှန်း မသိရဘဲ တုန်ယင်နေပါသည်။

ဟွမ်ယင် နားမလည်နိုင် ဖြစ်နေသော်လည်း လောထျန်းနှင့် ပန်းလင်တို့ကမူ ချက်ချင်း သဘောပေါက်လိုက်ကြ၏။

ထိုသားရဲက နဂါးလေး ရှောက်ထျန်းလုံကြောင့် ထိုသို့ ဖြစ်သွားရခြင်းပင် ။

" စိတ်မပူပါနဲ့ .. အခု အားလုံး အဆင်ပြေသွားပြီ "

လောထျန်းက ပြောလိုက်သည်။

ဟွမ်ယင်မှာ သူ့စကားကို ကြားပြီးနောက် စိတ်မချနိုင်သေးဘဲ ထပ်စစ်ဆေးကြည့်လိုက်သေးပါသည်။ နောက်ဆုံး ဘာဒဏ်ရာမှ မရှိတော့ကြောင်း သေချာသွားမှသာ သူမ သက်ပြင်းချလိုက်၏။

" ဟွမ်ယင် .. မင်းရဲ့ မိုးကြိုးသားရဲက ဘယ်မှာ ဒဏ်ရာ ရခဲ့တာလဲ "

ထိုစဥ် လောထျန်းက ရုတ်တရက် မေးလာသည်။

ဟွမ်ယင်က မျှော်လင့်မထားသော မေးခွန်းကြောင့် အံ့အားသင့်သွားဟန်ဖြင့် ပြန်ဖြေ၏။

" ကောင်းကင်ဘုံသားရဲ ခန်းမ ထဲမှာ ... ဘာဖြစ်လို့လဲ "

လောထျန်းက အပြုံးဖြင့် ပြန်ပြောသည်။

" ဘာမှ မဟုတ်ပါဘူး ၊ အဲ့ကို ပြန်သွားပြီးတော့ မင်းနဲ့ မင်းရဲ့သားရဲအတွက် လက်တုန့်သွားပြန်ကြမယ်လေ "

ဟွမ်ယင်၏ မျက်လုံးများ အရောင်လက်သွားကြသည်။

" လက်တုန့်ပြန်မယ် .. ဟုတ်လား ။ ပျောင်ပိုင်မြို့က နတ်ဘုရားသားရဲတွေကို ရှင်နဲ့အတူ ခေါ်လာတာလား .. "

ယခုတလောတွင် ပျောင်ပိုင်မြို့မှ နတ်ဘုရားသားရဲ သုံးကောင်အကြောင်းက မြောက်ပိုင်းဒေသတွင် နာမည်ကျော် ဖြစ်နေခဲ့ပြီး ထိုအကြောင်းကို မသိသူပင် ရှိမည် မထင်ပါ။

သို့ဖြစ်ရာ ဟွမ်ယင် သိနေသည်မှာ မဆန်းပေ ။

လောထျန်းက ခေါင်းယမ်း၍ ပြန်ပြော၏။

" မခေါ်လာဘူး ၊ သူတို့က ပြီးခဲ့တဲ့ တလောကမှ ကျင့်ကြံထားကြလို့ မြို့မှာပဲ ထားခဲ့တယ် "

ဟွမ်ယင် ချက်ချင်း မျက်နှာညိုသွားသည်။

" ဒါဆို ဘယ်လိုလုပ်ပြီး လက်တုန့်ပြန်မှာလဲ .. "

လောထျန်းက မိုးကြိုးသားရဲအား တစ်ချက်ကြည့်ကာ ပြော၏။

" မင်းရဲ့ မိုးကြိုးသားရဲကို မင်းအတွက် လက်တုန့်ပြန်ခိုင်းလိုက်လေ "

မိုးကြိုးသားရဲမှာ နဂါးသွေးကို လက်ခံရပြီးနောက် ၎င်း၏ ခန္ဓာကိုယ်အစွမ်းက အနည်းဆုံး အဆ ၃၀ ၊ ၄၀ ခန့် တိုးလာခဲ့ပြီဖြစ်ရာ ယခင်ကလို မဟုတ်တော့ပါချေ ။

သူ့စကားကို ကြားသောအခါ ဟွမ်ယင်၏ မျက်နှာထား အနည်းငယ် ပြောင်းသွားသည်။

" ဘယ်လို .. ရှောက်ရှန်ကို သွားစေချင်တယ် ဟုတ်လား ။ ဒါပေမယ့် .. အလုပ်မဖြစ်လောက်ဘူး ၊ တဖက်ရန်သူက အရမ်း အစွမ်းထက်တာ "

လောထျန်းက အပြုံးဖြင့် ပြန်ပြော၏။

" တဖက်လူက အစွမ်းထက်နေလဲ ကိစ္စမရှိဘူး ။ အခု မင်းရဲ့ ရှောက်ရှန်က အရင်လို အစွမ်းမနိမ့်တော့ဘူးကွ ။ ပြီးတော့ တကယ်လို့ အဲ့နည်းလမ်းက အလုပ်မဖြစ်ခဲ့ဘူးဆိုရင်တောင် ငါ မင်းကို ကူညီပေးမယ် "

" ဒါဆိုလဲ ကောင်းပါပြီ "

ဟွမ်ယင် ခေါင်းညိတ်လိုက်သည်။

သူမ မိုးကြိုးသားရဲအား သိပ်စိတ်မချသည့်တိုင် လောထျန်းကို အပြည့်အဝ ယုံပါသည်။

လောထျန်းက မည်မျှ အစွမ်းထက်သည်ကို သူမ သေချာ သိထားသည် မဟုတ်ပါလား ။

လောထျန်းသာ ဝင်ပါမည် ဆိုပါက ၊ စိတ်ပူစရာ လုံးဝ မရှိတော့ပေ ။

ထိုစဥ် ဘေးမှ ပန်းလင်က လောထျန်းအား မျက်မှောင်ကြုံ့ကြည့်ရင်း မေးလာ၏။

" ဘာတွေ စဥ်းစားနေတာလဲ သခင်လေး "

လောထျန်းက လက်ဝါးနှစ်ဖက် ပွတ်ရင်း ပြန်ပြောသည်။

" ဘာမှ မစဥ်းစာပါဘူးဗျာ ။ ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင် ဆိုတဲ့နာမည်က စိတ်ဝင်စားစရာ ကောင်းလို့ပါ ။ ပြီးတော့ သိဒ္ဓိဝင်ဆေးပင် ပေါ်လာဖို့လဲ လိုသေးတာဆိုတော့ အခြေအနေ ဘယ်လိုလဲ သွားကြည့်ကြရင် မကောင်းဘူးလား ။ ကျုပ်တို့အားလုံး အတူတူ သွားကြည့်ကြမယ်လေ "

ပန်းလင်မှာ အနည်းငယ် တွန့်ဆုတ်နေသေးသော်လည်း မည်သို့မှ မပြောဘဲ ခေါင်းညိတ်၍သာ သဘောတူလိုက်သည်။

ဤသို့ဖြင့် မကြာမီမှာပင် ဟွမ်ယင်ဦးဆောင်သော သူတို့လူစုက ယွမ်ရှေုာက်မြို့လယ်မှ ဧရာမ အဆောက်အဦးတစ်ခုရှေ့သို့ ရောက်လာခဲ့ကြသည်။

ထို အဆောက်အဦးပေါ်တွင်ကား ' ကောင်းကင်ဘုံသားရဲ ခန်းမ ' ဆိုသည့် အမည်အား ခပ်ကြီးကြီး ရေထားသည်ကို အဝေးမှပင် မြင်နိုင်ပါသည်။

" ဟေ့ .. ဒါ စောနတုန်းက ငိုပြီး ထွက်ပြေးသွားတဲ့ တစ်ယောက် မဟုတ်လား ။ မင်းက ဒီကို ထပ်လာရဲသေးတယ်ပေါ့လေ "

အဝင်ဝမှာပင် လူငယ်တစ်ယောက်က ဟွမ်ယင်အား တွေ့သွားပြီး အော်ရယ်၍ ပြောလာ၏။

သူ့စကားကြောင့် ဟွမ်ယင် ချက်ချင်း ဒေါသထွက်သွားရသည်။

" ပါးစပ် ပိတ်ထားစမ်း ။ ငါက ဒီတစ်ခေါက် လက်တုန့်ပြန်ဖို့ လာခဲ့တာ "

" လက်တုန့်ပြန်မယ် .. ဟုတ်လား ။ ဟား ဟား .. မင်းအတွက် တိုက်ပွဲဝင် သားရဲအသစ် ရှာတွေ့သွားပြီလား "

တဖက်လူငယ်က ရယ်ရင်း ဆက်ပြောလာ၏။

ဟွမ်ယင်က ခေါင်းမော့ကာ ခပ်တင်းတင်း ပြန်ပြောသည်။

" သားရဲအသစ် ရှာစရာ မလိုပါဘူး ။ ငါ့ရဲ့ ရှောက်ရှန်လေးကပဲ တိုက်ခိုက်မှာ ။ အခု မင်းတို့ အကိုကြီးကို ထွက်လာခိုင်းလိုက် "

ထိုစကားကို ကြားသည်နှင့် လူငယ် မျက်မှောင်ကြုံ့သွားပြီး အေးစက်စက် ပြော၏။

" မင်းက တကယ်ကို အမှတ်သည်းခြေ မရှိတာပဲ။ ကောင်းပြီလေ .. မင်းက သေချင်နေမှတော့လဲ လာပေါ့ "

သူက ထိုသို့ပြောကာ ဟွမ်ယင်တို့ လူစုအား အထဲ ပေးဝင်လိုက်သည်။

" အဲ့လူတွေက ဒီ ကောင်းကင်ဘုံသားရဲ ခန်းမမှာပဲ ခြေကုပ်ယူပြီး နေနေကြတဲ့ သားရဲ သခင်ကြီးတွေပဲ ။ ကောင်းကင်ဘုံသားရဲ ခန်းမ ဆိုတာ ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်ရဲ့ လက်အောက်က အဆင့်နိမ့်တဲ့ တိုက်ခိုက်ရေးကွင်း တစ်ခုပဲရှင့် ။ ဒီယွမ်ရှောက်မြို့ထဲမှာ အဲ့လို ဆင်တူ ကောင်းကင်ဘုံသားရဲ ခန်းမတွေ အများကြီး ရှိတယ် "

" ဒီလို အဆင့်နိမ့် ခန်းမတွေမှာ အနိုင်ရသွားရင် စိတ်စွမ်းအင်ကျောက်တုံးတွေနဲ့ တခြား ဆုတော်ငွေတွေ ရနိုင်တယ် ။ ပြီးတော့ အမှတ်လဲ ရတယ် "

" အဲ့အမှတ်တွေကိုတော့ တခြား ဆုတွေနဲ့ ထပ်လဲလို့ ရသလို ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်မှာလဲ ဝင်တိုက်ခိုက်ခွင့် ရဖို့လဲ သုံးတယ်

" ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်မှာ ဝင်တိုက်ခိုက်ရင်ကျတော့ ကျပန်း တိုက်ရပြီးတော့ အဲ့ပွဲမှာ ရှုံးသွားခဲ့တယ် ဆိုရင်တောင် အဆင့်နိမ့် စိတ်စွမ်းအင် ကျောက်တုံးတွေ သိန်း ၊သန်းချီပြီး ရတယ်ရှင့်။ အဲ့အပြင်ကို တခြား ဆုတွေလဲ အများကြီး ထပ်ရသေးတယ် "

" အဲ့ဒါကြောင့်မို့လဲ တချို့လူတွေ အမှတ်ရဖို့ အချင်းချင်း မဟာမိတ်ဖွဲ့ထားပြီးတော့ အသစ်ရောက်လာတဲ့ သူတွေကို အုပ်စုလိုက် အနိုင်ကျင့်ကြတာပဲ ။ ကျွန်မက အစောပိုင်းတုန်းကသူတို့တွေ အဲ့လို အုပ်စုဖွဲ့ အနိုင်ကျင့်တာကို ခံခဲ့ရတာ "

ဟွမ်ယင်က အကျိုးအကြောင်း ရှင်းပြကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

သူမ ဒေါသ မပြယ်သေးသည်မှာ သိသာပါ၏။

" ဆုတွေ ရမှာ ဟုတ်လား .. "

လောထျန်းမှာ သူမစကားကို နာထောင်ရင်း အနည်းငယ် အံ့အားသင့်နေသည်။

" ဒါပေါ့ .. ယွမ်ရှောက်မြို့ရဲ့ ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်က ပြိုင်ပွဲအတွက် လက်မှတ်တွေ ရောင်းတဲ့အပြင် လောင်းကြေးထပ်ဖို့အတွက်လဲ ခွင့်ပြုထားတယ်လေ ။ အဲ့တော့ ဒီပွဲက သူတို့အတွက် အကျိုးအမြတ် အများကြီး ရစေတာပေါ့ရှင်။ ဒါ့ကြောင့်မို့လဲ သူတို့က အစွမ်းထက်တဲ့ သားရဲသခင်ကြီးတွေ ဝင်ပြိုင်ချင်အောင် ဆုကောင်းကောင်း ပေးထားတာ "

" အခု ကျွန်မတို့ ရောက်နေတဲ့ ကောင်းကင်ဘုံသားရဲခန်းမ မှာတောင် တိုက်ပွဲ ဆယ်ပွဲဆက် နိုင်တာနဲ့ အဆင့် ၈ စိတ်စွမ်းအင်ဆေးပင် ရမှာရှင့် ။ အဲ့ အဆင့် ၈ စိတ်စွမ်းအင်ဆေးပင်ကို အပြင်မှာ စျေးများများနဲ့ ပြန်ရောင်းလို့ ရတယ်လေ "

ဟွမ်ယင်က ရှင်းပြလိုက်သည်။

စကားဆုံးမှသာ လောထျန်း အခြေအနေအား နားလည်သွား၏။

ထိုအချိန်တွင် သူတို့အားလုံး ကောင်းကင်ဘုံသားရဲခန်းမ ပွဲကြည့်စင်သို့ ရောက်နေခဲ့ကြပြီ ဖြစ်သည်။

" မြောက်ပိုင်းဒေသက မိန်းကလေး ၊ မင်းက တော်တော်တော့ သတ္တိကောင်းသားပဲကွ ။ ငါ့ကိုတောင် ထပ်ပြီး စိန်ခေါ်ရဲတယ်ပေါ့ "

လှောင်ပြောင်လိုသည့် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။

ဟွမ်ယင်က အသံလာရာဘက် လှည့်ကြည့်လိုက်ရာ သုန်မှုန်နေသော မျက်နှာထားနှင့် လူငယ်တစ်ယောက်အား သူ့နောက်လိုက် အပေါင်းအပါ တစ်အုပ်နှင့်အတူ တွေ့လိုက်ရသည်။ ထိုလူငယ်က သူမ ရှိသည့်ဘက် လျှောက်လာနေပြီး မကြာမီမှာပင် သူမ ရှေ့ ရောက်လာ၏။

" လီလဲ့ယို .. ရွံစရာကောင်းတဲ့ အကောင်။ အစောတုန်းက ငါ အရှုံးပေးနေတာ မြင်ရဲ့သားနဲ့တောင် မင်းရဲ့သားရဲနဲ့ ငါ့ ရှောက်ရှန်းလေးကို ဆက်ပြီး တိုက်ခိုက်ခိုင်းခဲ့တာ "

ထိုလူကို မြင်သည်နှင့် ဟွမ်ယင်၏ မျက်လုံးထဲတွင် ဒေါသအရိပ်အငွေ့များ ရုတ်ချည်း ပေါ်လာသည်။

သို့သော် တဖက်မှ လီလဲ့ယို ဆိုသူက အပြုံးဖြင့်သာ ပြောလာ၏။

" ကောင်းကင်ဘုံသားရဲ ခန်းမရဲ့ စည်းမျဥ်းတွေအရ ဆိုရင် ငါ့အနေနဲ့ မင်းရဲ့သားရဲ တိုက်ပွဲကွင်းပြင်ကနေ မထွက်သွားမချင်း မင်းဘက်က အရှုံးပေးတာကို ငြင်းပိုင်ခွင့် ရှိတယ်လေ ။ မင်းက အဲ့အတွက် ငါ့ကို အပြစ်လာတင်နေတာလား ။ အပြစ်တင်ချင်သပ ဆိုရင်တောင် မင်းတို့ မြောက်ပိုင်းဒေသက သားရဲတွေကိုပဲ အပြစ်တင်စမ်းပါကွာ ။ အဲ့ကောင်တွေက အကုန် ဘာမှ သုံးစားမရတဲ့ ကောင်တွေပဲ "

" မင်း .. "

ဟွမ်ယင်မှာ ဒေါသထွက်လွန်း၍ စကားပင် ပြန်မပြောနိုင်ပါချေ။

သူမ ရှေ့မှ လူက မည်မျှ ရွံစရာ ကောင်းလိုက်ပါသနည်း။

ထို့ထက်ပို ဆိုးသည်မှာ သူမ သူ့အား အနိုင်မတိုက်ခိုက်နိုင်သလို စကားလည်း နိုင်အောင် မပြောနိုင်ခြင်းပင် ။ ထို့ကြောင့်လည်း သူမ ပိုဒေါသထွက်နေရပါ၏။

သို့သော် ထိုအချိန်မှာပင် ..

" ဟွမ်ယင် .. ဒီ လီလဲ့ယို ဆိုတဲ့ တစ်ယောက်က အစောက မင်းသားရဲကို ဒဏ်ရာရအောင် လုပ်သွားခဲ့တဲ့ သားရဲလား ။ ဒါပေမယ့် အဲ့ကောင်ရဲ့ အသွင်ပြောင်းနိုင်စွမ်းက ခုထိ မပြည့်စုံသေးဘူးလေ "

လောထျန်းက ရုတ်တရက် ပြောလာသည်။

သူ့စကားကြောင့် ဟွမ်ယင်ရော တဖက်မှ လူအုပ်ပါ အံ့သြမှင်သက်သွားကုန်၏။

တခဏ ကြာပြီးနောက်တွင်မူ ဟွမ်ယင်က အသံကျယ်ကြီးဖြင့် ထရယ်လိုက်သည်။

လောထျန်းက လီလဲ့ယိုအား မပြည့်စုံသော အသွင်ပြောင်းနိုင်စွမ်းနှင့် သားရဲတစ်ကောင်ဟု ပြောခဲ့သည် ဖြစ်ရာ လီလဲ့ယိုအား တစ်ဝက်တစ်ပျက် သားရဲဟု ခေါ်လိုက်ခြင်း မဟုတ်ပါလား ။

သူ့စကားတွင် ညစ်ပတ်သော ဆဲရေးတိုင်းထွာသည့် စကားလုံးများ မပါသည့်တိုင် လီလဲ့ယိုအား ကောင်းကောင်းကြီး စော်ကားလိုက်နိုင်ပါသည်။

တဖက်မှ လီလဲ့ယိုမှာလည်း နောက်ဆုံးမှသာ အသိဝင်လာပြီး သူ့မျက်လုံးထဲတွင် လူသတ်အရိပ်အငွေ့များ ပြည့်သွား၏။

" မင်း ဘာစကား ပြောလိုက်တာလဲ .. မျိုးမစစ်ကောင် "

သူ အေးစက်စက် ပြောလာသည်။

လောထျန်းက သူ့ကို တစ်ချက်သာ ကြည့်ပြီး ပြန်ပြော၏။

" ငါ မင်းနဲ့ မပြောချင်ဘူး ၊ မင်းရဲ့ သခင် ဘယ်မှာလဲ ။ သူ့ကိုပဲ ထွက်လာခိုင်းလိုက်ပါ "

" မင်း .. ခွေးမ %$#% မျိုးမစစ်ကောင် .. "

လီလဲ့ယိုမှာ ဒေါသထွက်လွန်း၍ ရူးသွပ်လုမတတ်ပင် ဖြစ်သွားတော့သည်။

သို့သော် ထိုအချိန်မှာပင် ..

" အဟမ်း .. ဂုဏ်သရေရှိ လူကြီးမင်းတို့ ၊ ကောင်းကင်ဘုံသားရဲခန်းမ ရဲ့ စည်းမျဥ်းတွေကို မမေ့ကြပါနဲ့။ ကိုယ့်ကြားမှာ ဖြစ်တဲ့ ပြဿနာတွေကို ကိုယ့်ရဲ့ တိုက်ပွဲဝင်သားရဲက တဆင့်ပဲ တိုက်ပွဲကွင်းပြင်ထဲမှာ ​ ဖြေရှင်းရမယ် ။ အဲ့လိုမဟုတ်ဘဲ ပွဲကြည့်စင်မှာ တိုက်ပွဲဖြစ်လို့ကတော့ ကိုယ့်သားရဲ ရဲ့ အမှတ်က သုံညကနေ ပြန်စရမယ့်အပြင်  နောက် နှစ်သုံးဆယ်အတွင်း ပြိုင်ပွဲ ထပ်ဝင်ခွင့်လဲ မရှိတော့ဘူး "

ကောင်းကင်ဘုံသားရဲခန်းမ ၏ အကြီးအကဲတစ်ယောက်က အေးစက်စက် အသံဖြင့် ပြောလာ၏။

" ကျုပ် .. နားလည်ပါပြီ "

လီလဲ့ယိုမှာ မည်သို့မှ မတတ်နိုင်ဘဲ သူ့အရောင်အဝါကိုသာ ပြန်ထိန်းလိုက်ရတော့သည်။

ထို့နောက်တွင်မူ သူက လောထျန်းအား အေးစက်စက် စိုက်ကြည့်ကာ ပြော၏။

" ကောင်လေး .. အဓိပ္ပါယ်မရှိတဲ့ စကားတွေပဲ လျှောက်ပြောမနေနဲ့ ။ မင်းသာ တကယ်သတ္တိရှိရင် ငါနဲ့ လောင်းကြေး ထပ်ကြမယ်လေ "

စာစဉ်ပြီး၏

All Chapters