လျှို့ဝှက်ဒေသ ကြီးလွန်းနေခြင်း
Vol. 27 Ch. 365
ပန်းလင်မှာ ခေတ္တမျှ အံ့သြမှင်သက်နေပြီးမှ သူမ ရှေ့ရှိ ရေ စိတ်ဝိဥာဥ်အစွမ်းကို ကြည့်လိုက်သည်။ ထို့နောက် ရှက်နေသည့် မျက်နှာထားဖြင့် လောထျန်းအား တစ်လှည့်ပြန်ကြည့်လာ၏။
နောက်ဆုံးတွင်မူ ရှေ့မှ ရေ စိတ်ဝိဥာဥ်အစွမ်းက ဆွဲဆောင်မှုအား ကောင်းလွန်းနေရာ သူမ မအောင့်အီးနိုင်တော့ပါချေ။
" ဒါဆိုလဲ လုပ်လိုက်တော့မယ် "
သူမက ပြောပြောဆိုဆိုပင် ရေ စိတ်ဝိဥာဥ်အစွမ်းအား စုပ်ယူလိုက်တော့သည်။
ထိုသို့ အားပါးတရ စုပ်ယူနေရင်းလည်း သူမ တွေးလိုက်၏။
" ငါ ပိုအစွမ်းထက်လာရင် ပျောင်ပိုင်မြို့အတွက် ကံကောင်းမှုတွေ ပိုယူလာပေးလို့ ရတာပေါ့ "
ထို့နောက်တွင်ကား သူမ စိတ်သက်သာရာ ရသွားဟန်ဖြင့် ရေစိတ်ဝိဥာဥ်အစွမ်းကို ဆက်လက် စုပ်ယူလိုက်တော့သည်။
နာရီဝက်ခန့် ကြာသွားပြီးနောက် ..
" ဝိုး ... ခံစားရတာ ကောင်းလိုက်တာ "
ပန်းလင်မှာ ရေစိတ်ဝိဥာဥ် အစွမ်းများစွာကို စုပ်ယူပြီးသွားသဖြင့် ကျေနပ်သွားပြီး ရပ်လိုက်သည်။
သို့သော် သူမ လှည့်ကြည့်လိုက်သည့် အချိန်တွင်မူ သူမ စုပ်ယူခဲ့သော ရေ စိတ်ဝိဥာဥ်အစွမ်းများက ရှိသမျှ ရေ စိတ်ဝိဥာဥ်အစွမ်း၏ အပုံတစ်ထောင်ပုံ တစ်ပုံပင် မရှိကြောင်းကို တွေ့လိုက်ရ၏။
" ဟင် .. အများကြီး ကျန်နေသေးတာပါလား "
ထိုတခဏတွင် သူမ ခံစားချက်များ ရောထွေးသွားသည်။
ထိုစဥ် လောထျန်းက ပန်းလင်တစ်ယောက် ရေစိတ်ဝိဥာဥ်အစွမ်းများအား စုပ်ယူ၍ ပြီးသွားသည်ကို မြင်ကာ စကားစလာသည်။
" ဒါနဲ့ .. ကျုပ် အခု ဖွင့်ထားတဲ့ လေထုက လုံလောက်တယ်လို့ ထင်လား "
သူက ထိုသို့မေးပြီး ပန်းလင်အား အပြစ်ကင်းသည့် မျက်နှာလေးဖြင့် ကြည့်လာ၏။
ပန်းလင်မှာ သူ့အမေးကို မည်သို့ ပြန်ဖြေရမည် မသိဘဲ ဖြစ်သွားသည်။
လုံလောက်ရဲ့လား .. တဲ့လား ..
" သခင်လေး လောထျန်း ၊ အစောပိုင်းတုန်းက ကျွန်မ သခင်လေးကို သေချာ မရှင်းပြလိုက်မိဘူး ။ တကယ်တော့ ကျွန်မ ဖွင့်ခိုင်းတဲ့ လေထုက ၁၀ ပေလောက် အရွယ်အစားကိုပဲ ရည်ရွယ်တာ "
ပန်းလင် ရှင်းပြ လိုက်ပြသည်။
လောထျန်း အံ့သြမှင်သက်သွား၏။
" ဆယ်ပေလောက်ပဲ ဟုတ်လား .. .. နောက်နေတာလားဗျာ ။ ဘယ်သူ့ရဲ့ လျှို့ဝှက်ဒေသက အဲ့လောက် သေးလို့လဲ ။ သခင်ကြီး ကျီဝေ့ရဲ့ လျှို့ဝှက်ဒေသကတောင် မိုင်ရာချီပြီး ကျယ်တာကို "
ပန်းလင်က ခေါင်းကုတ်၍ ပြန်ပြောသည်" လျှို့ဝှက်ဒေသ ဖွင့်ဖို့ကို ဒီတစ်ဆင့်တည်း လိုတာလို့ ဘယ်သူပြောလို့လဲ ။ ခုလို လေထုကို ဖွင့်တာက ပထမ အဆင့်ပဲ ရှိသေးတာ ။ ဒီ အဆင့်မှာ ကမ္ဘာမျိုးစေ့ကို ချပြီး စိုက်ဖို့ လုံလောက်တဲ့ တွင်းလေး တူးလိုက်နိုင်ရင်ကို ရပြီ "
ထိုအချိန်မှသာ လောထျန်း သဘောပေါက်သွားသည်။
" အဲ့လိုကိုး ... "
ပန်းလင်က ခေါင်းတဆတ်ဆတ်ညိတ်ရင်း ပြန်ပြော၏။
" ဒါပေါ့ .. ကျွန်မက တွင်းသေးသေးလေးပဲ တူးခိုင်းလိုက်တာ ။ ဒါကို သခင်လေးက ခုလိုအကြီးကြီးဖြစ်အောင် လုပ်ထားမယ်လို့ ဘယ်ထင်ပါ့မလဲ "
လောထျန်း အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။
" ဒါဆို ဒီလေထုကို သုံးလို့ ရသေးလား "
ပန်းလင်က ခေါင်းယမ်းပြ၏။
လောထျန်း စိတ်ပျက်လက်ပျက် ဖြစ်သွားတော့သည်။
" သုံးလို့ မရတော့ဘူးလား .. ၊ ဒါဆို ကျုပ် ပင်ပင်ပန်းပန်း ကြိုးစားထားတာတွေ အလကား ဖြစ်သွားပြီပေါ့ "
ပန်းလင်က ခေါင်းဆက်ယမ်းပြီး ပြောလာ၏။
" သုံးလို့ မရတော့တာ မဟုတ်ဘူး ၊ သုံးလို့ ရ ၊ မရ ကို ကျွန်မ မသိတာ "
လောထျန်း အံ့အားသင့်သွားရပြန်သည်။
" လျှို့ဝှက်ဒေသ ဘယ်လို ဖွင့်ရတယ် ဆိုတာကို ခင်ဗျား မသိဘူးလား "
ပန်းလင် ဒေါသထွက်သွားပြီး ပြန်အော်သည်။
" မသိဘဲ ဘယ်နေမလဲ ၊ သိတာပေါ့ ။ ဒါပေမယ့် အခု သခင်လေးဟာက လျှို့ဝှက်ဒေသ ဖွင့်နေတာလား ၊ ကမ္ဘာကြီးတစ်ခု လုပ်နေတာလား "
လောထျန်း ဘာပြန်ပြောမည် မသိတော့ချေ ။
ပန်းလင်က သက်ပြင်းချ၍ စကားဆက်၏။
" ထားလိုက်ပါ .. ပြဿနာ အကြီးကြီးတော့ မရှိလောက်ဘူး ထင်တာပဲ ။ အခု ကမ္ဘာမျိုးစေ့ကို ဒီလေထုထဲမှာ အရင် ထားလိုက်ကြတာပေါ့ "
လောထျန်းက ခေါင်းညိတ်ပြီး ရွှေရောင်တောက်နေသည့် ကမ္ဘာမျိုးစေ့အား မြေကြီးထဲ ထည့်စိုက်လိုက်သည်။
" အဲ့ဒါပြီးရင် ဘာဆက်လုပ်ရမှာလဲ "
သူ မေး၏။
" သခင်လေးရဲ့ အစွမ်းကို သုံးပြီးတော့ ကမ္ဘာမျိုးစေ့ ကြီးလာအောင် လုပ်လိုက်ပါ ။ ပြီးရင်တော့ စောင့်ဖို့ပဲ ရှိတာပေါ့ "
ပန်းလင်က ပြန်ဖြေသည်။
လောထျန်းက ခေါင်းညိတ်ပြလိုက်ပြီး ပန်းလင်၏ ညွှန်ကြားချက်များအတိုင်း ကမ္ဘာမျိုးစေ့ ကြီးထွားလာအောင် လုပ်လိုက်သည်။
ပန်းလင်မှာ ထိုမြင်ကွင်းကို မလှမ်းမကမ်းမှ ကြည့်နေရင်း စိတ်ထဲ အနည်းငယ် မသက်မသာ ဖြစ်သွား၏။
" မူလ အရှုပ်အထွေးမြေထဲမှာ ချစိုက်တယ် ၊ ပြီးရင် ရွှယ်ဟွမ်အစွမ်းတွေလဲ ပြည့်ဝနေတာဆိုတော့ .. ဒီ ကမ္ဘာမျိုးစေ့က ဘယ်လိုတွေ ဖြစ်လာမလဲ မသိဘူး "
သူမ ထိုသို့တွေးကာ စိုးရိမ်စိတ် ဖြစ်နေစဥ်မှာပင် မြေကြီးထဲမှ ကမ္ဘာမျိုးစေ့ကလည်း စတင်ပြောင်းလဲလာသည်။
ဝီ ...
ရွှေရောင် အလင်းတန်းတစ်ခု တိုးထွက်လာပြီး .. မြေကြီးထဲမှ ရွှေရောင် ပင်ပေါက်လေးတစ်ခု ထွက်လာ၏။
" အောင်မြင်သွားပြီလား ..
၎င်းကို ကြည့်ကာ လောထျန်း အလွန်ပျော်ရွှင်သွားသည်။
" အခုမှ စတာဆိုတော့ ပြောဖို့ စောလွန်းသေးတယ် ။ ကဲ . အခု သခင်လေးရဲ့ နဂါးဥကို ထုတ်လို့ရပြီ ။ ကမ္ဘာမျိုးစေ့က တဖြည်းဖြည်း ကြီးလာပြီးတော့ ဒီ လေထုနဲ့ ပေါင်းစပ်သွားလိမ့်မယ် ။ အဲ့ကျရင် နဂါးဥကို ကူညီပေးနိုင်တဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ ဖြစ်လာမှာ "
ပန်းလင် ရှင်းပြလိုက်၏။
လောထျန်း ခေါင်းညိတ်၍ နဂါးဥကို ထုတ်ကာ အရှုပ်အထွေးမြေပေါ် တင်ထားလိုက်သည်။
တစ်ချိန်တည်းမှာပင် ..
ဝီ ..
နဂါးဥမှ လျှို့ဝှက်နဂါး အကွက်က အရောင်လက်လာ၏။ ရွှယ်ဟွမ်အစွမ်းနှင့် အခြားသော စိတ်ဝိဥာဥ်အစွမ်း မျိုးစုံကလည်း တရွှီရွှီအသံပေးပြီး နဂါးဥဆီသို့ မျောလွင့်လာကြသည်။
၎င်းကို ကြည့်ကာ ပန်းလင် အသက်ပြင်းပြင်း ရှိုက်လိုက်၏။
" အင်း ... ဒီ နဂါးဥရဲ့ အသက်အစွမ်းက အင်မတန် အားကောင်းတာပဲ ။ အခုဆို အဖိုးမဖြတ်နိုင်တဲ့ သဘာဝအစွမ်းပေါင်းစုံအပြင် မူလ အရှုပ်အထွေးမြေရဲ့ ကောင်းချီးပေးတာကိုလဲ ခံထားရတာ ဆိုတော့ ... ဒီနဂါးဥက ဘီလူးကြီးတစ်ကောင် ဖြစ်လာမှာ သေချာနေပြီ "
သူမ တစ်ကိုယ်တည်း တွေးလိုက်သည်။
သို့သော် .. သူမ ကြာကြာမတွေးရသေးခင်မှာပင် အရှုပ်အထွေးမြေမှ ပင်ပေါက်လေးက ပြောင်းလဲလာပြန်၏။
လောထျန်းက သူ့အစွမ်းကို အဆက်မပြတ် ထုတ်လွှတ်နေသဖြင့် မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် ပင်ပေါက်လေးမှ ရွှေရောင် တလက်လက်တောက်နေသော ဧရာမ သစ်ပင်ကြီးအဖြစ် ပြောင်းသွားတော့သည်။
ပင်ခြေ အမြစ်မှစ၍ ပင်စည်တစ်လျှောက်လုံးနှင့် အရွက်များပါမကျန် ရွှေရောင်အလင်းတန်းဖြင့် ပြုလုပ်ထားသလိုပင် တူနေပါ၏။
" ဒီအရောင်အဝါက .. အစွမ်းထက်လိုက်တာ "
၎င်းကို ကြည့်ကာ ပန်းလင် အံ့သြတုန်လှုပ်သွားသည်။
ထိုအချိန်မှာပင် သစ်ပင်ကြီးက ဆက်ကြီးထွားလာပြီး အချိန် တခဏအတွင်း မိုးထိုးနေသည့် သစ်ပင်ကြီးတစ်ပင် ဖြစ်သွား၏။ ၎င်း၏ သစ်ကိုင်း သစ်ရွက်များကလည်း အုပ်အုပ်ဆိုင်ဆိုင်း ရှိနေကာ ထောင့်များပါမကျန် ပြည့်နေပါသည်။
" ဒါ .. "
လောထျန်းမှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ အံ့သြမှင်သက်သွား၏။
ကမ္ဘာမျိုးစေ့က ယခုအတိုင်းသာ ဆက်ကြီးထွားနေလျှင် သူ ဖွင့်ထားသော လေထုတစ်ခုလုံး ပြည့်သွားတော့မည် မဟုတ်ပါလား ။
သို့ဆိုလျှင် .. မည်သို့သော လျှို့ဝှက်ဒေသမျိုး ဖြစ်သွားပါမည်နည်း ။
သို့သော် သူ ဆက်မတွေးနိုင်ခင်မှာပင် ဧရာမ သစ်ပင်ကြီးက တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်လာပြီး ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းသွားကာ လေထုနှင့် တစ်သားတည်း ပေါင်းစပ်သွား၏။
နောက်ဆုံးတွင်မူ အုပ်အုပ်ဆိုင်းဆိုင်း သစ်ရွက်များက ကောင်းကင်ပြာအဖြစ် ပြောင်းသွားတော့သည်။
ပင်စည်နှင့် သစ်ကိုင်းများကလည်း လေပြေညင်းများနှင့် ကောင်ကင်ဘုံနှင့် မြေကြီး၏ စည်းမျဥ်းများအဖြစ် ပြောင်းသွား၏။
သစ်မြစ်များနှင့် အနီးနားမှ မူလအရှုပ်အထွေးမြေတို့ကမူ မြေပြင်ကျယ်ကြီးနှင့် မြစ်များ ၊ တောင်များ ၊ ရေအိုင်များအဖြစ် ပြောင်းသွားကြသည်။
သို့သော် ထိုမျှနှင့် မပြီးသေးပေ ....
သူ ဖွင့်ထားခဲ့သော လေထု၏ နယ်နိမိတ်ကလည်း အပြောင်းအလဲများ ကြီးစွာ ဖြစ်နေသည်ကို လောထျန်း သတိထားမိလိုက်၏။
ယခင်ကတည်းက ကြီးမားကျယ်ပြန့်နေခဲ့ပြီဖြစ်သော လေထုမှာ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ဆက်တိုးချဲ့လာနေသည်။
" ကမ္ဘာမျိုးစေ့ထဲမှာ လေထုကို ပိုကျယ်ပြန့်သွားစေတဲ့ အစွမ်းထက် ကမ္ဘာစည်းမျဥ်းတွေရှိတယ် "
ပန်းလင်က ရှင်းပြသည်။
" ဒီလေထုကြီးက ဘယ်လောက်ကြီးသွားမှာလဲဗျ "
လောထျန်းက သိချင်စိတ်ပြင်းစွာ မေး၏။
ပန်းလင်က ခေါင်းယမ်းပြသည်။
" အဲ့တာတော့ ကျွန်မလဲ မသိဘူး ။ ပုံမှန်ဆိုရင်တော့ ကမ္ဘာမျိုးစေ့က မူလ ရှိထားပြီးသားလေထုကို အဆပေါင်း ထောင်၊ သောင်းချီပြီး တိုးသွားစေတယ် ။ တစ်ခါတစ်လေဆို အဆပေါင်း သန်းချီပြီးတောင် ပိုချဲ့နိုင်သေးယ် ။ အခု သခင်လေး အရင်ဖွင့်ထားတဲ့ လေထုရဲ့ အရွယ်အစားကို ကြည့်ပြီး ပြောရမယ် ဆိုရင်တော့ ... မြောက်ပိုင်းဒေသ တစ်ခုလုံးထက် ပိုကျယ်သွားမှာ သေချာတယ် ။ ထျန်းယွမ်ကမ္ဘာထက်တောင် ပိုကြီးသွားမလား မသိဘူး "
" ထျန်းယွမ်ကမ္ဘာထက်တောင် ပိုကြီးနိုင်တယ် .. "
ကြားလိုက်ရသည့် စကားကြောင့် လောထျန်း အံ့သြမှင်သက်သွားတော့သည်။ ဤမျှ အရွယ်အစားရှိသော လျှို့ဝှက်ဒေသတစ်ခု ဖွင့်မိသွားလိမ့်မည်ဟု သူ မည်သို့ ထင်မိပါမည်နည်း ။
ဤအရာကို လျှို့ဝှက်ဒေသဟုပင် ခေါ်ရန် သင့်ပါသေးရဲ့လား ။
ထိုစဥ် ပန်းလင်က ရုတ်တရက် ပြောလာ၏။
" အရမ်းကြီးတော့ အပျော်မစောနဲ့ဦး ။ ဒီကိစ္စက အဆိုးဘက် ရောက်သွားနိုင်တယ် "
" အဲ့ဒါ ဘာအဓိပ္ပါယ်လဲဗျ "
လောထျန်း ပြန်မေးလိုက်သည်။
ပန်းလင် သက်ပြင်းချ၏။
" ပုံမှန်ဆိုရင်တော့ ကမ္ဘာမျိုးစေ့ ရှိနေတာနဲ့ လေထုကို ဖွင့်တဲ့အခါ ရထားတဲ့ အဖိုးတန် ရတနာတွေ ပေါင်းစပ်ပြီး စိတ်စွမ်းအင်သွေးကြောတစ်ခု အလိုလို ဖြစ်လာတတ်တယ် ။ အဲ့ဒီ စိတ်စွမ်းအင်သွေးကြောကပဲ ဒီကမ္ဘာငယ် တစ်ခုလုံးကို တည်ငြိမ်အောင် ထောက်ပံ့ပေးတာပေါ့ "
" ဒါပေမယ့် အခု သခင်လေးရဲ့ ကမ္ဘာငယ်က ကြီးလွန်းနေတယ်။ အဲ့တော့ ဒီ ကမ္ဘာထဲမှာ အလိုအလျောက် ဖြစ်ပေါ်လာတဲ့ စိတ်စွမ်းအင် သွေးကြောအနေနဲ့ လုံလောက်တဲ့ စိတ်စွမ်းအင် ထောက်ပံ့ပေးနိုင်မယ် မထင်ဘူး ။ အဲ့ကျရင် ဒီကမ္ဘာငယ်တစ်ခုလုံး ပြိုကျပျက်စီးသွားနိုင်တယ် "
လောထျန်းမှာ ပန်းလင်စကားကို နားထောင်ရင်း လန့်သွားတော့သည်။
" ဒါဆို ကျုပ်တို့ ဘာဆက်လုပ်သင့်လဲ "
ပန်းလင်က မျက်မှောင်ကြုံ့ပြီး ပြန်ပြော၏။
" ဘာမှ လုပ်လို့ မရဘူး ။ အပြင်ဘက်ကနေ စိတ်စွမ်းအင်သွေးကြောတွေ ခေါ်လာပြီး ဒီလေထုကို ထောက်ပံ့ပေးရင်တော့ တစ်မျိုးပေါ့ .. "