← Chapters

လူသတ်သမား သုံးဦး

Vol. 27 Ch. 366

လူသတ်သမား သုံးဦး

Vol. 27 Ch. 366

" ပျောင်ပိုင်မြို့ထဲက စိတ်စွမ်းအင်သွေးကြောနဲ့ ဆိုရင်ရော "

လောထျန်း မေးလိုက်သည်။

ပန်းလင်က ခေတ္တမျှ စဥ်းစားပြီး ပြန်ပြော၏။

" မလုံလောက်ဘူး ။ အခု ပျာင်ပိုင်မြို့ရဲ့ စိတ်စွမ်းအင်သွေးကြောက စိတ်စွမ်းအင်တွေ အများကြီး စုပ်ယူခံထားရတော့ ပိုဆိုးတာပေါ့ ။ တကယ်လို့ သူ အရင်အခြေအနေ ပြန်ရောက်ရင်တောင် .. အဲ့လိုမျိုး အဆင့်ရှိတဲ့ စိတ်စွမ်းအင်သွေးကြောတွေ အနည်းဆုံး ဆယ်ခုလောက်မှ ဒီကမ္ဘာငယ်အတွက် လုံလောက်နိုင်မှာ "

ထိုစကားကို ကြားသည်နှင့် လောထျန်းစိတ်ထဲ ဗျာများသွားရသည်။

ထိပ်တန်းအဆင့် စိတ်စွမ်းအင်သွေးကြောတွေ ဆယ်ခုလောက် ရှိရမည်တဲ့လား ။

ထိုအရာများကို ရှာရှန်မှာ မလွယ်လှပါချေ။

ကျုံ့ကျိုးဒေသနှင့် တောင်ပိုင်းဒေသမှ မြင့်မြတ်နယ်မြေများ အားလုံးကို သိမ်းပိုက်လိုက်လျှင်မူ .. ဖြစ်နိုင်ချေ ရှိပါမည်လား။

ထိုသို့တွေးကာ လောထျန်း မျက်လုံးများ အရောင်လက်သွားသည်။

" အင်း .. အဲ့အကြံ ကောင်းတယ် "

သူ့မျက်နှာထားကို ကြည့်နေသော ပန်းလင်က သူ မည်သို့ တွေးနေသည်ကို ချက်ချင်းပင် ရိပ်မ်သွား၏။

ထို့ကြောင့် သူမ ခေါင်းယမ်း၍ ပြောလိုက်သည်။

" အခုလောလောဆယ် ဒီကိစ္စကို အရမ်းကြီး စိုးရိမ်နေစရာ မလိုသေးဘူး ။ ဒီမှာ စိတ်စွမ်းအင်က သိပ်မပေါများဘူး ဆိုရင်တောင် အဖိုးတန် ရတနာတွေ အများကြီး ရှိသေးတဲ့အတွက် လုံလောက်သေးတယ် ။ နောက်နှစ်တစ်ရာလောက် အထိတော့ ဘာပြဿနာမှ ကြီးကြီးမားမား ဖြစ်လာဦးမှာ မဟုတ်ဘူး ။ အဲ့တော့ ဒီ နှစ်တစ်ရာအတွင်း စိတ်စွမ်းတွေ လုံလောက်အောင် ဖြည့်တင်းပေးနိုင်ရင်ကို ရတယ် "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" နှစ်တစ်ရာ ဆိုရင်တော့ .. လုံလောက်ပါတယ် "

" ကဲ .. ဒီတိုင်းဆို ဒီလေထုက သူ့ဟာသူ ပြောင်းလဲလာမှာ ။ အဲ့လိုပြောင်းလဲမယ့် ကာလကလဲ လနဲ့ချီပြီး ကြာဦးမှာဆိုတော့  ကျွန်မတို့ ဒီမှာပဲ ထိုင်ကြည့်နေစရာ မလိုဘူး ။ နဂါးဥကိုပဲ ဒီမှာ ထားခဲ့လိုက် "

ပန်းလင် ပြော၏။

လောထျန်းက အံ့အားသင့်သွားဟန်ဖြင့် နဂါးဥကို ကြည့်၍ ပြောသည်။

" နဂါးဥကို ဒီတိုင်းကြီး ထားခဲ့ရမှာလား ..  အန္တရာယ် မများလွန်းဘူးလား "

ပန်းလင် အံ့အားသင့်သွားကာ ပြန်ပြော၏။

" အန္တရာယ်တော့ မများလောက်ပါဘူး ... ။ တကယ်လို့ စိတ်ပူတယ် ဆိုရင်လဲ အကာအကွယ် အစီအမံတချို့ ထားခဲ့လိုက်လေ "

ထိုသို့ ပြောပြီးနောက် သူမ တစ်စုံတစ်ခုကို ထပ်သတိရသွားဟန်ဖြင့် ပြောလာသည်။

" ဟုတ်သားပဲ .. စိတ်စွမ်းအင် စုဆောင်းခြင်း အစီအမံတစ်ခုလဲ ထားခဲ့လိုက်ဦး ။  ဒါမှ အပြင်က စိတ်စွမ်းအင်တွေကို စုပ်ယူနိုင်မှာ ။ စိတ်စွမ်းအင်တွေ မပေါများရင် နဂါးဥက အကောင်မပေါက်ဘဲ ဖြစ်သွားလိမ့်မယ် "

" ပြီးတော့ စိတ်စွမ်းအင်စုဆောင်းခြင်း အစီအမံကလဲ အစွမ်းထက်မှ ရမှာနော် ။ ဒီလေထုက ဆက်ပြီး ချဲ့နေတုန်းဆိုတော့ အစီအမံက အစွမ်းမထက်ထားရင် စိတ်စွမ်းအင်တွေ မစုဆောင်းနိုင်ဘဲ နေလိမ့်မယ် ။ မသေမျိုးအစွမ်း ရှိရင်တော့ ပိုကောင်းတာပေါ့ ။ အကောင်ပေါက်တာလဲ ပိုမြန်သွားလိမ့်မယ် "

လောထျန်း သက်ပြင်းချသည်။

" မသေမျိုးအစွမ်းကို ဘယ်မှာ ရှာရမှာလဲဗျာ ။ လောလောဆယ်တော့ စိတ်စွမ်းအင်နဲ့ပဲ အလုပ်ဖြစ်အောင် စီမံရမှာပဲ "

သူ ထိုသို့ ပြောကာ နဂါးဥဆီသို့ လျှောက်သွားပြီး အကာအကွယ် အစီအမံတစ်ခု ပြုလုပ်လိုက်သည်။

အစီအမံက တခဏအတွင်းမှာပင် ပြီးသွား၏။

" အခု စိတ်စွမ်းအင်စုဆောင်းခြင်း အစီအမံကို ဆက်လုပ်ရမယ် ။ အစီအမံက အစွမ်းထက်မှလဲ ဖြစ်မှာဆိုတော့ ... ဟိုတစ်ခုကိုပဲ သုံးရမှာပဲ "

လောထျန်းက ချက်ချင်းပင် သူ သင်ယူခဲ့ဖူးသော အစီအမံများထဲမှ အဆင့်အမြင့်ဆုံးဖြစ်သည့် အဆင့် ၇ စိတ်စွမ်းအင်စုဆောင်းခြင်း အစီအမံကို ရွေးချယ်လိုက်သည်။

ထို့နောက် သူ မှတ်သားထားခဲ့ဖူးသည့်အတိုင်း အစီအမံကို ပြင်ဆင်လိုက်၏။ ပြီးနောက် အစီအမံ ထွင်းစာများ ဆက်တိုက် ရေးလိုက်သည်။

ခဏအကြာမှာပင် မရေမတွက်နိုင်သော ထွင်းစာများဖြင့် ပြည့်သွား၏။

သို့သော် လောထျန်းက စိတ်တိုင်းမကျသေးဟန်ဖြင့် ခေတ္တမျှ စဥ်းစားပြီး နောက်ထပ် စိတ်စွမ်းအင်စုဆောင်းခြင်း အစီအမံ သုံးခု ထပ်လုပ်လိုက်ပြန်သည်။ ယခင်နည်းလမ်းအတိုင်း ထွင်းစာများဖြင့် သူ သေချာ လုပ်လိုက်ပါ၏။

အားလုံး ပြီးသွားမှသာ လောထျန်း သက်ပြင်းရှည်ကြီး ချ၍ ဆိုသည်။

" အဲ့လောက်ဆို ရလောက်ပါပြီ "

" ဒါဆို သွားကြစို့ "

ဘေးနားမှ ပန်းလင်က အနည်းငယ် စိတ်မရှည်တော့ဟန်ဖြင့် ပြန်ပြော၏။

လောထျန်းက ခေါင်းညိတ်ပြပြီး ပန်းလင်နှင့်အတူ လေထုထဲမှ ထွက်လိုက်ကြသည်။

သူတို့ အပြင်ရောက်သည့် အချိန်တွင်ကား နေပင် ဝင်သွားခဲ့လေပြီ ။

" အခု သခင်လေး ဘာဆက်လုပ်မှာလဲ "

ပန်းလင်က မေးလိုက်သည်။

" အင်း .. အခုတော့ ကျုပ် ပြန်ပြီး အိပ်လိုက်ဦးမယ်ဗျာ ။ နောက်ထပ် ၂ ၊ ၃ ရက်လောက်ကို အေးအေးဆေးဆေး အနားယူရမယ် "

လောထျန်းက အညောင်းဆန့်ရင်း ပြန်ဖြေ၏။

သူ ပြီးခဲ့သော ရက်များအတွင်း လျှို့ဝှက်ဒေသ ကိစ္စကို လုံးပမ်းနေခဲ့ရသဖြင့် အလွန်ပင်ပန်းနေလေပြီ ။

သူ ဤကမ္ဘာသို့ ရောက်လာပြီးချိန်မှစ၍ ယခုလို တစ်ခါမှ မပင်ပန်းခဲ့ဖူးပါ ။

ပန်းလင်က ခေါင်းညိတ်သည်။

" ကောင်းပါပြီ ။ ဒါဆို လျှို့ဝှက်ဒေသ ပြောင်းလဲလာရင် ကျွန်မ သခင်လေးနဲ့ လိုက်ခဲ့မယ် "

" ကောင်းပြီဗျာ ။ ဒါဆို ကျုပ် သွားပြီနော် "

လောထျန်းက လက်ပြနှုတ်ဆက်ပြီး နေရာမှ ပျောက်ကွယ်သွား၏။

ပန်းလင်မှာလည်း အလင်းတန်းတစ်ခုအသွင်ပြောင်းပြီး ပျောင်ပိုင်မြို့ထဲ ဝင်သွားသည်။

သို့သော် ပင်ပန်းနေကြသော လောထျန်းနှင့် ပန်းလင်တို့ မသိလိုက်သည့် အချက်မှာ ထိုအချိန်တွင် ကောင်းကင်ယံ၌ သူတို့ကို ကြည့်နေသူ သုံးယောက် ရှိနေကြခြင်းပင် ။

ထိုလူသုံးယောက်က တိမ်တိုက်များကြား၌ ဟိတ်ကြီးဟန်ကြီးဖြင့် ရပ်နေကြ၏။

" မင်းတို့နှစ်ယောက် ဘယ်လိုထင်ကြလဲ "

အလယ်မှ လူကြီးက လက်နောက်ပစ်၍ လောထျန်း ပျောက်ကွယ်သွားသည့် နေရာကို ကြည့်ကာ လေသံတိုးတိုးဖြင့် မေးလာသည်။

ဘယ်ဘက်မှလူက ခေတ္တမျှ တုန့်ဆိုင်းနေပြီမှ ပြန်ဖြေ၏။

" အင်း .. ကျင့်ကြံခြင်းအဆင့် တစ်ခုတည်းကိုပဲ ကြည့်ရရင်တော့ သူက ထုံရွှယ်အဆင့်မှာပဲ ရှိသေးတဲ့ပုံပဲ "

ညာဘက်မှ လူကလည်း ခေါင်းညိတ်၏။

" ကျုပ်လဲ အဲ့လိုပဲ ထင်တယ် "

အလယ်မှလူက သက်ပြင်းချကာ ပြောသည်။

" မင်းတို့လဲ အဲ့လိုပဲ မြင်ကြတာကိုး .. ။ ကျုပ်က ကျုပ်တစ်ယောက်တည်းပဲ အဲ့လို မြင်ရတယ် ထင်နေတာ "

ဘယ်ဘက်မှလူက အလေးအနက် ခေါင်းညိတ်သည်။

" သဘောကတော့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားတဲ့နည်းက အင်မတန် ကောင်းတယ် ဆိုတဲ့ အဓိပ္ပါယ်ပဲ ။ ဒါပေမယ့် သူ့အစွမ်းကတော့ ကျုပ်တို့တွေထက် အစွမ်းမနိမ့်နိုင်ဘူးနဲ့ တူတယ် "

ညာဘက်မှ လူကြီးက နှာခေါင်းရှုံ့၏။

" ဒါက အသိသာကြီး မဟုတ်ဘူးလား ။ ကျုပ်တို့ မဟာအလင်းတန်းဂိုဏ်းက ဖုန့်ရှန်ရော အကိုထျန်းလင်ရော သူ့လက်ချက်နဲ့ သေခဲ့ရတာလေ "

မှန်ပါသည် ။ ထိုလူသုံးယောက်မှာ မဟာအလင်းတန်းဂိုဏ်း၊ ဂိုဏ်းချုပ်ကြီး လက်အောက်ရှိ မသေမျိုး ၅ ယောက်ထဲမှ လက်ကျန် မသေမျိုး သုံးယောက်ပင် ။

" ဒါဆို ကျုပ်တို့တွေ ဘာဆက်လုပ်ကြမလဲ "

အလယ်မှ လူကြီးက မေးလာသည်။

အချိန်အတန်ကြာ တိတ်နေပြန်ပြီးမှ ဘယ်ဘက်ရှိ လူကြီးက ပြော၏။

" အင်း .. သတိထားပြီးတော့ သူနဲ့ တိုက်ရိုက် မတိုက်ခိုက်တာပဲ ကောင်းမယ်ထင်တယ် "

ညာဘက်မှ လုကြီးကလည်း ထောက်ခံသည် ။

" ကျုပ်လဲ အဲ့လိုပဲ တွေးတာ ။ ကျုပ်တို့တွေ ပုန်းနေပြီးတော့မှ အခွင့်အရေးရှာပြီး သူ့ကို အလစ်ဝင်တိုက်ခိုက်သင့်တယ်လို့ ထင်တယ် ။ ကျုပ်တို့ သုံးယောက်လုံးသာ တစ်ပြိုင်နက်တည်း တိုက်ခိုက်ရင် သူ့ကို တစ်ချက်တည်းနဲ့ သတ်နိုင်မှာပါ "

အလယ်မှ လူကြီးကလည်း အလေးအနက် ခေါင်းညိတ်လိုက်သည်။

သူတို့သုံးယောက်သည် နာမည်ကျော် မသေမျိုးများ ဖြစ်ကြပါသည်။

ပုံမှန်ဆိုလျှင် သူတို့အနေဖြင့် လူတစ်ယောက်တည်းအပေါ်  သုံးယောက်ပေါင်းပြီး အလစ်တိုက်ခိုက်ခြင်းမှာ လက်သင့်ခံနိုင်စရာ မဟုတ်ပါချေ ။

သို့သော် လက်ရှိတွင်ကား သူတို့ မည်သူ့အမြင်ကိုမှ ဂရုမစိုက်နိုင်တော့ပါ။

သူတို့၏ ရန်သူက အလွန်အစွမ်းထက်နေပြီး သူတို့ မဟာအလင်းတန်းဂိုဏ်းမှ မသေမျိုးနှစ်ယောက်ပင် အသက်ဆုံးခဲ့ကြရပြီ မဟုတ်ပါလား။ သို့ဖြစ်ရာ ထျန်းမင်ကမ္ဘာ မရောက်လာခင် အချိန်အတွင်း သူတို့ဘက်မှ ဆုံးရှုံးမှု ထပ်မရှိရန် လိုပါသည်။

" ဒါဆို ဘယ်ကနေပြီး ချုံချိုတိုက်ခိုက်ကြမလဲ "

ဘယ်ဘက်မှ လူကြီးက မေးလာ၏။

အလယ်မှ လူကြီးက ခေတ္တမျှ စဥ်းစားနေပြီးမှသာ ပြန်ပြောသည်။

" သူရဲ့ လျှို့ဝှက်ဒေသထဲ ဝင်နေလိုက်ရင်ရော ဘယ်လိုလဲ ။ ကြည့်ရတာ ဒီ လျှို့ဝှက်ဒေသက အခုမှ တည်ထောင်ကာစပဲ ရှိသေးတယ်နဲ့တူတယ် ။ အဲ့တော့ နောက်ထပ် ရက်နည်းနည်းလောက်နေရင် သူ သေချာပေါက် ထပ်ဝင်ကြည့်မှာပဲ ။ အဲ့ချိန်ကျမှ အလစ်တိုက်ခိုက်ကြတာပေါ့ "

သူ့စကားကို ကြားသောအခါ ကျန်နှစ်ယောက်ကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။

" ကဲ .. ဒါဆို ကျုပ်တို့ရဲ့ အရောင်အဝါတွေကို ဖျောက်ပြီး တိတ်တိတ်လေး ဝင်ကြမယ် "

တစ်ယောက်က ပြော၏။

ထို့နောက်တွင်ကား သူတို့ သုံးယောက်လုံး အရောင်အဝါများကို အနိမ့်ဆုံး အဆင့်အထိ ဖိနှိပ်ကာ လျှို့ဝှက်ဒေသ ဝင်ပေါက်နားသို့ တိတ်တဆိတ် ချဥ်းကပ်လိုက်ကြသည်။ ပြီးနောက် အထဲသို့ ဝင်လိုက်ကြ၏။

" ဒီ လျှို့ဝှက်ဒေသ ဝင်ပေါက်မှာ အကာအကွယ် အတားအဆီးတွေ ဘာလို့ ရှိမနေရတာလဲ "

သူတို့ထဲမှ တစ်ယောက်က မျက်မှောင်ကြုံ့၍ ပြောလာသည်။

" ဟားဟား .. ဒီလျှို့ဝှက်ဒေသက ခုမှ ဖွင့်စလေ ၊ အထဲမှာ ဘာရှိမှာမို့လို့လဲ ။ အကာအကွယ် အစီအမံတွေ လုပ်နေဖို့ရော ဘာလို့ လိုမှာလဲ "

တစ်ယောက်က ရယ်ရင်း ပြန်ပြော၏။

သို့သော် ထိုအချိန်မှာပင် ရှေ့ဆုံးမှ ပျံသန်းနေသူက ရုတ်တရက် ရပ်လိုက်သည်။

" ဟင် .. အကိုဟန်ရှင်း ၊ ဘာဖြစ်လို့လဲ "

လူကြီးတစ်ယောက်က တအံ့တသြ မေး၏။

ရှေ့ဆုံးမှ ဟန်ရှင်း ဆိုသည့် လူကြီးက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ ပြန်ပြောသည်။

" ဒီမှာ ... ဘာတွေ ဖြစ်နေတာလဲ "

" ဘာဖြစ်လို့လဲ ..  "

သူ့နောက်မှ လူက တအံ့တသြ ဖြစ်သွားပြီး ဟန်ရှင်းဘေးသို့ ပျံသန်းသွားကာ လျှို့ဝှက်ဒေသအား ဝေ့ဝဲကြည့်လိုက်သည်။

" အဲ့လောက်တောင် ကျယ်တာလား ။ ဒီ လောထျန်းဆိုတဲ့သူက တကယ် အစွမ်းထက်တာပဲ "

သူ တအံ့တသြ ရေရွတ်၏။

" မဟုတ်သေးဘူးကွ ၊ ဟိုကို ကြည့်လိုက်ဦး "

ဟန်ရှင်းက အသံတုန်တုန်ဖြင့် သူတို့ရှေ့မှ တောင်တစ်ခုကို လက်ညိုးညွှန်ပြသည်။

ကျန်နှစ်ယောက်ကလည်း တအံ့တသြ ကြည့်လိုက်ကြ၏။

ခဏအကြာတွင်မူ အခြေအနေကို သူတို့ နားလည်သွားတော့သည်။

" ဒါ ... မူလ အရှုပ်အထွေးမြေ လား "

သူတို့နှစ်ယောက် တစ်ပြိုင်နက်တည်း နီးပါး အော်မိလိုက်ကြ၏။

ဟန်ရှင်းက ခေါင်းညိတ်သည်။

" မှားစရာ မရှိဘူးကွ .. အဲ့ဒါ မူလအရှုပ်အထွေးမြေပဲ "

ကျန်လူကြီးနှစ်ယောက်မှာ စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြသည်။

" ဒီနေရာမှာ ... အဲ့လိုအရာမျိုးနဲ့ ကြုံရမယ်လို့ စိတ်တောင် မကူးဖူးဘူး ။ ဒီတစ်ခေါက်တော့ ကျုပ်တို့တွေ ထောပြီ "

လူကြီးတစ်ယောက်က ဝမ်းသာအားရ ဆို၏။

All Chapters