← Chapters

အချင်းချင်းကြားမှ ပြဿနာများ

Vol. 27 Ch. 367

အချင်းချင်းကြားမှ ပြဿနာများ

Vol. 27 Ch. 367

အရှုပ်အထွေးမြေ လေး လက်တစ်ဆုပ်စာသည်ပင် တန်ဖိုးမဖြတ်နိုင်အောင် အဖိုးတန်လှပါသည်။

ယခု သူတို့ရှေ့မှ အရှုပ်အထွေးမြေ  တောင်တစ်လုံးစာဆိုလျှင် ... တောင်ပိုင်းဒေသ တစ်ခုလုံးကို ဝယ်ရန်ပင် လုံလောက်ပါ၏။

" ဒီ လောထျန်းက ဘယ်လိုကောင်ပါလိမ့် ။ သူက ဒီလောက်များတဲ့ မူလအရှုပ်အထွေးမြေတွေကို ဘယ်ကနေ ရလာတာလဲ "

ဟန်ရှင်းက တအံ့တသြ ​ပြောလိုက်သည်။

" ဘယ်သူ သိမှာလဲဗျာ ။ သူက ရှေးဟောင်း မသေမျိုးတစ်ယောက်ရဲ့ သင်္ချိုင်းဂူတစ်ခုခု ကိုများ တူးထားလို့လား ... "

အခြားတစ်ယောက်က ပြန်ပြော၏။

ဟန်ရှင်းက ခေါင်းယမ်းသည်။

" မဖြစ်နိုင်ဘူး .. ရှေးခေတ်က မသေမျိုးတွေမှာတောင် အရှုပ်အထွေးမြေတွေ အဲ့လောက်အများကြီး မရှိတတ်ကြဘူးကွ "

သူတို့နှစ်ယောက် ထိုသို့ ပြောနေစဥ်မှာပင် ကျန်တစ်ယောက်က ရုတ်တရက် အော်ပြောလာ၏။

" ဟိုကို ကြည့်လိုက်ဦး ၊ ဟိုနားမှာလဲ အဖိုးတန် ရတနာတွေ ရှိနေတယ် "

ဟန်ရှင်းတို့ နှစ်ယာက်သား သူ ညွှန်ပြသည့် နေရာသို့ လှမ်းကြည့်လိုက်ရာ မူလ စိတ်စွမ်းအင် ၅ မျိုးကို တွေ့သွားကြသည်။

" ဒီမှာ အဲ့လို ရတနာမျိုး တကယ်ကြီး ရှိနေတာလား "

" ရွှေရောင် စိတ်စွမ်းအင်တွေပဲ .. ကျုပ် နတ်ဘုရား သခင်ကြီးကို သုံးနှစ်သုံးမိုး တောင်းပန်ခဲ့တုန်းကတောင် ကျုပ်မှာ ရွှေရောင်စိတ်စွမ်းအင် တစ်မျှင်လောက်ပဲ ရခဲ့တာ ။ ဒီမှာတော့ .. အများကြီးကို ရှိနေတာပါလား "

တစ်ယာက်က တအံ့တသြ ရေရွတ်သည်။

ဟန်ရှင်းက သူ့ကို ကြည့်ကာ အပြုံးဖြင့် ဆို၏။

" ညီလေး ဝမ်ယွိ ၊ ဒီ ရွှေရောင် စိတ်စွမ်းအင်တွေကို မင်းပဲ အကုန် ယူလိုက်ပါလား "

ဝမ်ယွိက ခဏတာမျှ အံ့သြမှင်သက်နေသေးသော်လည်း မျက်မှောင်အနည်းငယ် ကြုံ့ကာ ပြောလာသည်။

" အကိုဟန်ရှင်း ၊ ဘာလို့ အဲ့လောက် သဘောကောင်းနေရတာလဲ ။ ခင်ဗျား ဘာတွေ စီစဥ်နေတာလဲ ၊ ကျုပ်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်ပါ "

ဟန်ရှင်းက အပြုံးဖြင့် မျက်နှာမပျက် ဆို၏။

" ကျုပ်က ဒီရွှေရောင် စိတ်စွမ်းအင်တွေက ညီလေး ဝမ်ယွိရဲ့ ကျင့်ကြံခြင်းအတွက် အသုံးဝင်နိုင်မယ်လို့ တွေးမိလိုက်လို့ပါ ။ ဒါပေမယ့် မင်းအနေနဲ့ ဒီ ရွှေရောင်စိတ်စွမ်းအင်ကို ရသွားပြီဆိုရင်တော့ အရှုပ်အထွေးမြေကို ပြိုင်မလုသင့်တော့ဘူးလေ "

ဝမ်ယွိချက်ချင်း ဒေါသထွက်သွားသည်။

" ဒီ ရွှေရောင်စိတ်စွမ်းအင်က အဖိုးတန်တယ် ဆိုပေမယ့် မူလ အရှုပ်အထွေးမြေထက်တော့ အများကြီးပိုပြီး အစွမ်းနိမ့်တယ်လေ ။ အကိုဟန်ရှင်းက အကြံတော့ ကောင်းတာပဲ ။ ခင်ဗျားက ကျုပ်တို့နှစ်ယောက်ကို ဒီ ရတနာတွေနဲ့ မျှားပြီးမှ အရှုပ်အထွေးမြေကို တစ်ယောက်တည်း အပိုင်သိမ်းဖို့ ကြံနေတာ မဟုတ်လား ။ ဒီအရှုပ်အထွေးမြေတွေ အားလုံးကို တစ်ယောက်တည်း အပိုင်သိမ်းလို့ ရမယ်ထင်တယ်ပေါ့ "

ထိုစကားကို ကြားသည်နှင့် ဝမ်ယွိဘေးနားမှ ကျန်မသေမျိုးတစ်ယောက်ဖြစ်သည့် လုမင်ကျိုးကလည်း ဟန်ရှင်းအား ခပ်စိမ်းစိမ်း ကြည့်လာသည်။

အဖိုးတန် ရတနာများကို မြင်ပြီးနောက် ယခင်က အမြဲတစေ အလုပ်တွဲလုပ်လာကြသည့် မသေမျိုး သုံးယောက်မှာ အချင်းချင်း ဓားဦးပြန်လှည့်နေကြလေပြီ ။

ထိုနှစ်ယောက်ကို ကြည့်ကာ ဟန်ရှင်းက အပြုံးမပျက် ထပ်ပြောလာ၏။

" မင်းတို့နှစ်ယောက် အထင်လွဲနေပါပြီကွာ ။ ကျုပ်က ဒီတိုင်း မင်းတို့ကောင်းဖို့ပဲ စဥ်းစားပေးတာပါ ။ ဒါပေမယ့် မင်းတို့က စိတ်ဆုံးဖြတ်ထားပြီးသား ဆိုရင်တော့လဲ ကျုပ် ပြောခဲ့တာတွေကို မေ့လိုက်ပါ ။အခု ဒီမှာရှိတဲ့ အရှုပ်အထွေးမြေရဲ့ တစ်ဝက်ကို ဂိုဏ်းချုပ်ကြီးကို ပေးပြီးတော့ ကျန်တဲ့တစ်ဝက်ကို ကျုပ်တို့ သုံးယောက်လုံး အညီအမျှ ခွဲဝေလိုက်ကြမယ်လေ .. ဘယ်လိုလဲ "

ထိုအဆိုကို ကြားသောအခါ ကျန်နှစ်ယောက်လည်း ကျေနပ်သွားကြသည်။

ထို အရှုပ်အထွေးမြေများ အားလုံးကို သူတို့ချည်း အပိုင်သိမ်းလိုက်၍လည်း မဖြစ်သေးပါချေ။ သူတို့ မဟာအလင်းတန်း ဂိုဏ်းချုပ်ကြီးသာ ထိုကိစ္စကို ပြန်သိသွားခဲ့ပါက သူတို့အတွက် ပြဿနာ ကြီးသွားနိုင်သည် မဟုတ်ပါလား ။

သူတို့ ဂိုဏ်းချုပ်ကြီး၏ ဒေါသကို သူတို့သာ အသိဆုံးပင် ။

ထိုအခြေအနေမျိုးသာ ဖြစ်သွားခဲ့ပါက သူတို့အားလုံး သေသည်ထက် ပိုဆိုးသော ဒုက္ခကို ခံစားကြရပေလိမ့်မည်။

သို့သော် သူတို့အားလုံး တစ်စိတ်တစ်ပိုင်းကိုသာ အညီအမျှ ခွဲဝေယူထားခဲ့ပါက မဟာအလင်းတန်းဂိုဏ်းသို့ သတင်းပြန်​ပေါက်ကြားစရာ ကိစ္စလည်း ရှိတော့မည် မဟုတ်ပါ ။

ထိုစဥ် လုမင်ကျိုးက တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် ရုတ်တရက် ပြောလာ၏။

" အကို ဟန်ရှင်း အစောက အကိုဝမ်ယွိကို မူလအရှုပ်အထွေးမြေ မပေးတော့ဘူးလို့ ပြောလိုက်တာက .. ကျုပ်တို့တွေ ဂိုဏ်းချုပ် နတ်ဘုရား သခင်ကြီးဆီ သတင်းပြန်ပို့ မပို့ ဆိုတာကို စမ်းသပ်ချင်လို့ မဟုတ်လား "

ဟန်ရှင်းက အိုးတို့အမ်းတမ်း ပြုံးသည်။

" ညီလေး လုမင်ကျိုးက တကယ်ကို ဉာဏ်ထက်တာပဲ ။ ကျုပ်ရဲ့ လှည့်ကွက်ကို တန်းပြီး သိနေတယ် "

လုမင်ကျိုးက သက်ပြင်းချ၍ ပြန်ပြော၏။

" ကျုပ် အကိုဟန်ရှင်းရဲ့ အတွေးကို သဘောပေါက်ပါတယ် ။ ရတနာတွေ အဲ့လောက် မများရင် အားလုံးကို နတ်ဘုရားသခင်ကြီးဆီ ပြန်အပ်လိုက်ရတာ ကိစ္စ မရှိပေမယ့် ခုဟာတွေက အဖိုးတန် ရတနာတွေ နည်းတာ မဟုတ်ဘူးဗျ ။ အားလုံးကိုသာ ပြန်ပေးလိုက်ရင် ကျုပ် စားလို့တောင် ဝင်မှာ မဟုတ်ဘူး "

" ဒီလိုလုပ်ကြမယ်လေ ..  ဒီနေ့ ဒီကနေ ရတနာတွေ ဘယ်လောက်အတိအကျ ရခဲ့တယ်ဆိုတာကို ကျုပ်တို့ သုံးယောက်ကလွဲပြီး တခြားဘယ်သူ့ကိုမှ မပြောဘူးလို့ သစ္စာဆိုလိုက်ကြမယ် "

ဟန်ရှင်း၏ မျက်လုံးများ အရောင်လက်သွားသည်။

" ညီလေး လု ပြောတာ သိပ်ကောင်းတယ် "

သူတို့က ပြောပြောဆိုဆိုပင် ဝမ်ယွိအား လှည့်ကြည့်လိုက်ကြသည်။

ဝမ်ယွိက မျက်မှောင်အနည်းငယ် ကြုံ့ပြီး ပြန်ပြော၏။

" ကောင်းပြီလေ ၊ ခင်ဗျားတို့ နှစ်ယောက်လုံးက သဘောတူနေမှတော့ ကျုပ်လဲ သစ္စာဆိုဖို့ လက်ခံပါတယ် "

ထို့နောက်တွင်မူ သူတို့ သုံးယောက်လုံး သစ္စာဆိုလိုက်ကြပြီး တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ရယ်လိုက်ကြသည်။

ထိုအချိန်တွင် ဟန်ရှင်းက ပြောလာ၏။

" ညီလေးတို့ ၊ ကျုပ်တို့တွေ ဒီရတနာတွေကို အလောတကြီး မခွဲဝေသေးနဲ့ဦး "

" ဟင် .. အကိုဟန် ပြောတာ ဘာအဓိပ္ပါယ်လဲ "

ဝမ်ယွိ မျက်မှောင်ပြန်ကြုံ့သွားသည်။ ဟန်ရှင်းက အဘယ့်ကြောင့် စိတ်ထပ်ပြောင်းနေရသနည်းဟုလည်း သူ တွေးလိုက်ပါ၏။

ဟန်ရှင်းက အပြုံးဖြင့် ပြန်ပြောသည်။

" ကျုပ်တို့တွေ ဒီနေရာကို လာခဲ့ရတဲ့ အဓိက ရည်ရွယ်ချက်ကို မမေ့ကြနဲ့ဦးလေ ။ ရတနာတွေကို အခုတည်းက ခွဲဝေထားလိုက်ရင် လောထျန်း ပြန်ဝင်လာခဲ့အခါ ဒါတွေ ပျောက်နေတာကို သတိထားမိသွားပြီး သူ့ကို သတိပေးလိုက်သလို ဖြစ်သွားမှာပေါ့ ။ အဲ့ကျရင် သူ့ကို အလစ်တိုက်ခိုက်လို့ ဘယ်ရတော့မလဲ "

သူ့စကားကို ကြားမှသာ ကျန်နှစ်ယောက် အသိဝင်ပြီး လန့်သွားကြသည်။

အစောက ရတနာများကိုသာ အာရုံရောက်နေသဖြင့် သူတို့ လောထျန်းအကြောင်းကိုပင် မေ့သွားခဲ့ပါ၏။

ဟန်ရှင်းက စကားဆက်သည်။

" ပြီးတော့ နောက်တစ်ခု ရှိသေးတယ် ။ ကျုပ် ခန့်မှန်းရသလောက် ဆိုရင်တော့ ဒီ လျှို့ဝှက်ဒေသထဲမှာ မူလအရှုပ်အထွေးမြေက အဖိုးအတန်ဆုံးအရာ မဖြစ်နိုင်ဘူး "

" ဘယ်လို .. အရှုပ်အထွေးမြေထက်ကို ပိုအဖိုးတန်တဲ့အရာ ရှိသေးတာလား ။ ဘာကြီးလဲ "

ကျန်နှစ်ယောက်လုံး ဂဏာမငြိမ် ဖြစ်ကုန်ကြ၏။

ဟန်ရှင်းက ခေါင်းမော့ပြီး ခပ်လှမ်းလှမ်းသို့ မျှော်ကြည့်ကာ ပြောသည်။

" ကျုပ်က စိတ်စွမ်းအင်တွေကို အာရုံခံတဲ့နေရာမှာ အင်မတန် တော်တယ်ဆိုတာ မမေ့ကြနဲ့ဦးလေ ။ ဒီ လျှို့ဝှက်ဒေသထဲကို စဝင်လာကတည်းက တစ်ခုခု ထူးခြားနေတာကို ကျုပ် သတိထားမိခဲ့တယ် "

" လောထျန်းက ဒီ အရှုပ်အထွေးမြေကို ဘာ အကာအကွယ် အစီအမံမှ မချထားခဲ့ပေမယ့် တခြား တစ်နေရာမှာတော့ အစွမ်းထက်တဲ့ အစီအမံတစ်ခု ထားထားခဲ့တယ် ။ ကျုပ်ထင်တာတော့ အဲ့ အစီအမံထဲမှာ ရှိနေတဲ့အရာက ဒီ မူလအရှုပ်အထွေးမြေ ထက် အများကြီး ပိုပြီး အဖိုးတန်မယ်နဲ့ တူတယ် "

" အရှုပ်အထွေးမြေထက်တောင် ပိုအဖိုးတန်တယ် .. "

ဟန်ရှင်း စကားကို နားထောင်နေသော ကျန်နှစ်ယောက်၏ မျက်လုံးထဲတွင် လောဘ အရိပ်အငွေ့များ အရောင်လက်လာကြ၏။

" ဒီတော့ အဲ့ထဲမှာ ဘာရှိလဲဆိုတာ သွားကြည့်လိုက်ကြရအောင် "

ဟန်ရှင်းက ပြောလိုက်သည်။

ကျန်နှစ်ယောက်မှာလည်း ငြင်းချက် မထုတ်ကြချေ။

လောထျန်းက မည်သို့သော ရတနာများအား ဖုံးကွယ်ထားသည်ကို သူတို့ သိချင်သည် မဟုတ်ပါလား ။

ဤသို့ဖြင့် သူတို့၏ ပုံရိပ်များ လှုပ်ရှားသွားပြီး နဂါးဥ ရှိရာဘက်သို့ အတူတကွ ပျံသန်းသွားလိုက်ကြသည်။

" ဟင် .. သတိထားကြနော် ၊ ရှေ့နားမှာ အစီအမံတစ်ခု ရှိနေတယ် "

ဝမ်ယွိ၏ အော်သံ အရင်ဆုံး ထွက်ပေါ်လာ၏။

ကျန်နှစ်ယောက်မှာလည်း သူ့စကားကို ကြားသည်နှင့် ချက်ချင်း ရပ်လိုက်ကြသည်။

သူတို့ရှေ့ ခပ်လှမ်းလှမ်းတွင်ကား အစီအမံမှ အစွမ်းများ တိုးထွက်နေပြီး မြူမှုန်များ သိပ်သိပ်သည်းသည်း ကျရောက်နေပါ၏။

" ညီလေးလု ၊ ကျုပ်တို့ သုံးယောက်ထဲမှာ မင်းက အစီအမံတွေကို အသိဆုံးပဲ ။ ဒီ အစီအမံက ဘယ်လိုအမျိုးအစားလို့ ထင်လဲ "

ဟန်ရှင်းက လုမင်ကျိုးဘက် လှည့်ကြည့်ကာ မေးလိုက်သည်။

လုမင်ကျိုးက ခေါင်းအသာ ညိတ်ပြီးနောက် လောထျန်း ချန်ထားခဲ့သည့် အစီအမံအား ခပ်လှမ်းလှမ်းမှနေကာ စစ်ဆေးကြည့်၏။ ၎င်းကို ကြည့်နေရင်း သူ မျက်မှောင် တဖြည်းဖြည်း ကြုံ့လာသည်။

" ထူးဆန်းလိုက်တာ .. "

သူ တအံ့တသြ ရေရွတ်သည်။

" ဘာဖြစ်လို့လဲ .. ဒီအစီအမံက ဘာတွေ ထူးလို့လဲ ။ မသေမျိုးအစီအမံတစ်ခုလား .. "

ဝမ်ယွိက မျက်မှောင်ကြုံ့၍ မေး၏။

ထိုစကားကို ကြားသောအခါ ဟန်ရှင်းလည်း မျက်မှောင်ကြုံ့သွားသည်။

မသေမျိုးအစီအမံတစ်ခု ဖြစ်နေခဲ့ပါက သူတို့ ဒုက္ခများလေပြီ ။

သို့သော် လုမင်ကျိုးက ခေါင်းယမ်း၍ ပြန်ပြောလာ၏။

" မသေမျိုးအစီအမံ မဟုတ်ဘူးဗျ ။ အဆင့် ၇ စိတ်စွမ်းအင် စုဆောင်းခြင်း အစီအမံတစ်ခုပဲ "

" ဘယ်လို .. "

ကျန်နှစ်ယောက် အံ့သြမှင်သက်ကုန်ကြသည်။

" အဆင့် ၇ စိတ်စွမ်းအင် စုဆောင်းခြင်း အစီအမံ ဟုတ်လား ။ သေချာရဲ့လားကွာ "

ဟန်ရှင်းက ပြန်မေးလာသည်။

သူ့အမြင်တွင်မူ ထိုသို့သော အစီအမံမျိုးက ဘာမှ မရှိသလိုပါပင် ..

လုမင်ကျိုးက ခေါင်းညိတ်ကာ ပြန်ပြော၏။

" ဒါပေါ့ဗျ ၊ လုံးဝကို သေချာတယ် "

ဟန်ရှင်းနှင့် လုမင်ကျိုးတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အစီအမံအား ဖမ်းဆုပ်ရန် တစ်ပြိုင်နက်တည်းနီးပါး လက်လှမ်းလိုက်ကြသည်။

အထဲတွင် မည်သည့်အရာကို ဖုံးကွယ်ထားမှန်း သူတို့ သေချာ မသိသည့်တိုင် အဖိုးတန် ရတနာတစ်ခု ဖြစ်မည်မှာ သေချာပါသည်။

ရတနာကို သူတို့လက်ဖြင့် ကိုယ်တိုင် ကိုင်ထားခြင်းက ပိုကောင်းသည် မဟုတ်ပါလား ။

လောထျန်းအား သတ်ရန် ကိစ္စကိုမူ နောက်မှ ကြည့်ရှင်းရုံပင် ။

အကယ်၍ သူတို့ လောထျန်းအား မသတ်နိုင်ခဲ့လျှင်ပင် .. အဆိုးဆုံးဆို၍ သူတို့၏ တာဝန် မအောင်မြင်ရုံသာ ရှိပါမည် ။

မည်သို့ပင် ဆိုစေ ... ရတနာကို အရယူထားရန်က ပိုအရေးကြီးပါသည်။

" ခင်ဗျားတို့တွေ .. "

လုမင်ကျိုးမှာ ထိုနှစ်ယောက်က ဤမျှ လက်သွက်လိမ့်မည်ဟု ထင်မထားသဖြင့် အံ့အားသင့်သွား၏။

ထို့ကြောင့် သူသည်လည်း နောက်ကျ ကျန်မနေလိုသည့်အတွက် အစီမမံဆီသို့ ချက်ချင်း လက်လှမ်းလိုက်သည်။

သူတို့ သုံးယောက်လုံး၏ အမြင်တွင်လည်း သူတို့ တစ်ပြိုင်နက်တည်း လှုပ်ရှားပြီး အရောင်အဝါ အနည်းငယ်မျှ ထုတ်လွှတ်လိုက်ရုံဖြင့် အစီအမံ ပြိုကွဲသွားလိမ့်မည်ဟုသာ ထင်နေပါ၏။

ထို့နောက်တွင်ကား သူတို့၏ လက်ဝါးသုံးခုက အစီအမံပေါ် ရောက်သွားကြသည်။ သို့သော် .. စိတ်စွမ်းအင် စုဆောင်းခြင်း အစီအမံမှာ တုပ်တုပ်ပင် မလှုပ်သွားခဲ့ပါချေ။

ထိုအစား ..

ဝီ ..

သူတို့ သုံးယောက်၏ အရောင်အဝါများကသာ အစီအမံထဲ ချက်ချင်း စီးဝင်သွားတော့၏။

All Chapters