← Chapters

သူက သတိကြီးလွန်းတယ်

Vol. 27 Ch. 368

သူက သတိကြီးလွန်းတယ်

Vol. 27 Ch. 368

" ဟန်ရှင်း .. ခင်ဗျားကြီး ဘာလုပ်လိုက်တာလဲ "

ဝမ်ယွိ၏ ခေါင်းထဲတွင် ဟန်ရှင်းက သူတို့ကို လှည့်စားအကွက်ချရန် ကြံစည်နေသည် ဆိုသည့်အတွေးသာ အရင်ဆုံး ဝင်လာသည်။

သူ အလွန်လည်း ဒေါသထွက်သွား၏။

ထိုသူက ရတနာများတွက် သူတို့ တစ်ဂိုဏ်းတည်းသားချင်းကိုပါ တိုက်ခိုက်ရဲနေသတဲ့လား ။

သို့သော် ဟန်ရှင်းမှာလည်း ထိုအချိန်တွင် အလွန် စိတ်ရှုပ်ထွေးနေဟန် တူပါသည်။

" ငါ ဘာမှ မလုပ်ပါဘူးကွာ ။ ဒါ ငါ့လက်ချက်မဟုတ်ဘူး .. ဒီ စိတ်စွမ်းအင်စုဆောင်းခြင်း အစီအမံက တစ်ခုခုတော့ လွဲနေပြီထင်တယ် "

ဟန်ရှင်းက ပြန်ပြောသည်။

ထိုစကားကို ကြားသောအခါ လုမင်ကျိုးကလည်း ဟန်ရှင်းအား အော်ပြောလာ၏။

" ဟန်ရှင်း ၊ ခင်ဗျားကြီးက ကျုပ်တို့ကို ကလေးတွေလို့ ထင်နေတာလား ။ စိတ်စွမ်းအင်စုဆောင်းခြင်း အစီအမံမှာ ခုလို အစွမ်းမျိုး ဘယ်တုန်းက ရှိဖူးလို့လဲ ။ ခု ချက်ချင်း ရပ်လိုက်နော် .. မဟုတ်လို့ကတော့ ကျုပ်ကို အဆိုးမဆိုနဲ့ "

ဟန်ရှင်းမှာလည်း သူ ဘာမှ မလုပ်ရပါဘဲ စွပ်စွဲလာကြသဖြင့် အလွန် ဒေါသထွက်သွားသည်။

" တကယ် ငါ လုပ်တာ မဟုတ်ဘူးကွ ။ သေချာလဲ ကြည့်လိုက်ဦး .. ငါ့အရောင်အဝါတွေပါ ပျောက်ကွယ်နေတာလေ "

သူ ပြန်အော်လိုက်သည်။

ကျန်နှစ်ယောက် စိတ်ပြန်ငြိမ်သွားကြပြီး ဟန်ရှင်းကို လှည့်ကြည့်လိုက်ရာ သူက အမှန်တကယ်လည်း သူတို့နည်းတူ ခံစားနေရကြောင်း တွေ့လိုက်ရ၏။

" ဟင် .. ဒါဆို .. အစီအမံကြောင့် ဖြစ်နိုင်မလား "

လုမင်ကျိုး အံ့သြမှင်သက်သွားသည်။

" အမှန်ပဲ .. အစီအမံကြောင့်ပဲ ဖြစ်ရမယ် ။ ဒီ လောထျန်းဆိုတဲ့ကောင်က ငါတို့ကို တမင် အကွက်ချထားတာပဲ ဖြစ်ရမယ် "

ဟန်ရှင်းက အခြေအနေကို သဘောပေါက်သွားဟန်ဖြင့် ပြောလာ၏။

တဖက်မှ ဝမ်ယွိမှာလည်း မျက်နှာ အလွန်ပျက်သွားပြီး ပြောသည်။

" သူက အစောကြီးတည်းက ကျုပ်တို့ ရောက်နေတာကို သိသွားပြီးတော့ ဒီ လျှို့ဝှက်ဒေသနဲ့ ထောင်ချောက်ဆင်ထားတာများလား .. "

" အဲ့လိုပဲ ဖြစ်ရမယ် ။ ဒီကောင်က တော်တော် ဉာဏ်နီဉာဏ်နက် များတာပဲ "

ဟန်ရှင်း၏ မျက်နှာတွင်လည်း ကြောက်ရွံ့မှုနှင့် အံ့သြတုန်လှုပ်မှုတို့ ​ရောပြွန်း နေ၏။

" ဟမ့် .. ဒီ အစီအမံကို ဖျက်ဆီးဖို့ အတူတူကြိုးစားကြရအောင် "

ဝမ်ယွိက အကြံပြုလာသည်။

ကျန်နှစ်ယောက်ကလည်း တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြ၏။

သူတို့ မသေမျိုးသုံးယောက်သာ တစ်ပြိုင်နက်တည်း တိုက်ခိုက်ပါက စိတ်စွမ်းအင် စုဆောင်းခြင်း အစီအမံတစ်ခု မပျက်စီးစရာ အကြောင်းမရှိပေ ။

" ရွှေရောင်အလင်းတန်း တစ်သောင်း . .. ဖျက်ဆီးစေ "

" ကမ္ဘာအလင်းတန်း လက်ချောင်း .. "

" အဆုံးအစမဲ့ မီးတောက် လက်သီး "

မသေမျိုး သုံးယောက်လုံးပင် အစီအမံအား ဖျက်ဆီးပြီး ပြန်လွတ်မြောက်နိုင်ရန် ရည်ရွယ်ကာ သူတို့၏ အစွမ်းအထက်ဆုံး သိုင်းကွက်များကို ထုတ်သုံးလိုက်ကြသည်။

သို့သော် ..

ဝှစ် ..

အလွန်အစွမ်းထက်သော  အရောင်အဝါ သုံးခုမှာ အစီအမံပေါ်သို့ ကျသွားသည်နှင့် အစီအမံ၏ စုပ်ယူခြင်းကို ချက်ချင်း ခံလိုက်ရတော့၏။

မည်သည့် အစွမ်းမှပင် ရှိမနေတော့ပါချေ ..

" ဘယ်လိုဖြစ်ပြီး .. "

ထိုမြင်ကွင်းကို ကြည့်ကာ သူတို့သုံးယောက်လုံး အံ့သြတုန်လှုပ်သွားကြတော့သည်။

၎င်းက မည်သို့သော အစီအမံပါနည်း ။

သာမာန် စိတ်စွမ်းအင်စုဆောင်းခြင်း အစီအမံတစ်ခုက ဤမျှ ကြောက်စရာ ကောင်းနေသတဲ့လား ။

" ကျုပ်တို့တွေ ဘာဆက်လုပ်ကြမလဲ "

ဝမ်ယွိက ကြောက်လန့်တကြား မေးလာသည်။

ဟန်ရှင်းက မည်သို့မှ ပြန်မပြောဘဲ သူ့ ဟင်းလင်းပြင်လက်စွပ်ထဲမှ ခေါင်းလောင်းကြီးတစ်ခုကို ထုတ်လိုက်၏။

" မြင့်တက်စေ "

သူ့ အော်သံနှင့်အတူ ခေါင်းလောင်း အပါ်ဘက်မှ ရွှေရောင် အလင်းတန်းတစ်ခု လင်းလက်လာပြီး အလွန်သိမ်မွေ့နူးညံ့သော အရောင်အဝါတစ်ခု ပေါ်လာသည်။

၎င်းကို မြင်သောအခါ ကျန်နှစ်ယောက် ဝမ်းသာသွားကြ၏။

ထို ခေါင်းလောင်းကြီးမှာ ထျန်းမင်ကမ္ဘာမှ သခင်ကြီးတစ်ယောက်က ဟန်ရှင်းအား ပေးထားခြင်း ဖြစ်သည်ကို သူတို့ သိထားပြီး ဖြစ်ပါသည်။

၎င်းမှာ ထျန်းမင်ကမ္ဘာမှ မှော်လက်နက်တစ်ခု ဖြစ်သည့်အတွက် အလွန်အစွမ်းထက်ပါ၏။

ဤအရာက အစီအမံကို ချိုးဖျက်ကာ သူတို့ကို လွတ်မြောက်အောင် လုပ်ပေးနိုင်ပါမည်လား ..

" အစီအမံကို ချိုးဖျက်စမ်းကွာ "

ဟန်ရှင်း၏ ဒေါသတကြီး အော်သံနှင့်အတူ ခေါင်းလောင်းကြီးက အစီအမံဆီသို့ တဟုန်ထိုး တိုးဝင်သွား၏။

သို့သော် ..

ဝီ ..

အန္တရာယ် အငွေ့အသက်ကို အာရုံခံမိသွားသည့်အလား အကာအကွယ် အစီအမံတစ်ခု အလိုအလျောက် လင်းလက်လာသည်။ ထို့နောက် ..

ဘုန်း ...

ခေါင်းလောင်းကြီးက အကာအကွယ် အစီအမံ အလင်းတန်းလွှာနှင့် တိုက်မိသွားပြီး နောက်သို့ ချက်ချင်း လွင့်ထွက်သွား၏။

" ဒါ ... မဖြစ်နိုင် .. "

၎င်းကို ကြည့်ကာ ဟန်ရှင်းတစ်ယောက် အံ့သြမှင်သက်သွားရသည်။

လုမင်ကျိုးကလည်း အသံတုန်တုန်ဖြင့် ဆိုလာ၏။

" နောက်ထပ် အကာအကွယ် အစီအမံတစ်ခု ရှိနေသေးတာလား .. ။ ကြောက်စရာ ကောင်းလိုက်တာ "

တဖက်မှ ဝမ်ယွိမှာလည်း မျက်နှာတစ်ပြင်လုံး  ဖြူရော်နေကာ ​အောင့်သက်သက်ပြုံး၍ ပြောသည်။

" ခင်ဗျားတို့နှစ်ယောက် တိုက်ခိုက်ဖို့ ကြိုးစားမနေကြနဲ့တော့ "

ကျန်နှစ်ယောက်က သူ့အား တစ်ချိန်တည်း လှည့်ကြည့်လာကြ၏။

ဝမ်ယွိက ခေါင်းယမ်း၍ ပြောသည်။

" လောထျန်းက ကျုပ်တို့ကို အသေသတ်ဖို့ တမင်မျှားခေါ်ပြီး အကွက်ချထားတာပဲ "

" သူက ကျုပ်တို့ရဲ့ လှည့်ကွက်တွေကို သိသွားပြီးတော့ အားလုံးကို ကြိုပြီး အစီစဥ် ချထားခဲ့တာ ။ ကျုပ်တို့ ထွက်ပြေးနိုင်စရာ အကြောင်းမရှိတော့ဘူး ... "

လုမင်ကျိုးမှာ ခဏတာမျှ အံ့သြမှင်သက်နေပြီးနောက် ရုတ်တရက် ဒေါသတကြီး ပြော၏။

" ဒီ လောထျန်းရဲ့ အစီစဥ်က အဲ့လောက်ကို နက်နဲတာလား .. "

" ဘယ်တတ်နိုင်မလဲ .. ရန်သူကို လျှော့တွက်မိထားတဲ့ ကျုပ်တို့ကိုယ် ကျုပ်တို့ပဲ အပြစ်တင်ရုံပေါ့  "

ဝမ်ယွိက ထိုသို့ ပြောနေစဥ်မှာပင် သူ့ ခန္ဓာကိုယ် တုန်ခါလာသည်။

အစီအမံက သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များ အားလုံးနီးပါးကို စုပ်ယူထားခဲ့ပြီ ဖြစ်သည့်အတွက် သူ မတ်တပ်ပင် ကောင်းကောင်း မရပ်နိုင်တော့ပါ ။

" မုန်းလိုက်တာကွာ .. ၊ လောထျန်း .. ထွက်လာခဲ့စမ်း ။ မင်း တစ်နေရာကနေ ငါတို့ကို စောင့်ကြည့်နေတာ မဟုတ်လား "

ဟန်ရှင်းကလည်း ဒေါသတကြီး အော်လိုက်သည်။

လောထျန်းက ထိုသို့ စနစ်တကျ အစီအစဥ် ချထားခဲ့ခြင်း ဖြစ်ရာ သူတို့ကို တစ်နေရာတွင် ပုန်း၍ စောင့်ကြည့်နေလိမ့်မည်ဟုလည်း သူ သေချာပေါက် တွက်ထား၏။

လောထျန်းက သူတို့ သုံးယောက်လုံး အစွမ်းများ ကုန်ခမ်းသွားသည်အထိ စောင့်နေပြီးမှ ထွက်လာ လိမ့်မည်ဟုသာ သူ ထင်နေပါသည်။

သို့သော် .. သူ ကြိမ်ဖန်များစွာ အော်ခေါ်လိုက်သည့်တိုင် သူတို့သုံးယောက် အသံမှလွဲ၍ အရာအားလုံး တိတ်ဆိတ်နေပါ၏။

၎င်းကို ကြည့်ကာ ဟန်ရှင်း မနေနိုင်ဘဲ အံ့အားသင့်သွားရသည်။

" ဒီလူက အဲ့လောက်ကို တည်ငြိမ်တာလား ။ သူက ငါတို့ကို ထွက်တောင် မသတ်ဘူး "

ထိုအချိန်တွင် လုမင်ကျိုးမှာ ဆက်ပြီး တောင့်ခံနိုင်ဟန် မရှိတော့ပါ ။ သူ ဘေးပတ်လည်သို့ ဝေ့ဝဲကြည့်ကာ စိတ်ပျက်လက်ပျက် ပြုံး၏။

" ဒီကောင့်ကို ခုလိုကြီး ရှုံးနိမ့်သွားရတာတော့ လုံးဝ မမျှတဘူး "

စကားဆုံးပြီး နောက်တွင်မူ သူ မြေပြင်သို့ ခွေခေါက် လဲကျသွားတော့သည်။ သူ့အသက် သေလား ၊ ရှင်လား ဆိုသည်ကိုမူ မသိရပါချေ ။

" ညီလေး လု .. "

ဟန်ရှင်းက အံကြိတ်ကာ ခေါ်လိုက်သည်။

" အကို ဟန် ၊ ကျုပ်လဲ မခံနိုင်တော့ဘူး "

ထိုအချိန်တွင် ဝမ်ယွိမှာလည်း အလွန်ပိန်လှီနေပြီး ဆက်တောင့်ခံနိုင်ဟန် မရှိတော့ပေ။ စကားဆုံးသည်နှင့် သူသည်လည်း မြေပြင်သို့ ဖုတ်ခနဲ လဲကျသွား၏။

" ညီလေး ဝမ် .. "

ဟန်ရှင်း၏ မျက်လုံးများမှာ ဒေါသကြောင့် နီရဲနေသော်လည်း မည်သို့မှလည်း မတတ်နိုင်ပါ ။

" လောထျန်း .. မင်း တော်တော် ရက်စက်တာပဲ "

သူသည်လည်း ဒယီးဒယိုင် ဖြစ်သွားပြီး မြေပြင်သို့ လဲကျသွားကာ မလှုပ်မယှက် ရှိနေတော့သည်။

သို့သော် ထိုအချိန်တွင် ဟန်ရှင်းမှာ အခြားနှစ်ယောက်ကဲ့သို့ မဟုတ်ပါ ။

သူကျင့်ကြံသည့် ကျင့်ကြံခြင်းက ကျန်နှစ်ယောက်နှင့် မတူသဖြင့် သူ့ အသက်အစွမ်းက သူတို့ထက် များစွာ ပိုအစွမ်းထက်ပါသည်။

ထိုအချိန်အထိတိုင် သူ့တွင် အစွမ်းအချို့ ကျန်နေဆဲ ဖြစ်ပါ၏။

သူ လဲကျသေဆုံးဟန် ဆောင်ရသည့် အကြောင်းမှာ လောထျန်း ထွက်လာရန် မျှားခေါ်ခြင်း ဖြစ်ပြီး လောထျန်း အနားရောက်လာမှ အစွမ်းကုန်သုံး၍ အသေသတ်ရန် သူ တွေးထားပါသည်။ သူ ဤနေရာမှ အသက်ရှင်လျက် မလွတ်မြောက်နိုင်လျှင်ပင် လက်တုန့်ပြန်ရန် အခွင့်အရေး ရနိုင်သေးသည် မဟုတ်ပါလား ။

" ငါတို့ သုံးယောက်လုံး သေသွားပြီ ဆိုရင်တော့ မင်း ဆက်ပုန်းနေနိုင်တော့မှာ မဟုတ်ပါဘူး "

ဟန်ရှင်း တွေးလိုက်သည်။

သို့သော် .. ဆယ့်ငါးမိနစ် ကြာသွားပြီးနောက် ..

" ခွေးမျိုး %$# လောထျန်း ၊ ဘာလို့ ခုထိ ထွက်မလာသေးတာလဲ "

ထိုအချိန်တွင် ဟန်ရှင်းမှာ ခက်ခက်ခဲခဲ တောင့်ခံနေရသည့် အခြေအနေသို့ ရောက်နေလေပြီ ။

နောက်ထပ် ဆယ့်ငါးမိနစ် ကုန်လွန်သွားပြန်သည်။

" လောထျန်း .. မင်းက အဲ့လောက်ကို သတိကြီးတဲ့ သူတစ်ယောက်လား "

ထိုစဥ် ဟန်ရှင်း၏ ခန္ဓာကိုယ်မှာ စတင်၍ ခြောက်ကပ်လာနေခဲ့လေပြီ ။

နောက်ထပ် ဆယ့်ငါးမိနစ် ကုန်သွားခဲ့ပြန်၏။

" မအေ %$$%  .. မင်းက တော်တော်ရက်စက်တာပဲ "

ဟန်ရှင်းက ခက်ခက်ခဲခဲ ကြိုးစားပြီး မတ်တပ်ရပ်ကာ သူ့လက်မောင်းမှ အသံလွှင့်အဆောင်ကို ထုတ်၍ အသက်သွင်းလိုက်သည်။

" ဟင် .. သခင်ကြီး ဟန်ရှင်း ၊ အလုပ် ပြီးသွားခဲ့ပြီလား "

အသံလွှင့်အဆောင် တစ်ဖက်ရှိ မဟာအလင်းတန်းဂိုဏ်းမှ အကြီးအကဲက ပြောလာ၏။

" အကြီးအကဲ .. ကျုပ် တောင်းပန်ပါတယ် ။ ကျုပ် မအောင်မြင်ခဲ့ဘူးဗျာ "

ထိုအချိန်တွင် ဟန်ရှင်း၏ ခန္ဓာကိုယ်မှာ ခြောက်ကပ်နေပြီဖြစ်ကာ  စကားပင် ခက်ခက်ခဲခဲ ပြောနေရလေပြီ ။

" လောထျန်းက အဲ့လောက်ကို အစွမ်းထက်တာလား ။ သခင်ကြီးတို့ သုံးယောက် တိုက်ခိုက်တာတောင် မရဘူးပေါ့ ။ ဘယ်တတ်နိုင်မလဲလေ .. မအောင်မြင်လဲ အရေးမကြီးဘူး ။ သခင်ကြီးတို့ မြန်မြန်သာ ပြန်လာခဲ့ကြပါ "

တဖက်မှ အကြီးအကဲက ပြန်ပြောသည်။

ဟန်ရှင်း တစ်ကိုယ်လုံး တုန်သွားပြီး ပြန်ပြော၏။

" ကျုပ် .. ပြန်လာလို့ မရတော့ဘူး ။ ဟို နှစ်ယောက်လုံးလဲ သေကုန်ပြီ ။ ကျုပ်လဲ .. သေရတော့မှာ "

" ဘယ်လို ... လောထျန်းက အဲ့လောက်ထိကို ကြောက်စရာ ကောင်းတာလား ။ သခင်ကြီးတို့ သုံးယောက် ပေါင်းတောင် သူနဲ့ မယှဥ်နိုင်ဘူးပေါ့ "

တဖက်မှ အကြီးအကဲ၏ တအံ့တသြ ရေရွတ်သံ ထွက်ပေါ်လာသည်။

ယခုအတိုင်း ဆိုပါက သူတို့အတွက် ပြဿနာကြီးပင် ။

ဟန်ရှင်းက ခေါင်းယမ်းပြီး ပြော၏။

" မဟုတ်ဘူး ... အဲ့ကောင်က .. ဉာဏ်နီဉာဏ်နက် များတယ် ။ ကျုပ်တို့က .. အကွက်ချ ခံလိုက်ရတာ ။ အကြီးအကဲ .... သတိထားပါ .. "

ထို့နောက်တွင်မူ ဟန်ရှင်း၏ လက်ကျန် အသက်အစွမ်းလေး အနည်းငယ်က ပျောက်ကွယ်သွားပြီး လည်ချောင်းထဲမှ လေသံသာ ထွက်လာတော့သည်။

" သခင်ကြီး ဟန်ရှင်း .. ဘာတွေ ဖြစ်နေတာလဲ .. "

တဖက်မှ အကြီးအကဲက အော်ခေါ်နေဆဲပင် ..

သို့သော် ထိုအချိန်တွင် ဟန်ရှင်းမှာ မြေပြင်သို့ လဲကျပြီး အသံတိတ်သွားခဲ့လေပြီ ။ သို့သော် သူ့မျက်လုံးများကမူ အမှောင်ထဲမှ လောထျန်း ထွက်လာမည်ကို မြင်ချင်သေးသည့်အလား ပြူးကျယ်နေပါ၏။

ထိုအချိန်တွင် လောထျန်းမှာ အိပ်ယာပေါ်၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက် အနားယူနေပါသည်။ သို့သော် .. တခဏအကြာတွင်မူ သူ ရုတ်တရက် လန့်နိုးလာ၏။

" ဟုတ်သားပဲ .. ငါ မေ့ခဲ့ပြီ "

သူ ရေရွတ်လိုက်သည်။

All Chapters