← Chapters

ဉာဏ်ကြီးရှင်

Vol. 27 Ch. 369

ဉာဏ်ကြီးရှင်

Vol. 27 Ch. 369

လောထျန်း ချက်ချင်း အိပ်ရာထဲမှ ထပြီး နေရာမှ ပျောက်ကွယ်သွား၏။ ထို့နောက် ပျောင်ပိုင်မြို့ပြင်တွင် သူ ပြန်ပေါ်လာသည်။

" လျှို့ဝှက်ဒေသ ဝင်ပေါက်မှာ ဘာ အတားအဆီးမှ မချထားလိုက်ရဘူး ။ တကယ်လို့ သူခိုးတွေသာ ဝင်လာပြီး အထဲက ရတနာတွေ လုသွားရင် ဆုံးရှုံးမှု အကြီးကြီး ဖြစ်သွားတော့မှာ "

လောထျန်းမှာ အစောပိုင်းက အလွန်ပင်ပန်းနွမ်းနယ်နေသဖြင့် ထိုကိစ္စကို မေ့လျော့သွားခဲ့ပါသည်။

သူ ညသန်းခေါင် တရေးနိုးလာမှ ရုတ်တရက် အမှတ်ရသွားခဲ့ကာ ထိုကိစ္စကို စစ်ဆေးရန်အတွက် ထွက်လာခဲ့ခြင်းပင် ။

သူ လျှို့ဝှက်ဒေသထဲ ဝင်လိုက်ပြီးနောက် ဘေးပတ်လည်သို့ ကြည့်လိုက်သည် ။ မူလ အရှုပ်အထွေးမြေ တောင်ကြီးက ယခင်အတိုင်း ရှိနေသေးသည်ကို တွေ့လိုက်မှသာ သူ စိတ်သက်သာရာ ရပြီး သက်ပြင်း ချနိုင်သွား၏။

သို့သော် .. ရုတ်တရက် သူ မျက်မှောင်ကြုံ့သွားသည်။

" ဟင် .. အဲ့ဒါ ဘာကြီးလဲ "

သူ လက်နောက်ပစ်ပြီး လျှောက်သွားလိုက်၏။

သူနှင့် မလှမ်းမကမ်းတွင်ကား ရွှေရောင် အလင်းတန်းနှင့် ခေါင်းလောင်းကြီးတစ်လုံး ရှိနေပြီး ၎င်းမှ သိမ်မွေ့နူးညံ့သော အရောင်အဝါတစ်ခုလည်း ထွက်နေသည်။

" ဟင် .. တစ်ယောက်ယောက် ဝင်လာခဲ့သေးတဲ့ပုံပဲ "

လောထျန်း ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

ခေါင်းလောင်းကြီးကို ကြည့်ရင်း သူ မျက်မှောင်ကြုံ့သထက် ကြုံ့လာ၏။

" မှော်လက်နက်တစ်ခုကို ဘယ်သူက ဒီတိုင်းကြီး ပစ်ထားတာလဲ "

သူ ထိုသို့တွေးကာ ခေါင်းလောင်းကြီးအား ကိုင်ကြည့်လိုက်သည်။

ဝီ ..

ထိုအချိန်မှာပင် ခေါင်းလောင်းကြီးပေါ်၌ မသေမျိုး အလင်းတန်းတစ်ခု လင်းလက်လာပြီး ၎င်းက လောထျန်းလက်မှ ထွက်ပြေးချင်ဟန် ပြလာ၏။

ထိုအခြင်းအရာကို ကြည့်နေသော လောထျန်း မျက်လုံးထဲတွင် အေးစက်စက်အလင်းတန်းတစ်ခု လက်သွားသည်။

" ချီး .. ဒီ မသေမျိုး လက်နက်တွေနဲ့ နတ်ဆိုးလက်နက်တွေ အကုန်လုံးက မောက်မာတဲ့ ကောင်တွေချည်းပဲလား "

သူ ပြောပြောဆိုဆိုပင် ခေါင်းလောင်းကြီးအား လက်ဝါးဖြင့် ဖြောင်းခနဲ ရိုက်လိုက်၏။

ဘုန်း ..

ခေါင်းလောင်းကြီးမှာ သူ့လက်ဝါးချက်ကြောင့် ချက်ချင်း ချိုင့်ရာကြီး ထင်သွားတော့သည်။

ဝီ ..

အစောက မာနကြီးဟန် ရှိနေခဲ့သော မသေမျိုး အလင်းတန်းမှာလည်း ချက်ချင်း ပြန်ငြိမ်ကျသွားကာ အမိန့်နာခံသည့် အသံပေးလာသည်။

လောထျန်းက ၎င်းကိုကြည့်၍ နှာခေါင်းရှုံ့လိုက်ပြီး ခေါင်းလောင်းကြီးအား သူ့ဟင်းလင်းပြင် လက်စွပ်ထဲ ပစ်ထည့်ထားလိုက်၏။

ထို့နောက်တွင်မူ သူ့စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်၍ လျှို့ဝှက်ဒေသ တစ်ခုလုံးအား စစ်ဆေးကြည့်လိုက်သည်။

သို့သော် အချိနိအတန်ငယ်ကြာ ရှာပြီးသွားသည့်တိုင် သက်ရှိ အရိပ်အယောင် တစ်ခုကိုမှ မတွေ့လိုက်ရပေ ။

" ဘာတွေ ဖြစ်နေတာလဲ ။ ဒီလူက ထွက်သွားတာလား ၊ ဒါဆို ဘာလို့ ခေါင်းလောင်းကို ဒီတိုင်းကြီး ထားခဲ့တာလဲ "

လောထျန်း ပိုပို၍ နားမလည်နိုင် ဖြစ်သွားရ၏။

" နဂါးဥ ကိုပဲ အရင်သွားကြည့်လိုက်မယ်ကွာ "

သူ အဖြေ ရှာမရသည့် နောက်ဆုံး ထိုသို့ ဆုံးဖြတ်ချက် ချကာ နဂါးဥ ရှိရာဆီသို့ တည်နေရာ ရွှေ့ပြောင်းသွားလိုက်သည်။

မူလ အရှုပ်အထွေးမြေက အဖိုးတန်သည့်တိုင် အနည်းငယ်မျှ ပမာဏ ပျောက်သွားခြင်းက သု့အတွက် ဤမျှ ခေါင်းရှုပ်စရာ မဟုတ်ပါ။

လက်ရှိတွင် သူ့အတွက် အရေးအကြီးဆုံး အရာမှာ နဂါးဥ ဖြစ်ပါ၏။ ၎င်းကသာ အခိုးခံလိုက်ရသည် ဆိုပါက သူ့အတွက် အလွန်ဆိုးသွားပေလိမ့်မည်။

တခဏအကြာတွင်မူ နဂါးဥကို ထားခဲ့သော နေရာဆီသို့ လောထျန်း ရောက်သွား၏။

" အင်း .. စိတ်စွမ်းအင် စုဆောင်းခြင်း အစီအမံကတော့ အဆင်ပြေနေသေးတယ် ၊ အကာအကွယ် အစီအမံကလဲ အကောင်းကြီးပဲ ။နဂါးဥက အထဲမှာဆိုတော့ ဘာပြဿနာမှ မဖြစ်သွားဘူးနဲ့တူတယ် "

လောထျန်း စိတ်သက်သာရာ ရသွားကာ သက်ပြင်း ချလိုက်သည်။

သို့သော် ထို့နောက်မှာပင် သူ အံ့သြမှင်သက်သွားရ၏။

" ဟင် ... ဒါ ဘာတွေလဲ "

အစီအမံနားလေးတွင် ခြောက်ကပ်နေကြသည့် အလောင်း ၃ လောင်းကို သူ ရုတ်တရက် တွေ့လိုက်ရသောကြောင့်ပင် ။

" ဘာတွေ ဖြစ်နေတာလဲ ။ ဒီလူတွေက ဘာလို့ ဒီမှာ သေနေကြတာလဲ "

လောထျန်း လုံးဝ နားမလည်နိုင် ဖြစ်သွားရသည်။

ထို့နောက် လျှို့ဝှက်ဒေသ အပြင်ဘက်သို့ သူ ချက်ချင်း တည်နေရာ ရွှေ့ပြောင်းကာ ပန်းလင်အား ပြန်ခေါ်လာခဲ့လိုက်သည်။

ပန်းလင်မှာလည်း အလောင်း ၃ လောင်းကို ကြည့်ပြီး အံ့သြမှင်သက်နေ၏။

" သူတို့တွေကို သခင်လေး သတ်လိုက်တာလား "

ပန်းလင်က လောထျန်းဘက် လှည့်၍ တအံ့တသြ မေးသည်။

လောထျန်းက လက်တစ်ဖက်မြှောက်ပြီး မြန်မြန် ပြန်ပြော၏။

" ကျုပ် ကျိန်ဆို ကျိန်ရဲပါတယ်ဗျာ ။ ကျုပ် ရောက်လာတည်းက အဲ့လို ဖြစ်နေကြတာ "

ပန်းလင်က ဘာမှ မပြောဘဲ ခေါင်းသာ ညိတ်လိုက်ပြီး မြေပြင်တွင် ဆောင့်ကြောင့်ထိုင်ကာ အလောင်းများကို သေချာ ကြည့်လိုက်သည်။

" ကြည့်ရတာ ဒီလူတွေက သူတို့ကိုယ်ထဲက စိတ်စွမ်းအင်တွေနဲ့ အသက်အစွမ်းတွေ အားလုံး စုပ်ယူခံရပြီး သေသွားတာနဲ့ တူတယ် "

ပန်းလင်က ဆိုသည်။

လောထျန်းမှာ ထိုစကားကို ကြားပြီး အလွန် အံ့အားသင့်သွား၏။

" အသက်အစွမ်းတွေကို စုပ်ယူပစ်တာ .. ဘယ်သူက အဲ့လောက် ရက်စက်တာလဲ "

ပန်းလင်မှာလည်း အလောင်းများကို သေချာလှည့်ပတ်ပြီး ကြည့်လိုက်သေးသည့်တိုင် အကြောင်းရင်းကို နားမလည်ပါချေ ။

ရုတ်တရက် .. သူမ စိတ်စွမ်းအင် စုဆောင်းခြင်း အစီအမံပေါ်သို့ လက်တစ်ဖက် တင်ကြည့်လိုက်သည်။

ထိုအချိန်မှာပင် ..

ဝုန်း ..

သူမကိုယ်ထဲမှ စိတ်စွမ်းအင် ပမာဏ များစွာပင် ချက်ချင်း စုပ်ယူခံလိုက်ရသည်ကို ပန်းလင် သတိထားမိသွားတော့၏။

သူမ ချက်ချင်း လန့်သွားကာ အော်ဟစ်အကူအညီတောင်းလိုက်သည်။

" သခင်လေး လောထျန်း ၊ ကျွန်မကို ကယ်ပါဦး "

" ဟင် .. "

လောထျန်းမှာ အံ့အားသင့်သွားသော်လည်း ချက်ချင်း လက်ဆန့်ထုတ်၍ သူမကို ဆွဲလိုက်၏။

သို့သော် ပန်းလင်က လောထျန်းဘေးနား ရောက်သည့်အချိန်တွင် ယခင်တည်းက ပုနေခဲ့သော သူမ ကိုယ်က ပို၍ပင် သေးသွားခဲ့လေပြီ ။

" သခင်လေး ... ဘာတွေ လုပ်ထားတာလဲ ။ အဲ့ဒါ ဘာအစီအမံလဲ "

သူမ စိတ်စွမ်းအင်စုဆောင်းခြင်း အစီအမံအား အံ့သြတုန်လှုပ်စွာ ကြည့်လိုက်သည်။

လောထျန်းကလည်း တအံ့တသြ ပြန်ပြော၏။

" အဲ့ဒါလား ..  အဲ့ဒါက သာမာန် စိတ်စွမ်းအင်စုဆောင်းခြင်း အစီအမံပဲလေဗျာ "

ပန်းလင် အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်သည်။

" စိတ်စွမ်းအင် စုဆောင်းခြင်း အစီအမံ .... ဟုတ်လား .. ။ ဒါကြီးကို စိတ်စွမ်းအင်စုဆောင်းခြင်း အစီအမံလို့ ခေါ်တာလား .. ။ ကျွန်မ နှစ်တွေအများကြီး  ကမ္ဘာပတ်ပြီး ခရီးတွေ လှည့်သွားဖူးတယ် ၊ အဲ့မှာ ကြုံခဲ့ရတဲ့ တခြားသူတွေရဲ့ လူသတ် အစီအမံကတောင် သခင်လေးရဲ့ စိတ်စွမ်းအင်စုဆောင်းခြင်း အစီအမံလောက် ကြောက်စရာ မကောင်းဘူး သိရဲ့လား "

ပန်းလင်မှာ ထိုအချိန်ထိ ကြောက်စိတ် မပြယ်သေးပါ။

အကယ်၍ လောထျန်းသာ အစောက အနည်းငယ် နှေးသွားခဲ့လျှင် ထိုအစီအမံကြောင့် သူမကိုယ်ထဲမှ စိတ်စွမ်းအင်များ ခမ်းခြောက်သွားနိုင်ပါသည်။

တဖက်မှ လောထျန်းကမူ နားမလည်နိုင်ဟန်ဖြင့် ပြန်မေး၏။

" အဲ့ဒါ  ဘာကို ဆိုလိုတာလဲဗျ "

ပန်းလင် ဒေါသတကြီး ပြန်ပြောလိုက်သည်။

" ခုထိ နားမလည်သေးဘူးလား .. ။ အဲ့သုံးယောက်လုံးက သခင်လေးရဲ့ စိတ်စွမ်းအင် စုဆောင်းခြင်း အစီအမံကြောင့် သေသွားခဲ့ရတာလေ "

စိတ်စွမ်းအင်စုဆောင်းခြင်း အစီအမံသည် အပြင်မှ စိတ်စွမ်းအင်များကို စုပ်ယူသည့် အစီအမံတစ်ခု ဖြစ်ပြီး အကျိုးလည်း ရှိသဖြင့် အဓိက ဂိုဏ်းကြီးများ အားလုံးနီးပါးပင် တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါ၏။

သို့သော် .. ထိုအရာက လူတစ်ယောက်အား သေသည်အထိ စုပ်ယူနိုင်သည်ကိုမူ လောထျန်း တစ်ခါမှ မကြားဖူးခဲ့ပေ ။

" သူတို့ သုံးယောက်က စိတ်စွမ်းအင် စုဆောင်းခြင်း အစီအမံကြောင့် သေသွားခဲ့ရတာ .. ဟုတ်လား ။ ဒါဆို သူတို့တွေက ဘယ်လောက်ထိ အစွမ်းနိမ့်နေကြလို့လဲ "

လောထျန်းက အလောင်း ၃ ခုကို ကြည့်ရင်း မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။

အကယ်၍ ထိုလူများသာ လောထျန်း၏ စကားကို ကြားနိုင်ကြပါက မည်သို့ တုန့်ပြန်ကြမည် မသိပါ ။

ပန်းလင်မှာ ထိုအချိန်မှသာ စိတ်ပြန်ငြိမ်သွားပြီး ပြော၏။

" ထားလိုက်ပါလေ .. ကြည့်ရတာ ဒီလူတွေက နဂါးဥကို ခိုးဖို့ ကြိုးစားခဲ့ကြတာနဲ့ တူတယ် ။ အဲ့လို လုပ်နေရင်းမှ သခင်လေးလို ဘီလူးက က လုပ်ထားခဲ့တဲ့ ဘီလူး အစီအမံနဲ့ တွေ့ပြီး အသတ်ခံလိုက်ရတဲ့ ပုံပဲ ။ သူတို့က သေဖို့ ထိုက်တန်တယ် "

လောထျန်းကလည်း ခေါင်းညိတ်သည်။

" သူတို့က ဘယ်သူတွေလဲ မသိဘူး "

ပန်းလင်က အထင်သေးဟန်ဖြင့် ပြန်ပြော၏။

" ဒီတိုင်း မြင်သမျှ ခိုးတဲ့ သူခိုးတွေပဲ နေမှာပါ့ .. သူတို့ကို မသိတော့ရော ဘာအရေးလဲ ။ ဒါပေမယ့် ဒီကိစ္စကိုတော့ သခင်လေး နမူနာအဖြစ် မှတ်ထားနော် ။ နောက်ကျရင် လျှို့ဝှက်ဒေသ ဝင်ပေါက်မှာ အတားအဆီးတွေ ချထားဖို့ မမေ့နဲ့ "

စကားဆုံးပြီးနောက် သူမ ထပ်ဖြည့်ပြောသည်။

" အရမ်းကြီး အစွမ်းမထက်စေနဲ့ဦး "

အစောက စိတ်စွမ်းအင်စုဆောင်းခြင်း အစီအမံနဲ့ပင် သူမ ကြောက်ရွံ့သွားခဲ့ရသည်ဖြစ်ရာ လောထျန်းက ထူးခြားသော အစီအမံတစ်ခု ထပ်လုပ်လိုက်မည်ကို သူမ အမှန်တကယ်ပင် စိုးရိမ်နေပါသည်။ သူမ ဖြတ်သွားရင်းဖြင့် အစီအမံကြောင့် အသတ်ခံရနိုင်သည် မဟုတ်ပါလား ။

" ကောင်းပါပြီဗျာ ၊ ကျုပ် သေချာ မှတ်ထားပါ့မယ် ။ ဒီ အလောင်းသုံးလောင်းကိုရော ဘယ်လိုလုပ်လိုက်ရမလဲ "

လောထျန်း မေးလိုက်သည်။

" သခင်လေးက ဘာဆက်လုပ်ချင်သေးလို့လဲ ။ သခင်လေးရဲ့ ဟို သင်္ချိုင်းကြီးထဲကိုပဲ ပစ်ထည့်ပြီး မြှုပ်လိုက်ပေါ့ ။ ကြည့်ရတာ ကျက်သရေကို မရှိဘူး "

ပန်းလင်က ပြန်ပြောကာ စိတ်ဆိုးမာန်ဆိုးဖြင့် ခြေဆောင့် ထွက်ခွာသွား၏။

လောထျန်းမှာ ထိုစကားကို ကြားသောအခါ အနည်းငယ် ရှက်သွားပြီး အလောင်းအား ဟင်းလင်းပြင်လက်စွပ် အလွတ်တစ်ခုထဲ ထည့်လိုက်သည်။

ထိုအချိန်တွင် အစီအမံထဲမှ နဂါးဥ၏ ဘေးပတ်လည်၌ မသေမျိုးအစွမ်းများ လွှမ်းခြံုနေသည်ကိုမူ သူတို့ နှစ်ယောက်လုံး မသိလိုက်ကြပါ။

တောင်ပိုင်းဒေသ မဟာအလင်းတန်းဂိုဏ်း၏ ခန်းမဆောင်ထဲ၌ ...

" ဒါဆို သခင်ကြီး ဟန်ရှင်းတို့ သုံးယောက်လုံး သေသွားကြပြီပေါ့ .. ဟုတ်လား "

ခန်းမအလယ်တွင် ရှိနေသော အကြီးအကဲတစ်ယောက်က အသံတုန်တုန်ဖြင့် ပြောလာသည်။

" ဟုတ်တယ်ဗျ ၊ သခင်ကြီး သုံးယောက်လုံးရဲ့ စိတ်ဝိဥာဥ် ကျောက်ပြားတွေ ကျိုးကုန်ကြပြီ "

အခြား အကြီးအကဲတစ်ယောက်က လေသံတိုးတိုးဖြင့် ပြန်ပြော၏။

ထိုတခဏ၌ ခန်းမဆောင်တစ်ခုလုံး အပ်ကျသံ ကြားရမလိုပင် တိတ်ဆိတ်သွားသည်။

ယခုဆိုလျှင် မဟာအလင်းတန်းဂိုဏ်းရှိ သူတို့ ဂိုဏ်းချုပ်ကြီး လက်အောက်မှ မသေမျိုး ၅ လောက်လုံး သေဆုံးသွားခဲ့ကြလေပြီ ။

အချိန် အတန်ကြာသွားပြီးမှသာ တစ်ယောက်က အံကြိတ်ပြီး ဒေါသတကြီး ပြောလာ၏။

" လောထျန်း .. မင်းက တော်တော်ရက်စက်တဲ့ကောင်ပဲ ။ မင်းက ငါတို့ မဟာအလင်းတန်းဂိုဏ်းက မသေမျိုး ၅ ယောက်ကိုတောင် သတ်ခဲ့တာပေါ့ ... မင်းကို ငါ ဘယ်တော့မှ ခွင့်မလွတ်ဘူး "

ကျန်လူများ အားလုံးလည်း မျက်နှာများ နီလာကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကြသည်။ သူတို့ကိုယ်မှ လူသတ်အရိပ်အငွေ့များလည်း ကိုယ်စီ ထွက်နေကြပါ၏။

" အကြီးအကဲ ဖူချင်း ၊ သခင်ကြီး ဟန်ရှင်း မသေခင်က အကြီးအကဲဆီ သတင်းပို့ခဲ့သေးတယ်ဆို ။ သူ ဘာတွေ ပြောသွားခဲ့တာလဲ "

ခန်းမထဲမှ ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ယောက်က ရုတ်တရက် လှည့်ကာ မေးလာသည်။

အကြီးအကဲ ဖူချင်းက မြန်မြန်ပင် ထရပ်ပြီး ဟန်ရှင်း သတင်းပို့ခဲ့သည့် အကြောင်းအရာကို အတိုချုံ့ ရှင်းပြလိုက်၏။

အားလုံးမှာ သူ့စကားကို နားထောင်ရင်း အံ့သြတုန်လှုပ်ကုန်ကြသည်။

" သခင်ကြီး ဟန်ရှင်းက လောထျန်းကို အဲ့လောက် လုပ်နိုင်တယ်လို့ ထင်တာလား "

အကြီးအကဲ တစ်ယောက်က တအံ့တသြ ရေရွတ်သည်။

" ဟမ့် .. မထင်ဘဲ ဘယ်နေမလဲဗျ ။ သခင်ကြီး ဟန်ရှင်း ပြောသွားတာတွေကိုပဲ နားထောင်ကြည့်လေ ။ ဒီ လောထျန်းဆိုတဲ့ကောင်က လှည့်ကွက်တွေပေါင်းစုံနဲ့ မသေမျိုး သုံးယောက်ကိုတောင် အကွက်ကျကျ စီစဥ်ပြီး သတ်သွားခဲ့တာ ။ ကျုပ် မေးလိုက်မယ် ၊ ခင်ဗျားတို့ထဲက ဘယ်သူ အဲ့လို လုပ်နိုင်ကြလဲ "

ဆံပင် အနီရောင်နှင့် အကြီးအကဲတစ်ယောက်က အေးစက်စက် ပြန်ပြော၏။

ထိုတခဏတွင် တစ်ခန်းလုံး တိတ်ဆိတ်သွားကြပြန်သည်။

အချိန် အတန်ကြာသွားပြီးမှသာ ခန်းမအလယ်မှ အကြီးအကဲက သက်ပြင်းချပြီး ဆို၏။

" ဒီလောက်ဆို အားလုံးလဲ သဘောပေါက်လောက်ကြပြီ ထင်ပါတယ် ။ ဒီ လောထျန်း ဆိုတဲ့သူက အင်မတန် အသိဉာဏ်ကြွယ်ဝသလို အင်မတန်လဲ ထက်မြတ်တယ် ။ ပြီးတော့ အရမ်းလဲ စိတ်ရှည်တဲ့ သူတစ်ယောက်ပဲ ။ ဒီတော့ သူနဲ့ ရင်ဆိုင်တဲ့အခါ ကျုပ်တို့ဘက်က သေချာ စိစိပေါက်ပေါက်နဲ့ သတိကြီးကြီးထားမှ တော်ခါကျလိမ့်မယ် ။ ကိုယ့်ဘက်က မသေချာဘဲနဲ့ သူ့ကိုရော ၊ သူ့ဘေးက လူတွေကိုရော လုံးဝ မတိုက်ခိုက်ပါနဲ့ "

All Chapters